အခန်း (၅၈၁-၅၈၂)
Vol. 38 Ch. 581-582
အပိုင်း (၅၈၁)
နာကျည်းမှုက ထပ်မံကာ ဟိန်းဟောက်လိုက်၏။ “အရှင်မင်းကြီး အမိန့်ရှိတယ်။ ဒီနွေဦးအကြိုစစ်ဆင်ရေးက စေ့စပ်သေချာရမယ်။ အပြစ်ရှိတာနဲ့ ဂုဏ်သိက္ခာရှိတယ်ဆိုပြီး လွတ်မြောက်သွားစေမှာ မဟုတ်ဘူး။ မိသားစုရဲ့ ဂုဏ်ရှိန်ဝါ ဘယ်လောက်ပဲကြီးကြီး၊ အကျိုးပြုမှု ဘယ်လောက်ပဲများများ အလကားပဲ။ ပြီးတော့ အားလုံးဒူးထောက်ကြ။”
မိုးကြိုးပစ်လိုက်သကဲ့သို့ပင် အသံကြီးက ပဲ့တင်ထပ်သွား၏။ ရောက်ရှိလာခဲ့သည့် သူဌေးသားအားလုံးတို့က မြေပြင်ပေါ်တွင် ဒူးထောက်လိုက်မိကြသည်။
ရှမ့်လန်က အမည်စာရင်းကို ယူ၏။ သူဌေးသား၊ မြို့စားလေးများ၏သားများ ... အားလုံးသော သူတို့ကို ဝေ့ဝိုက်ကြည့်၏။ သူ၏အကြည့်နှင့် ဆုံမိသူတိုင်းက အားလုံးပင် ထိတ်လန့်တုန်လှုပ်ပြီး သတိလစ် မေ့မြောလုမတတ် ဖြစ်ကုန်၏။ ဤအရာက သေမင်းတမန်၏ စိုက်ကြည့်ခံရခြင်းနှင့် ဆင်တူ၏။ အလွန်ပဲ ကြောက်မက်ဖွယ်ရာကောင်း၏။
ဤနေရာတွင်ရှိနေသည့် သူဌေးသားများထဲတွင် သူတို့၏လက်အောက်၌ လူမိုက်မမွေးဖူးသည့်လူ မည်သူရှိသနည်း။ မည်သူက သူတစ်ပါးကို အနိုင်မကျင့်ဖူးဘဲ ရှိမည်နည်း။ မည်သူကရော မကောင်းမှု မပြုလုပ်ဖူးဘဲ ရှိမည်နည်း။
နန်းမြို့တော်၏ လုံခြုံရေး ယိုယွင်းပျက်စီးလာရခြင်းက အများအားဖြင့် သူတို့ကြောင့်ပင် ဖြစ်၏။ ပြဿနာ ရှာသည့် လူမိုက်အများစုက သူတို့အတွက် မကောင်းမှု၊ ညစ်ပတ်သည့် အရာများကို ပြုလုပ်ပေးရသည့် လူများ ဖြစ်၏။ ဤစာရင်းထဲတွင် ပါနေသမျှ ကာလပတ်လုံး သူတို့အားလုံးက ကြက်ခြေခတ် အခတ်ခံရပေလိမ့်မည်။ အသက်တစ်ချောင်း ဆုံးရှုံးရပေလိမ့်မည်။
ရှမ့်လန်က တကယ်ပင် နာမည်တိုင်း၏ အပေါ်တွင် ကြက်ခြေခတ် တစ်ခုစီကို ရေးဆွဲ၏။ ဘုရင်မင်းမြတ်၏ အလိုဆန္ဒက ရှင်းလင်း၏။ ဤနွေဦးအကြိုစစ်ဆင်ရေးက လူမိုက်များကိုသာ ပစ်မှတ်ထားသည် မဟုတ်ဘဲ ဂိုဏ်းခေါင်းဆောင်များနှင့် သူတို့၏ နောက်ကွယ်မှ နန်းတွင်း အမှုထမ်းများကိုပါ ပစ်မှတ်ထားခြင်း ဖြစ်၏။ ကြောက်လန့်သွားသည်အထိ သတ်ဖြတ်ပစ်ရပေလိမ့်မည်။
တိုင်းပြည်ကို ပြောင်းလဲစေမည့် စစ်ပွဲကြီးကို စတင်တော့မည် ဖြစ်ရာ မြို့တော်ကို လုံးဝသန့်ရှင်းထား ရပေလိမ့်မည်။ မဟုတ်ပါက စစ်ပွဲ၏ အခြေအနေ ပြောင်းလဲသွားသည့် အချိန်၌ နန်းမြို့တော်ထဲတွင် ပရမ်းပတာ ကိစ္စရပ်များ ပေါ်ပေါက်လာပေလိမ့်မည်။
ရှမ့်လန်က ကြက်ခြေခတ် တစ်ချက်ခတ်လိုက်တိုင်း လူတစ်ယောက်၏ အသက် ဆုံးရှုံးသွား၏။
သူတို့ မတရားခံရသည်လား။ လုံးဝမဟုတ်ပေ။ နင်ကျန်းက အလုပ်တွင် စေ့စပ်လွန်းသည်ဟု ဆိုရမလား မသိချေ။ သို့မဟုတ် ဤသူဌေးသားများက ကြမ်းတမ်းလွန်းသည်ဟု ဆိုရမလားပင်။ သူတို့က လူသတ်မှု၊ မီးရှို့မှုများကို ဖုံးကွယ်မထားခဲ့ကြချေ။ ပေါ်ပေါ်တင်တင် ပြုလုပ်ခဲ့ကြသည်။
ဟုတ်ပေ၏။ သူတို့ကိုယ်တိုင် မလုပ်ခဲ့သော်လည်း သူတို့က နောက်ကွယ်မှ ကြိုးကိုင်ခဲ့သူများ လုပ်ခဲ့၏။ လူမိုက်တချို့ မှားယွင်း အသတ်ခံရကောင်း ခံရနိုင်၏။ သို့သော် ဤလူများမှာတော့ လုံးဝမှားယွင်းခဲ့ခြင်း မရှိချေ။
ရှမ့်လန်က အနီရောင် ကြက်ခြေခတ်ပေါင်းများစွာကို ရေးဆွဲလိုက်၏။ ပြီးနောက် မေးလိုက်၏။ “ကဲ ကိုယ့်လူတို့.. ကျုပ်က ခင်ဗျားတို့ဆီက ငွေလိမ်ယူခဲ့တယ်လို့ ကြားမိသလိုပဲ။”
အားလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။ မည်သည့်စကားသံမှ ထွက်ပေါ်မလာခဲ့ချေ။ ရှမ့်လန်က အနီရောင် ကလောင်တံကို ပြန်ကောက်ကိုင်လိုက်၏။ သူဌေးသားတစ်ယောက်၏ ရှေ့တွင် ဆောင့်ကြောင့်ထိုင်ချပြီး မေးလိုက်သည်။ “ခင်ဗျားနာမည်က ဘယ်သူလဲ ပြောစမ်း။ ပြီးတော့ ကျုပ်ဘယ်လို လိမ်လည်ထားတာလဲ ပြောစမ်း။”
“လိမ်လည်တာမရှိ... မရှိပါဘူးဗျာ။ ရှမ့်က ကျုပ်တို့ကို ဘယ်လိုလုပ် လိမ်ညာမှာလဲ။ ဒါ လုံးဝ မဟုတ်ပါဘူး။ ဒါ လုံးဝ မရှိပါဘူး။”
ရှမ့်လန်က မေးလိုက်၏။ “ဒါဆိုရင် ဘာဖြစ်လို့လဲ။”
သူဌေးသားက ပြောသည်။ “ကျုပ်တို့က အဲဒီငွေတွေကို ဆန္ဒအလျောက် လှူဒါန်းခဲ့တာပါပဲ။ စစ်ပွဲကြီးက ဖြစ်တော့မယ်လေ။ တိုင်းပြည်ရဲ့ အတက်အကျက လူတိုင်းမှာ တာဝန်ရှိတဲ့ကိစ္စရပ်ပဲ။ ဒီတော့ ကျုပ်တို့က တိုင်းပြည်ရဲ့ ကျေးဇူးကို ခံစားနေရတဲ့လူတွေ။ ငွေလာပို့ပြီးတော့ လှူဒါန်းခဲ့တာပါ။”
ရှမ့်လန်က မေးလိုက်၏။ “ဪ ဟုတ်လား”
“တကယ်ပါ။ တကယ်ပါပဲ။” သူဌေးသားက ခေါင်းကို တွင်တွင်ညိတ်ကာ ပြောသည်။
ရှမ့်လန်က မေးလိုက်၏။ “ကျုပ် ခင်ဗျားတို့ ငွေတွေကို တကယ်မလိမ်ခဲ့ဘူးပေါ့။”
“မလိမ်ပါဘူး၊ မလိမ်ပါဘူး။”
သူဌေးသားက ရင်ဘတ်ကို ပုတ်ကာ ပြောသည်။ “ဘယ်သူကများ ရှမ့်ကို ဒီလိုမျိုး လုပ်ကြံပြောဆိုရဲတာလဲ။ ကျုပ်က လက်မခံနိုင်ဘူး။ ကျုပ်.... ကျုပ် ဝမ်လင်းက အဲဒီလူကို ချမှာပဲ။”
‘ဪ မင်းက ဝမ်လင်းကိုး’
ရှမ့်လန်က မေးလိုက်၏။ “ဒါဆိုရင် ရွှေဒင်္ဂါးသွေး ဆိုတာက ဘာအဓိပ္ပာယ်လဲ။”
ထိုသူဌေးသား ဝမ်လင်းက ပြော၏။ “ရှမ့်က ကျုပ်တို့ကို အားနည်းနေတာ မြင်လို့ ကျုပ်တို့အတွက် အားဆေး အထူးဖော်စပ်ပေးတာပါ။ သောက်ပြီးတဲ့အချိန်မှာ ကျုပ်တို့ရဲ့ ခန္ဓာကိုယ်က တကယ်ပဲ ပိုအားကောင်းလာတယ်။ ကျေးဇူးတင်ပါတယ် ရှမ့်။ ကျေးဇူးတင်ပါတယ်။”
ရှမ့်လန်က မေးလိုက်သည်။ “အဲဒီ ရွှေဒင်္ဂါးခြောက်ထောင်က ရွှေနဂါးသွေးဆေးနဲ့ ဘာမှမဆိုင်ဘူးပေါ့။”
ဝမ်လင်းက ခေါင်းကို အပြင်းအထန် ခါယမ်းလိုက်၏။ “လုံးဝမဆိုင်ပါဘူး။ ရွှေဒင်္ဂါးခြောက်ထောင်ကို ကျုပ်တို့ ဆန္ဒအလျောက် လှူဒါန်းခဲ့တာပဲ။ အဲဒီ ရွှေရောင်အားဆေးကိုတော့ ရှမ့်က ကျုပ်တို့ကို အလကား ပေးခဲ့တာပါ။”
ရှမ့်လန်က ပုခုံးကို အသာပုတ်ကာ ပြောလိုက်သည်။ “ဝမ်လင်း... မင်း မဆိုးဘူးပဲ တော်တယ်။”
ပြီးနောက် ရှမ့်လန်က ဆန္ဒအလျောက် လှူဒါန်းခြင်း ဂုဏ်ပြုမှတ်တမ်းလွှာ တစ်စောင်ကို ထုတ်ယူလိုက်၏။
“ဝမ်လင်း... စစ်တပ်အတွက် ရွှေဒင်္ဂါးခြောက်ထောင်ကို ဆန္ဒအလျောက် လှူဒါန်းခဲ့တယ်ဆိုတာ အရမ်း ကောင်းတယ်။ အရှင်မင်းကြီးကလည်း ဝမ်းသာမှာပဲ။ ဒါပေမယ့် နာမည်မဖော်ဘဲနဲ့ ကုသိုလ်လုပ်လို့ မဖြစ်ဘူး။ လာ လာ... နာမည်ရေး လက်မှတ်ထိုးလိုက်။”
“ကြီးကျယ်ခမ်းနားတဲ့ ဂုဏ်ပြုစာရင်းကြီးတစ်ခု ပြုလုပ်ရမယ်။ လှူဒါန်းတဲ့လူတွေ အားလုံးရဲ့ နာမည်ကို ဒီပေါ်မှာ ရေးထိုးရမယ်။ ဘိုးဘေးတွေလည်း ဂုဏ်ယူစရာ ဖြစ်တာပေါ့”
“ကောင်းတာပေါ့၊ ကောင်းတာပေါ့။ ဘိုးဘေးတွေအတွက် ဂုဏ်ယူစရာပါပဲ။” ဝမ်လင်းက စုတ်တံတစ်ခုကို အသာကောက်ယူပြီး ဆန္ဒအလျောက် လှူဒါန်းခြင်း ဂုဏ်ပြုမှတ်တမ်းလွှာပေါ်မှာ လက်မှတ်ထိုး၏။ လက်ဗွေပါ နှိပ်လိုက်သေးသည်။
“အင်း သခင်လေးဝမ်... မဆိုးဘူး။ မဆိုးဘူး။”
ရှမ့်လန်က ပြောလိုက်၏။ “ပြီးရင် လှူဒါန်းမှု မှတ်တမ်းကို အိမ်ကို ပြန်ယူသွားအုံး။”
ပြီးနောက် အနီရောင်စာအုပ်တစ်အုပ်ကို ဝမ်လင်းထံသို့ အမှန်တကယ် ပေးအပ်လိုက်သည်။
“အိမ်ပြန်တော့။ အိမ်ကိုပြန်တော့။” ရှမ့်လန်က ဆို၏။
ဝမ်လင်းက ဦးညွှတ်လိုက်သည်။ “ကျေးဇူးတင်ပါတယ် ရှမ့်... ကျေးဇူးတင်ပါတယ်။ ဒီဂုဏ်ပြုလွှာကို ကျုပ် သေချာပေါက် တန်ဖိုးထားပြီး သိမ်းထားပါမယ်။”
ပြီးနောက် သူက လက်မှတ်ကို ယူပြီး အမြန်ဆုံး ပြေး၏။ မြို့စောင့်တပ်သားများက ဝန်းရံထားမှုမှ အမှန်တကယ်ပင် လမ်းဖွင့်ပေးလိုက်သောကြောင့် သူက ပြေးထွက်ခွင့် ရခဲ့၏။ ဝမ်လင်းက မိုင်အနည်းငယ်ခန့် အသက်မရှူဘဲ ပြေး၏။
ခပ်လှမ်းလှမ်း တော်တော်ဝေးဝေးသည့် နေရာဆီသို့ ရောက်ချိန်မှာတော့ မြေပေါ်တွင် ဒူးထောက်ထိုင်ချကာဖြင့် အော်ဟစ်ငိုကြွေးလိုက်မိ၏။ မလွယ်ချေ။ နောက်ဆုံးမှာတော့ သူ အသက်ရှင်ခွင့်ရခဲ့ပြီ ဖြစ်၏။ သေမတတ် ကြောက်လန့်ခဲ့ရသည်။
“အဖေ၊ အမေ... သား သိပ်ပြီး ကြောက်ခဲ့တာ။”
......
ချန်းဖန်မြို့စားအိမ်တော်၏ အပြင်ဘက်မှာတော့ လူတစ်ယောက်က စားပွဲတစ်လုံးကို ရွှေ့လာ၏။ ရှမ့်လန်က ထိုနေရာမှာ အလုပ်လုပ်ရန် ဆုံးဖြတ်လိုက်၏။ “ခင်ဗျားတို့ထဲမှာ ဘယ်သူတွေ ဆန္ဒအလျောက် လှူဒါန်းချင်ကြ သေးလဲ။ လာပြီး လက်မှတ်ထိုး လက်ဗွေနှိပ်ကြ။ ပြီးရင် ဂုဏ်ပြုမှတ်တမ်းလွှာယူပြီး အိမ်ပြန်ကြတော့။”
ချက်ချင်းပဲ သူဌေးသားတစ်သိုက်တို့က တန်းစီပြီး လက်မှတ်ထိုးရန် လာကြ၏။ ငွေက အရေးမကြီးပေမဲ့ အသက်က အရေးကြီး၏။ ဤတစ်ကြိမ် ရွှေဒင်္ဂါးခြောက်ထောင် အလိမ်ခံလိုက်ရသည်ကို ဤအတိုင်း ထားလိုက်ကြရပေလိမ့်မည်။
ရှမ့်လန်က အလွန်ပဲ ကြောက်မက်ဖွယ်ရာ ကောင်းလွန်း၏။ သူတို့ တစ်ဖက်လူကို ပစ်မှား၍ မဖြစ်ချေ။ သူတို့ဆီမှ ငွေလိမ်ယူသည်သာမကဘဲ အသက်ကိုပါ သတ်လို့နေ၏။ သူတို့၏ရှေ့ အခြေအနေက ရှင်းလင်း၏။ လက်မှတ်မထိုး၊ လက်ဗွေမနှိပ်လျှင် ပြန်ထွက်သွား၍ ရမည် မဟုတ်ချေ။ နွေဦးအကြို စစ်ဆင်ရေး၏ ပစ်မှတ်များ ဖြစ်သွားပေလိမ့်မည်။
ချက်ချင်းပဲ သူဌေးသားတစ်သိုက်တို့က တန်းစီပြီး လက်မှတ်ထိုးကြ၏။ သူတို့က တိုင်းပြည်အတွက် ရွှေဒင်္ဂါး ခြောက်ထောင်ကို ဆန္ဒအလျောက် လှူဒါန်းကြောင်းနှင့် ရှမ့်လန်က သူတို့ငွေတွေကို ဘယ်တုန်းကမှ မလိမ်ခဲ့ဖူးကြောင်း ခံဝန်ကတိတွင် လက်မှတ်ထိုးထားခြင်းပင်။
သို့သော် ဤလူများ၏ စိတ်ထဲတွင်တော့ တကယ်ပဲ ပက်ပက်စက်စက် ဆဲဆိုနေကြ၏။ “ရှမ့်... ရှမ့်လန် မင်းလိုခွေးကောင်စုတ်၊ မင်းသိပ်ပြီး ယုတ်မာလွန်းတယ်။ အရှက်လည်း မရှိဘူး။”
သို့ပေမည့် နှုတ်ဆက်တွဲ ဖြစ်လာသည့်အရာတွေက သူတို့စိတ်ထဲတွင် မကျိန်ဆဲနိုင်လောက်အောင် ဖြစ်သွားစေ၏။ နောက်ထပ် သူဌေးသားတစ်ယောက်က ဆန္ဒအလျောက် လှူဒါန်းပါကြောင်း ပြောပြီး လက်မှတ်ထိုးရန် တက်လာသည်။
အဆုံးသတ်မှာတော့ ရှမ့်လန်က လက်ကာပြလိုက်၏။ “မလိုဘူး။ မလိုဘူး။ လက်မှတ် ထိုးစရာမလိုဘူး။ ကိုယ့်လူ ... ရွှေဒင်္ဂါးခြောက်ထောင် ပြန်ယူသွားတော့”
မကြာမီမှာပဲ ရွှေဒင်္ဂါး ပါဝင်သည့် သေတ္တာတစ်လုံးက ထိုသူ့ရှေ့သို့ ရောက်ရှိလာသည်။ “ကျုပ်တို့က ခင်ဗျားရဲ့ ပိုက်ဆံကို မယူဘူး။ ခင်ဗျားရဲ့ မိသားစုဆီ အပြည့်အဝ ပြန်ပို့ပေးလိုက်မယ်။”
ထိုစကားကို ကြားသည့်အချိန်မှာတော့ သူဌေးသားက လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားခဲ့၏။ မည်သည့် အဓိပ္ပာယ်ဖြစ်သနည်း။ သူ ပိုက်ဆံပေး၍တောင် မရပေဘူးလား။
“ကျန်းအန်ရှီ မဟုတ်လား။ ခင်ဗျားက ကြီးလေးတဲ့ ရာဇဝတ်မှုကို ကျူးလွန်ထားပြီးတော့ အခု ငွေနဲ့ လွတ်မြောက်ရေးကို လဲလှယ်ဖို့ ကြိုးစားချင်နေတာလား။ ခင်ဗျားက တိုင်းပြည်ရဲ့ဥပဒေကို ဘာမှတ်နေလဲ။ ညစ်ပတ်တဲ့ အရောင်းအဝယ်တစ်ခု လုပ်သလို ထင်နေတာလား။”
ရှမ့်လန်က ဒေါကြီးမောကြီးနှင့် ပြောလိုက်၏။ “ခင်ဗျားက နွေဦးအကြို စစ်ဆင်ရေးထဲမှာ စာရင်းပါတယ် ခင်ဗျားရဲ့ မိသားစုကို ဈာပနအတွက် ပြင်ဆင်ခိုင်းလိုက်တော့။”
ထိုစကားကို ကြားသည့်အချိန်မှာတော့ သူဌေးသားက ဒူးထောက်ကာဖြင့် အပြင်းအထန် ဦးတိုက်ကာ တောင်းပန်သည်။ “ရှမ့်... ရှမ့်၊ ကျေးဇူးရှင်ကြီး ရှမ့်၊ ဘိုးဘိုးရှမ့် အသက်ချမ်းသာပေးပါ။ ကျုပ် ဆန္ဒအလျောက် လှူဒါန်းတာပါ။ ကျုပ်လည်း တိုင်းပြည်ကို ချစ်ပါတယ်။ ဘိုးဘိုးရှမ့် အသက်ကို ချမ်းသာပေးပါ။”
ရှမ့်လန်က လက်ကို ဝှေ့ယမ်းပြလိုက်၏။ “သူ့ကို ခေါ်သွားတော့။”
မြို့စောင့်တပ်သားများက ရှေ့သို့ လှမ်းတက်လာခဲ့ပြီး ထိုသူဌေးသားကို လက်ထိပ်ခတ်ကာ အချုပ်လှည်းထဲသို့ ထိုးထည့်သည်။
ရှိနေကြသော သူဌေးသားအားလုံးက နောက်တစ်ကြိမ် လိပ်ပြာလွင့်မတတ် ကြောက်လန့် ကုန်ကြ၏။ ထို့ကြောင့် ရှမ့်လန်က သူတို့၏ ပိုက်ဆံကို ယူဆောင်သွားခြင်းဆိုသည်မှာ သူတို့ကို သက်ညှာပေးခြင်း ဖြစ်ကြောင်း နားလည်လိုက်သည်။ မသက်ညှာပါက ပိုက်ဆံကိုပင်ယူမည်မဟုတ်ဘဲ တစ်ခါတည်း သတ်ဖြတ်ပစ်လိမ့်မည်။ ထို့ကြောင့် ဤလူများက ရှမ့်လန်ကို စိတ်ထဲတွင် ကြိတ်ကာ မဆဲတော့ချေ။ ကြိတ်ကာ ကျေးဇူးတင်ကြ၏။
သူတို့က အပြင်းအထန်နှင့် ဆုတောင်းနေမိသည်။ ‘ရှမ့်လန်... ကျေးဇူးပြုပြီး ငါ့ရဲ့ ပိုက်ဆံကို ပြန်မပေးပါနဲ့။ ငါ့ကို မပေးပါနဲ့။ ငါ ချောချောမွေ့မွေ့နဲ့ လက်မှတ်ထိုးပြီး လှူဒါန်းချင်လို့ပါ။’
သို့ပေမည့် ကံဆိုးသူများကတော့ အစဉ်အမြဲ ရှိဆဲပင်။ လူ ၃၀ လျှင် တစ်ယောက်နှုန်းဖြင့် ပိုက်ဆံပြန်ပေးခံရ၏။ လက်ထိပ်ခတ်ခံရခြင်းနှင့် အချုပ်လှည်းပေါ်အတင်ခံရခြင်းတို့ ကြုံရ၏။ ၄ နာရီခန့် ကြာမြင့်ပြီးနောက် သူဌေးသား ထောင်ပေါင်းများစွာတို့က ငွေပေးသည့်စာရွက်အပေါ် လက်မှတ်ထိုး လက်ဗွေနှိပ်ကြပြီး ဖြစ်၏။
သူတို့က ဆန္ဒအလျောက် လှူဒါန်းခြင်း ဂုဏ်ပြုမှတ်တမ်းလွှာကို ယူ၍ ငိုကြွေးကာ အိမ်ပြန်သွားကြ၏။ ထိုအချိန်မှစ၍ ရှမ့်လန် ငွေလိမ်သည့်ကိစ္စကို ထည့်ပြောစရာ မလိုအပ်တော့ချေ။ သူတို့က ဆန္ဒအလျောက် လှူဒါန်းခဲ့ခြင်း ဖြစ်သောကြောင့်ပင်။ သောက်ကျိုးနည်း ပိုက်ဆံပေးရဖို့အတွက် ဒူးထောက်ပြီးပင် တောင်းပန်ခဲ့ရသေးသည်။
ကံဆိုးသူ ၃၀ မှာတော့ ပိုက်ဆံကို အောင်မြင်စွာ ပြန်ရခဲ့၏။ သို့ပေမည့် သူတို့၏ အသက်ကတော့ ဆုံးရှုံးခဲ့ရ၏။ ကြက်ကိုသတ်ပြီး မျောက်ကို ခြိမ်းခြောက်ပြခြင်းပင်။ ဤအဆင့်ကို ရောက်သည့်အချိန်မှာတော့ သူဌေးသား ထောင်ပေါင်းများစွာတို့၏ ရှမ့်လန်ကို တိုက်ခိုက်မှုက တရားဝင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။ ရှမ့်လန် ငွေလိမ်သည့် ဆိုသည့် ကိစ္စကလည်း ရပ်နားသွားခဲ့၏။
ကျန်ရှိခဲ့သည့် အလောင်းရာပေါင်းများစွာကို လျင်မြန်စွာ ရှင်းလင်းလိုက်၏။ သို့သော်ငြား အနည်းဆုံး အချိန်အတော်ကြာသည်အထိ ချန်းဖန်မြို့စားအိမ်တော်၏ အနီးအနားသို့ မည်သူမှ မသွားရဲကြချေ။ အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် လူအများအပြား သေဆုံးသွားခဲ့သောကြောင့်ပင်။ သရဲခြောက်မှာ စိုးရသည်။
................
ရှမ့်လန်ဘက်တွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက နွေဦးအကြို စစ်ဆင်ရေး၏ အစိတ်အပိုင်း တစ်ခုသာလျှင် ဖြစ်၏။ သူတို့ဘက်ခြမ်းတွင် အနည်းငယ် ရယ်စရာကောင်းပြီး ယုတ္တိမရှိသလို ထင်ရ၏။ သို့သော်ငြား မြို့တော်၏ နေရာအနှံ့တွင် ပြုလုပ်နေသည့် နွေဦးအကြို စစ်ဆင်ရေးကမူ ခမ်းနားပြီး တည်ကြည်လေးနက်၏။
လက်နက်အပြည့်အစုံ ဝတ်ဆင်ထားသည့် မြို့စောင့်တပ်များက နန်းမြို့တော်သို့ ဝင်ရောက်လာသည့် အခိုက်အတန့်မှာတော့ ပြီးပြည့်စုံသည့် တုန်လှုပ်ခြောက်ခြားဖွယ်ရာ ကိစ္စရပ်များ ဖြစ်ပေါ်စေခဲ့သည်။
ပြီးနောက် မြို့တံခါးအားလုံးကို ပိတ်လိုက်၏။ မြို့စောင့်တပ်များက နာမည်စာရင်းအတိုင်း တစ်အိမ်တက်ဆင်း လူများကို ဝင်ရောက်ဖမ်းဆီး၏။ ခုခံရဲသူ မှန်သမျှကို ညှာတာမှုမရှိ သတ်ဖြတ်ပစ်၏။
တစ်ခဏတာမျှ မြို့တော်က ထိတ်လန့်တုန်လှုပ်မှု အခြေအနေသို့ ရောက်ရှိသွားခဲ့၏။ ပြီးခဲ့သည့် လအနည်းငယ် အတွင်း သောင်းကျန်းခဲ့သော လူဆိုးဂိုဏ်းများနှင့် ဂိုဏ်းအဖွဲ့များက အမြစ်ပြတ်လုနီပါး ရှင်းလင်းခံရသည်။
ပြီးနောက် ဤနွေဦးအကြို စစ်ဆင်ရေးက နန်းမြို့တော် ခရိုင်အတွင်းတွင်သာ မဟုတ်ချေ။ ပတ်ဝန်းကျင် မြို့ကြီးများနှင့် ခရိုင်များအထိ တဖြည်းဖြည်း ပြန့်နှံ့သွား၏။ ရက်အနည်းငယ်အတွင်းမှာပဲ လူပေါင်း သောင်းနှင့်ချီကာ ဖမ်းဆီးခြင်း ခံရ၏။ ထောင်အားလုံးနီးပါး ပြည့်ကျပ်သွားခဲ့၏။
တရားရုံးချုပ်၊ ပင်အန်းခရိုင်၊ ဝမ်နျဉ်ခရိုင်၊ ရေတပ် တပ်ချုပ်ရုံးနှင့် ထျန်းရွှဲ့ကာကွယ်ရေးတပ်မှုးရုံးတို့တွင် လူအများ တရားစီရင်ရန် အရာရှိပေါင်းများစွာကို စေလွှတ်ထားရ၏။ ဘုရင်မင်းမြတ်၏ဆန္ဒအတိုင်း အရာရာတိုင်းက တင်းကျပ်ပြတ်သားလွန်း၏။ ထို့ကြောင့် ကွပ်မျက်သည့်စင်တွင် နေ့စဉ်နှင့်အမျှ ခေါင်းဖြတ်သတ်ဖြတ်ခြင်း များနှင့် ကြုံနေရသည်။
ပထမတော့ ကြည့်ရှုသူများရှိသော်လည်း နောက်ပိုင်းတွင် မည်သူမှ မကြည့်ရဲကြတော့ချေ။ ဦးရေပြားများပင် ထုံကျင်လာခဲ့ပြီး ညအိပ်ချိန်တွင် အိပ်မက်ဆိုးများပင် မက်ကြ၏။
နေ့စဉ်နေ့တိုင်း အချုပ်လှည်း အများအပြားက နန်းမြို့တော်မှ ထွက်ခွာသွား၏။ အပြစ်နည်းသည့် ရာဇဝတ်သားများက မိုင်းတွင်းများတွင် လုပ်အားပေးရန် ပို့ဆောင်ခံရခြင်းပင်။
သာမန်ပြည်သူများက ထိုအရာကို မြင်သည့်အချိန်တွင် တုန်လှုပ်ခြောက်ခြားလျက် ရှိနေကြ၏။ ထိပ်တန်း လူဆိုးကြီးများ အသတ်ခံရသည်။ သိုင်းပညာတတ်မြောက်သည့် ကျော်ဇောလူများဆိုလျှင် ပို၍ပင် ဆိုးသေး၏။ လက်များ၊ ခြေထောက်များရှိ အကြောများကို ဖြတ်တောက်ခံရပြီး မိုင်းတွင်းကို ပို့ခံရသည်။
အပိုင်း (၅၈၂)
နန်းမြို့တော်တွင်း လေမိုးကို ဆင့်ခေါ်နိုင်သည် ဆိုသော ဂိုဏ်းခေါင်းဆောင်များစွာ ရှိ၏။ သူတို့တွင် တပည့်ပေါင်း များစွာ ရှိသော်လည်း ယခုအခါ အားလုံးသောသူတို့က ပျက်စီးကုန်ကြပြီ ဖြစ်၏။ ထိုလူမိုက်တို့က ဈေး၏ ဈေးစည်းကမ်း၊ ပြည့်တန်ဆာများ၏စည်းကမ်း၊ လူထုစည်းကမ်း၊ ရထားလုံး အငှားဂိတ် စည်းကမ်းများ အားလုံးကို ဆုံးဖြတ်ကြ၏။ အကယ်၍ မလိုက်နာဘဲ အာခံသည်ဆိုပါက နယ်နှင်ဒဏ်ကို ပေး၏။ သို့မဟုတ် မြစ်ထဲတွင် ကျောက်ခဲဆွဲ၍ နှစ်မြှုပ်သတ်ဖြတ်ကြ၏။
ဤလူမိုက် ခေါင်းဆောင်များထဲမှာ တချို့က အစိုးရ အရာရှိများပင် ဖြစ်ကြ၏။ အနည်းဆုံး အရပ်ဖက် တပ်ဖွဲ့မှ ထောင်မှူးအဆင့်ရှိသူများပင်။ တချို့ဆိုလျှင် ရေနက်တပ်ဖွဲ့မှ ပြင်ပဝန်ထမ်း အထောက်အထားများပင် ရှိကြသေးသည်။
ဤလူများက အလွန်မင်း ချမ်းသာကြ၏။ မကြာခဏ ပြောလေ့ရှိသည်မှာ နန်းမြို့တော်တွင် သူတို့မလုပ်နိုင်သည့် အရာ ဘာမှမရှိချေ။ အပေါ်ယံကိစ္စတွေကို အရာရှိတွေ ဆုံးဖြတ်ပြီး အတွင်းပိုင်း ကိစ္စမှန်သမျှကို သူတို့ကပဲ ဆုံးဖြတ်ပေးသည်ဟူ၍ပင်။ သူတို့က ထိုမျှထိ မာန်မာန ထောင်လွှားခဲ့၏။
ကျန်းကျောင်း ရာထူးမှ ဖယ်ချခံရပြီး နင်ကျန်း ထျန်းရွှဲ့ ကာကွဘ်ရေးတပ်မှုး ဖြစ်လာပြီးနောက် နန်းမြို့တော်၏ လုံခြုံရေးက အကြီးအကျယ် ယိုယွင်းပျက်စီးခဲ့၏။ အဓိကတရားခံက ဤဂိုဏ်းခေါင်းဆောင်များပင် ဖြစ်၏။ ရည်ရွယ်ချက်က တကယ်ပင် ရိုးရှင်း၏။ ကျန်းကျောင်းအတွက် နင်ကျန်း၏ အရည်အချင်းမရှိမှုကို မီးမောင်းထိုးပြရန်ပင်။
စစ်သေနာပတိချုပ် ကျန်းကျောင်း ရှိစဉ်က နန်းမြို့တော်၏ တရားဥပဒေ စိုးမိုးရေးက မည်မျှကောင်းမွန်ခဲ့ကြောင်း၊ ပြည်သူများ အေးချမ်းစွာ နေထိုင်လုပ်ကိုင် စားသောက်နိုင်ကြောင်း လောကကြီးတစ်ခုလုံးကို ရှင်းလင်းစွာ မြင်စေချင်သောကြောင့်ပင်။
ယခု နင်ကျန်း အာဏာရလာသည့်အချိန်မှာတော့ နန်းမြို့တော်က ဖရိုဖရဲဖြစ်ပြီး ပြည်သူများအားလုံး နေစရာမရှိ ဖြစ်ခဲ့၏။ နင်ကျန်းက မည်မျှ အရည်အချင်း ညံ့ဖျင်းကြောင်း အကျင့်ပျက် ခြစားသည့် အရာရှိဆိုး ဖြစ်ကြောင်း ပြသလိုခဲ့၏။
အမှန်တကယ်တွင်လည်း သူတို့၏ မဟာဗျူဟာက အတော်လေး အောင်မြင်ခဲ့၏။ နန်းမြို့တော်ရှိ လူအားလုံးက နင်ကျန်းကို ဆဲဆိုကြ၏။ နန်းမြို့တော် ဖရိုဖရဲဖြစ်ရခြင်း၏ အဓိကတရားခံကို သူတို့က မရှာဖွေကြချေ။ ပြည်သူလူထု၏ ဦးဆောင်မှု၊ တခြားသောသူများ၏ လမ်းညွှန်ပြသမှု၊ ပြောဆိုရာနောက်ကိုသာ လိုက်ကြသည်။
ကံကောင်းထောက်မစွာဖြင့် ဘုရင်မင်းမြတ်က စိတ်ဓာတ်ခိုင်မာပြီး ပြဿနာကို နက်နက်ရှိုင်းရှိုင်း မြင်နိုင်စွမ်းရှိသူ တစ်ယောက် ဖြစ်လို့နေ၏။ အကယ်၍ ဉာဏ်ရည်မမှီသည့် ဘုရင်တစ်ပါးသာ ဆိုပါက နင်ကျန်း၏ အနာဂတ်က အလုံးစုံ ပျက်စီးသွားပေလိမ့်မည်။
ဤဂိုဏ်းသားများက အိမ်ရှေ့စံမင်းသားနှင့် တတိယမင်းသားတို့ကို ဖားယားနေသည့်အချိန်တွင် နန်းမြို့တော်၌ လည်း မငြိမ်သက်မှုများကို ဖန်တီးကြ၏။ ကောင်းကင်ပူဇော်ပွဲ အခမ်းအနားတွင် နင်ကျန်း၏ စွမ်းဆောင်ရည်က ပြိုင်ဘက်ကင်းလောက်အောင် ပြီးပြည့်စုံခဲ့၏။ ထိုအခါတုန်းက ဤဂိုဏ်းခေါင်းဆောင်များက ငြိမ်ကုပ်သွားခဲ့၏။ သူတို့က အချိန်အတန်ကြာ ထိတ်လန့်သွားခဲ့၏။
သို့ပေမည့် နောက်ပိုင်းတွင် ပိုမို၍ ဆိုးဝါးလာခဲ့၏။ ကောင်းကင်ပူဇော်ပွဲ ပြီးဆုံးပြီး သုံးရက်အကြာတွင် နန်းမြို့တော်၏ လုံခြုံရေးက အဆိုးဝါးဆုံး အခြေအနေဆီသို့ ရောက်ရှိသွား၏။ လုယက်မှု၊ လူသတ်မှုနှင့် ပြန်ပေးဆွဲမှုပေါင်း ရာချီဖြစ်၏။ ဈေးထဲတွင် တကယ်ပင် ပရမ်းပတာ ဖြစ်နေပြီး တပ်မှုးနင်ကျန်းကလည်း အကျပ်အတည်းနှင့် ရင်ဆိုင်ရသည်။
သို့သော်ငြား ဂိုဏ်းခေါင်းဆောင်များ ဤသို့လုပ်ဆောင်ရခြင်းက တခြားရည်ရွယ်ချက် တစ်ခုလည်း ရှိသေး၏။ သူတို့က ယခင် ကျန်ကျောင်းနှင့် လုပ်ခဲ့သကဲ့သို့ နင်ကျန်းနှင့် ဆွေးနွေးညှိနှိုင်းချင်ကြခြင်းပင်။ ပိုမိုကောင်းမွန်သည့် အခွင့်အရေးများကို တောင်းဆိုနိုင်ရန်အတွက် သူတို့က နင်ကျန်းအပေါ် ဖိအားပေးချင်၏။ ထိုအရာက သဘာဝပင်။
ထို့ကြောင့်ပင်လျှင် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း နန်းမြို့တော်၌ ရာဇဝတ်မှုများစွာ ဖြစ်ပွားခဲ့ခြင်း ဖြစ်၏။ ပြီးနောက် နင်ကျန်းဘက်မှ လူလွှတ်ပြီး လာရောက်ညှိနှိုင်းမည်ကို သူတို့က စောင့်မျှော်နေ၏။ ဤဂိုဏ်းခေါင်းဆောင်များက နန်းမြို့တော်တွင် သူတို့မရှိလျှင် မဖြစ်ဟု ခံယူထားကြ၏။ မြေအောက်လောက၏ တည်ငြိမ်မှုကို သူတို့ကသာ ထိန်းချုပ်ထား၏။
သို့သော်ငြား နင်ကျန်း၏ တုံ့ပြန်မှုက ဤမျှ ပြင်းထန်လိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ချေ။ ဤမျှလောက် သတ်ဖြတ်ပွဲကြီး ဆင်နွှဲလိမ့်မည်ဟုလည်း သူတို့ မထင်မှတ်ခဲ့ချေ။ ဆယ်စုနှစ်များစွာအတွင်း မကြုံစဖူး ကြောက်မက်ဖွယ်ရာ ကောင်းသည့် သန့်ရှင်းရေး စစ်ဆင်ရေးကြီးပင် ဖြစ်၏။ ထို့ပြင် ဘုရင်မင်းမြတ် ကိုယ်တိုင် အမိန့်တော် ထုတ်ပြန်ခဲ့၏။ ရေနက်တပ်ဖွဲ့ကိုပင် ကျော်လွန် လုပ်ဆောင်ခဲ့၏။ ထို့အတွက် သတင်းဟူ၍ လုံးဝ မရှိခဲ့ချေ။
မြို့စောင့်စစ်တပ်က နန်းမြို့တော်သို့ ဝင်ရောက်လာခဲ့ပြီး မုန်တိုင်းစတင် တိုက်ခိုက်သည့်အချိန်မှာတော့ သူတို့အနေနှင့် တုံ့ပြန်ရန် အချိန်နှောင်းခဲ့၏။ ဂိုဏ်းတစ်ခုပြီး တစ်ခုက အမြစ်ပြတ် သုတ်သင်ခြင်းကို ခံရ၏။ နေ့စဉ်နှင့်အမျှ ခေါင်းဖြတ် သတ်ခံရကြရ၏။
ဂိုဏ်းခေါင်းဆောင်များက သူတို့၏ နောက်ခံလူကြီးများထံ သွားရောက် အကူအညီတောင်း၏။ အဆုံးသတ် မှာတော့ အားလုံးက မျက်နှာလွှဲခဲပစ် ပြုလုပ်ခြင်းကို ခံရ၏။ နင်ကျန်းက နန်းတွင်းတွင် နောက်ခံလူဟူ၍ မရှိချေ။ ဤသည်က အားနည်းချက်တစ်ခု ဖြစ်သော်လည်း အကျိုးစီးပွားနှင့် ပတ်သက်လျှင် အားသာချက် တစ်ခု ရှိသေးသည်။
အာဏာကုန် လွှဲအပ်ခြင်း ခံထားရသည့် လူတစ်ယောက်အနေနှင့် သူက အားလုံးသောသူတို့ကို သတ်ချင်တိုင်း သတ်လို့ နေခဲ့၏။ မည်သူက လာပြီး အသနားခံခံ အချည်းနှီးသာဖြစ်၏။
အစပိုင်းတွင် အသနားခံသူများ ရှိကောင်း ရှိ၏။ ပထမဦးဆုံး အရပ်ဖက်နှင့် စစ်ဖက်အရာရှိများက မာနကို ခဝါချပြီး နင်ကျန်းထံသို့ လာရောက် လည်ပတ်၏။ ပထမဦးဆုံးအကြိမ်ဖြင့် သူတို့က ဖော်ရွေစွာ ပြောဆို၏။ အဆင်ပြေအောင် ကူညီပေးပါက နောင်တွင် ပြန်လည်ကူညီပေးမည် ဖြစ်ကြောင်း ကမ်းလှမ်းသည်။
ဤအရာရှိများက ရာထူးကြီးမားပြီး အတွေ့အကြုံ ရင့်ကျက်သူများဖြစ်၏။ နင်ကျန်းအနေဖြင့် ထိုသူတို့၏ မျက်နှာကို ထောက်ထားလိမ့်မည်ဟု ထင်မှတ်ခဲ့၏။ မည်သို့ပင်ဆိုစေကာမူ သူတို့က လူကြီးလူကောင်းများပင် မဟုတ်ပါလား။ အခြေအမြစ်မရှိသည့် မင်းသားတစ်ပါးကို သူတို့က ဤကဲ့သို့လာ၍ ခယခြင်းကပင် ကျေးဇူးတင်နေသင့်ပြီဖြစ်၏။
အဆုံးသတ်မှာတော့ နင်ကျန်းက ဘက်လိုက်ခြင်း မရှိဘဲ တရားမျှတစွာဖြင့် ဆောင်ရွက်ခဲ့၏။ ကိစ္စရပ်အားလုံးကို သူက တရားဥပဒေအတိုင်း လုပ်ဆောင်ပြီး သူက ဖမ်းသင့်သူ တိုင်းကို ဖမ်း၏။ သတ်သင့်သူကို သတ်ခဲ့သည်။
ဤလုပ်ရပ်က လူကြီးလူကောင်းများစွာကို ဒေါသထွက်စေခဲ့သလို လူအများအပြားကိုလည်း တုန်လှုပ်စေခဲ့၏။ နင်ကျန်း ဤမျှသတ္တိရှိမှန်း သူတို့ မသိခဲ့ချေ။ ထီးနန်းကို မလုချင်တော့ဘူးလား။ အရာရှိများ၏ သဘောထားကို မည်ကဲ့သို့ ဂရုမစိုက်ဘဲ နေရသနည်း။ သူတို့၏ ထောက်ခံမှုမရှိဘဲ ထီးနန်းကို မည်ကဲ့သို့ ယှဉ်ပြိုင်ရရှိနိုင်မည်နည်း။
နင်ကျန်း ဘာတွေတွေးနေသနည်း။ တကယ်ပင် ကိုယ်ကျိုးမငဲ့ဘဲ သဘောထား ကြီးမြတ်သူတစ်ယောက် ဖြစ်နေသည်လား။ မှန်သည်ထင်သည့်အရာကိုသာလျှင် တစိုက်မတ်မတ် ပြုလုပ်တတ်သည့် လူတစ်ယောက် ဖြစ်နေသည်လား။
လောကကြီးထဲတွင် ရှိနေသည့် တခြားသောအရာများကို ဂရုမစိုက်တော့ပေ။ ထီးနန်းကို ရရှိရေး၊ မရရှိရေးပင် ခေါင်းထဲ၌ ရှိနေသည့်ပုံ မပေါ်တော့ချေ။ ထိုသို့ဆိုလျှင် အဘယ်သို့ ဘုရင်တစ်ပါး ဖြစ်လာတော့မည်နည်း။
မယ်ဟွာချိုးဂိုဏ်း - နာမည်က အနုပညာဆန်၏။ သို့သော်ငြား သူတို့က လူကုန်ကူးခြင်း လုပ်ငန်းကို လုပ်ကိုင်၏။ ဟုတ်ပေ၏။ ထိုအလုပ်က တရားမဝင်ပေ။ သို့သော်ငြား ချမ်းသာသည့် ဂုဏ်သရေရှိ မိသားစုများက အစေခံများ ၊ ကျွန်များနှင့် ပြည့်တန်ဆာအိမ်မှ အမျိုးသမီးများကို ဝယ်ယူနိုင်ကြ၏။ ထိုအရာက ဝင်ငွေကောင်းသည့် စီးပွားရေး လုပ်ငန်းတစ်ခုလည်း ဖြစ်၏။
မယ်ဟွာချိုးဂိုဏ်းက လူကုန်ကူးသည့် လုပ်ငန်းတွင် ကျင်လည်၏။ သူတို့က အနောက်ဘက်ဒေသမှ အမျိုးသမီးများ၊ တောနက်၊ တောင်နက်ထဲမှ ရှေးရိုးစွဲ အမျိုးသမီးများကို သယ်ယူပို့ဆောင် ရောင်းဝယ်ကြ၏။ နှစ်စဉ် ရရှိနေသည့် ငွေကြေးပမာဏကလည်း ကြီးမားသည်။
ဤကဲ့သို့ စီးပွားရေး လုပ်ငန်းကို လုပ်ကိုင်သူများက အခြေခံအားဖြင့် လူစိတ်မရှိသည့်လူများပင် ဖြစ်၏။ အမြတ်အစွန်းအတွက် မည်သည့် အရာကိုမဆို ပြုလုပ်ကြမည့် လူများပင်။
ဤလူစုက သူတောင်းစားဂိုဏ်းများနှင့် ပူးပေါင်းလုပ်ကိုင်ကြ၏။ သူတောင်းစားများက ကလေးများကို ပြန်ပေးဆွဲပြီး မယ်ဟွာချိုးဂိုဏ်းသို့ ရောင်းချ၏။ မယ်ဟွာချိုးဂိုဏ်းက ထိုကလေးများကို နှစ်အနည်းငယ်ကြာ ပြုစု ပျိုးထောင်ပြီး အသက် ၁၆၊ ၁၇ မပြည့်မီမှာပင် သူဌေးကြီးများထံ ဈေးကြီးတောင်းကာ ရောင်းချကြ၏။
ဤနွေဦးအကြို စစ်ဆင်ရေးတွင် နင်ကျန်းက မယ်ဟွာချိုးဂိုဏ်း၏ လျှို့ဝှက်စခန်းများမှ ကလေးငယ် ရာပေါင်း များစွာကို ကယ်တင်ခဲ့သည်။
မည်မျှရက်စက်လိုက်သနည်း။ နင်ကျန်းက ဒေါသတကြီးဖြင့် ကလေးပြန်ပေးဆွဲသည့် သူတောင်းစား ရာပေါင်းများစွာကို ကွပ်မျက်ရန် အမိန့်ပေးခဲ့၏။
ထို့နောက် သူတောင်းစားဂိုဏ်း၏ စာရင်းစာအုပ်များထဲမှတဆင့် မယ်ဟွာချိုးဂိုဏ်းကို ခြေရာခံမိ၏။ မယ်ဟွာချိုး ဂိုဏ်း၏ နောက်ခံက မင်းကြီး ပျံ့ရှောင်း၏ တတိယသား ပျံ့ချင်းမှ လွဲ၍ တခြားသူ မဟုတ်ချေ။ မင်းကြီး ပျံ့ရှောင်း၏ သားအရင်းလည်း ဖြစ်၏။ နန်းမြို့တော်တွင် ၃ နှစ်ကြာ ပညာသင်ကြားခဲ့၏။ ယမန်နှစ်က သိုင်းစာမေးပွဲကို အောင်မြင်ခဲ့ပြီး မြောက်ပိုင်းတပ်မတော်တွင် ထောင်စုမှူး ဖြစ်လာခဲ့၏။ နန်းမြို့တော်တွင် ရှိစဉ်က မိဖုရားကြီးပျံ့က သူ့ကို သားရင်းကဲ့သို့ ဆက်ဆံသည်။
ယခုအချိန်တွင် လူတိုင်းက နင်ကျန်းကို ကဲ့ရဲ့လှောင်ပြောင်သည့် အကြည့်များဖြင့် ကြည့်၏။ တရားမျှတသည် ဆိုလျှင် မင်းကြီး ပျံ့ရှောင်း၏သား ပါဝင်ပတ်သက်နေသည် ဆိုတော့ မည်သည့်အရာကို လုပ်မည်နည်းဟု လိုက်ကာကြည့်နေ၏။
အဆုံးသတ်မှာတော့ နင်ကျန်းက ဘုရင်မင်းမြတ်ကိုပင် အသိမပေးဘဲ မယ်ဟွာချိုးဂိုဏ်းကို ဖမ်းဆီးရန် အမိန့်ပေးခဲ့၏။ မယ်ဟွာချိုးဂိုဏ်း တစ်ခုလုံးကို အမြစ်ပြတ် သုတ်သင်၏။ သို့သော်ငြား မယ်ဟွာချိုးဂိုဏ်း၏ ခေါင်းဆောင်ဆိုသူက အမည်ခံပိုင်ရှင်သာလျှင် ဖြစ်၏။ သူ၏ တကယ်ပိုင်ရှင်က စာပေပညာရှင်၏ လျန်ကျင်းပင် ဖြစ်သည်။
လျန်ကျင်း၊ ဤလူ၏ ဂုဏ်သိက္ခာက သံတမန် ယွမ်မင်ကျယ်ပြီးလျှင် ဒုတိယ နေရာ၌ လိုက်၏။ သူက ရေတွက်၍ မရအောင် လှပသည့်ကဗျာများကို ရေးစပ်ခဲ့ပြီး နန်းမြို့တော်ရှိ ဆောင်ကြာမြိုင်များတွင် သဲသဲလှုပ် အားပေးခြင်း ခံရ၏။ သူက ပြည့်တန်ဆာမလေးများနှင့် အိပ်လျှင် ပိုက်ဆံပေးစရာမလိုသည့်အပြင် ပြည့်တန်ဆာမလေး များကပင် သူ့ကို ပိုက်ဆံပြန်ပေးရသည့် စာပေပညာရှင်များထဲမှ တစ်ယောက်ပင်။
သူက စာပေပညာရှင် သက်သက်မဟုတ်ချေ။ သိုင်းပညာရှင် တစ်ယောက်လည်း ဖြစ်၏။ စာပေနှင့် သိုင်းပညာ နှစ်ရပ်လုံးတွင် စစ်မှန်သော ပါရမီရှင် တစ်ယောက် ဖြစ်၏။ ယခုနှစ်တွင် သူ၏ အသက်က ၂၃ နှစ်သာ ရှိသေး၏။ သူက အစိုးရအရာရှိလုပ်ရန် စိတ်ဆန္ဒ မရှိသလို စာမေးပွဲများလည်း ဝင်ရောက်ဖြေဆိုခြင်း မရှိချေ။
သူလုပ်သည်က ကဗျာရေးခြင်းနှင့် ပန်းမွေ့ရာပေါ်တွင် ပျော်ပါးခြင်းသာ ဖြစ်၏။ သူက ရုပ်တုထု၍ ကိုးကွယ်ခံရလောက်သည့် ရုပ်ရည်ရူပကာကို ပိုင်ဆိုင်၏။ သူတွင် တခြားသော ဝိသေသ တစ်ခုလည်း ရှိသေး၏။ သူက ပျံ့ရှောင်းတူမဖြစ်သူ၏ ယောက်ျား၊ ပျံ့ချင်း၏ အချစ်ဆုံးသူငယ်ချင်းနှင့် အတန်းဖော်လည်း ဖြစ်၏။
မယ်ဟွာချိုးဂိုဏ်း၏ နောက်ကွယ်မှ ကြိုးကိုင်သူက သူဖြစ်ကြောင်း နင်ကျန်း သိလိုက်ရသည့်အချိန်မှာတော့ အလုံးစုံ ကြောင်အသွားခဲ့၏။ ဤလူက ခမ်းနားကြီးကျယ်သည့် ဂုဏ်သတင်း ရှိ၏။ ထို့အတူ ရုပ်ရည်ချောမောသည့် သခင်လေး တစ်ယောက်လည်း ဖြစ်သည်။
နင်ကျန်း၏ စိတ်ထဲတွင် ထိုသူကို လူရင်း တစ်ယောက်အဖြစ် သတ်မှတ်ထားခဲ့ဖူးသည်။ အနာဂတ်တွင် သူ၏ရာထူး ခိုင်မာလာချိန်တွင် ဤလူကို ကိုယ်တိုင်သွားရောက် စည်းရုံးပြီး ရာထူးတစ်နေရာ ပေးအပ်ရန်ပင် တွေးတောထားခဲ့ဖူး၏။
ဤမျှ ယုတ်မာကောက်ကျစ်သည့် အရာများကို ပြုလုပ်လိမ့်မည်ဟု မည်သူက ထင်မှတ်မည်နည်း။ ကဗျာကောင်းများကို မည်မျှတောင် ရေးဖွဲ့ခဲ့သနည်း။ မည်မျှ နူးညံ့သိမ်မွေ့ ခဲ့သနည်း။ သူက အမျိုးသမီးများကို သနားတတ်၏။ ဆင်းရဲသားများကို သနားတတ်သည်။
ထိုသူ၏ ဂုဏ်သတင်းက ရှမ့်လန်ထက် ဆယ်ဆမက ပိုမိုကာ ကောင်းမွန်၏။ သို့သော်လည်း ထိုလူက ၃ နှစ်အရွယ်၊ ၄ နှစ်အရွယ် ကလေးများကို မိဘရင်ခွင်ထဲမှ ခိုးယူခဲ့၏။ ပြီးနောက် မွေးမြူကာဖြင့် ပြန်လည် ရောင်းချတတ်၏။ လူတစ်ယောက်၏ မျက်နှာကို ကြည့်လျှင် စိတ်နှလုံးကို မသိနိုင်ပေ။ ရုပ်ရည်ချောမောသည့် သခင်လေးက တကယ်ပင် ရက်စက်ကြမ်းကြုတ်လွန်းလှသည့် ဝံပုလွေတစ်ကောင် ဖြစ်လို့နေ၏။
..................
ရှမ့်လန်၏ အိမ်သို့ ဧည့်သည်နှစ်ယောက် ရောက်လာ၏။ ထိုသူတို့က မြို့စားကြီး ပျံ့ရှောင်း၏ တူမနှင့် ပျံ့ရှောင်း၏ တတိယသား ပျံ့ချင်း၏ အချစ်ဆုံး သူငယ်ချင်း လျန်ကျင်းပင် ဖြစ်၏။ ရှမ့်လန်က ဤလျန်ကျင်းဆိုသူကို ပထမဦးဆုံးအကြိမ် တွေ့ဖူးခြင်းပင်။ အဝတ်အစားများက ဆီးနှင်းများထက်ပင် ပိုမိုကာ ဖြူစင်၏။ တကယ်ပင် ရုပ်ရည်ချောမောသည့် သခင်လေးတစ်ပါးလည်း ဖြစ်၏။ လျန်ကျင်းက အလွန်မင်း တည်ငြိမ်ပြီး ကျက်သရေရှိသည်။
“သခင်လေးရှမ့်... ကျုပ် နောက် ၃ ရက်နေရင် ကဗျာရွတ်ပွဲ ကျင်းပမလို့။ ခင်ဗျား ယွမ်မင်ကျယ်နဲ့အတူ လာခဲ့ပါလား။ အပျော်သဘောပေါ့။”
“မလာပါဘူး။” ရှမ့်လန်က အေးစက်စက် ပြောလိုက်၏။
လျန်ကျင်းက ကြောင်သွား၏။ ဤအရာက ရှမ့်လန်၏ မျက်နှာလား။ လူမှုဆက်ဆံရေး နားမလည်သည်လား။ ရုတ်တရက် သူနှင့် သူ့မိန်းမ၏ မျက်နှာပေါ်မှ အပြုံးများက အေးစက်သွား၏။ လျန်ကျင်းက ပြောလိုက်သည်။ “သခင်လေးရှမ့်... ခင်ဗျား မင်းသားနင်ကျန်းကို ဖြောင်းဖျပေးပါလား”
“လုံးဝ မဖြစ်နိုင်ဘူး။” ရှမ့်လန်က ပြောလိုက်၏။
လျန်ကျင်းက အေးစက်စက်နှင့် ပြောလိုကသည်၏။ “သခင်လေးရှမ့်... လူတစ်ယောက်က ဘဝမှာ တစ်နေ့နေ့တော့ ကံဆိုးနိုင်ပါတယ်။ ဒါကြောင့် မိတ်ဆွေတွေရဲ့ အကူအညီကို လိုအပ်တယ်လေ။”
ဤအချိန်မှာတော့ ပျံ့ရှောင်း၏ တူမ ပျံ့ချင်းက တည်းတိုးပင် ပြောလိုက်၏။ “ရှမ့်လန်... မယ်ဟွာချိုးဂိုဏ်းရဲ့ အမြတ်ငွေ ဝေစုတွေမှာ ပျံ့ချင်းလည်း ပါနေတယ်။ သူက ကျွန်မဦးလေး မင်းကြီးပျံ့ရှောင်းရဲ့ ဂုဏ်ယူစရာ သားတစ်ယောက်ပဲ။ သခင်မပျံ့ကလည်း သူ့ကို သားရင်းလို သဘောထားတယ်။ ရှင်က မီးကို ပျံ့ချင်းနဲ့ ပျံ့ဖေးဆီပါ ကူးစက်စေချင်တာလား။
ဒီလို ဖြစ်လာမယ်ဆိုရင် နောက်ဆက်တွဲ ဆိုးကျိုးကို ခံနိုင်ရည် ရှိပါ့မလား။ နင်ကျန်းသာ ထီးနန်းလိုချင်တယ် ဆိုရင် သူ့ရဲ့ အကြီးမားဆုံး နောက်ခံက ကျွန်မတို့ ပျံ့မိသားစုပဲ။ သူက ခေါင်းသိပ်မကောင်းဘူး ဆိုရင်တောင် ရှင်က သူ့ရဲ့ အကြံပေးတစ်ယောက် အနေနဲ့ ဒီကိစ္စကို ရှင်းရှင်းလင်းလင်း ပြောပြသင့်တယ်။”
ရှမ့်လန်က လက်ဖက်ရည်ခွက်ကို အသာမြှောက်လိုက်၏။ “ဧည့်သည်တွေကို ပြန်ပို့လိုက်ကြ။”
လျန်ကျင်း၏ မျက်နှာထားက ပြောင်းလဲသွား၏။ ပြီးနောက် အေးစက်စက် ပြောလိုက်သည်။ “သခင်လေးရှမ့်... ဒီတစ်ကြိမ် နွေဦးအကြို စစ်ဆင်ရေးက သိပ်ကောင်းတယ်။ မြို့တော်တစ်ခုလုံး သန့်ရှင်းသွားတယ်။ ညဘက်တောင် တံခါးပိတ်စရာ မလိုတော့ဘူး။ ပြည်သူတွေက ချီးကျူးကြတယ်။ တော်တော်လေးလည်း အောင်မြင်နေပြီ။ ဒါပေမယ့် ရေကြည်လွန်းနေရင် ငါးနေလို့မရဘူး။ မီးက နောက်ဆုံး ခင်ဗျားဆီကို ပြန်လောင်လာလိမ့်မယ်။ မယ်ဟွာချိုးဂိုဏ်းနဲ့ ပတ်သက်ပြီး ကျုပ်လည်း မရှင်းဘူး။ ကျုပ်က မိဖုရားကြီးပျံ့ကိုတင်ဆွဲထည့်မှာလည်း မဟုတ်ဘူး။ ခင်ဗျားကိုပါ ဆွဲထည့်မှာ။ ဒီကိစ္စမှာ ခင်ဗျားလည်း မကင်းဘူး။”
ထိုစကားကို ကြားသည့်အချိန်မှာတော့ ရှမ့်လန်က အနည်းငယ် အံ့အားသင့်သွား၏။ “ဒါက မယ်ဟွာချိုးဂိုဏ်းရဲ့ လျှို့ဝှက်စာရင်း စာအုပ်ပဲ။ သခင်လေးရှမ့် သေချာကြည့်။ ရွှေတောင်မျှော်စင်ဆိုတာ ခင်ဗျားတို့ မိသားစုရဲ့ စီးပွားရေး မဟုတ်လား။ ဆိုင်ရှင်က ခင်ဗျားဆီ လတိုင်း ပိုက်ဆံမပို့ဘူးလား။ မယ်ဟွာချိုးဂိုဏ်းရဲ့ အမြတ်ငွေဝေစုပိုင်ရှင်တွေထဲမှာ ရွှေတောင်မျှော်စင်လည်း ပါနေတယ်။ ရှမ့်လန်... ခင်ဗျားလည်း မကင်းရှင်းပါဘူး။ ခင်ဗျားလည်း မယ်ဟွာချိုးဂိုဏ်းဆီက လစဉ် ပိုက်ဆံရနေတာပဲ။”
ရှမ့်လန်က စာရင်းစာအုပ်ကို ကြည့်လိုက်၏။ ထင်မှတ်ထားသည့်အတိုင်းပင် မှတ်တမ်းများက အလွန်ရှင်းလင်း၏။ လွန်ခဲ့သည့် လအနည်းငယ်အတွင်း မယ်ဟွာချိုးဂိုဏ်းတည်ရှိရာ လျန်ဟွာနန်းဆောင်မှ ရွှေတောင်မျှော်စင်သို့ ငွေများ ပေးပို့ခဲ့၏။ တစ်စုံတစ်ယောက်က တကယ်ပင် ဉာဏ်များပြီး နည်းလမ်းပေါင်းစုံ သုံးထားသည်။
သူတို့က လူမဆန်သည့် စီးပွားရေးလုပ်ငန်းကို သူ့ခေါင်းပေါ်သို့ ပုံချ၏။ ဤလူ၏နောက်ကွယ်တွင် ပျံ့ချင်း တစ်ယောက်တည်း ရှိနေတာ မဟုတ်ပေ။ အခြေအနေက အလွန်ရှုပ်ထွေး၏။ နွေဦးအကြိုစစ်ဆင်ရေးက မယ်ဟွာချိုးဂိုဏ်းကို ဂယက်ရိုက်သွားစေသည့်အပြင် စောစောစီးစီး ဗုံးကွဲသွားခဲ့ခြင်းသာ ဖြစ်၏။
လျန်ကျင်းက ရှမ့်လန်ကို ကြည့်လိုက်သည်။ “ကျုပ် တစ်ခုခုဖြစ်ရင် ဒီစာရင်းစာအုပ်ကို တစ်လောကလုံး ဖွင့်ချလိုက်မယ်။ ခင်ဗျားလည်း လွတ်မှာ မဟုတ်ဘူး။ ဒါကြောင့် ရှမ့်လန်... ကျုပ် ဘာမှမဖြစ်စေနဲ့။ နင်ကျန်းကို သွားပြောလိုက်ပါ။ ခင်ဗျားရဲ့ အရည်အချင်းနဲ့ဆိုရင် သူ့စိတ်ကို ပြောင်းလဲနိုင်မယ်လို့ ယုံကြည်တယ်။”
ပြီးနောက် ပန်းမင်းသားလေး လျန်ကျင်းက သူ၏ပခုံးကိုပုတ်ကာ ပြုံးပြုံး ပြုံးပြုံးနှင့် လျှောက်ထွက်သွားခဲ့၏။ “ရှမ့်လန် ကျုပ်တို့က လှေတစ်စင်းတည်း စီးနေကြတာ။ ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင် မလုပ်နဲ့”
ရှမ့်လန်က ပြောလိုက်၏။ “ကောင်းပါပြီ စိတ်မပူပါနဲ့။ မင်းသား နင်ကျန်း ယုံကြည်လာအောင် ကျုပ် သေချာပေါက် ပြောလိုက်ပါ့မယ်”
“သခင်လေးရှမ့်က အခြေအနေနဲ့ အချိန်အခါကို တကယ် နားလည်တာပဲ။ နှုတ်ဆက်ပါတယ်။” ပန်းမင်းသားလေး လျန်ကျင်းနှင့် သူ၏ မိန်းမတို့က အတူ ထွက်ခွာသွားခဲ့သည်။
ရှမ့်လန်က လက်ကို ဝှေ့ယမ်းပြလိုက်၏။ လူရိပ်တချို့က ဝင်ရောက်လာခဲ့၏။ “ပြင်ဆင်ထားလိုက်။ လျန်ကျင်း တစ်မိသားစုလုံးကို သတ်ပစ်။ ပျံ့ချင်းပါ အကုန်လုံးကို သတ်”
“ကောင်းပါပြီ။”
“ဆယ့်သုံး။”
ရှမ့်ဆယ့်သုံး က ဝင်လာသည်။
“ယင်ယွမ်အဖွဲ့စည်းက နောက် ၃ ရက်နေရင် လှုပ်ရှားလိမ့်မယ်။ ငါတို့ ကြီးကြီးမားမား တိုက်ခိုက်ဖို့ လုပ်ရလိမ့်မယ်။ အဲအချိန်ကျရင် ယင်ယွမ်အဖွဲ့စည်းတစ်ခုလုံးကို မြေလှန်ပစ်မယ်”