← Chapters

အခန်း (၅၇၃-၅၇၄)

Vol. 38 Ch. 573-574

အခန်း (၅၇၃-၅၇၄)

Vol. 38 Ch. 573-574

အပိုင်း (၅၇၃)

အနည်းဆုံး ရွှဲ့ပြည်နယ်၏ ဂျီထျန်ဝန်းထက် အဆင့်အတန်း ပိုမို၍ မြင့်မား၏။ ရွှဲ့ပြည်နယ်၏ ပထမဦးဆုံးသော အကောင်းဆုံး ဂန္တဝင် ဂျီထျန်ဝန်း (ကောင်းကင်ပူဇော်လွှာ) ဟုပင် ခေါ်ဆိုထိုက်၏။ အိမ်ရှေ့စံမင်းသား၏ ဂျီထျန်ဝန်းနှင့် နှိုင်းယှဉ်မည်ဆိုပါက များစွာ အဆင့်အတန်း ကွာခြားသည်။

လီစွမ်းက ပြော၏။ “အရှင်မင်းကြီးက ကောင်းကင်ပူဇော်ပွဲ စာလွှာကို အရင်တည်းက ပြင်ဆင်ထားခဲ့ပြီး ဝတ်ပြုရေးရာ ဝန်ကြီးဌာနက လူတွေကို ရေးခိုင်းထားတယ်။ မင်းသား နင်ကျန်း လိုအပ်ရင် ထုတ်ပေးဖို့ ကျုပ်ကို မှာကြားထားတယ်။ ဒါပေမဲ့ အခုတော့ အဲဒါ မလိုတော့ဘူး။ ကျုပ် အင်္ကျီလက်ကြားမှာ ရှိတဲ့ အဲဒီစာလွှာကို အခု မီးရှို့ပစ်လို့ ရပြီ”

“ဒါပေမဲ့ ရှမ့်ရဲ့ ဂျီထျန်ဝန်း ထွက်လာတာနဲ့ အရှင်မင်းကြီး ဆူလိမ့်မယ်ထင်တယ်။ ဘာလို့လဲဆိုတော့ နောက်ထပ် ၃ နှစ်ကြာရင် လုပ်မယ့် ကောင်းကင်ပူဇော်ပွဲအတွက် ဂျီထျန်ဝန်း ရေးဖို့ လွယ်မှာ မဟုတ်တော့ဘူး။ ရှမ့်ရဲ့ အရေးအသားကို ကျော်ဖြတ်ပြီး ရေးသားဖို့ တခြားသူတစ်ယောက်ယောက်အတွက် အရမ်းကို ခက်ခဲသွားလိမ့်မယ်”

မိန်းမစိုးကြီးလီက တကယ့်ကို ထူးချွန်သည့် မိန်းမစိုး ဖြစ်၏။ စကားပြောလည်း ကောင်းလှ၏။ ကောင်းကင်ပူဇော်လွှာက စာလုံးရေ ၁၀၀၀ အောက်သာရှိပြီး သိပ်ပြီး မရှည်လျားလှချေ။ နင်ကျန်းအတွက် ထိုအရာကို အလွတ်ကျက်မှတ်ရန် နာရီဝက်သာလျှင် ကြာ၏။

သို့သော်ငြား အလွတ်ကျက်မှတ်ရုံနှင့် မလုံလောက်ပေ။ စကားလုံး တစ်လုံးချင်းစီတိုင်း၏ လေယူလေသိမ်းကို သေသေချာချာ ရွေးချယ်ရ၏။ မည်သည့် စကားလုံးတွင် အသံကို နှိမ့်ရမည်၊ မည်သည့် စကားလုံးတွင် မြှင့်ရမည်၊ မည်သည့် စကားလုံးတွင် တိုရမည်၊ မည်သည့် စကားလုံးတွင် ရှည်ရမည်။

ဂီတသံစဉ်ကိုလည်း ထည့်သွင်းရပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ပူဇော်လွှာကို ရွတ်ဖတ် ပူဇော်ရမည် ဖြစ်သောကြောင့်ပင်။ ထိုကဲ့သို့ ရွတ်ဖတ်ပူဇော်သည့်နေရာတွင် ဂီတတူရိယာများနှင့်လည်း အနောက်မှ လိုက်လံကာ ဖြည့်စွက်ပေးရလိမ့်မည်။ ထိုမှသာလျှင် လေးနက် တည်ငြိမ်ပြီး စိတ်လှုပ်ရှားဖွယ်ရာ ကောင်းမည် မဟုတ်ပါလား။

ရှမ့်လန်က သူ၏ ကောင်းမွန်လွန်းသည့် ဦးနှောက်ကို အသုံးပြု၍ အကြိမ်ကြိမ် ပြန်လည်ကာ စီစဉ် ဖန်တီးလျက် ရှိနေ၏။ ထိပ်တန်း မိန့်ခွန်းပြော ဗီဒီယိုပေါင်းများစွာတို့နှင့် အော်ပရာကဇာတ် ကောက်နှုတ်ချက်ပေါင်း များစွာကို သူက ရှာဖွေ၏။ မိန့်ခွန်းပြောခြင်းက တကယ့်အတတ်ပညာတစ်ခု ဖြစ်၏။

အဓိက သော့ချက်အားဖြင့် ပရိသတ်တို့၏ စိတ်ခံစားမှုကို နှိုးဆော်ပေးရန်နှင့် သူတို့၏ နားသောတ အာရုံကြော များကို ရိုက်ခတ်စေရန် ဖြစ်၏။ သီချင်းဆိုသကဲ့သို့ပင် စိတ်နှလုံးထဲသို့ ဝင်ရောက်နိုင်ပြီး အားလုံးသော သူတို့ကို တုန်လှုပ်ခြောက်ခြားစေကာ ကြက်သီးမွေးညှင်းများ ထစေမှသာလျှင် အောင်မြင်နိုင်မည်။

စာသားရေးသားရန် ခက်ခဲသော်လည်း ဂီတသံစဉ် ဖွဲ့စည်းရန်မှာ ပိုမို၍ ခက်ခဲ၏။ AI ကို အသုံးပြုသည် ဆိုလျှင်တောင်မှ ၄ နာရီကြာအောင် ဖန်တီးခဲ့ရ၏။ ထိုအခါမှသာလျှင် ရှမ့်လန်က ကောင်းကင်ပူဇော်ပွဲအတွက် ဂီတသံစဉ် ရေးဖွဲ့အားကို အဆုံးသတ်နိုင်၏။

ရိုးရှင်း၏။ ခမ်းနား၏။ ကြီးကျယ်မြင့်မြတ်၏။ စိတ်ဓာတ်တက်ကြွစေ၏။ အလုံးစုံသော အရာအားလုံးတို့က ထိပ်တန်းအဆင့်ပင်။

ပြီးစီးသွားသည့် အချိန်မှာတော့ သူက ကောင်းကင်ပူဇော်ပွဲနှင့် တွဲဖက်ရန် ခေါင်းလောင်းများ၊ ကြေးစည်များကို အသုံးပြု၍ တကယ်တမ်း တီးခတ်ကြည့်၏။ လောလောဆယ်တွင် တီးဝိုင်းအဖွဲ့ မရှိသေးသောကြောင့် ရှမ့်လန်က သူ ရေးသားခဲ့သည့် ဂီတသံစဉ်နှင့် ကောင်းကင်ပူဇော်လွှာကို ကိုယ်တိုင် ယှဉ်တွဲ ရွတ်ဆို၊ တီးခတ်ကြည့်သည်။

ချက်ချင်းပဲ တည်နေရာတွင် ရှိနေသည့် လူပေါင်းများစွာတို့က ကြက်သီးမွေးညှင်း ထကုန်၏။ ထင်ထားသည့် အတိုင်းပင် ခံစားမှုအပြည့်ကို ပေးနိုင်၏။ လုံလောက်အောင်ပင် တုန်လှုပ်စေ၏။ ဂီတသံစဉ်နှင့် ပေါင်းစပ် ပြီးနောက် ကြီးကျယ်ခမ်းနားလွန်းသည့် ကောင်းကင်ပူဇော်လွှာက အဆင့်အတန်းတစ်ခုစီသို့ ထပ်မံ ရောက်ရှိသွားခဲ့ပြန်၏။

ရှမ့်လန်၏ အတွင်းအားက မလုံလောက်ပေ။ ထို့ကြောင့် အခြားသောသူတစ်ဦးတစ်ယောက် ရွတ်ဖတ်ပါက ပိုမိုကာ ကောင်းမွန်ပေလိမ့်မည်။ ထိုအရာက အော်ပရာ ကဇာတ်တစ်ခုနှင့် ဆင်တူသည်။

သာမန်လူများ သီဆိုလျှင် အိပ်ငိုက်ကောင်း အိပ်ငိုက်သွားနိုင်၏။ သို့ပေမည့် တကယ်ထိပ်တန်း ကျွမ်းကျင် ပညာရှင်ကြီးများ သီဆိုသည့် အချိန်မှာတော့ ဦးရေပြားများပင် ထုံကျဉ်သွားစေနိုင်လောက်၏။ ထိုသူများက ဆယ်စုနှစ်ပေါင်းများစွာ အသံကို ကျွမ်းကျင်အောင် လေ့ကျင့်ထားခဲ့သည့် လူများ ဖြစ်သောကြောင့်ပင်။ သာမန်လူများ ယှဉ်ပြိုင်နိုင်သည့် လူများ မဟုတ်ပေ။ ထို့ကြောင့် ပညာရှင်တစ်ယောက်၏ အသံဆိုသည်က လူတိုင်းကို ချေမှုန်းပစ်နိုင်ရန် လုံလောက်သည် ဟူသော ဆိုရိုးစကားက အမှန်ပင် ဖြစ်၏။

………..

နင်ကျန်းက ကောင်းကင်ပူဇော်လွှာ၏ သံစဉ်ကို လျင်မြန်စွာ မှတ်မိသွား၏။ ပြီးနောက် သူက ရှမ့်လန် ဖန်တီးထားသည့် ပူဇော်လွှာအတိုင်း လိုက်လံကာ ရွတ်ဆိုကြည့်၏။ နောက်ဆုံးရလဒ်အားဖြင့် တကယ့်ကို ဗရုတ်သုတ်ခပင်။ သူ၏အတွင်းအားက ရှမ့်လန်ထက် များစွာ ပြင်းထန်ပြီး အားကောင်း၏။ ရလဒ်က ရှမ့်လန်ထက် ပိုကောင်းသင့်သော်လည်း သူက အလွန်မင်း စိတ်လှုပ်ရှားနေ၏။ စကားထစ်ခြင်းကို ရှောင်ရှားရန် ကြိုးစားရင်း ကြောက်လန့်နေသောကြောင့် သဘာဝကျသည့် ထည်ဝါခန့်ညားမှု အားလုံးက ပျောက်ကွယ်သွားခဲ့ရသည်။

နင်ကျန်းက လက်တွေ့သမားတစ်ယောက် ဖြစ်ပြီး ဖျော်ဖြေတင်ဆက်နည်းကို လုံးဝ နားမလည်ချေ။ သူက တကယ့်ကို ကြိုးစားခဲ့၏။ သို့သော်ငြား ပိုမို၍ ကြိုးစားလေ ပိုမိုကာဆိုးလေ ဖြစ်၏။ သူ၏ တက်ဆက်မှုက အဆင်မပြေ ဖြစ်လာရုံသာမက စကားထစ်ခြင်းကလည်း ပိုမိုကာ ဆိုးရွားလာ၏။

မိန်းမစိုးကြီး လီစွမ်းက ဘေးတစ်ဖက်မှ ကြည့်ပြီး မျှော်လင့်ချက် ကင်းမဲ့လုနီးပါးပင် ဖြစ်လို့နေခဲ့၏။ ပြဿနာကြီး တက်ပေတော့မည်။ ဤအရာက ကောင်းကင်ပူဇော်လွှာ ဖြစ်၏။ လူကြားထဲ အရှက်ကွဲမည် ဆိုပါက ဘုရင်မင်းကြီးက လူတကာ၏ အထင်သေး ကဲ့ရဲ့ရှုတ်ချခြင်းကို ခံရပေလိမ့်မည်။ မင်းသားနင်ကျန်း၏ ထီးနန်း ဆက်ခံရေး လမ်းကြောင်းကလည်း စောစောစီးစီး ပြတ်တောက်သွားပေလိမ့်မည်။

သို့သော်ငြား ဘုရင်မင်းမြတ်က အမိန့်တော်ပြန်တမ်းကို ထုတ်ပြန်ပြီး ဖြစ်၏။ ပြန်လည်ရုပ်သိမ်း၍ မရနိုင်တော့ချေ။

wechat မက်ဆေ့ခ်ျ တစ်ခုပင်လျှင် ၃ မိနစ်ကျော်လျှင် ပြန်ဖျက်၍ မရနိုင်သည် ဖြစ်ရာ ဘုရင်မင်းမြတ်၏ အမိန့်တော်ဆိုလျှင် ဆိုဖွယ်ရာ မရှိပေ။ လီစွမ်းက မျှော်လင့်ချက်မဲ့သည့် မျက်လုံးများဖြင့် ရှမ့်လန်ကို လှမ်းကာ ကြည့်ရှု၏။ သန်းခေါင်ယံအချိန်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း သူက နန်းတော်သို့ မပြန်ရသေးပေ။ နင်ကျန်း၏ တင်ဆက်ပုံ ကောင်းမွန်သည်အထိ ချန်းဖန်မြို့စား နေအိမ်တော်တွင် နေထိုင်ရန် လီစွမ်းကို ဘုရင်မင်းမြတ်က အမိန့်ပေးထား၏။ ယခု အခြေအနေအရ ဆိုလျှင် သူ နန်းတော်သို့ ပြန်လာစရာပင် လိုတော့မည် မထင်ချေ။ အဘယ်ကြောင့်ဆိုသော် နင်ကျန်း၏ တင်ဆက်မှုက ပိုမို၍ ဆိုးဝါးလာခဲ့သောကြောင့်ပင်။

ရှမ့်လန်က ပြောလိုက်၏။ “မင်းသား ကျုပ်နဲ့ ခဏ လိုက်ခဲ့အုံး”

.............

လူသူကင်းမဲ့သည့် ခြံဝင်းတစ်ခုအတွင်းမှာတော့ နင်ကျန်းက သူ၏ စိတ်ပျက်အားငယ်မှုများကို ဖုံးကွယ်မထားချေ။ ပွင့်ပွင့်လင်းလင်းသာ ထုတ်ပြောလိုက်သည်။ “ရှမ့်... ကျုပ် ခင်ဗျားကို အရမ်း စိတ်ပျက်စေခဲ့ပြီ”

ရှမ့်လန်က ခေါင်းခါယမ်းလိုက်၏။ နင်ကျန်း၏ အပြုအမူက ပုံမှန်သာလျှင်ဖြစ်၏။ လက်တွေ့ ထူးချွန်နေသည့် နိုင်ငံရေးသမား ခေါင်းဆောင်များက ချက်ချင်းလက်ငင်း ကောင်းမွန်သည့် စွမ်းဆောင်ရည်များကို ပြသခဲ့ခြင်း မဟုတ်ကြချေ။ ဤကိစ္စ၏ နောက်ကွယ်တွင် သေသေချာချာ ကြိုးစားခဲ့ခြင်းကြောင့်သာ ဖြစ်၏။

ရှမ့်လန်က မေးမြန်းလိုက်သည်။ “မင်းသား.. ကိုယ့်ဘာသာကိုယ် စကားပြောကြည့်အုံးမလား”

နင်ကျန်းက ခေါင်းညိတ်၏။ သူက ငယ်ရွယ်စဉ်ထဲက ကံဇာတာဆိုးနှင့် မွေးဖွားလာခဲ့သည့် လူတစ်ယောက်အဖြစ် သတ်မှတ်ခံရ၏။ ထို့ကြောင့် သူ့ကို စကားပြောသူ ရှားပါး၏။ ရိုးရိုးသားသား ပြောရမည်ဆိုလျှင် ရှမ့်လန်သာ မရှိပါက သူက မည်သူမှ ဂရုမစိုက်နိုင်သည့် ထောင့်ကျဉ်းကျဉ်းလေး တစ်ခုထဲမှာ ရှိနေဦးပေမည်။ သူ၏ မိန်းမနှင့် ဘေးတစ်ဖက်ရှိ မိန်းမစိုးအိုကြီးများမှ လွဲလျှင် သူ့ကို မည်သူမှ စကားပြောလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် လူလစ်သည့် အချိန်တိုင်း သူက တစ်ယောက်တည်း စကားပြောကြည့်ဖူး၏။

ရှမ့်လန်က ပြောလိုက်သည်။ “ကိုယ့်ဘာသာကိုယ် စကားပြောတဲ့အခါမှာ စကားထစ်လား”

နင်ကျန်းက ခေါင်းခါလိုက်၏။ သူ၏ စကားထစ်ခြင်းက မူလ ခန္ဓာကိုယ်၏ ဇီဝကမ္မနှင့် သက်ဆိုင်သည်။ သို့သော်ငြား တစ်နှစ်နီးပါး လေ့ကျင့်ခဲ့ပြီးနောက် ရုပ်ပိုင်းဆိုင်ရာ စကားထစ်သည့် ပြဿနာက ပျောက်ကင်း သွားခဲ့ပြီ ဖြစ်၏။ စိတ်ပိုင်းဆိုင်ရာ ပြဿနာကတော့ အလုံးစုံ ပျောက်ကင်းခြင်း မရှိချေ။ စိတ်လှုပ်ရှားသည်နှင့် တပြိုင်နက် စကားထစ်ခြင်းက တကယ့်ကို ဆိုးရွားလာခဲ့ပြီး မည်သို့မှပင် နားထောင်၍ မရနိုင်တော့ချေ။

ထို့ကြောင့် ဤတစ်ကြိမ်မှာတော့ နင်ကျန်းက မိမိကိုယ်ကို အလွန်အမင်း ထိန်းချုပ်နိုင်သော အခြေအနေဆီသို့ ရောက်ရှိရန် လိုအပ်၏။ သူ့တွင် ယုံကြည်မှု ကင်းမဲ့သည့် စိတ်အခံက ကြီးမားလွန်း၏။ ရုပ်ရည်နှင့် အရပ်ကြောင့် သူတပါး၏ အကြည့်ကိုခံရသည့် အချိန်မျိုးတွင် အလိုအလျောက် ကိုယ့်ကိုယ်ကိုယ် နေသားမကျ သိမ်ငယ်သလို ခံစားရ၏။

သို့ပေမည့် ဤအရာက အံ့ဖွယ်ရာဘုရင်တစ်ပါး မဖြစ်နိုင်ဘူးဟု မဆိုလိုချေ။ နပိုလီယံက လူပုတစ်ယောက် မဟုတ်သော်လည်း တော်ဝင်မျိုးနွယ်မှ မွေးဖွားလာသူ တစ်ယောက်မဟုတ်သည်မှာတော့ သေချာ၏။ ငယ်ရွယ်စဉ်တည်းက အထင်သေးခံရသည်မှာလည်း အမှန်ပင် ဖြစ်၏။ နောက်ဆုံး မည်မျှကြီးကျယ် ခမ်းနားခဲ့သနည်း။

ဟစ်တလာ အကြောင်းဆိုလျှင် ဆိုဖွယ်ရာ မရှိချေ။ မအောင်မြင်နိုင်သည့် သြစတြီးယား ပန်းချီဆရာ၊ ကျရှုံးခဲ့သည့် စစ်တပ်ကြပ်ကြီးတစ်ယောက် စိတ်ပိုင်းဆိုင်ရာကခံစားလွယ်ပြီး ယုံကြည်မှုကင်းမဲ့သည့် စိတ်အခံရှိသူ ဖြစ်သည်။

နင်ကျန်းက အလွန်အမင်း ဆင်ခြင်တုံတရားကြီးမားပြီး ချုပ်တီးတတ်သူ တစ်ယောက် ဖြစ်၏။ စိတ်ထဲတွင် ရှိနေသည့် အတွင်းစိတ်မိစ္ဆာနတ်ဆိုးများကို မောင်းထုတ်ပစ်ရန် လိုအပ်၏။ ယုံကြည်မှုကင်းမဲ့ခြင်းနှင့် ကိုယ့်ကိုယ်ကိုယ် လေးစားခြင်းတို့ကြားတွင် ပါးလွှာသော စည်းကလေး တစ်ခုသာ ခြားထား၏။

ခဏမျှ တွေးဝေပြီးနောက် ရှမ့်လန်က ဆေးရည်ပုလင်းကို ထုတ်ယူပြီး နင်ကျန်းကို ကမ်းပေးလိုက်သည်။ “ဒါကို သောက်ပြီး စမ်းကြည့်လိုက်ပါ”

နင်ကျန်းက တုံ့ဆိုင်းခြင်း မရှိဘဲ ယူသောက်လိုက်၏။ ဤအချိန်တွင် သူက ရှမ့်လန်အား သူ့ကိုသူထက်ပင် ပိုမို၍ ယုံကြည်သည်။ သောက်ပြီးသည်နှင့် မကြာမီ နင်ကျန်းက သူ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်တစ်ခုလုံး ကျယ်ပြန့်စွာ ထွက်ပေါ်လာသလို ခံစားရ၏။ တဖြည်းဖြည်း ကျယ်ပြန့်လာ၏။ ကျယ်ပြန့်လာ၏။ အဆုံးစွန်ထိ ကျယ်ပြန့်လာပြီးနောက် ဤဝိညာဉ်က သူ့ခန္ဓာကိုယ်၏ ချုပ်နှောင်ထားမှုမှ ဖောက်ထွက်သွားခဲ့၏။

ခန္ဓာကိုယ်တစ်ခုလုံးက ကောင်းကင်ယံထက်တွင် လွင့်မျောလျက် ရှိနေပြီး နန်းမြို့တော်ကြီး တစ်ခုလုံးကို သူက ငုံ့မိုးကြည့်နေသကဲ့သို့ပင် ခံစားရ၏။ စိတ်နှလုံးက နှိုင်းယှဉ်၍ မရနိုင်အောင် ရဲရင့်လာ၏။ နှိုင်းယှဉ်၍ မရနိုင်အောင်ပင် သူက ကြီးကျယ်ခမ်းနားသလို ခံစားလာရသည်။

‘ငါ သိပ်ကို တော်တာပဲ။ ဒီလောကကြီးက ငါ့အတွက် နေစရာတောင် မရှိဘူး။ ငါ နင်ကျန်းက ရွှဲ့ပြည်နယ်ရဲ့ အကြီးမြတ်ဆုံးသော ဘုရင် ဖြစ်လာရမယ်။ ငါ့ကို အထင်သေးခဲ့တဲ့ လူတွေ အကုန်လုံး လန့်ဖြန့်သွားအောင် လုပ်ပြရမယ်။ ငါ မကြုံစဖူး ထူးကဲလွန်းတဲ့ အောင်မြင်မှုတွေကို ရယူရမယ်’

နင်ကျန်း၏ သွေးများက ဆူပွက်လာ၏။ စိတ်ဓာတ်များကလည်း တက်ကြွလာခဲ့၏။ ဤခံစားမှုက အရက်မူး နေသကဲ့သို့ပင်။ အာနိသင်က ၁၀ ဆမက ပိုမိုကာ ကြီးမားသော်လည်း သူ၏ စိတ်အာရုံ၌ လုံးဝ မူးဝေခြင်း မရှိချေ။ ကြောက်လန့်မှုအားလုံး ပျောက်ကွယ်သွားပြီ ဖြစ်၏။ ဤအချိန်တွင် သူ၏ ရှေ့၌ လူသန်းပေါင်းများစွာ ရှိနေသည် ဆိုလျှင်တောင် ပုရွက်ဆိတ်အုံတစ်ခုကို လှမ်းကြည့်နေရသကဲ့သို့ပင် ထင်မြင်နေမိ၏။

ရှမ့်လန်က ဘေးမှ အော်ပြောလိုက်၏။ “မင်းသား ရွတ်ကြည့်ပါအုံး”

နင်ကျန်းက အသက်ကို ပြင်းပြင်းရှူလိုက်၏။ သူ၏ စိတ်ဓာတ်နှင့် ခွန်အားအလုံးစုံတို့ကို စုစည်းလိုက်သကဲ့သို့ စကားလုံးတိုင်း၊ ဝါကျတိုင်းက တက်ကြွမှုဖြင့် ပြည့်နှက်နေ၏။

“ရှေးဦးကမ္ဘာတည်စ မဟာကန္တာရ ကာလ .... . ....”

ရလဒ်မှာ တကယ်ပင် ကောင်းမွန်လွန်း၏။ စကားမထစ်ရုံသာမက သွက်လက်ချက်ချာစွာဖြင့် စည်းဝါးကိုက်ညီစွာ ရွတ်ဖတ်နိုင်၏။ အရေးကြီးဆုံးမှာ သူ၏ အတွင်းအားက ရှမ့်လန်ထက် အများကြီး ပိုကာ ကောင်းသောကြောင့်ပင်။ ရွတ်ဆိုမှု၏ရလဒ်က ရှမ့်လန်ထက် များစွာ သာလွန်၏။ ဘေးတစ်ဖက်တွင် ရပ်နေသည့် ရှမ့်လန်ပင်လျှင် ကြက်သီးမွှေးညှင်းထသလို ခံစားရ၏။ ရလဒ်က ကောင်းမွန်လွန်းသည်။

မကြာခင်မှာပဲ လီစွမ်း၊ အရူးလန် နှင့် နာကျည်းမှုတို့ ရောက်ရှိလာခဲ့၏။ သူတို့က နင်ကျန်းကို မယုံကြည်နိုင်သလို ကြည့်နေ၏။ ဤကဲ့သို့ ပြောင်းလဲသွားခြင်းက မြန်ဆန်လွန်းလှ၏။ စောဏကလေးတင် စကားထစ်ပြီး ကြောက်ရွံ့နေခဲ့၏။ ယခုအချိန်မှာတော့ တကယ့် ကေသရာဇာ ခြင်္သေ့မင်းကဲ့သို့ပင် အသံသြဇာနှင့် ပြည့်ဝကာ ရဲရင့်လျက် ရှိလို့နေ၏။

နင်ကျန်းက အလုံးစုံသော စိတ်ဖိစီးမှုများမှ ကင်းလွတ်သွားခဲ့သည့် အခြေအနေဆီသို့ လွတ်လွတ်လပ်လပ် ရောက်ရှိသွား၏။ သူက ထပ်ခါတလဲလဲ ရွတ်ဆိုနေ၏။ သူက မူလနင်ကျန်းနှင့် အလုံးစုံ မတူညီတော့သည့် လူတစ်ယောက်ကဲ့သို့ပင်။ သူက အကြိမ်ပေါင်း ဆယ်ချီ၊ ရာချီ ရွတ်ဆိုနိုင်၏။ ပြီးပြည့်စုံသည့် စည်းချက်ကို ကိုယ်တိုင် ရှာဖွေနေသကဲ့သို့ပင်။ အကျိုးသက်ရောက်မှုကလည်း ကောင်းသည်ထက် ပိုမိုကာ ကောင်းလာသည်။

မိန်းမစိုး လီစွမ်းက တကယ်ပင် ဝမ်းသာမိ၏။ “ရှမ့်... မင်း အောင်မြင်သွားပြီ။ အောင်မြင်သွားပြီပဲ။ မင်းသားနင်ကျန်းရဲ့ စွမ်းဆောင်ရည်က သိပ်ပြီး ကောင်းတယ်။”

ထိုအချိန်မှာပဲ ဘေးတစ်ဖက်တွင် ရှိနေသည့် လူများ၏ ပြောစကားက နင်ကျန်းကို လွှမ်းမိုးနိုင်စွမ်း မရှိတော့ချေ။ နင်ကျန်းက အလုံးစုံသောသူတို့ကို လျစ်လျူရှုထားသည့် အခြေအနေဆီသို့ ရောက်ရှိသွား၏။ ရှမ့်လန်က မျက်လုံးကို မှိတ်ပြီး ထိုကောင်းကင်ပူဇော်လွှာကို ခံစားကြည့်သည်။

နင်ကျန်း၏ စွမ်းဆောင်ရည်က တကယ်ကို ကောင်းမွန်၏။ ရင်သက်ရှုမောဖွယ်ရာပင်။ သို့သော်ငြား တုန်လှုပ် ခြောက်ခြားစေရန်တော့ မဟုတ်သေးချေ။ အားအင်က မလုံလောက်သေးချေ။ အသံ၌ တုန်လှုပ်နိုင်စွမ်း ရှိသည့် သြဇာအာဏာမျိုး မပါဝင်သေးချေ။ သို့သော်ငြား ထိုအရာက ခက်ခဲလွန်း၏။ တယောဆရာ တစ်ယောက် ဖြစ်ရန် ဆယ်စုနှစ်ပေါင်းများစွာ လေ့ကျင့်ရန် လိုအပ်သလိုပင်။

ထို့ကြောင့် နင်ကျန်း အနေနှင့် ခြင်္သေ့ဟိန်းသံကဲ့သို့သော အရာများကို လေ့ကျင့်ရန် လိုအပ်၏။ မိုးနတ်ပူဇော်ပွဲ ကျင်းပရန် ၃ ရက်သာ လိုတော့၏။ ယခုမှ ခြင်္သေ့ဟိန်းသံကို လေ့ကျင့်ရန် နောက်ကျသွားခဲ့ပြီ ဖြစ်၏။ ပြီးနောက် ရှမ့်လန်က နောက်ထပ် အရည်ပုလင်းတစ်ခုကို ထုတ်လိုက်၏။ ထိုအရာက ရွှေရောင် တောက်ပလို့နေခဲ့၏။ ဤအရာက ရွှေနဂါးသွေးပင် ဖြစ်၏။ အာနိသင် မြှင့်တင်ထားသည့် အမျိုးအစား ဖြစ်၏။ သူက နင်ကျန်း၏ ခွန်အားကို တိုးပွားစေပြီး အသံကို ပိုမိုကာ ကျယ်လောင်စေလိမ့်မည်။ “မင်းသား ဒါကို သောက်လိုက်”

နင်ကျန်းက ယူပြီး တစ်ခါတည်း မော့သောက်လိုက်၏။ “အား ကောင်းလိုက်တဲ့ ဝိုင်ပါလား”

ထင်ထားသည့် အတိုင်းပင် အာနိသင်ကလည်း အံ့မခန်းပင် ဖြစ်၏။ ရွှေနဂါးသွေးကို သောက်ပြီးနောက် နင်ကျန်း၏ ခန္ဓာကိုယ်ထဲတွင် နောက်ထပ် အင်အားတစ်ခု ကျယ်ပြန့်လာသကဲ့သို့ပင် ခံစား၏။ အရာအားလုံးက ပေါက်ကွဲထွက်တော့မည် သကဲ့သို့ပင်။ သူက ဆက်လက်ကာ ရွတ်ဆို၏။ သူ၏ အသံက အလွန်တရာ စူးရှစွာဖြင့် ထွင်းဖောက်နိုင်စွမ်း ရှိလာသည်။

“မင်းသား စိတ်ထဲကနေ ရွတ်ကြည့်အုံး” နင်ကျန်း၏ အသံက ကျယ်လွန်း၏။ ချန်းဖန်မြို့စား၏ အိမ်တော်က ကျယ်ဝန်းသည် ဆိုသော်လည်း အသံများ အပြင်ဘက်သို့ ထွက်သွားပြီး လူများသိရှိသွားမည်ကို စိုးရိမ်ရ၏။ ထို့ပြင် ယခုအတိုင်း ဆက်ပြီး အသံထွက် ရွတ်နေသည် ဆိုလျှင် ၃ ရက်အတွင်း အသံဝင်သွားနိုင်၏။

နင်ကျန်းက အလွန်အမင်း လျစ်လျူရှုထားနိုင်သည့် အခြေအနေဆီသို့ ရောက်ရှိနေ၏။ စိတ်ထဲမှ ရွတ်ဆိုခြင်း၏ အကျိုးသက်ရောက်မှုကလည်း အတူတူပင် ဖြစ်၏။ အသံကို သူ၏ နားထဲတွင် ကြားနေရသကဲ့သို့ပင်။

လီစွမ်းက ကျေနပ်စွာပင် ပြောလိုက်သည်။ “အခု အောင်မြင်သွားပြီ။ မင်းသားနင်ကျန်းရဲ့ နောက် ၃ ရက်နေရင် ပြသမယ့် စွမ်းဆောင်ရည်က လူတိုင်းကို သေချာပေါက် တုန်လှုပ်စေလိမ့်မယ်။”

ရှမ့်လန်က မျက်လုံးကို မှိတ်ပြီး သူ၏ AI နှင့် တွက်ချက်ကြည့်၏။ ကောင်းကင်ပူဇော်ပွဲ အခမ်းအနားကို ရှေးယစ်ပလ္လင်တောင်တွင် ကျင်းပမှာ သေချာပင်။ ထိုနေရာတွင် ကြီးမားသည့် ရင်ပြင်တစ်ခု ရှိ၏။ ကျယ်ဝန်းပြီး စတုရန်းကီလိုမီတာ တော်တော်များများ ကျယ်ဝန်း၏။ နင်ကျန်း၏ ရွတ်ဆိုမှုက အံ့မခန်း ကောင်းမွန်၏။ သို့သော်ငြား အကျိုးသက်ရောက်မှုက တုန်လှုပ်စေရန် မလုံလောက်သေးချေ။ အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် လူပေါင်း ၂ သောင်းကျော် တည်ရှိနေမှာဖြစ်သောကြောင့်ပင်။

လူတိုင်း တုန်လှုပ်သွားရန် လိုအပ်၏။ သူတို့၏ ဦးခေါင်းခွံများ ပွင့်ထွက်သွားသကဲ့သို့ ခံစားရသည့်အထိ ဖြစ်တည်ရန် လိုအပ်၏။ ကံဆိုးစွာပင် ဤလောကကြီးက ခေတ်သစ်ကမ္ဘာမြေ မဟုတ်ချေ။ ထို့ကြောင့် အသံချဲ့စက် ကိရိယာ ဟူ၍ မရှိချေ။ မဟုတ်ပါက သူတို့အနေနှင့် ဆောင်းဘောက်များကို စီစဉ်ပြီး လုပ်နိုင်လျှင် လာရောက် နားထောင်ကြသည့် လူများ၏ ဝိညာဉ်များပင် တုန်ခါအောင် ပြုလုပ်နိုင်စွမ်း ရှိနေလိမ့်မည်။

အကျိုးသက်ရောက်မှုက အံ့မခန်း ဖြစ်သော်လည်း ရှမ့်လန်၏ မျက်လုံးထဲတွင်တော့ မလုံလောက်သေးချေ။ တုန်လှုပ်ခြောက်ခြားဖွယ်ရာ အကျိုးသက်ရောက်မှုတစ်ခုကို မရရှိသေးဟု သူက ခံစားမိ၏။ ထို့သို့ဆိုလျှင် မည်သို့ လုပ်မည်နည်း။

ကျယ်ပြန်လွန်းသည့် ရင်ပြင်ရှိ လူတိုင်း၏ နားထဲကို ထိုးဖောက်ဝင်ရောက်ပြီး ထိုသူတို့၏ ဝိညာဉ်များကို တုန်ခါစေနိုင်အောင် မည်သို့ ပြုလုပ်ရမည်နည်း။

အပိုင်း (၅၇၄)

ရှမ့်လန်က ဦးနှောက်ခြောက်မတတ်ပင် စဉ်းစားနေမိ၏။ သို့ပေမည့် သိပ်မကြာလိုက်ချေ။ စကားလုံး တစ်လုံးက သူ၏ ခေါင်းထဲသို့ ဝင်လာ၏။ 'နှုတ်ခမ်း လှုပ်ပြီး ဟန်ထုတ်ခြင်း'။

ဟုတ်ပေ၏။ ခေတ်ပေါ် အဆိုတော်များက သီချင်းဆိုစွမ်းရည် သိပ်မကောင်းကြချေ။ သူတို့၏ အယ်လ်ဘမ်များက အထူး အသံသွင်းခန်းများတွင် အသံသွင်းပြီး အကောင်းဆုံးသော အကျိုးသက်ရောက်မှုထွက်အောင် ပြုပြင် မွမ်းမံထားခဲ့ကြခြင်း ဖြစ်၏။ ကွင်းပြင်တွင် သီချင်းဆိုလျှင် အဆင်မပြေသောကြောင့် သူတို့က နှုတ်ခမ်းလှုပ် ဟန်ထုတ်ကာ အသံသွင်းထားသည်ကို ဖွင့်ပြ၏။

အမှန်စင်စစ် ဤကမ္ဘာတွင် အသံဖမ်းစက် သို့မဟုတ် အသံစနစ်ဟူ၍ မရှိချေ။ သို့သော် နှုတ်ခမ်းလှုပ်၊ ဟန်ထုတ်ခြင်း၏ အခြားနည်းလမ်းတစ်ခု ရှိသေး၏။ မဟုတ်သေးပေ။ နှုတ်ခမ်းလှုပ်ရုံသက်သက်လည်း မဟုတ်သေးပေ။

မင်းသားနင်ကျန်း၏ ရွတ်ဖတ်မှုတွင် မည်သည့်ပြဿနာမျှ မရှိပေ။ မိမိကိုယ်ကို မေ့လျော့သွားခဲ့ပြီး အားလုံးသော သူတို့ကို လျစ်လျူရှုထားနိုင်သည့် အချိန်အခြေအနေဆီသို့ ရောက်ရှိသွားခဲ့ပြီးနောက် သူ၏ စိတ်ခံစားချက်များကို ဖော်ပြနိုင်စွမ်းက ထိပ်တန်းအဆင့်သို့ ရောက်ရှိနေ၏။ ယခင်က မည်သို့ပင် ဖိနှိပ်ချုပ်ချယ်ခြင်းကို ခံခဲ့ရသည် ဖြစ်စေ ယခုအချိန်တွင်တော့ သူက တကယ့်ကို အထွတ်အထိပ် အခြေအနေဆီသို့ ရောက်ရှိနေပြီး ကေသရာဇာ ခြင်္သေ့မင်းကဲ့သို့ပင် ရဲရင့်နေ၏။

အဓိက သော့ချက်အားဖြင့် သူ၏ စွမ်းရည်က မလုံလောက်သေးခြင်းသာ ဖြစ်၏။ သူ၏ အသံက လူကို တုန်လှုပ်စေနိုင်လောက်အောင် အားမကောင်းသေးသလို ပြင်းထန်သည့် သက်ရောက်မှုလည်း မရှိသေးချေ။ ထို့ကြောင့် သူက အသံချဲ့စက် တစ်ခုကို လိုအပ်၏။ ဤလောကကြီးထဲတွင် အသံချဲ့စက် မရှိသော်လည်း လူသား အသံချဲ့စက်ကို ရှာဖွေနိုင်၏။ ဤလောကကြီးထဲတွင် အသံအကောင်းဆုံး၊ အကျယ်ဆုံးနှင့် တုန်လှုပ်ဖွယ်ရာ ခြောက်ခြားဖွယ်ရာ အကောင်းဆုံးလူက မည်သူများ ဖြစ်သနည်း။

ဧကန်မုချ သင်တို့ ခန့်မှန်းမိလိမ့်မည် မဟုတ်ချေ။ ထိုအရာက မိန်းမစိုးများပင် ဖြစ်၏။ အထူးသဖြင့် အမိန့်တော်ပြန်တမ်းများကို ဖတ်ကြားရသည့် မိန်းမစိုးများ ဖြစ်၏။ သူတို့က လုံးဝ ကျွမ်းကျင်ပညာရှင် အဆင့်များ ဖြစ်၏။

ရှေးခေတ်တရုတ်ပြည်မှ နာမည်ကျော် ပီကင်းအော်ပရာ အနုပညာရှင်များနှင့် အနောက်တိုင်းမှ တယောပညာရှင်များက ပထမတန်းစား အသံပိုင်ရှင်များ ဖြစ်ကြ၏။ အမိန့်တော်ပြန်တမ်းကို ဖတ်ကြားရသည့် မိန်းမစိုးများကလည်း ထိုသို့သော ပထမတန်းစား အသံပိုင်ရှင်များ ဖြစ်၏။ ကျားဟော်မုန်းနည်းပါးသွားခြင်း အခြေအနေကြောင့် ဤကဲ့သို့ ဖြစ်ပျက်သွားသည်လားတော့ သေချာ မသိနိုင်ပေ။

ချင်မင်းဆက်တွင် ထန်းကျန့်ရေးသားခဲ့သည့် ချန်ရှူးကျမ်း တွင် မိန်းမစိုးများကို ဤသို့ ဖော်ပြထား၏။ သူတို့က လူရုပ်မပေါက် လူသားနှင့် မတူ အသံမှာလည်း လူသံမပေါက်၊ ကြည့်ရသည်မှာ လူအစစ်နှင့် မတူပေ။ သို့သော်ငြား ထိုဖော်ပြချက်က ငယ်စဉ်တည်းက သင်းကွပ်ခံထားရသည့် မိန်းမစိုးများကို ဆိုလိုခြင်း ဖြစ်၏။ အရွယ်ရောက်မှ သင်းကွပ်ခံထားရသည့် မိန်းမစိုးများမှာမူ သာမန်ယောက်ျားများနှင့် မခြားနားသော အသံကို ပိုင်ဆိုင်ကြ၏။

ဥပမာအားဖြင့် စွန်မင်းဆက်၏ သမိုင်းတွင် မိန်းမစိုး တုံ့ကွမ် ကို ဤသို့ ဖော်ပြထား၏။ တုံ့ကွမ် သည် အရပ်ရှည်၍ သန်မာထွားကျိုင်း၏။ ၁၀ နှစ်ကျော် သက်တမ်းရှိသည့် မုတ်ဆိတ်မွေးများ ရှိပြီး သူ၏ အရေပြားနှင့် အရိုးများက သံမဏိကဲ့သို့ ကြံ့ခိုင်၏။ သူက မိန်းမစိုးတစ်ဦးနှင့် လုံးဝ မတူပေ။

အမိန့်တော်ပြန်တမ်းကို ဖတ်ကြားရသည့် မိန်းမစိုးက သူ၏ အသံကို ဆယ်စုနှစ်များစွာ လေ့ကျင့်ခဲ့ရပြီး အခြေခံ အုတ်မြစ်ကလည်း တကယ့်ကို ခိုင်မာရသည်။

(မြန်မာ့နန်းတွင်းက မိန်းမစိုးတွေကတော့ သင်းကွပ်ထားတဲ့ယောက်ျားတွေမဟုတ်ဘူးလို့ ဖတ်ရှုရတယ်။ ကုန်းဘောင်ခေတ် အနောက်ဆောင်က မိဖုရားတွေ၊ သမီးတော်တွေ၊ ကိုယ်လုပ်တော်တွေ ပဲ နေထိုင်တာကြောင့် မိန်းမများစုဝေးနေထိုင်ရာ ရပ်ဝန်းတစ်ခု ဖြစ်လာတယ်။ ဒါကြောင့် မိဖုရားများကြားမှာ ဝင်ထွက်သွားလာပြီး အဆောင်ကို အုပ်ချုပ်ရတဲ့ နန်းတွင်းရဲမေလိုမျိုး မိန်းမတွေ လိုအပ်လာပါတယ်။ ဒါကြောင့် ယောက်ျားစိတ် ပေါက်နေသူ ၊ ရဲရင့်ကြမ်းတမ်းလွန်းသူ အမျိုးသမီးတွေကို ခန့်အပ်ကြတယ်။ ရှေးယခင်ခေတ်က မိန်းမဆိုး တွေလို ခေါ်ဝေါ်ကြတယ်။

မိန်းမစိုး ယောက်ျားတစ်ချို့ရှိတယ်ဆိုရင်တောင် သင်းကွပ်ခြင်းအလေ့အထကို မလုပ်ကြပါဘူး။ ယောက်ျားအင်္ဂါ မထင်ရှားဘူး။ ယောက်ျားအင်္ဂါ သုံးမရသူတွေကို ဖြစ်ပါတယ်။ ဉပမာအားဖြင့် ဖေခဲတို့ ၊ နေမျိုးသီဟ ရွှေတောင်ဦးဖော့ (ဦးရွှေဖီး) တို့ပင်။

မြန့်မာနန်းတွင်း မိန်းမစိုးတစ်ယောက်ရဲ့ အရည်အချင်းတွေက ကျန်းမာသန်စွမ်းရမယ်။ ထက်မြက်ရမယ်။ ပါးနပ်ရမယ်။ စာရေးစာဖတ် ကျွမ်းကျင်ရမယ်။ ကိုယ်လုံပညာ တတ်ကျွမ်းရမယ်။

အများအားဖြင့် မြန့်မာနန်းတွင်း မိန်းမစိုးတွေအနေနဲ့ နန်းသုံးဓလေ့နဲ့ ကျွမ်းဝင်ပြီးသားဖြစ်စေဖို့ မြို့ဝန်တို့၊ တံခါးမှုးတို့ရဲ့ မယားငယ်တွေကို ခေါ်ယူခန့်အပ်လေ့ရှိတယ်။ ဦးပုညကို သတ်ခဲ့တဲ့ မြို့ဝန်ဦးသာအိုး ရဲ့ မယားငယ် ငါးယောက်က မိန်းမစိုး တာဝန်ကို ထမ်းဆောင်သူများဖြစ်တယ်။

မိန်းမစိုးချုပ် ဆိုတာက ထမီရင်လျား ၊ ပုဝါအနီစီးပြီး ရွေနားတောင်းကို ဝတ်ဆင်တယ်။ ရိုးရိုး မိန်းမစိုးကတော့ ထားဝယ်ကြိမ် ကိုင်ဆောင်ခွင့်ရှိပြီး မိန်းမစိုးချုပ်ဆိုရင် ငလိပ်ကျောက်မြီးကို ကိုင်ဆောင်ခွင့်ရှိတယ်။

စိတ်ဝင်စားပါက နန်းတွင်းသူခိုး နှင့် မိန်းမစိုး ဆိုတဲ့ ရွှေဘိုမိမိကြီး ရေးတဲ့ စာအုပ်ရှိပါတယ်ဗျာ။ ရှာဖွေ ဖတ်ရှုကြည့်ကြပါ။)

ရွှဲ့ပြည်နယ်တဝန်းလုံးတွင် အသံစွမ်းအင် အကြီးမားဆုံး၊ သိုင်းပညာတွင် အတော်ဆုံးနှင့် အတွင်းအား အမြင့်မားဆုံး မိန်းမစိုးကြီး တစ်ဦး ရှိ၏။

ထိုသူက ခေါင်းဆောင်ကြီး လီမူ ပင် ဖြစ်၏။ သူ၏ အသံထွင်းဖောက်နိုင်စွမ်းက ခြင်္သေ့ဟိန်းသံထက် မည်သို့မှ လျော့ကျမည် မဟုတ်ချေ။ သူ့ကို ယစ်ပလ္လင်၏ အောက်တွင် ပုန်းအောင်းစေပြီး နင်ကျန်း၏ အသံကို ကျယ်လောင်အောင် ထောက်ပံ့ပေးပါရန် တောင်းဆိုရပေလိမ့်မည်။ ထိုသို့ဆိုလျှင် လုံးဝကို ကောင်းမွန်လွန်းသည့် အစီအစဉ်ပင် ဖြစ်ပေလိမ့်မည်။ ထိုပြင် အသံကလည်း တစ်နေရာတည်းက လာသောကြောင့် မည်သည့် အပြစ်အနာအဆာမှ ရှိမှာ မဟုတ်ပေ။

ထို့အပြင် လီမူက မဟာပညာရှင်ကြီး တစ်ဦး ဖြစ်၏။ အသံလှိုင်းထဲသို့ အတွင်းအားကို ထည့်သွင်းပေးလိုက်သည်နှင့် လေထုတစ်ခုလုံးကို တုန်ခါသွားပေးလိမ့်မည်။ အသံက နားကွဲလုမတတ် ကျယ်လောင်သွားပေလိမ့်မည်။ ထို့ကြောင့် ရှမ့်လန်က သူ၏စိတ်ကူးကို ဂရုတစိုက်ဖြင့် ဖော်ပြ၏။ ခေါင်းဆောင်ကြီးလီမူကို ယစ်ပလ္လင်အောက်တွင် ပုန်းအောင်းစေပြီး နင်ကျန်းအတွက် အသံအစားထိုး ပြုလုပ်ပေးရန်ပင်။

ချက်ချင်းပဲ မိန်းမစိုးကြီး လီစွမ်းက တုန်လှုပ်သွားခဲ့၏။ “ငါ... ငါ ... မင်း .. မင်း...”

လီစွမ်းက စကားပင် မပြောနိုင်တော့ချေ။ သူပင် စကားထစ်လုနီးပါး ဖြစ်လာ၏။ “သခင်လေးရှမ့်.... ခင်ဗျားက တကယ့်ကို ရဲရင့်ပြီး စိတ်ကူးယဉ်ဆန်လွန်းတယ်။ ခင်ဗျား ဘယ်လိုဖြစ်ပြီး ဒီလိုအကြံမျိုးကို ရတာလဲ။ ဘယ်လိုဖြစ်ပြီး ဒီလိုကိစ္စမျိုးကို တွေးရဲတာလဲ။ အဲဒါ ကျုပ်တို့ရဲ့ ဘိုးဘေး၊ ကျုပ်တို့ရဲ့ မွေးစားဖခင်။ သူက နန်းတော်ထဲမှာ ဧရာမတောင်ကြီးတစ်ခုလို ကြီးမားတဲ့ လူတစ်ယောက်။ လောကမှာ ဘယ်သူကမှ သူ့ကို အမိန့်ပေးရဲတာ မဟုတ်ဘူး။ အခု ခင်ဗျားက မင်းသားနင်ကျန်းအတွက် သူ့ကို အသံအစားထိုးခိုင်းမလို့ ဟုတ်လား။”

ရှမ့်လန်က ကြောင်အသွားသည်။ “ဘာဖြစ်လို့လဲ။ မရဘူးလား။ ခေါင်းဆောင် လီမူရဲ့ သိုင်းပညာနဲ့ဆိုရင် ဘယ်သူမှ သတိမထားမိအောင် သေချာလုပ်နိုင်မှာပါ။”

ဟုတ်ပေ၏။ ထို့ပြင် ကောင်းကင်ပူဇော်ပွဲပလ္လင်ကလည်း မူးမတ်သေနာပတိများနှင့် တော်တော်ကို ဝေးကွာ၏။ ခေါင်းဆောင်ကြီး လီမူနှင့် နင်ကျန်းတို့က တစ်နေရာတည်းတွင် ရှိနေမည် ဖြစ်သောကြောင့် အသံက လုံးဝ ဟာကွက်ရှိမှာ မဟုတ်ချေ။ သို့ပေမည့် ဤအရာက ကောင်းကင်ပူဇော်ပွဲ ဖြစ်၏။

“ရှမ့်လန်... မင်းက ရှေးဘုရင်မင်းမြတ် ၃ ပါး နဲ့ ဧကရာဇ် ၅ ပါး အမြတ်ဒေါသထွက်မှာ မကြောက်ဖူးလား။ မင်း သူတို့ကို နည်းနည်းလေးမှတောင် လေးစားသမှု မရှိဘူးလား။ ပြီးတော့ ဒီကိစ္စကို တကယ်လုပ်လိုက်ရင် ရလဒ်ကတော့ ရင်သက်ရှုမောဖွယ်ဖြစ်မှာ အမှန်ပဲ။ ဒါပေမဲ့ ငါ စိုးရိမ်မိတယ်”

မိန်းမစိုးကြီး လီစွမ်းက ပြောလိုက်သည်။ “ဒီကိစ္စကို ကျုပ်ရဲ့သဘောအရ ဆုံးဖြတ်လို့ မရဘူး။ နန်းတော်ထဲဝင်ပြီး အရှင်မင်းကြီးကို လျှောက်တင်ပေးရမှာလား။”

ရှမ့်လန်က ပြန်ပြော၏။ “ရတာပေါ့။ ဒါဆိုရင် မြန်မြန်သွားလေ”

.............

လီစွမ်းနန်းတော်သို့ ပြန်ရောက်သည့် အချိန်မှာတော့ မိုးလင်းနေပြီ ဖြစ်၏။ နင်ယွမ်ရှန်းကို သွားတွေ့ပြီး မနေ့က ဖြစ်သမျှ အရာအားလုံးကို လျှောက်တင်၏။ ပြီးနောက် ရှမ့်လန်က ခေါင်းဆောင်ကြီးလီမူကို အသံ အစားထိုးခိုင်းစေလိုကြောင်း လျှောက်တင်သည်။

“ဟမ်။”

အရှင်မင်းကြီးက အံ့အားသင့်လွန်းသောကြောင့် စားလျက်ရှိနေသည့် လက်ထဲမှာ ဇွန်းပင် လွတ်ကျသွား၏။ “ဒီခွေးကောင်လေးက တကယ့်ကို အကြံပိုင်ပြီး သတ္တိကလည်း ကောင်းတာပဲ။”

ဟုတ်ပေ၏။ ဤနည်းလမ်းက တကယ့်ကို ရဲရင့်ပြီး ဆန်းသစ်လွန်း၏။ ထို့အတူ တကယ်လည်း ကောင်းမွန်လွန်း၏။ ကြားပြီးသည်နှင့် တပြိုင်နက် အရှင်မင်းမြတ်က မချီးကျူးဘဲ မနေနိုင်ချေ။ အကယ်၍ တခြားသော ခေါင်းမာသည့် ဘုရင်တစ်ပါးပါးသာ ဆိုပါက ရှမ့်လန်ကို သေလုမျောပါး ဖြစ်အောင် ရိုက်နှက်မည် သို့မဟုတ် ထောင်ထဲ ပစ်ထည့်လိုက်ပေလိမ့်မည်။

သို့သော်ငြား နင်ယွမ်ရှန်းက ပုန်ကန်လိုစိတ်ရှိသည့် ဘုရင်တစ်ပါး ဖြစ်၏။ သူက လက်ရှိ သူတော်စင်ဘုံကျောင်း မီးလောင်သွားစဉ်ကပင် စိတ်ထဲ ကျေနပ်အားရမှုကို ရှာတွေ့ခဲ့သည့်ဘုရင်မျိုးပင်။ သူက ထိုကဲ့သို့သော အရာများကို ယုံကြည်မှု လုံးဝမရှိသလို စိတ်နှလုံးသားထဲတွင်လည်း လုံလောက်သည့် လေးစားမှုမျိုး မရှိချေ။ မဖြစ်မနေ ပြုလုပ်ရသောကြောင့်သာ ပြုလုပ်နေရခြင်း ဖြစ်၏။ ထို့ကြောင့် တချို့သောရှုထောင့်များတွင် သူနှင့် ရှမ့်လန်က တူညီကြပြီး သူတို့က လောက၏ စည်းမျဉ်းများ ဖရိုဖရဲဖြစ်သွားသည်ကိုပင် မြင်ချင်ကြသူများ ဖြစ်၏။

လီစွမ်း၏ ဦးရေပြားများက ထုံကျဉ်သွားခဲ့၏။ အရှေ့မင်းကြီးကလည်း ရှမ့်လန်၏ အကြံကို စိတ်ဝင်စား နေကြောင်း သူ မြင်နေရ၏။ ထို့ကြောင့် မနေနိုင်ဘဲ မေးမြန်းလိုက်သည်။ “အရှင်မင်းကြီး.. မင်းသားနင်ကျန်းရဲ့ စွမ်းဆောင်ရည်က အရမ်းကို ကောင်းနေပါပြီ။ အဲဒါကို လုပ်အုံးမလို့လား။”

နင်ယွမ်ရှန်းက ပြန်ပြောလိုက်၏။ “ဒါပေမဲ့ လုံလောက်အောင်တော့ မခမ်းနားသေးဘူး မဟုတ်လား။”

ဘုရင်မင်းမြတ်သည် ယခင်က ဤမျှလောက် စည်းကမ်းမဲ့သူ မဟုတ်ကြောင်း လီစွမ်းက သိ၏။ သို့ပေမည့် ရှမ့်လန် အနားသို့ ရောက်ရှိပြီးတည်းက အရာအားလုံး ပြောင်းလဲသွားခဲ့သည်။

နင်ယွမ်ရှန်းက စားပွဲပေါ်မှ ဇွန်းကို ကောက်ကိုင်ပြီး ပေါ့ပေါ့ပါးပါး မေးလိုက်၏။ “ခေါင်းဆောင်လီ... ခင်ဗျားက ကာယကံရှင်ပဲ။ ဘယ်လို သဘောရလဲ။”

တခြားမမြင်ရသည့် နေရာတစ်ခုဆီမှ ခေါင်းဆောင်ကြီး လီမူက ပေါ်ပေါက်လာခဲ့၏။ သူက ဖြည်းညင်းစွာ ပြောလိုက်သည်။ “အရှင်မင်းကြီးက ကျုပ်ကို လုပ်စေချင်ရင် ကျုပ် လုပ်ပါ့မယ်။”

နင်ယွမ်ရှန်းက မေးမြန်းလိုက်၏။ “ခေါင်းဆောင်းလီ... အရင်တုန်းက ကောင်းကင်နတ်ဆိုးအသံသိုင်းကွက်ကို တိတ်တဆိတ် ကျင့်ကြံဖူးတယ်မလား။”

ကောင်းကင်နတ်ဆိုးအသံသိုင်းကွက် ဆိုသည်မှာ ရှေးဟောင်း လျှို့ဝှက်ကျမ်းစာ တစ်အုပ်ဖြစ်၏။ သူက မည်သည့် အသံကိုမဆို ပြောင်းလဲနိုင်ပြီး မည်သည့်အသံကိုမဆို တုပနိုင်၏။ ထို့ပြင် အသံ၏ ထွင်းဖောက်နိုင်စွမ်းနှင့် တုန်လှုပ်စေနိုင်စွမ်းက ခြင်္သေ့ဟိန်းသံထက်ပင် ပိုမိုကာ ဩဇာအာဏာ ကြီးမား၏။ အသံပိုင်းဆိုင်ရာ သိုင်းပညာနယ်ပယ်က အကောင်းဆုံး ကျမ်းတစ်စောင် ဖြစ်သည်။

ဆိုးဝါးစွာဖြင့် နင်ကျန်းအတွက် ယခုမှ စတင်လေ့ကျင့်ရန် အချိန် နောက်ကျသွားခဲ့ခြင်းပင်။

ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက ပြောလိုက်၏။ “ဒါဆိုရင် စမ်းကြည့်ကြမလား။”

ခေါင်းဆောင်ကြီး လီမူက ပြန်ဖြေသည်။ “ကောင်းပါပြီ။ စမ်းကြည့်ကြစို့”

............

မြို့တော်နှင့် မိုင်ပေါင်းများစွာ ဝေးကွာသည့် လူသူကင်းမဲ့သောနေရာတစ်ခုတွင် နင်ကျန်းနှင့် ခေါင်းဆောင်ကြီး လီမူတို့က လေ့ကျင့်နေကြ၏။ ရလဒ်ကတော့ အလုံးစုံ ပြီးပြည့်စုံလျက် ရှိ၏။ အကျိုးသက်ရောက်မှုကလည်း ရှမ့်လန် ထင်မှတ်ထားသည်ထက်ပင် ပိုမိုကာ ကောင်းမွန်၏။

ခေါင်းဆောင်ကြီး လီမူ၏ ကောင်းကင်နတ်ဆိုး အသံသိုင်းကွက်က အလွန်တရာ အစွမ်းထက်၏။ အသံက နင်ကျန်း၏ အသံနှင့် လုံးဝ တစ်ထပ်တည်း ပေါင်းစပ်သွားခဲ့ပြီး မည်သည့် ငြင်းဆန်မှု သို့မဟုတ် ကွဲထွက်မှုမျိုးမှ မရှိချေ။ နင်ကျန်းအသံ၏ ချဲ့ထွင်ဖောက်ထွက်နိုင်စွမ်းကို မြှင့်တင်ပေးလိုက်သကဲ့သို့ပင်။ အပြစ်အနာအဆာဟူ၍ တစ်စုံတစ်ရာမှ မရှိချေ။ ခေတ်မီ အသံချဲ့စက်များ၏ အကျိုးသက်ရောက်မှုထက်ပင် ပိုမိုကာ ကောင်းမွန် နေသေး၏။ အဓိက အချက်မှာတော့ တဝူးဝူးနှင့် ချဲ့ကားထားခြင်းမျိုး မရှိသလို နားကလော်သည့် အသံမျိုးလည်း မဖြစ်စေခဲ့ချေ။

ခေါင်းဆောင်ကြီး လီမူ၏ အသံက မင်းသားနင်ကျန်း၏ အတွင်းအားကို အလွန်အမင်းတွန်းတင်ပြီး မိုးခြိမ်းသံကဲ့သို့ ဆူညံခြင်းမျိုး မဖြစ်စေချေ။ အဝေးမှရှိနေလျှင်ပင် ထိုအသံ၏ ရှင်းလင်းပြတ်သားမှုကို ကြားရ၏။ အကျိုးသက်ရောက်မှုက တကယ့်ကို ကြောက်မက်ဖွယ်ရာပင်။

လီမူက ကောင်းကင်ပူဇော်ပွဲ အခမ်းအနားပေါင်းများစွာကို တွေ့ကြုံခဲ့ရဖူး၏။ သူ၏စကားအရဆိုလျှင် ယခုတစ်ကြိမ် မင်းသားနင်ကျန်း၏ ရွတ်ဖတ်ပူဇော်မှုက ယခင် အခမ်းအနားအားလုံးကို ချေမှုန်းဖျက်ဆီးပစ် လိုက်နိုင်၏။ ရိုးရိုးသားသား ပြောရမည်ဆိုလျှင် ခမ်းနားကြီးကျယ်လွန်း၏။

ရှမ့်လန်က ထိုစကားကို ကြားသည့်အချိန်၌ စိတ်သက်သာရာ ရသွားခဲ့သည်။ “ငါ ရှမ့်လန်က အလုပ်တစ်ခုကို လုပ်ပြီဆိုရင် အဆုံးစွန်ထိ လုပ်တယ်။ ငါ ရှမ့်လန်က ဟန်ဆောင်ပြီဆိုရင်လည်း တစ်လောကလုံးက လူတွေ အကုန်လုံး နစ်မျောသွားတဲ့အထိကို ဟန်ဆောင်တတ်တယ်။ လုပ်တာကို ချစ်ပြီး ၊ ချစ်တာကို လုပ်တယ်။

နောက်နှစ်ရက်ကြာရင် သေနာပတိတွေ၊ မူးမတ်တွေ၊ အရာရှိတွေ၊ တစ်လောကလုံးက လူတွေ အကုန်လုံး တုန်လှုပ်ပြီး ပါးစပ်အဟောင်းသား ဖြစ်စေရမယ်။ အရှင့်သားနင်ကျန်းရဲ့ စွမ်းဆောင်ရည်က လူတိုင်းကို တုန်လှုပ် သွားစေရမယ်။ လောကမှာ အအောင်မြင်ဆုံးသော ကောင်းကင်ပူဇော်ပွဲကို ကျင်းပနိုင်ရမယ်။ ပြီးတော့ အရှင်မင်းကြီးရဲ့စေတနာကိုလည်း လုံးဝ အလဟဿ မဖြစ်စေရဘူး။ အရှင့်သား နင်ကျန်းရဲ့ ထီးနန်းဆက်ခံရေး အခြေအနေကို အမြင့်ဆုံးအခြေအနေထိ ရောက်အောင် ခေါ်ဆောင်သွားရမယ်။”

ဤသည်က လုံးဝ ချဲ့ကားပြောဆိုနေခြင်း မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် နင်ကျန်း၏ ပထမဦးဆုံးသော စစ်မှန်သည့် စွမ်းဆောင်ရည်အား ဤကမ္ဘာလောကကြီးသို့ ပြသရမည့် အချိန်ဖြစ်သောကြောင့်ပင်။

ဤသုံးရက်တာ ကာလအတွင်း နန်းတွင်းတစ်ခုလုံးက ဆူညံပွက်လောရိုက်လျက် ရှိ၏။ လူများကလည်း လှုပ်လှုပ်ရှားရှား ဖြစ်လို့နေ၏။ မရေတွက်နိုင်သည့် အရာရှိများက သနားခံစာများကို တစ်စောင်ပြီး တစ်စောင် တင်သွင်း၏။ ညီလာခံ ၂ ရက်၊ ၃ ရက်အတွင်း တခြားသော ခေါင်းစဉ်အားလုံးက ဘေးသို့ ရောက်ရှိသွားခဲ့၏။

အရာရှိများအားလုံး၏ ပစ်မှတ်က ကောင်းကင်ပူဇော်ပွဲ အခမ်းအနားသို့သာ စုပြုံရောက်ရှိနေ၏။ ရာပေါင်း များစွာသော အရာရှိတို့က ညီလာခံ ခန်းမအတွင်း ဒူးထောက်၍ သွေးထွက်သည်အထိ ခေါင်းနှင့် ကြမ်းပြင်ကို တိုက်၏။ သူတို့ အားလုံးက အော်ဟစ်ဆူညံလျက် ရှိသည်။

တိုင်းပြည်၏ အဓိက အရေးကိစ္စက ကောင်းကင်ပူဇော်ပွဲနှင့် စစ်ရေးသာဖြစ်၏။ ဤသည်က နိုင်ငံတော်၏ စစ်ပွဲတစ်ခု ဖြစ်ပြီး တိုင်းပြည်၏ ကံကြမ္မာနှင့်လည်း သက်ဆိုင်နေ၏။ အကယ်၍ မင်းသားနင်ကျန်းက ကောင်းကင်ပူဇော်ပွဲတွင် စကားထစ်နေသည် ဆိုပါက နတ်ဘုရားများကို မလေးစားရာ ရောက်မည် ဖြစ်ပြီး ကပ်ဘေးကြီး သင့်ပေလိမ့်မည်။ ဆက်လက် ဆင်နွှဲရမည့် နိုင်ငံ၏ စစ်ပွဲက နိမိတ်ဆိုး ဖြစ်လာပေလိမ့်မည်။

“အရှင်မင်းကြီး... ကျေးဇူးပြုပြီး ပြန်စဉ်းစားပေးတော်မူပါ။”

သူတို့က ဘုရင်မင်းမြတ် အမိန့်ကို ပြန်လည်ရုပ်သိမ်းစေရန် အစွမ်းကုန် ဖိအားပေးနေ၏။ ဒီရေအလား ရောက်ရှိလာခဲ့သည့် အရာရှိများ၏ ဝေဖန်မှုများကို ကြည့်ရှုရင်း ယခင်တုန်းက နင်ယွမ်ရှန်းက စိတ်မသက်မသာ ခံစားမိ၏။

သို့ပေမည့် ယခုအခါမှာတော့ ရှမ့်လန် အောင်မြင်သွားပြီ ဖြစ်ကြောင်းနှင့် နင်ကျန်း၏ စွမ်းဆောင်ရည်က အံ့အားသင့်စရာ ကောင်းလိမ့်မည် ဖြစ်ကြောင်း သူသိ၏။ ထို့ကြောင့် ဘုရင်မင်းမြတ်က အဘယ်သို့ အညံ့ခံမည်နည်း။ အရာရှိများကို သူနှင့်ထပ်၍ ဆန့်ကျင်ခွင့် ပေးလိုက်သည်။

အရာရှိများ၏ သဘောအတိုင်း သူက လိုက်လျော ရမည်လား။ ထို့သို့ဆိုလျှင် အရာရှိများက သူ၏ မျက်နှာကို နောက်တစ်ကြိမ် ထပ်ကာ ပိတ်ရိုက်သလို ဖြစ်ပေလိမ့်မည်။ ထိုသို့ မဟုတ်ပေ။ သူက အားလုံးသော သူတို့၏ မျက်နှာကို ရိုက်ချင်၏။ အိမ်ရှေ့စံ၏ မျက်နှာကိုလည်း ရိုက်ချင်၏။

............

All Chapters