ကောင်းကင်ပြုပြင်ရေး ဆေးလုံးက ဆံပင်ကျွတ်တာအတွက် ကုသပေးနိုင်ရမယ်
Vol. 28 Ch. 410
အခန်း (၄၁၀) : ကောင်းကင်ပြုပြင်ရေး ဆေးလုံးက ဆံပင်ကျွတ်တာအတွက် ကုသပေးနိုင်ရမယ်
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၌ စိတ်လှုပ်ရှားမှုအပြည့်နှင့် ပွက်လောရိုက်နေကြသည်။ သတ္တုဓာတ် ကျားဖြူမက်ခါကြီးက ဂုဏ်ယူစွာ ရပ်နေပြီး မျက်စိစူးမတတ် အလင်းရောင်များနှင့် ကြောက်မက်ဖွယ် အရှိန်အဝါတို့ဖြင့် ဝန်းရံထားသည်။ ထိုအရာက အာရုံစိုက်မှုအလယ် ဖြစ်နေလေ၏။
အံ့ဖွယ်မိုးကောင်းကင် အကြီးအကဲများက မနေနိုင်ဘဲ ရှေ့တိုးလာကာ စစ်ဆေးကြည့်ရင်း ချီးကျူးနေကြသည်။
“ ဒါက အတော်ထူးခြားတယ်။ ဒါက ဝိညာဉ်ရွှေနဲ့ ဓာတ်နှော နတ်မိုးကြိုးကို အသုံးပြုပြီး ဖန်တီးထားတာ။ ပြီးတော့ ကောင်းကင်အသျှင်အဆင့် စွမ်းအားကို ထုတ်ပြနိုင်တယ် ”
“ ဒီဟာရဲ့ အဓိကအချက်က လက်ရာပြောင်မြောက်တဲ့ အစီအရင်ပဲ။ ဓာတ်နှောနတ်မိုးကြိုးကို အစိတ်အပိုင်းတိုင်း ပြည့်ပြည့်စုံစုံ လှည့်ပတ်နိုင်တယ် ”
“ ဒါက ကောင်းကင်ဘုံရဲ့ အနုပညာလက်ရာပဲ။ တကယ်ကို ကောင်းကင်ဘုံ လက်ရာပဲ ”
အကြီးအကဲများစွာက ချင်ယွင်တိ၏ ဖန်တီးဉာဏ်ကို ချီးကျူးနေကြသည်။ သူက ဤသို့မျိုး ပြိုင်ဖက်ကင်း ရုပ်သေးရုပ်ကို အမှန်တကယ် ဖန်တီးနိုင်ခဲ့လေသည်။
“ ဒါပေမဲ့ ဒီဟာရဲ့ တိုက်ခိုက်မှုက ကန့်သတ်ချက်ရှိနေတုန်းပဲ။ သိုလှောင်ထားတဲ့ ဓာတ်နှောနတ်မိုးကြိုးသာ ကုန်ဆုံးသွားရင် ဆက်တိုက်နိုင်တော့မှာ မဟုတ်ဘူး ”
အမြင်စူးရှသည့် အကြီးအကဲတချို့က ချို့ယွင်းချက်ကို ရှာတွေ့သွားခဲ့သည်။
ဤမက်ခါက ကောင်းကင်အသျှင် စွမ်းအား ပိုင်ဆိုင်ထားသော်လည်း ကွာဟချက် ကြီးမားနေဆဲ ဖြစ်သည်။ ဤမက်ခါကို ဝိညာဉ်ရွှေနှင့် ဖန်တီးထားပြီး ဓာတ်နှောနတ်မိုးကြိုးဖြင့် စွမ်းအား ပေးထားခြင်း ဖြစ်သည်။
ကျင့်ကြံသူတစ်ယောက် မက်ခါ၏ စွမ်းအားအရင်းအမြစ်ကို အဆုံးအစွန်အထိ ပြန်လည် ဖြည့်တင်းမပေးနိုင်ချေ။
မက်ခါသာ စွမ်းအားကုန်ဆုံးသွားခဲ့လျှင် သတ္တုတုံးကြီးမျှသာ ဖြစ်ပေမည်။
ချင်ယွင်တိက ရှင်းမပြခင် ခပ်ယဲ့ယဲ့ ပြုံးပြလိုက်ပြီး
“ ဒီလိုပြဿနာမျိုး ရှိပေမဲ့ ကျွန်တော်က နဂါးစိမ်း၊ ကြက်သွေးရောင် ဇာမဏီ၊ လိပ်နက်၊ စွမ်းပကား ချီလင်နဲ့ ကျန်သားရဲတွေအားလုံးကို ဖန်တီးထားပြီးပြီ။ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ မိုးကြိုးသားရဲဆယ်ကောင်ပေါ့။ သူတို့မက်ခါ ဆယ်မျိုးရဲ့ လိုအပ်နေတဲ့ စွမ်းအားအရင်းအမြစ်က တပည့်တွေရဲ့ မတူညီတဲ့ မိုးကြိုးစွမ်းအားတွေနဲ့ သဟဇာတ ဖြစ်သွားလိမ့်မယ်။
ဒီလိုဆိုရင် စွမ်းအားဓာတ် သဘာဝတူ တပည့်တွေက မက်ခါကို အတူတူ အသက်သွင်းပြီး စွမ်းအား ထောက်ပံ့ပေးလို့ ရတယ်။ သူတို့က တိုက်ပွဲတစ်ခုစာတော့ ကြာရှည်ခံမှာပါ ”
ချင်ယွင်တိက ထိုပြဿနာကို ထည့်စဉ်းစားပြီးသွားလေပြီ။ အံ့ဖွယ်မိုးကောင်းကင် တော်ဝင်ကျမ်းက မိုးကြိုးစွမ်းအား အမျိုးမျိုး ကျင့်ကြံကြသည် မဟုတ်ပါလော။
သစ်သားဓာတ် နဂါးစိမ်းမိုးကြိုးစွမ်းအား၊ သတ္တုဓာတ် ကျားဖြူမိုးကြိုးစွမ်းအား အစရှိသဖြင့် ဖြစ်သည်။
ရလဒ်အနေနှင့် အံ့ဖွယ်မိုးကောင်းကင် တပည့်များက မိုးကြိုးစွမ်းအား မျိုးစုံကို ကျင့်ကြံကြသည်။ မက်ခါနှင့် သင့်တော်သည့် မိုးကြိုးစွမ်းအားရှိသူများသာ ထိန်းကွပ်နိုင်လိမ့်မည်။
ထိုကိစ္စကို ဖြေရှင်းဖို့အတွက် ချင်ယွင်တိက မက်ခါ၏ ထိန်းချုပ်ရေးနေရာထဲ တပည့်များစွာ ဆန့်စေရန် ချဲ့ထွင်ထားသည်။
“ ဒါပေမဲ့ မက်ခါရဲ့ စွမ်းအားက ကောင်းကင်အသျှင်စွမ်းအား ရောက်သွားပြီးတဲ့နောက်မှာ ထပ်အဆင့်တက်ဖို့ ခက်နေတယ်။ အစ်ကိုရှန်မှာ ဖြေရှင်းနည်းလေးများ ရှိလား ”
ချင်ယွင်တိက ရှန်ထျန်းအား စိတ်အားထက်သန်မှုအပြည့်ဖြင့် ကြည့်လိုက်သည်။
သူ့အမြင်အရ ရှန်ထျန်း မလုပ်နိုင်သည့်အရာ မရှိချေ။ သူ မဖြေရှင်းနိုင်သည့်အရာများကို ရှန်ထျန်းက သေချာပေါက် ဖြေရှင်းနိုင်လိမ့်မည်။ ရှန်ထျန်းက သူ့အား ယင်ယန်တာအိုကို သင်ပြပေးခဲ့သူ ဖြစ်ပြီး သူ့လမ်းညွှန်သူလည်း ဖြစ်ပေသည်။
ချင်ယွင်တိက ရှန်ထျန်းအပေါ် ယုံကြည်မှုလည်း ရှိသလို လေးစားမှုလည်း ရှိသည်။
ရှန်ထျန်းက အသံနိမ့်ကာ ပြောလိုက်သည်
“ ဒီပြဿနာက ဖြေရှင်းဖို့ မဖြစ်နိုင်တာ မဟုတ်ပါဘူး။ မက်ခါတွေက တိုက်ပွဲကို ဘယ်တော့မှ တစ်ယောက်တည်း မသွားဘူး။ သူတို့က တစ်ခုနဲ့ တစ်ခု ပေါင်းစပ်လို့ရတယ်။ နမူနာအနေနဲ့ဆိုရင် သတ္တုဓာတ် ကျားဖြူမက်ခါ ဆယ်ရုပ်ကို ပေါင်းစပ်ပြီးတော့ ကျားဖြူမက်ခါ စစ်မက်ရေးရာ အစီအရင်အဖြစ် ဖွဲ့စည်းနိုင်တာမျိုးပေါ့။
ဒီနည်းနဲ့ဆိုရင် ငါတို့တွေ အရင်းအမြစ်အများစုကို ခြွေတာပြီးသား ဖြစ်သွားမယ်။ တိုက်ခိုက်စွမ်းရည်လည်း တိုးတက်လာလိမ့်မယ်။ မက်ခါဆယ်ခု ပေါင်းစပ်ထားတာက တစ်ခုထက် အများကြီး ပိုအားကောင်းတယ်လေ …
တကယ်လို့ ငါတို့မှာသာ မက်ခါလုံလုံလောက်လောက် ရှိရင် ဓာတ်ငါးပါး မက်ခါအားလုံးကို စုစည်းပြီး ပိုအားကောင်းတဲ့ တပ်ဖွဲ့ လုပ်နိုင်တယ်။ မက်ခါအမျိုးအစားမျိုးစုံက တစ်ခုနဲ့ တစ်ခု အထောက်အကူပြုပြီး ဓာတ်ငါးပါး စွမ်းအားကို ထုတ်သုံးနိုင်တာမျိုးပေါ့။
သူတို့က ပိုအားကောင်းလာလိမ့်မယ်။ မက်ခါအမြောက်အများရဲ စွမ်းအားတွေ ပေါင်းစပ်လိုက်တဲ့အခါ ဝိဇ္ဇာကိုတောင် သတ်နိုင်တဲ့ အဆင့်အထိ ရောက်သွားနိုင်တယ်”
…………....
ရှန်ထျန်းက ယခင်ဘဝက ကြည့်ထားဖူးသော အာကာသနှင့် မက်ခါဇာတ်လမ်းများမှ အတွေးများကို ရိုးရိုးရှင်းရှင်း ထုတ်ပြောလိုက်ခြင်းသာ ဖြစ်သည်။
သူက အတွေးကို သာမန်ကာလျှံကာ ထုတ်ပြောလိုက်ခြင်း ဖြစ်သော်လည်း အားလုံးက စိတ်လှုပ်ရှားလာကြသည်။ အထူးသဖြင့် ချင်ယွင်တိ ဖြစ်၏။ သူ့မျက်လုံးများ တလက်လက် လင်းလက်နေပြီး ရွှင်မြူးလာဟန်ပေါ်သည်။
ရှန်ထျန်း၏ စကားများက သူ့စိတ်ကူးစိတ်သန်းတို့ကို နှိုးဆွပေးလိုက်သည့် မီးပွားလေးတစ်ခု ဖြစ်ကာ သူ့သွေးများကို ဆူပွက်လာစေသည် “ အစ်ကိုရှန် ပြောတာ ဟုတ်တယ်။ အစ်ကိုရှန်ရဲ့ အကြံအတွက် ကျေးဇူးပါ … ကျွန်တော် စမ်းသပ်ခန်းထဲ ပြန်သွားလိုက်ဦးမယ်နော် ”
ချင်ယွင်တိ၏ မျက်နှာက စိတ်လှုပ်ရှားအတိ ဖြစ်နေသည်။ လေ့လာစမ်းသပ်ရသည်ကို သဘောကျသော လူတစ်ယောက်အတွက် သူ့အလုပ်နှင့် ပတ်သတ်ပြီး လမ်းညွှန်မှုအသစ် တစ်ခု ရရှိလိုက်ခြင်းက ပြိုင်ဖက်ကင်း တော်ဝင်ကျမ်းကို ရှာတွေ့သလိုမျိုး ဖြစ်သည်။
အကယ်၍ ရှန်ထျန်းကြောင့်သာ မဟုတ်လျှင် သူက စမ်းသပ်ခန်းအတွင်း တံခါးပိတ်ကာ ဆက်လက် လေ့လာချင်နေသည်။
သူ့လိုမျိုး တစ်ကိုယ်တော်သမားအတွက် လေ့လာစမ်းသပ်ရေးသည် အသိုင်းအဝိုင်းကြား ဝင်ဆန့်ဖို့ထက် ပိုအရေးကြီးပေသည်။
ရှန်ထျန်းက ချင်ယွင်တိ၏ စိတ်လှုပ်ရှားနေသည့် မျက်နှာကို ကြည့်နေရင်း အပြုံးလေးဖြင့် ခေါင်းယမ်းလိုက်မိသည်။
သူက ချင်ယွင်တိ နောက်ကျောအား ကိုင်ထားရင်း ကရုဏာ ဒေါသစွက်ကာ ပြောလိုက်သည်
“ မင်းက အရမ်းကြိုးစားနေပါပြီကွာ။ မင်းရဲ့ခေါင်းတောင် ဦးရေပြား မြင်နေရပြီ … တကယ်လို့ မင်းသေချာဂရုမစိုက်ဘဲ နေပြီး လေ့လာရေးဘဲ ဆက်လုပ်နေရင် မင်းဆံပင်အားလုံး ကျွတ်သွားပြီးတော့ ဘုန်းကြီး ဖြစ်သွားလိမ့်မယ်။
နောက်ရက်နည်းနည်းလောက် နေရင် မိုးကြိုးလှိုင်း အထွတ်အမြတ်မြေက မင်းကို သူတို့ဂိုဏ်းဝင်ဖို့ လာခေါ်လောက်တယ် ”
ချင်ယွင်တိက တုန်တုန်ယင်ယင် ဖြစ်သွားလေသည်။ သူက ဆံပင်ကြား လက်ထိုးကြည့်လိုက်သည့်အခါ သူ့ရွှေရောင်ဆံပင်များက အတော်လေး ရှုပ်ပွနေကြောင်း သိလိုက်ရ၏။ ယခု သူ ပြန်တွေးကြည့်လိုက်သည့်အခါ လတ်တလော ဆံပင်တော်တော်ကျွတ်သွားပုံပေါ်သည်။
ရှန်ထျန်းက ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို ချင်ယွင်တိဆီ ထုတ်ပေးလိုက်ပြီး “ ဒီဆေးလုံးကို သောက်လိုက်။ ဒါက မင်းရဲ့ အသိဉာဏ်နဲ့ ဦးနှောက်စွမ်းအားကို တိုးပွားလာစေလိမ့်မယ်။ ပြီးတော့ မင်းရဲ့ ကျင့်ကြံဆင့်နဲ့ ပင်ကိုယ်ပါရမီရောပဲ …
မင်းဆံပင်တွေတောင် ပြန်ပေါက်လာနိုင်လောက်တယ်။ ကျင့်ကြံတဲ့အခါ သတိထားနော် … မင်းခန္ဓာကိုယ်နဲ့ ကျန်းမာရေးက အဓိကပဲ ”
ချင်ယွင်တိက ထိုဆေးလုံးကြောင့် အံ့ဩနေမိသည်။ သူက ထိုဆေးလုံးသည် အလွန်အဖိုးတန်မှန်း ခံစားမိလိုက်၏။ ရနံ့လေးတစ်ခုတည်းဖြင့် သူ့နှလုံးသားကို တည်ငြိမ်သွားစေကာ ခန္ဓာကိုယ်ကို သက်သာသွားစေသည်။ သူ့စိတ်ခံစားချက်လည်း ပို၍ ကောင်းလာရ၏။ ဤသည်မှာ ပြိုင်ဖက်ကင်း အံ့ဖွယ်ဆေးလုံး သေချာပေါက် ဖြစ်လိမ့်မည်။
............
ထိုဆေးလုံးဖြင့် သူ့ရုပ်ခန္ဓာကိုယ်ကို အကောင်းဆုံး အခြေအနေအထိ ပြန်လည် ပြုပြင်နိုင်လိမ့်မည်။ ထိုအခါ သူက ပို၍ အဆင့်မြင့်သော မက်ခါကို ဖန်တီးလာနိုင်လိမ့်မည်။
ချင်ယွင်တိက စိတ်လှုပ်ရှားမှုနှင့် ကျေးဇူးတင်မှုတို့ဖြင့် ပြည့်နှက်နေသည်။
အစ်ကိုရှန်က ငါ့အပေါ် အရမ်းကောင်းတာပဲ ..
သူက ငါ့ကို အကြံပေးရုံတင် မကဘူး။ ငါ့ ကျင့်ကြံဆင့်မှာ ကူညီပေးနိုင်တဲ့ ဆေးလုံးမျိုးတောင် ထုတ်ပေးနေတယ်
အစ်ကိုရှန်ရဲ့ ကြင်နာမှုကို မှတ်သားထားပြီး သူ့ “ ပေါက်ကွဲမှုဆိုတာ အနုပညာ” ဆိုတဲ့ သဘောတရားကို အမြင့်ဆုံးအထိ ရောက်စေရမယ်
ချင်ယွင်တိ၏ မျက်လုံးများမှ မျက်ရည်ပူများ စီးဆင်းလာခဲ့ပြီး “ ကျွန်တော် အစ်ကိုရှန်ရဲ့ လမ်းညွှန်မှုအတိုင်း သေချာလေ့လာပါ့မယ်။ အစ်ကိုရှန်ကို စိတ်မပျက်စေရပါဘူး ”
ချင်ယွင်တိက လက်ထဲတွင် ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို ကိုင်ဆောင်ထားရင်း သူ့မက်ခါ ဆက်လေ့လာရန် ဆုံးဖြတ်ချက်ဖြင့် ရွှေကြာတောင်ထိပ်ဆီ ပြန်သွားခဲ့သည်။
ရှန်ထျန်း၏ နှုတ်ခမ်းထောင့်တို့ တွန့်ချိုးသွားလေသည်။ သူက ဤကလေးသည် သူ့စကားများကို အဓိပ္ပါယ်ကောက်လွဲသွားကြောင်း ခံစားမိလိုက်၏။
သိပ္ပံပညာအကြောင်း စိတ်အားထက်သန်သူများက သာမန်တော့ မဟုတ်ကြပေ။
ထားလိုက်ပါတော့ …
ချင်ယွင်တိ၏ စမ်းသပ်ရေးအပေါ် ယုံကြည်ချက်က ကျင့်ကြံရေးထက် သာလွန်နေသည်။
သူ လုပ်သည့်အရာအပေါ် အပြည့်အဝ ယုံကြည်သူသာ ဤမျှအထိ တိုးတက်လာလိမ့်မည်။
ကျင့်ကြံရေးလမ်းကြောင်းသည်လည်း အတူတူသာ ဖြစ်၏။ သတ္တိနှင့် ဆုံးဖြတ်ချက် မပြတ်သားဘဲ မတိုးတက်လာနိုင်ပေ။
.............
ထိုစဉ် အလင်းတန်းနှစ်ခု ထွက်ပေါ်လာသည်။
ရှန်ထျန်းက ပိုင်တိနှင့် ယွဲ့ယူသဲ့တို့သည် သူ့အား မျက်လုံးပြူးပြူးဖြင့် စိုက်ကြည့်နေကြောင်း မြင်လိုက်ရသည်။ သူတို့က ရှန်ထျန်းသည် ချင်ယွင်တိအား ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံး ပေးလိုက်ကြောင်း တွေ့လိုက်ရမှန်း သိသာလှ၏။ သူတို့က အလွန်အားကျနေကြသည်။
ပိုင်တိ ခြေထောက်အောက်တွင် ရွှေရောင်အလင်း တစ်ချက်လင်းသွားပြီးနောက် ရှန်ထျန်းရှေ့ တန်းပေါ်လာသည် “ ကောင်လေး မင်းဆီမှာ အံ့ဩဖို့ကောင်းတာ ရှိနေတာပဲ။ ငါ့ကို ချန်မထားခဲ့နဲ့။ ငါက မင်းကို လျှပ်စီးအရိပ်ခြေလှမ်းကို လက်ဆင့်ကမ်းပေးခဲ့တယ်ဆိုတာ မှတ်ထားဦး။
အဲဒါက ငါ့ပြိုင်ဖက်ကင်း ပညာရပ်ပဲ။ ရွှေအလင်း ကောင်လေးတောင် သူ့ကို သင်ပေးဖို့ ငါ့ဆီ အကြာကြီး တောင်းဆိုခဲ့ရတာ။ ဒါပေမဲ့ ငါက မင်းကို ဘာအခြေအနေမှ မရှိဘဲ လက်ဆင့်ကမ်းပေးခဲ့တယ်။ အဲဒါက ငါ မင်းအပေါ် ဘယ်လောက်ကောင်းတယ်ဆိုတာ ပြနေတာပဲ … ”
လေထုထဲ ချဉ်စူးစူး မနာလိုမှုများ ပြည့်နှက်လာသည်။
မှန်ပေသည်။ ပိုင်တိက မနာလို ဖြစ်နေသည်။
ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံး ပေါ်လာသည်နှင့် သူက သာမန်ဆေးလုံး မဟုတ်ကြောင်း တန်းသိလိုက်သည်။
ဤဆေးလုံးက သူ့ကျင့်ကြံဆင့်ကို တိုးမြင့်ပေးနိုင်ပြီး ကံကြမ္မာပြောင်းလဲပေးနိုင်သည့် ဆေးလုံးမျိုး ဖြစ်သောကြောင့် ပြိုင်ဖက်ကင်း ဆေးလုံးမှန်း သိသာလှသည်။
ပိုင်တိက ထိုဆေးလုံးကို မည်သည့်နည်းလမ်းနှင့်မဆို ရအောင် ယူရမည်။
သူ့ဂုဏ်သိက္ခာ စွန့်လွှတ်လိုက်ရလျှင်ပင် …
ပိုင်တိ တစ်ယောက်တည်း မဟုတ်ပေ။ ယွဲ့ယူသဲ့လည်း အတူတူ ဖြစ်၏။
သူက နှာခေါင်းတရှုံ့ရှုံ့ဖြင့် ပြောလိုက်သည် “ ညီလေး ငါက မင်းရဲ့ ပထမအစ်ကိုကြီးလေကွာ။ မင်းနဲ့ ဆရာတူ ပထမအစ်ကိုကြီးလေ … မင်းဆီမှာ ပစ္စည်းကောင်းရှိနေတာ ငါ့ကို ချန်မထားခဲ့ဘူးမလား ”
ယွဲ့ယူသဲ့က အလွန်အားကျနေမိသည်။ အခြားသော အံ့ဖွယ်မိုးကောင်းကင် တပည့်ရင်းများက ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို ရထားကြပြီး သူတစ်ယောက်တည်းသာ မရသေးပေ။ သူက ဘယ်လိုလုပ် အားမကျဘဲ နေမည်နည်း။
ရလဒ်အနေနှင့် ယွဲ့ယူသဲ့က ဆေးလုံးအတွက် ဂုဏ်သိက္ခာကို ဘေးဖယ်ထားလိုက်သည်။
ရှန်ထျန်း “ … ”
လူအုပ်ကြီး “ … ”
ဘေးတွင် ကြာပြာကောင်းကင်အသျှင်က သူ့နဖူးသာ ပွတ်နေမိသည်။
ငါနဲ့ လက်ရည်တူကို တွေ့ပြီပဲ …
ထိုနှစ်ယောက်က အမှန်တကယ် အရှက်မရှိချေ။ ဤနေရာတွင် သူတို့အား ကြည့်နေသည့် တပည့်များနှင့် အကြီးအကဲများစွာ ရှိနေသော်လည်း လုံးလုံး ဂရုမစိုက်ပေ။ သူတို့က လုပ်ချင်တာ ဆက်လုပ်နေကြသေးသည်။
သူတို့က အရည်ထူလှပြီး ကမ္ဘာဦးခေတ်မှ နွားရိုင်းများလောက် အရည်ထူသည်။ ဝိဇ္ဇာလက်နက်ပင် သူတို့အရေပြားကို ထိုးဖောက်နိုင်မည် မဟုတ်လောက်ပေ။
ငါတော့ ဆက်မကြည့်နိုင်တော့ဘူး …
ခဏနေပါဦး … ဂိုဏ်းတူ တူလေးက ဒီဆေးလုံးတွေကို ဘာလို့ ဂရုမစိုက်ဘူးလို့ ခံစားမိနေပါ့လိမ့်
သူက ချင်ယွင်တိ ဆံပင်တွေ ကျွတ်နေလို့ဆိုပြီး ဆေးတစ်လုံး တန်းထုတ်ပေးလိုက်တာလေ … ငါလည်း ထပ်တောင်းရင် ပေးလောက်မယ် တူတယ်
ဒီဆေးလုံးက တကယ်ကို ဆန်းကြယ်လွန်းလှတယ်။ ငါသာ နည်းနည်းလောက် ထပ်သောက်နိုင်ရင် အထက်ဘုံ ချက်ချင်း တက်လှမ်းသွားပြီးတော့ ထာဝရအရှင် ဖြစ်လာမလား
ကြာပြာကောင်းကင်အသျှင်က စိတ်ဝင်စားနေဆဲ ဖြစ်သည်။ သူက ရှန်ထျန်းဆီမှ ဆေးလုံးတချို့ ထပ်တောင်းကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
ထိုစဉ် ရှန်ထျန်းက ဆေးနှစ်လုံးကို ပိုင်တိနှင့် ယွဲ့ယူသဲ့အား ပေးလိုက်သည်။ အကြောင်းအရင်းမှာ သူတို့နှစ်ယောက်က အရည်ထူလွန်းသောကြောင့် ငြင်းဆန်ဖို့ ခက်ခဲနေ၍ ဖြစ်သည်။
ငါ့ကျင့်ကြံရေးနဲ့ တိုးတက်မှုအပေါ်ပဲ အာရုံစိုက်တော့မယ် … သူတို့အပေါ် အချိန်ဖြုန်းမနေနိုင်ဘူး
ထို့အပြင် ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးသည် အခြားလူများအတွက် အဖိုးမဖြတ်နိုင်ဘဲ တန်ဖိုးကလည်း ခန့်မှန်းထားသည်ထက်ပင် ကျော်လွန်နေလောက်မည်။ သို့သော်ငြား ရှန်ထျန်းက ပါဝင်ပစ္စည်းများ ရှိနေသရွေ့ ထိုဆေးလုံးများကို အချိန်မရွေး ဖော်စပ်နိုင်လေသည်။ ရက်ပိုင်းအတွင်း နောက်တစ်သုတ်ကိုပင် အလွယ်လေး ဖော်စပ်နိုင်သည်။
ထိုအတွေးဖြင့် ရှန်ထျန်းက ထိုလူများကို ဖယ်ရှားဖို့ ဆေးများ ထုတ်ပေးလိုက်ခြင်း ဖြစ်သည်။
ထင်ထားသည့်အတိုင်း ပိုင်တိနှင့် ယွဲ့ယူသဲ့တို့က ဆေးလုံး ရပြီးသည်နှင့် ရူးကြောင်ကြောင် အပြုံးမျိုး ပြုံးပြလာကြသည်။
သူတို့က ရှန်ထျန်းအား ကျေးဇူးတင်ပြီးနောက် ကျင့်ကြံဖို့ အပြေးအလွှား ထွက်သွားကြတော့သည်။
ဤသို့ဆေးလုံးဖြင့် အချိန်ဆက်မဖြုန်းလိုပေ။
တာအိုကိုယ်တော်ကြီး တစ်ယောက်က သူတို့ဆီမှ လုယူပြီး အရင်ဆုံး မျိုချလိုက်ဖို့ ကြံစည်နေလေသည်။
.................
ရှန်ထျန်းက သက်ပြင်းချလိုက်မိသည်။ ထိုပြဿနာ အရှုပ်ထုပ်နှစ်ယောက် နောက်ဆုံးတွင် ထွက်သွားပြီ ဖြစ်သောကြောင့် သူ့အနေနှင့် အေးအေးချမ်းချမ်း နေနိုင်လေပြီ။
ထိုစဉ် ကြာပြာကောင်းကင်အသျှင်က ရှေ့တိုးလာကာ ပြုံးရင်း လက်ပွတ်လိုက်ကာ “ ငါ့တူလေးရေ မင်းဆီမှာ ဆေးလုံးတွေအများကြီး ရှိတာဆိုတော့ ငါ့ကို နောက်ထပ် ပေးလို့ မရဘူးလား။ ပထမတစ်ခေါက်က မြန်မြန် မျိုချလိုက်တာဆိုတော့ အရသာကို မခံစားမိလိုက်ဘူး။ အရသာခံရအောင် နည်းနည်းလောက် ပေးပါ့လား ”
ရှန်ထျန်းက မသက်မသာ ပြန်ပြောလိုက်သည် “ ဦးလေး အဲဒီဆေးလုံးတွေက တစ်ခါပဲ သောက်လို့ ရတာ။ ဆေးများသွားရင် အကျိုးသက်ရောက်မှု မရှိတော့ဘူး။ ပြီးတော့ ကျွန်တော်ဆီမှာလည်း ဆေးလုံး မကျန်တော့ဘူး ”
ရှန်ထျန်းက ပုလင်းခွံကို ပြလိုက်သည်။ သူက ထိုပြဿနာနှစ်ကောင်ကို ရှင်းထုတ်ပြီးနောက် နောက်ထပ် အရှုပ်ထုပ် ရောက်လာလိမ့်မည်ဟု မထင်ထားပေ။
ကြာပြာကောင်းကင်အသျှင်၏ အရည်ပြားက ထိုနှစ်ယောက်ထက် ပိုထူသေး၏။
ဟူး … ငါလေးအတွက် တကယ်ကို ခက်ခဲတာပဲ
ကြာပြာကောင်းကင်အသျှင်၏ မျက်နှာက နီရဲသွားပြီး ရယ်မောလိုက်ကာ “ ဒါပေါ့ ငါ သိတာပေါ့။ မင်းကို နောက်နေတာ ”
အဖွဲ့ထဲရှိ ကျန်လူများက စိတ်ပျက်လက်ပျက် ကိုယ့်နဖူးကိုသာ ထိထားလိုက်ကြသည်။
ဂိုဏ်းတူဦးလေး ကြာပြာက စောစောက နှစ်ယောက်ကို ဝေဖန်ခဲ့ပေမဲ့ သူလည်း အတူတူ ပြုမူနေတာပဲ …
သူက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ အရှက်ရစရာပဲ
………….....
ရှန်ထျန်းက ပြုံးလိုက်ပြီး “ တကယ်လို့ ဦလေးသာ ကျွန်တော်ကို ဝိဇ္ဇာဆေးပင်လုံလုံလောက်လောက် ပေးမယ်ဆိုရင် နောက်ထပ် ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို ဖော်စပ်ပေးနိုင်တယ် ”
ရှန်ထျန်းက ဆေးလုံးများစွာ ပေးလိုက်ပြီ ဖြစ်သော်လည်း လိုအပ်သည့် ပါဝင်ပစ္စည်းများ ရှိနေသရွေ့ နောက်ထပ် တစ်သုတ်ကို အချိန်မရွေး ဖော်စပ်နိုင်သည်။
ပဒုမ္မကြာ နတ်ဧကရာဇ်၏ ဆေးလုံး ဖော်စပ်ခြင်း ပညာရပ်ကို လေ့လာပြီးနောက် ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံး ဖော်စပ်ရသည်မှာ ရှန်ထျန်းအတွက် ဘာမှမဟုတ်တော့ချေ။ သူက အချိန်များများပေးရန်ပင် မလိုပေ။
သို့သော်လည်း ရှန်ထျန်းက နတ်ဧကရာဇ်အဆင့် ကောင်းကင်ပြုပြင်ရေး ဆေးလုံးများကို ဖော်စပ်ခဲ့ပြီး သူတို့အာနိသင်က ကောင်းကင်ဘုံအား သွေဖယ်နေလေသည်။
အကယ်၍ သူသာ ဝိဇ္ဇာအဆင့် ဆေးလုံးများကို ဖော်စပ်လျှင် လူတစ်ယောက်၏ အခြေခံအုတ်မြစ်နှင့် နားလည်နိုင်စွမ်းကို တိုးပွားလာစေဦးမည်သာ ဖြစ်၏။
ထိုအကျိုးအာနိသင်က နတ်ဧကရာဇ်အဆင့် ဆေးလုံးနှင့် ယှဉ်လိုက်လျှင် နိမ့်ကျပေသည်။ ဝိဇ္ဇာအဆင့်နှင့် နတ်ဧကရာဇ်အဆင့်ကြားက ကွာဟချက်သည်လည်း မိုးမြေလောက် ခြားနားနေသည် မဟုတ်ပါလော။
“ တကယ်လား ”
ကြာပြာကောင်းကင်အသျှင်၏ မျက်လုံးများ လင်းလက်လာသည်။
ရှန်ထျန်း ပြောခဲ့သလောက် သူက နောက်ထပ် ဆေးလုံးတွေ ထပ်သောက်နိုင်သေးတာပေါ့ ….
ဆေးလုံး တစ်လုံးက ကောင်းပေမဲ့ ဆေးလုံးအမြောက်အများရရင် ပိုတောင် ကောင်းသေး …
ကြာပြာကောင်းကင်အသျှင်က အပြင်ကို ထုတ်မပြောသော်လည်း သူ မည်မျှ စိတ်အေးသွားကြောင်း မျက်ဝန်းများကို ကြည့်ခြင်းဖြင့် သိသာနေသည်။
ရှန်ထျန်းက ခေါင်းညိတ်ပြကာ “ ဟုတ်တာပေါ့။ ဒါပေမဲ့ ကျွန်တော်က ဆေးလုံးဖော်စပ်ဖို့ ဝိဇ္ဇာဆေးပင်တွေအများကြီး လိုတယ် ”
ကြာပြာက ရင်ဘတ်ကို ပုတ်ပြလိုက်ပြီး “ တူလေး စိတ်မပူနဲ့။ ငါ အခြားအကြီးအကဲတွေဆီကနေ သူတို့ဝိဇ္ဇာအဆင့် ဆေးပင်တွေ ထုတ်ခိုင်း … သွားရှာလာခဲ့မယ်။ အကြီးအကဲတွေလည်း ငါတို့ဂိုဏ်းကို ကူညီဖို့ဆိုတာ မငြင်းဆန်လောက်ပါဘူး ”
လူအုပ်ကြားမှ အကြီးအကဲများ “ … ”
သူတို့က ကြာပြာသည် ဆေးလုံးဖော်စပ်ဖို့အတွက် သူ့ဆေးပင်များကို ထုတ်ပေးလိမ့်မည်ဟု ထင်ခဲ့ကြသော်လည်း သူက သူတို့၏ ဆေးပင်များကို အပိုင်စီးချင်နေလေသည်။
………....
ကြာပြာကောင်းကင်အသျှင်က ဂရုမစိုက်ပေ။ သူက ဂိုဏ်းကောင်းကျိုးအတွက်ဟု ဆင်ခြေ ထုတ်သုံးလိုက်သေး၏။ ထိုအကြီးအကဲများက ဆေးပင်ပေးဖို့ ငြင်းဆန်လျှင်ပင် ထိုဆင်ခြေဖြင့် အတင်းဖိအားပေးနိုင်သည်။
ဟားဟား ငါ ဉာဏ်ကောင်းလိုက်တာ
ဒါပေမဲ့ ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးသည် အံ့ဖွယ်မိုးကောင်းကင် တပည့်ရင်းများကို အကြီးကြီး ပြောင်းလဲစေသွားသည်။
ဖန်ချန်း၊ ကျန်းယွင်ရှီး၊ ကျန်းယွင်ထင်၊ ကျောက်ဟောင်၊ ချင်ယွင်တိနှင့် ကွေ့ကုန်းကုန်းတို့၏ စွမ်းရည်များသည် ဆေးလုံးသောက်သုံးပြီးနောက် ထွက်ပေါ်လာကြ၏။
သူတို့ ဖွဲ့စည်းပုံ ဖြစ်စေ သို့မဟုတ် ပင်ကိုယ်စွမ်းရည် ဖြစ်စေ သူတို့အားလုံးက ချီရှောက်ရွမ် အဆင့်နီးပါးလောက်အထိ ဖြစ်လာကြသည်။
ချီရှောက်ရွမ်သည် ရွှေအမြုတေ အဆင့်စာရင်းတွင် အဆင့် ၁ ဖြစ်ကြောင်း မှတ်ထားရပေမည်။ သူက နတ်ဧကရာဇ် ဖြစ်ဖို့ အလားအလာရှိသူဟုပင် သတ်မှတ်ခံထားရသူ ဖြစ်၏။
သူက ဆယ်ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့်ကို အောင်မြင်သွားပြီး ကနဦးဝိညာဉ်ကို ဖွဲ့စည်းနိုင်ခဲ့သည်။
သူက လူထူးဆန်း ရှန်ထျန်းနှင့် ယှဉ်လိုက်လျှင် မှေးမှိန်သွားသော်လည်း သူက ကမ္ဘာထဲတွင် နံပါတ်နှစ်အဖြစ် ယူဆနိုင်သေး၏။
အဖွဲ့ထဲတွင် ကျင့်ကြံဆင့် အနိမ့်ဆုံးဖြစ်သည့် ကျောက်ဟောင်နှင့် ကွေ့ကုန်းကုန်းတို့ပင် ကောင်းကင်ပြုပြင်ရေး ဆေးလုံး သောက်သုံးပြီးနောက် ဆယ်ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့်ကို ရောက်ရှိသွားခဲ့ကြသည်။
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ထိပ်သီး ပါရမီရှင်သုံးယောက်အကြောင်း ထည့်ပြောဖို့ပင် မလိုတော့ပေ။
သူတို့၏ လက်ရှိ ပါရမီနှင့် တိုက်ခိုက်စွမ်းတို့က ချီရှောက်ရွမ်ထက်ပင် ကျော်လွန်သွားကြလေပြီ။
ဤသည်မှာ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ရွှေခေတ် ဖြစ်သည်။
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက ယခုအခါ ပါရမီရှင်များဖြင့် အနာဂတ်က တဖြတ်ဖြတ် တောက်ပနေလေပြီ။
ဤနေရာ၌ နတ်ဧကရာဇ် ဖြစ်ဖို့ အလားအလာရှိသူများပင် လက်တစ်ဖက် မကလောက်တော့ပေ။
ထို့အပြင် ထိုဆေးလုံး၏ အကျိုးကျေးဇူးကြောင့် အရင်လူတို့၏ စွမ်းအားများလည်း သိသိသာသာ တိုးတက်လာခဲ့သည်။ ပြောရလျှင် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ စွမ်းအားက သိသာစွာ တိုးတက်လာခဲ့ပြီး အခြားသော အဆင့်တူ အထွတ်အမြတ်မြေများကို ကျော်လွန်သွားခဲ့သည်။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ ကောင်းကင်အရှိန်အဝါတို့က လှုပ်ခတ်နေပြီး အတွေးလွန်နေမိသည်။
ထျန်းအာက တကယ်ကို ကံကြမ္မာသားတော်ပဲ ….
ထျန်းအာကြောင့် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကြီးရဲ့ စွမ်းအားက ဆယ်ဆမက တိုးပွားလာပြီ။
ထျန်းအာသာရှိနေမယ်ဆိုရင် ငါတို့ဂိုဏ်းက သေချာပေါက် ပြန်လည် မြင့်တက်လာလိမ့်မယ် … ဟားဟားဟား
................
ဂိုဏ်းချုပ်က ရှေ့တိုးလာကာ သူ့ကောင်းကင်အရှိန်အဝါတို့ကလည်း အပြင်းအထန် လှုပ်ခါနေသည် “ ထျန်းအာ … မင်း ဂိုဏ်းချုပ်ရာထူးယူဖို့ စိတ်ဝင်စားလား ”
ရှန်ထျန်းက ကြောင်သွားလေသည်။
သူ တစ်ယောက်တည်း မကပေ။ အံ့ဖွယ်မိုးကောင်းကင် တပည့်များနှင့် အကြီးအကဲများလည်း ကြောင်အမ်းကုန်ကြသည်။
အထွတ်အမြတ်မြေတစ်ခုလုံး တိတ်ဆိတ်မှု ကြီးစိုးသွားလေသည်။
သူတို့က ဂိုဏ်းချုပ်သည် ဤသို့စီစဉ်ထားလိမ့်မည်ဟု မထင်ထားကြပေ။
သူက သူတော်စင်ရာထူး အပ်နှင်းပွဲ မလုပ်ရသေးသည့် သူတော်စင်ထံ ဂိုဏ်းချုပ်ရာထူး လွဲပြောင်းပေးချင်သည်လား။ အမှန်တကယ် အံ့ဩလောက်ဖွယ် ဖြစ်နေသည်။
ဂိုဏ်းချုပ်ရာထူးကို လူတိုင်း တာဝန်ယူနိုင်သည် မဟုတ်ပေ။
သူက ပါရမီထူးချွန်လှသော ပါရမီရှင် ဖြစ်ရမည်သာမက သူ့တွင် အားကောင်းသော စွမ်းရည်နှင့် ဂုဏ်သိက္ခာလည်း ရှိရပေမည်။ ထိုအခါမှ သူ့အနေနှင့် ကျန်လူများကို အုပ်စိုးနိုင်လိမ့်မည်။
ယေဘုယျအားဖြင့် လတ်တလော တာဝန်ယူထားသည့် ဂိုဏ်းချုပ်များက ဝိဇ္ဇာများ ဖြစ်ကြသည်။ ထိုအခါမှသာ သူတို့အနေနှင့် တာဝန်ယူခွင့် ရှိ၏။
ဝိဇ္ဇာများက သူတို့အထွတ်အမြတ်မြေ၌ ထိပ်ဆုံးတကာ့ ထိပ်ဆုံး ဖြစ်ကြလေသည်။
ယခင်နှစ်တစ်သောင်းအတွင်း အထွတ်အမြတ်မြေတိုင်းတွင် အတိဒုက္ခလွန် ဖြတ်ကျော်ခြင်းအဆင့်အောက်ရှိ ကျင့်ကြံသူကို ဂိုဏ်းချုပ်အဖြစ် လက်ခံပေးသည့်အရာမျိုး မရှိခဲ့ဖူးပေ။
ဝိဇ္ဇာမဖြစ်သေးသည့် ကျင့်ကြံသူတစ်ယောက်က ဂိုဏ်းချုပ် တစ်ယောက် ဖြစ်လာဖို့ အခွင့်အရေး မရှိချေ။
ဝိဇ္ဇာအဆင့် စွမ်းအားကို မပိုင်ဆိုင်ဘဲ အဆင့်အတန်းကို လိုချင်နေသည်လား …
လူအများစုက ထိုအရာနှင့် ပတ်သတ်လာသည့် ဖိအားပြင်းပြင်းကို ခံနိုင်ရည် မရှိကြပေ။ အခြားလူများက လက်ခံဖို့ ငြင်းဆန်နိုင်ခြေများပြားပြီး အထွတ်အမြတ်မြေအား ကမောက်ကမ ဖြစ်သွားစေလိမ့်မည်။
ရှန်ထျန်း၏ လက်ရှိစွမ်းအားနှင့် ဂုဏ်သတင်းအရ သူ့ကျင့်ကြံဆင့်သည် ထိုအဆင့်အထိ မရောက်သေးသော်လည်း ဂိုဏ်းချုပ် ဖြစ်လာနိုင်သည့်အရာကို လုပ်ခဲ့သည်။
သို့သော် စောလွန်းနေသေးသည်။
သူတော်စင် ရာထူးအပ်နှင်းပွဲ မကျင်းပခင် ဂိုဏ်းချုပ်ရာထူး ယူရမည်လား …
ဤသည်မှာ မဟုတ်သေးပေ။
အားလုံးက ကြောင်အမ်းကုန်ကြသော်လည်း ဂိုဏ်းချုပ်၏ အကြောင်းအရင်းက အလွန်ရိုးရှင်းလှသည်။
ငါ့တပည့် ရှန်ထျန်းက ထာဝရဘုရင် ဖြစ်လာနိုင်ခြေ ရှိတယ်။ သူက ကံကြမ္မာသားတော်လည်း ဖြစ်နေသေးတယ်။ သူ့ကံကြမ္မာကလည်း တုဖက်မပြိုင်နိုင်ဘူး
ထျန်းအာရဲ့ ကံကြမ္မာအရဆိုရင် ဂိုဏ်းချုပ် ဖြစ်လာခဲ့ရင် ငါတို့ဂိုဏ်း တိုးတက်လာနှုန်းက ဆယ်ဆမက ပိုမြန်လာလိမ့်မယ်။ မဟုတ်သေးဘူး အဆတစ်ရာလောက်
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ အနာဂတ်နှင့် ပတ်သတ်လာလျှင် ဂိုဏ်းချုပ် မည်သူလဲဟု မေးခွန်းက အရေးမပါပေ။
ရှန်ထျန်းက အံ့ဩတကြီး ဖြစ်သွားပြီး “ ဆရာ ကျွန်တော်က အတွေ့အကြုံ သိပ်မရှိသေးဘူးလေ။ ကျွန်တော် ဂိုဏ်းချုပ်ရာထူးကို တာဝန်မယူနိုင်လောက်သေးမှာကို စိုးမိတယ်။ ကျွန်တော်က အားနည်းနေသေးတော့ ဆက်လေ့ကျင့်ဖို့ လိုအပ်နေသေးတယ် ”
ဘေးတွင် ကြာပြာကောင်းကင်အသျှင်၏ နှုတ်ခမ်းတို့က တွန့်ချိုးသွားတော့သည်။ သူက သူ့ဘာသာ ရေရွတ်လိုက်၏ “ မင်းက အားနည်းတာလား။ မင်းလိုမျိုး ထူးထူးဆန်းဆန်း စွမ်းရည်မျိုးနဲ့ဆိုရင် အဆင့်နိမ့် ဝိဇ္ဇာတောင် မင်းပြိုင်ဖက် မဟုတ်ဘူး ”
ကြာပြာကောင်းကင်အသျှင်က ရှန်ထျန်း၏ တိုက်ခိုက်စွမ်းရည်ကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသဖြင့် မည်မျှ ကြောက်ဖို့ကောင်းကြောင်း သိသည်။
ရှန်ထျန်း ရွှေအမြုတေအဆင့်တွင် ရှိစဉ်အခါက ကောင်းကင်အသျှင်ကို အနိုင်ယူနိုင်ခဲ့သည်။ ယခု သူက ကနဦးဝိညာဉ်အဆင့် ဖြစ်နေလေပြီ။
အကယ်၍ သူသာ အားကုန်ထုတ်တိုက်လျှင် ဝိဇ္ဇာကိုတောင် အနိုင်ယူနိုင်လောက်၏။
ရှန်ထျန်းတွင်လည်း အလွန်ရိုးရှင်းသော အကြောင်းအရင်းတစ်ခု ရှိနေသည်။
ငါက ဂိုဏ်းချုပ် ဘာလို့ ဖြစ်လာရမှာလဲ … ဂိုဏ်းချုပ်ဖြစ်လာရင် ခေါင်းရှုပ်စရာ ပြဿနာတွေကို ဖြေရှင်းရတော့မှာမလား
အဲဆို ငါ စူးစမ်းလေ့လာခရီး ထွက်ဖို့ အချိန်ဘယ်လိုလုပ် ရတော့မှာလဲ။ ငါ တခြားပါရမီရှင်တွေနဲ့ မိတ်ဆွေဖွဲ့ပြီး ကံကြမ္မာမျှဝေယူတာကို ဘယ်အချိန် လုပ်နိုင်တော့မှာလဲ
ရွှေကျီး နတ်ဧကရာဇ်၏ စကားအရ ရွှေခေတ် ရောက်ရှိလာမှုက အရှုပ်အထွေးလည်း မကြာခင် ရောက်ရှိလာတော့မည်ဟု ဆိုလိုထားသည်။
ယခင်နှစ်ထောင်ပိုင်းအတွင်း ရှားရှားပါးပါး ပါရမီရှင်များစွာ ထွက်ပေါ်ခဲ့ပြီး အမျိုးမျိုးသော အင်အားစုများက အံ့အားသင့်ဖွယ်တစ်ခုခု ဖြစ်ပျက်တော့မည်ဟု ခန့်မှန်းထားကြသည်။
ငါ မထင်ပေါ်ချင်ဘူး … ငါ ပစ်မှတ်အထားခံရရင် ပြဿနာပဲလေ
ငါက ငြိမ်းချမ်းရေးကို အမြဲထောက်ခံတာလေ … အဲကြောင့် စိတ်အားထက်သန်မနေဘဲ စိတ်ငြိမ်ငြိမ်ထားကြပါ
လူတစ်ယောက်ရဲ့ စွမ်းရည် တိုးတက်လာတာအပေါ် အာရုံစိုကထားတာက အကောင်းဆုံးနဲ့တစ်ခုတည်းသော နည်းလမ်းပဲ …
ကျော်ကြားမှုလား။ အာဏာလား .. ငါ့အတွက် တိမ်တိုက်လိုပဲ
မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်ရဲ့ ဧကရာဇ် ဖြစ်ရရင်တောင် ငါ သေသွားခဲ့ရင် အဓိပ္ပါယ်မရှိတော့ဘူး …
ဟုတ်တယ် … ငါဆုံးဖြတ်ထားပြီးပြီ။ ငါ နတ်ဧကရာဇ်အဆင့် မရောက်ခင်အထိ ဂိုဏ်းချုပ်ရာထူး မယူသေးဘူး