ငါ့တပည့် ရှန်ထျန်းက ထာဝရဘုရင် ဖြစ်လာနိုင်တယ်
Vol. 28 Ch. 407
အခန်း (၄၀၇) : ငါ့တပည့် ရှန်ထျန်းက ထာဝရဘုရင် ဖြစ်လာနိုင်တယ်
ဖန်းလဲ့ကျွန်းပေါ်တွင် ပုံရိပ်သဏ္ဌာန်အများအပြား ရှိနေသည်။
ကျန်းယွင်ရှီးက တင်ပျဉ်ခွေထိုင်နေပြီး အံ့ဖွယ်အလင်းများဖြင့် လွှမ်းခြုံခံထားရသည်။ သန့်စင်လှသော ဆေးစွမ်းအားလှိုင်းက သန့်စင်ခံလိုက်ရပြီး သူမခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသည်။ သူမက တောက်ပလာသည်။
သူမနောက်တွင် ပေတစ်သောင်းမျှ မြင့်မားသော ကျားဖြူပုံရိပ်သဏ္ဍာန် ရှိနေပြီး ကောင်းကင်ယံကို ဦးတည်ကာ ဟိန်းဟောက်နေသည်။ မိုးကြိုးနတ်ဘုရားက ကမ္ဘာမြေကို ဖျက်စီးတော့မည့်အလား ဓာတ်နှောနတ်မိုးကြိုးများလည်း ကြီးကြီးကျယ်ကျယ် ထွက်ပေါ်လာသည်။
သတ္တုဓာတ် ဓာတ်နှောနတ်မိုးကြိုးနှင့် ကျားဖြူပုံရိပ်သဏ္ဍာန်တို့က ပေါင်းစပ်သွားပြီး ရွှေရောင်မိုးကြိုးများ ဖြစ်လာစေသည်။ သူတို့၏ အရှိန်အဝါက အားကောင်းလွန်းလှသည်။
ဝေါင်း …
ကျားဖြူက မြေတုန်လုမတတ် ဟိန်းလိုက်သည်။ ကောင်းကင်ယံ၌ မျက်စိစူးမတတ် အလင်းများ ဖုံးလွှမ်းသွားကာ မြစ်၊ တောင်တန်းများကိုပင် လှုပ်ခါသွားသည်။
တစ်ချိန်တည်းတွင် နောက်ထပ် ပုံရိပ်သဏ္ဍာန်လည်း ထွက်ပေါ်လာ၏။
ဤသည်မှာ နယ်မြေတစ်ခုလုံးကို ကြောက်မက်ဖွယ် အရှိန်အဝါ ထုတ်လွှင့်နေသည့် ဧရာမ ချီလင် ဖြစ်သည်။ ဓာတ်ငါးပါး နတ်မိုးကြိုးအလင်းတန်းများစွာ ထွက်ပေါ်လာပြီး ကမ္ဘာတစ်ခုလုံးကို ခြုံလွှမ်းသွားသည်။
ကောင်းကင်ယံအထက် အံ့ဖွယ်အလင်းတန်းများက နေရာတစ်ခုလုံးကို ဖုံးလွှမ်းထားသည့် ဧရာမ အစီအရင်သဖွယ် ယှက်ကာ တည်ရှိနေသည်။
ဤသည်မှာ စွမ်းပကား ချီလင် ပုံရိပ်သဏ္ဍာန် ဖြစ်ပြီး မြင်ကွင်းနှင့်ပင် ထိတ်လန့်စရာကောင်းလှသည်။
ဖန်ချန်း၏ ခန္ဓာကိုယ်မှ လေထဲ မှော်အစီအရင် ပြည့်နှက်သွားသည့်အလား အလင်းတန်းများ ထုတ်လွှင့်လာသည်။ သူ့အရှိန်အဝါက ဆက်တိုက် တိုးပွားနေဆဲ ဖြစ်ပြီး သူ့နောက်တွင် ပေတစ်ထောင်အမြင့်ရှိ ဧရာမ ပုံရိပ်သဏ္ဌာန်ကြီး ပေါ်ထွက်လာသည်။ ထိုအရာက စွမ်းပကား ချီလင်ပုံရိပ်သဏ္ဌာန်နှင့် ကန့်လန်ဖြတ် တည်ရှိနေ၏။
ကြောက်မက်ဖွယ် ပုံရိပ်သဏ္ဍာန်များ တစ်ခုပြီး တစ်ခု ပေါ်ထွက်လာကာ ဖန်းလဲ့ကျွန်းတစ်ခုလုံးအား လွှမ်းခြုံသွားသည်။
ကျန်းယွင်ထင်၊ ကျောက်ဟောင်၊ ကွေ့ကုန်းကုန်းနှင့် ကျန်လူတွေ၏ အရှိန်အဝါလည်း တိုးပွားလာကာ နေရာတစ်ခုလုံးကို ကြီးစိုးထားသည်။ သူတို့၏ အခြေခံအုတ်မြစ်နှင့် ကျင့်ကြံရေးစွမ်းရည်တို့က ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးကြောင့် အဆမတန် တိုးပွားလာသည်။
အထူးသဖြင့် ကျင့်ကြံရေးစွမ်းရည်နှင့် အခြေခံနည်းသည့် ကျောက်ဟောင်နှင့် ကွေ့ကုန်းကုန်းတို့က အကျိုးအများဆုံး ဖြစ်ပေသည်။
…………....
ကျောက်ဟောင်က မြူခိုးမြို့မှ သာမန်ပါရမီရှင်လေးသာ ဖြစ်ပြီး ဓားအသျှင် ချန်းယန်က သူ့အား လမ်းညွှန်ပေးခဲ့သော်လည်း သူ့အခြေခံမှာ ဖန်ချန်းတို့ထက် အားနည်းနေဆဲ ဖြစ်သည်။
သူနှင့် အခြားလူများကြား ကွာဟချက်က ငယ်စဉ်ကတည်းက ဖြစ်သောကြောင့် တစ်နှစ်ခွဲလောက်အတွင်း အမီလိုက်နိုင်မည့်အရာ မဟုတ်ပေ။
ထို့အပြင် ဖန်ချန်း၊ ကျန်းယွင်ထင်နှင့် ကျန်းယွင်ရှီးတို့က အံ့ဖွယ်မိုးကောင်းကင် တော်ဝင်ကျမ်းကို အမြင့်ဆုံးအဆင့်အထိ ကျင့်ကြံထားကြသူများ ဖြစ်ပြီး မိုးကြိုးဝိညာဉ် ဖွဲ့စည်းပုံအထိ ရရှိထားကြသည်။
ကပ်ဘေးတဖန်အခန်းဆက်ကို ရှာတွေ့ပြီးနောက် ဖန်ချန်းနှင့် ကျန်းယွင်ရှီးတို့က ယခင်ထက် များစွာ အားကောင်းလာကြပြီး ယခု ဓာတ်ငါးပါး နတ်မိုးကြိုးဖွဲ့စည်းပုံအသေးစားကို ဖွဲ့စည်းနိုင်မည့် အစပိုင်းအဆင့်တွင် ဖြစ်ကြသည်။
ကျန်းယွင်ထင်အတွက်မူ သူ့ဖခင်နှင့် အတူတူ ဖြစ်သည်။ သူတို့နှစ်ယောက်လုံးက သူတို့စွမ်းအားများနှင့် ပတ်သတ်၍ အလွန်လျို့ဝှက်ကြသည်။
ဖန်ချန်းပင် သူ့ဒုတိယညီလေးက မည်မျှအားကောင်းမှန်း မသိပေ။ သို့သော်လည်း ယခင် သူ့စွမ်းဆောင်ရည်အရ သူလည်း ဖန်ချန်း သို့မဟုတ် ကျန်းယွင်ရှီးနှင့် မကွာလှပေ။
ကျောက်ဟောင်က ပါရမီရှင်ကောင်းတစ်ယောက် ဖြစ်ပြီး ဖန်ချန်း၊ ကျန်းယွင်ထင်၊ ကျန်းယွင်ရှီးတို့နောက်တွင် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၌ လေးယောက်မြောက် အားအကောင်းဆုံးဟု ညွှန်းဆိုခံရလေ့ရှိသည်။
အကယ်၍ သူသာ သူတို့သုံးယောက်နှင့် အမီလိုက်လိုလျှင် အနည်းဆုံး သုံးနှစ်မှ ငါးနှစ်အထိ ကျင့်ကြံရပေမည်။
သို့သော် ယခုတွင် ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံး သောက်သုံးပြီးနောက် ကျောက်ဟောင်၏ အခြေခံနှင့် ပါရမီတို့က သိသိသာသာ တိုးတက်လာလေသည်။ ဆေးလုံးစွမ်းအားက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဆေးကြောပေးလိုက်ပြီး အပြည့်အဝ ပြောင်းလဲပေးလိုက်သည်။
ထိုဆေးလုံးကို သောက်သုံးပြီးနောက် ကျောက်ဟောင်က သူ့ဖွဲ့စည်းပုံနှင့် ပတ်သတ်လာလျှင် မည်သူထက်မှ နောက်ကောက်ကျတော့မည် မဟုတ်ချေ။ အကြောင်းမှာ သူက အရှေ့ပိုင်းလွင်ပြင်နှင့် နယ်မြေငါးခုလုံးတွင် အကောင်းဆုံးထဲမှ တစ်ခုဟု ဆိုနိုင်သည့် ဖွဲ့စည်းပုံကို ရရှိသွား၍ ဖြစ်သည်။
ဤသည်မှာ ရှန်ထျန်း၏ မယုံနိင်လောက်ဖွယ် ဖွဲ့စည်းပုံနှင့် အလှမ်းကွာနေဆဲ ဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ မည်သူမှ ရှန်ထျန်းနှင့် မယှဉ်နိုင်သလို ယှဉ်ပြိုင်သူများလည်း သူတို့ဘာသာ အရှက်ရသွားကြလိမ့်မည်။
ထိုအရာအပြင် ကျောက်ဟောင်ခန္ဓာကိုယ်ထဲ မီးဓာတ် ဝိညာဉ်ချီတို့ အရူးအမူး ပြေးဝင်သွားကြသည်။ သူ့ကျင့်ကြံဆင့်က ဒုံးပျံတစ်စင်းအလား တစ်ရှိန်ထိုး မြင့်တက်သွားလေ၏။
ကျောက်ဟောင်ခန္ဓာကိုယ်ပေါ်တွင် ရွှေအမြုတေ ထွက်ပေါ်လာပြီး မီးတောက်များ၊ မိုးကြိုးများဖြင့် လွှမ်းခြုံတောက်ပနေသည်။ ထိုအရာမှ ကြက်သွေးရောင် ဇာမဏီပုံရိပ်က ဝန်းရံထား၏။
ထိုအရာက တစ်ပတ်ပြီး တစ်ပတ် လှည့်ပတ်နေကာ အရှိန်အဝါက ပိုအားကောင်းလာသည်။
သာမန်ကျင့်ကြံသူက သူတို့၏ ကိုးဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့်အား တည်ငြိမ်စေရန် နှစ်များစွာ လိုအပ်မည် ဖြစ်သော်လည်း ကျောက်ဟောင်က လွယ်ကူစွာ လုပ်ပြသွားသည်။ ထိုအရာက အားလုံး မဟုတ်သေးချေ။ ကျောက်ဟောင်၏ ကိုးဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့်က ပြီးဆုံးသွားသော်လည်း ကိစ္စများက အပြီးသတ်မသွားသေးပေ။
သူ့ရွှေအမြုတေက ဆယ်ဆင့်မြောက် သန့်စင်ခြင်းကို ကျော်ဖြတ်နေလေပြီ။
ပြောရလျှင် ဆယ်ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့် ရောက်ရှိသွားခြင်းမှာ အဆုံးအစွန်အထိ ရောက်သွားခြင်း ဖြစ်၏။
ချီရှောက်ရွမ်က အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်အားလုံးကို အနိုင်ပိုင်းကာ အလယ်ပိုင်းကုန်းမြေကို အဘယ်ကြောင့် စိန်ခေါ်ရဲခဲ့သနည်း။
သူက အားကောင်းလှသော သူ့ဆယ်ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့်ကို အပြည့်အဝ ယုံကြည်ထားသောကြောင့် ဖြစ်သည်။ ဤသည်မှာ အရှေ့ပိုင်းလွင်ပြင်၌ နှစ်တစ်သောင်းမှ တစ်ခါ တွေ့မြင်ရသော ရှားရှားပါးပါး အဆင့်မျိုး ဖြစ်ပေသည်။
သို့သော် ယခုတွင် ကျောက်ဟောင်က အလွယ်လေး ရရှိသွားလေ၏။
လွန်ခဲ့သည့် တစ်နှစ်ခန့်က သူသည် ကျင့်ကြံဆင့် ပျက်စီးနေသော သာမန်လူငယ်လေးတစ်ယောက်သာ ဖြစ်ကြောင်း မှတ်ထားရပေမည်။ အကယ်၍ ကျောက်ဟောင်သာ ဆယ်ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိသွားခြင်းက ပါးစပ်ဟောင်းလောင်း ဖြစ်စေသည်ဟု ဆိုကြလျှင် ကွေ့ကုန်းကုန်း၏ ပြောင်းလဲမှုက အံ့ဖွယ် ဖြစ်သည်။
မှန်ပေသည်။
ကုန်းကုန်းအိုကြီး၏ ခန္ဓာကိုယ်က နေမင်းအသွင် ပြောင်းလဲသွားသည့်အလား အားကောင်းသော နေမင်းအရှိန်အဝါများ ထွက်ပေါ်လာသည်။ နေမင်းတော်ဝင်ကျမ်းကို ကျင့်ကြံပြီးနောက် သူနှင့် ချင်ကောင်းတို့သည် ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ကို ပြန်လည် ပြင်ဆင်နိုင်ခဲ့သည်။ ထို့နောက် သူတို့က ဝိညာဉ်ဆေးပင်များ စားသုံးရင်း ကျင့်ကြံဆင့် မြင့်လာခဲ့ကြသည်။
ထိုသို့ဆိုလျှင်ပင် ကွေ့ကုန်းကုန်းနှင့် တကယ့် ပါရမီရှင်တစ်ကြားက ကွာဟချက်မှာ ကြီးမားနေဆဲသာ ဖြစ်သည်။ ဤသည်မှာ ပင်ကိုယ်ပါရမီဖြင့် ဆုံးဖြတ်ထားသော ကွာဟချက်မျိုး ဖြစ်၏။ အလွယ်လေး ကျော်ဖြတ်နိုင်သည့်အရာမျိုး မဟုတ်ချေ။
ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို သောက်လိုက်ပြီးနောက် ကွေ့ကုန်းကုန်းက သူ့တစ်ကိုယ်လုံး မြင့်တက်လာသလို ခံစားလိုက်ရသည်။ ယခင်က သူ နားမလည်ခဲ့သော နေမင်းတော်ဝင်ကျမ်း အစိတ်အပိုင်းများက ရုတ်ချည်းဆိုသလို အလင်းပွင့်သွားသည်။ စွမ်းအင်စီးဆင်းသွားသည့် အစိတ်အပိုင်းများက ယခုအခါ ချောချောမွေ့မွေ့ လှည့်ပတ်နေသည်။
သူ့စွမ်းအားက မြစ်တစ်စင်းလို ထွက်ပေါ်လာကာ အရှိန်အဝါကလည်း သိသိသာသာ မြင့်တက်လာသည်။
သူ့ခေါင်းအထက်တွင် ရွှေအမြုတေက မရပ်မနား လှည့်ပတ်နေလေ၏။
မှန်ပေသည်။ ဤသည်မှာ ဒဏ္ဍာရီလာ ဆယ်ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့် ဖြစ်နေသည်။
အကယ်၍ ချီရှောက်ရွမ်သာ အနားမှာရှိလျှင် မယုံကြည်နိုင်စွာ ပျော့ခွေသွားပြီး သူ့ဘဝအကြောင်း ပြန်မေးခွန်းထုတ်မိပေလိမ့်မည်။
ဆယ်ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့်က ဘယ်အချိန်က ဒီလောက် ပေါများလာတာလဲ … ရွှေအမြုတေရှိတဲ့ လူတိုင်း ရနိုင်တာလား
ထိုစဉ် နောက်ဆုံး၌ အားလုံးက ရှန်ထျန်း ပေးခဲ့သော ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးသည် မည်မျှအလားအလာကောင်းကြောင်း သိသွားကြတော့သည်။
ထိုအရာက လူတစ်ယောက်၏ အခြေခံနှင့် ပင်ကိုယ် စွမ်းရည်ကို အပြည့်အဝ ပြောင်းလဲပေးနိုင်သည်။
...
ကြာပြာကောင်းကင်အသျှင်က ထိုမြင်ကွင်းကြောင့် ကြောင်အမ်းသွားလေသည်။ သူက စိတ်ရှုပ်ထွေးနေဟန်ဖြင့် “ ငါ ဘာတွေလွတ်သွားပြန်ပြီတုန်း ”
သူက တစ်မိနစ်မျှသာ ထွက်သွားခဲ့သည်။ ဂိုဏ်းတူ တူလေးက ဒီလိုမျိုး ရုတ်တရက် ဘယ်လို အားကောင်းလာတာလဲ။
ငါက ကြိုးကြိုးစားစားနဲ့ ကံအပြောင်းအလဲ အခွင့်အရေး သွားရှာနေတာလေ … ငါ ဘာမှရှာမတွေ့ရုံတင် မကဘူး။ အရိုက်ပါ ခံလိုက်ရသေးတယ်
ဒီကလေးတွေက ဘာမှမလုပ်ဘဲနဲ့ ဒီလိုမျိုး အံ့ဖွယ်ပြောင်းလဲမှုမျိုး ကြုံတွေ့ခဲ့တာတဲ့လား
သူတို့ကျင့်ကြံဆင့် တိုးတက်လာရုံသာအက သူတို့ပင်ကိုယ်စွမ်းရည်လည်း သိသိသာသာ တိုးတက်ပြောင်းလဲသွားကြသည်။
ဤသည်မှာ လုံးဝ ယုတ္တိမရှိချေ။
ကမ္ဘာပေါ်က တရားမျှတမှုရော ရှိသေးရဲ့လား …
ကြာပြာကောင်းကင်အသျှင်က ကိုယ့်ဆံပင်ကို ပြန်ဆွဲလိုက််တော့သည်။
ထိုစဉ် အားလုံးက ဆေးလုံးအာနိသင်ကို အစွမ်းကုန် စုပ်ယူကာ သူတို့တတ်နိုင်သမျှ အမြင့်ဆုံးအဆင့်အထိ ရောက်အောက် သန့်စင်နေကြသည်။ သူတို့က ပမာဏအနည်းငယ်သာ သန့်စင်စုပ်ယူနိုင်သောကြောင့် သူတို့က လက်ကျန်များအား ခန္ဓာကိုယ်အစိတ်အပိုင်းများထံ ဖြန့်ဝေပေးလိုက်သည်။
ထိုသို့ဆိုလျှင်ပင် ဆေးလုံး၏ သန့်စင်ထားသောအပိုင်းက သူတို့ကျင့်ကြံဆင့်ကို များစွာ အထောက်အကူပြုနေဆဲ ဖြစ်သည်။
ဝုန်း …
ကုန်းမြေများကို ဖြတ်ကျော်ကာ လေမုန်တိုင်းလိုမျိုး အားကောင်းသည့် အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။
ကျန်းယွင်ရှီး၏ ကျင့်ကြံဆင့်လည်း အလျှင်အမြန် မြင့်တက်လာသည်။
အစောပိုင်း ကနဦးဝိညာဉ်အဆင့်
အလယ်အလတ် ကနဦးဝိညာဉ်အဆင့်
နောက်ပိုင်း ကနဦးဝိညာဉ်အဆင့်
ထိပ်သီး ကနဦးဝိညာဉ်အဆင့်
မျက်စိတစ်မှိတ်အတွင်း ကျန်းယွင်ရှီး၏ ကျင့်ကြံဆင့်က မြင့်တက်လာကာ အစောပိုင်း ကနဦးဝိညာဉ်အဆင့်မှ ထိပ်သီး ကနဦးဝိညာဉ်အဆင့်သို့ အောင်အောင်မြင်မြင် ရောက်ရှိသွားတော့သည်။
ဝုန်း …
ကျန်းယွင်ရှီးက လေထဲ ရောက်ရှိသွားသည်။ သူမတိုက်ခိုက်လိုစိတ်က မင်းသမီးလင်းလုံဆီ ကျရောက်နေပြီး “ မင်းသမီးလင်းလုံ နောက်တစ်ခေါက်လောက် ထပ်တိုက်ရအောင် ”
ဒီမိန်းကလေးက ဆေးလုံးကြောင့် ငါ့ထက် နည်းနည်းပိုသာနေတာပါ … အခု ငါ့ကျင့်ကြံဆင့် မြင့်လာပြီဆိုတော့ ငါ့စွမ်းအားကို ထုတ်ပြရမယ်
မောင်လေးရှန်ကို လူတိုင်း ပိုးပန်းလို့ ရတာ မဟုတ်ဘူးဆိုတာကို သိသွားစေရမယ်
ကျန်းယွင်ရှီး၏ တိုက်ခိုက်လိုစိတ်က ပြင်းထန်လာသည်။ သူမ ကျားဖြူပုံရိပ်သဏ္ဌာန်က မိုးကြိုးများ ထုတ်လွှင့်လိုက်ပြီး သူမ အငွေ့အသက်လည်း ကြောက်မက်ဖွယ်အဆင့်သို့ မြင့်တက်သွားသည်။
ကျန်းယွင်ရှီး၏ လက်ရှိစွမ်းအားအရ သူမသည် သာမန်ဝိညာဉ်အသွင်ပြောင်းအဆင့်ကိုပင် အနိုင်ယူဖို့ ယုံကြည်ချက်ရှိသည်။
ကျန်းယွင်ရှီ၏ တိုက်ခိုက်လိုစိတ်ကို ခံစားမိပြီး မင်းသမီးလင်းလုံ၏ ဂူဝသုံးခု လည်း မြင့်တက်လာသည်။ သူမက တစ်ကိုယ်လုံးကို လွှမ်းခြုံထားသည့် အဆုံးမဲ့ တောက်ပမှုမျိုး ထုတ်လွှင့်လိုက်သောကြောင့် ပို၍ ဆန်းကြယ်သွားစေဟန်ပေါ်သည်။
မင်းသမီးလင်းလုံက ထေ့ငေါ့ပြောလိုက်သည် “ တိုက်ကြတာပေါ့ … ဘယ်သူက ကြောက်နေလို့လဲ ”
ဂူဝသုံးခု မှ အလင်းတန်းများ ထွက်ပေါ်လာကာ ကျန်းယွင်ရှီးဆီ ဝင်ရောက်သွားသည်။
ဝုန်း …
ဂူဝသုံးခု နှင့် ကျားဖြူပုံရိပ်သဏ္ဌာန်တို့ အချင်းချင်း ထိပ်တိုက်တွေ့ကြသည့်အခါ တန်ပြန်သက်ရောက်မှုအားလှိုင်းများ ဖြစ်ပေါ်လာသည်။ အာကာပြင်ပင် မငြိမ်မသက် ဖြစ်လာရ၏။
ဤသည်မှာ လက်ရည်တူ ပြိုင်ပွဲ ဖြစ်၏။
မိန်းမပျိုလေးနှစ်ယောက်၏ ခန္ဓာကိုယ်က တုန်ယင်နေသောလည်း တိုက်ခိုက်လိုစိတ်က ပို၍ ပြင်းပြလာရသည်။ နှစ်ယောက်လုံးက သူတို့မျိုးဆက်အတွင်း ထိပ်သီး အမျိုးသမီးပါရမီရှင်များ ဖြစ်သောကြောင့် မည်သူမှ အလျော့မပေးလိုပေ။
ထို့အပြင် ဤသည်မှာ သူတို့ သတ္တိကို သက်သေပြရမည့် တိုက်ပွဲလည်း ဖြစ်၏။
ရှန်ထျန်းဘေးတွင် ရှိဖို့ မည်သူက ပို၍ ထိုက်တန်လဲ သက်သေပြရမည်။
ရလဒ်အနေနှင့် နှစ်ယောက်လုံးက အကုန်ထုတ်တိုက်ကြသည်။
ဝုန်း …
ကျန်းယွင်ရှီးက အရိုက်ခံလိုက်ရပြီး အကြီးအကျယ် ဖျက်စီးနိုင်သည့် မီးစွမ်းအားအငွေ့အသက်ကို သယ်ဆောင်ထားသော သတ္တုဓာတ်နှော နတ်မိုးကြိုးကို ဖွဲ့စည်းလိုက်သည်။
ကျန်းယွင်ရှီးက သူမကျင့်ကြံဆင့်နှင့် ခန္ဓာဖွဲ့စည်းပုံတို့ အဆင့်မြင့်လာပြီးနောက် ဓာတ်နှောနတ်မိုးကြိုး ထိန်းချုပ်ရာ၌ ပို၍ ကျွမ်းကျင်လာသည်။ သူမစွမ်းရည်က ကောင်းကင်အသျှင်ကိုပင် ရှင်းထုတ်နိုင်လောက်သည်။
သတ္တုဓာတ်နော နတ်မိုးကြိုးက ပျံ့နှံ့သွားပြီး ထိတွေ့မိသည့် အာကာပြင်တိုင်းကို ဗလာနတ္ထိအဖြစ် ပြောင်းလဲပစ်လိုက်သည်။
မင်းသမီးလင်းလုံက တည်ငြိမ်နေဆဲ ဖြစ်သည်။ သူမ၏ ဂူဝသုံးခု အရှိန်အဝါက ဧရာမ ခြေသုံးချောင်း မီးပြင်းဖိုတစ်ခု ဖွဲ့စည်းလိုက်သည်။ ဤသည်မှာ ပဒုမ္မာကြာ နတ်ဧကရာဇ်၏ အမွေအနှစ် တိုက်ကွက်တစ်ခု ဖြစ်သည်။ မင်းသမီးလင်းလုံက အလွယ်လေး ထုတ်သုံးနိုင်သည်။ သူမ အရှိန်အဝါတို့က ပို၍ ဖိနှိပ်လာနိုင်သည်။
ဝုန်း ဝုန်း ဝုန်း
မီးတောက်များက ကောင်းကင်ယံအထိ မြင့်တက်လာသည်။
သတ္တုဓာတ်နှော နတ်မိုးကြိုးက ခြေသုံးချောင်း မီးပြင်းဖို အသံကို ကြားလိုက်ရသည့်အခါ ဒေါသထွက်လာဟန်ပေါ်သည်။
အံ့ဖွယ်အလင်းတန်း သောင်းချီ ထုတ်လွှင့်လာပြီး ဘေးပတ်လည် အာကာပြင်အား တစစီ ဖျက်စီးပစ်လိုက်ကာ နေရာတစ်ခုလုံးအား ရှုပ်ပွသွားစေသည်။
“ ဒီမိန်းကလေးနှစ်ယောက်က တော်တော်ကြမ်းတမ်းကြတာပဲ ”
ကြာပြာကောင်းကင်အသျှင်က ဘေးကနေ ရပ်ကြည့်နေသော်လည်း သူ့အကြည့်များက ကျန်းယွင်ရှီးဆီသာ ဖြစ်၏။
သူက ကျန်းယွင်ရှီးကို ဘယ်အရာက အဓိကပြောင်းလဲစေလိုက်သလဲဆိုတာ သိချင်မိသည်။
တကယ်လို့ ငါလည်း အတူတူသာ ရရင် ကောင်းကင်ဘုံ တက်လှမ်းနိုင်တော့မှာ မဟုတ်ဘူးလား
ထိုအတွေးဖြင့် ကြာပြာကောင်းကင်အသျှင်၏ မျက်နှာက တောက်ပလာသည်။ သူက မြန်မြန် မေးလိုက်၏ “ညီလေး ငါ့တူမလေးက ဘာစားလိုက်လို့ ဒီလောက် အားကောင်းလာရတာလဲ ”
ဤသည်မှာ သူမအား အချိန်တိုလေးအတွင်း အစောပိုင်း ကနဦးဝိညာဉ်အဆင့်မှ ထိပ်သီး ကနဦးဝိညာဉ်အဆင့်အား ခုန်တက်လာအောင် လုပ်ပေးနိုင်သည့် ဆေးမျိုးသာ ဖြစ်ရမည်။
ငါသာ နည်းနည်းလောက်ရရင် ချက်ချင်း အထက်ဘုံ တက်သွားရလောက်တယ်
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ ကောင်းကင်အရှိန်အဝါတို့ လှုပ်ခတ်သွားကာ “ အစ်ကိုကြီးက ပဒုမ္မာကြာ နတ်ဧကရာဇ်ရဲ့ အမွေအနှစ်ကို ရှာပြီးပြီ မဟုတ်ဘူးလား။ ဒီကလေးတွေဆီက ကံအပြောင်းအလဲ အခွင့်အရေးကို ဘာလို့များ ဂရုစိုက်နေတာတုန်း ”
ကြာပြာကောင်းကင်အသျှင်၏ မျက်နှာက နီရဲလာသည်။ သူက နှုတ်ခမ်းတင်းတင်းစေ့ထားရင်း “ ဒါပေါ့ ငါက ဂရုမစိုက်ပါဘူး။ ငါ့တူမလေးအပေါ် ဂရုစိုက်တယ်ဆိုတာကို ပြတာ ”
သူက စိတ်ထဲမှ ရေရွတ်လိုက်သည်။
ငါက ဘာမှမရတာ ဘယ်လိုလုပ် ဂရုမစိုက်ဘဲ နေရမှာလဲ။ တကယ်လို့သာ ကံအပြောင်းအလဲ အခွင့်အရေးရှိရင် ငါလည်း မျှယူရမယ်လေ။ မဟုတ်ရင် အရင်းအမြစ်မရှိဘဲ ငါ ဘယ်လိုလုပ် ကျင့်ကြံနိုင်မှာလဲ
ထို့နောက် ကြာပြာကောင်းကင်အသျှင်က ရှန်ထျန်းအား လှည့်ကြည့်လိုက်သည်။
ရှန်ထျန်းက သူ့အကြည့်ကို ခံစားမိသောကြောင့် ပြုံးလိုက်ကာ “ ဦးလေး ဘာကိစ္စများ ရှိလို့လဲ ”
အကြောင်းအရင်းတချို့ကြောင့် ကြာပြာကောင်းကင်အသျှင်သည် ရှန်ထျန်း အပြုံးကို မြင်ကာ နှလုံးအောင့်လာမိသည်။
ရှန်ထျန်း၏ မေးခွန်းက သူ့အတွက် လက်သီးဆုပ်ကြီးလို ဖြစ်ကာ ကယောင်ချောက်ခြား ဖြစ်သွားစေသည်။ ဤသည်မှာ ပုံမှန်လက်သီးဆုပ်မျိုး မဟုတ်ပေ။
ဤသည်က နတ်ဧကရာဇ် ဆယ်ယောက်၏ အစီအရင်အတွင်း ၁၅ မိနစ်လောက် ကျရောက်သွားသလို ဖြစ်သည်။
ငါ့ကျင့်ကြံဆင့် မြင့်သလောက် ဒီလိုမျိုး ထုနှက်ချက်မျိုးကို မခံနိုင်ဘူး … ဒါက တကယ်ကို ကြောက်စရာ အတွေ့ကြုံကြီး
ကြာပြာကောင်းကင်အသျှင်က သူ့စိတ်ထဲ အကြောက်တရားတချို့ ခံစားလာရသည်။
ဒီကလေးက တစ်နေရာရာမှာ ကံအပြောင်းအလဲ အခွင့်အရေး ရှိတယ်လို့ ပြောရင်တောင် ငါ သွားသင့်သေးရဲ့လား … အားလုံးက ဒီကလေးလိုမျိုး သူ့ဘာသာ ဖြေရှင်းနိုင်တာမျိုး မဟုတ်ဘူးလေ
ကြာပြာကောင်းကင်အသျှင်က ဘေးကင်းဖို့ရာသာ ရွေးချယ်လိုက်သည် “ဘာမှမဟုတ်ပါဘူး။ ငါ့တူမလေးကိုပဲ မေးကြည့်တော့မယ် ”
အဓိကအကြောင်းအရင်းမှာ အခြားလူများ သီးသန့်လေ့ကျင့်နေဆဲ ဖြစ်သည်။ ဂိုဏ်းချုပ်က သူ့အား လျစ်လျူရှုထားစဉ် သူကလည်း ရှန်ထျန်းအား သွားမမေးရဲချေ။
ကြာပြာကောင်းကင်အသျှင်က ကျန်းယွင်ရှီးကို ရှာရုံမှအပ ရွေးချယ်စရာ မရှိတော့ပေ။
ကျန်းယွင်ရှီးက မင်းသမီးလင်းလုံနှင့် ဆက်လက် တိုက်ခိုက်နေဆဲ ဖြစ်သည်။
ဒါပေမဲ့ ငါ ဂရုမစိုက်ဘူး … မိန်းကလေးနှစ်ယောက် စကားများရုံလောက်ပါပဲ။ သူတို့ ဒီအဓိပ္ပါယ်မရှိတာတွေ ရပ်ရမဲ့အချိန်ပဲ … ငါ့ဆီမှာ ပိုအရေးကြီးတာတွေ လုပ်စရာ ရှိသေးတယ်
ကြာပြာကောင်းကင်အသျှင်က ယုံကြည်ချက်ရှိရှိဖြင့် တိုက်ပွဲထဲ ခြေချလိုက်သည်။
ရှန်ထျန်းက မျက်ခုံးပင့်ကြည့်လိုက်သည်။ သူက တိုက်ပွဲကို ကြည့်နေရင်း ထိုအရာက ကောင်းကင်အသျှင်များစွာကို ကျော်လွန်နေသည့် တိုက်ပွဲအဆင့်မျိုး ဖြစ်ကြောင်း တန်းသိလိုက်သည်။
ထိပ်သီး ကောင်းကင်အသျှင်ပင် သူတို့နှင့် မယှဉ်နိုင်လောက်ပေ။
တိုက်ပွဲကား ပြင်းထန်လှ၏။ မိန်းကလေးနှစ်ယောက်လုံး၏ တိုက်ခိုက်လိုစိတ်မှာ သိသိသာသာ မြင့်တက်နေပြီး အားလုံး ထုတ်တိုက်နေမှန်း သိသာလှသည်။
ယခု ကြာပြာကောင်းကင်အသျှင်က တိုက်ပွဲကြား ဝင်သွားပြီ ဖြစ်ရာ ရှန်ထျန်းက မြန်မြန် သတိပေးလိုက်ရသည် “ဦးလေးကြာပြာ သူတို့က … ”
ကြာပြာကောင်းကင်အသျှင်က ရှန်ထျန်းစကားကို ဖြတ်ပြောလိုက်သည် “ စိတ်မပူစမ်းပါနဲ့ကွာ။ ငါ့ကျင့်ကြံဆင့်နဲ့ဆိုရင် သူတို့က ငါ့ကို လုံးလုံး နာကျင်အောင် မလုပ်နိုင်ပါဘူး ”
ကြာပြာကောင်းကင်အသျှင်က မတ်တတ်ရပ်လိုက်သည် “ တူမလေး၊ ရှောင်လင်းလုံတို့ ခဏ ရပ်လိုက်ပါဦး။ ဦးလေး ပြောစရာရှိ … ”
“ ကျစ် ”
သူ့စကားမဆုံးခင် ကြာပြာကောင်းကင်အသျှင်က လေထဲ သုံးပေလောက် ခုန်လိုက်ရပြီး အော်လိုက်ရသည်။ အကယ်၍ သူသာ တစ်စက္ကန့်လောက် နောက်ကျသွားပါက ထိုအံ့ဖွယ်ရိုက်ချက်ကြောင့် ယောင်ကိုင်းသွားလောက်မည်။
ဝုန်း …
အံ့ဖွယ်အငွေ့အသက် ပေါက်ကွဲထွက်လာပြီး နေရာတစ်ခုလုံးကို တုန်ခါသွားစေသည်။
ရှန်ထျန်းက ခေါင်းယမ်းလိုက်ပြီး ကြာပြာကောင်းကင်အသျှင်အား ကြည့်လိုက်သည် “ ဦးလေးကို သတိပေးဖို့ လုပ်ခဲ့တယ်နော်။ သူတို့က တိုက်ကွက်ကြီးကြီး ထုတ်သုံးတော့မှာလို့ ”
ဦးလေးကြာပြာသည် စီနီယာကောင်း နမူနာတစ်ခု ဖြစ်၏။ သူက တိုက်ပွဲအတွင်း ဝင်ရှုပ်လျှင် မည်သို့ဖြစ်တတ်သည်ကို နောက်လာနောက်သာ ကျင့်ကြံသူများအား နမူနာပြသခဲ့လေသည်။
မင်းက ရုပ်မချောသရွေ့ သူ လုပ်သလိုမျိုး မလုပ်သင့်ပေ။
အကယ်၍ ဝင်ပါလျှင်ပင် သေချာပေါက် အလယ်တည့်တည့်တွင် မရပ်သင့်ပေ။ မဟုတ်လျှင် အကျိုးဆက်က ဆိုးရွားသွားနိုင်သည်။
ဝုန်း ….
ဘေးပတ်လည် အာကာပြင်က ပေါက်ကွဲထွက်သွားသည်။
ကြာပြာကောင်းကင်အသျှင်က ပေါက်ကွဲမှု ဗဟိုချက်နား ရောက်နေသောကြောင့် ပြင်းပြင်းထန်ထန် ခံစားလိုက်ရသည်။
ထိုစဉ် ကျန်းယွင်ရှီးကို မိုးကြိုးများဖြင့် လွှမ်းခြုံထားပြီး သူမ သတ္တုဓာတ်နှော နတ်မိုးကြိုးက ချပ်ဝတ်လိုမျိုး ကာကွယ်ပေးထားကာ ခန္ဓာကိုယ်နှင့် တစ်သားတည်းအလား ပေါင်းစပ်ထားသည်။
ထိုအရာမှာ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ တားမြစ်အခန်းဆက် ကပ်ဘေးတဖန် မှ ဖြစ်သည်။
ထိပ်သီး ကနဦးဝိညာဉ်အဆင့်သို့ တက်လှမ်းပြီးနောက် ကျန်းယွင်ရှီးက ကပ်ဘေးတဖန် အနှစ်သာရကို နားလည်သဘောပေါက်သွားခဲ့သည်။ သူမက သတ္တုဓာတ်နှော နတ်မိုးကြိုးအရင်းအမြစ် အသွင် ပြောင်းလဲလိုက်ပြီး အပြည့်အဝ ထိန်းချုပ်ထားသည်။ သူမစွမ်းအားက ကြောက်မက်ဖို့ကောင်းလှသည်။
နေရာတစ်ခုလုံးကို ဖျက်စီးပစ်တော့မည့်အလား မိုးကြိုးများ တောက်ပနေပြီး မိုးခြိမ်းသံများလည်း ကြားနေရသည်။
မိုးကြိုးတိုင်း၏ အရှိန်အဝါက ကြောက်ခမန်းလိလိ ဖြစ်သည်။ ထိုအရာက ကောင်းကင်အသျှင်ကိုပင် ခြိမ်းခြောက်နိုင်သည့် စွမ်းအားမျိုး ပိုင်ဆိုင်ထားသည်။
အကယ်၍ ထိုမိုးကြိုးအစီအရင်ကြား ပိတ်မိနေခဲ့လျှင် ထိပ်သီး ကောင်းကင်အသျှင် ကျင့်ကြံသူပင် ပျောက်ကွယ်သွားရလိမ့်မည်။
ကျန်းယွင်ရှီးက ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို သောက်သုံးပြီးသည့်နောက်တွင် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သူမ ကျင့်ကြံဆင့် တိုးမြင့်လာရုံသပ်သပ် မဟုတ်ချေ။
မင်းသမီးလင်းလုံလည်း တိုက်ကွက်ကြီး ထုတ်သုံးလိုက်သည်။
သူမ၏ ဂူဝသုံးခု က အားကောင်းကောင်း လောင်ကျွမ်းကာ အလင်းရောင်နှင့် မှော်စွမ်းအားတို့ ထုတ်လွှင့်လာသည်။
ဂူဝ တစ်ခုချင်းစီတွင် ပုံရိပ်တစ်ခုစီ ပေါ်ထွက်လာပြီး ကောင်းကင်တာအိုဖြင့် ဝန်းရံထားသည်။ ပုံရိပ်သုံးခုက တပြိုင်နက် လှုပ်ရှားကာ ဧရာမ လက်ဝါးရာကြီး ဖန်တီးလိုက်ကြသည်။ ထို့နောက် ကမ္ဘာကိုပင် အပေါ်အောက်ပြောင်းပြန် ဖြစ်သွားစေနိုင်မည့် လက်ဝါးရိုက်ချက်မျိုး ထုတ်လွှင့်လိုက်သည်။
အာကာပြင်မှာ အဆုံးမဲ့စွမ်းအားများအောက် ဖိနှိပ်ခံလိုကရပြီး ဗလာနတ္တိအဖြစ် ပြိုကွဲသွားသည်။
ဤတိုက်ကွက်က ဟွမ်ရှစ် တော်ဝင်ကျမ်း၏ ပြိုင်ဖက်ကင်း တိုက်ကွက် ကမ္ဘာမြေငလျှင် လက်ဝါးချက် ဖြစ်သည်။ မင်းသမီးလင်းလုံက မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်၏ မင်းသမီး ဖြစ်ပြီး ဟွမ်ရှစ်၏ မျိုးဆက် ဖြစ်ပေသည်။ သူမက ဟွမ်ရှစ်တော်ဝင်ကျမ်းကို ကောင်းကောင်း နားလည်ထားပြီး ဤအမွေအနှစ်၏ အနှစ်သာရကို သဘောပေါက်နိုင်စွမ်း ရှိသည်။
သူမ၏ ဂူဝသုံးခု စွမ်းအားအပြင် ဟွမ်ရှစ်တော်ဝင်ကျမ်းကပါ ကူပေးနေသည့်အတွက် ထိပ်သီး ကောင်းကင်အသျှင် ကျင့်ကြံသူပင် သူမတိုက်ကွက်အား ခံနိုင်မည် မဟုတ်ချေ။
မျက်စိတစ်မှိတ်အတွင်း တိုက်ပွဲအတွင်း ကြောက်မက်ဖွယ် အရှိန်အဝါများ ပေါက်ထွက်လာသည်။
ဤသည်မှာ သာမန်တိုက်ခိုက်မှုမျိုး မဟုတ်ပေ။
မင်းသမီးလင်းလုံနှင့် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်မတို့က အားကုန်ထုတ်သုံးထားကြပြီး ကြာပြာကောင်းကင်အသျှင်က အလယ်တွင် ရပ်နေလေသည်။
ကြာပြာကောင်းကင်အသျှင်က “ လူငယ်မျိုးဆက်စွမ်းအားကို ကြောက်သင့်တယ်” ဆိုသော ဆိုလိုရင်းအား ရုတ်ချည်း သဘောပေါက်သွားခဲ့သည်။
ဟူး … တကယ်တော့ အမျိုးသမီးများ၏ စွမ်းအားကို ကြောက်ရွံ့ရမည် ဖြစ်၏။
ဝုန်း …
ကမ္ဘာမြေတုန်လုမတတ် အသံကျယ်ကြီး ထွက်လာသည်။
ကြာပြာကောင်းကင်အသျှင်က လေထဲ လွှင့်ထွက်သွားသည်။
မြောက်များစွာသော မိုးကြိုးအားတို့နှင့် ကမ္ဘာမြေငလျှင် လက်ဝါးချက်တို့ တွေ့ဆုံသည့်အခါ မီးပွားများပင် ပျံ့နှံ့လာသည်။
ကြာပြာကောင်းကင်အသျှင်က သူ့ဘာသာ မြန်မြန် ထိန်းလိုက်ကာ ရွှေရောင်အလင်းများ ထုတ်လွှင့်လိုက်ပြီးနောက် အားကောင်းသည့် အရှိန်အဝါတစ်ခုလည်း ထွက်ပေါ်လာသည်။
ဝုန်း …
မိုးကြီးအစီအရင်က ပျက်စီးသွားပြီး ကြေးတုတ်ချောင်းက လက်ဝါးချက်ကြီးကို ထိုးဖောက်သွားလေသည်။
ရွှေရောင်အလင်းတန်းနှင့် တာအိုကိုယ်တော်ကြီးက တစ်ယောက်တည်း ထီးထီး မတ်တတ်ရပ်နေပြီး လက်ထဲတွင် ရွှေရောင်တုတ်ကို ကိုင်ဆွဲထားသည်။ သူက ခပ်မိုက်မိုက်ပုံစံမျိုး ပေါ်နေလေ၏။
ခပ်မိုက်မိုက်ပုံစံဆိုပေမဲ့ နည်းနည်းတော့ သနားစရာကောင်းနေလေသည်။
ကြာပြာကောင်းကင်အသျှင်၏ ဆံပင်များက ရှုပ်ပွနေပြီး သူ့ခရမ်းရောင် ဝတ်ရုံအသစ်ကလည်း နောက်တစ်ခါ ထပ်ပြဲသွားးပြန်သည်။ သူက မီးခိုးများကို ချောင်းတဟွတ်ဟွတ် ဆိုးထုတ်နေလေ၏။
မင်းသမီးလင်းလုံနှင့် ကျန်းယွင်ရှီးတို့က ထိုမြင်ကွင်းကြောင့် ကြောင်အမ်းနေပြီးနောက် သူ့နား အပြေးအလွှား ရောက်လာကြသည် “ ဦးလေး အဆင်ပြေရဲ့လား ”
“ ငါ အဆင်ပြေတယ်။ ငါ့ကို ဘယ်သူထင်နေလဲ။ မင်းတို့ တိုက်ခိုက်မှုတို့က ကလိယားထိုးနေသလောက်ပဲ ရှိတယ် ”
ကြာပြာကောင်းကင်အသျှင်က သူ့နားမှ မီးခိုးငွေ့များ ထွက်နေဆဲ ဖြစ်သည့် အချက်ကြောင့်သာ မဟုတ်လျှင် အားလုံးက သူ့အား အမှန်တကယ် ယုံသွားလောက်၏။
ကြာပြာကောင်းကင်အသျှင်က ဆံပင်ကို သပ်သပ်ရပ်ရပ် ပြင်ကာ ပြုံးလိုက်ပြီး “ တူမလေး မင်း ဘယ်လိုလုပ် ဒီလောက်အထိ စွမ်းအားကြီးလာတာလဲဆိုတာ ပြောပြနိုင်မလား ”
ကျန်းယွင်ရှီးက ခဏတာ တွေးလိုက်ပြီးနောက် “ ဒါတွေအားလုံးက မောင်လေးရှန်ရဲ့ ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးကြောင့်ပါ ”
သူမက သံသယများနှင့် အတွေးများနေဆဲ ဖြစ်သည်။
ဂိုဏ်းတူဦးလေးက ဒါအတွက် တိုက်ပွဲကြား ဝင်လာတာလား … မဖြစ်နိုင်တာ
မောင်လေးရှန်က သူ့ကို ကိစ္စတွေ ဝင်ဖြန်ဖြေပေးဖို့ တောင်းဆိုခဲ့တာပဲ ဖြစ်ရမယ်။ မောင်လေးရှန်ရဲ့ ဆေးလုံးအကြောင်း အားလုံး သိနေတာဆိုတော့ ဦးလေး မသိစရာအကြောင်း မရှိဘူးလေ
သူက မောင်လေးရှန်အတွက် ဝင်ကာပေးဖို့ ဟန်ဆောင်နေတာပဲ ဖြစ်ရမယ်
မောင်လေးရှန်က ငါ့ကို တကယ်ကြီး ဂရုစိုက်တာပဲ
ကျန်းယွင်ရှီးက ထိုအတွေးဖြင့် ရှက်သွေးဖြာသွားလေသည်။
ထိုစဉ် မင်းသမီးလင်းလုံလည်း ရှက်သွေးဖြာနေလေ၏။ သူမသည်လည်း အတွေးတူတူ တွေးမိကြောင်း သိသာလှသည်။
ဘာလဲ … ငါက စွမ်းအားတွေ အများကြီး ထုတ်သုံးလိုက်ရတာလေ။ တကယ်တမ်းကျ ရှန်ထျန်းဆီကတဲ့လား …
ကြာပြာကောင်းကင်အသျှင်၏ မျက်နှာက မည်းမှောင်သွားသည်။ သူ့ပြန်ပြင်ဆင်ထားသည့် ဆံပင်ပင် နောက်ထပ် ရှုပ်ထွေးလုနီးပါး ဖြစ်သွားလေသည်။
မည်သို့ပင်ဆိုစေကာမူ သူက အမူအယာ မြန်မြန်ပြောင်းလဲလိုက်ပြီး ပြုံးပြလိုက်၏။
ကြာပြာကောင်းကင်အသျှင်က လက်ကိုပွတ်ကာ ရှန်ထျန်းဆီ လျှောက်လှမ်းလာသည် “ တူလေးရေ မင်းရဲ့ဆရာက အဲဒီဆေးလုံးလေးနည်းနည်းလောက် လိုချင်နေမယ် တူတယ်။ ငါ့ကို ပေးလိုက်ပါ့လား။ သူ့ဆီ ပြန်ပေးပေးမယ်လေ ”
ရှန်ထျန်း “ … ”
လူအုပ်ကြီး “ … ”
ကျန်းယွင်ရှီးက မနေနိုင်ဘဲ ဝင်ပြောလိုက်သည် “ ဦးလေးက အရမ်းတည့်တိုးမဆန်လွန်းဘူးလား ”
ဘယ်ဂိုဏ်းတူ ဦးလေးက သူ့ဂိုဏ်းတူ တူလေးဆီကနေ ပစ္စည်းတောင်းမှာလဲ … ပြီးတော့ သူ့ဂိုဏ်းတူ တူလေးရဲ့ ဆရာကိုတောင် အသုံးချလိုက်သေးတယ်
သူက တကယ်ကို ဂုဏ်သတင်းနဲ့ ကိုက်ညီတာပဲ
ကြာပြာကောင်းကင်အသျှင်က နှုတ်ခမ်းတင်းတင်းစေ့ထားလိုက်သည်။
ဂုဏ်သိက္ခာလား … အဲဒါက ဘယ်လောက်တန်လို့လဲ
ဒီကလေးတွေရဲ့ စွမ်းအားက နောက်တဆင့်အထိကို တိုးတက်သွားတာလေ … ငါကတော့ အားများစွာ စိုက်ထုတ်ပြီး အရိုက်တောင် ခံလိုက်ရသေးတယ်
သူက စိတ်ထဲ၌ အချဉ်ပေါက်လာမိသည်။
ငါ့ဂုဏ်သိက္ခာ ဆုံးရှုံးသွားတော့ရော ဘာဖြစ်လဲ … ဒီနေ့ ဒီဆေးလုံး ရကို ရရမယ်
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ကြာပြာကောင်းကင်အသျှင်၏ အတွေးများအား ကောင်းကောင်း သိပေသည်။ သူက ဖိနှိပ်လိုသည့် အငွေ့အသက်ကို ထုတ်လွှင့်လိုက်ရင်း ကြာပြာကောင်းကင်အသျှင်အား ဂုတ်မှ ဆွဲခေါ်လိုက်သည်။
အံ့ဖွယ်သံကြိုးများ ထွက်ပေါ်လာပြီးနောက် ကြာပြာကောင်းကင်အသျှင်အား တင်းတင်း ရစ်ပတ်သွားလေသည်။ ဂိုဏ်းချုပ်က အသာပြောလိုက်သည် “ ဒီလိုဆေးလုံးမျိုးက အစ်ကိုကြီးအတွက် အသုံးမဝင်ဘူး။ အဖိုးတန်ရတနာကို မဖြုန်းစမ်းပါနဲ့ဗျာ ”
ကြာပြာကောင်းကင်အသျှင်က ဆက်လက် ရုန်းကန်အော်ဟစ်နေဆဲ ဖြစ်သည် “ ငါက အရသာလေးပဲ ခံချင်တာ … အရသာလေးပဲ ”
ရှန်ထျန်းက ပြုံးကာ ခေါင်းယမ်းလိုက်ပြီး
“ဆရာ … ဒီဆေးလုံးက စမ်းသပ်ချက် ဖြတ်ကျော်ထားတဲ့ ဝိဇ္ဇာတွေအတွက်လည်း သက်ရောက်မှုရှိတယ်။ ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးက အဆင့် ၁၂ ကြာပွင့်ကို အသုံးပြုပြီး ဖော်စပ်ထားတာဆိုတော့ တကယ့် နတ်ဧကရာဇ် အဆင့် ဆေးလုံးပါ။ အစစ်အမှန် ဝိဇ္ဇာတောင် သူ့အခြေခံအုတ်မြစ်နဲ့ ပင်ကိုယ်စွမ်းရည် တိုးမြင့်လာအောင် လုပ်နိုင်ပါတယ် …
ဆရာနဲ့ ဆရာဦးလေးတို့အတွက် ဒီဆေးလုံးနှစ်လုံးကို သီးသန့်ချန်ထားတာပါ ”
ရှန်ထျန်းက ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးနှစ်လုံးကို ထုတ်ကာ ဂိုဏ်းချုပ်ဆီ ပေးလိုက်သည်။
“ နတ်ဧကရာဇ်အဆင့် ဆေးလုံးလား။ ငါ လိုချင်တယ် ”
ကြာပြာကောင်းကင်အသျှင်၏ မျက်ဝန်းများ တလက်လက် ဖြစ်လာသည်။
ဝိဇ္ဇာ၏ စွမ်းရည်ကိုပင် တိုးမြင့်ပေးနိုင်တဲ့ နတ်ဧကရာဇ်အဆင့် ဆေးလုံးမျိုးတဲ့လား …
အလွန်ဆွဲဆောင်နိုင်လွန်းသည်။
ကြာပြာကောင်းကင်အသျှင်က နောက်ထပ် မပြောတော့ဘဲ ဂိုဏ်းချုပ်လက်ထဲမှ ဆေးတစ်လုံးကို လုယူလိုက်သည်။ သူက လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း “ တူလေးရေ ငါ ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ ”
ထို့နောက် ချက်ချင်းဆိုသလို ကြာပြာက ဆေးလုံးအား ပါးစပ်ထဲ ထည့်ကာ မျိုချလိုက်တော့သည်။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ဂုဏ်သိက္ခာရှိရှိ ပြုမူလေသည်။ သူ့မိုးကြိုးနှင့် ကောင်းကင်အရှိန်အဝါက သိသိသာသာ လှုပ်ခတ်သွားသော်လည်း သူ့အသံက တည်ငြိမ်နေဆဲ ဖြစ်၏။
“ ထျန်းအာက သိတတ်လို့ ဆရာပျော်ပေမဲ့ ဒါက နတ်ဧကရာဇ်အဆင့် ဆေးလုံးလေ။ ထျန်းအာ ကိုယ့်ဘာသာ သိမ်းထားသင့်တယ်။ နောင်ကျရင် မင်းအတွက် အသုံးလိုရင် လိုလာမှာပေါ့။ ဆရာက မလိုပါဘူးကွယ် ”
ရှန်ထျနးက ဦးညွှတ်ကာ “ဆရာက ကျွန်တော် ဂိုဏ်းထဲ စဝင်ကတည်းက ကျွန်တော့်အပေါ် ကြင်နာလွန်းပြီး အများကြီး သင်ပြပေးခဲ့ပါတယ်။ ကျွန်တော်ကို လမ်းညွှန်ပေးပြီးတော့ အားကောင်းတဲ့ ရန်သူတွေဆီကနေလည်း ကာကွယ်ပေးတယ်။
ကျွန်တော်ရဲ့ လက်ရှိ အခြေအနေနဲ့ အောင်မြင်မှုက ဆရာကြောင့်ပါပဲ။ ဆရာသာ မရှိရင် ကျွန်တော်က ဘာမှမဟုတ်ပါဘူး … ဒီရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးက အနည်းဆုံးတော့ ကျွန်တော် ပေးနိုင်တဲ့အရာလေးပါ။ ကျေးဇူးပြုပြီး လက်ခံပေးပါ … ”
“ ထျန်းအာ ငါ တကယ် မလိုဘူး ”
“ဆရာ လက်ခံလိုက်ပါဗျ ”
“ ငါ တကယ်မလိုပါဘူး။ တခြားတပည့်တွေကို ပေးလိုက်ပါ့လား ”
“ တကယ်လို့ နောင်ကျရင် ထပ်လိုအပ်လာရင် ကျွန်တော် ထပ်ဖော်စပ်လို့ ရပါတယ်။ ဆရာ အားနာမနေပါနဲ့ ”
“ ထပ်ဖော်စပ်နိုင်တယ်တဲ့လား ”
“ ဟုတ် … ကျွန်တော်မှာသာ ပစ္စည်းတွေရှိရင် အချိန်မရွေး ထပ်ဖော်စပ်နိုင်ပါတယ် ”
ဂိုဏ်းချုပ်၏ ကောင်းကင်အရှိန်အဝါတို့က အလျှင်အမြန် လှုပ်ခတ်နေသည်။ နောက်ဆုံးတွင် သူက စိတ်ချသွားဟန်ဖြင့် “ ကောင်းပြီလေ … မင်းက တိုက်တွန်းနေမှတော့ ဆရာ လက်ခံလိုက်ပါ့မယ် ”
ထိုသို့ပြောပြီးနောက် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ဆေးလုံးကို သောက်သုံးပြီး စွမ်းအားကို စတင် သန့်စင်စုပ်ယူလိုက်သည်။
ထပ်ပြောနေဖို့ မလိုတော့ဘူး …
စောစောလေးက ဂိုဏ်းချုပ်နဲ့ ကြာပြာကြား ကွာခြားချက်ကို သိသိသာသာ ပြသသွားလေပြီ။ မဟုတ်လျှင် ဒုတိယစီနီယာအစ်ကိုက ဘယ်လိုလုပ် ဂိုဏ်းချုပ် ဖြစ်သွားမှာလဲ …
ကိုယ်ကျင့်တရားက ဝါစဉ်ထက် အရေးသာသည်။
……….....
ဂိုဏ်းချုပ်၏ အရှိန်အဝါ လှုပ်ခတ်မှုက သူ့စိတ်ထဲ မည်မျှ ခံစားချက်ပြင်းနေသည်ကို သိသိသာသာ ထင်ဟပ်ပြသနေသည်။
ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံး … ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံး
ဝိဇ္ဇာတစ်ယောက်၏ ပင်ကိုယ်စွမ်းရည်ကို မြင့်တင်ပေးနိုင်သည့် နတ်ဧကရာဇ်အဆင့် ဆေးလုံးမျိုး မကြားဖူးပေ။ ပြောရလျှင် ထိပ်တန်း ဝိဇ္ဇာအဆင့် လက်နက်ပင် လဲလှယ်နိုင်မည် မဟုတ်ချေ။
နယ်မြေငါးခုတစ်လျှောက် အားအကောင်းဆုံး ကျင့်ကြံသူများက ထိုအံ့ဖွယ်ဆေးလုံးမျိုးရဖို့အတွက် အရူးအမူး တိုက်ခိုက်ကြလိမ့်မည်။
သို့သော်လည်း ရှန်ထျန်းက ထိုဆေးလုံးများကို ကန့်သတ်ချက်မရှိ ဖော်စပ်နိုင်လေသည်။
ဒီဆေးလုံးနဲ့ဆိုရင် ငါ့အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေလည်း သေချာပေါက် ပြန်လည် မြင့်တက်လာလိမ့်မယ် … ငါ့တပည့်လေးက တကယ်ကို ထာဝရအရှင်ဘုရင် ဖြစ်ဖို့ အလားအလာရှိတာပဲ
ဟားဟားဟား …