← Chapters

အတိတ်ကသံယောဇဉ်ကို ဖြတ်တောက်လိုက်ပြီ

Vol. 111 Ch. 1555

အတိတ်ကသံယောဇဉ်ကို ဖြတ်တောက်လိုက်ပြီ

Vol. 111 Ch. 1555

ရန်‌ကျောက်ကဲက ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်လိုက်ပြီး နောက်ဆုံး အဝေးရှိ တောင်တန်းတစ်နေရာဆီသို့ အကြည့်ရောက်သွားသည်။

“တောင်တန်းရဲ့ အဆုံးသတ်၊ မြွေဦးခေါင်းရှိတဲ့ နေရာကို သွားကြည့်ရအောင် ၊ အဲဒီမှာ တစ်ခုခုတွေ့နိုင်မလားပဲ...”

စကားဆုံးသည်နှင့် သူက ချက်ချင်းပင် လှည့်ထွက်သွားလေရာ ရွှီဖေးလည်း နောက်မှလိုက်လာခဲ့သည်။

နတ်ဆိုးနယ်မြေမှာ နတ်ဘုရားသုတ်သင်ဓားဖြင့် ဖွင့်လှစ်ခံလိုက်ရသည့်အတွက် အတွင်းမှမိစ္ဆာစွမ်းအားများ အပြင်ဘက်သို့ ယိုစိမ့်ထွက်သွားလေသည်။

ထို့ကြောင့် ဤနယ်မြေအတွင်းမှ မိစ္ဆာစွမ်းအားများ တဖြည်းဖြည်း အားပျော့သွားသည်။

ရန်ကျောက်ကဲတို့အတွက် အချိန်နှင့်အမျှ အရေးကြီးနေလေသည်။

ဤနေရာမှ မိစ္ဆာစွမ်းအားများ အပြင်သို့ယိုစိမ့်ထွက်သွားသည်နှင့် အခြားသူများသည်လည်း ဤနေရာကို သတိထားမိလာပေမည်။

ကောင်းကင်နတ်ဘုရား သို့မဟုတ် ထိုက်ရွှီးမူလနတ်ဘုရားများဆိုလျှင် အဝေးကပင် မိစ္ဆာစွမ်းအားများကို အာရုံခံမိကြပေလိမ့်မည်။

“ဟိုမှာ…”

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ညာဘက်ပခုံးထက်တွင် ရွှေရောင်အလင်းတန်းများ လက်ခနဲ တောက်ပသွားပြီး သူ၏မျက်ဝန်းများမှာလည်း မီးလောင်ကျွမ်းနေသည့် နေနှစ်စင်းပမာ ပြောင်းလဲသွားသည်။

ရွှေရောင်အလင်းတန်းများအောက်တွင် သွေးနီရောင်လျှပ်စီးများ ငြိမ်သက်သွားပြီး အနက်ရောင်မြူခိုးများလည်း ပျောက်ကွယ်သွားသည်။

အဝေးမှလှမ်းကြည့်လိုက်လျှင် မြွေမိစ္ဆာ၏ ဧရာမဦးခေါင်းခွံကြီးက လရောင်ပမာ တောက်ပလို့နေသည်။ အလွန်တရာကြီးမားသဖြင့် တောင်ထွတ်တစ်ခုနှင့်လည်း ဆင်တူလှသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ခေါင်းငုံ့လိုက်ရာ ညာဘက်ပခုံးရှိတက်တူးမှ ရွှေရောင်အလင်းတန်းများထွက်ပေါ်လာပြီး ကောင်းကင်ယံသို့ တဟုတ်ထိုးမြင့်တက်သွားကာ ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာ ထွက်ပေါ်လာသည်။

ထို့နောက် ဧရာမ ရွှေရောင်မျောက်ဝံကြီးက ရှေ့သို့လှမ်းလိုက်ပြီး မြွေဦးခေါင်းခွံ၏ အပေါ်မေးရိုးနှင့် အောက်မေးရိုးကို ဆုပ်ကိုင်လိုက်သည်။

သူက အားကုန်သုံးပြီး လက်နှစ်ဖက်ဖြင့် မြွေမိစ္ဆာ၏ ဧရာမပါးစပ်ကြီးကို ဆွဲဖွင့်လိုက်သည်။

ပါးစပ်ထဲမှ သွေးကြောမျှင်များနှင့်ရောယှက်နေသည့် ထူထပ်သော အနက်ရောင်မြူခိုးလှိုင်းလုံးကြီးတစ်ခု တဟုန်ထိုး ပန်းထွက်လာသည်။

နှစ်ထောင်ပေါင်းများစွာ စုစည်းထားသော မိစ္ဆာမြူခိုးများနှင့် ရင်ဆိုင်ရသည့်အခါ ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာပင် မျက်လုံးများပြာဝေကာ ခေါင်းမူးသွားရသည်။

မျောက်မင်းက ခေါင်းတစ်ချက်ခါရမ်းလိုက်ရာ ခန္ဓာကိုယ်‌ပေါ်မှ ရွှေရောင်အလင်းတန်းများထွက်ပေါ်လာပြီး အမွှေးအမျှင်များ ထောင်မတ်လာကာ မိစ္ဆာစွမ်းအား အညစ်အကြေးများကို ရှင်းထုတ်လိုက်သည်။

ရန်ကျောက်ကဲ မြွေပါးစပ်အတွင်းသို့ကြည့်လိုက်သော နက်မှောင်သော အမှောင်ထုကိုသာ မြင်ရသည်။

“သွားစမ်း...”

ခဏမျှလေ့လာပြီးနောက် ရန်ကျောက်ကဲက အင်းစက္ကူတစ်ရွက်ကို မြွေပါးစပ်ထဲသို့ ပစ်ချလိုက်သည်။ ထိုအင်းစက္ကူက နတ်ဘုရားထောင်ချောက်ဓားမှ ခွာယူလာသော အင်းစက္ကူ ဖြစ်လေသည်။

အင်းစက္ကူထက်တွင် အစိမ်းရောင်မီးလျှံတစ်ခု လောင်ကျွမ်းထွက်ပေါ်လာပြီး အမှောင်ထုသမုဒ္ဒရာတည်း တစ်ယောက်တည်းကူးခတ်နေသူပမာ မြွေပါးစပ်ထဲတွင် ဦးတည်ရာမဲ့ လွင့်မျောသွားသည်။

ခဏကြာပြီးနောက်...

အစိမ်းရောင်မီးတောက်က ထပ်မံလွင့်မျောမနေတော့ဘဲ ရပ်တန့်သွားသည်။

မီးတောက်များကပတ်ဝန်းကျင်သို့ပြန့်သွားပြီး အမှောင်ထုတစ်ခုလုံး အစိမ်းရောင်အလင်းတန်းများ လွှမ်းခြုံသွားသည်။ ထို့နောက် အင်းစက္ကတင်မဟုတ် ပတ်ဝန်းကျင်တစ်ခုလုံး မီးလောင်ကျွမ်းသွားတော့၏။

“တက်လာခဲ့...”

ရန်ကျောက်ကဲက လက်တစ်ဖက်ဝှေ့ရမ်းလိုက်ရာ ပတ်ဝန်းကျင်သို့ပျံ့နှံ့သွားသည့် အစိမ်းရောင်မီးတောက်များ ပြန်လည်ကျုံ့ဝင်သွားသည်။

အစိမ်းရောင်မီးတောက်များဖြင့် လွှမ်းခြုံခံထားရသောအရာအကို တွေ့မြင်သည်နှင့် ရန်ကျောက်ကဲနှင့်ရွှီဖေးတို့ သက်ပြင်းတိုးတိတ်ချလိုက်မိကြသည်။

ထိုအရာက...

တံတောင်ဆစ်မှ ပြတ်တောက်နေသော ဘယ်ဘက်လက်တစ်ဖက် ဖြစ်လေသည်။

ရန်ကျောက်ကဲက သက်ပြင်းချရင်း...

“ကွမ်းချန်ထျန်းကျွင်းရဲ့ ဘယ်ဘက်လက်ပဲ”

ရွှီဖေးက တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။

“တိုက်ပွဲမှာ ကွမ်းချန်ထျန်းကျွင်းက ဒီမဟာနတ်ဆိုးလက်ချက်နဲ့ ဒဏ်ရာရသွားတာပဲ ၊ နတ်ဆိုးကတော့ ကွမ်းချန်ထျန်းကျွင်းရဲ့ နတ်ဘုရားသုတ်သင်ဓားနဲ့ သတ်ဖြတ်ခံလိုက်ရတာ”

လက်ပြတ်ကြီးတစ်ခုလုံးက မည်းနက်နေလေသည်။

အစိမ်းရောင်မီးတောက်များက လောင်ကျွမ်းသန့်စင်လိုက်တော့မှ တဖြည်းဖြည်း အပေါ်ယံအနက်ရောင်များ ပျောက်ကွယ်သွားပြီး တောက်ပသောအလင်းတန်းများ ထွက်ပေါ်လာသည်။

ရန်ကျောက်ကဲက...

“နှစ်ယောက်လုံးက ကောင်းကင်နတ်ဘုရားတွေပဲ ၊ ဒါပေမဲ့ ဒီမဟာနတ်ဆိုးက သေဆုံးသွားပြီဆိုတော့ ဒီလက်ပြတ်ကြီးကို ပြန်မသန့်စင်နိုင်တော့ဘူး”

သူက ခေါင်းခါရမ်းလိုက်ရင်း...

“ကောင်းကင်နတ်ဘုရားရုပ်ခန္ဓာဆိုတာ ထာဝရတည်တံ့တဲ့အရာပဲ ၊ ဒီလောက်နှစ်တွေကြာတာတောင် လက်က အကောင်းအတိုင်းရှိနေသေးတယ်”

ရွှီဖေးက မျက်မှောင်ကျုံ့ရင်း...

“ငရဲကိုးထပ်က ဒီအလောင်းကို ရှာမတွေ့ဘူးလား ၊ ဒီလောက်နှစ်တွေကြာတာတောင် သူတို့ဘက်က ဘယ်သူမှလာမရှာကြဘူးလား”

ထိုစကားကြားတော့ ရန်ကျောက်ကဲမျက်ဝန်းများ လက်ကနဲတောက်ပသွားသည်။

သူက နက်ရှိုင်းသည့်အသံဖြင့်...

“မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုးနဲ့ မူလစိတ်ဝိညာဉ်နတ်ဆိုးကတော့ အာရုံခံမိကြမှာပဲ ၊ သူတို့ဘက်က ဒီနေရာမှာ အထူးအစီအမံတစ်ခု လုပ်ထားမယ်ဆိုရင်... အခု ငါတို့ဘက်ကလှုပ်ရှားပြီဆိုတာနဲ့ သူတို့ဘက်က ချက်ချင်းသိသွားနိုင်တယ်”

ရန်ကျောက်ကဲက သက်ပြင်းရှည်တစ်ချက် မှုတ်ထုတ်လိုက်သည်။

“အခု သူတို့ဘက်က လှုပ်ရှားမလာသေးဘူးဆိုတော့... ငရဲကိုးထပ်က ဘာအစီအမံမှလုပ်မထားလို့လား ၊ တခြားအကြောင်းတစ်ခုခုကြောင့် မလှုပ်ရှားသေးတာလား ၊ ဒါမှမဟုတ် ဒီအစီအမံက ငါတို့ကို ပစ်မှတ်ထားတာ မဟုတ်လို့များလား”

သူက ဆက်ပြောလိုက်သည်။

“ဒီနေရာမှာ ကြာကြာနေလေ အန္တရယ်များလေပဲ ၊ အရင်ဆုံး ဒီနေရာက ထွက်သွားရအောင် ၊ ကွမ်းချန်ထျန်းကျွင်းရဲ့ နတ်ဘုရားသုတ်သင်ဓားလည်း ဒီမှာမရှိဘူးဆိုတော့ ငါတို့ ဆက်နေစရာအကြောင်းမရှိတော့ဘူး”

ရွှီဖေး ခေါင်းညိတ်လိုက်သည်။

“အမှန်ပဲ...”

သူတို့အားလုံး နတ်ဆိုးနယ်မြေအပြင်ဘက်သို့ ပျံသန်းထွက်ခွာသွားကြပြီး ဧရာမမြွေအလောင်းကောင်ကြီးသည်လည်း သူတို့နောက်ကျောတွင် ဝေးကွာကျန်ရစ်ခဲ့သည်။

လမ်းတစ်ဝက်အရောက်မှာတော့ ရန်ကျောက်ကဲနှင့် ရွှီဖေးတို့၏စိတ်ဝိညာဉ်များ တုန်ခါသွားရသည်။

“ရန်သူတွေရောက်လာပြီ ၊ အကြီးအကဲ’ကောင်း’ နဲ့ တိုက်ခိုက်နေကြတယ်”

သူတို့စိတ်ထဲ ထိုသို့တွေးမိသည့်တစ်ဒင်္ဂမှာပင် နတ်ဆိုးနယ်မြေအပြင်ဘက်မှ သွေးနီရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး နတ်ဆိုးနယ်မြေ၏ နယ်နိမိတ်တစ်ခုလုံး တုန်ခါသွားသည်။

ထို့နောက် နတ်ဆိုးမြွေအလောင်းကြီးဖြင့် ဖွဲ့စည်းထားသော နတ်ဆိုးနယ်မြေတွင် အလွန်ကြီးမားသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်သွားသည်။

နတ်ဘုရားထောင်ချောက်ဓားကို ကိုင်ဆောင်ထားသော ကောင်းချင်းရွှမ်က သွေးနီရောင်အလင်းတန်းအဖြစ်ပြောင်းလဲကာ ရန်ကျောက်ကဲနှင့် ရွှီဖေးတို့အနားသို့ ရောက်ရှိလာသည်။

သူမနောက်ရှိ ဗလာနယ်ထဲတွင် မိစ္ဆာစွမ်းအားများ တဟုန်ထိုးမြင့်တက်နေပြီး ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအားမြင့်မားသူနှစ်ယောက် ဤနေရာသို့ ဆင်းသက်လာတော့၏။

ဗလာနယ်ကိုလွှမ်းခြုံထားသော မိစ္ဆာလေပြင်းများထဲတွင် အဖြူရောင်ကြာပန်းတစ်ပွင့် ထွက်ပေါ်လာသည်ကို တွေ့လိုက်ရ၏။

အဖြူရောင်ကြာပန်းထက်တွင် အစိမ်းရောင်မီးအိမ်တစလုံး လင်းလက်နေပြီး ကြောက်မက်ဖွယ်ရာ ဓားဝိညာဉ်က ဖြာလင်းထွက်ပေါ်နေသည်။

ရန်ကျောက်ကဲ ချက်ချင်းသဘောပေါက်သွားသည်။

“လမ်းခြောက်သွယ်ဓားသခင်... ချွိစု…”

ရွှီဖေးက ပန်ပန်၏ခေါင်းကို အသာပုတ်လိုက်သည်။

ထို့နောက် ရွှီဖေးနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားတို့၏ ညာဘက်ပခုံးထက်မှ တက်တူးက ရွှေရောင်အလင်းတန်းများ တဟုန်ထိုးထွက်ပေါ်လာပြီး ဧရာမ မျောက်ဝံကြီးနှစ်ကောင် ထွက်ပေါ်လာသည်။

ပန်ပန်ကလည်း ပျင်းရိပျင်းတွဲပုံစံကို လုံးဝဖယ်ရှားလိုက်ကာ ရက်စက်ကြမ်းကြုတ်သည့်အသွင်ဖြင့် ဟိန်းဟောက်လိုက်ရင်း ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာတစ်ခု ထပ်မံပေါ်ထွန်းလာသည်။

ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာ(၃)ခု မားမားမတ်မတ်ရပ်တည်နေပြီး သူတို့၏ ကြီးမားသောတန်ခိုးစွမ်းအားက မိစ္ဆာလေပြင်းနှစ်ခုထက် နိမ့်ကျခြင်း မရှိပေ။

ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာများမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်နှင့် အဖြူရောင်ကြာပန်းထက်ရှိ ချွိစု၏ပုံသဏ္ဌန်သည်လည်း ပိုမိုရှင်းလင်းလာကာ နတ်ဆိုးလေပြင်းနှစ်ခုသည်လည်း အသွင်ထင်ရှားလာသည်။

အစိမ်းရောင်တိမ်တိုက်နှင့် အဝါရောင်တိမ်တိုက်ထက်တွင် အရပ်မြင့်မြင့် ပုံရိပ်နှစ်ခု မတ်တတ်ရပ်နေသည်။ သူတို့ခန္ဓာကိုယ်များအား မိစ္ဆာချီများက ရစ်ပတ်လျှက်ရှိသည်။

ဘယ်ဘက်ရှိ အစိမ်းရောင်တိမ်တိုက်ထက်တွင် သားမျက်နှာရှိသော လူထွားကြီးတစ်ယောက် မတ်တတ်ရပ်နေ၏။

သူ၏မျက်နှာက အစိမ်းရောင်လည်ဆံမွှေးများဖြင့် ခြင်္သေ့အသွင်ရှိပြီး ခန္ဓာကိုယ်က တောင့်တင်းထွားကျိုင်းလှသည်။ သူ့ထံတွင် တောဘုရင် ခြင်္သေ့မင်းတို့၏ဂုဏ်သိက္ခာအပြည့် ထင်ဟပ်နေပေသည်။

ညာဘက်ရှိ အဝါရောင်တိမ်တိုက်ထက်မှာတော့ ပိုမိုထွားကျိုင်းသူတစ်ယောက် မတ်တတ်ရပ်နေသည်။ သူ၏ဦးခေါင်းက ဆင်ဦးခေါင်းကြီး ဖြစ်၏။

ရှည်လျားသန်မာသော ဆင်နှာမောင်းကြီးက တစ်ဝက်ခန့်ကွေးညွှတ်နေပြီး သူ၏ပါးစပ်ထဲမှ အဝါရောင်ဆင်စွယ်(၆)ချောင်း ထိုးဖောက်ထွက်လျှက်ရှိသည်။

ထိုမဟာနတ်မိစ္ဆာနှစ်ပါး မတ်တတ်ရပ်နေသည်ကပင် စွမ်းအားလှိုင်းလုံးများ ကောင်းကင်တစ်ခွင်ဖုံးလွှမ်းထားသလို ခံစားရပြီး ပတ်ဝန်းကျင်စကြာဝဠာတစ်ခုလုံး ခြေဖြင့်ဖိနှိပ်ခံထားရသည့်ပမာ ဖြစ်သည်။

လမ်းခြောက်သွယ်ဓားသခင် ချွိစု၏ ဗုဒ္ဓအလင်းတန်းက ပြည့်စုံလှသည်။

မွေးရာပါ ပါရမီရှင်တစ်ယောက်ဖြစ်သဖြင့် ပြင်ပဗုဒ္ဓဘာသာမှ ဗုဒ္ဓဖြစ်လာရသည့်တိုင် သူ၏တန်ခိုးစွမ်းအားက လမ်းမှန်ဗုဒ္ဓဘာသာကျင့်ကြံသူများထက် နိမ့်ကျခြင်းမရှိပေ။

ချွိစုတွင် အခြေခံအားနည်းချက်အနည်းငယ်ရှိသည်မှလွဲပြီး ဘေးနားမှ နတ်မိစ္ဆာနှစ်ပါးထက် တန်ခိုးစွမ်းအားနိမ့်ကျခြင်း မရှိပေ။

မဟာနတ်မိစ္ဆာနှစ်ပါး၏ပုံစံများကို တွေ့မြင်လိုက်သည်နှင့် ရန်ကျောက်ကဲ မျက်လုံးများ မှေးကျဉ်းလိုက်သည်။

သူ့နံဘေးမှသွေးနီရောင်ဓားအလင်းတန်းပျောက်ကွယ်သွားပြီး ကောင်းချင်းရွှမ်၏ပုံရိပ် ထွက်ပေါ်လာသည်။ သူမက တည်ကြည်လေးနက်သောမျက်နှာထားဖြင့် နတ်မိစ္ဆာများကို စူးစိုက်ကြည့်နေသည်။

ရန်ကျောက်ကဲက...

“အခုလိုမေးရတာ ခွင့်လွှတ်ပါ ၊ ခင်ဗျားတို့နှစ်ယောက်က စန့်ချင်အဆက်အနွယ်က ခြင်္သေ့နတ်ဘုရားနဲ့ ဆင်နတ်ဘုရား မဟုတ်လား”

အစိမ်းရောင်ခြင်္သေ့ကြီးက ပါးစပ်ဟလိုက်ပြီး...

“အရင်ကအကြောင်းတွေ မပြောနဲ့ ၊ အထူးသဖြင့် မင်းတို့လိုလူငယ်တွေ ပြောစရာမလိုဘူး”

သူက ဆက်ပြောလိုက်သည်။

“နတ်ဘုရားသုတ်သင်ဓားနဲ့ နတ်ဘုရားထောင်ချောက်ဓားကို ထားခဲ့ပြီး ထွက်သွားကြစမ်း ၊ အရင်က သံယောဇဉ်ကိုထောက်ပြီး အသက်ချမ်းသာပေးလိုက်မယ်”

ထိုစကားကြားတော့ ရန်ကျောက်ကဲ မျက်ခုံးများ တွန့်ချိုးလိုက်မိသည်။

ကောင်းချင်းရွှမ်က အေးစက်သည့်လေသံဖြင့်...

“အခုတော့ ရှင်တို့နှစ်ယောက်က နတ်မိစ္ဆာမျိုးနွယ်တွေဘက် ပြန်ရောက်သွားပြီပေါ့လေ ၊ စန့်ချင်အဆက်အနွယ်တွေရဲ့ကျေးဇူးတရားကို မမှတ်မိတော့ဘူးပေါ့ ၊ နောင်တတစ်ချက်တောင်မရဘဲ နတ်မိစ္ဆာတွေကိုကူညီပြီး စန့်ချင်အဆက်အနွယ် ရတနာပစ္စည်းတွေကို လုယူချင်တာလား”

ဆင်ကြီးက နှာမောင်းရှည်ကြီးကို လွှဲရမ်းလိုက်ပြီး ဟိန်းဟောက်သံဖြင့် စကားဆိုလိုက်သည်။

“ရှေးခေတ်ကာလ နတ်ဘုရားများအပ်နှင်းခြင်းခေတ်မှာ လင်ပေါင်းထျန်းကျွင်း၊ ယွမ်စီထျန်းကျွင်း၊ ထိုက်စန့်လောင်ကျွင်းတို့ ငါတို့ကိုပစ်ပြီး လောကကိုကျော်လွန်သွားကြတယ် ၊ နောက်တော့ ယွိချင်အဆက်အနွယ်က ဝန်စူးဗောဓိသတ္တနဲ့ ဖူရှန်ဗောဓိသတ္တက ငါတို့ကို သူတို့စီးတော်အဖြစ် ဖမ်းဆီးပြီး အကြိမ်ကြိမ်အဖန်ဖန် အရှက်ခွဲခဲ့တယ် ၊ အဲဒီကတည်းက တာအိုဝါဒအပေါ်မှာ လုံးဝ သံယောဇဉ်ဖြတ်လိုက်တာပဲ”

All Chapters