ကွမ်းချန်ထျန်းကျွင်း ဘယ်မှာလဲ
Vol. 111 Ch. 1554
ရန်ကျောက်ကဲတို့အုပ်စု ထျန်းစူးစကြာဝဠာနှင့်ဝေးကွာသွားပြီး အဆုံးမရှိသော ပြင်ပဗလာနယ်သို့ ရောက်ရှိသွားကြသည်။
လမ်းတွင် ဖန်းယွင်ရှန်းက စကားဆိုသည်။
“ကျွန်မ တောက်ရှင်ထျန်းကျွင်းရဲ့ ကျင်းထင်တောင် ၊ ကျောက်စိမ်းရိပ်ငြိမ်အိမ်တော်ကို အရင်သွားရှာကြည့်လိုက်ဦးမယ် ၊ နောက်မှ အားလုံးနဲ့ပြန်ဆုံမယ်”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“သတိထားနော်”
ဖန်းယွင်ရှန်းက သူ့ကိုပြုံးပြလိုက်ပြီး အမှောင်ထုထဲသို့ တိုးဝင်ပျောက်ကွယ်သွားလေသည်။
ကောင်းချင်းရွှမ်က မျက်ခုံးများကို တွန့်ချိုးလိုက်သည်။
“ဒီခံစားချက်က... ကျန်းရွှင်ဟွား ချီစွမ်းအားငါးခုပေါင်းစည်းပြီး ပန်းနှစ်ပွင့်ပေါင်းစည်းခြင်းအဆင့်ကိုရောက်သွားသလိုပဲ ၊ မင်း တကယ်အဆင်ပြေတာ သေချာလား”
ရန်ကျောက်ကဲက...
“စိတ်ချပါ... ဘာမှမဖြစ်လောက်ပါဘူး”
သူက ဆက်ပြောလိုက်သည်။
“ဒါက ယွင်ရှန်းကိုယ်တိုင် သေချာစဉ်းစားပြီး ဆုံးဖြတ်ခဲ့တာပါ ၊ ဒါက သူ့စိတ်ဝိညာဉ်ကို ထိခိက်မှာမဟုတ်ဘူး ၊ ဒါပေမဲ့ သူ့ရဲ့ ကျင့်ကြံခြင်းလမ်းကြောင်းကတော့ နည်းနည်းပြောင်းသွားလိမ့်မယ်”
ကောင်းချင်းရွှမ်က ကျုံ့ထားသောမျက်ခုံးများကို ပြန်လည်ဖြေလျှော့လိုက်သည်။
“တခြားသူဆိုရင် ထိခိုက်နိုင်ပေမယ့်... သူက ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်တဲ့အတွက် ဘာမှမဖြစ်လောက်ပါဘူး”
ပုံမှန်ဆိုလျှင် လူတစ်ယောက်၏ သိုင်းပညာအမြင်နှင့် လမ်းကြောင်းက ဘယ်တော့မှ မပြောင်းလဲတတ်ပေ။ ဤသည်က သူတို့ကျင့်ကြံသည့်သိုင်းပညာနှင့် ဆက်စပ်နေသည်။
သို့သော် တူညီသောသိုင်းပညာကိုကျင့်ကြံသူများသည်ပင် တူညီသည့်ရလဒ်ကို မရရှိကြပေ။
သို့ဖြစ်ရာ ကျင့်ကြံသူတစ်ယောက်အတွက် လမ်းကြောင်းအသစ်တစ်ခုကို လျှောက်လှမ်းရန်မှာ မဖြစ်နိုင်သည်မဟုတ်သော်လည်း ၊ ကံဆိုးပါက လမ်းကြောင်းလွဲချော်သွားတတ်ပြီး ကောင်းကျိုးထက် ဆိုးကျိုးက ပိုများသွားနိုင်သည်။
သို့သော် ဖန်းယွင်ရှန်းကတော့ ထူးခြားသည့်အားသာချက် ရှိနေသည်။
သူမ၏ထူးခြားသောအတွေ့အကြုံကြောင့် ရာဟုကြယ်စင်ထက်ယံအရှင်သခင် “ကျန်းရွှင်ဟွား” ၏ သိုင်းပညာအမြင်ကို စုပ်ယူ၍ လမ်းစဉ်ပြောင်းလဲရန်မှာ အခက်အခဲ မရှိလှပေ။
ထို့ပြင် “အလုံးစုံသုတ်သင်ဖျက်ဆီးခြင်း အသူရာချောက်နက်” ဓားသိုင်းကို ကျင့်ကြံရာတွင်လည်း ထိခိုက်မှုရှိမည် မဟုတ်ပေ။
ကျန်းရွှင်ဟွား၏ သိုင်းပညာဉာဏ်အမြင်က “အလုံးစုံသုတ်သင်ဖျက်ဆီးခြင်း အသူရာချောက်နက်” ပညာရပ်နှင့် မဆန့်ကျင်ချေ။
သူမ၏သိုင်းပညာအမြင်နှင့် ထိုပညာရပ်က အလွန်ပင် လိုက်ဖက်ညီလှသည်။
မဟုတ်ပါက ကျန်းရွှင်ဟွားအနေဖြင့် တစ်လောကလုံးကို အံ့အားသင့်စေမည် အစီအစဉ်များကို ပြုလုပ်ခဲ့မည် မဟုတ်ပေ။
ဖန်းယွင်ရှန်းက ထိုလမ်းကြောင်းဆီသို့ တစ်ခါမှ ဦးတည်ခဲ့ခြင်း မရှိပေ။ သို့သော် ကျန်းရွှင်ဟွား နောက်ကွယ်တွင် ပြဿနာတစ်ခုခု ချန်ထားမည်ကို သူမက စိုးရိမ်ခြင်း မရှိပေ။
အကြောင်းမှာ နှစ်ပေါင်းများစွာကြာပြီးသည့်နောက် ဖန်းယွင်ရှန်းက သူမ၏ရုပ်ခန္ဓာကို အပြည့်အဝ ထိန်းချုပ်နိုင်နေပြီ ဖြစ်သည်။
ယနေ့ထိတိုင် သူမက ဖန်းယွင်ရှန်းသာ ဖြစ်နေဆဲဖြစ်ပြီး ကျန်းရွှင်ဟွား ဖြစ်မလာခဲ့ပေ။ သူမ၏ပုံစံသည်လည်း ကျန်းရွှင်ဟွားနှင့် အလွန်ပင် ကွဲပြားနေဆဲ ဖြစ်၏။
သို့ရာတွင် လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင် ဖန်းယွင်ရှန်း တံခါးပိတ်ကျင့်ကြံနေခဲ့ပြီး သိုင်းပညာအမြင်က လုံးဝ အသွင်ပြောင်းသွားကာ ကျန်းရွှင်ဟွား၏လမ်းကြောင်းအသစ်ဆီသို့ ဦးတည်နေခဲ့သည်။
သူမ၏တန်ခိုးစွမ်းအားအခြေအနေ အသွင်ပြောင်းသွားမည်လားဆိုသည်ကတော့ အချိန်ကသာ သက်သေပြနိုင်ပေမည်။
ဖန်းယွင်ရှန်း၏ ဆုံးဖြတ်ချက်ခိုင်မာမှုကို ပြန်တွေးမိတော့ ရန်ကျောက်ကဲ သက်ပြင်းတိုးတိတ်သာ ချမိလိုက်သည်။
ရွှီဖေးက သူ့ပခုံးကို အသာပုတ်ရင်း နှစ်သိမ့်လိုက်၏။
ရန်ကျောက်ကဲက မည်သည့်စကားမှမဆိုဘဲ နားလည်ဟန်ဖြင့်သာ ခေါင်းညိတ်လိုက်ပြီး ၊ သူတို့အုပ်စု အဝေးတစ်နေရာ ပြင်ပဗလာနယ်ဆီသို့ ခရီးဆက်ခဲ့ကြသည်။
ယခင်က နတ်ဘုရားထောင်ချောက်ဓားကို ရှာဖွေစဉ်ကလိုပင် ယခု ခရီးစဉ်သည်လည်း အလွန်ဝေးကွာလွန်းလှသည်။
သို့သော် ပိုပြီးဝေးဝေးရောက်လာလေ သူတို့မျက်နှာများက တည်ကြည်လေးနက်လာလေပင်။
ယခုဆိုလျှင် သူတို့၏ကျင့်ကြံခြင်းအဆင့်က အလွန်မြင့်မားနေပြီဖြစ်ရာ ပြင်ပဗလာနယ်၏ အပြောင်းအလဲများကို ထက်ရှသည့်စိတ်အာရုံဖြင့် သိမြင်နိုင်နေပေပြီ။
အင်းစက္ကူနှင့် နတ်ဘုရားထောင်ချောက်ဓား၏ လမ်းညွှန်မှုနောက်သို့လိုက်ရင်း ရန်ကျောက်ကဲတို့အုပ်စု ငရဲကိုးထပ်နယ်နိမိတ်နားသို့ ရောက်ရှိလိုက်ကြောင်း အာရုံခံလိုက်မိကြသည်။
ရန်ကျောက်ကဲက...
“ဗလာနယ်ထဲမှာ ဦးတည်ရာအတိအကျမရှိပေမယ့် ငရဲကိုးထပ်ကတော့ ဒီစကြာဝဠာထဲကို ကျူးကျော်လာနိုင်တာ အမှန်ပဲ”
သူက မရေရာဟန်ဖြင့်...
“ဒါပေမဲ့ ကျွန်တော်တို့ သိထားတဲ့ အေးစိမ့်စမ်းချောင်းနယ်မြေအားလုံးက ဒီနေရာနဲ့ အတော်လေးဝေးတယ် မဟုတ်ဘူးလား”
ကောင်းချင်းရွှမ်က ခဏမျှ စဉ်းစားလိုက်ပြီး...
“ကောင်းကင်နတ်ဘုရားအဆင့် နတ်ဆိုးသခင်တစ်ပါးဆိုရင်တော့... ဟင်းလင်းပြင်ကို နတ်ဆိုးနယ်မြေအဖြစ် ပြောင်းလဲပစ်နိုင်စွမ်း ရှိလိမ့်မယ် ၊ ဒါပေမဲ့ ငရဲကိုးထပ်နဲ့ချိတ်ဆက်မထားရင်တော့ ဒီနတ်ဆိုးနယ်မြေက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အေးစိမ့်စမ်းချောင်းနယ်မြေအဖြစ် ယိုယွင်းသွားလိမ့်မယ် ၊ နောက်ဆုံး ဗလာနယ်ပဲ ပြန်ဖြစ်သွားမှာပေါ့ ၊ ဒါပေမဲ့ ကြမ်းတမ်းတဲ့ ဖုန်းဆိုးဗလာနယ်ဖြစ်နေလိမ့်မယ်”
ရန်ကျောက်ကဲ မျက်လုံးများကို မှေးစင်းလိုက်သည်။
“ဒါပေမဲ့ ဒီနေရာမှာ မဟာနတ်ဆိုးတစ်ပါးရဲ့ရုပ်အလောင်းကိုမြှုပ်နှံထားမယ်ဆိုရင်တော့ အေးစိမ့်စမ်းချောင်းနယ်မြေကို အချိန်အကြာကြီး ထိန်းထားနိုင်မှာပဲ မဟုတ်လား”
ရွှီဖေးက မျက်မှောင်ကျုံ့ရင်း...
“နတ်ဆိုးနယ်မြေတစ်ခု ဖြစ်ပေါ်လာရင်တော့ ငါတို့ဘက်က ကောင်းကင်နတ်ဘုရားတွေ ထိုက်ရွှီးမူလနတ်ဘုရားတွ သတိပြုမိမှာပဲလေ”
ရန်ကျောက်ကဲက...
“အပုန်းတော်တဲ့ မဟာနတ်ဆိုးဆိုရင်တော့ သူ သေဆုံးသွားရင်တောင် သူ့ရဲ့စွမ်းအားရောင်ဝါက ထွက်ပေါ်လာမှာ မဟုတ်ဘူး ၊ ဒါကြောင့် သတိထားမိဖို့ ခက်လိမ့်မယ်”
သူက ဆက်ပြောလိုက်သည်။
“ကောင်းကင်နတ်ဘုရားတစ်ပါး ဘေးကဖြတ်သွားရင်တောင် ရိပ်မိမှာမဟုတ်ဘူး ၊ အရမ်းနီးနီးကပ်ကပ်ကို ရောက်လာမှ တစ်ခုခုမူမမှန်ဘူးဆိုတာ သတိပြုမိရုံလောက်ပဲရှိမှာ”
ယခု ရန်ကျောက်ကဲတို့အုပ်စုက ဤကိစ္စကို အဝေးမှပင်သတိထားမိခြင်းမှာ နတ်ဘုရားထောင်ချောက်ဓားနှင့်ပေါင်းစပ်ပြီး အသုံးပြုခဲ့သော လျှို့ဝှက်ပညာရပ်ကြောင့် ဖြစ်သည်။
အဓိပ္ပါယ်ကတော့ ထိုနတ်ဆိုးနယ်မြေထဲတွင် နတ်ဘုရားသုတ်သင်ဓား သို့မဟုတ် ကွမ်းချန်ထျန်းကျွင်းနှင့်ပတ်သက်သော သဲလွန်စများ ရှိနေသောကြောင့် ဖြစ်၏။
ရွှီဖေးက...
“မဟာကပ်ဘေးကြီးမတိုင်ခင်က ဒီနားတဝိုက်မှာ ကွမ်းချန်ထျန်းကျွင်းနဲ့ ငရဲကိုးထပ်က မဟာနတ်ဆိုးတစ်ပါး တိုက်ခိုက်ခဲ့ဖူးတယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့”
အားလုံး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး မျက်ခုံးများ တွန့်ချိုးလိုက်ကြသည်။ ယခုဆိုလျှင် ငရဲကိုးထပ်နှင့်ပတ်သက်ပါက သူတို့အားလုံး ထိရှလွယ်နေကြပေပြီ။
ရန်ကျောက်ကဲက တည်ကြည်လေးနက်သည့် မျက်နှာထားဖြင့်...
“စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ် ကွဲကြေသွားပြီး ကွမ်းချန်ထျန်းကျွင်းလည်း ရာစုနှစ်ပေါင်းများစွာ ပျောက်ကွယ်သွားခဲ့တယ် ၊ ဒီကိစ္စက ကောင်းတဲ့အနေအထားတော့ မဟုတ်နိုင်ဘူး”
သူက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့... ကွမ်းချန်ထျန်းကျွင်း တကယ်ပဲ ကံဆိုးမိုးမှောင်ကျသွားတယ်ဆိုရင် နတ်ဘုရားသုတ်သင်ဓားက ဘယ်ကိုရောက်သွားနိုင်မလဲ”
ကောင်းချင်းရွှမ်က လက်ထဲရှိ နတ်ဘုရားထောင်ချောက်ဓားကို တစ်ချက်ကြည့်လိုက်ပြီး...
“ငါတို့ သတိကြီးကြီးထားရမယ် ၊ ဒါပေမဲ့ ရှေ့တော့ဆက်သွားရမှာပဲ”
ရန်ကျောက်ကဲနှင့် ရွှီဖေး ခေါင်းညိတ်လိုက်ကြပြီး သူတို့အုပ်စု ဆက်လက်ခရီးနှင်ခဲ့ကြသည်။
ခဏအကြာမှာတော့ သူတို့အားလုံးစိတ်ထဲ တုန်ခါသွားကြသဖြင့် ချက်ချင်းပင် ခြေလှမ်းများရပ်တန့်ကာ ပတ်ဝန်းကျင်ကို အာရုံစူးစိုက် အကဲခတ်လိုက်ကြ၏။
ရန်ကျောက်ကဲက ကောင်းချင်းရွှမ်ကို ခေါင်းညိတ်ပြလိုက်ရာ ကောင်းချင်းရွှမ်က နတ်ဘုရားထောင်ချောက်ဓားဖြင့် ရှေ့သို့ခုတ်ပိုင်းချလိုက်သည်။
သွေးနီရောင်အလင်းတန်းများက နေရာအနှံ ထွက်ပေါ်လာပြီး ချက်ချင်းပင် ဗလာနယ်ထဲတွင် အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာသည်။
ထိုအက်ကွဲကြောင်းအတွင်းမှ အနက်ရောင်မြူခိုးများ ယိုစိမ့်ထွက်လာလေသည်။
ထိုအနက်ရောင်အခိုးအငွေ့များက ရှုပ်ထွေးစေးကပ်နေသလိုရှိသော်လည်း အလေးချိန်မရှိသည့်ပမာ ပေါ့ပါးလှ၏။
သွေးနီရောင်အလင်းတန်းများက နေရာပေါင်းစွာသို့ ခုတ်ပိုင်းချလိုက်ရာ အက်ကွဲကြောင်းများစွာ ထွက်ပေါ်လာပြီး အနက်ရောင်မြူခိုးများ အလွှာလိုက် ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးအား ဖြည်းဖြည်းချင်း ဖုံးလွှမ်းသွားသည်။
ရန်ကျောက်ကဲတို့အုပ်စုက တည်ငြိမ်စွာပင် ရှေ့ဆက်သွားကြသည်။
ကောင်းချင်းရွှမ်ကက...
“ဟိုတစ်ခေါက်တုန်းကလိုပဲ ငါ အပြင်က ကာကွယ်ပေးမယ် ၊ မင်းတို့အ ထဲဝင်လိုက်ကြ”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း
“ကျေးဇူးတင်ပါတယ် အကြီးအကဲ’ကောင်း’...”
ထို့နောက် ရှေ့သို့ခြေလှမ်းလိုက်သည်နှင့် ရန်ကျောက်ကဲမှာ ငရဲကိုးထပ်သို့ ဝင်ရောက်လိုက်ရသည့်ပမာ ခံစားလိုက်မိ၏။
ကြောက်မက်ဖွယ်ရာ အော်သံတစ်သံထွက်ပေါ်လာပြီး လူတစ်ယောက်၏ဝိညာဉ်ကို ဆွဲခေါ်သွားမည့်ပမာ ခံစားလိုက်ရသည်။
ထို့နောက် သူတို့မျက်စိရှေ့တွင် အနက်ရောင်မြူခိုးများဖုံးလွှမ်းနေပြီး သွေးနီရောင်လျှပ်စီးကြောင်းများ တဖျပ်ဖျပ်တောက်ပနေသည့် နယ်မြေတစ်ခုအား တွေ့လိုက်ရသည်။
ရန်ကျောက်ကဲ၊ ရွှီဖေး၊ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် ပန်ပန်တို့ အားလုံး ထိုနယ်မြေအတွင်း ဝင်ရောက်သွားကြ၏။
ဤနေရာက အလွန်တရာကြီးမားလှသော သီးခြားကမ္ဘာတစ်ခု ဖြစ်လေသည်။
ခဏအကြာမှာတော့ ရန်ကျောက်ကဲမျက်ဝန်းများ လက်ခနဲတောက်ပသွားပြီး သူ၏အမြင်အာရုံက အနက်ရောင်မြူခိုးများကိုဖြတ်ကျော်ကာ အောက်ဘက်ရှိလွင်ပြင်ထက်သို့ ကျရောက်သွားသည်။
အဆုံးမရှိကျယ်ပြန့်သောလွင်ပြင်ထက်တွင် မိုင်ပေါင်းထောင်ချီသွယ်တန်းနေသည့် တောင်တန်းကြီးတစ်ခု ရှိနေသည်။
သို့သော် ထိုတောင်တန်းကြီးက မြေသားတောင်တန်းကြီးမဟုတ်ပေ။ ကြောက်မက်ဖွယ်ရာ အဖြူရောင်အရိုးစုကြီးသာလျှင် ဖြစ်၏။
အရိုးစုကြီးက လွင်ပြင်ထက်တွင် လှိုင်းထနေသည့်ပမာ မြင့်တက်နေပြီး အဆုံးအစကို မသိမြင်နိုင်ပေ။ အရိုးများက အလွန်ကြီးမားသည်ဖြစ်ရာ အရွယ်အစားကို တိုင်းတာရန် မဖြစ်နိုင်သလောက်ပင်။
ဧရာမအရိုးစုကြီးအလယ်တွင် ကြီးမားသောအက်ကွဲကြောင်းကြီးတစ်ခု ရှိနေသည်။ ကြီးမားသောတောင်တန်းကြီးကို တစ်စုံတစ်ယောက်က ဓားနှင့်ခုတ်ပိုင်းထားသည့်ပမာ ဖြစ်၏။
ရွှီဖေးက မယုံနိုင်စရာမြင်ကွင်းကိုကြည့်ရင်း...
“ကြည့်ရတာ ဧရာမမြွေကြီးတစ်ကောင်ရဲ့အလောင်းပဲ”
“နတ်မိစ္ဆာတစ်ကောင် အမှာင်ထဲကျပြီး နတ်ဆိုးဖြစ်သွားတာလား... ဒါပေမဲ့ ငရဲကိုးထပ်နတ်ဆိုးတွေ သေဆုံးသွားရင် အလောင်းမကျန်ခဲ့ဘူးလေ ၊ ပြီးတော့ သူ့ကိုသတ်ခဲ့တဲ့ဓားက...”
ရန်ကျောက်ကဲက ခဏမျှလေ့လာလိုက်ရင်း...
“ဟုတ်တယ်... သူ့ကိုသတ်ခဲ့တာ နတ်ဘုရားသုတ်သင်ဓားပဲ ၊ နတ်ဆိုးတွေရဲ့စွမ်းအားကို ကျော်လွန်နိုင်တဲ့ ဓားရဲ့စွမ်းရည်ကြောင့် မြွေနတ်မိစ္ဆာပုံစံအလောင်းကြီး ကျန်ရစ်ခဲ့တာပဲ ၊ သူ့အနေနဲ့ ငရဲကိုးထပ်မှာပြန်မွေးဖွားဖို့တောင် မျှော်လင့်ချက် မရှိနိုင်တော့ဘူး”
သူက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရင်း...
“ဒါပေမဲ့ ကွမ်းချန်ထျန်းကျွင်းကရော ဘယ်မှာလဲ ၊ သဲလွန်စက ဒီနေရာကိုပြထားတယ်ဆိုတော့... ဒီအလောင်းနဲ့တင် ပြီးမသွားလောက်ဘူး”