ပြောင်းပြန်နည်းဗျူဟာ
Vol. 111 Ch. 1560
ရန်ကျောက်ကဲစကားကိုကြားသည်နှင့် ခြင်္သေ့နတ်ဘုရား ခဏမျှ မှင်တက်သွားသည်။
“ဝူတန့်မယ်တော်လား...”
ကောင်းချင်းရွှမ်က စန့်ချင်အဆက်အနွယ်ဖြစ်ပြီး ထိုက်ရွှီးမူလနတ်ဘုရားအဆင့် ဖြစ်သည်။ ထို့ပြင် သူမက ပါရမီရှင်တစ်ယောက်ဖြစ်ပြီး ကျင့်ကြံခြင်းအဆင့်တူညီသူများထက် တန်ခိုးစွမ်းအား ပိုမိုကြီးမားသည်။
နတ်ဘုရားသုတ်သင်ဓား နှင့် နတ်ဘုရားထောင်ချောက်ဓားကို သူမထက် ပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်သူရှိမည်ဆိုလျှင် လူတစ်ယောက်သာလျှင် ရှိပေသည်။
ထိုသူက တာအိုဝါဒ စန့်ချင်အဆက်အနွယ်တွင် အင်အားအကြီးဆုံး၊ ဓားသိုင်းအတော်ဆုံး ၊ ရှေးခေတ်ကာလကတည်းက ကောင်းကင်နတ်ဘုရားအဆင့်သို့တက်ရောက်ခဲ့သော လင်ပေါင်ထျန်းကျွင်း၏တပည့် “ဝူတန့်မယ်တော်” ပင် ဖြစ်သည်။
ကောင်းချင်းရွှမ်က ဝူတန့်မယ်တော်၏ အဆက်အနွယ်မှ ဆင်းသက်လာသူဖြစ်သည်။
ယခင်က ရန်ကျောက်ကဲ နတ်ဘုရားထောင်ချောက်ကို ရှာဖွေစဉ်ကလည်း ဝူတန့်မယ်တော်က ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်နှင့်ပတ်သက်သော သတင်းအတုများဖန်တီးကာ ရန်သူများကို လမ်းလွှဲခဲ့ဖူးသည်။
ကောင်းကင်နတ်ဘုရားတစ်ပါးဖြစ်သည့် ဝူတန့်မယ်တော်မှ စန့်ချင်အဆက်အနွယ်၏ခေါင်းဆောင်အဖြစ် သတ်မှတ်ခံရသူ ဖြစ်သည်။
သူမ တစ်ချက်လှုပ်ရှားလိုက်ရုံဖြင့် အမတခုံရုံး၊ အဖြူရောင်ကြာပန်းသုခဘုံ၊ နတ်မိစ္ဆာမျိုးနွယ်၊ အနောက်ဘက်သူတော်စင်ဘုံ စသည့် အင်အားစုများ၏စိတ်အာရုံကို ချက်ချင်း ဆွဲဆောင်နိုင်သည်။
သို့ဖြစ်ရာ နတ်ဘုရားထောင်ချောက်ဓား မည်သည့်နေရာတွင်ရှိကြောင်း သိရှိဦးတော့ သူမကိုယ်တိုင် သွားရောက်ရှာဖွေရန် မဖြစ်နိုင်ပေ။
အကြောင်းမှာ ရန်သူများက သူမထံသို့ ချက်ချင်းရောက်လာနိုင်သောကြောင့်ပင်။
ဝူတန့်မယ်တော်က လက်တွေ့ကျသူတစ်ယောက်ဖြစ်လေရာ ရန်ကျောက်ကဲ၏အစီအစဉ်ကို သဘောတူခဲ့ပြီး သူမ၏ကောင်းကင်နတ်ဘုရားအဆင့် တန်ခိုးစွမ်းအားကိုအသုံးပြုကာ ရန်ကျောက်ကဲတို့အုပ်စု၏လှုပ်ရှားမှုများကို ဖုံးကွယ်ပေးခဲ့သည်။
နောက်ဆုံး ရန်ကျောက်ကဲတို့အုပ်စု နတ်ဘုရားထောင်ချောက်ဓားကို ရှာတွေ့ပြီး အောင်မြင်စွာ ယူဆောင်လာနိုင်ခဲ့သည်။
ယခု နတ်ဘုရားသုတ်သင်ဓားကိုရှာဖွေရာမှာတော့ ရန်ကျောက်ကဲတို့အုပ်စုက လုံးဝ ပြောင်းပြန်ဖြစ်သော နည်းဗျူဟာကိုအသုံးပြုခဲ့သည်။
ဓားကိုရှာမတွေ့ဘဲ ကွမ်းချန်ထျန်းကျွင်း၏ လက်ပြတ်ကြီးကို အရင်ရှာတွေ့ခဲ့သဖြင့် အစီအစဉ်ပြောင်းလဲသွားခြင်းလည်း ဖြစ်၏။
ခြင်္သေ့နတ်ဘုရား ၊ ဆင်နတ်ဘုရားနှင့် ချွိစုတို့ လာရောက်တိုက်ခိုက်ပြီးနောက် ရန်ကျောက်ကဲက အစီအစဉ်ပြောင်းလိုက်ခြင်းပင်။
အရင်တစ်ခေါက်က ဝူတန့်မယ်တော်က ဟန်ပြလှုပ်ရှားပြီး ရန်ကျောက်ကဲတို့က နတ်ဘုရားထောင်ချောက်ဓားကို သွားရှာခဲ့သည်။
ယခုတစ်ခေါက်မှာတော့ ရန်ကျောက်ကဲတို့က ဟန်ပြလှုပ်ရှားပြီး နတ်ဘုရားသုတ်သင်ဓားကို သွားရောက်ယူဆောင်သူက ဝူတန့်မယ်တော်ပင် ဖြစ်သည်။
“အော်မီတော်ဖော်...”
ပတ္တမြားတံခွန်ဗုဒ္ဓက စကားဆိုလိုက်သည်။
“သိပ်ကို အံ့သြစရာကောင်းပါပေတယ် ၊ ငါတို့ ကြိုတင်ပြင်ဆင်ထားပါလျှက်နဲ့ မင်းတို့က ငါတို့အားလုံးကို လှည့်စားလိုက်နိုင်တယ် ၊ သိပ်ကို အံ့သြစရာကောင်းပါပေတယ်”
ထို့နောက် သူက ရန်ကျောက်ကဲကို ကြည့်ပြီး ခေါင်းရမ်းခါလိုက်သည်။
“ဒါမှမဟုတ် မင်းတို့ရဲ့ ချီထျန်းမဟာသူတော်စင် ရွှေခန္ဓာတွေရဲ့ခြိမ်းခြောက်မှုက တာအိုဝါဒ ကောင်းကင်နတ်ဘုရားတွေထက် အများကြီးသာလွန်နေတာလည်း ဖြစ်နိုင်တယ်”
ဤသည်က အနာဂတ်အလားအလာနှင့် ဖြစ်နိုင်ခြေများကို ပြောခြင်းမဟုတ်ဘဲ ၊ လက်ရှိအချိန်၌ သူတို့၏လွှမ်းမိုးနိုင်စွမ်းနှင့် အရေးပါမှုကို ဆိုလိုခြင်း ဖြစ်သည်။
တကယ်တော့ နတ်ဘုရားသုတ်သင်ဓား(၄)လက်ကို ရှာဖွေရာတွင် ရန်ကျောက်ကဲက ဝူတန့်မယ်တော်ထက် အဆပေါင်းများစွာ ပိုမိုအားထုတ်ခဲ့သည်။
ယခင် နတ်ဘုရားထောင်ချောက်ဓားကို ရှာဖွေစဉ်ကလည်း ရန်ကျောက်ကဲ ပထမဆုံးအချိန် ထုတ်ပြလိုက်သည့် နည်းပညာက အားလုံးကို အံ့အားသင့်စေခဲ့သည်။
ထိုအချက်ကြောင့်ပင် ဝမ်ကွမ်းနှင့် ချွိစုတို့ အတော်လေး ထိခိုက်နစ်နာခဲ့ကြရသည်.
နောက်ပိုင်း သူတို့အားလုံး ထိတ်လန့်စွာနားလည်သွားကြသည်မှာ လမ်းမှန်တာအိုဝါဒက နတ်ဘုရားသုတ်သင်ဓား(၄)လက်ကို ရှာဖွေနေသည့်အပြင် ၊ ထိုဓားများကိုလည်း ရှာတွေ့နိုင်စွမ်းလည်းရှိနေပြီဆိုသောအချက်ပင်။
နတ်ဘုရားသုတ်သင်ဓား(၄)လက်သာ လမ်းမှန်တာအိုဝါဒလက်ထဲရောက်သွားလျှင် နတ်ဘုရားသုတ်သင်အစီအရင်ကို ပြန်လည်ဖန်တီးနိုင်ပေတော့မည်။
အဓိကသော့ချက်က ရန်ကျောက်ကဲပင် ဖြစ်၏။
ထို့ကြောင့် ပြင်ပဗုဒ္ဓဘာသာ၊ ပြင်ပတာအိုဝါဒ၊ အနောက်ဘက်သူတော်စင်ဘုံ၊ နတ်မိစ္ဆာမျိုးနွယ်တို့မှာ အချင်းချင်းတိုက်ခိုက်နေပါလျှက် ရန်ကျောက်ကဲဘက်မှလှုပ်ရှားသည်နှင့် ချက်ချင်းပင် အင်အားအချို့ စေလွှတ်ခဲ့ကြသည်။
ယခုတော့ ရန်ကျောက်ကဲတို့က ထိုအာရုံစိုက်မှုကို ဟန်ပြသရုပ်ဆောင်ပြီး အသုံးချသွားခဲ့သည်။
ပတ္တမြားတံခွန်ဗုဒ္ဓက...
“နတ်ဘုရားသုတ်သင်ဓားကို စွန့်လွှတ်လိုက်ရပေမယ့် မင်းကို ဒီနေရာမှာတွေ့ရတာနဲ့တင် တန်နေပါပြီ”
ရန်ကျောက်ကဲက...
“ပတ္တမြားတံခွန်ဗုဒ္ဓက ချီးကျူးလွန်းနေပါပြီ”
သူက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားမှထိန်းချုပ်ထားသည့် ဧရာမမျောက်ဝံကြီး၏ပခုံးထက်တွင် မတ်တတ်ရပ်ရင်း ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်လိုက်သည်။
ခြင်္သေ့နတ်ဘုရားက အေးစက်စွာဖြင့်...
“ကောင်လေး... မင်းကိုယ်မင်း သိပ်အထင်ကြီးမနေနဲ့ ၊ မင်းကိုဖမ်းပြီးမှ စကားဆက်ပြောမယ်”
စကားဆုံးသွားသည်နှင့် သူ၏ပုံရိပ်က တုန်ခါသွားပြီး ကောင်းကင်ကိုဝါးမျိုတော့မည့် ရက်စက်ကြမ်းတမ်းသော အစိမ်းရောင်ခြင်္သေ့ကြီးအဖြစ် ပြောင်းလဲသွားသည်။
ထို့နောက် ပါးစပ်ကြီးကိုဖြဲလျှက် ကျုံးဝါးသံပြုလုပ်ရင်း ရန်ကျောက်ကဲတို့ရှိရာသို့ ဝင်ရောက်လာသည်။
ယင်ကျောက်က ချွိစုနှင့် မဟာနတ်မိစ္ဆာနှစ်ပါးဘက်သို့လှည့်ကြည့်လိုက်ပြီး...
“ဒီနှစ်တွေအတွင်းမှာ စန်းချင်း(၃)ပါးအဆက်အနွယ်တွေ သိပ်ကိုအင်အားကြီးလာတယ် ၊ ငါတို့ကြားက ရန်ငြိုးတွေကို ခဏဘေးချိတ်ပြီး ဒီကောင်တွေကို အရင်ရှင်းပစ်ရင် မကောင်းဘူးလား”
ဆင်နတ်ဘုရားက...
“ငါတို့လည်း အဲဒီလိုပဲ စဉ်းစားနေတာ...”
ထို့နောက် ဆင်နတ်ဘုရားက ဟိန်းဟောက်အော်ဟစ်လိုက်ပြီး အစွယ်(၆)ချောင်းပါသော ဆင်ဖြူကြီးအဖြစ် ပြောင်းလဲသွားသည်။
သူခြေတစ်ချက်နင်းလိုက်ရုံဖြင့် ဗလာနယ်တစ်ခုလုံး တုန်ခါသွားသည်။
လှံရှည်ကိုင်ထားသော မဟာနတ်မိစ္ဆာကတော့ အလွန်ရုပ်ဆိုးလေသည်။ မျက်လုံးများက ကြွက်မျက်လုံးများပမာဖြစ်ပြီး ဦးခေါင်းက သမင်ခေါင်းဖြစ်သည်။
ရုပ်ဆိုးသည့်တိုင် သူ့ထံမှထွက်ပေါ်နေသည့် ရက်စက်ကြမ်းတမ်းသောရောင်ဝါက လူတိုင်းကို ကြောက်ရွံ့သွားစေနိုင်သည်။
သူက ပတ္တမြားတံခွန်ဗုဒ္ဓကို အေးစက်စွာတစ်ချက်ကြည့်လိုက်ပြီး လှံရှည်ကိုမြှောက်လျှက် ဧရာမမျောက်ဝံကြီး(၃)ယောက်အား ထိုးစိုက်ချလိုက်သည်။
ရန်ကျောက်ကဲက လက်ဖဝါးနှစ်ဖက်ကိုယှက်လိုက်ပြီး ပတ်ဝန်းကျင်မှမီးလျှံများကို မီးတောက်ကြယ်ပွင့်ကြီးများအဖြစ် ပြောင်းလဲကာ ကြောက်မက်ဖွယ်ရာတန်ခိုးစွမ်းအားဖြင့် ရန်သူများဆီသို့ ပစ်လွှတ်လိုက်သည်။
ဤပွဲတွင် ရန်ကျောက်ကဲက ရန်သူမျာကိုဆွဲဆောင်ရန် သူ့ကိုယ်သူ ငါးစာအဖြစ်အသုံးချထားသော်လည်း ကိုယ်တိုင်အသေခံရန်တော့ ရည်ရွယ်ချက်မရှိပေ။
ဝိုင်းဝန်းတိုက်ခိုက်မှုကို ထိုးဖောက်ထွက်ရပေမည်။
ကြီးမားသော မျောက်ဝံကြီး(၃)ကောင်က တပြိုင်တည်း ဟိန်းဟောက်လိုက်ကြပြီး ကောင်းကင်ထက်သို့ ခုန်တက်သွားကြသည်။
ရန်ကျောက်ကဲက ချီထျန်းမဟာသူတော်စင်မှ ထိန်းချုပ်ထားသော ရွှေခန္ဓာကို အကာအကွယ်အဖြစ် အသုံးချပြီး လေထဲသို့ လက်ညှိုးထိုးညွှန်ကာ ထိုက်ချူးနတ်လက်ချောင်းသိုင်းမှ ကနဦးကောင်းကင် အဓိပတိနတ်လက်ချောင်းသိုင်းကို ထုတ်ဖော်လိုက်သည်။
ထိုအခါ မျောက်ဝံကြီးများ ပါးစပ်ကြီးများဟလိုက်ရုံနှင့် ကနဦးကောင်းကင် အဓိပတိစွမ်းအားများ တဟုန်ထိုး ထွက်ပေါ်လာတော့သည်။
ဗလာနယ်(၃)ပိုင်းကွဲသွားပြီး နက်ရှိုင်းချီစွမ်းအား(၃)ခုအဖြစ် ပြောင်းလဲသွားသည်။
ရန်သူများက များလွန်းသည်ဖြစ်ရာ ချီထျန်းမဟာသူတော်စင်၏ရွှေခန္ဓာ(၃)ခု ၊ ရူယိရွှေတုတ်တစ်ချောင်းတည်းဖြင့် အနိုင်ယူနိုင်မည် မဟုတ်ပေ။
သို့သော် “ချီထျန်းမဟာသူတော်စင်” ဆိုလျှင်တော့ အခြေအနေက တစ်မျိုးပြောင်းသွားပေမည်။
အရင်တစ်ခေါက်က ရွှေခန္ဓာ(၃)ခုပေါင်းပြီး “ချီထျန်းမဟာသူတော်စင်” အဖြစ်ပြောင်းလဲကာ လက်ဗလာဖြင့်ပင် အမတခုံရုံးအား ပရမ်းပတာဖြစ်အောင် မွှေနှောက်နိုင်ခဲ့သည် မဟုတ်လား”
ယခု ရူယိရွှေတုတ်လည်းရှိနေပြီဖြစ်ရာ ရန်သူများ မည်မျှများပြားစေကာမူ အားနည်းချက်မရှိ ရင်ဆိုင်နိုင်ပေမည်။
သို့ပေသိ မျောက်ဝံကြီးက နက်ရှိုင်းချီစွမ်းအားများကို ပါးစပ်မှမှုတ်ထုတ်လိုက်သည့်အခါ လှံရှည်ကိုင်ဆောင်ထားသည့် မဟာနတ်မိစ္ဆာကလည်း အလားတူပြုလုပ်လိုက်သည်။
သူ၏ပါးစပ်မှမှုတ်ထုတ်လိုက်သည်နှင့် ရက်စက်ကြမ်းတမ်းသည့် လေမုန်တိုင်းကြီးတစ်ခုက စကြာဝဠာတစ်ခုလုံးအား ဖြတ်သန်းတိုက်ခတ်သွားပြီး နေရာအနှံ အဝါရောင်မြူမှုံများ ဖုံးလွှမ်းသွားသည်။
စကြာဝဠာ ပြိုကျတော့မတတ် ဖြစ်သွားပြီး ဗလာနယ်သည်ပင် တုန်ခါလာသည်။
လှံရှည်ကိုင်ထားသည့်နတ်မိစ္ဆာ၏ပါးစပ်မှ ထွက်ပေါ်လာသောလေထုက မျောက်ဝံကြီးများပါးစပ်မှ မှုတ်ထုတ်လိုက်သည့် နက်ရှိုင်းချီစွမ်းအားများကို တားဆီးထားလိုက်သည်။
ရှေးခေတ်နတ်တောင်ကြီးတစ်တောင်ကို မြေကြီးမှဆွဲထုတ်လိုက်သည့်အလား အဝါရောင်လေမုန်တိုင်းအလယ်တွင် ဧရာမမျောက်ဝံကြီး(၃)ကောင်မှာ ခြေလှမ်းများပျက်သွားပြီး လေမုန်တိုင်းဝှေ့သည့်အတိုင်း လည်ပတ်နေတော့သည်။
လေပြင်းတိုက်ခတ်မှု ပြင်းထန်လွန်းသဖြင့် မျက်လုံးပင် မဖွင့်နိုင်တော့ချေ။
ဗလာနယ်ထဲထိုးသွင်းထားသည့် ရူယိရွှေတုတ်က တည်ငြိမ်နေဆဲဖြစ်သော်လည်း မျောက်ဝံကြီး(၃)ကောင်ကတော့ နေရာတွင် မတ်မတ်ရပ်နိုင်ခြင်း မရှိတော့ပေ။
အဝါရောင်လေမုန်တိုင်းကြီးက နေရာအနှံ့ ဖြတ်သန်းတိုက်ခတ်နေသဖြင့် စကြာဝဠာတစ်ခုလုံး ရှုပ်ထွေးသွားသည်။
အစိမ်းရောင်ခြင်္သေ့ကြီး၏ ပါးစပ်သည်ပင် ရန်သူများကို စုပ်ယူဝါးမျိုရန် ခက်ခဲသွားတော့၏။
သူက အနည်းငယ် မကျေမနပ်ဖြစ်သွားသော်လည်း ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာ(၃)ခု ဒုက္ခရောက်နေသည်ကိုကြည့်ပြီး အေးစက်စွာ ရယ်မောလိုက်သည်။
“ကဲ... အခု မာန်တက်နိုင်သေးလား ကြည့်ရအောင်”
“အဝါရောင်လေမုန်တိုင်း မဟာသူတော်စင်... အဝါရောင်လေမုန်တိုင်း နတ်မိစ္ဆာ...”
မျောက်ဝံကြီး(၃)ကောင်က ပြိုင်တူအော်ဟစ်လိုက်ကြသည်။
အဝါရောင်လေမုန်တိုင်းနတ်မိစ္ဆာက စကားတစ်ခွန်းမှမဆိုပေ။
သူက လှံရှည်ကိုကိုင်လျှက် ပါးစပ်ကိုဟလိုက်ပြီး သမာဓိကောင်းကင်မုန်တိုင်းကို ထပ်မံမှုတ်ထုတ်လိုက်သည်။
သူ၏လေမုန်တိုင်းက သာမန်လေမုန်တိုင်း မဟုတ်ပေ။
သာမန်လေမုန်တိုင်းဆိုပါက ရန်ကျောက်ကဲတို့က စန်းကွမ်းနတ်ရေစင်အသုံးပြုပြီး ဆေးကြောပစ်နိုင်သည်။ သို့သော် ဤလေမုန်တိုင်းက စန်းကွမ်းနတ်ရေစင်ကိုပင် လေနှင့်အတူ လွင့်သွားစေနိုင်သည်။
ပြီးတော့ စန်းကွမ်းနတ်ရေစင်က အစွမ်းထက်သည့်တိုင် ပမာဏက နည်းပါးလွန်းသဖြင့် အဝါရောင်လေမုန်တိုင်း အဆက်မပြတ်တိုက်ခတ်သည်ကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
သို့ဖြစ်ရာ နတ်ရေစင်က မိမိတို့၏မျက်စိကို ကာကွယ်နိုင်လျှင်တောင်မှ ကနဦးကောင်းကင် အဓိပတိစွမ်းအားကိုတော့ အဝါရောင်မုန်တိုင်းက တိုက်ခတ်ယူဆောင်သွားပေလိမ့်မည်။
ဆင်နတ်ဘုရားက ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် ပြုံးလိုက်ပြီး...
“မင်းတို့ကို လာဖမ်းတယ်ဆိုကတည်းက မင်းတို့ကို ဘယ်လိုနှိမ်နင်းရမလဲဆိုတာ ငါတို့မှာနည်းလမ်းရှိလို့ပေါ့ကွာ”
ထို့နောက် သူ၏တင်ပါးဆုံရိုးနောက်ဘက်မှဒဏ်ရာကို လက်ဖြင့်ထိမိရုံဖြင့် ဒေါသချောင်းချောင်းထွက်လာပြီး လှံရှည်ဖြင့် ရှေ့သို့ ထိုးစိုက်ချလိုက်တော့သည်။
ခြင်္သေ့နတ်ဘုရား ၊ ချွိစု ၊ ပတ္တမြားတံခွန်ဗုဒ္ဓနှင့် ယင်ကျောက်တို့ကလည်း တိုက်ပွဲထဲသို့ဝင်ရောက်လာသည်။
ထိုအချိန် အဝါရောင်လေမုန်တိုင်းနတ်မိစ္ဆာက လေပြင်းကိုပြန်လည်ရုတ်သိမ်းလိုက်ပြီး အခြားသူများ ရန်ကျောက်ကဲတို့အပ်စုအား နှိမ်နင်းသည်ကို ဘေးမှလက်ပိုက်ကြည့်နေတော့သည်။
မိစ္ဆာမျောက်ဝံကြီးများက နက်ရှိုင်းချီစွမ်းအားကိုထုတ်ဖော်ပြီး ခန္ဓာကိုယ်တစ်ခုတည်း ပေါင်းစပ်ပြီး “ချီထျန်းမဟာသူတော်စင်” အသွင်ကို ထုတ်ဖော်ရန် ကြိုးစားလိုက်သည်နှင့် အဝါရောင်လေမုန်တိုင်းနတ်မိစ္ဆာက သမာဓိကောင်းကင်မုန်တိုင်းကို ထပ်မံထုတ်ဖော်ပြီး ရန်ကျောက်ကဲတို့၏ အသွင်ပြောင်းမှုကို ဟန့်တားလိုက်ပြန်သည်။
ထို့နောက် ကျန်ရှိသူများက သူတို့အား ဝိုင်းဝန်းတိုက်ခိုက်ကြသည်။
လေမုန်တိုင်းက မျက်စိကန်းစေခြင်းမရှိသဖြင့် ချီထျန်းမဟာသူတော်စင်၏ရွှေခန္ဓာ(၃)ခုမှာ အရင်လိုပင် တန်ခိုးစွမ်းအားမြင့်မားနေဆဲဖြစ်သည်။
ရူယိရွှေတုတ်နှင့် ပေါင်းစပ်လိုက်သည့်အခါ ရန်သူများကို အပြင်းအထန် တိုက်ခိုက်နိုင်သော အနေအထားတွင် ရှိနေသေး၏။
သို့သော် အလွန်တရာ စွမ်းအားကြီးမားသည့် ပိတ်ဆို့တိုက်ခိုက်မှုကိုခံရသည်ဖြစ်ရာ ထိုးဖောက်ထွက်ရန် အခွင့်အရေး မရှိတော့ပေ။