ရေခဲစိုင်တစ်ခု၏ ထိပ်ဖျား
Vol. 1 Ch. 289
မြေခွေးလေးသည် သူမအမေ၏ စကားကို ကြားသော် မျက်လုံးလေးများ တောက်ပသွားခဲ့သည်။ သူမသည် ကျန်းရီအား စိတ်ချင်း ဆက်သွယ်၍ စကားဆိုပြီးနောက် နန်းတော်ထဲမှ ပျော်ရွှင်စွာ ထွက်ခွာသွားလေ၏။ ကျန်းရီသည် အလျင်အမြန် ခါးကိုင်း၍ နှုတ်ဆက်လိုက်သည်။
"နတ်ဆိုးဧကရီကို ကျန်းရီ အရိုအသေ ပေးပါတယ်"
နတ်ဆိုးဧကရီသည် သူမ၏ တည်ငြိမ်နေသော အမူအရာကို ပြန်လည် ထိန်းသိမ်းလိုက်ကာ မတ်တတ်ရပ်၍ ဘေးဘက်ရှိ စင်္ကြံလမ်း တစ်ခုထံ ဦးတည်၍ လျှောက်သွားခဲ့သည်။ သူမသည် လမ်းထဲ မဝင်ခင်တွင် အနည်းငယ် ကိုယ်ကိုစောင်း၍ တည်ငြိမ်စွာ ပြောလာခဲ့သည်။
"ငါနဲ့လိုက်ခဲ့"
ကျန်းရီသည် စိတ်ထဲတွင် အတွေးပေါင်း များစွာနှင့် အလျင်အမြန် လိုက်သွားခဲ့သည်။ နတ်ဆိုးဧကရီ သူ့ကို မည်သည့်နေရာသို့ ခေါ်သွားမည်မှန်း သူမသိချေ။
အလွန် ရှည်လျားလှသော လမ်းကျဉ်းလေးထက် လျှောက်လာပြီးနောက် နောက်ဆုံးတွင် နတ်ဆိုးဧကရီသည် အခန်းငယ် နှစ်ခုကို ရှောင်ကွင်းကာ လှေကားထစ်များထက် တက်သွားခဲ့သည်။ ကျန်းရီသည် နတ်ဆိုးဧကရီ၏ နောက်မှ လိုက်သွားရင်း စိတ်အာရုံကို စုစည်းထားသော်လည်း သူမ၏ နောက်ကျောကို ကြည့်နေရင်း စိတ်မငြိမ် ဖြစ်လာခဲ့သည်။ ကမ္ဘာပေါ်တွင် သူမ၏ ဆွဲဆောင်မှုကို ခုခံနိုင်သည့် အမျိုးသား မရှိလောက်ချေ။
မြေခွေးမိစ္ဆာ ...
ကျန်းရီသည် ရှေးဟောင်းစာအုပ်များတွင် ပါဝင်သော မြေခွေးမိစ္ဆာများ၏ ပုံပြင်များကို ပြန်လည် တွေးမိလိုက်သည်။ မည်သည့် လူသားကမှ သူတို့၏ ညှို့ယူမှုကို ခံနိုင်စွမ်း မရှိကြပေ။ ထို့ကြောင့်သာ 'မြေခွေးမိစ္ဆာ'ဟူသော အမည်မှာ ကျော်ကြားလာခဲ့ခြင်း ဖြစ်သည်။
နတ်ဆိုးဧကရီသည် နန်းတော်၏ ထိပ်ဆုံးသို့ သွားသော လှေကားထစ်များ သို့မဟုတ် ကောင်းကင်စင်္ကြံလမ်းထက် တက်နေခဲ့သည်။ လှေကားများ အဆုံးတွင် မျှော်စင်ငယ်တစ်ခု ရှိနေလေသည်။ နတ်ဆိုးဧကရီသည် မျှော်စင်ဆီ လျှောက်သွားခဲ့ပြီး ပျော်ရွှင်စွာ ထိုင်ချ၍ အဝေးသို့ ငေးကြည့်နေလေသည်။
ကောင်းကင်မျှော်စင်မှ မြင်ကွင်းများသည် အလွန်အမင်း လှပနေလေသည်။ နေရာ တစ်ခုလုံးအား ပန်းရောင်ပန်းပွင့်လေးများ ပွင့်နေသည့် နွယ်ပင်များက ရစ်ပတ်၍ တန်ဆာဆင်ထားသည်။ ထို့ပြင် မြူနှင်းငွေ့ငွေ့နှင့် လေရူးသုန်သုန်တို့က ဖြည့်စွက်ပေးထားရာ ကျန်းရီမှာ သူ့ကိုသူ မသေမျိုး တစ်ယောက်အလား ခံစားမိလိုက်သည်။
မဟုတ်သေးဘူး ...
ကျန်းရီ၏ မျက်လုံးများသည် လက်ခနဲ ဖြစ်သွားပြီး ပတ်ဝန်းကျင်ကို ကြည့်၍ တစ်ခုခု မှားနေသည်ကို ခံစားလိုက်မိသည်။ ကောင်းကင် စင်္ကြံလမ်းသည် တစ်ခုခု ထူးခြားနေသည်။ ဤနေရာမှ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများသည် ကြောက်စရာ ကောင်းအောင် သိပ်သည်းနေသည်။ အနည်းဆုံး ပြင်ပလောကထက် ဆယ်ဆမက သိပ်သည်းလေသည်။ နတ်ဆိုးဧကရီသည် နောက်ပြန်လှည့်၍ ကျန်းရီအား တစ်ချက် ကြည့်လိုက်ပြီး တည်ငြိမ်စွာ ဆိုလာခဲ့သည်။
"ကျန်းရီ ... မင်း အခုကစပြီး ဒီနေရာမှာ ကျင့်ကြံရမယ်၊ သုံးနှစ်အတွင်း ဗာဂျရာအဆင့်ကို မရောက်ရင် မင်းဒီကို နောက်ထပ် မလာနဲ့တော့"
"ဘယ်လို"
ကျန်းရီသည် တုန်လှုပ်သွားခဲ့ပြီး ပါးစပ်မှ အလိုလို ထုတ်မေးလိုက်မိသည်။ နတ်ဆိုးဧကရီသည် သူ့အား ဤနေရာတွင် ကျင့်ကြံခိုင်းနေသည်။ ထို့ပြင် သုံးနှစ်အတွင်း ဗာဂျရာအဆင့်သို့ ရောက်စေချင်နေသည်။
"ဘာလဲ ... ယုံကြည်ချက် မရှိဘူးလား"
နတ်ဆိုးဧကရီသည် ဆက်လက်၍ ပြောလာပြန်သည်။
"ဒီနေရာမှာ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားတွေ ဒီလောက် သိပ်သည်းနေတာတောင် သုံးနှစ်အတွင်း ဗာဂျရာအဆင့်ကို မရောက်နိုင်ရင် ရှောင်ဖေးနဲ့ မိတ်ဆွေဖြစ်ဖို့ မင်းမှာ အရည်အချင်း မမီဘူး၊ ဒါဆို ငါ့ရဲ့ နတ်သမီးတောင်ထွတ်ကို လာစရာ မလိုတော့ဘူး"
"အိုး"
ကျန်းရီသည် မပြတ်မသား တုံ့ပြန်မိလိုက်သည်။ သူ၏ ပုံစံပြောင်းသွားသော ဒန်တျန်းကြောင့် သူ့တွင် အမှန်တကယ်လည်း ယုံကြည်ချက် မရှိပေ။ သူဆက်ကျင့်ကြံလျှင် ဘာဖြစ်လာမည်ကို သူမသိချေ။ ထို့ပြင် နယ်မြေတွင် စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့်များ မရေမတွက်နိုင်အောင် များပြားလှသော်လည်း ဗာဂျရာအဆင့်မှာ အနည်းငယ်သာ ရှိသည်။ ဗာဂျရာ အဆင့်သို့ တက်လှမ်းရခြင်းမှာ အလွန်ခက်ခဲသော တာဝန်ဖြစ်မှန်း ထင်ရှားနေသည်။
ကျန်းရီသည် စဉ်းစားနေလိုက်ပြီး ဆုံးဖြတ်ချက်များ အားလုံးကို ဘေးဖယ်လိုက်သည်။ ထို့နောက် လက်နှစ်ဖက်ဆုပ်၍ နတ်ဆိုးဧကရီအား မေးလိုက်သည်။
"နတ်ဆိုးဧကရီ ... ဘာလို့ ကျွန်တော့်ကို ဒီလို အခွင့်အရေး ပေးတာလဲ"
နတ်ဆိုးသားရဲ မျိုးနွယ်မှ လူသား တစ်ယောက်အတွက် ကျင့်ကြံရာတွင် အထောက်အပံ့ ပေးခြင်းမှာ သမားရိုးကျ နည်းလမ်းများမှ သွေဖည်နေသည်။ ကျန်းရီသာ ထိုအဖြေကို ရှင်းရှင်းလင်းလင်း မသိရလျှင် စိတ်အေးအေးထားနိုင်မည် မဟုတ်ချေ။ လူသားတစ်ယောက်သည် နတ်ဆိုးဧကရီ၏ နန်းတော်တွင် ကျင့်ကြံနေသည်ဟု တစ်စုံတစ်ဦးက ပြောလျှင် တစ်လောကလုံးက ယုံကြမည် မဟုတ်ချေ။
"ရှောင်ဖေးကြောင့်"
နတ်ဆိုးဧကရီသည် တိတ်ဆိတ်သွားခဲ့ပြီး အဝေးသို့ ပြန်လည် ငေးကြည့်လိုက်သည်။ သူမ၏ လှပသော မျက်ဝန်းများထဲတွင် ဝမ်းနည်းသည့် အရိပ်အယောင်များ ရစ်သိုင်း နေလေသည်။ သူမသည် သီးခြားဆန်သည့် အငွေ့အသက်များ မရှိတော့ဘဲ စကားဆက် လာခဲ့သည်။
"လာမယ့် အချိန် အပိုင်းအခြား တစ်ခုမှာ ငါစွန့်စားခရီး ထွက်ရမယ်၊ အဲဒါက ခရီးတို ဖြစ်မယ်ဆိုရင် နှစ်အနည်းငယ် ကြာနိုင်တယ် ... ခရီးရှည် ဖြစ်မယ်ဆိုရင် နှစ်ပေါင်းများစွာ ကြာနိုင်တယ်၊ ဒီတစ်သက် ပြန်မလာ နိုင်တော့တာလည်း ဖြစ်နိုင်တယ် ... ရှောင်ဖေးက ငယ်ငယ်လေးထဲက ငါနဲ့ပဲ နေခဲ့တာ၊ ငါက အမြဲ လူသားအသွင်နဲ့ နေခဲ့ပြီး သူမကို လူသားတွေရဲ့ တွေးခေါ်ပုံ နည်းလမ်းတွေ သင်ပေးခဲ့တယ်"
"သူမက ငယ်ငယ်လေးထဲက သူမကိုသူမ နတ်ဆိုးသားရဲလို့ မသတ်မှတ်ခဲ့ဘူး၊ နတ်ဆိုးသားရဲတွေနဲ့ ကစားရတာလည်း မကြိုက်ခဲ့ဘူး၊ သူမက အမြဲ အပြင်ကို ထွက်ထွက်သွားပြီး လူသားတစ်ယောက်ကို မိတ်ဆွေလုပ်ဖို့ ရှာနေတတ်တယ် ... ငါက ကောင်းကင်ကြယ်တာရာ နယ်မြေမှာ ရှိနေနိုင်ရင် အားလုံးက အဆင်ပြေတယ်၊ ဒါပေမဲ့ ငါမရှိတော့ရင် ဘယ်လိုလုပ်မလဲ ... သူမ အပြင်မှာ ဂရုမစိုက်ဘဲ လျှောက်သွားနေရင် လူသားတွေသတ်တာ ခံရလိမ့်မယ်၊ ဒါကြောင့် ရှောင်ဖေးကို စောင့်ရှောက်ပေးဖို့ မင်းကို သန်မာ လာစေချင်တာ"
"ကျွန်တော်သိပြီ"
ကျန်းရီသည် နတ်ဆိုးဧကရီ ကြယ်ကောင်းကင် မြို့တွင် ဆိုခဲ့သည့်အရာကို နောက်ဆုံးတွင် နားလည် သွားခဲ့လေပြီ။ သူမသာ မရှိတော့လျှင် မြေခွေးလေး လူသားများ၏ လက်တွင် သေသွားလိမ့်မည် ... ထိုစဉ်က ကျန်းရီ နားမလည်ခဲ့ပေ။ ယခုမူ အရာအားလုံး ရှင်းလင်းသွားခဲ့သည်။
သို့သော် သူသည် တစ်ခဏ စဉ်းစားလိုက်ပြီး ထပ်မံ မေးမြန်းလိုက်သည်။
"စွန့်စားခရီး ထွက်ရမယ် ... နတ်ဆိုးဧကရီက ဘယ်ကို သွားမှာလဲ၊ ကောင်းကင် ကြယ်တာရာနယ်မြေ ... အပြင်ဘက်မှာ တခြားနယ်မြေတွေ ရှိနေသေးတာလား၊ ပြီးတော့ နတ်ဆိုးဧကရီရဲ့ အင်အားနဲ့ဆိုရင် ရှောင်ဖေးကိုပါ ခေါ်သွားလို့ မရဘူးလား ... အမ် ... နတ်ဆိုးဧကရီ ... ကျွန်တော့်ကို အထင်မလွဲပါနဲ့၊ ရှောင်ဖေးကို ကျွန်တော့်ညီမလေးလို စောင့်ရှောက်သွားဖို့ တကယ် ဆန္ဒရှိပါတယ်၊ ကျွန်တော်က ကျွန်တော့်မှာ အဲ့အရည်အချင်း မရှိမှာကိုပဲ စိုးရိမ်နေတာ ... "
"ဒီလိုဟာတွေကို မင်းသိဖို့ မလိုဘူး"
နတ်ဆိုးဧကရီသည် ကျန်းရီကို တစ်ချက် ကြည့်လိုက်ပြီး ဆက်ပြောလာခဲ့သည်။
"မင်းရဲ့ အင်အားနဲ့ အများကြီး လျှောက်မမေးတာ ပိုကောင်းလိမ့်မယ်၊ များများသိတာက မင်းအတွက် ကောင်းမှာ မဟုတ်ဘူး၊ ရှောင်ဖေးကို ခေါ်မသွားတာက ငါ့မှာလည်း ကိုယ်ပိုင် အကြောင်းအရင်းတွေ ရှိလို့ ... မင်းကတော့ မင်းရဲ့ ကိုယ်ခန္ဓာ ဖွဲ့စည်းပုံက အရမ်းထူးခြားတယ်၊ မင်း ကြိုးကြိုးစားစား ကျင့်ကြံသရွေ့ မင်းရဲ့ အနာဂတ်က အကန့်အသတ် မရှိဘူး၊ မင်းက ရှောင်ဖေးကို စောင့်ရှောက်ဖို့ သေချာပေါက် အရည်အချင်း မှီတယ်"
"အရမ်း ထူးခြားတယ်"
နတ်ဆိုးဧကရီသည် သူ၏ ဒန်တျန်းအား တစ်ချက်ကြည့်လိုက်ပြီး ပြောလာသောအခါ ကျန်းရီ၏ နှလုံးမှာ အနည်းငယ် တုန်လှုပ် သွားခဲ့သည်။ သူ၏ လျှို့ဝှက်ချက်များ အားလုံးသည် ထိုလှပသော မျက်လုံးတစ်စုံ အောက်တွင် အကုန် ပေါ်သွားသည်ဟု သူခံစားလိုက်ရသည်။ သူသည် နတ်ဆိုးဧကရီ၏ ရှေ့တွင် အဝတ်ဗလာဖြင့် ရပ်နေမိသလို ခံစားလိုက်ရ၍ အလွန်အမင်း မသက်မသာ ဖြစ်လာခဲ့လေသည်။
ကံကောင်းထောက်မ၍ နတ်ဆိုးဧကရီသည် တစ်ချက်သာ ကြည့်လာခဲ့ပြီး အဝေးသို့ ပြန်လည် ငေးကြည့်နေကာ ဘာစကားမှ မဆိုတော့ချေ။ ကျန်းရီသည်လည်း သူ၏ ပုံစံပြောင်းသွားသော ဒန်တျန်းအကြောင်း အရင်စ၍ သွားပြောမနေတော့ချေ။ လူသားများနှင့် နတ်ဆိုးသားရဲများ၏ ကျင့်ကြံသည့် နည်းလမ်းများသည် ကွဲပြားကြသည်။ သူပြောပြလျှင်တောင် သူမ နားလည်မည် မဟုတ်ချေ။
"ဒါဆိုလည်း ကောင်းပြီလေ"
ကျန်းရီသည် ဆုံးဖြတ်ချ ချလိုက်သည်။ ကျန်းယွင်ဟိုင်နှင့် ကျန်းရှောင်နူသည် ဝိညာဉ်သားရဲ သင်တန်းကျောင်းတွင် လုံခြုံစွာ ရှိနေလေရာ သူမဖြစ်မနေ ပြန်ရမည့် အကြောင်းအရင်း မရှိချေ။ ကျင့်ကြံခြင်းအတွက် ဤမျှ ကောင်းမွန်လှသည့် နေရာတစ်ခု ပေးလာသည်ကို အရူးမှသာ ငြင်းပေလိမ့်မည်။
"ဟုတ်သားပဲ"
ကျန်းရီသည် နတ်ဆိုးဧကရီနှင့် ပထမဆုံး တွေ့စဉ်အခါက မီးဝိညာဉ် ကျောက်တုံးအကြောင်း သူမမေးခဲ့သည်ကို သတိရ သွားခဲ့သည်။ ထိုစဉ်က သူသည် ခေါင်းမာစွာဖြင့် ပြောရန် ငြင်းဆိုခဲ့သည်ကို ယခု သူအတော်လေး ရှက်မိသည်။ သူသည် မီးဝိညာဉ်ပုလဲကို ထုတ်ယူကာ ပြောလိုက်သည်။
"နတ်ဆိုးဧကရီ ... ကျွန်တော့်ကို မီးဝိညာဉ်ကျောက်တုံး ဘယ်လို ရလာတာလဲလို့ အရင်တစ်ခေါက် မေးတုန်းက ကျွန်တော် မဖြေခဲ့ဘူး၊ တကယ်တော့ ... .ဒီမီးဝိညာဉ်ပုလဲနဲ့ မီးဝိညာဉ် ကျောက်တုံးက ကောင်းကင်ဧကရာဇ်ရဲ့ ဂူသင်္ချိုင်းထဲက ရလာခဲ့တာ၊ ဒါတွေကို နဂါးတစ်သောင်း ကောင်းကင်ဧကရာဇ် ပိုင်ဆိုင်ခဲ့တယ်"
"နဂါးတစ်သောင်း ကောင်းကင်ဧကရာဇ်လား ... မဖြစ်နိုင်တာ"
နတ်ဆိုးဧကရီသည် လှည့်ကြည့်လာခဲ့ပြီး အခိုင်အမာ ပြောလာခဲ့သည်။
"မင်းရဲ့ ကျောက်တုံးလေးဆီက မီးတောက်တွေက အရမ်းအားပြင်းတယ်၊ ပုံမှန် ဗာဂျရာအဆင့် လူတစ်ယောက်ကတောင် မခုခံနိုင်ဘူး၊ ဒါက နယ်မြေမှာရှိတဲ့ ပစ္စည်း လုံးဝ မဟုတ်ဘူး ... နဂါးတစ်သောင်း ကောင်းကင်ဧကရာဇ်က ဒါကို မတော်တဆ ရခဲ့တာ ဖြစ်မယ်လို့ ငါထင်တယ်"
"ပုံမှန် ဗာဂျရာအဆင့် လူတစ်ယောက်ကတောင် မခုခံနိုင်ဘူး"
ကျန်းရီသည် မီးဝိညာဉ် ကျောက်တုံးများအား အလွန်အကျွံ သုံးစွဲခဲ့မိသည်ကို အလွန်အမင်း နောင်တရ နေခဲ့သည်။ ယခုမူ အရေအတွက် အနည်းငယ်သာ ကျန်ရှိခဲ့ပြီး သူအကြိမ်နည်းနည်း သုံးလိုက်သည်နှင့် ကုန်သွားတော့မည် ဖြစ်သည်။
"သွားပြီး ကျင့်ကြံတော့၊ သေရေးရှင်ရေး အခြေအနေ မဟုတ်ရင် အပြင်မထွက်ဖို့ ကြိုးစား ... ရှောင်ဖေးကိုလည်း မဆင်မခြင် ခေါ်သွားဖို့ မလုပ်နဲ့၊ ရှောင်ဖေးသာ တစ်ခုခုဖြစ်ရင် မင်းတာဝန် ယူရမယ် "
နတ်ဆိုးဧကရီသည် အေးစက်စွာ ပြောလိုက်ပြီး ကောင်းကင် စင်္ကြံလမ်းထက်မှ ဆင်းသွားခဲ့သည်။ သူမသည် ဝင်ပေါက်အရောက်တွင် တစ်ခုခုကို သတိရသွားဟန်နှင့် ဘေးဘက်သို့ ငဲ့ကြည့်ကာ ပြောလာလေ၏။
"နောက်ကျရင် မင်းဆီကို ရှောင်ဖေး ဝိညာဉ်သစ်သီးတွေ လာပို့ပေးလိမ့်မယ်၊ ဝိညာဉ်သစ်သီး တစ်လုံးဆိုရင် မင်းနှစ်ဝက်လောက် အစာမစားပဲ နေလို့ရတယ် ... မင်းမှာ အရေးကြီးကိစ္စ တစ်ခုခုရှိလာရင် ရှောင်ဟုန်ကို ခေါ်ထုတ်သွားပေးခိုင်း၊ ငါတံခါးပိတ် ကျင့်ကြံတော့မယ်"
နတ်ဆိုးဧကရီသည် ဆွဲဆောင်မှု ရှိလှသော နောက်ကျောကို ချန်ရစ်၍ ကောင်းကင်စင်္ကြံလမ်းထက်မှ ပျောက်ကွယ်သွားခဲ့သည်။ သို့သော် ကျန်းရီသည် သူမထံမှ လေးနက် တည်ငြိမ်မှုတို့ကို ခံစားမိလိုက်သည်။
သူ့မျက်နှာသည် သုန်မှုန်နေခဲ့ပြီး ဖြစ်နိုင်ချေတို့ကို ကောက်ချက် ချကြည့်နေခဲ့သည်။ မည်မျှကြီးမားသော ပြဿနာကို နတ်ဆိုးဧကရီ ကြုံတွေ့ နေရသနည်း။ သူမတွင် ကြောက်စရာ ကောင်းလှသော အင်အား ရှိနေသည်ကိုတောင် မည်သူက သူမကို နယ်မြေမှ ထွက်ခွာစေရန် တွန်းအားပေးခဲ့သနည်း။ သူမသည် မြေခွေးလေးကိုတောင် အတူ ခေါ်မသွားနိုင်ပေ။ သူမသွားသည်မှာ တစ်သက်လုံးလည်း ဖြစ်သွားနိုင်သေးသည်။ ထို့ပြင် သူမသည် သူမသမီးကို သူမကိုယ်စား စောင့်ရှောက်ပေးရန် လူသားတစ်ဦး ကိုတောင် တာဝန်ပေး၍ ပျိုးထောင် ထောက်ပံ့ပေးခဲ့သည်။
အရေးအကြီးဆုံးမှာ နယ်မြေ၏ အပြင်ဘက်တွင် မည်သည့်အရာများ ရှိနေသနည်း။
ကျန်းရီသည် မျှော်စင်တွင် ရပ်၍ အဝေးရှိ မြူခိုးငွေ့များနှင့် ကောင်းကင်ပြာအား ငေးကြည့်လိုက်သည်။ လောကကြီးသည် သူနားလည်ထားသည်ထက် ပိုမို ရှုပ်ထွေးသည်ဟု သူခံစားမိလာသည်။ သူမြင်နေရသော လောကကြီးသည် ပင်လယ် သမုဒ္ဒရာထဲမှ ရေစဲစိုင် တစ်ခု၏ ထိပ်ဖျားလောက်သာ ရှိသေးသည်လည်း ဖြစ်နိုင်လေသည်။
***