အခန်း (၅၆၇-၅၆၈)
Vol. 38 Ch. 567-568
အပိုင်း (၅၆၇)
ရှမ့်လန်က ဆက်ပြော၏။ “ဒုတိယအချက် အရေးကြီးတဲ့အချိန်ကျရင် ပဉ္စမမင်းသားနင်ကျန်းဘက်ကနေ ရပ်တည်ပေးရမယ်။။”
ဝမ်ပိက ရင်ဘတ်ကို တဘုန်းဘုန်း ပုတ်လိုက်သည်။ “ပြဿနာမရှိဘူး ဒီနေ့က စပြီး ကျုပ် ဝမ်ပိက မင်းသားနင်ကျန်းရဲ့ လူပါပဲ။။”
သို့သော်ငြား သူ၏ စိတ်ထဲတွင်မူ ပိုမိုကာဖြင့် လှောင်ပြောင်ချင်မိ၏။ တံခါးက ထွက်သွားသည်နှင့် သူက ရှမ့်လန်ဆိုသည့် ကောင်ကိုပင် ဂရုစိုက်တော့မည် မဟုတ်ချေ။ တခြားသောသူများဆိုလျှင် ဝေလာဝေးပင်။
“ဟား ဟား ဟား ဟား။။”
ရှမ့်လန်က ပြောဆိုလိုက်၏။ “ဒါဆိုလည်း ရပြီ။ သွားလို့ရပြီ။။”
ဝမ်ပိက ထွက်သွားရန် ပြင်ဆင်လိုက်သည်။ သူ သွားကြွားရပေတော့မည်။ မဟုတ်ပေ။ သူ မိန်းမတစ်ယောက်နဲ့ သွားကာ ဆက်ဆံကြည့်ရပေလိမ့်မည်။
ထိုအချိန်မှာပဲ ရှမ့်လန်က ပြောလိုက်၏။ “ဝမ်ပိ.. တစ်လအတွင်း မိန်းမတွေနဲ့ မထိဖို့ သတိရနော်။ ဒါမှမဟုတ်ရင် ရရှိထားတဲ့ စွမ်းအားတွေ အကုန်လုံးက ယန်စွမ်းအင်နဲ့အတူ ယိုစိမ့်ထွက်သွားလိမ့်မယ်။။”
ဝမ်ပိက တုန်လှုပ်သွားခဲ့၏။ မိန်းမတစ်ယောက်ယောက်နှင့် မထိတွေ့ရလျှင် အသက်ရှင်နေရသည်က ဘာအဓိပ္ပာယ် ရှိမည်နည်း။
“ရှမ့်… တစ်ကြိမ်လောက်တောင် ထိလို့မရဘူးလား။။”
ရှမ့်လန်က ပြောလိုက်သည်။ “ထိလိုက်တဲ့ အကြိမ်တိုင်း စွမ်းအား ဆယ်ရာခိုင်နှုန်းလောက် ဆုံးရှုံးသွားလိမ့်မယ်။။”
ဝမ်ပိက စိတ်ထဲတွင် တွက်ချက်လိုက်၏။ စွမ်းအား ၂၀ သို့မဟုတ် ၃၀ ရာခိုင်နှုန်းလောက် ဆုံးရှုံး သွားလျှင်တောင်မှ သိုင်းပညာစားမေးပွဲကို အောင်နိုင်သေး၏။ ချက်ချင်းပဲ ဝမ်ပိက ပြေးထွက်သွားခဲ့၏။
“ငါ အံ့မခန်းဖြစ်ပြီ။ ငါ ကြွားလို့ရတော့မယ်။ ငါ ကျိန်းသေပေါက် ကြွားလို့ရတော့မယ်။ ဟေ့ သူငယ်ချင်းတွေ... ငါက မင်းတို့နဲ့ တူတဲ့လူ မဟုတ်ဘူး။။”
.........................
ဝမ်ပိ ထွက်ခွာသွားခဲ့ပြီးနောက် ရှမ့်လန်က သေတ္တာကို ဖွင့်လိုက်၏။ သပ်ရပ်စွာ စီထားသည့် ရွှေတုံးများကို မြင်လိုက်ရ၏။ ထိုအရာများက ဆွဲဆောင်မှုရှိသည့် အရောင်အဝါများကို ထုတ်ဖော်နေ၏။ စုစုပေါင်း ရွှေဒင်္ဂါး ၅ ထောင်၊ အလေးချိန် ၁၅၀ ကီလိုကျော်ရှိ၏။
ဤအရာက အစပင် ရှိသေး၏။ ဝမ်ပိဆိုသည့် ဤငတုံးက သေချာပေါက် သွားကြွားပေတော့မည်။ အသိုင်းအဝိုင်းကလည်း ဖြုန်းတီးသူများသာလျှင် ဖြစ်၏။ ထိုသူတို့က ချမ်းသာသော်လည်း ခန္ဓာကိုယ် ကြံ့ခိုင်မှု အားနည်းကြ၏။ ပိုမိုသန်မာလာဖို့ စိတ်ဆန္ဒရှိကြသော်လည်း ကိုယ်တိုင် ကြိုးစားချင်ကြသူများမဟုတ်ချေ။ ရေခဲတောင်ကြာပွင့်စား၊ တလောကလုံး၌ အားအကောင်းဆုံးလူဖြစ် ဆိုသော ထုံးကို နှလုံးမူကြသည်။
ဤသို့ ချမ်းသာသည့် အလေနတော ကောင်များကို သူမှ မလိမ်လျှင် မည်သူက လိမ်မည်နည်း။ အကယ်၍ ဤကိစ္စသာ အောင်မြင်သွားခဲ့ပါက ရှမ့်လန်က ချမ်းသာပေတော့မည်။
…..
“ညီလေးလန်... မင်း နန်းမြို့တော်က အထက်တန်းလွှာတွေ အကုန်လုံးကို ပြဿနာရှာမိတော့မယ်နော်။” ယွမ်မင်ကျယ်က မည်သို့မှ မနေနိုင်ဘဲ သတိပေးလိုက်မိ၏။
ရှမ့်လန်က လက်ထဲတွင် ရှိနေသည့် ရွှေတုံးကို ကစားရင်း ပြုံးကာ ပြောလိုက်သည်။ “အစ်ကိုတော်... ခင်ဗျားက ရွှဲ့ပြည်နယ်က အထက်တန်းလွှာတွေကို ပြဿနာရှာမိမှာ ကြောက်နေတာလား။”
ယွမ်မင်ကျယ်က ပြောလိုက်၏။ “ဘာကိစ္စ ငါက စိတ်ပူရမှာလဲ။ ငါက တော်ဝင်ရန်အင်ပါယာရဲ့ သံတမန်လေ။ သူတို့က ငါကို ပြဿနာရှာစရာ ဘာအကြောင်းမှ မရှိဘူး။”
ရှမ့်လန်က ဆက်ပြောလိုက်သည်။ “ကျုပ်ကရော နောက်တစ်ချိန်ကျရင် သူတို့နဲ့ ပတ်သက်ရမှာမလို့လား။ ပဉ္စမမင်းသားကို အိမ်ရှေ့စံနေရာကို အရောက်ပို့ပြီးတာနဲ့ ကျုပ်က ထွက်သွားတော့မှာ။ သူတို့ သေသေရှင်ရှင် ကျုပ်နဲ့ ဘာမှမဆိုင်ဘူး။ ပြီးတော့ ကျုပ်က သူတို့ကို ပြဿနာရှာထားပြီးသား။ ထပ်ပြီး ပြဿနာရှာမယ် ဆိုရင်တောင် ဂရုစိုက်နေရအုံးမှာလား။”
ယွမ်မင်ကျယ်က ထပ်ကာ ပြောလိုက်၏။ “အကယ်၍ နောက်တစ်ချိန် သူတို့ကို ထပ်ပြီး လိမ်ညာချင်တယ်ဆိုရင် ဘယ်လိုလုပ်မလဲ။”
ရှမ့်လန်က ပြောလိုက်သည်။ “ဒါဆိုရင် ပိုပြီးကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ဖန်တီးရမှာပေါ့။ အစ်ကိုတော် ခင်ဗျား ကြက်သွန်မြိတ် အကြောင်းကို သိလား။”
ယွမ်မင်ကျယ်က ခေါင်းခါလိုက်၏။
ရှမ့်လန်က ပြောလိုက်သည်။ “ကြက်သွန်မြိတ်ဆိုတဲ့အရာက ရိတ်သိမ်းပြီးရင် ပြန်ပေါက်ဖို့ အချိန်သိပ်မကြာဘူး။ ငါးတစ်ကောင်ရဲ့ မှတ်ဉာဏ်က ၇ စက္ကန့် ၊ အသက် ရှူရှိုက်စာ ၇ ချက်ပဲ ခံတယ်။ အကျိုးအမြတ်နဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ လူသားတွေရဲ့ မှတ်ဉာဏ်က ငါးထက်တောင် ပိုခံမယ် မထင်ပါဘူး။။”
ယွမ်မင်ကျယ်က ပြောလိုက်၏။ “ဒါဆိုရင် စေတီတောင်က မင်းကို ပြဿနာ လာရှာမှာ မကြောက်ဘူးလား”
ရှမ့်လန်က ခေါင်းကို ခါယမ်းလိုက်သည်။ “မလာပါဘူး။ ကျုပ်က သူတို့ရဲ့ သည်းခံနိုင်စွမ်း အတိုင်းအတာကို မကျော်လွန်သေးဘူး။ ပြီးတော့ စေတီတောင်ရဲ့ ဩဇာလွှမ်းမိုးမှုက ကျင်းနိုင်ငံရဲ့ အနောက်ဘက်မှာပဲ ရှိတာ။ ဘုရင်မင်းမြတ်က ကျုပ်ကို ကာကွယ်ပေးထားသရွေ့ ရွှဲ့ပြည်နယ်ထိ သူတို့ လက်လှမ်းမီမှာ မဟုတ်ဘူး။”
ယွမ်မင်ကျယ်က ရှမ့်လန်ကို လက်လျှော့သည့် အကြည့်ဖြင့် ကြည့်လိုက်မိ၏။ ဤမျှ သတ္တိကောင်းသည့် လူမျိုးကို သူ ပထမဦးဆုံးအကြိမ် မြင်ခဲ့ဖူးခြင်း ဖြစ်၏။
..................
နွေဦးပြည်တန်ဆာဆောင်၊ နွေဦးဆောင်ကြာမြိုင် ...
မိန်းကလေးဟုန်၏ အခန်းမှ ထွက်လာပြီးနောက် ဝမ်ပိက တကယ်ပင် နောင်တရမိ၏။ အဘယ်ကြောင့် ဆိုသော် သူ မထိန်းချုပ်လိုက်နိုင်သောကြောင့်ပင်။ ရှမ့်လန်က သေချာပြောထားခဲ့၏။ မိန်းမတစ်ယောက်နှင့် ထိတွေ့သည့် အချိန်တိုင်း သူ၏ခွန်အား ၁၀ ရာခိုင်နှုန်း ဆုံးရှုံးသွားလိမ့်မည်။
ဝမ်ပိက ထိုအရာမှာ အဓိပ္ပာယ်ရှိသည်ဟု ခံစားမိ၏။ အဘယ်ကြောင့်ဆိုသော် နဂါးသွေး သူ၏ သွေးကြောထဲသို့ ဝင်ရောက်ခါစသာ ရှိသေး၏။ သူ၏ခွန်အားအဖြစ်သို့ အပြည့်အဝ ပြောင်းလဲခြင်း မရှိသေးသောကြောင့် တည်ငြိမ်မှု မရှိသေးချေ။
ထို့ကြောင့် သူ၏ ယန်စွမ်းအင်များ ဆုံးရှုံးသွားပါက ခွန်အားဆုံးရှုံးသွားမည်မှာ ပုံမှန်ပင် ဖြစ်၏။ ထိုအရာ၏ စွမ်းအင်က သွေးဆယ်ဆနှင့် ညီမျှသည်ဟု ဆိုရိုးစကား မရှိပေဘူးလား။ သူ တကယ့်ကို မအောင့်နိုင်သောကြောင့် ဤကဲ့သို့ ကျူးလွန်မိခြင်း ဖြစ်၏။
သို့ပေမည့် အလွန်လည်း ကျေနပ်မိ၏။ အဘယ်ကြောင့်ဆိုသော် သူက ယောက်ျားတစ်ယောက်၏ ဂုဏ်သိက္ခာကို ပြန်လည်ရယူနိုင်ခဲ့ပြီး ဟိုမြေခွေးမလေးကို ငိုယိုတောင်းပန်ရလောက်သည်အထိ နှိပ်ကွပ် နိုင်ခဲ့၏။ ယခင်က ဆုံးရှုံးခဲ့သည့် ဂုဏ်သိက္ခာများကို ပြန်လည်ကာ ရယူနိုင်ခဲ့ပြီ ဖြစ်onfသ။
သူမ၏မျက်ရည်များနှင့် ကိုးကွယ်ဆည်းကပ်လုမတတ် ရိုကျိုးလျက်ရှိနေသည့် မျက်နှာသွင်ပြင်ကို ကြည့်ရှုရင်း သူ မည်မျှတောင် ဂုဏ်ယူခဲ့ရသည်ကို ပြောနေစရာပင် မလိုအပ်တော့ချေ။ သို့ပေမည့် ရင်ထဲတွင် တကယ်ပင် ဝမ်းနည်းလျက် ရှိနေ၏။ သူ၏ သွေးမျိုးဆက်စွမ်းအင် ၂၀ ရာခိုင်နှုန်းလောက် ဆုံးရှုံးသွားခဲ့ပြီ ဖြစ်၏။ တကယ့်ကို သည်းခံရခက်ခဲလွန်းလှ၏။ သို့ပေမည့် သူ ဝမ်ပိ ကျိန်ဆိုချင်၏။ ယနေ့မှစ၍ တစ်လအတွင်း တခြားသော မိန်းမများနှင့် လုံးဝ မထိတွေ့တော့ချေ။ အကယ်၍ ထိတွေ့ခဲ့သည် ဆိုပါက ယခင်ကဲ့သို့ စိတ်ဓာတ်ကျစရာ ကောင်းသည့် ဘဝကို ပြန်လည်ကာ ရောက်ရှိပါစေသား။
ဤသည်က သူ့အတွက် အဆိုးဝါးဆုံးသော ကျိန်ဆိုမှုတစ်ခုလည်း ဖြစ်၏။ နတ်သမီးလေး၏ အခန်းဆီမှ ထွက်ခွာခဲ့ပြီးနောက် ဝမ်ပိက မောင့်မာဝင့်ကြွားစွာဖြင့် လမ်းလျှောက်လာခဲ့၏။ ယခု သူ အစာဝသွားပြီ ဖြစ်သောကြောင့် လူစွမ်းကောင်းလုပ်ပြီး အခြားသောသူများ၏ မျက်နှာကို ဖြတ်ရိုက်ရန် အချိန်တန်ပြီ။ သူ ဝမ်ပိက မနေ့က ဝမ်ပိ မဟုတ်တော့ကြောင်း တစ်နိုင်ငံလုံး သိစေရပေလိမ့်မည်။ သူ့ကို စွန့်ပစ်ခဲ့သူ အားလုံး နောင်တရ, ရမည်။
“စွန့်ပစ်ခဲ့သူကို ခွင့်လွှတ်မည် မဟုတ်။” ဤကဗျာစာသားက နာမည်ကြီး ဖြစ်၏။ အစပိုင်းတုန်းက ထိုအရာကို အရူးလန်ရေးသားသည်ဟု လူပေါင်း များစွာတို့က ပြောကြသော်လည်း နောက်ပိုင်းတွင် ရှမ့်လန် ရေးသားသည်ဟု နာမည်ကြီးလာခဲ့၏။ အရူးလန်က ကျက်မှတ်ခဲ့ရုံသာ ဟုဆို၏။
လအနည်းငယ်အတွင်း အထူးစာမေးပွဲ ကျင်းပတော့မှာ ဖြစ်၏။ စာသင်သားအားလုံးတို့က အရူးလန်နှင့် လန်ညီနောင်တို့ကို အသက်အောင့်ကာ စောင့်ဆိုင်းကြည့်ခဲ့ကြရ၏။ ထိုသူတို့ ထပ်မံဝင်ရောက် ယှဉ်ပြိုင်မည်ကို စိုးရိမ်နေကြသောကြောင့်ပင်။ သို့သော်ငြား ယခုအချိန်မှာတော့ သူတို့က စစ်ဘက်နှင့် အရပ်ဘက် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အရိပ်အယောင်မျိုး မရှိကြချေ။
ညနက်နေပြီ ဖြစ်၏။ သို့သော်ငြား နန်းမြို့တော်ပေါ်ရှိ သူဌေးသားများအတွက်မူ ညက ယခုမှ ဘဝစခြင်း ဖြစ်၏။ ‘နွေဦးဆောင်ကြာမြိုင်’ က စည်ကားသိုက်မြိုက်လျက် ရှိနေပြီး နွေဦးရာသီကဲ့သို့ပင် နွေးထွေး၏။ မြို့တော်ထဲတွင် ထူးခြားသည့် နေရာနှစ်ခုရှိ၏။ ‘ချိုးချောင်အိမ်တော်’ နှင့် ‘နွေဦးဆောင်ကြာမြိုင်’ တို့ပင်။
ပထမနေရာက စာပေပညာရှင်များ သွားလိုသည့် နေရာဖြစ်ပြီး ဒုတိယနေရာမှာမူ အရာရှိများနှင့် မင်းမျိုးမင်းနွယ်တို့၏ သားသမီးများ သွားလိုသည့် နေရာ ဖြစ်၏။
‘ချိုးချောင်အိမ်တော်’ ဆိုသည်မှာ ကဗျာဆန်လွန်းလှပြီး စာပေရပ်ဝန်းတစ်ခုဖြစ်သည်။ ‘နွေဦးဆောင်ကြာမြိုင်’ ဆိုသည့် နာမည်ကတော့ အိပ်စက်နားခိုရာ နေရာတစ်ခုဟု အသံထွက်နေသောကြောင့် တကယ်ပင် သိသာ၏။ မှူးမတ်များ၏ သားသမီး ထက်ဝက်ကျော်လောက်က ဤနေရာတွင် လာရောက်ကာ ပျော်ပါးကြသည်။
“ဟိုမှာ ဝမ်သုံးချက်ပါလား။”
ဝမ်ပိ လိပ်တစ်ကောင်လို လှမ်းလျှောက်လာသည်ကို မြင်ရသည့်အချိန်မှာတော့ လူအများအပြားက ချက်ချင်းပဲ မကျေမနပ် ဖြစ်သွားခဲ့၏။
“အင်း.. ဝမ်ပိ မင်းက ဘယ်လိုဖြစ်ပြီး ဒီလောက် မောက်မာနေရတာလဲ။ မင်းက မြို့စားလေးဘွဲ့ကိုပဲ ဆက်ခံရမယ့် လူတစ်ယောက်ဆိုပေမဲ့ နန်းမြို့တော်ထဲမှာ မင်းတို့မိသားစုရဲ့ ဘွဲ့ထူးဂုဏ်ထူးက ငှက်မွေးလောက်ကို ပေါ့ပါးတယ်။”
‘ဝမ်သုံးချက်’ ဆိုသည်မှာ သူ၏ နာမည်ပြောင် ဖြစ်၏။ အဓိပ္ပာယ်မှာ အလွန်အားနည်းသောကြောင့် အသက်ရှူရှိုက်စာ သုံးချက်ပင် မကြာဟု ဆိုလိုခြင်းပင်။ လောကကြီးထဲတွင် နာမည်မှားသည်သာ ရှိ၏။ နာမည်ပြောင် ဆိုသည်မှာတော့ လုံးဝ မှားယွင်းမှု မရှိကြချေ။
လက်ရှိအချိန်ဝမ်ပိကို အရှက်ခွဲသူက ရန်ဟူမြို့စားလေးအိမ်တော်၏ အမွေခံ ဟွာရှောင်း ဖြစ်၏။ ဤလူနှင့် ဝမ်ပိတို့က သေချာပေါက် ရန်သူတော်များပင်။ အဘယ်ကြောင့်ဆိုသော် ဝမ်ပိ၏ဖခင်က ဟွာရှောင်း၏ ဖခင် မြို့စားလေး ဟွာထင်၏ ရာထူးကို လုယူခဲ့သောကြောင့်ပင်။
ဟွာမိသားစုက ယခင်က အလွန်ကျော်ကြားခဲ့၏။ သို့သော်ငြား ထီးနန်းလုပွဲတွင် မှားယွင်းသည့်ဘက်တွင် ရပ်တည်မိခဲ့၏။ တကယ်တမ်းမှာတော့ ထိုအချိန်တုန်းက မြို့စားလေးဟွာထင်က မင်းသားနင်ယွမ်ဝူ၏ အိမ်ဆီသို့ သွားရောက်ကာ လက်ဆောင်ပေးပို့ရုံသာ ရှိခဲ့၏။
နင်ယွမ်ရှန်း နန်းတက်လာခဲ့ပြီးနောက် သူက ကြီးမားသည့် ရှင်းလင်းရေး လုပ်ငန်းစဉ်ကို ပြုလုပ်ခဲ့၏။ ထိုအချိန်မှာပဲ မြို့စားလေးဟွာထင်က အသက်ရှင်ကျန်ရစ်ခဲ့သော်လည်း ဘေးတစ်ဖက်ဆီသို့ ပေးပို့ခြင်းကို ခံခဲ့ရ၏။ ပြီးနောက် သူက ဆယ်နှစ်ကျော်ကြာအောင် ဘုရင်မင်းမြတ်၏ ခြေသလုံးကို အသည်းအသန် ဖက်တွယ်ထားခဲ့ရပြီး နောက်ဆုံးတွင် ဘုရင်မင်းမြတ်၏ ယုံကြည်မှုကို ပြန်လည် ရရှိခဲ့သည်။
ပြီးနောက် ထျန်းဖေးစီရင်စု၏ ဒုတိယ စစ်သူကြီးရာထူးကို ရယူရန် ကြီးမားသည့် တန်ဖိုးကို ပေးဆပ်ခဲ့ရ၏။ သူ ပိုက်ဆံအများကြီး ကုန်ခဲ့ရသလို ဒူးထောက်ရလွန်းသောကြောင့် ဒူးခေါင်းများပင် အညိုအမဲစွဲခဲ့၏။ နောက်ဆုံးမှာတော့ သူ၏ရာထူးက သူ၏ လက်ထဲသို့ ပြန်လည်ရောက်ရှိလုနီးပါး ဖြစ်ခဲ့၏။
သို့သော်ငြား ဝမ်ရှုက ရုတ်တရက် ဝင်ရောက်လုယူပြီး ဖြတ်တောက်သွားခဲ့၏။ ထို့ကြောင့် ထိုအရာက ကိုယ့်အဖေကို သတ်သည့် ရန်ကြွေးကဲ့သို့ပင် နာကျည်းစရာ ကောင်းခဲ့၏။ သေချာသည်က နောက်ပိုင်းတွင် နန်းကုန်းအို၏ ရာထူးကို အဆင့်မြင့်တင်ပေးရန် ထျန်းဖေးပြည်နယ်ရုံးချုပ်ကို ဖျက်သိမ်းခဲ့ပြီး အနောက်ပိုင်း မဟာစစ်သူကြီးရုံးအဖြစ် ပြောင်းလဲခဲ့၏။ ဝမ်ရှုက မြောက်ပိုင်းမဟာစစ်သူကြီးရုံး၏ စတုတ္ထမြောက် အကြီးအကဲ ဖြစ်လာခဲ့သည်။
ဩဇာနှင့် အာဏာရှိသည့် ရာထူးတစ်ခု ဆုံးရှုံးသွားလျှင် ဘယ်တော့မှ ပြန်လည် မရရှိနိုင်တော့ပေ။ လောလောဆယ် မြို့စားလေး ဟွာထင်က အထက်မရောက် အောက်မရောက်ဘဝဖြင့် ဝဲလည်လည် ရှိလို့နေ၏။ သူက ဝမ်ရှုကို ဘာမှ မလုပ်နိုင်သော်လည်း သူ၏ သားကမူ ဝမ်ရှု၏ သားကို အနိုင်ကျင့်နိုင်၏။
ထို့ကြောင့်ပင်လျှင် ဟွာရှောင်းနှင့် ဝမ်ပိတို့က ရန်ဘက်များ ဖြစ်လာခဲ့၏။ သူတို့နှစ်ဦးက မရေတွက်နိုင်အောင် ဆဲဆိုခဲ့ကြပြီး မရေတွက်နိုင်လောက်အောင်ပင် ရန်ဖြစ်ခဲ့ကြ၏။ သို့သော်ငြား ရှက်ရွံ့စရာကောင်းသည်က ဝမ်ပိသည် အမြဲတမ်း ရှုံးနိမ့်ခဲ့ခြင်းပင်။ လက်သီးချင်း ယှဉ်ထိုးသည် ဖြစ်စေ၊ နပန်းလုံးသည် ဖြစ်စေ၊ ရန်ဖြစ်သည် ဖြစ်စေ၊ ဟွာရှောင်းကို အမြဲတမ်း ရှုံးနေ၏။ သာမန်ကိစ္စရပ်များတွင်ပင်လျှင် သူက ဟွာရှောင်းကို ရှုံးနိမ့်ခဲ့သည်။
‘ဝမ်သုံးချက်’ ဟူသည့် နာမည်ပြောင်ကို ဟွာရှောင်းက ပေးထားခြင်းဖြစ်ပြီး ကြာလာတော့ ဝမ်ပိက ဟွာရှောင်းကို ကြောက်လန့်လာခဲ့၏။ လမ်းတွေ့တိုင်း ရှောင်ရှားသွားခဲ့ကြပြီး နောက်ဆုံးတွင် လုံးဝ ကိုယ်ယောင် ဖျောက်တတ်၏။ ဟွာရှောင်းရှိသည့်နေရာဆိုလျှင် သူက လုံးဝ မလာချေ။ မဟုတ်လျှင် အမြဲတမ်း မျက်နှာပူပြီး ဒဏ်ရာဗလပွနှင့် ပြန်လာရသည်က ရှက်ရွံ့စရာ ကောင်း၏။ ရှုံးနိမ့်ပြီးရင်း ရှုံးနိမ့်မှုပင်။
လအနည်းငယ်အတွင်း ဝမ်ပိက နွေဦးဆောင်ကြာမြိုင်ဆီသို့ပင် မလာရဲတော့ချေ။ ယနေ့ညမှာတော့ သူက ပြန်လည်ကာ ရောက်ရှိလာ၏။ မြေခွေးမလေးထံမှ ယောက်ျားတစ်ယောက်၏ ဂုဏ်သိက္ခာကို ပြန်လည်ရရှိရုံသာမက ဟွာရှောင်းထံမှ သိုင်းပညာရှင် တစ်ယောက်၏ ဂုဏ်သိက္ခာကိုပါ ပြန်လည်ရယူချင်သေး၏။ ယနေ့ညက လက်စားချေရမည့်ညပင်။
“ဟွာရှောင်း.. မင်း ဘာပြောလိုက်တာလဲ နောက်တစ်ခေါက် ပြန်ပြောလိုက်စမ်း။” ဝမ်ပိက မောက်မာစွာဖြင့် ပြောလိုက်၏။
ဟွာရှောင်းက ကြောင်အသွား၏။ ယနေ့ ကြက်ပေါက်စလေး ဝမ်ပိက ဆေးမှားသောက်လာခဲ့သည်လား။ သူ့ကို မြင်သည်ကိုတောင်မှ ထွက်မပြေးသည့်အပြင် မျက်နှာချင်းဆိုင် စိန်ခေါ်ရဲနေသေး၏။ ချက်ချင်းပဲ သူ၏လက်သီးကို ဆုပ်လိုက်ရာ တစ်ကိုယ်လုံးဆီမှ အရိုးချိုးသည့် ကျွတ်ကျွတ်ကျွတ် ဟူသော အသံများပင် ထွက်ပေါ်လာသည်။
ဟွာရှောင်းက မွေးရာပါ ထွားကျိုင်းသူ တစ်ယောက်ဖြစ်ပြီး ခွန်အားလည်း ကြီးမား၏။ ယခင်က သူ ဝမ်ပိကို အမြဲတမ်း ထိုးကြိတ်နိုင်ခဲ့၏။ “ဘာလဲ ဝမ်ပိ၊ မင်းအဖေ မင်းကို မဆုံးမတာ ြာတော့ နည်းနည်း အသားယားလာတဲ့ ပုံပဲ။”
ဝမ်ပိက လှေကားပေါ်တွင် ရပ်လျက်ရှိပြီး ကျယ်လောင်စွာ ပြောလိုက်သည်။ “ဟွာရှောင်း.. အရင်တုန်းက မင်း ငါ့ကို အနိုင်ကျင့်ပြီး အရှက်ခွဲသမျှ ဒီနေ့ ဆယ်ဆပြန်ပေးရမယ်။ ဒီည လူကလည်း အရမ်းစည်ကားတယ်။ ညီအစ်ကိုတွေကလည်း ရာကျော်လောက် ရှိတယ်။ မိန်းကလေးလှလေးတွေကလည်း ရာကျော်လောက် ရှိနေသေးတယ်။ ငါတို့ တိုက်ခိုက်ကြမလား။ ရှုံးတဲ့လူက ကြမ်းပြင်ပေါ်မှာ ဒူးထောက်ပြီး ဦးသုံးကြိမ်ချရမယ်။ ‘အဘိုး.. ကျုပ်မှားသွားပါပြီ’ လို့ အော်ရမယ်။”
သူ့စကား ထွက်ပေါ်လာသည်နှင့်တပြိုင်နက် နွေဦးဆောင်ကြာမြိုင် တစ်ခုလုံး ပွက်လောရိုက် သွားခဲ့၏။ အပျော်ပါးကြိုက်သည့် သခင်လေးများနှင့် အမျိုးသမီးအားလုံးတို့က ဘေးနားဆီသို့ ရောက်ရှိလာခဲ့ကြ၏။
“ဟေ့ ဝမ်သုံးချက်... မူးနေတာလား။ ဟွာရှောင်းကို တကယ်ကြီး စိန်ခေါ်တာလား။”
“အင်း... သူ ဟွာရှောင်းကို အရင်တုန်းက အကြိမ်ပေါင်း ဒါဇင်ချီလောက် ရှုံးခဲ့ဖူးတယ် မဟုတ်လား”
“ဒါနဲ့ ဘယ်ကပါ့မလဲ။ သူက ဟွာရှောင်းကို မြင်တာနဲ့ အမြဲ ထွက်ပြေးတာပဲ။ ဟွာရှောင်းရဲ့ သိုင်းကွက် သုံးကွက်ကိုတောင် မခံနိုင်ဘူး။ သူက တဖြည်းဖြည်းနဲ့ ပိုပြီး ညံ့လာခဲ့တယ်။”
“ဝမ်ပိက အနာခံချင်နေတာပဲ”
“အင်း... သူ ကောင်းကောင်းမွန်မွန် အသက်မရှင်ချင်တော့ဘူး ထင်တယ်”
လူတိုင်းက သူ့ကို နှိမ့်ချပြောဆိုနေသည်ကို ကြားရသည့်အချိန်မှာတော့ ဝမ်ပိ၏ ရင်ထဲတွင် တကယ်ပဲ ကျေနပ်နေမိ၏။ ထိုအရာက သူလိုချင်သည့် အကျိုးသက်ရောက်မှု တစ်ခု ဖြစ်၏။
လူတိုင်းက သူ့ကို နှိမ့်ချ၏။ လူတိုင်းက သူ့ကို အထင်သေး၏။ ထိုသို့ဆိုလျှင် သူ၏ စွမ်းပကားကို ထုတ်ဖော်ပြသပြီး ဟွာရှောင်းကို သေလုမျောပါး အခြေအနေထိ ရိုက်နှက်ပစ်ရန် သူ ကြိုးစားရပေတော့မည်။ ရိုက်နှက်နိုင်သည် ဆိုပါက မည်မျှ ကောင်းလိုက်မည်နည်း။ ထိုအရာက အစစ်အမှန် ကြွားလုံးထုတ်ခြင်း ဖြစ်သွားပေလိမ့်မည်။
အပိုင်း (၅၆၈)
“မင်း သတ္တိရှိလား ဟွာရှောင်း။” ဝမ်ပိက စိန်ခေါ်လိုက်၏။
ဟွာရှောင်းက ချက်ချင်း ရယ်မောလိုက်သည်။ “မင်းသေချင်နေပြီ ဆိုမှတော့ ငါက မြေမြှုပ်ပေးရတော့မှာပေါ့။”
ဝမ်ပိက ပြောလိုက်၏။ “စကားနဲ့ သက်သေပြလို့ မရဘူး။ စာချုပ်ချုပ်ရအောင်။”
ပြီးနောက် သူတို့နှစ်ဦးက လူပေါင်းရာချီတို့၏ ရှေ့မှောက်တွင် သဘောတူ စာချုပ်ချုပ်ဆို၏။ ရှုံးသည့်သူက ကြမ်းပြင်ပေါ်တွင် ဒူးထောက်၊ သုံးကြိမ် ဦးညွတ်ပြီး “အဘိုး ကျုပ်မှားသွားပါပြီ။” ဟု အော်ရပေလိမ့်မည်။ ထိခိုက်ဒဏ်ရာ ရရှိသွားလျှင် တာဝန်ယူခိုင်းခြင်း လုံးဝမရှိစေရ။
ပြီးနောက် နွေဦးဆောင်ကြာမြိုင်မှ ဝန်ထမ်းများက ခန်းမအလယ်မှ စားပွဲများကို နေရာရွှေ့ပေးလိုက်၏။ တည်နေရာ အကျယ်အဝန်းက ဧရိယာ ၃၀ စတုရန်းမီတာခန့် ရှင်းလင်းပေးထားပြီး ဖြစ်၏။
“လောင်းကြေးထပ်ကြ၊ လောင်းကြေးထပ်ကြ။ ဝမ်ပိနိုင်ရင် တစ်လေး-ငါးလေး၊ ဟွာရှောင်းနိုင်ရင် ခြောက်လေး -တစ်လေး၊ ခုနှစ်လေး - တစ်လေး .. လောင်းမယ့်လူရှိလား။”
နောက်ဆုံးမှာတော့ မည်သူမှ လောင်းကြေးမထပ်ကြချေ။ ဝမ်ပိ၏ သိုင်းပညာက ဟွာရှောင်းနှင့် အလွန် ကွာခြားသောကြောင့် သေချာပေါက် ရှုံးလိမ့်မည်ဟု လူပေါင်းများစွာက ခံစားနေမိ၏။ သူတို့နှစ်ဦးက ယခင်က အကြိမ်ပေါင်း ဒါဇင်ချီ တိုက်ခိုက်ခဲ့ဖူးပြီး ဝမ်ပိကလည်း အမြဲတမ်း ရှုံးနိမ့်ခဲ့၏။ ဟွာရှောင်းက သန်မာလွန်းသည်။
ဒိုင်ကိုင်သူက အထက်တန်းလွှာမှ နင်ချင်း ပင် ဖြစ်၏။ သူ၏ဖခင်က လက်ရှိ တော်ဝင်ဦးရီးတော် နင်ချီ ဖြစ်၏။
“အစ်ကိုတော်... ဘာလို့ ဟွာရှောင်းဘက်က မလောင်းတာလဲ။” လူတစ်ယောက်က အော်ကာ မေးလိုက်သည်။
နင်ချင်းက ပြောလိုက်၏။ “ဒါဆိုရင် ခင်ဗျားကရော ဘာလို့ မလောင်းတာလဲ”
ဟွာရှောင်းက သေချာပေါက်နိုင်မှာဖြစ်ပြီး ဝမ်ပ်ဘက်က လောင်းကြေးဖွင့်သည့် လူက ငတုံးဖြစ်ပေလိမ့်မည်။ အချိန်ကြာကြာအော်ဟစ်ပြီးသည့်တိုင် ဝမ်ပိနိုင်သည့်ဘက်မှ မည်သူမှ လောင်းကြေးမထပ်သောကြောင့် နင်ချင်းက လက်လျှော့ရန် ပြင်လိုက်သည်။
နောက်ဆုံးမှာတော့ ဝမ်ပိက လက်ကို ဝှေ့ယမ်းလိုက်၏။ “ကျုပ်ကိုယ်တိုင် နိုင်တဲ့ဖက်က လောင်းမယ်။ ရွှေဒင်္ဂါး တစ်ထောင် လောင်းမယ်။”
ပြီးနောက် ရွှေဒင်္ဂါး တစ်ထောင်က စားပွဲပေါ် ဘုတ်ခနဲ ပုံကျလာခဲ့သည်။
နင်ချင်းက ကြောင်အသွားခဲ့၏။ ပြီးနောက် ခေါင်းညိတ်လိုက်၏။ “ကောင်းပြီ။ ဒီလောင်းကြေးကို ငါ လက်ခံမယ်။”
ရုတ်တရက် လူတိုင်းက အံ့အားသင့်သွားခဲ့၏။ ယနေ့ ဝမ်ပိ စိတ်ဆွခြင်းကို ခံလိုက်ရသည်လား သို့မဟုတ် ဦးနှောက်ထဲ ရေဝင်ခဲ့သည်လား။ အသေခံချင်ရုံ သက်သက်မဟုတ်ဘဲ ပိုက်ဆံပါ အဆုံးရှုံးခံနေသေး၏။ ရုတ်တရက် အပျော်ပါးကြိုက်သူများစွာတို့က မိန်းမများနှင့် ဆော့ကစားရန်ပင် စိတ်မဝင်စားတော့ဘဲ ဝမ်ပိနှင့် ဟွာရှောင်းတို့၏ တိုက်ပွဲကို လာရောက်ကာ ကြည့်ရှုသည်။
..............
“ဒေါင်။”
မောင်းသံစတင်သည်နှင့် တိုက်ပွဲက စတင်၏။
ဟွာရှောင်းက ယုတ်ယုတ်မာမာပင် ပြုံးလိုက်မိသည် “ဝမ်ပိ ... အဘိုးကြီး.. ငါဒီနေ့ မင်းရဲ့ ခြေထောက်တစ်ဖက်ကို ချိုးပစ်ပြီး မသန်စွမ်းတစ်ယောက် ဖြစ်တဲ့ အရသာကို ပေးမြည်းခိုင်းမယ်။”
ပြီးနောက် သူက လက်ထဲရှိ သစ်သားတုတ်ကြီးကို မြှောက်လိုက်၏။ နှိုင်းယှဉ်၍ မရနိုင်အောင် ကြမ်းတမ်းစွာဖြင့် ဝမ်ပိဆီသို့ ပြေးဝင်လာခဲ့၏။ ဝမ်ပိအပေါ်တွင် သူ လုံးဝ အသာစီးရနိုင်၏။ သူ၏ အမြန်နှုန်းက လုံးဝ ပေါက်ကွဲထွက်နေပြီး သူ၏ ခွန်အားကလည်း လုံးဝ ပေါက်ကွဲထွက်နေ၏။
ယခင်တုန်း တိုက်ခိုက်ပွဲအတွက် စာချုပ်မချုပ်ထားခဲ့သောကြောင့် သူက ရက်ရက်စက်စက် မလုပ်ခဲ့ခြင်းပင်။ ယခုတစ်ခေါက်မှာတော့ သူက ဝမ်ပိကို သေလုမျောပါး ရိုက်နှက်ချင်ရုံသာမက ခြေထောက်တစ်ဖက်ကိုပါ ချိုးချင်စိတ် ရှိနေသည်။
သို့သော်ငြား သုံးစက္ကန့် အတွင်းမှာပင် သူ၏ မြင်ကွင်းအားလုံးက ဝေဝါးသွားသလို ခံစားရပြီး ဝမ်ပိက သူ၏ရှေ့သို့ ရောက်လာ၏။
“ဘုန်း …”
ကျယ်လောင်သည့် အသံကြီး ထွက်ပေါ်လာခဲ့သည်။
“ဂျွတ် ...” ဟွာရှောင်းက အစပိုင်း ကြောင်အသွား၏။ ပြီးနောက် နှလုံးကွဲမတတ် နာကျင်မှုကို ခံစားရ၏။ အဘယ်ကြောင့်ဆိုသော် သူ၏ ဒူးခေါင်းရိုးက ကျိုးသွားခဲ့သောကြောင့်ပင်။
လူတိုင်းက ကြောင်အသွားခဲ့၏။ ဝမ်ပိ၏ အမြန်နှုန်းက တကယ်ပဲ ဤမျှလောက်ထိ မြန်ဆန်နေသည်လား။ ဟွာရှောင်း၏ တုတ်ချက်ကို ရှောင်တိမ်းနိုင်ရုံသာမက ဟွာရှောင်း၏ ညာဘက်ခြေထောက်ကို တိုက်ရိုက် ရိုက်ချိုးလိုက်၏။
“အား….”
ဟွာရှောင်းက ကျိုးသွားသည့် ညာဘက်ခြေထောက်ကို ကိုင်ပြီး ကြမ်းပြင်ပေါ်တွင် လူးလိမ့်လာဖြင့် အသည်းအသန် အော်ဟစ်နေသည်။
ဝမ်ပိက ရှေ့သို့ တိုးသွား၏။ ပြီးနောက် ကီလိုဂရမ် ၂၀၀ ကျော် လေးသည့် ဟွာရှောင်းကို လက်တစ်ဖက်ဖြင့် ဆွဲမပြီး ပြင်းထန်စွာ ကိုင်ပေါက်၏။
ဟွာရှောင်းကက မီတာ အနည်းငယ် အကွာအဝေးဆီသို့ တိုက်ရိုက် လွင့်စင်သွားသည်။
ပြီးသွားခဲ့ပြီ ဖြစ်၏။ ဝမ်ပိက ဟွာရှောင်းကို ချက်ချင်းပဲ အနိုင်ယူနိုင်ခဲ့၏။ လူတိုင်းက တုန်လှုပ် သွားခဲ့ကြ၏။
“ကောင်းကင်ဘုံ... ဝမ်ပိက ဘယ်တုန်းက ဒီလောက် အားကြီးသွားခဲ့တာလဲ။”
“အမြန်နှုန်းတင် တိုးလာရုံတင် မကဘူး။ ခွန်အားကလည်း အဆပေါင်းများစွာ တိုးလာတာပဲ”
“အရင်တုန်းက သူက အသုံးမကျတဲ့ကောင်လေ။ ဒီတစ်ခေါက် အထူး သိုင်းပညာ စာမေးပွဲမှာဆို ပထမအဆင့်နဲ့တင် ရှုံးပြီး ထွက်ခဲ့ရတာ။ ကျောက်တုံးတစ်ခုကိုတောင် မ,မနိုင်ခဲ့လို့ အရှက်ကွဲခဲ့တဲ့ လူတစ်ယောက်ပဲ”
“ဒီ ဟွာရှောင်းက နာမည်နဲ့လိုက်အောင် ဝက်ဝံတစ်ကောင်လို သန်မာပြီး အလေးချိန်ကလည်း ကီလို ၂၀၀ ကျော်လောက် ရှိတယ်။ ဝမ်ပိက တကယ်ကြီး လက်တစ်ဖက်တည်းနဲ့ ကိုင်ပေါက်လိုက်တာလား”
တုန်လှုပ်စရာ ကောင်းလွန်း၏။ မည်ကဲ့သို့သော ကံကောင်းမှုမျိုး ကြုံခဲ့ရသနည်း။ တစ်ရက်တည်းနှင့် တကယ်ကြီး ဤမျှလောက် စွမ်းအားကြီးသွားသည်လား။
ဝမ်ပိက ပျော်လည်းပျော်သလို နောင်တလည်း ရမိ၏။ ရှမ့်လန်က သူ့ကို တကယ်ပင် မလိမ်ညာခဲ့ချေ။ သူ တစ်လအတွင်း မိန်းမတွေနှင့် ထိတွေ့လို့ မဖြစ်ချေ။ ထိတွေ့လိုက်သည်နှင့် သွေးမျိုးဆက် စွမ်းအား၏ ဆယ်ရာခိုင်နှုန်းက လျော့ကျသွားခဲ့၏။
စောစောက ရှမ့်၏ အိမ်မှာတုန်းက သူက ကီလိုဂရမ် ၄၀၀ လေးသည့် ကျောက်တုံးကို လက်တစ်ဖက်တည်းဖြင့် ရှင်းရှင်းလင်းလင်း မနိုင်ခဲ့၏။ ထိုအရာကလည်း အရမ်းကို လွယ်ကူခဲ့၏။ သို့ပေမည့် ယခု ကီလို ၂၇၀ နီးပါး ရှိသည့် ဟွာရှောင်းကို ဆွဲမသည့်အချိန်မှာတော့ အားတော်တော် စိုက်လိုက်ရသည်။
“ရှမ့်... မင်းက ငါ့ကို တကယ်မလိမ်ခဲ့ဘူးပဲ။”
သို့သော်ငြား လူတိုင်း၏ တုန်လှုပ်နေသည့် မျက်လုံးများကို မြင်ရသည့်အချိန်မှာတော့ သူက တကယ်ပဲ ခံစားလို့ ကောင်းလွန်းနေ၏။
ထိုအချိန်မှာပဲ မြေခွေးမလေး ပင်းပင်းက ယိုင်တိယိုင်တိုင်နှင့် ထွက်လာ၏။ သူမက တုန်ယင်နေသည့် အသံဖြင့် မေးလိုက်သည်။ “သခင်လေးဝမ်ပိ.. ရှင် ဘယ်လို ကံထူးမှုမျိုးတွေ ရခဲ့တာလဲ။ စောစောက အခန်းထဲမှာ ကျွန်မကို သေလုမျောပါး လုပ်ခဲ့ပြီးပြီ။ အခု ဟွာရှောင်းကိုလည်း လွယ်လွယ်ကူကူနဲ့ အနိုင်ယူနိုင်ခဲ့တယ်။ ရှင် ဘာတွေ ဖြစ်ခဲ့တာလဲ။”
ဤတစ်ခေါက်မှာတော့ လူတိုင်းက မယုံကြည်နိုင်သလို ဖြစ်နေ၏။ ဝမ်ပိက ဤမျှလောက် စွမ်းအားကြီး သွားသည်လား။
“ဟား ဟား ဟား ဟား။” ဝမ်ပိက အားရပါးရ ရယ်မောလိုက်၏။
ရွှေနဂါးသွေးက တကယ့်ကို အံ့မခန်းပင် ဖြစ်၏။ သူ၏ ကံကြမ္မာကိုပဲ ပြောင်းလဲလိုက်၏။ ဝမ်ပိက တကယ့်ကို ကောင်းကင်ဘုံသို့ ထိုးတက်ရတော့မည်။
မကြာခင်မှာပဲ အပျော်ပါးကြိုက်သည့် သူဌေးသားများက ဝိုင်းအုံလာခဲ့ပြီး ဝမ်ပိကို သူရဲကောင်း တစ်ယောက်ကဲ့သို့ပင် ဝိုင်းဝန်းမေးမြန်းကြသည်။
ဝမ်ပိက နင်ချင်းဆီသို့ လျှောက်သွား၏။ “ကျေးဇူးပါ။ ကျေးဇူးပါပဲ။ ပိုက်ဆံကုန်စေခဲ့မိပြီ။”
နင်ချင်းက တကယ်ပင် အံ့အားသင့်နေ၏။ အချိန်ခဏကြာပြီးမှ ခေါင်းညိတ်ကာ ပြောနိုင်သည်။ “ကောင်းပြီ။ မနက်ဖြန် မင်းရဲ့အိမ်ကို ရွှေဒင်္ဂါး ၇၀၀၀ ပို့ပေးလိုက်မယ်။”
ဝမ်ပိက ပို၍ပင် လန်းဆန်းသွားသည်။ ဆိုလိုသည်မှာ သူက ကြေးပြားတစ်ပြားမှ မကုန်ဘဲ ရွှေဒင်္ဂါးပေါင်းများစွာကို အမြတ်ရလိုက်ခဲ့၏။ “ဝမ်ပိ ဝမ်ပိ... ငါ့ဘဝရဲ့ အထွတ်အထိပ်ကို ရောက်ပြီပဲ။”
ပြီးနောက် သူက အိမ်ပြန်ရန်ပင် ဝန်လေးလာ၏။ ဆက်လက် စားသောက်ပျော်ပါးချင်သည်။
အပျော်အပါးကြိုက်သည့် တော်ဝင်မိသားစုမှ သားသမီးများစွာတို့က သူ့ဘေးနား၌ ဝိုင်းအုံလာခဲ့ပြီး အကြောင်းရင်းကို မေးမြန်းကြ၏။
ဝမ်ပိက တကယ့်ကို နှုတ်လုံလွန်းပြီး မည်သည့်အရာကိုမှ မပြောဘဲ ငြင်းဆန်နေ၏။ သေချာသည်က သူသည် နှုတ်လုံလွန်းသူတစ်ယောက်မဟုတ်ချေ။ အခြားသောသူများ ရှမ့်လန်ထံသို့ သွားကာဖြင့် ရွှေနဂါးသွေး ဝယ်ယူမည်ကို မလိုလားသောကြောင့် နှုတ်ပိတ်ထားခြင်းပင်။
‘မင်းတို့အားလုံး ပိုပြီး သန်မာလာပြီဆိုရင် ငါ ဘယ်လိုလုပ် ကြွားလုံးထုတ်လို့ ရတော့မှာလဲ။’
တခြားသောသူများက မည်မျှပင် သူ့ကို မြှောက်ပင့် မေးမြန်းစေကာမူ သူက တစ်ခွန်းမှ မပြောခဲ့ချေ။
ထို့ကြောင့် အပျော်ပါးကြိုက်သည့် တော်ဝင်မျိုးနွယ်မှလူများနှင့် အလှမယ်ကလေးများက သူ၏ ပါးစပ်ထဲသို့ ဝိုင်များကို အတင်းလောင်းထည့်ကြတော့၏။
ဝမ်ပိက အလုံးစုံ မူးသွားသည်အထိ သောက်၏။ မကြာခင်မှာပဲ သူက လျှို့ဝှက်ချက်ကို မထိန်းချုပ်နိုင်တော့ချေ။
“ငါ ဘာလို့ သန်မာလာလဲ သိလား။ ဘာလို့လဲဆိုတော့ ငါ ရှမ့်လန်ဆီကိုသွားပြီး ရွှေနဂါးသွေးကို ဝယ်ခဲ့လို့ပဲ။ ဟား ဟား ဟား ဟား.. မင်းတို့ ဘာမှသွားလုပ်ဖို့ မကြိုးစားနဲ့။ ရှမ့်လန်က မင်းတို့ကို ရောင်းမှာ မဟုတ်ဘူး။ ငါက ယွမ်မင်ကျယ်နဲ့ ဆက်ဆံရေးကောင်းလွန်းလို့ သူက ငါ့ကို ရွှေနဂါးသွေး တစ်ပုလင်း ရောင်းလိုက်တာပဲ။”
ထိုစကားကို ကြားသည့်အချိန်မှာတော့ လူတိုင်းက တုန်လှုပ်သွားခဲ့မိ၏။ ရှမ့်လန်၌ ရွှေနဂါးသွေး တကယ်ရှိနေ၏။ ကြွားလုံးထုတ်နေခြင်းသာ ဖြစ်မည်ဟု သူတို့က ထင်မှတ်ခဲ့၏။ သို့ပေမည့် မဟုတ်တော့ချေ။
“ဝမ်ပိ... ရွှေနဂါးသွေးဝယ်ဖို့ ဘယ်လောက်တောင် ကုန်ခဲ့တာလဲ။”
“ရွှေဒင်္ဂါး ၆၀၀၀၊ ရွှေဒင်္ဂါး ၆၀၀၀ တိတိပဲ။”
လူတိုင်းက ထိုအရာကို ကြားသည့်အချိန်မှာတော့ စိတ်နှလုံးများ တုန်ယင်သွားခဲ့၏။ ဈေးနှုန်းက တကယ့်ကို ကြီး၏။ သို့သော်ငြား တန်၏။ ရွှေနဂါးသွေးကို သောက်ပြီး ဤမျှလောက် သန်မာလာနိုင်သည် ဆိုလျှင် ရွှေဒင်္ဂါး ၆၀၀၀ ဆိုသည်မှာ တန်လွန်း၏။
................................
နောက်တစ်နေ့ မိုးမလင်းခင်မှာပဲ လူတစ်ယောက်က ချန်းဖန်မြို့စားအိမ်တော်၏ နောက်ဖေးတံခါးမှ တိတ်တဆိတ် ဝင်ရောက်လာခဲ့သည်။
ရှမ့်လန်က နင်ယန်၏ ရင်ခွင်ထဲမှ အသာနိုးထလာခဲ့၏။ “ဘယ်သူလဲ။ ဘာကိစ္စရှိလို့လဲ။”
အဘယ်ကြောင့်ဆိုသော် လာသူက မျက်နှာဖုံးတပ်ထားသောကြောင့်ပင်။ မတတ်နိုင်ချေ။ အိမ်ရှေ့စံမင်းသားနှင့် တတိယမင်းသားတို့က တားမြစ်မိန့်ကို ထုတ်ထားသောကြောင့် ဤလူက သူ မည်သူမည်ဝါ ဖြစ်ကြောင်း မထုတ်ဖော်ရဲချေ။
“ရှမ့်... ဒီမှာ ရွှေဒင်္ဂါး ၆၀၀၀၊ ခင်ဗျားဆီက ရွှေနဂါးသွေး တစ်ခု ဝယ်မယ်။” ထိုသူက မျက်နှာဖုံး တပ်ထားရုံသာမက အသံကိုလည်း အက်ကွဲချင်ယောင် ဆောင်ထား၏။
“၆၀၀၀ ဟုတ်လား။”
ရှမ့်လန်က မေ့မေ့လျော့လျော့နှင့် ကြောင်အသွားခဲ့သည်။ “ဟင် ဘုရားရေ.. အစောတုန်းက ငါ ၃၀၀၀ နဲ့ ရောင်းမလို့။ ပြီးတော့ ၅၀၀၀ ဖြစ်သွားတယ်။ အခု ဘယ်လိုဖြစ်ပြီး ၆၀၀၀ ဖြစ်သွားတာလဲ။”
ရှမ့်လန်က ခပ်တည်တည်ဖြင့် ရွှေနဂါးသွေး ပုလင်းတစ်ခုကို တိုက်ရိုက် ထုတ်ယူလိုက်၏။ “ကျုပ် ကြိုပြောထားမယ်။ ရွှေနဂါးသွေးရဲ့အာနိသင်က လူတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေပေါ်မှာ မူတည်တယ်။ တချို့လူတွေအတွက် အသုံးဝင်ပေမယ့် တချို့လူတွေအတွက် သိပ်အသုံးမဝင်ဘူး။ ဒီတော့ ...”
ထိုစကားကိုကြားသည့်အချိန်မှာတော့ ထိုလူက ကြောင်အသွားသည်။ “ရှမ့်လန်.. မင်းငါ့ကို လိမ်နေတာ မဟုတ်ပါဘူးနော်။”
ရှမ့်လန်က ဆက်ပြောလိုက်၏။ “တရားမျှတအောင်လို့ ခင်ဗျား ရွှေနဂါးသွေးကို ဒီနေရာမှာတင်သောက်။ အကယ်၍ အာနိသင် ရှိတယ်ဆိုရင် ရွှေဒင်္ဂါးတွေကို ကျုပ်ယူမယ်။ အကယ်၍ မရှိဘူးဆိုရင် တစ်ပြားမှ မယူဘူး။”
ထိုအရာကိုကြားချိန်မှာတော့ ထိုလူက ဝမ်းသာအားရ ဖြစ်သွားခဲ့သည်။ “ရှမ့်က တကယ့်ကို လူကြီးလူကောင်းပဲ”
ဤအရာက မအောင်မြင်သည့်အရာတစ်ခု ဖြစ်ခဲ့သည်ရှိသော် ရှမ့်လန်က ထိုသူကို အခြားသောသူများထံ လုံးဝ ပေးသွားခွင့်ပြုတော့မည် မဟုတ်ချေ။ လူတိုင်းက ဤနေရာတွင် သောက်ရပေလိမ့်မည်။ ထို့အပြင် မအောင်မြင်ပါကလည်း ထွက်ခွာသွား၍ ရမည် မဟုတ်ချေ။
ရှမ့်လန် အဆိပ်ခတ်ထားမည်ကို စိုးရိမ်သောကြောင့် ထိုလူက စက္ကန့် အနည်းငယ် တွန့်ဆုတ်နေ၏။ သူက အဆိပ်စမ်းသပ်သည့် ငွေအပ်ချောင်းကိုပင် ထုတ်လိုက်သေး၏။
ရှမ့်လန်က မထီမဲ့မြင်ဖြင့် လှမ်းကာ အော်ဟစ်လိုက်သည်။ “ကျုပ်သာ အဆိပ်ခတ်ချင်ရင် ခင်ဗျား ငွေအပ်နဲ့ စမ်းလို့ သိနိုင်မယ် ထင်လို့လား။”
ရှမ့်လန်၏ အကြည့်ကို မြင်ရချိန်မှာတော့ ထိုလူက ရှက်ရွံ့သွား၏။ သို့နှင့် ခေါင်းကိုမော့ပြီး မျက်နှာဖုံးကို တစ်ဝက်လောက် ဖွင့်ဟကာဖြင့် တစ်ကြိုက်တည်း မော့သောက်လိုက်၏။ ပြီးနောက် အဆိပ်တက်မည့် အချိန်ကို တိတ်တဆိတ် စောင့်ဆိုင်းနေ၏။
“အား။” ရုတ်တရက် သူက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သူ မျှော်လင့်မထားခဲ့ပေ။ ရွှေနဂါးသွေး၏ အာနိသင်က ဤမျှလောက် မြန်ဆန်နေ၏။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံး ပေါက်ကွဲလုမတတ် ခံစားနေ၏။ ကြွက်သားများကပင် ဖောင်းပွလာခဲ့၏။ သူ၏ခွန်အားများက မိုးထိအောင် ထိုးတက်နေသကဲ့သို့ပင် ရှင်းရှင်းလင်းလင်း ခံစားရ၏။ ပျံသန်းတော့မလိုပင်။ ရင်ထဲတွင် မီးလုံးကြီးတစ်လုံး ရှိနေပြီး သူ့ကို ကျွမ်းလောင်လုမတတ်ပင်။ သိပ်ကို စွမ်းအားကြီးသည်။
ထိုလူက ဘေးတစ်ဖက်တွင် ရှိနေသည့် ကျောက်တုံးအလေးကြီးကို မြင်ရချိန်မှာတော့ ထိုနေရာဆီသို့ မသွားဘဲ မနေနိုင်တော့ချေ။ ရုတ်တရက် ကျောက်တုံးကြီးကို ဆွဲမလိုက်၏။
သူ ... သူ ဤမျှလောက် အင်အားကြီးသွား သည်လား။ ကျောက်အလေးတုံးကြီးကို လက်တစ်ဖက်တည်းနှင့် လွယ်လွယ်ကူကူ မ နိုင်နေ၏။ သိပ်ကို အံ့အားသင့်စရာ ကောင်း၏။ ဤအရာက ရွှေနဂါးသွေး အစစ်အမှန်ပင် ဖြစ်ပေလိမ့်မည်။