← Chapters

တာအိုအဆင့်နှင့်နီးကပ်လေ ပိုမိုခက်ခဲလေ

Vol. 111 Ch. 1549

တာအိုအဆင့်နှင့်နီးကပ်လေ ပိုမိုခက်ခဲလေ

Vol. 111 Ch. 1549

ထို့နောက် ရန်ကျောက်ကဲတို့အုပ်စု ချောင်ကျယ်ကို နှုတ်ဆက်စကားဆိုပြီး ကျင်းထင်တောင်မှ ထွက်လာခဲ့ကြသည်။

သူတို့က အလယ်ပိုင်းကုန်းမြေရှိ ဝါဒတောင်သို့ ဦးတည်ခဲ့ကြသည်။

ဝါဒတောင်တန်းသို့ ရောက်ပြီးနောက် နေရာတစ်ခုအားဖြတ်ကျော်စဉ် ရန်ကျောက်ကဲက ခြေလှမ်းများကိုနှေးကွေးလိုက်မိသည်။

ထိုနေရာက မြူခိုးများဝေနေသည့် တောင်ထွတ်တစ်ခုဖြစ်သည်။

တောင်ထွတ်တစ်ခုလုံး နှင်းများဖုံးလွှမ်းနေပြီး ထာဝရဆောင်းရာသီထဲ နစ်မျောနေသည့်ပမာပင်။ ထူထပ်သောနှင်းများက အေးခဲသွားပြီး တောင်ထွတ်တစ်ခုလုံး ရေခဲအလွှာဖြင့် ဖုံးအုပ်ထားသည့်ပမာ ထင်မှတ်ရသည်။

ထိုတောင်ထွတ်ကိုကြည့်ရင်း ရန်ကျောက်ကဲ သက်ပြင်းချလိုက်မိ၏။

ထိုနေရာက ရေစင်ထက်ယံအရှင်သခင် ‘ချန်ရွှမ်ကျုန်း’ ၏ ကျောက်ဂူအိမ်တော်တည်ရှိရာ ကျောက်စိမ်းကောင်းကင်တောင်ထွတ်ပင် ဖြစ်သည်။

ချန်ရွှမ်ကျုန်း အထက်ဘုံကမ္ဘာမှ ပျောက်ကွယ်သွားပြီးနောက် မိန်းမပျိုဧကရာဇ်’ကျဲ့မင်ခုန်’ က ထိုနေရာ၏ အရှင်သခင် ဖြစ်လာခဲ့သည်။

နောက်ပိုင်း ကျဲ့မင်ခုန် အထက်ဘုံကမ္ဘာမှထွက်ခွာသွားပြီး ချန်ရွှမ်ကျုန်း လောကအလယ် ပြန်လည်ထွက်ပေါ်လာခဲ့သည်။

နောက်ပိုင်း ရန်ကျောက်ကဲက အထက်ဘုံကမ္ဘာမှ ခွဲထွက်သည့်အခါ ကျောက်စိမ်းကောင်းကင်တောင်ထွတ်သည်လည်း ကျောက်စိမ်းကျောက်ဆောင် ၊ မြောက်ဖေးတောင်ထွတ်တို့နှင့်အတူ အဂ္ဂိရတ်ခန်းမအတွင်းသို့ ဝင်ရောက်ခဲ့သည်။

ထိုနေရာများအားလုံးက ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာ ၊ အလယ်ပိုင်းကုန်းမြေ၏ အစိတ်အပိုင်းများ ဖြစ်လာခဲ့ပြီး ဝါဒတောင်တန်းထဲတွင် ပါဝင်လေသည်။

ယခုအချိန်ထိ ရေခဲလှိုင်းကျောင်းတော်မှ တပည့်အချို့သည်လည်း ထိုနေရာတွင် ဆက်လက်နေထိုင်ကြဆဲ ဖြစ်၏။

ကျောက်စိမ်းကောင်းကင်တောင်ထွတ်ထက်ရှိ ရေခဲဂူထဲတွင် ချန်ရွှမ်ကျုန်းနှင့် တပည့်နှစ်ယောက် အေးခဲစွာဖြင့် မြှုပ်နှံခံထားရလေသည်။

သူတို့အားလုံး ဘယ်သောအခါမှ နေရောင်ခြည်ကို ပြန်လည်ခံစားနိုင်မည်လဲ မည်သူမှ မပြောနိုင်ကြပေ။

ကျောက်စိမ်းကောင်းကင်တောင်ထွတ် ရေခဲလှိုင်းကျောင်းတော် အဆက်အနွယ်အကြောင်း ပြန်တွေးမိတိုင်း ရန်ကျောက်ကဲ၏ရင်ထဲ နက်ရှိုင်းသော ဝမ်းနည်းမှုတစ်ခုကို လှိုက်လှိုက်လှဲလှဲ ခံစားရသည်ပင်။

သူ၏အဘိုး ရန်ရှင်းထန်နှင့် ချန်ရွှမ်ကျုန်းက အလွန်ရင်းနှီးသော သူငယ်ချင်းများ ဖြစ်ကြသည်။

ချန်ရွှမ်ကျုန်းက သေဆုံးသွားပြီဖြစ်သော သူငယ်ချင်း၏သားမြေးများအတွက် တစ်ချက်တွန့်ဆုတ်ခြင်းမရှိဘဲ ရပ်တည်ပေးခဲ့ပြီး ဝါဒတောင်အတွက် လိုအပ်တိုင်း ကူညီပေးခဲ့သည်။

သို့သော် ရေပလ္လင်နတ်ဆိုးကို ရင်ဆိုင်တိုက်ခိုက်ရင်း သူ့ဘဝက ဤအခြေအနေသို့ ရောက်ရှိသွားခဲ့သည်။

မျှော်လင့်ချက်ရှိနေဆဲ ဖြစ်သည့်တိုင် ချန်ရွှမ်ကျုန်း ရေခဲအချုပ်အနှောင်အတွင်းမှ လွတ်မြောက်လာမည့်နေ့ကို မည်သူမှ မသိရှိနိုင်ကြပေ။

ပိုးသားဧကရာဇ်’ဖုယွင်ချီ’ က သက်ပြင်းချလိုက်ရင်း...

“အဲဒီတုန်းက နက္ခတ်ဧကရာဇ်က ချီစွမ်းအားငါးခုပေါင်းစည်းခြင်းအဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာ...”

သူက ဆက်ပြောလိုက်သည်။

“တာအိုရောင်းရင်း’ကျဲ့’ ကလည်း သူ့ရင်ထဲက အစိုင်အခဲကိုသာ ဖြေလျှော့နိုင်ခဲ့ရင် သမ္မာတရားကပ်ဘေးကို ဖြတ်ကျော်နိုင်ခဲ့မှာ...”

ရန်ကျောက်ကဲ တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။

“အကြီးအကဲချန်က ပြောဖူးတယ်၊ နတ်ဆိုးရဲ့ အနှောင့်အယှက်သာမရှိခဲ့ရင် နှစ်ပေါင်းတစ်ရာအတွင်း မူလသမ္မာတရားကပ်ဘေးကို စိန်ခေါ်ဖို့ မျှော်လင့်ချက်ရှိတယ်တဲ့...”

ရွှီဖေး၊ ကောင်းရွှယ်ပေါ်၊ ဝမ်ဖူ တို့ (၃)ယောက်လုံး ရင်ထဲ၌ လေးလံစွာ ခံစားလိုက်ကြရသည်။

နတ်ဘုရားအဆင့်သို့ရောက်ပြီးသည်နှင့် အဆင့်တစ်ခုချင်းစီတိုင်းတွင် ရှေ့ဆက်ရန်အတွက် ကြီးမားသော အတားအဆီးတံတိုင်းများ ရှိနေတတ်သည်။

ထိုတံတိုင်းများကို ကျော်ဖြတ်နိုင်မည်လား ၊ မကျော်ဖြတ်နိုင်ဘူးလားဆိုသည်က ကျင့်ကြံသူတစ်ယောက်၏ဘဝကို အဆုံးအဖြတ်ပေးရာတွင် အဓိကကျသည်။

ထိုတံတိုင်းများကို ကျော်ဖြတ်ရန်အတွက် အချိန် ၊ အတွေ့အကြုံ ၊ ရင်းမြစ်ပစ္စည်းများ အလွန်ကြီးမားစွာ လိုအပ်လေ့ရှိသည်။

လွန်ခဲ့သော အနှစ်(၅၀)အတွင်း ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာတွင် အစစ်အမှန်နတ်ဘုရား (၃)ပါးသာ ထွက်ပေါ်လာခဲ့ပြီး သိုင်းသူတော်စင်များကတော့ မရေမတွက်နိုင်အောင် များပြားလာခဲ့သည်။

လူသားအထွတ်ထိပ်အဆင့် ကျင့်ကြံသူဦးမှောလည်း ယခင် အထက်ဘုံကမ္ဘာတွင် ရှိခဲ့သောအရေအတွက်နီးပါးသို့ ရောက်ရှီနေပြီး သိုင်းသူတော်စင် နဝမအဆင့်ဦးရေကတော့ အထက်ဘုံကမ္ဘာကိုပင် ကျော်လွန်သွားပြီ ဖြစ်သည်။

ဝါဒတောင်၊ ကျင်းထင်တောင်၊ ဝူထုန်တောင်စောင်း စသည့် ရှိရင်းစွဲအင်အားစုများသာမက ကောင်းကင်ဘုံကမ္ဘာ၏ အခြားသောအင်အားစုများပါ လတ်တလောတိုးတက်မှုများမှ အကျိုးအမြတ်များစွာ ရရှိခဲ့ကြသည်။

ထို့ကြောင့် မရေမတွက်နိုင်သည်ကျင့်ကြံသူများ ကျင့်ကြံခြင်းတစ်ဆို့ခြင်းကို ကျော်ဖြတ်နိုင်ခဲ့ကြပြီး ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာတစ်ခုလုံး၏အင်အားပါ ကြီးထွားလာခဲ့သည်။

အနာဂတ်တွင် ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာ၏ အခြေခံအုတ်မြစ်က ပိုပြီးခိုင်မာလာမည် ဖြစ်သည်။ အချိန်က စီးဆင်းနေသည်ဖြစ်ရာ တန်ခိုးစွမ်းအားရှင်များ ပိုမိုများပြားလာပြီး အင်အားကလည်း ပိုမိုကြီးမားလာပေမည်။

အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသည်လည်း ထိုနည်းတူစွာပင် ဖြစ်သည်။ သိုင်းသူ‌တော်စင်ဦးရေ လျှင်မြန်စွာမြင့်တက်လျှက် ရှိသည်။

ကျောက်စိမ်းစမ်းချောင်းကမ္ဘာမှ လူများသည်လည်း ထျန်းစူးစကြာဝဠာသို့ ပြောင်းရွှေ့အခြေချခဲ့ကြသည်။

တာအိုဝါဒမှ ကောင်းကင်နတ်ဘုရားအဆင့် တန်ခိုးစွမ်းအားရှင်များ၏ ကူညီမှုဖြင့် ထျန်းစူးစကြာဝဠာတွင် ကမ္ဘာသစ်တစ်ခု တည်ဆောက်ခဲ့ကြသည်။

ထိုကမ္ဘာကို “ကျောက်စိမ်းစမ်းချောင်းကောင်းကင်ဘုံ” ဟု အမည်ပေးခဲ့သည်။

လက်ရှိမှာတော့ ကျောက်စိမ်းစမ်းချောင်းကောင်းကင်ဘုံသည်လည်း ကောင်းကင်ဘုံကမ္ဘာ ၊ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတို့ကဲ့သို့ပင် တိုးတက်ထွန်းကားလျှက်ရှိသည်။

အတိတ်တစ်ချိန်က ပျက်ဆီးဆုံးရှုံးမည်ကို စိုးရိမ်ပူပန်ရသည့်အခြေအနေမျိုး လုံးဝ မဟုတ်တော့ပေ။

ယနေ့လည်း ချောင်ကျယ်နှင့်ရင်းနှီးသော ကျောက်စိမ်းစမ်းချောင်းကောင်းကင်ဘုံမှ ကျင့်ကြံသူများ ကျင်းထင်တောင်သို့ လာရောက်ဂုဏ်ပြုခဲ့ကြသည်။

သို့သော် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနှင့် ကျောက်စိမ်းစမ်းချောင်းကောင်းကင်ဘုံတို့သည်လည်း ကောင်းကင်ဘုံကမ္ဘာကဲ့သို့ပင် နတ်ဘုရားအဆင့် တန်ခိုးစွမ်းအားရှင်များ သိပ်ပြီးထွက်ပေါ်မလာခဲ့ပေ။

ထိုကမ္ဘာနှစ်ခုလုံးမှကျင့်ကြံသူများက ဓားသိုင်းကျင့်ကြံသူများဖြစ်ကြလေရာ ကျင့်ကြံခြင်းအဆင့်တက်ရာတွင် ပိုမိုခက်ခဲလေ့ရှိတတ်သည်။

လွန်ခဲ့သောနှစ်များအတွင်း ထိုကမ္ဘာနှစ်ခုမှ အစစ်အမှန်နတ်ဘုရား တစ်ပါးစီသာ ထွက်ပေါ်ခဲ့၏။

ကျောက်စိမ်းစမ်းချောင်းကမ္ဘာတွင် မူလကပင် တာအိုဆရာ ‘ဖန်းယွီ’ ဆိုသော အစစ်အမှန်နတ်ဘုရားတစ်ပါး ရှိခဲ့သည်။ သူ အစစ်အမှန်နတ်ဘုရားအဆင့်သို့ ရောက်ရှိသည်မှာ အလွန်ကြာမြင့်နေပြီ ဖြစ်၏။

ကျောက်စိမ်းစမ်းချောင်းကမ္ဘာတွင်ရှိစဉ်က သူက သမ္မာတရားကပ်ဘေးကို စိန်ခေါ်ခွင့်ရရန် ခြေတစ်လှမ်းသာလိုတော့သည်။

သို့သော် ကျောက်စိမ်းစမ်းချောင်းကမ္ဘာထဲ ပိတ်မိနေသဖြင့် ကျင့်ကြံခြင်းအဆင့်တက်ရန် အခွင့်အရေး မရခဲ့ပေ။

နောက်ပိုင်း ကျောက်စိမ်းစမ်းချောင်းကမ္ဘာမှ ထွက်ခွာလာပြီးသည့်နောက် တာအိုဆရာ’ဖန်းယွီ’ က ပြင်ပဗလာနယ်ထဲသို့ထွက်ခွာကာ ရတနာအချို့ရှာဖွေခဲ့သည်။

ထို့နောက် ကျောက်စိမ်းစမ်းချောင်းကောင်းကင်ဘုံသို့ ပြန်လည်ရောက်ရှိလာပြီး သမ္မာတရားကပ်ဘေးကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သဖြင့် နက်ရှိုင်းနတ်ဘုရားတစ်ပါး ထပ်တိုးလာခဲ့သည်။

လတ်တလောတွင် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင် လူသားအထွတ်ထိပ်အဆင့် သိုင်းသူတော်စင်တစ်ယောက် တံခါးပိတ်ကျင့်ကြံနေပြီး နတ်ဘုရားလူသားကပ်ဘေးကိုစိန်ခေါ်ရန် ပြင်ဆင်နေသည်ဟု ကောလဟလများလည်း ထွက်ပေါ်နေသည်။

သူ၏ယုံကြည်မှုက အလွန်ကြီးမားပြီး အောင်မြင်ရန် မဝေးတော့ပေ။ သူက ချောင်ကျယ်ထက် အနည်းငယ် နှေးကွေးနေခြင်းသာ ဖြစ်သည်။

သို့ပေသိ ထိုသူများမှလွဲပြီး နတ်ဘုရားအဆင့် တန်ခိုးစွမ်းအားရျင်များ ထပ်မံထွက်ပေါ်လာရန် မရှိသေးပေ။

ကျောက်စိမ်းစမ်းချောင်းကောင်းကင်ဘုံတွင်တော့ ထုန်ရှင်းလင် ၊ ကွမ်းထုန်ကျီ စသည့်လူများက တံခါးပိတ်ကျင့်ကြံနေကြဆဲ ဖြစ်သည်။

အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင်တော့ လုန်ရှင်းချွမ်နှင့် တိမ်လွှာခွင်းဧကရာဇ်တို့က နက်ရှိုင်းနတ်ဘုရား အထွတ်ထိပ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။

သူတို့နှစ်ယောက်လုံးက ထူးချွန်သောပါရမီရှင်များဖြစ်သည့်တိုင် ဓားသိုင်းလမ်းစဉ်၏ ခက်ခဲမှုကြောင့် အဟန့်အတားများစွာ ကြုံတွေ့နေကြရသည်။

ယခင်က ဓားထုတ်ခြင်းနှင့်ဓားကျင့်ကြံခြင်း ပြုလုပ်ခဲ့သဖြင့် အကျိုးကျေးဇူးရှိခဲ့သော်လည်း ချီစွမ်းအားငါးခုပေါင်းစည်းခြင်းအဆင့် ထိုက်ရွှီးမူလနတ်ဘုရားအဖြစ် တက်ရောက်ရန် အနည်းငယ် လိုအပ်နေဆဲပင်။

ထိုလိုအပ်ချက်ကို ရတနာပစ္စည်းများ ၊ ဆေးလုံးများဖြင့် ဖြည့်ဆည်း၍ မရနိုင်ပေ။ သူတို့၏ ဉာဏ်အမြော်အမြင်နှင့် အခွင့်အရေးကိုသာ အပြည့်အဝ မှီခိုရမည် ဖြစ်၏။

မကြာခင်လည်း အဆင့်တက်သွားနိုင်သလို အလွန်ကြာမြင့်သည်အထိ ‌စောင့်ဆိုင်းရသည်လည်း ဖြစ်နိုင်သည်။

အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ အစစ်အမှန်နတ်ဘုရားများဖြစ်သော လုန်ရွှယ်ကျီး၊ ကောင်းရွှယ်ပေါ်၊ ငြိမ်သက်ဧကရာဇ်၊ ဟုန်တိဧကရာဇ် တို့မှာလည်း သမ္မာတရားကပ်ဘေးကို စိန်ခေါ်ရန် မကြိုးစားနိုင်သေးဘဲ ထပ်မံကျင့်ကြံရန် လိုအပ်နေဆဲ ဖြစ်သည်။

ကောင်းကင်ဘုံကမ္ဘာတွင်တော့ ပိုးသားဧကရာဇ်’ဖုယွင်ချီ’ က ရန်ကျောက်ကဲ၏ အကူအညီဖြင့် ခံစားချက်မျိုးကွဲကျင့်စဉ်ကို သိမြင်နားလည်သွားခဲ့သည်။

ယခင်က ဝေဝါးနေခဲ့သော သူ၏လမ်းကြောင်း တဖန်ပြန်လည် ရှင်းလင်းလာခဲ့ပြီး ကျင့်ကြံခြင်းအဆင့်တက်ရန် မျှော်လင့်ချက်များ ပိုမိုများပြားလာခဲ့လေသည်။

သို့သော် သိုင်းပညာရင့်ကျက်မှုရှိစေရန် အချိန်အနည်းငယ် ထပ်မံကျင့်ကြံရန် လိုအပ်နေသေး၏။

နက္ခတ်ဧကရာဇ် ချန်ရွှမ်ကျုန်း၊ မိန်းမပျိုဧကရာဇ် ကျဲ့မင်ခုန်နှင့် ချူးလီလီ တို့ကတော့ ကျောက်စိမ်းကောင်းကင်တောင်ထွတ်အောက်၌ မြှုပ်နှံခံထားရဆဲ ဖြစ်သည်။

ဓားဧကရာဇ်’ယွဲ့ကျန့်ပေ’ ကတော့ ချီစွမ်းအားလေးခုပေါင်းစည်းနိုင်ပြီဖြစ်ကာ နက်ရှိုင်းနတ်ဘုရားအထွတ်ထိပ်အဆင့်သို့ ရောက်ရှိနေပေပြီ။ သို့သော် ချီစွမ်းအားငါးခု ပေါင်းစည်းခြင်းအဆင့်သို့ရောက်ရှိရန် အတော်လေး အလှမ်းကွာဝေးသေးသည်။

ဤသည်ကိုကြည့်ခြင်းအားဖြင့် နတ်ဘုရားအဆင့်တွင် ကျင့်ကြံခြင်းအဆင့်တက်ရန် မည်မျှခက်ခဲကြောင်း ထင်ရှားပြသနေပေသည်။

တကယ်တော့ ဤသည်က ပုံမှန်ပင်ဖြစ်သည်။

မည်မျှပင် ပါရမီရှိပါစေ ၊ မည်မျှပင် စိတ်အားထက်သန်ပါစေ ကျင့်ကြံခြင်းအဆင့်မြင့်မားလေ အဆင့်တက်ရန် ပိုပြီးအချိန်ယူရလေ ဖြစ်သည်။

တာအိုအဆင့်နှင့် ပိုနီးလေ ပိုခက်ခဲလေလေပင်။

မည်မျှထူးချွန်သော ပါရမီရှင်ဖြစ်ပါစေ နတ်ဘုရားတံခါး တွန်းဖွင့်ပြီးသည်နှင့် ဤပြဿနာကို ရင်ဆိုင်ရမည် ဖြစ်၏။၊

ဤသို့ အတားအဆီးများရှိနေခြင်းကို လုံးဝ လျစ်လျူရှု၍ မရပေ။

ကျောက်စိမ်းကောင်းကင်တောင်ထွတ်ကို ကျော်ဖြတ်ပြီးနောက် ရန်ကျောက်ကဲတို့အုပ်စု ခြေလှမ်းများ ပိုမိုမြန်ဆန်သွားကြသည်။

ဖုယွင်ချီက မန်ဝမ်နှင့် အခြားတပည့်များကို မြောက်ဖေးတောင်ထွတ် ၊ ကြာပန်းနီကမ်းပါးသို့ ပြန်လည်ခေါ်ဆေင်သွားပြီး ဝမ်ဖူကလည်း သူ၏ဂိုဏ်းသားများဖြင့် ကျောက်စိမ်းကျောက်ဆောင်သို့ ပြန်သွားလေသည်။

ရန်ကျောက်ကဲတို့အုပ်စုကတော့ ဝါဒတောင်၏ အဓိကတောင်ထွတ်တည်ရှိရာ တောင်တန်းအလယ်ဗဟိုသို့ ရောက်ရှိလာသည်။

တောင်ပေါ်ပြန်ရောက်သည်နှင့် ဝါဒတောင်မှ တပည့်အုပ်စုတစ်စုဖြင့် ဆုံတွေ့လိုက်ရသည်။ သူတို့အုပ်စုက ရန်ကျောက်ကဲနှင့် ရွှီဖေးကိုမြင်တော့ ချက်ချင်းပင် ဂါရဝပြုနှုတ်ဆက်လိုက်ကြသည်။

“ဂိုဏ်းချုပ် ၊ ဂိုဏ်းတူအစ်ကိုကြီး’ရန်’...”

အုပ်စုကိုဦးဆောင်လာသူက အသက်(၃၀)ခန့် အေးဆေးတည်ငြိမ်ဟန်ရှိသော လူငယ်တစ်ယောက် ဖြစ်သည်။

ထိုသူကိုတွေ့တော့ ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“ဂိုဏ်းတူညီလေး’လန်’ ... အဆင်ပြေတယ်မလား ၊ သတင်းမကြားတာတောင် ကြာလှပြီ”

ထိုလူငယ်က ရန်ကျောက်ကဲနှင့် စိမ်းသက်သူ မဟုတ်ပေ။

အစွန်းရောက်ရှစ်ပါးကမ္ဘာကတည်းက ရန်ကျောက်ကဲနှင့်သိကျွမ်းခဲ့သူ ‘လန်ဝမ်ယန်’ ပင် ဖြစ်သည်။

လန်ဝမ်ယန်က ပြုံးလိုက်ရင်း...

“ဂိုဏ်းတူအစ်ကို ကျွန်တော့်ကိုမှတ်မိနေတာ ဝမ်းသာရပါတယ်”

ရွှီဖေးက နှုတ်ဆက်စကားဆိုပြီးသည်နှင့်...

“ဒီတစ်ခေါက် သိုင်းပြိုင်ပွဲအတွက် အချိန်ဇယားဆွဲလိုက်ပါ ၊ အရင်တုန်းကလုပ်ခဲ့တဲ့စည်းမျဉ်းတွေကို နည်းနည်းပါးပါးပြင်ဆင်ပြီး အမှန်တကယ် တိုက်ခိုက်မှုကို ပိုပြီးအလေးပေးရမယ်”

လန်ဝမ်ယန်က ခေါင်းညိတ်လိုက်ပြီး...

“အမိန့်အတိုင်းပါ ဂိုဏ်းချုပ်...”

All Chapters