← Chapters

အဆုံးမရှိသောမတည်ငြိမ်မှုများ

Vol. 111 Ch. 1552

အဆုံးမရှိသောမတည်ငြိမ်မှုများ

Vol. 111 Ch. 1552

ရန်‌ကျောက်ကဲ အစီအရင်ပြုလုပ်ပြီးသည်နှင့် အမတခုံရုံး ၊ ကောင်းကင်ယံနန်းတော်ရှိ နန်းဆောင်တစ်ခုထဲတွင် အလင်းရောင်များ ရုတ်တရက် တောက်ပလာလေသည်။

ဖြူဖျော့သောမျက်နှာဖြင့် ဗုံခရာကောင်းကင်ဘုံအရှင်က ထိုနေရာတွင် ထိုင်နေလေသည်။

အလင်းရောင်များတောက်ပလာသည်နှင့် သူ၏မှိတ်ထားသောမျက်လုံးများကိုဖွင့်လိုက်ပြီး မျက်နှာချင်းဆိုင်သို့ လှမ်းကြည့်လိုက်သည်။

ထိုနေရာတွင် လူငယ်တစ်ယောက် ထိုင်နေလေသည်။

ထိုသူက အရပ်မြင့်မြင့် ၊ ဦးခေါင်း(၃)လုံး ၊ လက်(၆)ဖက်ရှိကာ မျက်ခုံးနှစ်ခုကြားတွင် မျက်လုံးတစ်လုံးလည်း ရှိနေသည်။

ထိုလူငယ်က နန်းဆောင်အတွင်းမှ ခေါင်းလောင်းငယ်တစ်ခုကို တိတ်ဆိတ်စွာ စူးစိုက်ကြည့်နေလေသည်။

ယခု ကြေးဝါရောင်ခေါင်းလောင်းမှ အလင်းတန်းများထွက်ပေါ်နေပြီး ခေါင်းလောင်းက အနည်းငယ်လှုပ်ယမ်းနေသည့်တိုင် အသံတစ်ချက်မှ ထွက်မလာပေ။

ခေါင်းလောင်းထက်တွင် အင်းစက္ကူတစ်ခု ကပ်ထားပြီး ယခု ထိုအင်းစက္ကူထက်မှ သင်္ကေတများက ပုံပျက်နေပြီး အသွင်ပြောင်းလဲနေကာ အသက်ဝင်လာသယောင် ဖြစ်နေသည်။

ဦးခေါင်း(၃)လုံး လက်(၆)ဖက်ရှိသော လူငယ်က မျက်လုံးသုံးလုံးကို ဖွင့်လိုက်ပြီး...

“တာအိုဝါဒဘက်က မိစ္ဆာတွေ လှုပ်ရှားလာပြီ...”

သူက ဆက်ပြောလိုက်သည်။

“ဒီတစ်ခါတော့ သူတို့က နတ်ဘုရားအဆုံးသတ်ဓားကို ရှာမှာမဟုတ်ဘူး ၊ ငါ့ဆရာ ကိုင်ခဲ့တဲ့ နတ်ဘုရားသုတ်သင်ဓားကို ရည်ရွယ်နေပုံရတယ်”

ဗုံခရာကောင်းကင်ဘုံအရှင်က တည်ကြည်လေးနက်သည့်အသံဖြင့်...

“နေရာကိုရော ရှာတွေ့နိုင်မလား”

လူငယ်ကျင့်ကြံသူက ခေါင်းခါရမ်းရင်း...

“အဲဒီလောက်လွယ်ရင် အစောကြီးကတည်းက ရှာပြီးနေပြီ ၊ အခုက... သူတို့လှုပ်ရှားလိုက်လို့သာ ငါတို့သိရတာ”

သူက ဆက်ပြောလိုက်သည်။

“အင်း... နေရာကိုရှာချင်ရင် ဒီခေါင်းလောင်းကို သုံးကြည့်လို့တော့ရပါတယ် ၊ အာမခံချက်တော့မရှိပေမယ့် အခွင့်အရေးတော့ရှိတယ်”

လူငယ်ကျင့်ကြံသူက ဗုံခရာကောင်းကင်ဘုံအရှင်ကို ကြည့်လိုက်ပြီး...

“အဲဒီကောင်တွေကြောင့် ရထားတဲ့ဒဏ်ရာတွေ မပျောက်သေးဘူးမလား ၊ မင်းစိတ်ထဲမှာလည်း ဒေါသတွေ မပြေသေးဘူးဆိုတာ သိပါတယ် ၊ ဒါပေမဲ့ အခုချိန်မှာ ငါတို့ အမတခုံရုံးက အဖြူရောင်ကြာပန်းသုခဘုံက မိစ္ဆာတွေနဲ့ တိုက်ပွဲဖြစ်နေတုန်းပဲ ၊ အင်းအားအများကြီးခွဲထုတ်ဖို့ မဖြစ်နိုင်သေးဘူး ၊ ဒါကြောင့် အလျင်စလိုမလုပ်နဲ့ ၊ တစ်ယောက်တည်းထွက်မသွားနဲ့”

ဗုံခရာကောင်းကင်ဘုံအရှင်က မည်းမှောင်သည့်မျက်နှာထားဖြင့်...

“အေးပါ... မင်း ဘာပြောချင်တယ်ဆိုတာ ငါသိပါတယ် ၊ ငါ စိတ်လိုက်မာန်ပါ မလုပ်ပါဘူး”

သူက ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ ဘာမှမလုပ်ဘဲ ထိုင်ကြည့်နေလို့လည်းမရဘူး ၊ အဲဒီပိုးကောင်တွေ ဂူထဲကထွက်လာတယ်ဆိုတာ ရှားပါးအခွင့်အရေးပဲ ၊ ဒီအတိုင်းလွှတ်လိုက်လို့ မဖြစ်ဘူးလေ”

လူငယ်က ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်... ဒါပေမဲ့ ငါတို့နှစ်ယောက်တည်းနဲ့တော့ အဆင်မပြေလောက်ဘူး”

ထို့နောက် သူက လက်ညှိုးလက်ခလယ်ဖြင့် ခေါင်း‌လောင်းငယ်ကိုညွှန်ပြလိုက်ရာ ခေါင်းလောင်းက အောက်သို့ကျဆင်းလာပြီး သူ့လက်ဖဝါးထဲသို့ ကျရောက်သွားသည်။

ပြီးမှ သူက...

“ကဲ... မင်းက ဒဏ်ရာတွေမပျောက်သေးဘူး ၊ ငါပဲသွားလိုက်မယ်”

ဗုံခရာကောင်းကင်ဘုံအရှင်က မတ်တတ်ထရပ်ရင်း...

“ဒုက္ခပေးမိပါပြီ တာအိုရောင်းရင်း’ယင်’ ၊ အောင်ပွဲခံပြီး ပြန်လာတာကို စောင့်နေပါ့မယ်...”

ထို့နောက် လူငယ်ကျင့်ကြံသူက ခန္ဓာကိုယ်တစ်ချက်လှုပ်ခါလိုက်ပြီး အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲကာ အမတခုံရုံး ၊ ကောင်းကင်ယံနန်းတော်မှ အဝေးသို့ ပျံသန်းထွက်ခွာသွားတော့သည်။

ဗလာနယ်အလွှာများကိုဖြတ်ကျော်သွားပြီးနောက် နောက်ဆုံး စကြာဝဠာတစ်ခုဆီသို့ ရောက်ရှိသွားသည်။ ထိုစကြာဝဠာက မရေမတွက်နိုင်သော ဗုဒ္ဓနယ်မြေများနှင့် ပြည့်နက်နေလေသည်။

ထိုနေရာတစ်ခုလုံး အစိမ်းရောင်ကြာပန်းများပွင့်လန်းနေပြီး ရှုခင်းက လှပလွန်းသည်။

လူငယ်ကျင့်ကြံသူက ဗုဒ္ဓနယ်မြေတစ်ခုမှ ကျောင်းတော်တစ်ခုဆီသို့ ရောက်ရှိလာပြီး ဦးညွှတ်အရိုအသေပေးလိုက်သည်။

“ယင်ကျောက်... မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓနဲ့ တွေ့ခွင့်ရချင်ပါတယ်”

ကျောင်းတော်ရှေ့တွင်ရပ်နေသည့် ကိုယ်တော်က လက်အုပ်ချီလိုက်ပြီး...

“အထဲဝင်သွားပါ... ထိုက်စွေ့ကောင်းကင်ဘုံအရှင် ၊ ဆရာက ခင်ဗျားကို‌စောင့်မျှော်နေပါတယ်”

ယခင်က မိုးကောင်းကင်ခုံရုံး ကောင်းကင်ဘုံနန်းတော်မှ ထိုက်စွေ့ထျန်းကျွင်း ၊ ယခုအချိန်မှာတော့ အမတခုံရုံးမှ ထိုက်စွေ့ကောင်းကင်ဘုံအရှင်’ယင်ကျောက်’ က ကျောင်းတော်အတွင်း ဝင်ရောက်သွားသည်။

ကျောင်းတော်ထဲတွင် အစိမ်းရောင်ကြာပလ္လင်တထက်တွင်ထိုင်နေသည့် ရွှေရောင်ဗုဒ္ဓတစ်ပါး ရှိနေသည်။ သူ့ထံမှထွက်ပေါ်နေသောရောင်ဝါက အလွန်ပင်ရှေးကျလှသည်။

သူ၏ဦးခေါင်းနောက်တွင် ဗုဒ္ဓရောင်ခြည်စက်ဝန်းက ပြီးပြည့်စုံစွာတည်ရှိနေပြီး ဦးခေါင်းထက်တွင် ဖန်သားမီးအိမ်တစ်လုံး ရှိနေသည်။

ထိုသူမှာ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓပင် ဖြစ်၏။

ယင်ကျောက် ရောက်ရှိလာသည်ကိုမြင်တော့ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ပြုံးလျှက် စကားဆိုလိုက်သည်။

“တတိယမြောက်ဓားက နတ်ဘုရားသုတ်သင်ဓားဖြစ်နေတာပေါ့”

ယင်ကျောက်၏လက်ထဲမှ ခေါင်းလောင်းငယ်က လှုပ်ခါနေသော်လည်း မည်သည့်အသံမှ ထွက်ပေါ်လာခြင်း မရှိပေ။

“အမှန်ပဲ... ကျုပ်ဆရာရဲ့ နတ်ဘုရားသုတ်သင်ဓားပါပဲ”

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက...

“သူတို့ ဘယ်လိုစိတ်ကူးနဲ့လုပ်နေလဲဆိုတာ အခုထိ အတိအကျမသိသေးပေမယ့်... နည်းနည်းတော့ နားလည်သွားပြီ ၊ သူတို့က ဓားကိုအသုံးပြုပြီး တည်နေရာကိုရှာနေတာ ၊ ဒါပေမဲ့... အဲဒီလိုရှာဖို့အတွက် အကနဦးသဲလွန်စတစ်ခုလိုအပ်တယ်”

ယင်ကျောက်က...

“အရင်တုန်းက ဆရာ့ရဲ့ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်က ကွဲကြေသွားခဲ့တယ် ၊ အခု အပိုင်းအစတစ်ခုက ဝါဒတောင်မှာရောက်နေတယ် ၊ ဒီတော့ သူတို့မှာ နတ်ဘုရားအဆုံးသတ်ဓားနဲ့ပတ်သက်တဲ့ သဲလွန်စမရှိဘူးဆိုရင် နတ်ဘုရားသုတ်သင်ဓားကိုပဲ ရည်ရွယ်မယ်ဆိုတာ များသောအားဖြင့် ခန့်မှန်းလို့ရတယ်လေ”

ထို့နောက် သူက ဆက်ပြောလိုက်သည်။

“ရှေးဟောင်းဗုဒ္ဓက တကယ်ပဲ ဉာဏ်အမြော်အမြင် ကြီးပါပေတယ်”

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ပြုံးလိုက်ပြီး...

“ကျုပ်က ဘေးကကြည့်နေရုံပါပဲ ၊ ပြောရရင်တော့... စန်းချင်း(၃)ပါး တာအိုဝါဒက တကယ်တိုးတက်လာတာပဲ ၊ ဒီ နည်းပညာအသစ်က တကယ်ထူးခြားလွန်းတယ်”

ယင်ကျောက်က ပြုံးရုံသာပြုံးပြီး စကားပြန်မပြောတော့ပေ။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက လက်ဖျောက်တစ်ချက်တီးလိုက်ရာ ကျောင်းတော်အပြင်ဘက်သို့ အစိမ်းရောင်ကြာပန်းတစ်ပွင့် ဆင်းသက်လာသည်။

ကြာပန်းထက်တွင် ရွှေရောင်အလင်းတန်းများ တောက်ပလျှက် ရှိလေသည်။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက...

“သွားလိုက်ပါ ၊ အခြေအနေအရ လိုက်လျောညီထွေဖြစ်အောင်လုပ်ပါ ၊ ချန်စန်းရှင်းဟိုင်နဲ့ အဖြူရောင်ကြာပန်းသုခဘုံကလည်း ဒီကိစ္စကို လျစ်လျူရှုထားမယ်မထင်ဘူး”

ယင်‌ကျောက် ကျောင်းတော်အတွင်းမှ ထွက်ခွာသွားလေသည်။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ကျောင်းတော်ထဲတွင် တိတ်ဆိတ်စွာထိုင်နေပြီး မျက်နှာထက်တွင် အပြုံးတစ်ခုရှိနေသည်။

သူ၏မျက်ဝန်းများက ဗလာနယ်အလွှာများကိုဖြတ်သန်းသွားကာ အဆုံးမဲ့အဝေးတစ်နေရာသို့ ကျရောက်သွားသည်။

“ကံကြမ္မာက ဟိုးအရင်ကတည်းက သတ်မှတ်ပြီးသားပါ ၊ ဒါပေမဲ့ အချိန်မကျသေးဘူး”

***

ထိုအချိန်...

အဖြူရောင်ကြာပန်းသုခဘုံရှိ ဗုဒ္ဓနယ်မြေထဲတွင် လမ်းခြောက်သွယ်ဓားသခင်’ချွိစု’ ထိုင်နေလေသည်။

ရုတ်တရက် အဖြူရောင်ကြာပန်းတစ်ပွင့် သူ၏နယ်မြေထဲသို့ ဆင်းသက်လာသည်။

ချွိစု မျက်လုံးများဖွင့်လိုက်ပြီး ခေါင်းမော့ကြည့်လိုက်သည်။

“ကြာပွင့်ဖြန့်ကျက်ဗုဒ္ဓ ... ဘာလို့ ကြွရောက်လာတာလဲ ၊ စန်းချင်း(၃)ပါးကျင့်ကြံသူတွေ နောက်ထပ်ဓားတစ်လက် ရှာနေပြီလား”

အဖြူရောင်ကြာပလ္လင်ထက်တွင်ထိုင်နေသော ကြာပွင့်ဖြန့်ကျက်ဗုဒ္ဓက ခေါင်းညိတ်ရင်း...

“ချန်စန်းရှင်းဟိုင်ဘက်က သတင်းရောက်လာတယ်”

ချွိစု ခေါင်းညိတ်ပြီး မတ်တတ်ထရပ်လိုက်သည်။

ကြာပွင့်ဖြန့်ကျက်ဗုဒ္ဓက...

“ဘုရားလောင်းက အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နဲ့ တိုက်ခိုက်နေတုန်းဆိုပေမယ့် တိုက်ပွဲခဏရပ်ပြီး ဒီကိစ္စအတွက် ဂရုတစိုက်နဲ့ အမိန်ချပေးခဲ့တာ”

သူက ဆက်ပြောလိုက်သည်။

“အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ကလည်း နတ်ဘုရားသုတ်သင်ဓားနဲ့ပတ်သက်ပြီး အစီအစဉ်တွေ ရှိနေပုံရတယ် ၊ မင်းသွားမယ်ဆိုရင် သတိထားပါ”

ချွိစု ခေါင်းညိတ်လိုက်သည်။

“ကျုပ် ဘုရားလောင်းအမိန့်အတိုင်း လိုက်နာပါ့မယ်”

ထို့နောက် သူက အဖြူရောင်ကြာပန်းသုခဘုံမှ ထွက်ခွာသွားကာ ချန်စန်းရှင်းဟိုင်သို့ ဦးတည်သွားလေသည်။

ဗလာနယ်မြေအလွှာများစွာကို ဖြတ်ကျော်ပြီးနောက် နတ်မိစ္ဆာမျိုးနွယ်များ ပုန်းအောင်းနေသည့်စကြာဝဠာဖြစ်သော ‘ချန်စန်းရှင်းဟိုင်’ သို့ ရောက်ရှိလာလေသည်။

ရောက်ရောက်ချင်းပင် ချွိစုက ‘ထိုက်စုလွင်ပြင်ကောင်းကင်ဘုံ’ သို့ ဝင်ရောက်သွားသည်။

ချန်စန်းရှင်းဟိုင်တွင် ကမ္ဘာပေါင်းများစွာတည်ရှိပြီး မိစ္ဆာချီများက နေရာတိုင်းတွင်ထူထပ်နေကာ အမှောင်ထုလေပြင်းများက နေရာအနှံ မြည်ဟည်းတိုက်ခတ်နေသည်။

သို့သော် ထိုက်စုလွင်ပြင်ကောင်းကင်ဘုံတွင်တော့ မိုးကုတ်စက်ဝိုင်းတစ်လျှောက် နေရောင်ခြည်များဖြာလင်းနေပြီး နတ်ဘုံတစ်ခုပမာ သာယာလှပလွန်းသည်။

ဤနေရာသို့ မိစ္ဆာချီများ ဝင်ရောက်လာလျှင်ပင် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ချက်ချင်း လျော့နည်းသွားတတ်သည်။

ထိုက်စုလွင်ပြင်ကောင်းကင်ဘုံသို့ ရောက်ရှိသည်နှင့် ချွိစုက ခေါင်း‌မော့ကြည့်လိုက်ရာ ကောင်းကင်ကိုးထပ်တွင် မှုန်ဝါးဝါးလွင့်မျောနေသည့် နန်းဆောင်တစ်ခုအား တွေ့လိုက်ရသည်။

ထိုနန်းဆောင်က ဝေးကွာလွန်းသဖြင့် ချဉ်းကပ်မရသည့်နှယ် ခံစားရသည်။

ထိုနန်တော်မှာ ဒဏ္ဍာရီထဲမှ “နွီဝါးလွင်ပြင်” ပင် ဖြစ်လေသည်။

ပုံရိပ်ယောင်ကောင်းကင်ဘုံ (၃၃)ဘုံ ၊ ထိုက်စုလွင်ပြင်ကောင်းကင်ဘုံ ၊ နွီဝါးလွင်ပြင် ၊ နွီဝါးနန်းတော်...။

ဤသည်က အတိတ်တစ်ချိန်က ဧကရီနွီဝါးနေထိုင်ခဲ့သည့်နေရာများ ဖြစ်လေသည်။

ဧကရီနွီဝါး ‌လောကကိုကျော်လွန်သွားပြီးနောက် နွီဝါးနန်းတော်သည်လည်း လောကနှင့်ကင်းကွာသွားခဲ့သည်။ ထိုအချိန်မှာပင် အရှေ့ဧကရာဇ်နန်းတော် ထွက်ပေါ်လာပြီး နွီဝါးလွင်ပြင်၏ပိုင်ရှင်က အရှေ့ဧကရာဇ်ဖြစ်လာခဲ့သည်။

ချွိစုက အကြည့်ကိုပြန်ရုတ်သိမ်းလိုက်ပြီး ထိုက်စုလွင်ပြင်ကောင်းကင်ဘုံအတွင်း ဆက်လျှောက်သွားရာ မကြာခင် နတ်ဘုရားတောင်တစ်ခုဆီသို့ ရောက်ရှိလာသည်။

ထိုနေရာတွင် လူအသွင်ဆောင်ထားသည့် နတ်မိစ္ဆာငယ်တစ်ယောက်ရှိနေပြီး သူက ချွိစုကို လမ်းပြခေါ်ဆောင်သွားသည်။

“နောက်ကလိုက်ခဲ့ပါ လမ်းခြောက်သွယ်ဓားသခင် ၊ ဆရာက ခင်ဗျားကို စောင့်မျှော်နေတာပါ”

ချွိစုက ထိုမိစ္ဆာငယ်နောက်သို့လိုက်ပါသွားပြီး နတ်ဘုရားထောင်ထိပ်သို့ရောက်ရှိလာသည်။ တောင်ထိပ်တွင် အလွန်မြင့်မားသည့် ရှေးဟောင်းသစ်ပင်ကြီးတစ်ပင် ရှိနေလေသည်။

သစ်ပင်ထိပ်တွင် အဘိုးအိုတစ်ယောက် ကြာပန်းအသွင်ထိုင်လျှက်ရှိသည်။

ထိုအဘိုးကြီးကိုတွေ့သည်နှင့် ချွိစုက ချက်ချင်းပင် ဦးညွှတ်နှုတ်ဆက်လိုက်၏။

“ဂါရဝပြုပါတယ်...”

အဘိုးအိုက...

“ဒီကိုကြည့်လိုက်...”

ချွိစု ခေါင်းမော့ကြည့်လိုက်တော့ ရွှေရောင်နှင်အနီရောင်ရောယှက်ထားသော မီးတောက်များထဲတွင်ရှိနေသည့် မည်းနက်သောကျောက်တုံးတစ်တုံးကို တွေ့လိုက်ရသည်။

ကျောက်ခဲက မီးလောင်ကျွမ်းနေပြီး တဖျစ်ဖျစ်မြည်သံများပင် ထွက်ပေါ်နေသည်။

မိုမိုနီးကပ်စွာကြည့်မည်ဆိုလျှင် ကျောက်တုံး၏ မညီညာသောမျက်နှာပြင်ထက်တွင် ပြီးပြည့်စုံခြင်းမရှိဘဲ သေးငယ်စွာသာ ထင်ကျန်ရစ်သည့် စည်းတံဆိပ်တစ်ခု ကိုတွေ့ရ၏။

ထိုကျောက်တုံးကိုမြင်တော့ ချွိစု မျက်လုံးများ ပြူးကျယ်သွားသည်။

“ဒါက...

အဘိုးကြီးက ခေါင်းညိတ်လိုက်သည်။

“အမှန်ပဲ ၊ ဒါက ကွမ်းချန်ထျန်းကျွင်းရဲ့ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်အပိုင်းအစ တစ်ခုပဲ”

“ကြည့်ရသလောက် စန်းချင်း(၃)ပါးအဆက်အနွယ်တွေ ရှာဖွေနေတဲ့ တတိယမြောက်ဓားက နတ်ဘုရားအဆုံးသတ်ဓား မဟုတ်ဘူး ၊ နတ်ဘုရားသုတ်သင်ဓားပဲ”

All Chapters