နတ်သမီးတောင်ထွတ်
Vol. 1 Ch. 288
"ဖုန်း ... ဖုန်း ... ဖုန်း"
တောင်စဉ်သုံးထောင်၏ တောနက်ပိုင်းဆီမှ မြေပြင် တုန်ခါသံများ မရပ်မနား ထွက်ပေါ်လျက်ရှိသည်။ တောထဲတွင် ရှိနေကြသော နတ်ဆိုးသားရဲများသည် ထွက်ပြေးလျှင်ပြေး၊ မပြေးလျှင် ထိတ်လန့်မှုကြောင့် တဆတ်ဆတ် တုန်နေကြလေသည်။ နတ်ဆိုးသားရဲကြီး နှစ်ကောင်၏ ကြောက်မက်ဖွယ် အရှိန်အဝါ တို့သည် တောတောင်တစ်ခွင် လွှမ်းခြုံနေခဲ့သည်။ အဆင့်နိမ့် နတ်ဆိုး သားရဲများမှာ လှုပ်ပင် မလှုပ်ရဲကြဘဲ မြေပြင်ပေါ်တွင် ဝပ်နေကြ၍ အသက်ပင်ရဲရဲ မရှူရဲကြပေ။
"ဖုန်း ... ဖုန်း"
အလွန်အမင်း ကြီးထွားလှသော နတ်ဆိုးသားရဲကြီး နှစ်ကောင်သည် ကိုယ်ခန္ဓာကို အသုံးချ၍ ဆက်လက် ခရီးဆက်နေကြသည်။ အနီးအနားရှိ သစ်ပင်များ၊ ကျောက်တောင်ငယ်များမှာ အမှုန်အမွှားလေးများ ဖြစ်ကုန်ကြလေသည်။ နတ်ဆိုးသားရဲကြီး နှစ်ကောင်သည် မြေပြင်ပေါ်တွင် ဝပ်ဆင်းနေကြသော အဆင့်နိမ့် နတ်ဆိုး သားရဲများကို လျစ်လျူရှုကာ အရှိန်အဟုန်နှင့် ပြေးလွှားနေကြသည်။ ၎င်းတို့၏ ပြေးနှုန်းအား မြန်လွန်းသည်ဟု မထင်ရသော်လည်း မျက်တောင်တစ်ခတ်စာ အတွင်း အရာရာမှာ မြင်ကွင်းမှ ကွယ်ပျောက်၍ ကျန်ရစ်သည်။
တောင်စဉ်သုံးထောင်က နာမည်အတိုင်းပဲ ... တောင်တွေရော၊ နတ်ဆိုး သားရဲတွေရော အများကြီး ရှိတယ်၊ အဲဒီတုန်းက နတ်ဆိုးဧကရီ ခေါ်လာတာ နတ်ဆိုးသားရဲ အချိုး နည်းနည်းလေးကိုပဲ ခေါ်လာတာ ဖြစ်ရမယ် ... သူမသာ ရှိသမျှ နတ်ဆိုးသားရဲတွေ အကုန် ခေါ်လာခဲ့ရင် ...
ကျန်းရီသည် 'ရှောင်ဟုန်'ဟု မြေခွေးလေး ခေါ်သည့် သူအမည် မတပ်ဝံ့သော နတ်ဆိုးဘုရင်၏ ပခုံးထက်တွင် ရပ်၍ မြင်မြင်သမျှကို စူးစမ်းလျက်ရှိသည်။ သူတို့ ဖြတ်ကျော်ခဲ့သည်မှာ တောင်မည်မျှ ရှိပြီမှန်းလည်း သူမမှတ်မိချေ။ နတ်ဆိုးဘုရင်၏ အရှိန်မှာ မြန်ဆန်လွန်းသည့် အပြင် များပြားလှသော နတ်ဆိုးသားရဲများ အရေအတွက်ကြောင့် ကျန်းရီမှာ မူးနောက်နောက်ပင် ဖြစ်နေလေပြီ။
"အစ်ကိုကြီး မကြာခင် ညီမတို့ အိမ်ကို ရောက်တော့မယ်၊ ညီမတို့ အိမ်က အရမ်းလှပေမယ့် ညီမ တစ်ယောက်တည်း နေရတာမို့ နှမြောဖို့ ကောင်းတယ်၊ ဧကရီမယ်တော်က အမြဲတံခါးပိတ် ကျင့်ကြံနေပြီး ညီမနဲ့ မကစားပေးဘူး ... ရှောင်ဟုန်နဲ့ တခြား သူတွေကလည်း ကျင့်ကြံဖို့ပဲ လုပ်နေကြပြီး ညီမနဲ့ မကစားဘူး"
"အစ်ကိုကြီး ... ညီမတို့အိမ်မှာ အချိန် တစ်ခုလောက်ထိ နေပါလား၊ အစ်ကိုကြီးသာ ရှောင်ဖေးကို အဖော်ပြုပေးနေရင် ရှောင်ဖေး အထီးကျန်နေတော့မှာ မဟုတ်ဘူး"
"အစ်ကိုကြီး ... ညီမတို့အိမ်မှာ ဝိညာဉ်သစ်သီးတွေ အများရှိတယ်၊ အိမ်ရောက်ရင် အစ်ကိုကြီးစားဖို့ ရှောင်ဖေး ပေးမယ်"
ရှောင်ဖေးသည် ကျန်းရီ၏ ပခုံးထက်တွင် ခုန်ဆွခုန်ဆွ လုပ်ရင်း စကား တတွတ်တွတ် ပြောလျက်ရှိသည်။ ကျန်းရီသည် မည်သို့ ပြန်ဖြေရမည်ကို မသိ၍ ပြုံး၍သာ နေလိုက်ပြီး တောနက်ပိုင်းမှ မြင်ကွင်းများကိုသာ စူးစမ်းနေလိုက်သည်။
"အမ်"
မလှမ်းမကမ်းတွင် တိမ်များကြားသို့ပင် ရောက်နေဟန် တူသော တောင်ကြီးတစ်ခု ဘွားခနဲ ထွက်ပေါ်လာခဲ့သည်။ ထို့ပြင် သူတို့ရှေ့တွင် မှန်တစ်ချပ်ကဲ့သို့ ချောမွတ်နေသည့် ကမ်းပါးယံကြီး တစ်ခု ရှိနေလေသည်။ တောင်၏ ဘေးပတ်လည်ကို မြင်နေရသော်လည်း တောင်ကြီး မည်မျှမြင့်ကြောင်း သူမသိပေ။ ကျန်းရီသည် အသာတံတွေး မျိုချလိုက်သည်။ ဤမျှမြင့်သော တောင်ကြီးသည် နယ်မြေ၏ ထူးခြား ဆန်းကြယ်ဆုံးသော တောင်ထွတ်ပင် ဖြစ်လောက်သည်။ သာမန်အဆင့်နိမ့် နတ်ဆိုးသားရဲများနှင့် လူသားများမှာ တောင်ပေါ် မတက်နိုင်လောက်ချေ။
"အစ်ကိုကြီး ... ရှောင်ဖေးရဲ့ အိမ်က အပေါ်မှာ၊ ဒီနတ်သမီး တောင်ထွတ်ကို လွန်ခဲ့တဲ့ နှစ်ငါးရာက ဧကရီမယ်တော် ကိုယ်တိုင် ဓားတစ်ချောင်းကို သုံးပြီး ပိုင်းဖြတ်ထားတာ ... ရှောင်ဟုန်တို့ တစ်စုကလွဲရင် သာမန် နတ်ဆိုးသားရဲတွေ အပေါ်ကို တက်ခွင့်မရှိဘူး၊ အစ်ကိုကြီးက အပေါ်ကို တက်ခွင့်ရတဲ့ ပထမဆုံး လူသားပဲ ... သိလား"
ရှောင်ဖေးသည် စိတ်ချင်း ဆက်သွယ်၍ ပြောလာခဲ့ရာ ကျန်းရီသည် ဆွံ့အလျက် နားထောင်နေမိသည်။ ဤတောင်ထွတ်ကို ဓားတစ်ချောင်းဖြင့် ခွဲခဲ့သည်။ အရေးအကြီးဆုံးမှာ ကမ်းပါးယံသည် မှန်တစ်ချပ်ကဲ့သို့ ညီညာချောမွတ်နေပြီး အစွန်း တစ်ခုတလေတောင် မရှိချေ။ ဓားချက် တစ်ချက်ဓားဖြင့် ပိုင်းဖြတ်ထားကြောင်း သိသာလှသည်။ ထို့ပြင် နတ်ဆိုးဧကရီ၏ အင်အားမှာ လွန်ခဲ့သော နှစ်ပေါင်း ငါးရာတည်းက အလွန်ကြောက်စရာ ကောင်းနေပြီ ဖြစ်ကြောင်းလည်း ဖော်ပြနေသည်။
လွန်ခဲ့တဲ့ နှစ်ငါးရာတည်းက ...
ကျန်းရီသည် ထိုအကြောင်းကို တွေးမိသောအခါ ရှောင်ဖေးအား ဇဝေဇဝါ ကြည့်၍ မေးကြည့်လိုက်သည်။
"နှစ်ငါးရာ ... မင်းရဲ့ ဧကရီမယ်တော်က အသက် ဘယ်လောက်ရှိပြီလဲ၊ ရှောင်ဖေး ... မင်းရဲ့ အသက်ကရော ဘယ်လောက်လဲ၊ ဟုတ်သား ... မင်းရဲ့ အဖေကရော"
ရှောင်ဖေးသည် ခေါင်းလေးကိုစောင်း၍ ခဏ စဉ်းစားလိုက်ပြီး ပြန်ဖြေလာခဲ့သည်။
"ဧကရီမယ်တော်က နှစ်တစ်ထောင်ကျော်လောက် နေပြီးပြီ၊ ရှောင်ဖေးက ဆယ့်တစ်နှစ်ပဲ ရှိသေးတယ်၊ ပြီးတော့ ညီမမှာ အဖေမရှိဘူး ... ညီမတို့ ဝိညာဉ်မြေခွေး မျိုးနွယ်စုက အဖေ တစ်ယောက်မှ မရှိဘူး၊ အဖွဲ့ဝင်တွေ အကုန်လုံးကို အမေတွေကပဲ မွေးကြတာ"
"အသက်တစ်ထောင် ကျော်ပြီ"
ကျန်းရီ ပင့်သက် ရှိုက်လိုက်မိသည်။ သမိုင်းထဲတွင် အသက် အရှည်ဆုံးသော လူသားမှာ နှစ်ပေါင်း ငါးရာကျော်သာ ဖြစ်သည်။ ထိုသူမှာ ကောင်းကင် ဧကရာဇ်အဆင့် ဖြစ်လေသည်။ စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်များသည် နှစ်ပေါင်းသုံးရာကျော် အသက်ရှင်နိုင်၍ ဗာဂျရာ အဆင့်များမှာ နှစ်ပေါင်းလေးရာကျော် နေထိုင်နိုင်သည်။ သိုင်းသမားတစ်ဦး အင်အား ကြီးလာလေလေ အသက်ရှည်ရှည် နေနိုင်လေဖြစ်သည်။
"တုံးလိုက်တာ"
သွေးရောင်နည်းနေသည့် နတ်ဆိုးဘုရင်သည် နှာခေါင်းရှုံ့၍ ပြောလာလေ၏။
"နတ်ဆိုးသားရဲတွေရဲ့ ကိုယ်ခန္ဓာ တည်ဆောက်ပုံက လူသားတွေထက် အများကြီး သာတာပေါ့၊ သာမန် တတိယအဆင့် နတ်ဆိုးသားရဲတွေက နှစ်ငါးရာကျော် နေနိုင်တယ်၊ ငါတို့လို နတ်ဆိုးဘုရင်တွေက နှစ်တစ်ထောင်ကျော် အသက်ရှင်နိုင်ပြီး နတ်ဆိုး အင်ပါယာအဆင့်က နှစ်သုံးထောင်ကျော် အသာလေး နေလို့ရတယ်၊ မင်းတို့ လူသားတွေကသာ ..."
ကျန်းရီသည် အရှက်ပြေ နှာခေါင်း ပွတ်လိုက်သည်။ ထိုနတ်ဆိုးဘုရင်သည် လူသားများကို အလွန် အထင်အမြင် သေးနေရာ သူပြန် မချေပလိုပေ။
သို့မဟုတ်ပါက စကားတစ်ခွန်းတည်းဖြင့်ပင် အနှီနတ်ဆိုး ဘုရင်၏ ပါးစပ်ပိတ်သွားအောင် လုပ်၍ ရလေသည်။ နတ်ဆိုး သားရဲများသာ ထိုမျှလောက် အင်အားကြီး နေပါက နယ်မြေ၏ နှစ်သန်းပေါင်း များစွာသော သမိုင်းတစ်လျှောက်တွင် အဘယ့်ကြောင့် လူသားများကသာ ကြီးစိုးထားသနည်း။ အဘယ့်ကြောင့် နတ်ဆိုးသားရဲများ မဟုတ်သနည်း။
သွေးရောင်ရဲရဲ နတ်ဆိုးဘုရင်သည် စကားပြောပြီးသည်နှင့် ကမ်းပါးယံ၏ အောက်ခြေသို့ ရောက်လာပြီ ဖြစ်သောကြောင့် အော်ဟစ်လိုက်သည်။
"သေချာရပ်နေ"
ထို့နောက် ၎င်းသည် မြေပြင်သို့ ခြေဆောင့်နင်းလိုက်ရာ အက်ကွဲကြောင်းကြီးများ ကျန်ရစ်ခဲ့သည်။ ၎င်း၏ ကိုယ်ကြီးသည် ကီလိုမီတာ သုံးဆယ်ကျော် အထိ မြင့်တက် သွားခဲ့သည်။ ၎င်း၏ ခြေသည်းကြီးများသည် ကမ်းပါးယံကို ကုတ်တွယ်ကာ ထပ်မံ၍ ခုန်တက်လိုက်ပြန်သည်။
အကြိမ်ရေ အနည်းငယ် ခုန်ပြီးနောက် သွေးရောင် နီရဲနေသည့် ကီလိုမီတာ တစ်ရာကျော်မြင့်သော တောင်ထွတ်ပေါ် အသာလေး ရောက်ရှိသွားခဲ့သည်။ အနက်ရောင် လူဝံကြီးသည်လည်း အလျင်အမြန် ခုန်တက်လာ၍ တောင်ထွတ်ပေါ် သက်ဆင်းလိုက်သော် မြေပြင်မှာ သိမ့်သိမ့်တုန် သွားခဲ့သည်။
လှလိုက်တာ ...
ကျန်းရီသည် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သော် နတ်ဘုံနတ်နန်းသို့ ရောက်နေသည့်အလား ခံစားလိုက်ရသည်။ သူတို့သည် တိမ်များအကြား ရောက်နေသည့်အလား ဘေးပတ်လည်တွင် မြူနှင်းဖြူဖြူတို့ ဆိုင်းနေလေသည်။ တောင်ထွတ်ပေါ်ရှိ နန်းဆောင် ပတ်လည်တွင် သစ်ပင်များ လုံးဝမရှိဘဲ ပန်းပင်များကသာ နေရာယူထားသည်။ ပန်းပင်များသည် တစ်ပင်နှင့်တစ်ပင် အလှချင်း ပြိုင်နေကြသည့်နှယ် အစွမ်းကုန် ဖူးပွင့်နေကြလေသည်။
"မင်းသမီးလေး ... ဒီလူသားကို ခေါ်သွားလိုက်ပါ၊ ဧကရီရဲ့ အမိန့်မရှိဘဲ နန်းတော်ထဲကို ကျွန်တော်မျိုးတို့ မဝင်တော့ဘူး"
သွေးနီရောင် နတ်ဆိုးသားရဲကြီးသည် ခပ်တိုးတိုး ပြောလိုက်ပြီး ၎င်း၏ လက်ဝါးကြီးကို ဆန့်ထုတ်၍ မြေခွေးလေးအား အသာအယာ ကိုင်တွယ်လိုက်သည်။ ထို့နောက် ကိုယ်ကို ကိုင်းချလိုက်ပြီး မြေခွေးလေးအား မြေပြင်ပေါ် ညင်ညင်သာသာ ချပေးလိုက်သည်။ ထို့နောက် ၎င်း၏ လှံသွားနှယ် စူးရှသော မျက်လုံးများသည် ကျန်းရီကို စိုက်ကြည့်လာလေ၏။ မျက်လုံးများတွင် 'မင်း မဆင်းတော့ဘူးလား' ဟု သိသိသာသာ ဖော်ပြထားလေသည်။
"ဝှစ်"
ကျန်းရီသည် အံကြိတ်၍ ခုန်ချကာ မြေပြင်ပေါ် အသာ ဆင်းသက်လိုက်သည်။ သူ၏ လှုပ်ရှားမှုများသည် အလွန်အမင်း ကျက်သရေရှိ၍ ခန့်ညားနေခဲ့သည်။ သို့သော် သွေးနီရောင် နတ်ဆိုး သားရဲကြီးသည် မကျေမနပ် ဖြစ်သွားခဲ့ပြီး သူ့အရှိန်အဝါတို့ကို ထုတ်ဖော်၍ နှာခေါင်းရှုံ့လိုက်သည်။ ကျန်းရီသည် ဆတ်ခနဲ တုန်သွားကာ လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။
"ကျီ ... ကျီ"
မြေခွေးလေးသည် ဒေါသထွက်လာ၍ နှစ်ကြိမ်တိုင်တိုင် အော်ဟစ် လိုက်သောအခါမှ သွေးနီရောင် နတ်ဆိုး သားရဲကြီးသည် သူ၏ မီးဝင်းဝင်း တောက်နေသော အကြည့်များကို လွှဲဖယ်သွားလေသည်။ ထို့နောက် ၎င်းသည် မြေခွေးလေးအား ဦးညွှတ်ကာ ကမ်းပါးယံထက်မှ ခုန်ဆင်းသွားသည်။ အနက်ရောင် လူဝံကြီးသည် အစမှ အဆုံးတိုင် စကားတစ်ခွန်းမှ မဆိုခဲ့ဘဲ မြေခွေးလေးအား ဦးညွှတ်၍ ခုန်ဆင်း သွားခဲ့လေသည်။
"အစ်ကိုကြီး ... သွားကြစို့၊ ဧကရီမယ်တော်က အစ်ကိုကြီးကို စောင့်နေတယ်"
မြေခွေးလေးသည် စိတ်ချင်းဆက်သွယ်၍ ပြောပြီးသည်နှင့် ရှေ့မှ ခုန်ဆွခုန်ဆွနှင့် လမ်းကို ဦးဆောင်သွားလေ၏။ ကျန်းရီသည် နောက်မှ လိုက်သွားရင်း လှပသော မြင်ကွင်းများကို ရှုစားရင်း ပန်းရနံ့များကို ရှူရှိုက်လိုက်သည်။ သူသည် ယစ်မူးသွားတော့ မလိုတောင် ခံစားလာရလေသည်။
ရှေ့ဆက်လျှောက်လာရင်း မြူများမှာ ပို၍ထူလာသည်ဟု ကျန်းရီ ခံစားမိလာသည်။ သူသည် အနက်ရောင် အတွင်းအားကို သုံး၍ အမြင်အာရုံကို တိုးမြှင့်လိုက်သည်။ ထို့နောက် ရှေ့သို့ ကြည့်လိုက်ရာ သူ့မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
ရှေ့တွင် မိုးပြာနဂါး အင်ပါယာ၏ နန်းတော်ထက်ပင် ကြီးမားသော နန်းတော်ကြီး ရှိနေခဲ့သည်။ နန်းတော်တစ်ခုလုံးကို ကျောက်စိမ်းဖြူများဖြင့် တည်ဆောက်ထားပြီး မြူထုအလယ်တွင် ခန့်ညားစွာ တည်ရှိနေလေသည်။ ထိုခဏတွင် ကျန်းရီသည် ကောင်းကင် နယ်မြေထဲသို့ ခြေလှမ်းနေရသလို ခံစားလိုက်မိသည်။
ဒီနန်းတော်က ဒီနေရာမှာ ဘယ်လိုရှိနေတာလဲ ...
ဤနေရာသည် တောင်စဉ်သုံးထောင်၏ အနက်ဆုံးနေရာ နတ်သမီးတောင်ထွတ် ဖြစ်သည်။ ဤနန်းတော်ကို မည်သူက ဤနေရာတွင် လာဆောက်ထားသနည်း။ နတ်ဆိုးဧကရီ ကိုယ်တိုင်ဆောက်ထားခြင်း လုံးဝ မဖြစ်နိုင်ပေ။ နတ်ဆိုး သားရဲများတွင်လည်း အနုပညာလက်များ မရှိလေရာ သူတို့ ဆောက်ထားခြင်းလည်း မဖြစ်နိုင်ပေ။ နတ်ဆိုးဧကရီသည် လူသားများကို ဖမ်းခေါ်၍ တည်ဆောက် ခိုင်းခဲ့ခြင်း ပေလော။
"ကျန်းရီ ... ဝင်လာခဲ့၊ မြင်မြင်သမျှကို စေ့စေ့စပ်စပ် ခွဲခြမ်း စိတ်ဖြာမနေနဲ့ ... ဒီနန်းတော်က ရတနာတစ်ခုပဲ"
ခံစားချက် ကင်းမဲ့လှသော လေသံတစ်ခု ထွက်ပေါ်လာခဲ့၍ ကျန်းရီသည် မှင်တက် ငေးမောနေရာမှ အသိဝင်လာခဲ့ပြီး မြေခွေးလေး နောက်လိုက်ကာ နန်းတော်ထဲသို့ ဝင်သွားလိုက်သည်။ သူတို့သည် နန်းတော်၏ တံခါးကြီးများ အနီး ရောက်သွားသောအခါ တံခါးများမှာ သူ့အလိုလို ပွင့်သွားခဲ့သည်။ မြေခွေးလေးသည် ရှေ့မှ ခုန်ဆွခုန်ဆွနှင့် ဝင်သွားခဲ့ပြီး ကျောက်စိမ်းဖြူ ပလ္လင်ပေါ်တွင် ထိုင်နေသည့် ကျက်သရေ ရှိလှသည့် အမျိုးသမီး၏ လက်မောင်းများတွင်း ခုန်တက်လိုက်သည်။ ၎င်းသည် တကျီကျီနှင့် မရပ်မနား အော်နေပြီး တာဝန်ပြီးမြောက် လာသည့်အတွက် ချီးကျူးခံချင်သည့် အမူအရာအား ဖော်ပြနေလေသည်။
"တော်လိုက်တာ ရှောင်ဖေးက၊ ရှောင်ဖေးက အရမ်းအံ့သြဖို့ ကောင်းတယ်ဆိုတာ ဧကရီမယ်တော် သိတယ်"
နတ်ဆိုးဧကရီ၏ မူလအေးစက်စက် မျက်နှာထားသည် မြေခွေးလေးကို မြင်သည့်ခဏတွင် ချက်ချင်းပျော့ပျောင်း သွားခဲ့သည်။ သူမ၏ မျက်လုံးများတွင် ချစ်မြတ်နိုးမှုများ ပြည့်လျှံနေပြီး မြေခွေးလေး၏ ခေါင်းအား ပွတ်သပ်ကာ ရယ်မောလိုက်သည်။
"ဟုတ်ပါပြီ ... ရှောင်ဖေး ... အခု ရှောင်ဟုန်တို့ကို သစ်သီးတွေ သွားခူးခိုင်းချေ၊ ဧကရီမယ်တော်က ကျန်းရီနဲ့ ဆွေးနွေးစရာ ရှိသေးတယ်"
***