← Chapters

စီနီယာအစ်ကိုက ငါ့ကို ကြိုက်နေတာ

Vol. 28 Ch. 416

စီနီယာအစ်ကိုက ငါ့ကို ကြိုက်နေတာ

Vol. 28 Ch. 416

အခန်း (၄၁၆)  :  စီနီယာအစ်ကိုက ငါ့ကို ကြိုက်နေတာ

ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို သောက်သုံးပြီးနောက် ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်၏ အငွေ့အသက်များက တောက်ပလာသည်။ အံ့ဖွယ်အလင်းများ ဝေ့ဝဲလာကာ ထူးခြားလွန်းလှသည်။

သူမခန္ဓာကိုယ်ထဲ ဆေးစွမ်းအားလှိုင်းများ တစ်ခုပြီး တစ်ခု လှည့်ပတ်လိုက်ပြီးနောက် သူမ နံရိုးနှင့် အရိုးများထဲ စိမ့်ဝင်စေလိုက်သည်။ သူမအငွေ့အသက်များက ပို၍ အားကောင်းလာကာ ပြောင်မြောက်သည့် အသွင်ပြောင်းမှုမျိုး ဖြတ်ကျော်နေသလိုမျိုး ဖြစ်နေသည်။

ချွီ …

ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်၏ ခန္ဓာကိုယ်မှ မျက်စိစူးမတတ် အလင်းများ ထွက်လာပြီး ကောင်းကင်ယံသို့ ထိုးတက်သွားကာ ဘေးပတ်လည် အာကာပြင်ကိုပင် တုန်ခါသွားစေသည်။

ဝုန်း …

ကောင်းကင်တွင် မိုးခြိမ်းသံလိုမျိုး ထွက်ပေါ်လာကာ အားလုံးကို အလန့်တကြား ဖြစ်သွားစေသည်။

တိမ်မည်းမည်းများ စုစည်းလာကာ ကြောက်မက်ဖွယ် အံ့ဖွယ်စွမ်းအားတချို့ ထုတ်လွှင့်နေသည်။ အံ့ဖွယ်မိုးကောင်းကင်အထက် ဝေ့ပတ်နေသော တိမ်မည်းများမှ ထုတ်လွှင့်နေသည့် ဖိအားပြင်းပြင်းက ယခုအခါ အားလုံး၏ အာရုံကို ဖမ်းစားသွားသည်။ ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်က ဆေးလုံးကို သောက်လိုက်ပြီးနောက် အဆင့်တက်လှမ်းကာ မိုးကြိုးစမ်းသပ်ချက် ခံယူရတော့မည်မှန်း သိသာလှသည်။

အထွတ်အမြတ်မြေအသီးသီးမှ ဂိုဏ်းချုပ်များက ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်အား ကြည့်လိုက်ကြသည်။

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူမက လတ်တလောလေးကမှ စမ်းသပ်ချက် ခံယူထားတာ မဟုတ်ဘူးလား ”

ဝိဇ္ဇာတစ်ယောက်အနေနှင့် သူတို့ကျင့်ကြံဆင့်ကို တိုးမြင့်နိုင်ဖို့ အလွန်ခက်ခဲလှသည်။

နှစ်ရာချီ သို့မဟုတ် နှစ်ထောင်ချီ ကြိုးစားမှုမပါဘဲ နောက်တစ်ဆင့် တက်လှမ်းဖို့ မဖြစ်နိုင်သလောက်ပင်။

ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်က လတ်တလောကမှ စမ်းသပ်ချက် ခံယူထားသူ ဖြစ်သောကြောင့် ယခု ဘယ်လိုလုပ် နောက်ထပ် စမ်းသပ်ချက်ကို ခံယူရမည်နည်း။

ဒီဆေးလုံးက တကယ်ကြီး အဲလောက်တောင် ထူးခြားတယ်လား။ ဝိဇ္ဇာကိုတောင် စမ်းသပ်ချက် ခံယူနိုင်လောက်စေတဲ့အထိလေ …

ထိုသို့ဆိုလျှင်ပင် သူတို့ မစိုးရိမ်ဘဲ မနေနိုင်ကြပေ။ ဝိဇ္ဇာတစ်ယောက်အား မိုးကြိုးစမ်းသပ်ချက် နှိုးဆွပေးနိုင်ရန် ကူညီပေးနိုင်သော အခြားသော ဆေးလုံးများစွာ ရှိနေသေးသည်။ ဤသည်က ပုံမှန်သာ ဖြစ်သည်။ အဓိကအချက်မှာ မိုးကြိုးစမ်းသပ်ချက်ကို ကျော်လွှားနိုင်မလားဆိုသည့်အချက်သာ ဖြစ်၏။

မိုးကြိုးစမ်းသပ်ချက်သည် ဟာသ မဟုတ်ကြောင်း သိထားရမည်။ အကယ်၍ လူတစ်ယောက်က လုံလုံလောက်လောက် အားမကောင်းပါက ကောင်းကင်စမ်းသပ်ချက် မိုးကြိုးအောက်တွင် သေသွားနိုင်သည်။

ထိုအခါ ထိုလူက အဆင့်တက်လှမ်းခြင်း ကျရှုံးသွားရုံသာမက သေသည့်အထိ ပေါက်ထွက်သွားလိမ့်မည်။

စမ်းသပ်ချက် အငွေ့အသက်များက တဖြည်းဖြည်း အားပိုကောင်းလာသည်။

မိုးကြိုးစမ်းသပ်ချက် တိမ်တိုက်များက ကောင်းကင်အနှံ့ နေရာယူထားပြီး အားလုံး၏ စိတ်ထဲ အကြောက်တရားအပြည့် ဖြစ်လာစေသည်။ ဝိဇ္ဇာများက တစ်ခုခု လွဲမှားနေကြောင်း သတိပြုမိလိုက်ကြသည်  “ ဒီဆေးလုံးက နှစ်ဆစမ်းသပ်ချက်ကို နှိုးဆွနိုင်တာလား ”

ထိုသို့ဆိုလျှင် ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးက အမှန်တကယ် ဆန်းကြယ်လွန်းလှသည်။

မည်သို့ပင်ဆိုစေကာမူ သာမန်ဝိဇ္ဇာအတွက် ကိစ္စကောင်း မဟုတ်ပေ။

ဝိဇ္ဇာက စမ်းသပ်ချက်တစ်ခု ရင်ဆိုင်နိုင်ဖို့ အားကုန်ထုတ်သုံးရသည်။ ယခုအရာကား နှစ်ဆ စမ်းသပ်ချက် ဖြစ်နေသည်။

အကယ်၍ နှစ်ဆမိုးကြိုးစမ်းသပ်ချက်ကို နှိုးဆွနိုင်ခဲ့သော်လည်း ကျော်ဖြတ်ဖို့ စွမ်းအားလုံလုံလောက်လောက် မရှိလျှင်  ဝိဇ္ဇာအတွက် အဆုံးသတ်သွားနိုင်သည်။ ထိုဆေးလုံးက မရဏဆွဲဆောင် ဆေးလုံး ဖြစ်သွားပေမည်။

................

ဂိုဏ်းချုပ်တို့က အဖြစ်အပျက်ကို လေ့လာသုံးသပ်နေကြစဉ် ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်က လေထဲ ရောက်သွားလေပြီ။

အဆုံးမဲ့ တိမ်တိုက်များက ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုကို ထုတ်လွှင့်နေပြီး နေရာတစ်ခုလုံးအား ကောင်းကင်စမ်းသပ်ချက် မိုးကြိုးများစွာဖြင့် ဖုံးလွှမ်းသွားစေသည်။

ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်က လေထဲတွင် ရပ်နေကာ သူမနောက်တွင် အလင်းတန်းများ ဖြာထွက်နေ၏။ ထိုအလင်းတန်းများက ဧရာမ လသုံးစင်း ဖွဲ့စည်းထားကာ ကောင်းကင်တစ်ခွင် ဖုံးအုပ်လုမတတ် ဖြစ်နေသည်။

ဤသည်မှာ မဟာလမင်း ဖွဲ့စည်းတည်ဆောက်ပုံ ပုံရိပ်သဏ္ဌာန် ဖြစ်ပြီး ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်က စမ်းသပ်ချက် ခံယူဖို့အတွက် အမြင့်ဆုံးအနေအထားအထိ အသက်သွင်းထားခဲ့သည်။ သိပ်မကြာခင် သူမခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာကာ လမင်းသုံးစင်းအား ရွှေရောင်လွှမ်းသွားစေသည်။ ရွှေရောင်အလင်း၏ ပံ့ပိုးပေးမှုကြောင့် လမင်းသုံးစင်းက တုန်ခါလာကာ ပိုမိုတောက်ပသော အလင်းရောင်တို့ ထုတ်လွှင့်လာသည်။

ထိုစဉ် ရွှေရောင်တောက်ပနေရာမှ လမင်းခြောက်စင်း ထွက်လာသည်။ ထိုလမင်းခြောက်စင်းက နက်နဲသည့် အလင်းရောင်များ ခြုံလွှမ်းထားပြီး ပထမ လမင်းသုံးစင်းနှင့် ပနံ့သင့်နေကာ လမင်းကိုးစင်း ဖြစ်သွားလေသည်။

ဂိုဏ်းချုပ်အားလုံးက တစ္ဆေတစ်ကောင် မြင်လိုက်ရသည့်အလား ထိုမြင်ကွင်းကြောင့် အံ့ဩတုန်လှုပ်သွားကြသည်။

အားလုံးက ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်တွင် မဟာလမင်း ဖွဲ့စည်းပုံ ရှိထားမှန်း သိကြပေသည်။ သူတို့က သူမ၏ ကျင့်ကြံဆင့်နှင့် တိုက်ခိုက်စွမ်းရည်ကိုလည်း ကောင်းကောင်း နားလည်ထားကြ၏။ သို့သော်လည်း ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်က ယခု လမင်းကိုးစင်းအထိ ဖွဲ့စည်းနိုင်ထားလေပြီ။ သူမစွမ်းအားမှာ သိသိသာသာ တိုးတက်လာကြောင်း ထင်ရှားလှသည်။

အစောလေးအထိ သူမက လမင်းသုံးစင်းအထိသာ ဖွဲ့စည်းနိုင်ခဲ့သည်။

ကောင်းကင်ယံတွင် လမင်းကိုးစင်းက လှပတင့်တယ်ကာ ခမ်းနားလှသည်။

ရှေးခေတ်အခါကတည်းက လမင်းကိုးစင်း ပုံရိပ်သဏ္ဌာန်ကို ထုတ်ဖော်နိုင်သူသည် နယ်မြေငါးခုကို လွှမ်းမိုးနိုင်လောက်အောင် သူမတူ ပါရမီမျိုးကို ပိုင်ဆိုင်ထားသူ ဖြစ်၏။

သူတို့သာ တဝက်တပျက် အားမလျော့သွားသရွေ့ ဤအဆင့် ပါရမီရှင်သည် အနည်းဆုံး နတ်ဧကရာဇ်တပိုင်း အလားအလာ ရှိသည်။ အကယ်၍ သူတို့သာ ကံအပြာင်းအလဲ အခွင့်အရေးများကို ဆက်လက် ရှာဖွေစုဆောင်းနိုင်လျှင် နတ်ဧကရာဇ် ဖြစ်လာနိုင်သည်။

ယခု ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်က ထိုပုံရိပ်သဏ္ဌာန်ကို ထုတ်ပြလာခဲ့သည်။

အားလုံးက မအံ့ဩဘဲ မနေနိုင်ကြတော့ပေ။

အချိန်တိုအတွင်း ဤသို့ ဆင့်ကဲတိုးတက်လာခြင်း၏ တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးသာ ဖြစ်ရမည်။

ကျစ် … ဒီဆေးလုံးက ဒီလောက်တောင် အလားအလာရှိတယ်လား

ဂိုဏ်းချုပ်များက အသက်ပြင်းပြင်းရှုသွင်းလိုက်မိကြသည်။ သူတို့က ကမ္ဘာကြီးအကြောင်း ကောင်းကောင်းနောကြေနေသော်လည်း ဝိဇ္ဇာတစ်ယောက်အား သိသိသာသာ ပြောင်းလဲပေးနိုင်သည့် ဆေးလုံးမျိုးကို မမြင်ဖူးခဲ့ကြပေ။

ဆန်းကြယ်လွန်းလှပေသည်။ အမှန်တကယ်ကို ကောင်းကင်ဘုံ သွေဖယ်နေလေ၏။

ဝုန်း …

ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်အား မိုးကြိုးလွှမ်းခြုံသွားသည်။ ကောင်းကင်က မည်းမှောင်လာကာ အဖျက်စွမ်းအားများလည်း ပျံ့နှံ့လာသောကြောင့် ကြောချမ်းစရာကောင်းလှသည်။

သို့သော်လည်း ထိုအမှောင်ထုအတွင်း လရောင်က ထိုးဖောက်ကာ တောက်ပလျက်ရှိနေသည်။

လမင်းကိုးစင်းက ကောင်းကင်ယံတွင် တောက်ပလျက်ရှိပြီး မိုးကြိုးစမ်းသပ်ချက်နှင့် ရင်ဆိုင်နေသည်။ အားကောင်းကာင်း စွမ်းအားလှိုင်းများက ကမ္ဘာမြေကို ဖျက်စီးပစ်ချင်သည့်အလား လေထဲမှ ဆက်တိုက် ထွက်ပေါ်လာသည်။

အဆုံးသတ်တွင် လမင်းစွမ်းအားက အရာအားလုံးကို သိမ်းသွင်းသွားခဲ့သည်။ ကောင်းကင်စမ်းသပ်ချက်ပင် မှေးမှိန်သွားခဲ့၏။

ဝုန်း

ဝုန်း ဝုန်း

ဝုန်း ဝုန်း ဝုန်း

...

ကပ်ဘေး ပြန်ကျရောက်လာသည့်အလား မိုးကြိုးချက်များက တဖန် ပြင်းထန်လာသည်။

ခဏတာအတွင်း ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်က မိုးကြိုးစမ်းသပ်ချက် နှစ်ကြိမ် ခံယူလိုက်ရသည်။ သူမအရှိန်အဝါက သိသိသာသာ တိုးတက်ပြောင်းလဲလာကာ ရောင်စုံ အံ့ဖွယ်အလင်းတန်းများက သူမခန္ဓာကိုယ်အား ရစ်ပတ်ထားလေ၏။

ထူးခြားပြီးတော့ ရင်သပ်ရှုမောဖွယ်ပဲ …

ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်၏ အေးစက်စက် အသံ ထွက်ပေါ်လာသည်  “ အစ်ကိုလုံယွမ်က အမှန်ကို ပြောနေတာပဲ။ ဒီဆေးလုံးက တကယ်ကို ကောင်းကင်ဘုံသွေဖယ်စေနိုင်တဲ့ အာနိသင်မျိုး ရှိနေတယ် ”

သူမအသံက အေးစက်နေသလောက် သူမအသံထဲမှ စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်ပေ။

ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်သည် ဆေးသောက်လိုက်သူ ဖြစ်သောကြောင့် ဤဆေးလုံးသည် မည်မျှအလားအလာရှိကြောင်း ကောင်းကောင်းကြီး သိလိုက်ရသည်။

သူမက မိုးကြိုးစမ်းသပ်ချက် နှစ်ကြိမ်ကို ဖြတ်ကျော်နိုင်ခဲ့ရုံသာမက သူမဖွဲ့စည်းပုံကိုလည်း ဆင့်ကဲတိုးတက်လာစေခဲ့သည်။

သူမ၏ နားလည်နိုင်စွမ်းလည်း တိုးမြင့်သွားကာ ပင်ကိုယ်စွမ်းရည်လည်း မြင့်တက်သွားခဲ့သည်။ သူမ ကျင့်ကြံရေး ခရီးက ယခုမှစ၍ ပိုမို ချောမွေ့သွားတော့မည်။

ဆေးအာနိသင်ကား တကယ်ကို ထိတ်လန့်ဖွယ် ဖြစ်သည်။

ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်၏ အရှိန်အဝါတို့ အပြင်းအထန် ထိုးထွက်လာပြီးနောက် ရောင်စုံအလင်းတန်းတို့က သူမတစ်ကိုယ်လုံးကို အပြည့်အဝ လွှမ်းခြုံသွားသောကြောင့် သူမ၏ အမူအယာကို မည်သူမှ မမြင်နိုင်တော့ပေ။

မည်သို့ပင်ဆိုစေကာမူ သူမအရှိန်အဝါ အတက်အကျက သူမ မည်မျှစိတ်လှုပ်ရှားနေမှန်း ပြသဖို့ လုံလောက်နေလေပြီ။

…………...

ဂိုဏ်းချုပ်၏ ကောင်းကင်အရှိန်အဝါတို့က အသာအယာ လှုပ်ခတ်သွားကာ  “ ရောင်းရင်းကို ဂုဏ်ပြုပါတယ် ”

ကျောက်စိမ်းရေကန်၏ ကျင့်ကြံဆင့်နှင့် ပင်ကိုယ်စွမ်းရည်တို့က ဆေးလုံး သောက်သုံးလိုက်ပြီးနောက်တွင် များစွာ တိုးတက်သွားခဲ့သည်။ ဤသည်မှာ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ် မျှော်လင့်နေသည့်အရာ ဖြစ်၏။

ကျောက်စိမ်းရေကန ဂိုဏ်းချုပ်ကို နမူနာအနေနှင့် မြင်ထားပြီးပြီ ဖြစ်ရာ ထပ်ကြေညာစရာ မလိုတော့ပေ။ မျက်လုံးပါသူတိုင်း ဤဆေးလုံးများသည် မည်မျှအကျိုးထူးကြောင်း မြင်နိုင်ပေသည်။

မျှော်လင့်ထားသည့်အတိုင်း ထိုဂိုဏ်းချုပ်များက ဆူဆူညံညံ ဖြစ်လာကြသည်။

“ ဒီဆေးလုံးက သောက်ရမ်းကြမ်းတာပဲ ”

“ ဒါက ရိုးရိုး အံ့ဖွယ်ဆေးလုံး မဟုတ်နိုင်ဘူး။ ပြိုင်ဖက်ကင်း ဆန်းကြယ်ဆေးလုံးပဲ ဖြစ်ရမယ် ”

“ လူငယ်လေး ဘာလို့ ငေးနေတာတုန်း။ လေလံပွဲကို ဆက်ကျင်းပလေ ”

“ ငါ့ကို နှစ်လုံးပေး မဟုတ်သေးဘူး ငါးလုံးပေး ”

“ ဒီဆေးလုံးတွေက ဘယ်လောက်လဲ။ ငါ့မိသားစု ပိုင်ဆိုင်သမျှ သုံးရမယ်ဆိုရင်တောင် ဝယ်ဦးမှာ ”

ဝိဇ္ဇာများအားလုံးက  ကောင်းကင်ပြုပြင်ရေး ဆေးလုံး အာနိသင်ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရပြီးနောက် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ တချို့ သတ္တိကောင်းသည့် ဝိဇ္ဇာများက မနေနိုင်ဘဲ ကျယ်ကျယ်လောင်လောင် အော်ကာ ဝိဇ္ဇာပုံရိပ်ကိုပင် ဂရုမစိုက်ကြတော့ပေ။ ဤသည်မှာ ဝိဇ္ဇာတစ်ယောက်၏ အခြေခံအုတ်မြစ်ကိုပင် တစ်သက်တာ တိုးတက်စေနိုင်သည့် ဆေးလုံးမျိုး ဖြစ်၏။

သူတို့၏ ကျင့်ကြံဆင့်နှင့် စွမ်းအားကို တိုးမြင့်စေနိုင်သည်။

အခြား နတ်ဧကရာဇ်ဆေးလုံးပင် ဤမျှလောက် သက်ရောက်မှုအားမကောင်းပေ။

တစ်ခါလောက် မျိုချရုံနဲ့ ကောင်းကင်ဘုံကို ချက်ချင်း တက်လှမ်းနိုင်တာလား

ဂိုဏ်းချုပ်အသီးသီးက ယခု နောင်တရလာကြသည်။

ငါ စောစောလေးက ဘာလုပ်နေခဲ့တာလဲ … စောစာလေးက ဘာလို့ မလှုပ်ရှားခဲ့ရတာလဲ

ဝိဇ္ဇာဆေးပင်လေးနည်းနည်းလောက်ပဲလေ … အခုတော့ အချိန်ကောင်းကို လွတ်သွားပြီ။ ငါသာ ဈေးချိုတုန်း မဝယ်ခဲ့ရဘူး။ အခုလို အခြေအနေမျိုးမှာ ဘာလုပ်ရမလဲ

အဲလူတွေက ဘယ်တော့မှ လက်လျော့မှာ မဟုတ်ဘူးဆိုတော့ အခု ဈေးမြင့်မြင့် ပေးရတော့မယ်

နောင်တရလိုက်တာ

.....................

ကောင်းကင်ပြုပြင်ရေး ဆေးလုံး အာနိသင်သည် အပြည့်အဝ ပြသသွားကြောင်း သိသာလှသည်။ ဝိဇ္ဇာများကိုပင် ရူးသွပ်သွားစေနိုင်သည့် ဆန်းကြယ်ဆေးလုံးမျိုး ဖြစ်ကာ မည်သူကများ တောင့်ခံနိုင်မည်နည်း။

လေလံပွဲက ဈေးမြင့်မြင့်ဖြင့် ဆက်လက် သွားတော့မည်မှန်း သိလိုက်ကြ၍ ဂိုဏ်းချုပ်များစွာက နောင်တအပြည့် ဖြစ်နေကြသည်။

သူတို့က ဆေးအာနိသင်ကို ကောင်းကောင်းကြီး မြင်တွေ့ခဲ့ရသောကြောင့် သူတို့ဆုံးဖြတ်ချက်များ ခိုင်မာသွားစေသည်။

သူတို့ ဘယ်လိုဖြစ်ဖြစ် ဝယ်ကို ဝယ်ရမယ် …

သူတို့မှာရှိသမျှ အရာအားလုံးကို စတေးရလျှင်ပင် … သူတို့ကျောက်ကပ်ကို ထုတ်ရောင်းရလျှင်ပင် …

ဆိုင်ရှင်စုန့်က ခဏတာ ကြောင်သွားလေသည်။ သူက ဝိဇ္ဇာများကို ဤသို့အပြုအမူမျိုးဖြင့် မမြင်ဖူးပေ။

ဒါက အဆင့်မြင့် ကျင့်ကြံသူတွေ စုဝေးတဲ့နေရာ ဟုတ်သေးရဲ့လား … ဈေးထဲက ဦးလေးကြီးတွေ၊ အဒေါ်ကြီးတွေ ကျနေတာပဲ

မည်သို့ပင်ဆိုစေကာမူ ဆိုင်ရှင်စုန့်၏ စီးပွားရေးပင်ကိုယ်အသိစိတ်အရ မြန်မြန်ဆန်ဆန် တုံ့ပြန်ကာ တည်ငြိမ်သော အမူအယာကို ပြောင်းလဲလိုက်သည်။

“ စီနီယာတို့ ဒီလေလံပွဲအတွက် နောက်ထပ် ဆေးလေးလုံး ကျန်ပါသေးတယ်။ အားလုံးက တစ်ယောက်ကို တစ်လုံးပဲ လေလံဆွဲခွင့်ရှိပါတယ် ”

ပထမဆုံး ကောင်းကင်ပြုပြင်ရေး ဆေးလုံးသာ အာနိသင်အကောင်းဆုံး ဖြစ်၏။ နောက်ပိုင်း ဆေးလုံးများက အသုံးမဝင်ချေ။

“ အခု ဒုတိယမြောက် ကောင်းကင်ပြုပြင်ရေး ဆေးလုံးအတွက် လေလံစပါ့မယ် ”

အံ့ဖွယ်မိုးကောင်းကင် လေလံပွဲ၏ လေထုက ချက်ချင်း တက်ကြွလာသည်။ လေလံဆွဲနှုန်းကလည်း မထင်ထားလောက်အောင်အထိ ပြင်းထန်လာသည်။

ဆေးလုံးတိုင်းက ဝိဇ္ဇာ အသုံးအဆောင်ပစ္စည်းများနှင့် အဆင့်မြင့် ဝိဇ္ဇာဆေးပင်များစွာ တန်ဖိုးဖြင့် လေလံရောင်းချနိုင်ခဲ့သည်။

ရွေးချယ်စရာ မရှိပေ။ ဝယ်ယူအားက ရောင်းနိုင်အားထက် ကျော်လွန်နေသည် မဟုတ်ပါလော။

လူတစ်ယောက်က ဆေးတစ်လုံး ဝယ်နိုင်လျှင်ပင် ဆေးလုံးများစွာ ဖြစ်နေဦးမည်။ အကယ်၍ သူတို့သာ ယခု လေလံမဆွဲနိုင်လျှင် နောင်၌ ဆေးလုံးထပ်မရှိလာတော့လျှင် မည်သို့ဖြစ်မည်နည်း။

မည်သူကမှ ဤပဟေဠိဆန်ဆန် ဆေးလုံးနှင့် မလွဲချော်လိုကြပေ။

ရလဒ်အနေနှင့် လေလံဈေးက ဆက်တိုးနေပြီး ကောင်းကင်ပြုပြင်ရေး ဆေးတန်ဖိုးကို မြင့်မားလှသည့် တန်ဖိုးအဆင့်တစ်ခုသို့ တွန်းတင်ပေးလိုက်သည်။

တန်ဖိုးက နယ်မြေငါးခုအတွင်း လေလံပွဲများရှိ အခြားအရာများထက် မြင့်တက်သွားလေသည်။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ ကောင်းကင်အရှိန်အဝါတို့က အားပြင်းပြင်း လှုပ်ခတ်သွားကာ သူက အလွန်ကျေနပ်နေမိသည်။

သူတို့တွင် ဝိဇ္ဇာအသုံးအဆောင်နှင့် ဆေးပင်များစွာ ရလိုက်၏။ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ စွမ်းအားကို ပြန်လည် မြင့်တင်ပေးပြီး ထိပ်ဆုံးသို့ ပြန်ဆွဲခေါ်သွားနိုင်ဖို့အတွက် လုံလောက်နေလေပြီ။

ဤလေလံပွဲက ရတနာများစွာ ဆောင်ကျဉ်းပေးလာရုံသာမက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ လွှမ်းမိုးမှု၊ အခြားသူများနှင့် ဆက်ဆံရေးပါ တိုးတက်လာစေသည်။

သူတို့က ဆေးလုံးရသည် ဖြစ်စေ၊ မရသည် ဖြစ်စေ အားလုံးက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေနှင့် ဆက်ဆံရေးကောင်း တည်ဆောက်ဖို့ အစွမ်းကုန်ကြိုးစားနေကြသည်။

ဝိဇ္ဇာတိုင်းက ကောင်းကင်ပြုပြင်ရေး ဆေးလုံး ရဖို့ အိပ်မက်ရှိကြသည် မဟုတ်ပါလော။

ဆေးလုံး သောက်သုံးပြီးသွားသော ဝိဇ္ဇာများပင် သူတို့၏ တပည့်များနှင့် အကြီးအကဲများက ဂိုဏ်းတွင် ကျန်ရှိနေသေးသည် မဟုတ်ပါလော။ အကယ်၍ သူတို့သာ ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို ရနိုင်လျှင် သူတို့ဂိုဏ်းကို စွမ်းအားတိုးမြင့်စေနိုင်လိမ့်မည်။

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေတစ်ခုတည်းသာ ထိုဆေးလုံးများကို ထုတ်လုပ်နိုင်လေသည်။

အံ့ဖွယ်မိုးကောင်းကင် သူတော်စင် တစ်ယောက်တည်းသာ ထိုဆေးလုံးများကို ဖော်စပ်နိုင်၏။

သူတို့သာ ကောင်းကင်ပြုပြင်ရေး ဆေးလုံး လိုချင်လျှင် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို သွားရှာရမည်သာ ဖြစ်သည်။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က အတော်လေး  သဘောကျနေသည်။

ထျန်းအာက ငါတို့ဂိုဏ်းရဲ့ ကံကောင်းစေတဲ့ ကြယ်ပွင့်လေးပဲ …ဂိုဏ်းအတွက် ချမ်းသာကြွယ်ဝမှုအများကြီး သယ်လာပေးတာ

ထျန်းအာသာ ရှိနေရင် ငါတို့ဂိုဏ်းက မြင့်တက်လာဖို့ ကံကြမ္မာဖန်လာပြီးသားပဲ …

..................

ကွေ့ကုန်းကုန်းက ရှန်ထျန်း၏ အရင်းနှီးဆုံး နောက်လိုက် ဖြစ်ရာ ယခု သူ့ဘေးတွင် ရပ်နေရင်း လေလံပွဲကြီးကို လေ့လာနေသည်။ ဂိုဏ်းချုပ်များ ဝိဇ္ဇာဆေးပင်များစွာပေး၍ လေလံဆွဲနေသည်ကို မြင်လိုက်သည့်အခါ ကွေ့ကုန်းကုန်းက ဂုဏ်ယူလာမိသည်။

တစ်ခါက မီးတိုင်းပြည်မှာ အားလုံးရှောင်ရှားကြတဲ့ ကံဆိုးသူ မင်းသား ၁၃ လေးက အခုတော့ နယ်မြေငါးခုမှာ အကျော်ကြားဆုံး ဖြစ်လာခဲ့ပြီ။ ဝိဇ္ဇာကတောင် သူ့ကို အလေးထားကြတယ်

သူက အားလုံး အရူးအမူး ရဖို့ ကြိုးစားနေကြတဲ့ ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို ဖော်စပ်နိုင်တယ် … အရှင့်သားက အခု ထူးချွန်ထက်မြက်နေပြီဆိုတော့ ကိုယ်လုပ်တော်လန်လည်း ကောင်းကင်ဘုံကနေ ကြည့်ပြီး ပြုံးနေလောက်တယ်

..................

ထိုစဉ် ကြာဖြူကောင်းကင်အသျှင်က လေလံပွဲကို ကြည့်ရင်း အံ့ဩတကြီး ဖြစ်နေမိသည်။ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ဆေးပညာရှင်တစ်ယောက်အနေနှင့် သူမက တခြားသော အထွတ်အမြတ်မြေများကို ဆေးလုံးများ ထောက်ပံ့ပေးရသည်။ ယခင်က သူမလည်း ဆေးလုံးများကို လေလံပွဲ ကျင်းပခဲ့ဖူး၏။

သို့သော် သူမ ပါဝင်ဆင်နွဲခဲ့သော လေလံပွဲများက ဤလေလံပွဲနှင့် ယှဉ်လိုက်လျှင် ဘာမှမဟုတ်တော့ချေ။

ဒါက ဝိဇ္ဇာတွေကိုတောင် အရူးအမူး ဖြစ်စေတဲ့ ဆေးလုံးလား။ တစ်လုံးရဖို့တောင် ချွတ်ခြုံကျသွားဖို့ လိုလားတယ်တဲ့လား …

အရှင်းဆုံးပြောရလျှင် ဤဆေးလုံးက နတ်ဧကရာဇ်တပိုင်းအဆင့် ဖြစ်လာနိုင်စွမ်း ပေးလာနိုင်သည်။ ဒဏ္ဍာရီထဲ ညွှန်းဆိုကြသည့် နတ်ဧကရာဇ်အဆင့် ဆေးလုံးများပင် ယှဉ်ကြည့်လိုက်ပါက မှေးမှိန်သွားလိမ့်မည်။

ဤဆေးလုံးက ဝိဇ္ဇာများဆီမှ ဤသို့သော တုံ့ပြန်မှုမျိုး ရရှိဖို့ အကျိုးအကြောင်း သင့်ပေသည်။

ကြာဖြူကောင်းကင်အသျှင်က အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ကို ကြည့်ကာ  “ အစ်ကို … ထျန်းအာက ကောင်းကင်ပြုပြင်ရေး ဆေးဆယ်လုံး ပေးလိုက်တာ မဟုတ်ဘူးလား။ ဒီပွဲမှာ ဘာလို့ အကုန်မရောင်းလိုက်တာလဲ ”

အကယ်၍ သူတို့သာ အကုန်ထုတ်ရောင်းလိုက်လျှင် သေချာပေါက် ဈေးမြင့်မြင့် ရလာပေမည်။ သူတို့အထွတ်အမြတ်မြေအတွက်လည်း ပွပေါက် ဖြစ်လာလိမ့်မည်။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ ကောင်းကင်အရှိန်အဝါများ လှုပ်ခတ်သွားကာ  “ငါတို့က သူတို့ဈေးနှုန်းကို အမြင့်ဆုံးအထိ ဆွဲခေါ်နိုင်ဖို့ ဆေးငါးလုံးပဲ ထုတ်ရောင်းတာလေ ”

ကြာဖြူကောင်းကင်အသျှင်က အံ့ဩတကြီးဖြင့်  “ သူတို့ဈေးတိုးလာအောင်လို့လား ”

ဂိုဏ်းချုပ်က တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်

“ တစ်ခါတစ်လေ ရတနာတွေက အရေအတွက် ကန့်သတ်ထားတဲ့အခါမှာ ပိုအဖိုးတန်တတ်တယ်လေ။ ဒီဆေးလုံးရဲ့ အာနိသင်ကို မျက်မြင်ကိုယ်တွေ့ ကြုံပြီးသွားတော့ လေးလုံးပဲ ကျန်တော့တာကို သိပြီး အလျှင်လိုကြလာလိမ့်မယ်။

အခု ဒီနေရာမှာ ဝိဇ္ဇာအရေအတွက် များတယ်လေ။ သူတို့ထဲက ဘယ်သူကများ ဆေးလုံးကို မလိုချင်ဘဲ နေမှာလဲ။

သူတို့ကို အလောသုံးဆယ် ဖြစ်ခိုင်းလိုက်ရင် ဒီလူတွေက ရတနာအကုန်ထုတ်ပြီး လေလံဆွဲကြလိမ့်မယ်။ သူတို့ လေလံဆွဲလေလေ ဈေးက မြင့်လေလေ … အဲဆို သူတို့ ပိုစိတ်ဓာတ်ကျလေလေပဲ။

တကယ်လို့ သူတို့ အကုန်ထုတ်မသုံးရင် ဆေးလုံး တစ်လုံး မရနိုင်ဘူး။ ဒီလိုမျိုး အခြေအနေအောက်မှာ ဘယ်သူက တောင့်ခံပြီးတော့ ဈေးကောင်းကောင်းကို စောင့်နေဦးမှာလဲ။ နည်းနည်းလေး တုံ့ဆိုင်းသွားတာနဲ့ လေလံပွဲက မျက်စိတစ်မှိတ်အတွင်း ပြီးဆုံးသွားမှာလေ။

တကယ်လို့ လေလံပွဲမှာ ဆေးလုံးအများကြီး ရှိနေရင် ဒီလူတွေက အလောတကြီး ဖြစ်နေတယ်ဆိုတဲ့ ခံစားချက်မျိုးကို ခံစားရမှာ မဟုတ်ဘူး။ သူတို့ ဒီဆေးလုံး မရရင်တောင် နောက်ထပ် ထပ်စောင့်လို့ ရသေးတယ်။ ဘာဖြစ်ဖြစ် ဆေးကိုးလုံးတောင် ကျန်နေဦးမှာမလား။

အဲလိုဖြစ်လာရင် ငါတို့က ဆေးလုံးတန်ဖိုးကို အမြင့်ဆုံးအထိ တင်လို့ ရမှာ မဟုတ်တော့ဘူး ”

…………...

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ လေသံက ပျော့ပျောင်းလာကာ ရှင်းပြလိုက်သော်လည်း ကြာဖြူကောင်းကင်အသျှင်က ကျေနပ်နေသည်။

လေလံပွဲနဲ့ ပတ်သတ်ပြီး ဒီလောက်နက်နက်နဲနဲ ဘယ်သူကများ စဉ်းစားမိမှာလဲ။ ဂိုဏ်းတူအစ်ကိုက တကယ်ကို ဉာဏ်ကောင်းလွန်းတယ်

ဂိုဏ်းချုပ်က ထိုဝိဇ္ဇာများအား ကြည့်ကာ

“ ငါတို့ ကျန်တဲ့ဆေးလုံးတွေကို နောက်ထပ် လပိုင်းလောက်နေမှ လေလံထပ်ပစ်ကြမယ်။ ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးရဲ့ သတင်း ပျံ့နှံ့သွားပြီးတဲ့နောက် ဝိဇ္ဇာအများကြီးကို ဆွဲဆောင်မိပြီး ရောက်လာစေလိမ့်မယ်။

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကပဲ ဒီပဟေဠိဆန်ဆန် ဆေးလုံးတွေ ရှိတာလေ။ ပြီးတော့ ဆေးလုံးကလည်း နည်းနည်းပဲ ကျန်တော့တယ်။ အဲဒီအခါ ဒီဆေးလုံးတွေရဲ့ တန်ဖိုးက ထပ်မြင့်သွားလိမ့်မယ်။ အဲလိုနဲ့ ဆေးလုံးတန်ဖိုးက အမြင့်ဆုံးအထိ ဖြစ်လာမှာ ”

ဘေးတွင် ရပ်နေသည့် ကြာပြာကောင်းကင်အသျှင်က မနေနိုင်ဘဲ သူ့ဘာသာ ရေရွတ်လိုက်မိသည် “ ညီလေး  … မင်းက ဉာဏ်များပြီးတော့ တွက်ချက်တတ်တာပဲ”

ကောင်းကင်တာအိုကျမ်းကို ကျင့်ကြံပြီးနောက် စိတ်ခံစားချက်များနှင့် စိတ်ဆန္ဒများကို ဖြတ်တောက်ပစ်နိုင်လိမ့်မည်ဟု မည်သူ ပြောခဲ့သနည်း။

ဒီလူရဲ့ စီးပွားရေး တွက်ချက်မှုက ဟိုဉာဏ်များများ စီးပွားရေးသမားတွေထက် ပိုဉာဏ်များသေးတယ် …

သနားစရာကောင်းတဲ့ ဂိုဏ်းချုပ်တွေနဲ့ အကြီးအကဲတွေက မသိမသာ ခံနေရတာပဲ …

သူတို့က ဆေးလုံးအတွက်ဆို အောက်ခံဘောင်းဘီတောင် ထုတ်ရောင်းလောက်တယ်

တစ်ဖက်တွင် ကြာဖြူကောင်းကင်အသျှင်က ဂိုဏ်းချုပ်၏ ရှင်းပြချက်များကို နားထောင်ပြီးနောက် လေးစားမှုအပြည့် ဖြစ်နေသည်။

“ အစ်ကိုက အရာအားလုံးကို ထည့်တွေးထားတာပဲ။ ညီမ ကောင်းကောင်း သင်ယူခဲ့ရပါတယ် ”

တကယ်ကို ရှိန်လောက်တယ်  …

အစ်ကိုက ဂိုဏ်းချုပ် ဖြစ်နေတာ မဆန်းတော့ပါဘူး။ အစ်ကိုလုံယွမ်နဲ့ ကျန်လူတွေကြား ကွာဟချက်က ကြီးမားလွန်းနေတာကိုး

သူက ငါ့နှလုံးသားလေးရဲ့ အလိုဆန္ဓ ဖြစ်နေတာ မဆန်းတော့ဘူး။ သူက အရမ်းကို သားနားတယ် … အမြဲတမ်း တောက်ပနေရော

...

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ကောင်းကင်ပြုပြင်ရေး ဆေးတစ်လုံး ထုတ်ယူကာ ကြာဖြူကောင်းကင်အသျှင်အား ပေးလိုက်သည်  “ ညီမကြာဖြူ ဒီဆေးလုံးက မင်းအတွက် ”

ကြာဖြူကောင်းကင်အသျှင်က ကျောက်ရုပ်နီးပါး ဖြစ်သွားပြီးနောက် မြန်မြန် ပြောလိုက်သည်  “အစ်ကို ဒီဆေးလုံးက အရမ်းအဖိုးတန်တယ်။ ညီမ လက်မခံနိုင်ဘူး”

ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံး၏ တန်ဖိုးက သိသာလေသည်။ ဝိဇ္ဇာများပင် အရူးအမူး လိုချင်နေသည် မဟုတ်ပါလော။

ဆေးတစ်လုံးက ဝိဇ္ဇာအသုံးအဆောင်များနှင့် ဆေးပင်အမြောက်အများ ရလာစေနိုင်သည်။

‘ ဒီလိုအဖိုးတန်တဲ့ ဆေးလုံးမျိုးကို အစ်ကိုက ငါ့ဆီ ပေးနေတာ။ သူသာ ငါ့ကို မကြိုက်ရင် မပေးလောက် … ’

ကြာဖြူကောင်းကင်အသျှင်၏ မျက်နှာက နီရဲလာသည်။

ဂိုဏ်းချုပ်က တည်တည်ငြိမ်ငြိမ် ထပ်ပြောလိုက်သည်

“ ညီမ ဒီဆေးလုံးက အထွတ်အမြတ်မြေကနေ ပေးတဲ့ လက်ဆောင်ပါ။ ငါက ထျန်းအာကို ဈေးကွက်ဈေးနှုန်းအတိုင်း ပြန်ပေးလိုက်မယ်။ တကယ်လို့ ညီမသာ ဆေးပညာရှင် ဝိဇ္ဇာ ဖြစ်လာခဲ့ရင် ဂိုဏ်းအပေါ် ပိုအကျိုးပြုနိုင်မယ် မဟုတ်ဘူးလား။

မငြင်းပါနဲ့တော့။ ဒါက နှစ်တွေအများကြီး မင်း ဂိုဏ်းအပေါ် အလုပ်အကျွေးပြုလာတဲ့ ဆုလာဘ်ပဲလေ ”

ကြာဖြူကောင်းကင်အသျှင်က ပိုနီရဲလာကာ ပြတ်ပြတ်သားသား ပြောလိုက်သည်  “ ညီမ အစ်ကိုကို စိတ်မပျက်စေရပါဘူး ”

ကြာဖြူကောင်းကင်အသျှင်သည် ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို ကိုင်ထားရင်း အတော်လေး စိတ်လှုပ်ရှားနေမိသည်။

အစ်ကိုက ငါ့ကို ဆေးပညာရှင် ဝိဇ္ဇာဖြစ်လာခိုင်းပြီး ဂိုဏ်းကို အကျိုးပြုစေဖို့အတွက်ပဲ တွေးနေတာလို့ မထင်ဘူး … ကမ္ဘာကြီးက ကမောက်ကမ ဖြစ်လာတော့မှာဆိုတော့ အစ်ကိုက ငါ့လုံခြုံရေးကို စိတ်ပူနေတာပဲ ဖြစ်ရမယ်။ အဲဒါကြောင့် ငါ့စွမ်းအားကို မြင့်တင်ဖို့ ဒီဆေးလုံးကို ပေးလာတာပဲ

အချိန်ကျလာတဲ့အခါကျ ငါ့ဘာသာ ကာကွယ်နိုင်အောင်လို့လေ။ ဟုတ်တယ် အသေအချာပဲ … ကြည့်ရတာ အစ်ကိုက ငါ့အပေါ် ဂရုစိုက်တာပဲ

ငါ ဒီနေ့ ပြန်သွားပြီးတာနဲ့ ဆေးလုံး ဖော်စပ်ရမယ်။ ငါက အစ်ကိုအတွက် အားအကောင်းဆုံးနဲ့ အသင့်တော်ဆုံး အမျိုးသမီးဆိုတာ သိအောင် ပြရမယ်

ပြီးတော့ ယွင်ရှီးနဲ့ ယွင်ထင်လည်း ရှိသေးတယ်။ သူတို့နှစ်ယောက်ကိုလည်း ကောင်းကောင်း ဆက်ဆံပေးရမယ်။ မိထွေးဖြစ်ရတာ ခက်ခဲပေမဲ့ ငါတို့တွေ နားလည်မှုလွဲလို့ မဖြစ်ဘူးနော်

……………...

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ထွက်မသွားခင် ခေါင်းအသာညိတ်ပြခဲ့သည်။

သိပ်မကြာခင် လေလံပွဲ ပြီးဆုံးသွားသောကြောင့် သူက နောက်ဆုံး စီမံမှုများနှင့် ကြေညာမှုများ လုပ်ဆောင်ရပေဦးမည်။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ နောက်ကျောကို ငေးကြည့်နေရင်း ကြာပြာကောင်းကင်အသျှင်က နှုတ်ခမ်းတင်းတင်းစေ့ထားမိလိုက်သည်

“ ငါ အချိန်ဖြုန်းပြီးတော့ ဆေးတစ်လုံးတောင် မရလိုက်ဘူး။ ဒီကောင်စုတ်လေးက သူ့ရည်းစားဟောင်းကို ဒီလိုပေးပစ်တယ်ပေါ့လေ။ အဆင့်အတန်းကို အလွဲသုံးစား လုပ်နေတာပဲ။ သူငယ်ချင်းကို ပစ်ပြီး အမျိုးသမီနောက် လိုက်သွားတယ်ပေါ့လေ … ခွေးကောင် ”

ကြာဖြူကောင်းကင်အသျှင်က ပိုနီရဲလာကာ  “ အဟမ်း အစ်ကိုကြီးကလည်း လျှောက်မပြောပါနဲ့ ”

သို့သော် ပထမစီနီယာအစ်ကိုကြီး၏ စကားများက အလွန်တိကျပေသည်။

အစ်ကိုလုံယွမ်က ငါ့ကို အလေးပေးတယ်လေ … အား မဖြစ်သေးပါဘူး ငါ့မျက်နှာကြီး အရမ်းပူလာပြီ

ကြာပြာကောင်းကင်အသျှင်က ကြာဖြူကို ကြည့်ကာ ဆက်စလိုက်သည်

“ ညီမလေးကြာဖြူ … ငါက လျှောက်ပြောနေတာ မဟုတ်ဘူး။ မင်းစိတ်ထဲ ဘာရှိလဲဆိုတာ မင်းလည်း သိပါတယ်။

တကယ်လို့ မင်း အဲဒီကောင်စုတ်လေးကို ရချင်ရင် မင်း မြန်မြန်သွက်သွက်လက်လက် လုပ်ရမယ်။ မဟုတ်ရင် သူက ကောင်းကင်တာအိုကျမ်းမှာ နောက်တစ်ဆင့် တက်သွားရင် ဘာကိုမှ တုံ့ပြန်တော့မှာ မဟုတ်ဘူး။ အဲဒီအခါကျ ငါ့ညီမ လျစ်လျူရှုခံထားရတဲ့ ဇနီးသည် ဖြစ်နေလိမ့်မယ် ”

…………...

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရှိ အကြီးအကဲတိုင်းက ဂိုဏ်းချုပ်အပေါ် ထားရှိသည့်  ကြာဖြူကောင်းကင်အသျှင်၏ ချစ်ခြင်းမေတ္တာကို သိကြပေသည်။ သူတို့က ငယ်ကျွမ်းဆွေတွေဟုပင် ယူဆနိုင်လေသည်။

သူတို့ ငယ်စဉ်အခါက အကြီးအကဲများက သူတို့နှစ်ယောက်သည် သေချာပေါက် အတွဲဖြစ်လာလိမ့်မည်ဟု တွေးခဲ့ကြသည်။ သို့သော်လည်း ကံမကောင်းစွာဖြင့် ဂိုဏ်းချုပ်နှင့် ခရမ်းကြာ ကောင်းကင်အသျှင်တို့ အတူတူ ဖြစ်သွားပြီး ကလေးနှစ်ယောက်ကို မွေးဖွားခဲ့သည်။ လူတစ်ယောက်တည်းကသာ သူ့ဇနီးသည် အနေအထားကို ဖြည့်တင်းနိုင်လေသည်။ သူ့တွင် နှစ်ယောက် မရှိနိုင်ချေ။ ဘာမှတတ်နိုင်တာ မရှိတော့ချေ။

လူများက  ဖြည်းဖြည်းချင်းဖြင့် ကြာဖြူကောင်းကင်အသျှင်၏ နှလုံးသား နာကျင်မှုအကြောင်းကို မေ့လျော့သွားကြသည်။

သို့သော် လွန်ခဲ့သော ၁၈ နှစ်ခန့်က ခရမ်းကြာ ကောင်းကင်အသျှင်သည် မိစ္ဆာဝိညာဉ်ဂိုဏ်းကို သွားလုပ်ကြံရာ၌ ပုံရိပ်ယောင်တစ်ထောင် မိစ္ဆာဘုရင်လက်ထဲ ကျဆုံးသွားခဲ့သည်။

ပုံရိပ်ယောင်တစ်ထောင် မိစ္ဆာဘုရင်သည် ဂိုဏ်းခွဲသခင် တစ်ယောက် ဖြစ်ပြီး မယုံကြည်နိုင်လောက်အောင် အားကြီးလှသည်။ ထိုအချိန်က ဂိုဏ်းချုပ်ပင် ခရမ်းကြာ ကောင်းကင်အသျှင်အတွက် လက်စားချေပေးဖို့ မသန်မာခဲ့ပေ။

ထိုအရာက သူ့ကို စွမ်းအားကြီးမားလာစေဖို့ ဆုံးဖြတ်ချက် ပြတ်သားလာစေခဲ့သည်။

ထို့နောက် သူက ကောင်းကင်တာအိုကျမ်းကို ကြိုးစားအားထုတ်ပြီး အလွန်မြင့်မားသော အဆင့်တစ်ခုသို့ ရောက်လာခဲ့သည်။ သူ အဆင့်မြင့်လာလေလေ သူ့စိတ်ခံစားချက်များ ကင်းမဲ့လာလေလေ ဖြစ်၏။

…………....

ဂိုဏ်းချုပ်က ကောင်းကင်တာအိုကျမ်းအား အဆုံးအစွန်အထိ မကျင့်ကြံရသေးသည့် အကြောင်းအရင်းလည်း ဖြစ်ပေသည်။ အကယ်၍ သူသာ ကျင့်ကြံလိုက်လျှင် စိတ်ခံစားချက်အားလုံး ဖြတ်တောက်ခဲ့ရပေမည်။

ထိုအခါ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်တွင် စိတ်ခံစားချက် ရှိလာတော့မည် မဟုတ်ပေ။

စိတ်ပိုင်းအရ ဖြစ်စေ ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်စေ သူ့တွင် ဘာတုံ့ပြန်မှုမှ ရှိလာမည် မဟုတ်ပေ။

ထိုသို့ ဖြစ်လာသည့်အခါ ကြာဖြူကောင်းကင်အသျှင်က အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ကို လက်ထပ်ပြီး ဇနီးတစ်ယောက် ဖြစ်လာခဲ့လျှင်ပင် …

သူမက ချမ်းမြေ့ပျော်ရွှင်ရမည် မဟုတ်ပေ။

All Chapters