နတ်ဓားဂိုဏ်း
Vol. 8 Ch. 76
"ပုံရိပ်ထင်ဟပ်ခြင်း အောင်မြင်သွားပြီ..."
"ရှေးခေတ်ကနေ အခုထိ ခေတ်အဆက်ဆက်မှာ ရှေးဟောင်းနတ်ဘုရားခေတ်က လူတွေပဲ အမှောင်နတ်ဘုရား ကျောက်တိုင်မှာ နာမည်တွင်ခဲ့တာ... အခုတော့... မြူခိုးသမုဒ္ဒရာခေတ်က လူတစ်ယောက်က ကြောက်မက်ဖွယ် ဓားအလင်းတန်းကို ကပ်ဘေးအသွင်ဖန်တီးပြီး နတ်ဘုရားကို ကပ်ဘေးသင့်စေခဲ့ပြီ..."
ကျယ်ပြောလှသော ဟင်းလင်းပြင်ကြီးထဲတွင် မွန်းစတားအိုကြီးများ၏အသံများ၌ အံ့သြတုန်လှုပ်မှုများ ပါဝင်နေသည်။
သူတို့၏အသံများသည် မိုးကြိုးပစ်သံများကဲ့သို့ ဟင်းလင်းပြင်ထဲတွင် ပဲ့တင်ထပ်နေသည်။
သူတို့အားလုံးသည် ကြောက်မက်ဖွယ် ကျင့်ကြံခြင်းအဆင့်ရှိသည့် မွန်းစတားအိုကြီးများ ဖြစ်ကြရာစကားတစ်ခွန်း ပြောလိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ အာကာသဟင်းလင်းပြင်ကိုပင် ပြောင်းလဲသွားစေနိုင်သည်။
သို့သော် ယခုအချိန်တွင် ဤနေရာရှိနေကြသော မွန်းစတားအိုကြီး အားလုံးသည် အသိစိတ် ပြန်မကပ်နိုင်သေးဘဲ ကြီးမားသော တုန်လှုပ်မှုကို ခံစားနေကြရသည်။
"တူညီတဲ့ အဆင့်ချင်းယှဉ်ပြိုင်တာတောင် သူ့ရဲ့ ကြောက်မက်ဖွယ် ဓားတစ်ချက်က အဆင့် (၁၀) နေရာက လူငယ်အရွယ် ရှေးဟောင်းနတ်ဘုရားဓားဧကရာဇ်ကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်နိုင်တယ်... ဒီလို ကြောက်စရာကောင်းတဲ့ အလားအလာမျိုးက တကယ်ကို ထိတ်လန့်စရာပဲ... သူသာ နတ်တံတားအဆင့်ကို ကျော်ဖြတ်၊ ကူးပြောင်းခြင်းအဆင့်ကို ကျော်ဖြတ်ပြီး အနန္တအမှောင်ထုအဆင့်ကို ရောက်သွားရင်... တကယ့် ရှေးဟောင်းနတ်ဘုရားအဆင့်ရှိတဲ့ အနန္တအမှောင်ထုနယ်ပယ် ပုဂ္ဂိုလ်မျိုး ဖြစ်လာနိုင်တယ်..."
မွန်းစတားအိုကြီး အများအပြားသည် ထိုအချက်ကို တွေးမိပြီး အသက်ပြင်းပြင်း ရှူလိုက်မိကြသည်။
ရှေးဟောင်းနတ်ဘုရားအဆင့်ရှိတဲ့ အနန္တအမှောင်ထုနယ်ပယ် ဆိုသည်မှာ သက်ရှိအဆင့်အတန်း လုံးဝကွဲပြားခြားနားသော အနန္တအမှောင်ထုအဆင့် ဖြစ်သည်။
ပုရွက်ဆိတ်တစ်ကောင် ဉာဏ်အလင်းပွင့်ခြင်းနှင့် ကျားတစ်ကောင် ဉာဏ်အလင်းပွင့်ခြင်းတို့သည် ထုတ်ဖော်နိုင်သော စွမ်းအားချင်း လုံးဝ ကွာခြားပေလိမ့်မည်။
ထို့အပြင် ပါရမီမတူညီသော သူနှစ်ဦး တူညီသော အဆင့်သို့ ရောက်ရှိလျှင်ပင် တိုက်ခိုက်နိုင်စွမ်း ကွာခြားချက် ရှိစမြဲဖြစ်သည်။
ထိုကွာခြားချက်များသည် ကျင့်ကြံခြင်း လမ်းစဉ်ပေါ်တွင် အဆမတန်ကျယ်ပြန့်သွားလေ့ရှိသည်။
ရှေးဟောင်းနတ်ဘုရား သက်ရှိအဆင့်အတန်းသို့ ရောက်ရှိထားသူ ဆိုလျှင်တော့ ပြောဖွယ်ရာပင် မရှိတော့ပေ။
ရှေးဟောင်းနတ်ဘုရားတစ်ပါး အနန္တအမှောင်ထုအဆင့်သို့ ရောက်ရှိသွားလျှင် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းပေလိမ့်မည်။
အနန္တအမှောင်ထုအဆင့် ဆိုသည်မှာ အလွန်စွမ်းအားကြီးမားသော အဆင့်ဖြစ်ပြီး လက်တစ်ဖက် လှုပ်ရှားရုံဖြင့် မိုးနှင့်လေကို ပြောင်းလဲစေကာ ထူးခြားသော သဘောတရားများ သက်ရောက်စေနိုင်သည်။
အကယ်၍ ရှေးဟောင်းနတ်ဘုရားသာ အနန္တအမှောင်ထုအဆင့်သို့ ရောက်ရှိသွားပါက လုံးဝ ကွဲပြားခြားနားသော နယ်ပယ်တစ်ခု ဖြစ်သွားပေလိမ့်မည်။
ရှေးဟောင်းနတ်ဘုရားအဆင့် အနန္တအမှောင်ထု ကျင့်ကြံသူတစ်ဦးသည် တူညီသော အဆင့်ရှိသည့် သာမန် အနန္တအမှောင်ထု ကျင့်ကြံသူတစ်ဦးကို အလွယ်တကူ သတ်ဖြတ်နိုင်ပြီး စစ်မြေပြင်တစ်ခုလုံးကို ပြောင်းလဲပစ်နိုင်သော ကြောက်မက်ဖွယ် အစွမ်းထက်သူ ဖြစ်လာပေမည်။
ယခုအချိန်တွင် သူတို့မျက်လုံးထဲ၌ ရှန်းချန်ကောသည် ရှားပါးရတနာတစ်ပါး ဖြစ်နေပြီဖြစ်သည်။
ထိုအချိန်၌...
ရှန်းချန်ကောသည် ထိုနေရာတွင် မတ်မတ် ရပ်နေသည်။
ရုတ်တရက် သူ၏ခြေအောက်မှ ဝုန်းခနဲ မြည်ဟီးသံ ပေါ်ထွက်လာပြီး အမှောင်နတ်ဘုရားကျောက်တိုင်ကြီး တစ်ခု မြေကြီးထဲမှ ထိုးထွက်လာကာ ရှန်းချန်ကောကို သယ်ဆောင်လျက် ကောင်းကင်ပေါ်သို့ ဖြည်းညှင်းစွာ မြင့်တက်သွားသည်။
တချိန်တည်းမှာပင် လူငယ်ရှေးဟောင်းနတ်ဘုရားကို သယ်ဆောင်ထားသော မူလ အမှောင်နတ်ဘုရား ကျောက်တိုင်ကြီးမှာမူ ဝုန်းခနဲ ပြိုကျသွားတော့သည်။ အသစ်နှင့် အဟောင်း နေရာချင်း လဲလှယ်လိုက်သကဲ့သို့ အလွန် ထူးဆန်းသော မြင်ကွင်းပင်။
ယခုအခါ...
ရှန်းချန်ကောသည် ကောင်းကင်ထက်သို့ မြင့်တက်သွားသည်။
အမှောင်နတ်ဘုရား ကျောက်တိုင်သည် ပုံရိပ်ယောင်မျှသာ ဖြစ်သော်လည်း လက်တွေ့တွင် ဒြပ်ထုတစ်ခုကဲ့သို့ ရှိနေပြီး အလင်းနှင့်အရိပ်များဖြင့် ရှန်းချန်ကောကို ပင့်တင်ပေးထားသည်။
သူသည် ကျောဘက်တွင် ရွှေရောင်ဝဲကတော့ကြီး လည်ပတ်နေကာ ရှေးဟောင်းနတ်ဘုရားတစ်ပါးအလား ထူးကဲတောက်ပနေသည်။
ကျန်းဖုန့်ထျန်းမှာ ထိုနေရာတွင် ရပ်လျက်...အချိန်ကြာမြင့်စွာ ငေးမောနေမိသည်။
ရွှေရောင်ဝဲကတော့၊ နတ်တံတားအဆင့်သို့ တိုက်ရိုက်ရောက်ရှိခြင်း၊ ရွှေရောင်နတ်တံတား စုစည်းခြင်း၊ ဓားစွမ်းအား သတ်မှတ်ချက်တစ်လျှောက် အဆင့် (၁၀)၊ လူငယ် ရှေးဟောင်းနတ်ဘုရားကို ကြောက်မက်ဖွယ် ဓားအလင်းတန်းဖြင့် တိုက်ရိုက် ချေမှုန်းခြင်း... ဤအချက်များက သူ၏စွမ်းအားဟာ ရှေးဟောင်းနတ်ဘုရားခေတ်တွင် မွေးဖွားခဲ့လျှင်ပင် အရာအားလုံးကို လွှမ်းမိုးနိုင်သည်ဟု ပြသနေခြင်းပင်ဖြစ်လေသည်။
ကျန်းဖုန့်ထျန်း ရုတ်တရက် ခံစားလိုက်ရသည်။
ငါ ဒီတစ်ခါတော့ အရှုံးမရှိဘူးပဲ
ငါ ကျန်းဖုန့်ထျန်းက တကယ် ဉာဏ်ကောင်းတာပဲ။
ငါသိထားတဲ့ သတင်းအချက်အလက်လေး သုံးပြီး ဒီလူငယ်ရဲ့အမြင်ကြည်တာကို ရအောင်ယူနိုင်ခဲ့တယ်။
ဟုတ်တယ်
ရှန်းချန်ကောက ငါမြင်ဖူးသမျှထဲမှာ အကြီးမားဆုံးရွှေပေါင်ကြီး ပဲ
သောက်ကျိုးနည်း
လူငယ်ရှေးဟောင်းနတ်ဘုရားနဲ့ ယှဉ်နိုင်တယ်ဆိုတာ စူပါအဆင့်မှာရှိတဲ့ ဆရာကြီးတစ်ပါးပဲ။
သမိုင်းတစ်လျှောက် ထိပ်ဆုံး ၁၀ ဝင် လူငယ် ရှေးဟောင်းနတ်ဘုရားဆိုတာ တိုက်ခိုက်နိုင်စွမ်းကို အထင်ရှားဆုံး ပြသနိုင်တဲ့ ဓားစွမ်းအားအပိုင်းမှာ ဘယ်လောက်တောင် ကောင်းကင်ကိုဆန့်ကျင်နိုင်သလဲဆိုတာ တွေးကြည့်လို့ ရတယ်။
ရှင်းရှင်းပြောရရင် လက်ရှိ ရှေးဟောင်းနတ်ဘုရား (၁၀) ပါး ဆိုတာ နာမည်မရှိတဲ့ ကောင်တွေ မဟုတ်ဘူး။
သေဆုံးသွားရင်တောင် နာမည်ဂုဏ်သတင်း ကျန်ရစ်နေတဲ့ ကြောက်စရာကောင်းတဲ့ တည်ရှိမှုကြီးတွေ။
ကပ်ထားရမယ်
သေချာပေါက် ကပ်ဖားယပ်ဖားမှ ဖြစ်မယ်
ပါရမီကောင်းတာက ဖားယားတတ်တာလောက် မမိုက်ဘူး။
ရှေးဟောင်းနတ်ဘုရား အဆင့်နှင့် ယှဉ်နိုင်သော သောက်ကျိုးနဲအစွမ်းထက်သူတစ်ယောက်၏ တန်ဖိုးမှာ ဤမြူခိုးသမုဒ္ဒရာထဲတွင် မည်မျှထိအရေးပါလဲဆိုတာ သိသာထင်ရှားလှပေသည်။
မည်သို့ပင်ဖြစ်စေ ဤအရာက အင်အားကြီးသူသာ အမှန်တရားဖြစ်သော ခေတ်ကာလမဟုတ်လော။
ထိုအချိန်၌...
ရှန်းချန်ကော၏ဦးနှောက်ထဲသို့ အလွန်ထူးခြားသော စွမ်းအင်တစ်ခု ရုတ်တရက် စီးဝင်လာသည်။
၎င်းသည် ထက်ရှသော လေစီးကြောင်းတစ်ခု ဖြစ်ပြီး အလွန်ထက်မြက်ကာ ဒြပ်ထုအဖြစ် စုစည်းနေသည်။
ထိုလေစီးကြောင်းသည် ရှန်းချန်ကော၏ ခန္ဓာကိုယ်အတွင်း အထက်အောက် လှည့်ပတ် စီးဆင်းသွားပြီး သူတစ်ကိုယ်လုံး၏အရှိန်အဝါမှာ ရုတ်ချည်း ပြောင်းလဲသွားသည်။
ဒါက...
ဓားဖိအား
ရှန်းချန်ကော၏မျက်လုံးသူငယ်အိမ် အနည်းငယ် ကျဉ်းမြောင်းသွားသည်။
ဤတစ်ကြိမ် အမှောင်နတ်ဘုရားကျောက်တိုမှ ပေးသော ဆုလာဘ်သည် ဓားဖိအား တစ်ခု ဖြစ်နေမယ်လို့ မထင်ထားခဲ့မိပေ။
ဓားထိန်းချုပ်ခြင်းက ဓားချီကို အသုံးပြုသည်၊ ဓားပုံရိပ်ဖော်ခြင်းက ဓားရည်ရွယ်ချက် ကို အသုံးပြုသည်၊သတ်ဖြတ်ခြင်းဓားက ဓားဖိအား ကို ဖော်ထုတ်သည်။
ဓားဖိအား ဆိုသည်မှာ သတ်ဖြတ်ခြင်းအားအကောင်းဆုံးဖြစ်သော ဓားနည်းစနစ်၏အဆင့်မြှင့်သော ပုံစံတစ်ခု ဖြစ်သည်။
သတ်ဖြတ်ခြင်းဓားနည်းစနစ် နှင့်သာ တွဲဖက်လိုက်ပါက အလွန်တရာကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပေါက်ကွဲထွက်လာပေလိမ့်မည်။
အလင်းရောင်များ ကွယ်ပျောက်ပြီး ထူးခြားဖြစ်စဉ်များ ငြိမ်သက်သွားသောအခါ ရှန်းချန်ကောသည် အနက်ရောင်မြူခိုးများကြားသို့ ဖြည်းညှင်းစွာ ပြန်လည် သက်ဆင်းလာသည်။
ပတ်ဝန်းကျင်တွင် လှိမ့်ကာလှုပ်ရှားနေသော အမှောင်မြူခိုးများ ရှိနေသော်လည်း ရှန်းချန်ကော၏ တစ်ကိုယ်လုံးတွင်မူ ရွှေရောင်များ တောက်ပနေဆဲ ဖြစ်သည်။
"ဒီလူက ဒီလောက်တောင် ချောမောခန့်ညားနေမှတော့ အနာဂတ်က အတိုင်းအဆမဲ့မှာ သေချာတယ်"
ရှန်းချန်ကော ခြေလှမ်း အနည်းငယ် တန့်သွားသည်။
သူသည် ဘေးနားတွင် ဂဏှာမငြိမ်ဖြစ်နေသော်လည်း တည်ငြိမ်ချင်ယောင် ဆောင်နေသော ကျန်းဖုန့်ထျန်းကို ထူးဆန်းသော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်သည်။
ရှန်းချန်ကော ထွက်ခွာသွားပြီးနောက်...
ကျန်းဖုန့်ထျန်း အသက်ပြင်းပြင်း ရှူထုတ်လိုက်သော်လည်း နေရထိုင်ရ ခက်နေဆဲပင်။
"ငါလို ပါရမီရှင်တစ်ယောက်က တခြားလူရဲ့ ခြေထောက်ကို ဒီလောက်ထိ ဖက်တွယ်ရတဲ့ နေ့တစ်နေ့ ရှိလာလိမ့်မယ်လို့..." ခုနက ဟန်ဆောင်ပန်ဆောင်ပြောလိုက်ရသည့် ပုံစံကို ပြန်တွေးမိပြီး သူ့မျက်နှာ အနည်းငယ်ပျက်သွားသည်။
သို့သော် သူသည် ပျက်သုဉ်းခြင်းကမ္ဘာ ထဲတွင် ဂယက်ထနေဆဲဖြစ်သော ကောင်းကင်နှင့်မြေပြငါကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် နှာခေါင်းရှုံ့ကာ ကိုယ်ကို မတ်လိုက်သည်။
"ကပ်ဖားယက်ဖားလုပ်တာမလုပ်တာ အဓိက မဟုတ်ဘူး၊ အဓိကက သူတကယ်ချောလို့ပဲ"
ငါက အမှန်အတိုင်း ပြောတာပဲလေ။
အမှောင်နတ်ဘုရားကျောက်တိုင် ပျက်သုဉ်းကမ္ဘာခရီးစဉ်...ပြီးဆုံးသွားပြီ ဖြစ်သည်။
ရှန်းချန်ကောသည် နတ်တံတားအဆင့်သို့ အောင်မြင်စွာဖောက်ထွက်နိုင်ခဲ့ပြီး ရွှေရောင်နတ်တံတားကို စုစည်းနိုင်ခဲ့သည်။
သူသည် ကျန်းစန်းကျန့်၏နတ်တံတားကို မြင်ဖူးသော်လည်း သူ့နတ်တံတားနှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်ပေ။
ထို့ကြောင့် သူ့နတ်တံတား မည်မျှ စွမ်းအားကြီးကြောင်း သူ နားလည်လိုက်သည်။
ယခုအခါ ရှန်းချန်ကော၏စွမ်းအားသည် အလွန် ကြောက်မက်ဖွယ် ကောင်းနေပြီ ဖြစ်သည်။
သူ၏ ခန့်မှန်းချက်အရ သူသည် ယခုအချိန်တွင် ကူးပြောင်းခြင်းအဆင့် ကျင့်ကြံသူကိုပင် ဓားတစ်ချက်တည်းဖြင့် ခုတ်ပိုင်းပစ်နိုင်လောက်သည်။
ကျင့်ကြံခြင်းအဆင့်ကို သာမာန်ကာရန်လေးထုတ်သုံးလိုက်ရုံဖြင့် ထိုသို့ လုပ်နိုင်ခြင်း ဖြစ်သည်။
......
သို့သော် ယနေ့တွင်...
"ကောင်းကင်ဘုံဓားဂိုဏ်း" ၏ အပြင်ဘက်တွင်မူ လျှို့ဝှက်သော အမှောင်ရေစီးကြောင်းများ လှုပ်ရှားနေသည်။
ကျယ်ပြောလှသော အမှောင်မြူခိုးများကြားတွင် လူတစ်စု၏မျက်လုံးများက အလွန်တရာ အေးစက်နေကြသည်။
"ရှေ့နားမှာ ရောက်တော့မှာလား"
"ကောင်းကင်ဘုံဓားဂိုဏ်းရဲ့ ဂိုဏ်းခွဲ ဆိုတာလား စိတ်ဝင်စားစရာပဲ။ ဘုရင်အဆင့်ဂိုဏ်းကြီးရဲ့ ဂိုဏ်းခွဲတစ်ခုက ဒီလောက်ထိ နိမ့်ကျသွားရသလား။ လက်ရှိမှာ ဒီ ကောင်းကင်ဘုံဓားဂိုဏ်း ဂိုဏ်းခွဲက ပင်မဂိုဏ်းကြီးနဲ့ အဆက်အသွယ် မရှိတာ ငါတို့ အတည်ပြုပြီးပြီ။ ဒါကြောင့် သူတို့မှာ ကူညီမယ့်သူ မရှိဘူး။ သူတို့ဂိုဏ်း ပြိုကွဲသွားရင်တောင် ဘယ်သူမှ ငါတို့ နတ်ဓားဂိုဏ်းဆီ ခြေရာခံ လိုက်လာနိုင်မှာ မဟုတ်ဘူး"
"ဘယ်လိုပဲဖြစ်ဖြစ် ဒီဂိုဏ်းက ပျက်စီးကို ပျက်စီးရမယ်။ ဟို 'ဝတ်ရုံနက်' ပုဂ္ဂိုလ်က သူ့သား အဖြူရောင်ဝတ်စုံနဲ့ လူငယ်လက်ချက်နဲ့ သေသွားတယ်ဆိုတာ သိသွားပြီ..."
"ဒါပေမဲ့ တကယ်ရော အဲဒီလူ လက်ချက်နဲ့ သေတာ ဟုတ်ရဲ့လား" ဘေးနားရှိ အစွမ်းထက်သူ တစ်ဦးက သံသယဖြင့် မေးလိုက်သည်။
"ဂရုစိုက်နေစရာ မလိုဘူး။ ဝတ်ရုံနက်ရဲ့ ဒေါသကို ပြေစေဖို့ တစ်ယောက်ယောက်ကိုတော့ ဓားစာခံ လုပ်ရမှာပဲ။ မဟုတ်ရင် အဲဒီလူကြီး ဒေါသထွက်လာပြီး ငါတို့ဂိုဏ်းကသာ မဖြေရှင်းပေးနိုင်ရင် နောက်ဆက်တွဲ အကျိုးဆက်က တွေးရဲစရာမဟုတ်ဘူး"
လူတစ်စုသည် ကောင်းကင်ဘုံဓားဂိုဏ်း အပြင်ဘက်သို့ ဖြည်းညှင်းစွာ ရောက်ရှိလာပြီး ဂိုဏ်းကို ဝိုင်းရံလိုက်ကြသည်။
အမှောင်မြူခိုးများ ပတ်ဝန်းကျင်တွင် လွင့်ပျံနေသည်။
ကျောဘက်တွင် ဓားရှည်များကို လွယ်ထားကြသော ထိုအစွမ်းထက် ကျင့်ကြံသူများထဲတွင် အနိမ့်ဆုံးမှာ ချီထိန်းချုပ်ခြင်းအဆင့် ထိပ်ဆုံးရောက်နေသူများ ဖြစ်ကြပြီး နတ်တံတားအဆင့် ကျင့်ကြံသူများပင် ဆယ်ယောက်မက ပါဝင်နေသည်။
"စတင် လှုပ်ရှားမယ်"
အမိန့်သံ ပေးလိုက်သည်နှင့်...
နတ်ဓားဂိုဏ်းမှ အစွမ်းထက်သူ အားလုံး၏မျက်လုံးများ ချက်ချင်းအေးစက်သွားကြတော့သည်။