ရန်သူများ တိုက်ခိုက်လာခြင်း
Vol. 1 Ch. 286
"ဖုန်း ... ဖုန်း ... ဖုန်း"
တောင်ဘက်အဆောင်ရှိ တစ်ခုသော လေ့ကျင့်ရေး အခန်းတွင်းဝယ် ကျန်းရီသည် အနက်ရောင် အတွင်းအားများကို စုစည်း၍ ရှေ့ရှိ ကျောက်နံရံကြီးထံ ထိုးချလိုက်သည်။ ကျောက်နံရံကြီးသည် အနက်ရောင် အလင်းစက်လေးများ လင်းလက်လာခဲ့သည်။ အလင်းစက်လေးများသည် တစ်စတစ်စ ပိုမိုများပြား လာခဲ့ပြီး ခဏကြာသော် ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။
"အဆငါးဆယ်တဲ့လား၊ မြင်းကောင်ရေ ငါးဆယ်ရဲ့ စွမ်းအား ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ကျန်းရီသည် အနက်ရောင် အလင်းစက်လေးများကို ရေတွက်လိုက်ပြီး မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။
သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ထိပ်ဆုံးအဆင့်သည် မြင်းကောင်ရေ ကိုးကောင်၏ စွမ်းအားကို ပိုင်ဆိုင်ပြီး ခရမ်းရောင်နန်းတော်ရှင် ပထမဆုံးအဆင့်သည် မြင်းကောင်ရေ ဆယ်ကောင်၏ စွမ်းအားကို ပိုင်ဆိုင်သည်။ ခရမ်းရောင်နန်းတော်ရှင် ဒုတိယအဆင့် ဆိုလျှင် အင်အား တစ်ဟုန်ထိုး တိုးတက်သွားမည် ဖြစ်၍ မြင်းကောင်ရေ နှစ်ဆယ်၏ စွမ်းအားကို ပိုင်ဆိုင်လာလိမ့်မည်။ မြင်းကောင်ရေ ငါးဆယ်၏ စွမ်းအား ဟူသည်မှာ ခရမ်းရောင်နန်းတော်ရှင် ပဉ္စမအဆင့်များသာ ပိုင်ဆိုင်သည့် စွမ်းအား ဖြစ်လေသည်။
မူလက သူသည် ခရမ်းရောင်နန်းတော်ရှင် ဒုတိယအဆင့်သာ ဖြစ်၍ မြင်းကောင်ရေ နှစ်ဆယ်၏ စွမ်းအားကိုသာ ပိုင်ဆိုင်ထားသည်။ အနက်ရောင် အတွင်းအားကို သုံး၍ အင်အားကို မြှင့်တင်လိုက်မည် ဆိုလျှင်တောင် မြင်းကောင်ရေ သုံးဆယ်၏ စွမ်းအား ရလာပါက ချီးကျူးချင်စရာ ကောင်းနေလေပြီ။ ယခု သူ့စွမ်းအားသည် မြင်းကောင်ရေ ငါးဆယ်၏ စွမ်းအားနှင့် ညီမျှနေသည်။ ဤသည်မှာ အနည်းဆုံး သူ့ကျင့်ကြံဆင့်သည် ခရမ်းရောင်နန်းတော်ရှင် စတုတ္ထအဆင့်သို့ ရောက်နေပြီဟု ဆိုနိုင်လေသည်။
"ကောင်းကင်ကျောက်တုံး တစ်ခုက ကျင့်ကြံဆင့်ကို နှစ်ဆင့်တောင် မြင့်သွားစေတယ်လား"
ကျန်းရီ တံတွေးတစ်ချက် မျိုချလိုက်မိသည်။ ကောင်းကင်ကျောက်တုံးသည် ကျင့်ကြံရေး အထောက်အကူပြု ပစ္စည်းများတွင် နံပါတ်တစ်ဖြစ်၍ အလွန်အမင်း ရှားပါးသည်။ ကောင်းကင်ကျောက်တုံး တစ်တုံးတည်းဖြင့် ကောင်းကင်အဆင့် လက်နက်များစွာနှင့် အလဲအလှယ် လုပ်နိုင်သည်ဟုတောင် သူကြားခဲ့သည်။ မင်းသမီး လင်းရွှယ်သည် သူကောင်းကင်ကျောက်တုံး ငါးခုလုံးကို သန့်စင်ပါက စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့်သို့ ရောက်သွားလိမ့်မည်ဟု ပြောခဲ့ဖူးသော်လည်း ဤမျှ လွန်ကဲနေမည်ဟု သူမထင်ထားခဲ့ပေ။
"မိုးပြာနဂါး အင်ပါယာမှာ စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်တွေ အများကြီးရှိနေတာ အံ့သြစရာ မဟုတ်တော့ဘူး"
ကျန်းရီ ရေရွတ်လိုက်မိသည်။ မိုးပြာနဂါး အင်ပါယာတွင် လက်နက်ရတနာများ မရေမတွက် နိုင်အောင်ရှိ၍ စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့်များ မွေးထုတ်နိုင်ရန် ကောင်းကင် ကျောက်တုံးများကို အားကိုးနိုင်သည်။ နတ်ဆိုးသားရဲများ ပုန်ကန် ထကြွခြင်းသာ မရှိခဲ့လျှင် အင်ပါယာတွင် စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်များ ပို၍ပင် များပြားပေဦးမည်။ မည်သို့ပင် ဆိုစေကာမူ သာမန် စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် တစ်ဦး၏ သက်တမ်းမှာ ပျမ်းမျှအားဖြင့် နှစ်သုံးရာ ဖြစ်လေသည်။
"မိုးပြာနဂါး အင်ပါယာက ကောင်းကင်ကျောက်တုံးတွေ အများကြီး ဘယ်ကရတာလဲ"
ကျန်းရီ၏ စိတ်ထဲတွင် မေးခွန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။ ကောင်းကင်ကျောက်တုံးများသည် ကောင်းကင်ဘုံ ကိုးဆင့်မှ ကျဆင်းလာ၍ နတ်ဘုရားများ ချီးမြှင့်သော ဥက္ကာခဲများဟု ဆိုကြသည်။ ထိုရှင်းပြချက်ကို သူမယုံပေ။ ကောင်းကင် ကျောက်တုံးများသာ ကောင်းကင်မှ ကျဆင်းလာသည် ဆိုပါက ဂိုဏ်းကြီးများတွင်လည်း ထိုက်သင့်သလောက် ရှိသင့်သည်။ ထို့ပြင် အမှန်တကယ် ကောင်းကင်မှ ကျဆင်းလာလျှင် ကြယ်ကောင်းကင် မြို့တစ်မြို့တည်းတွင်သာ မကျသင့်ပေ။
"သတ္တုကြော"
ကျန်းရီသည် ဖြစ်နိုင်ချေ တစ်ခုကို တွေးမိသွားခဲ့သည်။ မိုးပြာနဂါး အင်ပါယာသည် သတ္ထုကြော တစ်ခုကို ချုပ်ကိုင်ထားခြင်း ဖြစ်နိုင်သည်။ လက်အောက်ခံနိုင်ငံ ခြောက်ခုတွင်လည်း သတ္ထုကြောများ ရှိလောက်သော်လည်း မိုးပြာနဂါး အင်ပါယာတွင် ရှိသော သတ္ထုကြောလောက် ကြီးမည် မဟုတ်သည်မှာ သေချာသည်။ ထိုကဲ့သို့သော သတ္ထုကြောများသည် အင်ပါယာ မိသားစုနှင့် တော်ဝင်မိသားစု ခြောက်ခုတို့၏ အသက်သွေးကြောများ ဖြစ်ကြသည်။ ထို့ကြောင့် အခြား မင်းမျိုးနွယ်ဝင် ဂိုဏ်းကြီးများမှာ ဝေစုရရန် အခွင့်အရေး မရှိချေ။
"ငါအခု ဘယ်ကျင့်ကြံဆင့် မှာပါလိမ့်"
ကျန်းရီသည် စိတ်ရှုပ်နေခဲ့သည်။ သူသည် လေ့ကျင့်ရေး အခန်းထဲတွင် ပုံရိပ်များ ဖြစ်သွားသည် အထိ ရွေ့လျား ကြည့်လိုက်သည်။ အကြိမ် အနည်းငယ် ပြေးလွှားကြည့်ပြီးမှ သူမယုံနိုင်စွာ သက်ပြင်းချလိုက်သည်။
"ငါ့အမြန်နှုန်းက ခရမ်းရောင်နန်းတော်ရှင် စတုတ္ထအဆင့်နဲ့ ယှဉ်လို့ရပြီ၊ ဒါပေမဲ့ ခွန်အားကတော့ ခရမ်းရောင်နန်းတော်ရှင် ပဉ္စမအဆင့်နဲ့ ညီမျှနေတယ်"
"တော်ပြီ ... တွေးမနေတော့ဘူး၊ ပြန်ပြီး ကျန်တဲ့ ကောင်းကင်ကျောက်တုံး နှစ်ခုက စွမ်းအင်တွေကို စုပ်ယူပြီးမှ ဆက်စဉ်းစားမယ်၊ ကြယ်ကိုးခုလုံး အနက်ရောင် အတွင်းအားတွေနဲ့ ပြည့်သွားရင် ဘယ်လို ဆက်ဖြစ်လာမလဲ သိချင်နေပြီ"
ကျန်းရီသည် တီးတိုး ရေရွတ်လိုက်ပြီး အပြင်ဘက်သို့ ထွက်လာခဲ့သည်။ လမ်းတွင် သူသည် သင်တန်းကျောင်းမှ ကျောင်းသားများစွာနှင့် တွေ့ခဲ့သည်။ လူတိုင်းသည် ကျန်းရီ လျှောက်လာသည်ကို မြင်သောအခါ လမ်းဖယ်၍ ဘေးဘက်တွင် ရပ်နေကြပြီး သူ့အား လေးစားအားကျသော မျက်လုံးများနှင့် ကြည့်နေကြလေသည်။ ကျန်းရီသည် သူ့ကိုသူ မကောင်းဆိုးဝါး တစ်ကောင်နှယ် အကြည့်ခံ နေရသည်ဟု ခံစားလိုက်ရသည်။
ကျန်းရီသည် သူ့အဆောင်တွင်သူ ရက်အနည်းငယ် အနားယူ၍ ထပ်မံ တံခါးပိတ် ကျင့်ကြံသည်။ ငါးရက်ကြာသော် သူပြန်ထွက်လာခဲ့သည်။ သူ့ကိုယ်မှ ထွက်နေသော အရှိန်အဝါတို့ သည်လည်း ပိုမိုအားကောင်း နေခဲ့သည်။
"အစ်ကိုကြီး ... ဘာလို့ မင်းသမီး လင်းရွှယ်ဆီက ကောင်းကင်ကျောက်တုံးတွေ ထပ်တောင်း မလာတာလဲ၊ အင်ပါယာမျိုးနွယ် အတွက် မင်းအကျိုးဆောင် ပေးခဲ့တာကို ကြည့်ရင် သူမက မင်းကို ကောင်းကင်ကျောက်တုံး တစ်ရာ၊ နှစ်ရာတောင် ပေးလိုက်သင့်တယ် … ဟားဟား ... မင်းမှာ ကောင်းကင်ကျောက်တုံး တစ်ရာ၊ နှစ်ရာသာ ရှိမယ်ဆိုရင် စိတ်ဝိညာဉ်မျောလွင့် ခရီးသည် ထိပ်ဆုံးအဆင့်ကိုတောင် တစ်ခါတည်း ရောက်သွားလိမ့်မယ်"
ချမ်ဝမ်ကွမ်သည် ကျန်းရီ၏ အရှိန်အဝါတို့ အားကောင်းလာသည်ကို ခံစားမိ၍ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ သူ့အတွက် ကျန်းရီ ပိုအားကောင်းလေလေ ကောင်းလေလေ ဖြစ်သည်။ အနာဂတ်တွင် သူအသတ် ခံလိုက်ရပါက အနည်းဆုံးတော့ ကျန်းရီသည် သူ့အတွက် လက်စားချေ ပေးနိုင်လောက်သည် မဟုတ်ပါလော။
"..."
ကျန်းရီသည် ချမ်ဝမ်ကွမ်ကို ကြည့်ကာ ဆွံ့အသွားခဲ့သည်။ ကောင်းကင်ကျောက်တုံးများအား ဂေါ်ဖီထုပ်များ ထင်နေသည်လော။ ကောင်းကင်ကျောက်တုံး အတုံးနှစ်ရာခန့် တောင်းခြင်း ... သူအမှန်တကယ် တောင်းလျှင် နှစ်ရာမပြောနှင့် လင်းရွှယ်သည် ထိုမျှမကတောင် ပေးကောင်း ပေးလာနိုင်သည်။
သို့သော် ထိုပမာဏကို သူရပြီးသည်နှင့် မိုးပြာနဂါး အင်ပါယာထံတွင် အပြီးတိုင်ချည်နှောင် ခံလိုက်ရမည် ဖြစ်သည်။ သူ့တွင် အင်အားစု တစ်ခုအတွက် သူ့ကိုသူ ရင်း၍ အလုပ်လုပ်ပေးရန် ဆန္ဒမရှိချေ။
"ကောင်းကင်ကျောက်တုံး တစ်ရာ၊ နှစ်ရာ ဟုတ်လား"
ကျန်းရီသည် တစ်ခုခုကို တွေးမိသွားကာ မေးလိုက်သည်။
"ကောင်းကင်ကျောက်တုံး တစ်တုံးမှာ စွမ်းအင်တွေ ဒီလောက်များတာ စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့် ရောက်အောင်ကျင့်ကြံဖို့ ဆယ်ဂဏန်းလောက်ဆို ရပြီ မဟုတ်ဘူးလား ... ဘာလို့ လူတစ်ယောက်တည်းနဲ့ တစ်ရာ၊ နှစ်ရာလောက် လိုမှာလဲ"
" ..."
ဤတစ်ခေါက်တွင် ဆွံ့အသွားရသူမှာ ချမ်ဝမ်ကွမ် ဖြစ်သည်။ ဘေးတွင် ထိုင်နေသော ကျန်းယွင်ဟိုင်သည် ရယ်မောကာ ရှင်းပြလာလေ၏။
"အရှင်ငယ် ... စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်တွေမှာ စွမ်းအင် လိုအပ်ချက်က ခရမ်းရောင် နန်းတော်ရှင်တွေထက် ဆယ်ဆမက များပြားတယ်၊ ကျင့်ကြံဆင့် မြင့်လေလေ အဆင့်တက်ဖို့ ပိုပြီးခက်ခဲ လာလေလေပဲ ... အရှင်ငယ် တွက်သလိုဆိုရင် မိုးပြာနဂါး အင်ပါယာမှာ စိတ်ဝိညာဉ်မျောလွင့် ခရီးသည် ထိပ်ဆုံးအဆင့်တွေ အများကြီး ဖြစ်နေမှာပေါ့"
"အဲ့လိုကိုး"
ကျန်းရီသည် အနည်းငယ် စိတ်ပေါ့ပါးသွား၍ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"ငါနှစ်ရက် နားပြီးရင် နောက်ဆုံးကောင်းကင် ကျောက်တုံးကို သန့်စင်တော့မယ်၊ ငါ့အင်အားက ပိုပြီး တိုးတက်လာတော့မယ်"
ကျန်းယွင်ဟိုင်သည် ကျန်းရီအား အဆိုပြုလာလေ၏။
"အရှင်ငယ် ... ဒီလောက် အလျင်မလိုပါနဲ့၊ ရက်နည်းနည်းလောက် ပိုပြီး နားလိုက်ပါဦး၊ ဝိညာဉ်စွမ်းအား ပေါများတဲ့ ဆေးပင်တွေ၊ ကျောက်တုံးတွေကနေ စွမ်းအင်တွေ ဆက်တိုက် စုပ်ယူတာက ခန္ဓာကိုယ်အတွက် မကောင်းဘူး"
***
အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ ကျန်းရီ သင်တန်းကျောင်းသို့ ပြန်ရောက်နေသည်မှာ တစ်လပင် ပြည့်သွားခဲ့လေပြီ။ ကောင်းကင်ကျောက်တုံး သုံးတုံးလုံးမှ စွမ်းအင်များကို စုပ်ယူပြီးနောက် ကျန်းရီ၏ ပြင်ပခွန်အားသည် ခရမ်းရောင်နန်းတော်ရှင် အမြင့်ဆုံးအဆင့်နှင့် ယှဉ်နိုင်သည့် အနေအထားတွင် ဖြစ်သည်။ သူ့အမြန်နှုန်းသည် ခရမ်းရောင်နန်းတော်ရှင် သတ္တမအဆင့် အနေလောက်ဖြစ်၍ ခုခံနိုင်စွမ်းသည် ခရမ်းရောင်နန်းတော်ရှင် တတိယ အဆင့်ခန့်တွင်သာ ရှိသည်။ သူ၏ တိုက်ခိုက်နှုန်းမှာ ခရမ်းရောင်နန်းတော်ရှင် စတုတ္ထအဆင့်နှင့် ပဉ္စမအဆင့်ခန့်တွင် ဖြစ်သည်။ ကျန်းရီတစ်ယောက်သည် ဒန်တျန်းပုံစံ ပြောင်းလဲသွားမှုကြောင့် သူမည်သည့် ကျင့်ကြံဆင့် ရောက်နေမှန်း မသိသောကြောင့် စိတ်လေ၍နေသည်။
ကျန်းရီသည် အတွင်းအားများနှင့် ပြင်ပခွန်အားတို့ မတရား ထိုးတက်လာခဲ့သည်။ သို့သော်လည်း သူ၏ လှုပ်ရှားမှု အမြန်နှုန်းနှင့် တိုက်ခိုက်နှုန်းတို့သည် အနည်းငယ် နိမ့်ကျနေပြီး ခုခံနိုင်စွမ်းမှာ ပို၍ပင် ဆိုးနေခဲ့သည်။ သူသည် အခြေခံခိုင်အောင် ပုံမှန် လေ့ကျင့်သွားခြင်း မဟုတ်ဘဲ အချိန်တိုအတွင်း အင်အားများ ထိုးတက်သွားခြင်း ဖြစ်သည်။ ထို့ကြောင့် သူကိုယ်သည် အတွင်းအားဖြင့် အားဖြည့်ရန် အချိန် မလုံလောက်ဘဲ အားနည်းနေခဲ့ခြင်း ဖြစ်သည်။
နောက်ပိုင်း ကာလများတွင် ကျန်းရီသည် သူ့ကျင့်ကြံဆင့် အခြေခံခိုင်အောင် ကြိုးစားကျင့်ကြံ နေခဲ့သည်။ ကျန်းယွင်ဟိုင်နှင့် ကျန်းရှောင်နူတို့သည် သူတို့အား သင်တန်းကျောင်းမှ လူများက ယဉ်ယဉ်ကျေးကျေးနှင့် မိသားစုကဲ့သို့ပင် သဘောထားကာ ဆက်ဆံသောကြောင့် ဝိညာဉ် သားရဲတောင်တွင်သာ နေထိုင်ကြရန် ဆုံးဖြတ်လိုက်ကြသည်။
ချမ်ဝမ်ကွမ်ကမူ ထူးဆန်းစွာဖြင့် တစ်ချိန်လုံး ပျောက်နေတတ်သည်။ ချမ်ဝမ်ကွမ်သည် နိုင်ငံသုံးခု၏ ကုန်သွယ်ရေးကို ကိုင်တွယ် နေရသည်ဖြစ်ရာ ကျန်းရီမှာ ထူးဆန်းသည်ဟု မတွေးတော့ဘဲ စိတ်ထဲမှ ထုတ်၍သာ ထားလိုက်သည်။ သူသည် အေးအေးချမ်းချမ်းသာ ကျင့်ကြံ၍ နေခဲ့သည်။
"ဘန်း"
တစ်နေ့သော သန်းခေါင်ယံတွင် ဝိညာဉ်သားရဲ သင်တန်းကျောင်း၏ ပတ်ဝန်းကျင်မှ မီးရှူးမီးပန်းများ လွင့်တက်လာခဲ့သည်။ သင်တန်းကျောင်းမှ လူတိုင်းသည် လန့်နိုးကာ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြသည်။ ကျင့်ကြံသည့် အခန်းတွင်း ရှိနေသော ကျန်းရီသည်လည်း မျက်လုံးများ ဖျတ်ခနဲ ပွင့်လာခဲ့သည်။
"အချက်ပြမီးရှူး ... ရန်သူတွေ တိုက်ခိုက်လာတာလား"
ကျန်းရီသည် မျက်တောင် တဖျတ်ဖျတ်ခတ်၍ ကြမ်းပြင်ပေါ်မှ ခုန်ထကာ ကျင့်ကြံသည့် အခန်းထဲမှ ပြေးထွက်လာခဲ့သည်။ ထို့နောက် သူသည် အဝတ်အစားများနှင့် ဘောင်းဘီများကို ကိုင်၍ ဖရိုဖရဲ ပြေးထွက်လာသည့် ချမ်ဝမ်ကွမ်နှင့် တည့်တည့်တိုးလေသည်။ နှစ်ယောက်သားသည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ မှင်တက်နေကြပြီး ချမ်ဝမ်ကွမ်သည် အော်မေးလိုက်သည်။
"လျှိုလောင် ... ဘယ်လို အခြေအနေလဲ "
"ဝှစ်"
ချမ်ဝမ်ကွမ်၏ လျှို့ဝှက် သက်တော်စောင့်သည် လှစ်ခနဲ ရောက်လာခဲ့ပြီး မျက်နှာ မသာမယာနှင့် ပြောလာလေ၏။
"ကျွန်တော်တို့လည်း မသိသေးဘူး၊ ဒါပေမဲ့ အချက်ပြမီးရှူးက တော်တော် အရေးကြီးကြောင်း ပြနေတယ် ... တော်တော်အားကောင်းတဲ့ ရန်သူတွေ တိုက်ခိုက်လာတာပဲ ဖြစ်ရမယ်"
"ဝှစ် ... ဝှစ် ... ဝှစ်"
အရိပ်များစွာ တို့သည် အတွင်းဆောင်များ ဘက်မှ ထွက်ပေါ်လာခဲ့ပြီး ကျောင်းအုပ်ချီနှင့် လူတစ်စုသည် အမြန်ဆုံးနှုန်းနှင့် သင်တန်းကျောင်း အပြင်ဘက်သို့ ပြေးထွက်လာကြသည်။
ကျန်းရီသည် အံကြိတ်၍ ထိုလူများနောက်မှ ပြေးလိုက်သွားခဲ့ပြီး ချမ်ဝမ်ကွမ်အား အော်ပြောခဲ့သည်။
"ဝမ်ကွမ် ... ရှောင်နူနဲ့ ငါ့အဘိုးကို သေချာ ဂရုစိုက်ထားပေး၊ ငါသွားကြည့်ဦးမယ်"
"မကြောက်ကြနဲ့ ... ရန်သူတွေ တိုက်ခိုက်တာ မဟုတ်ဘူး"
ထိုခဏတွင် အင်အားအပြည့် ကိန်းအောင်းနေသော အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး သင်တန်းကျောင်း တစ်ခုလုံးအား ငြိမ်သက် သွားစေခဲ့သည်။ ကျူးကော့ချမ်ယွမ် ထိုကဲ့သို့ ကြေညာလာလေရာ ကြီးကြီးကျယ်ကျယ် ကိစ္စ မဟုတ်လောက်ပေ။
ကျန်းရီသည် ရပ်တန့်လိုက်ပြီး သွားကြည့်သင့်သလား၊ လှည့်ပြန်သင့်သလား မသိဖြစ်နေချိန်တွင် ကျူးကော့ချမ်ယွမ်၏ အသံသည် ရုတ်တရက် သူ့နားအတွင်း ပဲ့တင်ထပ်လာခဲ့သည်။
"ကျန်းရီ ... တောင်အောက်ကို တစ်ခေါက် ဆင်းချေဦး၊ အဲဒီမြေခွေးလေးက နတ်ဆိုးဘုရင် နှစ်ကောင်နဲ့အတူ တောင်ခြေမှာ ရောက်နေတယ်၊ သူမင်းကို လာရှာတာလို့ ငါပြောနိုင်တယ်"
***