← Chapters

အခန်း (၅၆၅-၅၆၆)

Vol. 38 Ch. 565-566

အခန်း (၅၆၅-၅၆၆)

Vol. 38 Ch. 565-566

အပိုင်း (၅၆၅)

ချင်နိုင်ငံ၏ ကုန်သွယ်မှု မှန်သမျှကို ဘုရင်မထံ အခွန်ဆောင်ရ၏။ လက်ဖက်ခြောက်၊ ဒိန်ခဲ၊ ကျွဲ၊ နွား၊ သိုး၊ ကြွေထည်၊ ပိုးထည် စသည်တို့ကို အခွန်ကောက်ခံ၏။

ချင်နိုင်ငံ၏ တော်ဝင်မိသားစုက ကမောက်ကမ ဖြစ်မှုများနှင့် သတ်ဖြတ်မှုများစွာ ကြုံတွေ့ခဲ့ရပြီးနောက် နန်းတော်တစ်ခုလုံးရှိ မိန်းမစိုးနှင့် နန်းတွင်း အပျိုတော်များ၊ အရာရှိ အရေအတွက်မှာ ရာဂဏန်းထက် မကျော်လွန်တော့ပေ။

သူမက ရွှဲ့ပြည်နယ်ကဲ့သို့ မရေမတွက်နိုင်သည့် အရာရှိများကို လစာပေးရန် မလိုအပ်သလို များပြားလွန်းသည့် စာဖြေသူများကို ထောက်ပံ့ပေးထားရန်လည်း မလိုအပ်ပေ။ ရရှိသည့် ငွေကြေးအားလုံးကို အင်အား တောင့်တင်းသည့် စစ်သည် ၂ သောင်းကို ထောက်ပံ့ရာတွင်သာ အသုံးပြုနိုင်သည်။

အာယုနာနာဟာ ယခုအချိန်တွင် အလွန်တရာ ကြွယ်ဝချမ်းသာလျက် ရှိနေပြီး သူမ သိမ်းဆည်းထားသည့် ရွှေများကိုပင် ထုတ်သုံးရန် မလိုအပ်တော့ပေ။ ထို့ကြောင့် သူမက စုတ်တံကို တစ်ချက် ဝှေ့ယမ်းကာဖြင့် ရှမ့်လန်ထံမှ အဆင့်မြင့် သံချပ်ကာများနှင့် ဓားမော့ အများအပြားကို လက်မှတ်ထိုး ဝယ်ယူပြီး သူမ၏ စစ်သည် ၂ သောင်းတို့အတွက် လက်နက်ကိရိယာများကို နောက်ထပ်အဆင့်တစ်ခု မြှင့်တင်ပေးခဲ့၏။

ထိုမျှသာမကချေ။ မြင်းစီးတပ်သားများ အနီးကပ်တိုက်ပွဲ၌ အသုံးပြုရန် ဒူးလေးငယ်များကိုလည်း ဝယ်ယူခဲ့သေး၏။ ထို့ကြောင့် ချင်နိုင်ငံ၏ စစ်တပ်က ယခင်ကထက် အရေအတွက် နည်းပါးသော်လည်း တိုက်ခိုက်ရေး စွမ်းရည်မှာမူ တိုးတက်လာခဲ့သည်။

မကြာသေးမီက ချင်နိုင်ငံ၏ ဘုရင်မ အာယုနာနာက လက်ဆောင်ပစ္စည်း အများအပြားကို လက်ခံရရှိခဲ့၏။ ချင်နိုင်ငံ၏ မြို့တော်သည် နိုင်ငံအသီးသီးမှ သံတမန် ရာပေါင်းများစွာတို့ကို ကြိုဆိုပြီး အရေအတွက် အများဆုံးက ရွှဲ့ပြည်နယ်မှ ဖြစ်၏။

ချင်နိုင်ငံတွင် တစ်နှစ်ပတ်လုံး တပ်စွဲထားသည့် အရာရှိ၊ အရာခံပေါင်း များစွာရှိပြီး သူတို့က ချင်နိုင်ငံတွင် သံရုံး ဖွင့်လှစ်သည့် ပထမဦးဆုံး နိုင်ငံလည်း ဖြစ်လာခဲ့၏။ ခေတ်စကားအရ ပြောရမည်ဆိုလျှင် ဤသည်က ချင်နိုင်ငံရှိ ရွှဲ့ပြည်နယ်သံရုံးပင် ဖြစ်၏။ ထိုနေရာတွင် တကယ့်အရာရှိများသာ တပ်စွဲနေထိုင်ကြပြီး သူတို့အားလုံးက စတုတ္ထအဆင့် အရာရှိများ ဖြစ်သည်။

ချောင်ပြည်နယ်က နန်းမြို့တော်တွင် သံရုံးဆောက်လုပ်ခွင့်ပြုရန် ဘုရင်မအား အကြိမ်ကြိမ် တောင်းပန် ခဲ့သော်လည်း အာယုနာနာက ငြင်းပယ်ခဲ့၏။ ယခုအချိန်မှာတော့ အနောက်ဘက်ဒေသရှိ နိုင်ငံအသီးသီးမှ သံတမန်များ၊ အထူးသဖြင့် ကျင်းမင်းသား၏ သံတမန်များက ချင်နိုင်ငံမြို့တော်တွင် အချိန်ကြာမြင့်စွာ အခြေချလာကြ၏။

အခြားသောနေရာများတွင် ဤခံစားချက်ကို ရှင်းရှင်းလင်းလင်း သိရှိချင်မှ သိရှိမည်ဖြစ်သော်လည်း ချင်နိုင်ငံ မြို့တော်သို့ ရောက်ရှိနေသည်နှင့်တပြိုင်နက် အချက်တစ်ချက်ကို သတိထားရပေလိမ့်မည်။ စစ်ပွဲက နီးကပ်လာပြီ ဖြစ်၏။ ချောင်ပြည်နယ်၊ ရွှဲ့ပြည်နယ်၊ ကျင်းမင်းသားနှင့် အနောက်ဘက်ဒေသရှိ နိုင်ငံအသီးသီးတို့က ချင်နိုင်ငံ ဘုရင်မကို လုနေကြသည်။

အနောက်ဘက်ဒေသ နိုင်ငံများက အဘယ့်ကြောင့် ဂရုစိုက်နေရသနည်း။ တော်ဝင်ကပ်ဘေးဘုရားကျောင်းက အနောက်ဘက်ဒေသ နိုင်ငံဆီသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်၏။ သူတို့က နိုင်ငံအများအပြားမှ ယုံကြည် ကိုးကွယ်မှုများကို ရရှိခဲ့ရာ အရှေ့ဘက်ဆီသို့ ပြန်လာပြီး တစိုက်မတ်မတ်နှင့် အခြေချနေထိုင်ရန် ကြိုးစားလာကြ၏။

တော်ဝင်ကပ်ဘေးဘုရားကျောင်းသည် ယခင်က စုနန်၏ အင်အားကို ငှားရမ်းကာဖြင့် ဤကဲ့သို့သော အရာများကို ပြုလုပ်ချင်ကြ၏။ ယခုအချိန်တွင်မူ ကျင်းမင်းသား၏ အင်အားကို ငှားရမ်းချင်ကြသည်။

တော်ဝင်ကပ်ဘေးဘုရားကျောင်း ၏ ဆော်ဩမှုအောက်တွင် အနောက်ဘက်ဒေသ နိုင်ငံအသီးသီးတို့က အချိန်မရွေး စစ်တပ်တစ်တပ်ကို ဖွဲ့စည်းနိုင်၏။ ဤအရာက ပူးပေါင်းမဟာမိတ်တပ် ကဲ့သို့ပင်။

သို့သော်ငြား အကယ်၍ သူတို့က ရွှဲ့ပြည်နယ်ကို အနောက်ဘက်မှ တိုက်ခိုက်လိုပါက ချင်နိုင်ငံကို ဖြတ်သန်း ရပေလိမ့်မည်။ ထို့ကြောင့် တော်ဝင်ကပ်ဘေးဘုရားကျောင်းနှင့် နိုင်ငံအသီးသီးတို့တွင် တောင်းဆိုချက် တစ်ခုတည်းသာလျှင် ရှိ၏။ ဖြတ်သန်းခွင့် ရရှိရေးပင်။ ချောင်ပြည်နယ်က သူတို့နယ်မြေကို ဖြတ်သန်းခွင့်ပြုရန် သဘောတူလိုက်သည်နှင့် တပြိုင်နက် ဤအတွက် သူတို့က မိုးထိအောင် မြင့်မားသည့် ငွေကြေးများကို ပေးအပ်ရန် ဝန်လေးကြလိမ့်မည် မဟုတ်ချေ။

ချောင်ပြည်နယ်နှင့် ကျင်းမင်းသားတို့၏ တောင်းဆိုချက်က ပိုမို၍ ရိုးရှင်း၏။ အနာဂတ်စစ်ပွဲများ ဖြစ်ပွားသည့် အချိန်တွင် ချင်နိုင်ငံအနေနှင့် ကြားနေအဖြစ်သာ နေစေလိုခြင်းပင်။ ဤကြားနေမှု တစ်ခုတည်းအတွက်ပင် ကျင်းမင်းသားနှင့် ချောင်ပြည်နယ်တို့က ကြီးမားသည့် တန်ဖိုးကို ပေးအပ်ရန် အဆင်သင့် ရှိလို့နေ၏။

ကံဆိုးစွာဖြင့် ချင်နိုင်ငံတွင် ဝန်ကြီးအများအပြား မရှိသလို၊ ရှိသူများကလည်း ဘုရင်မ အာယုနာနာကို လွှမ်းမိုးနိုင်စွမ်း မရှိကြချေ။ ဤဝန်ကြီးများက ဘုရင်မကို နားချရန် မဆိုထားနှင့်၊ တွေ့ခွင့်ပင် မရကြချေ။ နားချ၍ မရလျှင် ဘုရင်မ အာယုနာနာကို စွန့်စားပြီး လုပ်ကြံသတ်ဖြတ်ရန် နည်းလမ်းတစ်ခုသာ ကျန်တော့သည်။

သို့သော်ငြား အာယုနာနာက ခိုင်မာသည့် နန်းတော်ထဲတွင် နေထိုင်နေပြီး သူမ၏ အယုံကြည်ရဆုံး လူများက သူမကို စောင့်ကြပ်၏။ နန်းတော်ကို စောင့်ကြပ်နေသည့် ချင်နိုင်ငံမှ စစ်သည်ထောင်ပေါင်းများစွာ ရှိ၏။ သူမ၏ လက်အောက်တွင် အနောက်ဘက်ဒေသနှင့် သဲကန္တာရလူရိုင်းမျိုးနွယ်စုမှ ကျွမ်းကျင်ပညာရှင်အများအပြားပင် ရှိသေး၏။

ထို့အပြင် အာယုနာနာကိုယ်တိုင်ကလည်း ထိပ်တန်းသိုင်းပညာရှင် တစ်ဦးလည်း ဖြစ်၏။ သူမကို လုပ်ကြံချင်သည် ဆိုလျှင် တော်ရုံသိုင်းပညာရှင် တစ်ယောက်၊ နှစ်ယောက်နှင့် လာရောက်ပြုလုပ်၍ရမည် မဟုတ်ချေ။ မဟာပညာရှင် တစ်ယောက်ပင်လျှင် လာရောက်တိုက်ခိုက်ရန် ခက်ခဲ၏။ မကြာသေးခင်က အရူးကြီးနှင့် လီချင်းချိုးတို့ ရောက်ရှိလာခဲ့သည်ဖြစ်ရာ အာယုနာနာကို လုပ်ကြံဖို့ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်တော့ချေ။

.............

ချင်ဘုရင် အာယုနာနာ၏ ဝမ်းဗိုက်က ပူထွက်နေပြီဖြစ်၏။ သူမက ရာဇပလ္လင်ပေါ်တွင် ထိုင်လျက်ရှိနေပြီး မျက်မှောင်ကြုတ်ထား၏။ သူမက သူမ၏ စိတ်ဆန္ဒအတိုင်းသာ ဆိုလျှင် စစ်သည်များကို ဦးဆောင်ပြီး ရွှဲ့ပြည်နယ်ကို ကူညီရန် ချက်ချင်းထွက်ခွာမိပေလိမ့်မည်။ သို့သော်ငြား သူမက တစ်ကိုယ်တည်း မဟုတ်တော့ပေ။ သူမက ချင်နိုင်ငံကို ဦးဆောင်နေသူ ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ ချင်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားကို ထည့်သွင်း စဉ်းစားရပေလိမ့်မည်။

အရေးကြီးဆုံးအချက်က သူမ မွေးဖွားပေးတော့မည်။ မွေးဖွားပြီးလျှင် နလံထနိုင်ရန် အချိန်အနည်းငယ် ယူရပေဦးမည်။ စစ်သည်များကို ဦးဆောင်ပြီး စစ်ထွက်တိုက်ရန် ဆိုသည်မှာ မဖြစ်နိုင်ချေ။

သို့သော်ငြား လွန်ခဲ့သည့် တစ်နှစ်တာ ကာလအတွင်း ရွှဲ့ပြည်နယ်က ချင်နိုင်ငံအတွက် အနစ်နာခံမှုပေါင်းများစွာကို ပြုလုပ်ခဲ့၏။ အာယုနာနာ၏ စိတ်ထဲတွင် အပြစ်ရှိသည့် စိတ်များဖြင့် ပြည့်နှက်နေမိ၏။ ရွှဲ့ပြည်နယ်ကိုသာ မကူညီနိုင်လျှင် တရားမျှတမှု မရှိသလိုပင် သူမက ခံစားမိ၏။

သို့သော်ငြား ယခုအချိန်ထိ ရွှဲ့ပြည်နယ်က မည်သည့် တောင်းဆိုမှုကိုမှ မပြုလုပ်ခဲ့ချေ။ သူတို့က ချင်နိုင်ငံကို စစ်တပ်စေလွှတ်ပေးရန် မတောင်းဆိုခဲ့သလို စစ်မြင်းများကိုလည်း မတောင်းခံခဲ့ပေ။ ထိုအစား ငွေပမာဏ များများစားစားကို အသုံးပြု၍ စစ်ရိက္ခာ အများအပြားကိုသာလျှင် ဝယ်ယူခဲ့၏။ ငွေပေးချေမှုကိုပင် ဆိုင်းငံ့ခြင်း မရှိဘဲ ချက်ချင်းပေးချေခဲ့သည်။

ထိုအချိန်မှာပဲ ရှမ့်လန်၏စာက ရောက်ရှိလာခဲ့၏။ သူက အာယုနာနာကို စစ်သည်များ မစေလွှတ်ရန် တိုက်ရိုက် ပြောကြားခြင်းပင်။ ရွှဲ့ပြည်နယ်နှင့် ကျင်းမင်းသားတို့၏ စစ်ပွဲကာလအတွင်း ချင်နိုင်ငံအနေနှင့် ကြားနေရမည်။ ချင်နိုင်ငံက မိမိ၏ရပ်တည်ချက်ကို ထိန်းသိမ်းထားခဲ့ပြီး ရန်သူမဖြစ်အောင်နေခြင်းအားဖြင့် ရွှဲ့ပြည်နယ်ကို များစွာ အကူအညီပေးရာ ရောက်၏။

ကျန်းရှစ်စီရင်စု၏ တောင်ဘက်ပိုင်းက ရွှဲ့ပြည်နယ်၏ အားအနည်းဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်၏။ ချင်နိုင်ငံသာ မရှိလျှင် ရွှဲ့ပြည်နယ်က ပိုင်ရီခရိုင်ကို ကာကွယ်ရန်ပင် အနည်းဆုံး စစ်သည်ပေါင်း ၈ သောင်း လောက်ကို စေလွှတ်ရပေလိမ့်မည်။ ထိုပမာဏကလည်း လုံလောက်ချင်မှ လုံလောက်ပေမည်။

ထို့ကြောင့် ချင်နိုင်ငံက အပေါ်ယံတွင် ကြားနေ, နေထိုင်သည် ဆိုသော်လည်း အမှန်တကယ်တွင်တော့ ရွှဲ့ပြည်နယ်၏အနောက်ဘက်ခြမ်းကို ကာကွယ်ပေးထားပြီး တော်ဝင်ကပ်ဘေးဘုရားကျောင်း၊ ချောင်ပြည်နယ်နှင့် ကျင်းမင်းသားတို့က ဤလမ်းကြောင်းမှတစ်ဆင့် ရွှဲ့ပြည်နယ်ကို မတိုက်ခိုက်နိုင်အောင် တားဆီးထား၏။ ဤသည်ကပင် ကြီးမားသည့် အကူအညီ ဖြစ်လို့နေသည်။

ထို့အပြင် အကယ်၍ ချင်နိုင်ငံက စစ်သည်များ မစေလွှတ်ပါက ရန်သူ၏ စစ်တပ်ကို အချိန်ဆွဲထားနိုင်သေး၏။ အကယ်၍ စစ်သည်များစေလွှတ်လိုက်သည်နှင့် ချောင်ပြည်နယ်၊ သဲကန္တာရလူရိုင်းများနှင့် တော်ဝင်ကပ်ဘေး ဘုရားကျောင်းတို့က ချင်နိုင်ငံကို အစွမ်းကုန် တိုက်ခိုက်ကြပေလိမ့်မည်။ ထိုသို့ဖြစ်လာပါက ရွှဲ့ပြည်နယ်၏ အနောက်ဘက်ခြမ်းက အန္တရာယ် ကျရောက်ပေလိမ့်မည်။ ထို့ကြောင့် အနည်းဆုံးတော့ လောလောဆယ်တွင် ချင်နိုင်ငံ အနေနှင့် စစ်သည်များကို မစေလွှတ်ခြင်းက ပိုမို၍ အကျိုးရှိ၏။

ထိုသို့ဆိုလျှင် ချင်နိုင်ငံက စစ်သည်များ လုံးဝ မစေလွှတ်ပေးတော့ဘူးလား။ မဟုတ်ပေ။ စစ်ပွဲအခြေအနေ ပိုမိုကြီးမားလာသည့် အချိန်မျိုးတွင် ချင်နိုင်ငံက မမျှော်လင့်ထားသည့် အင်အားစုတစ်ခုအဖြစ် ဝင်ရောက်ကာ တိုက်ခိုက်နိုင်စွမ်း ရှိနေပြီး စစ်ပွဲ၏ ရလဒ်ကို တိုက်ရိုက်သက်ရောက်စေနိုင်သည်။

ထိုအစား ဤကာလအတွင်း ဘုရင်မ အာယုနာနာက သူမ၏ လုံခြုံရေးကို အာမခံချက်ရှိအောင် လုပ်ထားရမှာ ဖြစ်ပြီး စစ်သည်များကိုလည်း တင်းတင်းကျပ်ကျပ် ကိုင်တွယ်ထားရမည်။ လိုအပ်ပါက မြို့တော်တဝိုက်ရှိ မျိုးနွယ်စုအသီးသီးတို့၏ တပ်ဖွဲ့များကို အလှည့်ကျ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်စေရပေလိမ့်မည်။ ဤသို့ ပြုလုပ်ခြင်းအားဖြင့် မျိုးနွယ်စုများ တစ်ခုနှင့်တစ်ခု တိုက်ခိုက်ခြင်းအား တားဆီးထားနိုင်ပေမည်။

ရှမ့်လန်က နင်ယွမ်ရှန်းနှင့်အတူ ဤကိစ္စကို သုံးသပ်ထားခဲ့ပြီး ဖြစ်၏။ နင်ယွမ်ရှန်းကလည်း သဘောတူ သောကြောင့် ရွှဲ့ပြည်နယ်က ချင်နိုင်ငံအပေါ် မည်သည့်တောင်းဆိုမှုကိုမှ မပြုလုပ်သေးခြင်း ဖြစ်၏။

ရှမ့်လန်၏ စာကိုဖတ်ရှုပြီးနောက် ချင်နိုင်ငံ၏ဘုရင်မ အာယုနာနာက စိတ်ထဲတွင် ချက်ချင်း သက်သာရာ ရသွားပြီး စိုးရိမ်ပူပန်မှုများလည်း လျော့ပါးသွားခဲ့၏။ ရာဇပလ္လင်ပေါ်တွင် ထိုင်လျက်ရှိနေတုန်းမှာပဲ အာယုနာနာက ရှမ့်လန် မည်မျှထူးချွန်ကြောင်း သဘောပေါက်မိသည်။

အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူက သူမ တွေးထားခဲ့သည့် အကြောင်းအရာများကိုသာမက သူမ မတွေးမိသည့် အကြောင်းအရာများကိုပါ ထည့်သွင်း စဉ်းစားပေးသောကြောင့်ပင်။ ရှမ့်လန်က မဟာမိတ်များအပေါ်၌ လက်တွေ့မကျသည့် တောင်းဆိုမှုများကို ဘယ်တော့မှ မပြုလုပ်ပေ။

“ချောင်ပြည်နယ်နဲ့ ကျင်းမင်းသားဆီက သံတမန်တွေကို ဝင်ခွင့်ပေးလိုက်။”

ဘုရင်မ အာယုနာနာက ပြောလိုက်၏။ သို့သော်ငြား ချက်ချင်းပင် သူမက မျက်မှောင်ကုတ်လိုက်၏။ “ထားလိုက်တော့။ မနက်ဖြန်မှ ပြောတော့မယ်။ ငါ မွေးတော့မယ်”

သူမ၏ ဗိုက်က အနည်းငယ် နာကျင်နေပြီဖြစ်သော်လည်း သူမ ဂရုမစိုက်ခဲ့ချေ။ ယခု သူမ၏ ဘောင်းဘီ စိုစွတ်သွားခဲ့ပြီဖြစ်ရာ သေချာပေါက် မွေးဖွားပေးတော့မည်။ ဤစကား ထွက်ပေါ်လာသည်နှင့်တပြိုင်နက် အရူးကြီးက ရုတ်တရက် မတ်တပ်ထရပ်ပြီး သူ့မိန်းမကို ပွေ့ချီရန် ပြင်၏။

“သွား .. မလိုဘူး...။”

အာယုနာနာက အရူးကြီးကို တွန်းထုတ်၏။ သူမက မတ်တပ်ထရပ်၏။ ရေမြွာပေါက်သွားပြီဖြစ်သောကြောင့် သူမ၏ ခြေထောက်တလျှောက် ရေများ စီးကျလာခဲ့၏။ မြေပြင်ပေါ်တွင် စိုစွတ်နေသည့် ရေကွက်ငယ်လေး တစ်ခုပင် ပေါ်လာသည်။

အာယုနာနာက ခြေထောက်ကို အနည်းငယ်ကားပြီး အခန်းထဲသို့ လျှောက်ဝင်သွား၏။ “ပြင်ဆင်ကြတော့... ငါ မွေးတော့မယ်။”

အရူးကြီးက သူမ၏ နောက်သို့ လိုက်ဝင်ချင်သော်လည်း အပြင်သို့ တွန်းထုတ်ခြင်းကိုသာ ခံရ၏။ အမျိုးသမီး သမားတော် တစ်ဒါဇင်နှင့် သားဖွားဆရာမ တစ်ဒါဇင်ကျော်တို့က အခန်းထဲသို့ အလုအယက်နှင့် ပြေးဝင် လာခဲ့ကြ၏။ သူတို့က ဤနေ့ကို မျှော်လင့်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။

“အရှင်မ... ကျေးဇူးပြုပြီး လှဲနေပေးပါ”

“မလှဲဘူး။ ချင်နိုင်ငံက အမျိုးသမီးတွေက မတ်တပ်ရပ်ပြီး မွေးရတာကို ပိုကြိုက်တယ်။”

“အရှင်မ... နည်းနည်းလောက် ညည်းလိုက်ပါလား။”

ရွှဲ့ပြည်နယ်မှ အမျိုးသမီးများသည် နာကျင်မှုကို မခံနိုင်သောကြောင့် အစွမ်းကုန် အော်ဟစ်ညည်းညူတတ်ကြ၏။ သို့သော်ငြား အာယုနာနာက မညည်းညူသောကြောင့် ရွှဲ့ပြည်နယ်မှ သမားတော်နှင့် သားဖွားဆရာမများက တမျိုးကြီး ခံစားနေရ၏။

“ဒီလောက် နာကျင်မှုလေးနဲ့ ညည်းရမှာ ရှက်ဖို့ကောင်းတယ်”

“အရှင်မ... အဝတ်အစားတွေ အကုန်မချွတ်ပါနဲ့အုံး။ အရမ်းအေးပါတယ်”

“အဝတ်အစားတွေ အကုန်ချွတ်လိုက်တာ ပိုကောင်းတယ်။ တော်ဝင်ဝတ်ရုံတော် ညစ်ပတ်ကုန်မှာစိုးလို့”

ပြီးနောက် အာယုနာနာက ညည်းညူခြင်း၊ အော်ဟစ်ခြင်း မရှိချေ။ သူမက မွေးခန်းထဲတွင် လမ်းလျှောက် နေရုံသာလျှင် လျှောက်နေ၏။ ရုတ်တရက် သူမက ခါးကို အနည်းငယ်ကိုင်းသည်။

“ဟမ့်...။” ချင်ဘုရင်မက အနည်းငယ် ဟိန်းဟောက်ပြီး ခြေထောက်ကို ဆောင့်နင်းလိုက်၏။

“ကလေးမွေးလာပြီ။” “အူဝဲ... အူဝဲ...။”

ကလေးငိုသံ ထွက်ပေါ်လာသည်။

သားဖွားဆရာမများနှင့် အမျိုးသမီး သမားတော် အားလုံးက အံ့အားသင့်သွားခဲ့၏။ ဘုရင်မက ဤမျှပင် အံမခန်းသည်လား။ သူမက ကမ္ဘာပေါ်တွင် ထိပ်တန်းအမျိုးသမီးတစ်ဦးအဖြစ် ကျော်ကြားရန် ထိုက်တန်လွန်းလှ၏။ ပထမဦးဆုံး ကလေးကိုတောင် ဤကဲ့သို့ ရဲရဲရင့်ရင့် မွေးဖွားခဲ့၏။

“ဂုဏ်ယူပါတယ် အရှင်မ... မင်းသားလေးပါပဲ”

“ဝါး... ၆ ကီလိုခွဲတောင် ရှိတာပဲ။ ဒီလောက်သန်မာတဲ့ ကလေးမျိုးကို ကျွန်မ ပထမဦးဆုံး မြင်ဖူးတာပဲ။ သူက တကယ့် မင်းသားလေးပဲ။”

“အင်း... ကျွန်မတို့ရဲ့ အနာဂတ်ဘုရင်က အရမ်းကို ခန့်ညားတာပဲ။”

အာယုနာနာက အမျိုးသမီးသမားတော်ကို သူမ၏ ခန္ဓာကိုယ်အား သန့်ရှင်းရေး လုပ်ခိုင်း၏။ ကလေးကို သန့်ရှင်းရေးလုပ်ပြီးနောက် သူမက အသာပွေ့ဖက်ပြီး နို့တိုက်သည်။

သားဖွားဆရာမက မြှောက်ပင့်ပြောသည်ဟု သူမ ထင်ခဲ့သော်လည်း တကယ်တမ်း ကြည့်ချိန်မှာတော့ ကလေးက တကယ်ပင် ခန့်ညား၏။ သူ့အဖေနှင့်တူသည့် မွေးစကလေးက မျက်လုံးများက ပြူးကျယ်ပြီး ခြေလက်များက တရကြမ်း ကန်ကျောက်နေ၏။ သိပ်ကို သန်သည်။ သူက အခြားသူများ၏ ကလေးများနှင့် လုံးဝမတူချေ။

“နောင်တစ်ချိန်ကျရင် ဘယ်မင်းသမီးကများ ဒီမင်းသားလေးရဲ့ အနိုင်ကျင့်ခြင်းကို ခံရမလဲ မသိဘူး။ သူက အရမ်းသန်တာပဲ။”

“ကျွန်မ ကလေးတွေ အများကြီး မွေးပေးခဲ့ဖူးပေမယ့် သူ့လို ကလေးမျိုးကို တစ်ခါမှ မမြင်ခဲ့ဖူးဘူး။”

နို့ထိန်းတော်ကြီးက အနည်းငယ် ရှေ့သို့ တိုးလာ၏။ “အရှင်မ... အရှင်မဆီမှာ နို့မထွက်သေးဘူး။ ကျွန်မတို့ဆီက အရင်သောက်ခိုင်းလိုက်ပါလား။ မင်းသားလေးကို နို့နည်းနည်းလောက် စို့ခိုင်းလိုက်မယ်ဆိုရင် အရှင်မဆီက နို့ထွက်လာမှာနဲ့ အတော်ပဲ ဖြစ်သွားပါလိမ့်မယ်။”

အာယုနာနာက ခေါင်းညိတ်လိုက်၏။ ပြီးနောက် အဝတ်အစားများ ဝတ်ဆင်ပြီး အပြင်ဘက်သို့ ထွက်ရန် ပြင်သည်။

“အရှင်မ... ဘာလုပ်မလို့လဲ။” အမျိုးသမီး သမားတော်တစ်ယောက်က လှမ်းကာ မေးလိုက်၏။

“သံတမန်တွေနဲ့ သွားတွေ့မလို့လေ။”

အမျိုးသမီး သမားတော်နှင့် သားဖွားဆရာမများ ကြောင်အသွားခဲ့၏။ ခုလေးတင် ကလေးမွေးထား၏။ အမျိုးသမီး အများစုဆိုလျှင် မတ်တပ်တောင် မရပ်နိုင်ကြချေ။ သူမက ကျားတစ်ကောင်ကဲ့သို့ လမ်းလျှောက်နိုင်ရုံသာမက သံတမန်များနှင့်ပါ သွားရောက်တွေ့ဦးမည်ဟု ပြောဆိုနေသည်။

“အရှင်မ... မီးဖွားပြီးရင် မီးနေခန်းထဲ နေရပါတယ်။” အမျိုးသမီးသမားတော်က လှမ်းပြော၏။

အာယုနာနာက ပြောလိုက်သည်။ “ရွှဲ့ပြည်နယ်က အမျိုးသမီးတွေက မီးနေခန်းမှာ နေလို့ရပေမယ့် ချင်နိုင်ငံရဲ့ အမျိုးသမီးတွေက အဲဒါမလိုဘူး။ သူတို့က မွေးပြီး သုံးရက်မြောက်နေ့ဆို တိရစ္ဆာန်ကျောင်း ထွက်နေကြပြီ။”

အမျိုးသမီးသမားတော်က လှမ်းကာပြောလိုက်၏။ “ဒါဆိုရင် အနည်းဆုံး မနက်ဖြန်ပေါ့။ အနည်းဆုံး တစ်ရက်လောက်တော့ နားလိုက်ပါလား။”

အားလုံးက ဝိုင်းကာ တောင်းပန်ရသည်။

အပိုင်း (၅၆၆)

သားဖွားဆရာမနှင့် အမျိုးသမီးသမားတော်များ၊ နို့ထိန်းတော်အားလုံးတို့ဆီမှ အံ့အားသင့်သံများ ထွက်ပေါ်လာခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဤကလေးက အစားအလွန်ကြီးပြီး မွေးမွေးချင်းမှာပဲ နို့ထိန်းတော် သုံးဦးလုံး၏နို့ကို ကုန်စင်အောင် သောက်လိုက်သောကြောင့်ပင်။ ထိုအချိန်မှသာ ဗိုက်ဝ၏။ အားလုံးပြီးမှ ကလေးငယ်က လေချဉ် တစ်ချက်တက်ပြီး မျက်လုံးများမှိတ်ကာ အိပ်ပျော်သွားခဲ့၏။

“အရှင်မ... မင်းသားလေးကို နာမည်ပေးဖို့ အချိန်တန်ပါပြီ။”

ချင်းဘုရင်မ အာယုနာနာက ခဏနား စဉ်းစားလိုက်သည်။ “သူ့အဖေ နာမည်က တာ့ကျွမ်းဆိုတော့ သူ့ကို အာယုကျွမ်းလို့ ပေးရမယ်။”

“ဟင်...။”

ဤကဲ့သို့ လွယ်လွယ်ကူကူ ပေးလိုက်သည်လား။ ဤအရာက ချင်နိုင်ငံ၏ အနာဂတ်ဘုရင်လောင်း တစ်ယောက် ဖြစ်၏။ နာမည်က တကယ့်ကို တောဆန်လှ၏။

“နာမည်ကောင်းပဲ။ ဆုံးဖြတ်လိုက်ပြီ။”

ချင်းဘုရင်မ အာယုနာနာက ပြောလိုက်သည်။ သူမက အာယုကျွမ်းကို အရူးကြီ နံပါတ် (၂) ဟု နာမည်မပေးလိုက်ခြင်းကပင် ကံကောင်းသည်။

ထိုအချိန်မှာတော့ အရူးကြီးက အပြင်ဘက်တွင် ကြောင်တောင်တောင်နှင့် ရပ်လို့နေ၏။ သူ၏ မျက်နှာ တစ်ခုလုံးက နီရဲနေ၏။ ဘာလုပ်ရမှန်း မသိချေ။ သူ .. သူ အဖေတစ်ယောက် ဖြစ်သွားခဲ့ပြီလား။ အရာအားလုံးက ရုတ်တရက် ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်၏။ သူ တစ်သက်လုံး မိန်းမ မရနိုင်ဟု ထင်၏။ နောက်ဆုံးမှာတော့ နားမလည်နိုင်စွာဖြင့် မိန်းမရခဲ့ပြီး နားမလည်နိုင်စွာဖြင့်ပင် ကလေးတစ်ယောက် ရရှိလာခဲ့၏။

............

နန်းမြို့တော်၊ ချန်းဖန်မြို့စားအိမ်တော် ...

ဝမ်ပိ၏ နှလုံးသားထဲမှ တုန်လှုပ်မှုကို ဖော်ပြရန် စကားလုံးဟူ၍ပင် မရှိတော့ချေ။ မြို့စားလေး၏သားဖြစ်သူက မူလက မျှော်လင့်ချက် သိပ်မထားခဲ့ချေ။ အထူးသဖြင့် ရှမ့်လန်ကို မြင်ပြီးနောက် လိမ်ညာလှည့်ဖျားသူ တစ်ယောက်နှင့် တွေ့နေသလို ခံစားမိခဲ့၏။

ရှမ့်လန်က စွမ်းဆောင်ရည် ရှိသည်ဆိုလျှင်ပင် သို့မဟုတ် နဂါးသွေး အမှန်တကယ် ရှိလျှင်ပင် သူ့ကို ပေးလိမ့်မည် မဟုတ်ဟု ထင်မှတ်ခဲ့၏။ ဤမျှ အံ့အားသင့်ဖွယ်ရာ အာနိသင်မျိုး ရှိလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။ ဆေးက သောက်ပြီးသည်နှင့် ချက်ချင်း အစွမ်း ပြလာခဲ့သည်။

လွန်ခဲ့သည့်နှစ် အနည်းငယ် ၁၀၀ ကီလိုဂရမ်လေးသည့် ကျောက်တုံးလေးကို သူ မ နိုင်ခဲ့သေး၏။ သို့သော်ငြား ယခုနှစ်ပိုင်းအတွင် အပျော်အပါးလိုက်စားမှုကြောင့် သူ၏ခန္ဓာကိုယ်က ယိုယွင်းပျက်စီးသွားခဲ့၏။ ၁၀၀ ကီလိုဂရမ် အလေးကိုပင် မ,မနိုင်တော့ပေ။ ယခုအခေါက် အထူးစာမေးပွဲ၏ သိုင်းပညာစာမေးပွဲ၌ ပထမအဆင့်မှာပင် သူ ပြုတ်ကျန်ခဲ့၏။

သူက နဂါးသွေး သုံးပုံတစ်ပုံကိုသာ သောက်ရသေး၏။ ဤမျှ အံ့အားသင့်ဖွယ် အာနိသင်ကို ရရှိနေ၏။ အကုန်သာ သောက်လိုက်မည်ဆိုပါက မည်သို့ ဖြစ်မည်နည်း။ သူ ဝမ်ပိက ကောင်းကင်ပေါ်သို့ ပျံတက်သွားနိုင်မည် မဟုတ်ပါလား။ နောက်တစ်ကြိမ် သိုင်းပြိုင်ပွဲဆိုသည်က ထမင်းစားရေသောက်ကဲ့သို့ပင် လွယ်ကူသွားလိမ့်မည် မဟုတ်ပါလား။

ချက်ချင်းပဲ ဝမ်ပိက ရှမ့်လန်ကို ဦးညွှတ်လိုက်သည်။ “ရှမ့်... ခင်ဗျားက တကယ့်ကို နတ်ဘုရားလိုပဲ။ တကယ့်ကို နတ်ဘုရားပါပဲ။”

ရှမ့်လန်က ပြောလိုက်၏။ “ကျုပ်ပြောရအုံးမယ်။ ဒီနဂါးသွေး အာနိသင်က လူပေါ်မှာလည်း မူတည်တယ်။ တချို့လူတွေအတွက် ထိရောက်တယ်ဆိုပေမယ့် တချို့လူတွေအတွက် မထိရောက်ဘူး။ တကယ်လို့ မထိရောက်ဘူးဆိုရင် ခင်ဗျားပိုက်ဆံမဖြုန်းနဲ့တော့။ နဂါးသွေးသုံးပုံတစ်ပုံအတွက် ပိုက်ဆံမယူဘူး။ ခင်ဗျား ပြန်လို့ရပြီ။”

“ထိရောက်ပါတယ်။ ထိရောက်ပါတယ်။”

ဝမ်ပိက တစ်ကိုယ်လုံး တုန်ယင်လို့နေသည်။ “တကယ့်ကို အံ့အားသင့်စရာပဲ။ အရမ်းကို အံ့အားသင့်ဖို့ ကောင်းတယ်။ ကျုပ်ရဲ့ ခွန်အားတွေက နှစ်ဆတိုးလာသလို ခံစားရတယ်”

တကယ်တော့ ထိုသို့မဟုတ်ချေ။ သောက်သုံးပြီးသည့်နောက် အားပြည့်အင်ပြည့် ရှိသည်မှာ မှန်သော်လည်း ထိုမျှတော့ မကြီးမားချေ။ သို့သော်ငြား ဝမ်ပိ၏ သိုင်းပညာက ယခင်က အတော်အတန် ကောင်းမွန်ခဲ့၏။ ယခုနှစ်နောက်ပိုင်း အပျော်အပါးကြောင့် ခန္ဓာကိုယ် ပျက်စီးသွားခဲ့ခြင်း ဖြစ်၏။ သို့ပေမည့် သွေးမျိုးဆက် အခြေခံ ရှိနေသေးသောကြောင့် ရွှေနဂါးသွေးဟု ခေါ်သည့်အရာကို သောက်သုံးပြီးနောက် အာနိသင်က အထူးပင် သိသာလာခဲ့၏။

ရှမ့်လန်က ပြောလိုက်သည်။ “ကောင်းပြီ။ ခင်ဗျားကို လေးနာရီကြာ ဖယ်ပေးထားမယ်။ အကယ်၍ ခင်ဗျား မလိုချင်တော့ဘူးဆိုရင် အခြားသူကို ပေးလိုက်တော့မယ်”

“မလုပ်ပါနဲ့။ မလုပ်ပါနဲ့။”

ဝမ်ပိက ဒူးထောက်ထိုင်ချကာ ပြောလိုက်၏။ “ကျေးဇူးရှင်ရှမ့်... ကျုပ် ဒီရွှေနဂါးသွေးကို လိုချင်ပါတယ်။ တခြားဘယ်သူ့ကိုမှ မပေးလိုက်ပါနဲ့။ ဒါက ကျုပ်ရဲ့ အသက်သွေးကြောပါပဲ။ ကျုပ်ရဲ့ ဂုဏ်ကျက်သရေ၊ စည်းစိမ်ဥစ္စာနဲ့ ရာထူးအဆင့်အတန်း အားလုံးက ဒီအပေါ်မှာ မူတည်နေတာပါ။ ကျုပ် အခုပဲ အိမ်ပြန်ပြီး ပိုက်ဆံသွားယူပါ့မယ်။ အကယ်၍ အဖေက ပိုက်ဆံမပေးဘူးဆိုရင် ကျုပ် သူ့ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေပစ်လိုက်မယ်။”

ပြီးနောက် ဝမ်ပိက အလျင်အမြန် ပြေးထွက်သွားခဲ့၏။ ထိုကဲ့သို့ ပြေးသွားသည်က ဘာမှမဟုတ်သော်လည်း အံ့အားသင့်စရာကောင်းသည်က ဝမ်ပိက သူ၏အရှိန်သည် များစွာတိုးတက်လာကြောင်း သတိပြုမိ၏။ ခြေထောက်အောက်တွင် လေပင့်ထားသကဲ့သို့ လေထဲမျောပါသလို ခံစားရသည်။

ထိုတင်သာ မကသေးချေ။ သူ ယခင်က သိပ်အကြာကြီး မပြေးနိုင်ပေ။ မောဟိုက်နေတတ်၏။ ဤတစ်ခေါက်မှာတော့ သူက နှစ်မိုင်ခရီးကို တဆက်တည်း ပြေးခဲ့၏။ တစ်ချက်ကလေးမှ မမောခဲ့ချေ။ အရမ်းကို အံ့အားသင့်စရာ ကောင်း၏။ ထိုသို့နှင့်ပင် သူက နန်းမြို့တော်ရှိ သူ၏ အိမ်ဆီသို့ တိုက်ရိုက် ပြေးသွား၏။

မြို့စားလေးဝမ်ရှုသည် မူလက ထျန်းဖေးစီရင်စုတွင် နေထိုင်၏။ သို့သော်ငြား တောင်ပိုင်းစစ်ဆင်ရေးအတွက် သူက စစ်သည် ၅ သောင်းကို ဦးဆောင်ကာ တောင်ဘက်ပိုင်းသို့ ချီတက်လာခဲ့ပြီး နန်းမြို့တော်တွင် တပ်စွဲထားခဲ့၏။ စစ်ဘက်ဆိုင်ရာ လက်နက်ရိက္ခာများ အဆင်သင့်ဖြစ်သည်နှင့် တပြိုင်နက် သူတို့က နန်းကုန်းအိုနှင့်အတူ စစ်မြေပြင်ဆီသို့ ချက်ချင်းချီတက်ရပေလိမ့်မည်။

ထို့ကြောင့် မြို့စားလေးဝမ်ရှုသည် မြို့တော်ရှိ သူ၏ နေအိမ်တွင် နေထိုင်နေခြင်း ဖြစ်၏။ ညနက်နေပြီ ဖြစ်၏။ သို့သော်ငြား သူက စာဖတ်နေဆဲပင်။ တကယ်တမ်းမှာတော့ သူက စာကို စိတ်ပါဝင်စားစွာ ဖတ်၍ မရပေ။ ရင်ထဲတွင် အလိုမကျမှုများနှင့် ပြည့်နှက်နေသောကြောင့်ပင်။

သူက ခေါင်းကို မော့ပြီး သဲနာရီကို ကြည့်လိုက်၏။ အချိန်က ဤမျှလောက်တောင် ရှိနေပြီ။ အလေလိုက်နေသည့် သူ၏သားက ယခုအချိန်ထိ ပြန်မရောက်သေးချေ။ ဘယ်ဆီဘယ်နေရာဆီသို့ ရောက်ရှိနေပြီ အချိန်ဖြုန်းနေသနည်း မသိပေ။ ဤအသုံးမကျသည့် သားအတွက် ဝမ်ရှုက ဆံပင်ဖြူသည်အထိ စိုးရိမ်ပူပန်ခဲ့ရ၏။

ယခင်က တခြားနေရာသို့ စစ်ချီထွက်ခွာသွားတိုင်း သားဖြစ်သူဝမ်ပိအား သူနှင့်အတူ မလိုက်လာစေဘဲ သိုင်းပညာသင်ကြားရန် နန်းမြို့တော်၌သာ ထားရစ်ခဲ့၏။ သူက ဝမ်ပိ ထူးချွန် ထက်မြက်လာစေရန် မူလက ရည်ရွယ်ခဲ့သည် ဆိုသော်လည်း ဤကဲ့သို့ မြန်မြန်ဆန်ဆန်နှင့် ပျက်စီးသွားလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။

ထိုအစား အရေးပေးခြင်းကို မခံရသည့် မယားငယ်၏ သားကမူ တိုးတက်လာခဲ့၏။ ဤတစ်ခေါက်တွင် ထိုကလေးက သိုင်းပညာ စစ်ဆေးမှုကိုပင် အောင်မြင်ခဲ့၏။ သို့သော်ငြား ထိုမယားငယ် သား၏ စိတ်နေစိတ်ထားက အနည်းငယ် တင်းမာပြီး ဖခင်ဖြစ်သူနှင့် မရင်းနှီးချေ။ အကယ်၍ လုံးဝမဖြစ်မနေ လိုအပ်နေသည်မှ လွဲ၍ ဝမ်ရှုက သူ၏ ဘွဲ့ထူးဂုဏ်ထူးကို မယားငယ်မှ မွေးသည့်သားထံ လွှဲပြောင်းပေးရန် ဆန္ဒမရှိပေ။

ဘာပဲဖြစ်ဖြစ် သူ၏ အချစ်ဆုံးသားက သားအရင်း ဝမ်ပိသာ ဖြစ်၏။ သို့သော်ငြား ဤကောင်လေးက တကယ့်ကို အသုံးမကျသည့် လူတစ်ယောက် ဖြစ်လို့နေ၏။ သူပိုင်ဆိုင်သမျှ ဘွဲ့ထူးဂုဏ်ထူးဆိုသည့်အရာကိုသာ ဝမ်ပိလက်ထဲသို့ ထည့်ပေးလိုက်ပါက မိသားစု၏ စီးပွားရေးလုပ်ငန်းများက ပျက်စီးသွားလောက်၏။ ထို့ကြောင့် သူက တွေးမိတိုင်း စိုးရိမ်ပူပန်နေမိ၏။

ထိုအချိန်မှာပဲ ဝမ်ပိက အိမ်ထဲသို့ အလောတကြီးနှင့် ဝင်ရောက်လာခဲ့၏။ သူက ဝမ်ရှု၏ ရှေ့သို့ ဒူးထောက် ထိုင်ချလိုက်သည်။ “အဖေ... အဖေ ပိုက်ဆံမြန်မြန်ပေးပါ၊ ကျုပ်ကို ရွှေဒင်္ဂါး ၆ ထောင်ပေးပါ။”

ကြည့်စမ်း...။ အလေနတော ဘယ်က ပြန်လာလဲ မသိချေ။ သို့ပေမည့် ပိုက်ဆံပေါင်း မျောက်မြားစွာကို လာရောက် တောင်းဆိုနေ၏။ ရှမ့်လန်က ၅ ထောင်တောင်းသော်လည်း သူက ၁ ထောင် ထပ်ဆောင်းပြီး ၆ ထောင်ဟူ၍ တောင်း၏။

မြို့စားလေးဝမ်ရှုက ဤစကားကို ကြားချိန်မှာတော့ ဒေါသထွက်သွားခဲ့သည်။ “ရွှေဒင်္ဂါး ၆ ထောင် ဟုတ်လား။ မင်းရူးနေတာလား။ ဒါ ပိုက်ဆံဘယ်လောက်များလဲဆိုတာ သိလား။ ငါတို့မိသားစုတစ်ခုလုံးရဲ့ တစ်နှစ်တာ ဝင်ငွေက ကုန်ကျစရိတ်တွေ နှုတ်ပြီးရင် ရွှေဒင်္ဂါး ၂ ထောင်တောင် မကျန်ဘူး။ အခု ရွှေဒင်္ဂါး ၆ ထောင် ဆိုတာ ငါတို့မိသားစု စုဆောင်းငွေရဲ့ အစိတ်အပိုင်း တော်တော်များများပဲ။”

“မင်းဘာလုပ်မလို့လဲ။ ပြည့်တန်ဆာတွေနဲ့သွားပြီး သောက်စားရင်တောင် ပိုက်ဆံ ဒီလောက် အများကြီး မလိုဘူး။ လောင်းကစား ရှုံးလာတာလား။ ဒါမှမဟုတ် အလိမ်ခံလိုက်ရတာလား။”

ဝမ်ရှုက ဘာမှဆက်မပြောတော့ဘဲ ကြိမ်လုံးကို ကောက်ဆွဲ၏။ သူက သူ၏သားကို သေအောင်ရိုက်သတ်ရန် ပြင်လိုက်၏။ “ရွှေဒင်္ဂါး ၆ ထောင်... ရွှေဒင်္ဂါး ၆ ထောင်ဟုတ်လား။ မိသားစုတစ်ခုလုံး မွဲပြာကျသွားမှ မင်း အသိတရားရပြီး ရပ်တန့်မှာလား။”

ဝမ်ပိက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ “အဖေ... ဒီတစ်ခေါက် ပိုက်ဆံတောင်းတာက ကောင်းတဲ့ကိစ္စအတွက်၊ ကျုပ်အတွက် မဟုတ်ဘူး။ မိသားစု တစ်ခုလုံးအတွက်ပါ။ ကျုပ် ချမ်းသာတော့မယ်။ နောက်တစ်ကြိမ် သိုင်းပညာစာမေးပွဲကို သေချာပေါက် အောင်မြင်တော့မယ်။ ရှမ့်လန်ဆီမှာ ရွှေနဂါးသွေးတချို့ ရှိတယ်။ သူက ဘယ်သူ့ကိုမှ ပေးဖို့ အစီအစဉ် မရှိဘူးဆိုပေမယ့် ကျုပ်က ယွမ်မင်ကျယ်နဲ့ မိတ်ဆွေကောင်းတွေ ဖြစ်တော့ သူက နည်းနည်းပေးလိုက်တယ်။ အခု သူက လူရင်းတွေ ဖြစ်တာကြောင့် ရွှေဒင်္ဂါး ၆ ထောင်ပဲ ယူပါတယ်တဲ့။”

ဝမ်ရှုက ပိုမို၍ ဒေါသထွက်သွား၏။ ဤကောင်လေး ဖြုန်းတီးသည်က ထားတော့။ မည်မျှ တုံးအလိုက်သနည်း။ အလိမ်ခံရသည်ကိုတောင်မှ လိုလိုချင်ချင်နှင့် ပိုက်ဆံ သွားပေးချင်နေသေး၏။ ရှမ့်လန်နှင့် ယွမ်မင်ကျယ်တို့ ပေါင်းပြီး ပိုက်ဆံလိမ်နေမှန်း သိသာ၏။

“အရူး၊ ငတုံး။”

ထို့အပြင် အိမ်ရှေ့စံနှင့် တတိယမင်းသားတို့က ရှမ့်လန်နှင့် အရောင်းအဝယ် မလုပ်ရဘူးဟု အမိန့်ထုတ်ခဲ့ပြီးသား ဖြစ်သည်။

“မင်း ပိုက်ဆံမပေးရသေးဘူး မဟုတ်လား။” ဝမ်ရှုက မေးမြန်းလိုက်၏။

ဝမ်ပိက ပြောလိုက်သည်။ “မပေးရသေးဘူး။ ဒါပေမဲ့ သူက ကျုပ်ကို နဂါးသွေး သုံးပုံတစ်ပုံ တိုက်ပြီးတော့ ကျန်တဲ့ သုံးပုံနှစ်ပုံကို ၄ နာရီကြာ ဖယ်ထားပေးမယ်တဲ့။ အဲဒီအချိန်ထိ ပိုက်ဆံမပေးရင် သူ တခြားသူကို ရောင်းတော့မယ်တဲ့။”

ဝမ်ရှုက အော်ဟစ်လိုက်၏။ “အဲဒါ လိမ်နေတာကွ။ ရှမ့်လန်က လူလိမ်… မင်းအိမ်ထဲမှာပဲနေ ဘယ်မှမသွားနဲ့။ ဟေ့… သခင်လေးကို ကြိုးနဲ့ တုတ်ထားလိုက်ကြ။”

“အဖေ… အဖေ ကျုပ်ဘဝ ပျက်စီးတော့မှာပဲ။ အဲဒါ တကယ့်နဂါးသွေးဗျ။”

ဝမ်ရှုက ဒေါသတကြီးဖြင့် လှမ်းကာအော်လိုက်သည်။ “ဘာကို နဂါးသွေးလဲ။ ရှမ့်လန်က ခွေးကောင်… ဒီကောင်က လူလိမ်ကွ။”

ဝမ်ပိက မည်သည့်စကားမှ မပြောတော့ချေ။ ခြံဝင်းထဲသို့ ပြေးထွက်သွားခဲ့၏။ သူက ကီလိုဂရမ် ၁၀၀ လေးသည့် ကျောက်တုံးကြီးကို ကောက်မလိုက်၏။ သူက ဖခင်ကြီး၏ ရှေ့မှောက်တွင် လက်တစ်ဖက်တည်းဖြင့် မ ပြ၏။

မြို့စားလေး ဝမ်ရှုက ချက်ချင်း မင်သက်သွားခဲ့မိ၏။ ဝမ်ပိက ကျောက်တုံးကို ပြန်ချလိုက်၏။ သူက ၅၀ ကီလိုဂရမ်လေးသည့် ဓားကြီးကို ကောက်ကိုင်ပြီး ခြံဝင်းထဲတွင် ဝှေ့ယမ်းပြ၏။ ဝမ်ရှုက ပိုမို၍ မှင်သက်သွားခဲ့သည်။

သူ့သားအကြောင်းကို သူ အသိဆုံး ဖြစ်၏။ သိုင်းပညာ အခြေခံကောင်းသော်လည်း ခန္ဓာကိုယ်တစ်ခုလုံး ယိုယွင်းနေသည်။ ကီလိုဂရမ် ၅၀ လေးသည့် ကျောက်တုံးကိုပင် လက်နှစ်ဖက်ဖြင့် မ, မနိုင်ချေ။ အခု ကီလို ၅၀ ကျော်လေးသော ဓားကြီးကို အားပါပါနှင့် ဝှေ့ယမ်းလျက် ရှိနေ၏။ ခွန်အားနှင့် လျင်မြန်မှုကလည်း အံ့မခန်း တိုးတက်လာခဲ့၏။

ဝမ်ပိက ဓားကို ချလိုက်၏။ အသက်ကို ပြင်းပြင်းပင် မရှူခဲ့ချေ။ ပြီးနောက် ဂုဏ်ယူဝင့်ကြွားစွာဖြင့် မေးလိုက်သည်။ “အဖေ မြင်လား၊ တွေ့ပြီလား။ ကျုပ်က နဂါးသွေးသုံးပုံတစ်ပုံပဲ သောက်ရသေးတာတောင် ဒီလောက် စွမ်းအားကြီးနေပြီ။ အကယ်၍ ရွှေနဂါးသွေး တစ်ပုလင်းးလုံးကိုသာ သောက်လိုက်ရမယ်ဆိုရင် ဘယ်လောက်တောင် စွမ်းအားကြီးလာမလဲ။”

မြို့စားလေး ဝမ်ရှုက လုံးဝ ကြောင်အသွားခဲ့၏။ တကယ်ပင် ဤမျှထိ အံ့ဖွယ်အာနိသင် ရှိနေသည်လား။ တကယ်ပဲ နဂါးသွေးဆိုသည်က ရှိနေသည်လား။

“အဖေ… ရှမ့်လန် အရင်က စုဆောင်းခဲ့တဲ့ အသုံးမကျတဲ့ လူနှစ်ထောင်က အဖေ့သားလောက်တောင် အဆင့်မမီဘူး။ ဒါပေမဲ့ သုံးလအတွင်းမှာ သူတို့က နိဗ္ဗာန တပ်သားတွေ ဖြစ်ကုန်ကြပြီ။ အဲဒါတွေအားလုံးက ရွှေနဂါးသွေးကြောင့်ပဲ။ အဖေ… လောလောဆယ် ရှမ့်လန်ကို ယုံတဲ့လူက နည်းပါးသေးတယ်။ ဒါပေမဲ့ စက္ကူနဲ့ မီးကို ကြာကြာကြီး ထုပ်ထားဖို့ မဖြစ်နိုင်ဘူး။ တစ်နိုင်ငံလုံးမှာ ကျုပ်တို့ထက် ပိုပြီးတော့ အင်အားကြီးပြီး ချမ်းသာတဲ့လူတွေ အများကြီး ရှိတယ်။ အချိန်ဆွဲလိုက်တာနဲ့ ရွှေနဂါးသွေးကို တခြားလူတွေ လုသွားလိမ့်မယ်။ ဒါက ကျုပ်တို့ရဲ့ ကံကြမ္မာတစ်ခုတည်းနဲ့ ဆိုင်နေတာ မဟုတ်ဘူး။ မိသားစုတစ်ခုလုံးနဲ့ သက်ဆိုင်နေတာနော်။”

မြို့စားလေး ဝမ်ရှုက ဆက်မပြောတော့ချေ။ သူက မိသားစု မြေအောက်ခန်းရှိ ဂိုဒေါင်သို့ အမြန်သွားပြီး ပိုက်ဆံကို ယူ၏။ ရွှေဒင်္ဂါး ၆ ထောင်။ အလေးချိန်အားဖြင့် ကီလို ၁၀၀ ကျော်ရှိ၏။ ရင်နာစရာပင်။ ထိုအရာက ဝမ်မိသားစု စုဆောင်းထားငွေ၏ လေးပုံတစ်ပုံလောက် ရှိ၏။

လာဘ်စားခြင်း၊ စစ်ဘက်ရန်ပုံငွေ အလွှဲသုံးစားလုပ်ခြင်းတို့ဖြင့် ဤငွေများကို သူ မနည်းရှာဖွေထားရခြင်း ဖြစ်၏။ မတတ်နိုင်ချေ။ သူတို့ တော်ဝင်မျိုးနွယ်အသစ်များက တော်ဝင်မျိုးနွယ်ဟောင်းများနှင့် မယှဉ်နိုင်ချေ။ သူတို့၏ ကြွယ်ဝချမ်းသာမှုက နည်းပါးပြီး ကုန်ကျစရိတ်ကလည်း များပြားသည်။

“ငါ မင်းနဲ့အတူ လိုက်ခဲ့မယ်။” ဝမ်ရှုက ပြော၏။

ဝမ်ပိက ထိုစကားကို ကြားသည့်အချိန်မှာတော့ အလုံးစုံ အံ့ဩသွားခဲ့သည်။ ‘မဖြစ်သေးဘူး။ ငါ တစ်ထောင် ပိုတောင်းထားတာ အဖေ သိသွားမှာပေါ့’

ဝမ်ပိက မျက်လုံးများ ချာချာလည်သွား၏။ ပြီးနောက် သူက ချက်ချင်းပဲ အကြံရလိုက်၏။ “အဖေ လိုက်လို့ မဖြစ်ဘူး။ အကယ်၍ ရှမ့်လန်က အသုံးမကျတဲ့ မင်းသားနင်ကျန်းကို ထောက်ခံဖို့ အဖေ့ကို တောင်းဆိုနေရင် ဘယ်လိုလုပ်မလဲ။”

ဝမ်ပိက ဆက်ပြောလိုက်သည်။ “ကျုပ်ကတော့ ကြိုက်တာပြောလို့ရတယ်။ အဖေက ပြောလို့ မရဘူးလေ။”

ဝမ်ရှုက ဤအရာမှာ အဓိပ္ပာယ် ရှိသည်ဟု တွေးမိ၏။ ထို့အပြင် အိမ်ရှေ့စံမင်းသားနှင့် တတိယမင်းသားတို့က ဘာမှမလုပ်ဖို့ အမိန့်ပေးထားသေး၏။ သူကိုယ်တိုင် မပေါ်လာသည်က အကောင်းဆုံးဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သူက ယုံကြည်ရသည့် လက်အောက်ငယ်သားတစ်ဦးကို စေလွှတ်၍ ရွှေဒင်္ဂါးများနှင့် ဝမ်ပိကို နင်ကျန်း၏ ချန်းဖန်မြို့စားအိမ်တော်ဆီသို့ လိုက်ပါပို့ဆောင်စေ၏။

ပိုက်ဆံပေး၊ ပစ္စည်းယူသည်။ ဝမ်ပိက ကျန်ရှိနေသည့် နဂါးသွေး သုံးပုံနှစ်ပုံကို ယူလိုက်၏။ မသောက်ခင် သူက စိုးရိမ်ပူပန်မိသေး၏။ ကျန်သည့် သုံးပုံနှစ်ပုံကို သောက်ပြီး အာနိသင် မရှိပါက မည်သို့ဖြစ်မည်နည်း။ ပိုက်ဆံတွေ အလဟဿ ဖြုန်းတီးကုန်သလို ဖြစ်ပေလိမ့်မည်။

နောက်ဆုံးမှာတော့ ပူပန်ခြင်းက အလကားဖြစ်နေမှန်း သိခဲ့ရ၏။ ကျန်ရှိသည့် နဂါးသွေး သုံးပုံနှစ်ပုံကို သောက်ပြီးသည့် အချိန်မှာတော့ ဝမ်ပိက ချက်ချင်းပဲ ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲထွက်တော့မတတ်ပင် ခံစားနေမိ၏။ ခန္ဓာကိုယ်ထဲတွင် အဆုံးမဲ့သည့် စွမ်းအင်များဖြင့် ပြည့်နှက်လျက် ရှိ၏။ သူ ပေါက်ကွဲထွက်ပေတော့မည်။ သူ ကောင်းကင်ဘုံကို အာခံနိုင်ပေတော့မည်။ လောကကြီးတွင် သူ့လောက် စွမ်းအားကြီးမားသည့် သူရဲကောင်းဟူ၍ ရှိတော့မည် မထင်ပေ။

ထိုအချိန်မှာပဲ သူက ဘေးတစ်ဖက်တွင် ရှိနေသည့် ကီလိုဂရမ် ၄၀၀ လေးသည့် ကျောက်တုံးကြီးတစ်ခုကို လှမ်းကာ မ၏။

“ဟား ဟား ဟား ဟား ဟား… ကီလို ၄၀၀ လေးတဲ့ ကျောက်တုံးကို ငါ လက်တစ်ဖက်တည်းနဲ့တောင် လွယ်လွယ်လေး မနိုင်ပါလား။ ဒါ အရမ်းမိုက်တယ်။ ဒါ အရမ်းကို ကောင်းတာပဲ။ နဂါးသွေးက အရမ်းကို စွမ်းအားကြီးတာပဲ။ ဒီလိုစွမ်းအားမျိုးနဲ့ဆိုရင် သိုင်းပညာ စာမေးပွဲကို ဖြတ်ကျော်ဖို့ ငါ့အတွက် ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီကျောက်တုံးက တကယ်ရော ကီလို ၄၀၀ ဟုတ်ရဲ့လား။”

ကီလို ၂၀၀ လေးသည့် ကျောက်တုံးက အစစ်ဖြစ်သော်လည်း ကီလို ၄၀၀ လေးသည့် ကျောက်တုံးကမူ ၂၅၀ ကီလိုဂရမ်သာ ရှိ၏။ ကီလို ၄၀၀ ဟု စာထွင်းထားခြင်းသာ ဖြစ်၏။ ရွှေနဂါးသွေး တစ်ပုလင်းလုံး သောက်ခြင်းနှင့် သုံးပုံတစ်ပုံ သောက်ခြင်းက ခွန်အားပိုင်း၌ သိပ်ကွာခြားမှု မရှိချေ။ သို့သော်ငြား တစ်ကိုယ်လုံး ပေါက်ကွဲထွက်တော့မည့် ခံစားချက်ကတော့ ပိုမိုကာ ပြင်းထန်သည်။

ဝမ်ပိက ရင်ထဲတွင် ကြုံးဝါးလိုက်၏။ “ခွေးကောင် ဝမ်လင်.. မင်းငါ့ကို ဘယ်လိုယှဉ်မလဲဆိုတာ ကြည့်ကြသေးတာပေါ့။ မင်းက ငါနဲ့ တုချင်နေတာလား။ မင်းက နေ့ခင်းကြောင်တောင် အိမ်မက် မက်နေတာပဲ။”

ဝမ်ပိက ဒူးနှစ်ဖက်ကို ထောက်ချလိုက်သည်။ “ကျေးဇူးရှင် ရှမ့်… ခင်ဗျားက ကျုပ်ရဲ့ အသက်ကို ကယ်တင်တဲ့သလို ကျုပ်ရဲ့ မိသားစုအသက်ကို ကယ်တင်ခဲ့တာပါပဲ။ ဒီနေ့ကစပြီး ခင်ဗျားက ကျုပ်ရဲ့ ကျေးဇူးရှင်ပဲ။ ခင်ဗျား ဘာအမိန့်ပေးပေး ကျုပ် မျက်မှောင်တစ်ချက်ကြုတ်မှာ မဟုတ်ဘူး။ အကုန်လုပ်ပေးပါ့မယ်။”

ရှမ့်လန်က ပြောလိုက်၏။ “ကျုပ်ဆီမှာ တောင်းဆိုစရာ နှစ်ခုရှိတယ်။”

ဝမ်ပိက ပြောသည်။ “ပြောပါ။ ကျုပ် မျက်မှောင်ကြုတ်မိပြီဆိုရင်တောင်မှ ခင်ဗျားရဲ့ မြေးအဖြစ် ခံယူလိုက်ပါ့မယ်။”

ရှမ့်လန်က ပြောလိုက်၏။ “ပထမတစ်ချက် ရွှေနဂါးသွေးရဲ့ လျှို့ဝှက်ချက်ကို မပေါက်ကြားစေနဲ့။ ပိုသန်မာလာပြီ ဆိုပြီးတော့ တွေ့သမျှလူကို လိုက်ကြွားမနေနဲ့။”

ဝမ်ပိက ခေါင်းညိတ်လိုက်သည်။ “ကောင်းပါပြီ။”

သို့သော်ငြား စိတ်ထဲတွင် မထီမဲ့မြင် ပြုလျက် ရှိနေ၏။ သူ သေချာပေါက် လိုက်ကြွားရပေလိမ့်မည်။ သူ သန်မာ အားကောင်းသည်ကို သူ့ဘေးနားမှ ငတုံးများ သိရှိအောင် ထုတ်ပြရပေလိမ့်မည်။ မကြွားဘူးဆိုလျှင် ဝတ်ကောင်းစားလှများ ဝတ်၍ အမှောင်ထဲ လမ်းလျှောက်သလို ဖြစ်နေပေမည်။

All Chapters