← Chapters

မှောင်မိုက်နေသော တိမ်တိုက်များ

Vol. 84 Ch. 1261

မှောင်မိုက်နေသော တိမ်တိုက်များ

Vol. 84 Ch. 1261

ပြိုင်ကွင်းထဲ၌ အားပေးသံများ ဆူညံလျက် ရှိနေသည်။

တိုက်ပွဲ ဘောလုံး အသင်းနှစ်သင်း အပြင်းအထန် ယှဉ်ပြိုင်နေကြလေသည်။ ယခင်ကနှင့် မတူသည်မှာ တစ်သင်းက လူသားအသင်းဖြစ်ပြီး ကျန်တစ်သင်းက နတ်ဆိုးအသင်း ဖြစ်သည်။

နတ်ဆိုးဘုံ၏ ဘဝထဲသို့ တဖြည်းဖြည်း ဝင်ရောက်လာသည်နှင့်အမျှ လူသားများ တစ်ဦးချင်း ရင်ဆိုင် တိုက်ခိုက်ခြင်းနှင့် အသင်းလိုက် ပူးပေါင်း ဆောင်ရွက်မှုကို ပေါင်းစပ်ထားသော အားကစား ပသစ် ဖြစ်သည့် တိုက်ပွဲဘောလုံးကို တဖြည်းဖြည်း နှစ်သက်လာခဲ့ကြသည်။ ၎င်းက စိတ်ဝင်စားစရာ ကောင်းသလို ပြိုင်ဆိုင်မှုများလည်း ရှိပေသည်။ သို့သော် အရေးကြီးဆုံးမှာ စစ်ပွဲအတွက်လည်း အရေးပါသော နားလည်မှုရှိရှိ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်သည်။

လူသားများက တိုက်ပွဲ ဘောလုံးကို ကစားခဲ့သည်မှာ မကြာသေးသော်လည်း ထိုကဏ္ဍတွင် အံ့ဩဖွယ် နားလည်နိုင်စွမ်း ပြသခဲ့ကြသည်။ သို့သော် အတွေ့အကြုံ ရှိသော နတ်ဆိုးအသင်းနှင့် နှိုင်းယှဉ်ပါက ကြီးမားသော ကွာဟချက်များ ရှိနေသေးသည်။

ပြိုင်ကွင်းရှိ လူသားမဟာမိတ် အဖွဲ့တွင် လူသားများအပြင် နတ်သူငယ်၊ အော့ခ်နှင့် မြေနဂါးများလည်း ပါဝင်သည်။ ၎င်းမှာ အမှန်တကယ် တိုင်းပြည်ပေါင်းစုံ အဖွဲ့ပင်။

အစွမ်းကုန် ကြိုးစားခဲ့ကြသော်လည်း မဟာမိတ်အဖွဲ့က ၁ဂိုး ၈ဂိုးဖြင့် ရှုံးနိမ့် သွားခဲ့သည်။ သူတို့၏ ပြိုင်ဘက်မှာ အမှောင်လလိဂ်မှ အသင်းနှစ်သင်းထဲမှ တစ်သင်း ဖြစ်သော သွေးနီအသင်း ဖြစ်လေသည်။ ဂိုးကွာခြားချက် ကြီးမားပြီး ပြိုင်ကွင်းအတွင်း၌ သွေးနီအသင်းမှာ အချိန်အများစု ထိန်းချုပ်ထားသော်လည်း လူသား အသင်းက အရှုံးမပေးဘဲ တက်တက်ကြွကြွ ဆက်လက်၍ တိုက်ပွဲ ဝင်နေဆဲ ဖြစ်သည်။ ပရိသတ်များ ရှိနေသော လူသားလောကမှ လူမျိုးစု ပရိသတ်များကလည်း သူတို့၏ အသင်းကို ဦးဆောင်သူများ ဖြစ်နေသကဲ့သို့ပင် အကြီးမားဆုံး စိတ်အားထက်သန်မှုနှင့် အားပေးမှုများကို ပြသနေခဲ့လေသည်။ နောက်ဆုံးတွင် သွေးနီအသင်းက ၁၁ဂိုး ၃ဂိုးဖြင့် အလွယ်တကူ အနိုင်ရရှိ သွား၏။

ပရိသတ်များက ပိုမို၍ စိတ်လှုပ်ရှားစရာ ကောင်းသော ဒုတိယပွဲစဉ် ရှိနေသည့် အတွက်ကြောင့် ပြိုင်ကွင်းမှ မထွက်ခွာ ကြသေးပေ။ ဒုတိယပွဲစဉ် ယှဉ်ပြိုင်မည့် နှစ်ဖွဲ့မှာ ကြယ်ကြွေတမန် မြို့တော်မှ တုလစ်အသင်းနှင့် သွေးရောင်အင်ပါယာမှ အက်ဆီဒေါတို့အသင်းတို့ ဖြစ်ကြသည်။ ထိုတိုက်ပွဲဘောလုံးပွဲ နှစ်ပွဲက မဟာ အားကစား ပြိုင်ပွဲအတွက် ပဏာမအဆင့် ပွဲစဉ်များသာ ဖြစ်သည်။ မဟာအားကစား ပြိုင်ပွဲကို အသင်းလိုက်နှင့် တစ်ဦးချင်း ပွဲစဉ်များဟူ၍ အဓိက အစီအစဉ်နှစ်ခု အဖြစ် ခွဲခြားထားသည်။

အသင်းလိုက် ပွဲစဉ်များတွင် တိုက်ပွဲ ဘောလုံးနှင့် အသူရာချောက်နက် တိုက်ပွဲ ပုံစံငယ်များအဖြစ် ပါဝင်သည်။ ဒုတိယ တစ်ခုမှာ မှော်ဂိမ်းဖြစ်သော အနှိုင်းမဲ့ စစ်သည်တော်အွန်လိုင်း အသူရာ ချောက်နက် သီးသန့်တွင် ပြုလုပ်မည် ဖြစ်ပြီး မှော်ရုပ်မြင်သံကြားမှ ပရိသတ်များထံ တိုက်ရိုက် ထုတ်လွှင့် ပြသမည် ဖြစ်သည်။ ယခင်က အသူရာ ချောက်နက်နှင့် ကြုံခဲ့သော သွေးသံရဲရဲ တိုက်ပွဲမှ အမြင့်ဆုံးအဆင့် ရောက်ရှိမှသာ ထိုတိုက်ပွဲမျိုးတွင် အနိုင်ရရန် လမ်းစရှိပြီး အသင်း၏ ပူးပေါင်းဆောင်ရွက်မှုအပေါ် အားကိုးရမည် ဖြစ်သည်။

အီးစပေါ့ သဘောတရားအရ အင်ပါယာ သုံးခု၏ မြို့တော် မဟာမိတ်အဖွဲ့ ကာလ ကတည်းက နတ်ဆိုးဘုံတွင် ခေတ်စား လာခဲ့၏။ ၎င်းက အနှိုင်းမဲ့ စစ်သည်တော် အွန်လိုင်း၏ သီးသန့် လက္ခဏာများ နှင့်လည်း ဆက်စပ်နေသည်။ မည်သည့် ဂိမ်းကျွမ်းကျင်သူဆို ထိုနေရာသို့ ရောက်ရှိခဲ့ပါက “ဒါက ငါ့ရဲ့ စိတ်ကူးထဲက မွေးရပ်မြေပဲ” ဟု မလွဲမသွေ အသေအချာ အော်ဟစ်မည်မှာ သေချာပေသည်။ အကြောင်းမှာ နတ်ဆိုးဘုံတွင် ဂိမ်း ကောင်းကောင်း ကစားခြင်းက အချိန်ဖြုန်းခြင်း မဟုတ်ဘဲ အနာဂတ် အတွက် အလားအလာ ကောင်းသော ကျွမ်းကျင် ဖြစ်လာနိုင်၍ပင်။ ထို့ပြင် သူတို့ကို အင်ပါယာက တန်ဖိုးထားမည် ဖြစ်ပြီး ကောလိပ် သို့မဟုတ် ပို၍ မြင့်မားသော တိုက်ခိုက်ရေး တပ်များသို့ စုဆောင်းခံရမည် ဖြစ်သည်။

အရိပ်နက်အင်ပါယာ၏ တတိယ ဗိုလ်ချုပ် အသစ်ဖြစ်သူ နီယိုက မှော်ဂိမ်း အနိုင်ရသူ၏ နမူနာကောင်း တစ်ခုပင်။

လူသားလောက ပင်လယ်ဖြူ တိုက်ပွဲ၌ နီယိုသည် လူသားများ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည့် ဦးဆောင်နိုင်စွမ်းကို ပြသခဲ့သည်။

နာမည်ကျော် ဗိုလ်ချုပ်များ ဖြစ်သော ဂျော့ချ်၊ ဂီရန့်နှင့် အခြားသူများပင် သူ၏ ဦးဆောင်နိုင်စွမ်းကို ချီးကျူးခဲ့ကြသည်။

လူတိုင်း သိထားသည့်အတိုင်း အသူရာ ချောက်နက်၏ ဘေးအန္တရာယ်မှ တကယ် မပြီးဆုံးသေးပေ။ သူတို့ ကြောက်ရွံ့မှုကို ကျော်လွှားရန် ထိုကဲ့သို့ ရန်သူများကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရင်းနှင့် အဆုံးအထိ တိုက်ခိုက်ရင်း သင်ယူရမည် ဖြစ်သည်။ ၎င်းက လူမျိုးစုအားလုံး၏ ထောက်ခံ အားပေးသည့် ပုံရိပ်ယောင် ပြိုင်ပွဲ၏ အကြီးမားဆုံး ခေါင်းစဉ်ပင် ဖြစ်သည်။

တစ်ဦးချင်း ပွဲစဉ်များတွင် မြားပစ်ခြင်း၊ စုစည်းရုပ်သေးနှင့် အကန့်အသတ်မဲ့ ကိုယ်ခံပညာ တိုက်ခိုက်ခြင်း ဟူ၍ အမျိုးအစား သုံးမျိုး ပါဝင်သည်။ အီးစပေါ့လည်း ပါဝင်၏။

မြားပစ်ခြင်းကို ဥပမာအဖြစ် ယူရလျှင် ၎င်းက ပစ်မှတ်ကို ရိုးရှင်းစွာ ပစ်ခတ်ခြင်း သို့မဟုတ် မြားပစ်ခြင်းသာ မဟုတ်ပေ။ သတ်မှတ်ထားသော အချိန်ကာလအတွင်း အသူရာချောက်နက် မကောင်းဆိုးဝါး များကို သုတ်သင်ခြင်း သို့မဟုတ် တိတိကျကျ ပစ်ခတ်ခြင်း ပြုလုပ်ရမည် ဖြစ်ပြီး ဘေးကင်းစွာ လွတ်မြောက် နိုင်အောင်လည်း ပြုလုပ်ရမည် ဖြစ်သည်။

ပုံရိပ်ယောင် တိုက်ပွဲများ အပြင် စုစည်းရုပ်သေးများ၌လည်း ထိန်းချုပ်ရန် တကယ့် တိုက်ခိုက်ရေး စုစည်း ရုပ်သေးများ ပါဝင်သည်။

ကိုယ်ခံပညာတိုက်ခိုက်ခြင်းက အမြဲပင် ဆွဲဆောင်မှု အရှိဆုံး ပွဲစဉ် ဖြစ်သည်။ ယခင်နှစ်နှင့် မတူဘဲ ယခုတစ်ကြိမ်တွင် အဆင့်မြင့်အုပ်စုနှင့် ပုံမှန်အဆင့်အုပ်စု ဟူ၍ အုပ်စုနှစ်စု ခွဲခြားထားလေသည်။

နဂါးဧကရာဇ် နှစ်ပါးက အဆင့်မြင့် အုပ်စုကို ကြီးကြပ်မည်ဖြစ်ပြီး နောက်ဆုံး အနိုင်ရရှိသူ၏ စိန်ခေါ်မှုကို လက်ခံမည် ဖြစ်သည်။

ထိုအရာမှာ နတ်ဆိုးဘုံ၌ ပထမဆုံး အကြိမ် ကျင်းပသော မဟာအားကစား ပြိုင်ပွဲ ဖြစ်ကာ လူမျိုးစု မကန့်သတ်၊ လူဦးရေ မကန့်သတ်ပေ။ မှော်ဂိမ်းတွင် သက်ဆိုင်ရာ အရည်အချင်း စစ်ပွဲများ ရှိကြသည်။ လူတိုင်းက စာရင်းပေးနိုင်ပြီး စံညွှန်းများနှင့် ကိုက်ညီသရွေ့ အဓိက ပွဲစဉ်တွင် ပါဝင်ခွင့် ရှိသည်။ နတ်ဆိုးဘုံ တစ်ခုလုံး၏ စိတ်အားထက်သန်မှုကို ဖြစ်စေရုံမျှမက ၎င်း၏ အဓိပ္ပာယ်မှာလည်း ထူးခြားပေသည်။

၎င်းမှာ လူမျိုးစုအားလုံး စုစည်း၍ ဘုံရန်သူကို တိုက်ခိုက်ရန် လေ့ကျင့် နေစဉ်အတွင်း ပိုမို အားကောင်းလာစေရန် ဖြစ်၏။ အမှန်အတိုင်း ဆိုရလျှင် လူအများအပြား အထူးသဖြင့် အထူး အဆင့် အစွမ်းထက် ပုဂ္ဂိုလ်များက အသူရာ ချောက်နက် စစ်တပ်ကို ရင်ဆိုင်ရာတွင် အသက်ရှင်နိုင်စွမ်းကို မြှင့်တင်ရန်အတွက် သာမန်လူများကို အင်အား ကြီးမားစေသည့် အခြေခံ အောင်မြင်မှုသာ ဖြစ်ကြောင်း ကောင်းစွာ သိရှိနားလည်ကြသည်။

စစ်ပွဲတစ်ခုလုံး၏ ရလဒ်မှာ အမှန်တွင် အထူးအဆင့် အဖွဲ့များအကြား တိုက်ပွဲ အပေါ် မူတည်၏။ အသူရာချောက်နက်နှင့် ယခင်တိုက်ပွဲတွင် မဟာမိတ်စစ်တပ်၏ နတ်ဘုရား-ယောင် အထွတ်အထိပ် အဆင့်များ ကြီးမားသော ဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရသည်။

လူသား လောကမှ အင်အားအကြီးဆုံး ဖြစ်သော ကောင်းကင်တမန် သုံးပါးပင် ကျဆုံးခဲ့ရသည်။

ရာဂူရယ်လ်က ဆိုစဘတ် လက်ထဲတွင် သေဆုံးခဲ့ရပြီး စေတန်၏ စွမ်းအားလည်း ကြီးကြီးမားမား ပျက်စီးခဲ့ရသည်။ အသူရာ ချောက်နက်၏ အုပ်စိုးသူ သုံးဦးအနက် နှစ်ဦးက သေကြေ ပျက်စီးခဲ့သော်လည်း အကြောက်တရားနှင့် မျှော်လင့်ချက်မဲ့ခြင်း တို့၏ စိတ်ဆန္ဒများမှာ အမှန်တကယ် ပျောက်ကွယ် မသွားသေးပေ။ အချိန် ကြာလာသည်နှင့်အမျှ အုပ်စိုးသူအသစ် တစ်ဦး ထပ်မံ၍ ပေါ်ပေါက်လာဦးမည် ဖြစ်သည်။

ခီလီယာနာ တစ်ယောက်တည်းသာ ကျန်တော့သည့်တိုင် နတ်ဆိုးဘုံဘက်မှ သူ့ကို ခုခံနိုင်သည် မဟုတ်။ ကြယ်ခံတပ် တိုက်ပွဲကြောင့် ဖြစ်ခဲ့သည့် အတွင်း ဒဏ်ရာများ ကုသနေ၍ မဟုတ်လျှင် လုံးဝ ကွဲပြားခြားနားသော အဆုံးသတ် တစ်ခု ဖြစ်သွားပေလိမ့်မည်။

လက်ရှိတွင် အသူရာချောက်နက် အုပ်စိုးသူများကို ရင်ဆိုင်နိုင်သူများမှာ ချန်လွေ့၊ ဇိုလာနှင့် ဖိုက်သွန်တို့သာ ဖြစ်ကြသည်။

ဖိုက်သွန်သည် ကောင်းကင်တမန် သုံးပါးနှင့် စေတန်တို့နှင့် ခေတ်ပြိုင် ဝါရင့် တစ်ယောက် ဖြစ်၏။ သူက နတ်ဘုရား တိုက်ပွဲနှစ်ခုကို ကြုံတွေ့ခဲ့ရရာ သူ၏ စွမ်းအားကို မေးခွန်းထုတ်စရာ မလိုပေ။ ဇိုလာက ဒြပ်စင်နတ်ဘုရားမ၏ နတ်ဘုရား အပိုင်းအစကို အမွေဆက်ခံ ထားပြီး ဒြပ်စင်လောက၏ အဓိက ဒြပ်စင်သံတမန် ဖြစ်လာခဲ့သည်။ သူ့တွင် တောက်ပသော အနာဂတ် ရှိနေသည်။

သို့သော် ချန်လွေ့က အကြီးမားဆုံး မျှော်လင့်ချက် ဖြစ်ကြောင်း လူတိုင်းက သိကြသည်။

ကျယ်ပြောလှသော ကြယ်စင်စုကြီးက တောက်ပစွာ လင်းလက်နေ၏။

ချန်လွေ့က မျက်စိရှေ့မှ ကြယ်စင်စုကို တိတ်ဆိတ်စွာ ကြည့်ရှုနေခဲ့ပြီး သူ၏ မျက်လုံးထဲတွင် ပုံရိပ်များ ထင်ဟပ် လာခဲ့သည်။ ထိုပုံရိပ်များတွင် အသူရာ ချောက်နက် အုပ်စိုးသူ သုံးပါးနှင့် သူ အမှန်တကယ် တိုက်ခိုက်ခဲ့ရသော အတွေ့အကြုံများနှင့် သူ၏ အသိစိတ် ထဲတွင် ဖြစ်နိုင်ခြေရှိသော တိုက်ပွဲများကို လေ့ကျင့်နေခြင်းများလည်း ပါဝင်သည်။

သူ၏ အသိစိတ်ထဲတွင် စိတ်ကူးယဉ် ဖန်တီးထားသော တိုက်ပွဲ၌ သူ၏ပြို င်ဘက်မှာ အစွမ်းထက်ဆုံးသော ခီလီယာနာ ဖြစ်သည်။ ထိုအတောအတွင်း သူက လေ့ကျင့်ရေး ကွင်းပြင်ထဲ၌ နေ့ရောညပါ အချိန်ကုန်ဆုံးခဲ့ပြီး အသူရာ ချောက်နက် တိုက်ပွဲနှင့် နှိုင်းယှဉ်ပါက သူ၏ စွမ်းအားများမှာ များစွာ တိုးတက် လာခဲ့သည်။ သူ အသက်ကို လောင်ကျွမ်း စေခြင်းဖြင့် [ ကြယ်စုံ နတ်ဘုရားမြင်ကွင်း] နှင့် အပြည့်အဝ ပေါင်းစပ်ရန် အပြင်းထန်ဆုံး နည်းလမ်း ဖြစ်သော “ကြယ်စင်စုလောင်ကျွမ်းခြင်း”ကို အသုံးပြုကာ အစွမ်းကုန် ကြိုးစားခဲ့သည်။ သို့သော်လည်း အလွန်ဆုံးအနေဖြင့် သူက ခီလီယာနာ၏ ပထမအသွင်ပြောင်းခြင်းကိုသာ မနည်းအနိုင်ယူခဲ့ရသည်။ သူက ဒုတိယ အသွင်ပြောင်းခြင်းကို အသုံးပြု လိုက်သည်နှင့် တပြိုင်နက် နောက်ဆုံး အရှုံးပေးရမည့်သူမှာ ချန်လွေ့သာ ဖြစ်၏။

လက်ရှိ ပိတ်ဆို့နေသော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ၏အသက်ကို လောင်ကျွမ်းစေ၍ [ကြယ်စုံနတ်ဘုရားမြင်ကွင်း]ကို ပေါင်းစပ်အသုံးပြုခြင်းကပင် အလွန်ဆုံး အခြေအနေ ရောက်ရှိနေပြီဟု ချန်လွေ့က ခံစားရသည်။ ရှေ့သို့ တစ်လှမ်း လှမ်းရန်မှာ အလွန်ပင် ခက်ခဲလှသည်။ ထို့အပြင် ခီလီယာနာတွင် အခြားသော ဝှက်ဖဲများ ရှိ၊ မရှိကို သူ မသိပေ။

“အန္တိမသော့ကို တကယ်လိုနေပြီလား။”

အန္တိမသော့၏ ရည်ရွယ်ချက်မှာ ချိတ်ပိတ်ထားသော အန္တိမ နတ်ဘုရား၏ စွမ်းအားကို ဆင့်ခေါ်ရန် ဖြစ်ပြီး ဆင့်ခေါ်ရမည့် အကြောင်းရင်းကို သူ နားလည်ပြီး ဖြစ်သည်။ ထိုစွမ်းအား ပေါ်ပေါက်လာခြင်းက နတ်ဘုရားများကို ဖျက်ဆီးပစ်နိုင်ပြီး အရာအားလုံးကို ဖျက်ဆီးကာ ခန့်မှန်း၍ မရအောင် ကြောက်မက်ဖွယ် အကျိုးဆက်များကိုပင် ယူဆောင်လာနိုင်ပေသည်။

ထို့ကြောင့် လူစီဖာက ထိုကဲ့သို့ ပြောခဲ့ခြင်း ဖြစ်သည်။ မိုက်ကယ်ကလည်း အန္တိမသော့ကို မသုံးပါက မျှော်လင့်ချက် အနည်းငယ်ရှိကြောင်းလည်း ပြောခဲ့သည်။ အကယ်၍ သုံးခဲ့ပါက မျှော်လင့်ချက်ပင် ပျောက်ကွယ်သွားမည် ဖြစ်သည်။

သို့ဆိုလျှင် လူစီဖာက သူ့အား အန္တိမသော့ကို မည်သည့်အတွက်ကြောင့် ပေးခဲ့ရသနည်း။

“လက်တွေ့ တိုက်ခိုက်ရေး စွမ်းအား မြှင့်တင်ဖို့အတွက် ဆောင်ပစ္စည်း ၇ခု အဖြစ်ကို ပြန်ပြီး ခွဲထုတ်လိုက်တာက ပိုပြီး ထိရောက်မှာ မဟုတ်ဘူးလား။”

သို့သော်လည်း အဆောင်ပစ္စည်း ၇ခုက မည်မျှပင် အားကောင်းစေကာမူ ပြင်ပ အရာများသာ ဖြစ်ကြောင်း ချန်လွေ့က နားလည်သည်။

အဆောင်ပစ္စည်း ၇ခုကို ဆုံးရှုံး လိုက်ရချိန်တွင် သူက အမှန်တကယ် စိတ်မသက်မသာ ခံစားခဲ့ရသော်လည်း တစ်ချိန်တည်းမှာပင် သူ၏ စိတ်ထဲတွင် သတိပြုမိလိုက်သည်။

သူ ထိုအဆောင်ပစ္စည်းများကို အလွန် အားကိုးခဲ့ဖူးသည်။ ဆုံးရှုံးလိုက်ရသည်နှင့် သူ၏ စွမ်းအားသာမက တိုက်ပွဲဝင်ရာတွင် သူ၏ ယုံကြည်ချက်ကိုပါ အနည်းငယ် လျော့နည်းစေခဲ့သည်။

“ငါနဲ့ပဲ သက်ဆိုင်နေတဲ့ စွမ်းအားက အစစ်မှန်ဆုံးနှင့် အစိတ်ချရဆုံးအရာပဲ။”

ထိုကဲ့သို့ စိတ်မသက်မသာဖြစ်ခြင်းကို ကျော်လွှားနိုင်ခြင်းကြောင့်သာလျှင် သူက အသူရာချောက်နက် အုပ်စိုးသူ သုံးပါးနှင့် မယှဉ်နိုင်သော အခြေအနေမှ ခီလီယာနာနှင့် ယှဉ်ပြိုင်နိုင်သည်အထိ စွမ်းအားကို ထိုမျှ တိုတောင်းသော ကာလ အတွင်း နောက်ထပ် ကျော်လွှားနိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ယှဉ်ပြိုင်ရုံ သာမက အမှန်တကယ် ကျော်လွှားနိုင်ခြင်း မရှိသေးပေ။ မိုက်ကယ်၊ ဖိုက်သွန်နှင့် စေတန်တို့အားလုံးက ကျော်လွန်ခြင်းသာ အသူရာချောက်နက်ကို အနိုင်ယူနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း ပြောခဲ့ကြသည်။

ထိုကျော်လွန်ခြင်းက မည်သည့်အရာ ဆိုလိုကြောင်း မသိသေးသော်လည်း သူက ရိုးရှင်းသော အနိုင်ယူခြင်းကိုပင် မလုပ်နိုင် သေးပေ။ သူက ခီလီယာနာ၏ ဖျက်ဆီးခြင်း ခံရတော့မည်ကို မြင်ရာ အသိစိတ်စစ်ပွဲ၏ ခန့်မှန်းတွေးဆမှုကို ရပ်တန့်လိုက်သည်။ အကြောင်းမှာ ခီလီယာနာနှင့် အစွမ်းကုန် တိုက်ခိုက်ရန်အတွက် ကြယ်စင်စု လောင်ကျွမ်းခြင်း၏ စွမ်းအားကို အသက် သွင်းခဲ့ရသောကြောင့် ဖြစ်သည်။ ၎င်းက ခန့်မှန်း တွေးဆခြင်းသာ ဖြစ်သော်လည်း သိသာထင်ရှားသော အသက်စွမ်းအင်ကို အသုံးပြုခဲ့ရသည်။

ချန်လွေ့၏ လက်ရှိ အသက်စွမ်းအင်မှာ ငါးပုံ တစ်ပုံပင် မကျန်တော့ပေ။ သူ၏ စွမ်းအားအဆင့်နှင့် ပါ့ခ်လီအိုနှင့် ထိုစဉ်က မျှဝေထားသည့် အသက်အရ ပုံမှန် အခြေအနေအောက်တွင် အဆုံးမရှိနီးပါး ဖြစ်သင့်သည်။ ထို့ကြောင့် လေ့ကျင့်မှုနှင့် ခန့်မှန်း တွေးဆမှု၏ ကွာခြားချက်ကို စိတ်ကူးကြည့်၍ ရနိုင်၏။

အသက်ကို လောင်ကျွမ်း စေခြင်းက စွမ်းအား တိုးတက်စေရုံအတွက် မဟုတ်ဘဲ အမြင့်ဆုံးအဆင့်သို့ အကန့်အသတ်မရှိ ချဉ်းကပ်နိုင်ရန်အတွက် ဖြစ်သည်။

ထိုစွမ်းအား၏ အဆုံးကို ထိတွေ့ နိုင်ပါမှသာ သူ အမှန်တကယ် ကျော်လွန် နိုင်ပေလိမ့်မည်။ ချန်လွေ့က ခေတ္တ အနားယူကာ လေ့ကျင့်ရေးကွင်ပြင်မှ ထွက်ပြီး ကြယ်စင်စု နတ်ဘုရားကျောင်း အပြင်ဘက်သို့ ပြန်လာခဲ့သည်။

ဗာရိုနီကာနှင့် အေဗရယ်တို့ စကား ပြောနေသည်ကို သူက မြင်လိုက်ရသည်။ သူ ရောက်လာသည်ကို မြင်ရာ စကား ပြောနေဆဲဖြစ်သော အေဗရယ် ချက်ချင်း ကြောက်သွားပြီး အဝေးမှ သူ့အား ဦးညွှတ်လိုက်သည်။

ချန်လွေ့က ထိုမိန်းကလေးငယ်၏ စရိုက်ကို သိသောကြောင့် ဂရုမစိုက်ဘဲ ခေါင်းကို အသာလေး ပုတ်ပေးလိုက်သည်။ အေဗရယ်က နောက်မဆုတ်သော်လည်း အနည်းငယ် စိုးရိမ်နေပုံရသည်။ “ဘုရားကျောင်းကို စစ်ဆေးလိုက်ဦးမယ်” ဟူ၍ ပြောပြီးနောက် သူက ယုံကြည်မှု မျှော်စင်ထဲ ပျောက်သွားခဲ့သည်။

“ဒီလို ကလေးမလေးကိုတောင် ရှင် အလွတ်မပေးတော့ဘူးလား။”

ဗာရိုနီကာက ပြုံးလိုက်သည်။

“ခင်ဗျား ကျုပ်ကို အထင်ကြီးလွန်းနေပြီ။” ချန်လွေ့က ပခုံးတွန့်လိုက်ပြီး ဗာရိုနီကာ၏ လက်ကို ဆွဲကိုင်ရန် ရှေ့သို့ တိုးလိုက်သည်။ “ကောလိပ်တုန်းက ဆရာမတစ်ယောက်ရဲ့ သားကောင်အနေနဲ့ ကျုပ်အပေါ်မှာ ခင်ဗျားရဲ့ ဝါသနာကို ပုံချတာ အပြင်းအထန် ကန့်ကွက်တယ်။”

ဗာရိုနီကာက သူ့ကို စူးစိုက်၍ ကြည့်လိုက်သည်။ “နောက်ဆုံးတော့ အဲဒီဆရာမကို ကောင်လေးက ပြန်ပေးဆွဲ ခဲ့တယ်လေ။”

“ဒါက ကျုပ် ဂုဏ်ယူရတဲ့ အောင်မြင်မှု တွေထဲက တစ်ခုပါ။” ချန်လွေ့က ပြုံးလိုက်ပြီး ဗာရိုနီကာ၏ မျက်နှာကို နမ်းလိုက်သည်။ “ကျေးဇူးတင်စရာ အကောင်းဆုံး အရာထဲက တစ်ခုလည်း ဟုတ်တယ်။”

“ကျွန်မလည်း ဒီလိုပါပဲ။”

ဗာရိုနီကာက နူးညံ့သော အမူအရာ တစ်ခုကို ပြသပြီး ရုတ်တရက် မေးလိုက်သည်။ “ဖိုက်သွန်ကို ရှင် ဘာလုပ်ဖို့ စီစဉ်ထားလဲ။”

“သူ့ကိုလား။” ချန်လွေ့က အံ့အား သင့်သွားပြီး မေးလိုက်သည်။ “ကျုပ်က ဘာလုပ်ရမှာလဲ။”

“သူက ရှင့်နဲ့အတူ ဘဝကို ဖြတ်သန်း ပြီးတော့ ရှင့်အတွက် အသက်ကို စွန့်ပြီး တိုက်ခိုက်ခဲ့တယ်။ အရင်က ဒီကို ခဏခဏ မလာပေမယ့် အထီးကျန် ဆန်နေတာကို ကျွန်မ ခံစားမိတယ်။ ဖိုက်သွန်က ဂေဘရီရယ်ရဲ့ စွမ်းအားကို ရပြီးတော့ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲသွားပြီလို့ ရင်းနီပြောတာကို ကြားတယ်။ ပြီးပြည့်စုံတဲ့ အလင်း ခန္ဓာကိုယ်၊ အမှောင်ခန္ဓာ ဒါမှမဟုတ် မီးအိမ်ဝိညာဉ်ရဲ့ ခန္ဓာကိုယ် မဟုတ်ဘူး။ အဲဒီတုန်းက ကျွန်မ တွေးမိတယ်။ ဖိုက်သွန်က သော်‌သော်နဲ့ သို့သို့တို့ကို မောင်နှမတွေ ပိုရအောင် လုပ်နိုင်မယ် ထင်တယ်လို့။”

“ကျုပ် ဒီအကြောင်း မစဉ်းစားမိဘူး။” ချန်လွေ့ ခေါင်းခါကာ ပြုံးလိုက်သည်။

“ဒါဆိုရင် ဖိုက်သွန်အတွက် ရှင့်ရဲ့ ခံစားချက်က...”

ဗာရိုနီကာ စကား မဆုံးခင်မှာပင် အံ့အားသင့်သွားသည်။ သူက လှည့်ကြည့် လိုက်ရာ နောက်ဘက်တွင် ဖိုက်သွန်၏ ပုံရိပ်ကို မြင်လိုက်ရသည်။

“တောင်းပန်ပါတယ်။ ရှင်တို့တွေ ပြောတာကို နားထောင်ဖို့ မရည်ရွယ် ခဲ့ပါဘူး။” ဖိုက်သွန်၏ မျက်နှာ တည်ငြိမ် နေသော်လည်း သူ၏ မျက်လုံးများက အနည်းငယ် ရှောင်တိမ်း၍ နေခဲ့သည်။ သို့သော် သူက ချက်ချင်းပင် လေးနက်မှုကို ပြန်ရရှိသွားပြီး ချန်လွေ့ကို ပြောသည်။ “ကိစ္စကြီးတစ်ခု ဖြစ်သွားပြီ။ အပြင်ကို လိုက်ကြည့်ဦး။”

ချန်လွေ့က ဖိုက်သွန်၏ ထူးခြား လေးနက်သည့် အကြည့်ကို မြင်တွေ့ခဲ့ရာ အရေးကြီး ကိစ္စတစ်ခု ဖြစ်ကြောင်းကို သိလိုက်သည်။ ထို့ကြောင့် သူက ကြယ်စင်စု နတ်ဘုရားကျောင်းမှ အမြန် ထွက်ခွာပြီး အမှောင်လနေအိမ်သို့ အသိစိတ် ပြန်လာခဲ့သည်။ အပြင်သို့ ထွက်လာရာ ဇိုလာ၊ ဖိုက်သွန်၊ ပါဂရစ်ဇ်၊ အက်ဂ်လက်စ်နှင့် အခြားသူများက ခြံဝင်းအထဲတွင် စုဝေးနေကြောင်းကို မြင်တွေ့လိုက်ရသည်။ လူတိုင်းက ပုံစံ တစ်ခုတည်းကိုသာ ပြုလုပ်နေ၏။ ၎င်းမှာ ကောင်းကင်ကို မော့ကြည့်နေခြင်းပင်။

ကောင်းကင်ကို မည်းမှောင်နေသော တိမ်တိုက်များ ဖုံးလွှမ်းနေသည်ကို မြင်ရာ ထိုတိမ်တိုက်များမှာ ရိုးရှင်းလှသော အရာများ မဟုတ်ကြောင်းကို ချန်လွေ့က စိတ်ထဲ ခံစားမိသည်။ ၎င်းတို့က ဇစ်မြစ် စွမ်းအား အငွေ့အသက်ကို ထုတ်လွှတ် နေကြသည်။ ကြည့်ရုံဖြင့်ပင် လေးလံသော တောင်ကြီး တစ်တောင်နှင့် တူပြီး လူတိုင်း၏ စိတ်ကို လေးလံမှု ဖြစ်ပေါ် စေသည်။ ထိုတိမ်တိုက်များက မျက်စိ တစ်ဆုံးအထိ ကျယ်ပြန့်နေပြီး နတ်ဆိုးဘုံ ကောင်းကင် တစ်ခုလုံး နီးပါးကို ဖုံးလွှမ်းနေခဲ့သည်။

“ဖေဖေ။ လတွေ ဘယ်ရောက် သွားတာလဲ။” သို့သို့က တိမ်တိုက်များကို စိတ်ဝင်တစား ကြည့်ကာ မေးလိုက်သည်။

“ဖေဖေလည်း မသိဘူး။” ချန်လွေ့က ခေါင်းခါသည်။ သို့သော် တိမ်များ ဖုံးလွှမ်းနေသည့် လနှစ်စင်းက ပြန်ပေါ် လာတော့မည် မဟုတ်ကြောင်းကို စိတ်ထဲ ကြိုတင်၍ သိရှိနေခဲ့၏။

All Chapters