အချက်အပြုတ်နတ်ဘုရားလား? ၂
Vol. 79 Ch. 1174
အခုအမဲသားရောက်လာပြီဆိုတော့ အချိန်ဆွဲနေစရာအကြောင်းမရှိ။
တန်းမြည်းကြသည်။
အမဲသားပါးစပ်ထဲရောက်သည်နှင့် အရသာ +၄ က စိမ့်ဝင်လာ၏။ ဝါးကြည့်ပြီးနောက် အတွေ့အထိ +၄ ကြောင့် မရပ်တန့်နိုင်။ အမှတ်တမဲ့ပါးစပ်လှုပ်မိကြသည်။
အကဲဖြတ်သူတစ်ဦးမှာ အရသာရှိလွန်း၍ လျှာကိုက်မိမတတ်ပင်။
အကဲဖြတ်သူများအဖို့ရှက်စရာဖြစ်နေသည်။
ဒါကလည်း အမဲသားဘယ်လောက်အံ့ဩဖို့ကောင်းကြောင်းသက်သေပြနေခြင်းပင်။
+၃ အစားအစာတောင် အနောက်တိုင်းရဲ့နံပါတ်တစ်စားဖိုမှူး Lasda ကိုတုန်လှုပ်စေသည်။ +၄ စားကောင်းသောက်ဖွယ်မှာ မှော်ဆန်သလိုဖြစ်နေတော့၏။
Haiga တို့ဂျပန်အကဲဖြတ်သူများတောင် အမဲသားစားပြီးကြောင်နေသည်။
စကားတစ်ခွန်းမှမဟနိုင်။
ဘယ်လောက်ပဲမာနထားပြီး ဝန်မခံချင်ပါစေ၊ ဒီအမဲသားက သူတို့အမဲသားကိုအနိုင်ပိုင်းသွားပြီ။
ဒီလိုစားကောင်းသောက်ဖွယ်မျိုးကို သူတို့ဂျပန်ကဘယ်စားဖိုမှူးမှမလုပ်နိုင်။
သူတို့မှာဆိတ်ဆိတ်နေပြီးသာ ကြိတ်စားနေရသည်။
ဒီလိုအရသာမျိုးတွေ့ပြီး အမဲသားကြောင့်အရှက်ရသည်ကိုဘေးချိတ်ထားလိုက်ကြသည်။
"တကယ်အရသာရှိတာ... ဘယ်လိုပြောပြရမှန်းတောင်မသိဘူး''
Feida က ရေရွတ်သည်။
"အင်း အင်း.. ငါစားဖူးသမျှထဲမှာ အကောင်းဆုံးပဲ''
နောက်တစ်ယောက်ကဝင်ပြောသည်။
"မယုံနိုင်စရာပဲ.. သူကစားဖိုမှူးရောဟုတ်ရဲ့လား? မှော်တွေဘာတွေတတ်လား?''
"မဟုတ်ဘူး.. သူကစားဖိုမှူးမဟုတ်ဘူး... သိပ္ပံပညာရှင်လေ''
Feida: ''အား ယား''
အကဲဖြတ်သူများ: ''အလိုလေး''
အကဲဖြတ်သူများကြောင်နေသည်။
"ဟုတ်တယ်.. သူကစားဖိုမှူးမဟုတ်ဘူး... သွေးခဲပလိပ်ရောဂါဆေးဖော်ခဲ့တဲ့သိပ္ပံပညာရှင်ပဲ''
ဒါပေမဲ့ သိပ္ပံပညာရှင်က ဘယ်စားဖိုမှူးမှမလုပ်နိုင်တဲ့စားကောင်းသောက်ဖွယ်မျိုးလုပ်တတ်နေသည်။
အချက်အပြုတ်နဲ့သိပ္ပံပညာ ဘာဆိုင်လဲ?
လင်းလန်ဇီကလျှောက်ဝင်လာပြီး Feida တို့အကဲဖြတ်သူများကိုပြုံးပြုံးနှင့်မေးသည်_
"လူကြီးမင်းတို့.. ရှောင်ချင်ရဲ့အမဲသားကဘယ်လိုလဲ?''
သူဌေးလက်ရာကောင်းမှန်း သူမသိသည်။ အမဲသားကိုစားမကြည့်ရင်တောင် အရသာရှိနေလိမ့်မည်။ Lasda တို့အကဲဖြတ်သူတွေအငမ်းမရစားနေပုံကိုကြည့်ရင်သိနိုင်သည်။
သူမကဝင်လာပြီး အင်တာဗျူးချင်နေသည်။ ဒီအကဲဖြတ်သူတွေက အရသာရှိတယ်လို့ပြောရင် ချင်းလင်အမဲသားအတွက်ပိုကောင်းသည်။
ဘာပဲဖြစ်ဖြစ် ချင်းလင်အမဲသားနှင့်ချက်ထားခြင်းပင်။
Feida က ချက်ချင်းခေါင်းတဆတ်ဆတ်ညိမ့်လိုက်ကာ_
"မစ္စ.. ရှောင်ချင်ရဲ့အမဲသားက အရမ်းအရသာရှိတယ်... ဒါလည်းချင်းလင်အမဲသားဆိုပေမဲ့ သူကဒီလိုအရသာရှိတဲ့ဟင်းပွဲမျိုးဖြစ်အောင်လုပ်နိုင်တယ်''
တခြားအကဲဖြတ်သူများက ဝင်ပြောသည်။
"အင်း.. ဒီလိုအရသာရှိတဲ့အစားအစာမျိုးက စွဲမက်စရာပဲ''
"ဘယ်စားဖိုမှူးမှ ဒါမျိုးမလုပ်နိုင်ဘူး''
"ငါဒီလောက်နှစ်တွေအများကြီးနေခဲ့တာ ဒီလိုစားကောင်းသောက်ဖွယ်မျိုးစားဖူးတာ ဒါပထမဆုံးပဲ''
“……”
အကဲဖြတ်သူများ၏ချီးကျူးစကားကို လင်းလန်ဇီဖြစ်စေချင်သလို ဗီဒီယိုရိုက်ယူထားသည်။
စားသောက်ပွဲကျင်းပပြီး ထိထိရောက်ရောက်ရှိသောကြောင့် ရုံချန်းကလည်း ဒုတိယအကြိမ်၊တတိယအကြိမ်ကျင်းပနိုင်ရန်မျှော်လင့်ထားသည်။
ဒီတော့ သူပစ္စည်းကြိုစုထားရမယ်မလား?
ရှေ့လျှောက် ကမ္ဘာမှာနာမည်ကြီးလာရင် တခြားနိုင်ငံကစားဖိုမှူးတွေလည်းလာချင်ကြမည်။
သူတို့လာမလာအပေါ်သာ မူတည်၏။
Feida က သိပ်တွေးမနေ။ သူကချီးကျူးပြီး လောလောနှင့်မေးလိုက်သည်_
"မစ္စ.. မင်းတို့စားသောက်ပွဲက နောက်တစ်ကြိမ်ဘယ်တော့လုပ်မလဲ? စားသောက်ပွဲမှာ ရှောင်ချင်ချက်ဦးမလား?''
သူ့စကားကြောင့် တခြားအကဲဖြတ်သူများချက်ချင်းစိတ်ဝင်စားသွားသည်။
Feida ပြောတာ သူတို့သဘောပေါက်သည်။ စားသောက်ပွဲရှိရင် ဘာကြောင့်သူလာမလဲ?
လင်းလန်ဇီကပြုံးပြီး ပြန်ဖြေသည်_
"ကျွန်မတို့ချင်းလင်စံအိမ်က စားသောက်ပွဲလုပ်ဦးမှာပါ... ရှောင်ချင်ချက်မချက်ကတော့ သူ့ဆန္ဒအပေါ်ပဲမူတည်ပါတယ်... ဒါပေမဲ့ ပါဝင်ပစ္စည်းတွေမပြောင်းပါဘူး''
"မစ္စ.. အဲဒီအချိန်ကျရင် ငါ့ကိုဖိတ်ပါ''
Feida က ချက်ချင်းပင်_
"ဖိတ်ကိုဖိတ်ရမယ်နော်''
တခြားအကဲဖြတ်သူများကနားထောင်ရင်း သူတို့ကိုလည်းထပ်ဖိတ်စေလိုကြောင်းပြောကြသည်။
"ငါ့ကိုလည်းဖိတ်ပါ''
အချိန်အခါမဟုတ် Haiga အသံထွက်လာသည်။
လင်းလန်ဇီကကြောင်ပြီး Haiga ကိုတွေးတွေးဆဆကြည့်လိုက်သည်။
Haiga က ရှက်ကိုးရှက်ကန်းဖြစ်သွားကာ_
"အဲဒီကျရင် ငါ့ကိုဖိတ်ပေးပါ''
နောက်ဆုံးတော့ သူလည်း ဒီလိုအရသာရှိတဲ့အစားအစာရဲ့ဆွဲဆောင်မှုကိုတင်းမခံနိုင်သောအကဲဖြတ်သူတစ်ဦးဖြစ်လေသည်။ အထူးသဖြင့် ရှောင်ချင်ရဲ့လက်ရာကြောင့် ချင်းလင်စံအိမ်စားသောက်ပွဲက မကြာခင်ကမ္ဘာ့နာမည်အကြီးဆုံးစားသောက်ပွဲဖြစ်တော့မည်။
ဒီလိုစားသောက်ပွဲမျိုးမှာ ဘယ်အကဲဖြတ်သူမဆိုပါချင်သည်။
Feida တို့ဘယ်လိုဖြစ်နေလဲသာကြည့်?
ဒီလိုစားသောက်ပွဲမျိုးမှာချန်ထားခံရရင် နာမည်ငုပ်သွားနိုင်သည်။
သူဒီလိုနှိမ့်ချခြင်းမှာ အကဲဖြတ်သူ၏ဂုဏ်နှင့်အဆင့်အတန်းကြောင့်ဖြစ်သည်။
Feida တို့အကဲဖြတ်သူများက အချိန်မဆိုင်းဘဲ လက်ကျန်အမဲသားကိုဖြတ်လိုက်ကြသည်။
အမဲသားကအများကြီးမရ။ သူတို့ထပ်စားချင်သေးသည်။
စားပြီးနောက် Feida တို့မှာ ပန်းကန်အလွတ်ကိုကြည့်ရင်း တစ်ခုခုဟာသွားသလို၊အံ့ဖွယ်တစ်ခုခုပျောက်ဆုံးသွားသလိုခံစားရသည်။
ထို့နောက် Feida က ဖုန်းထုတ်ပြီး ဗီဒီယိုမျှဝေလိုက်ပြန်သည်။
သာမန်လူတွေပဲ အခိုက်အတန့်များမှာတင်ကြမည်ဟုမထင်လေနှင့်။ ဆယ်လီများ၊သူဌေးပေါက်စများ၊အကဲဖြတ်သူများလည်း အတူတူပင်။
သာမန်လူတွေက သူတို့အခိုက်အတန့်များကိုမကြည့်နိုင်ခြင်းသာ။ တစ်ခါတလေ သာမန်လူတွေထက်တောင်ပိုတင်ကြသေးသည်။
ဒုတိယမျိုးဆက်သူဌေးသားအသိုင်းအဝိုင်းတင် အကြောင်းသိကြတာမဟုတ်လား?
ခွေးကို ယွမ် ၁.၂ သန်းကျော်တန်နာရီဆင်ပေးသည်။ နေ့ခင်းဘက် ပြိုင်ကားမောင်း၊ ဂိုဒေါင်ထဲတွင် ပြိုင်ကားများတန်းစီထား၊ ညဘက်ကျ ထုတ်ကြွားသည်။
Feida က သူ့ဆိုရှယ်မီဒီယာပလက်ဖောင်းမှာတင်ပြန်သည်:
"ဒီတစ်ခါလာတာ ချင်းလင်အမဲသားဇာတ်လိုက်လို့ထင်ခဲ့တာ... ဒီလောက်အရသာရှိတဲ့အမဲသားမစားဖူးဘူး''
"ဒါပေမဲ့ ငါမှားသွားပြီ... မှော်ဆရာလိုစားဖိုမှူးမျိုး ဒီမှာရှိနေတာပဲ... ရှောင်ချင်... ဒီလိုအရသာရှိတဲ့အစားအစာမျိုးလုပ်နိုင်တဲ့သူရှိမယ်လို့ ငါလုံးဝမထင်မိဘူး''
"တကယ်တော့ အနောက်တိုင်းကအတော်ဆုံးစားဖိုမှူးတောင် ရှောင်ချင်ကိုရိုသေနေတာ... သူကယွမ်တစ်သန်းသုံးပြီး ရှောင်ချင်ရဲ့အမဲသားကိုဝယ်ခဲ့တယ်... သူက အချက်အပြုတ်နတ်ဘုရားဖြစ်မယ်''
"ဒီအရှေ့တိုင်းက တကယ်အံ့ဩစရာပဲ... အခုတော့ အစားအသောက်တိုင်းပြည်ဆိုတဲ့ နိုင်ငံတကာကောလာဟလကိုယုံသွားပြီ''
တခြားအကဲဖြတ်သူများလည်း မျှဝေကြသည်။
ထိုသတင်းက အနောက်တိုင်းမှာလျင်လျင်မြန်မြန်ပြန့်သွားသည်။ ကမ္ဘာမှာ သတင်းထက်မြန်တာမရှိ။
အကဲဖြတ်သူများမျှဝေသောချင်းလင်အမဲသားသတင်းကပြန့်သွားပြီး လူများစိတ်ဝင်စားလာကြသည်။
ဒီတစ်ခါ ပိုစိတ်ဝင်စားခံရ၏။ Lasda ပါနေသောကြောင့်ပင်။
Lasda က အနောက်တိုင်းမှာနာမည်ကြီးဖြစ်သည်။ သူ့ကိုကြယ်သုံးပွင့်မီချီလင်စားဖိုမှူးမှန်းသိကြပြီး ပြည်သူကအသိအမှတ်ပြုထားသည်။
ဒီလိုလူမျိုးပါနေရင် Feida ပြောတဲ့ 'အချက်အပြုတ်နတ်ဘုရားချင်'ဆိုတာကို စိတ်မဝင်စားဘဲနေဖို့မဖြစ်နိုင်။
ဘယ်လိုအစားအစာမျိုးမလို့ အကဲဖြတ်သူတွေက ဒီလောက်ချီးကျူးရတာလဲ?
…
ထိုအချိန်_
စားသောက်ပွဲထဲတွင် ချင်လင်မှာအမဲသားပန်းကန်ကိုအပြီးသတ်ပြီး ရုတ်တရက်တစ်ခုခုတွေးမိသည်။
သူလည်း +၄ အရည်အသွေးရှိတဲ့ဟင်းပွဲကိုလုပ်နိုင်တာ ဒါပထမဆုံးဖြစ်ပြီး စားသောက်ပွဲမှာသာချက်နိုင်သည်။
ကျောက်မိုချင်းနဲ့သူ့အမေ မစားရသေး။
သူကအမြန်နောက်တစ်အိုးယူခိုင်းပြီး အမဲသားတစ်တုံးထပ်ကိုင်ကာ စချက်သည်။
သူ့ဇနီးနဲ့အမေကိုအရသာတထပ်တည်းမကျွေးနိုင်ရင် သူလှည့်စားသလားဟုအပြောခံရနိုင်သည်။
နောက်ပြီး သူပြင်ဆင်ထားသောပါဝင်ပစ္စည်းများက နောက်တစ်အိုးစာလောက်သည်။
ချင်လင်၏လုပ်ရပ်ကြောင့် အားလုံးစိတ်ဝင်စားသွားသည်။
ဒီမတိုင်ခင်က ဘယ်သူမှမတွေးမိသလို သတိလည်းမထားမိ။ ဒီတစ်ခါ လက်မြန်သောခရီးသည်များကဖုန်းထုတ်ပြီး ချင်လင်ကိုဗီဒီယိုရိုက်ထားကြသည်။
တချို့ကလည်း ဖုန်းထုတ်ပြီးဓာတ်ပုံရိုက်ကြသည်။ ရှဲ့မျိုးရိုးဆယ်လီအပါအဝင် စားဖိုမှူးများလည်းရိုက်ကြသည်။
လောလောဆယ် သူကဆယ်လီမဟုတ်။ သူ့ရှေ့မှာ ရှောင်ချင်ရှိနေသည်။
လုပ်ပုံကိုင်ပုံတထပ်တည်း၊ အမြန်နှုန်းတထပ်တည်း၊ ပမာဏတထပ်တည်း...
မကြာမီ ချင်လင်ချက်ပြုတ်ပြီးနောက် အဖုံးဖွင့်ချိန်ရောက်လာသည်။
Feida တို့အကဲဖြတ်သူများတောင် မနေနိုင်ဘဲအနားလျှောက်လာကြ၏။ အမဲသားအခြေအနေကို သူတို့မျက်စိနှင့်တပ်အပ်ကြည့်ချင်သည်။
အချိန်စေ့သောအခါ အဖုံးဖွင့်ချိန်တန်ပြီ။
ဒီတစ်ကြိမ်တွင် အားလုံးအသက်ရှူဖို့မေ့နေကြသည်။
အထူးသဖြင့် ပွဲအတွင်းရှိလူများမှာ ဟင်းအိုးကိုဝိုင်းပြီး ဖုန်းနှင့်ချိန်ထားကြသည်။
အိုးဖွင့်လိုက်သည်။
ထိုအလင်းရောင်မျိုးထွက်လာပြန်၏။ အလွန်တောက်ပသည်။
အလင်းရောင်နှင့်အငွေ့ပေါင်းပြီး လင်းလည်းလင်း၊လှလည်းလှသည်။ ထိုမြင်ကွင်းကို ဖုန်းများနှင့်အမိအရရိုက်ထားကြသည်။
ချင်လင်က ဝိုင်းအုံနေသောလူများကိုဂရုမစိုက်ဘဲ တန်းမြည်းကြည့်သည်။ အရသာ +၄၊ အထိအတွေ့ +၄ ရှိနေဆဲ။
ဒီလိုမှော်ဆန်တဲ့အရသာမျိုးကို +၃ ဟင်းပွဲမယှဉ်နိုင်။
Feida တို့အကဲဖြတ်သူများမှာကြည့်နေရင်း စောစောကဟင်းပွဲကိုသတိရကာ အမှတ်တမဲ့တံတွေးမြိုချလိုက်ကြသည်။
ချင်လင်က သူတို့အတွက်ထပ်လုပ်ပေးသလားဟုမျှော်နေကြ၏။ သို့ရာတွင် ချင်လင်ကချက်ပြီးသည်နှင့် ဝန်ထမ်းကိုပါဆယ်ထုတ်ခိုင်းလိုက်လေသည်။ သူတို့ကိုကျွေးဖို့စိတ်ကူးတောင်မရှိ။