← Chapters

ကောင်းကင်တာအိုက မတရားဘူး

Vol. 28 Ch. 408

ကောင်းကင်တာအိုက မတရားဘူး

Vol. 28 Ch. 408

အခန်း  (၄၀၈)  :  ကောင်းကင်တာအိုက မတရားဘူး

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်နှင့် ကြာပြာကောင်းကင်အသျှင်တို့က ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို သောက်သုံးပြီးနောက် တင်ပျဉ်ခွေ ထိုင်လိုက်ကြသည်။ သူတို့အရှိန်အဝါများက ဆက်တိုက် တိုးတက်လာပြီး သူတို့အနားရှိ ကောင်းကင်အရှိန်အဝါတို့က ကောင်းကင်ယံကို ထိုးဖောက်သွားသည့် အံ့ဖွယ်သက်တံ့အဖြစ် ပြောင်းလဲသွားသည်။

ကောင်းကင်တစ်ခုလုံး မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွားလေသည်။

တိမ်တိုက်များက ဧရာမ လှိုင်းလုံးများအလား စုဝေးလာကာ လေထုက အတော်လေး ထိုင်းမှိုင်းလာသည်။

ဤသည်မှာ ဝိဇ္ဇာများ ကျင့်ကြံဆင့် တက်သည့်အခါ တွေ့ကြုံရသည့် ကောင်းကင်စမ်းသပ်ချက် ဖြစ်၏။ ထိုအရာက ကြောက်စရာကောင်းပြီး ဝိဇ္ဇာထက် အားနည်းသည့် သက်ရှိအားလုံးကို အမြစ်ဖြတ်ရှင်းထုတ်နိုင်သည်။

ရှန်ထျန်းလိုမျိုး မကောင်းဆိုးဝါးဆန်ဆန် ပါရမီရှင်မျိုးကား ခြွင်းချက် ဖြစ်၏။

ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံး၏ ကံကြမ္မာပြောင်းလဲရေး အာနိသင်က စမ်းသပ်ချက် ဖြတ်ကျော်ကာ ဝိဇ္ဇာဖြစ်ထားသော ဂိုဏ်းချုပ်ကို အပြည့်အဝ ပြောင်းလဲသွားစေပြီး သူ့အင်အားကို များစွာ တိုးတက်လာစေသည်။

ဂိုဏ်းချုပ်၏ ခန္ဓာဖွဲ့စည်းပုံက ပြောင်းလဲနေပြီး တစ်ကိုယ်လုံးက တောက်ပနေလေ၏။ သူ့ဆီမှ ကြောက်ခမန်းလိလိ မိုးကြိုးများ ဆက်တိုက် ထုတ်လွှင့်နေသောကြောင့် မိုးကြိုးနတ်ဘုရား ဆင်းသက်လာသကဲ့သို့ ဖြစ်နေသည်။

ခြစ် …

ဂိုဏ်းချုပ်က လေဟာနယ်ကို ဖြတ်ကာ သွားလိုက်ပြီးနောက် ကောင်းကင်ထဲ ဝင်ချသွားသည်။

အဆုံးမဲ့ မိုးကြိုးတိမ်တိုက်များက စုစည်းလာကာ ဂိုဏ်းချုပ်အား ဖုံးလွှမ်းသွားလေသည်။ နေရာတစ်ခုလုံးရှိ သက်ရှိအားလုံးကို ရှင်းထုတ်ပစ်နေသည့်အလား ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ပျံ့နှံ့သွားသည်။

မိုးကြိုးတိမ်တိုက်များ၏ ဖိအားအောက်တွင် အာကာပြင်က ပြိုကျသွားပြီး ကြောက်စရာကောင်းသည့် လေဟာနယ် နေရာလွတ်များစွာ ဖြစ်ပေါ်လာစေသည်။

မိုးကြိုးများက အဆက်မပြတ် ရိုက်ခတ်နေပြီး မိုးကြိုးစည်းမျဉ်းများက စမ်းသပ်ချက် ကျော်ဖြတ်သူကို ပြာဖြစ်အောင် ရိုက်ခတ်ပစ်ချင်သည့်အလား ပြင်းထန်လာသည်။

ကိစ္စကောင်းက ဂိုဏ်းချုပ်သည် ထိန်းမရဖွယ် ဖြစ်နေသည့် လေဟာနယ်ထဲ တက်လှမ်းသွားသောကြောင့် ပြင်ပလောက၌ များစွာသက်ရောက်မှု မရှိလိုက်ပေ။ ထိုသို့သာ မဟုတ်ပါက လက်ရှိ မိုးကြိုးစွမ်းအားအရ မိုင်တစ်ထောင်ပတ်လည် နေရာတစ်ခုလုံးကို ဖျက်စီးပစ်နိုင်လိမ့်မည်။

ထိုကောင်းကင်စမ်းသပ်ချက် တိမ်တိုက်များက ပိုမို သိပ်သည်းလာကာ ဝိညာဉ်တုန်လုမတတ် အငွေ့အသက်မျိုး ထုတ်လွှင့်နေသည်။

ဂိုဏ်းချုပ်က အကြောက်တရား မရှိဘဲ သူ့အနားရှိ မိုးကြိုးနှင့် ကောင်းကင်အရှိန်အဝါတို့မှာ အမြင့်ဆုံးအခြေအနေအထိ ရောက်ရှိသွားသည်။ သူက လက်တစ်ဖက်တွင် မိုးကြိုးနတ်ဓားကို ကိုင်ဆွဲထားပြီး တစ်ဖက်တွင်မူ ရွှေရောင်ကျမ်းကို ကိုင်ဆွဲထားသည်။ သူ့နောက်တွင် မိုးကြိုးသားရဲ ဆယ်ကောင် ရှိနေပြီး သူ့အား ကာကွယ်ပေးထားကြသည်။

သိပ်မကြာခင် မိုးကြိုးက ထက်ရှရှ ဓားသွားအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်တခွင် အုပ်လွှမ်းသွားပြီး မိုးကြိုးအရှိန်အဝါတို့မှာလည်း နေရာတစ်ခုလုံး၌ စိမ့်ဝင်ထိုးဖောက်လာသည်။ အားလုံးက ကောင်းကင်ဘုံ၏ စွမ်းအားနှင့် ရင်ဆိုင်ရသည့်အခါ အံ့ဩတုန်လှုပ်သွားကြသည်။

ပါရမီရှင်အားလုံးက ခေါင်းမော့ကာ ကောင်းကင်ယံကို လှမ်းကြည့်လိုက်ကြသည်။ သူတို့က ကောင်းကင်ရှိ အားကောင်းကောင်း ပုံရိပ်ကို မြင်လိုက်ရသည့်အခါ စိတ်လှုပ်ရှားမှုအပြည့် ဖြစ်လာကြသည်။

သူတို့ဂိုဏ်းချုပ်က တကယ်ကို အားကောင်းလိုက်တာ …

ဂျိန်း  …

မိုးခြိမ်းသံက နားကွဲလုမတတ် ကျယ်လောင်လှသည်။ မင်သဖွယ် မည်းနက်နေသည့် စမ်းသပ်ချက် တိမ်တိုက်အတွင်း မိုးကြိုးများက တလက်လက် ဖြစ်နေလေ၏။

ကောင်းကင်စမ်းသပ်ချက် မိုးကြိုးသည်  ပေသောင်းချီ ရှည်လျားပြီး သက်ရှိအားလုံးအားကို ရှင်းထုတ်ပစ်ချင်သည့်အလား မြေပြင်သို့ ကျရောက်လာသည်။ မိုးကြိုးစမ်းသပ်ချက်က မိုးကြိုးများဖြင့် လွှမ်းခြုံထားသည့် မိုးကြိုးနဂါးအလား အစွယ်ပြကာ ဒေါသတကြီး ဟိန်းဟောက်နေပုံပေါ်သည်။

မိုးကြိုးစမ်းသပ်ချက် ကျရောက်လာတိုင်း လေဟာနယ်ကို မတည်မငြိမ် ဖြစ်သွားစေပြီး အာကာပြင်အား ပုံပျက်သွားလေသည်။ ထိုစွမ်းအားအောက်၌ မည်သည့်အရာမှ မလွတ်မြောက်နိုင်ပေ။

သာမန်ဝိဇ္ဇာများပင် မိုးကြိုးစမ်းသပ်ချက်ကို မရပ်တန့်နိုင်ကြပေ။ အကယ်၍ သူတို့ ကြိုးစားကြည့်လျှင် သူတို့ခန္ဓာကိုယ် သေချာပေါက် ဖျက်စီးခံရပြီး မိုးကြိုးစမ်းသပ်ချက်အောက်၌ သေဆုံးသွားလိမ့်မည်။

သို့သော်လည်း စမ်းသပ်ချက် ဖြတ်ကျော်သူမှာ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ပါရမီရှင်ဟောင်း နှစ်ယောက်ထဲမှ ကျန်းလုံယွမ် ဖြစ်နေသည်။

သူ့ကို အခြားသော ဝိဇ္ဇာများကြား အားအကောင်းဆုံးထဲမှ တစ်ယောက်အဖြစ် မှတ်ယူနိုင်သည်။

ဂိုဏ်းချုပ်အနားရှိ ကောင်းကင်အရှိန်အဝါတို့မှာ ဆက်တိုက် လှုပ်ခတ်နေပြီး မိုးကြိုးသားရဲ ဆယ်ကောင်ကလည်း ကောင်းကင်ယံ ပျံသန်းနေကာ မိုးကြိုးချက်များနှင့် ရင်ဆိုင်နေသည်။

ဂိုဏ်းချုပ်က လက်ထဲမှ မိုးကြိုးနတ်ဓားကို အသာဝေ့လိုက်သည့်အခါ အဆုံးမဲ့ မိုးကြိုးများ စုစည်းလာပြီး ကောင်းကင်တခွင် ထိုးဖောက်သွားနိုင်သည့် မိုးကြိုးဖြင့် ပြုလုပ်ထားသော ဧရာမဓားသွားတစ်ခု ဖြစ်တည်လာသည်။

ထိုဓားက မိုးကြိုးစမ်းသပ်ချက် တိမ်တိုက်ကိုပင် နှစ်ပိုင်း ပိုင်းပစ်နိုင်ဟန် ပေါ်နေသည်။

ဝုန်း …

မိုးကြိုးအရှိန်အဝါတို့က ကောင်းကင် စမ်းသပ်ချက် မိုးကြိုးနဂါးနှင့် ထိပ်တိုက် တွေ့သွားပြီး အားကောင်းသည့် တန်ပြန်အားကြောင့် လေဟာနယ်အပါအဝင် နေရာတစ်ခုလုံး လှုပ်ခါသွားစေသည်။

အဆုံးမဲ့ မိုးကြိုးချက်များက ရုတ်ချည်းဆိုသလို ပျောက်ကွယ်သွားပြီး နေရာအနှံ့ ပြန့်ကျဲသွားသည်။

အဆုံးသတ်၌မူ ဝိဇ္ဇာတစ်ယောက်၏ ကောင်းကင်စမ်းသပ်ချက် ဖြစ်သောကြောင့် သာမန်ဝိဇ္ဇာပင် မတားဆီးနိုင်သည့် အဆုံးမဲ့စွမ်းအားတို့ ပါဝင်နေသည်။ မိုးကြိုးဓား အရှိန်အဝါက အားအများစု ပျောက်ကွယ်သွားပြီး စမ်းသပ်ချက်  မိုးကြိုးနဂါးအား ပေအနည်းငယ်သာ ကျန်တော့သည့်အထိ ကျုံ့သွားစေကာမူ ကောင်းကင်စမ်းသပ်ချက် မိုးကြိုးနဂါးသည် ဂိုဏ်းချုပ်ဆီ ဆက်လက် ဦးတည်နေဆဲ ဖြစ်၏။

ထိုစဉ် နေမင်းကဲ့သို့ တောက်ပသည့် အလင်းတန်း ဖြာထွက်လာကာ နေရာတစ်ခုလုံးကို လင်းလက်သွားစေသည်။

ဂိုဏ်းချုပ်ကို ကောင်းကင် စမ်းသပ်ချက် မိုးကြိုး လွှမ်းခြုံသွားသည့်အခါ သူ့အနားရှိ ကောင်းကင်အရှိန်အဝါတို့က အဆုံးအစွန်အထိ လှုပ်ခတ်လာသည်။

မတူညီသည့် မိုးကြိုးစွမ်းအားနှစ်ခုက အချင်းချင်း ရစ်ပတ်နေကာ နှစ်ခုလုံးက ပေါင်းစပ်သွားပုံပေါ်သည်။

ထို့နောက် ဂိုဏ်းချုပ်က ကောင်းကင် စမ်းသပ်ချက် မိုးကြိုးနှင့် သဟဇာတ ဖြစ်သွားပြီး သန့်စင်စွမ်းအားအဖြစ် ပြောင်းကာ ခန္ဓာကိုယ်ထဲ စုပ်ယူလိုက်သောကြောင့် အရှိန်အဝါက တရှိန်ထိုး တိုးတက်လာသည်။

ဂိုဏ်းချုပ်က ကောင်းကင်စမ်းသပ်ချက် စွမ်းအားတပိုင်းတစကိုပင် စုပ်ယူနိုင်ပြီး ဤစမ်းသပ်ချက် အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်သွားသည်မှာ သိသာလှသည်။

ထိုအရာက သူ့ကျင့်ကြံရေးအတွက် လွန်စွာ အကျိုးသက်ရောက်မှုရှိသည်။

ကောလဟာလများအရ  ဝိဇ္ဇာများသည် အဆင့်တက်ဖို့အတွက် ကောင်းကင်စမ်းသပ်ချက် ဖြတ်ကျော်ဖို့ လိုအပ်သည်။ ဤသတင်းအချက်အလက်က အမှန် ဖြစ်နေ၏။

ဝိဇ္ဇာများ၏ ကောင်းကင်စမ်းသပ်ချက်သည် ဝိဇ္ဇာ၏ စွမ်းအားကို စမ်းသပ်ရုံသာမက ကျင့်ကြံဆင့်ကိုသာ တိုးတက်လာစေနိုင်သည်။ ထိုစမ်းသပ်ချက်ကိုသာ အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်သရွေ့ သူတို့ခန္ဓာကိုယ်သည် မိုးကြိုးစမ်းသပ်ချက်ကြောင့် ပိုသန်မာလာမည် ဖြစ်၏။ ထို့ကြောင့် သူတို့က ပြီးပြည့်စုံသော ပြောင်းလဲမှုမျိုးကို ဖြတ်ကျော်ရမည်။

သူတို့ရုပ်ပိုင်းဆိုင်ရာ အင်အားနှင့် ဓမ္မစွမ်းအားတို့က ပို၍ အားကောင်းလာပြီး သန့်စင်လာသည်။ အရည်အသွေး တိုးတက်လာသည်ဟု ဆိုလို့ရ၏။

ဂိုဏ်းချုပ်အတွက် စမ်းသပ်ချက် ဖြတ်ကျော်ပြီးနောက် သူ့အနားရှိ ကောင်းကင်အရှိန်အဝါတို့က ပို၍ တောက်ပလာကာ သေမျိုးလောကဆီ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးနှယ် ထင်မှတ်ရစေသည်။

သို့သော်လည်း ထိုအရာက အဆုံးသတ် မဟုတ်သေးချေ။

ကောင်းကင်၌ တိမ်တိုက်များက ဆက်လက် စုစည်းနေဆဲ ဖြစ်ကာ နားကွဲလုမတတ် မိုးခြိမ်းသံများနှင့် လျှပ်စီးများလည်း မြင်နေရဆဲ ဖြစ်၏။ မိုးကြိုးတိမ်တိုက်များက ပိုမို ကြောက်မက်ဖို့ ကောင်းသည့် စွမ်းအားမျိုး စုဆောင်းထားဟန်ပေါ်သည်။

ကောင်းကင် စမ်းသပ်ချက် မိုးကြိုးသည် အချိန်မရွေး ပေါက်ထွက်လာတော့မည့်အလား ကြီးထွားလာသည်။

ထိုစွမ်းအားက ယခင်ထက် ပိုကြောက်ဖို့ကောင်းသည်။

အဆင့်တစ်ဆင့် တက်ရန်အတွက် ကောင်းကင်စမ်းသပ်ချက် မိုးကြိုးသည် အတူတူသာ ဖြစ်ပြီး တစ်ဆင့်တိုင်းတွင် အင်အားက တိုးလာလိမ့်မည်။

ဂိုဏ်းချုပ်က စိတ်ထဲ မထားပေ။ သူက အရင်လက်ဦးမှု ရယူကာ ကောင်းကင်ဆီ တဟုန်ထိုး ပျံသန်းသွားလိုက်သည်။ သူ့ခန္ဓာကိုယ်က အဆုံးမဲ့ မိုးကြိုးများဖြင့် ပေါက်ထွက်လာပြီး သူ့နောက်ရှိ မိုးကြိုးသားရဲဆယ်ကောင်မှာ မိုးကြိုးနှင့် ကောင်းကင်အရှိန်အဝါတို့ကို ဆက်တိုက် ထုတ်လွှင့်ကာ ဂိုဏ်းချုပ်အား အပြည့်အဝ ကာဆီးပေးထား၏။ သူက ကောင်းကင်စမ်းသပ်ချက် မိုးကြိုးအဖြစ် ပြောင်းလဲသွားသည့်အလား မိုးမြေ ကောင်းကင်စမ်းသပ်ချက်ကို ထိန်းချုပ်နေသည်။

ဤသည်မှာ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ တားမြစ်အခန်းဆက် ကပ်ဘေးတဖန် ဖြစ်ပြီး ကျင့်ကြံသူအား မိုးကြိုးစမ်းသပ်ချက်နှင့် တစ်သားတည်း ဖြစ်သွားစေသည်။

ထိုအခန်းဆက် ပညာရပ်မှ ထုတ်လွှင့်လိုက်သော စွမ်းအားက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်လက်ထဲတွင် ပိုမို ကြောက်ဖို့ကောင်းလာသည်။

အဆုံးမဲ့ မိုးကြိုးများက အားကောင်းကောင်း ပုံရိပ်ကို အရှုံးပေးလိုက်သည့်အလား တုန်ခါသွားသည်။

ကောင်းကင်ယံရှိ ကောင်းကင်စမ်းသပ်ချက် မိုးကြိုးပင် လွှမ်းမိုးခံလိုက်ရပြီး အပြင်းအထန် တုန်ခါသွားသည်။ ရလဒ်အနေနှင့် ထိုအရှိန်အဝါက ကောင်းကင်အပြည့် ဖြစ်သွားတော့သည်။

ဝုန်း …

ကောင်းကင်စမ်းသပ်ချက် မိုးကြိုး ထွက်ပေါ်လာသော်လည်း နေရာဘက်ပေါင်းစုံမှ မိုးကြိုးများ၏ အဝိုင်းခံရကာ တိုက်ခိုက်ခံနေရသည်။

အရောင်မတူသော မိုးကြိုးနှစ်မျိုးက ရစ်ပတ်နေပြီး အချင်းချင်း အင်အားချင်း ပြိုင်နေကြသည်။

သို့သော်လည်း ကောင်းကင်စမ်းသပ်ချက် မိုးကြိုးက ကောင်းကင်တာအိုကို ဖော်ဆောင်ထားသောကြောင့် အလွန်အားကောင်းသောကြောင့် သာမန်မိုးကြိုးမျိုးဖြင့် တားလို့ မရချေ။

ထိုစဉ် ကောင်းကင် စမ်းသပ်ချက် မိုးကြိုးက အခြားမိုးကြို၏ ဝန်းရံမှုကို ချိုးဖျက်လိုက်သည်။

ကောင်းကင်စမ်းသပ်ချက် မိုးကြိုးက အဆုံးမဲ့ မိုးကြိုးကြောင့် ကွဲထွက်သွားသောကြောင့် စွမ်းအားအမြောက်အများ လျော့ကျသွားသည်။ ထို့ကြောင့် ကောင်းကင်စမ်းသပ်ချက် မိုးကြိုးက ဂိုဏ်းချုပ်ကို ထိမှန်လျှင်ပင် စွမ်းအားက ယခင်လောက် အားမကောင်းတော့ပေ။

ထိုစဉ် ကောင်းကင်စမ်းသပ်ချက် မိုးကြိုးကို ဂိုဏ်းချုပ်က အပြည့်အဝ တားဆီးကာ စုပ်ယူလိုက်သောကြောင့် စွမ်းအား ထပ်တိုးသွားသည်။ မိုးကြိုးတိမ်တိုက်က အပြင်းအထန် လှုပ်ခါသွားပြီး ကောင်းကင်ယံ၌ အချိန်အတော်ကြာ ဝေ့ဝဲနေလေသည်။ ထိုအရာက ထွက်သွားရုံမှအပ ရွေးချယ်စရာ မရှိသော်လည်း အင်တင်တင် ဖြစ်နေဟန်ပေါ်၏။

ဂိုဏ်းချုပ်က ဆင်းသက်လာပြီးနောက် အားလုံးရှေ့ ရောက်လာသည်။

အားလုံးက ဂုဏ်ပြုလိုက်ကြသည်  “ ဆရာ/ ဂိုဏ်းချုပ်ကို အဆင့်တက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ် ”

ရှန်ထျန်းက သိသိသာသာ တိုးတက်ပြောင်းလဲလာသည့် သူ့ဆရာကို ကြည့်ကာ မအံ့ဩမိဘဲ မနေနိုင်တော့ပေ။

ဆရာက တကယ်ကြီး စွမ်းအားကို ဖုံးကွယ်ထားခဲ့တာပဲ …

စမ်းသပ်ချက်ကတောင် သူ့အတွက် လက်ရည်တူ ပြိုင်ဖက်လိုပဲလား

ဆရာ့ကို ငါ့နောက်ခံအဖြစ်ရှိတာ တကယ်ကို စိတ်ချရတာပဲ

အခြားလူများကလည်း ဂိုဏ်းချုပ်က ပိုမို အားကောင်းလာသောကြောင့် ပျော်ရွှင်နေကြသည်။ ထိုအရာက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေအတွက် ပိုကောင်းသွားသည် မဟုတ်ပါလော။

လက်ရှိ ထိပ်တန်း အံ့ဖွယ်မိုးကောင်းကင် ပါရမီရှင်ငါးယောက်ကြား နှစ်ယောက်က ဂိုဏ်းချုပ်၏ သွေးသား ဖြစ်စဉ် ကျန်သုံးယောက်မှာ သူ့တပည့်ရင်းများ ဖြစ်ကြသည်။

ထို့ကြောင့် အားလုံးက ဂိုဏ်းချုပ် စွမ်းအားကြီးလာသည်ကို မြင်လိုက်ရသည့်အခါ စိတ်ပေါ့ပါးသွားကြသည်။

ဂိုဏ်းချုပ်အနားရှိ ကောင်းကင်အရှိန်အဝါတို့ကလည်း တောက်ပနေသည်။ သူက တည်တည်ငြိမ်ငြိမ် ပြောလိုက်၏  “ဒါတွေအားလုံးက ထျန်းအာရဲ့ ကောင်းကင်ပြုပြင်ရေး ဆေးလုံးကြောင့်ပါ ”

အကယ်၍  ဂိုဏ်းချုပ်၏ ခန္ဓာဖွဲ့စည်းပုံကို တိုးတက်သွားစေပြီး ကျင့်ကြံဆင့် မြင့်သွားစေသည့် ဆေးအာနိသင်ကြောင့်သာ မဟုတ်လျှင် စမ်းသပ်ချက်ကို ဖြတ်ကျော်ရာ၌ အသက်ရှင်ဖို့ သိပ်မလွယ်ကူပေ။

ဝိဇ္ဇာကောင်းကင်စမ်းသပ်ချက် ဖြစ်သောကြောင့် နှစ်ကြိမ်ဆက်တိုက်ပင် ခံယူရသည့်အခါ ဝိဇ္ဇာအများစုကို သေစေနိုင်လောက်သည်။

သို့သော်လည်း  ဂိုဏ်းချုပ်က ကောင်းကင်ပြုပြင်ရေး ဆေးလုံးစွမ်းအားကို ကောင်းကောင်း အသုံးပြုပြီး ဖြတ်ကျော်နိုင်ခဲ့သောကြောင့် သူ့အနာဂတ် ကျင့်ကြံရေးက ပိုမို တည်ငြိမ်လာလိမ့်မည်။

အကယ်၍ သူသာ ဆက်လက် ကျင့်ကြံနေပါက ဂိုဏ်းချုပ်သည် နတ်ဧကရာဇ် ဖြစ်ဖို့ အလားအလာပင် ရှိလာနိုင်သည်။

ကောင်းကင်ပြုပြင်ရေး ဆေးလုံးဆိုသည့်အတိုင်း ကံကြမ္မာကို ပြောင်းလဲပစ်နိုင်၏။

ဟားဟား …

ဂိုဏ်းချုပ်၏ ကောင်းကင်အရှိန်အဝါ လှုပ်ခတ်နေမှုက သူ မည်မျှ စိတ်လှုပ်ရှားနေကြောင်း ပြသနေသည်။

“ ငါလည်း အဆင့်တက်တော့မယ် ” ကြာပြာကောင်းကင်အသျှင်က ရုတ်ချည်း ထအော်လိုက်သည်။

သူက ရွှေရောင်လမ်းကြောင်းအား ချန်ကာ ကောင်းကင်ဆီ ပျံသန်းသွားလိုက်သည်။ ကြာပြာကောင်းကင်အသျှင်လည်း  ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို စုပ်ယူခဲ့သောကြောင့် သူ့ကျင့်ကြံဆင့်လည်း တိုးတက်လာခဲ့သည်။

သူ့ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်အလင်းများပင် ပိုမို တောက်ပလာပြီး သူ့အရှိန်အဝါလည်း ပိုမို သိပ်သည်းလာသည်။

ကြာပြာကောင်းကင်အသျှင်က ဝိဇ္ဇာ စမ်းသပ်ချက် ခံယူတော့မည့်ဆဲဆဲတွင် ကျင့်ကြံရေး အဟန့်အတားဆီ ရောက်သွားလေသည်။

ထိုစဉ် အားလုံးက သူ့အား အပြည့်အဝ အာရုံစိုက်ထားကြသည်။

ဂိုဏ်းချုပ်ပင် ကြာပြာကောင်းကင်အသျှင်အား စိုက်ကြည့်မိသွားသည်။ သူက သူ့အစ်ကိုကြီး ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို သောက်သုံးပြီးနောက် ဘယ်လိုဖြစ်လာမလဲ သိချင်နေမိသည်။

ကြာပြာကောင်းကင်အသျှင်က နေမင်းကဲ့သို့ ရွှေရောင်တဖြတ်ဖြတ် ထုတ်လွှင့်နေကာ သူ့ရွှေတုတ်ချောင်းဖြင့် ကောင်းကင်ကို ချိန်ရွယ်ထားသေး၏။ သူ့ခန္ဓာကိုယ် မည်မျှ အားကောင်းကြောင်း ပြသနေသည်။

“ ငါက ကောင်းကင်ဘုံကို အုပ်စိုးတော့မယ်” ဟု ပြောနေသည့်အလား ဖြစ်၏။

ကြာပြာကောင်းကင်အသျှင်က ကောင်းကင်ပြုပြင်ရေး ဆေးလုံး အဆီအနှစ်များကို ဆက်လက် စုပ်ယူနေသောကြောင့် အရှိန်အဝါက ထပ်မံ တိုးတက်လာသည်။

သူ့ဖွဲ့စည်းပုံ တိုးတက်လာမှုနှင့် ကျင့်ကြံဆင့် မြင့်မားလာမှုကို အာရုံခံမိပြီး ကြာပြာကောင်းကင်အသျှင်၏ ယုံကြည်ချက်က မြင့်တက်သွားတော့သည်။ သူက ကောင်းကင်အား မော့ကြည့်ကာ အော်ပြောလိုက်သည်

“ ငါသာ မမွေးဖွားလာရင် တာအိုအတွက် အဆုံးမဲ့ အမှောင်ရက်တွေလိုမျိုး မျှော်လင့်ချက် မရှိဘူး။ အခု ငါ့တုတ်ချောင်းနဲ့ ငါ့တာအိုကို သက်သေပြပြီးတော့ ဝိဇ္ဇာစမ်းသပ်ချက်ကို ဖြတ်ကျော်ပြမယ် ”

သူ့ခန္ဓာကိုယ် အရှိန်အဝါက ကောင်းကင်အထိ ထွက်ပေါ်လာကာ ကောင်းကင်ဘုံကိုပင် ခြိမ်းခြောက်နေသည်။

ကြွားလုံးထုတ်ရတာ ကြိုက်သည့် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ပထမ အစ်ကိုကြီး  ပြန်ရောက်လာလေပြီ။

ကြာပြာကောင်းကင်အသျှင်က လက်နောက်ပစ်လျက် ရင်ဘတ်ကော့ကာ မားမားမတ်မတ် ဟန်ပါပါ ရပ်နေသည်။

ဒီဆေးလုံး သောက်လိုက်ပြီးတော့ ငါ့ယုံကြည်ချက်တွေ ပြန်ရလာသလိုပဲ … ဒီလိုမျိုး ပါးမွှား စမ်းသပ်ချက်လေးက ငါ့ကို ဘယ်လိုလုပ် တားနိုင်မှာလဲ

သူ့တုတ်ချောင်းမှ ရွှေရောင်အလင်းများ ထုတ်လွှင့်နေပြီးနောက် ရွှေရောင်သက်တန့်အဖြစ် ပြောင်းလဲသွားကာ တိမ်တိုက်ဖြိုခွင်းမည့်အလား ကောင်းကင်ယံသို့ ဝင်ရောက်သွားသည်။ ထိုစဉ် ကောင်းကင်စမ်းသပ်ချက် မိုးကြိုးတိမ်တိုက်များက စုဝေးလာပြီး မိုးကြိုးများကို မြင်လာရသည်။

သို့သော် အကုန် မဟုတ်သေးပေ။

တိမ်တိုက်သည် ကြာပြာကောင်းကင်အသျှင်၏ တိုက်ခိုက်မှုကြောင့် နှောင့်ယှက်ခံလိုက်ရသည့်အလား ဂိုဏ်းချုပ် ဖြတ်ကျော်ထားသည့် မပျောက်ပျက်သွားသေးသော ကောင်းကင်စမ်းသပ်ချက် တိမ်တိုက်ကိုလည်း ဆွဲယူလိုက်သည်။

ထိုစဉ် ကောင်းကင်စမ်းသပ်ချက် တိမ်တိုက်ကြီးက ပိုမို သိပ်သည်းလာသည်။

ကောင်းကင်စမ်းသပ်ချက် နှစ်ခု၏ စွမ်းအားက ဂိုဏ်းချုပ် ကျော်ဖြတ်ခဲ့သော စမ်းသပ်ချက်ထက်ပင် ကြောက်ဖို့ကောင်းကြောင်း သိသာလှသည်။

ကြာပြာကောင်းကင်အသျှင်က ကြောင်အမ်းသွားပြီးနောက် မျက်လုံးပြူးလာမိသည်။

လခွမ်း …

ကောင်းကင်စမ်းသပ်ချက် နှစ်ခုသည် အတူတကွ ပေါင်းစပ်သွားလိမ့်မည်ဟု မည်သူမှ မထင်ထားကြပေ။ ဤသည်က ကြာပြာကောင်းကင်အသျှင်၏ စမ်းသပ်ချက်မှာ  နှစ်ဆ ပိုမိုအားကောင်းလာကြောင်း ဆိုလိုသည်။

“ ဒီကောင်းကင်စမ်းသပ်ချက် နှစ်ဆဆိုတော့ရော ဘာဖြစ်လဲ။ ငါ့တုတ်နဲ့ ကောင်းကင်စမ်းသပ်ချက်ကို တစစီ မွေနှောက်ပစ်မယ်။ ငါ့ကို တားဆီးတဲ့သူမှန်သမျှ သေရမယ် ”

ကြာပြာကောင်းကင်အသျှင်က တံတွေးမျိုချလိုက်ရင်း အကြောက်အလန့်မရှိ ကောင်းကင်စမ်းသပ်ချက်ဆီ တရှိန်ထိုး တက်လှမ်းသွားလိုက်သည်။ သူက ကောင်းကင်စမ်းသပ်ချက် မည်မျှကြောက်ဖို့ကောင်းစေကာမူ သူ့ဘာသာ သက်သေပြရဦးမည် ဖြစ်၏။

သူ့ဂျူနီယာများ ရှိနေလေရာ သူ့ဂုဏ်သတင်းနှင့် ဂုဏ်သိက္ခာကို ထိန်းထားရပေဦးမည်။

ကြာပြာကောင်းကင်အသျှင်က ရွှေရောင်အလင်းများ ထုတ်လွှင့်လိုက်ပြီးနောက် ကောင်းကင်အရှိန်အဝါ ဖန်တီးလိုက်ကာ ကောင်းကင်တစ်ခုလုံး လွှမ်းခြုံပစ်လိုက်သည်။

သူက ကောင်းကင်စမ်းသပ်ချက်ကို သူကိုယ်တိုင် တိုက်ခိုက်လိုသည်။

ဘေးနားရှိ အံ့ဖွယ်မိုးကောင်းကင် တပည့်များကလည်း ထိုမြင်ကွင်းကြောင့် တအံ့တဩ ဖြစ်ကာ ရင်ထဲ ထိသွားကြသည်။

ဖန်ချန်း၊ ကျောက်ဟောင်နှင့် အခြားလူများ၏ အကြည့်တို့၌ လေးစားမှုအပြည့် ဖြစ်နေပြီး မအံ့ဩဘဲ မနေနိုင်ကြတော့ပေ။

“ ဦးလေးက အရမ်းအားကောင်းတာပဲ။ ဒါက သူ့စွမ်းအားအစစ်အမှန်လား ”

“အတိတ်က အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ ပထမအစ်ကိုကြီးလား။ သူက တကယ်ကို ကောင်းကင်ဘုံနဲ့ ဆန့်ကျင်နိုင်တဲ့ စွမ်းအားမျိုး ပိုင်ဆိုင်ထားတာပဲ ”

“ ငါ ဖန်ချန်း အရင်တုန်းက  ဦးလေးအပေါ် အထင်မှားမိခဲ့တယ်။ ငါ့သည်းခံမှုက ဦးလေးနဲ့ ယှဉ်လိုက်ရင် မှေးမှိန်သွားတာပဲ ”

“...”

ရှန်ထျန်းတစ်ယောက်သာ ထူးထူးဆန်းဆန်း အမူအယာမျိုး ရှိနေသည်။

ဒီလို ဟုတ်ရဲ့လား … တစ်ခုခုတော့ လွဲနေသလိုပဲ

ရှန်ထျန်း၏ မျက်လုံးများ တောက်ပလာကာ ပင်ကိုယ် ကောင်းကင်တာအိုမျက်လုံးကို အသက်သွင်းလိုက်သည်။ ကြာပြာကောင်းကင်အသျှင်အား ကောင်းကင်အရှိန်အဝါများ လွှမ်းခြုံထားလျက်ပင် ရှန်ထျန်းက ကောင်းကင်ထဲမှ အဖြစ်အပျက်များကို မြင်နိုင်ဆဲ ဖြစ်၏။

သိပ်မကြာခင် ရှန်ထျန်း၏ နှုတ်ခမ်းထောင့်တို့ တွန့်ချိုးသွားကာ သက်ပြင်းချလိုက်ရင်း  “ဦးလေးရေ စမ်းသပ်ချက်ကို အေးအေးဆေးဆေး ဖြတ်ကျော်လို့ ရရဲ့သားနဲ့ ဘာလို့ ကြွားလုံးထုတ်ချင်နေရတာလဲ ”

ရှန်ထျန်း၏ မှတ်ဉာဏ်ထဲ၌ ကောင်းကင်စမ်းသပ်ချက်ရှေ့ ကြွားလုံးထုတ်ဖို့ ကြိုးစားသူများသည် သေဆုံးကြရသည်။

ဟိုနွယ်ပင်လေးလိုပေါ့ …

ကြောက်မက်ဖွယ် ကောင်းကင်စမ်းသပ်ချက် တိမ်တိုက်က စုဝေးလာကာ ရွှေရောင်မိုးကြိုးချက်များ တလက်လက် ဖြစ်လာသည်။ လေထုက အခြားလူများကိုပင် ကြောက်လန့်လာစေနိုင်၏။

ဤသည်မှာ ဝိဇ္ဇာကောင်းကင် စမ်းသပ်ချက် ဖြစ်၏။ မူလက ဤသို့သော စမ်းသပ်ချက်မျိုးသည် အထင်သေး၍ မရပေ။ ဝိဇ္ဇာများသည် အားကုန်ထုတ်၍ တောင့်ခံဖို့ လိုအပ်လေသည်။

ကောင်းကင်စမ်းသပ်ချက်မှ ဖြစ်တည်ထားသော ပြိုင်ဖက်ကင်း ကောင်းကင်စမ်းသပ်ချက်မျိုးဆိုလျှင် ပြောနေဖို့ပင် မလိုတော့ပေ။

ရှေးအခါကတည်းက ကြာပြာကောင်းကင်အသျှင်သာ ဤသို့သော ကောင်းကင်စမ်းသပ်ချက်မျိုးနှင့် ကြုံတွေ့ရလောက်သည်။

ဝိဇ္ဇာများပင် စမ်းသပ်ချက်ကို အလွယ်လေး မဖြတ်ကျော်နိုင်ကြပေ။ ထို့ကြောင့် ဝိဇ္ဇာ စမ်းသပ်ချက်နှစ်ခုက တစ်နေရာတည်းတွင် တွေ့ရနိုင်ခြေ အလွန်နည်းပါးလေသည်။

အကယ်၍ ရှိလျှင်ပင် ဝိဇ္ဇာအများစုက တခြားသော စမ်းသပ်ချက် တိမ်တိုက် အပြီးတိုင် ကွယ်ပျောက်သွားပြီးနောက်မှသာ စမ်းသပ်ချက် ခံယူကြလိမ့်မည်။ စမ်းသပ်ချက် ခံယူခြင်းမှာ ကလေးကစားစရာမျိုး မဟုတ်ဘဲ အသက်ပင် ဆုံးရှုံးသွားနိုင်သည်။

နှမြောစရာကောင်းသည်က ကြာပြာကောင်းကင်အသျှင်သည် ကြွားလုံးထုတ်ဖို့သာ တွေးမိပြီး ထိုအချက်ကို မေ့လျော့သွားသောကြောင့်  စမ်းသပ်ချက်နှစ်ခုက တစ်ခုတည်းအဖြစ် ပေါင်းစပ်ခြင်းနှင့် ကြုံခဲ့ရခြင်း ဖြစ်သည်။

သူ့ကံကောင်းမှုကို စကားဖြင့်ပင် ဖော်ပြ၍ မရပေ။

ကောင်းကင်စမ်းသပ်ချက်ကို မမှုဘဲ ကိုယ့်အသက်ကို စတေးကာ အခြားလူများအား သင်ကြားပေးခဲ့သည့် သူရဲကောင်းဆန်ဆန် အပြုအမူမျိုးးကို သမိုင်းကြောင်းအတွင်း မှတ်တမ်းတင်ထားသင့်ပေသည်။

ထိုအရာက နယ်မြေငါးခု၌ ရုတ်ရုတ်သည်းသည်း ဖြစ်သွားစေလောက်သည်  “ ကြာပြာကောင်းကင်အသျှင်က ဝိဇ္ဇာအားလုံးအတွက် နမူနာအနေနဲ့  ကျင့်ကြံသူအားလုံးကို ကောင်းကင်စမ်းသပ်ချက်အပေါ် လေးစားမှုပြသပြီး ကြွားလုံးမထုတ်ဖို့ သက်သေပြသွားတယ်  ”

သူက ကြွားလုံးထုတ်လိုလျှင်ပင် အခြားလူ၏ ကောင်းကင်စမ်းသပ်ချက်ရှေ့တွင် မလုပ်သင့်ပေ။ မဟုတ်လျှင် အကျိုးဆက်က ဆိုးရွားသွားနိုင်သည်။

ကောင်းကင်စမ်းသပ်ချက် တိမ်တိုက်က အရူးအမူး စုဝေးလာကာ စွမ်းအားများကလည်း အချိန်မရွေး ပေါက်ထွက်တော့မလို ဖြစ်နေသည်။

ကြာပြာကောင်းကင်အသျှင်က အသက်ပြင်းပြင်းရှုကာ ကောင်းကင်စမ်းသပ်ချက်ကို အော်ပြောလိုက်သည်  “ လုပ်ရဲရင် လာခဲ့စမ်းပါ။ ငါက မင်းကို မကြောက်ဘူး ”

ကြာပြာက နောက်ဆုတ်ရန် နည်းလမ်း မရှိတော့သောကြောင့် ကောင်းကင်စမ်းသပ်ချက်နှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်က ပိုကောင်းလေသည်။

သူတို့က ကြာပြာကောင်းကင်အသျှင်၏ စိန်ခေါ်မှုကို ကြားသွားသည့်အလား တိမ်တိုက်များက ပိုမည်းလာကာ အရှိန်အဝါလည်း ပိုအားကောင်းလာသည်။

ဝုန်း …

ရွှေရောင်မိုးကြိုး ကျရောက်လာပြီးနောက် ရွှေမြင်းပျံတစ်ကောင်သဖွယ် ပြောင်းလဲသွားကာ ကြာပြာဆီ ဝင်ရောက်လာသည်။

ကြာပြာက ခဏ ကြောင်သွားပြီး  “ တကယ်လုပ်ရဲတယ်လား … မင်းကို တစစီ လုပ်ပစ်မယ် ”

ကြာပြာက ရွှေတုတ်ချောင်းကို ဝေ့ယမ်းကာ အားကောင်းကောင်း အရှိန်အဝါကို ထုတ်လွှင့်လိုက်သည်။

ထိုစွမ်းအားက မြစ်နှင့် တောင်တန်းများကိုပင် ဖျက်စီးပစ်နိုင်သည်။

သူ့ရွှေတုတ်ချောင်းက ရုတ်ချည်း ကြီးလာကာ ရွှေမြင်းပျံအား တစစီ ရိုက်ထုတ်ပစ်လိုက်သောကြောင့် မိုးကြိုးများက နေရာအနှံ့ လွှင့်စင်သွားတော့သည်။

ကြာပြာကောင်းကင်အသျှင်က ကြောင်အမ်းသွားပြီးနောက် ဟားတိုက်ရယ်မောလိုက်သည်။

“ ဒါပဲလား။ ကောင်းကင်စမ်းသပ်ချက် စွမ်းအားက ဒါလေးပဲလား။ ကျစ်ကျစ် ထင်ထားတဲ့အတိုင်း ငါ့တုတ်က ပိုအားကောင်းတာပဲ”

နဂို ရင်တမမ ဖြစ်နေသည့် ကြာပြာက သက်ပြင်းချလိုက်တော့သည်။

သူ့ရုပ်ခန္ဓာနှင့် ဆေးလုံးဖြင့် သူ့ချီသန့်စင်ခြင်းနှင့် နတ်ဘုရားကိုယ်ထည်မာ ကျင့်ကြံဆင့် နှစ်ခုလုံးက သိသိသာသာ တိုးတက်လာသည်။

ဤသည်မှာ ကြာပြာတစ်ယောက် ကောင်းကင်စမ်းသပ်ချက်ကို တစစီ အလွယ်လေး လုပ်ခဲ့နိုင်သည့် အကြောင်းအရင်း ဖြစ်၏။

သို့သော်လည်း ဝိဇ္ဇာမိုးကြိုးစမ်းသပ်ချက်က မည်သို့ ရိုးရှင်းမည်နည်း။ ဤသည်မှာ ကောင်းကင် စမ်းသပ်ချက် နှစ်ခုပေါင်းစပ်နေသည့်အကြောင်း ထည့်မပြောရသေးပေ။

ဝုန်း …

နောက်ထပ် ကျယ်ကျယ်လောင်လောင် အသံမျိုး ပဲ့တင်ထွက်လာသည်။

ကောင်းကင်စမ်းသပ်ချက် တိမ်တိုက်အတွင်း လျှပ်စီးများ တလက်လက် ဖြစ်လာပြီး နောက်ထပ် ကောင်းကင်စမ်းသပ်ချက် မိုးကြိုးသုံးချက်က ကျရောက်လာသည်။ သူတို့က နွားထီးများအလား ဖြစ်တည်လာကာ ကြာပြာဆီ တဟုန်ထိုး ပြေးဝင်လာသည်။

မိုးကြိုးနွားထီးသုံးကောင်၏ အရှိန်အဝါက အာကာပြင်ကိုပင် ပုံပျက်သွားလောက်အောင်အထိ အံ့မခန်းလိလိ ဖြစ်သည်။ နွားထီးများက မရပ်တန့်ဘဲ လမ်းရှိ အရာအားလုံးကို ဖျက်စီးပစ်ခဲ့ကြသည်။

ကြာပြာကောင်းကင်အသျှင်က မျက်မှောင်ကြုတ်သွားကာ  လေသံမှာလည်း အတည်ပေါက် ဖြစ်လာသည်။

“ နောက်ထပ်လား။ ငါက ဒီနွားထီးသုံးကောင်လောက်ကို မတားနိုင်ဘူး ထင်နေလား။ ငါလည်း သုံးယောက်ရှိတယ်ကွ … လာကြစမ်း ”

ကြာပြာကောင်းကင်အသျှင်က ချီတစ်သွယ် သန့်စင်သုံးပါး ကျင့်စဉ်ကို အသက်သွင်းလိုက်သည်။ သူ့အရှိန်အဝါများက ရုတ်ချည်း မြင့်တက်လာပြီး သူ့အတွင်းရှိ စည်းမျဉ်းများမှ သူ့ကိုယ်ပွားသုံးယောက် ဖြစ်လာသည်။

လူငယ်လေး ကြာပြာနှင့် လူလတ်အရွယ် ကြာပြာတို့က ကြာပြာကောင်းကင်အသျှင်၏ အရိပ်ထဲမှ ထွက်လာကြသည်။ သူတို့သုံးယောက်လုံးက တညီတညွှတ် မတ်တတ်ရပ်ကာ  ကောင်းကင်စမ်းသပ်ချက်ကို  ရင်ဆိုင်နေကြသည်။

ကြာပြာသုံးယောက်က ဝိဇ္ဇာတစ်ယောက်၏ စွမ်းအား ပိုင်ဆိုင်ထားသောကြောင့် သူတို့အနေနှင့် ကောင်းကင်စမ်းသပ်ချက်ကို တားဆီးဖို့ မခက်လှပေ။

ဝုန်း …

နောက်ထပ် ပေါက်ကွဲသံ ထွက်ပေါ်လာသည်။

နွားထီးသုံးကောင်၏ မိုးကြိုးအရှိန်အဝါက ကြောက်မက်ဖွယ် ကောင်းသော်လည်း ကြာပြာသုံးယောက်ကြောင့် ဖျက်စီးခံလိုက်ရဆဲ ဖြစ်သည်။

ကြာပြာ၏ ယုံကြည်ချက်က အလျှင်အမြန် ပြန်လည် မြင့်တက်လာကာ အော်ပြောလိုက်သည်  “ အားကုန်ထုတ်သုံးလိုက်စမ်းပါ … အဲဒါမှ သွေးပူလာမှာ ”

ကောင်းကင်စမ်းသပ်ချက်ကို ကြောက်ဖို့ ကောင်းမယ် ထင်နေခဲ့တာ …

အခုတော့ ဒါလေးပဲလား … ဒါက အားအပြည့်လား

အားပျော့လွန်းတယ်

ငါသာ စောစောသိခဲ့ရင် အရင်မပြင်ဆင်ထားဘဲ  ဂိုဏ်းတူ တူလေးတွေနဲ့ တူမလေးကို ငါ ဘယ်လောက်အားကောင်းပြီး ပါရမီပါကြောင်း ပြခဲ့ရမှာ

ဝုန်း ဝုန်း  ဝုန်း

ကောင်းကင်စမ်းသပ်ချက်က ဒေါသထွက်သွားသည့်အလား တိမ်တိုက်မှ  မိုးမြေတစ်ခုလုံးကို အပျက်အစီးအဖြစ် ပြောင်းပစ်နိုင်သည့် မျက်စိစူးမတတ် အလင်းများ ပေါက်ထွက်လာသည်။

ထိုစဉ် ကောင်းကင်က နှစ်ပိုင်းကွဲသွားပြီး ကောင်းကင်စမ်းသပ်ချက် မိုးကြိုးချက်များစွာ ထွက်ပေါ်လာကာ မိုးကြိုးသားရဲဆယ်ကောင် ဖြစ်လာပြီး ကြာပြာဆီ ဝင်ရောက်သွားသည်။

ကောင်းကင်စမ်းသပ်ချက် မိုးကြိုးတချို့က နဂါးအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ယံတွင် ဟိန်းကာ အမြီးကြီးဖြင့် အာကာပြင်တစ်ခုလုံးကို ဖြတ်ခွင်း၍ ကြာပြာအား ရိုက်နှက်ဖို့ ဝင်ရောက်လာသည်။

တချို့က ကျားဖြူအဖြစ် ပြောင်းလဲသွားပြီး မိုးမြေစည်းမျဉ်းကိုပင် စုတ်ဖြဲပစ်နိုင်သည့် သူတို့လက်သည်းများဖြင့် ကြာပြာဆီ ဦးတည်လာသည်။

ထို့အပြင် ဇာမဏီ၊ ချီလင်နှင့် လိပ်နက်တို့လည်း ရှိနေသေး၏။

ကောင်းကင်စမ်းသပ်ချက် မိုးကြိုးချက်များစွာက ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ကြာပြာဆီ ဦးတည်ထားသည်။

ကြာပြာသုံးယောက်လုံး ပါးစပ်ဟောင်းလောင်း ဖြစ်သွားရုံသာမက မျက်စိများလည်း ပြူးကျယ်လာသည်။

“လခွမ်း ဆယ်ယောက် သုံးယောက်လား။ မင်းဆီမှာ ကျင့်ဝတ် မရှိဘူးလား ” သုံးယောက်လုံးက အော်ပြောလိုက်သည်။

ဝုန်း …

ထိုစဉ် မိုးကြိုးချက် ကျဆင်းလာကာ မိုးကြိုးမြွေလည်း ကခုန်လျက် ရောက်ရှိလာပြီး ကောင်းကင်တစ်ခုလုံးက မိုးကြိုးပင်လယ်ကြီးအလား ဖြစ်သွားလေသည်။

အဆုံးမဲ့ မိုးကြိုးချက်များက ကြာပြာသုံးယောက်အား ဖုံးလွှမ်းသွားတော့သည်။

“ -ီး … ငါ့ကို ရိုက်ရဲတယ်လား။ ငါလည်း အားကုန်ထုတ်သုံးတော့မယ်။ မဟုတ်သေးဘူး …. ဟိုနဂါးစုတ် ဘယ်ကို လာတိုက်နေတာလဲ။ ဒီနေရာ လာမထိနဲ့ … အား  …  ညီလေးရေ ကယ်ပါဦး။ အား … ငါ ထပ်မကြွားတော့ပါဘူး  အား …  ”

ကြာပြာသုံးယောက်လုံး၏ ငိုကြီးရှိုက်မ အသံနက်ကြီးက နေရာတစ်ခုလုံး ပဲ့တင်ရိုက်နေသည်။

……….....

ခဏအကြာတွင် ကောင်းကင်စမ်းသပ်ချက်က စွမ်းအားအကုန် ထုတ်သုံးလိုက်သည့်အလား ရပ်တန့်သွားသည်။

ကောင်းကင်စမ်းသပ်ချက် တိမ်တိုက်များက အနိုင်ရသူအလား ဦးမော့ကာ ထွက်ခွာသွားတော့သည်။

ထိုစဉ် ကြာပြာက ကောင်းကင်မှ ဖြည်းဖြည်းချင်း ပြုတ်ကျလာသည်။ သူ့တစ်ကိုယ်လုံးမှာ တုန်လှုပ်နေပြီး သူ့ခန္ဓာကိုယ်ရှိ ရွှေရောင်မိုးကြိုးများကိုလည်း မြင်နေရသည်။ သူ့တစ်ကိုယ်လုံးအပြင် မုတ်ဆိတ်မွေးနှင့် ဆံပင်တို့မှာ မည်းတူးနေလေ၏။

တာအိုကိုယ်တော်ကြီးက အားလုံးဆီ လျှောက်လာသည်။

အားလုံးက သူ့ကို ကြည့်ရင်း တုန်တုန်ယင်ယင် ဖြစ်သွားကြ၏။

ဦးလေးက အရင်က စွမ်းအားပြည့်နေတာ မဟုတ်ဘူးလား … အခုလို ဘယ်လိုဖြစ်သွားရတာလဲ

ရှန်ထျန်းက မနေနိုင်ဘဲ ထုတ်မေးလိုက်သည်  “ဦးလေး အဆင်ပြေရဲ့လား ”

ရှန်ထျန်းက ကြာပြာကောင်းကင်အသျှင်သည် ကောင်းကင်စမ်းသပ်ချက်အောက်တွင် မည်မျှ ဒုက္ခခံခဲ့ရကြောင်း မြင်တွေ့ခဲ့ရ၏။

ဒေါသကြီးနေသော ကောင်းကင်စမ်းသပ်ချက်က ရက်စက်ကာ လူမဆန်ဘဲ ကြာပြာအား သေလုနီးပါးအထိ နှိပ်စက်ခဲ့သည်။

တာအိုကိုယ်တော်ကြီးတွင် အားကောင်းသည့် ခန္ဓာကိုယ်ရှိပြီး ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံး၏ တိုးမြင့်ပေးမှုကြောင့် အသက်ရှင်ဖြတ်ကျော်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။ မဟုတ်ပါက ရှန်ထျန်းအနေနှင့် ဦးလေးကြာပြာကို ထပ်တွေ့ရတော့မည် မဟုတ်ပေ။

ကြာပြာက သူ့အမှားကို ဝန်ခံဖို့ အင်တင်တင် လုပ်နေဆဲ ဖြစ်ပြီး  “ ဒါလေးလား။ ငါ အဆင်ပြေတာပေါ့။ ငါက ကောင်းကင်စမ်းသပ်ချက်နဲ့ ငါ့ခန္ဓာကို ပိုအားကောင်းလာစေချင်တာလေ။ မဟုတ်ရင် ကောင်းကင်စမ်းသပ်ချက်က ငါ့ကို ထိခိုက်နိုင်မှာလား ”

သူက အမှားဝန်ခံဖို့ ဝန်လေးနေဆဲ ဖြစ်သော်လည်း စိတ်ထဲတွင် ငြီးတွားမိလိုက်သည်။

သေစမ်း … ဝိဇ္ဇာကောင်းကင်စမ်းသပ်ချက်က တကယ်ကို ရက်စက်လွန်းတယ်။ ငါ့ကို လုံးဝ မျက်နှာသာမပေးဘူး။ ငါရဲ့ အားကောင်းတဲ့ အခြေခံကြောင့်သာ မဟုတ်ရင် ဖြတ်ကျော်နိုင်မှာ မဟုတ်လောက်ဘူး

.................

ဝုန်း …

ထိုစဉ် မိုးခြိမ်းသံ ထပ်မံ ထွက်ပေါ်လာကာ ကောင်းကင်စမ်းသပ်ချက် ထွက်ပေါ်လာမည့်အလား တိမ်တိုက်များ စုစည်းလာသည်။

ကြာပြာက တုန်တုန်ယင်ယင် ဖြစ်သွားပြီးနောက် တိတ်တိတ်လေးသာ နေလိုက်တော့သည်။  စကားကြီးစကားကျယ် ထပ်မပြောရဲတော့ပေ။

ကောင်းပြီလေ .. ငါ အလောတကြီး မပြုမူသင့်ဘူး

သူက အခြေအနေဆိုးဆိုးရွားရွား ဖြစ်နေသော်လည်း အကျိုးအမြတ်များစွာ ရရှိခဲ့သည်။ သူ့ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က ပိုမို ကြည်လင်လာကာ အထဲတွင်  အားကောင်းကောင်း စွမ်းအားများ ပါဝင်သည့် ရွှေရောင်အလင်းများ စီးဆင်းနေလေ၏။

ဤအရာက ကြာပြာအား အနည်းငယ် စိတ်သက်သာရာရသွားစေသည်။

အနည်းဆုံးတော့ ငါ အလကား အရိုက်ခံခဲ့ရတာ မဟုတ်တော့ဘူးပေါ့ …

ဒါပေမဲ့ ညီလေးအလှည့်ကျ လွယ်ကူပြီးတော့ ငါ့အတွက် ဘာလို့ ခက်ခဲနေရတာလဲ

ကောင်းကင်တာအို … အိုး ကောင်းကင်တာအို မတရားလိုက်တာ

All Chapters