← Chapters

အခန်း (၅၇၁-၅၇၂)

Vol. 38 Ch. 571-572

အခန်း (၅၇၁-၅၇၂)

Vol. 38 Ch. 571-572

အပိုင်း (၅၇၁)

“ရှမ့်လန်… မင်းက တကယ့်ကို အံ့မခန်းပဲ။ နင်ကျန်းကို ရွှဲ့ပြည်နယ်ရဲ့ မင်းကြီး ဖြစ်ရစေမယ်လို့ ငါ ကတိပေးထားတယ်။ ငါ့ကတိကို ငါ မဖျက်ဘူး။ ဒါပေမယ့် နောက်ထပ် ၁၀ ရက်လောက်နေရင် ရွှေနဂါးသွေး ဝယ်ထားတဲ့သူတွေက အလိမ်ခံရမှန်း သိပြီ။ ဒါဆိုရင် ဘာဆက်လုပ်မလဲလို့ စဉ်းစားထားလဲ။” ဘုရင်မင်းမြတ်က မေးလိုက်၏။

ရှမ့်လန်က ပြောလိုက်သည်။ “အရှင်မင်းကြီး… ကျုပ်တို့တွေ ကိစ္စတချို့ကို ရှင်းလင်းဖို့ လိုပါသေးတယ်။ ပထမတစ်ချက်က ရွှေနဂါးသွေးက သွေးမျိုးဆက်ပါရမီကို ပြောင်းလဲပေးနိုင်တယ်လို့ ကျုပ် တစ်ခါမှ မပြောခဲ့ပါဘူး။ အဲဒါ သူတို့ဘာသာ သူတို့ ထင်နေတာပါ။ ကျုပ်က သူတို့ လာဝယ်ပါလို့လည်း သွေးဆောင်ခဲ့တာ မရှိပါဘူး။ သူတို့ဘာသာသူတို့ အသနားခံပြီးကို လာဝယ်ကြတာပါ။

ဒုတိယအချက်အနေနဲ့ ရွှေနဂါးသွေး သောက်ပြီးသွားရင် မိန်းမကိစ္စ မရှုပ်ဖို့ ကျုပ် အထပ်ထပ် သတိပေးခဲ့တယ်။ ဒါပေမယ့် သူတို့ နားမထောင်ခဲ့ကြဘူး။ နဂါးသွေးရဲ့ အစွမ်းသတ္တိတွေ ယုတ်လျော့သွားခဲ့တာ ကျုပ်ရဲ့အပြစ် မဟုတ်ပါဘူး။

တတိယအချက်ကတော့ ရွှေနဂါးသွေးရောင်းလို့ရတဲ့ ငွေတွေထဲက တစ်ပြားတစ်ချက်ကိုမှ ကျုပ် မယူခဲ့ပါဘူး။ ကျုပ် အိတ်စိုက်ပြီးတောင်မှ ရွှေဒင်္ဂါး ရာဂဏန်းလောက် သုံးခဲ့ရပါသေးတယ်။”

ပထမအကြောင်းအချက်နှစ်ခုက ဆင်ခြေဆင်လက်များ ဖြစ်၏။ သို့ပေမည့် တတိယအချက်မှာမူ တကယ့်ကို အမှန်တကယ် ရဲရင့်ပြီး ယုံကြည်စရာဖြစ်သည်။ ငွေမည်မျှ ရစေကာမူ ရှမ့်လန်က တစ်ပြားတစ်ချပ်မှ မယူခဲ့ချေ။ သူက ရွှေများကို လမ်းမလယ်တွင် လှည့်လည်ပြသခဲ့ခြင်းက လောကကြီးတစ်ခုလုံးကို ထိုအကြောင်း ရှင်းရှင်းလင်းလင်း မြင်သာစေရန်ပင်။

‘ငါ ... ရှမ့်လန်… ငွေလိမ်တယ်ဆိုရင်တောင်မှ တိုင်းသိပြည်သိ တိုင်းပြည်အတွက် လိမ်ပေးခဲ့တာပဲ။ မင်းတို့ သတ္တိရှိရင် ဘုရင်မင်းမြတ်ကို သွားရှာကြ။ ငါ့ဆီ လာမရှာကြနဲ့။’

ဘုရင်မင်းမြတ်က ပြုံးလိုက်၏။ “အင်း… မင်းတကယ်ပဲ ပုန်းနေဖို့ စိတ်ကူး မရှိဘူးပေါ့။”

“အပြင်ကိုလျှောက်သွားနေလည်း ကျုပ်ကို ဘယ်သူ့မှ လာမရိုက်ရဲဘူး မဟုတ်လား။”

ရှမ့်လန်က ပြောလိုက်သည်။ “ပြီးတော့ စာချုပ်စာတမ်း၊ ပြေစာ ဘာတစ်ခုမှလည်း မရှိဘူး။ ဘယ်သူမှန်းမသိတဲ့ ငနဲသားတွေက ကျုပ်ဆီကို လာပြီး ရွှေနဂါးသွေး ဝယ်သွားခဲ့တယ်။ ကျုပ်က အဲဒါကို ဝန်ခံပေးရအုံးမှာလား။”

ဟုတ်ပေ၏။ ဘုရင်မင်းမြတ်က ရယ်မောလျက် ရှိနေ၏။ သို့ပေမည့် ရယ်မောလိုက်သည့် အချိန်တွင် မျက်နှာပေါ်ရှိ ကြွက်သားများပင် နာကျင်နေမိ၏။ သူက မျက်နှာကို လက်ဖြင့် ပုတ်လိုက်၏။ ပြီးနောက် တည်ကြည်သည့် အမူအရာမျိုး ပြောင်းလဲသွားခဲ့၏။။ “ရှမ့်လန်… မင်း တော်တယ်။ မင်း သိပ်တော်တယ်”

ရှမ့်လန်က ကြောင်အသွားခဲ့၏။ ‘အရှင်မင်းကြီး ကျုပ်ကို ဒီလိုကြီး အတည်ပေါက်နဲ့ မချီးကျူးနဲ့။ ကျုပ် မနေတတ်ဘူး။ အရှင်မင်းကြီး ကျုပ်ကို ထပ်ပြီးတော့ ဒုက္ခပေးဖို့ စဉ်းစားနေပြန်ပြီလား။’

“ရွှေနဂါးသွေး ကိစ္စကြောင့် မဟုတ်ဘူး။”

ဘုရင်မင်းမြတ်က ပြောလိုက်၏။ “နင်ကျန်းကို ထီးနန်းရအောင် ကူညီပေးတဲ့ ကိစ္စကြောင့်ပဲ။ မင်းက စည်းမဲ့ကမ်းမဲ့၊ ဥပဒေမဲ့ကောင်မို့လို့ အရင်တုန်းက စုနန်ကို လုပ်ခဲ့သလိုမျိုး လှည့်ကွက်မျိုးစုံသုံးပြီး အိမ်ရှေ့စံနဲ့ နင်ချီကို ဒုက္ခပေးမှာ ငါ စိုးရိမ်ခဲ့မိတယ်။ ဒါပေမယ့် မင်း မလုပ်ခဲ့ဘူး”

“အိမ်ရှေ့စံနဲ့ နင်ချီက မင်းကို ဒုက္ခပေးဖို့ ကြိုးစားခဲ့တာတောင် မင်းက သည်းခံပြီး တိုင်းပြည်အတွက် ငဲ့ကွက်ခဲ့တယ်။ ဒါ ကောင်းတဲ့အချက်ပဲ။ ထီးနန်းလုပွဲမှာ မင်းက အမြဲတမ်း တည်ဆောက်သူဖြစ်ပြီး ဖျက်ဆီးသူ မဖြစ်ခဲ့ဘူး။ ပြီးတော့ နင်ကျန်းကို ငါ ရှင်းရှင်းလင်းလင်း မြင်လာအောင် မင်းက လက်တွေ့ကျကျ ဆောင်ရွက်ပြနိုင်ခဲ့တယ်။ ဒါ သိပ်ကောင်းတဲ့အချက်ပဲ။”

ရှမ့်လန်က ပြောလိုက်သည်။ “အရှင်မင်းကြီး ရွှဲ့ပြည်နယ်…။”

“တော်ပြီ။ မင်းဘာပြောမလဲ ဆိုတာ ငါသိတယ်။” ဘုရင်မင်းမြတ်က ချက်ချင်း တားလိုက်၏။

အဘယ်ကြောင့် ဆိုသော် ရှမ့်လန်က နင်ယွမ်ရှန်းက ဖြုန်းတီးသူ ဖြစ်ကြောင်း၊ ရွှဲ့ပြည်နယ်၌ ပုံးကွယ်သည့် အန္တရာယ်များ ဖြစ်ကြောင်း၊ ထို့အပြင် အကြပ်အတည်းများကို ဖြေရှင်းရန်အတွက် နင်ကျန်းကဲ့သို့ လုံ့လဝီရိယရှိပြီး ပြတ်သားသည့် ဘုရင်တစ်ပါး လိုအပ်ကြောင်း ထပ်မံပြောဆိုတော့မည် ဖြစ်သောကြောင့်ပင်။ သူက နောင်လာမည့် မျိုးဆက်အတွက် ရှုပ်ထွေးပွေလီသည့် အရာများကို ချန်ထားခဲ့သည့် လူတစ်ယောက်ဟု သွယ်ဝိုက် တိုက်ခိုက်မှာကို သူသိသည်။

“ငါ့အမှား ငါ သိတယ်။ မင်း ငါ့ကို ခဏခဏ ပြောနေစရာ မလိုဘူး။ အနည်းဆုံးတော့ နင်ကျန်းက အခုချိန်ထိ အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့တယ်။” နင်ယွမ်ရှန်းက ပြောလိုက်၏။

တကယ်တမ်းမှာတော့ အပေါ်ယံကြည့်မည်ဆိုလျှင် နင်ကျန်းက သနားစရာ ကောင်းနေဆဲဖြစ်ပြီး အကြီးအကျယ် လည်း ဒုက္ခရောက်နေသည်။ သို့သော်ငြား ဘုရင်မင်းမြတ်က ပြဿနာကို ပိုမိုလေးနက်စွာ နားလည် သဘောပေါက်ထား၏။ နင်ကျန်းက ဖြောင့်မတ်သူတစ်ယောက် ဖြစ်၏။ ငြိမ်းချမ်းချင်ယောင် ဟန်ဆောင်မနေဘဲ ပြဿနာများကို အမြစ်ကစကာ ဖြေရှင်းတတ်သူပင်။

ရွှဲ့ပြည်နယ်၏ လက်ရှိအခြေအနေကိုဖြေရှင်းရန် အပေါ်ယံ ရွှေမှုန်ကြဲသူများကို အားကိုး၍ မရတော့ချေ။ ဟိတ်ဟန်ကြီးကြီး နှင့် အပေါ်ယံ အလုပ်လုပ်မည့်သူများကို မလိုအပ်တော့ချေ။ အခြေအမြစ်ရှိရှိ အလုပ် လုပ်သည့် လူများကိုသာ လိုအပ်၏။

ရုတ်တရက် နင်ယွမ်ရှန်းက ပြုံးကာ ပြောလိုက်သည်။ “ရှမ့်လန်… နင်ကျန်းက အရမ်းကို တင်းမာခက်ထန်တဲ့ လူတစ်ယောက်၊ သူသာ ထီးနန်းရသွားရင် မူဝါဒအသစ်ကို သေချာပေါက် အကောင်အထည် ဖော်လိမ့်မယ်။ အဲကျရင် မင်းရဲ့ မိသားစု ဒုက္ခရောက်လိမ့်မယ်။”

ရှမ့်လန်က ပြောလိုက်၏။ “ကျုပ်တို့ ကျင်းမျိုးနွယ်က လက်ရှိနယ်မြေပိုင်ဆိုင်မှုကို လွှဲပြောင်းပေးဖို့ လုံးဝ ဆန္ဒရှိတယ်။ ကိုယ်ပိုင်စစ်တပ်ကိုလည်း လွှဲပြောင်းပေးနိုင်တယ်။ ကျုပ်တို့က ရေယာဉ်တွေကိုပဲ လိုချင်တာပါ။”

ထိုစကားကို ကြားသည့်အချိန်မှာတော့ နင်ယွမ်ရှန်းက ကြောင်အသွားသည်။

ရှမ့်လန်က ဆက်ပြော၏။ “ဒါပေမယ့် အဲဒါ မတိုင်ခင် ရွှယ်မိသားစုကို အရင်ဆုံး ဖျက်ဆီးပစ်ရမယ်။”

ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက ဦးခေါင်းတစ်ခုလုံး ထုံကျင်သလို ခံစားလိုက်မိ၏။ စကားလမ်းကြောင်းကို အမြန်လွှဲလိုက်ရ၏။ အဘယ်ကြောင့်ဆိုသော် ရွှယ်မိသားစုသည်လည်း သူ၏ လူယုံများ ဖြစ်သောကြောင့်ပင်။ ရွှယ်မိသားစုတစ်ခုလုံးကို ဖျက်ဆီးပစ်မည်ဟု ရှမ့်လန် ပြောသည်ကို ဘုရင်မင်းမြတ်က နားမခံသာချေ။

ရုတ်တရက် ဘုရင်မင်းမြတ်က မေးမြန်းလိုက်သည်။ “ရှမ့်လန်… တစ်ယောက်ယောက်က မင်းကို ဒုက္ခပေးဖို့ ကြိုးစားနေတာ မင်းသိလား။”

ရှမ့်လန်က ခေါင်းညိတ်လိုက်၏။ “သိပါတယ်။ တစ်ယောက်ယောက်က ကျုပ်ရဲ့ အသက်သွေးကြောကို ဒုက္ခပေးဖို့ ကြိုးစားနေကြတယ်။ အိမ်ရှေ့စံ၊ တတိယမင်းသားနဲ့ ယင်ယွမ်အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ကျုပ်ရဲ့ ဒုတိယ နိဗ္ဗာနတပ်တော်ကို ဖျက်ဆီးဖို့ ကြိုးစားနေကြတယ်။”

ဘုရင်မင်းမြတ်က သက်ပြင်းချလိုက်၏။ သူ အလွန်ပဲ စိတ်ပျက်မိ၏။ ထီးနန်းလုပွဲတွင် စည်းကမ်းအမဲ့ဆုံး ရှမ့်လန်က ပိုမိုကျယ်ပြန့်သည့် အမြင်ဖြင့် ကြည့်တတ်ပြီး သည်းခံထိန်းချုပ်နေ၏။ စည်းမကျော်ချေ။

ဆန့်ကျင်ဘက်အနေနှင့် အိမ်ရှေ့စံနှင့် တတိယမင်းသားတို့ကတော့ ညစ်ပတ်သည့် နည်းလမ်းများကို သုံးစွဲ နေကြ၏။ သူတို့က ဘုရင်ဖြစ်သည့်သူ့ကိုပင် မထီမဲ့မြင် ပြုနေကြ၏။

ရှမ့်လန်၏ နိဗ္ဗာနတပ်တော်ကို မည်သူပိုင်သနည်း။ ရှမ့်လန် ပိုင်သည်လား။ နင်ကျန်း ပိုင်သည်လား။

မဟုတ်ချေ။ နိဗ္ဗာနတပ်တော်က ရွှဲ့ပြည်နယ် ပိုင်၏။ သူ ... နင်ယွမ်ရှန်း ပိုင်၏။ နောင်လာမည့် စစ်မြေပြင်တွင် နိဗ္ဗာနတပ်တော်က မည်ကဲ့သို့သော အခန်းကဏ္ဍက ပါဝင်လာမည်ဖြစ်ကြောင်း တစ်ဖက်လူများ မသိရှိပေဘူးလား။ စစ်ပွဲ၏ ရလဒ်ကိုပင် ဆုံးဖြတ်ပေးနိုင်သည့် အရာမျိုး ဖြစ်၏။ နင်ယွမ်ရှန်းက ဒုတိယ နိဗ္ဗာနတပ်တော်အပေါ် မျှော်လင့်ချက် ကြီးစွာထားသည်။

‘မင်းတို့ ထီးနန်းလုချင်လုကြ။ ရွှဲ့ပြည်နယ်ရဲ့ အကျိုးစီးပွားကို ထိခိုက်အောင် မလုပ်ကြနဲ့။ မင်းတို့ရဲ့ လုပ်ရပ်တွေက ရွှဲ့ပြည်နယ်ရဲ့ အကျိုးစီးပွားကို ထိခိုက်စေသလို ငါဘုရင်မင်းမြတ်ရဲ့ အကျိုးစီးပွားကိုလည်း ထိခိုက်စေတယ်။ ရွှဲ့ပြည်နယ်ရဲ့ အကျိုးစီးပွားကို ဂရုမစိုက်တဲ့ လူတစ်ယောက်က ဘုရင်ကောင်းတစ်ယောက် ဖြစ်လာနိုင်လိမ့်မယ်လို့ ငါ ဘယ်လို ယုံကြည်ရမှာလဲ။’

နှိုင်းယှဉ်ကြည့်လိုက်မည်ဆိုလျှင် အလုပ်ထဲတွင် ခေါင်းနှစ်ထားပြီး အကြီးအကျယ် ဒုက္ခရောက်လျက် ရှိနေသည့် နင်ကျန်းက မျက်စိထဲတွင် ပို၍ အဆင်ပြေနေသေး၏။

“ရှမ့်လန်.. ငါကူညီပေးဖို့ လိုမလား။ သူတို့ကို တားပေးရမလား။” နင်ယွမ်ရှန်းက မေးမြန်းလိုက်သည်။

ရှမ့်လန်က ပြုံးလိုက်၏။ “မလိုပါဘူး ... အရှင်မင်းကြီး။”

ဘုရင်မင်းမြတ်က ပြုံးလိုက်သည်။ “တကယ်လား။ သူတို့က မင်းရဲ့ အသက်သွေးကြောကို ဖြတ်တောက် တော့မှာနော်။”

ရှမ့်လန်က ပြောစရာ စကားလုံး မရှိချေ။ “အရှင်မင်းကြီး.. ဥပမာပေးတာက တစ်မျိုးကြီးပဲ။ အသက်သွေးကြောကို ဖြတ်တောက်တယ် ဆိုတာ ကျုပ်ရဲ့ ဂွေးစေ့ကို ဖြတ်သလိုပဲ၊”

နိဗ္ဗာနတပ်တော်က အလွန်အရေးကြီး၏။ ထိုအရာက နင်ကျန်း၏ အသက်သွေးကြော ဖြစ်သလို အိမ်ရှေ့စံနှင့် တတိယမင်းသားကို အနိုင်ယူဖို့အတွက် ရှမ့်လန်၏ အသက်သွေးကြောလည်း ဖြစ်၏။ သို့သော်ငြား နိဗ္ဗာနတပ်တော် ဆိုသည်မှာ ရှမ့်လန်၏ ဟိုအသက်သွေးကြောတော့ မဟုတ်ချေ။

“ကြံကြံဖန်ဖန်ကွာ။ ကောင်းပြီ။ ငါ စောင့်ကြည့်နေမယ်။” နင်ယွမ်ရှန်းက ပြောလိုက်၏။ ပြီးနောက် နင်ယွမ်ရှန်းက အချိန် ကြာမြင့်စွာ တိတ်ဆိတ်နေ၏။ သူက တုန်လှုပ်ဖွယ်ရာ ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်ရတော့မည်လားဟု တွေးတောနေမိ၏။

အချိန်ခဏ ကြာပြီးသည့်နောက် ဘုရင်မင်းမြတ်က ပြောလိုက်သည်။ “ရှမ့်လန်… မင်းတာဝန်ကျေတယ်။ ငါ နင်ကျန်းကို ဆုချချင်တယ်။ ငါ မင်းအတွက် အိမ်ရှေ့စံကို ပါးရိုက်ပေးနိုင်တယ်။”

ရှမ့်လန်က လန့်သွားခဲ့၏။ “အရှင်မင်းကြီး… မဟုတ်မှလွဲရော .... အရှင်မင်းကြီးက အရမ်းကို ရန်လိုနေပါလား။ ကျုပ် ထင်တာ မမှားဘူးဆိုရင် အရှင်မင်းကြီးက ဒီတစ်ခါ လှုပ်ရှားမှု အကြီးကြီးကို လုပ်တော့မှာလား။”

နင်ယွမ်ရှန်းက ပြောလိုက်သည်။ “ဒီတစ်ခါ ငါတို့ ကောင်းကင်ပူဇော်ပွဲ အခမ်းအနားကို ကျင်းပဖို့ လိုတယ်။ အရင်တုန်းက ကောင်းကင်ပူဇော်ပွဲ ငါကိုယ်တိုင် ပြုလုပ်ပြီး ရွတ်ဖတ်ပူဇော်တာကို အိမ်ရှေ့စံက လုပ်တယ်။ ဒီတစ်ခါ နင်ကျန်းကို လုပ်ခိုင်းမယ်။ ပြဿနာရှိလား။”

ရှမ့်လန် တကယ်ပင် လန့်သွားခဲ့၏။ ဤကိစ္စက တကယ့်ကို အန္တရာယ်များ၏။ နင်ကျန်းကို ရွတ်ဖတ် ပူဇော်ခိုင်းခြင်းက အိမ်ရှေ့စံအတွက် ထိုးနှက်ချက်တစ်ခုဖြစ်တာ သေချာ၏။ ယေဘူယျအားဖြင့် အိမ်ရှေ့စံ အလောင်းအလျာ ကသာလျှင် ထိုကဲ့သို့ ပြုလုပ်ခွင့်ရှိ၏။ အရှင်မင်းကြီး၏ လုပ်ရပ်က အနည်းငယ် ကြမ်းတမ်း သွားခဲ့ပြီ ဖြစ်၏။

သို့ပေမည့် နင်ကျန်း စကားထစ်ကြောင်း လူတိုင်းသိရှိကြ၏။ ထို့အပြင် စိတ်လှုပ်ရှားလေ ပိုဆိုးလေပင်။ ရွတ်ဖတ်ပူဇော်မှုကို မူးမတ်အရာရှိပေါင်းများစွာနှင့် သောင်းချီသည့် စစ်သည်များ ရှေ့၌ ပြုလုပ်ရမှာ ဖြစ်၏။ သွက်လက် ချက်ချာရုံသာမက စည်းချက်ညီပြီး ခမ်းနားမှုကလည်း အပြည့်ရှိရမည်။ ဘုရင်တစ်ပါး၏ ဩဇာအာဏာမျိုးတောင် ပါဝင်ရပေဦးမည်။

အကယ်၍ နင်ကျန်းသာ ကောင်းမွန်စွာ စွမ်းဆောင်နိုင်ခဲ့ပါက အသိအမှတ်ပြုခံရမှာ ဖြစ်ပြီး ဘုရင်မင်းမြတ် ဆီမှ တစ်လောကလုံးဆီသို့ ပေးပို့လိုက်သည့် အချက်ပြမှုတစ်ခုလည်း ဖြစ်လာပေလိမ့်မည်။ ထိုအရာက ထီးနန်းလုပွဲတွင် နင်ကျန်းအတွက် ကြီးမားသည့် အောင်ပွဲတစ်ခု ဖြစ်လာပေလိမ့်မည်။

သို့သော်ငြား နင်ကျန်းက ကောင်းကောင်း မစွမ်းဆောင်နိုင်ဘဲ ရွတ်ဖတ်ပူဇော်သည့်အချိန်တွင် စကား ထစ်နေသည် ဆိုပါက တစ်လောကလုံး၏ ရယ်မောစရာ ဖြစ်လာပေလိမ့်မည်။ နောက်ပိုင်းတွင် စကားထစ်သည့် ပြဿနာ ပျောက်ကင်းသွားခဲ့သည် ဆိုလျှင်တောင်မှ အရာထင်တော့မည် မဟုတ်ချေ။ လောကကြီး၏ အမြင်၌ စကားထစ်ခြင်းက ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်သောကြောင့်ပင်။

ထို့အပြင် အဓိကအရာက ဤအချက်ပြမှုက အလွန်အရေးကြီးနေခြင်းပင်။ ဘုရင်မင်းမြတ်က နင်ကျန်းကို ထောက်ခံ၏။ ဤအရာက ထီးနန်းလုပွဲတွင် နင်ကျန်းအတွက် ကြီးမားသည့် ခုန်ပျံကျော်လွှားမှုတစ်ခု ဖြစ်၏။

“ပြဿနာရှိလို့လား။” နင်ယွမ်ရှန်းက မေးမြန်းလိုက်သည်။

ရှမ့်လန်က တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ “ရှိလား။ ပြဿနာရှိလား”

နင်ကျန်းက အလွန်ကြိုးစားနေ၏။ လွန်ခဲ့သည့် လအနည်းငယ်အတွင်း သူက နေ့တိုင်း ပါးစပ်ထဲကို ကျောက်ခဲထည့်ပြီး စကားပြောလေ့ကျင့်ခဲ့၏။ လျှာများ ပွန်းပဲ့ပြီး တစ်ခါတစ်ရံ ပါးစပ်မှ သွေးများပင် ထွက်၏။

သို့သော်ငြား စကားထစ်သည့် ပြဿနာကို ဖျောက်နိုင်ဖို့ ဆိုသည်က အရမ်းကို ခက်ခဲ၏။ ဆဋ္ဌမမြောက် ဂျော့ဘုရင် တောင်မှ တစ်သက်လုံး မဖျောက်ဖျက်နိုင်ခဲ့ချေ။ ဘုရင်မိန့်ခွန်း ပြောနေတုန်းတောင် လုံးဝ ပျောက်ကင်းအောင် မလုပ်နိုင်ခဲ့ချေ။

နင်ကျန်းက တမင်တကာ စကားကို နှေးနှေးပြောလျှင် အဆင်ပြေသလို ရှိ၏။ စကားမထစ်တော့ချေ။ သို့ပေမည့် စိတ်လှုပ်ရှားပြီး ဖိအားများလာလျှင် စကား ပြန်ထစ်တတ်၏။ သို့ပေမည့် ဤအခွင့်အရေးက အလွန်ကို အဖိုးတန်လွန်း၏။

နင်ကျန်းက နာမည်ရနေပြီ ဖြစ်သော်လည်း ထီးနန်းတက်ဖို့ ကိစ္စကိုတော့ နန်းတွင်းအရာရှိများက ကန့်ကွက်လျက် ရှိနေတုန်းပင်။ လူတိုင်း၌ ကန့်ကွက်ရသည့် အကြောင်းပြချက်က အတူတူပင် ဖြစ်၏။ စကားထစ်သည့်လူက အဘယ်သို့ တိုင်းပြည်အုပ်ချုပ်သည့်မင်း လုပ်မည်နည်း။ ထိုအရာက တိုင်းပြည်အတွက် အရှက်ရစရာတစ်ခု မဟုတ်ပါလား။

နင်ကျန်းက ရုပ်ရည် မချောမောချေ။ အသားမဲပြီး အရပ်ပု၏။ ထို့အပြင် ထင်ရှားသည့် မွေးရာပါအမှတ်ကြီး တစ်ခုကလည်း မျက်နှာထက်တွင် ရှိလို့နေ၏။ သို့ပေမည့် နန်းတွင်းအရာရှိတစ်ယောက်အနေနှင့် နင်ကျန်း၏ ရုပ်ရည်ကို တိုက်ခိုက်၍ မဖြစ်နိုင်ချေ။ စကားထစ်သည့်အကြောင်းပြချက်ဖြင့်သာ နင်ကျန်း ထီးနန်းတက်မည် ကိစ္စကို ကန့်ကွက်နိုင်၏။

ထို့အပြင် နန်းတွင်းအရာရှိများ ပြောသည်ကလည်း အချက်အကျ၏။ ယနေ့ခေတ် အခြေအနေတွင် စကားထစ်သည့် လူတစ်ယောက်ကို တိုင်းပြည်အုပ်ချုပ်သူအဖြစ် လက်မခံနိုင်ကြတော့ချေ။ ထို့အပြင် ဘုရင်မင်းမြတ်၌ ကျန်းမာသန်စွမ်းပြီး ထူးချွန်သည့် တခြားသားတော်များလည်း ရှိနေသေးသည် မဟုတ်ပါလား။

အကယ်၍ နင်ကျန်းကသာ ကောင်းကင်ပူဇော်ပွဲ အခမ်းအနား၌ ကောင်းမွန်စွာ စွမ်းဆောင်နိုင်ခဲ့ပါက နန်းတွင်းအရာရှိများ၏ ပါးစပ်ကို ပိတ်ပစ်နိုင်၏။ အနာဂတ်တွင် မည်သူကမှ နင်ကျန်းကို စကားထစ်သည်ဟု ဆိုကာ တားဆီးနိုင်တော့မည် မဟုတ်ချေ။

“ရှမ့်လန်… ပြဿနာရှိလား။”

ဘုရင်မင်းမြတ်က ထပ်မေးလိုက်၏။ “အချိန်တော့ မရှိတော့ဘူး။ နောက်သုံးရက်နေရင် ငါ ကောင်းကင်ပူဇော်ပွဲ ကျင်းပမယ်။ နင်ကျန်းက ကျောက်ခဲကို သုံးပြီး သူ့ရဲ့ စကားထစ်တာကို ပြင်မယ်ဆိုရင် အချိန်မီမှာ မဟုတ်ဘူး။ အဲနေ့ကျရင် နင်ကျန်းက စကားသွက်လက်ရုံတင်မကဘူး အံ့မခန်း ဖြစ်နေဖို့လိုတယ်။ အံ့မခန်း။”

(ဤနေရာတွင် ရှီကျင့်ဖျင် အကြောင်း ဘုန်းတော်ဘွဲ့များပါ၍ ကျော်လိုက်သည်။ - ဘာသာပြန်သူ)

“ကောင်းပြီ။ ပြဿနာမရှိဘူး။” ရှမ့်လန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။

နင်ယွမ်ရှန်းက ပြောလိုက်၏။ “ရှမ့်လန်.. မင်း သေချာလား။ သူသာ တစ်ချက်လောက် စကားထစ်သွားတာနဲ့ ပွဲတစ်ခုလုံး ပျက်စီးသွားလိမ့်မယ်။ ဒါက သူ့ရဲ့ ထီးနန်းလုပွဲအတွက် သေလောက်တဲ့ ထိုးနှက်ချက်ကြီး ဖြစ်လာလိမ့်မယ်။ မသေချာဘူး ဆိုရင် မစွန့်စားနဲ့။ ငါ အိမ်ရှေ့စံ နင်ယီကိုပဲ ပူဇော်ခိုင်းလိုက်မယ်။”

ရှမ့်လန်က ပြောလိုက်သည်။ “ကောင်းကင်ပူဇော်ပွဲ အခမ်းအနားမှာ အရှင့်သား နင်ကျန်းရဲ့ စွမ်းဆောင်ရည်က အံ့မခန်း ဖြစ်စေရမယ်။ အကုန်လုံး စိတ်ဓာတ်တက်ကြွစေရမယ်အပြင် ဝိညာဉ်ကိုပါ လှုပ်ခါသွားစေရမယ်လို့ ကျုပ် ကတိပေးတယ်။ သူ့ကို လူတိုင်းက အမြင်သစ်နဲ့ ကြည့်လာအောင် လုပ်ပြလိမ့်မယ်။”

နင်ယွမ်ရှန်းက ပြောလိုက်၏။ “ဒါဆိုရင် ငါစောင့်ကြည့်နေမယ်။ မင်းမှာ သုံးရက်ပဲ အချိန်ရှိတယ်။ မင်း သေချာတယ်ဆိုရင် ဒီကိစ္စကို တရားဝင်ကြေညာဖို့ နင်ကျန်းဆီ အမိန့်ထုတ်ပြန်လိုက်မယ်။”

ရှမ့်လန်က ခေါင်းညိတ်လိုက်၏။ “ပြဿနာ မရှိပါဘူး။”

……….

အပိုင်း (၅၇၂)

ထိုနေ့ နေ့လယ်ခင်းမှာပဲ ဘုရင်မင်းမြတ်က အမိန့်တော်တစ်ရပ်ကို ထုတ်ပြန်လိုက်၏။ တပ်တော်က တောင်ဘက်ပိုင်းကို ချီတက်တော့မည်ဖြစ်ပြီး တိုင်းပြည်ကိုပင် ပျက်သုဉ်းစေနိုင်သည့် စစ်ပွဲကြီး ဖြစ်ပွား ပေတော့မည်။ ကောင်းကင်ပူဇော်ပွဲအခမ်းအနားကို သုံးရက်အတွင်း ကျင်းပမည်။

ချန်းဖန်မြို့စား ပဉ္စမမင်းသား နင်ကျန်းက ကောင်းကင်ပူဇော်ပွဲ အခမ်းအနား၏ ပူဇော်စာကို ရွတ်ဖတ်ပူဇော်မှာ ဖြစ်ကြောင်း အမိန့်တော် ကြေညာလိုက်၏။

ကြီးမားသည့် လှုပ်ရှားမှုကြီး ဖြစ်ပေါ်လာခဲ့၏။ ထိုအရာက ရွှေဒင်္ဂါး ငါးသန်းကိစ္စကိုပင် ဖုံးလွှမ်းသွားခဲ့၏။ လူတိုင်းက အံ့အားသင့် တုန်လှုပ်လျက် ရှိ၏။ အရှင်မင်းကြီးက ဘာကို ဆိုလိုသနည်း။ ဤကဲ့သို့ ပူဇော်ဖတ်ရှု ရခြင်းက အိမ်ရှေ့စံမင်းသား၏ အလုပ် မဟုတ်ပေဘူးလား။ အဘယ်ကြောင့် ပဉ္စမမင်းသား နင်ကျန်းကို ဤအခွင့်အရေး ပေးလိုက်ရသနည်း။

ဘုရင်မင်းမြတ်၏ အချက်ပြမှုက တကယ့်ကို အံ့အားသင့်စရာ ကောင်းလွန်း၏။ အိမ်ရှေ့စံ၏ နေရာပင် မတည်မြဲတော့ပေဘူးလား။ အရှင့်သား နင်ကျန်းက ထီးနန်းရတော့မည်လား။ အရှင်မင်းကြီးက နင်ကျန်းကို မျက်နှာသာ ပေးနေပြီလား။

“ဒါပေမယ့် အရှင်မင်းကြီး ဒီတစ်ခါ စစ်ရိက္ခာ ရှာပေးတာက ရှမ့်လန်လေ။ နင်ကျန်းနဲ့ ဘာမှမဆိုင်ဘူး။ နင်ကျန်း စကားထစ်တယ်ဆိုတာ လူတိုင်းသိတယ်။ ကောင်းကင်ပူဇော်ပွဲ အခမ်းအနားက ဘယ်လောက်အရေးကြီးလဲ။ တိုင်းပြည်ကို ပျက်သုဉ်းစေနိုင်တဲ့ စစ်ပွဲကြီး တိုက်ခိုက်မှာလေ။ ကောင်းကင်ဘုံနဲ့ သူတော်စင်တွေရဲ့ ကောင်းချီးမင်္ဂလာကို ရယူရမယ့်ပွဲ၊ ဘယ်လောက်သန့်စင်ပြီး မွန်မြတ်လိုက်တဲ့ အခိုက်အတန့်ပွဲမျိုးလဲ”

“ဒါပေမယ့် နင်ကျန်းက ပူဇော်စာကို ရွတ်ဖတ်တဲ့အချိန်မှာ စကားသာ ထစ်နေမယ်ဆိုရင် ဂုဏ်သိက္ခာ ကျဆင်းရုံသာမကဘူး ကောင်းကင်ဘုံနဲ့ သူတော်စင်တွေကိုပါ မလေးစားရာ ရောက်လိမ့်မယ်။ ကောင်းကင်ဘုံ ကသာ အပြစ်ပေးမယ် ဆိုရင် ဒီစစ်ပွဲကြီးက ရှုံးနိမ့်တော့မှာ မဟုတ်လား။ တိုင်းပြည်ရဲ့ ကံကြမ္မာနဲ့ ဆိုင်နေတယ် အရှင်မင်းကြီး။”

“အရှင်မင်းကြီးက သိပ်ကို ပေါ့ဆလွန်းနေတယ်။ အရှင်နဲ့ အိမ်ရှေ့စံက ယင်ယွမ်အဖွဲ့အစည်းရဲ့ ချေးငွေကိစ္စမှာ သဘောထား ကွဲလွဲမှုတွေ ကြီးကြီးမားမား ရှိနေတယ် ဆိုတာကို ကျုပ်တို့တွေ သိပါတယ်။ အရှင်က အိမ်ရှေ့စံကို နှိမ့်ချချင်နေတာ။ ဒါပေမယ့် တိုင်းပြည်အရေးကိုတော့ ဟာသလုပ်လို့ မဖြစ်ဘူး”

ထို့ကြောင့် နောက်တစ်နေ့ နံနက်ညီလာခံမစခင်မှာပင် မူးမတ်အရာရှိပေါင်းစုံတို့က နန်းတော်အတွင်းသို့ တိုင်ကြားစာများကို တင်သွင်းကြ၏။ လူတိုင်းက သူတို့၏ သဘောထားကို ထုတ်ဖော်ကြ၏။

ဝန်ကြီးချုပ် ကျူးဟုန်ကျူးက တိုင်ကြားစာကို မတင်သွင်းသော်လည်း ကျူးကျွင်းက တင်သွင်း၏။ ဤသည်က ကျူးမိသားစု၏ သဘောထားကို ကိုယ်စားပြုသည်။

မရေတွက်နိုင်သည့် စာလွှာများက ဘုရင်မင်းမြတ် နင်ယွမ်ရှန်းကို နှစ်မြှုပ်လုနီးပါးပင်။

“အရှင်မင်းကြီး.. ဘုရင်မင်းမြတ် တစ်ပါးအနေနဲ့ ဒီလောက် စိတ်လိုလက်ရ မလုပ်သင့်ပါဘူး။ ကောင်းကင်ပူဇော်ပွဲ အခမ်းအနားက တိုင်းပြည်ရဲ့ ကံကြမ္မာနဲ့ သက်ဆိုင်တယ်။ တစ်စုံတစ်ခုသာ လွဲချော်သွားမယ် ဆိုရင် စစ်သည်တွေရဲ့ စိတ်ဓာတ်ကို ကြီးမားတဲ့ ထိုးနှက်ချက်လို ဖြစ်လာပါလိမ့်မယ်။ စစ်ပွဲအတွက် နိမိတ် မကောင်းတာတွေ ဖြစ်လာရင် ဘယ်သူ တာဝန်ယူမှာလဲ”

တောင်ပိုင်းစစ်ဆင်ရေး၏ စစ်သူကြီးက မြောက်ပိုင်းနယ်စားမင်း နန်းကုန်းအို ဖြစ်၏။ စစ်သူကြီးတစ်ယောက်အနေနှင့် သူက တိုင်ကြားလွှာကို မတင်သွင်းသော်လည်း ဘုရင်မင်းမြတ်နှင့် သီးသန့် တွေ့ဆုံပြီး သူ၏ ဆန္ဒကို ထုတ်ဖော်ခဲ့၏။ အရှင်မင်းကြီးအနေနှင့် ပြန်လည်စဉ်းစားပေးရန် မျှော်လင့်ကြောင်း သူက လျှောက်တင်၏။

ဤစစ်ပွဲက တိုင်းပြည်၏ ကံကြမ္မာနှင့် သက်ဆိုင်၏။ ထို့အပြင် ကောင်းကင်ပူဇော်ပွဲ အခမ်းအနားက စစ်သည် သောင်းနှင့်ချီ သက်ဆိုင်၏။ ဤပွဲ၏ အသေးစိတ်အချက်အလက်တိုင်းကို ချဲ့ကားကာ ကြည့်ရှုကြမှာ ဖြစ်၏။ ကောင်းကင်ဘုံကပေးသည့် နိမိတ်အဖြစ် သတ်မှတ်ကြပေလိမ့်မည်။ တစ်ခုခု လွဲချော်သွားသည် ဆိုပါက အကျိုးဆက်က တွေးဝံ့စရာပင် မရှိချေ။

နင်ယွမ်ရှန်းက စကားတစ်ခွန်းကိုသာ ပြောသည်။ “ငါ ဆုံးဖြတ်ပြီးပြီ။”

အပေါ်ယံတွင် သူ၏ သဘောထားက အလွန်ခိုင်ကြည်ပြတ်သားသော်လည်း ရင်ထဲတွင်တော့ နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ကြီးမားသည့် ဖိအားဒဏ်ကို ခံစားနေရ၏။

မူးမတ်အရာရှိပေါင်းများစွာတို့က ကန့်ကွက်ဆန္ဒကို ထုတ်ဖော်ကြ၏။ မရေတွက်နိုင်သည့် စာလွှာများက အမှန်တကယ်ပင် ဒီရေလှိုင်းလုံးကြီး များကဲ့သို့ပင်။

နင်ယွမ်ရှန်းက ထိုကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ခါမှ မကြုံခဲ့ဘူးပေ။ နန်းတွင်းရှိ အရာရှိများက မည်သည့် ဂိုဏ်းဂဏက ဖြစ်စေ ယခု ညီညွတ်နေကြသည်။ အရာရှိအားလုံးတို့၏ ဆန့်ကျင်ဘက်တွင် ရပ်တည်နေရသဖြင့် ဘုရင်မင်းမြတ် ဖြစ်သော်လည်း သူ နင်ယွမ်ရှန်းက အနည်းငယ် စိုးရွံ့လို့နေမိ၏။ စိတ်ထဲတွင်လည်း နောင်တ အနည်းငယ် ရမိသည်။

သူ ပေါ့ဆခဲ့မိ၏။ ရွှေဒင်္ဂါး ငါးသန်းရရှိသောကြောင့် စိတ်လှုပ်ရှားသွားခြင်းလား။ ထင်သည့်အတိုင်းပင်။ သူက ရင့်ကျက်သည့် ဘုရင်တစ်ပါး မဟုတ်သေးပေ။ သာယာကျေနပ်သည့် အခြေအနေအတွင်း စိတ်လိုက်မာန်ပါ ပြုလုပ်မိတတ်၏။ အိမ်ရှေ့စံ သူ့ကို ဒေါသထွက်အောင် တကယ်ပဲ ပြုလုပ်ခဲ့၏။ သို့ပေမည့် နောင်တရနေ၍ မထူးတော့ချေ။ လုပ်ပြီးသည့်ကိစ္စကလည်း ပြန်ပြင်၍ မရတော့ချေ။

“နင်ကျန်း.. ငါ့ကို စိတ်ပျက်အောင် မလုပ်နဲ့တော့။ မင်းသာ ပူဇော်ပွဲ အခမ်းအနားမှာ ကောင်းကောင်းမလုပ်နိုင်ရင် ငါက လူတိုင်းရဲ့ ပြစ်တင်ရှုတ်ချမှုကို ခံရလိမ့်မယ်။ စစ်ပွဲရဲ့ ရလဒ်သာ မကောင်းဘူးဆိုရင် အပြစ်အားလုံးက မင်းအပေါ် ပုံကျလာလိမ့်မယ်။ ငါ့အပေါ်လည်း ရောက်လာလိမ့်မယ်။

ရှမ့်လန်.. ငါ မင်းကို ယုံကြည်တယ် အရင်တုန်းက အကြိမ်တိုင်း မင်းက ငါ့ကို အံ့ဖွယ်ရာ ကိစ္စရပ်တွေ ဖန်တီး ပြုလုပ်ပေးခဲ့တယ်။ ဒီတစ်ခါလည်း ခြွင်းချက် မရှိစေနဲ့။”

………

ချမ်းဖန်မြို့စားအိမ်တော်

ပဉ္စမမင်းသား နင်ကျန်းက တစ်ကိုယ်လုံး တုန်ယင်နေ၏။ ကောင်းကင်ပူဇော်ပွဲ အခမ်းအနားတွင် ပူဇော်ရမည့် စာလွှာများကို သူက ရွတ်ဖတ်ရမည်ဆိုသော အမိန့်တော်ကို ယခုလေးတင် လက်ခံရရှိခဲ့၏။ ဤအရာက ကောင်းသည့်ကိစ္စတစ်ခု ဖြစ်သလို ကြီးမြတ်သည့် ဆုလာဘ်ကြီး တစ်ခုလည်း ဖြစ်၏။ သို့ပေမည့် သူတကယ် မလုပ်နိုင်ချေ။ သူ၏ စကားထစ်ခြင်းက မပျောက်သေးပေ။ အဖေက သိပ်ပြီး စိတ်အတက်အကျ မြန်လွန်းနေ၏။ သုံးရက်သာ လိုတော့သည် မဟုတ်လား။

ရှမ့်လန်က ပြောလိုက်၏။ “အရှင်မင်းသား… ကောင်းကင်ပူဇော်ပွဲ အခမ်းအနားကျရင် အရှင်မင်းသားက စကားမထစ်ရုံနဲ့ မရဘူး။ သွက်သွက်လက်လက်လည်း ပြောနိုင်ရမယ်။ ပြီးတော့ အရှင့်ရဲ့ စွမ်းဆောင်ရည်က အံ့မခန်း ဖြစ်ရလိမ့်မယ်။ စိတ်ဓာတ် တက်ကြွစေရမယ် လူတိုင်းကို ဝိညာဉ်အနက်ရှိုင်းဆုံးနေရာကနေ တုန်လှုပ် သွားအောင် လုပ်ရမယ်။”

နင်ကျန်း၏ နှုတ်ခမ်းများက တုန်ယင်သွားခဲ့သည်။ “ရှ .. ရှ ... ရှမ့်လန်… ကျုပ် ကျုပ် တကယ်မလုပ်နိုင်ဘူး ထင်တယ်”

အရူးလန်၊ နာကျည်းမှုနှင့် လီစွမ်းတို့က ထိုစကားကို ကြားသည့်အချိန်မှာတော့ မူးမေ့လဲကျလုမတတ်ပင် ဖြစ်သွား၏။ အရှင်နင်ကျန်း၏ စကားထစ်ခြင်းက ယခင်က တော်တော်လေး သက်သာလာသည် ဆိုသော်လည်း ယခုအချိန်မှာတော့ ပိုမိုကာ ဆိုးဝါးလာခဲ့ပြီး စကားထစ်လွန်းသောကြောင့် ရှင်းလင်းပြတ်သားစွာပင် မပြောနိုင်တော့ပေ။

သုံးရက်သာ လိုတော့၏။ ကောင်းကင်ပူဇော်ပွဲ အခမ်းအနားကျလျှင် ပိုမိုကာ စိတ်လှုပ်ရှားပေဦးမည်။ ထိုသို့ဆိုလျှင် တကယ်ပဲ ပွဲပျက်အောင် လုပ်မိပေလိမ့်မည်။

ရှမ့်လန်က ပြောလိုက်၏။ “အရှင်မင်းသား နင်ကျန်း… ကျုပ်ကို ယုံလား။ ယုံလိုက်စမ်းပါ။ သုံးရက်ဆိုတာ လုံလောက်တာထက်တောင် ပိုသေးတယ်။ ကောင်းကင်ပူဇော်ပွဲ အခမ်းအနားကျရင် လူတိုင်း အံ့အားသင့်သွားအောင် ကျုပ် သေချာပေါက် လုပ်ပေးနိုင်တယ်”

……..

တရုတ်ပြည်သမိုင်းတွင် မင်မင်းဆက်နှင့် ချင်မင်းဆက်တို့၏ ခေတ်ကာလများ၌ ကောင်းကင်ပူဇော်ပွဲ အခမ်းအနားများက အထွန်းကားဆုံးသော အချိန်ကာလဖြစ်၏။ သာမန်အားဖြင့် အခမ်းအနားကို သုံးနှစ်လျှင် တစ်ကြိမ် ကျင်းပလေ့ရှိ၏။ အခမ်းအနား ကျင်းပပုံမှာ တကယ်ပင် ရှုပ်ထွေးနက်နဲလွန်းလှပြီး စည်းမျဉ်း စည်းကမ်းများကလည်း နွားတစ်ကောင်၏ အမွှေးအမျှင်သဖွယ် များပြားလှ၏။

ချန်လုံဧကရာဇ် မိုးနတ်မင်းထံ ပူဇော်သည့် အချိန်မျိုးတွင် အပူဇော်ခံ ရုပ်ထုများ နေရာတကျ အစီအစဉ်တကျ မရှိခြင်း၊ ခင်းကျင်းထားသည့် တည်နေရာများက သပ်ရပ်ခြင်း မရှိသောကြောင့် ဒေါသထွက်ခဲ့ဖူး၏။ ထို့ကြောင့် တာဝန်ယူစီမံသည့် ဝန်ကြီး ၆ ဦးအနက် ၂ ဦးကို ရာထူးမှ ထုတ်ပယ်ခဲ့သည်။

နင်ယွမ်ရှန်းက မူလတည်းက မူးမတ်များအပေါ် ရက်စက်လွန်းသူ တစ်ယောက် ဖြစ်၏။ သို့သော်ငြား ယခုနှစ်ပိုင်းတစ်လျှောက် သူ အပြစ်ပေးခဲ့သည့် အမြင့်ဆုံးသော အရာရှိက လက်ထောက်ဝန်ကြီး အဆင့်မျှသာ ရှိ၏။

တိုင်းပြည်တစ်ပြည်၏ အရေးကြီးဆုံး အခမ်းအနားက ကောင်းကင်ပူဇော်ခြင်းနှင့် စစ်ရေးစစ်ရာ ကိစ္စများသာ ဖြစ်၏။ ကောင်းကင်ပူဇော်ပွဲ အခမ်းအနားတွင် စစ်ရေးကိစ္စရပ်များတွင် ပါဝင်လျက် ရှိနေသည်ဆိုလျှင် မည်မျှ အရေးကြီးသွားမည်နည်း။

အမှန်စင်စစ်မှာတော့ တော်ဝင်ရန်အင်ပါယာ၏ ကောင်းကင်ပူဇော်ပွဲက ဤမျှလောက် မတင်းကျပ်ချေ။ အနည်းဆုံး ဘုရင်မင်းမြတ်အနေနှင့် ၅ ရက်ဆက်တိုက် အစာငတ်ခံစရာ မလိုသလို လပေါင်းများစွာ ကြိုတင် ပြင်ဆင်ရန်လည်း မလိုအပ်ချေ။

သို့သော်ငြား ယခုတစ်ကြိမ် ကောင်းကင်ပူဇော်ပွဲမှာတော့ ယခင်နှင့်မတူဘဲ ကွဲပြားခြားနားနေခဲ့၏။ အဘယ်ကြောင့် ဆိုသော် သူတို့က ကျင်းမင်းသား၊ သဲကန္တာရ လူရိုင်းမျိုးနွယ်များနှင့် တိုက်ခိုက်ရမည်ဖြစ်ပြီး ထိုတိုက်ပွဲကလည်း နိုင်ငံတော်၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးမည် ဖြစ်သောကြောင့်ပင်။

ထို့ကြောင့် ဤပွဲကို ဤမျှလောက် အလေးထားနေသည်မှာ လွန်သည် မဟုတ်တော့ပေ။ အနည်းဆုံးတော့ ဝတ်ပြုရေးရာ ဝန်ကြီးဌာနမှ အရာရှိများက ဤကိစ္စအတွက် ၂ လကျော်မျှ ကြိုတင်ပြင်ဆင်ခဲ့ရ၏။

မကြာသေးခင်က အိမ်ရှေ့စံမင်းသားက ပညာရှိ သုခမိန် ၁၀ ဦးကျော်တို့ကို ရှာဖွေပြီး ကောင်းကင်ပူဇော်ပွဲအတွက် စာလွှာများကို ပြင်ဆင်ရေးသားစေခဲ့၏။ ထို့ပြင် သူက ထိုစာလွှာများကို အလွတ်ကျက်မှတ်ခဲ့ပြီး စာလုံး တစ်ခုချင်းစီတိုင်းကို မည်သည့်လေသံနှင့် ရွတ်ဖတ်ရမည်ဆိုသည့် အတက်အကျကိုပင် သေသေချာချာ တွက်ချက် ထားခဲ့သည်။

သို့သော်ငြား နောက်ဆုံးမှာတော့ ဘုရင်မင်းမြတ်က ကောင်းကင်ပူဇော်ပွဲ အခမ်းအနား၏ တာဝန်ကို နင်ကျန်းအား ပေးအပ်လိုက်၏။ ဤသည်က အိမ်ရှေ့စံမင်းသားအတွက် ကြီးမားလွန်းသည့် ထိုးနှက်ချက် ဖြစ်လာမည် ဖြစ်ကြောင်း တွေးတောကြည့်ရုံနှင့်ပင် သိရှိနိုင်၏။

ထိုအရာက ဘုရင်မင်းမြတ်မှ အိမ်ရှေ့စံအား ပေးလိုက်သည့် ပထမဦးဆုံး သတိပေးချက်လည်း ဖြစ်သည်။

ယခင်က ရှမ့်လန် စုနန်ကို အနိုင်ယူခဲ့ပြီး နန်းတော်ဆီသို့ ပြန်ရောက်သည့်အချိန်တွင် အိမ်ရှေ့စံက ရှမ့်လန်ကို ဖမ်းဆီးရန် ကျန်ကျောင်းကို အမိန့်ပေးခဲ့၏။ ထိုစဉ်က ဘုရင်မင်းမြတ်က တားဆီးခဲ့၏။ ဘာမှမပြောစေကာမူ ဘုရင်မင်းမြတ်က စိတ်ကွက်ခဲ့၏။

ဘုရင်မင်းမြတ်က အိမ်ရှေ့စံမင်းသားကို အစားထိုးရန် ကြိုးစားနေသည်ဟုပင် သဘောသက်ရောက်လာခဲ့၏။ မည်သို့ပင်ဆိုစေကာမူ ဤကဲ့သို့သော သတင်းစကားများ ပျံ့နှံ့ခဲ့ပြီးနောက် အိမ်ရှေ့စံမင်းသားက သူ၏ နန်းဆောင်တံခါးကို တင်းကျပ်စွာ ပိတ်ထားပြီး မည်သူ့ကိုမှ ဝင်ထွက်ခွင့် မပြုတော့ချေ။

အိမ်ရှေ့စံတစ်ယောက် အထဲတွင် ဘာလုပ်နေမည်နည်း။ လူများသတ်နေသလား သို့မဟုတ် ပစ္စည်းများကို ရိုက်ခွဲဖျက်ဆီးနေသလား။

မည်သူမှ မသိနိုင်ချေ။

ရှမ့်လန် ပထမဦးဆုံး လုပ်ရမည့်အရာက ကောင်းကင်ပူဇော်ပွဲနှင့် ပတ်သက်သည့် အကောင်းမွန်ဆုံးသော စာလွှာတစ်ခုကို ရေးသားရန် ဖြစ်၏။ ဂျီထျန်ဝန်း၏ မိုးနတ်ပူဇော်လွှာကို ကြည့်ရသည်မှာ လွယ်ကူသယောင်နှင့် ခက်ခဲလှ၏။

ကောင်းကင်ဘုံ၏ ရှေးဟောင်းနတ်ဘုရားများ၊ မင်းမြတ် ၃ ပါး၊ ဧကရာဇ် ၅ ပါးနှင့် တောင်တန်းများ၊ မြစ်ချောင်းများ၊ တိုင်းသူပြည်သား အားလုံးကို ချီးမွမ်းခန်း ဖွဲ့ရပေမည်။ ယခုတစ်ကြိမ် ကောင်းကင်ပူဇော်ပွဲက တောင်ပိုင်းစစ်ပွဲအတွက် ဖြစ်ပြီး သဲကန္တာရ လူရိုင်းများကို နှိမ်နင်းရန်နှင့် မင်းသားကျင်းကို အနိုင်ယူရန် ရည်ရွယ်ထားသည်။

ထို့သို့ဆိုလျှင် အခမ်းအနားတွင် ကျင်းမင်းသား၏ ယုတ်မာမှုနှင့် သဲကန္တာရလူရိုင်းတို့၏ ရက်စက်ကြမ်းကြုတ်မှု အကြောင်းကို ထည့်သွင်းရေးသားရမည်လား။ လုံးဝ မဖြစ်နိုင်ချေ။ ကျင်းမင်းသား၏ အကြောင်းကို စကားလုံး တစ်လုံးမှပင် ပါ၍မရနိုင်သလို ဤစစ်ပွဲအကြောင်းလည်း တစ်လုံးတစ်ပါဒမျှ ထည့်ရေး၍ မဖြစ်ချေ။ မဟုတ်ပါက ကောင်းကင်နတ်မင်းများမှ ‘မင်းက သိပ်ပြီး လက်တွေ့ဆန်လွန်းနေပြီ’ ဟု အပြစ်တင်ပေလိမ့်မည်။

ထို့ကြောင့် ကောင်းကင်ပူဇော်ပွဲ၏ ပထမဦးဆုံးသော တစ်ခုတည်းသော အင်္ဂါရပ်က ချီးမွမ်းခြင်းသာ ဖြစ်၏။ စာသားများက ခမ်းနား၊ထည်ဝါရမည်။ တုန်လှုပ် ခြောက်ခြားဖွယ်ရာ ကောင်းရမည်။ ကောင်းကင်ဘုံ နတ်ဒေဝါတို့၏ စကားသံများကဲ့သို့ ဖြစ်ရပေလိမ့်မည်။

ရှမ့်လန်က ပထမဦးဆုံး ရှာဖွေတွေ့ရှိခဲ့သည်က မင်မင်းဆက်၏ တော်ဝင်မင်မင်းဆက်ကျမ်း အတွဲ ၈၂ မှ ဂျီထျန်ဝန်း ပင်ဖြစ်၏။ ဤ တော်ဝင်မင်မင်းဆက်ကျမ်းကို မည်သူ ရေးသားသနည်း။ ပထမဦးဆုံး လီတုန်းရန်နှင့် ထို့နောက် ရှန်ရှီရှင်းတို့ ဖြစ်၏။ လီတုန်းရန်က နိုင်ငံတော်၏ စတုတ္ထအဆင့်ရှိသော ဒုတိယတန်းစား ထိပ်သီး ပညာရှင်တစ်ယောက်ဖြစ်၏။ သူက မဟာပညာရှိ၊ အစိုးရအဖွဲ့ဝင် အတွင်းဝန်နှင့် အိမ်ရှေ့စံ၏ ဆရာသခင် ရာထူးများကို ရယူခဲ့၏။

ရှန်ရှီရှင်း မှာတော့ ကျန်းကျင်း နန်းစံသည့် ၄၁ နှစ်မြောက် နန်းတွင်း စာမေးပွဲတွင် ပထမရခဲ့သူဖြစ်ပြီး မဟာပညာရှိ၊ အစိုးရအဖွဲ့ အတွင်းဝန်နှင့် အိမ်ရှေ့စံ၏ ဆရာသခင်တစ်ယောက် ဖြစ်၏။ ထို့ကြောင့် ဤပုဂ္ဂိုလ် နှစ်ဦး ရေးသားထားသည့် ကျမ်းက အဘယ်မျှ ကြီးကျယ်ခမ်းနားနေမည်ကို စဉ်းစားတွေးတော၍ပင် ရသည်။

ဂျီထျန်ဝန်း - ကောင်းကင်ပူဇော်လွှာကို ဤကဲ့သို့ ရေးသား၏။

[ဘလာဘလာပေါ့ဗျာ။ ဦးရှင်ကြီးတင်သလိုပဲ။

ကျွန်းညိုကြီး ဒီပံဆွေသို့ စီရံဝေဝေ ရွေသင်္ကန်းရယ်နှင့်၊ နေအဝင် ရွေကညင် သာသည့်လမ်းကို၊ နတ်နန်းပျော် စောင်းတော်ပိုက်ပြီး၊ အပေါင်းအဖော်တပည့်များနှင့်၊ ကျောင်းတော်က ကြွတော်မူပါ့၊ ဒေဝါသခင်၊ နတ်ဦးရှင် - အဘိုး .. အဘိုး .. အဘိုး (အဘိုးက နားလေးတော့ ကျယ်ကျယ်အော်ရတယ် ပြောတာပဲ။ အခုလည်း အဲလိုပေါ့။ စာသံ၊ ပေသံအပြင် အဖိ၊ အဖော့ နဲ့ ရွတ်ရတာပေါ့။)

အဲလိုပဲ မူရင်းဆရာက လျှောက်ကူးရေးထားတော့ ကျွန်တော်က ကောင်းကင်ပူဇော်ပွဲ စာသားတွေကို ကျော်လိုက်ပါတယ်။]

နောက်ဆုံးတွင်တော့ စာလုံးရေ ရာဂဏန်းခန့် ချန်လှပ်ထားခဲ့သေး၏။ ဤ ဂျီထျန်ဝန်းက ပဒေသရာဇ်ခေတ်၏ အထွတ်အထိပ် လက်ရာ တစ်ခုဟု ဆိုနိုင်၏။

သို့သော်ငြား ထိုအရာကို လုံးလုံးလျားလျား ကူးချ၍ မရနိုင်ဘဲ ပြုပြင် ကိုးကားမှုများ ပြုလုပ်ရပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာက တော်ဝင်ရန်အင်ပါယာ ဖြစ်ပြီး ရွှဲ့ပြည်နယ်လည်း ဖြစ်နေသောကြောင့်ပင်။ ကွန်ဖြူးရှပ်၏ ပညာရပ်က ဤလောကကြီးကို အလုံးစုံ လွှမ်းမိုးခြင်း မရှိသေးချေ။ ကောင်းကင်ပူဇော်ပွဲကို ပြုလုပ်သည့် နေရာတွင် စည်းကမ်းသတ်မှတ်ချက်များကလည်း သိပ်ပြီး မများချေ။ ရေးသားဟန်မှာ ပိုမို၍ ရဲရင့်ပြတ်သားရမည်။ ပိုမိုကာ ခမ်းနားထည်ဝါရမည်။

ထို့ကြောင့် ရှမ့်လန်က ထပ်တလဲလဲ ထပ်မံကာ ရှာဖွေခဲ့၏။ နောက်ဆုံးမှာတော့ အနောက်ဟန်မင်းဆက်၏ နံပါတ်တစ် စာရေးဆရာကြီး စီမားရှန်ရှူး ကွယ်လွန်ခဲ့ပြီးနောက် ကျန်ရစ်ခဲ့သည့် ဂျီထျန်ဝန်း ကောင်းကင်ပူဇော်လွှာကို တွေ့ရှိခဲ့၏။ ကောင်းကင်ပူဇော်လွှာချင်း အတူတူပင် ဖြစ်သော်လည်း ကွဲပြားမှုများ ရှိ၏။

ဤပုဂ္ဂိုလ်၏ စာပေအရေးအသား ခံ့ညားထည်ဝါမှုမှာ သာမန်လူတို့ လိုက်မီနိုင်သည့် အရာမျိုး မဟုတ်ချေ။

ဤကဲ့သို့ပင် ၂ နာရီကြာချိန်မှာတော့ သူက ခမ်းနားထည်ဝါသည့် ကောင်းကင်ပူဇော်လွှာတစ်စောင်ကို ရေးသားပြီးစီးခဲ့ပြီ ဖြစ်၏။ ပြီးနောက် ရှမ့်လန်က ထိုစာကို အရူးလန်၊ နင်ကျန်း၊ လီစွမ်းနှင့် တခြားသော သူများကို ဖတ်ရှုစေ၏။

ကောင်း၏၊ အလွန်အမင်း ကောင်းလွန်း၏။ ထို ၃ ဦးက ဖတ်ရှုပြီးသည်နှင့် တပြိုင်နက် ခေါင်းပေါ်တွင် ရှိနေသည့် မွှေးညှင်းပေါက်များပင် ပွင့်ထွက်သွားသကဲ့သို့ ခံစားလိုက်ရ၏။

အရေးအသားက တကယ့်ကို ကျစ်လျစ်၏။ လှပ၏။ ယုံကြည်မှုရှိ၏။ ခမ်းနားထည်ဝါ၏။ ပြည့်စုံ၏။ ကြီးကျယ်မြင့်မြတ်လွန်းသော်လည်း ခံစားမှုရသက မလျော့နည်းချေ။ မုချ ကောင်းမွန်သည့် ပူဇော်လွှာတစ်စောင်ပင်။

All Chapters