တစ်လောကလုံးမသိလိုက်သော ဟန်ဆောင်လှည့်ကွက်
Vol. 111 Ch. 1559
ချီထျန်းမဟာသူတော်စင်၏ရွှေခန္ဓာကို အသုံးပြုခြင်းက မယိမ်းယိုင်သည့်တန်ခိုးစွမ်းအားကို ရရှိစေသော်လည်း ၊ သူတို့အနေဖြင့် ထိုရွှေခန္ဓာကို ဆန္ဒအလျောက် လွတ်လပ်စွာ အသုံးချနိုင်သည်မဟုတ်ချေ။
ယခင်ကဆိုလျှင် သူတို့၏ ရွှေခန္ဓာစွမ်းအားများ အလွန်အကျွံကုန်းခမ်းသွားသဖြင့် နောက်ပိုင်း ပြန်လည်နလန်ထူလာနိုင်ရန် အချိန်ကြာရှည်စွာ အနားယူခဲ့ရဖူးသည်။
ရွှေခန္ဓာအသုံးပြုသဖြင့် ချီစွမ်းအားကုန်ခမ်းမှု ပိုမိုပြင်းဖန်လေ ထို ရွှေခန္ဓာပုံစံကို ထိန်းသိမ်းနိုင်သည့်အချိန် ပိုမိုတိုတောင်းလေ ၊ အနားယူရမည့်အချိန်မှာလည်း ပိုကြာရှည်လေဖြစ်သည်။
လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၊ ရွှီဖေး နှင့် ပန်ပန်တို့က ပေါင်းစည်းထားသည့် ရွှေခန္ဓာအသုံးချနိုင်စွမ်း ပိုမိုတိုးတက်လာခဲ့သည်။
သို့ပေသိ ရွှေခန္ဓာသုံခုပေါင်းစည်းပြီး ရူယိရွှေတုတ်ကိုကိုင်ဆောင်ခြင်းက ချီစွမ်းအားကို အလွန်အမင်း ကုန်ခမ်းစေသည်။
ရန်ကျောက်ကဲက...
“နောက်ထပ်တိုက်ပွဲတစ်ခုတော့ ခံနိုင်ပါသေးတယ်”
ပြောပြီးသည်နှင့် သူက ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်လိုက်ပြီး မျက်စိရှေ့မှ အလင်းရောင်များတောက်ပနေသော အဖြူရောင်တိမ်ပင်လယ်ကို စူးစမ်းလိုက်သည်။
ထို့နောက် ဆင်ဖြူကြီး၏ အသားတုံးကို ထုတ်ယူလိုက်သည်။
ယခုအချိန်တွင် ဆင်ဖူကြီး၏အသားတုံးက ကွမ်းချန်ထျန်းကျွင်း၏ လက်ပြတ်ကြီးပုံစံ ပြောင်းလဲနေပေပြီ။
အသားတုံးမျက်နှာပြင်ထက်တွင်လည်း မီးတောက်မျဉ်းကြောင်းတစ်ကြောင်းရှိနေသည်။ ထိုမီးတောက်က လောင်ကျွမ်းနေသော်လည်း မီးတောက်မျဉ်းကြောင်းကိုတော့ ပုံစံမပျက် ထိန်းထားနိုင်၏။
ရန်ကျောက်ကဲက ထိုမီးတောက်မျဉ်းကြောင်းကို လက်ဖြင့်အသာထိလိုက်သည်။
မီးမျဉ်းကြောင်း တုန်ခါသွားပြီး အစောပိုင်းကလို စည်းကမ်းတကျ ဟန်ချက်ညီမှု ပျောက်ဆုံးသွားသည်။
မီးတောက်များက ချက်ချင်းပင် ပတ်ဝန်းကျင်သို့ ကျယ်ပြန့်လာပြီး ပြင်းထန်စွာလောင်ကျွမ်းသွားကာ လက်ပုံစံအသားတုံးကြီးအား မီးလောင်တိုက်သွင်းလိုက်တော့သည်။
အသားထဲတွင်မြှုပ်ထားသည့် စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်မှာလည်း တောက်ပလာပြီး မီးလောင်ကျွမ်းသည့်အနေအထားသို့ ရောက်ရှိသွားသည်။
ရန်ကျောက်ကဲက လက်ကို ရှေ့သို့အနည်းငယ်တွန်းလိုက်ရာ ပြင်းထန်စွာလောင်ကျွမ်းနေသော မီးတောက်များအားလုံးက တောက်ပနေသည့် တိမ်ဖြူပင်လယ်အတွင်းသို့ ဝင်ရောက်သွားသည်။
ရွှီဖေးက ခါးတွင်ချိတ်ထားသည့် သေရည်အိုးကိုဖြုတ်ယူလိုက်ပြီး အဖုံးဖွင့်ကာ နှစ်ကျိုက်ခန့်ဆက်တိုက်သောက်လိုက်သည်။
သူက သေရည်သောက်ရင်း မျက်စိရှေ့မှမြင်ကွင်းကို တည်ငြိမ်စွာ ကြည့်နေသည်။
အလင်းမြူတိမ်ခိုးများ မီးလောင်ကျွမ်းသွားပြီး မီးလျှံတိမ်တိုက်များအဖြစ်ပြောင်းလဲသွားကာ ပတ်ဝန်းကျင်တစ်ခုလုံးအား ဆက်တိုက်ဆိုသလို လောင်ကျွမ်းသွားသည်။
ယခုတော့ တောက်ပသည့် အလင်းပင်လယ်တစ်ခုလုံး မီးလျှံပြင်လယ်ပြင်ကြီးအဖြစ်ပြောင်းလဲသွားကာ ပြင်းထန်စွာ လောင်ကျွမ်းနေတော့သည်။
ထိုအချိန် အရပ်(၈)မျက်နှာမှ တောက်ပသောအလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာသည်။
တစ်ယောက်ထက်မကသော ကြောက်မက်ဖွယ်ရာ တည်ရှိမှုများ ရန်ကျောက်ကဲတို့ရှိနသေည့် စကြာဝဠာဗလာနယ်ထဲသို့ ဆင်းသက်လာကြလေသည်။
ထိုသူများထဲမှ တစ်ယောက်၏တည်ရှိမှုသည်ပင် လူအများကို အသက်ရှူကြပ်စေသည်အထိ စွမ်းအားကြီးမားလှသည်။
ယခု အများအပြားစုဝေးလာည့်အခါ ထွက်ပေါ်လာသည့် ကြီးမားသောဖိအားက အလင်းတိမ်ဖြူပင်လယ်ကြီးကိုပင် ဆုတ်ဖြဲပစ်နိုင်စွမ်း ရှိ၏။
ထိုအရှိတရားများ အချင်းချင်းထိပ်တိုက်တွေ့သည်နှင့် မည်သူမှနောက်ဆုတ်ခြင်းမရှိလေရာ လေထုထဲတွင် ချီစွမ်းအားစီးကြောင်းများ ပြည့်ကျပ်သွားတော့သည်။
သို့သော် သူတို့အားလုံးက အပြင်းအထန် တိုက်ခိုက်ကြခြင်းမရှိဘဲ နတ်ဘုရားသတ်ဖြတ်ဓားကိုသာ ဦးစားပေးရှာဖွေနေကြသည်။
ထို့ကြောင့် ဗလာနယ်တစ်ခုလုံးတွင် ရှုပ်ထွေးသောမြင်ကွင်းများဖြင့် ဖုံးလွှမ်းသွားတော့၏။
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း ရွှီဖေးဘက်သို့ စောင်းငဲ့ကြည့်လိုက်သည်။
“ဟုတ်ပြီ... အားလုံး ရောက်လာကြပြီ”
ရွှီဖေးကလည်း ရန်ကျောက်ကဲကိုပြုံးပြလိုက်ပြီး သေရည်အိုးကို ခါးတွင်ပြန်ချိတ်လိုက်သည်။
ထိုအချိန် သူတို့ဦးခေါင်းထက်မှ အလင်းတိမ်မြူများ ဆုတ်ဖြဲခံလိုက်ရပြီး ကြီးမားသောဖိအားတစ်ခု ဆင်းသက်လာသည်။
မိုးပြိုသည့်အလား ထင်မှတ်ရပေ၏။
တစ်ချိန်တည်းမှာပင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၊ ရွှီဖေးနှင့် ပန်ပန်တို့၏ ခန္ဓာကိုယ်များ တစ်ချက်တုန်ခါသွားပြီး မြင့်မားသောရွှေရောင်အလင်းတန်းများ ကောင်းကင်ဆီသို့ ထိုးဖောက်ထွက်သွားသည်။
ထိုအလင်းတန်းများထဲမှ ဧရာမမျောက်ဝံကြီး(၃)ကောင် ထွက်ပေါ်လာပြီး ကောင်းကင်ထောက်တိုင်ပမာ ကြီးမားသောခန္ဓာကိုယ်ကြီးများဖြင့် မိုးပြိုသည်ကို တားဆီးထားလိုက်ကြ၏။
မိစ္ဆာချီများ ကောင်းကင်တစ်ခွင် ဖုံးလွှမ်းသွားပြီး ချီထျန်းမဟာသူတော်စင်၏ရွှေခန္ဓာများမှ ထွက်ပေါ်လာသော အလင်းတန်းများအောက်တွင် ဗလာနယ်ထဲမှ တည်ရှိမှုအားလုံး အသွင်သဏ္ဌန် ထွက်ပေါ်လာတော့သည်။
အစောပိုင်းက လုံးဝ တွေ့မြင်နိုင်ခြင်းမရှိသော သူတို့၏ပကတိပုံစံများ ယခုအခါ ရှင်းရှင်းလင်းလင်း တွေ့မြင်ရပေမည်။
အရင်ဆုံးထွက်ပေါ်လာသူများက ခြင်္သေ့နတ်ဘုရား ၊ ဆင်စွယ်နတ်ဘုရားနှင့် လမ်းခြောက်သွယ်ဓားသခင်’ချွိစု’ တို့ ဖြစ်၏။
သူတို့နှင့်အတူ မဟာနတ်မိစ္ဆာတစ်ပါးလည်း လိုက်ပါလာသည်။ ထိုသူက သံချပ်ကာဝတ်ဆင်ထားပြီး လှံရှည်တစ်လက်ကိုလည်း ကိုင်ဆောင်ထားသည်။
သူက မည်းမှောင်သည့်မျက်နှာထားဖြင့် ချီထျန်းမဟာသူတော်စင်၏ရွှေခန္ဓာ(၃)ခုကို စူးစိုက်ကြည့်ရင်း တစ်စုံတစ်ခု တွေးတောနေဟန် ရှိသည်။
သူတို့(၄)ယောက်အပြင် နောက်ထပ်အရိပ်နှစ်ခုလည်း ရှိနေသေး၏။
သူတို့က ရန်ကျောက်ကဲတို့ဘက်သို့ လှမ်းကြည့်ရင်း ချွိစုတို့အဖွဲ့ကိုပါ သတိထားနေပုံရသည်။
သူတို့ထဲမှတစ်ယောက်က အစိမ်းရောင်ကြာပန်းထက်တွင်ထိုင်နေသည့် အပြာရောင်ဗုဒ္ဓတစ်ပါး ဖြစ်သည်။
သူ၏ညာဘက်လက်တွင် ရတနာအလံတစ်လက်ကိုင်ဆောင်ထားပြီး ထိုအလံကို ဘယ်ဘက်ပခုံးထက်သို့တင်ထားသည်။ သူ၏ညာဘက်လက်ကတော့ လက်ဟန်တစ်ခု ပြုလုပ်ထားသည်။
နောက်တစ်ယောက်တော့ ခေါင်း(၃)လုံး လက်(၆)ဖက်ရှိပြီး နဖူးတွင် ဒေါင်လိုက်မျက်လုံးတစ်လုံးပါရှိသော လူငယ်တစ်ယောက် ဖြစ်၏။
နတ်မိစ္ဆာမျိုးနွယ် မဟာသူတော်စင်(၃)ပါး ၊ အနောက်ဘက်သူတော်စင်ဘုံမှ ဗုဒ္ဓ(၁)ပါး ၊ အဖြူရောင်ကြာပန်းသုခဘုံမှ ဗုဒ္ဓ(၁)ပါး ၊ အမတခုံရုံးမှ ကောင်းကင်နတ်ဘုရာတစ်ပါး...။
စုစုပေါင်း ကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူ (၆)ယောက် ဤနယ်မြေသို့ ရောက်ရှိလာခြင်းပင်။
သူတို့၏ တန်ခိုးစွမ်းအားရောင်ဝါဖြင့်ပင် ဤနေရာမှ ဗလာနယ်တစ်ခုလုံးအား ဆုတ်ဖြဲပစ်နိုင်လောက်သည်။
သို့သော် ရောက်ရောက်ချင်းပင် သူတို့အားလုံး မျက်မှောင်များကျုံ့သွားကြ၏။
“...နတ်ဘုရားသတ်ဖြတ်ဓား... ဒီနေရာမှာ မရှိဘူး...”
ခြင်္သေ့နတ်ဘုရားက ရှေ့သို့တစ်ချက်တိုးကြည့်ရင်း ပြောလိုက်သည်။
ချွိစုက လက်ဖဝါးကိုဖြန့်လိုက်ရာ မီးလျှံများလောင်ကျွမ်းနေသည့် စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ် အပိုင်းအစတစ်ခု ထွက်ပေါ်လာသည်။
အခြားတစ်ဖက်တွင်တော့ ခေါင်း(၃)လုံး လက်(၆)ဖက်ရှိသော လူငယ်က သူ့လက်ထဲမှ ခေါင်းလောင်းလေးကို စူးစိုက်ကြည့်လိုက် အံ့အားသင့်သည့်မျက်နှာအမူအရာဖြင့်...
“ဒီကောင်က လိမ်တာပေါ့လေ...”
ဆင်နတ်ဘုရားသည်လည်း မျက်လုံးပြူးသွားပြီး မီးလောင်ကျွမ်းနေသည့် အလင်းပင်လယ်ဗဟိုကို စူးစိက်ကြည့်လိုက်သည်။
ထိုနေရာတွင် သူ့ခန္ဓာကိုယ်မှပြတ်ထွက်သွားသော အသားတုံးကြီး ရှိနေလေသည်။
နတ်ဘုရားသတ်ဖြတ်ဓားသိုင်းစွမ်းအားနှင့် နတ်ဘုရားထောင်ချောက်ဓား၏ဖိနှိပ်မှုကိုခံထားရသဖြင့် ထိုအသားတုံးကြီးထဲမှ ဝိညာဉ်စွမ်းအားများ လုံးဝပျက်ဆီးသွားသဖြင့် ဆင်နတ်ဘုရားကိုယ်တိုင်သည်ပင် သတိထားမိခြင်း မရှိခဲ့ပေ။
တကယ်တို့ သူတို့လိုက်လာသည်မှာ ကွမ်းချန်ထျန်းကျွင်း၏ လက်ပြတ်ကြီးနောက်သို့မဟုတ်ဘဲ သူ၏တင်ပဆုံမှ ဆွဲဖြဲခံထားရသော အသားတစ်ကြီးသား ဖြစ်သည်။
အမှန်တရားကို သိသွားပြီးနောက် ဆင်နတ်ဘုရား ဒေါသချောင်းချောင်းထွက်သွားတော့သည်။
ချွိစုက အသားတစ်ကြီးကို ခဏမျှစူးစိုက်ကြည့်နေပြီးနောက် သူ့လက်ထဲမှ မီးလျှံများကို ငေးစိုက်ကြည့်နေသည်။
လောင်ကျွမ်းနေသော အသားတစ်ကြီးထဲမှ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်အပိုင်းအစ ပေါ်ထွက်လာသည်ကို တွေ့လိုက်သည်နှင့် အမှန်တရားကို သဘောပေါက်သွာတော့သည်။
ခေါင်း(၃)လုံး လက်(၆)ဖက်ရှိသော လူငယ်သည်လည်း သတိပြန်ဝင်လာပြီး...
“မင်းတို့က ဒီနေရာမှာ ကြိုတင်ပြင်ဆင်ထားခဲ့တာလား...”
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“မဟုတ်ရင် မင်းတို့ကို လှည့်စားနိုင်ပါ့မလား”
အမှန်တော့ ရန်ကျောက်ကဲတို့အုပ်စုက ကွမ်းထျန်းကျွင်း၏လက်ပြတ်ကြီးကို ရှာမတွေ့ခင်ကတည်းက ဤနေရာကို အရင်တွေ့ရှိထားကြခြင်း ဖြစ်သည်။
အနည်းငယ်ပြုပြင်ပြောင်းလဲမှုများပြုလုပ်ပြီးနောက် ဤနေရာအား ပတ်ဝန်းကျင်မှ မသိမြင်စေရန် ဖုံးကွယ်ထားခဲ့ကြ၏။
ကွမ်းချန်ထျန်းကျွင်း၏ လက်ပြတ်ကြီးကိုတွေ့ရှိပြီးနောက် ရန်ကျောက်ကဲက လျှို့ဝှက်ပညာသုံးက အစီအစဉ်ကို အကောင်အထည်ဖော်လိုက်သည်။
ထို့နောက် ကွမ်းချန်ထျန်းကျွင်း၏ လက်ပြတ်ကြီးကိုတော့ ကောင်းချင်းရွှမ်ထံ လွှဲပြောင်းပေးလိုက်သည်။
ရန်ကျောက်ကဲတို့အုပ်စုကတော့ ဘာမှမဖြစ်သလိုဟန်ဆောင်ကာ သဲလွန်စများကို ဆက်လက်ရှာဖွေသည့်ပုံစံဖြင့် ကွေ့ကောက်သွယ်ဝိုက်ပြီး ဤနေရာသို့ခရီးနှင်လာခဲ့ကြသည်။
ရန်ကျောက်ကဲက ခေါင်း(၃)လုံး လက်(၆)ဖက်ရှိသော လူငယ်ကို လှမ်းကြည့်လိုက်ပြီး...
“ထိုက်စွေ့ထျန်းကျွင်းကို နှုတ်ဆက်ပါတယ် ၊ အရင်တုန်းက အကြီးအကဲရဲ့ ဂုဏ်သတင်းတွေကို အများကြီးကြားဖူးထားပါတယ် ၊ အခု ကိုယ်တိုင်တွေ့ဆုံရတော့ အတော်လေး စိတ်လှုပ်ရှားမိတာပါပဲ ၊ အရင်တုန်းက စန်းချင်း(၃)ပါးအဆက်အနွယ်ကဖြစ်ပါလျှက် အခုတော့ ပြင်ပတာအိုကျင့်ကြံသူတွေဘက်ကို ရောက်သွားခဲ့တာလား”
ဟယ်မြန်၏သစ္စာဖောက်မှုကိုဘေးဖယ်ထားလျှင် မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် အမတခုံရုံးဘက်သို့ ရောက်ရှိသွားသည့် တာအိုဝါဒ နတ်ဘုရားများအနက် ကောင်းကျိနန် ၊ ချောင်ပေါင် ၊ ယွိဟွမ်လုန် ၊ ကျောက်ကျန်း စသည်တို့မှာ စန်းချင်း(၃)ပါးအဆက်အနွယ်၏ အကိုင်းအခက်များနှင့် သီးခြားကျင့်ကြံသူများ ဖြစ်ကြသည်။
သူတို့ကို လမ်းမှန်တာအိုဝါဒ စန်းချင်း(၃)ပါး အဆက်အနွယ်ဟု အပြည့်အဝ မသတ်မှတ်နိုင်ပေ။
အမတခုံရုံးမှ ပြင်ပတာအိုကျင့်ကြံခြင်းပညာရပ်များ ပိုမိုတိုးတက်လာသည်နှင့်အမျှ သူတို့ထံတွင် စန်းချင်း(၃)ပါးအဆက်အနွယ် သိုင်းပညာများ၏ အရိပ်အယောင်ပင် မတွေ့ရတော့ချေ။
သို့သော် ခြွင်းချက်အချို့ ရှိနေဆဲပင်။
လွန်ခဲ့သောနှစ်များအတွင်း ရန်ကျောက်ကဲက တောင်ပိုင်းချန်စန်းဧကရာဇ် ၊ ဝူတန့်မယ်တော်တို့နှင့် ပိုမိုဆက်သွယ်နိုင်ခဲ့သည်။
ထို့ကြောင့် အမတခုံရုံးမှ ကျွမ်းကျင်သူများနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ပိုမိုသိရှိလာရပြီး ထိုက်စွေ့ထျန်းကျွင်း၏ အမည်ရင်းမှာ “ယင်ကျောက်” ဖြစ်ကြောင်းကိုလည်း သိရှိခဲ့သည်။
ယခု သူ့ရှေ့တွင်ရှိနေသည့် ခေါင်း(၃)လုံး လက်(၆)ဖက်ရှိသော လူငယ်က ပြင်ပတာအိုကျင့်ကြံသူ ကောင်းကင်နတ်ဘုရားတစ်ပါးဖြစ်သည့် ‘ယင်ကျောက်’ ပင် ဖြစ်သည်။
ယင်ကျောက်က ခံစားချက်ကင်းမဲ့စွာဖြင့်...
“နတ်ဘုရားများအပ်နှင်းခြင်းကာမတိုင်ခင်... ကောင်းကင်ဘုံနန်းတော်ကို မဝင်ခင်ကတည်းက ငါက စန်းချင်း(၃)ပါးအဆက်အနွယ် မဟုတ်တော့ဘူး”
ခြင်္သေ့နတ်ဘုရားက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
“ဟို နတ်ဘုရားထောင်ချောက်ဓားကိုင်ထားတဲ့ အမျိုးသမီးကိုမတွေ့ရဘူး ၊ ကြည့်ရတာ... ကွမ်းချန်ထျန်းကျွင်းရဲ့ လက်ပြတ်ကြီးကို နတ်ဘုရားထောင်ချောက်ဓားနဲ့ ချိတ်ပိတ်ပြီး သူတစ်ယောက်တည်း နတ်ဘုရားသုတ်သင်ဓားကို သွားရှာတာဖြစ်ရမယ်”
သူက ဆက်ပြောလိုက်သည်။
“ဟွန်း... တစ်ယောက်တည်းလျှောက်သွားနေရင် ဘေးကင်းမယ်များထင်နေသလား ၊ မင်းတို့အကြံအစည်ကြောင့် ငါတို့ အလိမ်ခံလိုက်ရပေမယ့် အပြင်ဘက်မှာ တခြားသူတွေရှိနေသေးတယ် ၊ ဒါဆို သူတို့တွေ နတ်ဘုရားထောင်ချောက်ဓားရော နတ်ဘုရားသုတ်သင်ဓားကိုပါ ရသွားလိမ့်မယ်”
ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်လိုက်ရင်း...
“သူတစ်ယောက်တည်း ဘယ်ဟုတ်မလဲဗျာ ၊ လောကမှာ ဒီလူသတ်လက်နက်တွေကိုသုံးနိုင်တဲ့သူတွေ အများကြီးရှိနေတာပဲ မဟုတ်လား”