ရုံချန်းရာသီဥတုပြောင်းလို့!
Vol. 79 Ch. 1183
တစ်ညလွန်ပြီးနောက် ရုံချန်းတွင်ပိုင်ရွှင်ပေါ်သောသတင်းကလည်းစိတ်ဝင်စားခံရပြန်သည်။
နောက်ပြီး ချင်းလင်စံအိမ်နှင့်ရေကူးပလက်ဖောင်းမှာတင် ပိုင်ရွှင်တွေ့တာမဟုတ်။ ၁၀ ကီလိုမီတာအကွာမြစ်ထဲတွင်လည်းတွေ့သူရှိပြီး ဗီဒီယိုရိုက်တင်ထားသည်။
တချို့ငါးများက ချင်လင်လွှတ်လိုက်သည်နှင့်လျှောက်သွားကြသောကြောင့်ပင်။
ဘာပဲဖြစ်ဖြစ် မင်မြစ်လက်တက်နှင့်ရေလှောင်တမံမှာ တောက်လျှောက်ဆက်စပ်နေသောကြောင့် ငါးများမြစ်ထဲလျှောက်ကူးကြသည်ကို ချင်လင်မထိန်းနိုင်။
နာမည်အကြီးဆုံးမှာ ရေကူးရင်းကြွက်တက်နေသောသက်လတ်ပိုင်းအမျိုးသားကို ပိုင်ရွှင်ကကယ်လိုက်သောအချက်ပင်။
ပိုင်ရွှင်က သက်လတ်ပိုင်းလူကိုတင်ပြီး ကမ်းခြေပြန်ပို့သောမြင်ကွင်းကြောင့် အားလုံးအံ့အားသင့်နေသည်။
"ထင်တဲ့အတိုင်း အားလုံးမှာအသိစိတ်ရှိတယ်... ပိုင်ရွှင်တောင် လူကယ်တတ်တယ်''
"ပိုင်ရွှင်ကလူကယ်တာ မထူးဆန်းဘူးလား? အဲဒါ လင်းပိုင်တွေလုပ်တာမလား?''
"အပေါ်ကလူ.. ဉာဏ်တိမ်လိုက်တာ... လင်းပိုင်ဆိုတာ ပင်လယ်ခွေးမှန်းလူတိုင်းသိတယ်''
"အပေါ်ကလူရှင်းပြမှနားလည်တော့တယ်... ပိုင်ရွှင်မှာပြဿနာရှိလို့လား ဒါမှမဟုတ် လင်းပိုင်ကစိတ်ပြောင်းသွားလို့လား?''
“……”
ထိုဗီဒီယိုကိုအတော်များများစိတ်ဝင်စားကြပြီး ဗီဒီယိုထဲမှသက်လတ်ပိုင်းလူက သူ့ရေကူးစွမ်းရည်မညံ့ကြောင်း၊ ငါးကြီးကြောင့်လန့်ပြီးကြွက်တက်ခြင်းဖြစ်ကြောင်း ထပ်ခါထပ်ခါရှင်းပြထားသည်။
ချင်းလင်အပန်းဖြေစံအိမ်_
ချင်လင်လည်း သူ့ရုံးခန်းထဲထိုင်ပြီး ထိုကိစ္စကိုအာရုံစိုက်နေသည်။
ဘာပဲဖြစ်ဖြစ် သူကအန္တလန္တိတ်ငါးစထည့်ခဲ့သူ။ အားလုံး အန္တလန္တိတ်ငါးကြောင့်အံ့ဩနေစဉ် သူကသူ့စိတ်ထဲမှဂိမ်းထဲတွင် အန္တလန္တိတ်ငါးထပ်ဖမ်းနေသည်။
သူသာဆန္ဒရှိရင် အန္တလန္တိတ်ငါးမျိုးတုံးဖို့နေနေသာသာ ငါးတွေလွှမ်းမိုးသွားအောင်လုပ်ပစ်နိုင်သည်။
ဘေးတွင် ဝန်ကြီးလုနှင့်စီနီယာချူချင်းဖုန်းက လဖက်ရည်သောက်ရင်း သိပ်ကြည်မနေ။
နှစ်ယောက်သား မနေ့ညကစံအိမ်မှာညဉ့်နက်သည်။ ဒီတစ်ခါ သူတို့တစ်ပတ်အချိန်ရသည်။
ဝန်ကြီးလုအဖို့ ချင်းလင်အပန်းဖြေစံအိမ်မှာအချိန်ဖြုန်းရရင် ဝမ်းသာစရာပင်။
အပန်းဖြေစံအိမ်က စားကောင်းသောက်ဖွယ်တွေမပြောနှင့်၊ လဖက်ရည်နှင့်တောင် အိမ်မပြန်ချင်။
သူ့ဂုဏ်ကြောင့်သာမဟုတ်ရင် လဖက်ခြောက်ကအတော်စျေးကြီးမည်။ သူဌေးချင်ကိုနည်းနည်းတောင်တောင်းချင်သည်။
"သူဌေးချင်.. မနေ့ညက ယွီဖေးဆေးအခြေအနေဘယ်လိုလဲ?''
ချူချင်းဖုန်းက စူးစမ်းမေးသည်။
ဒီလိုမေးရတာ သိပ်မကောင်း။ ဘာပဲဖြစ်ဖြစ် အချက်အလက်ပေးထားတာ တစ်ညသာရှိသေးသည်။
သို့ရာတွင် သူဌေးချင်ဖြစ်နေ၍မေးခြင်းပင်။ အရင်တစ်ခါလျှို့ဝှက်ဆေးနည်းကို သူတို့လူတွေအများကြီးပူးပေါင်းဖြေရှင်းရတာမှတ်မိသေးသည်။ သူဌေးချင်ကမူ တစ်ယောက်တည်းနှင့်သုံးခုဖြေရှင်းသွား၏။
အထူးသဖြင့် သူဌေးချင်ဖြေရှင်းတဲ့လျှို့ဝှက်ဆေးနည်းသုံးခုက သူတို့ပူးပေါင်းဖြေရှင်းတဲ့တစ်ခုထက်ပိုကောင်းနေသည်။
သူဒီလိုနားလည်ထား၍ သူဌေးချင်ကတစ်ညတည်းနှင့်တိုးတက်မှုရှိနိုင်သည်ဟုထင်မိသည်။
တကယ်တော့ ချင်လင်က အချက်အလက်နှင့်ဆေးနည်းကိုလုံးဝလေ့လာမထား။
သူကြည့်ပြီးလေ့လာစရာလိုလို့လား?
ဒီလိုလုပ်စရာမလို။ ဒေါက်တာ Dott ရဲ့ BUG သွားပြီး 'အတည်ပြုမည်' နှိပ်လိုက်ရုံသာ။
သို့ရာတွင် ချူချင်းဖုန်းကမေးလာသောကြောင့် သူလည်းဟန်ဆောင်ဖြေလိုက်သည်_
"စီနီယာချူ.. မနေ့ကလေ့လာကြည့်ပါတယ်... ဒါပေမဲ့ ဘာမှမတွေ့မိသေးဘူး... အချိန်ယူရမယ်ထင်တယ်''
ချူချင်းဖုန်းကနားထောင်ရင်း ခေါင်းညိမ့်လိုက်ပြီး သူ့စိတ်ထဲနေသာထိုင်သာရှိသွားသည်။
သူဌေးချင်သာ လျှို့ဝှက်ဆေးနည်းကိုတစ်ညတည်းဖြေရှင်းနိုင်ရင် သူအရှိုက်ထိမည်။
ကြည့်ရတာ သူဌေးချင်ကအံ့ဖွယ်လူသားဆိုရင်တောင် အကန့်အသတ်ရှိိပုံံပင်။
သူတို့စကားပြောနေစဉ် ကောင်းယောင်ယောင်ဝင်လာပြီးအစီရင်ခံသည်_
"သူဌေး.. လက်ထောက်ချန်ရောက်လာပါတယ်... လူတချို့လည်းပါတယ်... သူဌေးနဲ့တွေ့ချင်လို့တဲ့''
"လက်ထောက်ချန်ကိုခေါ်လိုက်ပါ!''
ချင်လင်ကတန်းပြောသည်။
ဒီအချိန်ရောက်လာတာ ပိုင်ရွှင်ကိစ္စကြောင့်မှန်း စဉ်းစားစရာတောင်မလို။
ချန်လီက ရုံးခန်းထဲခပ်သုတ်သုတ်ဝင်လာသည်။ ချီခိုင်ရုံနှင့်အန္တလန္တိတ်ငါးပညာရှင်များပါလာ၏။
"လက်ထောက်ချန်.. အကြောင်းမရှိဘဲတော့ရောက်မလာလောက်ဘူး''
ချင်လင်ကမတ်တပ်ရပ်ပြီး ချန်လီကိုကြိုဆိုသည်။
ချန်လီကတန်းရှင်းပြသည်_
"သူဌေးချင်.. အန္တလန္တိတ်ငါးအကြောင်းသိပြီးလောက်ပါပြီ.. ဒါကမစ္စတာချီ.. အထက်ကလွှတ်လိုက်တဲ့ အန္တလန္တိတ်ငါးပညာရှင်... မင်းရဲ့ချင်းလင်စံအိမ်ရေပေါ်တံတားပရောဂျက်မှာ အန္တလန္တိတ်ငါးက လောလောလတ်လတ်ပေါ်နေတာဆိုတော့ စံအိမ်ကအသက်ကယ်လှေတချို့ငှားချင်တယ်''
"သူဌေးချင်ကိုဒုက္ခပေးရဦးမယ်''
ချီခိုင်ရုံကလည်း နှိမ့်နှိမ့်ချချပြောသည်။
သူဌေးချင်အကြောင်းသိပ်မသိသော်လည်း အထက်လူတွေကတန်ဖိုးထားမှန်းသူသိသည်။
"အားနာနေပြန်ပါပြီ မစ္စတာချီ... ဒါအပမ်းမကြီးပါဘူး''
ချင်လင်ကပြုံးပြုံးနှင့်သဘောတူသည်။
ရေနက်ပရောဂျက်များအတွက် အသက်ကယ်ကယက်လှေများလည်းလိုသည်။
ရေပေါ်တံတားရှုခင်းကြည့်နေရာအတွက်ပြင်ဆင်ထားသောကယက်လှေများရှိသည်။ နောက်ပြီး ချင်းလင်စံအိမ်မှာခရီးသည်များရှိသောကြောင့် ကယက်လှေအများကြီးပြင်ဆင်ထားသည်။
"ဝန်ကြီးလု?''
ချီခိုင်ရုံကဝင်လာပြီး ဝန်ကြီးလုကိုမြင်သည်နှင့် ချက်ချင်းသွားနှုတ်ဆက်သည်။
"ရှောင်ချီ''
ဝန်ကြီးလုကပြုံးပြုံးနှင့်_
"ပိုင်ရွှင်အကြောင်းသိရင် မင်းလူလွှတ်မှာပဲလို့ထင်တယ်... ဒါပေမဲ့ မင်းကိုယ်တိုင်လာမယ်မထင်မိဘူး''
ချီခိုင်ရုံက တန်းရှင်းပြသည်_
"ဝန်ကြီးလု.. ကျွန်တော်တို့အမျိုးမျိုးစမ်းသပ်ပြီး အန္တလန္တိတ်ငါးမျိုးတုံးပြီလို့ကြေညာထားတာ ဝန်ကြီးလည်းအသိပဲ... အခု အန္တလန္တိတ်ငါးထွက်လာတယ်ဆိုတော့ အံ့ဩစရာကောင်းလွန်းတယ်... အဲဒါကြောင့် လာကြည့်ရတာပဲ''
နှစ်ယောက်သားခဏစကားပြောပြီး ချီခိုင်ရုံနှင့်ချန်လီပြန်ထွက်သွားသည်။
ဘာပဲဖြစ်ဖြစ် အလုပ်ကိစ္စကပိုအရေးကြီးသည်။
နောက်ပြီး အန္တလန္တိတ်ပြန်ထွက်လာသည့်သတင်းကြောင့် သူစိတ်လောနေသည်။
ချန်လီက ချီခိုင်ရုံတို့ပညာရှင်များကို ချင်းလင်စံအိမ်ရေပေါ်တံတားရှုခင်းကြည့်နေရာအတွင်းဘက်ခေါ်သွားသည်။
ထိုနေရာတွင် ကယက်လှေများချည်ထားသည်ကိုတွေ့ရသည်။
ညွှန်ကြားချက်ရပြီးကတည်းက ချန်တပေကသူ့လူများခေါ်ထားသည်။
ချန်လီတို့ရေထဲဆင်းရင် သူတို့အဖော်လိုက်ပေးမည်။ ရေကူးကောင်းသောလုံခြုံရေးအစောင့်များကိုရွေးခေါ်လာပြီး အားလုံးအသက်ကယ်အင်္ကျီဝတ်ထားသည်။
"လက်ထောက်ချန်.. အသက်ကယ်လှေတွေအသင့်ဖြစ်ပါပြီ... ပညာရှင်တွေကိုအသက်ကယ်အင်္ကျီအရင်ဝတ်ခိုင်းလိုက်ပါ!''
ချန်တပေလည်း ချန်လီကိုမြင်ပြီးသူ့လူများနှင့်လာနှုတ်ဆက်သည်။