ဝိဇ္ဇာအစစ်အမှန်တစ်ပါးဆီမှ တိုက်ခိုက်မှု
Vol. 28 Ch. 413
အခန်း (၄၁၃) : ဝိဇ္ဇာအစစ်အမှန်တစ်ပါးဆီမှ တိုက်ခိုက်မှု
သူတော်စင်တောင်အောက်တွင် လူငယ်မျိုးဆက် ဖြစ်စေ အထွတ်အမြတ်မြေအသီးသီးမှ ပုဂ္ဂိုလ်ကြီးများပင် ဖြစ်စေ အားလုံး၏ အာရုံက ရှန်ထျန်းအပေါ်တွင် ရှိနေကြသည်။
အတိဒုက္ခလွန် ဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူများစွာလည်း ရှိနေကြ၏။ သူတို့က အထွတ်အမြတ်မြေအသီးသီးမှ ထောက်တိုင်များနှင့် အကြီးအကဲများ ဖြစ်ကြသည်။ သူတို့က အတွေ့အကြုံများပြားပြီး ဗဟုသုတလည်း ကြွယ်ဝကြသည်။
သို့သော်လည်း နှစ်ထောင်ချီ နေထိုင်ခဲ့သော ဝိဇ္ဇာများက ဤသို့မျိုး အံ့ဩလောက်ဖွယ် မြင်ကွင်းမျိုးကို မမြင်ဖူးခဲ့ချေ။
သူတို့က မိုးကြိုးစမ်းသပ်ချက်သည် လူသားတစ်ယောက်ကြောင့် သက်ရောက်ခံရသည်ကို မယုံနိုင်သေးပေ။ သို့သော်လည်း သူတို့ရှေ့ရှိ မြင်ကွင်းက လက်တွေ့ဆန်လွန်းနေသောကြောင့် ယုံကြည်ရုံမှအပ တခြားရွေးချယ်စရာ မရှိပေ။
အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ကောင်းကင်တာအိုရဲ့ တရားမဝင် သားတော်လား …
ဘယ်ဟုတ်မလဲ … အဲဆို ကောင်းကင်စမ်းသပ်ချက်က ဘယ်လိုလုပ် အလွယ်လေး သက်ရောက်ခံလိုက်ရတာလဲ
အရာအားလုံးက ရှန်ထျန်းသည် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ တားမြစ်အခန်းဆက် ကပ်ဘေးတဖန်ကို အသုံးပြုထားပြီး ကောင်းကင်စမ်းသပ်ချက်၏ အာရုံကို ကောင်းကင်ပြုပြင်ရေး ဆေးလုံးဆီမှ သူ့ခန္ဓာဆီသို့ လွဲပြောင်းယူလိုက်ခြင်း ဖြစ်၏။
ကပ်ဘေးတဖန်သည် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ တားမြစ်အခန်းဆက် ဖြစ်သည်။ အဆုံးအစွန်အထိ ကျင့်ကြံနိုင်သည့်အခါ မိုးကြိုးစမ်းသပ်ချက်ကို ကမ္ဘာမြေဆီ ကောင်းကင်ပြစ်ဒဏ်အနေနှင့် လွဲပြောင်းပေးနိုင်သည်။
ရှန်ထျန်းက ထိုအခန်းဆက်ကို ကျင့်ကြံနေသည်မှာ ကြာမြင့်လှပြီ ဖြစ်သောကြောင့် နက်နဲလှသော အဆင့်တစ်ခုသို့ ရောက်နေလေပြီ။ သူ့လက်ရှိအဆင့်ဖြင့် ဓာတ်နှောနတ်မိုးကြိုး စမ်းသပ်ချက်အား ကြားဝင်နှောင့်ယှက်နိုင်လေသည်။ မဟုတ်ပါက ဤသို့ ကြောက်မက်ဖွယ် မိုးကြိုးချက် ကျဆင်းလာပါက သူ့ဆေးလုံးက ပြာဖြစ်သွားပေလိမ့်မည်။
ဤသည်မှာ ရှန်ထျန်းတစ်ယောက် ၁၂ ရက်တိုင်တိုင် ဖော်စပ်ခဲ့သော ဆေးလုံး ဖြစ်၏။ သူက ယန်မီးတောက် အများအပြားကိုပင် သုံးစွဲခဲ့ရသေးသည်။ ဘယ်လိုလုပ် ဖျက်စီးခံနိုင်ပါ့မလဲ။
ရှန်ထျန်းက ပေါ့ပေါ့ပါးပါး အော်ပြောလိုက်သည်
“ လူအိုကြီး ကောင်းကင်စမ်းသပ်ချက် … ကျေးဇူးပြုပြီး စိတ်သဘောထားကြီးပြီးတော့ ဒီဆေးလုံးတွေအတွက် ခက်ခဲအောင် မလုပ်ပါနဲ့။ ကျွန်တော်က အပြစ်ဒဏ်အားလုံးကို လက်ခံပါ့မယ် ”
စမ်းသပ်ချက်တိမ်တိုက်များက ပို၍ ပြင်းထန်လာကာ သူတို့အရှိန်အဝါတို့က ရှန်ထျန်းဆီ အာရုံပြောင်းလာသည်။
ထိုမြင်ကွင်းကို မြင်ကာ ဝိဇ္ဇာများက တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ဘဲ “ အံ့ဖွယ်မိုးကောင်းကင် သူတော်စင် … မင်းက ကောင်းကင်စမ်းသပ်ချက်ကို မင်းခန္ဓာကိုယ်နဲ့ လမ်းကြောင်းလွဲယူချင်တာလား ”
သူတို့က တစ္ဆေတစ်ကောင် မြင်လိုက်ရသည့်အလား တုန်တုန်ယင်ယင် ဖြစ်လာကြသည်။
အကယ်၍ ရှန်ထျန်းသာ မိုးကြိုးစမ်းသပ်ချက်စွမ်းအားကြောင့် သက်ရောက်ခံရလျှင် လက်ခံနိုင်သေး၏။ ကောင်းကင်စမ်းသပ်ချက်က သူ့အား မျက်နှာသာပေးနေသည်သာ ဖြစ်ရမည်။
သို့သော် ကောင်းကင်စမ်းသပ်ချက် အာရုံကို လွဲပြောင်းယူမည်လား … များလွန်းသွားလေပြီ
ရှေးခေတ်အခါကတည်းက ယခုအထိ ကောင်းကင်စမ်းသပ်ချက်သည် ကိုယ့်ဘာသာ ကြီးစိုးလေ့ရှိပြီး မည်သူမှ ကြားဝင်မနှောင့်ယှက်နိုင်ပေ။
တစ်ယောက်ယောက်က ဝင်နှောင့်ယှက်လိုက်သည်နှင့် ကောင်းကင်စမ်းသပ်ချက်၏ အာရုံကို မဆွဲဆောင်နိုင်ရုံသာမက ကောင်းကင်စမ်းသပ်ချက် စွမ်းအားကို ပို၍ တိုးလာစေလိမ့်မည်။
အကြောင်းမှာ ကောင်းကင်စမ်းသပ်ချက်သည် စမ်းသပ်ချက်ခံယူမည့် လူတစ်ယောက် သို့မဟုတ် ပစ္စည်းအပေါ် သတ်မှတ်ပြီးသည်နှင့် ဘယ်အရာမှ ပြောင်းလဲလို့ မရတော့ပေ။
နမူနာအားဖြင့် ဆေးပညာရှင်တချို့က ပြိုင်ဖက်ကင်း အံ့ဖွယ်ဆေးလုံးမျိုး ဖော်စပ်မိပြီး ကောင်းကင်စမ်းသပ်ချက်ကို နှိုးဆွမိတတ်သည်။ ဆေးပညာရှင်များက ဆေးလုံးဆီ လက်ကမ်းကူပေးသည်မှာ သူတို့က အခြေခံအားဖြင့် တစ်ခုတည်း ဖြစ်နေ၍ ဖြစ်သည်။ သို့သော် ကောင်းကင်စမ်းသပ်ချက်၏ အဓိကပစ်မှတ်မှာ ဆေးလုံး ဖြစ်နေဆဲသာ။
ဆေးလုံးများက ကောင်းကင်တာအိုအနေနှင့် သေမျိုးလောကတွင် ပေါ်ပေါက်လာဖို့ ခွင့်မပြုနိုင်သည့်အရာမျိုး ဖြစ်၏။
သို့သော် ယခုတွင် ရှန်ထျန်းက ကောင်းကင်စမ်းသပ်ချက် အာရုံအား သူ့အပေါ် အမှန်တကယ် လွဲပြောင်းယူခဲ့သည်။ ဆိုလိုသည်မှာ သူသာ အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်သရွေ့ ဆေးလုံးများက အဆင်ပြေလိမ့်မည်။
ဤသည်မှာ မယုံနိုင်လောက်ဖွယ် ဖြစ်ကာ ကြောက်စရာကောင်းလွန်းလှသည်။
………….....
ဝုန်း …
ရှန်ထျန်းဆီ ဆွဲယူခံလိုက်ပြီးနောက် မိုးကြိုးစမ်းသပ်ချက်တို့က နောက်ဆုံးတွင် ကျရောက်လာသည်။
မျက်စိစူးမတတ် ရွှေရောင်မိုးကြိုးချက်များက ကြမ်းတမ်းသော မိုးကြိုးသားရဲများအသွင်ပြောင်းကာ ဟိန်းဟောက်လိုက်သောကြောင့် မိုးမြေကိုပါ ပဲ့တင်ရိုက်သွားစေသည်။
အဆုံးမဲ့ မိုးကြိုးချက်တို့က ရှန်ထျန်းဆီ ကျဆင်းလာခဲ့၏။
စမ်းသပ်ချက် မိုးကြိုးလျှပ်စီးတို့က ကောင်းကင်တခွင် ဖုံးလွှမ်းထားလေသည်။
ရွှေရောင်နဂါးများစွာက ထောပတ်လှီးသည့် ဓားပူတစ်ချောင်းလိုမျိုး လေဟာနယ်ကို ဖြတ်ခွင်းသွားသည်။ သူတို့က လေဟာနယ်ကိုပင် ဖျက်စီးနိုင်သည့် အဖျက်စွမ်းအားတို့ဖြင့် ပြည့်နှက်နေခဲ့၏။
လက်ရှိ လူအများစုက ရင်တုန်နေကြသည်။
ဤသည်မှာ ဓာတ်နှောမိုးကြိုး ဖြစ်၏။ ထိုအရာက ခြောက်ကြိမ်မြောက် ဝိဇ္ဇာအစစ်အမှန် စမ်းသပ်ချက်ထက် အနည်းငယ် အားပျော့သော်လည်း ကြောက်စရာကောင်းနေဆဲ ဖြစ်သည်။
စမ်းသပ်ချက် မိုးကြိုးများက ဝိဇ္ဇာများစွာအတွက် ခံနိုင်ရည်ရှိဖို့ ခက်ခဲလှသည်။
အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ရော တောင့်ခံနိုင်ပါ့မလား …
အားလုံးက နားမလည်နိုင် ဖြစ်နေကြသည်။ ရှန်ထျန်း၏ နာမည်က နယ်မြေငါးခုအတွင်း ပျံ့နှံ့နေကာ သူ့ရွှေအမြုတေအဆင့်ဖြင့် ကောင်းကင်အသျှင်ကို တိုက်ခိုက်နိုင်သည့်အပြင် ပြိုင်ဖက်ကင်း တိုက်ခိုက်စွမ်း ပိုင်ဆိုင်ထားသည်ဟုပင် ဆိုလို့ရလေသည်။
သို့သော်လည်း ဤသည်မှာ ဓာတ်နှောမိုးကြိုး စမ်းသပ်ချက် ဖြစ်၏။ ဝိဇ္ဇာအစစ်အမှန်များပင် ရင်ဆိုင်ဖို့ ခက်ခဲသည့် မိုးကြိုးစမ်းသပ်ချက်မျိုး ဖြစ်ပေသည်။ အတိဒုက္ခလွန် ဖြတ်ကျော်ခြင်းအဆင့်အောက်ရှိ သက်ရှိအားလုံးက ထိတွေ့မိသည်နှင့် သေဆုံးကြရလိမ့်မည်။
အံ့ဖွယ်မိုးကောင်းကင် သူတော်စင်၏ လုပ်ဆောင်ချက်များက ထူးချွန်ပြောင်မြောက်ကာ ကောင်းကင်စမ်းသပ်ချက်ကိုပင် လွှမ်းမိုးထားနိုင်သော်လည်း သူတို့က ရှန်ထျန်းတစ်ယောက် ဘေးကင်းကင်းဖြင့် အသက်ရှင်လိမ့်မည်ဟု မယုံကြပေ။
ခြားနားချက်မှာ ကြီးမားလွန်းလှလေသည်။
နေကိုးစင်း သူတော်စင်က နှာခေါင်းရှုံ့လိုက်သည်
“ မိုးကြိုးစမ်းသပ်ချက် စွမ်းအား လျော့ကျသွားရင်တောင် အဲကောင်စုတ်က ဘယ်လိုလုပ် တောင့်ခံနိုင်မှာလဲ။ သူက ခေါင်းကြောမာနေရုံလေးပဲ။ သူ ပြာဖြစ်သွားလိမ့်မယ်။ သူက သူ့ဘာသာ အဟုတ်ကြီး မှတ်နေတာ ”
နေကိုးစင်း ကျင့်ကြံသူများက မကျေမနပ် ကြည့်လိုက်ပြီး ပြပွဲကောင်းတစ်ခု ကြည့်ဖို့ စောင့်ဆိုင်းနေလိုက်ကြသည်။
အကယ်၍ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က မိုးကြိုးပစ်ခံရ၍ သေဆုံးသွားလျှင် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေအတွက် နှစ်ထောင်ချီကာ ဖျက်မရသည့် အရှက်ကွဲမှုမျိုး ဖြစ်လာလိမ့်မည်။
သို့သော် ကိစ္စများက သူတို့အလိုရှိသလို မည်သို့ ဖြစ်လာမည်နည်း။
ရှန်ထျန်းက မိုးကြိုးစမ်းသပ်ချက်ကို လမ်းလွဲယူရဲမှတော့ ယုံကြည်ချက်အပြည့်အဝ ရှိလေသည်။ သူက ကောင်းကင်တခွင် နေရာယူထားသည့် ဓာတ်နှောနတ်မိုးကြိုးများကို မကြောက်မရွံ့ ကြည့်လိုက်ကြသည်။ သူ့ခန္ဓာကိုယ်မှ အံ့ဖွယ်အလင်းများ ပေါက်ထွက်လာလေ၏။
ကောင်းကင်ဆီ အလင်းတန်းတွေ ပြေးဝင်သွားပြီး မိုးမြေကို အလင်းရောင်ပေးကာ တောက်ပလွန်းသည့် မြင်ကွင်းမျိုး ထုတ်ဖော်လာသည်။ ရှန်ထျန်းနောက်တွင် မိုးမြေကို တုန်ခါသွားစေနိုင်လောက်သည့် ပုံရိပ်သဏ္ဍာန်မြောက်များစွာ ရှိနေသည်။
မိုးကြိုးသားရဲဆယ်ကောင်၏ ပုံရိပ်များ၊ နဂါးနတ်ဘုရား ပုံရိပ်သဏ္ဍာန်၊ ဇာမဏီ နတ်ဘုရား ပုံရိပ်သဏ္ဍာန် …
သူ့နောက်တွင် ကောင်းကင်တခွင် အလင်းပေးနေပြီး မိုးမြေကို လွှမ်းခြုံသွားသည့် အစိမ်းရောင် ကြာပွင့်ကြီးလည်း ပေါ်ထွက်လာသည်။
ထိုအရာကို မြင်ပြီးနောက် ဝမ်ရှန်းယု၏ နှုတ်ခမ်းထောင့်တို့ တွန့်ချိုးသွားကာ “ ငါတို့နောက်ဆုံးတွေ့တာ တစ်လပဲ ရှိသေးတယ်လေ။ အစ်ကိုရှန်က ဘယ်လိုလုပ် ဒီလောက် အားကောင်းလာတာတုန်း ”
ထာဝရဘုံဗိမာန်ကျွန်းပေါ်တွင် ရှန်ထျန်း၏ တိုက်ခိုက်စွမ်းက ပြိုင်ဖက်ကင်း ဖြစ်နေပြီးသား ဖြစ်၏။ ကောင်းကင်အသျှင်ကို ရွှေအမြုတေအဆင့်လေးဖြင့် အနိုင်ယူနိုင်ခြင်းက ပါရမီရှင်များအား အံ့အားသင့်သွားစေခဲ့သည်။
တစ်လတာမျှသာ ရှိသေးသော်လည်း ရှန်ထျန်း၏ ကျင့်ကြံဆင့်က ထိပ်သီး ကနဦးဝိညာဉ်အဆင့် ရောက်သွားခဲ့တာလား။
ငါ နေ့တိုင်း ဆေးသောက်နေရင်တောင် ငါ့ကျင့်ကြံဆင့်က ဒီလောက် မြန်မှာ မဟုတ်ဘူး …
အစ်ကိုရှန် သူ့ကျင့်ကြံဆင့် တိုးပွားလာအောင် ဘယ်လိုဆေးလုံးများ သောက်ခဲ့တာလဲ …
ဝမ်ရှန်းယုက မူးဝေဝေ ဖြစ်လာမိသည်။ အစပိုင်းတွင် သူက ရှန်ထျန်းနှင့် ရင်ဆိုင်နိင်လိမ့်ဦးမည်ဟု တွေးထားခဲ့သော်လည်း ယခုတော့ မေ့လိုက်ဖို့သာ ဆုံးဖြတ်လိုက်သည်။
အသက်ရှင်ရတာ မကောင်းလို့လား … သူ့ကိုသူ သွားအရိုက်ခံရမှာလား
ချီရှောက်ရွမ်၏ ခန္ဓာကိုယ်လည်း အနည်းငယ် တုန်ရီလာသည်။ သူ့အကြည့်တို့က လေးနက်လာလေ၏။
ချီရှောက်ရွမ်က ရှန်ထျန်းကြောင့် အခိုင်အမာ ယုံကြည်သွားရသည်ဆိုလျှင်ပင် အတွေးတချို့ ရှိနေဆဲ ဖြစ်၏။ အရှေ့ပိုင်းလွင်ပြင်၏ ထိပ်သီး ပါရမီရှင်တစ်ယောက်အနေနှင့် ချီရှောက်ရွမ်က သူ့နတ်ဧကရာဇ်အလားအလာဖြင့် တခြားသူထက် အားမနည်းကြောင်း ခံစားမိလေသည်။
ရှန်ထျန်း ပေါ်မလာခင်အထိ ဖြစ်ကာ သူက လေးလံသော ဖိအားများကို ခံစားခဲ့ရပြီး ထပ်ကာ ထပ်ကာ ရှုံးနိမ့်ခဲ့လေသည်။
သို့သော်လည်း ထိုအရာက ချီရှောက်ရွမ်အပေါ် သက်ရောက်မှု မရှိပေ။ ထို့အစား သူ့တိုက်ခိုက်လိုစိတ်က မြင့်တက်လာကာ ရှန်ထျန်းအား အမီလိုက်ဖို့ ရည်မှန်းချက် ဖြစ်လာစေသည်။
သို့သော်ငြား ယနေ့တွင် ချီရှောက်ရွမ်က ထိုအတွေးအား လုံးဝ လက်လျော့လိုက်သည်။
သူ့ကို ဘယ်လိုလုပ် အမီလိုက်နိုင်မှာလဲ …
ရှန်ထျန်းကို ရွှေအမြုတေအဆင့်တုန်းကတောင် အနိုင်မယူနိုင်တာ အခု သူက ထိပ်သီး ကနဦးဝိညာဉ်အဆင့် ရောက်နေပြီလေ
ထားလိုက်ပါတော့ …. ငါ အရှေ့ပိုင်းလွင်ပြင်မှာ အားအကောင်းဆုံး ဖြစ်မလာနိုင်မှတော့ ကမ္ဘာထဲမှာ အားအကောင်းဆုံး ဖြစ်လာဖို့ တိုက်ခိုက်ရမယ်။
ထိုအတွေးဖြင့် ချီရှောက်ရွမ်က သူ့စိတ်ဓာတ် ပြန်လည် မြင့်တက်လာကာ သူ့ခန္ဓာကိုယ်မှ ခရမ်းရောင်စွမ်းအားများလည်း သူက ကမ္ဘာပေါ် ငုံ့ကြည့်နေသလိုမျိုး မြင့်တက်လာသည်။
………....
ရှန်ထျန်း၏ အရှိန်အဝါတို့က ပို၍ အားကောင်းလာသည်။
မိုးကြိုးများက သူ့အနား ပတ်လည်ဝန်းရံထားပြီး ကောင်းကင်ရှိ စမ်းသပ်ချက် မိုးကြိုးအား ရောင်ပြန်ဟပ်စေသည်။
မျက်စိစူးမတတ် အလင်းများ ပေါ်ထွက်လာပြီး သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားကာ မိုးကြိုးနှင့် ကောင်းကင်အရှိန်အဝါကြား ရောက်သွားစေသည်။ သူက သေမျိုးလောကဆီ ဆင်းသက်လာသည့် မိုးကြိုးနတ်ဘုရားတစ်ပါးသဖွယ် ဖြစ်နေသည်။
ဤသည်မှာ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ မိုးကြိုးတော်ဝင်ကျမ်း တားမြစ်အခန်းဆက် ဖြစ်ပြီး သူ့ခန္ဓာကိုယ်အား စမ်းသပ်ချက် မိုးကြိုးအဖြစ် ပြောင်းလဲနိုင်စေသည်။
ထိုစဉ် ရှန်ထျန်းက ကောင်းကင်စမ်းသပ်ချက်၏ ထိန်းချုပ်သူအဖြစ် ပြောင်းလဲသွားပုံပေါ်ကာ ဓာတ်နှောနတ်မိုးကြိုးအား တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်သည်။
ဝုန်း …
ဓာတ်နှောနတ်မိုးကြိုး ပေါက်ကွဲထွက်သွားသည်။ ရွှေရောင်မိုးကြိုးနဂါးများက သွေးနီရောင် ပါးစပ်များ ဟကာ ရှန်ထျန်းအား တစစီ လုပ်ပစ်ဖို့ ရောက်ရှိလာသည်။
ကြောက်မက်ဖွယ် စမ်းသပ်ချက်မိုးကြိုးများ ဆက်တိုက် ပစ်ခွင်းနေသောကြောင့် ကောင်းကင်ဘုံကို ဇောက်ထိုးမိုးမြင် ဖြစ်သွားစေပြီး လေဟာနယ်လည်း ပုံပျက်ကာ ဗလာနတ္ထိအဖြစ် ကြေမွသွားစေသည်။
ရှန်ထျန်း၏ အမူအယာက ပြောင်းလဲခြင်း မရှိပေ။ သူက အရင်လက်ဦးမှု ရယူကာ မိုးကြိုးစမ်းသပ်ချက်ဆီ ဦးတည်လိုက်၏။
…………...
နေကိုးစင်း ကောင်းကင်အသျှင်က သရော်လိုက်သည် “ ဒီကောင်လေးက ငါတို့ကို လှည့်စားနေတာပဲ။ သူက ဓာတ်နှောနတ်မိုးကြိုးနဲ့တောင် ထိပ်တိုက် တွေ့ရဲမှတော့ သေမှာ အသေအချာပဲ ”
ဓာတ်နှောနတ်မိုးကြိုး စမ်းသပ်ချက် စွမ်းအားဖြင့် ရင်ဆိုင်ရသည့်အခါ ခြောက်ကြိမ်မြောက် စမ်းသပ်ချက် ခံယူထားသော ဝိဇ္ဇာအစစ်အမှန်ပင် တောင့်ခံနိုင်မည် မဟုတ်ချေ။
ရှန်ထျန်းက ကနဦးဝိညာဉ်အဆင့်မျှသာ ဖြစ်နေကြောင်း ထည့်မပြောရသေးပေ။ သူက ဤစမ်းသပ်ချက်မှ မိုးကြိုးများကို မည်သို့ ခံယူနိုင်မည်နည်း။
ရလဒ်ကား သိသာလှသည်။
သို့သော် နောက်အဖြစ်အပျက်က ဝိဇ္ဇာအားလုံးအား အံ့အားသင့်သွားစသည်။
ကြောက်မက်ဖွယ် မိုးကြိုးချက် ကျဆင်းလာပြီး ရှန်ထျန်း ခန္ဓာကိုယ်ပေါ်ရှိ မိုးကြိုးများနှင့် ထိပ်တိုက် တွေ့သွားသည့်အခါ မျက်စိစူးလောက်ဖွယ် အလင်းတန်းများ ထွက်ပေါ်လာသည်။
ရှန်ထျန်းက မိုးကြိုးပင်လယ်ကြား ရောက်ရှိနေသော်လည်း မိုးကြိုးစမ်းသပ်ချက်က သူ့အား နည်းနည်းလေးမှ မထိခိုက်စေပေ။
ရှန်ထျန်းအနောက်ရှိ မိုးကြိုးသားရဲဆယ်ကောင်က ရုတ်ချည်း ပါးစပ်ဟလာကာ ရွှေရောင်မိုးကြိုးနဂါးအား ဆတ်ခနဲ လှမ်းဟပ်လိုက်သည်။
ထိုစဉ် ရွှေရောင်မိုးကြိုးနဂါးက ဘန်းခနဲ ပြိုကွဲသွားပြီး အသန့်စင်ဆုံး မိုးကြိုးစွမ်းအား အရင်းအမြစ်အဖြစ် သန့်စင်ကာ စုပ်ယူခံလိုက်ရသည်။ တချို့ဝိဇ္ဇာများက အံ့ဩတုန်လှုပ်နေကြပြီး “ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က တကယ်ကြီး မိုးကြိုးစမ်းသပ်ချက် စွမ်းအားကို စုပ်ယူနိုင်ခဲ့တာလား ”
ဓာတ်နှောနတ်မိုးကြိုး စမ်းသပ်ချက်သည် ဝိဇ္ဇာများကိုပင် ဖိအားဖြစ်စေသည်။ သို့သော်လည်း ရှန်ထျန်းက ဘေးကင်းနေရုံသာမက မိုးကြိုးသားရဲအဖြစ် ပြောင်းကာ စမ်းသပ်ချက်ကို ဝါးမျိုချင်သေးသည်။
လွန်ခဲ့သော နှစ်တစ်သောင်းအတွင်း ကောင်းကင်စမ်းသပ်ချက်ကို ဝါးမျိုရဲသည့်သူ မရှိဖူးပေ။ ဓာတ်နှောနတ်မိုးကြိုး စမ်းသပ်ချက် ဖြစ်နေသည့်အကြောင်းကိုတော့ ထည့်ပြောဖို့ပင် မလိုတော့ချေ။
ဝိဇ္ဇာအစစ်အမှန်ပင် ထိုသို့ မလုပ်ရဲချေ။
အမှန်တကယ် ကြောက်စရာကောင်းလွန်း၏။
ရှန်ထျန်းက မထူးမခြားနား အမူအယာဖြင့် စမ်းသပ်ချက် မိုးကြိုးများကို ဝါးမျိုပစ်လိုက်သည်။ ဤသို့လုပ်နိုင်ခြင်းမှာ အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးဧကရာဇ်ကျမ်းနှင့် အမြဲပြောင်းလဲ ကောင်းကင်ဝါးမျို ပညာရပ်တို့ကြောင့် ဖြစ်၏။
အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးဧကရာဇ်ကျမ်းသည် မိုးကြိုးများကို ထိန်းချုပ်နိုင်စွမ်း ကောင်းမွန်ပြီး တားမြစ်ပညာရပ်များကို အသုံးပြုကာ ခန္ဓာကိုယ်ကို စမ်းသပ်ချက်အသွင် ပြောင်းပြီး မိုးကြိုးစမ်းသပ်ချက်အား နှောင့်ယှက်နိုင်သည်။
ကောင်းကင်စမ်းသပ်ချက်နှင့် ရင်ဆိုင်ရသည့်အခါ အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးဧကရာဇ်ကျမ်းကို ကျင့်ကြံထားသူက အရေးသာမှု ရှိလေသည်။
တစ်ဖက်တွင် အမြဲပြောင်းလဲ ကောင်းကင်ဝါးမျို ပညာရပ်က ရှုပ်ထွေးပွေလီ မီးစာကျမ်းမှ ပညာရပ်တစ်ခု ဖြစ်ပြီး ကမ္ဘာထဲရှိ အရာအားလုံးကို ဝါးမျိုကာ ခန္ဓာကိုယ်နှင့် ပေါင်းစပ်ပြီး အခြေခံအုတ်မြစ်ကို သန်မာလာစေသည်။
ရှန်ထျန်းက ထိုပညာရပ်ကြောင့် ကောင်းကင်စမ်းသပ်ချက် မိုးကြိုးကို ဝါးမျိုပစ်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။ ထုံထုံထိုင်းထိုင်း မိုးကြိုးစမ်းသပ်ချက် အရသာက အတော်လေး ကောင်းမွန်လှသည်။
……….....
အဆုံးမဲ့ မိုးကြိုးတို့က သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားကာ သူ့အား ပိုဆန်းကြယ်သွားစေသည်။ သူက မိုးကြိုး ထိန်းချုပ်နိုင်သည့် နတ်ဘုရားတစ်ပါးအလား နတ်မိုးကြိုးပင် သူ့ဆီ အညံ့ခံထားဟန်ပေါ်သည်။
နေကိုးစင်း အထွတ်အမြတ်မြေများမှ လူများ၏ မျက်နှာများက ဖြူဖတ်ဖြူရော် ဖြစ်လာကြသည်။ အစက သူတို့အနေနှင့် ရှန်ထျန်းက ယုံမှားဖွယ်မရှိ သေဆုံးလိမ့်မည်ဟု ထင်ခဲ့ကြသော်လည်း ရှန်ထျန်းက အဆင်ပြေနေရုံသာမက ဓာတ်နှောနတ်မိုးကြိုး စမ်းသပ်ချက်ဖြင့် သူ့ကိုယ်သူ သန်မာလာအောင် လုပ်ခဲ့သေးသည်။
သူတို့က မျက်နှာဖြတ်ရိုက်ခံလိုက်ရသလို ခံစားနေရသည်။
“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က တကယ်ကို ပါရမီရှင်ပဲ။ သူက နောင်ကျရင် နယ်မြေငါးခုရဲ့ အထွတ်အထိပ်ကို ရောက်လာမှာ အသေအချာပဲ”
လက်ရှိ ဝိဇ္ဇာအများစုက မအံ့ဩဘဲ မနေနိုင်ကြတော့ပေ။ ရှန်ထျန်းအပေါ် သူတို့အမြင်သည် သိသိသာသာ ပြောင်းလဲလာခဲ့သည်။
ရှန်ထျန်း၏ စွမ်းအားက သူတို့ မှန်းထားသည်ထက် ကျော်လွန်နေလေသည်။
အလယ်ပိုင်းကုန်းမြေ ဝိဇ္ဇာများပင် သက်ပြင်းချကာ
“ မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်မှာ လူငယ်မျိုးဆက် ပါရမီရှင်လေးတစ်ယောက် ပေါ်လာခဲ့တယ်။ သူက ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ကောင်းကင်အသျှင် ဖြစ်လာခဲ့တယ်လေ။ သူက မိစ္ဆာဝိညာဉ်ဂိုဏ်းက ဝိဇ္ဇာအစစ်အမှန်ကိုတောင် သတ်နိုင်ခဲ့ပြီးတော့ နယ်မြေငါးခုမှာ ရှားရှားပါးပါး အထွတ်အထိပ် ပါရမီရှင်လေးဆိုပြီး နာမည်ကျော်ကြားနေတာ …
အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ရဲ့ ပါရမီကလည်း အဲဒီလူငယ်ပါရမီရှင်လေးထက် မနိမ့်လောက်ဘူး။ သူတို့နှစ်ယောက်ကြား ဘယ်သူက ပိုအားကောင်းမလဲ သိချင်မိသား ”
ဝိဇ္ဇာများပင် ဓာတ်နှောနတ်မိုးကြိုး စမ်းသပ်ချက်နှင့် ရင်ဆိုင်ရသည့်အခါ ရှန်ထျန်းလိုမျိုး စိတ်အေးလက်အေးရှိနေမည် မဟုတ်ပေ။
ရှန်ထျန်းက ထိုမိုးကြိုးစွမ်းအားကို သူ့ကိုယ်ပိုင်အဖြစ် ပြောင်းယူနိုင်ခဲ့သည့်အကြောင်း ထည့်မပြောရသေးပေ။
ထိုသို့ဖြင့် ရှန်ထျန်း ထုတ်ဖော်ပြသလိုက်သည့် စွမ်းအားမှာ ဝိဇ္ဇာအများစုထက် ကျော်လွန်သွားလေပြီ။ သူက လူသားကြား နဂါးတစ်ကောင်အလား ဖြစ်၏။
“ တကယ်လို့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်သာ ဘေးကင်းကင်း ကြီးပြင်းလာခဲ့ရင် ကမ္ဘာကို လွှမ်းမိုးချုပ်ကိုင်နိုင်မဲ့ တည်ရှိမှုမျိုး သေချာပေါက် ဖြစ်လာလိမ့်မယ် ”
တချို့သော ဝိဇ္ဇာများက သူတို့ဘာသာ တီးတိုးမရေရွတ်ဘဲ မနေနိုင်တော့ပေ “ အလယ်ပိုင်းကုန်းမြေနဲ့ အရှေ့ပိုင်းလွင်ပြင်က ဒီလိုမျိုး ပြိုင်ဖက်ကင်း ပါရမီရှင်တွေ မွေးထုတ်ပေးလာပြီဆိုတော့ ကမ္ဘာကြီးက ကမောက်ကမကြား ကျရောက်တော့မယ် တူတယ် ”
ပါရမီရှင်အားလုံး ပေါ်ထွက်လာသည့် ခေတ်ကို ရွှေရောင်ခေတ်ဟု ခေါ်ဆိုနိုင်သော်လည်း ကပ်ဘေးကြီးကြီးမားမား ကျရောက်လာနိုင်ကြောင်းလည်း ဆိုလိုနေသည်။
ဤသည်မှာ မိုးမြေ၏ အမိန့် ဖြစ်လာသည်။ ဤလောကကြီးက ကပ်ဘေးကြီးကို အာရုံခံမိသည့်အခါ ပြိုင်ဖက်ကင်း ပါရမီရှင်များစွာကို မွေးထုတ်လာစေလိမ့်မည်။
ကပ်ဘေး ကျရောက်လာသည့်အခါ ကမ္ဘာကြီးကို ကယ်တင်ဖို့ သူရဲကောင်း ပြုစုပျိုးထောင်ပေးဖို့ရန်အတွက် ဖြစ်၏။
ဤသဘောတရားက မရေမရာ ဖြစ်သော်လည်း အားလုံးက ယုံကြည်ထားရုံမှအပ ရွေးချယ်စရာ မရှိသော တည်ရှိမှုမျိုး ဖြစ်သည်။ လွန်ခဲ့သော နှစ်တစ်သောင်းခန့်က တိုက်ပွဲကြီးက အားလုံး စိတ်ထဲ ကွက်ကွက်ကွင်းကွင်း မြင်နေရဆဲ ဖြစ်သည်။
ထို့ကြောင့် ရှန်ထျန်း၏ ပုံမှန်မဟုတ်သည့် ပါရမီက ဝိဇ္ဇာများအား စိုးရိမ်လာစေသည်။
…………...
တစ်နာရီကြာ ရှန်ထျန်းတစ်ယောက် ဓာတ်နှောနတ်မိုးကြိုးချက် ၁၈ ချက် ခံယူပြီးနောက် ရပ်တန့်သွားခဲ့လေသည်။
ရှန်ထျန်းက ဓာတ်နှောနတ်မိုးကြိုး ပမာဏတော်တော်များများကို စုပ်ယူပစ်ခဲ့သည်။ သူ့တစ်ကိုယ်လုံးမှာ တောက်ပနေပြီး ဓာတ်နှောနတ်မိုးကြိုး၏ မူလအရင်းအမြစ်က ပို၍ သိပ်သည်းလာသည်။
သူ့ခန္ဓာကိုယ်အနားရှိ မိုးကြိုးများပင် အရောင်အဝါ တောက်ပလာပြီး ရွှေရောင်ထုတ်လွှင့်လာသည်။
ဤသည်မှာ မိုးမြေ စွမ်းအား ဖြစ်၏။ ထိုအရာက ရှန်ထျန်း၏ စွမ်းအားကို တိုးမြင့်ပေးရုံသာမက ဓာတ်နှောနတ်မိုးကြိုး ထိန်းချုပ်နိုင်စွမ်းလည်း မြင့်တက်လာစေသည်။ အကယ်၍ သူသာ စုပ်ယူထားခဲ့သမျှ မိုးကြိုးအားလုံးကို သန့်စင်နိုင်ခဲ့လျှင် သူ့အင်အားက သိသိသာသာ တိုးမြင့်လာလိမ့်မည်။
ထိုအချိန် ဝိဇ္ဇာအစစ်အမှန်ပင် သူ့အား ကြောက်ရွံ့လာရလောက်၏။
ရှန်ထျန်းက သူ့စွမ်းအားအများစုကို စုပ်ယူခဲ့ကြောင်း အာရုံခံမိလိုက်ပြီးနောက် ကျန်ရှိနေသော မိုးကြိုးအဆီအနှစ်များကို ပဒုမ္မာကြာ နတ်ဧကရာဇ် ဆေးမီးဖိုထဲ ပြောင်းပေးလိုက်သည်။
ထိုအချိန် မီးဖိုက နေတစ်စင်းလို တောက်ပလာပြီး မိုးကြိုးစွမ်းအားများနှင့် ရောနှောသွားကာ ပုံစံကူးပြောင်းမည့်အလား ဖြစ်ပေါ်လာသည်။
ကောင်းကင်စမ်းသပ်ချက်က ဆေးလုံးများအတွက် ကနဦးဖွဲ့စည်းမှုတစ်ခု ဖြစ်၏။
ဓာတ်နှောနတ်မိုးကြိုး အဆီအနှစ်ကို စုပ်ယူပြီးနောက် ကောင်းကင်ပြုပြင်ရေး ဆေးလုံးများ၏ ဆေးအာနိသင်က နောက်တဆင့် ရောက်ရှိသွားသည်။
ကောင်းကင်မှ အံ့ဖွယ် သက်တန့်တစ်ခု ထွက်ပေါ်လာကာ မည်းမှောင်နေသည့် ညကောင်းကင်ယံအား အလင်းပေးလိုက်သလို ဖြစ်သွားသည်။
ပဒုမ္မာကြာ နတ်ဧကရာဇ် မီးဖိုကြီးသည် လေဟာနယ်ထဲ မားမားမတ်မတ် တည်ရှိနေသည်။ ၎င်းအလင်းရောင်က အင်မတန် တောက်ပနေပြီး အားလုံး၏ အာရုံကို ဖမ်းစားသွားလေသည်။
မီးဖိုနှုတ်ခမ်းဝက ဖြည်းဖြည်းချင်း ဟလာကာ တလက်လက် တောက်ပနေသည့် ဆေး ၁၈ လုံး ထွက်ပေါ်လာသည်။ သူတို့ကို သိပ်သည်းလွန်းသော မြူများဖြင့် လွှမ်းခြုံထားပြီး ကြယ်ပွင့်လေးများကဲ့သို့ တလက်လက် တောက်ပနေသည်။
အင်မတန် ကြွယ်ဝလှသော ဆေးရနံ့လေးက မီးဖိုထဲမှ ထွက်ပေါ်လာကာ ကီလိုမီတာ ထောင်ချီ ပျံ့နှံ့သွားခဲ့ပြီး အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။
ထိုစဉ် အားလုံးက ဆေးရနံ့ကြား နစ်မျှောသွားကြလေသည်။ သူတို့၏ ဆုံမှတ်များ ပွင့်လာသလိုမျိုး ထွက်ပေါ်လာသည့် သန့်စင်လှသည့် ဝိညာဉ်စွမ်းအားများကို လောဘတကြီး စုပ်ယူလိုက်ကြသည်။
ဆေးရနံ့လေး၏ လွှမ်းမိုးမှုအောက်တွင် ကျင့်ကြံဆင့်နိမ့်သည့် ပါရမီရှင်များစွာက ချက်ချင်း အဆင့်တက်သွားကာ သူတို့စွမ်းအားလည်း မြင့်မားလာခဲ့သည်။
ဤဖြစ်စဉ်က နေရာအနှံ့ ဖြစ်ပွားနေပြီး အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေအား ကျင့်ကြံရေး အဆင့်တက်လှမ်းစေသည့် ကျင်းပရာနေရာဟုပင် ထင်မှတ်သွားစေလိမ့်မည်။
ဝိဇ္ဇာများပင် အကျိုးကျေးဇူး ရလိုက်ကြ၏။ သူတို့ခန္ဓာကိုယ်မှ အံ့ဖွယ်အလင်းများက ပိုတောက်ပလာပြီး အရှိန်အဝါလည်း နည်းနည်း ပြောင်းလဲလာသည်။ သူတို့က တစ်စုံတစ်ခု နားလည်သွားသည့်အလား ပေါ်နေ၏။
ဤသို့သော အံ့ဖွယ်ဆေးလုံးမျိုးက အားလုံးက ရူးသွပ်စေဖို့ လုံလောက်ပေသည်။
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၌ပင် ပါရမီရှင်များစွာက နှလုံးခုန်မြန်လာမိ၏။ အထွတ်အထိပ်ရတနာများက နှလုံးသားကို လှုပ်ရှားနိုင်စွမ်း ရှိသည် မဟုတ်ပါလော။ သူတို့က အောင်မြင်ရန်အလို့ငှာ စတေးမှုများပင် လိုလိုလားလား လုပ်လာနိုင်စွမ်း ရှိသည်။
နောက်ဆုံးတွင် တစ်ယောက်ယောက်က တောင့်မခံနိုင်တော့ပေ။ ပုံရိပ်တစ်ခုက လေထဲ ပေါ်လာပြီး သက်တန့်အရှည်တစ်စင်းအဖြစ် ပြောင်းလဲကာ ရှန်ထျန်းဆီ ဦးတည်လိုက်သည်။
ထိုပုံရိပ်က လျှပ်စီးအလား အင်မတန် မြန်ဆန်လှသည်။
သူ ဖြတ်သွားသည့်နေရာတိုင်း လေဟာနယ်ကျိုးပျက်သွားပြီး သူတော်စင်တောင်ထိပ်၌ ချက်ချင်း ပေါ်လာသည်။
သူက ကောင်းကင်နှင့် နေမင်းကိုပင် ကာဆီးထားနိုင်လောက်သည့် လက်ကြီးကို ဆန့်ထုတ်လိုက်သည်။ ထိုလက်ကြီးက မထိန်းနိုင်မသိမ်းနိုင် စွမ်းအားတစ်ခုကို သယ်ဆောင်လာပြီး ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို ဆွဲယူလိုက်သည်။
ထိုမြင်ကွင်းကို မြင်ကာ အားလုံးက တုန်လှုပ်လာကြသည်။
ဤသည်မှာ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ ဖြစ်ရက်သားနှင့် ဆေးလုံးကို လုယူရဲလောက်အောင် သတ္တိကောင်းကြသည်လား။
သူက အံ့ဖွယ်မိုးကောင်းကင် ပညာရှင်တွေ ဝိုင်းတိုက်ခံရမှာ မကြောက်ဘူးလား။
သို့သော်လည်း မကြာခင် လူအုပ်က တုံ့ပြန်လိုက်ကြသည်။
တိုက်ခိုက်သူမှာ အလွန်အမင်း အားကောင်းပြီး ဝိဇ္ဇာအစစ်အမှန် အဆင့် ရောက်နေလေပြီ။ သူ့အမြန်နှုန်းမှာ အင်မတန် မြန်ဆန်ပြီး သာမန်ဝိဇ္ဇာအစစ်အမှန်များကို ကျော်လွန်နေသည်။ သူက မဟာဝိဇ္ဇာနှင့်ပင် ယှဉ်၍ ရပေသည်။
ပို၍ အရေးကြီးသည်က ဤလူသည် ဖုံးကွယ်ရေး နည်းစနစ်များ၌ အင်မတန် ကျွမ်းကျင်နေခြင်း ဖြစ်သည်။ ထို့ကြောင့်သာ မဟုတ်လျှင် သူ့အနေနှင့် သူတော်စင်တောင်ထိပ်ဆီ အသံမထွက်ဘဲ သတိမထားမိစေဘဲ ရောက်သွားဖို့ရာ မဖြစ်နိုင်ပေ။
ဝိဇ္ဇာတစ်ယောက်မက သူတော်စင်တောင်ထိပ်ကို စောင့်ကြည့်နေကြခြင်း ဖြစ်သည်။ ဤလူက သတ္တိကောင်းသလို အရည်အချင်းလည်း ရှိသူဟု ယူဆရပေမည်။
သူ့ရည်ရွယ်ချက်က ရှင်းလင်းလှသည်။ ဤအထွတ်အထိပ် ဆေးလုံးကို လုယူပြီးနောက် ထွက်ပြေးလိုက်မည်။
အံ့ဖွယ်မိုးကောင်းကင် ပညာရှင်များ တုံ့ပြန်နိုင်သည့်အချိန် နောက်ကျလွန်းသွားလောက်လေပြီ။
သူတော်စင်တောင်ထိပ်၌ ရှန်ထျန်းတစ်ယောက်တည်း ရှိလေရာ သူက ဝိဇ္ဇာအစစ်အမှန်အား မည်သို့ ခုခံနိုင်မည်နည်း။
ဤရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးများက သူ့အပိုင်သာ ဖြစ်၏။