အစိမ်းမစားတော့ဘူး
Vol. 111 Ch. 1558
ကွမ်းချန်ထျန်းကျွင်း၏ လက်ပြတ်ကြီးမှ မှိန်ဖျော့ဖျော့ နတ်ဘုရားအလင်းတန်းများ တောက်ပနေဆဲဖြစ်ပြီး ချီစွမ်းအားများဖြင့် ပြည့်စုံနေဆဲဖြစ်သည့်တိုင် ဉာဏ်အလင်းတစ်ခုမှ ကျန်ရစ်ခြင်း မရှိတော့ပေ။
တာအိုဆရာယွိတင် ကွယ်လွန်စဉ်က သူ၏ရုပ်အလောင်းကို ထိန်းသိမ်းထားပြီး ရွှေရောင်နှင့် ကျောက်စိမ်းရောင်အလင်းတန်းများ ထွက်ပေါ်နေခဲ့သည်။
သတ္တုဓားတစ်လက်နှင့်ဆင်တူသော ကျောက်စိမ်းရုပ်တုပမာ ဖြစ်သည်။
သို့သော် ကွမ်းချန်ထျန်းကျွင်း၏လက်ကတော့ အသက်ဝင်မှုတစ်ချက်ပင် မရှိတော့ချေ။ ကျောက်တုံးတစ်တုံးပမာ သိူ့မဟုတ် ကြေးဝါသတ္တုရိုင်းပမာ ဖြစ်နေသည်။
ရန်ကျောက်ကဲလက်ထဲမှ လက်ပြတ်ကြီးကို ရွှီဖေးက စူးစိုက်ကြည့်ရင်း...
“မဟာကပ်ဘေးကာလတုန်းက ကောင်းကင်ဘုံနန်းတော်ရော စန်းချင်း(၃)ပါးအဆက်အနွယ်တွေပါ အတော်လေး ဆုံးရှုံးခဲ့ရပုံရတယ် ၊ ပြင်ပအင်အားစုတွေ ဝိုင်းတိုက်တာကိုလည်း ခံခဲ့ရပုံပဲ”
ယခင်အချိန်က ငရဲကိုးထပ်မှနတ်ဆိုးများ၏ အပြုအမူကို ပြန်တွေးကြည့်မည်ဆိုလျှင် ၊ သူတို့ကို တစ်လောကလုံးက မုန်းတီးနေသည့်တိုင် ထိုခေတ်ကာလတွင် တာအိုဝါဒ မည်သို့ဆက်ဆံခံခဲ့ရသည်ကို ရှင်းလင်းစွာ တွေ့နိုင်ပေသည်။
ရန်ကျောက်ကဲနှင့် ကောင်းချင်းရွှမ်တို့ တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ကြသည်။
ရန်ကျောက်ကဲက လက်တစ်ဖက်ဖြင့် လက်ပြတ်ကြီးကိုကိုင်ထားပြီး ကျန်လက်တစ်ဖက်က လက်ဟန်တစ်ခု ဖော်ထုတ်လိုက်သည်။
သူက လက်ညှိုးလက်ခလယ်ကို တည့်မတ်စွာထောင်ထားလိုက်ရာ အလွန်မှိန်ဖျော့သော အပြာရောင်မီးတောက်တစခု ထွက်ပေါ်လာသည်။
ရန်ကျောက်ကဲက ထိုမီးတောက်ကို စုတ်တံဖြင့်ရေးဆွဲသည့်ပမာ လက်ပြတ်ကြီးထက်တွင် အလျားလိုက် ဆွဲပွတ်လိုက်၏။ မီးလျှံတစ်ခု လောင်ကျွမ်းထွက်ပေါ်လာပြီး လက်ပြတ်ကြီးထက်တွင် မျဉ်းဖြောင့်တစ်ကြောင်း ထင်ဟပ်သွားသည်။
ထိုမီးလျှံမျဉ်းကြောင်းက ပျံ့နှံ့သွားခြင်းမရှိဘဲ မျဉ်းဖြောင်းအတိုင်း တစ်ကြောင်းတည်းသာ တည်ရှိနေသည်။
မြင်ကွင်းကိုကြည့်ပြီးနောက် ရန်ကျောက်ကဲ၏မျက်နှာ အုံ့မှိုင်းသွားသည်။
“ကွမ်းချန်ထျန်းကျွင်းလည်း ကွယ်လွန်သွားပြီထင်တယ်”
ထိုစကားကြားတော့ ရွှီဖေးနှင့် ကောင်းချင်းရွှမ်တို့က သူ့ဘက်သို့ လှည့်ကြည့်လာကြသည်။
ရန်ကျောက်ကဲက ချက်ချင်းရှင်းပြလိုက်သည်။
“ကျွန်တော် လျှို့ဝှက်နည်းလမ်းတစ်ခု သုံးလိုက်တာ တုံ့ပြန်မှုဖြစ်လာတယ် ၊ ဒါက အဓိပ္ပါယ်နှစ်ခုရှိတယ်”
သူက ဆက်ပြောလိုက်သည်။
“ပထမတစ်ချက်က ကွမ်းချန်ထျန်းကျွင်းရဲ့ ရုပ်အလောင်းက ဒီလောကမှာရှိနေဆဲပဲ ၊ ပျက်ဆီးမသွားသေးဘူ ၊ ဒီလက်ပြတ်က အဲဒီနေရာကို လမ်းညွှန်ပေးနိုင်တယ်”
“ဒုတိယတစ်ချက်က ဒီနည်းလမ်းအောင်မြင်သွားတယ်ဆိုကတည်းက... ကွမ်းချန်ထျန်းကျွင်းလည်း သေဆုံးသွားပြီဆိုတဲ့အဓိပ္ပါယ်ပဲ”
ရန်ကျောက်ကဲ မချိပြုံးပြုံးလိုက်ပြီး...
“အင်း... အခုခြေရာခံမိတာက သူ့ရုပ်အလောင်းမဟုတ်ဘဲ ခြေထောက်တို့ ၊ ညာလက်တို့လည်း ဖြစ်တော့ ဖြစ်နေနိုင်ပါသေးတယ”
ထိုသို့ပြောလိုက်သော်လည်း ထိုသို့ဖြစ်နိုင်ခြေမရှိကြောင်း ရွှီဖေးရော ကောင်းချင်းရွှမ်ပါ နားလည်ကြသည်။
ကွမ်းချန်ထျန်းကျွင်း၏ ကျင့်ကြံခြင်းအဆင့်က မြင့်မားလွန်းသဖြင့် ဒဏ်ရာပြင်းထန်သည်ဆိုဦးတော့ အသက်ရှင်နေသေးပါက သူ၏လက်နှင့်ခြေထောက်များကို ပြန်လည်ဖန်တီးနိုင်စွမ်းရှိလေရာ ဒုက္ခိတဖြစ်သွားစရာ အကြောင်းမရှိပေ။
လက်တစ်ဖက် အဖြတ်ခံလိုက်ရရုံဖြင့် အသစ်တစ်ခု ပြန်လည်ဖန်တီးနိုင်သည်ပင်။ အခြေခံအုတ်မြစ်ပျက်ဆီးမှသာ ပြန်လည်ဖန်တီးနိုင်စွမ်း ပျက်ဆီးသွားပေမည်။
သာမန်လူများ၏ကိုယ်ခန္ဓာကဲ့သို့ပင် ဒဏ်ရာရသည်ဖြစ်စေ ၊ ကိုယ်လက်အင်္ဂါပြတ်တောက်သည်ဖြစ်စေ ပြန်လည်ကောင်းမွန်မည်လားဆိုသည်က နောက်ဆုံးအခြေအနေပေါ်တွင် မူတည်သည်။
ထို့ကြောင့် ကွမ်းချန်ထျန်းကျွင်းသည်လည်း ပြတ်တောက်သွားသည့်လက်တစ်ဖက်ကို ပြန်လည်ဖန်တီးနိုင်ဦးတော့ အချိန်အတော်ကြာအာင် ကြိုးစားကုသရပေမည်။
ယခု ရန်ကျောက်ကဲလက်ထဲမှ လက်ပြတ်ကြီးကိုကြည့်သည်နှင့် ကွမ်းချန်ထျန်းကျွင်း၏ အခြေခံအုတ်မြစ် အလွန်အကျွံ ပျက်ဆီးသွားသည်မှာ သိသာလှသည်။
ကွမ်းချန်ထျန်းကျွင်း သတ်ဖြတ်ခဲ့သည့် မြွေနတ်ဆိုးမှာလည်း ကောင်းကင်နတ်ဘုရားအဆင့် မဟာနတ်ဆိုးတစ်ပါးဖြစ်သည် မဟုတ်ပါလား။
သူ၏ ဖုံးကွယ်နိုင်စွမ်းက အလွန်မြင့်မားပြီး တန်ခိုးစွမ်းအားလည်း နက်နဲလွန်းသည်။ သို့သော် တန်ခိုးစွမ်းအားပေါက်ကွဲထွက်လာချိန်တွင် အလွန်တရာ ရက်စက်ကြမ်းတမ်းသည်က ထင်ရှားလွန်း၏။
ရွှီဖေးက သက်ပြင်းချလိုက်ရင်း...
“ကွမ်းချန်ထျန်းကျွင်းရဲ့တန်ခိုးစွမ်းအားက ဆံချည်မျှင်တစ်မျှင်လောက်ဆိုရင်တောင် အရမ်းကိုပြီးပြည့်စုံလွန်းပါတယ် ၊ ဒီတော့ သူ သေလား ရှင်လားဆိုတာ သေချာပြောနိုင်မယ်မထင်ဘူး ၊ တွေ့မှပဲ သိရမှာပဲ”
ရန်ကျောက်ကဲက မချိပြုံးပြုံးလိုက်ရင်း...
“ငါလည်း အကောင်းဘက်က မျှော်လင့်ထားချင်ပါတယ် ၊ ဒါပေမဲ့ ဒီလက်ရဲ့တုံ့ပြန်ပုံကိုကြည့်ရတာ သိပ်အခြေအနေမဟန်ဘူးလေ”
ရွှီဖေးက ခေါင်းခါရမ်းရင်း...
“အတိတ်က မဟာကပ်ဘေးကြီးက ငါတို့ဘိုးဘေးတွေကို အသေသတ်ခဲ့တာပဲ ၊ ပြီးတော့ နောင်လာနောက်သားတွေအတွက်လည်း ပြဿနာတွေချန်ထားခဲ့တယ်”
ရန်ကျောက်ကဲက မီးတောက်တစ်ကြောင်းတည်းတည်ရှိနေသည့် လက်ပြတ်ကြီးကို တစ်ချက်စိုက်ကြည့်ပြီး ရွှီဖေးထံသို့ လှမ်းပေးလိုက်သည်။
လက်နှစ်ဖက်လုံးအားသွားသည်နှင့် သူက ကောင်းချင်းရွှမ်ကိုလှည့်ကြည့်လိုက်ပြီး...
“အခု စလိုက်ရအောင်”
ကောင်းချင်းရွှမ် လက်တစ်ဖက်ဝှေ့ရမ်းလိုက်သည်နှင့် တောင်တစ်လုံးခန့်ရှိသော အသားတုံးကြီးတစ်တုံး ထွက်ပေါ်လာသည်။
ထိုအသားတုံးကို နတ်ဘုရားထောင်ချောက်ဓားဖြင့် ထိုးစိုက်ထားသဖြင့် သိသိသာသာ ကျုံ့ဝင်နေခြင်းဖြစ်သည်။ မဟုတ်ပါက သူတို့ရှိရာ စကြဝဠာဗလာနယ်တစ်ခုလုံးကိုပင် ဖုံးအုပ်သွားနိုင်သည်။
နတ်ဘုရားထောင်ချောက်ဓား၏ဖိနှိပ်မှုကြောင့်သာ ကောင်းချင်းရွှမ်က စိတ်ပူစရာမရှိဘဲ ဤအသားတုံးကြီးကို သယ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။
သို့တိုင် အသားတုံးက အသက်ရှိနေသည့်ပမာ အနည်းငယ်တုန်ခါနေဆဲပင်။
နတ်ဘုရားထောင်ချောက်ဓား၏ ဖိနှိပ်မှုသာမရှိပါက ဤအသားတုံးက ချက်ချင်းပင် ဆင်စွယ်ခြောက်ခြောင်းဆင်ဖြူတော်၏ ကိုယ်ပွားတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်ပေသည်။
ဤအသားတုံးက ရူယိရွှေတုတ်ဖြင့် ရိုက်ချလိုက်စဉ်က ပြတ်တောက်ထွက်လာသော အသားတုံးဖြစ်ပေသည်။
ပန်ပန်၏ဦးခေါင်းက အနားသို့တိုးကပ်လာပြီး နှာခေါင်းတရှုံ့ရှုံ့ဖြင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။
“ငါ့အတွက်လား...”
ရန်ကျောက်ကဲက မျက်လုံးလှန်လိုက်ရင်း...
“မင်းက စားဖို့ပဲသိတယ်နော် ၊ တကယ့်ကောင်ပဲ...”
သူက ဆက်ပြောလိုက်သည်။
“ဒါက စားလို့မရဘူး ၊ ငါ သုံးစရာရှိသေးတယ် ၊ ဆင်သားစားချင်ရင် ဆင်နှာမောင်းကမှ အရသာရှိတာ... ၊ စောစောက ဆင်ဖြူကိုချက်စားမယ်ဆိုရင် အရသာအကောင်းဆုံးက သူ့နှာမောင်းပဲ”
ပန်ပန်က ချက်ချင်းပင် ရှေ့ခြေနှစ်ချောင်းကိုပင့်မြှောက်လိုက်ပြီး လူတစ်ယောက်လက်ခုပ်တီးသလို တဖတ်ဖတ်တီးလိုက်သည်။
“ဆင်နှာမောင်း စားမယ်... ၊ ဆင်နှာမောင်း၊ ဆင်နှာမောင်း…”
ရွှီဖေးက ရယ်မောရင်း ရန်ကျောက်ကဲကိုလှမ်းကြည့်လိုက်သည်။
“ဖီရှိုးတွေက အသားရော အသီးအရွက်ရောစားတတ်ပေမယ့်... ဒီကောင်ကတော အသားကိုပိုကြိုက်လာသလိုပဲ”
ရန်ကျောက်ကဲက ခေါင်းခါရမ်းရင်း...
“အဲဒီလိုမဟုတ်ဘူး ၊ ဝါးပင်တွေ ဝါးရွက်တွေနဲ့သတ္တုတွေကို သူက အကြိုက်ဆုံးပဲ ၊ ဒါပေမဲ့ ဝိညာဉ်စွမ်းအားမြင့်မားတဲ့ ဝါးတောတွေမှ မရှိတော့တာ”
သူက ဆက်ပြောလိုက်သည်။
“ကျင့်ကြံခြင်းအဆင့်မြင့်လာတာနဲ့ သူက သာမန်ဝါးပင်တွေကိုလည်း မစားနိုင်တော့ဘူး ၊ အဲဒီတော့ အလွယ်ရတဲ့အသားကိုပဲ ပိုစားချင်သလို ဖြစ်နေတာပေါ့”
စကားပြောရင်း ရန်ကျောက်ကဲက ရယ်မောလိုက်သည်။
“ပြီးတော့ ယွင်ရှန်းကလည်း သူ့ကိုဖျက်ဆီးလိုက်သေးတယ် ၊ အခုဆို ချက်ပြီးမှပဲ စားတော့တယ်”
ထိုစကားကြားတော့ ရွှီဖေးမှာ မှင်တက်သွားပြီး ရယ်ပင်မရယ်နိုင်တော့ပေ။
စကားတပြောပြောဖြင့် သူတို့အုပ်စု ခရီးဆက်လာခဲ့ကြသည်။
သို့သော် ရန်ကျောက်ကဲ၏လက်များကတော့ တစ်ချိန်လုံး မရပ်မနား လှုပ်ရှားနေခဲ့သည်။
သူက စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်အပိုင်းအစကို အသားတုံးထဲသို့ နက်နက်ရှိုင်းရှိုင်းထိုးသွင်းလိုက်သည်။
တစ်ချိန်တည်းမှာပင် ကောင်းချင်းရွှမ်က နတ်ဘုရားသတ်ဖြတ်ဓားသိုင်းကိုထုတ်ဖော်ပြီး နတ်ဘုရားထောင်ချောက်ဓားကို ထိန်းချုပ်လျက် အသားတုံးထဲရှိ အသက်ဝိညာဉ်အားလုံးကို အပြီးအပိုင် ဖြတ်တောက်ပစ်လိုက်သည်။
ထို့နောက် ရန်ကျောက်ကဲက အသားတုံးပေါ်သို့ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ ရိုက်ချက်တိုင်းက ယွိချင်အဆက်အနွယ်၏ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ် တန်ခိုးစွမ်းအား ဖြစ်လေသည်။
သူက တန်ခိုးစွမ်းအားများကို အသားတုံးထဲသို့ အဆုံးမရှိ ထည့်သွင်းနေခြင်း ဖြစ်သည်။
ရန်ကျောက်ကဲနှင့် ကောင်းချင်းရွှမ်တို့ ပူးပေါင်းလုပ်ဆောင်မှုကြောင့် အသားတုံးက တဖြည်းဖြည်း သေးသထက်သေးလာတော့သည်။
နတ်ဘုရားထောင်ချောက်ဓားဖြင့် ဆက်လက်ဖိနှိပ်ထားရန် မလိုတော့ချေ။
အရာအားလုံး ပြီးဆုံးသွားသည်နှင့် ရန်ကျောက်ကဲက လက်တစ်ဖက်ဝှေ့ရမ်းလိုက်ရာ လက်ပြတ်ကြီးထက်မှ မီးတောက်မျဉ်းကြောင်းက ပြန်လည်ရှင်သန်လာပြီး အသားတုံးဆီသို့ စီးဆင်းသွားသည်။
လက်ပြတ်ကြီးထက်မှ မီးတောက်မျဉ်းကြောင်း လုံးဝပျောက်ကွယ်သွားသည်နှင့် ရန်ကျောက်ကဲက လက်ပြတ်ကြီးကို ကောင်းချင်းရွှမ်ထံ လှမ်းပေးလိုက်သည်။
“ကျွန်တော် စောစောကလုပ်သလို ထပ်လုပ်လိုက်ပါ”
ကောင်းချင်းရွှမ်က ခေါင်းညိတ်လိုက်ပြီး...
“သတိထားပါ ၊ ငါ ချက်ချင်းပြန်လာခဲ့မယ်”
ထို့နောက် သူမက နတ်ဘုရားထောင်ချောက်ဓားဖြင့် ဗလာနယ်ထဲတွင် ဓားချက်တစ်ချက် ရေးဆွဲလိုက်သည်။
ဓားအလင်းတန်းများစုစည်းသွားသည်နှင့် သွေးနီရောင်သိုလှောင်အိတ်တစ်ခုထွက်ပေါ်လာပြီး လက်ပြတ်ကြီးကို အိတ်အတွင်းသို့ ထည့်သွင်းလိုက်သည်။
နတ်ဘုရားထောင်ချောက်ဓားက လက်ပြတ်ကြီးထက်စိုက်ဝင်သွားသည်နှင့် သွေးနီရောင်သိုလှောင်အိတ်သည်လည်း တင်းတင်းကျပ်ကျပ် ပိတ်သွားတော့သည်။
ထို့နောက် ကောင်းချင်းရွှမ်သည်လည်း ဓားအလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး အဝေးတွင် ပျောက်ကွယ်သွားတော့သည်။
ရန်ကျောက်ကဲ ၊ ရွှီဖေး ၊ ပန်ပန်နှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားတို့က ဗလာနယ်ထဲသို့ ဆက်လက်ခရီးနှင်ခဲ့ကြသည်။
မည်မျှကြာအောင် ပျံသန်းခဲ့သည်မသိ ၊ သူတို့ရှေ့တွင် ကြီးမားကျယ်ပြန့်သော နတ်ဘုရားတိမ်တိုက်ကြီးတစ်ခု ထွက်ပေါ်လာပြီး အလင်းရောင်များက ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
ကြယ်ရောင်အလင်းတန်းများလှည့်ပတ်နေပြီး တောက်ပသည့်မြူခိုးများက ပင်လယ်ပြင်ပမာ စကြဝဠာတစ်ခုလုံံးကို လွှမ်းခြုံထားလေသည်။
“ဟုတ်ပြီ ၊ ငါတို့ရောက်ပြီ...”
ရန်ကျောက်ကဲတို့အုပ်စု အထဲသို့ ဝင်ရောက်သွားကြသည်။
မျက်စိရှေ့မှ တောက်ပသော တိမ်မှုန်များကိုကြည့်ရင်း ရွှီဖေးက မေးလိုက်သည်။
“မင်းရဲ့မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား ဘယ်လောက်ပြန်ကောင်းလာပြီလဲ ၊ စောစောက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနဲ့ ပန်ပန်ရဲ့ မဟာသူတော်စင်ရွှေခန္ဓာက ရူယိရွှေတုတ်ကို ကိုင်လှုပ်ခဲ့ကြတာ မဟုတ်လား”