← Chapters

ငါဘာသာ ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံး သောက်လိုက်တာ ပိုမကောင်းဘူးလား

Vol. 28 Ch. 417

ငါဘာသာ ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံး သောက်လိုက်တာ ပိုမကောင်းဘူးလား

Vol. 28 Ch. 417

အခန်း (၄၁၇)  :  ငါဘာသာ ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံး သောက်လိုက်တာ ပိုမကောင်းဘူးလား

ကြာဖြူကောင်းကင်အသျှင်က ကြာပြာ၏ စကားများကို ကြားပြီးနောက် စိုးရိမ်မိပုံပေါ်လာသည်။

တုံ့ပြန်မှု မရှိဘူး … ဟူး လန့်စရာပဲ

အစ်ကိုကြီး ပြောတာ အဓိပ္ပါယ်ရှိတယ်။ အဲဆို ငါ အရင်ဆုံး လက်ဦးမှု ယူလိုက်ရမလား။ အစ်ကိုလုံယွမ်က တကယ်ကြီး မတုံ့ပြန်နိုင်ခဲ့ရင်ရော …

မဖြစ်ဘူး မဖြစ်ဘူး ငါ ခပ်သွက်သွက် လှုပ်ရှားရမယ်

……....

ဟူး တစ်ခုခုတော့ လွဲနေသလိုပဲ …

အစ်ကိုကြီးက ဘယ်လိုလုပ် ဒီကိစ္စထဲ ပါလာတာလဲ …

ကြာပြာကောင်းကင်အသျှင်က ဘေးကနေ တိုက်တွန်းနေဆဲ ဖြစ်၏

“ ညီမလေး ကြောက်မနေနဲ့။ သူ့ကို ကြိုက်ရင် အင်အားသုံးပစ်လိုက်။ သူ ငြင်းတော့ရော ဘယ်သူက ဂရုစိုက်မှာလဲ။ သူက မင်းကို ဓာတ်နှောနတ်မိုးကြိုးနဲ့တော့ ထရိုက်မှာ မဟုတ်ဘူးလေ။ သူက အဲလိုမလုပ်မှတော့ မင်း ဘာမှကြောက်နေစရာ မလိုဘူး”

ကြာဖြူကောင်းကင်အသျှင်က ရှက်ရွံ့သည့် အမူအယာဖြင့် “တကယ်လို့ အစ်ကိုကြီး မကြောက်ရင် ဘာလို့ ညီမကကြိုးကို ငြင်းလိုက်တာလဲ။ ညီမကကြိုးက အစ်ကိုကြီးကို စောင့်နေတာ ကြာလှပြီလေ။ သူမက ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ထုတ်ပြပြီးပြီမလား။ ဘာလို့များ သူမအပေါ် မထူးမခြားနား လုပ်နေရတာတုန်း ”

ရဲရဲနီကကြိုးကောင်းကင်အသျှင်နှင့် ကြာပြာကောင်းကင်အသျှင်တို့ကြားရှိ လက်ထပ်ရေး ကံကြမ္မာမှာ ပတ်လည်ရိုက်နေသည်။ ရဲရဲနီကကြိုးကောင်းကင်အသျှင်က သူ့အပေါ် ခံစားချက် ရှိသော်လည်း ကြာပြာက သူမအတွက် မည်သည့်ခံစားချက်မှ မရှိပေ။ ထို့ကြောင့် သူတို့နှစ်ယောက်အား အတူတူရှိခြင်းမှ တားဆီးထားသလို ဖြစ်နေသည်။

“ အဟွတ် ကလေးမ လျှောက်မပြောနဲ့”

ကြာပြာကောင်းကင်အသျှင်က မျက်နှာပူလာဟန်ပေါ်သော်လည်း

“ ငါ့အရည်အချင်းနဲ့ နတ်ဘုရားလောက တက်လှမ်းဖို့ ကံကြမ္မာဖန်ပြီးသား။ ကကြိုးရဲ့ ပါရမီက အရမ်းနိမ့်တယ်။ သူမက တက်လှမ်းခွင့် ရမှာ မဟုတ်ဘူး။ သူမက ငါနဲ့ ဘယ်လိုလုပ် ထိုက်တန်ပါ့မလဲ”

ကြာပြာကောင်းကင်အသျှင်က အရူး မဟုတ်ပေ။ ရဲရဲနီကကြိုး ကောင်းကင်အသျှင်၏ ခံစားချက်များကို မည်သို့ မသိဘဲ နေမည်နည်း။ သို့သော်လည်း သူတို့နှစ်ယောက်ကြားရှိ ကွာဟချက်မှာ ကြီးမားလွန်းနေသည်။

ကြာပြာကောင်းကင်အသျှင်က မလှုပ်ရှားရဲပေ။

ဟိုးခေတ်အခါကတည်းက အဝေးရောက် ဆက်ဆံရေးများက အမြဲတမ်း အလွမ်းဇာတ် ဖြစ်နေလေရာ ကမ္ဘာခြား ဆက်ဆံရေးများအား ဆိုဖွယ်ရာ မရှိချေ။

ထိုအချိန် သူက နတ်ဘုရားလောကမှ ဆင်းလာနိုင်မည် မဟုတ်ပေ။ သူက သူမကို လင်ယောကျ်ားအဝေးရောက်နေသည့် ဇနီးသည် တစ်ယောက် ဖြစ်လာခိုင်းနေသည် မဟုတ်ပါလော။

သူမက လင်ယောကျ်ားအဝေးရောက်နေသည့် ဇနီးသည် ဖြစ်လာနိုင်သလို နောက်ထပ် အမျိုးသားနှင့်လည်း ဆက်ဆံရေးတစ်ခု ထူထောင်သွားနိုင်သည်။ အချုပ်အားဖြင့် အဝေးရောက် ဆက်ဆံရေးများက အကြံကောင်း မဟုတ်ပေ။

ကြာဖြူကောင်းကင်အသျှင်က ရယ်မောလိုက်ပြီး

“ အစ်ကိုကြီးက ညီမကကြိုးအတွက် ကောင်းကင်ပြုပြင်ရေး ဆေးတစ်လုံးလောက် ရှာပေးနိုင်မဲ့ နည်းလမ်းကို စဉ်းစားလိုက်လေ။ အဲလိုဆိုရင် ညီမကကြိုးရဲ့ ပါရမီလည်း တိုးတက်လာမှာပေါ့။ ဆေးလုံး သောက်ပြီးသွားရင်တော့ နတ်ဘုရားလောကဆီ တက်လှမ်းဖို့ မခက်လောက်တော့ပါဘူး ”

ကြာပြာကောင်းကင်အသျှင်က နှာခေါင်းရှုံ့ကာ  “ ငါ့မှာသာ ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးသာ ရှိနေရင် ကိုယ့်ဘာသာပဲ သောက်လိုက်တော့မှာပေါ့။ အခြားလူ ဘာလို့ ပေးနေရမှာလဲ ”

ထိုစဉ် ရဲရဲနီကကြိုး ကောင်းကင်အသျှင်က သူတို့ရှေ့ ရောက်လာသည်။

သူမက ကြာပြာကောင်းကင်အသျှင်ကို မြင်လိုက်ရသည့်အခါ မျက်ဝန်း၌ ပျော်ရွှင်မှုအပြည့် ဖုံးလွှမ်းသွားပြီး ခြေသံကပင် တက်ကြွလာသည်။ သူမက ကောင်းကင်အသျှင်နှင့် မတူပေ။ သူမက ပထမဆုံးအချစ်ကို ကြုံတွေ့ဖူးသည့်  မိန်းမငယ်လေးတစ်ဦးလို ဖြစ်နေသည်။

“ အစ်ကိုချူးဟယ်၊ အစ်မကြာဖြူတို့ကို နောက်ဆုံးတော့ တွေ့ခဲ့ပြီ ”

ကြာပြာကောင်းကင်အသျှင်၏ နှုတ်ခမ်းတို့ တွန့်ချိုးသွားပြီး  “ သူမက ဘာလို့ ဒီရောက်နေတာလဲ”

“အဟွတ်ဟွတ် ညီမ အခုနောက်ကျနေပြီလေ။ ငါ စောင်မလှန်းရသေးလို့ အရင်သွားနှင့်မယ်နော် ”

သူ့စကားဆုံးသည်နှင့် ကြာပြာကောင်းကင်အသျှင်က ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းကာ နေရာမှ ပျောက်ကွယ်သွားတော့သည်။

ကြာဖြူကောင်းကင်အသျှင်  “ … ”

“အစ်ကိုချူးဟယ် ဘယ်သွားတာလဲ”

ရဲရဲနီကကြိုး ကောင်းကင်အသျှင်က ကြာဖြူဘေးနား ရောက်လာသော်လည်း သူမ မြင်လိုက်ရသည်ကား ကြာပြာ၏ နောက်ကျောပုံရိပ်သာ ဖြစ်၏။ သူမက နည်းနည်း စိတ်ပျက်မိသွားသည်  “ အစ်မကြာဖြူ … အစ်ကိုချူးဟယ်က ကျွန်မကို မြင်တာနဲ့ ဘာလို့ ထွက်သွားတာလဲဟင်။ ကျွန်မကို မုန်းနေတာလား။ ဒါမှမဟုတ် ကျွန်မ တစ်ခုခုများ လုပ်မိလို့လား ”

ကြာဖြူကောင်းကင်အသျှင်က ကူကယ်ရာမဲ့စွာ ပြောလိုက်ရသည်  “အများကြီး လျှောက်တွေးမနေနဲ့။ ညီမကကြိုး .. အစ်ကိုကြီးက လုပ်စရာလေး ရှိလို့နေမှာပါ ”

ကြာဖြူကောင်းကင်အသျှင်က ကြာပြာ ထွက်သွားသည်ကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။ ကြာပြာသာ ဤကိစ္စကို ဆုံးဖြတ်ပေးနိုင်သည်။ မည်သူမှ ကြားဝင်၍ မရပေ။

ကြာဖြူက စိတ်ထဲတွင် ကူကယ်ရာမဲ့သလို ခံစားလာရ၏။ သူမသည်လည်း အတူတူ မဟုတ်ပါလော။

………....

ညအခါ ကောင်းကင်ယံကား ဖြည်းဖြည်းချင်း အမှောင်ဖုံးလွမ်းသွားလေသည်။

ရဲရဲနီကကြိုး ကောင်းကင်အသျှင်က အခန်းအတွင်း လေ့ကျင့်နေသော်လည်း သူမက စိတ်မတည်ငြိမ်နိုင်သောကြောင့် ခဏတိုင်း ရပ်ရပ်နေရသည်။ အချိန်အတော်ကြာပြီးနောက် သူမက မနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည်

“ ငါ ဘာများလုပ်မိတာလဲ။ အစ်ကိုချူးဟယ်က ငါ့ကို ဘာလို့ အာရုံမစိုက်ချင်ရတာလဲ ”

သူမက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီ ရောက်လာခြင်းမှာ သူတော်စင်ရာထူးအပ်နှင်းပွဲ အခမ်းအနားကြောင့်သာမကပေ။ ပို၍ အရေးကြီးသည်က သူမအနေနှင့် ကြာပြာကို တွေ့လို၍ ဖြစ်၏။

သို့သော်လည်း ကြာပြာက သူမကို လျစ်လျူရှုထားသောကြောင့် သူမ စိတ်ဓာတ်ကျနေမိသည်။ ထိုစဉ် ပြတင်းပေါက် အပြင်ဘက်မှ တစ်ခုခု ပစ်လိုက်သောကြောင့် အထဲကျလာသည်။

“ ဘယ်သူလဲ ”

ရဲရဲနီကကြိုးကောင်းကင်အသျှင်က အခန်းအပြင် အမြန်အဆန် ထွက်ကြည့်လိုက်သည်။ သို့သော်လည်း အပြင်ဘက်တွင် မည်သူမှ မရှိနေချေ။

“ ထူးဆန်းလိုက်တာ … ညလယ်ကြီး ဘယ်သူက လာမှာလဲ ”

ရဲရဲနီကကြိုး ကောင်းကင်အသျှင်က ခေါင်းခါလိုက်သည်။ သူမက မည်သူမှန်း မသိသော်လည်း ဂရုမစိုက်ပေ။ ဤသည်မှာ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ ဖြစ်၏။ အစောင့်အကြပ်များက ပြည့်စုံလှသည်။

ရဲရဲနီကကြိုး ကောင်းကင်အသျှင်က သူမအခန်းဆီ ပြန်လာသည့်အခါ ကြမ်းပြင်ပေါ်တွင် ကျောက်စိမ်းဖြူ ပုလင်းလေး တွေ့လိုက်ရသည်။ အခန်းအပြင်ဘက်မှ လူ ပစ်ထည့်ခဲ့ခြင်း ဖြစ်ကြောင်း သိသာလှသည်။

“ ဘာလေးလဲ ”

သူမက ပုလင်းဖုံးကို ဖွင့်လိုက်သည့်အခါ ရနံ့သင်းသင်းလေးက ချက်ချင်း ပျံ့နှံ့သွားလေသည်။ ဆေးရနံ့ ထွက်ပေါ်လာသည်နှင့် သူမစိတ်က ချက်ချင်း ကြည်လင်လာသည်။

အတိတ်တုန်းက ကျင့်ကြံနေစဉ်အတွင်း မရှင်းမလင်း ဖြစ်ခဲ့သည့် နေရာတချို့ ရှိခဲ့လေသည်။ ယခုအခါ သူမက ရုတ်ချည်း ဉာဏ်အလင်းပွင့်သွားလေသည်။

ဆေးရနံ့လေးကို ရှုရှိုက်မိရုံဖြင့် သူမက တာအိုလေ့ကျင့်နေသလိုမျိုး ခံစားလိုက်ရသည်။

“ ဒါက … ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးပဲ ”

ရဲရဲနီကကြိုး ကောင်းကင်အသျှင်က ပုလင်းထဲမှ ရွှေရောင်ဆေးလုံးလေးကို ကြည့်ကာ တုန်တုန်ယင်ယင် ဖြစ်လာမိသည်။ သူမအသံက စိတ်လှုပ်ရှားမှုအပြည့် ဖြစ်နေပြီး  “ အစ်ကိုချူးဟယ်ပဲ ဖြစ်ရမယ်။ အစ်ကိုချူးဟယ်က ငါ့ကို ကြိုက်နေတာပဲ ”

ကြာပြာကောင်းကင်အသျှင်အပြင် သူမအနေနှင့် သူမကို ကောင်းကင်ပြုပြင်ရေး ဆေးလုံး လာပေးလိုသည့် တစ်ယောက်ယောက်ကို စဉ်းစားမရပေ။

ရဲရဲနီကကြိုး ကောင်းကင်အသျှင်က ရှက်သွေးဖြာသွားကာ နှလုံးသားလေး နွေးထွေးမှုအတိ ဖြစ်နေသည်။

…………...

တစ်ဖက်တွင် ဂိုဏ်းချုပ်စံအိမ်အတွင်း လူတစ်ယောက်က သူ့လက်ထဲမှ နှစ်ငါးရာ စာချုပ်အား ကြည့်ကာ သူ့ကောင်းကင်အရှိန်အဝါများ အပြင်းအထန် လှုပ်ခါနေလေသည်။

ဟားဟားဟား …

………....

ဝုန်း …

ညက မှောင်လာကာ ကြယ်အလင်းရောင်ပင် မရှိချေ။

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ အပြင်ဘက်၌ မိုးခြိမ်းသံများ ထွက်ပေါ်နေသလို လျှပ်စီးများ တလက်လက် ထနေသည်။ မျက်စိနှင့် မြင်နိုင်သလောက် မိုင်ရာချီ ပတ်လည်အတွင်း မိုးကြိုးတိမ်တိုက်များ စုစည်းနေသည်။

ဝိဇ္ဇာများက စမ်းသပ်ချက် ဖြတ်ကျော်နေမှန်း သိသာလှသည်။ ဝိဇ္ဇာတစ်ယောက် မကပေ။ အများစုက တစ်ချိန်တည်းတွင် စမ်းသပ်ချက် ကျော်ဖြတ်နေကြခြင်း ဖြစ်၏။

သူတို့အားလုံးက ကောင်းကင်ပြုပြင်ရေး ဆေးလုံး လေလံအောင်သွားသူများ ဖြစ်ကြသည်။ သူတို့က စိတ်လှုပ်ရှားမှုကို မချိုးနှိမ်နိုင်ကြဘဲ ဆေးလုံးကို ချက်ချင်း တန်းသောက်ကြသည်။

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၌  ကီလိုမီတာရာချီ လှည့်ပတ်နေသော မိုးကြိုးဝိညာဉ်ချီများက ပို၍ သိပ်သည်းလာသည်။

အံ့ဖွယ်မိုးကောင်းကင် ကမ္ဘာငယ်လေးအတွင်း အခြေတည်အဆင့်နှင့် ရွှေအမြုတေအဆင့် ကျင့်ကြံသူများ၏ ကျင့်ကြံနှုန်းမှာ အဆမတန် မြင့်တက်လာသည်။

ထိုမြင်ကွင်းကို မြင်ကာ ယွဲ့ယူသဲ့၏ မျက်ဝန်းများက တောက်ပလာပြီး “ ဒီလို ပေါကြွယ်ဝလိုက်တဲ့ မိုးကြိုးဓာတ်စွမ်းအားမျိုး ဓာတ်နှောနတ်မိုးကြိုး ဘယ်လောက် ဖြစ်လာမလဲ ”

ယွဲ့ယူသဲ့က ဆွဲဆောင်ခံလိုက်ရသည်။

အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးဧကရာဇ်ကျမ်းသည် မိုးကြိုးဓာတ် ဝိညာဉ်ချီများကို အသုံးချကာ ဓာတ်နှောနတ်မိုးကြိုး ဖွဲ့စည်းစေနိုင်သည်။ ကောင်းကင်စမ်းသပ်ချက်က အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ တကယ့် အမွေအနှစ်အတွက် အထောက်အပံ့ကောင်းတစ်ခု ဖြစ်၏။

ထို့ကြောင့် ယွဲ့ယူသဲ့က မိုးကြိုးစမ်းသပ်ချက်ကို ခံစားဖို့ ဝိဇ္ဇာများဘေးနား အပြေးရောက်လာသည်။ သူသာတင်မကပေ။ အခြားသော တပည့်များကလည်း ယွဲ့ယူသဲ့၏ တိုက်တွန်းချက်ကြောင့် အပြေးအလွှား ရောက်လာကြသည်။

ထိုစဉ် အင်အားစုအသီးသီးရှေ့မှောက်တွင် ထူးထူးဆန်းဆန်း မြင်ကွင်းတစ်ခု ပေါ်ပေါက်လာသည်။

မိုးကြိုးစမ်းသပ်ချက်အလယ်တွင် ဝိဇ္ဇာများက အားကုန်သုံးကာ မိုးကြိုးချက်ကို ခုခံနေကြပြီး အံ့ဖွယ်အလင်းတန်းများ ထုတ်လွှင့်နေကြသည်။ မိုးကြိုးစမ်းသပ်ချက် အစွန်းအဖျားပိုင်းက အံ့ဖွယ်မိုးကောင်းကင် တပည့်များဖြင့် ပြည့်နှက်နေလေ၏။ သူတို့က မိုးကြိုးစမ်းသပ်ချက်ကို အခွင့်ကောင်းယူကာ ဓာတ်နှောနတ်မိုးကြိုးကို ဖွဲ့စည်းနိုင်ဖို့ ကြိုးစားနေကြသည်။

နှစ်ဖက်လုံးက သဟဇာတ ဖြစ်နေကာ တစ်ဦးနှင့် တစ်ဦး မနှောင့်ယှက်ကြပေ။ ဤသည်က အံ့ဖွယ်မိုးကောင်းကင် အကြီးအကဲများအား စိတ်အေးသွားစေသည်။

“ ယွဲ့ယူသဲ့က တကယ်ကို တော်တာပဲ ”

“ သူက အရင်းအမြစ်နည်းနည်းလေးတောင် မဖြုန်းရက်ဘူး။ ဒီဝိဇ္ဇာတွေတော့ ဒီမြင်ကွင်းကို ကြည့်ရင်း ကူကယ်ရာမဲ့နေသလို ခံစားနေရလောက်တယ် ”

သို့သော်လည်း ဝိဇ္ဇာများက အံ့ဖွယ်မိုးကောင်းကင် တပည့်များ သူတို့မိုးကြိုးစမ်းသပ်ချက်အပေါ် အခွင့်ကောင်းယူခြင်းကို မတားကြပေ။

သူတို့ မိုးကြိုးစမ်းသပ်ချက် ဖြတ်ကျော်နိုင်ခြင်းမှာ ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးကြောင့်သာ ဖြစ်၏။ ထိုအထွတ်အထိပ်ဆေးလုံးက ဝိဇ္ဇာများ၏ ရုပ်ခန္ဓာကို ပြောင်းလဲသွားစေပြီး သာမန်အားဖြင့် စမ်းသပ်ချက်နှစ်ဆင့် ဖြတ်ကျော်နိုင်စေသည်။

သူတို့အနေနှင့် ထိုဆေးလုံးသည် မည်မျှ အားကောင်းကြောင်း ရှင်းရှင်းလင်းလင်း ခံစားသိရှိလိုက်ကြသည်။

အရာအားလုံးက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ ကျေးဇူးကြောင့်သာ ဖြစ်၏။

ထို့ကြောင့် သူတို့က ထိုတပည့်များအား မျက်နှာသာပေးကာ မိုးကြိုးစုပ်ယူတာကို ခွင့်ပြုပေးထားလိုက်ကြသည်။ သူတို့က နောင်အနာဂတ်၌ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေထံမှ အကူအညီတောင်းစရာ  ရှိလာနိုင်သေးသည် မဟုတ်ပါလော။

ကိစ္စအသေးလေးအတွက် ရေးကြီးခွင်ကျယ် လုပ်နေစရာ မလိုပေ။

………....

ဘယ်အထွတ်အမြတ်မြေမှာ ဝိဇ္ဇာမရှိဘဲ နေလို့လဲ …

ကောင်းကင်ပြုပြင်ရေး ဆေးလုံး မလိုချင်တဲ့ ဝိဇ္ဇာ ဘယ်မှာရှိမှာလဲ …

အတိဒုက္ခလွန် ဖြတ်ကျော်ခြင်းအဆင့်အတွင်း ကျင့်ကြံဆင့်ကို မြင့်တင်ပေးနိုင်ပြီး နှစ်တစ်ထောင်လောက် ကျင့်ကြံလျှင်ပင် တိုးတက်လာဖို့ အလွန်ခက်ခဲလှသည်။ ဝိဇ္ဇာများစွာက ကျင့်ကြံနေရင်း အဟန့်အတားတွေ့ကာ နှစ်ထောင်ချီ ကြာမြင့်ပြီးနောက်တွင်ပင် အဆင့်တက်မလှမ်းနိုင်တာမျိုး ဖြစ်လာနိုင်သည်။ သူတို့သက်တမ်း ကုန်ဆုံးသွားလျှင်ပင် အဟန့်အတားကို မချိုးဖောက်နိုင်ဘဲ သက်တမ်းကုန်သွားတတ်ကြသည်။

သို့သော်လည်း ကောင်းကင်ပြုပြင်ရေး ဆေးလုံးနှင့်ဆိုလျှင် ကိစ္စများက ကွဲပြားသွားလေပြီ။

ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို သောက်သုံးလိုက်သည်နှင့် မိုးကြိုးစမ်းသပ်ချက်ကို အလွယ်လေး ဖြတ်ကျော်နိုင်သည်။ ဝိဇ္ဇာသာ မိုးကြိုးစမ်းသပ်ချက် ဖြတ်ကျော်နိုင်သရွေ့ သူတို့သက်တမ်းလည်း တိုးမြင့်လာလိမ့်မည်။

နှစ်များစွာ နေထိုင်လာခဲ့ပြီး သက်တမ်းကုန်ခါနီး ဖြစ်နေသည့် ထိုစီနီယာများအတွက် မလှုပ်ရှားဘဲ နေဖို့ မဖြစ်နိုင်ချေ။

အကယ်၍ သူတို့သာ အဟန့်အတားကို ကျော်ဖြတ်ဖို့ ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို သုံးခဲ့ပြီး သက်တမ်း ပြန်တိုးမြင့်လာခဲ့လျှင် နောက်တလှမ်း ထပ်လှမ်းနိုင်လိမ့်မည်။ အကယ်၍ သူတို့ ကံကောင်းပါက အထက်ဘုံ တက်လှမ်းနိုင်လိမ့်မည်။

ကောင်းကင်ပြုပြင်ရေး ဆေးလုံး၏ အကြီးမားဆုံး အာနိသင်မှာ ရုပ်ခန္ဓာ ပြောင်းလဲပေးပြီး ပင်ကိုယ်စွမ်းရည် တိုးမြင့်ပေးခြင်း ဖြစ်၏။ ဤသည်က မဖြစ်နိုင်သည့် အရာများကို ဖြစ်လာစေဖို့အတွက် လုံလောက်နေလေပြီ။

ဤသို့သော အခြေအနေအောက်၌ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို မည်သူမှ ရန်မစလိုပေ။

……………...

ဝိဇ္ဇာများကိုယ်တိုင် စိတ်ထဲ မထားသည့်အတွက် မည်သူမှ ယွဲ့ယူသဲ့နှင့် အခြားလူများအား မတားကြတော့ပေ။ ထို့ကြောင့် ယွဲ့ယူသဲ့က ပြဿနာမရှိ မိုးကြိုးစမ်းသပ်ချက် တစ်ခုပြီး တစ်ခု ကူးပြောင်းစုပ်ယူနေသည်။ သူက အချိန်ကောင်းလေးတွေ ပိုင်ဆိုင်လိုက်ရ၏။

အခြားတစ်ဖက်တွင် ချင်ယွင်တိလည်း အလကားဝင်ယူနေသည်။ သူ့နည်းလမ်းမှာ ယွဲ့ယူသဲ့နှင့် လုံးဝ ကွဲပြားပေသည်။

ယွဲ့ယူသဲ့နှင့် အံ့ဖွယ်မိုးကောင်းကင် တပည့်များက အံ့ဖွယ်မိုးကောင်းကင် တော်ဝင်ကျမ်းဖြင့် ဓာတ်နှောနတ်မိုးကြိုးကို ဖွဲ့စည်းဖို့ ကြိုးစားနေကြပြီး ချင်ယွင်တိက သူ့မက်ခါကြီးကို အပြည့်အဝ အသက်သွင်းကာ အစီအရင်ပါ ချိတ်ဆက်ထားပြီး မိုးကြိုးစွမ်းအားကို စုပ်ယူနေသည်။ ထိုအရာက ချင်ယွင်တိအား အခြားသော အံ့ဖွယ်မိုးကောင်းကင် တပည့်များထက် မိုးကြိုးကို မြန်မြန်ဆန်ဆန် စုပ်ယူစေနိုင်သည်။

“ လခွမ်း … မင်းလည်း အလကားယူတဲ့သူပဲ။ အဲဒါကို ငါ့ထက် မြန်နေတာတဲ့လား။ မင်းကို ပြောလိုက်မယ်။ ယောကျ်ားစစ်စစ်က မမြန်ရဘူးကွ ”

ယွဲ့ယူသဲ့က ခဏတာ ကြောင်အမ်းအမ်း ဖြစ်နေသည်။

ခပ်ဝဝ ယွဲ့ယူသဲ့၏ မျက်နှာတစ်ဝိုက် အားကျမနာလိုမှုများအပြည့် ဖြစ်နေသည်။

ငါသာ ဒီအစီအရင် ရခဲ့ရင် ငါ့ကျင့်ကြံဆင့်က ဝှီးခနဲ မြင့်တက်သွားမှာ မဟုတ်ဘူးလား …

...

သိပ်မကြာခင် ယွဲ့ယူသဲ့က သူ့ဘေးနားတွင် အစီအရင် ခင်းကျင်းလိုက်သည်။ ထိုစဉ် မိုးကြိုးဓာတ် ဝိညာဉ်ချီများက သူ့ဆီ စုစည်းလာကြသည်။ သူက အကွက်ကြီးကြီး လှုပ်ရှားရန် ပြင်ဆင်ထားသောကြောင့် သူ့မျက်နှာအထက် စိတ်လှုပ်ရှားမှုအတိ ဖြစ်လာ၏။

သို့သော် သိပ်မကြာလိုက်ဘဲ သူ့အမူအယာ ပြောင်းလဲသွားကာ ချွေးအေးများ ထွက်လာသည်။

အကြောင်းမှာ ဤအစီအရင်က အနီးအနားရှိ မိုးကြိုးဓာတ် ဝိညာဉ်ချီများကို ဆွဲယူပေးရုံသာမက စမ်းသပ်ချက် မိုးကြိုးတစိတ်တပိုင်းကိုလည်း ယူဆောင်လာခဲ့သည်။

ဤသည်မှာ ဝိဇ္ဇာအဆင့်တက်ခြင်း စမ်းသပ်ချက်မှ လွှင့်ထွက်လာသည့် မိုးကြိုး ဖြစ်နေသော်လည်း စွမ်းအားက တကယ့်မိုးကြိုးစမ်းသပ်ချက်လောက် ကြောက်ဖို့မကောင်းပေ။ သို့သော်လည်း ကောင်းကင်အသျှင် ခံနိုင်ရည်ရှိသည်ထက် ကျော်လွန်နေသည့် စွမ်းအားမျိုး သယ်ဆောင်လာသေးသည်။

ချင်ယွင်တိက သိပ်ဂရုမစိုက်ပေ။ သူက မက်ခါဖြင့် စမ်းသပ်ချက် မိုးကြိုးများကို စုပ်ယူနေပြီး အစီအရင်ဖြင့် ဆက်နွယ်ထားခြင်း ဖြစ်သည်။ မက်ခါက ကြားခံပေးနေသောကြောင့် သူက စမ်းသပ်ချက် မိုးကြိုးကို ခံနိုင်ရည် ရှိသည်။

သို့သော်လည်း ယွဲ့ယူသဲ့က ကွဲပြားပေသည်။ သူ့ခန္ဓာကိုယ်ကို အုတ်မြစ်အဖြစ် ယူဆထားသောကြောင့် စမ်းသပ်ချက် မိုးကြိုးက သူ့ခေါင်းပေါ် ကျရောက်လာသည်။

“ ဘာတွေတုန်း … ငါက ဘာလို့ မိုးကြိုးအပစ်ခံနေရတာတုန်း။ မဖြစ်ဘူး … ”

ဝုန်း

ဂျိန်း …

စမ်းသပ်ချက် မိုးကြိုးက ယွဲ့ယူသဲ့ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။ ခဏအကြာတွင် ယွဲ့ယူသဲ့က စမ်းသပ်ချက် မိုးကြိုးမှ လွတ်မြောက်လာလေ၏။ သူ့တစ်ကိုယ်လုံး မည်းတူးနေပြီး သူ့တာအိုဝတ်ရုံကလည်း စုတ်ပြတ်နေသည်။ သူ့ဆံပင်များလည်း ထောင်မတ်နေ၏။

သူ့ပါးစပ်မှ မီးခိုးများ ထွက်လာနေဆဲ ဖြစ်ကာ သူ့သွင်ပြင်မှာ ဆိုးဆိုးရွားရွား ဖြစ်နေရှာသည်။ သူ့ကို စမ်းသပ်ချက်မိုးကြိုး မည်မျှ ထိမှန်သွားမှန်းပင် မသိတော့ချေ။

ကံကောင်းစွာဖြင့် သူ့တာအိုဝတ်ရုံအောက်တွင် ကာကွယ်ရေးစွမ်းအား ကောင်းသည့် အဖိုးတန်ပစ္စည်းတစ်ခု ဝတ်ဆင်ထားသေး၏။ ထိုအရာဖြင့် သူက မိုးကြိုးချက်ကို ခံနိုင်ရုံမျှသာ ဖြစ်ခဲ့သည်။ ထိုသို့ဆိုလျှင်ပင် ယွဲ့ယူသဲ့က အဆက်မပြတ် မအော်ဘဲ မနေနိုင်တော့ပေ။

“ သေစမ်း မှားယွင်းတွက်ချက်မှုတစ်ခုပဲ။ ငါရဲ့ အားကောင်းကောင်း အခြေခံအုတ်မြစ်ကြောင့်သာ မဟုတ်ရင် ဝက်ကင် ဖြစ်ရတော့မယ် ”

ယွဲ့ယူသဲ့က ဒဏ်ရာများကြောင့် အံ့ကြိတ်ထားလိုက်သည်။

“ သေစမ်း နောက်ထပ် အလကားမယူတော့ဘူး။ ကပ်ပါးလုပ်ရတာ မိုးကြိုးအပစ်ခံရတာပဲ ”

……………...

နောက်တစ်ရက် ရာထူးအပ်နှင်းပွဲ အခမ်းအနားကို သူတော်စင်တောင်ထိပ်တွင် စီစဉ်ထားသည့်အတိုင်း ကျင်းပလိုက်ကြသည်။

“ သူတော်စင် ရာထူးအပ်နှင်းပွဲ အခမ်းနား တရားဝင် စတင်ပါပြီ ”

အသံကျယ်ကျယ်က လူများစွာ၏ အာရုံကို ဆွဲငင်သွားခဲ့သည်။ ထို့နောက် လေထဲတွင် တေးသံ ထွက်ပေါ်လာသလို ပွင့်ချပ်လေးများလည်း လေထဲမှ လွှင့်မျှောလာကြ၏။ ရှန်ထျန်းက သူ့လုံယွမ်နတ်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်။

သူ့ခပ်ချောချော ရုပ်ရည်နှင့် ထူးခြားလှသည့် စိတ်ရင်းကြောင့် သူ့အား သေမျိုးလောကဆီ ဆင်းသက်လာသည့် နတ်ဘုရားတစ်ပါးသဖွယ် ထင်မှတ်ရစေသည်။ သူက အာရုံစူးစိုက်မှုအလယ် ကျရောက်သွားလေ၏။

သူ့ဆီ အကြည့်များစွာ စုပြုံလာကာ သူတို့အကြည့်များ၌ တက်ကြွမှုအပြည့် ဖြစ်နေကြသည်။ အထူးသဖြင့် ကောင်းကင်အသျှင်များနှင့် ဝိဇ္ဇာများ ဖြစ်ကြသည်။ သူတို့အကြည့်များက စိတ်အားထက်သန်မှုအပြည့် ဖြစ်နေကြသည်။

ယမန်ညက အဖြစ်အပျက်များကြောင့် အားလုံးသည် ကောင်းကင်ပြုပြင်ရေး ဆေးလုံး အာနိသင် မည်မျှ ကြောက်ဖို့ကောင်းကြောင်း ကောင်းကောင်းကြီး သဘောပေါက်သွားခဲ့ကြ၏။

ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို ဖော်စပ်နိုင်သူအနေနှင့် ရှန်ထျန်းအား ဝိဇ္ဇာများက အလေးအနက် သဘောထားကြသည်။

မနေ့ညက လေလံအောင်သွားသည့် ဝိဇ္ဇာလေးယောက်သာ မိုးကြိုးစမ်းသပ်ချက် ဖြတ်ကျော်နိုင်ခြင်း မဟုတ်ဘဲ ကြာဖြူကောင်းကင်အသျှင်နှင့် ရဲရဲနီကကြိုး ကောင်းကင်အသျှင်တို့လည်း ဝိဇ္ဇာ ဖြစ်လာကြသည်။

ထို့ကြောင့် အခြားဝိဇ္ဇာများက မနေနိုင်မထိုင်နိုင် ဖြစ်လောက်အောင် ဆွဲဆောင်ခံနေရသည်။

အကယ်၍ သူတို့သာ ရှန်ထျန်းနှင့် ဆက်ဆံရေးကောင်း တည်ဆောက်နိုင်လျှင် သူတို့ဆက်ဆံရေးကြောင့် ကောင်းကင်ပြုပြင်ရေး ဆေးလုံးတချို့ ရလာနိင်သည် မဟုတ်ပါလော။

ထိုအချိန်ကျ သူတို့ချစ်ရသူများနှင့် တာအိုလက်တွဲဖော်များလည်း ဝိဇ္ဇာ ဖြစ်လာနိုင်သည်။

မနေ့ လေလံပွဲက အားလုံးကို တသသ ဖြစ်အောင် လုပ်နေသည်။ လက်ရှိ ဝိဇ္ဇာများစွာ ရှိနေသော်လည်း ကောင်းကင်ပြုပြင်ရေး ဆေးလေးလုံးတည်းသာ ကျန်ရှိသည်။ သူတို့က ကန့်ကွက်ရုံမှအပ မတတ်နိုင်ပေ။

ထိုစဉ် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ် ပေါ်ထွက်လာကာ ကျန်ရှိနေသော ဆေးလုံးများအား နောက်သုံးလကြာလျှင် လေလံတင်မည့်အကြောင်း ထုတ်ပြောလာခဲ့၏။ ထိုအခါမှ ဝိဇ္ဇာများလည်း စိတ်အေးသွားကြသည်။

သို့သော်လည်း လူများစွာက မနေနိုင်ဘဲ ပြောဖို့ လုပ်နေကြသေး၏။

တချို့လူများက အဆက်အသွယ်တချို့ သုံးကာ ကြာပြာကောင်းကင်အသျှင်အား ရှန်ထျန်းဆီမှ ဆေးလုံး ကူဝယ်ပေးဖို့ မျှော်လင့်နေကြသည်။

ကြာပြာကောင်းကင်အသျှင်က စိတ်အခြေအနေ မကောင်းဘဲ “ နှစ်ငါးရာ၊ နှစ်ငါးရာ …ငါ ဝင်ပူးခံလိုက်ရတာလား။ အဲဒါ နှစ်ငါးရာတောင်လေ ” ဟုသာ ဆက်တိုက် ရေရွတ်နေလေသည်။

ထိုစဉ် တစ်ယောက်ယောက်က သူ့အကူညီတောင်းဖို့ ရုတ်ချည်း ပေါ်ထွက်လာသည့်အခါ ကြာပြာကောင်းကင်အသျှင်၏ မျက်လုံးများ လင်းလက်လာသည်။

ကြာပြာကောင်းကင်အသျှင်က အတွေးနက်နေဟန် ဟန်ဆောင်လိုက်ပြီး

“ ငါ့အတွက် မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ဒီတာအိုကိုယ်တော်ကြီး ရှေ့ထွက်လိုက်ရင် ထျန်းအာက ငါ့ကို မျက်နှာသာပေးမှာပဲ။ ဒါပေမဲ့ မင်းတို့အားလုံးလည်း စည်းမျဉ်းတွေကို သိပါတယ်။ အလုပ်ဖြစ်ပါ့မယ်လို့တော့ အာမ မခံနိုင်ဘူး ”

ဝိဇ္ဇာများက ထိုအကြောင်း ကြားသွားသည့်အခါ သူတို့မျက်နှာအထက်၌ စိတ်ဒုက္ခရောက်သွားဟန်ပေါ်သည်။ ကြာပြာကောင်းကင်အသျှင်၏ ဂုဏ်သတင်းက … တကယ်ကို မယုံသင်္ကာဖြစ်ဖို့ ကောင်းလွန်းနေသည်။

တစ်ဖက်လူက အကျိုးမြတ်တချို့အတွက် သူ့အား ရိုက်စားလုပ်ဖို့ ကြိုးစားနေသည်မှာ သိသာလှ၏။

သို့သော်လည်း တချို့လူများက တောင့်မခံနိုင်ဘဲ သူတို့ရတနာများကို ကြာပြာဆီ ထုတ်ပေးလိုက်ကြသည်။ ကောင်းကင်ပြုပြင်ရေး ဆေးလုံးက ဆွဲဆောင်အားကောင်းလွန်းနေသောကြောင့် မည်သူမှ မငြင်းဆန်နိုင်ပေ။

အဲဒီနောက် အဟွတ်ဟွတ် အဲဒီနောက်ဆိုတာ မရှိဘူး … အရာအားလုံးက သူ့အိတ်ထဲ ရောက်သွားလေပြီ။

ထိုသနားစရာကောင်းလှသည့် လူများက ကြာပြာကောင်းကင်အသျှင်၏ အရိပ်ပင် မမြင်ရတော့ချေ။ အဆုံးသတ်၌ ဤကိစ္စကို ဖြေရှင်းဖို့ ဂိုဏ်းချုပ်ကိုယ်တိုင် ရှေ့ထွက်လာရသည်။ ထို့ကြောင့် ကြာပြာကောင်းကင်အသျှင်၏ ဂုဏ်သတင်းကို ပိုဆိုးရွားသွားစေ၏။

…………....

ရာထူးအပ်နှင်းပွဲ အခမ်းအနားအပြီးတွင် ပုံမှန်အတိုင်း စားသောက်ပွဲ ကျင်းပကြသည်။

ရှန်ထျန်းက ဂိုဏ်းချုပ်ဘေးနား ရပ်နေရင်း မေးလိုက်သည်  “ ဆရာ မနေ့က ကောင်းကင်ပြုပြင်ရေး ဆေးလုံး လေလံပွဲက ဘယ်လိုနေလဲ ”

ရှန်ထျန်းက နားမလည်ဘဲ ဖြစ်နေမိသည်။ သူက အားလုံးသည် သူ့ကို အာရုံစိုက်နေကြကြောင်း ခံစားမိနေ၏။

ဘာတွေဖြစ်နေတာလဲ …

ငါက ရုပ်ချောမှန်း ဝန်ခံပေမဲ့ ငါ့အပေါ် ဒီလောက် အာရုံစိုက်စရာ မလိုဘူးလေ။ မနေ့က လေလံပွဲ အခြေအနေများ မကောင်းလို့လား။ အဲကြောင့် လူတွေက မကျေမနပ် ဖြစ်နေကြတာလား

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ ခန္ဓာကိုယ်က ကောင်းကင်အရှိန်အဝါတို့ဖြင့် တောက်ပလာပြီး တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်

“ ထျန်းအာ မနေ့က လေလံပွဲက ချောချောမွေ့မွေ့ ပြီးသွားတယ်။ လေလံပွဲကနေ ဆေးလုံးရောင်းရတဲ့ ရတနာတွေအကုန် မင်းအပိုင်ပဲ။ ဒါတွေကို ဂိုဏ်းကနေ ပေးတဲ့ ဂုဏ်ပြုလက်ဆောင်လို့ သတ်မှတ်လိုက်ပေါ့ ”

ဂိုဏ်းချုပ်၏ အသံက အရမ်းမကျယ်သော်လည်း ဝိဇ္ဇာများက ကောင်းကောင်း ကြားလိုက်ကြသည်။ သူတို့အားလုံး အသက်ပြင်းပြင်း ရှုသွင်းမိလိုက်ကြ၏။

ဟူး …

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က တကယ်ကြီး ရက်ရောတာပဲ

ကောင်းကင်ပြုပြင်ရေး ဆေးလုံး၏ တန်ဖိုးသည် စိတ်ကူးကြည့်လို့ပင် မရတော့ချေ။ အကြောင်းမှာ ဝိဇ္ဇာအိုကြီးများက သူတို့နှစ်ထောင်ချီ စုဆောင်းခဲ့သမျှ ရတနာများကို အသုံးပြုခဲ့၍ ဖြစ်သည်။ သို့သော်လည်း ထိုရတနာများက သူတော်စင်ဆီ ပေးပစ်လိုက်လေသည်။

ချမ်းသာလိုက်တာ …

ဂိုဏ်းချုပ်က အမှန်တကယ် ရက်ရောလွန်းလေသည်။ တချို့ဝိဇ္ဇာများက အတွေးများလာကြ၏။

ငါသာ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နဲ့ ဆက်ဆံရေးကောင်းရှိရင် ငါ့အတွက် ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို အရင် မရလာလောက်ဘူးလား …

လေလံပွဲကို အထွတ်အမြတ်မြေက ဦးစီးကျင်းပသော်လည်း ဆေးပညာရှင်က သူတော်စင် ဖြစ်ပေသည်။ မည်သို့ပင်ဖြစ်စေကာမူ သူတို့သာ အလေးပေးခံရပါက အကျိုးမြတ် ရလာနိုင်လေသည်။

ဝိဇ္ဇာများက ဆွဲဆောင်ခံနေရ၏။ ဆွဲဆောင်ခံရခြင်းထက် အရင်လှုပ်ရှားလိုက်ခြင်းက ပိုကောင်းပေသည်။

သိပ်မကြာခင် ဝိဇ္ဇာတစ်ယောက်က နာကျင်နေသည့် အမူအယာဖြင့် ရှေ့ထွက်လာကာ မီးပြင်းဖို အသေးလေးကို ထုတ်ယူလိုက်သည်  “ သူတော်စင်ကတော့ တကယ်ကို ကောင်းကင်ဘုံ ချီးမြင့်ခံထားရတဲ့ ပါရမီရှင်ပါပဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလို အောင်မြင်မှုမျိုးကို ရလာတာဆိုတော့ တကယ်ကို အံ့ဖွယ်ပါပဲ။

ဒါလေးက ဝိဇ္ဇာအသုံးအဆောင်ပစ္စည်း ချော်ရည်ပူမီးပြင်းဖိုလေးပါ။ ဒီအထဲမှာ နှစ်တစ်သောင်း မြေဗဟိုချက် မီးတောက် ပါပြီးတော့ ဆေးလုံးသန့်စင်ရာမှာ အလွန်အထာက်အကူပြုပေးနိုင်တယ်။ ဒါက လွန်ခဲ့တဲ့ နှစ်တစ်သောင်းလောက်က ဆေးလုံးဝိဇ္ဇာ ချော်ရည်ပူ သုံးခဲ့တဲ့ မီးပြင်းဖိုလေးလေ။

ဒီနေ့မှာတော့ သူတော်စင်အတွက် ဂုဏ်ပြုလက်ဆောင်အနေနဲ့ ပေးချင်ပါတယ် ”

ဝိဇ္ဇာက ဤလက်ဆောင်ကို သေချာဂရုတစိုက် ရွေးချယ်ထားခြင်း ဖြစ်၏။ ထိုအရာက ရှန်ထျန်း၏ အလေးပေးမှုကို ခံယူလိုရုံတင် မကဘဲ ရှန်ထျန်းအား နောင်အခါ ကောင်းကင်ပြုပြင်ရေး ဆေးလုံး ဖော်စပ်သည့်အခါ သူ့အကြောင်း အရင်ဆုံး တွေးမိစေရန် မျှော်လင့်ချက်လည်း ပါဝင်သည်။

အခြားဝိဇ္ဇာများက ထိုအရာကို မြင်လိုက်သည့်အခါ ဉာဏ်များလွန်းသည့်အတွက် ကျိန်ဆဲကြတော့သည်။

ဝိဇ္ဇာတစ်ယောက်က ဆေးတစ်လုံးအတွက် ဝိဇ္ဇာအသုံးအဆောင်ပစ္စည်းကိုတောင် ပေးပစ်သည်လား။

ငါတော့ အဲလိုလုံးဝ မလုပ်ဘူး …

သို့သော်လည်း သိပ်မကြာခင် စောစောက ပြောခဲ့သူက ရှေ့ထွက်လာကာ ဂုဏ်ပြုလက်ဆောင် လာပေးလေသည်။ ထိုဂုဏ်ပြုလက်ဆောင်များက ထိပ်တန်းအဆင့် ဝိဇ္ဇာဆေးပင်များနှင့် အသုံးအဆောင်ပစ္စည်းများ ဖြစ်၏။

ထိုဝိဇ္ဇာများက ရှန်ထျန်းနှင့် ဆက်ဆံရေးကောင်း တည်ဆောက်လိုကြသောကြောင့် ရှန်ထျန်းနှင့် မိတ်ဖြစ်ဆွေဖြစ်အတွက် ဝိဇ္ဇာအသုံးအဆောင်ပစ္စည်းလောက်က မပြောပလောက်ပေ။ သူတို့က စိတ်အားတက်ကြွနေကြသည်။

……………...

သူ့ရှေ့ရှိ အသုံးအဆောင်ပစ္စည်းအပုံလိုက်ကို ကြည့်ကာ ရှန်ထျန်းက ကြောင်အမ်းအမ်း အမူအယာကို ထုတ်ပြရုံမှအပ မတတ်နိုင်တော့ပေ။

ဝိဇ္ဇာအသုံးအဆောင်ပစ္စည်းတွေ ဘယ်အချိန်က ဒီလောက်တန်ဖိုးမဲ့လာတာတုန်း …

တစ်ခါတည်းနဲ့ တစ်ခြင်းစာလောက် ပေးပစ်နေတာလား။ သူတို့အားလုံးက အတုများလား ။

ဒီစီနီယာတွေတော့ အရမ်းများသွားပြီ။ သူတို့ ဒီလောက်ယဉ်ကျေးနေတာ အဆင်ပြေပါ့မလား။

တစ်ခါတည်းနဲ့ ပိုက်ဆံအများကြီး ဖြုန်းတာက တခြားလူတွေကို အကျင့်ဆိုးတွေကို သင်ပေးနေသလိုပဲ … ငါ လက်ခံလိုက်ရမလား ဒါမှမဟုတ် ငါ လက်ခံလိုက်ရမလား

ဒါမှမဟုတ် ငါ လက်ခံလိုက်သင့်လား

All Chapters