အခန်း (၅၆၃-၅၆၄)
Vol. 38 Ch. 563-564
အပိုင်း (၅၆၃)
အမှန်တကယ်တွင်တော့ ဘုရင်မင်းမြတ်က ဤရက်ပိုင်းအတွင်း အချိန်အများစုကို နင်ကျန်းအကြောင်း လျှို့ဝှက် အစီရင်ခံစာများ ဖတ်ရှုခြင်းဖြင့် ကုန်ဆုံးခဲ့၏။ သူက နင်ကျန်းကို မကြိုက်ပေ။ သို့သော်ငြား ထီးနန်းလုပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ဖို့ လူသိရှင်ကြား တရားဝင် သဘောတူထောက်ခံထားခဲ့ပြီး ဖြစ်သောကြောင့် ဤသားအကြောင်းကို သေချာပေါက် နားလည်ရပေလိမ့်မည်။ ဘာပဲပြောပြော ဤအရာက တိုင်းပြည်နှင့် သက်ဆိုင်သော ကိစ္စတစ်ခု ဖြစ်သည်မို့ ပေါ့ဆ၍ မရချေ။
ရလဒ်အားဖြင့် နင်ယွမ်ရှန်းကို တကယ်ပင် တုန်လှုပ်စေခဲ့၏။ သူ မအံ့ဩခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် နင်ကျန်း၏ နည်းလမ်းများက ထူးချွန်ပြောင်မြောက်ခြင်းမရှိသလို အထူးတလည် ဉာဏ်ကောင်းနေခြင်းလည်း မရှိပေ။ ပြဿနာဖြေရှင်းသည့် လုပ်ငန်းစဉ်က တော်တော်လေး ရှုပ်ထွေးပြီး အချိန်ကြာမြင့်မှာ ဖြစ်သောကြောင့်ပင်။
သို့သော်ငြား စေ့စပ်သေချာ၏။ စစ်မှန်သည့် ရာဇဝတ်ကောင်များမှလွဲ၍ ပြဿနာရှာသော မြို့စောင့်တပ်သားများ ဖြစ်စေ၊ ပါးစပ်ဖြင့်သာ အလုပ်လုပ်သည့် လက်အောက်ငယ်သား အရာရှိများဖြစ်စေ သူက အလွန်ကို သည်းခံခွင့်လွှတ်ပြီး အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းကို မပြုလုပ်ခဲ့ချေ။ အကယ်၍ ရှမ့်လန် သို့မဟုတ် နင်ယွမ်ရှန်းသာ ဆိုပါက လူပေါင်းများစွာကို သတ်ဖြတ်ပြီးလောက်ပြီ ဖြစ်သည်။
အထူးသဖြင့် စကားတစ်ခွန်း၏ တစ်ဝက်လောက်ကိုတောင် နားထောင်ဖို့ စိတ်ရှည်သည်းခံခြင်း မရှိသည့် ရှမ့်လန် ဆိုလျှင် ပိုမိုကာ ဆိုးရွားလွန်း၏။ ရှိသမျှလူပေါင်းများစွာကို သတ်ဖြတ်ပစ်မှာ သေချာ၏။ နင်ကျန်းက စေ့စပ်သေချာပြီး သူ၏ နည်းလမ်းများက ပြိုင်ဘက်ကင်းလောက်အောင် ဖြောင့်မတ်မှန်ကန်၏။
နင်ယွမ်ရှန်းက ဤကဲ့သို့သောလူမျိုးကို အမုန်းဆုံး ဖြစ်၏။ အရမ်းကို တုံးအပြီး တကယ်လည်း ပင်ပန်းလွန်းသည် ဟု ခံစားရ၏။ သို့ပေမည့် လက်ရှိအချိန်တွင် ရွှဲ့ပြည်နယ်က ထိုကဲ့သို့ တုံးအသည့် အုပ်ချုပ်သူ တစ်ယောက်ကို လိုအပ်နေ၏။ ထိုမှသာလျှင် နိုင်ငံ၏အုပ်ချုပ်ရေးတာဝန်ကို ဂရုတစိုက် ကိုင်တွယ်ဖြေရှင်းပြီး လျှို့ဝှက် အန္တရာယ်တိုင်းကို ဖယ်ရှားပစ်နိုင်မည်။
ထပ်တလဲလဲ ဖတ်ရှုပြီးနောက် နင်ယွမ်ရှန်းက မည်သို့မှ မမေးနိုင်ဘဲ မနေနိုင်တော့ချေ။ “လီစွမ်း... နင်ကျန်းက သာမန်ဆန်လွန်းမနေဘူးလား။”
လီစွမ်းက တိတ်ဆိတ်လျက် ရှိနေ၏။ နင်ကျန်းကို သာမန်ဆန်သည်ဟု သူ မထင်ချေ။ ဆန့်ကျင်ဘက်အားဖြင့် ဤကောင်လေး၏ စိတ်ဓာတ်ကြံ့ခိုင်မှုက အားအကောင်းဆုံး ဖြစ်သည်ဟု သူက ထင်မြင်မိ၏။ နင်ယွမ်ရှန်း နတ်ရွာစံပြီးနောက် အမွေဆက်ခံရသည့် ရွှဲ့ပြည်နယ်က ပျက်စီးယိုယွင်းနေလိမ့်မည်ဟု မဆိုနိုင်ပေ။ အတော်လေး အင်အားကြီးမားလာတာမျိုးလည်း ဖြစ်နိုင်၏။
မည်သို့ပင်ဖြစ်စေ မရေတွက်နိုင်သည့် လျှို့ဝှက်အန္တရာယ်များနှင့် ပြဿနာများ ရှိနေသည်မှာတော့ သေချာ၏။ နင်ယွမ်ရှန်းက ထက်မြက်လွန်းသောကြောင့် ဤလျှို့ဝှက်အန္တရာယ် အားလုံးကို ရှောင်ရှားနိုင်ခဲ့သည်။
သို့သော်ငြား ဤပြည်တည်နာများက အချိန်တစ်ခုအထိ တည်ရှိနေခဲ့ပြီး မကြာခင် ပေါက်ကွဲမည့် အခြေအနေဆီသို့ ရောက်ရှိလာပေလိမ့်မည်။ ရွှဲ့ပြည်နယ်၏ ရှုပ်ထွေးပွေလီလွန်းသည့် ပြည်တွင်းရေး ကိစ္စရပ်များနှင့် ရင်ဆိုင်သည့် အချိန်တွင် စိတ်ဓာတ်ကြံ့ခိုင်မှုနည်းပါးသော ဘုရင်တစ်ယောက်ယောက်သာဆိုပါက အားလုံးကို အရှုံးပေးရ ပေလိမ့်မည်။ သို့မဟုတ် ခေါင်းမခံချင်ဘဲ ရှောင်လွှဲပေလိမ့်မည်။
မူဝါဒသစ်က ကောင်းမွန်ကြောင်း နင်ယွမ်ရှန်းက သိ၏။ သို့သော်ငြား သူက ရွှယ်မိသားစု၊ ကျင်းမိသားစုနှင့် ကျုံးမိသားစုတို့ကို ဘာမှမလုပ်ဘဲ လွှတ်ပေးခဲ့ရ၏။ သို့သော်ငြား မူဝါဒအသစ်၏ နောက်ဆက်တွဲ မအောင်မြင်မှု များကို ခေါင်းခံမည့် ဘုရင်လိုလာပေမည်။
မိန်းမစိုးတစ်ဦးအနေဖြင့် လီစွမ်းက နိုင်ငံရေးတွင် ပါဝင်စွက်ဖက်ခွင့် မရှိချေ။ သို့သော်ငြား သူက ဘုရင်မင်းမြတ်၏ အစေခံတစ်ဦး ဖြစ်၏။ ထို့အပြင် သူက ဤနိုင်ငံကို နှလုံးသားထဲက ချစ်မြတ်နိုး၏။ ထို့ကြောင့်ပင်လျှင် သူက တဖြည်းဖြည်း စောင့်ကြည့် လေ့လာခဲ့၏။
ရှမ့်လန်ကို သူက တဖြည်းဖြည်း နှစ်သက် သဘောကျလာကြောင်း တွေ့ရှိရ၏။ ရှမ့်လန်က စိတ်မချရသလို စကားလုံးများကလည်း လုံးဝ စိတ်ချရခြင်း မရှိသော်လည်း ဆုံးဖြတ်ချက်များက တကယ့်ကို တိကျမှန်ကန်၏။ မင်းသားနင်ကျန်းက အိမ်ရှေ့စံနှင့် မတူသလို တတိယမင်းသား နင်ချီနှင့်လည်း ကွဲပြားသည်။
ရှမ့်လန် လဝက်အတွင်း သုံးသန်းရှာခဲ့မည်ဟူသည့် အကြောင်းကို နင်ယွမ်ရှန်းက တွေးမိ၏။ “ဒီကြောင်တောင်တောင် ကောင် စပြီး လှုပ်ရှားနေပြီလား မသိဘူး။”
လီစွမ်းက ခေါင်းနပန်း ကြီးသွားသည်။ “သူ စနေပါပြီ”
ပြီးနောက် အသေးစိတ် လျှို့ဝှက်အစီရင်ခံစာများကို ကမ်းပေးလိုက်၏။
ဘုရင်မင်းမြတ်က လျင်လျင်မြန်မြန် ဖတ်ရှုပြီး အံ့ကြိတ်ကာ ပြောလိုက်သည်။ “ဒီကောင်လေးက လေလုံးထွားလွန်းနေတာ မဟုတ်ဘူးလား။”
...........
လွန်ခဲ့သည့် ရက်အနည်းငယ်က နန်းမြို့တော်ထဲတွင် မိစ္ဆာလေ တိုက်ခိုက်လာခဲ့၏။ အတိအကျ ပြောရမည်ဆိုလျှင် မိစ္ဆာလေနှစ်ချက် တိုက်ခိုက်ခဲ့ခြင်းပင်။ ပထမ မိစ္ဆာလေက အိမ်ရှေ့စံမင်းသားနှင့် တတိယမင်းသားတို့၏ အဖွဲ့အစည်းများထံမှ တပြိုင်နက်တည်း တိုက်ခိုက်လာခဲ့ခြင်း ဖြစ်၏။
ဘုရင်မင်းမြတ်က နင်ကျန်းကို တစ်လအတွင်း ရွှေဒင်္ဂါးသုံးသန်း ရှာဖွေရန် အမိန့်ပေးခဲ့၏။ ဤတာဝန်က ရှမ့်လန် ခေါင်းပေါ် ကျရောက်လာမည် ဖြစ်ကြောင်း လူတိုင်းသိရှိ၏။ ထို့အပြင် ကောင်းကင်တာအိုအဖွဲ့အစည်းက ငွေချေးပေးမည် မဟုတ်ဆိုသော ကောလာဟလများလည်း ရှိ၏။ ယင်ယွမ်အဖွဲ့အစည်းကလည်း ထုတ်ပေး နိုင်လိမ့်မည် မဟုတ်ချေ။
အိမ်ရှေ့စံနှင့် တတိယမင်းသားတို့၏ အဖွဲ့အစည်းများက တိုက်ရိုက်ရော၊ သွယ်ဝိုက်သော နည်းလမ်းဖြင့် ညွှန်ကြားချက်များကို ပေး၏။ ရှမ့်လန် ပိုက်ဆံရှာ၍ မရအောင် တားဆီးရပေလိမ့်မည်။ သူတို့ တားဆီးနိုင်မည့် နည်းလမ်းကလည်း တကယ့်ကို ရိုးရှင်းလွန်းသည်။
ရှမ့်လန်က ယင်ယွမ်အဖွဲ့အစည်း သို့မဟုတ် ကောင်းကင်တာအိုအဖွဲ့အစည်းဆီမှ ပိုက်ဆံမရရှိနိုင်သောကြောင့် နန်းမြို့တော်၏ သူဌေးကြီးများထံမှ ပိုက်ဆံရယူရန် သေချာပေါက် ကြိုးစားလိမ့်မည် ဟူ၍ပင်။ ဘယ်သူဌေးမှ ရှမ့်လန်နှင့် ငွေရေးကြေးရေး ဆက်ဆံခွင့် မရှိရ၊ စီးပွားရေး မလုပ်ရ၊ အလှူငွေ မထည့်ရ မဟုတ်ပါက အိမ်ရှေ့စံမင်းသားနှင့် တတိယမင်းသားတို့၏ အမည်ပျက်စာရင်း တင်သွင်းခြင်းကို ခံရမည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းပင်။
သူဌေးအားလုံးက ရှမ့်လန်ကို ကြေးတစ်ပြားမှ ပေးမည် မဟုတ်ကြောင်းနှင့် တစ်ပြားဖိုးမှ စီးပွားရေး အတူတူ ယှဉ်တွဲကာ လုပ်မည်မဟုတ်ကြောင်း ထုတ်ဖော်ကာ ပြောကြားကြ၏။ ဤလူများက တကယ့်ကို စိတ်ဆုံးဖြတ်ချက် ပိုင်နိုင်ကြ၏။
နန်းမြို့တော်တွင် တတိယမင်းသား သို့မဟုတ် အိမ်ရှေ့စံမင်းသား တစ်ဦးဦးကို ပြစ်မှားမိလျှင် အသက်ရှင်ခွင့် ရနိုင်သေး၏။ သို့ပေမည့် အိမ်ရှေ့စံ၊ တတိယမင်းသားနှင့် ယင်ယွမ်အဖွဲ့အစည်းတို့ကို ပြစ်မှားမိသည် ဆိုပါကတော့ အခြေခံအားဖြင့် အနာဂတ်ရှိတော့မှာ မဟုတ်ချေ။ မည်သည့် စီးပွားရေးကိုမှလည်း ပြုလုပ်၍ ရတော့မည် မဟုတ်ချေ။
အိမ်ရှေ့စံ၊ တတိယမင်းသားနှင့် ယင်ယွမ်အဖွဲ့အစည်းတို့က ပူးပေါင်းပြီး ရှမ့်လန်၏ ငွေကြေးထောက်ပံ့မှုကို ဖြတ်တောက်ရန် ကြိုးစားနေကြ၏။ သူတို့က ငွေကြေးရင်းမြစ်ကို ဖြတ်တောက်နိုင်သမျှ ကာလပတ်လုံး ရှမ့်လန်အနေနှင့် ကောင်းကင်ပေါ်သို့ ပျံတက်သွားမည် ဆိုလျှင်တောင် ပိုက်ဆံရှာဖွေနိုင်လိမ့်မည် မဟုတ်ချေ။
ရက်စွဲက တဖြည်းဖြည်းနှင့် နီးကပ်လာသည်။ ရှမ့်လန်က သူဌေးကြီးများကို လိုက်လံပြီး စီးပွားရေးကိစ္စများ ဆွေးနွေးခြင်းမျိုး မတွေ့ရသလို အလှူငွေကိစ္စများကိုလည်း ပြောဆိုခြင်း မရှိချေ။ သို့သော်ငြား တခြားသော မကောင်းဆိုးဝါးလေ က တစ်ချက် ထွက်ပေါ်လာသည်။
“ရှမ့်လန်ဆိုတဲ့ကောင်လေးက ဆိုးသွမ်းတယ်ဆိုပေမဲ့ တကယ်စွမ်းတယ်။ သူက သူတောင်းစား ဆယ့်တစ်ယောက်ကို ခေါ်ပြီးတဲ့နောက်မှာ အားလုံးက အထူးစာမေးပွဲ အောင်သွားခဲ့ကြတယ်။ ဒါတင် မကဘူး။ အသုံးမကျတဲ့ လူ ၂၀၀၀ ကို ဖမ်းဆီးသွားခဲ့သေးတယ်။ အားလုံးက အစတေးခံတွေလို့ ထင်ခဲ့တယ် မဟုတ်လား။ ဒါပေမဲ့ ဒီလူတွေက ရွှဲ့ပြည်နယ်ရဲ့ နံပါတ်တစ် နိဗ္ဗာ စစ်သည်တွေ ဖြစ်လာခဲ့ကြတယ်။ ချောင်ပြည်နယ်ရဲ့ လက်ရွေးစင် စစ်သည် ၅၀၀၀ ကျော်ကိုတောင် သုတ်သင်ပစ်ခဲ့တယ်။ ပြီးတော့ သူတို့ လေ့ကျင့်ခဲ့တာ သုံးလပဲ ရှိသေးတယ်။”
“ဘာလို့လဲ ခင်ဗျား သိလား။ ဘာလို့လဲဆိုတော့ ရှမ့်လန်က မှော်ဆန်အောင် ပြောင်းလဲနိုင်တဲ့ စွမ်းရည်ရှိနေလို့။ တကယ့်ကို အံ့အားသင့်စရာ ကောင်းတယ်။”
“ဟုတ်တယ်။ ဒါက လုံးဝ အံ့အားသင့်စရာပဲ။ ပြီးတော့ ရှမ့်လန်ဆီမှာ ရွှေနဂါးသွေးဆိုတာ ရှိတယ်။ အဲဒါကို သောက်လိုက်မယ်ဆိုရင် သွေးမျိုးဆက် ပါရမီကို ပြောင်းလဲပေးနိုင်တယ်။ ခွန်အား၊ စိတ်စွမ်းအားနဲ့ အမြန်နှုန်း .... အားလုံးက ဆယ်ဆကျော် တိုးလာလိမ့်မယ်”
“ခင်ဗျား ပေါက်ကရတွေ လျှောက်ပြောနေတာလား။ လောကကြီးမှာ ရွှေနဂါးသွေးဆိုတာ ဘယ်လိုလုပ် ရှိမှာလဲ”
“ဒါဆို ကျုပ်ကို ပြောစမ်းပါ။ အဲဒီ အသုံးမကျတဲ့ အမှိုက်သရိုက်လို လူ ၂၀၀၀ ကျော်က သုံးလတည်းနဲ့ ဘယ်လိုလုပ် အသွင်ပြောင်းသွားတာလဲ။ သူတို့က ဘယ်လိုဖြစ်ပြီးတော့ ဒီလို အားကောင်းတဲ့သူတွေ ဖြစ်လာခဲ့တာလဲ။”
ဤအရာက အံ့အားသင့်စရာ ကောင်းသည့် ကိစ္စရပ်တစ်ခုဖြစ်ပြီး မည်သို့မှ အကျိုးအကြောင်းသင့် ရှင်းပြ၍ မရနိုင်သည့် ကိစ္စရပ်မျိုးပင်။
“ဒါပေမဲ့ ဒီလောကကြီးထဲမှာ နဂါးဆိုတာမှ လုံးဝမရှိတာ။"
"သာမန်လောကမှာ နဂါးသွေးမရှိဘူး ဆိုပေမဲ့ ရှေးဟောင်း အပျက်အစီးနယ်မြေထဲမှာတော့ ရှိနိုင်တယ်။ အဲဒီ ရွှေရောင်နဂါးသွေးက ပင်လယ်ရပ်ခြားက ရှေးဟောင်းအပျက်အစီး နယ်မြေတစ်ခုကနေ ရှာဖွေတွေ့ရှိခဲ့တာတဲ့။ ဒါကြောင့်လည်း ကောင်းကင်ပင်လယ် နန်းဆောင်က ဆရာကြီးတွေက သူတို့အလုပ်တွေကို ပစ်ထားပြီး အဲဒီ ရွှေနဂါးသွေးကို ရဖို့ ပင်လယ်ရပ်ခြားက အပျက်အစီးတွေကို တစ်နှစ်ပတ်လုံး ရှာဖွေ တူးဖော်နေကြတာပေါ့”
“နေပါအုံး။ ဒါက မဟုတ်သေးပါဘူး။ ရှမ့်လန်က ဒီလောက် အားနည်းတာ ရှေးဟောင်းအပျက်အစီးနယ်မြေထဲကို ဘယ်လိုလုပ် ဝင်မှာလဲ။ ရွှေနဂါးသွေးကိုရော သူက ဘယ်လိုလုပ် ရမှာလဲ။”
“အဲဒါ မင်းနားမလည်သေးဘူးလေ။ ချောင်ယောင်းအာက ပြိုင်ဘက်ကင်းတယ်။ ပင်လယ်ရပ်ခြား နိုင်ငံပေါင်းများစွာဆီ သွားပြီးဖျက်ဆီးပစ်ခဲ့တယ်။ တစ်ရက်ကျတော့ သူ့ရဲ့ရေတပ်ကြီးက မုန်တိုင်းမိပြီး လူသူကင်းမဲ့တဲ့ ကျွန်းပျက်ကြီးဆီကို ရောက်သွားတယ်။"
“ချောင်ယောင်းအာ က အဲဒီထူးဆန်းတဲ့ ကျွန်းပျက်ကြီးပေါ်ကိုတက်ပြီး တစ်လလုံးလုံး ပျောက်ချင်းမလှ ပျောက်သွားခဲ့တယ်။ ပြန်လာတဲ့အချိန်မှာတော့ လေတွေ၊ မိုးတွေကိုတောင် ဆင့်ခေါ်နိုင်တယ်။ ဒီရေတွေကိုတောင် မြင့်တက်လာအောင် လုပ်နိုင်ခဲ့တယ်။ ပြိုင်ဘက်ကင်း သိုင်းပညာရှင်တစ်ယောက် ဖြစ်နေပြီ။ သူ့ရဲ့ ရေတပ်ကြီးက ပင်လယ်ပြင်ကို ပြန်ထွက်လာပြီးနောက် ထူးဆန်းတဲ့ ကျွန်းပျက်ကြီးက ချက်ချင်းပြိုကျပြီး ပျောက်ကွယ်သွားခဲ့တယ်တဲ့”
“ခင်ဗျား ပြောချင်တာ အဲဒီထူးဆန်းတဲ့ ကျွန်းပျက်ကြီးက ရှေးဟောင်းအပျက်အစီးနယ်မြေ တစ်ခုလား။”
“ဟုတ်တာပေါ့။ ချောင်ယောင်းအာက ရွှေနဂါးသွေးကို အဲဒီ ရှေးဟောင်းအပျက်အစီးနယ်မြေထဲကနေ ရခဲ့တယ်”
“ဒါပေမဲ့ ချောင်ယောင်းအာက ဘာကိစ္စ ရှမ့်လန်ကို ရွှေနဂါးသွေး ပေးရမှာလဲ။”
“ဘာလို့လဲဆိုတော့ ရွှေနဂါးသွေးကို အမျိုးသားတွေပဲ သုံးလို့ရလို့လေ။ ချောင်ယောင်းအာရဲ့ လက်အောက် ငယ်သားတွေ အကုန်လုံးက အမျိုးသမီးတွေကြီးပဲ။”
“စဉ်းစားကြည့်တော့လည်း ဟုတ်သလိုပဲ”
“ပြီးတော့ မင်းတို့တွေ မသိဘူးလား။ ရှမ့်လန်က အရမ်းချောတယ်။ ချောင်ယောင်းအာရဲ့ လင်ငယ် တစ်ယောက်လည်း ဖြစ်တယ်တဲ့။ သူတို့နှစ်ယောက်က ကလေးတစ်ယောက်တောင် ရပြီးပြီတဲ့။ ချောင်ယောင်းအာက မိန်းမ၊ သူ့တပည့်တွေကလည်း မိန်းမတွေချည်းပဲ။ ပြောစမ်းပါအုံး။ သူသာ ရှမ့်လန်ကို ရွှေနဂါးသွေး မပေးဘူးဆို တခြားဘယ်သူ့ကို ပေးရမှာလဲ။”
“မင်းပြောတာ အဓိပ္ပာယ်ရှိတယ် ဆိုပေမဲ့ ယုတ္တိမတန်သလိုပဲ။”
“မင်း ငယ်ပါသေးတယ်။ မင်းမှာ လုံလောက်တဲ့ အတွေ့အကြုံတွေ မရှိဘူး။ တကယ့်လက်တွေ့ဘဝက ဝတ္ထုတွေထက်တောင် ပိုပြီး ဆန်းကြယ်တယ်ဆိုတာ မင်း မသိဘူးလား။”
“ဒီလိုလျှို့ဝှက်ချက်မျိုးကို မင်းက ဘယ်လိုလုပ် သိနေရတာလဲ။”
“အင်း... ငါ့မှာ သတင်းရင်းမြစ်တွေ ရှိနေလို့ပေါ့။ တော်ဝင်ရန်မြို့တော်မှာ ငါ့ရဲ့ လူတွေ ရှိနေတယ်။”
“တော်စမ်းပါ။ သူ့စကားကို နားထောင်မနေနဲ့။ ဒီသတင်းက ယွမ်မင်ကျယ် မူးပြီး လျှောက်ပြောခဲ့တာ။ မင်းတို့ ယွမ်မင်ကျယ်ကို သိတယ်မလား။ သူက ရှမ့်လန်ရဲ့ သွေးသောက်ညီအစ်ကိုပဲ။ သူတို့နှစ်ယောက်က မိန်းမ တစ်ယောက်တည်းနဲ့တောင် အတူတူ အိပ်ဖူးကြတယ်။"
"အဲလောက်တောင် ရင်းနှီးနေတယ် ဆိုမှတော့ သံအမတ်ကြီး ယွမ်မင်ကျယ်က ဒီလိုလျှို့ဝှက်ချက်မျိုးကို သိနေတယ်ဆိုတာ မဆန်းဘူးလေ။”
ဤကဲ့သို့သော သတင်းကောလာဟလများက နန်းမြို့တော်တစ်ခုလုံးကို လျင်လျင်မြန်မြန်နှင့် ပျံ့နှံ့သွားခဲ့၏။ ထောင်ပေါင်းများစွာသော လူမိုက်များ၊ လူရမ်းကားများနှင့် ပြည်သူအားလုံးတို့က ဤသတင်းကို ယုံမှား သံသယမရှိ ယုံကြည်ခဲ့ကြ၏။ သို့သော်ငြား အထက်တန်းလွှာများကမူ သံသယ ရှိနေကြ၏။ တချို့က ယုံတဝက် မယုံတဝက် ရှိသော်လည်း တစ်ချိန်တည်းမှာပင် နှာခေါင်းရှုံ့ကာ လှောင်ပြောင်မိကြ၏။
ဤဇာတ်လမ်းက တကယ့်ကို ဆန်းကြယ်လွန်း၏။ ရှမ့်လန်က ယွမ်မင်ကျယ်ကို သတင်းလွှင့်ခိုင်းသည့် ဇာတ်လမ်း တစ်ခုမှန်း သိသာလွန်း၏။ ရည်ရွယ်ချက်က ရှင်း၏။ ပိုက်ဆံလိမ်ချင်၍သာ ဖြစ်ပေလိမ့်မည်။ လတ်တလော ရှမ့်လန် ငွေလိုနေ၏။ သူတို့ကို ယုံမည်များ ထင်မှတ်နေသည်လား။ သူတို့ကို သုံးနှစ်သား ကလေးများ ထင်မှတ်နေသည်လား။
သို့သော်ငြား လူပေါင်းများစွာတို့၏ ရင်ထဲတွင် ကြီးမားသည့် မေးခွန်းထုတ်စရာတစ်ခု ရှိနေ၏။ ရှမ့်လန် မည်သို့ ပြုလုပ်လိုက်သနည်း။ သုံးလဆိုသည့် တိုတောင်းသော အချိန်ကာလတစ်ခုတွင် အသုံးမကျသည့် လူ ၂၀၀၀ ကျော်တို့ကို ထိပ်တန်းစစ်သည်တော်များဖြစ်အောင် အဘယ်သို့ ပြောင်းလဲပေးလိုက်သနည်း။ ထိုအရာက အံ့ဖွယ်ရာ ကိစ္စတစ်ခုပင်။
ကောလာဟလ သတင်းများ ကြီးကြီးမားမား ပျံ့နှံ့သွားခဲ့ပြီး ရက်အနည်းငယ်ကြာသည့်အချိန်မှာတော့ လူများက လှုပ်ရှားရန် စတင်ပြင်ဆင်လာခဲ့ကြ၏။ အဘယ်ကြောင့်ဆိုသော် ချမ်းသာကြွယ်ဝသည့် ဂုဏ်သရေရှိ မိသားစု အများစုတွင် ထူးချွန်သည့် ဆက်ခံသူများ မရှိကြချေ။ သူတို့၏ သားသမီး၊ မြေးမြစ်များက အသုံးမကျသောကြောင့် ဖြစ်သည်။
စာပေပညာရပ်ဘက်တွင် မျှော်လင့်ချက်မရှိတော့သောကြောင့် သိုင်းပညာဘက်ကို အားကိုးရ၏။ သို့သော်ငြား သူတို့၏ သွေးမျိုးဆက်ပါရမီက နိမ့်ပါးလွန်းလာသောကြောင့် လေ့ကျင့်၍ မရနိုင်ပေ။ ဆယ်နှစ်ကျော်ကြာ လေ့ကျင့်ခဲ့ပြီးသည့်တိုင် သာမန်အဆင့်သာ ရှိနေသေး၏။ သိုင်းပညာ စာမေးပွဲကို ဝင်ရောက်ဖြေဆို အောင်မြင်ရန် မဆိုထားနှင့် သိုင်းလောကထဲ ဝင်ရောက်ဖို့ပင် အရည်အချင်း မရှိကြချေ။
နန်းမြို့တော်တစ်ခုလုံးတွင် စာမေးပွဲကျသူ ၃၀၀၀ နီးပါးခန့် ရှိ၏။ ဤတိုင်းသာ ဆက်သွားနေပါက သူတို့က ရာစုမှုးတစ်ယောက်ပင် ဖြစ်လာလိမ့်မည် မဟုတ်ချေ။ ထိုသို့ဆိုလျှင် မိသားစု၏ စီးပွားရေးကို မည်သို့ ဆက်ခံကြမည်နည်း။ မိသားစု၏ ကြွယ်ဝချမ်းသာမှုကို မည်သို့ ထိန်းသိမ်းကြမည်နည်း။ ဤကဲ့သို့ ချမ်းလာကြွယ်ဝသည့် မိသားစုများအတွက် သူတို့၏ သားသမီးများ အောင်မြင်ရေးက အရေးကြီးသည့် အချက်အလက်တစ်ခု ဖြစ်လာခဲ့၏။
သွေးမျိုးဆက် ပါရမီကို ပြောင်းလဲပစ်မည်လား။ ဆိုလိုသည်မှာ လူတစ်ယောက်၏ ကံကြမ္မာ သို့မဟုတ် မိသားစု တစ်ခုလုံး၏ ကံကြမ္မာကို ပြောင်းလဲပစ်လိုက်ခြင်းပင်။ တန်ဖိုးဖြတ် တွက်ချက်ရမည်ဆိုလျှင် သွေးမျိုးဆက် ပါရမီကို ပြောင်းလဲပြီးနောက် သိုင်းစာမေးပွဲကိုသာ အောင်မြင်ခဲ့မည် ဆိုပါက ပေးဆပ်ခဲ့သမျှ အရာအားလုံးက ထိုက်တန်သွားပေလိမ့်မည်။ သိုင်းပညာ စာမေးပွဲကို အောင်မြင်ရုံနှင့် သူတို့က တစ်ဘဝလုံး ကြီးပွားအောင်မြင် နိုင်သည်။
ဤလူအုပ်ကြီးက ရှမ့်လန်ကို ရှာဖွေပြီး ရှေးဟောင်း ရွှေနဂါးသွေး အမှန်တကယ် ရှိ၊ မရှိ မေးမြန်းလိုကြ၏။ သို့သော်ငြား အိမ်ရှေ့စံမင်းသားနှင့် တတိယမင်းသားတို့၏ အမိန့်ကို တွေးမိချိန်မှာတော့ စွန့်စားရဲသူ တစ်ယောက်မှ မရှိကြချေ။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန်က ဟန်ရေးပြကာ လိမ်ညာနေခြင်းလည်း ဖြစ်နိုင်သောကြောင့်ပင်။
အကယ်၍ သွေးမျိုးဆက် ပါရမီကို မပြောင်းလဲနိုင်ဘဲ အိမ်ရှေ့စံနှင့် တတိယမင်းသားကို ပြစ်မှားမိသည့်အတွက် အရေးယူ ပိတ်ပင်ခြင်းမျိုးကိုသာ ခံရမည်ဆိုပါက အလုံးစုံ နစ်နာပေလိမ့်မည်။ သို့သော်ငြား သူတို့က လူသိရှင်ကြား မသွားကြပေ။ တိတ်တဆိတ် ခိုးသွား၍တော့ ရသေးသည် မဟုတ်ပါလား။
အပိုင်း (၅၆၄)
နောက်ဆုံးမှာတော့ ပထမဦးဆုံး ငါးစာဟပ်မည့်သူက ပေါ်လာခဲ့၏။ ရှိလုံမြို့စားလေး၏ အမွေခံ သခင်လေး ဆက်ခံသူ ဝမ်ပိပင် ဖြစ်၏။ သူက မိသားစု၏ တစ်ဦးတည်းသော သားကြီးဩရသ ဖြစ်၏။ ငယ်စဉ်ကတည်းက သွေးမျိုးဆက်ပါရမီ ညံ့ဖျင်းခဲ့ပြီး အလုပ်လုပ်ရသည်ကို ပျင်းရိကာ မနှစ်သက်ပေ။ သူ၏ သိုင်းပညာစွမ်းရည်က သာမန်သာ ဖြစ်ပြီး သိုင်းစာမေးပွဲကိုလည်း ကျရှုံးခဲ့၏။
သူ၏ အဖေ ဝမ်ရှုက ရွှဲ့ပြည်နယ်၏ အဆင့်သုံး တပ်မှူးတစ်ယောက် ဖြစ်ပြီး မြောက်ပိုင်းနယ်စား နန်းကုန်းအို၏ လက်အောက်ခံ တပ်မှူးတစ်ယောက်လည်း ဖြစ်သည်။
ဝမ်ပိ သိုင်းစာမေးပွဲ မအောင်မြင်ခြင်းက ကိစ္စမရှိသော်လည်း သူ့ဖခင်၏ မယားငယ်မှ မွေးဖွားလာသည့် ညီဖြစ်သူက ယခုနှစ် သိုင်းစာမေးပွဲကို အောင်မြင်သွားခဲ့၏။ အကယ်၍ သူသာ နောက်နှစ် အနည်းငယ်အတွင်း သိုင်းပညာစာမေးပွဲကို မအောင်မြင်ပါက သူ၏ ဘွဲ့တံဆိပ်နှင့် ဆက်ခံခွင့်ကို မယားငယ်၏ သားဖြစ်သူထံ လွှဲပြောင်းပေးမည်ဟု သူ၏အဖေက ကြေညာခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဝမ်ပိက မြို့စားလေးဘွဲ့ကို ဆက်ခံရရှိလျှင် ဆိုလျှင်တောင်မှ ကာကွယ်နိုင်စွမ်း မရှိသောကြောင့်ပင်။
ဝမ်ပိက ချက်ချင်း ထိတ်လန့်သွားခဲ့၏။ မည်သို့ ဖြစ်နိုင်မည်နည်း။ မယားငယ်၏ သားကသာ မြို့စားလေးဘွဲ့ကို ဆက်ခံလိုက်သည်ဆိုလျှင် သူ့အတွက် ထွက်ပေါက် ရှိပါဦးမည်လား။ တိုက်တိုက်ဆိုင်ဆိုင်ပင် သူက လတ်တလော ပျံ့နှံ့နေသည့် ကောလာဟလ သတင်းများကို ကြားရ၏။
ထို့ကြောင့် သူက အင်ပါယာ၏ သံတမန်ကြီး ယွမ်မင်ကျယ်ကို သွားရောက်ရှာဖွေကာ ရှမ့်လန်တွင် နဂါးသွေး အစစ်အမှန် တကယ်ရှိမရှိ ဝေ့လည်ကြောင်ပတ်ဖြင့် မေးမြန်း၏။ ယွမ်မင်ကျယ်က ‘ငါ မူးနေတုန်း လျှောက်ပြောမိတာပါ’ဟု ငြင်းသည်။
သို့ပေမည့် မဟုတ်ကြောင်း ငြင်းလေလေ မြို့စားလေး၏ သားကြီး ဝမ်ပိက အမှန်တကယ် ဖြစ်သည်ဟု ခံစားရလေလေပင်။ သူက ငွေအမြောက်အများ အကုန်ကျခံပြီး စားပွဲသောက်ပွဲ တည်ခင်းကာ ယွမ်မင်ကျယ်ကို အကောင်းဆုံး ပြုစု၏။ ထို့အပြင် ပြည့်တန်ဆာ တစ်ဦးကိုပင်လျှင် ငှားယမ်းပေးခဲ့၏။ ထိုအချိန်မှသာလျှင် ယွမ်မင်ကျယ်က အလျော့ပေးကာဖြင့် ဝန်ခံခဲ့၏။ သို့သော်ငြား ဤကိစ္စကို လုံးဝ ထုတ်မပြောရန်နှင့် ပြောပါက မျိုးဆက်ပြတ်သုဉ်းပါစေဟု ကျိန်ဆိုခိုင်းခဲ့၏။
ဝမ်ပိက အလျင်အမြန်ပင် ကျိန်ဆိုခဲ့၏။ ပြီးနောက်မှာတော့ ချက်ချင်းပဲ သူက သွေးမျိုးဆက် ပါရမီကို ပြောင်းလဲရန်နှင့် လာမည့် သိုင်းစာမေးပွဲ အလယ်တန်းအဆင့်ကို ဖြေဆိုနိုင်ရန် ရွှေနဂါးသွေး အနည်းငယ် ဝယ်ယူလို့ ရနိုင်မလားဟု မေးမြန်းရန် ရှမ့်လန်ထံသို့ ခေါ်သွားပေးပါဟု ယွမ်မင်ကျယ်ကို တောင်းပန် သနားခံသည်။
ယွမ်မင်ကျယ်က အဘယ်သို့ သဘောတူမည်နည်း။ ထို့အပြင် စားပွဲသောက်ပွဲတွင် ကုန်ကျခဲ့သည့် ငွေများကိုလည်း ဝမ်ပိအား ပြန်ပေးမည်ဟု လုပ်၏။
ဝမ်ပိက ယွမ်မင်ကျယ်၏ ရှေ့တွင် ဒူးထောက်ထိုင်ချပြီး ပေါင်ကို ဖက်ကာ ငိုကြွေး အော်ဟစ်သည်။
“သခင်လေး... သခင်လေး၊ ကျုပ်ကို ကယ်ပါအုံး။ သခင်လေးရဲ့ ကျေးဇူးတရား ကြီးမားပုံကို ကျုပ် တစ်သက်လုံး မှတ်မိနေပါ့မယ်။ နောင် သခင်လေးသာ ခိုင်းစရာရှိလာတယ်ဆိုရင် ကျုပ်ကို ဘာပဲခိုင်းခိုင်း ကျုပ် လုံးဝ တွန့်ဆုတ်နေမှာ မဟုတ်ဘူး။”
သနားစရာ ကောင်းသည့် တောင်းပန် အသနားခံမှုကြောင့် ယွမ်မင်ကျယ်က မည်သို့မှ မတတ်နိုင်တော့ပေ။ ရှမ့်လန်ထံ ခေါ်သွားရန် သဘောတူညီလိုက်၏။ သူတို့က နင်ကျန်း၏ ချန်းဖန်မြို့စားစံအိမ်တော်သို့ ရောက်ရှိလာခဲ့ပြီး နောက်ဖေးပေါက်မှ တိတ်ဆိတ် ဝင်၏။
“ဝမ်ပိ... ကျုပ် ခင်ဗျားကို ပြောထားမယ်နော်။ ကျုပ်က ခင်ဗျားကို ရှမ့်လန်နဲ့ တွေ့ပေးဖို့ပဲ တာဝန်ယူနိုင်မယ်။ ဒီကိစ္စ အောင်မြင်မလား ၊ မအောင်မြင်ဘူးလား၊ သူ ရောင်းမလား ၊မရောင်းဘူးလား ဒါ ကျုပ် မသိဘူး။” ယွမ်မင်ကျယ်က ပြောလိုက်သည်။
ဝမ်ပိက နောက်တစ်ကြိမ် အထူးကျေးဇူးတင်ကြောင်း ပြန်လည်ကာ ပြောကြားလိုက်၏။ သို့ပေမည့် စိတ်ထဲမှာတော့ ရှမ့်လန်နှင့် ယွမ်မင်ကျယ်တို့ ပူးပေါင်းပြီး သူ့ကို လိမ်နေတာလားဟု သံသယ ဝင်နေ၏။
“အစ်ကိုကြီး... ခင်ဗျား ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ။”
လျှို့ဝှက်ခန်းထဲမှာတော့ ရှမ့်လန်က ဒေါသတကြီးနှင့် ထအော်သည်။ “အရင်တစ်ခေါက် ကျုပ်ဆီမှာ ရွှေနဂါးသွေး ရှိတယ်ဆိုတဲ့ လျှို့ဝှက်ချက်ကို ခင်ဗျား လျှောက်ပြောလိုက်လို့ ကျုပ် တော်တော် စိတ်ညစ်ခဲ့ရပြီးပြီ။ နေ့တိုင်း လူတွေအများကြီး ကျုပ်ကို လာရှာနေတယ်။ အခု ဒီလူကိုပါ ခင်ဗျား ခေါ်လာခဲ့ပြန်ပြီ။ ဒါကတော့ လွန်လွန်းနေပြီ။ အစ်ကိုကြီး ယွမ်မင်ကျယ်... ခင်ဗျားသာ ဒီလို ဆက်လုပ်နေမယ်ဆိုရင် ခင်ဗျားနဲ့ကျုပ် ခင်မင်မှု အဆက်အသွယ် ဖြတ်တောက်တော့မယ်။”
အင်ပါယာ၏ သံတမန်ကြီး ယွမ်မင်ကျယ်က တောင်းပန်စကား ဆို၏။ သူက ဝမ်ပိကို လက်ညိုးထိုးပြ၍ ပြော၏။ “ညီလေးလန်... ဒါက ရှိလုံမြို့စားလေးရဲ့ သားကြီး ဝမ်ပိပါပဲ။ သူက တကယ့်ကို သနားစရာ ကောင်းလွန်းတယ်။ ပြီးတော့ အစ်ကိုနဲ့လည်း တော်တော်လေး ရင်းနှီးတယ်။ ဒါကြောင့် သူ သေမှာကို လက်ပိုက်ကြည့် မနေနိုင်ဘူးလေ။ မင်းဆီမှာ ရွှေနဂါးသွေးလေးသာ ပိုနေသေးရင် နည်းနည်းလောက်ပဲ ဖြစ်ဖြစ် ပေးလိုက်ပါကွာ။”
ရှမ့်လန်က ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “ဒါက ကျုပ်ရဲ့ အသက်သွေးကြောနဲ့ဆိုင်တဲ့ ပစ္စည်းဗျ။ ဘယ်လိုလုပ် သူများကို ပေးလို့ရမှာလဲ။ ပြီးတော့ ရှေးဦးခေတ်က နဂါးသွေး၊ တန်ဖိုးဖြတ်လို့ မရဘူး။ ရတနာပဲ။”
ယွမ်မင်ကျယ်က ပြောလိုက်၏။ “နည်းနည်းလေးပါကွာ။ နည်းနည်းလေးဆို နည်းနည်းလေးပဲ။ ဘယ်လိုလဲ။”
ရှမ့်လန်က တကယ်ပင် အကြပ်ရိုက်သွားပုံ ပေါ်သည်။ “ဝမ်ပိဆိုတာ ခင်ဗျားလား။”
“ဟုတ်ပါတယ်။ ကျုပ်က ဝမ်ပိပါပဲ။”
ရှမ့်လန်က ပြောလိုက်၏။ “ဒါဆိုရင် ခင်ဗျား နဂါးသွေးကို သောက်လိုက်ရင် သေချာပေါက် သိုင်းပညာ စာမေးပွဲကို အောင်မြင်ပြီး ရာထူးအဆင့်ဆင့် တရှိန်ထိုး တက်လာလိမ့်မယ်။ အဲအချိန်ကျရင် ခင်ဗျားက မင်းသား နင်ကျန်းဘက်က ရပ်တည်ပေးမှာလား။”
ဝမ်ပိက သူ၏ ရင်ပတ်ကို တဘုန်းဘုန်း ပုတ်လိုက်သည်။ “ရတာပေါ့... သေချာပေါက် ရပ်တည်ပေးရမှာပေါ့”
သို့သော်ငြား စိတ်ထဲတွင်တော့ မဲ့ရွဲ့ကာ လှောင်ပြောင်လျက် ရှိနေ၏။ ‘ကျုပ်သာ အစွမ်းထက်လာရင် ခင်ဗျားတို့ကို သေသေကြေကြေ ဂရုကိုမစိုက်ဘူး။ အဲဒီ အသုံးမကျတဲ့ကောင် နင်ကျန်းဘက်ကနေ ကျုပ်ကို ရပ်တည် ခိုင်းချင်နေတာလား။ အိပ်မက်သာ မက်လိုက်တော့’
ရှမ့်လန်က ကိုယ့်၏အသားကို လှီးဖြတ်ရသကဲ့သို့ပင် နာကျင်စွာဖြင့် အံကိုကြိတ်ပြီး ရွှေနဂါးသွေး တစ်ပုလင်းကို ထုတ်ပေးလိုက်၏။ တကယ်ပင် ရွှေရောင်တောက်ပပြီး ခမ်းနားလှပလွန်းနေသည်။
“လွန်ခဲ့တဲ့ နှစ်နာရီလောက်ကတင် လူတစ်ယောက်က ဒီရွှေနဂါးသွေးကို ရွှေဒင်္ဂါး ၅၀၀၀ ပေးပြီး ဝယ်မယ်လို့ ပြောတာကို ကျုပ် ငြင်းလွှတ်ခဲ့တာ။ အစ်ကိုကြီးက ခေါ်လာတာ မဟုတ်ရင် ခင်ဗျားကို ဘယ်လိုမှရောင်းပေးမှာ မဟုတ်ဘူး။” ရှမ့်လန်က သက်ပြင်းချရင်း ပြောလိုက်၏။
“ရွှေဒင်္ဂါး ၅၀၀၀ ဟုတ်လား။”
ထိုအရာကို ကြားသည်နှင့် ဝမ်ပိက ဘောင်းဘီထဲ သေးထွက်ကျလုမတတ်ပင် ဖြစ်နေ၏။ ဤမျှလောက် ဈေးကြီးသည်လား။ သူတို့ ဝမ်မိသားစု တစ်နှစ်လုံး ရှာလျှင်တောင် ဤမျှများပြားသည့် ငွေကို ရရှိနိုင်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် ဤဈေးနှုန်းကို သူ လုံးဝ မတတ်နိုင်ပေ။
ရှမ့်လန်က ယခင်တုန်းက ရွှေဒင်္ဂါး ၃၀၀၀ ဈေးခေါ်ခဲ့သော်လည်း ဈေးပေါလွန်းသည်ဟု ခံစားရသောကြောင့် ဈေးထပ်တင်လိုက်ခြင်းသာ ဖြစ်၏။ ဝမ်ပိက ထိုအရာကို ကြားသည့်အချိန်မှာတော့ တစ်ခုခု မှားယွင်းနေသလို ခံစားရ၏။ သူ့မိသားစုဆီမှ ပိုက်ဆံလိမ်ဖို့ ကြိုးစားနေခြင်းသာလျှင် ဖြစ်ပေမည်။ ထို့အပြင် သူ့ကိုသူ ရောင်းစားမည် ဆိုလျှင်တောင် ရွှေဒင်္ဂါး ၅၀၀၀ ရနိုင်မည် မဟုတ်ချေ။
“ကဲ... ခင်ဗျား မတတ်နိုင်ဘူး မဟုတ်လား။ ဒါဆိုရင်လည်း ပြန်တော့။” ရှမ့်လန်က လက်ခါပြပြီး မျက်နှာထိ မျက်နှာထားဖြင့် ပြောလိုက်၏။
ဝမ်ပိက လျင်လျင်မြန်မြန်ပဲ တားဆီးလိုက်သည်။ “ကျုပ်... ကျုပ် ဒါက ... အစွမ်းထက် ၊ မထက် မသေချာသေးဘူးလေ။ ဒီလောက် ငွေပမာဏကြီးကို ထုတ်ပေးပြီးမှ အလကား ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ ပြီးတော့ ကျုပ်လည်း မတတ်နိုင်ဘူး။ ကျုပ်... ကျုပ်အဖေသာ...။”
ရှမ့်လန်က နဂါးသွေး သုံးပုံတစ်ပုံကို ငှဲ့လိုက်၏။ “ခင်ဗျားကို ဒါ အလကားပေးလိုက်မယ်။ တကယ်လို့ ထိရောက်တယ်ဆိုရင် ခင်ဗျားအဖေဆီက ပိုက်ဆံသွားတောင်းပြီး ကျန်တဲ့ သုံးပုံနှစ်ပုံကို လာဝယ်လှည့်။”
ဝမ်ပိက နဂါးသွေး သုံးပုံတစ်ပုံကို ယူပြီး ခဏမျှ တွန့်ဆုတ်သွားခဲ့၏။ အဆိပ်များ ဖြစ်နေမည်လား။ သို့သော်ငြား ဤနှစ်ပိုင်းအတွင်း သူက မိန်းမကိစ္စ ရှုပ်လွန်းအားကြီးပြီး ထိုနေရာက အလုပ် မဖြစ်တော့ချေ။ ဆေးပေါင်းစုံလည်း သောက်ခဲ့ဖူးပြီ ဖြစ်၏။ သူ့အဖြစ်က လောကအနှစ်သာရကို မခံစားနိုင်သည့်သေလူကဲ့သို့ပင်။ ထို့ကြောင့် သူက ချက်ချင်းပဲ မျက်လုံးကို စုံမှိတ်ကာဖြင့် တရှိန်ထိုး မော့သောက်လိုက်သည်။
ပြီးသည့်နောက်...
“သောက်ကျိုးနည်း...။”
တစ်ကိုယ်လုံးက မီးလောင်သလို ခံစားရ၏။ ခန္ဓာကိုယ် တစ်ခုလုံးက စွမ်းအင်များဖြင့် ပြည့်ဝနေ၏။ အရေးကြီးဆုံး အချက်က သူ၏ ခန္ဓာကိုယ်ရှိ အရေးကြီးဆုံး တစ်နေရာက ထောင်မတ်သန်စွမ်းလာခဲ့ခြင်းပင်။ ထို့အပြင် တစ်ကိုယ်လုံးရှိ သွေးကြောနှင့် ကြွက်သားအားလုံးက တဆတ်ဆတ် တုန်ခါနေ၏။
ဘေးနားတွင် ပေါင် ၁၀၀ ဟု ရေးသားထားသည့် ကျောက်တုံးကြီးတစ်ခု ရှိသည်ကို သူ မြင်လိုက်၏။ ပုံမှန်အားဖြင့် လက်နှစ်ဖက်တည်းနှင့်ဖြင့် သူက ထိုအရာကို မ,မနိုင်ချေ။ ယခုအချိန်မှာတော့ နောက်ထပ် စွမ်းအင်လှိုင်းတစ်ခုက သူ၏ ခန္ဓာကိုယ်တွင်းသို့ ပေါက်ကွဲထွက်တော့မည့်အလား ခံစားရသည်။
အလျင်အမြန်နှင့် ထိုနေရာဆီသို့ လျှောက်သွားပြီး ကျောက်တုံးကြီးကို ဆွဲမလိုက်၏။
“အား...။”
ကျယ်လောင်လွန်းသည့် ကြုံးဝါးသံနှင့်အတူ သူက ရုတ်တရက် ဆွဲမလိုက်၏။ သူ တကယ် မ,နိုင်ခဲ့၏။ ဆေးက မှော်ဆန်လွန်းလှ၏။ တကယ့် ရွှေနဂါးသွေးအစစ်ကို သူ သောက်သုံးခဲ့ရပြီ ဖြစ်၏။ ရှမ့်လန်က တကယ်ပင် ယုံကြည်အားကိုးရလောက်သည့် လူတစ်ယောက် ဖြစ်နေသည်။
............
ချင်နိုင်ငံတွင် ယခင်က မြို့တော်ဟူ၍ မရှိချေ။ နန်းတော်မှလွဲ၍ လူနေအိမ်ခြေဟူ၍လည်း သိပ်မရှိပေ။ သာမန်ပြည်သူ အားလုံးတို့က ရေကြည်ရာ မြက်နုရာ လှည့်လည်သွားလာလျက် ရှိနေပြီး အဆင်ပြေရာနေရာ၌ ရွက်ဖျင်တဲများ ထိုးကာ နေထိုင်ခဲ့ကြ၏။
သို့သော်ငြား ယခုအချိန်တွင်မူ ‘အာယု’ဟု အမည်ပေးထားသည့် မြို့တော်အသေးစားလေး တစ်ခုကို တည်ထောင် လိုက်ပြီဖြစ်၏။ နန်းမြို့တော်က အကျယ်အဝန်း ၁၀ ကီလိုမီတာခန့် ကျယ်ဝန်းပြီး မြို့ရိုးတံတိုင်းများမှာ မပြီးပြတ်သေးသော်လည်း လက်စသပ်ရန်တော့ နီးစပ်နေပြီဖြစ်သည်။
ဤသည်က ချင်နိုင်ငံ၏ သမိုင်းတစ်လျှောက် ပထမဦးဆုံးအကြိမ် မြို့ရိုးတံတိုင်းတစ်ခု တည်ရှိလာခြင်းပင်။ မြို့ရိုးက အမြင့် ၈ မီတာရှိပြီး အထူ ၃ မီတာရှိ၏။ အတွင်းဘက်ကို ရွှံ့စေးမြေသားများဖြင့် ပြုလုပ်ထားပြီး အပြင်ပိုင်း၌ အုတ်များစီထား၏။ အရှေ့ပိုင်းမင်းဆက်၏ နန်းမြို့ရိုးများကဲ့သို့ ခိုင်မာခြင်း မရှိသော်လည်း ချင်နိုင်ငံအတွက်မူ ဤအရာက ပထမဦးဆုံးအကြိမ် ဖြစ်၏။
ရွှဲ့ပြည်နယ်၏ ပြည်ထဲရေးဝန်ကြီးဌာနက လူအင်အား ရာပေါင်းများစွာကို စေလွှတ်ပေးခဲ့ပြီး အာယုနာနာကလည်း လူပေါင်း ၅ သောင်းကို အသုံးပြုကာဖြင့် ဤမြို့ရိုးကြီးကို တည်ဆောက်ခဲ့၏။ တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးရန် နှစ်ဝက်ကျော် ကြာမြင့်ခဲ့၏။ နန်းမြို့တော်က သေးငယ်သည် ဆိုသော်လည်း မြို့အတွင်းရှိ လူဦးရေက အများဆုံး ၅ သောင်းထက် မပိုသလို အနည်းဆုံး ၃ သောင်းအောက်လည်း မလျော့နည်းချေ။
ချင်နိုင်ငံက ရေကြည်ရာ မြက်နုရာ လှည့်လည် သွားလာနေသူများက မွေးမြူရေးလုပ်ငန်းများကိုသာ အဓိက လုပ်ကိုင်ကြ၏။ သို့သော်ငြား ချောင်ပြည်နယ်နှင့် ရွှဲ့ပြည်နယ်တို့ကဲ့သို့သော အခြားသော နိုင်ငံများမှ ရောက်ရှိလာခဲ့သည့် ကျွန်အများစုကမူ မွေးမြူရေးများကို မကျွမ်းကျင်ကြချေ။ သူတို့က စိုက်ပျိုးရေး၌သာ ပိုမို၍ ကျွမ်းကျင်၏။
ချင်နိုင်ငံ၏ မြက်ခင်းပြင်များက ကောက်ပဲသီးနှံ စိုက်ပျိုးရန် အနည်းငယ်သာ သင့်တော်သော်လည်း ဘာမှ မရှိသည်ထက်တော့ ပိုကောင်းသေး၏။ လူဦးရေ ၃ သောင်းကျော်က အာယုမြို့တော်၏ အနီးတွင် လယ်ယာမြေများ ကို စတင် စိုက်ပျိုးကြသည်။
ဤနေရာတွင် စိုက်ပျိုးရေးလုပ်ကိုင်ခြင်းက ရွှဲ့ပြည်နယ် သို့မဟုတ် ချောင်ပြည်နယ်တို့ထက် တချို့သောနေရာများတွင် ပိုမိုသာလွန်ကောင်းမွန်၏။ ပထမအချက်အားဖြင့် လယ်မြေများက အလွန်ပင် ပြန့်ပြူးပြီး ကျယ်ပြော၏။ လိုချင်သလောက် ရယူနိုင်၏။
ချောင်ပြည်နယ်နှင့် ရွှဲ့ပြည်နယ်တို့ရှိ လယ်ယာမြေများက ရှားပါး၏။ အိမ်ထောင်စုဒါဇင်ပေါင်းများစွာတို့သည် နွားတစ်ကောင်တည်းသာ မျှဝေသုံးစွဲကြ၏။ သို့ပေမည့် ချင်နိုင်ငံတွင်တော့ နွားကိုလိုသလောက် ရယူပိုင်ဆိုင် နိုင်သည်။
ယခုအချိန် ချင်နိုင်ငံမြို့တော်၌ အမြဲတမ်းနေထိုင်သူ ထောင်ပေါင်းများစွာ ရှိနေပြီဖြစ်၏။ အများစုက ကုန်သည်များ ဖြစ်ကြပြီး အဓိကအားဖြင့် လက်မှုပညာလုပ်ငန်းများကို လုပ်ကိုင်ကြ၏။ သူတို့က ရွှဲ့ပြည်နယ်မှ ဝိုင်၊ လက်ဖက်ခြောက်၊ ကြွေထည်နှင့် ယွန်းထည်များကို ချင်နိုင်ငံဆီသို့ တင်ပို့ရောင်းချကြပြီး ချင်နိုင်ငံမှ အမဲသား၊ ဆိတ်သား၊ အသားခြောက်နှင့် ဒိန်ခဲများကို ရွှဲ့ပြည်နယ်ဆီသို့ ပြန်လည်ကာ တင်ပို့ရောင်းချ၏။
ဥပမာအားဖြင့် ယခုအခေါက်တွင် ရွှဲ့ပြည်နယ်က စစ်တပ်အတွက် ရိက္ခာအဖြစ် အသားခြောက်နှင့် ဒိန်ခဲများကို များများစားစား ဝယ်ယူခဲ့သည်။
ရှမ့်လန်က ဖိနပ်ရှည်များချုပ်လုပ်ရန် အထူးသီးသန့် သားရေအလုပ်ရုံတစ်ခုကိုပင် ချင်နိုင်ငံ၌ တည်ထောင်ခဲ့၏။ ငွေရှာရန်အတွက် မဟုတ်ဘဲ စစ်သည်များ အသုံးပြုနိုင်ရန် ဖြစ်၏။ သေချာသည်က ရွှဲ့ပြည်နယ်၏ စစ်သည် အများစုကို ဖိနပ်ရှည်များကို ဝတ်ဆင်ပေးရန် မဖြစ်နိုင်ချေ။ ရှမ့်လန်၏ လက်အောက်ရှိ တပ်သားများကသာလျှင် ထိုအရာကို ဝတ်ဆင်နိုင်မည်ဖြစ်၏။
အစပျိုးကာလဖြစ်သော်လည်း ချင်နိုင်ငံ၏မြို့တော်က စည်ပင်သာယာ ဝပြောလျက် ရှိနေ၏။ ခဏမျှ အံ့အားသင့်ခဲ့ပြီးနောက် အနောက်ဘက်ဒေသနိုင်ငံများမှ ကုန်သည်များက စီးပွားရေးပြုလုပ်ရန် ချင်နိုင်ငံ၏ မြို့တော်ဆီသို့ ဆက်လက်ဝင်ရောက်လာခဲ့ကြသည်။
ယခင်က အနောက်ဘက်ဒေသ နိုင်ငံများ၏ ကုန်သွယ်ရေးဗဟိုချက်က ကျန်းယွမ်မြို့တွင် တည်ရှိ၏။ ယခု ကျန်းယွမ်မြို့ ပျက်စီးသွားခဲ့ပြီ ဖြစ်သောကြောင့် ချင်နိုင်ငံ၏ မြို့တော်က ထိုနေရာကို တဖြည်းဖြည်းနှင့် အစားထိုး ဝင်ရောက်လာ၏။
ရွှဲ့ပြည်နယ်၏အကူအညီဖြင့် ချင်နိုင်ငံက ပထမဦးဆုံးအကြိမ် ပြီးပြည့်စုံသည့် လူဦးရေသန်းခေါင်စာရင်းကို ကောက်ယူနိုင်ခဲ့၏။ ရလဒ်က ရှမ့်လန်ထင်ထားသည်ထက်ပင် ပိုမိုကာ များပြား၏။ စုစုပေါင်း လူဦးရေ ၅ သိန်း ၉ သောင်းရှိ၏။ သို့သော်ငြား ချင်နိုင်ငံတစ်ခုလုံးက စတုရန်းကီလိုမီတာ ၂ သိန်းကျော် ကျယ်ဝန်းလေရာ လူဦးရေက တကယ်ပင် ကျဲပါးလွန်းသည်။
လူဦးရေ ၅ သိန်း ၉ သောင်း၌ ကြံ့ခိုင်သန်စွမ်းသည့် အမျိုးသား ၂ သိန်းကျော် ပါဝင်နေ၏။ နေထိုင်မှု ပတ်ဝန်းကျင်က တကယ့်ကို ကြမ်းတမ်းလွန်းသောကြောင့် ထိုနေရာရှိလူများက သက်ဆိုးမရှည်ကြချေ။ အမျိုးသမီးနှင့် ကလေးများလွဲ၍ ကျန်သူအားလုံးက သန်မာသည့် ယောကျာ်းများသာ ဖြစ်၏။ ယောကျ်ား လူအိုဟူ၍ပင် သိပ်မရှိပေ။
ရှမ့်လန်နှင့် ရွှဲ့ပြည်နယ်၏ အကူအညီဖြင့် ချင်နိုင်ငံ၏ ဘုရင်မ အာယုနာနာက စစ်တပ်ကို ပထမဦးဆုံးအကြိမ်ဖြင့် ကြေးစားစစ်တပ်အဖြစ်သို့ ပြောင်းလဲခဲ့၏။ ကျွမ်းကျင်စစ်သည် ၂ သောင်းကို ချင်နိုင်ငံတဝန်းမှ စုဆောင်းခဲ့၏။ ဤစစ်သား ၂ သောင်းကို အခြားတာဝန်များမှ ကင်းလွတ်ခွင့်ပေးထားခဲ့ပြီး ဘုရင်မ၏ အမိန့်ပေး ကွပ်ကဲမှုအောက်တွင် အပြည့်အဝ ထားရှိ၏။
ဤစစ်သည် ၂ သောင်းအနက် တစ်ဝက်က နှင်းတောင်နတ်ဘုရားကျောင်းခံတပ်တွင် တပ်စွဲထားခဲ့ကြပြီး ကျန်တစ်ဝက်က ချင်နိုင်ငံ၏ မြို့တော်တွင် တပ်စွဲ၏။ ထို့အပြင် မဖြစ်မနေ စစ်မှုထမ်းရသူ ၅ သောင်းလည်း ရှိနေသေးသည်။
မဖြစ်မနေ စစ်မှုထမ်းဟု ခေါ်ဆိုသော ဤလူများက စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်ငန်းများကို တာဝန်ယူ ရသော်လည်း စစ်ရေးလေ့ကျင့်မှုများတွင် မပျက်မကွက် ပါဝင်ရ၏။ သူတို့က နှစ်စဉ် လစာငွေ အနည်းငယ် ကိုလည်း ရရှိသေး၏။ ဘုရင်မ အမိန့်ပေးလိုက်သည်နှင့် တပြိုင်နက် ဤစစ်သည် ၅ သောင်းတို့က စစ်မြင်းများကို စီးနင်းကာဖြင့် စစ်မြေပြင်ဆီသို့ အပြေးအလွှားနှင့် သွားရောက်ရပေလိမ့်မည်။
အာယုနာနာက မူလက ဤကျွမ်းကျင်စစ်သည် ၂ သောင်းကို သူမ ကျွေးမွေးထားနိုင်လိမ့်မည် မဟုတ်ဟု ထင်မှတ်ခဲ့၏။ နောက်ဆုံးမှာတော့ ကျွေးမွေးထားနိုင်ရုံသာမက ပိုလျှံ၍ပင် ရှိနေကြောင် တွေ့လိုက်ရ၏။ ဤသည်က ကုန်သွယ်ခွန်များ ရှိနေသောကြောင့်ပင်။