← Chapters

ဆင် ၊ ခြင်္သေ့နှင့် မျောက်သုံးကောင်တို့၏တိုက်ပွဲ

Vol. 111 Ch. 1557

ဆင် ၊ ခြင်္သေ့နှင့် မျောက်သုံးကောင်တို့၏တိုက်ပွဲ

Vol. 111 Ch. 1557

စကြာဝဠာဗလာနယ်ထဲမှ မြွေနတ်ဆိုးရုပ်အလောင်း ဖန်တီးထားသော နတ်ဆိုးနယ်မြေမှာ ပြိုကျတော့မည့်အနေအထားသို့ ရောက်ရှိနေပေပြီ။

ကောင်းချင်းရွှမ်နှင့် ချွိစုတို့၏ဓားအလင်းတန်းများက အချင်းချင်းရိုက်ခတ်နေကြပြီး နတ်ဆိုးလေပြင်းများမှ ပြင်းထန်သောကျုံးဝါးသံများထွက်ပေါ်လျှက် အမျက်ဒေါသဖြင့် သူသေကိုယ်သေ တိုက်ခိုက်နေကြသည်။

တစ်လောကလုံး ကမ္ဘာဦး မူလခေတ်သို့ ပြန်လည်ရောက်ရှိသွာသည့်ပမာခံစားရပြီး ရက်စက်ကြမ်းကြုတ်လှသော ခြိမ်းခြောက်မှုများသာ ပြည့်နှက်နေသည်။

မျောက်ဝံကြီးသုံးကောင်၊ ခြင်္သေ့ကြီးတစ်ကောင်၊ ဆင်ကြီးတစ်ကောင်။

မဟာနတ်မိစ္ဆာ(၅)ကောင်၏ ကြမ်းတမ်းပြင်းထန်သော ဟိန်းဟောက်သံများက ရှေးဦးသမိုင်းမတိုင်မီခေတ်သို့ ပြန်လည်ရောက်ရှိသွားသည့်ပမာပင် ဖြစ်လေသည်။

ခြင်္သေ့နတ်ဘုရားက လည်ဆံမွှေးများကိုခါလိုက်ရာ ရှည်လျားသော အစိမ်းရောင်လည်ဆံမွှေးများပိုင်ဆိုင်သည့် ဧရာမခြင်္သေ့ကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။

ထို့နောက် ခြင်္သေ့ကြီးက မိုးကောင်းကင်ကိုပင် မျိုချတော့မည့်ပမာ ပါးစပ်ကြီးကို ဟလိုက်၏။

ဧရာမပါးစပ်ကြီးက စကြာဝဠာတစ်ခုလုံးကိုမျိုချတော့မည့် တွင်းနက်ကြီးတစ်ခုပမာ ဖြစ်လေရာ ရန်ကျောက်ကဲနှင့် ကောင်းချင်းရွှမ်တို့မှာ နတ်ဘုရားသုတ်သင်အစီအရင် ပြိုကျခဲ့စဉ်က မြင်ကွင်းကိုပင် ပြန်လည်အမှတ်ရသွားမိသည်။

သူတို့အားလုံး ထိန်းချုပ်၍မရနိုင်အောင် တွင်းနက်ထဲသို့ ဆွဲငင်ခံနေရသလို ခံစားလိုက်ရသည်။ မဟာသူတော်စင်၏ ရွှေခန္ဓာသုံးခုနှင့်ပင်လျှင် ခြေကုပ်ယူထားနိုင်ခြင်း မရှိတော့ချေ။

နတ်ဘုရာတောင်ကြီး(၃)လုံးပမာ ကြီးမားလှသော မျောက်ဝံကြီး(၃)ကောင်မှာ ထိန်းမနိုင်သိမ်းမရဖြစ်လျက် ခြင်္သေ့ပါးစပ်ဆီသို့ ဦးတည်သွားနေတော့သည်။

သူတို့၏ ပင်ကိုယ်စွမ်းအားကိုအသုံးပြုလိုက်သဖြင့် ဗလာနယ်က ပြောင်းလဲသွားပြီး မဟာသူတော်စင်၏ ရွှေခန္ဓာများက ပင်လယ်လောက်ကြီးမားရမှ ဆန်စေ့ငယ်ပမာ ကျုံ့ဝင်သွားရသည်။

“ဟွန်း...”

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားမှ ထိန်းချုပ်ထားသော မဟာသူတော်စင်ရွှေခန္ဓာက နှာတစ်ချက်မှုတ်လိုက်ပြီး ရူယိရွှေတုတ်ကို အောက်ဖက်ရှိဗလာနယ်ထဲသို့ ထိုးစိုက်ချလိုက်သည်။

အတိတ်တစ်ချိန်က ထျန်းဟယ်မြစ်ကိုဖိနှိပ်ထားခဲ့ဖူးသည့် သံမဏိတုတ်က အရွယ်အစားကြီးမားလာပြီး အဆုံးမရှိအောင် ရှည်လျားလာသည်။

ကြောက်မက်ဖွယ်ရာဖိအားကြီးက စိတ်အာရုံအားလုံးကို ထုံကျင်သွားစေသည်။

ထျန်းဟယ်မြစ်မှကြယ်စင်များပြိုလဲပြီး တစ်နေရာတည်းတွင် စုပုံသွားသည့်ပမာ စကြာဝဠာပုံသဏ္ဌန်သည်လည်း ပြောင်းလဲသွားသည်။

ရူယိရွှေတုတ်ကိုကိုင်စွဲလိုက်သည်နှင့် မျောက်ဝံကြီး(၃)ကောင်၏ တန်ခိုးစွမ်းအားများပေါင်းစည်းသွားသည်။

ထို့နောက် ကြီးမားသောမျောက်ဝံကြီး၏အရှိန်အဝါက ပိုမိုခမ်းနားလာပြီး မရပ်မနားတိုးတက်လာကာ အစိမ်းရောင်ခြင်္သေ့၏အားသာချက်ကို အချည်းနှီးဖြစ်အောင် ပြုလုပ်လိုက်တော့သည်။

ရူယိရွှေတုတ်က ဖိနှိပ်ထားသဖြင့် ကောင်းကင်ကိုပင်မျိုချနိုင်သည့် အစိမ်းရောင်ခြင်္သေ့၏ ပါးစပ်ကြီးမှာ ဘာကိုမှစုပ်ယူမျိုချနိုင်ခြင်း မရှိတော့ပေ။

ထိုအချိန် ဘေးတွင်ရှိနေသော ဆင်နတ်ဘုရားသည်လည်း အသွင်ပြောင်းလဲသွားသည်။

အစိမ်းရောင်ခြင်္သေ့ထက် များစွာကြီးမားသော အစွယ်ခြောက်ချောင်းပါသည့် ဆင်ဖြူကြီးတစ်ကောင်ထွက်ပေါ်လာပြီး သူ၏အရိပ်သည်ပင် စကြာဝဠာတစ်ခုလုံးကို ဖုံးအုပ်နိုင်လောက်အောင် ကြီးမားသည်။

ဆင်ဖြူကြီး၏ခြေလှမ်းတိုင်းက စကြာဝဠာကို နင်းချေနေသည့်ပမာ ပတ်ဝန်းကျင်ဗလာနယ်တစ်ခုလုံး တုန်ခါနေတော့သည်။

အဝါနုရောင်စွယ်ခြောက်ချောင်းက လူးလွန့်နေသည့်လခြမ်းကွေးပမာဖြစ်ပြီး ကြီးမားသောဖိအားများ ထုတ်လွှတ်နေသည်။

ထို့နောက် ထူထဲသော ဆင်နှာမောင်းကြီးက ရူယိရွှေတုတ်ကို တင်းကျပ်စွာ ရစ်ပတ်လိုက်တော့၏။

“လာစမ်း...”

မိုးကြိုးသံနှယ် ဟိန်းဟောက်သံကြီးဖြင့် ဆင်ဖြူကြီးက ကြုံးဝါးလိုက်ရာ ကြီးမားသောဆွဲငင်အားကြောင့် ရူယိရွှေတုတ် တစ်ချက်မျှ လှုပ်ရှားသွားရသည်။

ခြင်္သေ့ပါးစပ်နှင့် ဆင်နှာမောင်းတို့ ပူးပေါင်းလိုက်သည်နှင့် ကောင်းကင်ထောက်တိုင်ကြီးမှာ လှုပ်ခါလာရသည်။

မလှုပ်မယှက် ရပ်တည်နေသ၍ ဘာမှမဖြစ်ပေ။

သို့သော် အနည်းငယ်လှုပ်ရှားသွားသည်နှင့် ရူယိရွှေတုတ်က စကြာဝဠာတည်နေရာကို ဆက်လက်ထိန်းထားနိုင်ခြင်း မရှိတော့ပေ။

ရူယိရွှေတုတ်က နေရာမှမရွေ့သေးသော်လည်း ရန်ကျောက်ကဲတို့အားလုံး ထိန်းမနိုင်သိမ်းမရဖြစ်လျက် ခြင်္သေ့ကြီး၏ ဧရာမပါးစပ်ထဲသို့ ဆွဲငင်ခံရလေတော့သည်။

“နတ်ဘုရားထောင်ချောက်ဓားသိုင်းကို အနက်နဲဆုံးအထိ ထိုးထွင်းနားလည်နိုင်ပြီး ပင်ကိုယ်စွမ်းရည်နဲ့တောင် ပေါင်းစပ်ထားနိုင်တာလား ၊ တကယ့်ကို ကြောက်စရာပဲ”

ကောင်းချင်းရွှမ် အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။

ထို့နောက် သူမက ကြီးမားသောပါးစပ်ကြီးအတွင်းသို့ စူးစိုက်ကြည့်လိုက်ရာ တွင်းနက်ထဲတွင် သွေးနီရောင်အလင်းတန်းများ ခပ်မှိန်မှိန်လင်းလက်နေသည်ကို တွေ့ရသည်။

ကောင်းချင်းရွှမ်က နတ်ဘုရားထောင်ချောက်ဓားကို ဝှေ့ယမ်းလိုက်ပြီး တူညီသောနည်းလမ်းဖြင့် တန်ပြန်တိုက်ခိုက်ရန် ရည်ရွယ်လိုက်သည်။

သူမက နတ်ဘုရားထောင်ချောက်ဓားဖြင့် နတ်ဘုရားထောင်ချောက်ဓားကိုခုခံရင်း မဟာသူတော်စင်၏ ရွှေခန္ဓာများနှင့် ရူယိရွှေတုတ်အား ကူညီပေးကာ ခြင်္သေ့နတ်ဘုရား၏စွမ်းအားကို ပျက်ပြားစေလိုခဲ့သည်။

သို့သော် ဓားအလင်းတန်းတစ်ခုက သူမမျက်စိရှေ့တွင် လက်ခနဲ ထွက်ပေါ်လာသည်။

လမ်းခြောက်သွယ်ဓားသခင် ချွိစုက သူမရှေ့တွင်မတ်တတ်ရပ်ပြီး လမ်းပိတ်ဆို့လိုက်ခြင်း ဖြစ်၏။

ဓားကွက်အလှည့်အပြောင်းနှင့် လျှင်မြန်ခြင်းတွင် ချွိစု၏ဓားသိုင်းက နတ်ဘုရားထောင်ချောက်ဓားလောက် လျှင်မြန်ခြင်း မရှိပေ။

သို့‌သော် ကောင်းကင်နတ်ဘုရားတစ်ပါးဖြစ်သဖြင့် သူ၏စွမ်းအားက ပြောစရာမလိုအောင် မြင့်မားလွန်းသည်။

ကောင်းချင်းရွှမ်ကတော့ ထိုက်ရွှီးမူလနတ်ဘုရားအဆင့်သာ ရှိသေးသည်။ နတ်ဘုရားထောင်ချောက်ဓားကို ကိုင်စွဲထားသဖြင့် အရှိန်အဟုန်က ပိုမိုလျှင်မြန်သော်လည်း ချွိစုကို ကျော်လွန်နိုင်ခြင်း မရှိခဲ့ပေ။

ချွိစု၏ခန္ဓာကိုယ်သည်လည်း ခြင်္သေ့နှုတ်ခမ်းဝတွင်ရှိနေသဖြင့် ဆွဲငင်အားကိုခံစားနေရပြီး ဖြည်းဖြည်းချင်း ဆွဲယူခံနေရသည်။

သို့သော် ရန်သူများကိုတားဆီးရမည်ဖြစ်ရာ သူက ထိုအချက်ကို အရေးစိုက်ခြင်း မရှိပေ။

ကောင်းချင်းရွှမ် နတ်ဘုရားထောင်ချောက်ဓားဖြင့် မကူညီနိုင်တော့သဖြင့် အစိမ်းရောင်ခြင်္သေ့ကြီးက တန်ခိုးစွမ်းအားအပြည့်ဖြင့် အရာအားလုံးကို မျိုချလုနီးပါးဖြစ်နေသည်။

သို့သော် ထိုအခြေအနေက ခဏမျှသာပင်။

ချက်ချင်းပင် မဟာသူတော်စင်၏ ရွှေခန္ဓာနှစ်ခုက လက်များဆန့်ထုတ်လျှက် ရူယိရွှေတုတ်ကို ဆုပ်ကိုင်လိုက်ကြသည်။

ထို့နောက် စွမ်းအားပြည့်အသုံးပြုပြီး တစ်ချက်တည်း လှုပ်ခါလိုက်သည်။

သံမဏိတုတ်မှ မိုးကောင်းကင်ကိုပင်နင်းချေလျှက် နတ်ဘုရားများစွာကိုတုန်လှုပ်စေသော ရက်စက်ကြမ်းတမ်းသည့် စွမ်းအားရောင်ဝါများထွက်ပေါ်လာပြီး အနက်ရောင်အလင်းတန်းများအဖြစ် ပြောင်းလဲသွားသည်။

အလွန်ကြီးမားသော စွမ်းအားရောင်ဝါ ထွက်ပေါ်လာသည်နှင့် ရူယိရွှေတုတ်ကိုရစ်ပတ်ထားသော ဆင်နတ်ဘုရား၏နှာမောင်းကြီးပင် နာကျင်သွားရသည်။

စကြာဝဠာကိုလှုပ်ခါနိုင်သောစွမ်းအားကို ဆက်လက်ထိန်းထားနိုင်ခြင်း မရှိတော့ပေ။

ပြင်းထန်ရက်က်သည့်စွမ်းအားက မီးကျီးခဲများပမာ ထိုးဖောက်ဝင်ရောက်လာပြီး အစွယ်ခြောက်ချောင်းရှိသော ဆင်ဖြူကြီး၏အရေပြားကို ဆုတ်ဖြဲပစ်လိုက်သည်။

ဆင်ဖြူကြီးမှာ မခံမရပ်နိုင်အောင် နာကျင်လွန်းသဖြင့် ဆူညံစွာအော်ဟစ်လိုက်တော့၏။

ဆိုရိုးစကားရှိပေသည်။

ရူယိရွှေတုတ်ဆိုသည်က...

ကိုင်သူ ပျက်ဆီး၍သေဆုံးတတ်၏။

ထိရုံမျှဖြင့် အရေပြားကွဲအက်တတ်၏။

ပွတ်တိုက်ရုံမျှဖြင့် အရိုးတခြား အသားတခြား ပြတ်ထွက်တတ်၏။

“ရူယိရွှေတုတ်” က သမုဒ္ဒရာကိုထိန်းချုပ်ရန်ဖန်တီးထား‌သော သံမဏိတုတ်မျှသာဖြစ်သော်လည်း ‌မျောက်မင်း’စွန်းဝူခုန်း’ ၏ လက်ထဲတွင် ဗုဒ္ဓ၊ နတ်မိစ္ဆာ၊ နတ်ဘုရား၊ နတ်ဆိုးပေါင်းများစွာ၏ သွေးများဖြင့်ညစ်နွမ်းလျှက် ကမ္ဘာတစ်ခုလုံးအား အဆိပ်အတောက်ဖြစ်စေသော အရက်စက်ဆုံး လက်နက်တစ်ခုအဖြစ် ပြောင်းလဲခဲ့ပြီး ဖြစ်သည်။

ယခု ဧရာမမျောက်ဝံကြီး(၃)ကောင်က ရူယိရွှေတုတ်ကို တပြိုင်တည်းလှုပ်ခါလိုက်သည့်အခါ စကြာဝဠာက ပြန်လည်တည်ငြိမ်သွားတော့သည်။

မျောက်ဝံကြီးတစ်ကောင်က နာကျင်မှုကိုတောင့်ခံထားသည့် အစွယ်ခြောက်ချောင်းဆင်ဖြူကြီးအား ပြုံးပြလိုက်ပြီး လက်တစ်ဖက်ဆန့်ထုတ်လျှက် ဆင်နှာမောင်းကြီး၏နှာခေါင်းပေါက်ကို လက်သည်းဖြင့် ကုတ်ဆွဲလိုက်သည်။

ထိုလက်သည်းကုတ်ချက်က ဆင်ဖြူကြီး၏တောင့်ခံနိုင်စွမ်းကို အဆုံးသတ်ပေးလိုက်သော နောက်ဆုံးတိုက်ကွက် ဖြစ်လေသည်။

“အား...”

ဆင်နတ်ဘုရား နာကျင်စွာအော်ဟစ်ရင်း ဆင်နှာမောင်းဖြင့် ရစ်ပတ်ထားသည့်အားကို လျှော့ချလိုက်ရတော့သည်။

သူက ဆင်နှာမောင်းတွင် ထပ်မံအားထည့်ပြီး သံမဏိတုတ်ကို ဆွဲယူရန်ကြံစည်လိုက်ချိန်တွင် အရာအားလုံးက နောက်ကျသွားခဲ့ပေပြီ။

“ကြီးမားစမ်း ကြီးမားစမ်း ကြီးမားစမ်း...”

မဟာသူတော်စင် ရွှေခန္ဓာသုံးခုက တပြိုင်တည်းအော်ဟစ်လိုက်ရာ ရူယိရွှေတုတ်က စကြာဝဠာအစွန်းနှစ်ဖက်ကို ဖောက်ထွက်တော့မည့်နှယ် ကြောက်မက်ဖွယ်ရာ ကြီးထွားလာတော့သည်။

အစိမ်းရောင်ခြင်္သေ့ကြီးလည်း တောင့်မခံနိုင်တော့ချေ။

ဆက်လက်အားထုတ်နေမည်ဆိုပါက ရူယိရွှေတုတ်က သူ့ပါးစပ်ကိုကျော်ဖြတ်ပြီး ဦးခေါင်းထိတိုင် ထိုးဖောက်ပစ်ပေလိမ့်မည်။

ဆင်နတ်ဘုရားက...

“ဒီမျောက်ရဲ့စွမ်းရည်ကို ငါတို့ လျှော့တွက်မိသွားတာပဲ...”

ခြင်္သေ့နတ်ဘုရားရော ဆင်နတ်ဘုရားပါ ကူရာကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ကြသည်။

ထို့နောက် ကောင်းကင်ကိုလွှမ်းခြုံထားသည့် နတ်မိစ္ဆာအသွင်များကို ပြန်လည်ရုတ်သိမ်းကာ တစ်ချက်ပင် နောက်လှည့်မကြည့်ဘဲ ထွက်ပြေးသွားကြလေတော့သည်။

ချွိစု၏မျက်နှာအမူအရာက တည်ငြိမ်နေဆဲ ဖြစ်သည်။ သို့သော် သူ့မျက်ဝန်းများတွင်တော့ စိတ်ပျက်မှုအနည်းငယ် လက်ခနဲဖြတ်သန်းသွားသည်။

ထို့နောက် သူသည်လည်း ခြင်္သေ့နတ်ဘုရား၏ပါးစပ်ထဲသို့ဝင်ရောက်ကာ သူတို့နှစ်ယောက်နှင့်အတူ ထွက်ခွာသွားတော့၏။

သူတို့က ရှေးခေတ်ကာလကတည်းက လောကကိုဒုက္ခပေးခဲ့သည့် မဟာနတ်မိစ္ဆာကြီးများဖြစ်လေရာ အန္တရယ်အငွေ့အသက် ခံစားမိသည်နှင့် ဆုတ်ခွာသွားခဲ့ကြသည်။

ဤသည်က သူတို့၏ အတွေ့အကြုံကြီးမားမှုကို ပြသခြင်းပင်။

သို့သော် ဧရာမမျောက်ဝံကြီးက ရူယိရွှေတုတ်ကို ကိုင်မြှောက်လိုက်ပြီး အစိမ်းရောင်ခြင်္သေ့နှင့် ဆင်ဖြူကြီးတို့အား ဖြတ်ရိုက်ချလိုက်သည်။

နတ်မိစ္ဆာမျိုးနွယ် မဟာသူတော်စင်နှစ်ယောက်လုံး ကြောက်မက်ဖွယ်ရာ အော်ဟစ်လိုက်ကြသည်။

တစ်ယောက်က နောက်ခြေတစ်ချောင်းပြတ်တောက်သွားပြီး ကျန်တစ်ယောက်က လက်မောင်းမှအသားများအားလုံး ဆုတ်ဖြဲခံလိုက်ရသည်။

ရန်ကျောက်ကဲက...

“နတ်ဘုရားသုတ်သင်ဓားကိုရှာဖို့ အင်အားကို ချွေတာထားရဦးမယ်...”

ထို့နောက် မဟာသူတော်စင်၏ ရွှေခန္ဓာတစ်ခုက မိစ္ဆာချီစွမ်းအားကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားပုံစံသို့ ပြန်လည်ပြောင်းလဲသွားသည်။

ကောင်းချင်းရွှမ်က ဓားကို ဓားအိမ်ထဲပြန်ထည့်လိုက်ပြီး ရွှီဖေးသည်လည်း မူလပုံစံသို့ ပြန်လည်ရောက်ရှိသွားသည်။

ကျန်ရှိနေသော မဟာသူတော်စင် ရွှေခန္ဓာတစ်ခုကတော့ ရူယိရွှေတုတ်ကို ဆုပ်ကိုင်ထားဆဲဖြစ်ပြီး နှာခေါင်းတစ်ချက်ရှုံ့ကာ အရွယ်အစားကို ကျုံ့ချလိုက်သည်။

ရူယိရွှေတုတ်ကို သိမ်းဆည်းပြီးသည်နှင့် ရွှေရောင်အလင်းတန်းများ ပြန့်ကြဲသွားကာ ဧရာမမျောက်ကြီးလည်း ပျောက်ကွယ်သွားပြီး အဖြူရောင်နှင့်အနက်ရောင် အမွှေးလုံးပုံစံ ပန်ပန်အဖြစ် ပြောင်းလဲသွား၏။

“ဗိုက်ဆာတယ်...”

ပန်ပန်ထံမှ သနားစရာ ညောင်နာနာအသံလေး ထွက်ပေါ်လာသည်။

ရန်ကျောက်ကဲက ပန်ပန်၏ ခေါင်းကို ပုတ်လိုက်ရင်း...

“မင်းခေါင်းထဲမှာ စားဖို့ပဲစဉ်းစားနေတာလား...”

ပန်ပန်က သနားစရာကောင်းစွာ ရန်ကျောက်ကဲအား ခေါင်းနှင့်ဝှေ့လိုက်ရင်း...

“အခုက တကယ်ဗိုက်ဆာနေတာပါ”

ရွှီဖေးက ပြုံးလိုက်ရင်း...

“အင်းလေ... ရူယိရွှေတုတ်ကိုအသုံပြုရတာ တကယ်အင်အားကုန်တာပဲဟာကို...”

ရန်ကျောက်ကဲက ခေါင်းညိတ်လိုက်သည်။

“ငါသိပါတယ်... ငါ့ရဲ့မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားလည်း အတူတူပါပဲ”

ကောင်းချင်းရွှမ်က...

“ဒီနေရာက အရင်ထွက်သွားရအောင် ၊ မဟုတ်ရင် တခြားသူတွေ ရောက်လာနိုင်တယ်”

အားလုံး ခေါင်းညိတ်လိုက်ကြပြီး နေရာမှ ချက်ချင်းထွက်ခွာသွားကြလေတော့သည်။

ရန်ကျောက်ကဲက ပန်ပန် အစားအသောက်ကြမ်းသည်ကို စကားဖြင့်သာဆူပူခြင်းဖြစ်ပြီး အမြဲတမ်း ဗိုက်ဝအောင်ကျွေးခဲ့သည်ပင်။

ခရီးတစ်လျှောက်လုံး ရန်ကျောက်ကဲက ပန်ပန်ကို အစာကျွေးလာခဲ့ရသည်။ ပန်ပန်ကလည်း တစ်လျှောက်လုံး ပျော်ရွှင်စွာ စားသောက်နေခဲ့သည်။

ပန်ပန်ကို အစာကျွေးပြီးသည်နှင့် ရန်ကျောက်ကဲက ကွမ်းချန်ထျန်းကျွင်း၏ လက်ပြတ်ကြီးကို စတင်လေ့လာလိုက်လေ၏။

All Chapters