အခြေအနေကိုပြောင်းပြန်လှန်နိုင်သူ
Vol. 111 Ch. 1550
ကောင်းရွှယ်ပေါ်သည်လည်း ရန်ကျောက်ကဲ ၊ ရွှီဖေးတို့နှင့်အတူ ဝါဒတောင်သို့ လိုက်ပါလာခဲ့လေသည်။ သူက ဘေးနားမှ ရွှီဖေး၏စကားများကိုနားထောင်ရင်း စိတ်ထဲမှ တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်မိသည်။
လက်ရှိတွင် ဝါဒတောင်က ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာ၏ ဦးဆောင်သူအဖြစ် ရပ်တည်နေလေသည်။
ကျောက်စိမ်းကောင်းကင်တောင်ထွတ် ၊ ရေခဲလှိုင်းကျောင်းတော်က ထူးခြားဖြစ်စဉ်ကို ဘေးဖယ်ထားမည်ဆိုလျှင် ဓားဧကရာဇ်၏ ကျောက်စိမ်းကျောက်ဆောင်မှလွဲပြီး အခြား မည်သည့်အင်အားစုကမှ ဝါဒတောင်နှင့် ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။
ဝါဒတောင်က ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာကို လွှမ်းမိုးချုပ်ကိုင်နေခြင်း မရှိသေးသော်လည်း ၊ ထိုအဆင့်နှင့် မဝေးတော့ပေ။
သို့ဖြစ်ရာ ကောင်းကင်ဘုံကမ္ဘာတွင် ဝါဒတောင်ကို မည်သည့်အရာကမှ ဖိအားမပေးနိုင်ပေ။
ဝါဒတောင်မှ ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသော တပည့်များအတွက် ပြင်ပလောကနှင့်ထိတွေ့ရန် အချိန်စောလွန်းနေသေးသည်။
ဝါဒတောင်ဂိုဏ်းတွင် လူငယ်တပည့်များ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပတ်ဝန်းကျင်ကောင်းများ ရှိနေသော်လည်း သူတို့ဘဝက အလွန်ပင် သက်သာလွန်းလှသည်။
ထို့ကြောင့် တိုက်ခိုက်ခြင်းကို အလေးထားရန် လိုအပ်လာသည်။
သို့ဖြစ်ရာ ဂိုဏ်းတွင်း သိုင်းပြိုင်ပွဲများကို အရေးမစိုက်ဘဲ မနေသင့်ပေ။
ပြိုင်ပွဲပုံစံ ပြုပြင်ပြောင်းလဲရနလိုအပ်တိုင်း တာဝန်ခန်းမ၊ သိုင်းပညာဆက်ခံသူခန်းမနှင့် စည်းကမ်းထိန်းသိမ်းရေးခန်းမတို့က အတူတကွ ဆွေးနွေးမှုများ ပြုလုပ်ရန် လိုအပ်သည်။
သို့သော် ပမာဏကိစ္စအတွက် အစီအစဉ်ရေးဆွဲရာတွင် တာဝန်ခမ်းမကပင် မူကြမ်းစတင်ရေးဆွဲရလေ့ရှိသည်။
ကောင်းရွှယ်ပေါ်က လန်ဝမ်ယန်ကို စိတ်ဝင်စားဟန်အနည်းငယ်ဖြင့် ကြည့်လိုက်သည်။
လန်ဝမ်ယန်က ဝါဒတောင်ဂိုဏ်းတွင်ရော ပြင်ပကမ္ဘာတွင်ပါ အတော်အတန် နာမည်ကျော်ကြားသူတစ်ယောက် ဖြစ်၏။
ဝါဒတောင်ပြင်ပတွင်ဆိုလျှင်တော့ သူ၏စွမ်းရည်နှင့် ကိုယ်ပိုင်အဆင့်အတန်းအရ ထူးချွန်သောပါရမီရှင်တစ်ယောက်အဖြစ် သတ်မှတ်နိုင်ပေမည်။
သို့သော် ဝါဒတောင်တွင်တော့ သူက ထူးခြားထင်ရှားသော အရည်အချင်းဟူ၍ ဘာမျှမရှိသူတစ်ယောက်ဖြစ်သည်။
သို့ရာတွင် သူက ဇွဲရှိပြီး အစွမ်းကုန် အလုပ်ကြိုးစားသူဖြစ်၏။
ထို့ကြောင့်ပင် အဖြူရောင်ဝတ် သာမန်တပည့်ဘဝမှ အပြာရောင်ဝတ် ထူးချွန်တပည့်အဖြစ် ဖြည်းဖြည်းချင်း ခြေတစ်လှမ်းစီလှမ်းကာ တက်လှမ်းနိုင်ခဲ့ပြီး ၊ နောက်ဆုံး ဝါဒတောင်၏ အဓိကဆက်ခံသူများထဲမှတစ်ယောက်ဖြစ်လာကာ အနက်ရောင်အနားကွပ်ပါသည့် အပြာရောင်ဝတ်စုံကို ဝတ်ဆင်ခွင့်ရခဲ့သည်။
လွန်ခဲ့သောနှစ်များအတွင်း သူက အစွန်းရောက်ရှစ်ပါးကမ္ဘာရှိ ဝါဒတောင်ဂိုဏ်းချုပ် ၊ အစွန်းရောက်ရှစ်ပါးကမ္ဘာ မြောက်ပိုင်းကောင်းကင်နယ်မြေ၏ ပထမထိုင်ခုံအကြီးအကဲ ၊ သမုဒ္ဒရာကမ္ဘာတွင် ပထမထိုင်ခုံအကြီးအကဲ ၊ အစွန်းရောက်ရှစ်ပါးကမ္ဘာရှိ ဝါဒတောင်၏ဘိုးဘေးခန်းမကိုဦးစီးသည့်အကြီးအကဲများအဖြစ်တာဝန်ထမ်းဆေင်ခဲ့သည်။
လွန်ခဲ့သောနှစ်အနည်းငယ်မှစတင်ပြီး သူက ဝါဒတောင်၏ တာဝန်ခန်းမတွင် ပထမထိုင်ခုံအကြီးအကဲအဖြစ် နေရာဆက်ခံခဲ့သည်။
သို့ပေသိ သိုင်းပညာဆက်ခံသူခန်းမ၏ ပထမထိုင်ခုံအကြီးအကဲ’စစ်ခုန်ချင်း’ နှင့် စည်းကမ်းထိန်းသိမ်းရေးခန်းမ၏ ပထမထိုင်ခုံအကြီးအကဲ’ရှကွမ်း’ တို့နှင့်နှိုင်းယှဉ်ပါက လန်ဝမ်ယန်က ကျင့်ကြံခြင်းအဆင့် များစွာနိမ့်ကျလေသည်။
ဟုတ်ပေ၏။
သူ့ထက် ကျင့်ကြံခြင်းအဆင့် မြင့်မားသူများ ဝါဒတောင်တွင်ရှိနေသည် အမှန်ပင်။
သို့သော် အဆုံးသတ်မှာတော့ ဝါဒတောင်၏ အရေးပါဆုံးခန်းမဖြစ်သည့် တာဝန်ခန်းမ၏ ပထမထိုင်ခုံအကြီးအကဲရာထူးကို လန်ဝမ်ယန်သာလျှင် ရရှိခဲ့သည်။
ဤသည်က ထူးခြားသည့် အခြေအနေပြောင်းပြန်လှန်မှုကို ပြသခဲ့သည်။
သို့ပေသိ လန်ဝမ်ယန် ရာထူးရသွားခြင်းကြောင့် အံ့အားသင့်သူအချို့ရှိသည်မှလွဲပြီး ကန့်ကွက်သူမရှိခဲ့ကြပေ။ ပိုပြီး အသေးစိတ်စဉ်းစားပါက ဤသည်က သဘာဝကျသည်ဟုပင် ခံစားရသည်။
အကြောင်းမှာ တာဝန်ခန်းမဆိုသည်က ဂိုဏ်း၏အသေးအမွှားကိစ္စများမှသည် အရေးကြီးပြဿနာများအထိ တာဝန်ယူရသည်ဖြစ်ရာ ၊ မြူမှုံထက်ပင်သေးငယ်သောပြဿနာများနှင့်ရင်ဆိုင်ရနိုင်သလို တောင်တစ်လုံးမျှကြီးမားသော အခက်အခဲများကိုလည်း တွေ့ကြုံရနိုင်၏။
ထိုပြဿနာများအားလုံးကိုဖြေရှင်းရန်အတွက် စီမံခန့်ခွဲမှုကျွမ်းကျင်ရန်သာလိုအပ်ပြီး ကျင့်ကြံခြင်းအဆင့်မြင့်မားရန် မလိုအပ်ပေ။
လန်ဝမ်ယန် ရာထူးရရှိခြင်းမှာ ဂိုဏ်း၏အဆင့်မြင့်အကြီးအကဲများက အသိအမှတ်ပြု ထောက်ခံပေးခြင်းကြောင့်ဖြစ်သလို သူ၏ဂုဏ်သတင်းကောင်းမွန်မှုကြောင့်လည်းဖြစ်သည်။
အထူးသဖြင့် သူက ရုတ်တရက်ဖြစ်ပေါ်လာသည့်အခြေအနေများကို ကိုင်တွယ်ဖြေရှင်းရာတွင် အလွန်တော်လေသည်။
လန်ဝမ်ယန်၏ တည်ငြိမ်ရွှင်လန်းသောအမူအရာကိုကြည့်ရင်း ရန်ကျောက်ကဲ မလွန်ဆန်နိုင်စွာပင် အတိတ်အချိန်များကို ပြန်ပြောင်းသတိရမိတော့သည်။
ထိုအချိန်က လန်ဝမ်ယန်မှာ ဝါဒတောင်သို့ရောက်သည်မှာမကြာသေးသည့် သာမန်တပည့်တစ်ယောက်မျှသာ ဖြစ်သည်။
သူက အဖြူရောင်ဝတ်တပည့်တစ်ယောက်မျှသာဖြစ်သော်လည်း ရန်ကျောက်ကဲဘက်မှ ကာကွယ်ပြောဆိုခဲ့သဖြင့် ရီကျင်းနှင့်စကားများကာ ရိုက်နှက်ခံရပြီး ဒဏ်ရာရရှိခဲ့လေသည်။
လန်ဝမ်ယန်က အခြားသူများအတွက် တရားမျှတသည့်ဘက်မှ ရပ်တည်ရဲရုံသာမက လူငယ်သဘာဝ ထက်မြက်ရဲရင့်မှုနှင့်လည်း ပြည့်စုံလေသည်။
ယခု အသက်အရွယ်ကြီးလာသည့်အခါ သူ၏စိတ်နေစိတ်ထားလည်း ပိုမိုတည်ငြိမ်လာပြီး ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် ပိုမိုကျွမ်းကျင်လာခဲ့သည်။
သို့တိုင် သူ၏တရားမျှတသည့်စိတ်ထားက အရိုးထဲထိ နက်ရှိုင်းစွာ အမြစ်တွယ်နေဆဲပင်။
လန်ဝမ်ယန်က မည်သို့သောပြဿနာမျိုးနှင့် ရင်ဆိုင်ရပါစေ အကြမ်းနည်း ၊ အနုနည်း နှစ်မျိုးလုံးအသုံးပြုပြီး တည်ငြိမ်စွာ ကိုင်တွယ်တတ်သည်။
ထို့ကြောင့် အငြင်းပွားဖွယ်ရာကိစ္စရပ်အတော်များများကို လိမ္မာပါးနပ်စွာ ဖြေရှင်းနိုင်ခဲ့သည်ပင်။
ပါရမီရှင်များစွာရှိသောဝါဒတောင်တွင် လန်ဝမ်ယန်ကို ထူးချွန်သည်ဟု မသတ်မှတ်နိုင်ပေ။
သို့သော် ရီကျင်းကြောင့် ပြင်းထန်စွာ ဒဏ်ရာရပြီးသည့်နောက် သူက ဇွဲရှိရှိဖြင့် ပိုမိုကြိုးစားခဲ့သည်။
သူ၏ကျင့်ကြံခြင်းအရှိန်အဟုန်က ထိပ်တန်းဟု မသတ်မှတ်နိုင်သော်လည်း ၊ ကျင့်ကြံခြင်းနှင့်ပတ်သက်လျှင် သူ၏ခြေလှမ်းတိုင်းက အလွန်ခိုင်မာသည်။
ထို့ကြောင့် တိုးတက်မှုများဆက်တိုက်ရှိလာခဲ့ပြီး ရန်ကျောက်ကဲ၊ ရန်တိနှင့် ရွှီဖေးတို့၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။
ထိုသူများထံမှ ချီးကျူးဂုဏ်ပြုခြင်းနှင့် အသိအမှတ်ပြုမှုများကို ရရှိခဲ့ပြီး ပါရမီရှင်မဟုတ်သည့်တိုင် သာမန်ဖြစ်ခြင်းက သူ့ကို အောက်သို့ဆွဲချမည်မကို မကြောက်ရွံသူတစ်ယောက်အဖြစ် သူ၏ဒဏ္ဍာရီက လှပခဲ့လေသည်။
သူ့ကို အစွန်းရောက်ရှစ်ပါးကမ္ဘာရှိဝါဒတောင်တွင် ဂိုဏ်းချုပ်အဖြစ် ခန့်အပ်ခဲ့စဉ်က လူတိုင်းအံ့အားသင့်ခဲ့ရသည်။ သို့သော် သူ့ကိုရင်းနှီးသူများနှင့် ဝါဒတောင်အတွင်းပိုင်းကတော့ သူ့ကိုပိုပြီး အသိအမှတ်ပြုခဲ့ကြသည်။
ယခု တာဝန်ခန်းမ၏ အကြီးအကဲဖြစ်လာပြီးနောက် သူက အလုပ်ကို ဇွဲရှိရှိဖြင့် သေသပ်စွာလုပ်ဆောင်ကာ ပြဿနာများစွာကိုလည်း ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်။
ထို့ကြောင့် ဂိုဏ်းချုပ်ရွှီဖေးအတွက် လက်ရုံးတစ်ဆူ ဖြစ်ခဲ့သည်ပင်။
သို့ဖြစ်ရာ လန်ဝမ်ယန် ရာထူးရရှိခြင်းအတွက် ဝါဒတောင်တွင် မည်သူမှ မကျေမနပ် မဖြစ်ကြပေ။
အတိတ်အကြောင်းများကိုစဉ်းစားမိတော့ ရန်ကျောက်ကဲစိတ်ထဲ ခံစားချက်လှိုင်းလုံးများ ပြင်းထန်လာရသည်။
အချိန်အများစုတွင် ရန်ကျောက်ကဲက ပြင်ပ၌သာရှိနေခဲ့ပြီး ဂိုဏ်းအတွင်းရေးကိစ္စများကို အာရုံစိုက်မှုနည်းပါးခဲ့သည်။ သို့သော် သူ့စိတ်ထဲတွင် လန်ဝမ်ယန်ကို အမြဲထည့်ထားခဲ့လေသည်။
လန်ဝမ်ယန် ကျင့်ကြံခြင်းအဆင့်တက်တိုင်း သူက မှော်ဝင်ပစ္စည်းတစ်ခု လက်ဆောင်ပေးလေ့ရှိခဲ့သည်။
အစပိုင်းမှာတော့ ရန်ကျောက်ကဲက သူ့အတွက် အသက်စွန့်ကာရပ်တည်ပေးခဲ့သည့် လန်ဝမ်ယန်ကို ကျေးဇူးတင်သည့်အနေဖြင့် ဤသို့ပြုခဲ့ခြင်းပင်။
နောက်ပိုင်းမှာတော့ လူငယ်၏ကြိုးစားမှုဆုလာဘ်အဖြစ် ပြောင်းလဲသွားခဲ့သည်။
ဤလူငယ်က ဘေးအန္တရယ်ကြုံတွေ့ရသည့်တိုင် မလျှော့တမ်းကြိုးစားခဲ့ပြီး ကျရှုံးမှုကြုံရတိုင်းလည်း လက်မမြှောက်သူတစ်ယောက်ဖြစ်သည်။
ထို့ကြောင့် ရန်ကျောက်ကဲက အသိအမှတ်ပြု ဆုချခြင်းဖြစ်သည်။
ဂိုဏ်းတွင်းသိုင်းပြိုင်ပွဲကိစ္စများ ပြောဆိုဆွေးနွေးပြီးနောက် လန်ဝမ်ယန်က စကားဆိုလိုက်သည်။
“သြော်... ဒါနဲ့... ဂိုဏ်းတူညီလေး’ရှီ’ တံခါးပိတ်ကျင့်ကြံရာက ထွက်လာပါပြီ”
ရန်ကျောက်ကဲက ရွှီဖေးကိုကြည့်ပြီး ပြုံးလိုက်သည်။
“သူ အတော်လေး အကျိုးရှိလိုက်ပုံရတယ်”
ရွှီဖေးက ရန်ကျောက်ကဲအား ကျေးဇူးတင်သောအမူအရာဖြင့် ကြည့်လိုက်ပြီး...
“ဒါတွေအားလုံးက မင်းကျေးဇူးကြောင့်ပါ”
ဝါဒတောင်တွင် အမတကူးပြောင်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက် ထံမံထွက်ပေါ်လာခဲ့သည်။ ထိုသူက ‘ရှီကျွင်း’ ပင် ဖြစ်လေ၏။
လက်ရှိတွင် သူက ဝါဒတောင်စတုတ္ထမျိုးဆက်တပည့်များတွင် နံပါတ်(၁)အဖြစ် ရပ်တည်လျှက်ရှိသည်။
နတ်ဆိုးပြန်လည်မွေးဖွားခြင်းကိစ္စကိုဖြတ်သန်းပြီးနောက် သူ၏ညာဘက်မျက်လုံး၊ ညာဘက်လက်နှင့် ခြေထောက်တို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ကျင့်စဉ်လမ်းတွင် တိုးတက်ရန်မျှော်လင့်ချက်ကင်းမဲ့သည့် မသန်စွမ်းတစ်ယောက် ဖြစ်သွားခဲ့သည်။
သို့သော် ရန်ကျောက်ကဲတို့က သူ့ကိုကယ်တင်ရန် တတ်နိုင်သမျှ လုပ်ဆောင်ခဲ့ကြပြီး အဖိုးတန်ပစ္စည်းများစွာအသုံးပြုကာ ရှီကျွင်း၏ချို့ယွင်းနေသော ခန္ဓာကိုယ်အား ပြုပြင်ခဲ့ကြသည်။
ထို့ကြောင့်ပင် ရှီကျွင်းသည်လည်း ကြီးမားသော ပြောင်းလဲမှုများကို ခံယူနိုင်ခဲ့ပြီး ကျင့်စဉ်လမ်း ဆက်လက်လျှောက်လှမ်းရန် အခွင့်အရေးရရှိခဲ့သည်။
နဂိုကတည်းကပင် ရှီကျွင်းက ထူးခြားသောအရည်အချင်းများနှင့် ပြည့်စုံသည်ပင်။
ယခု တံခါးပိတ်ကျင့်ကြံရာမှထွက်လာမည်ဆိုလျှင် သိုင်းသူတော်စင်အဋ္ဌမအဆင့်သို့ တက်လှမ်းနိုင်လောက်ပေသည်။
ဝါဒတောင်ဂိုဏ်း၏ စတုတ္ထမျိုးဆက်တပည့်များထဲတွင် အတော်ဆုံးတပည့်လည်းဖြစ် ၊ ဂိုဏ်းချုပ်ရွှီဖေး၏ တိုက်ရိုက်တပည့်လည်းဖြစ်သဖြင့် သူက လောကတစ်ခွင် နာမည်ကျော်ကြားသူ ဖြစ်လာသည်။
ကောင်းရွှယ်ပေါ်သည်ပင် ဤလူငယ်၏ အနာဂတ်ကို စတင်အာရုံစိုက်လာခဲ့သည်။
ထူးချွန်သူတိုင်းတွင် ထူးခြားသော အရည်အချင်းများ ရှိကြစမြဲပင်။
အချို့က အရှိန်အဟုန်လျှင်မြန်စွာ ကျင့်ကြံနိုင်ကြပြီး အချို့က တိုက်ခိုက်ရေးတွင် ထူးချွန်ကြသည်။
ရှီကျွင်း၏ကျင့်ကြံခြင်းအရှိန်အဟုန်က အလွန်မြန်ဆန်ပြီး တိုက်ခိုက်ရေးတွင်လည်း ရွယ်တူတန်းတူများထက် သာလွန်သည်။
သူပိုမိုတိုးတက်လာလေ လူအများ၏ အာရုံစိုက်ခံရလေ ဖြစ်၏။
အချိန်အတန်ကြာ စကားပြောဆိုကြပြီးနောက် လန်ဝမ်ယန်က အရင်ဆုံး နှုတ်ဆက်ထွက်ခွာသွားပြီး ရန်ကျောက်ကဲတို့အုပ်စုသည်လည်း တောင်ပေါ်သို့ ဆက်တက်ခဲ့ကြသည်။
ဂိုဏ်းချုပ်တစ်ယောက်ဖြစ်သော ရွှီဖေးကတော့ ပြန်ရောက်သည်နှင့် အလုပ်များစုပုံနေခဲ့သည်။ ရန်ကျောက်ကဲက ဓားရှာဖွေသည့်အစီအရင်ကို နောက်တစ်ကြိမ်ပြုလုပ်ရန် ပြင်ဆင်လိုက်သည်။
အိမ်တော်သို့ပြန်ရောက်သည်နှင့် အစီအရင်ကိုစောင့်ကြည့်ပေးနေသော အားဟူက ဆီးကြိုနှုတ်ဆက်လိုက်၏။
“သခင်လေး... ပြန်လာပြီလား”
အစီအရင်ထဲတွင် သွေးနီရောင်တောက်ပနေသည့် ရှေးဟောင်းဓားတစ်လက်ရှိနေသည်။ ဓားက လေထဲတွင်ပျံသန်းနေပြီး အလွန်နက်ရှိုင်းသည့်အသွင်ဆောင်နေသည်။
ဓားရိုးထက်တွင် အင်းစက္ကူတစ်ခုကပ်ထားပြီး ၊ ထိုအင်းစက္ကူက ရန်ကျောက်ကဲစီရင်ထားသည့် အင်းစာဖြစ်သည်။ ထိုအင်းစက္ကူကို (၄၉)ရက်တိတိ ကပ်ထားခြင်းဖြစ်၏။
ရှေးဟောင်းဓားအထက် လေထုထဲရှိ လေးဘက်လေးတန်တွင် တံခါး(၄)ခုပုံရိပ်က ဝေဝါးစွာလွင့်ပျံနေသည်။ တံခါးတစ်ခုထက်တွင် ဓားတစ်လက် ချိတ်ဆွဲထားသည့်ပုံရိပ်ကို မထင်မရှားတွေ့ရသည်။
ထိုဓားရိပ်သည်လည်း သွေးနီရောင်တောက်ပနေပြီး အောက်ဘက်မှ နတ်ဘုရားထောင်ချောက်ဓားနှင့် ဟန်ချက်ညီလျှက် ရှိသည်။
ရန်ကျောက်ကဲက ဝါဒတောင်၏အုတ်မြစ်သဖွယ်ဖြစ်သော စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်အပိုင်းအစကို အစီအရင်ထဲသို့ ထည့်သွင်းလိုက်သည်။
အောက်ဘက်ရှိ နတ်ဘုရားထောင်ချောက်ဓားက ညင်သာစွာ တုန်ခါသွားပြီး စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်သည်လည်း တုန်ခါသွားလေသည်။