← Chapters

အခန်း (၅၇၇-၅၇၈)

Vol. 38 Ch. 577-578

အခန်း (၅၇၇-၅၇၈)

Vol. 38 Ch. 577-578

အပိုင်း (၅၇၇)

ကောင်းကင်ပူဇော်ပွဲ၏ စတုတ္ထအဆင့်ကို ဆက်လက်ကာ ပြုလုပ်၏။ ဘုရင်မင်းမြတ်က ပင်မပလ္လင်ပေါ်တွင် ထိုင်လျက် ရှိနေပြီး အားလုံးက ဒူးထောက်ကာ ဂါရဝပြု၏။ ဂီတသံစဉ်များကို တီးခတ်ပြီး အကဖြင့် ဖျော်ဖြေလျက် ရှိနေကြ၏။

ထိုအချိန်တွင် နင်ကျန်းက ထွက်ပေါ်လာပြီး ကောင်းကင်ပူဇော်လွှာကို ရွတ်ဖတ်ရပေလိမ့်မည်။ နင်ကျန်းက သူ၏ အင်္ကျီလက်ကြားမှ အထူးဆေးရည်ပုလင်းကို ထုတ်ယူပြီး အသာ သောက်သုံးလိုက်၏။ ထိုဖြစ်စဉ်တစ်ခုလုံးကို မည်သူမျှ သတိမပြုမိလိုက်ချေ။

ချက်ချင်းပဲ စိတ်လှုပ်ရှား၊ ကြောက်ရွံ့မှု အားလုံးက ပျောက်ကွယ်သွား၏။ နင်ကျန်းက မိမိကိုယ်ကိုယ် အလွန် အလေးထားပြီး အခြားသောသူများကို လျစ်လျူရှုသည့် အခြေအနေဆီသို့ ရောက်ရှိသွား၏။ သူ၏ ဝိညာဉ်က ခန္ဓာကိုယ်မှ ထွက်ခွာသွားခဲ့ပြီး လောကကြီး တစ်ခုလုံးကို ငုံ့မိုးကာ ကြည့်ရှုနေသကဲ့သို့ပင်။

သောင်းနှင့်ချီသည့် လူများ၏ အာရုံစူးစိုက်မှုကို သူက လုံးဝ ဂရုမစိုက်တော့ချေ။ ထိုသောင်းနှင့်ချီသည့် လူအားလုံးက သူ၏ရှေ့တွင် သစ်ပင်များ၊ မြက်ပင်များ၊ ပုရွက်ဆိတ်များကဲ့သို့ပင် ပြောင်းလဲသွားခဲ့၏။ လောကကြီး၌ ကြီးကျယ်မြင့်မြတ်သည့် သူတစ်ယောက်တည်းကသာ ကျန်ရှိတော့၏။ နင်ကျန်းက ခမ်းနားထည်ဝါသည့် ခြေလှမ်းများနှင့် စင်မြင့်ပေါ်သို့ လှမ်းတက်သွားခဲ့သည်။

လူတိုင်းက အံ့အားသင့်သွား၏။ နင်ကျန်း၏ စိတ်နေစိတ်ထားနှင့် ဟန်ပန်အမူအရာ အားလုံးက ပြောင်းလဲသွားခဲ့၏။ ယခင်ကရှိခဲ့သည့် ကြောက်ရွံ့မှု၊ စိုးရိမ်မှု အားလုံးက ပျောက်ကွယ်သွား၏။ သူက ပုပြီး ဝဖိုင့်ဖိုင့် အခြေအနေ ရှိသော်လည်း ခြေလှမ်းတိုင်းတွင် ဘုရင်တစ်ပါး၏ အရှိန်အဝါမျိုးနှင့် ပြည့်နှက်နေ၏။

ဤမျက်နှာထား၊ ဤအကြည့် လောကကြီးကို အထက်စီးမှ ငုံ့မိုးကာ ကြည့်ရှုနေသကဲ့သို့ပင်။

ယဇ်ပလ္လင်ပေါ်၌ ရပ်လိုက်သည့် အချိန်မှာတော့ လူတိုင်း၏ မျက်လုံးများက နင်ကျန်းထံသို့ ရောက်ရှိလာသည်။ “စကားထစ်လိုက်စမ်း၊ စကားထစ်လိုက်စမ်းကွာ”

“မိုးရွာချစမ်း၊ မိုးကြိုးပစ်လိုက်စမ်းကွာ။”

“အရှင်မင်းကြီး သူ့အပြစ်သူ ဝန်ခံတဲ့ အမိန့်စာတမ်းကို ထုတ်ဖို့ အချိန်ရောက်ပြီ။”

ထိုအချိန်မှာပဲ .... “ဂျိန်း ... ဂျိန်း ...”

ကောင်းကင်ယံ၌ ကြောက်မက်ဖွယ်ရာကောင်းသည့် မိုးကြိုးသံကြီး တစ်ချက်က ထွက်ပေါ်လာ၏။ ထိုအရာက တကယ့်ကို ရုတ်တရက်ဆန်၏။ အလွန်လည်း ကျယ်လောင်လွန်းလှ၏။ နားကွဲလုမတတ်ပင်။

ချက်ချင်းပဲ ဝန်ကြီးများက ကြောက်လန့်ပြီး တုန်လှုပ်သွားခဲ့၏။ ကပြဖျော်ဖြေနေသူများဆိုလျှင် ကြောက်လွန်းသောကြောင့် ရုတ်တရက် ထိုင်ပင် ထိုင်ချလိုက်မိကြ၏။ အမတ်အိုကြီး တချို့ဆိုလျှင် ကြောက်လွန်းသောကြောင့် ကြမ်းပြင်ပေါ်တွင် ဖင်ထိုင်ရက်လဲ၏။ ကြောက်မက်ဖွယ်ရာ ကောင်း၏။ မိုးချိန်းသံက ကျယ်လောင်လွန်းလှချေ၏။

သို့သော်ငြား ဤမျှ တုန်လှုပ်ဖွယ်ရာ ကောင်းသည့် မိုးချိန်းသံကြီးကို ရင်ဆိုင်နေရသည် ဆိုသော်လည်း နင်ကျန်းကတော့ မလှုပ်မယှက်နှင့် ငြိမ်သက်နေဆဲပင်။ သူက ပါးစပ်ကို စတင်ကာ ဟသည်။

“ရှေးဦးကမ္ဘာ တည်ရာ မဟာကန္တာရလောက ...။”

ထိုအသံ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် လူတိုင်းက တုန်လှုပ်သွားခဲ့၏။ “ဒါ စကားထစ်တာ လုံးဝ မဟုတ်ပါလား။ အသံနေအသံထား အနိမ့်အမြင့်က ရှင်းလင်းပြတ်သားပြီး စကားလုံးတိုင်းက ပီသနေတယ်။ စွမ်းဆောင်ရည်နဲ့ စွမ်းအင်တွေနဲ့လည်း ပြည့်ဝနေပုံပဲ”

ဤရွတ်ဖတ်မှု၏ အကျိုးသက်ရောက်မှုက အံ့မခန်းပင် ဖြစ်၏။ ထိုစဉ်မှာပင် ခေါင်းလောင်းသံများ၊ ကြေးစည်သံများ၊ တူရိယာသံများ တွဲဖက်ထွက်ပေါ်လာခဲ့၏။ မျက်စိတစ်မှိတ်အတွင်း ကောင်းကင်ယံမှ မိုးချိန်းသံများက ရပ်တန့်သွား၏။ ကောင်းကင်ဘုံရှိ နတ်ဒေဝါအပေါင်းတို့က နားဆင်နေကြသကဲ့သို့ပင်။

နင်ကျန်းက ဆက်လက်ကာ ရွတ်ဆို၏။ သူ၏ အသံက တဖြည်းဖြည်း မြင့်တက်လာ၏။ ဤအချိန်မှာတော့ သေချာပေါက် ခေါင်းဆောင်ကြီး လီမူ၏ ကောင်းကင်နတ်ဆိုး အသံသိုင်းကွက်က ပါဝင်လာခဲ့သည်။ ခေါင်းဆောင်ကြီးက သူ၏အသံကို နင်ကျန်း၏ အသံနှင့်အတူ ပေါင်းစပ်ပြီး ထပ်မံကာ မြှင့်တင်ပေးလိုက်ရုံပင်။

နင်ကျန်း၏ အသံက သိပ်ပြီး ပြောင်းလဲမသွားခဲ့ချေ။ သို့သော်ငြား အလွန်အားကောင်းသည့် သက်ရောက်မှု၊ ထွင်းဖောက်နိုင်စွမ်းနှင့် တုန်လှုပ်ခြောက်ခြားမှု စွမ်းအင်များက ပါဝင်လာခဲ့၏။ နားထောင်နေသူ အပေါင်းတို့က ကြက်သီးမွေးညှင်းများ ထကုန်ကြ၏။

နင်ကျန်း၏ရွတ်ဖတ်မှုက ပိုမို ပြင်းထန်လာသည်နှင့်အမျှ စစ်ဗိုလ်ချုပ်၊ စစ်သူကြီးများ၊ တပ်မှူးများ၊ စစ်သည်အားလုံးတို့၏ သွေးများက ဆူပွက်လာ၏။ မရေတွက်နိုင်သည့်လူများက ဦးရေပြားများ ထုံကျင်လာသလို ခံစားခဲ့ကြသည်။

“ဘယ်သူလဲ။ ဘယ်သူကများ ဒီကောင်းကင်ပူဇော်လွှာကို ရေးသားခဲ့တာလဲ။ ဘယ်လိုဖြစ်ပြီး ဒီလောက်ကြီး ခမ်းနားထည်ဝါရတာလဲ။ ဘယ်သူက ဒီဂီတသံစဉ်ကို ဖန်တီးခဲ့တာလဲ။ ဘာလို့ ဒီလောက် နားထောင်လို့ ကောင်းရတာလဲ။”

ဤအရာက ရှင်းရှင်းလင်းလင်း ကောင်းကင်ပူဇော်ခြင်း ဖြစ်၏။ သို့ပေမည့် ကျွမ်းကျင်ပညာရှင်ကြီး တစ်ဦးက လာရောက်ကာ ဖျော်ဖြေနေသကဲ့သို့ပင် ခံစားရ၏။ လက်ရှိအခြေအနေမှာတော့ မရေတွက်နိုင်သည့် လူများက ထိုခံစားချက်ကို ရရှိကြ၏။

ခေါင်းဆောင်ကြီး လီမူ၏ ကောင်းကင်နတ်ဆိုး အသံသိုင်းကွက်က တကယ့်ကို အစွမ်းထက်လွန်းလှ၏။ အသံက နှစ်မိုင်ခန့် ဝေးကွာသည် ဆိုလျှင်တောင်မှ တုန်လှုပ်ဖွယ်ရာကောင်းစွာဖြင့် ကြားနေရ၏။ တကယ့်ကို ကျယ်လောင်လွန်း၏။ လူပေါင်းများစွာတို့က အသက်ရှူရပ်မတတ်ပင် အံ့အားသင့်မိနေကြသည်။

ထိုအချိန်မှာပင် လေပြင်းတစ်ချက် တိုက်ခတ်လာခဲ့၏။

“ဝေါ။”

လေရောက်ရှိလာသည်နှင့် တိမ်များ ကွဲထွက်သွားခဲ့၏။ လေပြင်းများ ကြားထဲတွင်တော့ နင်ကျန်း၏ ကိုယ်နေဟန်ထားက ခိုင်မာလျက် ရှိနေပြီး ရွတ်ဖတ်မှုများအား အလုံးစုံ သက်ရောက်မှု မရှိသကဲ့သို့ပင် တည်ငြိမ်အေးချမ်းနေသည်။

ထိုကဲ့သို့ လေပြင်းပြင်း တိုက်ခတ်နေသည့်ကြားမှပင် နင်ကျန်း၏အသံကို စစ်သည်အားလုံးက ရှင်းလင်းပြတ်သားစွာ ကြားနေရ၏။

နင်ကျန်း၏ အသံက ကျယ်သည်ထက် ကျယ်လာ၏။ ခေါင်းဆောင်ကြီးလီမူ၏ ကောင်းကင်နတ်ဆိုး အသံ သိုင်းကွက်ကလည်း အံ့မခန်း ဖြစ်လာသည်။

လေပြင်းကြားထဲတွင် လူတိုင်းက တုန်လှုပ်နေပြီး မျက်စိတစ်မှိတ် အတွင်း ကောင်းကင်ယံထက်တွင် ရှိနေသည့် မိုးတိမ်မဲအားလုံးက လေပြင်းနှင့်အတူ လွင့်ပြယ်ပြီး ကွယ်ပျောက် သွားခဲ့၏။ ရွှေရောင် နေရောင်ခြည်တန်းများက ကျဆင်းလာခဲ့၏။ နင်ကျန်း၏ ခန္ဓာကိုယ်ပေါ်သို့ နေရောင်ခြည်တန်းများက တည့်တည့်ကျ၏။

တခဏအတွင်းမှာပင် သူ၏ ခန္ဓာကိုယ်က ရွှေရောင် အလင်းတန်းများဖြင့် လွှမ်းခြုံသွားသကဲ့သို့ပင် လူတိုင်းက မင်သက် အံ့ဩသွားသည်။

ရှမ့်လန်ကပါ အံ့အားသင့် မင်သက်သွား၏။ ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားချေ။ ကောင်းကင်ဘုံက တကယ်ပဲ ဤမျှလောက် လှပစေသည်လား။

၁၅ မိနစ်ခန့် ကြာသည့် အချိန်မှာတော့ နင်ကျန်း၏ ကောင်းကင်ပူဇော်ပွဲ ရွတ်ဖတ်လွှာက ပြီးဆုံးသွားခဲ့၏။ တကယ့်ကို အံ့အားသင့်စရာ ကောင်းသည့် ခမ်းနားထည်ဝါသော တင်ဆက်မှု တစ်ခုကဲ့သို့ပင်။ ကောင်းကင်ကြီး တစ်ခုလုံးက ကြည်လင်ပြီး ပြုံးပြနေသကဲ့သို့ပင်။

နေရာရှိ လူတိုင်းက တုန်လှုပ်လွန်းသောကြောင့် စကားပင် မဆိုနိုင်ဘဲ တိတ်ဆိတ်နေ၏။ နင်ကျန်း၏ အားလုံးသော သူတို့၏ရှေ့ ပထမဦးဆုံးအကြိမ် ပွဲဦးထွက်မှုက ပြည့်စုံစွာဖြင့် ပြီးဆုံးသွားခဲ့၏။

ပြင်းထန်လွန်းလှသည့် တုန်လှုပ်မှုများကို ကြုံဆုံရပြီးနောက်မှာတော့ စစ်သည် နှစ်သောင်းတို့က မည်သို့မှ သည်းမခံနိုင်တော့ချေ။ ဤအရာက ကောင်းကင်ဘုံကပေးသည့် နိမိတ်ပင် ဖြစ်၏။ ပထမ အုံ့မှိုင်းပြီး မိုးကြိုးများ ပစ်ချ၏။ နောက်တော့ မိုးတိမ်မဲအားလုံး ပျောက်ကွယ်ပြီး နေရောင်ခြည်က ကျဆင်းလာခဲ့၏။ သူတို့က ဤစစ်ပွဲကို အနိုင်ရရှိပေတော့မည်။

ချက်ချင်းပဲ စစ်သည် နှစ်သောင်းတို့ လက်များကို မြှောက်ကာ ကြွေးကြော်ကြ၏။ “အရှင်မင်းကြီး... သက်တော်ရာကျော် ရှည်ပါစေ။”

“အရှင်မင်းကြီး... သက်တော်ရာကျော် ရှည်ပါစေ။”

“ရွှဲ့ပြည်နယ် အဓွန့်ရှည်ပါစေ။”

လူနှစ်သောင်းတို့၏အသံက မိုးချိန်းသံကဲ့သို့ပင် ကောင်းကင်ယံသို့ ဟိန်းထွက်နေ၏။ နားကွဲမတတ် ကျယ်လောင်လှ၏။

နင်ကျန်း၏ ရွတ်ဖတ်မှု ပြီးဆုံးသွားခဲ့ပြီးနောက် နင်ကျန်းက စင်မြင့်ပေါ်မှ အောက်သို့ ပြန်ဆင်း၏။ စင်မြင့်ကို အရှင်မင်းကြီး နင်ယွမ်ရှန်းထံ လွှဲပြောင်းပေးလိုက်သကဲ့သို့ပင်။

နင်ယွမ်ရှန်း၏ နှလုံးသားထဲတွင် ဖြစ်တည်နေသည့် ပီတိအဟုန်ကို ဖော်ပြရန်အတွက် စကားလုံးဟူ၍ပင် မရှိတော့ချေ။ တကယ့်ကို ပြည့်စုံလွန်းလှ၏။ ဤအချိန်တွင် သူလုပ်တာ မဟုတ်ချေ။ ကောင်းကင်ဘုံက ဤအရာရှိများ၏ မျက်နှာကို ပိတ်ရိုက်လိုက်ခြင်းဖြစ်၏။ မျက်နှာတစ်ခုလုံး မဲပြာပြီး ပြာနှမ်းလျက် ရှိနေသည့် အရာရှိများ၏ မျက်နှာကို ကြည့်ပြီး နင်ယွမ်ရှန်းက တကယ် ပျော်ရွှင်မိ၏။ ကောင်းကင်ဘုံကတောင် သူ့ဘက်တွင် ရှိနေသည်။

ကောင်းကင်ပူဇော်ပွဲကို ဆက်လက်ကာ ကျင်းပ၏။ အရှင်မင်းကြီး နင်ယွမ်ရှန်းက ပျော်ရွှင်စွာဖြင့် ဆက်လက်ကာ လုပ်ဆောင်လျက် ရှိနေ၏။ ဂုဏ်ယူလွန်းသောကြောင့် လေပေါ်သို့ ပျံတက်လုမတတ်ပင်။ ကောင်းကင် ပူဇော်ပွဲ၏ ပဉ္စမအဆင့် လက်ဆောင်ပစ္စည်းများ ဆက်သခြင်း။ ဆဋ္ဌမအဆင့် နောက်ဆုံး လက်ဆောင်ပစ္စည်းများ ဆက်သခြင်း။ သတ္တမအဆင့် ပန်းကန်များကို ဖယ်ရှားခြင်း။ အဋ္ဌမအဆင့် ဘုရင်မင်းမြတ်အား ပြန်လည် ပို့ဆောင်ခြင်း။ နဝမအဆင့် နတ်ဘုရား ပူဇော်မီး ထွန်းခြင်း။

ကောင်းကင်ပူဇော်ပွဲ အခမ်းအနားကြီး ပြီးဆုံးသွားခဲ့၏။ အရာရှိအားလုံးက ကြောင်တောင်တောင် ဖြစ်လို့နေခဲ့၏။ စောစောက မြင်ကွင်းက သူတို့ကို နှိုင်းယှဉ်၍ မရနိုင်လောက်အောင်ပင် ဆွံ့အစေခဲ့၏။ သူတို့၏ နှလုံးသားထဲတွင် သံသယများပင် ဖြစ်နေ၏။

ဤအရာက တကယ်ပဲ ကောင်းကင်ဘုံ၏ အလိုဆန္ဒပေလား။ ပဉ္စမမင်းသား နင်ကျန်းကို နတ်ဘုရားများက တကယ်ပင် စောင့်ရှောက်နေသည်လား။ ဤလူက တကယ်ပင် ရွှဲ့ပြည်နယ်၏ အရှင်သခင်တစ်ယောက် ဖြစ်လာနေပြီလား။ မဟုတ်လျှင် အဘယ်သို့ ဤကဲ့သို့ ထူးဆန်းသည့် ဖြစ်ရပ်ကြီး ဖြစ်ပေါ်ရမည်နည်း။ တုန်လှုပ်စရာ ကောင်းလွန်းလှသည်။

လောကတွင် ရှိနေသည့် အရာရှိများပင် မကချေ။ ဘုရင်မင်းမြတ် နင်ယွမ်ရှန်း ကိုယ်တိုင်ပင်လျှင် အံ့အားသင့်မိ နေ၏။ တကယ်ပဲ ကောင်းကင်ဘုံက ပေးသည့် အတိတ်နိမိတ်တွေလား။

‘နင်ကျန်းကို အိမ်ရှေ့စံအဖြစ် ခန့်အပ်ဖို့အတွက် ငါ့ကို သတိပေးလိုက်တာများလား။’

……

ကောင်းကင်ပူဇော်ပွဲ အခမ်းအနားကြီးက ပြီးဆုံးသွားခဲ့၏။ မကြုံစဖူး ထူးခြားလွန်းလှ၏။ ထို့အတူ ပြီးပြည့်စုံခဲ့၏။ ပြီးဆုံးပြီးနောက် ဘုရင်မင်းမြတ်က တည်ငြိမ်စွာဖြင့် နန်းတော်ရှိရာသို့ လမ်းလျှောက်ပြန်ခဲ့၏။ နန်းတော်ဆီမှ လာသည့်အချိန်တွင် အရှင်မင်းကြီး၏ ခြေလှမ်းများက လေးလံနေခဲ့ပြီး သူ၏ စိတ်နှလုံးများကလည်း လေးလံနေကြ၏။ အရာရှိများ၏ ခြေလှမ်းများကမူ ပေါ့ပါးသွက်လက်ပြီး ပျော်ရွှင်နေကြ၏။

အမှန်စင်စစ် ပြန်လာချိန်တွင်မူ အရှင်မင်းကြီးက ဂုဏ်ယူဝင့်ကြွားစွာ လျှောက်လှမ်းနေခဲ့ပြီး အရာရှိများ၏ ခြေလှမ်းများက လေးလံကာ မျက်နှာထားများက လေးလံနေကြ၏။ သူတို့၏ စိတ်ထဲရှိ တုန်လှုပ်မှုများက တကယ့်ကို ကြီးမားလာခဲ့သည်။ အရာရှိ အများအပြားက ဇဝေဇဝါ ဖြစ်နေကြသည်။

ထိုထဲတွင် စိတ်ခံစားချက် အရှုပ်ထွေးဆုံးသူမှာတော့ အိမ်ရှေ့စံ နင်ယီမှလွဲ၍ အခြားသူမရှိချေ။ သူက အကြီးမားဆုံးသော ထိုးနှက်ချက်ကို ခံစားခဲ့ရ၏။

နင်ကျန်းက တောက်ပစွာ ထွန်းလင်းခဲ့၏။ သူက အိမ်ရှေ့စံကို လုံးဝ နင်းချေပစ်ခဲ့သည်ဟု ပြောနိုင်၏။ သူ၏ အိမ်ရှေ့စံ ရာထူးက အနည်းငယ် လှုပ်ခတ်မှု ရှိလာခဲ့၏။ သူ၏ အာဏာ တည်မြဲနေဆဲ ဖြစ်သော်လည်း သူ၏ ဂုဏ်သတင်းမှာမူ ကြီးမားစွာ ထိုးနှက်ချက် ဖြစ်လာခဲ့သည်။

အိမ်ရှေ့စံတစ်ပါးအတွက် အလိုအပ်ဆုံးအရာက မည်သည့်အရာ ဖြစ်မည်နည်း။ ဂုဏ်သတင်း ကျော်ကြားမှုပင် ဖြစ်၏။ ကောင်းကင်ဘုံ၏အလိုတော်က ကြောက်စရာကောင်း၏။ ယနေ့ဖြစ်ပျက်ခဲ့သည့် အရာအားလုံးက မကြာမီ လောကကြီးအနှံသို့ ပျံ့နှံ့သွားပေလိမ့်မည်။ နောက်ပိုင်းတွင်တော့ ကောင်းကင်ဘုံ၏ အလိုတော်က နင်ယီဘက်၌ မရှိဘဲ နင်ကျန်းဘက်၌ ရှိနေသည်ဟု ပြောဆိုကြပေလိမ့်မည်။

နန်းတော်သို့ ပြန်ရောက်ပြီးနောက် နင်ကျန်းက အရှင်မင်းကြီးနောက်သို့လိုက်ပါပြီး နန်းတော်အတွင်းသို့ မဝင်ခဲ့ချေ။ ထို့အစား သူက ထျန်းရွှဲ့ကာကွယ်ရေးတပ်မှုးရုံးဆီသို့ တန်းတန်းမတ်မတ် သွား၏။ သူ့၌ အောင်ပွဲခံရန် အချိန်မရှိချေ။

သူက ဟန်ဆောင်နေခြင်း မဟုတ်ပေ။ ကောင်းကင်ပူဇော်ပွဲက သူ၏ လုပ်ငန်းတာဝန်များကို သုံးရက်မျှ လစ်ဟင်းစေခဲ့၏။ အမှုကိစ္စပေါင်းများစွာ မည်မျှကြန့်ကြာနေမည်ဖြစ်ကြောင်းကိုပင် မသိနိုင်တော့ချေ။ နောက်ရက် အနည်းငယ်အတွင်း သူက အိပ်စက်ရန်ပင် အချိန်ရလိမ့်မည် မဟုတ်ချေ။ အချိန်တိုင်း ကြိုးစား အားထုတ်ရပေတော့မည်။

……..

အိမ်ရှေ့စံ နင်ယီက ဝန်ကြီးချုပ် ကျူးဟုန်ကျူး၏ စာကြည့်ခန်းထဲသို့ ဝင်ရောက်လာခဲ့၏။ လေထုက လေးလံနေခဲ့၏။ နှစ်ဦးသားက တိတ်ဆိတ်စွာဖြင့် စကားပြောနေကြ၏။ နင်ယီ၏ စိတ်နှလုံးထဲတွင် အဆုံးမဲ့သော ငြီးငြူသံများဖြင့် ပြည့်နှက်နေခဲ့၏။

“ဘာလို့လဲ။ ဘာလို့ အဖေက ကျုပ်ကို ဒီလို ဆက်ဆံရတာလဲ။”

ကျန်းလီ၏ မျိုးနွယ်စု ပြိုလဲသွားစဉ်က နင်ယွမ်ရှန်းက လမ်းဘေးခွေးတစ်ကောင်ကဲ့သို့ ကြောက်ရွံ့စွာ နေထိုင် ခဲ့ရ၏။ ကျူးမျိုးနွယ်ကို မျက်နှာလိုမျက်နှာရ လုပ်နိုင်ရန် မိဖုရားခေါင်ကြီးကိုပင် နန်းချခဲ့ပြီး ကျူးမျိုးနွယ်ကို မိဖုရားခေါင်မြှောက်ခဲ့ရ၏။ သူ့ကို ကယ်တင်ရန် ကျူးဟုန်ကျူးကို နှိမ့်ချစွာ တောင်းပန်ခဲ့ရ၏။

‘ဒီသည်းမခံနိုင်စရာ ကိစ္စရပ်တွေကို ခင်ဗျား မေ့သွားပြီလား။ ဘာလို့ အခုမှလာပြီး ဘဝင်မြင့်နေရတာလဲ။’

အမှန်စင်စစ် အိမ်ရှေ့စံမင်းသားက ဤစကားများကို ထုတ်မပြောခဲ့ချေ။ သူ၏ မျက်နှာအမူအရာဖြင့်သာ ဖော်ပြနေခဲ့၏။

ကျူးဟုန်ကျူးက အိမ်ရှေ့စံ နင်ယီကို ငြင်သာစွာ ကြည့်ရှုလိုက်၏။ အိမ်ရှေ့စံ၏ ဆိုလိုရင်းကို သူက သိ၏။ မြို့တော်အရာရှိများမှတဆင့် နင်ယွမ်ရှန်းကို ဖိအားပေးလိုခြင်းသာ ဖြစ်၏။ အိမ်ရှေ့စံ နင်ယီ ထီးနန်းတက်ရေးက ကျူးမျိုးနွယ်၏ စိတ်ဆန္ဒသာမက တော်ဝင်ရန်အင်ပါယာ၏ စိတ်ဆန္ဒလည်း ဖြစ်သည်။

အင်ပါယာက လက်အောက်ခံနိုင်ငံများ၏ ဆက်ခံသူများအား စစ်ဘုရင်များမဟုတ်ဘဲ ပညာရှိဘုရင်များသာ ဖြစ်လာစေချင်၏။ ပို၍ လက်တွေ့ကျကျ ပြောရမည်ဆိုလျှင် အင်ပါယာက နောက်ထပ် ထပ်လာမည့် ရွှဲ့ဘုရင်ကို ထိန်းချုပ်၍ ရလို၏။

ကျူးဟုန်ကျူးက အတိုင်းအတာတစ်ခုထိ တော်ဝင်ရန်အင်ပါယာ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်နှင့် ဆင်တူသည်။

“အချိန်မတန်သေးဘူး။”

ဝန်ကြီးချုပ် ကျူးဟုန်ကျူးက ပြောလိုက်၏။ “အရှင်မင်းကြီးကိုယ်တိုင်က အခုချိန်မှာ ထီးနန်းဆက်ခံသူကို ပြောင်းလဲဖို့ ဆန္ဒမရှိဘူး။ လောကသားတွေက မေ့လွယ်တတ်ကြတယ်။ ဒီနေ့ မြင်ကွင်းက တုန်လှုပ်စရာ ကောင်းတယ်ဆိုတာ အမှန်ပဲ။ ဒါပေမဲ့ ဒီအချိန်မှာ အရှင်မင်းသားလုပ်ရမှာက သက်ရောက်မှု လျော့ပါးသွားအောင် နေဖို့ပဲ။ အများဆုံး နှစ်လလောက်ဆိုရင် လူတိုင်းက ဒီကိစ္စကို မေ့သွားလိမ့်မယ်။”

အိမ်ရှေ့စံ နင်ယီက ပြောလိုက်သည်။ “ဒါပေမဲ့ နင်ကျန်းရဲ့ ဂုဏ်သိက္ခာက မြင့်တက်သွားပြီ။ နောက်တစ်ချိန် လူတွေက သူ့အကြောင်းပြောမယ်ဆိုရင် ဒါက ကံတရားလို့ပဲ တွေးကြတော့မယ်။”

ကျူးဟုန်ကျူးက ပြန်ပြောလိုက်၏။ “ဂုဏ်သတင်းဆိုတာက အရှေ့လေက အနောက်လေကို ဖိနှိပ်တိုက်တာမျိုး၊ ဒါမှမဟုတ် အနောက်လေက အရှေ့လေကို ဖိနှိပ်တိုက်တာမျိုးပဲ။ လေလာရာ သွားနေတဲ့ အရာမျိုးပဲ။ အိမ်ရှေ့စံ အနေနဲ့ နင်ကျန်း နာမည်ကြီးနေတဲ့အချိန်မှာ သူ့ရဲ့ ဂုဏ်သတင်းကိုလိုက်ပြီးတော့ မဖိနှိပ်သင့်ဘူး။ အဲဒါက ကိုယ့်ရဲ့ အဆင့်အတန်းကို နိမ့်ကျစေတယ်။

ဒီတော့ လုပ်စရာ နှစ်ခုပဲ ရှိတယ်။ ပထမတစ်ခုက နန်အိုနိုင်ငံရဲ့ စစ်ပွဲပဲ။ ကောင်းကင်ပူဇော်ပွဲဆိုတာ အတုအယောင်ပဲ။ နန်အိုနိုင်ငံနဲ့ စစ်ပွဲက တကယ့် အစစ်အမှန်ပဲ။ ဒီစစ်ပွဲမှာ ရွှဲ့ပြည်နယ်အနေနဲ့ ရှုံးလို့မဖြစ်ဘူး။ ပြီးတော့ နိုင်ခဲ့မယ်ဆိုရင် အကြီးမားဆုံး ဂုဏ်ပုဒ်ကို အရှင်မင်းသား ရလိမ့်မယ်။ ဘာလို့လဲဆိုတော့ တိုင်းပြည် တစ်ခုလုံးကို ဖြိုချဖျက်ဆီးနိုင်တဲ့ စစ်ပွဲကြီးတစ်ခု မလို့ပဲ။ အဲဒီကနေ ရလာမယ့် ဂုဏ်သတင်းက အခုလုပ်လိုက်တဲ့ ကောင်းကင်ပူဇော်ပွဲထက် အဆပေါင်းများစွာ ပိုပြီးတော့ ကြီးမားတယ်။”

အိမ်ရှေ့စံက ဉာဏ်ကောင်းသူ ဖြစ်၏။ ကျူးဟုန်ကျူး၏ ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်နေ၏။ “အဘိုး... အဘိုးဆိုလိုတာက အချိန်တန်ရင် ကျုပ်ကို နန်အိုနိုင်ငံကို သွားစေချင်တာလား။”

နင်ယီနှင့် ကျူးဟုန်ကျူးတို့က သွေးသားတော်စပ်ခြင်း မရှိချေ။ သူကို ကျူးမျိုးနွယ်မှ မွေးစားထားခြင်းသာ ဖြစ်၏။ သူက မိဖုရားခေါင်ကြီး၏ မွေးစားသားဖြစ်သည်မို့ ကျူးဟုန်ကျူးကို အဘိုးဟု ခေါ်သင့်၏။

ကျူးဟုန်ကျူးက ပြောသည်။ “ဟုတ်တယ်။ စစ်ပွဲနိုင်ခါနီးပြီဆိုရင် မင်းသားကသွားပြီး နိုင်ပွဲရဲ့ အသီးအပွင့်ကို ရိတ်သိမ်းရမယ်။”

အိမ်ရှေ့စံ နင်ယီက ပြောလိုက်သည်။ “ဒါပေမဲ့ အဖေက ကျုပ်အပေါ် အာဃာတတွေနဲ့ ပြည့်နေပြီ။ နန်အိုနိုင်ငံကို နိုင်ခါနီးပြီ ဆိုရင်တောင် ကျုပ်ကို သွားပြီး အောင်ပွဲခံခွင့် ပေးမယ်မထင်ဘူး။”

ကျူးဟုန်ကျူးက ပြန်ပြောလိုက်၏။ “အခြေအနေက အရှင်မင်းသား မသွားမဖြစ်တဲ့ အနေအထားမျိုး ရောက်လာမယ်ဆိုရင်ရော၊ အရှင်မင်းသားသာ မသွားဘူးဆိုရင် စစ်ပွဲရဲ့ ရလဒ်က ထိခိုက်နိုင်မယ့် အခြေအနေမျိုးပေါ့။”

အိမ်ရှေ့စံ နင်ယီက မေးလိုက်သည်။ “အဘိုးဆိုလိုတာ နန်းကုန်းအိုလား။”

ကျူးဟုန်ကျူးက ခေါင်းညိတ်လိုက်၏။ လက်ရှိအချိန်တွင် နန်အိုစစ်မျက်နှာပြင်ကို တာဝန်ယူထားသူ နှစ်ဦးရှိ၏။ စစ်သူကြီး ကျူးလင်းနှင့် မင်းသမီး နင်လော့တို့ ဖြစ်၏။ မြောက်ပိုင်း ကာကွယ်ရေး စစ်သူကြီး နန်းကုန်းအို ရောက်သွားသည်နှင့် တပြိုင်နက် သူ၏ လွှမ်းမိုးမှုက ကျူးလင်းထက် လျော့နည်းလိမ့်မည် မဟုတ်ချေ။

အပိုင်း (၅၇၈)

ကျူးလင်းက အိမ်ရှေ့စံ၏ သစ္စာရှိ နောက်လိုက်တစ်ယောက် ဖြစ်ကြောင်း ပြောနေစရာ မလိုပေ။ သို့သော်ငြား နန်းကုန်းအိုကတော့ မည်သူ့ကိုမှ အမှီအခို မပြုပေ။ သူက အရှင်မင်းကြီး၏ လူရင်းတစ်ဦးဟု ယူဆရ၏။ နင်ယွမ်ဝူ၏ မျိုးဆက်များကို ရှင်းလင်းပစ်ခြင်းဖြင့် သူ၏ ရာထူးကို ရရှိလာခဲ့ခြင်း ဖြစ်၏။

ကျူးဟုန်ကျူးက ပြောလိုက်သည်။ “အရှင်မင်းကြီးက ဇွတ်တရွတ်နိုင်တယ် ဆိုပေမဲ့ ပုံရိပ်ကြီးကြီးကို ကြည့်တတ်တယ်။ အရေးကြီးတဲ့အချိန်ခါမျိုးတွေမှာ ကျူးလင်းနဲ့ နန်းကုန်းအိုတို့က တပြိုင်နက်တည်း စကားပြောလိမ့်မယ်။ ဒါဆိုရင် သူက သေချာပေါက် အလျှော့ပေးရလိမ့်မယ်။”

နင်ယီက ပြောလိုက်၏။ “ကျုပ် နန်းကုန်းအိုကို သေသေချာချာ ပြောခဲ့ပြီးပြီ။ ဒါပေမဲ့ သူက လုံးဝ မတုန်လှုပ်ခဲ့ဘူး။”

အမှန်စင်စစ် နန်းကုန်းအိုက ထိပ်ဆုံးသို့ ရောက်ရှိနေပြီဖြစ်သောကြောင့်ပင်။ စစ်ရေးဗျူရို၏ ထိပ်တန်းနေရာက အမြဲတမ်း ပျံ့ရှောင်းအတွက်ဖြစ်၏။ နန်းကုန်းအိုအနေဖြင့် မျှော်လင့်ချက်မရှိတော့သလို မင်းကြီးဘွဲ့ထိ ရာထူးတိုးရန်လည်း မျှော်လင့်ချက် မရှိတော့ချေ။

ရှုထောင့်တစ်ခုမှ ကြည့်ရှုမည်ဆိုလျှင် နန်းကုန်းအိုက အဆင့်မြင့်မားသည့် အရာရှိတစ်ဦးအဖြစ် ရောက်ရှိနှင့်ပြီး ဖြစ်သည်။ အများဆုံး ရယူနိုင်သည်က အိမ်ရှေ့စံ၏ လက်ထောက်ဆရာသခင် ရာထူးနှင့် အိမ်ရှေ့စံ၏ မဟာဆရာသခင် သာ ရှိ၏။

ဘာအဓိပ္ပာယ် ရှိမည်နည်း။ ထို့ကြောင့် သူက ဘက်ရွေးရန် ဆန္ဒမရှိခြင်း ဖြစ်၏။ အိမ်ရှေ့စံဖြစ်စေ၊ တတိယမင်းသားဖြစ်စေ သူ့ကို စည်းရုံးရန် ကြိုးစားခဲ့သော်လည်း သူက မသိချင်ယောင်ဆောင်ခဲ့၏။ နင်ကျန်းကတော့ သူ့အတွက် စိတ်ထဲတွင်ပင် မရှိပေ။

ကျူးဟုန်ကျူးက ပြောလိုက်သည်။ “အရေးကြီးတဲ့ အချိန်ရောက်ရင် နန်းကုန်းအိုက စကားပြောပါလိမ့်မယ်။”

ထိုစကားကိုကြားသည့်အချိန်မှာတော့ အိမ်ရှေ့စံမင်းသားက မတုန်လှုပ်ဘဲ မနေနိုင်တော့ချေ။ သူ၏ စိတ်နှလုံးများက ကြီးမားသည့်အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားခဲ့၏။ ကျူးဟုန်ကျူး ထိုကဲ့သို့ ပြောသည်ဆိုမှတော့ ယုံကြည်ချက် ရှိနေ၍သာ ဖြစ်ပေလိမ့်မည်။ ထိုအရာက ဘာကို ညွှန်ပြနေသနည်း။ ကျူးမိသားစုက နန်းကုန်းအိုကို သူတို့လက်ထဲတွင် ချုပ်ကိုင်ထားနိုင်ပြီဟု သက်သေပြနေသည်လား။

အိမ်ရှေ့စံ နင်ယီက မေးလိုက်၏။ “အဘိုး.. ရှမ့်လန်ကို တိုက်ရိုက်ဖမ်းဆီးလိုက်တာ အကောင်းဆုံး ဖြစ်လိမ့်မယ်။ ဒီကိစ္စအတွက် ကောင်းကင်ပင်လယ်နန်းဆောင်ကို အသုံးပြုလို့ ရနိုင်လား။”

ကျူးဟုန်ကျူးက ခေါင်းခါယမ်းလိုက်သည်။ “မရနိုင်ဘူး”

အဖွဲ့အစည်းတိုင်း၌တန်ကြေးငွေ ရှိ၏။ တချို့သော အဖွဲ့အစည်းများ၏ တန်ကြေးက အလွန် မြင့်မား၏။ ဥပမာအားဖြင့် သာမန်ကျောင်းတစ်ခုကနေ ဘွဲ့လွန်တက်ဖို့အတွက် ငွေတစ်သန်း ပေးလျှင် ရကောင်းရနိုင်မည် ဆိုသော်လည်း Cambridge နှင့် Oxford ကဲ့သို့ တက္ကသိုလ်များဆီသို့ သွားရောက် တက်မည်ဆိုလျှင် ထိုကဲ့သို့သော ပမာဏကို စဉ်းစား၍ မဖြစ်နိုင်ချေ။ ရှမ့်လန် တစ်ယောက်လောက်က ကောင်းကင်ပင်လယ်နန်းဆောင်ကို လှုပ်ရှားစေဖို့ မထိုက်တန်ချေ။ ထို့ကြောင့် ကောင်းကင်ပင်လယ်နန်းဆောင်က သိက္ခာကျသည့် အလုပ်မျိုးကို ပြုလုပ်လိမ့်မည် မဟုတ်ချေ။

အိမ်ရှေ့စံမင်းသား နင်ယီက ပြောလိုက်၏။ “စေတီတောင်ရော၊ လတ်တလော ရှမ့်လန်လုပ်ခဲ့တဲ့ အရာတွေက သူတို့ရဲ့ သည်းခံနိုင်စွမ်းကို စိန်ခေါ်နေပြီ။”

ကျူးဟုန်ကျူးက ပြောလိုက်သည်။ “စေတီတောင်ရဲ့ ဩဇာလွှမ်းမိုးမှုက ရွှဲ့ပြည်နယ်ထဲမှာ မဟုတ်ဘူး။ ရှမ့်လန် လုပ်ခဲ့တာတွေက သူတို့ရဲ့ သည်းခံနိုင်စွမ်းကို စိန်ခေါ်ရုံပဲ ရှိသေးတယ်။ စည်းကျော်သွားတာမျိုး မဟုတ်သေးဘူး”

ထိုသို့ဆိုလျှင် ရှမ့်လန်ကို လုပ်ချင်ရာ လုပ်ခွင့်ပေးထားရတော့မည် မဟုတ်ပါလား။ ကျူးဟုန်ကျူးက ပြောပြီးနောက် ရေနွေးတစ်ခွက်ကို သောက်လိုက်၏။ “ရှမ့်လန်ကို တိုက်ခိုက်မယ့် ကိစ္စကို အရှင်မင်းသား လုပ်ပြီးပြီ မဟုတ်လား။”

အိမ်ရှေ့စံမင်းသား နင်ယီက ခေါင်းညိတ်လိုက်သည်။ “ဒါပေမဲ့ ကျုပ်က နိဗ္ဗာနတပ်တော် ဖြစ်လာဖို့အတွက် ရှိတဲ့ အရင်းအမြစ်တွေကို ဖျက်တောက်ရုံလောက်ပဲလေ”

“အဲဒါက မလုံလောက်ဘူး။”

ကျူးဟုန်ကျူးက ပြောလိုက်၏။ “စစ်တပ်ဆိုတာ တတိယမင်းသားရဲ့ နင်ချီရဲ့ နယ်မြေပဲ။ နင်ချီနဲ့ ဆွေးနွေးရမယ့် ကိစ္စတစ်ခု ရှိတယ်။ အနည်းဆုံးတော့ အရှင်မင်းသားတို့နှစ်ယောက်က ရှမ့်လန်နဲ့ နင်ကျန်းကို တိုက်ခိုက်ဖို့အတွက် ဘုံရည်မှန်းချက် တူနေကြတာပဲ။”

အိမ်ရှေ့စံ နင်ယီက တတိယမင်းသား နင်ချီနှင့် တွေ့ဆုံရန် ဘယ်တော့မှ ဦးဆောင်ပြီး လှုပ်ရှားမည် မဟုတ်ချေ။ သို့သော်ငြား ကျိုးကျောင်းရန်နှင့် ရွှယ်ရွှယ်တို့ကတော့ တွေ့ဆုံခဲ့ကြ၏။ ကျိုးကျောင်းရန် က အိမ်ရှေ့စံ၏ ကိုယ်လုပ်တော်တစ်ယောက် ဖြစ်သော်လည်း တကယ်တမ်းမှာတော့ ယင်ယွမ်အဖွဲ့အစည်း၏ ကျောထောက် နောက်ခံ ရှိ၏။ ထို့ပြင် မင်းသမီး နင်ဟန်၏ လူယုံဟုလည်း ယူဆနိုင်၏။

အမှန်စင်စစ်မှာတော့ နင်ဟန်က ဤကိစ္စကို ဘယ်တော့မှ ဝန်ခံလိမ့်မည် မဟုတ်ချေ။ ကျိုးကျောင်းရန် က ကောင်းကင်ပင်လယ် နန်းဆောင်ကို ကိုယ်စားမပြုနိုင်ချေ။ အများဆုံး သူမက မင်းသမီးနင်ဟန်၏ ပွဲစားတစ်ဦး ကဲ့သို့ပင်။

ရွှယ်ရွှယ်မူ ရန်နန်းဖေး၏တပည့် ရွှယ်ချီ၏ သမီးဖြစ်ရုံသာမက တတိယမင်းသား၏ ဒုတိယမိန်းမလည်း ဖြစ်၏။ ထို့ပြင် သူမ၏နောက်ကွယ်တွင် စေတီတောင်လည်း ရှိနေ၏။ သို့မဟုတ်ပါက ဓားဘုရင်၏ မိန်းမကို ဒုက္ခပေးနိုင်ခဲ့သည့် အဆိပ်ကို လက်ဝယ်ရရှိနိုင်လိမ့်မည် မဟုတ်ချေ။ ထိုအမျိုးသမီး နှစ်ယောက်တို့ တွေ့ဆုံသည့် အချိန်မှာတော့ တစ်ဦးနှင့်တစ်ဦး အထင်အမြင်သေးကြသည်ဆိုသော်လည်း ချီးကျူးစကားတော့ ပြောဆိုကြရသည်။

“အိမ်ရှေ့စံနန်းဆောင်က ကျိုးကျောင်းရန်.. ညီမ ရွှယ်ရွှယ်ကို နှုတ်ခွန်းဆက်သပါတယ်”

“ရွှယ်ရွှယ်ကလည်း အစ်မကျိုးကို နှုတ်ခွန်းဆက်သပါတယ်”

ပြီးနောက် သူတို့နှစ်ဦးက တိတ်ဆိတ်သွားခဲ့ကြ၏။ အချိန်ခဏကြာပြီးနောက် ကျိုးကျောင်းရန် က ပြောလိုက်၏။ “အိမ်ရှေ့စံမင်းသားရဲ့ သဘောဆန္ဒက ဒီငတုံး သုံးထောင်ကို တစ်ဝက်စီ ခွဲယူချင်တာပါ။”

သူတို့ပြောသည့် ငတုံးဆိုသည်မှာ ရှမ့်လန်၏ ဒုတိယမြောက် နိဗ္ဗာနစစ်သည်များပင် ဖြစ်၏။ ဗလာသွေးမျိုးဆက် ပိုင်ဆိုင်သည့် လူများကို ဆိုလိုခြင်း ဖြစ်၏။ ရှမ့်လန်က ထိုသူတို့ကို ဗလာသွေးမျိုးဆက် ပိုင်ရှင်များဟု ခေါ်ဝေါ်သုံးစွဲသော်လည်း အခြားသောသူများက ငတုံးများဟုသာ ခေါ်ဆိုကြသည်။

ရွှယ်ရွှယ်က ပြောလိုက်၏။ “ဒါက မတရားဘူး။ ငတုံးတွေကို လုယူပြီးတဲ့နောက်မှ သူတို့ရဲ့ ဗလာ သွေးမျိုးဆက်ကို ပြောင်းလဲပြီး လျှို့ဝှက်တပ်တစ်ခု ဖြစ်လာအောင်လုပ်ဖို့က စေတီတောင်နဲ့ ဆက်ဆံရေးအပေါ်မှာ မူတည်နေသေးတယ်။ ဒါကြောင့် တတိယမင်းသားက သုံးပုံနှစ်ပုံ ရသင့်တယ်။ အိမ်ရှေ့စံမင်းသားက သုံးပုံတစ်ပုံပဲ ရသင့်တယ်။”

ကျိုးကျောင်းရန် က ပြောလိုက်သည်။ “စေတီတောင်မှာ သူတို့ရဲ့ သွေးမျိုးဆက်ကို ပြောင်းလဲစေနိုင်တဲ့ နည်းလမ်း ရှိလို့လား။ ရှိရင်တောင်မှ သူတို့က ပေးချင်ပါ့မလား။”

ရွှယ်ရွှယ်က ပြန်ပြော၏။ “ဒီကိစ္စကို အစ်မ ပူစရာမလိုပါဘူး။”

ကျိုးကျောင်းရန် က ပြန်ပြောလိုက်သည်။ “ဒီငတုံးတွေရဲ့ သွေးမျိုးဆက်ကို ပြောင်းလဲနိုင်မယ့် နည်းလမ်းကို ရခဲ့တယ်ဆိုရင်တောင်မှ တို့ကို ပေးမှာမို့လား။ ညီမဆီမှာ စေတီတောင် ရှိသလို တို့ဆီမှာလည်း ကောင်းကင် ပင်လယ်နန်းဆောင် ရှိတယ်။ ဒီတော့ ညီမတို့ရဲ့ အကူအညီကို တောင်းခံစရာ မလိုပါဘူး။”

ရွှယ်ရွှယ်က ပြောလိုက်၏။ “ငတုံးတွေကို စောင့်ရှောက်ဖို့ ကောင်းကင်တာအို အဖွဲ့အစည်းက ထိပ်တန်းကျွမ်းကျင်သူ အများအပြားကို စေလွှတ်ထားတယ်။ ပြီးတော့ လမ်းကြောင်းတွေ ကလည်း လျှို့ဝှက်လွန်းတယ်။ သူတို့ ဘယ်ရောက်နေတာလဲ ဆိုတာ သိချင်ရင် ကျွန်မတို့ ရွှယ်မျိုးနွယ်ရဲ့ ရေနက်တပ်ဖွဲ့ကို အားကိုးရမှာ မဟုတ်လား။”

ကျိုးကျောင်းရန် က မဲ့ပြုံးပြောလိုက်သည်။ “နိဗ္ဗာနတပ်တော်က ရှမ့်လန်နဲ့ နင်ကျန်းပိုင်တယ်လို့ ပြောကြပေမဲ့ နောက်ဆုံးက အရှင်မင်းကြီး ပိုင်တာပဲ။ ရေနက်တပ်ဖွဲ့ကလည်း အရှင်မင်းကြီး ပိုင်တာပါ။”

ရွှယ်ရွှယ်က တိတ်ဆိတ်သွား၏။ ရေနက်တပ်ဖွဲ့ ဖြစ်စေ၊ တောင်ပင်လယ်ဓားဂိုဏ်း ဖြစ်စေ သူတို့အားလုံးက ဘုရင်မင်းမြတ်၏ လက်အောက်တွင်သာ ရှိနေ၏။

ကျိုးကျောင်းရန် က ပြောလိုက်သည်။ “ယင်ယွမ်အဖွဲ့အစည်းတစ်ခုတည်းကပဲ ရှမ့်လန်ရဲ့ ဒုတိယအသုတ် နိဗ္ဗာနတပ်သားတွေကို လုယူရဲမှာပေါ့”

ယင်ယွမ်အဖွဲ့အစည်းက အင်အားကြီးမားပြီး အရှင်မင်းကြီးနှင့် အဆင်မပြေဖြစ်နေပြီးသား ဖြစ်၏။ သူတို့က ထိုကဲ့သို့သော အရာများကို ပြုလုပ်ရဲကြ၏။

“ဒီလိုလုပ်ကြရအောင်။ ကျွန်မတို့ လုယူပြီးရင် ငတုံးသုံးထောင်ကို တစ်ဝက်စီ ခွဲယူကြမယ်။”

ရွှယ်ရွှယ်က ခဏလောက် တိတ်ဆိတ်ငြိမ်သက်သွားသည်။ ပြီးနောက် ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီလေ။ ဒါဆိုရင်လည်း တစ်ဝက်စီပေါ့။”

ရန်သူ၏ ရန်သူက မိတ်ဆွေဖြစ်၏။ ဤသည်မှာ အိမ်ရှေ့စံမင်းသားနှင့် တတိယမင်းသားတို့၏ ပထမဦးဆုံးအကြိမ် ပူးပေါင်းဆောင်ရွက်ခြင်းသာ ဖြစ်၏။

.......................

အချိန်များ ကုန်လွန်သွားခဲ့ပြီး နောက်ထပ် ဆယ်ရက် ကြာလွန်သွားခဲ့၏။ ရှမ့်လန် ရောင်းချခဲ့သည့် ရွှေနဂါးသွေး၏ အာနိသင်က တဖြည်းဖြည်းနှင့် မှေးမှိန်ပြီး ပျောက်ကွယ်လာ၏။ လှည့်စားခံလိုက်ရပြီဖြစ်ကြောင်း လူပေါင်းများစွာတို့က သိရှိလာခဲ့၏။ အစပိုင်းတုန်းက သူတို့က မိန်းမများနှင့် ထိတွေ့မိသောကြောင့် အာနိသင် ပျက်ပြယ်သွားခဲ့သည်ဟု ထင်ကြ၏။ အဘယ်ကြောင့်ဆိုသော် အာနိသင်က ပြင်းထန်လွန်းသောကြောင့်ပင်။

နင်ကျန်း ကိုယ်တိုင်ပင်လျှင် သောက်သုံးပြီးနောက် သူ၏မိန်းမကို အကြိမ်ကြိမ် ရှာဖွေခဲ့မိ၏။ ဤအသုံးမကျသည့် သူဌေးသားများဆိုလျှင် ဆိုဖွယ်ရာ မရှိချေ။ သူတို့က လုံးဝ မတောင့်ခံနိုင်ခဲ့ကြချေ။ သို့ပေမည့် သည်းခံနိုင်စွမ်းရှိပြီး အမျိုးသမီးများနှင့် မထိတွေ့ဘဲနေနိုင်သူ တချို့ရှိသော်လည်း ရွှေနဂါးသွေး၏အာနိသင်က ဆက်လက်ကာ ကျဆင်းခဲ့၏။

တိတ်တဆိတ် သတင်းများကို ဖလှယ်ရရှိခဲ့ပြီးနောက် သူတို့ အလိမ်ခံလိုက်ရပြီဖြစ်ကြောင်း သေချာသွားခဲ့၏။ တစ်ခဏအတွင်းမှာပင် သူတို့က အလုံးစုံ ဒေါသထွက်သွားခဲ့ကြသည်။ “ရှမ့်လန်.. မင်းက ငါတို့ရဲ့ ဂုဏ်သိက္ခာကို စော်ကားရုံနဲ့ မကဘူး။ ငါတို့ရဲ့ ဉာဏ်ရည်တွေကိုပါ ရှုံ့ချပစ်တာပဲ။ ငါတို့ရဲ့ ပိုက်ဆံတွေကိုလည်း လိမ်ယူခဲ့တယ်။ မင်း ဘယ်လိုဖြစ်ပြီး ဒီလောက် လုပ်ရဲတာလဲ။”

သို့သော်ငြား အစပိုင်းတွင် သူတို့က စိတ်ထဲတွင် ကျိန်ဆဲရုံသာ ရှိ၏။ အိမ်ပေါက်ဝဆီသို့ မသွားရဲကြချေ။ အဘယ်ကြောင့်ဆိုသော် ဤကိစ္စကို လူသိရှင်ကြား ဝန်ခံလိုက်သလို ဖြစ်ပေလိမ့်မည်။ ရှမ့်လန်ကို ငွေပေးသည့် မည်သူမဆိုက အိမ်ရှေ့စံမင်းသားနှင့် တတိယမင်းသားတို့၏ နာမည်ပျက်စာရင်းကို တင်သွင်းခြင်း ခံရပေလိမ့်မည်။ ထို့ကြောင့် သူတို့က တိတ်တဆိတ်သာ ခံစားနေကြရ၏။ စိတ်ထဲတွင် ရှမ့်လန်ကို အကြိမ်ပေါင်းများစွာ ဆဲဆိုနေ၏။

သို့ပေမည့် မနေ့ညက အိမ်ရှေ့စံမင်းသား၏ နန်းဆောင်နှင့် တတိယမင်းသား၏ နန်းဆောင်တို့ဆီမှ သတင်း ထုတ်ပြန်ချက် ထွက်ခဲ့၏။ ရှမ့်လန်ကို ငွေပေးခဲ့သူများအတွက် ပြီးခဲ့တာတွေကို ခွင့်လွှတ်ပေးလိုက်မည်ဆိုသော ကြေညာချက်ပင်။

ဘာကို ဆိုလိုကြောင်း နားလည်လိုက်ကြ၏။ ရှမ့်လန်၏အိမ်သို့ သွားရောက် ပြဿနာရှာစေရန် အားလုံးကို မြှောက်ပေးလိုက်ခြင်းပင် ဖြစ်၏။ ထို့ကြောင့် အသုံးမကျသည့် သူဌေးသားပေါင်းများစွာတို့က မိတ်ဆွေများကို ခေါ်ယူပြီး လူထောင်ပေါင်းများစွာ စုရုံးကာ ရှမ့်လန်၏ အိမ်ပေါက်ဝသို့ သွား၏။ “ပိုက်ဆံပြန်ပေး၊ ပိုက်ဆံပြန်ပေး.. ပိုက်ဆံပြန်ပေးစမ်း။”

လူထောင်ပေါင်းများစွာတို့က နင်ကျန်း၏ ချန်းဖန်မြို့စား အိမ်တော်ဆီသို့ ဝန်းရံလာခဲ့၏။ အမှန်စစ်စစ် ရှမ့်လန်က ထိုငွေများထဲမှ ရွှေဒင်္ဂါးတစ်ပြားကိုမှ မယူခဲ့ကြောင်း လူတိုင်းသိ၏။ သူက ငွေအားလုံးကို စစ်စရိတ်အဖြစ် အရှင်မင်းကြီးဆီ အပ်နှံခဲ့ပြီး သူ့ဘက်ကပင် အနည်းငယ် စိုက်ထုတ်ပေးခဲ့သေးသည်။

သို့သော်ငြား ဤလူများက အသုံးမကျသည့် လူများ ဖြစ်လေရာ ထိုအချက်ကို မည်သို့ ဂရုစိုက်မည်နည်း။ ထို့ပြင် ရွှဲ့ပြည်နယ်၏ ဩဇာအာဏာရှိသည့် မိသားစု ထက်ဝက်ကျော်တို့က ဤနေရာတွင် ရှိနေ၏။ အရှင်မင်းကြီး အနေဖြင့် သူတို့အားလုံးကို ဖမ်းဆီးနိုင်လိမ့်မည် မဟုတ်ချေ။ ဥပဒေက လူအုပ်ကြီးကို အပြစ်ပေး၍ မဖြစ်နိုင်ချေ။

ဤလူအုပ်စုက ချန်းဖန်မြို့စားနေအိမ်တော် အတွင်းသို့ ဝင်ရောက်စီးနင်းရန် မဝင့်ရဲဘဲ အပြင်ဘက်မှာသာ အော်ဟစ်နေကြ၏။ သူတို့က ပင်းအား၊ ဝမ်နျဉ်ခရိုင်ရုံးများဆီသို့ တိုင်ကြားစာကို ပို့သားခဲ့ပြီးသား ဖြစ်၏။ ပြီးနောက် ထျန်းရွှဲ့အုပ်ချုပ်ရေးမှုးရုံးသို့လည်း တိုင်ကြားကြ၏။

အမှန်စစ်စစ် ဤကဲ့သို့ ရှုပ်ထွေးသည့် အမှုကိစ္စကြီးကို ရှင်းလင်းအောင် ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ချေ။ အသုံးမကျသည့် သူဌေးသားအုပ်စုတွင် အချိန်ပို အများကြီး ရှိနေ၏။ သူတို့က ချန်းဖန်မြို့စား အိမ်တော်ကို နေ့တိုင်း ဝန်းရံထားခဲ့၏။ ပြီးနောက် ဆဲဆိုသံများကလည်း ပိုမို ဆိုးရွားလာခဲ့သည်။

“ရှမ့်လန်.. မင်းက မိန်းမ မယူဘဲ သားမွေးထားတာလား”

“ရှမ့်လန်... မင်းက ငါတို့ပိုက်ဆံတွေကို လိမ်ယူသွားတာပဲ။ မင်းသေချင်သလို သေရမှာပေါ့”

“ရှမ့်လန် မင်းပိုက်ဆံလိုချင်ရင် မင်းမိန်းမကို ရောင်းစားလိုက်ပါလား။ ဘာလို့ ငါ့ပိုက်ဆံတွေကို လိမ်ယူရတာလဲ။”

ဤကဲ့သို့သော စကားလုံးနှင့် တိုက်ခိုက်မှုများကို ရင်ဆိုင်ရသည့်အချိန်မှာတော့ ရှမ့်လန်က ဒေါသ မထွက်သော်လည်း အရှင်မင်းကြီးက ဒေါသထွက်၏။ နန်းတွင်းကိုယ်ရံတော် တပ်ဖွဲ့ကို စေလွှတ်ကာ မောင်းထုတ်ခိုင်း၏။ အဘယ်ကြောင့်ဆိုသော် အရှင်မင်းကြီးက ဤငွေများ၏ အဆုံးသတ် အကျိုးကို ခံစားရသည့် သူ ဖြစ်၏။ လက်ရှိအခြေအနေ၌ ရှမ့်လန်က အရှင်မင်းကြီး၏ ကိုယ်စား ခေါင်းခံနေခြင်းသာ ဖြစ်၏။

သို့သော်ငြား ဤကိစ္စက လူအများအပြား ပါဝင်ပတ်သက်လျက် ရှိနေ၏။ လူပေါင်းများစွာတို့၏ ငွေများကို လိမ်လည် ရယူထားသဖြင့် အရှင်မင်းကြီးက အနည်းငယ် အားနာသလို ခံစားရ၏။ အများဆုံးအနေဖြင့် သူက မောင်းထုတ်ရုံသာ တတ်နိုင်၏။ ဖမ်းဆီး၍ မရနိုင်ခဲ့ချေ။

နောက်ဆုံးမှာတော့ ရှမ့်လန်က အရှင်မင်းကြီး၏ စေတနာကို ငြင်းပယ်လိုက်၏။ ဤကိစ္စကို သူကိုယ်တိုင် ဖြေရှင်းရပေလိမ့်မည်။

“အူဝဲ အူဝဲ အူဝဲ။”

ရှမ့်လန်၏ အဖိုးတန် သမီးလေးက ကျယ်လောင်စွာ ငိုကြွေး၏။ သူမက တကယ်ကို လိမ္မာပြီး ဘယ်တော့မှ မငိုဖူးပေ။ အပြင်ဘက်တွင် ဆူညံလွန်းသောကြောင့် ကလေးလေးက အိပ်မပျော်နိုင် ဖြစ်နေ၏။

အစပိုင်းတွင် ဤအသုံးမကျသည့် သူဌေးသားအုပ်စုက သတိထား၍ ကျိန်ဆဲကြ၏။ နောက်ပိုင်း အရှင်မင်းကြီးနှင့် ရှမ့်လန်တို့ဆီမှ တုန့်ပြန်မှု မရသည့်အချိန်တွင် အပြစ်ရှိ၍ လိမ်ပြာမလုံခြင်းဖြစ်ကြောင်း ထင်မြင်သွားခဲ့သည်။

“သူ ငါတို့ ပိုက်ဆံတွေ အများကြီးကို လိမ်ယူထားခဲ့တာ။ အခုအချိန်ဆို လိပ်ပြာမလုံ ဖြစ်နေမှာ သေချာတယ်”

“ငါတို့က ရွှဲ့ပြည်နယ်ရဲ့ မြင့်မြတ်တဲ့ လူတန်းစားထက်ဝက်ကျော်ကို ကိုယ်စားပြုနေတာပဲ။ ရှမ့်လန်မှာ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ရှိတယ်ဆိုရင်တောင် ငါတို့အားလုံးရဲ့ ရန်သူအဖြစ် ပြုလုပ်ရဲမှာ မဟုတ်ဘူး”

ပြီးနောက် ဤလူစုက ပိုမိုကြမ်းတမ်းစွာဖြင့် ဆဲဆိုလာခဲ့ကြ၏။ သူတို့ကိုယ်တိုင် မလုပ်နိုင်ကြသလို၊ သူတို့ အားလုံးက အရေအတွက်နည်းပြီး နူးညံ့သည့် သူဌေးသားများ ဖြစ်ကြ၏။ ရွှေနဂါးသွေး၏ အာနိသင်ကလည်း ကုန်ဆုံးသွားခဲ့ပြီဖြစ်၍ အသုံးမကျသည့် လူများအဖြစ်သို့ ပြန်လည် ပြောင်းလဲသွားခဲ့၏။ ထို့ကြောင့် ဆဲဆိုရန် အင်အားဟူ၍ မရှိတော့ချေ။ ထို့ကြောင့် ဆဲဆိုရန် လူမိုက်များကိုပင် ငှားရမ်းလာခဲ့၏။

လူဆိုးတစ်စုက မလုပ်ရဲကြသော်လည်း အသုံးမကျသည့် သူဌေးသားများက ငွေကြေးအမြောက်အမြားကို ပေးပြီး ခိုင်းစေခဲ့သောကြောင့် အားတင်းကာပြုလုပ်ကြရ၏။ ထို့အပြင် ဤကဲ့သို့ မြင့်မြတ်သည့် လူတန်းစားများနှင့် ရင်းနှီး ပတ်သက်ပြီး မိတ်ဆွေဖွဲ့ရသည့် အခွင့်အရေးကိုလည်း ရရှိနိုင်သည် မဟုတ်ပါလား။

ဤတစ်ကြိမ်မှာတော့ သူတို့က တတိယမင်းသားနှင့် အိမ်ရှေ့စံမင်းသားတို့၏ ထောက်ခံမှုကိုပင် ရရှိထား၏။ ထို့ကြောင့် ရဲတင်းသည့် လူမိုက်တချို့က မျက်နှာဖုံးများကို ဝတ်ဆင်ကာ သူဌေးသားများအတွက် လာရောက်ကာ ဆဲဆိုပေးကြသည်။

ရှမ့်လန် မတုံ့ပြန်သည်ကိုမြင်ရတော့ ဤလူစုက ပိုမိုကာ ရဲတင်းလာခဲ့၏။ လူအုပ်များက ပိုမိုကာ များပြားလာ၏။ နောက်ဆုံးမှာတော့ ချန်းဖန်မြို့စားအိမ်တော် တစ်ခုလုံးကို လူသုံးထောင်မှ ငါးထောင်အထိ ဝိုင်းရံထားပြီး ဖြစ်၏။ သူတို့က နေ့ရောညပါ အကြမ်းတမ်းဆုံး နည်းလမ်းများဖြင့် ကျိန်ဆဲနေ၏။

ရှမ့်မီက အိပ်မပျော်ဘဲ ကြောက်လန့်နေခဲ့၏။ နောက်ပိုင်း ဤလူစုက ချန်းဖန်မြို့စားအိမ်တော်ထဲသို့ မစင်များကို လောင်းထည့်ရန်ပင် ဝင့်ရဲလာခဲ့ကြ၏။ တစ်ခဏအတွင်း နေအိမ်တစ်ခုလုံး ဆိုးရွားသည့် အနံ့ဆိုးများဖြင့် ပြည့်နှက်သွားသည်။

ရှမ့်လန်က ရှမ့်မီကို ပွေ့ဖက်ကာဖြင့် ငြင်သာစွာ နှစ်သိမ့်ပေး၏။ “သမီး.. မကြောက်နဲ့။ မကြောက်နဲ့တော့”

ကလေးလေးက တဆတ်ဆတ် တုန်ယင်သည်အထိ ငိုကြွေးနေ၏။ ပင်းအာက ဝင်ထိန်းပြီး နို့တိုက်လိုက်မှ ကလေးက တဖြည်းဖြည်း ငြိမ်သက်သွားသည်။

“သမက်တော် သွားပြီး စစ်တပ်တွေကို ခေါ်လိုက်ပါတော့။” ပင်းအာက ဒေါသတကြီး ပြောလိုက်၏။

ရှမ့်လန်က ပြောလိုက်သည်။ “ခဏပါပဲ။ ခဏလေးပဲ”

မင်းသားနင်ကျန်းရဲ့ ကိစ္စရပ်များက ပြီးလုနီးပါး ဖြစ်နေသည်။ မြို့စောင့်တပ်၏ လေ့ကျင့်မှုက ပြီးဆုံးပေတော့မည်။ အရာအားလုံး၏ အစီအစဉ်က ရှင်းလင်းရပေလိမ့်မည်။ နင်ကျန်းအတွက် အရေးကြီးဆုံး အရာက မြို့စောင့်တပ် နှစ်သောင်းကို သူ၏ လက်ထဲတွင် လုံးဝထိန်းချုပ်ထားနိုင်ရန် ဖြစ်၏။ မြို့စောင့်တပ်ကို ထိန်းချုပ်မှသာ မြို့တော်ရှိ လူမိုက်များကို ရှင်းလင်းနိုင်ပေလိမ့်မည်။

All Chapters