လူဆိုးတွေက လေပေါနေလို့ သေကြတယ်
Vol. 28 Ch. 414
အခန်း (၄၁၄) : လူဆိုးတွေက လေပေါနေလို့ သေကြတယ်
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က လေဟာနယ်အတွင်း ပျောက်ကွယ်သွားကာ သူတော်စင်တောင်ထိပ်ဆီ အပြေးအလွှား သွားလိုက်သည်။ အခြားသော ဝိဇ္ဇာများလည်း တုံ့ပြန်လာကာ လှုပ်ရှားလိုက်ကြသည်။ သို့သော်လည်း သူတို့က နောက်ကျနေဆဲ ဖြစ်၏။
ဝိဇ္ဇာများက သူတော်စင်တောင်ဆီ အပြေးအလွှား သွားလျှင်ပင် သူတို့က သူတော်စင်တောင်နှင့် အတော်အတန် ကွာဝေးနေဆဲ ဖြစ်သည်။ ထို့ကြောင့် သူတို့က အချိန်မီ မလှုပ်ရှားနိုင်လိုက်ပေ။
အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ဒုက္ခရောက်နေပြီ။
ဤသည်မှာ ခြောက်ကြိမ်မြောက် စမ်းသပ်ချက် ဖြတ်ကျော်ထားသည့် ဝိဇ္ဇာအစစ်အမှန် တစ်ဦး ဖြစ်ကာ ဤနေရာရှိ ဝိဇ္ဇာအများစုက သူ့တိုက်ခိုက်မှုကို မကာကွယ်နိုင်ကြပေ။
ရှန်ထျန်း ပြသထားသော စွမ်းရည်မှာ အံ့မခန်းလိလိ ဖြစ်သော်လည်း သူက ခြောက်ကြိမ်မြောက် စမ်းသပ်ချက် ခံယူထားသော ဝိဇ္ဇာအစစ်အမှန်၏ ပြိုင်ဖက် မဟုတ်ချေ။
ခြောက်ကြိမ်မြောက် စမ်းသပ်ချက် ခံယူထားသော ဝိဇ္ဇာအစစ်အမှန်သည် စည်းမျဉ်းများကို ဖွဲ့စည်းပြီး တိုက်ခိုက်နေကာ ရှန်ထျန်းနှင့် သူ့ဆေးလုံးများကို ဆွဲယူလိုက်သည်။
သူ့ရည်ရွယ်ချက်က သိသာလှသည်။ သူက အထွတ်အထိပ် ဆေးလုံးများကို လုချင်သည်သာမက ရှန်ထျန်းကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးလိုခြင်း ဖြစ်၏။
ရှန်ထျန်းက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေအတွက် အလွန်အရေးပါလေရာ သူသာ ရှန်ထျန်းကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားပါက ဂိုဏ်းချုပ်က မဆင်မခြင်ပြုမူရဲမည် မဟုတ်ချေ။
သူက ဤအခွင့်အရေးအား အခွင့်ကောင်းယူကာ ဘေးကင်းကင်း ထွက်ပြေးနိုင်လိမ့်မည်။
သူ့ကျင့်ကြံဆင့်ဖြင့် ရှန်ထျန်းကို ဖမ်းဖို့ ပါးမွှားမျှသာ ဖြစ်ကြောင်း ထည့်ပြောစရာ မလိုချေ။
ထိုစဉ် အာကာပြင် ပျက်စီးသွားကာ စည်းမျဉ်းများက ကမောက်ကမ ဖြစ်လာပြီး ကြီးမားလှသည့် လေဟာနယ် နေရာလွတ်တစ်ခု ပေါ်ထွက်လာသည်။
ဧရာမ လက်ကြီး ထွက်လာကာ ရှန်ထျန်းအား ဆွဲခေါ်သွားချင်နေသည်။
ရှန်ထျန်းက မျက်မှောင်ကြုတ်လိုက်မိသည်။
ဘာတွေဖြစ်နေတာလဲ …
ဆေးလုံး လုချင်တာက နားလည်ပေးလို့ ရသေးတယ်။ ဘာဖြစ်ဖြစ် ဒီဆေးလုံးတွေက ဝိဇ္ဇာတွေကိုတောင် ရူးသွပ်သွားအောင် လုပ်နိုင်တော့ ငါ့ဆေးပညာအရည်အချင်းကို သက်သေပြပြီးသား ဖြစ်တာပေါ့။
ဒါပေမဲ့ ခင်ဗျားက ကျွန်တော်ကို ဖမ်းချင်တာဆိုရင်တော့ လွန်လွန်းသွားပြီ
ကျွန်တော်ကို လွယ်တယ်များ ထင်နေလား … နူးနူးညံ့ညံ့လေးလို့ ထင်နေတာလား
ဝုန်း …
ရှန်ထျန်း၏ အငွေ့အသက်များ ပေါက်ကွဲထွက်လာသည်။
သူက ရှုပ်ထွေးပွေလီ မီးစာကျမ်းကို ချက်ချင်း လှည့်ပတ်လိုက်သည်နှင့် သူ့အထဲရှိ ထူးခြားအံ့ဖွယ် ပစ္စည်းဆယ်မျိုးလုံးက အားပြင်းပြင်း ပေါက်ထွက်လာသည်။ ရှန်ထျန်းခန္ဓာကိုယ်မှ အံ့ဖွယ်အလင်းတန်းများ ထွက်လာပြီး သူ့အား လွှမ်းခြုံထားလေ၏။
ရှန်ထျန်း၏ ဆံပင်များက ထောင်မတ်လာကာ စူပါဆိုင်ယန် ဖြစ်သွားသည့်အလား အားပြင်းပြင်း အရှိန်အဝါတို့ကို ထုတ်လွှင့်လာသည်။
ငါ့ကို ဒေါသထွက်လာအောင် လုပ်တဲ့ အကျိုးဆက်ကို ခံယူဖို့ ပြင်ထား …
ပင်လယ်အံ့ဖွယ်တူကြီးက ရှန်ထျန်း လက်ထဲ ရုတ်ချည်း ရောက်ရှိလာကာ ရှေးဦးအဆီအနှစ် လေးလံရေစင်ဖြင့် ဖုံးအုပ်ထားသေး၏။ ထိုအရာက ပင်လယ်အံ့ဖွယ်တူ၏ စွမ်းအားကို အဆုံးအစွန်အထိ တိုးမြင့်ပေးနိုင်ပြီး အတားအဆီးမှန်သမျှ ခြေမွနိုင်သည်။
ရှန်ထျန်းက ပင်လယ်အံ့ဖွယ်တူကို မ ကာ အော်ပြောလိုက်သည် “ ကောင်းကင်လွင်ပြင် တူ ၃၆ ချက် - ကြယ်ခြေမွ တူရိုက်ချက် ”
ပင်လယ်အံ့ဖွယ်တူကြီးက ခြောက်ကြိမ်မြောက် စမ်းသပ်ချက် ခံယူထားသော ဝိဇ္ဇာအစစ်အမှန်ထံ အားပြင်းပြင်းဖြင့် ဝင်ရောက်သွားသည်။ ထိုဖိအားက တောင်တစ်လုံးကဲ့သို့ လေးလံလှ၏။
ဘေးပတ်လည် အာကာပြင်တို့က ရုတ်ချည်း ပေါက်ကွဲထွက်သွားကာ မငြိမ်မသက် ဖြစ်နေသည့် လေဟာနယ်ပင် ထွက်ပေါ်လာသည်။ သို့သော်လည်း ပင်လယ်အံ့ဖွယ်တူ၏ အလင်းကို ဖုံးအုပ်ထားနိုင်စွမ်း မရှိပေ။
စည်းမျဉ်းများက ရှုပ်ထွေးနေပြီး ပင်လယ်အံ့ဖွယ်တူ ဖြတ်သန်းသွားသည့် နေရာတိုင်း၌ အာကာပြင်လည်း ပုံပျက်သွားသည်။
ဝုန်း …
ပေါက်ကွဲသံများ ထွက်ပေါ်လာကာ လေထုထဲ ဖုန်မှုန့်များဖြင့် ပြည့်နှက်သွားသည်။ ထိုဧရာမလက်ကြီးက ရုတ်ချည်း ပေါက်ကွဲထွက်သွားသော်လည်း တူရိုက်ချက်က ရပ်တန့်မသွားပေ။ ခြောက်ကြိမ်မြောက် စမ်းသပ်ချက် ခံယူထားသော ဝိဇ္ဇာဆီ ဆက်လက် ကျရောက်နေဆဲ ဖြစ်၏။
ခြောက်ကြိမ်မြောက် စမ်းသပ်ချက် ခံယူထားသော ဝိဇ္ဇာအစစ်အမှန်က မတုံ့ပြန်နိုင်ခင် တူရိုက်ချက်ကြောင့် ပေထောင်ချီ လွှင့်စင်သွားလေသည်။
သူ့အား အလိုလို ကာကွယ်ပေးထားသော သူ့ဝိဇ္ဇာပိုင်နက်ပင် တစစီ ဖြစ်သွားလေသည်။
ထိုဝိဇ္ဇာ၏ အရှိန်အဝါတို့က ကမောက်ကမ ဖြစ်လာကာ မကျိန်ဆဲဘဲ မနေနိုင်တော့ပေ “ လခွမ်း သူက ဘာလို့ ဒီလောက်အားကောင်းနေရတာလဲ။ အဲဒီတူကြောင့် ငါ့နားတွေတောင် အူသွားတယ် ”
ထိုဝိဇ္ဇာက ရှန်ထျန်းသည် ဓာတ်နှောနတ်မိုးကြိုး စမ်းသပ်ချက် အောင်မြင်သွားခြင်းမှာ သူ့ကျင့်စဉ်ကြောင့်သာ ဖြစ်လိမ့်မည်ဟု တွေးခဲ့မိသည်။ ထို့ကြောင့် ရှန်ထျန်းက မည်မျှ ပါရမီထူးစေကာမူ ငယ်ရွယ်သေးသည့်အတွက် အလွန်ဆုံး ဝိဇ္ဇာတပိုင်းအဆင့် စွမ်းအားမျှသာ ရှိပေမည်။
အကယ်၍ ဤသို့သော ဖြစ်နေလျှင် ထိုဝိဇ္ဇာက ရှန်ထျန်းကို အလွယ်လေး ဖိနှိပ်နိုင်မည် ဖြစ်၏။
ထို့ကြောင့် ဝိဇ္ဇာက ရှန်ထျန်းကို များများတွေးမထားဘဲ သူ့အင်အားနည်းနည်းလောက် ထုတ်သုံးရုံဖြင့် ရှန်ထျန်းကို အလွယ်လေး ဖမ်းဆီးနိုင်လိမ့်မည်ဟု ထင်နေခဲ့သည်။
ဝိဇ္ဇာများက အပြေးအလွှား ရောက်လာသောကြောင့် သူက မည်သည့်မတော်တဆ ဖြစ်ရပ်မျိုးမှ မဖြစ်စေရန် သတိကြီးကြီး ထားထားလိုက်သည်။ ဝိဇ္ဇာက သူ့ဂရုမစိုက်မှုကြောင့် ဆုံးရှုံးမှုကြီးကြီး ခံစားလိုက်ရသည်။
ရှန်ထျန်းလက်ထဲမှ တူကြီးကို ကြည့်ကာ ထိုဝိဇ္ဇာက ကြောင်သွားပြီး သူ့ကိုယ်သူ သံသယဝင်လာမိသည်။
ထိုစဉ် အခြားသော ကျင့်ကြံသူများက ထိုမြင်ကွင်းကို ကြည့်ကာ တအံ့တဩ ဖြစ်နေကြသည်။
လာနောက်နေတာလား … အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ဝိဇ္ဇာအစစ်အမှန်ကိုတောင် လွှင့်စင်သွားအောင် လုပ်နိုင်လိုက်တာလား
နဂိုက ကမောက်ကမအခြေအနေကို အခွင့်ကောင်းယူချင်သူများလည်း ထိုအတွေးကို မြန်မြန် လက်လျော့လိုက်ကြသည်။
အဲဒီတူရိုက်ချက်အောက်မှာ သေသွားနိုင်တယ် …
ဝိဇ္ဇာအစစ်အမှန်က သတိလက်လွတ်ဖြစ်သွားခဲ့သော်ငြား ရှန်ထျန်း၏ ကြောက်မက်ဖွယ် ပါရမီကို လျစ်လျူရှုထား၍ မရပေ။
ဝိဇ္ဇာများစွာလည်း အံ့ဩသွားကြသည်။
“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ဆိုတဲ့အတိုင်းပဲ … သူ့ပါရမီက ထျန်းကျီကို ယှဉ်နိုင်နေပြီပဲ ”
သူတို့က ရှန်ထျန်းတွင် သာလွန်တာအို ကောင်းကင်အသျှင်တစ်ယောက်၏ စွမ်းအားရှိကြောင်း အသိအမှတ်ပြုလိုက်ကြသည်။ သူ့တိုက်ခိုက်စွမ်းရည်က အစောပိုင်း ဝိဇ္ဇာနှင့်ပင် ယှဉ်နိုင်လေသည်။ မဟုတ်လျှင် သူက ထိုဝိဇ္ဇာအား လွှင့်စင်သွားအောင် ရိုက်လွှတ်နိုင်မည် မဟုတ်ချေ။
ရှန်ထျန်းက အလယ်ပိုင်းကုန်းမြေ၏ ပါရမီရှင်ငယ်လေးနှင့်ပင် ယှဉ်နိုင်နေလေပြီ။
…………...
ချီရှောက်ရွမ်နှင့် ဝမ်ရှန်းယုက အချင်းချင်း ဘာမှမဆိုဘဲ အကြည့်ချင်း ဖလှယ်ပြီးနောက် တံတွေးမျိုချလိုက်မိကြသည်။
“ အစ်ကိုရှန်ကို ထိပ်သီး ကနဦးဝိညာဉ်အဆင့်လို့ ဘယ်သူပြောတာလဲ။ လာခဲ့စမ်း မင်းကို သေတဲ့အထိ မရိုက်ဘူးလို့ ကတိပေးတယ် ”
လခွမ်း ထိပ်သီး ကနဦးဝိညာဉ်အဆင့်တဲ့လား … ဒီလိုမျိုး ဝိဇ္ဇာအစစ်အမှန် ကျင့်ကြံသူကို လွှင့်စင်သွားအောင် လုပ်နိုင်တဲ့ ကြောက်မက်ဖွယ် ကနဦးဝိညာဉ် ကျင့်ကြံသူကို ဘယ်ကနေ သွားရှာလာတာလဲ
ထိုအတွေးဖြင့် ဝမ်ရှန်းယုနှင့် ချီရှောက်ရွမ်တို့က ဖန်ချန်းအား လှည့်ကြည့်လိုက်ကြသည်။
“ အာ … နားလည်မှုလွဲနေတာ ”
ဖန်ချန်း၏ မျက်နှာက နီရဲလာလေသည်။ သူက အစပိုင်း ရှန်ထျန်းဆီမှ သူ့ကျင့်ကြံဆင့်သည် ထိပ်သီး ကနဦးဝိညာဉ်အဆင့်ဟု ကြားခဲ့ရသည်။
ဒီဂျူနီယာညီလေးက ဆယ်ရက်အတွင်းမှာ အဆင့်ထပ်တက်သွားမယ်လို့ ဘယ်သူက သိမှာလဲ …
သူ့ညီလေးက အရမ်းမြန်လွန်းတယ်
ချီရှောက်ရွမ်နှင့် ဝမ်ရှန်းယုတို့က အသက်ပြင်းပြင်းရှုကာ “ အစ်ကိုရှန်က ဝိညာဉ်အသွင်ပြောင်းအဆင့် ရောက်သွားတာ ဖြစ်နိုင်လား။ ဘယ်လောက်ကြာသေးလို့လဲ။ ကံကြမ္မာသားတော်ဆိုတာ တကယ်ကို စိတ်ကူးကြည့်လို့ မရဘူးပဲ။ နောက်ဆုံးတော့ ငါတို့နှစ်ယောက်ပဲ ယှဉ်လိုက်ရင် မှေးမှိန်ကျန်နေခဲ့ရော ”
…………
လူအုပ်ကြီးက ကြောင်အမ်းနေဆဲ ဖြစ်သော်လည်း ဝိဇ္ဇာအစစ်အမှန်က သတိဝင်လာသည်။ သူက အမြန်နှုန်းနှင့် ကိုယ်ယောင်ဖျောက်ရာ၌ အကျွမ်းဆုံး ဖြစ်သောကြောင့် အောင်မြင်သည် ဖြစ်စေ၊ ကျရှုံးသည် ဖြစ်စေ အလျှင်အမြန် ထွက်ပြေးနိုင်သည်။
ကံဆိုးစွာဖြင့် သူက ရှန်ထျန်း၏ အင်အားကို လျော့တွက်မိခဲ့၍ သူ့လုပ်ကြံမှု ကျရှုံးခဲ့ရသည်။ သူ့ကိုယ်သူ သံသယဝင်လာမိသည့်အထိ အရိုက်နှက်ခံလိုက်ရပြီး ခဏတာ ကြောင်အမ်းသွားမိလိုက်သေးသည်။ အကယ်၍ သူသာ ယခု ထွက်မပြေးလျှင် နောင် ထက်ထွက်ပြေးနိုင်တော့မည် မဟုတ်ချေ။
ပြောရလျှင် ယခု သူ ထွက်ပြေးဖို့ ပြင်လျှင်ပင် နောက်ကျလွန်းသွားလေပြီ။
ဝိဇ္ဇာအစစ်အမှန် ကျင့်ကြံသူရှေ့ အားကောင်းကောင်း ပုံရိပ်တစ်ခုပေါ်လာကာ အဆုံးမဲ့ မိုးကြိုးနှင့် ကောင်းကင်အရှိန်အဝါတို့ ထွက်ပေါ်လာသည်။ ကမ္ဘာမြေကိုပင် နှစ်ပိုင်း ပိုင်းပစ်နိုင်သည့် မိုးကြိုးဓားသွားလိုမျိုး အေးစက်စက် သတ်ဖြတ်ငွေ့ ထုတ်လွှင့်လာသည်။
ထိုပုံရိပ်က အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ် ဖြစ်၏။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က သူ့တပည့်ကို တစ်ယောက်ယောက်က သူတို့ဂိုဏ်းအတွင်း လာလုပ်ကြံနေလေရာ မည်သို့ အေးအေးဆေးဆေး နေနိုင်မည်နည်း။
ဘေးနားရှိ ဝိဇ္ဇာများပင် ထိုသတ်ဖြတ်ငွေ့ကို ခံစားမိပြီး မနေနိုင် မထိုင်နိုင် တုန်ယင်သွားကြသေးသည်။
အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က သူ့စွမ်းအားကို သိုသိုသိပ်သိပ် ဖုံးကွယ်ထားခဲ့သောကြောင့် သူ မည်မျှအားကောင်းမှန်း မည်သူမှ မသိကြပေ။ သို့သော်လည်း လက်ရှိအခြေအနေကို ကြည့်လိုက်လျှင် ဝိဇ္ဇာအစစ်အမှန်ပင် သူ့ဒေါသကို တောင့်ခံနိုင်မည် မဟုတ်ချေ။
ဂိုဏ်းချုပ်အနားရှိ ကောင်းကင်အရှိန်အဝါတို့က လှိုင်းလုံးအလား မြင့်တက်နေသည်။ သူ့အသံမှာ နဂိုအတိုင်း ခံစားချက်ကင်းမဲ့လျက်ရှိသော်လည်း တခြားသူများအား ကြက်သီးထသွားစေသည်။
“ ဒီနေ့ ငါ့အမြုတေ အဆီအနှစ် လောင်ကျွမ်းခံပြီး ဒဏ်ရာအပြင်းအထန် ရရင်တောင် မင်းကို ထွက်မပြေးစေရဘူး။ မင်းက ငါတို့ဂိုဏ်းရဲ့ သူတော်စင်ကို ထိခိုက်ရဲမှတော့ သက်ညှာခြင်းမရှိ သေဖို့သာ ပြင်ထား ”
“…”
ဝိဇ္ဇာအစစ်အမှန်က ကြောင်အမ်းသွားသည်။
ငါ ဘယ်တုန်းက အဲဒီကောင်လေးကို ထိခိုက်လို့လဲ … သူကသာ ငါ့ကို ထိခိုက်စေခဲ့တာ ဟုတ်ပြီလား
အဲဒီကောင်လေးက မထိမခိုက် အလတ်ကြီး ရှိသေးတယ်
ဝိဇ္ဇာအစစ်အမှန်က သူ့ကျောက်ကပ် နာလာသလို ခံစားမိလိုက်သည်။ ယခင် ရှန်ထျန်း၏ တူရိုက်ချက်ကြောင့် ဖြစ်ရမည်။
သူ့အသည်းလည်း နာနေသည်။ ထိုအရာက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ စကားများကြောင့် ဒေါသထွက်လွန်း၍ ဖြစ်သည်။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က နည်းနည်း ပြောင်းလဲသွားတယ်လို့ ဘာလို့ ခံစားမိနေပါ့လိမ့် …
ငါ ထွက်မပြေးနိုင်အောင် တားဖို့ ဂိုဏ်းချုပ်က သူ့အသက်ကိုတောင် ဘာလို့ စတေးရတာလဲ
အရင်ဆုံး ဝိဇ္ဇာတွေ တိုက်ပွဲမှာ တစ်ယောက်နဲ့ တစ်ယောက် အရင်ဆုံး စွမ်းအားအကဲစမ်းကြတာ မဟုတ်ဘူးလား …
မင်းရဲ့ အမြုတေအဆီအနှစ်ကိုတောင် သုံးပြီး ဘာလို့များ သေတဲ့အထိ တိုက်ခိုက်ချင်နေရတာလဲ
သူက တကယ်ကြီး အမြုတေအဆီအနှစ်ကို လောင်ကျွမ်းပစ်မှာလား … အဲလိုလုပ်မဲ့ပုံတော့ မပေါ်ပါဘူး
ဝိဇ္ဇာအစစ်အမှန်က စိတ်ရှုပ်ထွေးနေသည်။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ဘာမှထပ်မပြောတော့ဘဲ တန်းလှုပ်ရှားလိုက်သည်။
“ မိုးကြိုး သန့်စင်ချက်”
ကောင်းကင်တခွင် အားပြင်းပြင်းနှင့် မိုးကြိုးသံကြိုးများ ပေါ်ထွက်လာသည်။ ထိုမိုးကြိုးသံကြိုးများက ကောင်းကင်တဝိုက် ဝေ့ဝဲနေပြီး နေရာတစ်ခုလုံးကို ပိတ်ဆို့ထားကာ မိုးကြိုးအကျဉ်းထောင် ဖြစ်လာစေသည်။
ဝိဇ္ဇာအစစ်အမှန်လည်း ဆွံ့အနေမိ၏။ သူက အမြန်ဆုံးနှုန်းဖြင့် ထွက်ပြေးဖို့ ကြိုးစားလိုက်ပြီး ဤမိုးကြီးအကျဉ်းထောင်မှ သက်တန့်စီးနင်းကာ ထွက်ဖို့ ပြင်လိုက်သည်။ သို့သော်လည်း နောက်ကျလွန်းသွားလေပြီ။ မိုးကြိုးအကျဉ်းထောင်က ချက်ချင်း ကျဆင်းလာပြီး ဝိဇ္ဇာအစစ်အမှန်အား ထွက်မပြေးနိုင်အောင် တားဆီးပိတ်ဆို့လိုက်သည်။
ဤမြင်ကွင်းကို မြင်ကာ ဘေးပတ်လည်ရှိ ဝိဇ္ဇာများက ပါးစပ်ဟောင်းလောင်း ဖြစ်သွားကြသည်။
“ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က သူ့စွမ်းအားတွေကို တကယ်ကြီး လျိုထားခဲ့တာပဲ ”
“ သူက ခြောက်ကြိမ်မြောက် စမ်းသပ်ချက် ခံယူထားတဲ့ ဝိဇ္ဇာအစစ်အမှန်ကိုတောင် အလွယ်လေး ဖမ်းနိင်နေပြီပဲ ”
ဝိဇ္ဇာအစစ်အမှန်သည် ဝိဇ္ဇာများကြား၌ပင် အားကောင်းသည့် တည်ရှိမှုအဖြစ် ယူဆနိုင်လေသည်။ ခြောက်ကြိမ်မြောက် စမ်းသပ်ချက် ခံယူထားသော ဝိဇ္ဇာက မဟာဝိဇ္ဇာဖြစ်ဖို့ ခြေတစ်လှမ်းမျှသာ ကွာဝေးတော့ပြီး သူ့အမြန်နှုန်းကလည်း သာမန်မဟာဝိဇ္ဇာများထက် ကျော်လွန်လေသည်။
ထိုစဉ် မဟာဝိဇ္ဇာများက ထိပ်သီး အားကောင်းသော ကျင့်ကြံသူများအဖြစ် မှတ်ယူနိုင်ပြီး နယ်မြေတစ်ခုလုံးကို သူတို့ဘာသာ အုပ်စိုးနိုင်ကြသူများ ဖြစ်ကြသည်။
အဟုန်မဟာဝိဇ္ဇာပင် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ တိုက်ခိုက်မှုအောက်မှ မလွတ်မြောက်နိုင်သောကြောင့် သူ မည်မျှ အားကောင်းကြောင်း သက်သေပြပြီးသား ဖြစ်သွားလေပြီ။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က နှစ်တစ်ထောင်အတွင်း ဝိဇ္ဇာဖြစ်လာကြောင်း သိထားရပေမည်။
အသက်ကြီးကြီး ဝိဇ္ဇာများအတွက် ဝိဇ္ဇာအသစ်များ၏ စွမ်းအားက အလွန်အားကောင်းလွန်းနေလေပြီ။
ထိုစဉ် ဂိုဏ်းချုပ်၏ အေးစက်စက် အသံ ထွက်ပေါ်လာလေ၏ “ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို အနှောင့်အယှက်ပေးသမျှ အားလုံး အပြစ်ပေးခံရမယ်။ “ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို စော်ကားသမျှလူတွေလည်း အပြစ်ပေးခံရမယ်။ “ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို ထိခိုက်ချင်တဲ့သူတိုင်းလည်း အပြစ်ပေးခံရမယ် ”
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ သဘောထားကို အားလုံး မြင်သာအောင် ပြသလိုက်သည်။
မည်သူကမှ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို မစော်ကားရဲလောက်တော့ပေ။
အဟွတ်ဟွတ် .. အရေးကြီးဆုံးက ရှန်ထျန်းကို သူ့သဘောထား ပြသရန် ဖြစ်၏။
မိုးကြိုးသန့်စင်ချက်က အဆုံးမဲ့မိုးကြိုးများ ဖြတ်ခနဲ လင်းလက်သွားသည်။ မိုးကြိုးချက်တိုင်းက ဓားသွားအလား ဝိဇ္ဇာအစစ်အမှန်ဆီ အပြင်းအထန် ကျရောက်လာသည်။
“ သေစမ်း ”
ဝိဇ္ဇာအစစ်အမှန်က တုန်လှုပ်လာမိသည်။ သူ မည်မျှ တိုက်ခိုက်စေကာမူ ဤအကျဉ်းထောင်မှ မလွတ်နိုင်ပေ။
မိုးကြိုးချက်များက အဖျက်စွမ်းအားများ ပါဝင်နေသောကြောင့် သူ့ရုပ်ခန္ဓာ မည်မျှ သန်မာစေကာမူ မတားဆီးနိုင်ပေ။ ထို့ကြောင့် သူက ဒဏ်ရာအပြည့် ဖြစ်လာလေသည်။
ဝုန်း …
နောက်ထပ် မိုးကြိုးချက် ကျရောက်လာသည်။ ဝိဇ္ဇာအစစ်အမှန်က ဆက်မတောင့်ခံနိုင်တော့ဘဲ အပြင်းအထန် ဒဏ်ရာရသွားတော့သည်။
တစ်ချိန်တည်းတွင် မင်နက်သဖွယ် မည်းနက်နေသည့် မိစ္ဆာအငွေ့အသက်က သူ့ဆီမှ ထွက်ပေါ်လာသည်။ ဤသည်မှာ အငြိုးကြီးဝိညာဉ်လိုမျိုး အကြင်နာမဲ့ကာ ရက်စက်လှသည်။
ထိုအရာကို မြင်ကာ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ ကောင်းကင်အရှိန်အဝါတို့က အသာအယာ လှုပ်ခတ်သွားပြီး “ မိစ္ဆာဝိညာဉ်ဂိုဏ်း၊ မတည်မြဲ ဝိညာဉ်ဂိုဏ်းသခင် လျို့ဝှက်အရိပ်လား ”
ထိုမိစ္ဆာအငွေ့အသက်က မိစ္ဆာဝိညာဉ်ဂိုဏ်း၏ မိစ္ဆာကျင့်ကြံသူများ ပိုင်ဆိုင်နိုင်သည့်အရာ ဖြစ်၏။
ထိုစဉ် မိစ္ဆာဝိညာဉ်ဂိုဏ်းအတွင်း ခြောက်ကြိမ်မြောက် ဝိဇ္ဇာစမ်းသပ်ချက် ဖြတ်ကျော်ထားသော မိစ္ဆာကျင့်ကြံသူဖြစ်သည့်အပြင် ဤသို့ ကိုယ်ယောင်ဖျောက်စွမ်းရည်မျိုး ပိုင်ဆိုင်ထားနိုင်သူမှာ တစ်ဦးတည်းသာ ရှိ၏။ ဤသည်မှာ မတည်မြဲ ဝိညာဉ်ဂိုဏ်းသခင် လျို့ဝှက်အရိပ် ဖြစ်ပေသည်။
မိစ္ဆာဝိညာဉ်ဂိုဏ်းက ဂိုဏ်းခွဲပေါင်း ၃၆ ခု ရှိသော်လည်း မတည်မြဲ ဝိညာဉ်ဂိုဏ်းတစ်ခုတည်းသာ အထူးခြားဆုံး ဖြစ်၏။
သူတို့၏ ကိုယ်ရောင်ဖျောက်စွမ်းရည်က အလွန်အားကောင်းပြီး သူတို့တည်ရှိမှုကို အပြည့်အဝ ဖုံးကွယ်ထားနိုင်လေသည်။ သူတို့သာ မိစ္ဆာဝိညာဉ်ဂိုဏ်း၏ ကျင့်စဉ်ကို ထုတ်မသုံးသရွေ့ မည်သူကမှ သူတို့ကို သိသွားမည် မဟုတ်ချေ။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က လျို့ဝှက်အရိပ်ကိုသာ ချောင်ပိတ်မထားနိုင်လျှင် သူ့ဇာစ်မြစ် ပေါ်လာမည် မဟုတ်ပေ။
ဘေးပတ်လည်ရှိ ဝိဇ္ဇာများကလည်း မျက်မှောင်ကြုတ်လိုက်ကြသည်။ သူတို့က မိစ္ဆာဝိညာဉ်ဂိုဏ်းသည် ဤမျှလောက် အတင့်ရဲပြီး ရှန်ထျန်းအား ပေါ်ပေါ်ထင်ထင် လုပ်ကြံလိမ့်မည်ဟု မထင်ထားခဲ့ပေ။
မိစ္ဆာကောင်စုတ်တွေ …
သူတို့က အထွတ်အမြတ်မြေအသီးသီးက ကျင့်ကြံသူတွေကို အလေးအနက် မထားဘူးကိုး
ဒါပေမဲ့ ခြောက်ကြိမ်မြောက် စမ်းသပ်ချက်ကို ခံယူထားပြီး သူ့အဆင့်မြင့် ကိုယ်ယောင်ဖျောက်စွမ်းရည်ဖြင့် … အထွတ်အမြတ်မြေများဆီ သွားကာ ပါရမီရှင်များ သို့မဟုတ် အကြီးအကဲများကို သတ်သွားလျင်ပင် မည်သူမှ သတိထားမိမည် မဟုတ်ပေ။
ထိုအတွေးဖြင့် အထွတ်အမြတ်မြေအသီးသီးက ဝိဇ္ဇာများက ရုတ်ချည်း စိုးရိမ်လာကာ သတ်ဖြတ်ငွေ့များ ထုတ်လွှင့်လာကြသည်။
မည်သို့ပင်ဖြစ်စေကာမူ သူတို့က ယနေ့ ထိုလူ ထွက်မပြေးသွားနိုင်စေရန် တားဆီးရမည်။ မဟုတ်ပါက မပြီးဆုံးနိုင်သော ပြဿနာများကို သယ်ဆောင်လာလိမ့်မည်။
ယခင်နှစ်တစ်သောင်းအတွင်း မြောက်များစွာသော ပါရမီရှင်များက မိစ္ဆာဝိညာဉ်ဂိုဏ်း လက်ထဲ သေဆုံးခဲ့ကြရသည်။
အထွတ်အမြတ်မြေအသီးသီးမှ ဝိဇ္ဇာများဖြစ်သည့် ဂိုဏ်းချုပ်များ၊ အကြီးအကဲချုပ်များက လျို့ဝှက်အရိပ်ကို ဝိုင်းထားလိုက်ကြပြီး သတ်ဖို့ ပြင်ထားကြသည်။
လျို့ဝှက်အရိပ်၏ ခပ်ဩဩ အသံထွက်ပေါ်လာပြီး အငြိုးကြီးဝိညာဉ်လိုမျိုး စူးစူးဝါးဝါး ဖြစ်နေသည် “ ကျန်းလုံယွမ် မင်းလက်ထဲ ငါရှုံးသွားတယ်ဆိုတာ ဝန်ခံတယ်။ ဒါပေမဲ့ မင်းမှာ ငါ့ကို သတ်နိုင်စွမ်း မရှိဘူး ”
လျို့ဝှက်အရိပ်က သွေးများ ပေပွနေပြီး သူ့တစ်ကိုယ်လုံးကို မိစ္ဆဆန်ဆန် အငွေ့အသက်များ လွှမ်းခြုံထားသည်။ သူ့မျက်ဆံက အင်မတန် နီရဲနေပြီး ထူးထူးဆန်းဆန်း အလင်းရောင်ကို ထုတ်ပြနေသည်။
အထွတ်အမြတ်မြေအသီးသီးမှ အကြီးအကဲများစွာက “ မင်း မိစ္ဆာကောင်ကများ သေခြင်းတရားနဲ့ ရင်ဆိုင်နေရတာတောင် ဒီလိုရိုင်းရိုင်းစိုင်းစိုင်းတွေ လာပြောရဲနေသေးတယ်”
“ ငါသာ ထွက်သွားချင်ရင် မင်းတို့လိုမျိုး အားနည်းတဲ့ဟာတွေက မတားနိုင်ဘူး ”
လျို့ဝှက်အရိပ်က သရော်လိုက်ပြီးနောက် ပစ္စည်းတစ်ခု ထုတ်ယူလိုက်သည်။
မည်းမှောင်နေသည့် အလင်းတန်းက ကောင်းကင်တစ်ခွင် တဟုန်ထိုး ပျံတက်သွားသည်။ ထို့နောက် ကောင်းကင်ကို ထိုးဖောက်ကာ မိစ္ဆာအငွေ့အသက်များဖြင့် ပြည့်သွားစေသည်။
ဘေးပတ်လည် မိုးကြိုးသန့်စင်ချက်နှင့် မိုးကြိုးအစီအရင်က အနည်းငယ် တုန်ခါလာသလို ဖြစ်၏။
“ ဒါက … နယ်မြေချိုးဖောက်ရေး စူးလား ” အလယ်ပိုင်းကုန်းမြေ၏ ဝိဇ္ဇာတစ်ယောက်က ဝင်ပြောလိုက်သည်။ လျို့ဝှက်အရိပ် ထုတ်လိုက်သည့် ပစ္စည်းက သူ့အား အံ့အားသင့်သွားစေသည်မှာ သိသာလှသည်။
နယ်မြေချိုးဖောက်ရေး စူးသည် နတ်ဧကရာဇ်တပိုင်းအဆင့် လက်နက် ဖြစ်ပြီး အစီအရင်နှင့် အာကာပြင်များကို ချိုးဖောက်ရာ၌ အသုံးပြုလေ့ရှိသည်။
လွန်ခဲ့သော နှစ်တစ်သောင်းခန့်က အားကောင်းလှသည့် မိစ္ဆာဝိညာဉ် ကျင့်ကြံသူများသည် အလယ်ပိုင်းကုန်းမြေ အထွတ်အမြတ်မြေတစ်ခု၏ ကာကွယ်ရေး အစီအရင်ကို ထိုစူးဖြင့် အတင်းကျပ် ထိုးဖောက်ကာ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
ထိုအထွတ်အမြတ်မြေက တစ်ညတာအတွင်း အမြစ်ဖြတ်ရှင်းထုတ်ခံလိုက်ရပြီး မည်သူမှ အသက်မရှင်ပေ။ ထိုအဖြစ်အပျက်က မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်ကိုပင် အထိတ်တလန့် ဖြစ်သွားစေခဲ့သည်။
လူများစွာက ထိုအဖြစ်အပျက် ထပ်မံ ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြသောကြောင့် မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်က သူတို့၏ ထိပ်သီးကျင့်ကြံသူများကို လွတ်ကာ မိစ္ဆာဝိညာဉ်ဂိုဏ်းအား ရှင်းထုတ်စေခဲ့သည်။
ကံဆိုးစွာဖြင့် မိစ္ဆာဝိညာဉ်ဂိုဏ်းက ထွက်ပြေးသွားနိုင်ဆဲ ဖြစ်၏။
ကောလဟာလများအရ နယ်မြေချိုးဖောက်ရေး စူး ကျိုးသွားသောကြောင့် ပုံမှန်အတိုင်း ထပ်အသုံးပြုလို့ မရတော့ချေ။ မဟုတ်ပါက ဤသို့မျိုး မိစ္ဆာဆန်ဆန် လက်နက်မျိုးက အထွတ်အမြတ်မြေများ၏ အိပ်မက်ဆိုး ဖြစ်နေဦးပေမည်။
သူတို့က လျို့ဝှက်အရိပ်သည် ထိုစူးကို ဤနေရာသို့ ယူဆောင်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူက ကောင်းကောင်း ပြင်ဆင်ထားသည်မှာ သိသာလှ၏။
ထိုစဉ် လျို့ဝှက်အရိပ်က လှုပ်ရှားပြီးသွားလေပြီ။ သူက နယ်မြေချိုးဖောက်ရေး စူးကို ဝေ့ယမ်းကာ ကောင်းကင်ယံရှိ မိုးကြိုးအစီအရင်အား ဖျက်စီးပစ်လိုက်သည်။
ဝုန်း …
ကျယ်လောင်သည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
မိုးကြိုးသန့်စင်ချက်၌ အက်ကြောင်း ချက်ချင်းပေါ်လာခဲ့ပြီး လျို့ဝှက်အရိပ်က ထွက်ပြေးဖို့ အခွင့်အရေး ရလာခဲ့သည်။ လျို့ဝှက်အရိပ်က ထွက်ပြေးပြီးသည့်နောက်တွင် အမြန်အဆန် ထွက်မသွားသေးပေ။ သူက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်အား အေးစက်စက် ကြည့်လိုက်သေး၏။
“ ဒါကို မှတ်ထားမယ်။ နောက်ကျရင် မိစ္ဆာဝိညာဉ် တပ်မဟာကြီးက လာတိုက်လိမ့်မယ်။ အကြောက်တရား အရသာကို ကောင်းကောင်း ခံစားကြည့်ကြပေါ့။ ဟားဟား ”
………...
လျို့ဝှက်အရိပ်သည် ကောင်းကင်ထဲ ဟားတိုက် ရယ်မောနေလေသည်။ သူက ခြောက်ကြိမ်မြောက် စမ်းသပ်ချက် ခံယူထားသည့် ဝိဇ္ဇာ ဖြစ်ရာ သူ့အမြန်နှုန်းက မဟာဝိဇ္ဇာနှင့် ယှဉ်နိုင်ပေသည်။
အကယ်၍ သူသာ ထွက်သွားလိုက်ပါက မည်သူမှ တားနိုင်မည် မဟုတ်ပေ။
သို့သော်လည်း ထိုအခိုက်အတန့် အပြောင်းအလဲ ထပ်မံ ဖြစ်ပေါ်လာသည်။
ချွမ် …
အသံတစ်ခု ထွက်ပေါ်လာ၏။
လျို့ဝှက်အရိပ်နောက်တွင် ရွှေရောင်တုတ်ချောင်း ပေါ်လာပြီး သူ့ခေါင်းအား ရိုက်လွတ်လိုက်သည်။
ကြာပြာကောင်းကင်အသျှင်၏ ပုံရိပ်က ရုတ်ချည်း ပေါ်ထွက်လာပြီး “ အဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောမနေနဲ့။ မင်းကို ငါ့တုတ်နဲ့ သေတဲ့အထိ ရိုက်ပစ်မယ် ”
ထိုဝိဇ္ဇာပင် ကြာပြာကောင်းကင်အသျှင်၏ တုတ်ချက်ကြောင့် မူးနောက်နောက် ဖြစ်လာကာ ကောင်းကင်မှ ပြုတ်ကျသွားသည်။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ကောင်းကင်ယံဆီ အရှိန်မြင့်လိုက်ပြီးနောက် လျို့ဝှက်အရိပ်အား မိုးကြိုးသံကြိုးများဖြင့် ရစ်ပတ်လိုက်သည်။
ဂိုဏ်းချုပ်၏ ကောင်းကင်အရှိန်အဝါတို့က လှုပ်ခတ်သွားပြီး အသံဆက်သွယ်ကာ ပြောလိုက်သည် “ အစ်ကိုကြီးက ကျွန်တော်ရဲ့အမှတ်တွေ ဝင်လုနေတာလား ”
ကြာပြာက ပို၍ တောက်တောက်ပပ ပြုံးလိုက်ကာ ပြန်ဖြေလိုက်သည် “ ညီလေးရေ မင်းရဲ့ စွမ်းအားတွေကို ဝှက်ထားဖို့ ဘယ်သူက ပြောလို့လဲ။ မင်းက ဉာဏ်များနေတဲ့ မြေခွေးအိုကြီး … ငါက လျို့ဝှက်အရိပ်ကို ဖမ်းပေးတဲ့ အကျိုးပြုမှုလေး ခံစားရတော့မယ် ”
ဟားဟား ငါ ဒီလောက် အကျိုးပြုထားပြီးရင် အကျိုးမြတ် ထပ်ရဖို့ ဂိုဏ်းတူတူလေးကို သွားရှာရမယ်
“ ကြာပြာ မင်းက ကျင့်ဝတ်မရှိဘူလား။ ငါ့ကို ခိုးကြောင်ခိုးဝှက် လုပ်ကြံရဲတယ်ပေါ့ ” လျို့ဝှက်အရိပ်က အော်ပြောလိုက်သည်။
ကံဆိုးစွာဖြင့် သူက မိုးကြိုးသံကြိုးများဖြင့် ချည်နှောင်ထားခံရသောကြောင့် လုံးဝ တုံ့ဆိုင်းနေလေသည်။
ဘေးဘက်ရှိ ဝိဇ္ဇာများပင် ထိုမြင်ကွင်းကို ကြည့်ကာ ဘာပြောရမှန်း မသိတော့ပေ။
သူတို့က အမြန်နှုန်းသည် မဟာဝိဇ္ဇာနှင့် ယှဉ်နိုင်ပြီး နတ်ဧကရာဇ်တပိုင်းအဆင့် လက်နက် ကိုင်ဆောင်ထားသည့် လျို့ဝှက်အရိပ်သည် ကြာပြာ၏ တုတ်ချက်ကြောင့် အလွယ်တကူ ကျရှုံးသွားလိမ့်မည်ဟု မထင်ထားကြပေ။
ရှန်ထျန်းက ခေါင်းခါပြီး သက်ပြင်းချလိုက်သည်။
“ ဘာကြောင့်များ လေပေါနေရတာတုန်း ”
ဝတ္တုတွေရဲ့ သဘောတရားအရဆိုရင် လူဆိုးတွေက လေပေါလို့ သေရတာချည်းပဲ …