မဟာနတ်ဧကရာဇ် ဟွမ်ရှစ် ကိုယ်တိုင် သင်ပေးမှာလား
Vol. 28 Ch. 420
အခန်း (၄၂၀) : မဟာနတ်ဧကရာဇ် ဟွမ်ရှစ် ကိုယ်တိုင် သင်ပေးမှာလား
အားလုံးက စစ်ဘုရင်၏ စကားကြောင့် အံ့အားသင့်နေကြစဉ် ပုံရိပ်လေးတစ်ခုက ပြေးထွက်လာသည် “ဦးလေး စစ်ဘုရင် ”
မှန်ပေသည်။ ထိုလူမှာ မင်းသမီးလင်းလုံ ဖြစ်၏။ မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်၏ မင်းသမီးတစ်ပါးအနေနှင့် သူမက စစ်ဘုရင်ကို ကြိုဆိုရန် ထွက်လာခြင်း ဖြစ်သည်။
“ မင်းသမီး … အရှင်သာ မင်းသမီး ခိုးထွက်မှန်း သိရင် ဒေါသထွက်နေလောက်ပြီ ” စစ်ဘုရင်က မင်းသမီးလင်းလုံကို မြင်လိုက်သည့်အခါ လေးလေးနက်နက် အမူအယာပြောင်းသွားလေသည်။
ထာဝရဘုံဗိမာန်ကျွန်း အဖြစ်အပျက်အပြီးတွင် မင်းသမီးလင်းလုံက တိတ်တဆိတ် ထွက်ပြေးလာခဲ့သည်။ မည်သူကများ သူမကို အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီ ရောက်နေလိမ့်မည်ဟု ထင်ထားမည်နည်း။
မင်းသမီးလင်းလုံက အဆင့်အတန်း မြင့်မားသောကြောင့် သူမသာ တစ်ခုခု ဖြစ်သွားခဲ့လျှင် မည်သူမှ တာဝန်ခံနိုင်မည် မဟုတ်ပေ။
မင်းသမီးလင်းလုံက လျှာလေးထုတ်ကာ “ ဦးလေးကလည်း လင်းလုံမှားမှန်း သိပါတယ်”
စစ်ဘုရင်က ပြုံးလိုက်ပြီး ခေါင်းခါလိုက်သည်။ သူ့မျက်နှာထားက အလိုလိုက်ချင်သည့် အမူအယာသို့ ပြောင်းလဲသွားသည်။
သူက သူမရှေ့တွင် မျက်နှာတည်တည် ထိန်းမထားနိုင်ပေ။
မင်းသမီးလင်းလုံက ပါရမီထူးရုံသာမက ဉာဏ်ပညာကြီးမားပြီး အသိအဉာဏ် မြင့်မားပေသည်။ ထို့ကြောင့် သူမက မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်မှ အားကောင်းကောင်း ပုဂ္ဂိုလ်များ၏ ချစ်ခင်မှုကို ရရှိထား၏။
စစ်ဘုရင်လည်း ခြွင်းချက် မဟုတ်ပေ။
………....
ခဏ … မင်းသမီးရဲ့ ဖွဲ့စည်းပုံက ပြောင်းလဲသွားတာလား …
စစ်ဘုရင်က မင်းသမီးလင်းလုံ၏ ဖွဲ့စည်းပုံနှင့် ပတ်သတ်၍ အပြောင်းအလဲ ဖြစ်ထားမှန်း တန်းသတိထားလိုက်မိသည်။ လက်ရှိ သူမ ဖွဲ့စည်းပုံက ယခင်ထက် များစွာ အားကောင်းနေပြီး သူမ၏ ကျင့်ကြံဆင့်လည်း သိသိသာသာ တိုးတက်လာသည်။
ထိုအရာက စစ်ဘုရင်အား အံ့အားသင့်သွားစေ၏။
လင်းလုံဝိဇ္ဇာခန္ဓာသည် ထိပ်တန်း ခန္ဓာတည်ဆောက်ပုံတစ်ခု ဖြစ်နေပြီ ဖြစ်သောကြောင့် ဧကရာဇ်ရှီပင် မင်းသမီးလင်းလုံ မွေးဖွားလာသည့်အခါ စိတ်သက်သာရာရသွားခဲ့သည်။
ခန္ဓာတည်ဆောက်ပုံက မွေးကတည်းက သတ်မှတ်ထားပြီးပြီ ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ပြောင်းလဲ၍ မရပေ။
သို့သော်လည်း မင်းသမီးလင်းလုံ၏ လင်းလုံဝိဇ္ဇာခန္ဓာက အသွင်ပြောင်းလဲသွားသော်လည်း ပို၍ အားကောင်းလာသည်။ ထိုအရာက မယုံကြည်နိုင်စရာ ကောင်းလွန်းသည်။
သူမ ပျောက်နေသည်မှာ တစ်လတာမျှသာ ရှိသေးသည့်အကြောင်း သိထားရပေမည်။
“ လင်းလုံရဲ့ စွမ်းအားက အစ်ကိုရှန်ရဲ့ ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးကြောင့် တိုးလာတာလေ ”
မင်းသမီးလင်းလုံက ရှန်ထျန်းကို တစ်ချက်ခိုးကြည့်လိုက်ရင်း ရှက်သွေးဖြာသွားလေ၏။
“ ရှန်ထျန်း … ကောင်းကင်ပြုပြင်ရေး ဆေးလုံးလား ”
စစ်ဘုရင်က မနေနိုင်ဘဲ စိတ်ဝင်စားလာသည်။
ခဏအကြာတွင် မင်းသမီးလင်းလုံက အဖြစ်အပျက်ကို အသေးစိတ် ရှင်းပြလိုက်သည်။
စစ်ဘုရင်က အံ့ဩတကြီး ဖြစ်နေကာ “ လောကမှာ ဒီလိုမျိုး ထူးခြားတဲ့ ဆေးလုံးမျိုး ရှိနေတာလား ”
မင်းသမီးလင်းလုံက သူ့ကို လိမ်ညာမည် မဟုတ်သောကြောင့် ဝိဇ္ဇာကိုပင် အကျိုးသက်ရောက်စေသည့် ဆေးလုံးမျိုးကို အမှန်တကယ် ရှိတာသာ ဖြစ်ရမည်။
……….....
စစ်ဘုရင်က မျက်မှောင်အသာကြုတ်ကာ ဘေးပတ်လည်ကို စစ်ဆေးကြည့်လိုက်သည် “ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ဘယ်မှာလဲ ”
ရှန်ထျန်းက ရှေ့ထွက်လာပြီး လက်နှစ်ဖက်ယှက်ကာ အရိုအသေပေးလိုက်သည် “ စီနီယာစစ်ဘုရင်ကို ဂါရဝပြုပါတယ်။ ကျွန်တော်က ရှန်ထျန်းပါ ”
စစ်ဘုရင်က တုနှိုင်းမဲ့ ချောမောလှသည့် ရှန်ထျန်းကို ကြည့်ကာ သူ့ရုပ်ရည်ကြောင့် ခဏတာ ကြောင်အမ်းသွားမိလေသည်။ သူက အမှန်တကယ် ထူးခြားလှသည်။
ငါ ငယ်ငယ်တုန်းကနဲ့ ယှဉ်နိုင်တယ် …
သူက တည်တည်ငြိမ်ငြိမ် ပြောလိုက်၏ “ မင်းက တကယ်ကို ထူးချွန်တာပဲ။ ငါက မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်ကို ကိုယ်စားပြုပြီးတော့ မင်းကို ဂုဏ်ပြုပေးဖို့ ရောက်လာတာ ”
ထိုစကားများကို ကြားကာ အထွတ်အမြတ်မြေအသီးသီးမှ ဝိဇ္ဇာများက မအံ့ဩဘဲ မနေနိုင်ကြတော့ပေ။
သူတို့က မှန်မှန်ကန်ကန် မှန်းဆနိုင်ခဲ့ကြသည်။
မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်က ကိုးကြိမ်မြောက် စမ်းသပ်ချက် ဖြတ်ကျော်ထားသည့် စစ်ဘုရင်ကို အံ့ဖွယ်မိုးကောင်းကင် သူတော်စင်အား သူ့ရာထူအပ်နှင်းပွဲအခမ်းအနား၌ ဂုဏ်ပြုပေးရန် လွှတ်လိုက်လေသည်။
ဒါက ဘယ်လိုဂုဏ်ပြုမှုမျိုးလဲ … နယ်မြေငါးခုအတွင်း မည်သည့် သူတော်စင်ကမှ ဤသို့ဆက်ဆံမှုမျိုးဖြင့် မကြုံဖူးကြပေ။
သို့သော်လည်း အံ့ဖွယ်မိုးကောင်းကင် သူတော်စင်၏ ပါရမီအရ ထိုအပြုအမူများက သူနှင့် ထိုက်တန်ပေ၏။ ထိုအချိန်အတွင်း အားလုံးက ရှန်ထျန်း၏ ပြိုင်ဖက်ကင်း စွမ်းရည်ကို ယုံကြည်လာကြသည်။
သူက ဝိဇ္ဇာအစစ်အမှန်အား တူတစ်ချက်တည်းဖြင့် လွှင့်စင်သွားစေရုံသာမက ကောင်းကင်ပြုပြင်ရေး ဆေးလုံးကိုလည်း ဖော်စပ်နိုင်ခဲ့သည်။
လူငယ်မျိုးဆက်အတွင်း အခြားပါရမီရှင်များက ဤသိုပါရမီမျိုး မရှိနိုင်ပေ။
ရှန်ထျန်းက ပြုံးကာ “ စီနီယာစစ်ဘုရင်က ကျွန်တော်ကို ချီးကျူးလွန်းနေပါပြီ ”
ရှန်ထျန်းက ကိုးကြိမ်မြောက် စမ်းသပ်ချက် ဖြတ်ကျော်ထားသော ဝိဇ္ဇာနှင့် ရင်ဆိုင်ရသည့်အခါ အတော်လေး ကျိုးနွံနေသည်။
စစ်ဘုရင်က ခေါင်းအသာညိတ်လိုက်ပြီး “ မင်းက မောက်မာတာမျိုး မရှိသလို နှိမ့်ချတာမျိုးလည်း မရှိဘူး။ ပြီးတော့ ရင့်ကျက်တဲ့ စိတ်ထားလည်း ရှိတယ်။ မင်းက တကယ်ကို ထူးခြားတာပဲ။ ဒီခရီးစဉ်မှာ မဟာနတ်ဧကရာဇ် ဟွမ်ရှစ်ရဲ့ အမိန့်မှာတမ်းကို ကြေညာပေးရုံအပြင် မင်းနဲ့ သက်ဆိုင်တဲ့ ကိစ္စလည်း ပါသေးတယ် ”
“ ကျွန်တော်လား ”
ရှန်ထျန်းက ကြောင်သွားလေသည်။
ငါက ဘယ်လိုလုပ် ပါလာပြန်တာတုန်း။ ငါက ပါရမီထူးကဲနေပြီးတော့ အသိဉာဏ်ရော ရဲစွမ်းသတ္တိရော ပြည့်စုံပေမဲ့ စစ်ဘုရင်လိုမျိုး လူက ငါ့ကို ကိုယ်တိုင် လာရှာတာတော့ မဖြစ်နိုင်လောက်ဘူးမလား။
“ ကောလဟာလတွေအရ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က အရမ်းပါရမီထူးကဲတယ်တဲ့။ အရှင်က ဒီအမိန့်မှာတမ်းထဲမှာ မင်းကို ကျိရှားကျောင်းတော်ဆီ လာရောက်ဖို့ မျှော်လင့်နေကြောင်း ပြောထားတယ်။ ဧကရာဇ်အရှင်က မင်းကို ကိုယ်တိုင်သင်ပေးချင်နေတယ် ”
စစ်ဘုရင်က တည်ငြိမ်နေဟန်ပေါ်သော်လည်း တကယ်တော့ ကြောင်အမ်းနေမိသည်။
မဟာနတ်ဧကရာဇ် ဟွမ်ရှစ်က ကျိရှားကျောင်းတော်အတွင်း အဓိပတိ အဆင့်အတန်းမျိုး ပိုင်ဆိုင်ထားသည်။ ယခင်နှစ်တစ်ထောင်အတွင်း ပါရမီထူးကဲပြီး မျက်ဆံနှစ်ခုပိုင်ရှင် ရှီထျန်းကျီ တစ်ယောက်တည်းသာ ဟွမ်ရှစ်၏ လမ်းပြညွှန်ကြားပေးမှုကို ရရှိခဲ့သည်။
ရှီထျန်းကျီက အခြားပါရမီရှင်အားလုံးကို အထင်သေးသည့် လူငယ်ပါရမီရှင်တစ်ယောက် ဖြစ်သည်။ သူက အလယ်ပိုင်းကုန်းမြေ၌ အားအကောင်းဆုံး ပါရမီရှင် ဖြစ်၏။
သူတစ်ယောက်တည်းသာ ဟွမ်ရှစ်နှင့် ကျင့်ကြံဖို့အတွက် အရည်အချင်း ပြည့်မှီသည်။
ဟွမ်ရှစ်က တစ်ခါမှ မတွေ့ဖူးသည့် အရှေ့ပိုင်းလွင်ပြင်မှ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်အား သင်ကြားပေးမည့် အမိန့်မှာတမ်းကို အမှန်တကယ် ထုတ်ပြန်ခဲ့သည်။
ထိုအရာက စစ်ဘုရင်ကိုပင် နားမလည် ဖြစ်သွားစေသည်။ ဝိဇ္ဇာအသီးသီးလည်း ကြောင်အအ ဖြစ်သွားကြ၏။
ဤလူမှာ မဟာနတ်ဧကရာဇ် ဟွမ်ရှစ် ဖြစ်ပေသည်။
နယ်မြေငါးခုလုံး ကျင့်ကြံသူများ၏ စံပြပုဂ္ဂိုလ် မဟုတ်ပါလော။
ဤသို့သော တည်ရှိမှုမျိုးက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်အား ကျိရှားကျောင်းတော်ဆီ ဝင်ရောက်ရန် ဖိတ်ကြားပြီး ကိုယ်တိုင် သင်ကြားပေးချင်နေသေးသည်။
ဝိဇ္ဇာများပင် အံ့ဩသွားကြ၏။
ထိုစဉ် အခြားသော အထွတ်အမြတ်မြေများမှ ပါရမီရှင်များက အားကျနေကြသည်။
တကယ်ကို အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ဆိုတဲ့အတိုင်းပဲ … ငါတို့က နောက်ကောက်ကျကျန်နေခဲ့တာပဲ
မဟာနတ်ဧကရာဇ် ဟွမ်ရှစ်၏ လမ်းညွန်မှု ခံယူနိုင်ခြင်းမှာ အဖိုးမဖြတ်နိုင်သည့် ဂုဏ်ရှိမှုမျိုး ဖြစ်ပြီး နှစ်တစ်ထောင်လောက် ကြွားလုံး ထုတ်နိုင်လေသည်။
…………...
သို့သော်လည်း ရှန်ထျန်းက ပျော်မနေပေ။ ထို့အစား သူက စိုးရိမ်နေမိ၏။
ဘာဖြစ်နေတာလဲ … ငါ့ကျော်ကြားမှုက မဟာနတ်ဧကရာဇ် ဟွမ်ရှစ်ရဲ့ နားထဲ ရောက်သွားတာလား။ မဖြစ်သေးပါဘူး။
တကယ်လို့ မဟာနတ်ဧကရာဇ် ဟွမ်ရှစ်လို တည်ရှိမှုမျိုးက ငါ့ကို သိနေရင် မိစ္ဆာဝိညာဉ်ဂိုဏ်းက မိစ္ဆာကောင်တွေလည်း ငါ့ကို မျက်စိကျနေကြမှာ မဟုတ်ဘူးလား
ကြည့်ရတာ ငါက အခုတလော ရုတ်ရုတ်သဲသဲ ဖြစ်စေမိတာ များသွားတယ်တူတယ် …
ရှန်ထျန်းက ထိုအတွေးဖြင့် ရုတ်ချည်း စိုးရိမ်လာမိသည်။
သူက သွေးနတ်ဘုရားကျမ်း ဒုတိယအပိုင်းကို အောင်အောင်မြင်မြင် ကျင့်ကြံထားပြီး ဝိညာဉ်လှည့်ပြောင်းရေး ပညာရပ်ကို သင်ယူထားသောကြောင့် သူ့တကယ့်ခန္ဓာ အသတ်ခံရလျင်ပင် သူ့ဝိညာဉ်ကို ကိုယ်ပွားထဲ ကူးပြောင်းကာ အသက်ဆက်ရှင်နိုင်သည်။
တစ်ဖက်လူက ရှန်ထျန်း၏ ကိုယ်ပွားအားလုံးကို အပြီးတိုင် မရှင်းထုတ်နိုင်သရွ့ ရှန်ထျန်းသည် မသေမျိုး ဖြစ်ပေမည်။ သူက ဤကျင့်စဉ်ဖြင့် နယ်မြေငါးခုရှိ အားကောင်းကောင်း ကျင့်ကြံသူများကို မနှိမ်နင်းနိုင်သော်လည်း သူ့တွင် ရှုံးစရာ မရှိပေ။
နယ်မြေငါးခုလုံး၌ ရှန်ထျန်း၏ အသက်လေးကို အမှန်တကယ် ခြိမ်းခြောက်နိုင်သည့်အရာ အနည်းငယ်သာ ရှိသည်။ သို့သော်လည်း ဤလောကကြီးက ငြိမ်းချမ်းမနေသောကြောင့် ထူးထူးဆန်းဆန်း အဖြစ်အပျက်များ များပြားလွန်းနေသည်။
သွေးနတ်ဘုရားကျမ်းကို ရင်ဆိုင်နိုင်တဲ့ သီးသန့်စွမ်းရည်နဲ့ လူများရှိနေမလား …
ရှန်ထျန်းက ထိုအချက်ကို လုံးလုံး မသေချာပေ။
အဆုံးသတ်၌ နယ်မြေငါးခုလုံးက သေမျိုးလောကမျှသာ ဖြစ်၏။ သို့သော် နတ်ဘုရားလောကက ဤလောကအား အာရုံစိုက်လွန်းနေသည်မှာ ထူးဆန်းလွန်းလှသည်။
စစ်နတ်ဘုရား မျှော်နန်းဆောင်၊ ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း၊ ကမ္ဘာဦး တိုက်ပွဲနယ်မြေ အစရှိသဖြင့် ဖြစ်၏။ မည်သူမှ မသိသေးသည့် ထူးထူးဆန်းဆန်းအရာများလည်း ရှိနေပေဦးမည်။ သွေးနတ်ဘုရားကျမ်းကို ရင်ဆိုင်နိုင်သည့်အရာ ရှိနေလျှင် ဘယ်လိုလုပ်ရမည်နည်း။
ရှန်ထျန်းက ဘေးကင်းဖို့က အဓိက ဟု တွေးနေဆဲ ဖြစ်သောကြောင့် သူ့စွမ်းအားကို တတ်နိုင်သမျှ မြင့်တင်ဖို့ ဆုံးဖြတ်ထားသည်။
သူ အားကောင်းလာမှသာ ခြိမ်းခြောက်မှုများ၊ အန္တရာယ်များကို ဂရုစိုက်စရာ မလိုတော့မည် ဖြစ်သည်။ ကျိရှားကျောင်းတော်ဆီ ဝင်ရောက်၍ လေ့လာရသည်က ရွေးချယ်မှုကောင်းတစ်ခု ဖြစ်၏။ ထိုနေရာကား နယ်မြေငါးခု၌ အကောင်းဆုံး လေ့လာသင်ယူရာ နေရာ ဖြစ်ကြောင်း လူသိများပြီး စွမ်းအားကို တိုးပွားလာစေနိုင်သည်။
ထိုစဉ် မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်၏ စွမ်းအားကြီး ကျင့်ကြံသူများ၏ ကာကွယ်ပေးမှုလည်း ရရှိပေဦးမည်။ ထို့ကြောင့် မိစ္ဆာဝိညာဉ်ဂိုဏ်းက ဝင်နှောင့်ယှက်နိုင်မည် မဟုတ်လောက်ပေ။
………….....
ရှန်ထျန်းက စစ်ဘုရင်အား ကြည့်လိုက်ကာ “ စီနီယာစစ်ဘုရင် … ကျွန်တော်အတွက် ဒီလိုကြင်နာမှုမျိုးက ဂုဏ်ယူစရာပါပဲ ”
ရှန်ထျန်း သဘောတူလိုက်သည့် အကြောင်းအရင်းမှာ သူ့စွမ်းအားကို တိုးမြင့်စေချင်ရုံတင်မကဘဲ ကျိရှားကျောင်းတော်သည် နယ်မြေအနှံ့နှံ့မှ ပါရမီရှင်များ စုဝေးရာအရပ် ဖြစ်နေသောကြောင့် ဖြစ်သည်။
သူတို့သာ ပါရမီရှင်များ ဖြစ်နေသရွေ့ သူတို့အများစုတွင် ကံကြမ္မာကောင်းကောင်း ပိုင်ဆိုင်ထားခြင်း သို့မဟုတ် ကံကြမ္မာသားတော်/ သမီးတော် များပင် ဖြစ်နေနိုင်သည်။
ပါရမီရှင်များ စုစည်းရာနေရာက သိုးများမွေး … လေ့လာဖို့ အိပ်မက်နေရာတစ်ခု ဖြစ်ပေသည်။
ငါ ဒီလိုအခွင့်အရေးမျိုးနဲ့ လွဲချော်သွားလို့ ဘယ်ဖြစ်မလဲ။ သူတို့ဆီကနေ ကံကြမ္မာ အလကားမျှဝေယူရမယ်
စစ်ဘုရင်က ပြုံးလိုက်ပြီး “ အရမ်းကောင်းတယ် အရမ်းကောင်းတယ်။ ဒီနေ့ကစပြီး မင်းက ငါနဲ့အတူတူ ကျိရှားကျောင်းတော်ဆီ လိုက်ခဲ့ရမယ် ”
ရှန်ထျန်းက သဘောတူလိုက်သည်ကို မြင်ပြီး စစ်ဘုရင်က ကျေနပ်သွားလေသည်။ အဓိကက သူသည် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က မဟာနတ်ဧကရာဇ်ကိုယ်တိုင် ဖိတ်ကြားရလောက်အောင်အထိ မည်မျှ ထူးခြားနေကြောင်း သိချင်မိ၏။
အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ရဲ့ ပါရမီက မျက်ဆံနှစ်ခုပိုင်ရှင်နဲ့ လက်ရည်တူ ဖြစ်နေမလား …
သူတို့နှစ်ယောက်ထဲမှာ ဘယ်သူက ပိုအားကောင်းမလဲ …
ရှန်ထျန်းက ခေါင်းတညိတ်ညိတ်ဖြင့် စိတ်လှုပ်ရှားနေမိသည်။ သူ့ကံကြမ္မာ ကျဆင်းလာပြီးနောက် ပြန်တက်မလာသေးသောကြောင့် မလုံမခြုံ ခံစားနေရသည်။
ရှန်ထျန်းက ကျိရှားကျောင်းတော်ဆီ သွားကာ ကံကြမ္မာကောင်းများ ဝေမျှနိုင်မည့် အခွင့်အရေးမျိုးကို မည်သို့ လက်လွှတ်ခံနိုင်မည်နည်း။
ငါ လာပြီ … ကျိရှားကျောင်းတော်က အစ်ကို၊ အစ်မတို့ရေ
ထို့နောက် စစ်ဘုရင်က အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၊ အထွတ်အမြတ်မြေအသီးသီးမှ ဂိုဏ်းချုပ်များနှင့် စကားပြောဆိုရန် ထွက်သွားလေသည်။
ထိုစဉ် စစ်ဘုရင် လက်ထဲရှိ အမိန့်မှာတမ်းက ရုတ်ချည်း ရွှေရောင်တောက်တောက်အဖြစ် ပြောင်းလဲသွားကာ စစ်နတ်ဘုရား မျှော်နန်းဆောင်ထဲ ဝင်ရောက်သွားသည်။
စစ်နတ်ဘုရား မျှော်နန်းဆောင်အတွင်း ခမ်းနားကြီးကျယ်လှသည့် ရွှေရောင်ပုံရိပ်တစ်ခု ပေါ်ထွက်လာကာ ယဉ်ယဉ်ကျေးကျေးအသံ ထွက်ပေါ်လာသည် “ ဟွမ်ရှစ်က စီနီယာယဲ့ကို ဂါရဝပြုပါတယ်။ ကျွန်တော်တို့ မတွေ့ရတဲ့ နှစ်ထောင်ပိုင်းအတွင်းမှာ အဆင်ပြေရဲ့လား ”
………….....
သူတော်စင်ရာထူးအပ်နှင်းပွဲ အခမ်းအနားက မကြာခင် အဆုံးသတ်တော့မည် ဖြစ်သော်လည်း အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက အသက်ဝင်လှုပ်ရှားနေဆဲ ဖြစ်သည်။
အဓိကအကြောင်းအရင်းမှာ ကျိရှားကျောင်းတော်က ဝင်ခွင့်ကို ဖြေလျော့ပေးလိုက်သောကြောင့် ခြောက်ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းနှင့်အထက် ပါရမီရှင်များက အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။
ဂိုဏ်းအသီးသီးမှ ပါရမီရှင်အများစုက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေအတွင်း စုဝေးနေကြလေသည်။ သူတို့က စစ်ဘုရင်နောက်မှ ကျိရှားကျောင်းတော်ဆီ လိုက်သွားကြမည်။
မိစ္ဆာဝိညာဉ်ဂိုဏ်း၏ မရပ်မနား ပြဿနာရှာမှုကြောင့် နယ်မြေငါးခုက ထင်ရသလောက် ငြိမ်းချမ်းမှု မရှိပေ။ ထိုတည်ရှိမှုက လူငယ်မျိုးဆက်အတွက် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်နေသည်။
ယခင်နှစ်တစ်သောင်းခန့်က မိစ္ဆာဝိညာဉ်ဂိုဏ်းသည် ဂိုဏ်းအသီးသီးမှ ပါရမီရှင်များကို သတ်ပစ်ခဲ့ကြသည်။
ပါရမီရှင်အများစုက အားကောင်းမလာခင် မိစ္ဆာဝိညာဉ်ဂိုဏ်း လက်ချက်အတွင်း သေဆုံးသွားကြရ၏။ ထိုအရာက ဂိုဏ်းများအနေနှင့် လူငယ်ပါရမီရှင်များကို အကာအကွယ်ပေးဖို့ အာရုံစိုက်လာစေသည်။ ထိုစဉ် သူတို့သာ ကျိရှားကျောင်းတော်အတွင်း ဦးတည်လျှင် စစ်ဘုရင်၏ ကာကွယ်မှု ရနိုင်သောကြောင့် ပို၍ ဘေးကင်းလေသည်။
စစ်ဘုရင်က ကိုးကြိမ်မြောက် စမ်းသပ်ချက် ဖြတ်ကျော်ထားသော မဟာဝိဇ္ဇာတစ်ယောက် ဖြစ်သောကြောင့် မိစ္ဆာဝိညာဉ်ဂိုဏ်းက ရဲရဲတင်းတင်း ပြုမူရဲမည် မဟုတ်ပေ။
မြောက်များစွာသော ပါရမီရှင်တို့က ကျိရှားကျောင်းတော်ဆီ သွားဖို့ စောင့်နေကြသည်။
ဤသည်မှာ သူတို့ မျှော်လင့်တောင့်တနေသည့် ကံအပြောင်းအလဲ အခွင့်အရေးများ ပြည့်နှက်နေသောကြောင့် ပါရမီရှင်များစွာအတွက် အိပ်မက်နေရာတစ်ခုလည်း ဖြစ်သည်။
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှ ပါရမီရှင်များစွာလည်း ပြင်ဆင်နေကြသည်။ မဟာနတ်ဧကရာဇ်ကိုယ်တိုင် ရည်ညွှန်းထားသည့် ရှန်ထျန်းအပြင် ခြောက်ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့်နှင့်အထက် ကျင့်ကြံသူများစွာလည်း အတူတူ သွားရောက်ကြမည်။
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ထိပ်တန်း ပါရမီရှင်လေးယောက် ဖြစ်သည့် ကျန်းယွင်ရှီး၊ ကျန်းယွင်ထင်၊ ဖန်ချန်းနှင့် ကျောက်ဟောင်တို့လည်း အပါအဝင် ဖြစ်၏။
သူတို့၏ စွမ်းအားက ကောင်းကင်ပြုပြင်ရေး ဆေးလုံး သောက်ပြီးသည့်နောက်တွင် ထိပ်သီး ကနဦးဝိညာဉ်အဆင့်သို့ ရောက်နေကြသည်။ ကျိရှားကျောင်းတော်က သူတို့ဝင်ခွင့်ကို မတိုးချဲ့လိုက်လျှင် သူတို့၏ စွမ်းအားနှင့် ပါရမီအရ ဝင်နိုင်ဦးမည်သာ ဖြစ်၏။
လေးယောက်သား ရှန်ထျန်းနှင့်အတူတူ ခရီးထပ်သွားနိုင်မည် ဖြစ်သောကြောင့် စိတ်လှုပ်ရှားနေကြသည်။
ရှန်ထျန်းကို ကံကြမ္မာသားတော်ဟု လူသိများသွားကတည်းက သူနှင့်အတူတူ ကျိရှားကျောင်းတော်ဆီ သွားရောက်တာက အကောင်းဆုံး ဖြစ်ပေသည်။ ထိုအရာက ကျိရှားကျောင်းတော်ဆီ သွားရောက်ကြသော ပါရမီရှင်အရေအတွက်အား ယခင်ထက် တိုးများသွားစေသည်။
မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်က ကောင်းကောင်း ပြင်ဆင်ထားပြီး ဝိဇ္ဇာအသုံးအဆောင်ပစ္စည်း ရထားလုံးပျံပါ ယူဆောင်လာခဲ့လေရာ အားလုံးအတွက် နေရာပေးထားနိုင်သည်။
ဤရထားလုံးပျံကြီးက အထွတ်အမြတ်မြေပေါ်တွင် မျှောနေပြီး ဘေးပတ်လည်တွင် စည်းမျဉ်းစွမ်းအားများကိုပါ မြင်တွေ့နေရသည်။
ဤရွှေရောင်တောက်တောက် ရထားလုံးကြီးက အံ့ဖွယ်ရွှေ သုတ်လိမ်းထားသလိုမျိုး သိပ်သည်းနေသည်။ ရထားလုံးပျံကို ရွှေရောင်အကာအရံတစ်ခုဖြင့် လွှမ်းခြုံထားပြီး အားကောင်းကောင်း အရှိန်အဝါတို့ ထုတ်လွှင့်နေသည်။
မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည် ဖန်တီးထားသော ဝိဇ္ဇာအသုံးအဆောင်ပစ္စည်းက ဝိဇ္ဇာအစစ်အမှန်၏ တိုက်ခိုက်မှုများကိုပင် တားဆီးနိုင်သည်။ ဘေးပတ်လည်ရှိ လူများက တအံ့တဩ မဖြစ်ဘဲ မနေနိုင်တော့ပေ။ မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်တစ်ခုတည်းကသာ ဤသို့သော ဝိဇ္ဇာအသုံးအဆောင် ရထားလုံးပျံမျိုး တည်ဆောက်နိုင်လိမ့်မည်။
ထို့ကြောင့် ကျိရှားကျောင်းတော်ဆီ သွားဖို့ စိုးရိမ်စရာ မလိုပေ။ သူတို့တွင် ခုခံရေးစွမ်းအားကောင်းသည့် ဝိဇ္ဇာအသုံးအဆောင်ပစ္စည်းမျိုး ရှိထားရုံသာမက ကိုးကြိမ်မြောက် စမ်းသပ်ချက် ဖြတ်ကျော်ထားသော မဟာဝိဇ္ဇာလည်း ပါနေသေး၏။
မည်သူမှ တိုက်ခိုက်ရဲမည် မဟုတ်ပေ။
“ သွားကြစို့ ”
စစ်ဘုရင်၏ အသံထွက်ပေါ်လာပြီးနောက် ရထားလုံးပျံတစ်ခုလုံးက ကောင်းကင်သို့ ပျံသန်းသွားကာ သက်တန့်တစ်ခုသာ ချန်ထားခဲ့ပြီး အလယ်ပိုင်းကုန်းမြေဆီ ဦးတည်လိုက်သည်။
…………….
အလယ်ပိုင်းကုန်းမြေ၊ မိစ္ဆာဝိညာဉ်နန်းဆောင်အတွင်း …
ဗုဒ္ဓအတွက် ကျောင်းဆောင်အလား ကြီးကျယ်ခမ်းနားလှသည်။ ဘေးပတ်လည်တွင် ဗုဒ္ဓရွှေဆင်းတုတော်၊ ထိုင်ခင်း၊ သစ်သားငါး အစရှိသဖြင့် ဗုဒ္ဓပစ္စည်းများနှင့် ပြည့်နှက်နေလေ၏။ သို့သော်လည်း ထိုဗုဒ္ဓရတနာများက အနက်ရောင်အလင်းများ ပေစွန်းနေပြီး မြင့်မြတ်သည့် အငွေ့အသက်မျိုး မရှိတော့ချေ။
တချို့ ရွှေဆင်းတုတော်များ၏ မျက်ဝန်းက အနီရောင် ဖြစ်နေကာ သွေးဆာသည့်ပုံပေါက်နေသည်။ အခြားအရာများက မည်းနက်နေအောင် ပြောင်းလဲနေပြီး မိစ္ဆာအငွေ့အသက်များ ထုတ်လွှင့်နေသည်။
ဤနေရာမှာ ဗုဒ္ဓအထွတ်အမြတ်မြေ မဟုတ်ဘဲ မိစ္ဆာကုန်းမြေနှင့်သာ တူနေသည်။
ထိုစဉ် ထိုင်ခင်းပေါ်တွင် အင်မတန် အန္တရာယ်များသည့် ပုံရိပ်တစ်ခု ရှိနေသည်။ တစ်ဖက်တွင် မည်းနက်နေသည့် အလင်းရောင် ရှိပြီး တစ်ဖက်တွင် ရွှေရောင်အလင်းများ တောက်ပနေသည်။ ဗုဒ္ဓနှင့် မိစ္ဆာက ခန္ဓာကိုယ်တစ်ခုတည်းတွင် တည်ရှိနေသလိုမျိုး ဖြစ်နေသည်။
ဤသည်မှာ မိစ္ဆာဝိညာဉ်ဂိုဏ်း၏ အသက်မဲ့ဘုရင် ဖြစ်၏။
အသက်မဲ့ဘုရင်သည် ရုတ်ချည်း မျက်လုံးပွင့်လာပြီး သူ့မျက်ဝန်းမှ အနီတောက်တောက် အလင်းရောင် ပစ်လွှတ်လာသည်။ သို့သော်လည်း သူ့အရှိန်အဝါက ယခင်ထက် များစွာ အားနည်းနေလေ၏။ သူ့အင်အား လျော့ကျသွားသည်မှာ သိသာလှသည်။
“ ဟိုကောင်စုတ် ရှန်ထျန်းက ငါ့တာအိုခန္ဓာနှစ်ခုကို တကယ် ဖျက်စီးသွားခဲ့တာပဲ ”
အသက်မဲ့ဘုရင်၏ အနာဂတ်ခန္ဓာက ဓားအငွေ့အသက်ကြောင့် သေဆုံးသွားရပြီး သူ့ပင်မခန္ဓာပင် ဒဏ်ရာအပြင်းအထန် ရရှိသွားသည်။ သူက တစ်လတာ အနားယူခဲ့ရပြီး ယခုအခါမှ ဒဏ်ရာများ တည်ငြိမ်သွားခြင်း ဖြစ်၏။
သို့သော်လည်း အသက်မဲ့ဘုရင်၏ စွမ်းအားက ယခင်နှင့် မယှဉ်နိုင်တော့ချေ။
သူ့စွမ်းအားက တာအိုခန္ဓာနှစ်ခု ပျောက်ဆုံးသွားပြီးနောက် များစွာ လျော့ကျသွားရုံသာမက နှစ်တစ်ထောင် ကျင့်ကြံရေး ဆုံးရှုံးသွားရသည်။
သူ့ခန္ဓာသုံးသွယ် ကျင့်စဉ်ပင် အတားအဆီးကြီးကြီးမားမားနှင့် ရင်ဆိုင်နေရလေ၏။
အသက်မဲ့ဘုရင်သည် ခန္ဓာကိုယ်များအား ပြန်မပေါင်းခင် သူ့ခန္ဓာသုံးခုကို ပြုစုပျိုးထောင်ဖို့ ကြံရွယ်ထားခဲ့သည်။
ဤနည်းလမ်းဖြင့် သူ့ကျင့်ကြံဆင့်က အဆင့်တိုးတက်လာကာ မထင်မှတ်ထားသည့် အဆင့်တစ်ခုသို့ ရောက်ရှိသွားပေမည်။ သို့သော်လည်း တာအိုခန္ဓာနှစ်ခု ပျောက်ဆုံးသွားပြီးနောက် အသက်မဲ့ဘုရင်က ထိုအတွေးကို လုံးဝ လက်လျော့လိုက်ရသည်။
နှစ်ထောင်ချီအချိန်မရှိဘဲ သူက ထပ်တိုးတက်လာဖို့ မဖြစ်နိုင်တော့ပေ။
သူက တာအိုခန္ဓာနှစ်ခု ထပ်မံ ပြုလုပ်လျှင်ပင် အရင်းအမြစ်များစွာနှင့် အားစိုက်မှုတို့ လိုအပ်နေသေးသည်။ ထို့ကြောင့် အသက်မဲ့ဘုရင်က ရှန်ထျန်းက အရိုးထဲအထိ မုန်းတီးနေသည်မှာ မထူးဆန်းတော့ပေ။
သို့သော်လည်း အသက်မဲ့ဘုရင်က ရှန်ထျန်းသည် ထူးဆန်းလွန်းကြောင်း သတိထားမိ၏။
သူ့အတိတ်ခန္ဓာက ရှန်ထျန်းကို သတ်ဖို့ ကြိုးစားစဉ် မျှော်နန်းဆောင်ကြောင့် ပျက်စီးသွားပြီး သူ့မိစ္ဆာဝိညာဉ် တပ်မဟာလည်း အပြီးတိုင် ရှင်းထုတ်ခံလိုက်ရသည်။
သူ့အနာဂတ် ခန္ဓာက ရှန်ထျန်းကို ဖြေရှင်းရန် သွားဖို့ လမ်းတွင် ဓားအငွေ့အသက်ကြောင့် တစစီ ဖြစ်ခဲ့ရသည်။
အရာအားလုံးက သူ ရှန်ထျန်းကို အဆုံးသတ်လိုသောကြောင့် ဖြစ်လာရခြင်း ဖြစ်၏။
အသက်မဲ့ဘုရင်က လွန်စွာ စိတ်ပျက်မိနေသည်။
အကယ်၍ ဤတစ်ခါ ရှန်ထျန်းကို အဆုံးသတ်ဖို့ ကြိုးစားသည့်အခါ ကံဆိုးလာခဲ့လျှင် သူ တကယ် သေဆုံးသွားနိုင်သည်။
အသက်မဲ့ဘုရင်က ကျိန်ဆိုလိုက်လေ၏ “ ရှန်ထျန်း … ငါ့ခန္ဓာသုံးခုလုံး ရတဲ့နေ့က မင်းသေနေ့ပဲ”
အသက်မဲ့ဘုရင်က သူ့စွမ်းအား ပြန်ရလာပြီးနောက် ရှန်ထျန်းအား ရှာပြီး လက်စားချေဖျု့ ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း သူက ရှန်ထျန်းကို အလွယ်လေး လွတ်ပေးမည်ဟု မဆိုလိုပေ။
………...
“ တကယ်လို့ ဒီလိုသာဆိုရင် မင်းရဲ့ မိသားစုဝင်တွေကနေ စလိုက်ရအောင်။ မီးတိုင်းပြည်ရဲ့ တော်ဝင်မိသားစု … မင်းသား(၁၃)လား။ မင်း စောင့်ကြည့်နေလိုက်”
အသက်မဲ့ဘုရင်၏ သရော်သံက နန်းဆောင်တစ်ခုလုံးအတွင်း ပဲ့တင်ရိုက်သွားသည်။