← Chapters

နတ်ဆိုးဧကရီမှ ဆင့်ခေါ်လာခြင်း

Vol. 1 Ch. 287

နတ်ဆိုးဧကရီမှ ဆင့်ခေါ်လာခြင်း

Vol. 1 Ch. 287

"မြေခွေးလေး"

ချစ်စရာ မျက်နှာ သေးသေးလေးသည် ကျန်းရီ၏ စိတ်အာရုံတွင် ပေါ်ထွက်လာခဲ့ပြီး နှုတ်ခမ်းထောင့်စွန်းများ အလိုလို ကွေးတက်လာခဲ့သည်။ သူသည် ကျူးကော့ချမ်ယွမ်၏ အိပ်ဆောင်ရှိရာဘက် တစ်ချက်ကြည့်လိုက်ပြီး သင်တန်းကျောင်းထဲမှ မြန်ဆန်စွာ ထွက်လာလိုက်သည်။

"ဝှစ်"

သူ သင်တန်းကျောင်း ဂိတ်ဝသို့ မရောက်ခင်တွင် နောက်ကျောဘက်မှ လေခွင်းသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ကျန်းရီ နောက်လှည့်ကြည့်လိုက်သော် ကျောင်းအုပ်ချီတွင် ရှိသည့်အရာနှင့် ပုံစံတူ၊ သတင်းပို့ရာတွင် အသုံးပြုသော ကျောက်စိမ်းပြား တစ်ခုကို တွေ့လိုက်ရသည်။ သူသည် လက်တစ်ဖက်နှင့် အလျင်အမြန် ဖမ်းဆုပ်လိုက်သည်။

"ဒါက သတင်းပို့ရာမှာ သုံးတဲ့ ကျောက်စိမ်းပြားပဲ၊ မင်းရဲ့ အတွင်းအားနဲ့ ပေါင်းစပ်လိုက်ရင် ငါနဲ့ ဆက်သွယ်လို့ရတယ်၊ နတ်ဆိုးဧကရီက မင်းကို ရှာနေတယ် ဆိုတာ ငါပြောနိုင်တယ်၊ ဒါဆို မင်း စိတ်ချလက်ချ သွားနိုင်ပြီ ... မင်းအဘိုးနဲ့ ရှောင်နူက ဒီမှာ နေခဲ့ကြလိမ့်မယ်"

"ကျီ ... ကျီ"

လရောင်အောက်ဝယ် ကျန်းရီသည် တောင်ကုန်း တစ်ခုထက်ဝယ် ထီးထီးကြီး ရှိနေသော နတ်ဆိုးဘုရင်ကြီး နှစ်ကောင်ကို တွေ့မြင်လိုက်ရသည်။ ဝက်ဝံခေါင်းနှင့် ခြင်္သေ့ကိုယ်ရှိသော သွေးရောင်ရဲနေသည့် နတ်ဆိုးသားရဲကြီး၏ ကျောထက်မှ မြေခွေးလေးသည် သူ့အား တကျီကျီ အော်ခေါ်နေလေသည်။ မြေခွေးလေး၏ မျက်လုံးအစုံသည် လခြမ်းလေးများ ဖြစ်သည်အထိ ကွေးသွားကာ အမြီးလေး သုံးချောင်းမှာလည်း အသာယိမ်းနွဲ့ နေလေ၏။ မြေခွေးလေးသည် ကျန်းရီကို မြင်ရသည်အား ပျော်ရွှင်နေကြောင်း ဖော်ပြလို့နေသည်။

"အရှင် ... အရှင်၊ ကျွန်မ ရှောင်ဖေးလေ၊ အရှင့်ကို ကစားဖို့ လာရှာတာ"

ကျန်းရီသည် တောင်ပေါ်မှ ပြေးဆင်းလာ၍ သူတို့အနီးရောက်သော် မြေခွေးလေးသည် စိတ်ချင်း ဆက်သွယ်ကာ စကားပြောလာလေ၏။ ၎င်းသည် နတ်ဆိုးဘုရင် တစ်ကောင်၏ ကျောထက်မှ ခုန်ချကာ ကျန်းရီ၏ လက်မောင်းများထဲ ခုန်ဝင်လာခဲ့သည်။

"ရှောင်ဖေး"

ကျန်းရီသည် မြေခွေးလေးကို ပွေ့ပိုက်၍ ခေါင်းလေးအား ပွတ်သပ်ပေးလိုက်သည်။ သူ့မျက်လုံးအစုံတွင် နူးညံ့မှုများ ယှက်သိုင်းနေခဲ့သည်။ မြေခွေးလေးထံမှ ရိုးသားသည့် အတုအယောင် မဟုတ်သော ချစ်ခင် သဘောကျမှုနှင့် ရင်းနှီးမှုတို့ကို သူခံစားမိလိုက်သည်။ ကျန်းရီသည်လည်း မြေခွေးလေးကို ချစ်ခင်သောကြောင့် အပြုံးတစ်ခုနှင့် ပြောလိုက်သည်။

"ရှောင်ဖေး ... ငါ့ကို 'အရှင်'လို့ မခေါ်နဲ့တော့၊ ငါ့နာမည်က ကျန်းရီ၊ မင်းငါ့ကို နာမည်ခေါ်လို့ ရတယ်"

ရှောင်ဖေးသည် ခေါင်းလေး မော့လာခဲ့ပြီး သူမ၏ခေါင်းလေးအား လက်သည်းချွန်လေးများဖြင့် ကုတ်ခြစ်ကာ နောက်ထပ် စကားထပ်ပြောလာလေသည်။

"ဧကရီမယ်တော်က တစ်ခါ ပြောဖူးတယ်၊ တစ်စုံတစ်ယောက်ကို 'အရှင်'လို့ သုံးနှုန်းတာက အဲ့လူကို လေးစားကြောင်း ဖော်ပြတာတဲ့၊ ရှောင်ဖေးက အရှင့်ကို အများကြီး လေးစားတယ်၊ ဒါကြောင့် နာမည် မခေါ်နိုင်ဘူး ... အဲ့အစား အစ်ကိုကြီးလို့ ခေါ်ရင်ရော"

"ဒါလည်း ဖြစ်သားပဲ"

ကျန်းရီသည် ခေါင်းညိတ်၍  မြေခွေးလေးကို ကြည့်ကာ စကားပြောလိုက်သည်။

"ရှောင်ဖေး ... မင်းထွက်လာတာကို မင်းမယ်မယ် သိလား၊ မင်းသွားချင်တိုင်း ဟိုဟိုဒီဒီ လျှောက်သွားနေလို့ မရဘူး၊ ပြင်ပလောကမှာ လူဆိုးတွေ အများကြီး ရှိတယ် ... နားလည်ရဲ့လား"

"ကျီ ... ကျီ"

မြေခွေးလေးသည် ဂုဏ်ဆာနေဟန်ဖြင့် ခေါင်းလေးကို မော့ကာ ပြောလာလေ၏။

"ရှောင်ဖေး ဒီတစ်ခါ အမိန့်နဲ့ တောင်တန်းဆီကနေ ထွက်လာတာ၊ ဧကရီမယ်တော်က အစ်ကိုကြီးကို ဧည့်သည်အဖြစ် ဖိတ်ခေါ်ဖို့ ရှောင်ဖေးကို တာဝန်ပေးလိုက်တယ် ... မစိုးရိမ်ပါနဲ့၊ ရှောင်ဟုန်နဲ့ ရှောင်ဟေး နှစ်ယောက်လုံးက အားကောင်းကြတယ်၊ သာမန်လူတွေက သူတို့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး"

"ရှောင်ဟုန် ... ရှောင်ဟေး"

ကျန်းရီသည် ဘေးတွင် ရှိနေသော သတ္တဝါကြီး နှစ်ကောင်ကို အသာကြည့်ကာ ရယ်ချင်လာ၍ အရှက်ပြေ နှာခေါင်း ပွတ်လိုက်သည်။ မြေခွေးလေးသာလျှင် ဗာဂျရာအဆင့်နှင့် နှိုင်းယှဉ်၍ ရသည့် နတ်ဆိုးဘုရင် နှစ်ကောင်ကို ထိုသို့သော နာမည်များ ပေးရဲလောက်သည်။

နတ်ဆိုးဘုရင် နှစ်ကောင်သည် အတော်လေး မြင့်မား၍ တောင်ကုန်းငယ် တစ်ခုနှင့်ပင် မခြားချေ။ တစ်ကောင်သည် ဝက်ဝံခေါင်းနှင့် ခြင်္သေ့ကိုယ်ရှိ၍ အနီရောင် တောက်နေသည့် သားမွေးများ ဖုံးလွှမ်းနေကာ ရဲရဲနီနေ၏။ ၎င်း၏ လှံသွားနှယ် ထက်ရှသော မျက်လုံးများမှာ စူးလက်နေပြီး ပါးစပ်ကြီးထဲမှ သွားချွန်များ၊ အစွယ်များသည် ကျောချမ်းစရာ အငွေ့အသက်တို့ ထုတ်လွှတ်နေလေသည်။ စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် လူတစ်ဦး၏ ခန္ဓာကိုယ်သည်ပင် ၎င်း၏ တိုက်ခိုက်မှု တစ်ချက်ကို ခုခံနိုင် ပါမည်လားဟု ကျန်းရီ သံသယ ဝင်မိသည်။

အခြား နတ်ဆိုးဘုရင် တစ်ကောင်သည် ကျန်းရီ ကြယ်ကောင်းကင် မြို့ပြင်တွင် တွေ့ခဲ့ဖူးသော တစ်ကောင်ဖြစ်သည်။ ၎င်းသည် သားမွေးများ မရှိဘဲ အနက်ရောင် အကြေးခွံများသာ ရှိသော နက်စွေးနေသည့် လူဝံကြီးတစ်ကောင် ဖြစ်သည်။ ၎င်း၏ ခုခံနိုင်စွမ်း မည်မျှကောင်းမည်ကို ပြောနေရန်မလိုချေ။

ကျူးကော့ချမ်ယွမ် မှန်ကန်လေသည်။ နတ်ဆိုးဧကရီသည် သူ့အား ဆင့်ခေါ်ခြင်း ဖြစ်သည်။ နတ်ဆိုးဧကရီ သူ့အား အဘယ့်ကြောင့် ရှာနေသည်ကို ကျန်းရီ မသိချေ။ အင်အားကြီး နတ်ဆိုးဘုရင် နှစ်ကောင်သည် သူ့အပေါ် မကောင်းကြံမည့် ပုံစံ မရှိသည်ကို မြင်သောအခါ ကျန်းရီ အနည်းငယ် စိတ်အေး သွားခဲ့သည်။ သူသည် ခဏစဉ်းစားလိုက်ပြီး ပြန်ပြောလိုက်သည်။

"ကောင်းပြီလေ ... ဒီမှာ ခဏစောင့်ကြဦး၊ ငါအထဲကို ခဏပြန်သွားပြီးရင် မင်းတို့နောက် လိုက်ခဲ့မယ်"

"ကျီ ... ကျီ"

မြေခွေးလေးသည် လူကြီးပမာ နားလည်ဟန်နှင့် ခေါင်းတဆတ်ဆတ် ညိတ်လိုက်ပြီး ရှောင်ဟုန်ထံ ပျံသန်း သွားလေလေ၏။ ထိုသွေးနီရောင် နတ်ဆိုးသားရဲကြီးသည် ခြေထောက်တစ်ဖက်ကို ဆန့်ထုတ်၍ မြေခွေးလေးအား သူ့ပခုံးပေါ် တက်စေလိုက်သည်။

ကျန်းရီသည် ဝိညာဉ်သားရဲ သင်တန်းကျောင်းသို့ ပြန်၍ ကျန်းယွင်ဟိုင်၊ ကျန်းရှောင်နူနှင့် ချမ်ဝမ်ကွမ်တို့အား အသိပေးလိုက်သည်။ သူသည် ကျန်းရှောင်နူ အလွန်အမင်း စိတ်ပူနေသည်ကို တွေ့သောအခါ သူမ၏ ခေါင်းအား အသာပုတ်၍ အပြုံးနှင့် နှစ်သိမ့်ပေးလိုက်သည်။

"ရှောင်နူ ... စိတ်မပူနဲ့၊ နတ်ဆိုးသားရဲ မျိုးနွယ်ရဲ့ မင်းသမီးလေးနဲ့ ငါနဲ့က မိတ်ဆွေတွေ၊ သူတို့ ငါ့ကိုအန္တရာယ် မပြုပါဘူး"

နှုတ်ဆက်ပြီးနောက် ကျန်းရီသည် ကျူးကော့ချမ်ယွမ် ထံလည်း သွားလိုက်သေးသည်။ ထို့နောက် ဝိညာဉ်သားရဲတောင် ထက်မှ ဆင်းလာလိုက်သည်။ သူသည် နတ်ဆိုးဘုရင် နှစ်ကောင်၏ အနီးသို့ ရောက်သောအခါ လက်ယမ်းပြ၍ ပြောလိုက်သည်။

"သွားကြစို့၊ လမ်းပြပေး ... ငါမင်းတို့နောက် လိုက်ခဲ့မယ်"

သွေးရောင်ရဲနေသည့် နတ်ဆိုးဘုရင်၏ မျက်လုံးထဲတွင် လှောင်ရိပ် သန်းသွားသည်ကို မြင်သောအခါ ကျန်းရီ၏ ကိုယ်သည် ဆတ်ခနဲ တုန်လှုပ်သွားခဲ့သည်။ ၎င်းသည် ရုတ်တရက် ပါးစပ်ကိုဖွင့်၍ တစ်ခုခုကို ရေရွတ်လိုက်သည်။

"မင်းရဲ့ အင်အားနဲ့ ငါတို့ကို အမှီလိုက်နိုင်မယ်လို့ ထင်နေတာလား"

ကျန်းရီသည် အံ့အားသင့်လွန်း၍ ဆွံ့အသွားခဲ့သည်။ ရှောင်ဖေးသည် မျက်လုံးများ လခြမ်းကွေးလေးများ ဖြစ်သွားသည်အထိ ပြုံးကာ စိတ်ချင်းဆက်သွယ်၍ ပြောလာခဲ့ပြန်သည်။

"အစ်ကိုကြီး ... မအံ့သြပါနဲ့၊ ရှောင်ဟုန်နဲ့ ရှောင်ဟေးက အင်အားလည်း ကြီးတယ်၊ စကားလည်း ပြောတတ်တယ် ... အစ်ကိုကြီး မြန်မြန်တက်လာခဲ့၊ ညီမတို့ကို ရှောင်ဟုန် သယ်ပါစေ၊ သူက တအားမြန်တယ်"

"တက် ... တက်ရမယ်"

ကျန်းရီသည် ရှက်လွန်း၍ မျက်နှာများပင် နီလာခဲ့သည်။ နတ်ဆိုးဘုရင် တစ်ကောင်၏ ပခုံးထက်တွင် ထိုင်ခြင်း ... ၎င်းသည် သူ့ကို ရိုက်မသတ် လိုက်လျှင်တောင် ကံကောင်းနေပြီ ဖြစ်သည်။ နတ်ဆိုး ဘုရင်များသည် ဗာဂျရာအဆင့်နှင့် တူညီကြ၍ အလွန်အမင်း မာနကြီးကြသည်။

"မင်းတို့ လူသားတွေက လူကောင်း ဖြစ်ချင်ယောင်ဆောင်ကြပြီး ကျိုးကြောင်းသင့်အောင် မပြုမူကြဘူး"

သွေးရောင်ရဲနေသည့် နတ်ဆိုး သားရဲကြီးသည် အထင်သေးသည့် အကြည့်တို့ဖြင့် ကြည့်လာခဲ့သည်။ ၎င်း၏ လက်ကြီးတစ်ဖက်သည် ရှေ့သို့ ရွေ့လာပြီး ကျန်းရီအား လျှပ်စီးအလျင်နှင့် ဆွဲယူကာ သူ့ပခုံးပေါ် ပစ်တင်လိုက်လေသည်။ ထို့နောက် ၎င်း၏ နောက်ခြေနှစ်ဖက်သည် လှုပ်ရှားလာခဲ့ပြီး မြေပြင်တွင် တုန်ခါသံများကို ချန်ရစ်၍ တောင်တန်းများထံ ဦးတည် ပြေးသွားခဲ့သည်။

ကျန်းရီသည် သူ့အောက်မှ နတ်ဆိုးသားရဲကြီး၏ ကြောက်မက်ဖွယ် အင်အား အရှိန်အဝါတို့ကို ခံစားမိသောအခါ မွန်းကျပ်လာ၍ မျက်နှာမှာ ဖြူဖျော့လာခဲ့သည်။ ထိုသည်မှာ သူ့ရင်ထဲမှ နက်နက်ရှိုင်းရှိုင်း ကြောက်လန့်နေခြင်းကြောင့် မဟုတ်ဘဲ လူသားများ၏ အလိုအလျောက် တုံ့ပြန်မှုသာ ဖြစ်သည်။ နတ်ဆိုးသားရဲကြီး ထုတ်လွှတ်နေသော အရှိန်အဝါတို့သည် အလွန်အမင်း ပြင်းထန်လှသည်။

"ကျီ ... ကျီ"

မြေခွေးလေးသည် ကျန်းရီ အခြေအနေအား မြင်သောအခါ မျက်နှာထက်တွင် ဒေါသငွေ့များ ပေါ်ထွက်လာခဲ့ပြီး သွေးရောင်ရဲနေသည့် နတ်ဆိုး သားရဲကြီးအား အော်ဟစ်လိုက်သည်။ ထိုအခါမှသာ နတ်ဆို သားရဲကြီးသည် သူ့အရှိန်အဝါကို လျှော့ချပေး၍ ကျန်းရီအား သက်သောင့်သက်သာ ဖြစ်စေလိုက်သည်။ အနည်းဆုံးတော့ သူထပ်မံ၍ မလှုပ်မရှားနိုင် မဖြစ်တော့ပေ။

"ဟင် ... "

သင်တန်းကျောင်း၏ အပြင်ဘက်တွင် ကျောင်းအုပ်ချီတို့ လူစုသည် တောင်ထိပ်စွန်း တစ်နေရာတွင် ရပ်နေကြပြီး တောင်ခြေတွင်လည်း ကင်းလှည့်အဖွဲ့များ ရှိနေခဲ့သည်။ လူတိုင်းသည် နတ်ဆိုးဘုရင်၏ ပခုံးထက်တွင် စီးနင်းသွားသော ကျန်းရီအား ကြည့်နေကြပြီးနောက် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိလိုက်ကြသည်။

နတ်ဆိုးသားရဲများနှင့် လူသားများ မတည့်ကြသည်မှာ ရှေးအခါတည်းက ဖြစ်လေသည်။ သူတို့သည် တစ်ဖက်နှင့် တစ်ဖက် မြင်သည်နှင့် သတ်လေ့ ရှိကြသည်။ ကျန်းရီသည် ထိုသတ်မှတ်ချက်ကို ကျော်လွှားနိုင်သည် ဆိုလျှင်တောင် တော်လှပြီ ဖြစ်သည်။ ယခုမူ သူသည် နတ်ဆိုးဘုရင် တစ်ကောင်၏ ပခုံးထက်တွင် စီးနင်း လိုက်ပါသွားခဲ့သည်။

အင်အား ကြီးသူတိုင်းတွင် ကိုယ်ပိုင်မာန၊ သိက္ခာများ ရှိကြသည်။ နတ်ဆိုးဘုရင် တစ်ကောင်သည် ဗာဂျရာအဆင့်နှင့် တူညီ၍ ကိုယ်ပိုင်မာနများ ရှိမည်သာ။ ကျန်းရီသည် နတ်ဆိုးဘုရင် တစ်ကောင်၏ ပခုံးထက်တွင် ထိုင်နိုင်သည့် တစ်ဦးတည်းသော လူသား ဖြစ်ပေလိမ့်မည်။

ကျောင်းအုပ်ချီသည် ကျန်းရီနှင့် နတ်ဆိုးဘုရင်တို့ ပျောက်ကွယ်သွားသည် အထိ မှင်တက်စွာ ကြည့်နေခဲ့သည်။ သူမသည် တီးတိုး ရေရွတ်လိုက်မိသည်။

"ကျန်းရီကြောင့် နတ်ဆိုးသားရဲတွေနဲ့ လူသားတွေရဲ့ ဆက်ဆံရေး အများကြီး တိုးတက်လာနိုင်တယ်၊ နယ်မြေက နတ်ဆိုးသားရဲတွေရဲ့ အုပ်စိုးခံရမယ့် ကံကြမ္မာ ခံစားစရာ မလိုလောက်တော့ဘူး ... "

"နတ်ဆိုးဧကရီက ကျန်းရီကို ဘာလို့ဒီလောက် အရေးပေး နေတာလဲ"

ဒုကျောင်းအုပ် တစ်ယောက်သည် ကျောင်းအုပ်ချီကို ကြည့်၍ နားမလည်နိုင်စွာ မေးလိုက်သည်။

"နတ်ဆိုးဧကရီ၏ အမိန့် ပေးမထားရင် နတ်ဆိုးဘုရင်က ကျန်းရီကို သူ့ပခုံးပေါ်မှာ ထိုင်ခွင့် ပေးပါ့မလား၊ ကျန်းရီ မြေခွေးလေးကို ကယ်ပေးရုံ၊ မြေခွေးလေးနဲ့ ဆက်ဆံရေးကောင်းရုံလောက်နဲ့ နတ်ဆိုးဧကရီက သူ့ကို ဒီလို ဆက်ဆံမှာ မဟုတ်ဘူး၊ ကျန်းရီရဲ့ ကိုယ်ထဲမှာ ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေတာလဲ ... နတ်ဆိုးမျိုးနွယ်ရဲ့ အရှင်သခင် ကတောင် အလေးထား ဆက်ဆံတယ်"

"ငါလည်း မသိဘူး"

ကျောင်းအုပ်ချီသည် ခေါင်းယမ်း၍ အသာ ပြုံးလိုက်သည်။

"စောင့်ကြည့်ကြတာပေါ့ ... ကျန်းရီက သိပ်မကြာခင် ငါတို့ဆီ အံ့အားသင့်စရာတွေ သယ်ဆောင် လာလောက်တယ်"

***

All Chapters