← Chapters

အခန်း (၅၇၅-၅၇၆)

Vol. 38 Ch. 575-576

အခန်း (၅၇၅-၅၇၆)

Vol. 38 Ch. 575-576

အပိုင်း (၅၇၅)

ဘုရင်မင်းမြတ်၏ခေါင်းမာမှုကြောင့် ကောင်းကင်ပူဇော်ပွဲ အခမ်းအနားက ပုံမှန်အတိုင်း ဆက်လက် လုပ်ဆောင်လျက် ရှိပြီး နင်ကျန်းကပင် ဦးဆောင်ကျင်းပသည်။

မြို့တော်ရှိ မရေတွက်နိုင်သည့် လူများက အပြင်းအထန် ဆွေးနွေးငြင်းခုံလျက် ရှိနေ၏။ အရှင်မင်းကြီးက စိတ်ကူးပေါက်ရာကို လုပ်လွန်း၏။ ထို့အပြင် တစ်ချို့သောကိစ္စများ အောင်မြင်ခဲ့သောကြောင့်လည်း ဘဝင်မြင့်လို့နေ၏။ ဤတစ်ကြိမ် ကောင်းကင်ပူဇော်ပွဲ အခမ်းအနားက အကြီးအကျယ် အရှက်ကွဲစရာ ဖြစ်လာပေလိမ့်မည်။ ကောင်းကင်ဘုံကိုပင် အမျက် ထွက်စေပေလိမ့်မည်။

နင်ကျန်း၏ စကားထစ်သည့် ပြဿနာက လုံးဝ မပျောက်ကင်းသေးချေ။ သတင်းဖြန့်နေသူက ဖြန့်ဖြူးပြီး ဖြစ်၏။ ကောင်းကင်ပူဇော်ပွဲမတိုင်ခင် တစ်ရက်အလိုထိ နင်ကျန်းက အိမ်၌ ရွတ်ဖတ်ခြင်းကို လေ့ကျင့်နေဆဲပင်။ အကျိုးသက်ရောက်မှုက ရိုးရိုးလေး ပြောရမည်ဆိုလျှင် နားထောင်လို့ပင် မရချေ။ စကားထစ်ခြင်းက ပိုဆိုး၏။ ချောင်းနားထောင်သူများက ထိုအသံကို သေချာကြားခဲ့သည်။

သို့နှင့် ပျံ့နှံ့သွားခဲ့၏။ အသိစိတ်ဝင်နေသည့် နင်ကျန်းက ဆေးသောက်ထားသည့် နင်ကျန်းကဲ့သို့ ဆွဲဆောင်နိုင်လိမ့်မည် မဟုတ်ချေ။ ပိုမိုကာ စိတ်လှုပ်ရှားလေ ပိုမိုကာ စကားထစ်လေပင်။

ထို့ကြောင့် ရှမ့်လန်က အထူးဆေးရည်တစ်မျိုးကို ပြင်ဆင်ပေးထားခဲ့ပြီး စင်ပေါ်မတက်မီ တိတ်တဆိတ် သောက်သုံးစေမည်။ ထိုဆေးရည်ကို ကိုယ်ပိုင်အခြေအနေသို့ အလျင်အမြန်ဝင်ရောက်စေမည့် ဆေးရည်မျိုးဟု သူက ဖော်ညွှန်းထား၏။ စကားပြော နတ်ဘုရား ဆေးရည်ပင်။

နေ့ရက်များက တဖြည်းဖြည်းနှင့် ကုန်ဆုံးသွားခဲ့၏။ သုံးရက်ကြာမြင့်ပြီးနောက် ကောင်းကင်ပူဇော်ပွဲ အခမ်းအနားကြီးက တရားဝင် စတင်ပြီ ဖြစ်၏။

နန်းတော်တွင်း၌ နင်ယွမ်ရှန်းက ဒေါသပုံထလျက် ရှိ၏။ လူအနည်းငယ်ကို ခေါ်ယူကာ သတ်ဖြတ်ချင်စိတ်ပင် ပေါက်လျက်ရှိ၏။ ဤသည်က ပူးပေါင်းကြံစည်မှု တစ်ခုပင် ဖြစ်၏။ လူအများက သူ့ကို အရှက်ခွဲရန် ကြိုးစားနေချင်သာ ဖြစ်ရပေလိမ့်မည်။

နက္ခတ်တာရာပညာရှင်များက သူ့ကို သဘောမတွေ့သောကြောင့် ရက်စွဲကို တမင်တကာ မှားယွင်းစွာ တွက်ချက်ထားခြင်းလည်း ဖြစ်ပေလိမ့်မည်။ ယနေ့က နေ့ကောင်းရက်မြတ် ဖြစ်သည်ဟု ရှင်းရှင်းလင်းလင်း တွက်ချက်ထားခဲ့၏။ ထို့အပြင် နေသာမည့် နေ့တစ်နေ့လည်း ဖြစ်ပေလိမ့်မည်။

သို့ပေမည့် အဘယ်သို့ ဖြစ်ပျက်ရသနည်း။ ကောင်းကင်ယံတွင် မိုးတိမ်မဲကြီးများ အုံ့ဆိုင်းနေ၏။ နေရောင်ခြည်ဟူ၍ လုံးဝမရှိချေ။ ရာသီဥတုသာယာမည့် အရိပ်အယောင်ကိုလည်း လုံးဝမတွေ့ရချေ။ အချိန်အတော်လင့်နေပြီ ဆိုသော်လည်း ကောင်းကင်ကြီးက မှောင်မိုက်နေဆဲပင်။

ကောင်းကင်ပူဇော်ပွဲ အခမ်းအနားတိုင်းက ရာသီဥတုအပေါ် အခြေခံ၏။ ကောင်းကင်ပြင် ကြည်လင်နေမှသာလျှင် ကောင်းကင်ဘုံက နှစ်သက်သဘောကျ၏။ ဤသို့ မှောင်မိုက်လျက်ရှိနေသည့် ကောင်းကင်ကြီးကို ကြည့်ရှုလိုက်ရုံနှင့် အမျက်ထွက်နေခြင်းသာ ဖြစ်ပေလိမ့်မည်။

နက္ခတ်တာရာဌာနမှ အရာရှိများက ခေါင်းနှင့် ကြမ်းပြင်ကို ဦးတိုက်ကာဖြင့် မရမက တောင်းပန်လျက် ရှိ၏။ “အရှင်မင်းကြီး.. ကျုပ်တို့ အပြစ်ကင်းပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ကျုပ်တို့ ရှင်းရှင်းလင်းလင်းနဲ့ ရက်ရာဇာကို ရွေးထားခဲ့တာပါ။ ဒီနေ့က နေသာတဲ့နေ့ ဖြစ်ရမှာပါ။”

နင်ယွမ်ရှန်းက ဒေါသတကြီးနှင့် ပြောလိုက်သည်။ “အပြင်ကို ကြည့်လိုက်စမ်း။ အဲဒါ နေသာနေတဲ့ပုံ ပေါက်လား။”

“ဂျိန်း ဂျိန်း။”

ထိုစဉ် ကောင်းကင်ယံထက်ဆီမှ မိုးခြိမ်းသံများ ထွက်ပေါ်လာခဲ့၏။ ဤအရာက ပထမဦးဆုံး မိုးခြိမ်းသံ ဖြစ်သည်လား မသိချေ။ ရာသီဥတုက အုံ့မှိုင်းနေသည်သာမက မိုးရွာပြီး မိုးကြိုးပါ ပစ်ချတော့မည့်ပုံပင် ပေါ်၏။ နိမိတ်ကလည်း မကောင်းချေ။

အရှင်မင်းကြီး၏အတွေးကို တုံ့ပြန်လိုက်သကဲ့သို့ပင် မိုးခြိမ်းသံက ကောင်းကင်ယံ၌ ဟိန်းထွက်လျက် ရှိနေ၏။

သို့သော်ငြား ညီလာခံခန်းမအတွင်းတွင် ရှိနေသည့် အရာရှိများကတော့ ပျော်ရွှင်နေကြသည်။ ‘အရှင်မင်းကြီး.. မျက်စိကို ဖွင့်ပြီး သေချာကြည့်လိုက်အုံး။ နက္ခတ်တာရာပညာရှင်တွေက နေ့ကောင်းရက်မြတ်လို့ တွက်ချက် ခဲ့ပြီးသား။ ဒါပေမဲ့ အရှင်မင်းကြီးရဲ့ ဇွတ်တရွတ်ဆန်တဲ့ ခေါင်းမာမှုကြောင့် ကောင်းကင်ဘုံကို စော်ကားသလို ဖြစ်ခဲ့တာပဲ။’

‘အရှင်မင်းကြီးက ကောင်းကင်ဘုံကို အပြစ်ပြုခဲ့တာပဲ။ စကားထစ်တဲ့ မင်းသားတစ်ပါးကို ဘယ်လိုဖြစ်ပြီးတော့ ကောင်းကင်ပူဇော်လွှာ ရွတ်ဆိုခိုင်းရတာလဲ။ ကောင်းကင်ဘုံက ဒေါသမထွက်ဘဲ နေမလား။ အရှင်မင်းကြီး.. အခု ဘာလို့ မတောင်းပန်သေးရတာလဲ။ ဘာလို့ အမိန့်တော်ကို ပြန်မရုတ်သိမ်းသေးတာလဲ။’

နန်းတော်ဆီသို့ စောစောစီးစီး ရောက်ရှိလာခဲ့သည့် အရာရှိများက ဝမ်းနည်းနေသည့် ပုံပန်းသဏ္ဍာန်မျိုး ပေါ်နေသည် ဆိုသော်လည်း တကယ်တမ်း အတွင်းစိတ်ထဲမှာတော့ ပျော်ရွှင်နေကြသည်။ “အရှင်မင်းကြီး... ဘယ်လောက်ပဲ ရက်စက်နေပါစေ ကောင်းကင်ဘုံထက် ပိုပြီးတော့ ရက်စက်နိုင်ပါ့မလား။ အရှင်မင်းကြီးရဲ့ ပါးကို ရိုက်ချင်တာ ကျုပ်တို့ မဟုတ်ဘူး။ ကောင်းကင်ဘုံပဲ။”

အိမ်ရှေ့စံမင်းသားကလည်း တောက်ပြောင်သည့် အဝါရောင် နဂါးဝတ်ရုံကို ဝတ်ဆင်ထားခဲ့၏။ သူ၏ ဝတ်ရုံက ဘုရင်မင်းမြတ်၏ဝတ်ရုံထက် လက်သည်းတစ်ချောင်းသာ လျော့နည်း၏။ အမှန်စင်စစ် ရွှဲ့ပြည်နယ်၏ နဂါးဝတ်ရုံက တော်ဝင်ရန်အင်ပါယာ၏ ဝတ်ရုံထက် လက်သည်းတစ်ချောင်း လျော့နည်းရုံသာမက နဂါး တစ်ကောင်လည်း လျော့နည်း၏။

အိမ်ရှေ့စံမင်းသား၏ မျက်နှာထက်၌ ခံစားချက်ကင်းမဲ့နေသည် ဆိုသော်လည်း သူ၏စိတ်နှလုံးထဲမှာတော့ ပျော်ရွှင်မှုများနှင့် ပြည့်နှက်နေသည်။ သူ၏အဖေ ကောင်းကင်ဘုံ၏ အရှက်ခွဲခြင်းကို ခံနေရသည်ကို သူက ဝမ်းသာမိသည်။

အိမ်ရှေ့စံမင်းသား၏ စရိုက်က နင်ယွမ်ရှန်းနှင့် ဆင်တူသော်လည်း ပိုမို၍ ဆိုးဝါးပြီး မောက်မာ၏။ စိတ်နှလုံး၏ နက်ရှိုင်းသော တည်နေရာ၌ ဖခင်အပေါ်တွင်လည်း နှစ်မျို့ခြင်း မရှိချေ။ သူက ငယ်ရွယ်စဉ်တည်းက မိဖုရားခေါင်ကြီး၏ ပြုစုပျိုးထောင်ခြင်းကို ခံခဲ့ရပြီး မိဖုရားကြီးကျူး၏ လွှမ်းမိုးမှုကို ခံခဲ့ရ၏။

သူက မိဖုရားကြီးခေါင်ကြီးနှင့် တူညီသည့် အကျင့်စရိုက်လည်း ရှိ၏။ သူက အားလုံးသောသူတို့ကို အထင်သေးတတ်၏။ တတိယမင်းသား နင်ချီက သူ့ကို အတိုင်းအတာတစ်ခုထိ ခြိမ်းခြောက်နိုင်ခဲ့သော်လည်း ကျူးမိသားစု၊ ယင်ယွမ်အဖွဲ့အစည်းနှင့် တိုင်းပြည်အတွင်းရှိ အရပ်ဖက်အရာရှိများ၏ ထောက်ခံမှုကြောင့် သူ့ကို ဖြုတ်ချရန်၊ သူ့ဆီမှ နန်းကို လုရန် ဆိုသည်မှာတော့ ခက်ခဲလှပေမည်။

ယခင်နှစ်တလျှောက်လုံး သူနှင့် နင်ယွမ်ရှန်းတို့က ကြင်နာတတ်သောအဖေနှင့် လိမ္မာလွန်းသည့် သားအဖြစ် ဟန်ပြနေထိုင်ခဲ့ကြ၏။ သို့သော်ငြား အိမ်ရှေ့စံတစ်ယောက်အဖြစ် သူက အမှန်တရားကို သိရှိ၏။ သူ့ဖခင်၏ သရုပ်မှန်ကို သူက မြင်ခဲ့ပြီးသား ဖြစ်၏။

အထူးသဖြင့် ကျန်းလီ သေဆုံးခဲ့ပြီးနောက် သူ၏ဖခင်က သူ့အမေကို နန်းချခဲ့ပြီး ကျူးမိသားစုမှ မိန်းမကို မိဖုရားခေါင်ကြီးအဖြစ် တင်မြှောက်ခဲ့၏။ နောက်ဆုံးမှာတော့ သူ့အဖေက ကျူးမိသားစု၏ အကူအညီဖြင့် ထိုအကြပ်အတည်းမှ လွတ်မြောက်ခဲ့ရ၏။ မည်မျှ ရှက်ရွံ့စရာ ကောင်းလိုက်သနည်း။ ထိုတင်သာ မကသေးချေ သူ၏အဖေက မင်းသမီး နင်ဟန်ကို ကောင်းကင်ပင်လယ်နန်းဆောင်သို့ ပေးပို့ရန်အတွက် စိတ်လောနေခဲ့သေးသည်။ အလွန်ကြောက်တတ်သူပင်။

ခြုံငုံကာ ပြောရမည်ဆိုလျှင် အိမ်ရှေ့စံမင်းသား၏ မျက်လုံးထဲမှာတော့ ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက အပြင်ဘက်တွင် တင်းမာသည် ဆိုသော်လည်း အတွင်းစိတ်၌ အားနည်းသည့် ယောက်ျားတစ်ယောက်သာ ဖြစ်၏။ သိပ်ပြီး အရည်အချင်းမရှိသော်လည်း ဟိတ်ဟန်ထုတ်ရသည်ကို နှစ်သက်သည်။

သို့သော်ငြား အရှင်မင်းကြီးက ယခင်က သူ့ကို ကောင်းမွန်စွာ ဆက်ဆံခဲ့၏။ တတိယမင်းသား နင်ချီကို ထောက်ခံခဲ့သည် ဆိုသော်လည်း အိမ်ရှေ့စံဖြစ်သည့် သူ၏ အာဏာကို မည်သည့်အခါကမှ တုန်လှုပ်အောင် လှုပ်ခါနိုင်စွမ်း မရှိခဲ့ချေ။ အိမ်ရှေ့စံမင်းသားကလည်း လေးစားမှု ရှိပြီး နာခံလိုစိတ် အပြည့်ရှိခဲ့၏။

သို့သော်ငြား ပြီးခဲ့သည့်တစ်ကြိမ် အရှင်မင်းကြီး ဖျားနာပြီးနောက် အရာရာ ပြောင်းလဲသွားခဲ့၏။ အိမ်ရှေ့စံနှင့် တတိယမင်းသားတို့က သူတို့၏အစွယ်များကို ထုတ်ပြခဲ့ပြီး အရှင်မင်းကြီးကို တိုက်ရိုက်ဆိုသလို အမျက်ထွက်စေခဲ့သည်။

အရှင်မင်းကြီးက ကျန်ကျောင်းကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး အသုံးမကျသည့် နင်ကျန်းကို ထျန်းရွှဲ့ ကာကွယ်ရေးတပ်မှုးအဖြစ် ခန့်အပ်ခဲ့၏။ ထိုအရာက အိမ်ရှေ့စံမင်းသားကို ဒေါသထွက်စေခဲ့၏။ ထို့ကြောင့် ယင်ယွမ်အဖွဲ့အစည်းကလည်း အရှင်မင်းကြီး၏ သိက္ခာကို စော်ကားခဲ့၏။

ဤကိစ္စတွင် အိမ်ရှေ့စံမင်းသားက အပြစ်ကင်းသယောင် ရှိသော်လည်း သူက ထိုအရာအားလုံးကို သိရှိထားပြီး သဘောတူညီစွာဖြင့် ခေါင်းညိတ်ထားခဲ့ခြင်းသာ ဖြစ်၏။ အရှင်မင်းကြီးက စစ်စရိတ်ငွေကြေးများကို ချေးငှားနိုင်စွမ်း မရှိသော်လည်း အိမ်ရှေ့စံမင်းသား နင်ယီက ချေးငှားနိုင်စွမ်း ရှိ၏။ ထိုအရာက အိမ်ရှေ့စံ၏ မောက်မာမှုကို သွယ်ဝိုက်ကာ ထုတ်ဖော်ပြသခဲ့ခြင်းပင်။

သိသာထင်ရှားခြင်း မရှိသော်လည်း အိမ်ရှေ့စံနှင့် အရှင်မင်းကြီးတို့က မသိမသာနှင့် ထိပ်တိုက်တွေ့ဆုံနေသည့် အခြေအနေတွင် ရှိ၏။ အိမ်ရှေ့စံနှင့် ဘုရင်မင်းမြတ်တို့၏ကြား ပဋိပက္ခက တရုတ်သမိုင်းတွင်လည်း ရေတွက်၍ မရအောင် များပြား၏။

ယခု အရှင်မင်းကြီး၏ ကောင်းကင်ပူဇော်ပွဲတွင် သူ့ကိုပင် မေ့လျော့ထားခဲ့၏။ ဤသည်က သူ အိမ်ရှေ့စံ အတွက်တော့ ထိုးနှက်ချက် တစ်ခုသာမကချေ။ သူ၏ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်း၊ သူ၏ ဂုဏ်သိက္ခာကို နင်းချေလိုက်ခြင်းပင် ဖြစ်၏။ ထို့ကြောင့် အရာရှိများက ဤမျှ ပြင်းပြင်းထန်ထန်နှင့် တုံ့ပြန်နေကြခြင်း ဖြစ်၏။ အရပ်ဖက် အရာရှိများ ဖြစ်ပါစေ၊ စစ်ဖက် အရာရှိများ ဖြစ်ပါစေ သူတို့အားလုံးက အရှင်မင်းကြီးကို သွယ်ဝှိုက်ပြီး ပြစ်တင်ရှုတ်ချရန် အသနားခံစာများ တင်သွင်းကြသည်။

ကောင်းကင်ကြီးတစ်ခုလုံးက အုံ့မှိုင်းနေပြီး မိုးခြိမ်းသံများကလည်း ဆူညံနေ၏။ ကောင်းကင်ကြီးက အရှင်မင်းကြီးကို မနှစ်သက်ကြောင်း ထင်ရှား၏။ ဤသည်က အရှင်မင်းကြီးကို အပြစ်ပေးရန် ဖော်ပြသည့် အရာတစ်ခုကဲ့သို့ပင်။ သူ့ဖခင်၏ သနားစရာကောင်းသည့် အခြေအနေကို မြင်ရချိန်မှာတော့ အိမ်ရှေ့စံက မပျော်ရွှင်ဘဲ ဘယ်နေလိမ့်မည်နည်း။

အချိန်နီးကပ်လာပြီ ဖြစ်သောကြောင့် ထွက်ခွာရန် အချိန်ရောက်ရှိလာ၏။ သို့သော်ငြား ကောင်းကင်ယံထက်ဆီမှ မိုးတိမ်မဲကြီးများက ပိုမို၍ အုံ့ဆိုင်းလာပြီး မိုးခြိမ်းသံများက ပိုမို၍ စိပ်လာ၏။ အရာရှိများက ပျော်ရွှင်နေကြသော်လည်း သူတို့၏ မျက်နှာများထက်တော့ ဝမ်းနည်းပူဆွေးဟန်များ တည်ရှိနေကြ၏။

“ကျုပ်တို့ ဘာလုပ်ကြမလဲ။ ဝန်ကြီးချုပ်ကျူး... ခင်ဗျား အရှင်မင်းကြီးနဲ့ စကားပြောပြီး ရက်ရွှေ့ဖို့ မလျှောက်တင်ဘူးလား။”

ကျူးဟုန်ကျူးက မကြားချင်ယောင် ဆောင်ထား၏။ ရက်စွဲပြောင်းလိုက်သည်နှင့် တပြိုင်နက် အမိန့်တော်ကို ပြန်လည်ရုပ်သိမ်းရပေလိမ့်မည်။ နင်ကျန်းကို ကောင်းကင်ပူဇော်ပွဲအတွက် ပူဇော်လွှာရွတ်ဆိုရန် ခွင့်ပြု၍ မဖြစ်နိုင်တော့ချေ။ ထိုသို့ဆိုလျှင် အရှင်မင်းကြီး၏ ယခင်အမိန့်က ဘာမှမဟုတ်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

ဦးရီးတော်နင်ချီကလည်း မကြားချင်ယောင်ဆောင်ထား၏။

ရုတ်တရက် ဆဋ္ဌမမင်းသား နင်ကျင်းက ပြောလိုက်သည်။ “ဒီအတိုင်း စောင့်နေလို့တော့ အဖြေမှ ထွက်မှာ မဟုတ်ဘူး။ ပဉ္စမအစ်ကို ဒါတွေအားလုံး အစ်ကို့ကြောင့် ဖြစ်ရတာပဲ။ ခမည်းတော်နဲ့ သွားပြီး စကားပြောကြည့်ပါလား။”

ဤစကားက ရင်ဘတ်ကို ဓားနှင့် ထိုးလိုက်သကဲ့သို့ပင်။ နင်ကျန်းကြောင့် ဖြစ်ရသည်ဟု ပြောရလောက်အောင် ဘာကို ဆိုလိုချင်နေရသနည်း။ မိုးတိမ်မဲများနှင့် မိုးခြိမ်းသံများက နင်ကျန်းကြောင့် ဖြစ်သယောင်ပင် ညွှန်းဆိုနေသည်။

တတိယမင်းသား နင်ချီကမူ သူနှင့် မသက်ဆိုင်သကဲ့သို့ပင် နေ၏။ သူက သံချပ်ကာ ဝတ်စုံကို ဝတ်ဆင်ထားပြီး ရေခဲတုံးတစ်ခုကဲ့သို့ပင် အေးစက်စက်နှင့် မတ်မတ်ရပ်နေ၏။ သူက ယနေ့ ကောင်းကင်ပူဇော်ပွဲ အခမ်းအနားတွင် အဆင့်မြင့်သော စစ်ဖက်ဆိုင်ရာတပ်မှူးဖြစ်ပြီး အခမ်းအနား၏ စည်းကမ်းသေဝပ်မှုကို ထိန်းကျောင်းရမည့်သူ ဖြစ်၏။

ဆဋ္ဌမမင်းသား နင်ကျင်း စကားပြောသည်နှင့် လူတိုင်းက သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။ “ဟုတ်တယ်။ ဟုတ်တယ်။ ပဉ္စမမင်းသား.. ကျေးဇူးပြုပြီး အရှင်မင်းကြီးနဲ့ စကားပြောပါ။ လတ်တလော အရှင်မင်းကြီးက မင်းသားကို အထင်ကြီးနေတာ။ အရှင်မင်းကြီးက မင်းသားရဲ့ စကားကို နားထောင်ပါလိမ့်မယ်။”

ဤသည်က နင်ကျန်း အရာရှိဝတ်စုံကို ဝတ်ဆင်ရင်း ညီလာခံသို့ ပထမဦးဆုံး တက်ရောက်ခြင်း ဖြစ်၏။ အရာရှိများ၏ မျက်လုံးထဲတွင်တော့ သူ၏ အသွင်အပြင်က အလွန်ကိုထင်ရှားလျက် ရှိနေ၏။ သို့သော်ငြား ဤလူက ညီလာခံတက်ရောက်ရန် လိုအပ်သည့် လူမဟုတ်ဟု အားလုံးက သိရှိပြီး ဖြစ်၏။

‘အရင်တုန်းတည်းက ထောင့်တစ်ခုမှာ ပုန်းနေတာပဲ။ ဘာလို့ ဆက်ပြီး ပုန်းမနေရတာလဲ။ လူတွေရှေ့ကို ဘာကိစ္စ လာတာလဲ။’

အရာရှိအားလုံးက နင်ကျန်းကို ဝိုင်းရံထား၏။ အရှင်မင်းကြီးထံ သွားရောက်၍ ကောင်းကင်ပူဇော်ပွဲကို ရွှေ့ဆိုင်းရန် တောင်းဆိုလျက် ရှိနေ၏။ အရာအားလုံးက နင်ကျန်း၏ အပြစ်ကဲ့သို့ပင် ပြောဆိုနေ၏။ နင်ကျန်း၏ မျက်နှာက အစပိုင်းတွင် နီရဲပြီး ဘာလုပ်ရမှန်း မသိသော်လည်း တဖြည်းဖြည်း တည်ငြိမ်လာခဲ့၏။

“တော်ကြစမ်း။” ရုတ်တရက် တော်ဝင်ဦးရီးတော် နင်ချီက ဒေါသတကြီးနှင့် အော်ဟစ်လိုက်၏။ သူက ကိုယ့်ကျင့်တရား ကောင်းမွန်ပြီး ဂုဏ်သိက္ခာရှိသူ တစ်ယောက် ဖြစ်၏။ သူ၏ စိတ်ထဲတွင် နင်ကျန်းကို အထင်သေးပြီး ရှမ့်လန်ကိုလည်း မနှစ်သက်ချေ။ သို့သော်ငြား အရှင်မင်းကြီးနှင့် နင်ကျန်းအပေါ် အရာရှိများ အနိုင်ကျင့် ဖိအားပေးနေသည်ကို သူ သည်းမခံနိုင်တော့ချေ။

“အရာရှိတွေ ကိုယ့်တာဝန် ကိုယ်သတိရကြစမ်း။”

ဦးရီးတော် နင်ချီက လှမ်းကာ ပြောလိုက်၏။ “ဝန်ကြီးချုပ်ကျူး၊ ကျုံးရှု ခင်ဗျားတို့လူတွေကို ခင်ဗျားတို့ ထိန်းသိမ်းကြပါ။”

ဤစကားသံ၏ လေယူလေသိမ်းက တကယ့်ကို လေးနက်လှ၏။ ဝန်ကြီးချုပ် ကျူးဟုန်ကျူးအား ဤမျှ ရိုင်းစိုင်းစွာ ပြောဆိုနေခြင်းမှာ ပထမဦးဆုံး အကြိမ်ပင် ဖြစ်ကောင်းဖြစ်နိုင်၏။ ပြီးနောက် ဦးရီးတော် နင်ချီက ခန်းမထဲမှ ထွက်ခွာသွားခဲ့ပြီး မိဖုရားဆောင်ဘက်သို့ ဦးတည်၏။

..........

“အရှင်မင်းကြီး... ကျုပ်တို့ ရက်ရွှေ့လိုက်ရင် မကောင်းဘူးလား။”

ဦးရီးတော် နင်ချီက လျှောက်တင်သည်။ “ဒီနေ့ နေသာပုံလည်း မပေါ်ဘူး။ မိုးခြိမ်းသံတွေကလည်း ပိုပြီး ကြမ်းလာပြီ။ မိုးတိမ်မဲတွေကလည်း ပိုပြီး များလာခဲ့ပြီ။”

နင်ယွမ်ရှန်းက အေးစက်စက် ပြောလိုက်၏။ “ဦးရီးတော်... ဦးရီးတော်လည်း ကျုပ်ကို လာပြီး အပြစ်တင် နေတာလား။”

ဦးရီးတော် နင်ချီက ဒူးထောက်ကာ ပြောလိုက်သည်။ “ကျုပ် မဝံ့ရဲပါဘူး။”

နင်ယွမ်ရှန်းက ပြောလိုက်၏။ “ဦးရီးတော်... လတ်တလော ညီလာခံမှာ ဘာတွေ ဖြစ်နေတယ် ဆိုတာကို ကျုပ် ရှင်းရှင်းလင်းလင်း မြင်ပြီးသားပါ။ အိမ်ရှေ့စံနင်ယီမှာ သားသမီး ကျင့်ဝတ်ရော ကျေပွန်ရဲ့လား။ သားသမီး ကျင့်ဝတ်ဆိုတာကို ရှိရဲ့လား။ သူ ကျုပ်ကို ကူညီချင်စိတ်ရော ရှိရဲ့လား။ ဥပမာ ယင်ယွမ်အဖွဲ့အစည်းနဲ့ ငွေချေးတဲ့ ကိစ္စနဲ့ အရာရှိတွေ ကျုပ်ကို ဒုက္ခပေးနေတဲ့ ကိစ္စရပ်တွေပေါ့။ ကျုပ်က သူ့ရဲ့ဘုရင်တင် မကဘူး၊ သူ့ရဲ့ အဖေလည်း ဖြစ်တယ်။ သူ့ကို ရိုက်နှက်ဆုံးမရင် ဘာဖြစ်မလဲ။ သာမန်သားတစ်ယောက်တောင် သူ့ဖခင်ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ပေးရကောင်းမှန်း သိတယ်။ သူကရော ....။”

ဦးရီးတော် နင်ချီက ပြန်လျှောက်သည်။ “အရှင်မင်းကြီးက ဘုရင်ဖြစ်သလို အိမ်ရှေ့စံကလည်း မင်းသားပါပဲ။ သူကလည်း သူ့ရဲ့ အာဏာကို ကာကွယ်ရမှာပဲ။ သူက သူ့ရဲ့နောက်လိုက် အရာရှိတွေအတွက် စံပြဖြစ်အောင် နေရလိမ့်မယ်။ အကယ်၍ သူကသာ လက်ရှိအခြေအနေမှာ အလျှော့ပေးလိုက်မယ်ဆိုရင် အရာရှိတွေရဲ့ သစ္စာစောင့်သိမှုကို မျက်ကွယ်ပြုသလို ဖြစ်နေမှာပေါ့”

“ဟား ဟား ဟား ဟား။”

နင်ယွမ်ရှန်းက ဒေါသတကြီးနှင့် ရယ်မောလိုက်၏။ “ဒါပဲလေ။ ဒါပဲ။ သူ့စိတ်နှလုံးသားထဲမှာ အရာရှိတွေက ကျုပ်ထက် ပိုပြီး အရေးကြီးနေတာပဲ။ အိမ်ရှေ့စံက ကျုပ်ရဲ့ရှေ့မှာ လက်အောက်ငယ်သား တစ်ယောက် ဖြစ်ပြီး အရာရှိတွေရှေ့မှာတော့ ဘုရင်တစ်ပါး ဖြစ်နေတယ်။ ကဲ ပြောစမ်း၊ သူက လက်အောက်ငယ်သား တာဝန်ကို အရင်ကျေပွန်အောင် လုပ်သင့်သလား။ ဘုရင်တာဝန်ကို အရင် ကျေပွန်အောင် လုပ်သင့်သလား။”

ဦးရီးတော်နင်ချီက ချက်ချင်းပဲ ဆွံ့အသွားခဲ့၏။ တကယ်တမ်း ပြောရမည်ဆိုလျှင် အိမ်ရှေ့စံက လက်အောက်ငယ်သား တာဝန်ကို ဦးစွာ ကျေပွန်အောင် ထမ်းဆောင်သင့်သည်။

နင်ယွမ်ရှန်းက ပြောလိုက်၏။ “အိမ်ရှေ့စံကို အရပ်ဖက်အရာရှိတစ်စုက ထောက်ခံပေးထားတယ်။ သူက ငယ်စဉ်တည်းက ပညာရှိကျမ်းစာတွေ အများကြီးကို ဖတ်ရှုခဲ့ပြီးတော့ သစ္စာရှိတယ်။ ရိုသေတတ်တယ်။ ကြင်နာတတ်တယ်လို့ အမြဲပြောတယ်။ ဒါပေမဲ့ ရလဒ်က ဘာလဲ။ သူ သစ္စာရှိပြီး ရိုသေတယ်ဆိုတာ တကယ်ရော ဟုတ်ရဲ့လား။ သူ ဖတ်ခဲ့တဲ့စာအုပ်တွေထဲက စာတွေက ခွေးဗိုက်ထဲကို ရောက်ကုန်တာလား။ ပညာရှိဆိုတဲ့ လူတွေက သူတို့ရဲ့အကျိုးတရားဆိုရင် သစ္စာတရား၊ ရိုသေမှု၊ ကြင်နာမှုအကြောင်းကို အပေါ်ယံက ပြောပြီး၊ အကျိုးအမြတ် မရှိဘူးဆိုရင် မသိချင်ယောင် ဆောင်နေကြတာပဲ။”

အပိုင်း (၅၇၆)

ဦးရီးတော် နင်ချီက နောက်ထပ် ဆွံ့အသွားခဲ့၏။ သူက ဖြောင့်မတ်တည်ကြည်သော စိတ်ထားရှိသည့် လူကောင်း တစ်ယောက် ဖြစ်သော်လည်း သူ၏ အရည်အချင်းက ပျမ်းမျှသာ ဖြစ်၏။ အချိန်အတော် ကြာပြီးနောက် နင်ချီက ပြောလိုက်၏။ “အရှင်မင်းကြီး... အိမ်ရှေ့စံဆိုတာ တိုင်းပြည်ရဲ့ အုတ်မြစ်ပါ။ သူ့ကို လွယ်လွယ်ကူကူနဲ့ လှုပ်ခါစေလို့ မရဘူး။”

နင်ယွမ်ရှန်းက ပြောလိုက်သည်။ “ဦးရီးတော်... ဦးရီးတော်ရဲ့ ဒီစကားက နားလည်မှု လွဲနေပြီ။ အိမ်ရှေ့စံက တိုင်းပြည်ရဲ့ အုတ်မြစ်ဆိုတာ မှန်တယ်။ ဒါပေမဲ့ အဲဒီစကားရဲ့ အဓိပ္ပာယ်က အိမ်ရှေ့စံဆိုတဲ့ ရာထူးက တိုင်းပြည်ရဲ့ အုတ်မြစ်ဖြစ်ပြီးတော့ အဲဒီနေရာကို တည်ငြိမ်အောင် ထိန်းသိမ်းရမယ်လို့ ဆိုလိုတာ။ လူပုဂ္ဂိုလ်ကို ပြောချင်တာ မဟုတ်ဘူး။ အိမ်ရှေ့စံရာထူးဆိုတာ တိုင်းပြည်ရဲ့ အုတ်မြစ်ဖြစ်တဲ့အတွက် ကိုယ်ကျင့်တရား ကောင်းမွန်ပြီး အရည်အချင်းရှိတဲ့ လူတွေသာ အဲဒီနေရာကို ရယူနိုင်တယ်။ ကိုယ်ကျင့်တရားက ပထမပဲ”

အချိန်ကြာမြင့်စွာ စဉ်းစားပြီးနောက် ဦးရီးတော် နင်ချီက ပြောလိုက်၏။ “အခုအချိန်က အဖြစ်အပျက်တွေ များတဲ့ အချိန်မို့လို့ နန်းတွင်းကို အနှောင့်အယှက် မဖြစ်စေချင်ဘူး။ ဒါကြောင့် အိမ်ရှေ့စံရဲ့ အာဏာကို ထိန်းသိမ်းထားတာ ပိုပြီး ကောင်းပါလိမ့်မယ်။”

နင်ယွမ်ရှန်းက သက်ပြင်းချလိုက်၏။ ဦးရီးတော် နင်ချီ၏ စကားကလည်း မှန်ကန်၏။ တိုင်းပြည်ပျက်စီးနိုင်သည့် စစ်ပွဲကြီးက နီးကပ်လာခဲ့ပြီ ဖြစ်သောကြောင့် နန်းတွင်းကို တည်ငြိမ်အောင် ထိန်းချုပ်ထားသင့်၏။ ထို့ကြောင့် သူက အိမ်ရှေ့စံကို သတိပေးချက် အနည်းငယ် ပေးလိုခြင်းသာဖြစ်ပြီး အိမ်ရှေ့စံကို လဲလှယ်ရန် ရည်ရွယ်ချက်ဟူ၍ မရှိပေ။

သို့သော်ငြား အိမ်ရှေ့စံ၏ ဘက်တော်သားများက ဤမျှ ပြင်းထန်စွာ တုံ့ပြန်နေကြလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။ သူတို့က ဒီရေအလားပင် နင်ယွမ်ရှန်းဆီသို့ ဝင်တိုးလျက် ရှိ၏။ တကယ့်ကို ပြည်သူ့ရန်သူစစ်စစ်များပင် ဖြစ်၏။ သူက အိမ်ရှေ့စံကို ထိလို့ပင် မရဘူးလား။ ထို့အပြင် အိမ်ရှေ့စံက သူ့ရဲ့သား မဟုတ်ပေဘူးလား။

ဦးရီးတော် နင်ချီက ဆက်ပြော၏။ “ဒီနေ့ ကောင်းကင်ပူဇော်ပွဲ ရက်ကို ပြောင်းလဲလိုက်ကြရအောင်။ အရာရှိတွေ ဘာကိုလိုချင်တယ်ဆိုတာ ကျုပ်သိပါတယ်။ သူတို့က အရှင်မင်းကြီးကို အရှုံးပေးစေချင်ပြီး အရင်အမိန့်ကို ပြန်ပြီးတော့ ရုပ်သိမ်းစေချင်တာ။ ဒါပေမဲ့ အရှင်မင်းကြီးက သူတို့ကို လျစ်လျှုရှုထားလို့ ရတယ်။ ကောင်းကင် ပူဇော်ပွဲကို ရက်ပြောင်းလိုက်ရုံပဲ။ ကျန်တာကိုတော့ ကျုပ်နဲ့ ဝန်ကြီးချုပ်ကျူးတို့ ဆွေးနွေးလိုက်ပါ့မယ်။”

ဤစကားက နင်ယွမ်ရှန်း၏ နှလုံးသားကို ဓားနှင့် ထိုးစိုက်လိုက်သကဲ့သို့ပင်။ သူက ကျင်းမူကုန်းအတွက် အောင်သွယ်တော်လုပ်ပေးခဲ့၏။ ထိုအရာက ကျူးမိသားစု၏အာဏာ ထာဝရ တည်မြဲနေသည်ဟူသည့် အချက်ပြမှု တစ်ခုလည်း ဖြစ်၏။

အိမ်ရှေ့စံ နင်ယီ ထီးနန်းရသည် ဖြစ်စေ၊ မရသည်ဖြစ်စေ၊ ကျူးမိသားစုက ပြိုလဲသွားလိမ့်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ကျင်းမူကုန်းက နင်ကျန်း၏ဆွေမျိုးဖြစ်သောကြောင့် ကျူးမိသားစုနှင့် လက်ထပ်ပွဲကို သဘောတူရန်မလိုဘဲ စေတနာပြရုံလောက်နှင့်သာ လုံလောက်သည်။

ယခု ချိန်းတွေ့ခြင်း ဆိုသည်ကလည်း လူနှစ်ဦး၏ လက်ထပ်ပွဲ မဟုတ်ဘဲ နိုင်ငံရေး စမ်းသပ်မှု တစ်ခုသာ ဖြစ်၏။ နောက်ဆုံးမှာတော့ ကျူးမိသားစုက အလုံးစုံ တန်ဖိုးမထားခဲ့ချေ။ ကျင်းမူကုန်းက ကျူးနင်နှင့် မိတ်ဆက်ပွဲတွင် မေးခွန်းသုံးခုကို ဖြေဆိုအောင်မြင်ခဲ့သည် ဆိုသော်လည်း ငြင်းပယ်ခြင်းကို ခံရ၏။ ဆက်ဆံရေး တည်ဆောက်ရန်ပင် မကြိုးစားနိုင်ခဲ့ချေ။

တိုက်ခိုက်မှု ရှိလာလျှင် ကျူးဟုန်ကျူးက ထွက်လာပြီး နင်ယွမ်ရှန်းကို လေဒဏ်မိုးဒဏ်မှ ကာကွယ်ပေးလေ့ရှိ၏။ သို့သော်ငြား ယခုအချိန်တွင်တော့ ဘေးမှရပ်ကာ ကြည့်ရှုနေ၏။ အရှင်မင်းကြီး နင်ယွမ်ရှန်းကို မိုးဒဏ်လေဒဏ်များ သင့်စေခဲ့၏။ ဝန်ကြီးချုပ် ဘာလုပ်ခဲ့သနည်း။

ဝန်ကြီးချုပ် ဆိုသည်က ဘုရင်မင်းမြတ်၏ လက်ထောက် ဖြစ်ပြီး ဘုရင်မင်းမြတ်နှင့် အရာရှိတို့၏ကြား ကြားခ ံတည်နေရာ ဖြစ်၏။ ဝန်ကြီးချုပ်က ထွက်မလာလျှင် ဘုရင်က အရာရှိများနှင့် တိုက်ခိုက်ရမည်လား။ သို့ပေမည့် နင်ယွမ်ရှန်းက ထိုသို့ မလုပ်နိုင်ပေ။ ဘိုးဘေးများ ထားရစ်ခဲ့သည့် တိုင်းပြည်က ဤကဲ့သို့ နှိပ်စက်မှုမျိုးကို ခံနိုင်ရည် မရှိတော့သလို သူ့၌လည်း အချိန် သိပ်မကျန်တော့ပေ။

သို့သော်ငြား ယနေ့ အခြေအနေက မည်သို့ ဖြစ်သနည်း။ ကောင်းကင်ယံတွင် မိုးတိမ်မဲများ ဖုံးလွှမ်းလျက် ရှိနေပြီး မိုးကြိုးများကလည်း တဝုန်းဝုန်းနှင့် ပစ်ချနေ၏။ ကောင်းကင်ပူဇော်ပွဲကို ဆက်လုပ်ရမည်လား။ အကယ်၍ ဆက်လုပ်ပြီး မိုးရွာသွန်းချသည် ဆိုပါက တကယ်ကို ကြေကွဲစရာ ဖြစ်ပေလိမ့်မည်။ အခြေအနေက လုံးဝ ဆိုးဝါးသွားပေလိမ့်မည်။

ထိုအချိန်သို့ရောက်လျှင် စစ်သည်များ၏ စိတ်ဓာတ်ခွန်အားကို ပြန်လည်တွန်းတင်ရန်အတွက် သူ ဘုရင်မင်းမြတ် က မိမိကိုယ်ကို အပြစ်ပေးသည့် အမိန့်ပြန်တမ်းတစ်ခုကို ထုတ်ပြန်ရပေတော့မည်။

ဆက်မလုပ်ပေဘူးလား။ ကောင်းကင်ပူဇော်ပွဲကို ရက်ပြောင်းလိုက်ရမည်လား။ ထိုသို့ဆိုလျှင် သူ နင်ယွမ်ရှန်းက အလျှော့ပေးပြီး အရှုံးကို ဝန်ခံလိုက်ရာလည်း ရောက်၏။ အရာရှိများက သူ၏ အားနည်းချက်ကို အခွင့်ကောင်း ယူပြီး တစ်တောင်ရလျှင် တစ်လံလောက် လိုချင်ကြ၏။ အလျှော့ပေးလိုက်ပါက အရာအားလုံး အဆင်ပြေသွားမည် မဟုတ်ပေ။ နိုင်ငံရေး တိုက်ပွဲဆိုသည်မှာ အလျှော့ပေးလိုက်သည်နှင့် တပြိုင်နက် ဗိုက်ကို ရန်သူ့ရှေ့သို့ ဖွင့်ဟပေးလိုက်သကဲ့သို့ ရန်သူက ကိုယ့်ကို ဓားနှင့် ထိုးပေးလိမ့်မည်။

“နင်ကျန်းကို ခေါ်ခဲ့၊ ပြီးတော့ ရှမ့်လန်ကိုပါ လာခိုင်းလိုက်။”

ခဏအကြာမှာတော့ နင်ကျန်းနှင့် ရှမ့်လန်တို့ ဝင်လာခဲ့၏။ နင်ကျန်းက ဘာမှ မပြောဘဲ တန်းပြီး ဒူးထောက်၏။ သူ၏ဖခင် ဤကဲ့သို့သော အခြေအနေသို့ ရောက်ရှိနေခြင်းမှာ သူ့ကြောင့်ဟု တွေးထားခဲ့ပြီး အပြစ်ရှိသလိုလည်း ခံစားနေ၏။

အမှန်စင်စစ် ဤကိစ္စများက နင်ကျန်းနှင့် ဘာမှမဆိုင်ချေ။ ဤတိုက်ပွဲသည် အိမ်ရှေ့စံမင်းသားနှင့် တတိယ မင်းသားတို့ကြောင့် ဖြစ်ရခြင်း ဖြစ်၏။ အရှင်မင်းကြီး ဖျားနာနေစဉ်မှာပင် ထိုနှစ်ဦးက အချင်းချင်း တိုက်ခိုက်ခဲ့ကြပြီး ရောဂါဝေဒနာ ခံစားနေရသည့် နင်ယွမ်ရှန်းကို လျစ်လျူရှုထား၏။ ဘုရင်မင်းမြတ်၏ ဂုဏ်သိက္ခာကို မလေးမစား ပြုခဲ့သည်။

နင်ယွမ်ရှန်းက မေးမြန်းလိုက်၏။ “ရှမ့်လန်... ငါ မင်းကို ယုံတယ်။ ဒီနေ့ ရာသီဥတုသာယာ လာမယ်လို့ မင်း ထင်လား။ မိုးရွာအုံးမှာလား”

ဘေးတစ်ဖက်ရှိ ဦးရီးတော် နင်ချီက အေးစက်စက် ပြောလိုက်၏။ “ရှမ့်လန်.. မင်းရဲ့ စကားတွေကို သတိထားပြီး ပြောပါ။ အရှင်မင်းကြီးကို ပြဿနာ မတက်စေနဲ့။”

ဦးရီးတော်နင်ချီ၏ အမြင်တွင် ယနေ့ ဘုရင်မင်းမြတ်နင်ယွမ်ရှန်း ဒုက္ခရောက် ၊ အကြပ်ရိုက်နေခြင်းက ရှမ့်လန်ကြောင့်ဟု မြင်၏။ ဦးရီးတော်နင်ချီ၏ စိတ်ထားကို မြင်နေရသောကြောင့် နင်ယွမ်ရှန်းက ဘာမှမပြောတော့ပေ။

ရှမ့်လန်က ခဏလောက် စဉ်းစားပြီးနောက် လျှောက်တင်လိုက်၏။ “အရှင်မင်းကြီး.. ကျုပ် မသိပါဘူး။ ကျုပ် သေချာ မသိပါဘူး။”

ရှမ့်လန် သေချာ မသိနိုင်ချေ။ သူက တန်ခိုးရှင် မဟုတ်ပေ။ ထို့ကြောင့် သူက ဒီနေ့ မိုးရွာမရွာ သေချာ မသိနိုင်ပေ။

အရှင်မင်းကြီး နင်ယွမ်ရှန်းက မျက်လုံးများကို မှိတ်ပြီး တုံ့ဆိုင်းနေ၏။ အဘယ်ကြောင့်ဆိုသော် သူ ချမှတ်မည့် ဆုံးဖြတ်ချက်က တကယ် အရေးကြီးနေသောကြောင့်ပင်။

ကောင်းကင်ပူဇော်ပွဲ ဆက်လက် ကျင်းပမည်ဟု ကြေညာလိုက်ပြီး မိုးသည်းထန်စွာ ရွာသွန်းချလာပါက အခမ်းအနားက ပျက်စီးသွားလိမ့်မည်။ ထိုသို့ဆိုလျှင် သူ နင်ယွမ်ရှန်းက ကောင်းကင်ဘုံကို စော်ကားမိသောကြောင့် မိမိကိုယ်ကို အပြစ်ပေးသည့် အမိန့်တော် ပြန်တမ်းတစ်ခုကို ထုတ်ပြန်ရပေတော့မည်။ ထိုအရာက သူ ... ဘုရင်မင်းမြတ်၏ ဂုဏ်သိက္ခာကို ကြီးမားသည့် ထိုးနှက်ချက်တစ်ခု ဖြစ်လာပေလိမ့်မည်။

ကောင်းကင်ပူဇော်ပွဲကို ရွှေ့ဆိုင်းလိုက်သည်ဟု ကြေညာပါက ဤတိုက်ပွဲတွင် အရှင်မင်းကြီး အရှုံးပေးလိုက်သည်ဟု ဆိုလိုရာ ရောက်၏။ အံကိုကြိတ်ပြီးနောက် ဘုရင်မင်းမြတ်က အမိန့်တော် ပြန်တမ်းကို ထုတ်ဝေ၏။ “ကောင်းကင်ပူဇော်ပွဲ အခမ်းအနားကို ဆက်ပြီး ကျင်းပမယ်”

အဆိုးဆုံးအနေနှင့် သူ့ကိုသူ အပြစ်ပေးသည့် အမိန့်ပြန်တမ်းတစ်ခု ထုတ်လိုက်ရုံသာ ရှိတော့သည်။

ဘုရင်မင်းမြတ်၏ အမိန့်တော် ထွက်ပေါ်လာ၏။ အရာရှိအားလုံးက တုန်လှုပ်သွားခဲ့ကြ၏။ ပြီးနောက် သူတို့က ရုတ်တရက် နာခံလိုက်ကြ၏။ အားလုံးသော သူတို့၏ စိတ်ထဲတွင်တော့ မိုးသည်းထန်စွာ ရွာသွန်းပါစေဟု တောင်းဆုပြုနေကြ၏။ ထိုသို့ ဖြစ်လာပါက ကောင်းကင်ပူဇော်ပွဲ ပျက်စီးပြီး အရှင်မင်းကြီး နင်ယွမ်ရှန်း၏ ဂုဏ်သိက္ခာက ကျဆင်းမည်။

“ကဲ နန်းတော်ထဲက ထွက်ကြမယ်။” မိန်းမစိုးကြီး လီစွမ်း၏ အမိန့်ပေးသံနှင့်အတူ ထောင်ပေါင်းများစွာသော အခမ်းအနား စီစဉ်သူများက နန်းတော်မှ ထွက်ခွာပြီး ရွှမ်ဝူလမ်းအတိုင်း တောင်ဘက်ဆီသို့ ဦးတည်ကာဖြင့် ရှေးပူဇော်ပွဲ စင်မြင့်ဆီသို့ ချီတက်သွားခဲ့ကြ၏။

မြောက်များစွာသော ကပြဖျော်ဖြေသူများက ဝတ်စုံအမျိုးမျိုးကို ဝတ်ဆင်ထားကြ၏။ ဂီတပညာရှင်ပေါင်း များစွာတို့ကလည်း ဂီတတူရိယာများကို သယ်ဆောင်လာခဲ့ကြ၏။ အရပ်ဖက်နှင့် စစ်ဖက် အရာရှိများက အထူးဝတ်စုံများကို ဝတ်ဆင်ပြီး နောက်မှ လိုက်ပါလာခဲ့သည်။

နန်းကုန်းအိုက စစ်သည် တစ်သောင်းကို ဦးဆောင်ပြီး နင်ချီက စစ်သည် တစ်သောင်းကို ဦးဆောင်၏။ ရှေ့မှ တစ်ဖွဲ့၊ နောက်မှ တစ်ဖွဲ့ ဘုရင်မင်းမြတ်ကို ကာကွယ်စောင့်ရှောက်ပြီး ကောင်းကင်ပူဇော်ပွဲ အခမ်းအနားဆီသို့ လိုက်ပါ၏။

ရှေးကောင်းကင်ပူဇော်ခြင်း စင်မြင့်က နန်းမြို့တော်၏ အရှေ့တောင်ထောင့်တွင် တည်ရှိပြီး နန်းတော်နှင့် ကိုးမိုင်ခန့် ဝေး၏။ ကောင်းကင်ပူဇော်ပွဲ အခမ်းအနားအတွက် ကြီးမားသည့် စက်ဝိုင်းပုံသဏ္ဍာန် စင်မြင့်ကြီး တစ်ခု ရှိ၏။ ထိုအရာက ရှေးဘုရင်မင်းမြတ်သုံးပါးနှင့် ဧကရာဇ် ငါးပါးတို့ကို ပူဇော်ရန် နေရာပင်။

တစ်နာရီတိတိ လမ်းလျှောက်ပြီး နောက်ဆုံးမှာတော့ ကိုးမိုင်ခရီးကို ရောက်ရှိ၏။ ပူဇော်ခြင်း အခမ်းအနားက ရိုးသားမှု၊ လေးစားမှုလိုအပ်သောကြောင့် အရှင်မင်းကြီးပင်လျှင် လမ်းလျှောက်ရ၏။ စီတန်းလှည့်လည်မှု တစ်ခုလုံးက ခမ်းနားပြီး လေးနက်ကြီးကျယ်၏။

မည်သည့်အခါကမှ ဆုတောင်းခြင်းမရှိသော်လည်း နင်ယွမ်ရှန်းက မိမိ၏ စိတ်ထဲတွင် ဆုမတောင်းဘဲ မနေနိုင်တော့ချေ။

“ကောင်းကင်ဘုံက လှပတယ်။ ကောင်းကင်ဘုံက နတ်သားတွေ.. ကောင်းချီးပေးပါ။ ရာသီဥတု သာယာပါစေ။”

သို့သော်ငြား လမ်းတစ်လျှောက်တွင် ကောင်းကင်ကြီးက ကြည်လင်မလာဘဲ မိုးတိမ်မဲများက နိမ့်ဆင်းသထက် နိမ့်ဆင်းလာ၏။ မနက်ခင်း ရောက်ရှိနေပြီ ဖြစ်သောကြောင့် ကောင်းကင်က လင်းလာသင့်သော်လည်း ပိုမို၍ မှောင်မိုက်လာ၏။ မိုးခြိမ်းသံများကလည်း တဝုန်းဝုန်းနှင့် ဖြစ်လာ၏။ ကောင်းကင်ကြီးက တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်းနေ၏။

အရာရှိများ အားလုံးက တိတ်ဆိတ်ငြိမ်သက်နေ၏။ သို့သော်ငြား ရွှမ်ဝူလမ်းအတိုင်း လှမ်းလျှောက်လာတော့ ထိုနေရာတွင် ရှိနေသည့် လူများ၏ တီးတိုးပြောဆိုနေသံများကို ကြားနေရသည်။

“ဒါ ကောင်းကင်ရဲ့ အမျက်ဒေါသပဲ။ သေချာပေါက် နိမိတ်ဆိုးပဲ ဖြစ်ရမယ်။”

အရှင်မင်းကြီး၏ စိတ်နှလုံးက ပိုမို၍ မှောင်မိုက်လာခဲ့၏။ နောက်ဆုံးမှာတော့ သူက ရာသီဥတု သာယာရန် မျှော်လင့်ရဲမနေတော့ချေ။ မိုးမရွာသွန်းပါစေနှင့်ဟုသာ မျှော်လင့်မိ၏။

ကောင်းကင်ကြီးက အုံ့မှိုင်းနေပြီး မိုးခြိမ်းသံများကလည်း ထွက်ပေါ်နေတုန်းပင်။

............

ရှေးဟောင်း ပူဇော်ပွဲ စင်မြင့်မှာတော့ လူတိုင်းက သတ်မှတ်ထားသည့် နေရာများတွင် တည်ငြိမ်စွာ ရပ်လျက်ရှိ၏။ ခေါင်းလောင်းသံက ရပ်တန့်သွား၏။ ဗုံသံများ စတင်ထွက်ပေါ်လာ၏။

ကောင်းကင်ပူဇော်ပွဲ အခမ်းအနားကို တရားဝင် စတင်၏။ အသက်ကြီးပိုင်းလည်းဖြစ်၊ ကောင်းကင်ပူဇော်ပွဲ၏ ပရောဟိတ်တစ်ဦးလည်းဖြစ်သူ ဦးရီးတော်နင်ယုက အခမ်းအနားတစ်ခုလုံးကို ကြီးမှူးကျင်းပသည်။

ပထမအဆင့်ဘုရင်မင်းမြတ်ကို ကြိုဆိုခြင်း ဖြစ်၏။ အရှင်မင်းကြီးက ဘယ်ဘက်လှေကားမှတဆင့် ပူဇော်ပွဲ စင်မြင့်ပေါ်သို့ ဝင်ရောက်လာကာ အလယ်စင်မြင့်သို့ သွားပြီး မီးဖိုပေါ်တွင် အမွှေးတိုင် ထွန်းညှိရမည်။

အရှင်မင်းကြီးက အပေါ်ဆုံးအဆင့်ဆီသို့ တက်သွားပြီး ဧကရာဇ်များ၏ ပလ္လင်ရှေ့တွင် ဒူးထောက်ကာ အမွှေးတိုင်များကို ထွန်းညှိပူဇော်၏။ ပြီးနောက် ဘိုးဘေးပလ္လင်များသို့ သွားရောက်ကာ အမွှေးတိုင် ထွန်းညှိ ဦးခိုက်၏။ ပြီးနောက်နေရာဆီသို့ ပြန်လာပြီး နတ်ဘုရားများအား သုံးကြိမ်တိုင်တိုင် ဒူးထောက်ပြီး ကိုးကြိမ်တိုင်တိုင် ဦးတိုက်ရ၏။

ဒုတိယအဆင့်မှာတော့ ကျောက်စိမ်းနှင့် ပိုးထည်များ ဆက်သခြင်း ဖြစ်၏။ ဘုရင်မင်းမြတ်က မူလပလ္လင်ဆီသို့ သွားရောက်ပြီး ကျောက်စိမ်းနှင့် ပိုးထည်များကို ဆက်သ၏။ ပြီးနောက် ကောင်းကင် တေးသံနှင့် ပူဇော်သည်။

တတိယအဆင့်ကတော့ ယစ်ကောင် ဆက်သခြင်းပင် ဖြစ်၏။ ဘုရင်မင်းမြတ်က ပင်မ နတ်ပလ္လင်ဆီသို့ သွားရောက်ပြီး ယစ်ကောင်များကို တင်ပြီး မိမိ၏နေရာဆီသို့ ပြန်လာခဲ့၏။ သောင်းနှင့်ချီသည့် လူအားလုံး၏ အကြည့်အောက်မှာတော့ နင်ယွမ်ရှန်းက စည်းမျဉ်းစည်းကမ်းများအတိုင်း တိကျသေချာစွာဖြင့် ကောင်းကင်ကို ဝတ်ပြုလျက်ရှိနေ၏။

သူ၏မျက်နှာထားက လေးနက်တည်ကြည်ပြီး ခမ်းနားထည်ဝါ၏။ သို့သော်ငြား သူ၏ စိတ်နှလုံးကတော့ တဖြည်းဖြည်းနှင့် လေးလံလျက်ရှိနေ၏။ အဘယ်ကြောင့်ဆိုသော် မိုးခြိမ်းသံများက တဖြည်းဖြည်းနှင့် ကျယ်လောင်လာသောကြောင့်ပင်။ မိုးတိမ်မဲကြီးများက အောက်သို့ ပိကျလာခဲ့၏။ နွေဦးပေါက် ရာသီ ဖြစ်သော်လည်း လေထုက အလွန်အေးစက်ပြီး စိုစွတ်လာခဲ့၏။ မိုးသက်မုန်တိုင်း၏ အနံ့များကိုပင် ရလာသည်။

‘ထားလိုက်ပါတော့။ ထားလိုက်ပါတော့။ ကောင်းကင်က မိုးရွာစေချင်တယ် ဆိုမှတော့ ရွာပါလေစေတော့။ အနည်းဆုံးအနေနဲ့ ငါ့ကိုယ်ငါ အပြစ်တင်တဲ့ အမိန့်ပြန်တမ်း တစ်ခုကို ထုတ်လိုက်ရုံပဲမလား။’ နင်ယွမ်ရှန်းက မျှော်လင့်ချက်ကို စွန့်လွှတ်လုနီးပါး ဖြစ်၏။

အောက်ဘက်တွင် ရှိနေသည့် အရာရှိမှူးမတ်များက မျက်နှာထားများ တည်ကြည်လေးနက်နေကြသည် ဆိုသော်လည်း စိတ်နှလုံးထဲတွင် ဝမ်းမြောက်နေသည်။ ‘ရွာလိုက်စမ်း။ ရွာချလိုက်စမ်းပါကွာ။ ဒီလို ဇွတ်တရွတ်နိုင်ပြီး မောက်မာတဲ့ ဘုရင်ကို အပြစ်ပေးလိုက်စမ်းပါ။ သူမှားကြောင်း သိအောင် လုပ်ပြလိုက်စမ်းပါ။’

အခမ်းအနား တက်ရောက်နေကြသည့် စစ်သည်တော်နှစ်သောင်းတို့ကမူ စိတ်ဓာတ်များ ကျဆင်းကာ မှိုင်တွေနေ၏။ သူတို့အများစုက တောင်ပိုင်း စစ်မြေပြင်သို့ သွားရောက်မည့်သူများ ဖြစ်၏။ အကယ်၍ အခမ်းအနားသာ ပျက်စီးသွားပါက နိမိတ်ဆိုး ဖြစ်မည်။ စစ်ပွဲတွင် ရှုံးနေပြီး သူတို့အားလုံး စစ်မြေပြင်၌ သေပွဲဝင်ရမည်ဆိုသည့် အဓိပ္ပာယ် မဟုတ်ပါလား။

ဦးရီးတော်နင်ယုက မျက်မှောင်ကြုတ်လိုက်၏။ အရှင်မင်းကြီးက တကယ်ပင် ဇွတ်တရွတ်နိုင်သည်ဟု ခံစားရသော်လည်း သူက နင်မျိုးနွယ်ဝင် ဖြစ်၏။ ဘုရင်ကို အာခံနေသည့် အရာရှိများကို ကြည့်ပြီး မည်သို့မှ သည်းမခံနိုင်တော့ပေ။ “မိုးမရွာပါစေနဲ့လို့ပဲ မျှော်လင့်ရတော့မှာပေါ့”

ကောင်းကင်ပူဇော်ပွဲ တတိယအဆင့် ပြီးဆုံးသွား၏။ ဦးရီးတော်နင်ယုက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “ကောင်းကင်ပူဇော်ပွဲ စတုတ္ထအဆင့် ပြီးဆုံးပြီ။ ကောင်းကင်ပူဇော်လွှာ ရွတ်ဖတ်ခြင်း။”

ထိုသို့ပြောလိုက်သည်နှင့် တပြိုင်နက် အရာရှိများက စိတ်လှုပ်ရှားသွားခဲ့၏။ သူတို့က နားစွင့်နေ၏။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ပူဇော်လွှာကို ရွတ်ဖတ်ပူဇော်ရန် အချိန်ကျရောက်လာပြီ ဖြစ်သောကြောင့်ပင်။

နင်ကျန်း အရှက်ကွဲရပေတော့မည်။ အရှင်မင်းကြီးကလည်း သိက္ခာ ကျရပေတော့မည်။

နင်ကျန်း၏ စိတ်လှုပ်ရှား ကြောက်ရွံ့နေမှုကို လူတိုင်းက အထင်သား မြင်နေရ၏။ တစ်ကိုယ်လုံးက တုန်နေ၏။ ထို့အပြင် ကောင်းကင်ပူဇော်လွှာကို ရွတ်ဖတ်သည့်အချိန်တွင် သေချာပေါက် စကားထစ်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် လူရယ်စရာ ဖြစ်ပေလိမ့်မည်။

ဤအချိန်တွင် ကောင်းကင်ယံမှ မိုးကြိုးသံများက အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်၏။ မိုးတိမ်မဲများကလည်း အလွန်အမင်း အောက်သို့ နိမ့်ဆင်းလာခဲ့၏။ မိုးသည်းထန်စွာ ရွာတော့မည့်ဆဲဆဲပင်။

နင်ကျန်း၏ ကောင်းကင်ပူဇော်လွှာ ရွတ်ဆိုမှုက စကားထစ်မည်။ နတ်ဘုရားများက အမျက်ထွက်ပြီး မိုးရွာချမည်။ တကယ့်ကို ကြေကွဲစရာ ဇာတ်လမ်းတစ်ခုက ပေါ်လာပေလိမ့်မည်။

ထိုအချိန်မှစ၍ နင်ကျန်း၏ ထီးနန်းဆက်ခံရေး လမ်းကြောင်းက လုံးဝပျက်စီးသွားလိမ့်မည်။ အိမ်ရှေ့စံက ကောင်းကင်ဘုံ၏အရှိန်အဝါကို အသုံးပြုပြီး အရှင်မင်းကြီး၏ အတွင်းစိတ်မိစ္ဆာဆိုးကို နှိမ်နင်းလိုက်သကဲ့သို့ပင်။ အရှင်မင်းကြီး နောက်ဆိုလျှင် လိမ်လိမ်မာမာ နေပြီး ပြဿနာ ထပ်မရှာရဲတော့ဟု ယူဆရ၏။

All Chapters