← Chapters

နောက်ဆုံးသော ဆုံးဖြတ်ချက်

Vol. 84 Ch. 1264

နောက်ဆုံးသော ဆုံးဖြတ်ချက်

Vol. 84 Ch. 1264

အမှောင်လနေအိမ်၌ ဖြစ်သည်။

“ရှင် ဆုံးဖြတ်ပြီးပြီလား။”

ကတ်သရင်းက ချန်လွေ့ကို မေးလိုက်သည်။ ဖုန်းမှတစ်ဆင့် သူ၏ ဆုံးဖြတ်ချက်ကို သိရှိပြီးနောက် အမြဲပင် နိုင်ငံရေး ကိစ္စဖြင့် အလုပ်များနေခဲ့သော အရိပ်နက်အင်ပါယာ ဧကရီ အရှင်မက အမှောင်လသို့ ဘာမှမစဉ်းစားဘဲ ချက်ချင်း အပြေးရောက်လာခဲ့သည်။

ကတ်သရင်းသာမက ရှီရာ၊ တစ်ဖနီ၊ မိတ်ဆွေနှင့် ဆွေမျိုးများအားလုံး ရောက်ရှိ လာကြသည်။

“ဆုံးဖြတ်ပြီးသွားပြီ...” ချန်လွေ့က ခေါင်းညိတ်လိုက်သည်။ ကတ်သရင်းက ကောင်မလေးများကို ကြည့်ပြီး ဘာမှ မပြောဘဲ သော်သော်ကိုသာ တင်းကြပ်စွာ ပွေ့ဖက်လိုက်သည်။

“ဘယ်လောက် ယုံကြည်ချက်ရှိလဲ။”

ထိုမေးခွန်းကို မေးလိုက်သူက ဖိုက်သွန် ဖြစ်သည်။

“၁၀%လောက်ပေါ့” ချန်လွေ့က အမှန်အတိုင်းပင် ဖြေသည်။

“ဒါဆိုရင် ၁၀%ထက် နည်းတာပေါ့။” အစ်ဇဘယ်လာက သက်ပြင်းချလိုက်၏။ “အခွင့်အရေး ၁၀%တောင် မရှိဘဲနဲ့ ခီလီယာနာကို အနိုင်ယူဖို့ လူသား လောကဆီကို သွားချင်တာလား။”

“ကိုယ်က ဒီလို အရဲစွန့်ချင်တာတော့ မဟုတ်ဘူး။ ခီလီနီယာက ကိုယ့်ကိုရော ဒီလောကကိုရော အခွင့်အရေး တစ်ခုမှ မပေးလို့ပဲ။” ချန်လွေ့က ကောင်းကင်မှ မည်းမှောင်နေသော တိမ်တိုက်များကို ကြည့်လိုက်သည်။ တိမ်တိုက်များက အပြင်းအထန် ပြောင်းလဲမှုများ ဖြစ်နေ၏။ သူတို့က မြေပြင်ပေါ်မှ အရာအားလုံးနှင့် ပို၍ တူလာခဲ့သည်။ အဝေးမှကြည့်လျှင် ၎င်းက ဝေဝါးဝါးနှင့် ရောင်ပြန်ဟပ် နေသကဲ့သို့ ဖြစ်နေသည်။

ခီလန်ယာ ခန့်မှန်းခဲ့သော မြင်ကွင်း အတိုင်း မြင်ကွင်းထဲ၌ ရောင်ပြန်များက ပို၍ပို၍ ထင်ရှားလာမည် ဖြစ်သည်။ ၎င်း လုံးဝ ဖွဲ့စည်းသွားသည်နှင့် စစ်မှန်သော လောကနှင့် ထပ်သွားမည် ဖြစ်သည်။ ဖန်တီးခြင်းနှင့် ပျက်စီးခြင်းတို့ ဆုံတွေ့ သလိုပင် အရာအားလုံးက လုံးဝကို ချေမှုးခံလိုက်ရမည် ဖြစ်သည်။

ချန်လွေ့နှင့် ခီလန်ယာတို့က ထိုကဲ့သို့ ကံကြမ္မာကို တားဆီးရန် မကြိုးစားခဲ့ ကြသည် မဟုတ်ပေ။ ယခင်က ကြိုးစားခဲ့ ကြသည်။ တိမ်တိုက်များ ပထမဆုံး စတင် ပေါ်ပေါက်လာစဉ်က လူတိုင်း ကြိုးစားခဲ့ ကြသော်လည်း တိမ်တိုက်များကို ကွယ်ပျောက်အောင် မပြုလုပ်နိုင်သလို ကြီးမားသော ပုံရိပ်ဖွဲ့စည်းလာခြင်း ကိုလည်း မပြောင်းလဲနိုင်ခဲ့ပေ။ ထို့ကြောင့် ချန်လွေ့က နတ်ဆိုးဘုံမှ ထွက်သွားပြီး အသူရာချောက်နက် အုပ်စိုးထားသော လူသားလောကသို့ သွားကာ နောက်မှ ထိန်းချုပ်နေသူ ခီလီယာနာကို ရှင်းပစ်ရန် ဆုံးဖြတ်ခဲ့သည်။

သူက အစ်ဇဘယ်လာကို ဖြေလိုက် သလိုပင် အစွမ်းထက်ဆုံးသော အသူရာ ချောက်နက် အုပ်စိုးသူကို ရင်ဆိုင်ရာတွင် အသူရာ ချောက်နက်၏ အိမ်ကွင်း၌ အခွင့်အရေး ၁၀%က အမှန်တကယ်တွင် ချဲ့ကားထားခြင်းသာ ဖြစ်သည်။

ထိုသို့ ဆိုသည့်တိုင် ချန်လွေ့က သွားရမည် ဖြစ်သည်။ အကြောင်းမှာ သူ ဘာမှမလုပ်ခဲ့လျှင် လောက အဆုံးသတ် မည်ကို ထိုင်စောင့်နေရုံသာ ရှိပေမည် ဖြစ်၍ပင်။ သူက စူပါစနစ်၏ စွမ်းအားဖြင့် ထိုဘေးမှ လွတ်နိုင်ခဲ့သည့်တိုင် မည်သည့် အကျိုးရှိမည်နည်း။ သူ ချစ်ရသော သူများ၊ သူ ကာကွယ်ချင်သူများ၊ အသက်ပေါင်း များစွာ စတေးပြီးနောက် အသက်ရှင် ကျန်ခဲ့သော လူသားလောက အပါအဝင် သက်ရှိများအားလုံးက ထိုကပ်ဘေးထဲ အဆုံးသတ်သွားပေလိမ့်မည်။

တစ်ယောက်တည်း နေရသည်မှာ အဓိပ္ပာယ် မရှိလှပေ။

“ဖေဖေ ဘယ်သွားမလို့လဲ...”

အမေဖြစ်သူ လက်မောင်းထဲ ရှိနေသော သော်သော်က ချန်လွေ့ထံသို့ လက်ကို ဆန့်တန်းလိုက်ပြန်သည်။

ချန်လွေ့က သမီးဖြစ်သူကို ကြည့်ပြီး တင်းကြပ်စွာ ပွေ့ဖက်လိုက်လေသည်။ “ဖေဖေက ဟိုးအဝေးကြီးကို သွားမလို့။ သိပ်မကြာခင် ပြန်လာမှာပါ။”

“လောက နှစ်ခုကြား နေရာလွတ်က ချိတ်ပိတ်ထားတယ် မဟုတ်လား။ ခီလီနီယာတောင် ဖြတ်သွားလို့ မရဘူး။ ရှင်က ဘယ်လိုလုပ် သွားမှာလဲ။” ရှီရာက မေးခွန်းတစ်ခုကို မေးလိုက်သည်။

“ကိုယ် စမ်းကြည့်ပြီးပြီ။ [ကြယ်ဂိတ်] နဲ့ အဲ့ဒီနေရာကို တယ်လီပို့ သွားလို့ရတယ်။” ချန်လွေ့က စိုးရိမ်နေသော အမူအရာ ပြသနေသော အရှင်မကို ကြည့်လိုက်ပြီး အသာလေး ပြုံးလိုက်သည်။ “ဒါက တစ်ခုတည်းသော အားသာချက်ပဲ။ ကိုယ် အသူရာချောက်နက်ကို အနိုင်မယူနိုင်ရင် ထွက်ပြေးလို့ ရပါသေးတယ်။”

“ရှင် ထွက်ပြေးမှာ မဟုတ်ပါဘူး။” ရှီရာ မပြောခဲ့ပေ။ တစ်ဖနီ ပြောလိုက်ခြင်း ဖြစ်သည်။ သူက ထိုသူကို ကောင်းကောင်း သိသည်။ သိဒ္ဓိအလင်းတောင်၌ သူ့ကို ကယ်တင်ရန်အတွက် သူက ထိုအချိန်တွင် လုံးဝ မယှဉ်နိုင်ခဲ့သော ရာဖယ်ရယ်ကို တိုက်ရိုက် ရင်ဆိုင်ရန် မတုံ့ဆိုင်းခဲ့ပေ။

“တစ်ဖနီ ပြောတာ အမှန်ပဲ။” အသီနာက ပြောလိုက်သည်။ သူက ချန်လွေ့နှင့်အတူ သေခြင်း ရှင်ခြင်း အကြိမ်ပေါင်းများစွာ ဖြတ်ကျော်ခဲ့ပြီးပြီ ဖြစ်သည်။ ထို့ကြောင့် သူက ချန်လွေ့ကို တစ်ဖနီထက် ပို၍ သိသည်။ ယခုတွင် နတ်ဆိုးဘုံမှ လူတိုင်းက သေရေး ရှင်ရေးကို ရင်ဆိုင်နေရသည်။ သူက လုံးဝ ထွက်ပြေးလိမ့်မည် မဟုတ်ချေ။

လက်ထဲမှ သို့သို့ကို ကြည့်ရင်း အသီနာ၏ မျက်လုံးများက ပျော့ပျောင်း သွားခဲ့သည်။ “သားလေး။ ဒါက သားရဲ့ ဖေဖေပဲ...”

သို့သို့က “ဖေဖေ” ဟူသော စကားလုံးကို သဘောပေါက်သည်။ သူက ချက်ချင်း ချန်လွေ့အား လက်ကလေးဖြင့် ညွှန်ပြလိုက်သည်။ ထိုကလေးဆိုးလေးက ချန်လွေ့၏ လက်ထဲတွင် ခဏခဏ ငိုတတ်သော်လည်း “ဖေဖေ” ဟူသော စကားလုံးကို ကြားရာ ထူးခြားသော ဆက်သွယ်မှု ရှိနေသူကို ချက်ချင်းပင် ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူက ယခုဘဝတွင် ထူးခြားသော လူဆိုး တစ်ယောက်လည်း ဖြစ်သည်။

ချန်လွေ့က သို့သို့ကို ကြည့်ပြီးနောက် လက်မောင်းထဲမှ သော်သော်၏ မျက်နှာကို ပွတ်သပ်ကာ ရှိသမျှ လူအားလုံးကို ကြည့်လိုက်သည်။ သူ၏ နှလုံးသားထဲမှ ယုံကြည်မှုက အစွမ်းထက် သထက်ပင် စွမ်းလာခဲ့သည်။

“ကျွန်မလည်း သွားမယ်။” အဲလစ်က လက်သီးကို ဆုပ်လိုက်သည်။ ခီရာက အဲလစ် အဝတ်အစားကို တိတ်တိတ်လေး ဆွဲကိုင်ပြီးနောက် ခေါင်းခါလိုက်သည်။ အဲလစ်ကလည်း သူ ဝန်ထုပ်ဝန်ပိုး ဖြစ်မည်ကို သိသည့်အတွက် မျက်လုံးများ နီရဲနေခဲ့သည်။

အယ်ဒီလိုင်းနှင့် ဟယ်လင်တို့ကလည်း အချင်းချင်း စကားမပြောဘဲ လက်များကို ကိုင်ထားကြသည်။ သို့သော် သူတို့က အချင်းချင်း တင်းမာနေမှုကို ခံစားမိသည်။ ပါ့ခ်လီအို၊ ရိုမန်နှင့် အခြားသူများကလည်း တိတ်ဆိတ်နေခဲ့သည်။

ဖိုက်သွန် အသာလေး ပြုံးပြလိုက်သည်။ “ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ အခု ရှင့်ရဲ့ အစွမ်းထက်ဆုံး စွမ်းအားကို ပြကြည့်။ ကျွန်မ တစ်ခုခု ဆုံးဖြတ်ဖို့ လိုအပ်တယ်။”

ဖိုက်သွန်က ၎င်းကို ရည်ရွယ်ချက် မရှိဘဲ ပြောလိမ့်မည် မဟုတ်ကြောင်း ချန်လွေ့ သိသည်။ သူက ခေါင်းညိတ် လိုက်ပြီး သော်သော်ကို ကတ်သရင်းထံသို့ ကမ်းပေးလိုက်ကာ ခြံဝင်း အလယ်တွင် မတ်တပ်ရပ်လိုက်သည်။

ယခင်လို [ဓူဝံကြယ်အသွင်ပြောင်းခြင်း]ကို အသက်မသွင်တော့ဘဲ [ကြယ်စုံနတ်ဘုရားမြင်ကွင်း]ဖြင့် နည်းနည်းချင်း ပေါင်းစပ်လိုက်သည်။ ယခု သူ၏ ရွှေရောင် မျက်ဆံများက အဆုံးမဲ့ ကြယ်စင်စု အများအပြား ရောင်ပြန်ဟပ် နေသည်။ သူ၏ ခန္ဓာကိုယ်က ရေတွက်၍ မရနိုင်အောင် တောက်ပသော အလင်းများ စီးဆင်းရင်း ဖောက်ထွင်း မြင်လာရသည်။ သူက ကြယ်လူသား တစ်ယောက်နှင့် တူနေ၏။

ကြယ်ကောင်းကင် ကဲ့သို့ပင် တည်ငြိမ် နေသော တည်ရှိမှုနှင့် ပြည့်နှက်နေသော ကြယ်လူသားက လူတိုင်း၏ မျက်လုံး အထဲတွင် အတွင်းရှိ အရှိန်အဟုန်က ပေါက်ကွဲနိုင်သော စွမ်းအားထက် ပို၍ပင် အန္တရာယ်များပေသည်။

“ရှင့်ရဲ့ စွမ်းအားက ဒီလိုအဆင့်ထိကို ရောက်နေပြီပဲ။” ဖိုက်သွန် တအံ့တဩနှင့် ပြောလိုက်သည်။ သို့သော် သူက ခေါင်းကို ခါလိုက်ပြန်သည်။ “ရှင်က ခီလီယာနာကို ရင်ဆိုင်နိုင်လောက်တယ်။ ဒါပေမဲ့ သူ့ကို အနိုင်ယူဖို့ အဆင့်ထိ မရောက်သေးဘူး။ ကျော်လွန်ဖို့ကို မပြောနဲ့ဦး။”

“အခုတော့ ကျုပ်က ကျော်လွန်ဖို့ ဆိုတာကို မစဉ်းစားသေးဘူး။ ကျုပ်က...” ချန်လွေ့ ဆက်မပြောခဲ့ပေ။ သို့သော်လည်း ဖိုက်သွန်က ကောင်းကောင်း နားလည်၏။ လူတိုင်းလည်း နားလည်သည်။ တစ်ဝက် နားလည်သော သော်သော်နှင့် လုံးဝကို နားမလည်သော သို့သို့တို့မှ လွဲ၍ပင်။

သူက မကျော်လွန်နိုင်သော်လည်း လူတိုင်းကို အသက်ရှင်စေချင်သည်။

“အမှန်အတိုင်း ပြောရရင် ရှင့်ရဲ့ စွမ်းအားက... ခီလီယာနာထက် နိမ့်ကျ လောက်တယ်။ သူကို မြန်မြန် အနိုင်ယူဖို့ မဖြစ်နိုင်ဘူး။ ပြီးတော့ ရှင့်ရဲ့ အခြေအနေ အရဆိုရင် အသက်စွမ်းအား မြန်မြန် ကျွမ်းလောင်နေမှာပဲ။ တိုက်ပွဲကို အချိန် အကြာကြီး ဆွဲဆန့်ပြီး အခွင့်အရေး ရှာချင်ရင်တောင် မဖြစ်နိုင်ဘူး။ ရှင်က အရင်ဆုံး လဲသွားမှာ။ ပြီးတော့လည်း ရှင့်ကို အသူရာချောက်နက် တိုင်းပြည်က အသူရာချောက်နက် စိတ်ဆန္ဒကလည်း ဖိနှိပ်နေမှာ...”

“သိပ်ပါတယ်...”

ချန်လွေ့ ပြောမပြီးခင်မှာပင် ဖိုက်သွန် ဖြတ်ပြောလိုက်သည်။ “ဟုတ်ပါပြီ။ မလှုပ်နဲ့ဦး...”

ထိုသို့ ပြောလိုက်ပြီးနောက် ဖိုက်သွန်က ဇိုလာကို မျက်လုံးဖြင့် အချက်ပြ လိုက်သည်။ ဇိုလာက တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည်။ နတ်မိမယ်နဂါးက သဘောပေါက်လိုက်၏။ သူ၏ ခန္ဓာကိုယ် ပေါ်တွင် သက်တန့် နက္ခတ်တာရာ အလင်းရောင် ပေါ်လာ၏။ နက္ခတ်တာရာ စွမ်းအားက သူ၏ ခန္ဓာနှင့် ပေါင်းစည်း သွားခဲ့ပြီး ခန္ဓာကိုယ် အပေါ်ယံကို လောင်ကျွမ်းနေခဲ့သည်။ ထို့နောက် သူက သက်တန့်တစ်ခု အဖြစ် ပြောင်းလဲကာ ချန်လွေ့ထံသို့ ပျံသန်းသွားခဲ့သည်။

ချန်လွေ့က သက်တန့် အလင်းတွင် ပါဝင်သော စွမ်းအားကို သေသေချာချာ ခံစားမိသည်။ ၎င်းက သူ၏ ခန္ဓာကိုယ်မှ လောင်ကျွမ်းနေသော အသက်စွမ်းအားနှင့် လိုက်ဖက်ညီနေ၏။ သက်တန့်အလင်းက သူ၏ ခန္ဓာကိုယ်နှင့် ပေါင်းစည်းသွားခဲ့ ပြီးနောက် အမှန်တကယ်ပင် သူ၏ ခန္ဓာကိုယ်ထဲ မြုပ်ဝင်ကာ ပေါင်းစည်း၍ သွားခဲ့သည်။ သူ၏ ဝိညာဉ်နှင့် စွမ်းအားတို့ တစ်ချိန်တည်းမှာပင် ထိုးတက်သွားသလို ခံစားလိုက်ရ၏။ ထိုအရာက ခီလီနီယာကို ပထမဆုံး ရင်ဆိုင်စဉ်ကလို ဖြစ်နေပြီး ဖောက်ထွင်း မြင်နေရသော ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခု ပို၍ပို၍ တောက်ပ လာခဲ့သည်။

“ဒါက...” ချန်လွေ့က ခန္ဓာကိုယ်ထဲမှ အပြောင်းအလဲများကို ခံစားမိလိုက်ရာ အံ့အားသင့်သွားခဲ့လေသည်။ ထိုအချိန် ကတည်းက သူနှင့် မိသားစု၊ မိတ်ဆွေတို့ ထိုကဲ့သို့ ပေါင်းစည်းခြင်း စွမ်းအားကို နားလည်အောင် ကြိုးစားနေခဲ့လေသည်။ သို့သော်လည်း ကံဆိုးစွာပင် အားလုံး ကျဆုံးခဲ့သည်။ ဖိုက်သွန်ပြန်လာသောအခါ အကြီးမားဆုံး ပြဿနာကို ဖြေရှင်းခဲ့၏။

“လောင်ကျွမ်းခြင်း...” ဖိုက်သွန်က အသာလေး ပြောလိုက်သည်။ သူ၏ လက်ချောင်းထိပ်ပေါ်၌ ရွှေရောင်အလင်း တစ်ခု ပေါ်လာခဲ့ပြီး ၎င်းမှာ ရွှေရောင် မီးတောက်များ ရစ်ပတ်နေသော အစေ့ တစ်ခု ကဲ့သို့ပင်။ ချန်လွေ့က ၎င်းမှာ သူတော်စင် တိုက်ခိုက်ရေး နှလုံးသား၏ အထူး အငွေ့အသက် ဖြစ်ကြောင်းကို ရေးရေးလေး ခံစားမိသည်။

“ရှင် လောင်ကျွမ်းတဲ့အချိန် သူလည်း လောင်ကျွမ်းနေတယ်။ ရှင့်လိုပဲ။ သူက အရာ အားလုံးကို လက်လျှော့ပြီးတော့ နက္ခတ်တာရာ တိုင်းပြည် စွမ်းအားနှင့် အသက် ပေါင်းစည်းဖို့ လောင်ကျွမ်းရမယ် ဆိုတာ သိရမယ်။ ဒါက ပေါင်းစည်းခြင်းရဲ့ အခြေခံအချက်ပဲ။”

ချန်လွေ့က သက်ပြင်းချလိုက်သည်။ ဇိုလာ၏ စွမ်းအား၊ အသက်စွမ်းအားက အလျင်အမြန် ယုတ်လျော့သွားသည်ကို သူ သတိတချက် အာရုံခံမိသည်။ ထိုကဲ့သို့ ကွယ်ပျောက်မှုက သူ၏ အဓိကခန္ဓာနှင့် ပေါင်းစည်းသွားခဲ့သည်။ ဆိုလိုသည်မှာ သူ လောင်ကျွမ်းနေချိန်တွင် ဇိုလာ၌ အသက် စွမ်းအား ရှိနေသေးသည့်တိုင် အတူတူ ပျောက်ကွယ်သွားမည် ဖြစ်သည်။ သူက အလျင်အမြန်ပင် စွမ်းအားကို ပယ်ဖျက် လိုက်သည်။ ဇိုလာ၏ ပုံရိပ်က ဖျတ်ခနဲ ပြန်ပေါ်လာခဲ့သည်။ သူ၏ မျက်နှာက အနည်းငယ် ဖြူဖျော့နေ၏။

ထိုရက်များ၌ ဇိုလာက ဖိုက်သွန်နှင့် အတူ နေထိုင်ရခြင်း၏ အကြောင်းရင်းကို ချန်လွေ့ နားလည်သွားခဲ့သည်။ ၎င်းက ထိုပေါင်းစည်းခြင်း စွမ်းအားကို လေ့လာ နေခြင်းကြောင့်ပင်။

“ခုနက စမ်းသပ်မှု အောင်မြင်တယ်လို့ ယူဆလို့ရတယ်။ ဒီရက်ပိုင်း အားထုတ်မှု တွေက အလကား မဖြစ်သွားဘူး။ ပြီးတော့ ကြယ်နှစ်ပွင့် တိုးမြှင့်မှုကို ရရှိထားတဲ့ သူတွေက သူတော်စင် တိုက်ခိုက်ရေး နှလုံးသား ပါဝင်တဲ့ မျိုးစေ့ကို လက်ခံဖို့ပဲ လိုအပ်တယ်။ ပြီးရင် သူတို့က လောင်ကျွမ်းခြင်း စွမ်းအားကို အသက်သွင်းနိုင်လိမ့်မယ်။ အဲဒါက ရှင့်ရဲ့ စွမ်းအားနဲ့ ပေါင်းစည်းသွားမယ်။ ရှင့်ရဲ့ စွမ်းအားတွေ အဆတိုး သွားလိမ့်မယ်။” ဖိုက်သွန်က လူတိုင်းကို တောက်ပသော မျက်လုံးများဖြင့် ကြည့်ပြီး အသာလေး ပြုံးလိုက်သည်။ “ကျွန်မ ထပ်ပြီး ရှင်းပြဖို့ မလိုတော့ဘူး ထင်ပါတယ်။”

“ဒါက ခင်ဗျားတို့ အားလုံးကို အန္တရာယ် ကျရောက်စေလိမ့်မယ်။ အသက်စွမ်းအား ဆုံးရှုံးမှု တစ်ခုတည်းက...”

ချန်လွေ့ စကားပြော မပြီးခင်မှာပင် ရိုမန်က နှာခေါင်းရှုံ့လိုက်သည်။ “ဆာ ဦးလေးကတော့ မြှောက်ကြွမြှောက်ကြွ ဖြစ်နေပြန်ပြီ။ ခင်ဗျားက အမြဲတမ်း သူရဲကောင်း လုပ်နေခဲ့တာပဲ။ အခု ကျုပ် တောက်ပြောင်ရမယ့် အလှည့်။”

“ပထမဆုံးအကြိမ်အနေနဲ့ ဒီမျိုးမစစ်ကောင်ရဲ့ စကားကို ကျွန်မ လက်ခံတယ်။ ခေါင်းဆောင်။” ဒေလီယာ ပြုံးလိုက်သည်။

“ငါလည်း သဘောတူတယ်။” ပါ့ခ်လီအိုက ပြုံးပြီး ပြောလိုက်ပြီးနောက် ဝင့်ကြွားနေသော တစ်စုံတစ်ယောက်ကို ဖျတ်ခနဲ ကြည့်လိုက်၏။ “ဒီလိုဆိုမှတော့ မုဆိုးမတွေကို ကြိုက်တဲ့ သူတစ်ယောက် တစ်နေ့က ဘယ်ရီနက် အရက်ဆိုင်မှာ နတ်သူငယ် မုဆိုးမ တစ်ယောက်နဲ့ အီစီကလီလုပ်ခဲ့တာကို မပြောပြတော့ပါဘူး။”

“ရှင် အခုပဲ ပြောလိုက်ပြီလေ။ ကျွန်မသာ ဆိုရင်တော့ မနေ့က အနောက် မြို့တော်ဂိတ်မှာ လူသား မိန်းကလေးကို တစ်ယောက်ယောက် နှောင့်ယှက်ခဲ့တဲ့ အကြောင်းကိုပဲ ပြောလိုက်မှာ။” မြနဂါး ထပ်ပြောလိုက်သည်။ ရိုမန်၏ မျက်နှာက ရုတ်တရက်ပင် ခါးသက်သွားခဲ့သည်။ အကြောင်းမှာ ဒေလီယာနှင့် မယ်ဒီလူတို့ သူ့ကို ဘယ်ညာမှ ဝိုင်းရံလိုက်၍ပင်။

“အရှင်မင်းသား။ ကျုပ် အဲဒီတုန်းက လုပ်ခဲ့တဲ့ သစ္စာဆိုမှုကို တည်ခွင့်ပေးပါ။” ဆယ်မြူရယ်က ရှေ့သို့ တက်လာခဲ့ပြီး ပြတ်သားသော အကြည့်ဖြင့် ပြောသည်။ ထိုစဉ်က သစ္စာဆိုခဲ့သည်မှာ သေသည် အထိ နောက်လိုက်ရန် ဖြစ်သည်။

“ဆရာသခင်.... ဆရာသခင်နောက်ကို လိုက်မယ်။ တကယ်... တကယ်ခန့်ညား။” ချွဲကျိကောင်က ရဲရင့်နေခဲ့၏။ သို့သော် နောက်ထပ် စကားက သူ၏ တကယ့် သဘာဝကို ပြခဲ့သည်။ “ဆရာသခင်က မင်းသမီး လက်လီစတိုးဆိုင် အတွက် ကူပွန်တစ်ထုပ် ပေးရုံပဲ။ အရောင်တောက် ကျောက် ၁၅ခု...အမ်း... အခု၂၀... အမ်း မဟုတ်ဘူး... ၃၀...”

လောဘကြီးသော ချွဲကျိကောင်က လက်များကို ပို၍ ဖန်တီးလိုက်သည်။ သူ၏ အနုတ် သင်္ချာစွမ်းရည်ကြောင့် သုညမှသာ ရေတွက်နိုင်ခဲ့သည်။ သူ၏ ဦးနှောက်က တဖြည်းဖြည်း ဝေဝါးလာခဲ့ပြီး ခေါင်းမှ ချွေးများ ပြန်လာတော့သည်။

“အတိုးနှုန်းအရ ဆိုရင် မဟုတ်ဘူး။ တွက်ချက်တာ မှားတယ်။ တွက်ပြမယ်။ ကူပွန်၅၀၀နဲ့ အရောင်တောက်ကျောက် ၇၃၀စီ ရှိတယ်။” နဂါးဘဏ္ဍာရေးရာ စီမံ စွမ်းရည်တွင် အထူးမြင့်မားသော နဂါးနက် သည်းမခံ နိုင်တော့ဘဲ ပြောလိုက်သည်။ သူက ချန်လွေ့၏ ရှေ့သို့ ရောက်လာပြီး အပြုံးဖြင့် ပြောလိုက်သည်။ “သူဌေး၊ ကျွန်မက ရိုးသားပါတယ်။ ကျွန်မကို အနှစ် တစ်ထောင်စာ ပေးဖို့ပဲ လိုအပ်တာပါ။ ဒါဆိုရင် ကျွန်မ ရှင့်ကို ကူညီပေးမယ်။”

ချန်လွေ့ မပြောနိုင်ခင်မှာပင် လာလာရီယာလည်း ခုန်ဝင်လာသည်။ “ငါ မင်းကို အသက်ကြွေးတွေ တင်ထားတာ ရှိတယ်။ ဒီဟာကို အသက်တစ်ချောင်း အနေနဲ့ ယူလိုက်။ သော်သော်က ပိုပြီး လှလာတယ်။ ငါ အသက်ရှင်နိုင်ရင် မင်းက ငါ့ရဲ့...”

ပထမစကားနှစ်ခွန်းက မြှောက်ပင့်နေပုံ ရသော်လည်း တတိယ စကားတစ်ခွန်းက နဂါးဧကရာဇ် အက်ဂ်လက်စ်သည်ပင် သည်းမခံနိုင်တော့ပေ။ သူက သိက္ခာများ အားလုံး မရှိတော့သော သမီးဖြစ်သူကို ပါးစပ်အုပ်လိုက်၏။

အဲလစ်နှင့် အယ်ဒီလိုင်းတို့ အချင်းချင်း ကြည့်လိုက်ပြီး ဟယ်လင်ကို ဆွဲခေါ်ကာ တိုက်ခိုက်မည့် အမူအရာ လုပ်လိုက်သည်။

ကတ်သရင်း၊ ရှီရာ၊ ခီယာနှင့် အခြား သူများ အပါအဝင် ကျန်သော သူများက ချန်လွေ့ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့၏။ ကိစ္စ အများအပြားကို မပြောဘဲ နားလည် နိုင်လေသည်။

အသီနာက မာရီယာနှင့် အခြား သူများကို ပြောလိုက်သည်။ “ဒေါ်လေး မာရီယာနဲ့ ဦးလေး စပန်။ ဆာ-အက်ဂ်လက်စ်။ သော်သော်နဲ့ သို့သို့ကို ဂရုစိုက်ပေးပါနော်...”

အက်ဂ်လက်စ်က ကြယ်နှစ်ပွင့် တိုးမြှင့်မှုကို လက်မခံခဲ့ပေ။ မာရီယာနှင့် စပန်တို့က ကြယ်နှစ်ပွင့် တိုးမြှင့်မှုကို လက်ခံခဲ့သော်လည်း သူတို့ ထိုစွမ်းအားကို နားမလည်ကြသေးပေ။ ဂျိုအန်နာ၊ အီနာ၊ နတ်သူငယ်တစ်ပိုင်း စသည်တို့ကလည်း အတူတူပင် ဖြစ်သည်။

ချန်လွေ့၏ မျက်လုံးထဲ၌ ဝေဝါး၍ လာခဲ့သည်။ သူက ခေါင်းကို ညိတ်ရုံသာ ညိတ်နိုင်ခဲ့သည်။

ကတ်သရင်း၏ လက်မောင်းထဲတွင် ရှိနေသော သော်သော်က မေးလိုက်သည်။ “ဖေဖေ။ မေမေနဲ့ ဒေါ်လေးတို့ ဘယ်တော့ ပြန်လာမှာလဲ။”

“ဖေဖေလည်း မသိဘူး။” ချန်လွေ့က နီနေသော မျက်လုံးအစုံကို သုတ်လိုက်ပြီး သော်သော် အရှေ့သို့ လှမ်းလျှောက်ကာ သမီးဖြစ်သူကို နမ်းလိုက်ကာ မျက်လုံး ပြူးပြူးဖြင့် ကြည့်နေသော သို့သို့ကို ပွေ့ဖက်လိုက်သည်။

“ဒါပေမဲ့ ဖေဖေ ကတိပေးပါတယ်။ သေချာပေါက် ပြန်လာမှာပါ။”

All Chapters