← Chapters

စက်ရုပ်လူသား ချင်ယွင်တိ

Vol. 28 Ch. 409

စက်ရုပ်လူသား ချင်ယွင်တိ

Vol. 28 Ch. 409

အခန်း (၄၀၉)  : စက်ရုပ်လူသား ချင်ယွင်တိ

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ သူတော်စင်တောင်ထိပ်၌ …

ပုံရိပ်နှစ်ခုက မိုးကြိုးအသွင်ပြောင်းကာ ကောင်းကင်ယံသို့ ပျံသန်းသွားပြီး ဘေးပတ်ဝန်းကျင်ကို ဖျက်စီးလိုက်သည်။

အံ့ဖွယ်မိုးကောင်းကင် တပည့်များက ထိုနှစ်ယောက်ကို ကြည့်ကာ မနေနိုင်ဘဲ သက်ပြင်းသာ ချလိုက်မိကြ၏။

ဤလူနှစ်ယောက်က အမှန်တကယ် ဒေါသကြီးလွန်းကြသည်။

ဂိုဏ်းချုပ် ထွက်သွားသည်မှာ နေ့တစ်ဝက်ခန့်သာ ရှိသေးသော်လည်း သူတို့နှစ်ယောက်က ထပ်တိုက်ခိုက်နေကြပြန်လေပြီ။ ဘေးပတ်လည် တပည့်များက စောင့်ကြည့်နေကြသော်လည်း မည်သူမှ ဝင်မပါကြပေ။ သူတို့က ဂိုဏ်းချုပ်လိုမျိုး ဒါမှမဟုတ် ကြာပြာကောင်းကင်အသျှင်မျိုး လူသာ ထိုနှစ်ယောက်ကို ထိန်းထားနိုင်မည် ဖြစ်ကြောင်း သိထားကြ၏။

ထိုပုံရိပ်နှစ်ယောက်မှာ တစ်ယောက်က ထွက်ပြေးနေပြီး တစ်ယောက်က လိုက်ဖမ်းနေလေသည်။ အံ့ဖွယ်အလင်းတန်း ပြန့်နှံ့လာသလို အာကာပြင်အပိုင်းအစကြား ထိုးဖောက်သွားသည်။

လိုက်ဖမ်းခံနေရသူမှာ တာအိုကိုယ်တော် ဖက်တီး ဖြစ်၏။ လိုက်ဖမ်းနေသူမှာ ပန်းပွင့် ဘောင်းဘီကို ဝတ်ဆင်ထားသည့် လိပ်ဖြူကြီး ဖြစ်သည်။

တာအိုကိုယ်တော် ဖက်တီးက အတော်လေး သနားစရာကောင်းနေသည်။ သူ့ဝတ်ရုံများက စုတ်ပြဲနေပြီး ခေါင်းပေါ်လည်း  အဖုကြီးကြီး ထနေသည်။

သူက ထွက်ပြေးနေသော်လည်း ဆက်တိုက် လေလုံးကြီးနေသေးသည်  “ လိပ်ငတုံး … ကျုပ်နောက်ဆက်ဖမ်းနေရင် ကျုပ် မိုးကြိုးလက်သီးချက်နဲ့ လိပ်ကင် လုပ်ပစ်လိုက်မှာ ”

ထိုလူနှစ်ယောက်မှာ ပိုင်တိနှင့် ယွဲ့ယူသဲ့တို့ ဖြစ်ကြသည်။

ထာဝရဘုံဗိမာန်ကျွန်း စစ်ဆေးမှုအပြီးတွင် ထိုအမျိုးသားနှင့် လိပ်တို့ကို ဂိုဏ်းချုပ်က အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီ ပြန်ခေါ်လာခဲ့သည်။ အဓိကအကြောင်းအရင်းမှာ ထိုနှစ်ယောက်လုံးက ပြဿနာရှာတတ်သူများ ဖြစ်ကြသောကြောင့် ဖြစ်ပေသည်။

တစ်ယောက်မှာ ဂူဖောက်ကျွမ်းကျင် ပညာရှင် တစ်ဦး ဖြစ်ပြီး အလယ်ပိုင်းကုန်းမြေ အထွတ်အမြတ်မြေ၏ ရှေးဟောင်းဂူကို ဖောက်ခဲ့သောကြောင့် စစ်ပွဲ စမလိုပင် ဖြစ်ခဲ့ရသေးသည်။

လိပ်သည်လည်း အတူတူသာ ဖြစ်၏။ သူက အမြန်နှုန်းပေါ် မှီခိုကာ အဆင့်မြင့် ဝိညာဉ်ဆေးပင်များ ခိုးယူလေ့ရှိသည်။ ထိုနှစ်ယောက်နှင့် ပတ်သတ်၍ စိတ်မပူဘဲ မနေနိုင်ပေ။

သူတော်စင် ရာထူးအပ်နှင်းပွဲ ကျင်းပဖို့ရာ လဝက်မျှသာ လိုတော့သည်။ နေရာအနှံ့မှ ဧည့်သည်တော်များ ရောက်လာကြလိမ့်မည်။ အထွတ်အမြတ်မြေများ၏ အဆင့်မြင့် ပုဂ္ဂိုလ်များပင် ကြွရောက်ချီးမြင့်ကြလိမ့်မည်။

အကယ်၍ တစ်ယောက်ယောက်ဆီမှ မကျေနပ်ချက်များ ပြန်ကြားခဲ့ရလျှင် အထွတ်အမြတ်မြေအတွက် မျက်နှာပျက်စရာ ဖြစ်ပေမည်။

ထို့ကြောင့် ဂိုဏ်းချုပ်က ပြဿနာ ထပ်မရှာစေနိုင်ရန် ထိုပြဿနာသမား နှစ်ယောက်အား အထွတ်အမြတ်မြေသို့ ပြန်ခေါ်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၌ပင် ထိုနှစ်ယောက်က ကောင်းကောင်း မပြုမူကြပေ။

ထိုငနဲနှစ်ကောင်က ဘယ်တော့မှ သဘောထားချင်း မတိုက်ဆိုင်ကြပေ။ ဂိုဏ်းချုပ်နှင့် ကြာပြာတို့ ဂိုဏ်းမှ ထွက်သွားပြီးသည်နှင့် တန်းရန်ဖြစ်ကြတော့သည်။

ပိုင်တိက ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းကာ ယွဲ့ယူသဲ့နောက် လိုက်နေသည်။

သူက အော်ပြောလိုက်သေး၏  “ ဖက်တီးကောင် ငါ့ခေါင်းတလားကို ခိုးရဲတယ်ပေါ့လေ။ အခုချက်ချင်း ပြန်ပေးစမ်း ”

ယွဲ့ယူသဲ့က ထွက်ပြေးနေရင်း ပြန်လည် ချေပလိုက်သည်  “ အဲဒီခေါင်းတလားက ငါ့ရှေးဟောင်းလေ့လာရေး လုပ်တုန်း တူးခဲ့တာလေ။ ခင်ဗျားအပိုင်လို့ ဘယ်သူက ပြောလဲ။ ခေါ်ကြည့်ပါ့လား … ပြန်ထူးမလား ကြည့်ရအောင် ”

ပိုင်တိက ဒေါသူပုန်ထလာသည်  “ ငါ မပါဘဲ မင်း ဒီလိုပစ္စည်းတွေအများကြီး ရနိုင်လို့လား ”

ယွဲ့ယူသဲ့က ပြန်လည် ချေပလိုက်သည်  “ ခင်ဗျားလည်း ကျုပ်မပါရင် ဘာမှမရပါဘူး ”

ထို့နောက် ယွဲ့ယူသဲ့က ရတနာတွေ တစ်ခုပြီး တစ်ခု ထုတ်ကာ ပိုင်တိဆီ လှမ်းပစ်လိုက်သည်။

ပစ္စည်းတိုင်းက တောက်ပနေပြီး ထူးခြားလှသည်။ သူတို့က အထွတ်အထိပ် ဝိညာဉ်အသုံးအဆောင်ပစ္စည်းများ ဖြစ်ကြ၏။

ပိုင်တိက ယွဲ့ယူသဲ့တွင် ရတနာအမြောက်အများ ပိုင်ဆိုင်ထားသည်ကို မြင်ကာ ပို၍ ဒေါသကြီးလာသည်။

“ ဖက်တီး မင်းက လူလိမ် … မင်းဆီမှာ ဝှက်ထားတဲ့ ရတနာတွေအများကြီး ရှိရက်သားနဲ့ ငါ့ကို လိမ်ရဲတယ်ပေါ့လေ။ မင်းကို သေတဲ့အထိ ကိုက်ပစ်မယ် ”

ပိုင်တိက သူ့အမြန်နှုန်းကို တိုးလိုက်သောကြောင့် ရွှေရောင်အလင်းတန်းက ဖြတ်ခနဲ ဖြစ်သွားသည်။ သူက ယွဲ့ယူသဲ့၏ ဖင်လုံးလုံးကို ကိုက်လိုက်တော့သည်။

ယွဲ့ယူသဲ့က ထခုန်ကာ  “ လခွမ်း ခင်ဗျားက လိပ်လား ခွေးလား။ ဘယ်လိုလုပ် လာကိုက်နေတာတုန်း ”

ယွဲ့ယူသဲ့၏ တင်ပါးက အလင်းများဖြင့် တောက်ပနေသည်။  သူ့ပေါက်စီလုံးကို ကာကွယ်ပေးနေသည့် ပစ္စည်းတချို့ ရှိနေမှန်း သိသာလှပြီး သူက လုံးဝ မနာပေ။ ထိုအချက်က ယွဲ့ယူသဲ့သည် မရိုးရှင်းကြောင်း သက်သေပြပြီးသား ဖြစ်သွားလေသည်။

ပြောရလျှင် ပိုင်တိသည် လေဟာနယ် မိုးကြိုးလိပ်တစ်ကောင် ဖြစ်သလို အဆင့်မြင့် ကျင့်ကြံသူလည်း ဖြစ်ခဲ့ဖူးလေသည်။

သူ့စွမ်းအားက ပြန်လည် မွေးဖွားပြီးနောက် ဧရာမစွမ်းပကားရှင်အဆင့် ပြန်ရောက်နေပေမဲ့ သာမန် နတ်ဆိုးအသျှင်မျိုး မဟုတ်ချေ။ ထိုသို့ဆိုလျှင်ပင် ပိုင်တိက ယွဲ့ယူသဲ့အပေါ် အရေးမသာပေ။ ယွဲ့ယူသဲ့သည် ထိပ်တန်း ကျင့်ကြံသူအဖြစ် ယူဆလို့ ရကြောင်း သက်သေပြနေလေ၏။ သို့သော်လည်း ယွဲ့ယူသဲ့၏ ရုပ်ပိုင်းဆိုင်ရာက အဆင်ပြေသော်လည်း သူ့အဝတ်များက ပိုင်တိ၏ သွားများကို မခံနိုင်ရှာပေ။

ကျိ …

ယွဲ့ယူသဲ့၏ ဝတ်ရုံ၌ အပေါက်ကြီး ဖြစ်လာပြီး သူ့အနီရဲရဲအောက်ခံကို ပြသနေလေသည်။ သူ့တင်ပါးကြီးက ဘယ်ညာယိမ်းနေပြီး  “ ဆွဲဆောင်မှုရှိရှိ ” မြင်ကွင်းမျိုး ဖြစ်နေသည်။

လူအုပ်ကြားရှိ အံ့ဖွယ်မိုးကောင်းကင် တပည့်များက ထိုအနီရဲရဲ အောက်ခံဘောင်းဘီကို မြင်ကာ လှောင်ရယ်လိုက်မိကြသည်။

သူတို့က တိတ်တဆိတ်သာ လှောင်ရဲကြသည်။

ယွဲ့ယူသဲ့က သူတို့၏ အရင် အရင် အရင် အရင့် သူတော်စင် မဟုတ်ပါလော။ သူတို့က လေးစားမှုနည်းနည်းတော့ ပြသရပေမည်။

တာအိုကိုယ်တော် ဖက်တီး၏ မျက်နှာက မည်းမှောင်လာသည်။ သူ့မျက်နှာကြီး ရှုံ့မဲ့သွားကာ  “ ကျစ် လာအရှက်ခွဲနေတာပဲ။ ငါက အဲဒီတပည့်တွေကို ဘယ်လိုလုပ် မျက်နှာချင်းဆိုင်နိုင်တော့မှာလဲ ”

အသိုင်းအဝိုင်းကြားက ငါ့အဆင့်အတန်းလေး ဖျက်စီးခံလိုက်ရပြီ …

ယွဲ့ယူသဲ့က သူ့ဂုဏ်သိက္ခာ ပျက်စီးဖို့ လက်တစ်ကမ်းသာ လိုတော့ကြောင်း ခံစားမိလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ပိုင်တိက လွတ်မပေးပေ။ သူက လျှပ်စစ်အရိပ်ခြေလှမ်းအား အသုံးပြုကာ ယွဲ့ယူသဲ့ဆီ လာနေသည်။

ယွဲ့ယူသဲ့က ဒေါသထွက်လာသည်  “ လိပ်အိုကြီး ထပ်ကိုက်ရဲရင် ခင်ဗျားကို တစစီ လုပ်ပစ်မယ်။ အား …

မဖြစ်ဘူး မဖြစ်ဘူး။ အသာလေး အသာလေး လုပ် … အဲဒီနေရာ ကိုက်လို့ မရဘူး  ”

ယွဲ့ယူသဲ့၏ ဝတ်ရုံက စုတ်ပြတ်သွားပြီး သူ့ခန္ဓာကိုယ်လည်း ကိုက်ရာများဖြင့် အပြည့် ဖြစ်နေသည်။ သူ့ကြည့်ရသည်မှာ အလွန်သနားစဖွယ်ကောင်းလှသည်။

ဝုန်း …

အာကာပြင်က တွန့်လိမ်သွားပြီး မျက်စိစူးမတတ် အလင်းတန်း ထွက်ပေါ်လာသည်။ လေဟာနယ်အတွင်း လမ်းကြောင်းတစ်ခု ပေါ်လာပြီး ပုံရိပ်များစွာ ထွက်ပေါ်လာလေ၏။

ဤသည်မှာ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၊ ရှန်ထျန်းနှင့် အခြားလူများ ဖြစ်ကြသည်။

အဖွဲ့၏ ကျင့်ကြံဆင့် တိုးတက်လာပြီးနောက် ဂိုဏ်းချုပ်က လေဟာနယ်လမ်းကြောင်းကို ဖန်တီးကာ အဖွဲ့ကို ပြန်ခေါ်လာခဲ့ခြင်း ဖြစ်သည်။

မင်းသမီးလင်းလုံလည်း လိုက်ပါလာလေ၏။

သူမအတွေးများက ရိုးရှင်းလှသည်  “ အစ်ကိုရှန် ဘယ်သွားသွား နောက်က တစ်ဖဝါးမခွာ လိုက်မယ် ”

ကျန်းယွင်ရှီးက ထိုအကြောင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။ နှစ်ယောက်လုံးက လက်ရည်တူ နေသလို မည်သူကမှလည်း အလျော့မပေးကြပေ။ သူတို့တိုက်ပွဲ၌ ရလဒ် ထွက်မလာခဲ့ပေ။

လမ်း၌ မိန်းကလေးများက ငြင်းခုံခဲ့ကြသော်လည်း တိုက်ပွဲအထိတော့ ထပ်မဖြစ်ခဲ့တော့ပေ။

အားလုံး ပေါ်ထွက်လာသည့်အခါ အံ့ဖွယ်မိုးကောင်းကင် တပည့်များက ပျော်ရွှင်လာကြသည်။ တချို့က မျက်ရည်ပင် ဝဲလာကြသည်။

“ ဂိုဏ်းချုပ်တို့ ပြန်ရောက်လာပြီ ”

“ ပြီးတော့ သူတော်စင်အစ်ကိုလည်း ပြန်ပါလာပြီ ”

“ စီနီယာအစ်ကို သူတော်စင်က ဘေးကင်းကင်း ပြန်ရောက်လာပြီ။ ပွဲကျင်းပရမယ် ”

“တစ်လကျော်လေးအတွင်း အစ်ကိုသူတော်စင်က ဘေးကင်းကင်း ပြန်ရောက်လာခဲ့ပြီ။ ကောင်းကင်ဘုံက သူ့ကို ကာကွယ်ပေးနေတာပဲ ”

“ ဦးလေးကွေ့ စကားအရဆို သူတော်စင်ကို ကိုယ်လုပ်တော်လန်က ကာကွယ်ပေးနေတာပဲ ”

………….....

ထိုစဉ် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေတစ်ခုလုံး ဆူညံပွက်လောရိုက်သွားကြသည်။

ရှန်ထျန်းတို့အဖွဲ့ ပြန်ပေါ်လာသည့်အခါ သူတို့က ထိုမြင်ကွင်းကြောင့် ကြောင်အမ်းသွားကြ၏။

ပိုင်တိက ယွဲ့ယူသဲ့ကို လိုက်ဖမ်းနေဆဲ ဖြစ်ကာ ကိုက်ထားလေသည်။ ယွဲ့ယူသဲ့သည် သူ့မိုးကြိုးစွမ်းအားဖြင့် ရွှေရောင်ခွေးတစ်ကောင် ဖန်တီးကာ ပိုင်တိဆီ ခုန်အုပ်ခိုင်းလိုက်သည်။

ထို့နောက် ပိုင်တိက သူ့လိပ်လက်သီးချက်ကို ထုတ်သုံးပြီး ခွေးကို ခြေမွပစ်လိုက်သည်။

ထိုလက်သီးချက် စွမ်းအားက အားကောင်းလွန်းလှသည်။

ပိုင်တိက သူ့လက်သီးချက်ကို ဖြည်းဖြည်းချင်း ပြန်ရုတ်လိုက်ပြီး မထီမဲ့မြင် ပြုံးပြလိုက်သည်  “ ဖက်တီးလေး ဒါအကုန်ပဲလား။ မင်းတိုက်ခိုက်စွမ်းက အတော်လေးကို အသုံးမကျတာပဲ ”

ဂိုဏ်းချုပ်၏ ကောင်းကင်အရှိန်အဝါတို့က လှုပ်ခတ်လာသည်။ သူက ဆက်မကြည့်နိုင်တော့ပေ။ သူက ဝတ်ရုံလက်ကို အသာခါလိုက်ပြီး ထိုနှစ်ယောက်ကို ခွဲထုတ်လိုက်သည်။

အမျိုးသားနှင့် လိပ်က ဂိုဏ်းချုပ် လှုပ်ရှားလိုက်သည်ကို မြင်သောအခါ  ဆူပူနေမှုများအား ချက်ချင်း ရပ်လိုက်ကြသည်။

ရွေးချယ်စရာ မရှိပေ။ အကယ်၍ သူတို့သာ ပြဿနာ ဆက်ရှာနေလျှင် မည်သူမှ အကျိုးမြတ်ရမည် မဟုတ်ချေ။

သူတို့က လုံးဝ တုန်လှုပ်သွားရလိမ့်မည်။

................

ယွဲ့ယူသဲ့က ဂိုဏ်းချုပ်ကို မြင်လိုက်ရသည့်အခါ စိတ်ပေါ့သွားကာ အပြေးအလွှား ရောက်လာသည်။

သူ့အမူအယာတို့က ချက်ချင်း ပြောင်းလဲသွားပြီး

“ဆရာ ကျွန်တော်အတွက် ပြောပေးရမယ်နော်။ အဲဒီလိပ်ဖြူငတုံးက ကျင့်ဝတ် မရှိဘူး။ သူက ကျွန်တော်ထက် အသက်ကြီးတာတောင် အနိုင်လိုက်ကျင့်နေတယ်။ ကျွန်တော့်လို နှစ်ရာဂဏန်းလောက်ပဲ ရှိသေးတဲ့ လူငယ်လေးကို သူက ဉာဏ်များပြီး လိုက်တိုက်နေတယ် ”

ယွဲ့ယူသဲ့က နှာခေါင်းတရှုံ့ရှုံ့ဖြင့် တိုင်တန်းနေသောကြောင့် သနားစဖွယ် ဖြစ်နေသည်။

ပိုင်တိ နှုတ်ခမ်းထောင့်တို့က တွန့်ချိုးသွားကာ  “ ဖက်တီး မဟုတ်တာတွေ လျှောက်ပြောမနေနဲ့။ ငါ့နာမည်ကို လာဖျက်စီးရဲတယ်လား။ လာ ငါ့လိပ်လက်သီးကို မြည်းကြည့်လိုက် ”

ပိုင်တိက လက်သီးချက် ထုတ်လိုက်ရင်း ယွဲ့ယူသဲ့ကို ရိုက်ဖို့ အသင့်ပြင်ထားလေသည်။

ယွဲ့ယူသဲ့က နောက်ထဲ တိုးဝင်သွားကာ ဂိုဏ်းချုပ်ဖြင့် ကွယ်လိုက်သည်။

ဂိုဏ်းချုပ်၏ ကောင်းကင်အရှိန်အဝါများ လှုပ်ခတ်လာပြီး  “ စီနီယာပိုင်တိ … ဒီကိစ္စကို ကျွန်တော်မျက်နှာထောက်ထားပြီး လွတ်ပေးလိုက်ပါ ”

မျက်စိတစ်မှိတ်အတွင်း ဧရာမ လက်သီးချက် ပုံရိပ်ကြီး ပျောက်ကွယ်သွားလေသည်။

ပိုင်တိက လက်နောက်ပစ်ကာ  “ ဒီကလေးက မင်းအတွက် ပြောပေးမှတော့ မင်းအသက်ကို ချမ်းသာပေးလိုက်မယ် ဖက်တီးစုတ် ”

ပိုင်တိက စိတ်ထဲတွင်တော့ တုန်လှုပ်နေသည်။ သူက အကြာကြီး အသက်ရှင်ခဲ့သော်လည်း ပြန်လည်မွေးဖွားပြီးနောက် သူ့စွမ်းအားက ဧရာမစွမ်းပကားရှင်အဆင့်သာ ရှိနေသေး၏။ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်သည် စမ်းသပ်ချက် ဖြတ်ကျော်ထားသည့် ဝိဇ္ဇာတစ်ယောက် ဖြစ်သောကြောင့် သူ့ကျင့်ကြံဆင့်က နက်နဲလွန်းလှသည်။ အကယ်၍ သူသာ ဂိုဏ်းချုပ်ရှေ့ မဆင်မခြင် ပြုမူလိုက်ပါက ထိုးနှက်ချက် သေချာပေါက် ခံစားရလိမ့်မည်။

ပိုင်တိက ထိုအရာနှင့် ပတ်သတ်လာလျှင် ကောင်းကောင်း သိထားသည်။

“ ဆရာ့ကို ကျေးဇူးတင်ပါတယ် ”

ယွဲ့ယူသဲ့က အရှက်မရှိ ကျေးဇူးတင်နေသေး၏။ သို့သော်လည်း သူ့မျက်ဝန်းတို့၌ တုန်လှုပ်များ ပြည့်နေသည်။ သူက မအံ့ဩဘဲ မနေနိုင်တော့ပေ။

“ ဘယ် … ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကျင့်ကြံဆင့်က နေ့တစ်ဝက်လောက်နဲ့ ဒီလောက် မြင့်သွားတာလား ”

ယွဲ့ယူသဲ့က ကြောင်အအ ဖြစ်နေသည်။ ကျန်းယွင်ရှီးနှင့် ကျန်လူတို့က အစောပိုင်း ကနဦးဝိညာဉ်အဆင့်သာ ရှိသေးကြောင်း သိထားသည်။

ခရီးတစ်ခေါက်လောက် ထွက်လိုက်တာ ထိပ်သီး ကနဦးဝိညာဉ်အဆင့် တန်းရောက်သွားတာလား …

ငါ မြင်ချင်တာ မြင်နေတာလား …

“ အမလေးလေး … ဒီလိုမျိုး မှော်ဆန်ဆန် ဘယ်လိုတိုးတက်လာတာတုန်း။ မင်းတို့ ကျင့်ကြံဆင့်တွေက ဒီလောက်မြန်မြန် ဘယ်လိုတိုးတက်လာတာလဲ ”

ဘယ်လို အမျိုးအစားက ဒီလောက်တိုးတက်လာစေမှာလဲ … ငါ အဲဒီလိပ်ဖြူကို ရိုက်လိုက်ရင် ငါလည်း တိုးတက်လာလောက်လား

ငါ ဆိုးဆိုးရွားရွား လိုချင်နေတယ်

ဖန်ချန်းက ရှင်းပြလိုက်သည်  “ ပထမအစ်ကိုကြီး ကျွန်တော်တို့က ဘာမှမလုပ်ခဲ့ပါဘူး။ ဒါတွေအားလုံးက သူတော်စင်ရဲ့ ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးကြောင့်ပါ ”

“ ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးလား။ အဲဒါ ဘာလဲ ”

ယွဲ့ယူသဲ့က အတော်လေး သံသယဝင်လာမိသည်။

ရှန်ထျန်းက ကံကြမ္မာသားတော် ဖြစ်နေလျှင်ပင် ထိုမျှကံကောင်းဖို့ မဖြစ်နိုင်ပေ။

ဘယ်လိုဆေးလုံးမျိုးက ကျင့်ကြံဆင့် ဒီလောက်တိုးတက်လာအောင် ကူညီပေးနိုင်မှာလဲ …. ဆရာနဲ့ ဦးလေးတို့ရဲ့ အရှိန်အဝါတောင် ပိုအားကောင်းလာသလိုပဲ

ပိုင်တိတစ်ယောက် ရှေ့တိုးလာသည့်အခါ ယွဲ့ယူသဲ့က သံသယဝင်နေဆဲ ဖြစ်သည်။ သူက ရွှေရောင်အလင်းတန်းအသွင်ပြောင်းကာ ရှန်ထျန်းရှေ့ ရောက်လာသည်။ “ လိမ္မာလိုက်တဲ့ ကလေး … ငါ မင်းကို တွေ့တာ သိပ်မကြာသေးပေမဲ့ မင်းကျင့်ကြံဆင့်က တော်တော် တိုးတက်လာပြီပဲ။ မင်းကို မြင်လိုက်ကတည်းက ကျင့်ကြံရေးလမ်းစဉ်မှာ အောင်မြင်ပြီး တောက်ပတဲ့ အနာဂတ်ရှိမယ်ဆိုတာ သိနေတယ်။

ငါ စမ်းကြည့်ရအောင် ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးနည်းနည်းလောက် ပေးလို့ ရမလား။ ငါ စိတ်အခြေအနေကောင်းနေရင် မင်းကို ပြိုင်ဖက်ကင်း အံ့ဖွယ်ပညာရပ်တချို့ ပြန်ပေးမှာပေါ့ ”

ပိုင်တိက အားလုံး၏ ကျင့်ကြံဆင့် တိုးတက်လာမှုအပေါ် အလွန်အားကျနေမိသည်။ ထို့ကြောင့် သူက ရှန်ထျန်းအား အရှက်မရှိ ချီးကျူးလိုက်ပြီး ဆေးလုံးတချို့ တောင်းဆိုလိုက်ခြင်း ဖြစ်၏။

ရှန်ထျန်း  “ … ”

ဒီလိုခံစားချက်က ဘာလို့ ဖြစ်ဖူးပြီးသားလို့ ခံစားနေမိပါ့လိမ့်

ဘေးတွင် ကြာပြာကောင်းကင်အသျှင်က တိတ်တဆိတ် မျက်နှာလွဲလိုက်သည်။

ယွဲ့ယူသဲ့က မိန်းမောနေရာမှ ပြန်အသိဝင်လာကာ အော်ပြာလိုက်သည်  “လိပ်အိုကြီး  ငါ အဆင့်သင့်မဖြစ်တုန်း လာတိုက်တယ်ပေါ့လေ ”

ထို့နောက် ယွဲ့ယူသဲ့က ရှေ့ထွက်လာကာ ရှန်ထျန်းအား ကပ်နေတော့သည်  “ ညီလေးရေ ငါက အရမ်းကို သနားစရာကောင်းတာပဲ။ ဒီလိပ်အိုကြီးက ငါ့ကို တစ်ချိန်လုံး အနိုင်ကျင့်နေတာ။ ညီလေး ငါ့ကို အဲဒီဆေးလုံးနည်းနည်း ပေးလို့ ရမလား။ ငါ့စွမ်းအား တိုးတက်လာတဲ့အခါကျ အဲဒီလိပ်အိုကြီးကို သင်ခန်းစာပေးလို့ ရပြီ  ”

ပိုင်တိ  “ … ”

“ ဖက်တီးစုတ် … ဆေးလုံးရဖို့ ငါနဲ့များ လာပြိုင်ရဲတယ်လား။ ငါ့လိပ်လက်သီးကို မြည်းကြည့်လိုက် ”

ယွဲ့ယူသဲ့က လေထဲ ခုန်တက်သွားကာ အော်ပြောလိုက်သည်  “ လိပ်အိုကြီး တုံးအနေတာတွေ မလုပ်ပါနဲ့တော့။ ငါ ဆေးလုံးကို သောက်ပြီးရင် ခင်ဗျားကို တစစီ လုပ်ပစ်မယ် ”

အခု ငါ့ညီလေး ပြန်ရောက်လာပြီဆိုတော့ ငါ့မှာ နောက်ခံရှိပြီ … နောက်ကျရင် လိပ်စွပ်ပြုတ်လုပ်သောက်ပစ်ဦးမယ်

အရင်ဆုံး ဆေးလုံးအရင်ယူမှ …

ယွဲ့ယူသဲ့က ရှန်ထျန်းအား လှည့်ကြည့်လိုက်ပြီး ဆေးလုံးအတွက် ခယရန် ပြင်လိုက်သည်။

ပိုင်တိလည်း အတွေးအတူတူ ဖြစ်၏။ လူသားနှင့် လိပ်က ရှန်ထျန်းအား တစ်ဖက်တစ်ချက်စီမှ ဖက်တွယ်ထားကြလေသည်။

ရှန်ထျန်း နှုတ်ခမ်းထောင့်တို့က တွန့်ချိုးသွားလေ၏။ သူက ထိုနှစ်ယောက်ကို ကန်ထုတ်ပစ်ချင်လာသည်။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်နှင့် ကြာပြာကောင်းကင်အသျှင်တို့က ဝင်ကြားဖြတ်လိုက်သည်။ သူတို့က ပိုင်တိနှင့် ယွဲ့ယူသဲ့အား ဂုတ်မှဆွဲကာ ခေါ်သွားလိုက်ကြသည်။

“ မင်းတို့နှစ်ယောက်က ငါတို့ကို အရှက်ရအောင် လုပ်နေတာပဲ ”

ကြာပြာကောင်းကင်အသျှင်က ခေါင်းမခါဘဲ မနေနိုင်တော့ပေ။ သူက ဂိုဏ်းချုပ်သည်လည်း သူ့အား ဤသို့ဆွဲခေါ်ခဲ့ကြောင်း မေ့လျော့သွားပုံပေါ်၏။

ပိုင်တိနှင့် ယွဲ့ယူသဲ့တို့က ဆွဲခေါ်ခံရသောကြောင့် အပြင်းအထန် ရုန်းကန်နေကြသည်။

သူတို့က ဆက်အော်‌နေဆဲ ဖြစ်၏  “ ကျွန်တော်တို့က အရသာခံကြည့်ရုံလေးပါ … အရသာလေးပဲ ”

ဖန်ချန်းက သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်  “ ဒီစကားက ဘာလို့ ရင်းနှီးနေပါ့လိမ့် ”

ရှန်ထျန်း  “ … ”

လူအုပ်ကြီး  “ … ”

ကြာပြာကောင်းကင်အသျှင်၏ မျက်နှာက ပို၍ မည်းမှောင်လာသည်။

ဝုန်း …

ကျယ်လောင်လှသည့် အသံကြီး ပဲ့တင်ထွက်လာကာ အားကောင်းကောင်း အရှိန်အဝါက လေဟာနယ်ထဲ ပြည့်နှက်သွားသည်။ နေမင်းကဲ့သို့ မြောက်များစွာသော အလင်းတန်းတို့က အထွတ်အမြတ်မြေတစ်ခုလုံးကို လွှမ်းခြုံထားလေ၏။

ဧရာမ ပုံရိပ်ကြီးတစ်ခု ဆင်းသက်လာပြီး  တောင်ပေါ်မှ ဆင်းလာသည့် ကျားရိုင်းတစ်ကောင်လိုမျိုး အရှိန်အဝါကလည်း လေးလံကာ ပြင်းထန်လွန်းလှသည်။

ဝုန်း …

ဖုန်မှုန့်များ လွှင့်စင်လာသည်။

လူအုပ်ကြီးက အထွတ်အမြတ်မြေ၌ ဧရာမ ကျားဖြူကြီး ပေါ်ထွက်လာသည်ကို မြင်လိုက်ကြသည်။ အနည်းဆုံး ပေတစ်ထောင်လောက်ရှိပြီး ရွှေရည်စိမ်ထားသည့်အလား တောက်ပနေသည်။ သို့သော်လည်း အဓိကအချက်မှာ ကျားဖြူကြီး ထုတ်လွှင့်နေသည့် အငွေ့အသက် ဖြစ်၏။

ဤသည်မှာ ကောင်းကင်အသျှင်တစ်ယောက်လောက် အားကောင်းနေသည်။

“ ဘာကြီးလဲ ”

ဖန်ချန်းနှင့် ကျန်လူများက ချက်ချင်း သတိကြီးကြီးထားလိုက်ကြသည်။

အကယ်၍ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှာသာ မဟုတ်လျှင် တောင်ပိုင်းနယ်မြေ၏ နတ်ဆိုးမျိုးနွယ်ထဲမှ တစ်ယောက် ကျူးကျော်လာသည်ဟု တွေးမိလောက်၏။

တစ်ဖက်တွင် ရှန်ထျန်းက ထိုကျားဖြူကို ကြည့်နေရင်း နှုတ်ခမ်းထောင့်တို့ တွန့်ချိုးသွားလေသည်  “ အသွင်ပြောင်း ဧရာမ စက်ရုပ်ကြီးလည်း ဖြတ်လာလို့ ရတယ်လား ”

မှန်ပေသည်။ ကျားဖြူ မဟုတ်ပေ။

ဤသည်မှာ ဝိညာဉ်ရွှေဖြင့် ထုဆစ်ဖန်တီးထားသည့် စက်ရုပ် ဖြစ်သလို   “ ဂန်ဒမ် ”ဟုလည်း ခေါ်ဆိုနိုင်သည်။

ထိုစဉ် ပုံရိပ်လေး တစ်ခုက ကျားဖြူခေါင်းထိပ်မှ ထွက်ပေါ်လာသည်  “ သူတော်စင်အစ်ကို လာလာ ကျွန်တော် နောက်ဆုံးစမ်းသပ်ထားတာကို လာကြည့်ပါဦး ”

ထိုလူက ရွှေရောင်ဆံပင်၊ မျက်လုံးမှေးမှေးနှင့် ခပ်ချောချော ကောင်လေး တစ်ဦး ဖြစ်သည်။ ချင်ယွင်တိ ဖြစ်ပေသည်။

ချင်ယွင်တိက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ တပည့်ရင်းတစ်ဦး ဖြစ်သော်လည်း ကျင့်ကြံရေးအပေါ် စိတ်မဝင်စားပေ။ ထို့အစား သူက ထူးထူးဆန်းဆန်း တီထွင်ဖန်တီးရာ၌သာ အားစိုက်ထားလေသည်။

ရှန်ထျန်း၏ လမ်းညွှန်မှုအောက်တွင် သူက ယင်ယန်မိုးကြိုး ဖောက်ခွဲရေးအဆောင်၊ ကြာပစ်ခွင်း သေနတ်နှင့် ယင်ယန် နတ်ဆိုးဖောက်ထွင်း သေနတ်များကို ဖန်တီးခဲ့သည်။ ရှန်ထျန်းက ချင်ယွင်တိနှင့် မတွေ့ဖြစ်သည်မှာ အတော်လေး ကြာမြင့်သွားလေပြီ။ သူက တကယ်ကြီး အသွင်ပြောင်း ဧရာမစက်ရုပ်ကိုပင် တီထွင်နိုင်ခဲ့၏။

ချင်ယွင်တိက ကျားဖြူဆီမှ ခုန်ဆင်းလာကာ ရှန်ထျန်းအား မျက်လုံးတလက်လက်ဖြင့် ကြည့်နေသည်။

“ အစ်ကိုရှန် ကျွန်တော် လက်နက်ထောင်ချီ ရုပ်သေးပညာကို ကျွမ်းကျင်အဆင့်ရောက်အောင် အောင်အောင်မြင်မြင် လေ့လာနိုင်သွားပြီ။ ကျွန်တော် ဒီရုပ်သေးရုပ် မိုးကြိုးကျားဖြူကို ဖန်တီးထားတာ …

ဒါက ဓာတ်နှောနတ်မိုးကြိုးကို သိုလှောင်ထားနိုင်တဲ့ ဝိညာဉ်ရွှေကနေ လုပ်ထားတာဆိုတော့ ဒီအရုပ်ကို အသက်သွင်းလိုက်ရင် ကောင်းကင်အသျှင်တစ်ယောက်ရဲ့ စွမ်းအားကို ထုတ်ပြနိုင်တယ်။ ပြီးတော့ ဒီအရုပ်ရဲ့ လည်ပတ်ပုံက အရမ်းလွယ်တယ်။ ရွှေအမြုတေ ကျင့်ကြံသူတောင် ထိန်းချုပ်လို့ ရတယ် ”

ချင်ယွင်တိက သူ့လေ့လာစမ်းသပ်ချက် ရလဒ်အကြောင်း ပြောရင်း စိတ်လှုပ်ရှားမှုအပြည့် ဖြစ်နေသည်။

အားလုံးက သူ့စကားကြောင့် အံ့ဩကုန်ကြ၏။

သူတို့က ဤကြောက်စရာကောင်းလှသည့် ကျားဖြူကြီးက အရုပ်ဖြစ်ကြောင်း မယုံနိုင်ကြပေ။ ပို၍ အရေးကြီးသည်က ကောင်းကင်အသျှင်တစ်ယောက်၏ စွမ်းအားကို ထုတ်ပြနိုင်သည့် အရုပ် မဟုတ်ပါလော။

ရွှေအမြုတေ ကျင့်ကြံသူကတောင် အလွယ်လေး ထိန်းချုပ်လို့ ရတယ်တဲ့လား .. အဲလိုဆိုရင် ရွှေအမြုတေ ကျင့်ကြံသူက ဒီအရုပ်ကို ထိန်းချုပ်ပြီး ကောင်းကင်အသျှင်ကို အနိုင်ယူနိုင်ပြီလား …

ဗုဒ္ဓေါ …

ဒီအရာက ရွှေအမြုတေတစ်ယောက်ကို ကောင်းကင်အသျှင်တစ်ယောက်ရဲ့ တိုက်ခိုက်စွမ်းမျိုး ထုတ်သုံးစေနိုင်တာလား … အရမ်းကြမ်းတမ်းလိုက်တာ

ဤအရုပ်တွင် ကောင်းကင်အသျှင်အဆင့် တိုက်ခိုက်စွမ်းရည် ရှိထားကာ  ဝိဇ္ဇာတစ်ယောက်အတွက် ခြိမ်းခြောက်မှု မဟုတ်သော်လည်း  အမြောက်အများ ထုတ်လုပ်လာနိုင်သည်။

အကယ်၍ သူတို့သာ ထိုအရုပ်များစွာကို ဖန်တီးလိုက်ပါက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ တိုက်ခိုက်စွမ်းရည်က သိသိသာသာ တိုးမြင့်သွားမည် မဟုတ်ပါလော။

ပြောရမည်ဆိုလျှင် ကောင်းကင်အသျှင်တစ်ယောက်က နေရာတိုင်းတွင် တွေ့ရသည့် ဂေါ်ဖီထုပ်မျိုး မဟုတ်ချေ။

အထွတ်အမြတ်မြေအတွင်း၌ပင် ကောင်းကင်အသျှင်အများစုက အကြီးအကဲများနှင့် အဆင့်အတန်း မြင့်မားကြသူများ ဖြစ်ကြသည်။

ဤအရုပ်စွမ်းအား ကျေးဇူးကြောင့် ရွှေအမြုတေ တပည့်က ကောင်းကင်အသျှင်တစ်ယောက်အထိ စွမ်းအားတိုးမြင့်နိုင်လိမ့်မည်။

ဒီအရာက ဘယ်လောက်တောင် အံ့ဩဖို့ကောင်းလိုက်လဲ …

ဤအရုပ်က ကောင်းကင်အသျှင်တစ်ယောက်နှင့် ရင်ဆိုင်နိုင်စွမ်းသာ ရှိပြီး အနိုင်ရဖို့ အာမခံချက် မရှိသော်လည်း ကိစ္စမရှိချေ။

ဤအရုပ်မျိုး ဖန်တီးဖို့ရာက ဝိညာဉ်ရွှေနှင့် မိုးကြိုးစွမ်းအား ပမာဏ များများ လိုအပ်သည်လည်း ကိစ္စမရှိပေ။ ထိုက်တန်နေဆဲ ဖြစ်၏။

ကောင်းကင်အသျှင်ဆိုသည်မှာ အထွတ်အမြတ်မြေတွင် လက်ရွေးစင်အဆင့် မဟုတ်ပါလော။

ချင်ယွင်တိက စိတ်အားတက်ကြွစွာဖြင့်  “ အစ်ကိုရှန် ဒီအရုပ်ကို ဘယ်လိုထင်လဲဟင် ”

ရှန်ထျန်းက ချင်ယွင်တိ၏ ရှင်းပြချက်များကို နားထောင်ပြီးနောက် အံ့အားသင့်သွားမိသည်။

တော်လိုက်တဲ့ ညီလေး …

မင်းက ကောင်းကင်အသျှင်အဆင့် ဂန်ဒမ်ကို မြန်မြန် ဖန်တီးလိုက်နိုင်တာပဲ … ငါသာ မင်းကို အချိန်နည်းနည်းလောက် ပိုပေးလိုက်ရင် မင်း အာကာသယာဉ်ပျံများ တီထွင်တော့မှာလား …

အဲဒီအခါကျ နတ်ဘုရားလောကကို အာကာသယာဉ်ပျံနဲ့ ပြန်သွားရုံပဲ … မိုးကြိုးစမ်းသပ်ချက် မလိုတော့ဘူး

အဟမ်း ဒီလိုတော့ မဖြစ်နိုင်ပေ။

နတ်ဘုရားလောကကို ကာကွယ်ရေး အစီအရင်ဖြင့် ကာဆီးထားလေသည်။ ဤကမ္ဘာ၏ အစိတ်အပိုင်းပင် မဟုတ်ချေ။ အာကာသယာဉ်ပျံ ရှိလာလျှင်ပင် ကာကွယ်ရေး အစီအရင်ကို ထိုးဖောက်ပြီး နတ်ဘုရားလောကဆီ ဝင်ရောက်ဖို့ မဖြစ်နိုင်ပေ။

နတ်ဘုရားလောကဆီ သာမန်အဆင့်လောက်နဲ့ ဝင်ရောက်လျှင် ကိုယ့်သေတွင်းကို တူးသလိုသာ ဖြစ်ပေမည်။

အရာအားလုံးကို မြင်တွေ့ဖူးသည့် ရှန်ထျန်းပင် မနေနိုင်ဘဲ ချီးကျူးလိုက်မိသည်  “ မဆိုးဘူး”

သူက ဤကမ္ဘာမှာ စက်ရုပ်ကို မြင်လိုက်ရသည်နှင့်ပင် ကျေနပ်နေမိသည်။

အမျိုးသားများက စက်ရုပ် ကြိုက်ကြသည်လေ။

“ ဒါပေမဲ့ ဒီဟာကြီးကို ရုပ်သေးရုပ်လို့ ခေါ်တာ သိပ်မတရားသလိုပဲ။ အစ်ကိုရှန် အကြံပြုချင်တာလေးများ ရှိလား ”

ချင်ယွင်တိက ရက်များစွာ ခေါင်းပူအောင် စဉ်းစားခဲ့သော်လည်း နာမည်ကောင်းကောင်း ထွက်မလာပေ။

လက်နက်ထောင်ချီ ရုပ်သေးပညာက အရုပ်ဖန်တီးဖို့ နည်းလမ်းသာ ဖော်ပြထားသည်။

ချင်ယွင်တိက ဤကျားဖြူအရုပ်ကို ဖန်တီးခဲ့စဉ်အခါက ရှန်ထျန်း သင်ကြားပေးခဲ့သည့် မိုးကြိုးအသွင်ပြောင်းလဲရေးနှင့် ဖောက်ခွဲရေး ဗဟုသုတများပါ ထပ်ပေါင်းခဲ့သည်။

အရှင်းဆုံးပြောရလျှင် ဤမိုးကြိုးကျားဖြူက ရာနှုန်းပြည့် ရုပ်သေးရုပ် မဟုတ်ချေ။ သူက မျိုးစိတ်အသစ်တစ်ခု ဖြစ်၏။ ရလဒ်အနေနှင့် ချင်ယွင်တိက ရှန်ထျန်းဆီသာ နာမည်အကြံပြုချက် တောင်းဆိုလိုက်တော့သည်။

ရှန်ထျန်းက တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်  “ ဒီလိုဆိုရင်လည်း မက်ခါလို့ပဲ ခေါ်ကြတာပေါ့ ”

ချင်ယွင်တိက ချက်ချင်း အတွေးနက်သွားလေသည်။ သူက သူ့ဘာသာ ရေရွတ်လိုက်၏  “ မက်ခါ မက်ခါ … ”

“ ကောင်းလိုက်တဲ့ နာမည် … ဒီကျားဖြူအရုပ်က ဝိညာဉ်ရွှေကနေ ဖန်တီးထားတော့ ရွေ့လျားနိုင်စွမ်းလည်း ကောင်းတယ်။ သန်မာမှုလည်း ရှိတယ်။ ကာကွယ်ရေးလည်း အားကောင်းတယ်။ မက်ခါက အကောင်းဆုံးနာမည်ပဲ … ဟုတ်ပြီ ကျားဖြူအရုပ်ကို သတ္တုဓာတ် ကျားဖြူမက်ခါလို့ ခေါ်ကြတာပေါ့”

ချင်ယွင်တိက မျက်လုံးတလက်လက် ဖြစ်နေသည်။ သူက ဘယ်လိုခေါ်ခေါ် သိပ်ဂရုမစိုက်ပေ။ အဓိကအချက်မှာ ရှန်ထျန်းက နာမည်ပေးထားခြင်း ဖြစ်၏။

အစ်ကိုရှန် ရွေးပေးသမျှ နာမည်တိုင်းက အပြီးပြည့်စုံဆုံးပဲ …

ရှန်ထျန်းက ချင်ယွင်တိအား ကြည့်လိုက်ကာ သူ့နှုတ်ခမ်းထောင့်တို့ တွန့်ချိုးသွားတော့သည်။

မင်းက ဒါကို ဖန်တီးခဲ့တဲ့လူလေ … နာမည်ပေးဖို့က ရိုးရိုးရှင်းရှင်း ကိစ္စလေးပဲ ဟုတ်ပြီလား

မင်းက မျက်နှာကြီး နီရဲနေလောက်အောင် ဘာလို့ စိတ်လှုပ်ရှားနေတာတုန်း …

လူကြီးတစ်ယောက်က အသွင်ပြောင်း စက်ရုပ်တွေနဲ့ ကစားတဲ့အခါ ဒီလောက် စိတ်မလှုပ်ရှားသင့်ဘူးလေကွာ ဟုတ်ပြီလား

ရွှေရောင်ဆံပင်၊ မျက်လုံးမှေးမှေး လူငယ်လေးကို ကြည့်ကာ ရှန်ထျန်းခေါင်းထဲ ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။

မျက်လုံးမှေးမှေး လူအားလုံးက မကောင်းဆိုးဝါးများလား … ဒီကောင်လေးက ထူးထူးဆန်းဆန်း စမ်းသပ်မှုတွေလုပ်ရင်း အိုရိုချီမာရူးလို အဆုံးသတ်သွားမှာလား …

အိုရိုချီမာရူးက ဇီဝဗေဒ စမ်းသပ်ချက်တွေ လုပ်တာလေ … ညီလေးယွင်တိက မိုးကြိုးမက်ခါတွေ လုပ်တာဆိုတော့ မဖြစ်နိုင်လောက်ပါဘူး

ငါ အရမ်းစိတ်ပူမိသွားတာပဲ …

All Chapters