အ မျိုးတုံးအတ္တလန္တိတ်ငါးပြန်ပေါ်လာပြီ! ၂
Vol. 79 Ch. 1180
ခဏအကြာ ဝန်ကြီးလုပို့လိုက်သောအချက်အလက်ကို ချင်လင်ရသည်။
……
ချင်းလင်စံအိမ်ရေပေါ်တံတားရှုခင်းမှာ ချင်းလင်စံအိမ်၏နာမည်ကြီးပရောဂျက်များထဲမှတစ်ခုဖြစ်သည်။ သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်၊ ပန်းပင်လယ်အကျယ်နှင့် ငါးပြတိုက်ထက်တောင် နာမည်ကြီးသည်။
ရေပေါ်မှဘဲစားမှော်ပင်နှင့်နေဝင်ဆည်းဆာရောယှက်နေသောအလှကိုရှုစားနိုင်ရုံသာမက မျောနေသောဘဲစားမှော်ပင်ကိုယ်တိုင်ကလည်း အလွန်လှသည်။ အလှစိုက်ပင်ဟူသောနာမည်နှင့်ညီသည်။
ဘဲစားမှော်ပင်က ရေသန့်စင်နိုင်သောကြောင့် ဘဲစားမှော်ပင်တဝိုက်တွင် ရေကြည်လင်ရှင်းသန့်နေသည်။
နောက်ပြီး အပြင်မှာမြင်ရခဲသောသဘာဝငါးကြီးများလည်းရှိသည်။
နောက်ပြီး အလှအပဘဲများလည်းရှိသည်။ လှလွန်း၍ ငန်းတောင်မယှဉ်နိုင်။
ရေပေါ်တံတားရှုခင်းမှာ ကြည့်အကောင်းဆုံးနေရာတစ်ခုဖြစ်သည်။
ဘယ်ခရီးသည်က ရေပေါ်တံတားမှာလျှောက်ရတာမကြိုက်ဘဲနေမှာလဲ?
မိသားစုသုံးဦးတွဲလာသူများက ရေပေါ်တံတားပေါ်တွင်နားပြီး ဓာတ်ပုံရိုက်ကြသည်။
ရေပေါ်တံတားမျှော်စင်_
မိသားစုသုံးဦး ဓာတ်ပုံရိုက်နေကြသည်။ ယောက်ျားဖြစ်သူက ဒိုင်ခံဓာတ်ပုံရိုက်ပြီး မိန်းမဖြစ်သူက ပုံစံအမျိုးမျိုးလုပ်ပြသည်။ နှစ်ယောက်သား ကြည်ကြည်နူးနူးအကြည့်ချင်းဖလှယ်ကြ၏။
သူတို့သမီးက ပျင်းပျင်းနှင့်ရေထဲကြည့်နေသည်။ လင်မယားစုံတွဲမှာ သမီးဖြစ်သူကိုသတိမရကြ။ မိဘချင်းချစ်ကြည်နူးပြီး သမီးအတွက်ထိခိုက်စရာဖြစ်နေသည်။
ရုတ်ချည်းဆိုသလို ရေထဲတွင်လှိုင်းထလာသောကြောင့် ကလေးမလေးစိတ်ဝင်စားသွားသည်။
လှိုင်းကကြီးသည်။
သူမကငေးကြည့်ရင်း ရုတ်တရက်မျက်လုံးပြူးသွားသည်။ ရေထဲမှငါးအဖြူကြီးထွက်လာ၏။
ကလေးမလေးက မိဘများကိုလှမ်းအော်သည်_
"အဖေ အမေ ကြည့်! ငါးကြီး.. ငါးကြီး.. အဖေ့ထက်တောင်ကြီးတယ်''
ကလေးမလေးအသံကြောင့် မိဘများစိတ်ဝင်စားသွားသည်။
မိန်းမက ယောက်ျားကိုကြည့်လိုက်သည်။ သူမယောက်ျားက ခြေထောက်ရှည်ရှည်နှင့် ၁.၈ မီတာအရပ်ရှည်သည်။
ဘယ်ငါးက ဒီယောက်ျားထက်ပိုကြီးတာလဲ? နှစ်မီတာလောက်ဖြစ်မနေဘူးလား?
မိဘများကပြေးလာပြီး ရေထဲကြည့်လိုက်သော်လည်း ဘာမှမရှိ။
“ဘယ်မှာလဲ ငါး?”
မိန်းမက မေးသည်။
ယောက်ျားကပြုံးပြီး_
"ငါတို့ သမီးနဲ့မှဓာတ်ပုံမရိုက်ရသေးတာ... သမီးလေးစိတ်ကောက်နေပြီ... သူတမင်ညာပြောတာ''
ကလေးမလေးက ချက်ချင်းစိတ်လှုပ်ရှားသံနှင့် အော်ပြီးရှင်းပြသည်_
"မညာပါဘူး... စောစောကရှိတယ်... ငါးအကြီးကြီးပဲ''
သူမကပြောရင်းဆိုရင်း သူမလက်သေးသေးလေးနှင့် အတတ်နိုင်ဆုံးကားပြသည်။
မိဘများက သမီးဖြစ်သူကိုအသာလေးကြည့်နေကြသည်။ သူတို့လုံးဝမယုံ။ အိမ်ပြန်ရောက်ရင် ကြက်မွေးစာကျွေးစာရမလားဟုတောင်တွေးနေသည်။
ဒီကလေးက လိမ်တတ်လာတဲ့အပြင် သူတို့ရဲ့ရှားရှားပါးပါး၊ချိုချိုမြိန်မြိန်အချိန်လေးတွေကိုလည်းနှောင့်ယှက်လာပြီ။
သူတို့အတွေးများနေစဉ် ရုတ်တရက် အလန့်တကြားအော်သံကြားရသည်။
"ကြည့်... ကြီးလိုက်တဲ့ငါးကြီး!''
"ရေထဲကငါးက ကြီးလိုက်တာ... ဒီလောက်ကြီးတဲ့ငါးမြင်ဖူးတာ ဒါပထမဆုံးပဲ''
"ရေလှောင်တမံထဲမှာ ဒီလိုငါးကြီးရှိတယ်လား... အရင်က ဘာလို့သတိမထားမိပါလိမ့်?''
“……”
ရုတ်တရက် တရုန်းရုန်းဖြစ်သွားပြီး ရေပေါ်တံတားပေါ်မှတစ်ယောက်ပြီးတစ်ယောက် ရေလှောင်တမံတဖက်ကိုလှမ်းကြည့်ကြသည်။
အမှန်ပင် ရေထဲမှခေါင်းပြူကြည့်နေသောငါးဖြူကြီးများရှိသည်။
နောက်ပြီး အရွယ်အစားကမယုံနိုင်စရာ။ နှစ်မီတာ၊သုံးမီတာလောက်ရှည်မည်။
"အမေ ကြည့်.. သမီးမလိမ်ဘူး''
ကလေးမလေးကလည်း လက်ယမ်းပြီး မိဘများကိုလှမ်းပြောသည်။
မိဘများမှာ ငါးကြီးမြင်ပြီးလန့်သွားသည်။
ဒီလောက်ကြီးတဲ့ငါးမျိုးမမြင်ဖူး၊ ဖြူဆွတ်နေသည်။ ငါးမန်းများလား?
ဆူဆူညံညံအသံများကြောင့် ငါးများစိတ်ဝင်စားနေပုံရသည်။ နှစ်ကောင်ကခေါင်းထောင်ပြီး ရေပေါ်တံတားပေါ်မှလူများကိုလှမ်းကြည့်သည်။
"အကြီးကြီးပဲ''
ကလေးမလေးက အံ့ဩပြီးအော်သည်။ သူမက လက်ထဲမှငါးကျွေးသောပေါင်မုန့်ကိုတစ်ချက်ကြည့်လိုက်သည်။ ပေါင်မုန့်ကိုနည်းနည်းဖဲ့ပြီး ရေထဲပစ်ချရန်ပြင်လိုက်၏။
ငါးကမြင်သောအခါ ချက်ချင်းမျက်နှာဝှက်ပြီး သာယာကြည်လင်သောအသံမျိုး ကလေးမလေးကိုလုပ်ပြသည်။ သူ့မျက်စိနှင့်လည်းစိုက်ကြည့်နေ၏။
ကလေးမလေးကမြင်ပြီး ငါးကြီးကကြောင်တောင်တောင်နှင့်ချစ်စရာကောင်းသည်ဟုထင်သည်။
သူမကလည်း အလိုက်တသိပင် ပေါင်မုန့်ဖဲ့ပြီးပစ်ချလိုက်သည်။
ကလေးမလေးလုပ်ပုံကို တခြားလူများလည်းစိတ်ဝင်စားသွားသည်။ အတော်များများလက်ထဲတွင်ငါးစာရှိ၍ ချက်ချင်းရေထဲပစ်ချလိုက်သည်။ ငါးကြီးများကအမြန်ရောက်လာပြီးစားကြသည်။
ငါးကြီးများက မဝသေးသလိုခေါင်းပြူပြီး ရေပေါ်တံတားပေါ်မှခရီးသည်များကို ချစ်စရာကောင်းအောင်လုပ်ပြသည်။
အစာထပ်တောင်းနေခြင်းပင်။
ချစ်စရာကောင်းအောင်လုပ်နေပုံက သူတို့ကိုယ်လုံးနှင့်မလိုက်။
ရေပေါ်တံတားရုတ်တရက်အခြေအနေကြောင့် လူများစုရုံးစုရုံးဖြစ်နေသည်။
လူတစ်ယောက်တွဲလာရသော လူကြီးတစ်ဦးမှာ နှစ်မီတာ၊သုံးမီတာလောက်ရှိသောငါးကြီးပေါ်လာသည်ဟုကြားပြီး အပြေးရောက်လာသည်။
သူကငါးသုတေသီဖြစ်၍ ဘယ်လိုငါးမျိုးလဲသူကြည့်ချင်သည်။
နှစ်ရာချီရေလှောင်တမံဖြစ်သောကြောင့် ဒီလိုငါးကြီးများပေါ်နိုင်သည်။
လူကြီးကတံတားပေါ်ရောက်သောအခါ ငါးကြီးတချို့မြင်ပြီး မယုံနိုင်ပုံပေါက်သွားကာ_
"အန္တလန္တိတ်ငါး? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ဒီမှာတကယ်ရှိနေတယ်''
ထိုလူကြီးစကားကြောင့် ပတ်ပတ်လည်ရှိလူများစိတ်ဝင်စားသွားသည်။
လူငယ်တစ်ယောက်ကမေးသည်_
"ဆရာကြီး.. ဒီငါးကိုသိလား? အန္တလန္တိတ်ငါးက ဘယ်လိုငါးမျိုးလဲ?''
လူကြီးမှာ ထိုလူငယ်ကိုဖြေဖို့အချိန်မရှိ။ ရေထဲသို့အစပ်မုန့်များပစ်ချနေသူတစ်ယောက်ကိုမြင်ပြီး_
"ဒီအန္တလန္တိတ်ငါးက မျိုးတုံးတဲ့မျိုးစိတ်.. မဟုတ်သေးဘူး... မကြာခင် မျိုးတုံးတော့မယ့်နိုင်ငံ့ရတနာ... ပန်ဒါလိုပဲအရေးကြီးတယ်... အဲဒါတွေမကျွေးနဲ့... မင်းကျွေးတာစားပြီးမှသေရင် ထောင် ၅ နှစ်ကျလိမ့်မယ်''
သူ့စကားကြောင့် တခဏချင်း အားလုံးငြိမ်ကျသွားသည်။
ရေထဲပစ်မည့်ဆဲဆဲလူများက အမှတ်တမဲ့ရပ်လိုက်ကြသည်။ ကိုယ့်လက်ထဲမှပစ္စည်းကိုယ်ပြန်ကြည့်ကာ အသာလေးလက်ရုတ်လိုက်ကြ၏။
နောက်နေတာလား?
ဒီငါးတွေက နိုင်ငံ့ရတနာလား?
အစာကျွေးရင် ထောင်ကျမယ်ပေါ့?
လူကြီးကစိတ်လှုပ်ရှားပုံနှင့် ချက်ချင်းဖုန်းထုတ်ပြီး နံပါတ်တစ်ခုကိုဆက်သည်။
နိုင်ငံတော်အဆင့်မျိုးတုံးတော့မည့်တိရစ္ဆာန်များကာကွယ်ရေးဌာနကို ဒီအကြောင်းပြောပြရမည်။ မျိုးတုံးပြီဟုကြေညာထားသောအန္တလန္တိတ်ငါးက ဒီမှာတကယ်ပြန်ပေါ်နေသည်။
လုံးဝမယုံနိုင်စရာ!
ချင်းလင်စံအိမ်တင်မဟုတ်။
ရေလှောင်တမံတွင် ရေကူးပလက်ဖောင်းရှိပြီး လူတွေအများကြီးကူးနေကြသည်။
အရင်က ဆောင်းရာသီတောင် တနေကုန်ရေလာကူးသူတွေရှိသည်။
ရာသီဥတုပြောင်းပြီးနောက်ပိုင်း အရင်လောက်မအေးတော့။ ထို့ကြောင့် ရေထဲလူအများကြီးရှိနေသည်။
ထိုလူများမှာ တချိန်လုံးရေလှောင်တမံလာချင်နေကြသည်။ ဘာကြောင့်တောက်လျှောက်လာချင်ကြမှန်းမသိ။
ဘာပဲဖြစ်ဖြစ် ရေကနည်းနည်းအေးသည်။ ဆောင်းရာသီဆိုမပြောနှင့်တော့။
တချို့က ပျော်ကိုပျော်ကြသည်။
လျိုစစ်ချန်လည်း အတူတူပင်။ ဒီနှစ် အသက် ၄၀ ပြည့်ပြီဖြစ်ပြီး ရေလှောင်တမံတွင်ရေကူးသည်။ လေ့ကျင့်ခန်းလာလုပ်သည်။ ဆောင်းတွင်းမှာတောင် အကျင့်မပျက်၊ တစ်ပတ်တစ်ခါလာသည်။
ရလဒ်အနေနှင့် သူ့ခန္ဓာကိုယ်ကြံ့ခိုင်မှုက လူငယ်အတော်များများထက်သာသည်။
လျိုစစ်ချန်ကရေကူးနေရင်း ရုတ်တရက်တစ်ခုခုမဟုတ်သလိုခံစားရသည်။ သူ့နားတွင် ရေလှိုင်းများတက်လာသည်။
လှိုင်းကိုကြည့်လိုက်သောအခါ သူမျက်လုံးပြူးသွားသည်။ ရေထဲတွင် ကြီးကြီးမားမားအကောင်ကြီးကူးခတ်နေသည်။ နှစ်မီတာ၊သုံးမီတာလောက်ရှည်ပြီး သူ့ကိုယ်လုံးထက်ပိုကြီးနေ၏။
"ပြေးပြီ!''
လျိုစစ်ချန်မှာကြောက်လန့်ပြီးလက်ယမ်းကာ ရေကူးပလက်ဖောင်းဆီကူးသွားသည်။
သို့သော် နောက်တစ်ကောင်က သူ့နားရောက်နေပြန်သည်။
ဒီကောင်ကြီးအရိပ်ကို ရေထဲမှာမြင်နေရသည်။
လျိုစစ်ချန်မှာ ဝိဉာဉ်လွင့်မတတ်ဖြစ်ပြီး ခက်ခက်ခဲခဲကူးခတ်နေရသည်။
သို့ရာတွင် ဒီလိုအပြင်းအထန်ကူးခြင်းက ကြွက်တက်တတ်သောကြောင့် စိတ်ဒုံးဒုံးချလိုက်သည်။ သူ့မှာလန့်လွန်း၍ရေပေါ်ယက်ကန်ယက်ကန်ဖြစ်နေသော်လည်း လုံးဝမကူးနိုင်။
သူ့တကိုယ်လုံး ရေထဲမြှုပ်တော့မလိုပင်။
သူသာတင်းခံမထားရင် မြှုပ်သွားတော့မည်။
သို့ဆိုရင်တောင် ရေကလည်ချောင်းထဲဆို့နေ၏။
ရေထဲတွင်ကူးနေသောအကောင်များက သူ့နားကပ်ကပ်လာ၍ သူပိုလန့်လာသည်။
"သွားပြီ မိန်းမရေ... ငါသေရင် နောက်အိမ်ထောင်မပြုပါနဲ့!''
လျိုစစ်ချန်က ဝမ်းနည်းပက်လက်အော်ငိုပြီး မျက်လုံးထောင့်မှမျက်ရည်များစီးကျလာသည်။
နောက်ဆုံး ထိုကောင်ကြီးများကူးခတ်လာသောရေလှိုင်းက သူ့ကိုယ်ကိုတဖြန်းဖြန်းရိုက်နေပြီ။
သူအစားခံရတော့မည်။
သို့သော် နောက်ခဏတွင် သူ့တကိုယ်လုံးမြောက်ပြီးရေပေါ်တက်လာကြောင်း လျိုစစ်ချန်သိလိုက်သည်။ သူကတစ်ခုခုပေါ်ထိုင်ပြီး အပေါ်ရောက်လာ၏။
သူ့ခေါင်းကိုငုံ့ကြည့်လိုက်ရာ မျက်လုံးပြူးသွားသည်။
ငါးဖြူကြီး!
ငါးကြီးက သူ့ကိုသယ်ပြီး ရေကူးပလက်ဖောင်းဆီအမြန်သွားနေသည်။ သူ့မှာလန့်ဖျပ်ပြီး ငါးကိုဖက်ထားလိုက်သည်။
ထိုအချိန်တွင် ရေကူးပလက်ဖောင်းရှိလူများမှာ လျိုစစ်ချန်အခြေအနေကိုသတိထားမိသွားသည်။ သို့သော် အားလုံးက မယုံနိုင်ပုံနှင့်၊ သူနှင့်ငါးကိုကြည့်ရင်း ဝပ်နေကြသည်။
ငါးစစ်သည်လား?
အားလုံး သရဲတစ္ဆေမြင်သလိုဖြစ်ကုန်သည်။