← Chapters

စစ်နတ်ဘုရား မျှော်နန်းဆောင် ငါးဆယ်ရာခိုင်နှုန်း လျော့ဈေး

Vol. 28 Ch. 411

စစ်နတ်ဘုရား မျှော်နန်းဆောင် ငါးဆယ်ရာခိုင်နှုန်း လျော့ဈေး

Vol. 28 Ch. 411

အခန်း (၄၁၁)  :  စစ်နတ်ဘုရား မျှော်နန်းဆောင် ငါးဆယ်ရာခိုင်နှုန်း လျော့ဈေး

ဧည့်သည်တော်များစွာက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီ ရောက်လာကြသည်။

သူတော်စင် ရာထူးအပ်နှင်းပွဲ မကျင်းပခင် လဝက်မျှ အချိန်လိုသေး၏။ အထွတ်အမြတ်မြေများ၏ ကိုယ်စားပြု တက်ရောက်သူများစွာက ကြာကြာမစောင့်နိုင်ဘဲ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီ ရောက်လာကြသည်။

လက်ရှိ သူတော်စင်သည်  သူ ဂိုဏ်းကို ဝင်ပြီးကတည်းက တစ်နှစ်အတွင်း ကံအပြောင်းအလဲ အခွင့်အရေးများစွာနှင့် ကြုံကြိုက်ခဲ့သည်။

ပထမဦးစွာ သူက နှစ်တစ်သောင်းလောက် ပျောက်ဆုံးနေခဲ့သည့် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ မိုးကြိုးတော်ဝင်ကျမ်း၏ တားမြစ်အခန်းဆက်ကို ရှာတွေ့ခဲ့သောကြောင့် အထွတ်အမြတ်မြေအား ပြန်လည် မြင့်တက်လာဖို့ မျှော်လင့်ချက်အစပျိုးပေးခဲ့သည်။

ထို့နောက် သူ ကမ္ဘာဦးတိုက်ပွဲနယ်မြေဆီ သွားစဉ် မိစ္ဆာဝိညာဉ်၏ အကြံအစည်ကို ဖျက်စီးပြီး အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေအတွက် အထွတ်အထိပ် နတ်ဘုရားအသုံးအဆောင်ပစ္စည်းဖြစ်သည့် စစ်နတ်ဘုရား မျှော်နန်းဆောင်ကို တွေ့လာခဲ့သည်။

အဆုံးမဲ့ ရှေးဟောင်းနယ်မြေ၌ မိစ္ဆာဝိညာဉ်ဂိုဏ်းကို သွားရောက်ရှင်းထုတ်ခဲ့စဉ်အခါက သူတော်စင်သည် ဝိညာဉ်များစွာကို သူတစ်ယောက်တည်းဖြင့် သန့်စင်ပေးခဲ့သည်။

ဤသည်မှာ ဝိဇ္ဇာများပင် ပြုလုပ်ဖို့ ခက်ခဲသည့်အရာမျိုး ဖြစ်၏။

ကောလဟာလများအရ ရှန်ထျန်းသည် စစ်နတ်ဘုရား မျှော်နန်းဆောင် တိုင်းတာချက်အရ နယ်မြေငါးခုအတွင်း တစ်ယောက်တည်းသော ကြယ်ခုနှစ်ပွင့်အဆင့် ပါရမီရှင်ဟု ဆိုကြသည်။

သူ့တွင် ထူးခြားအံ့ဖွယ် ပစ္စည်းများစွာ ဖြစ်ပြီး သူက ဟွမ်ရှစ်ထက်ပင် ပါရမီထူးကဲလှသည်။ ထိုအဖြစ်အပျက်များက နယ်မြေငါးခုရှိ အဓိက အထွတ်အမြတ်မြေများဆီ ပျံ့နှံ့သွားပြီးပြီ ဖြစ်၏။

ဤအရာက ရှန်ထျန်းအား သူ့ရာထူးအပ်နှင်းပွဲ မစတင်ခင်ကတည်းက နယ်မြေငါးခု၏ အသိအမှတ်ပြုမှုကို ရရှိထားခဲ့သည့် ပထမဆုံး အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ဖြစ်လာစေသည်။

လူများစွာက သူ့ဂုဏ်သတင်းကို လေးစားသောကြောင့် ရှန်ထျန်းအား တွေ့မြင်လိုသော စိတ်ဆန္ဒဖြင့် ရောက်လာကြသည်။

ကံဆိုးစွာဖြင့် သူတို့က စောစောရောက်လာခဲ့သော်လည်း ရှန်ထျန်း၏ အရိပ်ပင် မမြင်ရသေးချေ။ အကြောင်းမှာ ရှန်ထျန်းက လတ်တလော သူတော်စင်တောင်ထိပ်တွင် တံခါးပိတ် လေ့ကျင့်နေ၍ ဖြစ်သည်။

ရှန်ထျန်းက ဂိုဏ်းချုပ် ဖြစ်ရန် ငြင်းဆန်ပြီးနောက် ဂိုဏ်းချုပ်က သူ့အား ဖိအားမပေးပေ။

တစ်ဖက်တွင် ဂိုဏ်းချုပ်က ရှန်ထျန်းသည် ကျော်ကြားမှုနှင့် ချမ်းသာကြွယ်ဝမှုတို့ကို မမက်မောတော့သောကြောင့် ရင့်ကျက်လာပြီး အတွေးအခေါ် မြင့်မားလာသည်ဟု ထင်နေသည်။

သစ်ပင်များသည် တော၌ လှပတင့်တယ်သော်လည်း လေက ဖျက်စီးပစ်နိုင်သည်။

အကယ်၍ လူတစ်ယောက်က အရမ်းထူးချွန်နေလျှင် ရန်သူတွေကို ဆွဲဆောင်သလို ဖြစ်ပေမည်။

ထိုအကြောင်းအရင်းကြောင့် သေဆုံးသွားရသည့် ပါရမီရှင်အရေအတွက်မှာ မနည်းလှပေ။ ထို့ကြောင့် သိုသိုသိပ်သိပ်နေပြီး စွမ်းအားတိုးမြင့်အောင် လုပ်ခြင်းက ပိုကောင်းသည်။

ရှန်ထျန်းက ထိုသဘောတရားကို ကောင်းစွာ သိထားသောကြောင့် သူတော်စင်တောင်ထိပ်သို့ ပြန်ကာ ချက်ချင်း တံခါးပိတ် လေ့ကျင့်တော့သည်။

သူတော်စင်တောင်ထိပ်၊ သူတော်စင် စံအိမ်အတွင်း …

ရှန်ထျန်းက တင်ပျဉ်ခွေထိုင်လျက် သူ့လက်ထဲတွင် ရှေးဟောင်း ရွှေနီရောင် စာရွက်နှစ်ရွက် လွှင့်မျှောနေသည်။ ထိုအရာများက  စိတ်ဝိညာဉ် ပြန်လည်မွေးဖွားခြင်း ပညာရပ်နှင့် ဝိညာဉ်လှည့်ပြောင်းခြင်း ပညာရပ်တို့ကို မှတ်သားထားသည့် သွေးနတ်ဘုရားကျမ်း ဖြစ်၏။

ရွှေကျီး နတ်ဧကရာဇ်က သွေးနတ်ဘုရားကျမ်း ဒုတိယအပိုင်းပေါ် မှီခို၍ သူ့လက်ကျန် အသိစိတ်လေးအား နတ်ဘုရားလောကမှ နယ်မြေငါးခုဆီ ပြန်ပို့နိုင်ခဲ့သည်။

စွမ်းအားကြီး မိစ္ဆာဝိညာဉ်က  ကျူကျော်လာခဲ့သော်လည်း ဤရှေးဟောင်းကျမ်း၏ စွမ်းအားကို မေးခွန်းမထုတ်သင့်ပေ။

နတ်ဘုရားလောကနှင့် သေမျိုးလောကကြား ကွာဟချက်မှာ အလွယ်လေး ဖြည့်တင်းဖို့ မဖြစ်နိုင်သလို ထိုလောကနှစ်ခုကြားတွင် မည်သူမှ မဖြတ်နိုင်သည့် ကောင်းကင်တာအိုအကာအရံ တည်ရှိသည်။

ထို့ကြောင့် သေမျိုးသက်ရှိများအနေနှင့် နတ်ဘုရားလောကဆီ ဝင်ရောက်ဖို့ အင်မတန် ခက်ခဲနေခြင်း ဖြစ်သည်။

ကောင်းကင်စမ်းသပ်ချက် ၁၂ ကြိမ်နှင့်အထက် ခံယူပြီးမှသာ တက်လှမ်းဖို့ ကြိုးစားကြည့်နိုင်သည်။ ထို့စဉ် နတ်ဘုရားလောက၏ ကျင့်ကြံသူများက သေမျိုးလောကဆီ မဝင်ရောက်နိုင်ပေ။ အကယ်၍ သူတို့ ဝင်ရောက်ဖို့ ကြိုးစားလျှင် ကောင်းကင်တာအိုက သုတ်သင်ပစ်လိမ့်မည်။

ကောင်းကင်တာအိုက သေမျိုးလောကကို ကာကွယ်ဖို့ ခင်းကျင်းထားသည့် အကာအရံမျိုး ဖြစ်သည်။ အကယ်၍ နတ်ဘုရားလောက၏ ကျင့်ကြံသူများသာ သေမျိုးလောကဆီ ဆင်းသက်လာပြီး လူများကို သတ်လျှင် နယ်မြေငါးခုအတွင်း မည်သူကမှ သူတို့ကို တားဆီးနိုင်မည် မဟုတ်ချေ။ ရလဒ်က ဝေဒနာများစွာဖြင့် ဆိုးဆိုးရွားရွား ထိခိုက်သွားလိမ့်မည်။

ရွှေကျီး နတ်ဧကရာဇ်က သွေးနတ်ဘုရားကျမ်း ဒုတိယအပိုင်းပေါ် မှီခိုပြီး ကောင်းကင်တာအိုအား လှည့်ဖျားကာ သူ့လက်ကျန်အသိစိတ်အား ပြန်ပို့နိုင်ခဲ့သည်။ ဤတစ်ချက်တည်းဖြင့် သွေးနတ်ဘုရားကျမ်းက မည်မျှ အားကောင်းကြောင်း သိနိုင်လေသည်။

ရှန်ထျန်းက သွေးနတ်ဘုရားကျမ်း ပထမအပိုင်းကို ကျင့်ကြံထားပြီးသား ဖြစ်သောကြောင့် သွေးနတ်ဘုရားကျမ်း၏ အသက်ရှင်စွမ်းရည်သည် မည်မျှ အားကောင်းကြောင်း ခံစားမိသည်။

အကယ်၍ သူသာ ဒုတိယအပိုင်းကို ကျင့်ကြံပြီးသွားပြီး နှစ်ခုလုံးကို ပေါင်းစပ်နိုင်ခဲ့လျှင် သူ့အသက်ရှင်နိုင်ခြေမှာ ဆယ်ဆမက တိုးမြင့်သွားလိမ့်မည်။

မဟုတ်ဘူး … အဆတစ်ရာလောက်အထိ ဖြစ်သွားနိုင်တယ်

ရှန်ထျန်းက သူ့အသက်ကို ကယ်ပေးနိုင်သည့် အထွတ်အထိပ် ကျမ်းမျိုးကို မည်သို့ မသင်ယူဘဲ နေမည်နည်း။

ထာဝရဘုံဗိမာန်ကျွန်းရှိ ဘေးဒုက္ခကို ကြုံတွေ့ရပြီးနောက် ရှန်ထျန်းသည် ဤလောကသည် သူ မြင်ရသလောက် ဘေးမကင်းကြောင်း ကောင်းကောင်းကြီး သဘောပေါက်လိုက်သည်။

မိစ္ဆာဝိညာဉ်ဂိုဏ်းက ပြဿနာရှာနေဆဲ ဖြစ်သလို သေမျိုးလောကအတွင်း နယ်မြေငါးခုကို ကမောက်ကမ ဖြစ်နေဆဲ ဖြစ်သည်။

ပြင်ပလောက၏ မိစ္ဆာဝိညာဉ်များက နတ်ဘုရားလောကမှ လမ်းကြောင်းဖောက်၍ ဆက်တိုက် ကျူးကျော်ဖို့ ကြိုးစားနေကြသည်။

ရွှေကျီး နတ်ဧကရာဇ်က နတ်ဘုရားလောက၌ အပြောင်းအလဲကြီး ဖြစ်တော့မည်ဟု တည့်တိုးပြောပြသွားခဲ့သည်။ လွန်ခဲ့သည့် နှစ်ရှစ်သောင်းခန့်က တက်လှမ်းခဲ့သည့်  သူ့လိုမျိုး နတ်ဧကရာဇ်ပင် အသက်မရှင်ဘဲ မိစ္ဆာဝိညာဉ်များ လက်ချက်အောက် အသတ်ခံလိုက်ရသည်။

သူ သေဆုံးသွားပြီးနောက်တွင် မိစ္ဆာဝိညာဉ်က ခန္ဓာကိုယ် ခိုးယူခဲ့သေးသည်။ ယခင်နှစ်တစ်သောင်းခန့်က ကပ်ဘေးကြီး ထပ်မံ ပြန်ဖြစ်လာတော့မည်။

အကယ်၍ နတ်ဘုရားလောကရှိ အစောင့်အကြပ်များသာ မိစ္ဆာဝိညာဉ်များကို မတားဆီးနိုင်တော့ဘဲ ကျူးကျော်ခွင့်ပေးလိုက်ပါက နယ်မြေငါးခု ရင်ဆိုင်ရမည့် အန္တရာယ်မှာ ယခင်နှစ်တစ်သောင်းက ကပ်ဘေးထက် ပို၍  များစွာ ကြောက်ဖို့ကောင်းလိမ့်မည်။

ရှန်ထျန်းက ဤလောကအတွင်း ပုန်းအောင်းနေသည့် အန္တရာယ်များစွာကို တွေးမိလိုက်သည့်အခါ စိတ်ပူလာမိသည်။

အကယ်၍ သူသာ အင်အားမြန်မြန်တိုးအောင် မလုပ်ပါက ဤသို့မျိုး ကမောက်ကမ လောကကြီးထဲ၌ မည်သို့ အသက်ရှင်မည်နည်း။

အစွမ်းကြီးလာမှသာ သူ့လမ်းတွင် ပိတ်သမျှ အရာအားလုံးကို ရှင်းပစ်နိုင်ပြီး ဤသို့မျိုး လောကကြီး၌ အသက်ရှင်ကျန်လိမ့်မည်။

ဤအရာကို ရှန်ထျန်းက သံသယမရှိ အပြည့်အဝ ယုံကြည်ထားသည်။ သူက သွေးနတ်ဘုရားကျမ်း ဒုတိယအပိုင်းကို ကျင့်ကြံတော့မည် ဖြစ်၏။

သူသာ အောင်အောင်မြင်မြင် ကျင့်ကြံနိုင်သရွေ့ သွေးနတ်ဘုရားကျမ်း၏ သားတော်နှင့် ဝိညာဉ်လှည့်ပြောင်းခြင်း ပညာရပ်ကို အသုံးပြုကာ ထာဝရအဆုံးမဲ့ အသက်ပြန်ရှင်နိုင်သည်။

နယ်မြေငါးခုက ကမောက်ကမ ဖြစ်နေတော့ရော ဘာဖြစ်လဲ …

သူတို့က ရှန်ထျန်းကို သတ်လိုက်လျှင်ပင် ရှန်ထျန်း ကိုယ်ပွားများစွာ ရှိနေသေး၏။

သူ့တွင် ကိုယ်ပွားလုံလုံလောက်လောက် ရှိထားသရွေ့ သေခြင်းတရားကို ကြောက်နေစရာ မလိုပေ။

………....

ထို့နောက် ရှန်ထျန်းက တစ်ခုခု တွေးမိသွားသည်။  သူ့တွင် ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံး မရှိတော့ချေ။

အရှင်းဆုံးပြောရလျှင် ကောင်းကင်ပြုပြင်ရေး ဆေးလုံးသည် တခြားသူများ နှစ်သက်လာစေရန် ပစ္စည်းကောင်းလေး ဖြစ်၏။

ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို တစ်ကြိမ်မျှသာ သောက်သုံးနိုင်သောကြောင့် ရှန်ထျန်းအတွက် အသုံးမဝင်သော်လည်း သူကိုယ်တိုင် ဆေးလုံးမသောက်ရလျှင်ပင် တခြားသူများအား သူ့အပေါ် ကျေးဇူးကြွေးတင်ခိုင်းနိုင်သေးသည် မဟုတ်ပါလော။

မည်သို့ပင်ဆိုစေကာမူ သူ့သိုလှောင်လက်စွပ်အတွင်း သူ စားမကုန်လောက်သည့် ဆေးပင်အမြောက်အများ ရှိနေသေးသည်။ ထို့ကြောင့် သူက ထိုအရာများဖြင့် ဆေးလုံး ဖော်စပ်လိုက်မည်။

ကံကြမ္မာသားတော်များကို မျှားခေါ်ဖို့ အကောင်းဆုံး ငါးစာ ဖြစ်ပေမည်။

သူက  မရင်းနှီးသေးသည့် ပါရမီရှင်ဆီ ပြေးသွားပြီး  “ မင်းက ငါနဲ့ ကံစပ်တယ်။ ကံအပြောင်းအလဲ အခွင့်အရေး သွားရှာရအောင်လေ” လို့ ပြောလိုက်လျှင် မည်မျှပင် အနေခက်လိုက်မည်နည်း။

သူတိုက လှည့်ထွက်သွားလောက်သည်။ ရှန်ထျန်းက  သိုးမွေးများများရှိသည့်  သိုးကောင်းလေးများနှင့် လွဲချော်သွားမည် မဟုတ်ပါလော။

သို့သော်လည်း အခြေအနေက ကောင်းကင်ပြုပြင်ရေး ဆေးလုံးနှင့်ဆိုလျှင် လုံးဝ ကွဲပြားသွားနိင်သည်။

မည်သည့်စကားမှမဆိုဘဲ အရင်ဆုံး သူက ဆေးလုံး ထုတ်ပေးလိုက်ရုံသာ လိုအပ်သည်။ သူတို့ပါရမီကို တိုးတက်အောင် လုပ်ပေးနိုင်သည့် ဆေးလုံးမျိုးကို မည်သည့်ပါရမီရှင်ကများ ငြင်းပယ်မည်နည်း။

လက်ဆောင်ပဏာများက များလွန်းသည်ဟူ၍ မရှိရာ အလကားရသည့် လက်ဆောင်ကို မကြိုက်သည့် လူ မည်သူ ရှိမည်နည်း။

ထိုလက်ဆောင်က လူတစ်ယောက်၏ ခန္ဓာကိုယ်နှင့် ပါရမီကို တိုးမြင့်ပေးနိုင်သည့် ကောင်းကင်ပြုပြင်ရေး ဆေးလုံးလိုမျိုး အထွတ်အထိပ်အဆင့် ဆေးလုံးမျိုး ဖြစ်နေကြောင်း ထည့်မပြောရသေးပေ။

ဝိဇ္ဇာပင် ထိုသို့သော အာနိသင်မျိုး ရှိသည့် ဆေးလုံးကို ငြင်းဆန်နိုင်မည် မဟုတ်ချေ။ လူငယ် ပါရမီရှင်လေးများအား ထည့်ပြောနေဖို့ပင် မလိုချေ။

ထိုအခါ ရှန်ထျန်းအနေနှင့် သူတို့အပေါ် အခွင့်ကောင်းယူဖို့ လွယ်ကူသွားလိမ့်မည်။

ထိုအတွေးဖြင့် ရှန်ထျန်းက တက်ကြွလာသည်။

သူတော်စင် ရာထူးအပ်နှင်းပွဲသည် စတင်တော့မည် ဖြစ်ရာ သိုးများ … ကံကြမ္မာသားတော်များလည်း အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီ ရောက်လာကြတော့မည် ဖြစ်၍ ရှန်ထျန်းက အခွင့်ကောင်းကို လက်လွှတ်မခံဖို့ ဆုံးဖြတ်လိုက်သည်။

သူက ကောင်းကင်ပြုပြင်ရေး ဆေးလုံးတချို့ ဖော်စပ်ဖို့ နည်းလမ်း ရှာရမည်။

သူတို့ ကောင်းကင်ပြုပြင်ရေး ဆေးလုံးများကို နှစ်သက်သလောက် သူတို့၏ ကံအပြောင်းအလဲ အခွင့်အရေးများကို အလကားမျှယူနိုင်လိမ့်မည်။

ရှန်ထျန်းက တုံ့ဆိုင်းမနေတော့ဘဲ ရှည်ကြာကာ အသီးအပွင့်ပေါများလှသော သူ့တံခါးပိတ် လေ့ကျင့်ရေးအား စတင်လိုက်သည်။

……….....

မျက်စိတစ်မှိတ်အတွင်း လဝက် ကုန်လွန်သွားခဲ့သည်။

သူတော်စင်ရာထူးအပ်နှင်းပွဲ မစတင်ခင် တစ်ရက်အလို ဖြစ်၏။ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေတစ်ခုလုံး၌ လူများဖြင့် ပြည့်နှက်နေပြီး အကြီးအကဲများပင် ဧည့်သည်တော်များကို ကြိုဆိုဖို့ ထွက်လာကြသည်။

ယခင် သူတော်စင်ရာထူးအပ်နှင်းပွဲထက် ဧည့်သည်တော်များစွာ တက်ရောက်ကြသောကြောင့် ရှားရှားပါးပါး မြင်ကွင်းမျိုး ဖြစ်နေသည်။

သူတို့က ရှန်ထျန်းအတွက် ရောက်လာကြခြင်း ဖြစ်၏။

ရှန်ထျန်း၏ နာမည်ကျော်ကြားမှုက ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ပြီးသွားလေပြီ။

သူ့ကို ကောင်းကင်ဘုံ ထာဝရအရှင်လိုမျိုး ချောမောကာ နှလုံးသားနွေးထွေးပြီး ကြင်နာဂရုစိုက်တတ်သည့် သူတော်စင်၊  အရှေ့ပိုင်းလွင်ပြင်တွင် အားအကောင်းဆုံး ပါရမီရှင်၊ ကံကြမ္မာသားတော် စသည့် ဂုဏ်ပုဒ်များဖြင့် ချီးမွမ်းထားကြသည်။

ထို့ကြောင့် အထွတ်အမြတ်မြေများစွာက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို လာရောက်ကြည့်ရှုကြခြင်း ဖြစ်သည်။ သို့သော်လည်း ပို၍ အရေးကြီးသည်က ရွှေကျီး နတ်ဧကရာဇ် ဂူဗိမာန်၏ လွမ်းမိုးမှုများလည်း ရှိနေသေးသည်။

ရှန်ထျန်း၊ ဂိုဏ်းချုပ်နှင့် ကြာပြာကောင်းကင်အသျှင်တို့သာ နောက်ဆုံးအခိုက်အတန့်၌ ရွှေကျီး နတ်ဧကရာဇ်ကို မြင်ခဲ့ကြရသည်။

ထို့ကြောင့် လူများစွာက ကျောက်ပြားကို နားလည်အောင် ကြိုးစားကြသည့် ကျင့်ကြံသူများအနက် ရှန်ထျန်းတစ်ဦးတည်းသာ အပြည့်အဝ နားလည်နိုင်ပြီး နေဆယ်စင်း ပုံရိပ်ကို တစ်ပြိုင်နက် ဖန်တီးနိုင်သည်ဆိုသော အချက်ကို သံသယဖြစ်မိကြသည်။

သူတို့က ရှန်ထျန်းသည် ရွှေကျီး နတ်ဧကရာဇ်၏ အမွေအနှစ် ရရှိလာသည်ကို ယုံကြည်ထားကြပြီး အံ့ဖွယ်နေမင်း မီးပြင်းဖိုပင် ရလာလောက်သည်။

ရှန်ထျန်း ပိုင်ဆိုင်ထားသော နတ်ဧကရာဇ် အသုံးအဆောင်ပစ္စည်းအရေအတွက်က အတော်လေးများကြောင်း ကောလဟာလများ ရှိ၏။ သူက သောက်ရမ်းချမ်းသာလှသည်။

ထို့ကြောင့် နယ်မြေငါးခုရှိ အားကောင်းကောင်း ပုဂ္ဂိုလ်များက ထိုကောလဟာလများကို အမှန်လားဟု လာရောက်စစ်ကြည့်လိုကြသည်။

ထိုကောလဟာလများက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်နှင့် ကြာပြာတို့ နားထဲ ရောက်လာခဲ့သည်။

ကြာပြာက မျက်ခုံးပင့်ကြည့်လိုက်ပြီး  “ ညီလေး ငါတို့တူလေးက အတော်လေး နာမည်ကြီးနေတာပဲ။ သူ့ဂုဏ်သတင်းက ငါတို့နှစ်ယောက်ကိုတောင် ကျော်လွန်သွားပြီ ”

ဂိုဏ်းချုပ်နှင့် ကြာပြာတို့က လွန်ခဲ့သော နှစ်တစ်ထောင်ခန့်က ထိပ်သီး ပါရမီရှင်များ ဖြစ်ကြသည်။ လွန်ခဲ့သော နှစ်တစ်ထောင်အတွင်း အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေသည် ထိုလူနှစ်ယောက်ကြောင့် တိုးတက်လာသည်ဟု ပြောရပေမည်။

ထို့ကြောင့် သူတို့ဂုဏ်သတင်းနှင့် နာမည်ကြီးမှုမှာလည်း နယ်မြေငါးခုလုံး သိကြ၏။

သို့သော်လည်း အံ့ဖွယ်မိုးကောင်းကင် သူတော်စင်၏ ကျော်ကြားမှုက သူတို့နှင့်ပင် ယှဉ်နိုင်နေလေပြီ။ ပြောရလျှင် ရှန်ထျန်းကတောင် သူတို့ကို ကျော်တက်သွားသေး၏။

နတ်ဧကရာဇ် အသုံးအဆောင်ပစ္စည်း မဟုတ်ပါလော။

ထိုအတွေးဖြင့် ကြာပြာ၏ မျက်ဝန်းက အေးစက်စက် ဖြစ်လာကာ သတ်ဖြတ်ငွေ့များ ထွက်ပေါ်လာသည်။ ဤသည်မှာ ရှားပါးလှသည့် မြင်ကွင်းလေး ဖြစ်၏။

သူ့အနေနှင့် ကောဟလာလများကြား လောင်စာ လောင်းထည့်ပေးနေပြီး ရှန်ထျန်းအား ပြဿနာကြား တွန်းပို့နေသည့် တစ်ယောက်ယောက် ရှိနေကြောင်း မည်သို့ မသိဘဲ နေမည်နည်း။

နောက်ကွယ်ကြိုးကိုင်သူက အခြားသော အထွတ်အမြတ်မြေမှ ပါရမီရှင်များနှင့် အကြီးအကဲများအား အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို ပစ်မှတ်ထားစေလိုခြင်း ဖြစ်သည်။

ရွှေကျီး နတ်ဧကရာဇ်၏ အမွေအနှစ် သို့မဟုတ် အံ့ဖွယ်နေမင်း မီးပြင်းဖိုတို့က အခြားလူများကို အားကျမနာလို ဖြစ်စေလောက်သည့် အဖိုးတန်ရတနာ မဟုတ်ပါလော။

ကိုယ့်ကျိုးကိုသာ ကြည့်တတ်သည့် ကျင့်ကြံရေးလောက၌ ဤအရာက ဗြောင်ကျကျ အကွက်ချမှုမျိုး ဖြစ်သည်။

ဂိုဏ်းချုပ်အနားရှိ ကောင်းကင်အရှိန်အဝါတို့ လှုပ်ခတ်လာသော်လည်း အေးအေးဆေးဆေးသာ ပြောလိုက်သည်  “ ထျန်းအာက ကံကြမ္မာသားတော်ဆိုတော့ ဒီလိုမျိုးအကွက်ချမှုကြား ပစ်မှတ်ထားမခံရပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ လုပ်သင့်တာတော့ လုပ်ရဦးမယ်။ အစ်ကိုကြီး သတိမလွတ်စေနဲ့ ”

ကြာပြာက ဂိုဏ်းချုပ် ဆိုလိုသည့် အကြောင်းအရာကို ချက်ချင်း သဘောပေါက်သွားလေသည်။ ရှန်ထျန်းဆီမှ အမှတ်ပိုရနိုင်မည့် အခွင့်အရေးကောင်း တစ်ခု ဖြစ်သည်။

ကြာပြာက ပြုံးလိုက်ကာ  “ ညီလေးရေ ငါတို့အတွေးတူနေတာပဲ ”

ဂိုဏ်းချုပ်  “ … ”

ခဏအကြာတွင် နယ်မြေငါးခု၏ အားကောင်းကောင်း ပုဂ္ဂိုလ်များက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီ အလျှင်အမြန် ရောက်ရှိလာကြသည်။

ထိုအားကောင်းလှသည့် ကျင့်ကြံသူများက အံ့ဖွယ်သက်တန့်ကို စီးနင်းကာ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီ ရောက်ရှိလာပြီး ဂိုဏ်းချုပ်နှင့် ကြာပြာတို့ရှေ့ ပေါ်လာသည်။

တာ့လီအထွတ်အမြတ်မြေ၊ ခရမ်းစံအိမ်၊ ခုနှစ်စဉ်ကြယ် အထွတ်အမြတ်မြေ … မှ ဂိုဏ်းချုပ်များ၊ အထွတ်အမြတ်မြေအသီးသီးမှ ဝိဇ္ဇာများလည်း ပေါ်ထွက်လာကြသည်။

ဂိုဏ်းချုပ်အများစုက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်နှင့် ကြာပြာတို့နှင့် မိတ်ဆွေဟောင်းများ ဖြစ်ကြလေသည်။

သူတို့အပြင် အထွတ်အမြတ်မြေအသီးသီးမှ သူတော်စင်များလည်း တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြသည်။ လေဟာနယ် သူတော်စင် ဝမ်ရှန်းယု၊ ခရမ်းစံအိမ် သူတော်စင် ချီရှောက်ရွမ်၊ ခုနှစ်စဉ်ကြယ် သူတော်စင် ချန်ကျုံးထျန်း နှင့် မိုးကြိုးလှိုင်း ဗောဓိသတ္တဝ ကူသို့တို့လည်း ရောက်လာသည်။

ရှန်ထျန်း၏ မိတ်ဆွေဟောင်းအားလုံး ရောက်လာကြ၏။

“ ညီအစ်ကိုလုံယွမ်ကို ဂုဏ်ပြုပါတယ်။ သူတော်စင်က အရမ်းထူးချွန်တာပဲ။ သူ့သူတော်စင်ရာထူးအပ်နှင်းပွဲ မကျင်းပခင်ကတည်းက သူ့ဂုဏ်သတင်းကို နယ်မြေငါးခုလုံး သိပြီးနေပြီ။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ရဲ့ နာမည်ကို မသိတဲ့လူ မရှိလောက်ဘူး ” တာ့လီဂိုဏ်းချုပ်က ပြောလိုက်သည်။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ အကူအညီဖြင့် ရွှေကျီး နတ်ဧကရာဇ် ဂူဗိမာန်အတွင်း အငြိုးကြီးဝိညာဉ် တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့သည်။

တာ့လီဂိုဏ်းချုပ်က အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ကို ကျေးဇူးတင်နေသောကြောင့် ကိုယ်တိုင်ကိုယ်ကျ လာရောက်ဂုဏ်ပြုခြင်း ဖြစ်သည်။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ ကောင်းကင်အရှိန်အဝါတို့က ညင်ညင်သာသာ လှုပ်ခတ်သွားကာ ပုံမှန်အတိုင်း အေးတိအေးစက်သာ ပြန်ပြောလိုက်သည်  “ ချီးကျူးလွန်းနေပါပြီ။ သူတော်စင်ရာထူးအပ်နှင်းပွဲက မနက်ဖြန် ကျင်းပမှာဆိုတော့ အခု အနားယူလိုက်ကြပါဦး ”

“ ကျွန်တော်လည်း အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ် ပြောတာ သဘောတူတယ်။ ဒါနဲ့ သူတော်စင်က ဘယ်မှာများလဲ သိပါရစေ ”

ချီရှောက်ရွမ်နှင့် အခြားလူများက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်အား ဦးညွှတ်လိုက်ပြီးနောက် ရှန်ထျန်း၏ တည်နေရာကို မေးလိုက်ကြသည်။

သူတို့က ထာဝရဘုံဗိမာန်ကျွန်းပေါ်တွင် နှုတ်ဆက်လိုက်ပြီးနောက် ရှန်ထျန်းနှင့် ထပ်မတွေ့ဖြစ်ကြသေးပေ။ သူတို့က ရှန်ထျန်းသည် အရှုပ်အထွေး လေဟာနယ်ကြားမှ ထွက်လာကာ အထွတ်အမြတ်မြေဆီ ပြန်ရောက်နေကြောင်း ကြား၍ အပြေးအလွှား ရောက်လာခဲ့ကြသည်။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ခေါင်းညိတ်ကာ  “ ထျန်းအာက အခု လေ့ကျင့်နေတယ်။ မနက်ဖြန်တော့ သူ သေချာပေါက် ထွက်လာမှာပါ ”

ပါရမီရှင်များက မနေနိုင်ဘဲ ရေရွတ်လိုက်မိကြသည်  “ အစ်ကိုရှန်ဆိုတဲ့အတိုင်းပဲ … သူက ပါရမီထူးရုံတင် မကဘူး။ အရမ်းလည်း ကြိုးစားတာပဲ။ ကျွန်တော်တို့တွေ ရှက်မိပါ့ဗျာ။ ကျွန်တော်တို့လည်း အစ်ကိုရှန်ကို လိုက်မီအောင် အကောင်းဆုံးကြိုးစားပြီး ကျင့်ကြံရမယ် ”

ရှန်ထျန်းကို ကျော်တက်ပြီး အရှေ့ပိုင်းလွင်ပြင်၏ အားအကောင်းဆုံး ပါရမီရှင် ဖြစ်လာဖို့မှာ  သူတို့ တွေးပင် မတွေးရဲသည့်အရာ ဖြစ်သည်။ သူတို့ အိပ်မက် ဖြစ်ခဲ့ဖူးသော်လည်း ယခုအခါ အလှမ်းကွာဝေးလွန်းသော အိပ်မက်တစ်ခု ဖြစ်သွားခဲ့ချေပြီ။

သို့သော်လည်း ပါရမီရှင်များက စိတ်ဓာတ်တက်ကြွနေဆဲ ဖြစ်၏။ အကယ်၍ သူတို့ အကောင်းဆုံးကို မရလျှင် ဒုတိယနေရာအတွက် လုနိုင်သေးသည် မဟုတ်ပါလော။

မှန်ပေသည်။ ရှန်ထျန်း၏ ပထမနေရာကို မလှုပ်ကိုင်နိုင်ကြပေ။

.............

“ ကောလဟာလတွေအရတော့ သူတော်စင်က ပြိုင်ဖက်ကင်းလောက်အောင် ပါရမီထူးတယ်ဆို … သူက ရွှေအမြုတေ အဆင့်လေးနဲ့ ကောင်းကင်အသျှင်ကိုတောင် တိုက်နိုင်ခဲ့တာတဲ့။ ငါတို့တွေ သူတော်စင်ရဲ့ တိုက်ခိုက်စွမ်းရည်ကို ကြည့်ခွင့်ရနိုင်မလား  ”

ထိုစဉ် နောက်ထပ် ဝိဇ္ဇာနှင့် ကောင်းကင်အသျှင်တချို့က သူတို့ဆီ လျှောက်လှမ်းလာလေသည်။

သူတို့က အပူဓာတ်စွမ်းအားကို ထုတ်လွှင့်နေသောကြောင့် မီးဓာတ် ကျင့်စဉ် ကျင့်ကြံသည့် အထွတ်အမြတ်မြေမှ ဖြစ်မှန်း သိသာလှသည်။

သူတို့က အလယ်ပိုင်းကုန်းမြေ နေကိုးစင်း အထွတ်အမြတ်မြေမှ ဖြစ်ကြသည်။ သူတို့၏ ဝိဇ္ဇာသည် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ကြောင့် သေဆုံးသွားခဲ့ရသည့်အတွက် အငြိုးထားနေခြင်း ဖြစ်၏။

သို့သော်လည်း အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က စွမ်းအားကြီးလွန်းသည့်အတွက် ပြဿနာမရှာရဲပေ။ ဝိဇ္ဇာတစ်ယောက်ကို အလွယ်တကူ သတ်နိုင်သည့် သူ့စွမ်းရည်အရ မည်မျှထူးချွန်နေကြောင်း ပြသနေသည်။

သူတို့က အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ကို လက်စားမချေနိုင်လျှင်ပင် သူတော်စင်ကို လက်စားသွားမချေကြောင်း ဆိုလိုခြင်း မဟုတ်ပေ။

နေကိုးစင်း အကြီးအကဲများက ရှန်ထျန်းသည် ရွှေအမြုတေအဆင့်လေးဖြင့် ကောင်းကင်အသျှင်အား အနိုင်ယူနိုင်လိမ့်မည်ဟု မယုံပေ။

ဒါတွေအားလုံးက ကောလဟာလတွေပဲ ဖြစ်ရမယ် …

ထို့ကြောင့် သူတို့က ဂုဏ်သတင်း ပြန်ရဖို့ ရန်စရန် ရွေးချယ်ထားကြသည်။ အကယ်၍  သူတို့သာ ရှန်ထျန်းကို အနိုင်ရသွားလျှင် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက မျက်နှာပျက်လိမ့်မည်။

သူတို့ ရောက်တာ လဝက်တာမျှ ရှိပြီ ဖြစ်သော်လည်း ရှန်ထျန်း၏ အရိပ်အယောင်ကို မမြင်ရသေးပေ။

ဂိုဏ်းချုပ် မပြောခင် ကြာပြာက ဟားတိုက် ရယ်မောရင်း  “ ငါ့တူလေးက အရမ်းအလုပ်များနေတယ်။ မင်း လက်ယားနေလို့ တိုက်ချင်တယ်ဆိုရင် ငါ တိုက်ပေးမယ် ”

ကြာပြာက လက်ထဲမှ တုတ်ချောင်းကို ထိလိုက်ပြီး သူ့အမူအယာတို့က မခံမချိသာ ဖြစ်အောင် လုပ်နေသည်။

သူက ဒီလူတွေရဲ့ ရည်ရွယ်ချက်ကို ဘယ်လိုလုပ် မသိဘဲနေမှာလဲ …

အကယ်၍ ရှန်ထျန်းသာ တံခါးပိတ် မလေ့ကျင့်နေလျှင် ကြာပြာက ဝင်ပင် မပါချင်ပေ။ ရှန်ထျန်း၏ လက်ရှိစွမ်းရည်အရ ထိုကောင်းကင်အသျှင်များကို အနိုင်ယူဖို့ ပါးမွှားမျှသာ ဖြစ်၏။

ရှန်ထျန်းက ထိုကောင်းကင်အသျှင်များကို အလွယ်လေး အနိုင်ပိုင်းကာ ဂုဏ်သတင်း တည်ဆောက်နိုင်လိမ့်မည်။ သို့သော်လည်း ရှန်ထျန်းက အနားတွင် မရှိလျှင်ပင် ကြာပြာက ထိုလူများအား ရှန်ထျန်းအပေါ် အထင်သေးခြင်းအား ခွင့်မပြုနိုင်ပေ။

နေကိုးစင်း အထွတ်အမြတ်မြေ၏ ကောင်းကင်အသျှင်များက ကြာပြာ စကားကို ကြားကာ ကြောင်အမ်းသွားကြသည်။ သူတို့သည် အလယ်ပိုင်းကုန်းမြေမှ ဖြစ်သော်လည်း ကြာပြာနှင့် ပတ်သတ်၍ သတင်းများစွာ ကြားထားဖူးလေသည်။

ကြာပြာက သာလွန်တာအို ကောင်းကင်အသျှင်တစ်ယောက် ဖြစ်ပြီး ဝိဇ္ဇာကိုပင် အနိုင်ယူနိုင်သည်။

ထိုအရာမှာ အတိတ်တုန်းက ဖြစ်သော်လည်း ကြာပြာ၏ အင်အား တိုးလာမည်လား လျော့လာမည်လား မည်သူက သိမည်နည်း။

သူတို့အားလုံးက ကောင်းကင်အသျှင်များ ဖြစ်ကြသော်လည်း သာလွန်တာအို ကောင်းကင်အသျှင်နှင့် မယှဉ်နိုင်ပေ။ သူတို့သာ ကြာပြာအား ပြဿနာသွားရှာရဲလျှင် ကိုယ့်သေတွင်းကို တူးနေသလို ဖြစ်ပေမည်။ ထို့ကြောင့် နေကိုးစင်း အထွတ်အမြတ်မြေ၏ အကြီးအကဲများက ပြုံးရုံပြုံးပြီး ထွက်သွားကြသည်။

ကြာပြာက လှောင်လိုက်၏  “ အားနည်းတဲ့ဟာတွေ … သူတို့ကများ ငါ့တူလေးကို ပြဿနာလာရှာချင်သေးတယ် ”

သူတို့သာ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေတွင် မဟုတ်ပါက ကြာပြာက စကားပြောနေမည့်အစား တုတ်ဖြင့်သာ ဝေ့ယမ်းပစ်လိုက်မည်။

ဂိုဏ်းချုပ်အနားရှိ ကောင်းကင်အရှိန်အဝါတို့က လှုပ်ခတ်သွားကာ ပြောလိုက်သည်  “ အစ်ကိုကြီး ကြည့်ရတာ ဒီရာထူးအပ်နှင်းပွဲက အဲလောက်မရိုးရှင်းတော့ဘူး ”

ဤအခမ်းအနားက နယ်မြေငါးခု၏ အထွတ်အမြတ်မြေအများစု စုစည်းနေသောကြောင့် အကြံအစည်နှင့်လူများကို သေချာ‌ပေါက် ဆွဲဆောင်နိုင်လိမ့်မည်။

နယ်မြေငါးခုက ထင်သလောက် မလုံခြုံတော့ပေ။

မိစ္ဆာဝိညာဉ်ဂိုဏ်းက အမြဲအမှောင်ထဲတွင် ပုန်းအောင်းနေခဲ့ပြီး ကပ်ဘေးဖြစ်အောင် အခွင့်အရေး စောင့်ဆိုင်းနေသည်။ ဤသို့သော အခွင့်အရေးမျိုးကို လက်လွှတ်ပေးမည် မဟုတ်ချေ။

ထိုအပြင် ရှန်ထျန်း၏ ပါရမီဖြင့် မိစ္ဆာဝိညာဉ်ဂိုဏ်းမှ သူ့အား ပစ်မှတ်အဖြစ် သတ်မှတ်ထားလောက်လေပြီ။

သူတို့ သတိကြီးကြီးထားမှ တော်ကာကျလိမ့်မည်။

ကြာပြာက အေးစက်စက် ပြန်ဖြေလိုက်သည်  “ အဲမိစ္ဆာကောင်တွေ လာရဲရင် ငါ့တုတ်ချောင်းစာ ကျွေးလွတ်လိုက်မယ် ”

…….

ခြစ် …

ထိုစဉ် အလင်းတန်းတစ်ခု တောက်ပလာသည်။

မိုးမြေတစ်ဝိုက်လုံးကို ခရမ်းရောင်တောက်တောက် အလင်းတန်း လွှမ်းခြုံသွားပြီး အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ တစ်ခုလုံးကိုပါ ဖုံးအုပ်သွားသည်။

မြေပြင်တွင် ဧရာမ မျှော်နန်းဆောင်ပုံရိပ်ကြီးက ခမ်းနားလှ‌သော အရှိန်အဝါများ တောက်ပလာသောကြောင့် လူတိုင်း၏ အာရုံကို ဖမ်းစားလိုက်သည်။

ဤသည်မှာ စစ်နတ်ဘုရား မျှော်နန်းဆောင် ဖြစ်ပေသည်။

သိပ်သည်းလွန်းသည့် အငွေ့အသက်များနှင့် အလင်းတန်းများ ဝန်းရံထားသည့် ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။

“ ကုန်းမြေအနှံ့နှံ့မှ ရောက်လာကြတဲ့ ကျင့်ကြံသူတို့  … စစ်နတ်ဘုရား မျှော်နန်းဆောင်က အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ရာထူးအပ်နှင်းပွဲ အခမ်းအနားကို ကျင်းပဖို့အတွက် လျော့ဈေးချပေးမယ်။ ဒီသုံးရက်အတွင်း စစ်ဆေးမှုအားလုံးရဲ့ အခကြေးငွေကို တစ်ဝက်လျော့ပေးမယ်။ သုံးလအတွင်း နှစ်ဆယ်ရာခိုင်နှုန်း လျော့ဈေးလည်း ရှိဦးမယ်။

ဒီလိုရွှေရောင် အခွင့်အရေးကို လက်လွှတ်မခံနဲ့နော် … စစ်နတ်ဘုရား အဆင့်စာရင်းမှာ ပေါ်ချင်ပြီး နယ်မြေငါးခုမှာ နာမည်ကျော်ကြားချင်တဲ့လူတွေ စစ်ဆေးမှု ခံယူလို့ ရပါပြီ ”

ထိုပုံရိပ်မှာ ယဲ့ချန်းခန် ဖြစ်၏။

လူများစွာ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ ရောက်လာသည်ကို မြင်ကာ သူ ရတနာမည်မျှ ရနိုင်သည်ကို တွေးမိပြီး လက်ယားလာမိသည်။

ဒီလူတွေဆီမှာ ရတနာဘယ်လောက် ပါလာမလဲ … ဒီအခွင့်အရေးကို အသုံးချပြီး အကျိုးစီးပွားလေး ရှာလိုက်ကြတာပေါ့

အဟွတ်ဟွတ် ငါ အကျိုးစီးပွား ရှာချင်တာ မဟုတ်ပါဘူး။ နယ်မြေငါးခုက ကျင့်ကြံသူတွေကို သူတို့စွမ်းအားတွေ တိုးတက်လာစေချင်ရုံလေးပါ

သက်ဆိုင်ရာ အခကြေးငွေလေးတော့ ပေးချေရမှာပေါ့  … ဒီကိစ္စကို ဘယ်လိုဖြစ်ဖြစ် လွတ်ပေးလို့ မရဘူးလေ …

ယဲ့ချန်းခန်၏ ပုံရိပ်က ခဏတာမျှသာ ပေါ်လာပြီး ပြန်ပျောက်သွားခဲ့သည်။ သို့သော်လည်း ရုတ်ရင်းဆန်ခတ် ဖြစ်သွားစေဖို့ လုံလောက်လေသည်။

“ ဘာတဲ့လဲ … စစ်နတ်ဘုရား မျှော်နန်းဆောင်က လျော့ဈေးချပေးပြီးတော့ စစ်ဆေးမှုအားလုံးအတွက် တစ်ဝက်လျော့ပေးမယ်တဲ့”

“ဒါတွေအားလုံးက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကြောင့်ပဲ ”

“ ငါတို့တွေ ဒီလိုအခွင့်ကောင်းကို ဘယ်လိုလုပ် လက်လွှတ်နိုင်မှာလဲ ”

“ ငါ စစ်နတ်ဘုရား အဆင့်စာရင်းမှာ ပေါ်အောင် လုပ်ပြီး နယ်မြေငါးခုမှာ နာမည်ကြီးလာစေရမယ် ”

“ ငါလည်း စစ်နတ်ဘုရား မျှော်နန်းဆောင်ထဲ ဝင်ချင်တယ် ” ဝိဇ္ဇာတစ်ဦးက ဝင်ပြောလိုက်သည်။

ထိုစဉ် နေရာအနှံ့ ပူညံပူညံ ဆွေးနွေးသံများသာ ကြားနေရသည်။

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီ ရောက်လာသည့် ရည်ရွယ်ချက်မှာ သူတော်စင်ရာထူးအပ်နှင်းပွဲကို လာရောက်ဂုဏ်ပြုခြင်း ဖြစ်ပြီး စစ်နတ်ဘုရား အဆင့်စာရင်းတွင် ဝင်နိုင်ရန် ဖြစ်သည်။

နယ်မြေငါးခုအတွင်း ဒဏ္ဍာရီလာ မျှော်နန်းဆောင်ဟု လူသိများပြီး အရင် အားကောင်းသည့် ကျင့်ကြံသူများစွာလည်း ဝင်ဖူးခဲ့ကြသည်။ အကယ်၍ သူတို့သာ သူတို့နာမည်ကို စစ်နတ်ဘုရား အဆင့်စာရင်းတွင် ချန်ထားနိုင်ခဲ့လျှင် သူတို့အတွက် ကြွားလုံးထုတ်ဖို့ လုံလောက်နေလေပြီ။

လူငယ်ပါရမီရှင်များသာမက ဝိဇ္ဇာများပါ စစ်နတ်ဘုရား မျှော်နန်းဆောင်အတွင်း ဝင်ရောက်လိုကြ၏။

စစ်နတ်ဘုရား မျှော်နန်းဆောင်သည် ကျော်ကြားဖို့ နေရာဖြစ်ရုံသာမက ကိုယ့်ဘာသာ လေ့ကျင့်နိုင်သည်။ နတ်ဘုရားလောကမှ ပါရမီရှင်ပုံရိပ်များနှင့် လက်ရည်စမ်းရခြင်းသည် ဝိဇ္ဇာများအတွက်ပင် အကျိုးသက်ရောက်မှုရှိသည်။ ထို့ကြောင့် ကျင့်ကြံသူအများစုက စစ်နတ်ဘုရား မျှော်နန်းဆောင်အတွင်း ဝင်ရောက်ဖို့ ပြင်ဆင်ထားကြပြီးလေပြီ။

စစ်နတ်ဘုရား မျှော်နန်းဆောင်ဆီ လူအတန်းလိုက်ကြီး ရှိနေစဉ် မိုးမြေမှ သတ်ဖြတ်ငွေ့များ ထုတ်လာပြီး သူတော်စင်တောင်ထိပ်၌ မိုးကြိုးစမ်းသပ်ချက် တိမ်တိုက်များ စုဝေးလာသည်။

“ ဘာတွေဖြစ်နေတာလဲ ”

“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က စမ်းသပ်ချက် ခံယူပြီး ဝိဇ္ဇာဖြစ်လာတော့မှာလား ”

အားလုံးက တအံ့တဩ ဖြစ်နေကြသည်။ သူတို့က ကောင်းကင်စမ်းသပ်ချက် တိမ်တိုက်များသည် မည်မျှ ကြောက်ဖို့ကောင်းကြောင်း ခံစားမိလိုက်ကြ၏။ သူတို့က အတိဒုက္ခလွန် ဖြတ်ကျော်ခြင်းအဆင့်ကို ခံယူမည့် ကျင့်ကြံသူတစ်ယောက်အတွက် အားမနည်းလှချေ။

ထိုစဉ် အားလုံးက အံ့ဩတုန်လှုပ်နေကြသည်။

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က စမ်းသပ်ချက် ခံယူပြီးတော့ ဝိဇ္ဇာ ဖြစ်လာတော့မှာလား …

ဒီလိုငယ်ငယ်ရွယ်ရွယ်နဲ့ ဝိဇ္ဇာသာ ပေါ်လာခဲ့ရင် နယ်မြေငါးခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားဦးမှာပဲ

ချီရှောက်ရွမ်နှင့် အခြားပါရမီရှင်များပင် ကောင်းကင်စမ်းသပ်ချက်အား လေးလေးနက်နက် အမူအယာများဖြင့် လှမ်းကြည့်လိုက်ကြသည်။ သူတို့က ယုံဖို့ခက်နေကြ၏။

သူတို့က သူတို့နှင့် ရှန်ထျန်းကြားမှ ကွာခြားချက်သည် ပို၍ ပို၍ ဝေးကွာလာကြောင်း ခံစားမိလိုက်သည်။

ကောင်းကင်စမ်းသပ်ချက် တိမ်တိုက်များသည် သူတော်စင်တောင်ထိပ်၌ စုဝေးနေဆဲ ဖြစ်၏။ လျှပ်စီးလက်လက် တိမ်မည်းမည်းများက လူအများ၏ စိတ်ကို ခြောက်ခြားစေနိုင်သည်။

အားလုံးက မိုးကြိုးစမ်းသပ်ချက်သည် မည်မျှကြောက်ဖို့ ကောင်းကြောင်း ခံစားမိလိုက်ကြသည်။ သာမန်ဝိဇ္ဇာပင် တားဆီးနိုင်မည် မဟုတ်လောက်သော အဖျက်စွမ်းအားများဖြင့် ပြည့်နှက်နေသည်။

ကျင့်ကြံသူအများစုက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်သည် ပြိုင်ဖက်ကင်း ပါရမီရှင် ဖြစ်ရုံသာမက သူ့ပထမဆုံး ဝိဇ္ဇာကောင်းကင်စမ်းသပ်ချက်သည်လည်း ဤသို့မျိုး စွမ်းအားပြင်း အရှိန်အဝါမျိုး ထုတ်လွင့်နေသည်ဟု ထင်သွားကြသည်။

အကယ်၍ ရှန်ထျန်းသာ အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်လျှင် သူ့စွမ်းအားက အစောပိုင်း ဝိဇ္ဇာများကို ကျော်လွန်သွားလိမ့်မည်။

ဂိုဏ်းချုပ်တစ်ယောက်တည်းသာ တည်ငြိမ်နေဆဲ ဖြစ်ပြီး သူက ရှန်ထျန်းသည် ကနဦးဝိညာဉ်အဆင့်သာ ရှိသေးမှန်း ကောင်းကောင်း သိထားသည်။ ထို့ကြောင့် သူ့အနေနှင့်  ဝိဇ္ဇာကောင်းကင်စမ်းသပ်ချက် ခံယူဖို့ မဖြစ်နိုင်ချေ။

တစ်ဖက်တွင် ကြာပြာက အလွန်အမင်း စိတ်လှုပ်ရှားနေသည်။ ဤခမ်းခမ်းနားနား မြင်ကွင်းမျိုးအရ အဖိုးမဖြတ်နိုင်သည့် ရတနာ ပေါ်ထွက်လာပေတော့မည်။

All Chapters