← Chapters

အပြင်းထန်ဆုံးတိုက်ပွဲ

Vol. 84 Ch. 1266

အပြင်းထန်ဆုံးတိုက်ပွဲ

Vol. 84 Ch. 1266

ချန်လွေ့က သလင်းကျောက် တံတား ပေါ်သို့ တက်လှမ်းပြီး ရေခဲပင်လယ်ကို တစ်လှမ်းချင်း ဖြတ်ကျော်သွားခဲ့သည်။

သလင်းကျောက် တံတားက ကမ်းခြေ၌ ရပ်တန့်မသွားခဲ့ပေ။ ၎င်းက အိပ်မက်ဆိုး တောနက်၏ နက်ရှိုင်းသော အပိုင်းများသို့ ဆန့်ထွက်သွားခဲ့သည်။

အိပ်မက်ဆိုး တောနက်တွင် အသူရာချောက်နက် အငွေ့အသက်သည် ရေခဲပင်လယ်ထက် ၁၀ဆ ပိုမို၍ အားကောင်းသည်။ အကယ်၍ သာမန် တိုင်းပြည်အဆင့် ရှိသော လူတစ်ဦးသာ ဖြစ်ခဲ့ပါက ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာ ပတ်ဝန်းကျင်ရှိ ဖိနှိပ်မှုအား အောက်တွင် စက္ကန့် အနည်းငယ်အတွင်း မွန်းကြပ်၍ သေဆုံးသွားပေလိမ့်မည်။

နေရာတိုင်းတွင် စီးဆင်းနေသော ချော်ရည်များ ရှိနေလေသည်။ မူလ တောင်တန်းများနှင့် တောအုပ်များက မြက်ပင်တစ်ပင်မျှ မပေါက်ရောက်သော မီးလောင်မြေ အဖြစ်သို့ ပြောင်းလဲ၍ သွားသည်မှာ ကြာပြီ ဖြစ်သည်။ ချော်ရည်များထဲတွင် အသူရာချောက်နက် ပန်းများ အများအပြား မျောပါနေ၏။ အသူရာချောက်နက် အသိုက်ကြီးများက တစ်ခုပြီးတစ်ခု မတ်မတ်ရပ်နေကြသည်။

အသိုက်များကို မရေတွက်နိုင်သော သွေးပိုးအိမ်များဖြင့် ဝန်းရံထားလေသည်။ အဝေးမှ ကြည့်လျှင် ထိုသွေးပိုးအိမ်များက ပင်လယ်ကဲ့သို့ အဆုံးမရှိသလောက်ပင်။ ချော်ရည်စိမ်ခြင်းနှင့် အသူရာချောက်နက် ပန်း၏ အငွေ့အသက် အောက်တွင် သွေးပိုးအိမ်များက ခဏအကြာ အသူရာ ချောက်နက် မကောင်းဆိုးဝါး အမျိုးမျိုး အဖြစ်သို့ ပေါက်လာခဲ့သည်။ ထို့နောက် အသိုက်များက သွေးပိုးအိမ် အသစ် အသုတ်လိုက်ကို ဆက်လက်၍ မွေးမြူခဲ့သည်။ ထိုအရာမှာ အဆုံးမဲ့ အသူရာချောက်နက် စစ်တပ်၏ အကြောင်းရင်းပင်။

အသူရာချောက်နက် မကောင်းဆိုးဝါးများက ချန်လွေ့ကို မတိုက်ခိုက်ခဲ့ကြပေ။ ထိုရန်သူမှာ လုံးဝ မရှိနေသကဲ့သို့ပင်။ ၎င်းမှာ အသူရာ ချောက်နက်စိတ်ဆန္ဒ၏ ထိန်းချုပ်မှုကြောင့် ဖြစ်ပြီး ၎င်းက အသူရာချောက်နက် စွမ်းအား တစ်ခုလုံး၏ တကယ့် အရင်းအမြစ်လည်း ဖြစ်သည်။

အသူရာချောက်နက် စိတ်ဆန္ဒ ဖျက်ဆီးခံရခြင်းမှလွဲ၍ ချန်လွေ့အတွက် မွေးမြူရေးအသိုက် အားလုံးကို ယခုတွင် ဖယ်ရှားရန် အဓိပ္ပာယ်မရှိပေ။

သလင်းကျောက် တံတားက နောက်ဆုံးတွင် အဆုံးသို့ ရောက်ရှိ လာခဲ့သည်။ အိပ်မက်ဆိုး မီးတောင်သို့ပင်။

ထိုနေရာက ကောင်းကင်မှ ဖြာထွက် နေသော သွေးတိမ်များ၏ ဆုံးမှတ်လည်း ဖြစ်သည်။ ဟင်းလင်းပြင် နေရာတွင် စိန်ပုံစံ အပေါက် တစ်ခု ရှိနေပြီး ပိတ်ထားသော မျက်လုံး ကဲ့သို့ပင် သွေးနီရောင်အလင်း ထုတ်လွှတ်နေသည်။ သွေးရောင် အလင်းတန်းများက အနီးနားရှိ နေရာလွတ်မှ အောက်ဘက် မြေပြင်သို့ ပုံဖော်ပေးနေသည်။

မီးတောင်ရှေ့မှ တောင်ကုန်းများက ကြီးမားသော မြေပြန့်နေရာ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ထိုနေရာတွင် မရေတွက်နိုင်သော အနီရောင် သလင်းကျောက်များ ထွက်ပေါ်လာသည်။ အလယ်တွင် အလွန်ပင် ကြီးမားလှသော အဆောက်အအုံတစ်ခု ရှိနေသည်။

အဆောက်အအုံ၏ အလယ်၌ ရုပ်တု ၃ခု မတ်မတ်ရပ်နေသည်။ ရုပ်တုများက သာမန် လူသားပုံများ မဟုတ်ကြပေ။ ၎င်းတို့သည် အနည်းငယ် ပုံသဏ္ဌာန်မဲ့ သော်လည်း အထူးစွမ်းအားများ ရှိသည်။ ၎င်းတို့ကို ကြည့်ရုံဖြင့် အေးစက်စက် ခံစားချက် ရှိနေသည်။ တစ်ချိန်တည်းမှာပင် မည်သည့် အကြောင်းပြချက်မရှိဘဲ အမျိုးမျိုးသော အနုတ်လက္ခဏာ စိတ်ခံစားမှုများ သူ၏ စိတ်ထဲတွင် ပေါ်လာခဲ့သည်။

အလယ်ရှိ အမြင့်ဆုံးသော ရုပ်တု အောက်တွင် အလွန်ပင် ကြီးမားပြီး ကြမ်းတမ်းသော ပလ္လင် တစ်ခု ရှိသည်။ ရာဇပလ္လင်ပေါ် ပေါ့ပေါ့ပါးပါး လှဲလျောင်း နေသော အပြာရောင် ဆံပင်ရှည်နှင့် လှပသော မျက်နှာရှိသည့် အမျိုးသမီး တစ်ဦး ရှိနေသည်။ သူက ရိုးရှင်းသော အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဗလာဖြစ်ကာ ဖြူဖွေးနေသော ဆီးနှင်း သဖွယ် ပေါင်တံများက မည်သည့် အကာအကွယ်မှ မရှိဘဲ ပလ္လင်၏ လက်တင်ခုံပေါ်တွင် တင်ထား၏။ ထိုသို့ ပတ်ဝန်းကျင်တွင် သူက တစ်မျိုးမျိုးသော ညှို့ငင်ဖမ်းစားနိုင်သည့် အလှမျိုးကို ပြသနေသည်။

ထိုအမျိုးသမီး ဖြည်းဖြည်းချင်း မျက်လုံး ဖွင့်လိုက်သည်။ မျက်လုံး နှစ်လုံး၏ မျက်ဆံက သွေးရောင် ဖြစ်သော်လည်း ညာမျက်လုံးက အနည်းငယ် ဟင်းလင်း ဖြစ်နေသည်။ သူ မျက်လုံးဖွင့်လိုက်သည့် အခိုက်တွင် ချန်လွေ့၏ ခြေအောက်မှ သလင်းကျောက် တံတား ပျောက်ကွယ် သွားပြီး သူ၏ ခန္ဓာကိုယ် တည့်တည့် အောက်သို့ ပြုတ်ကျသွားခဲ့သည်။

ချန်လွေ့က မတွန်းလှန်ဘဲ မြေပြင်သို့ ပြုတ်ကျသွားခဲ့သည်။ ချက်ချင်းဆိုသလို သူက မကြုံစဖူးသော ဖိနှိပ်မှု စွမ်းအားကို ခံစားလိုက်ရလေသည်။ အကြောင်းမှာ ထိုနေရာက အသူရာချောက်နက် စွမ်းအား ၏ တကယ့် ဗဟိုချက် ဖြစ်၍ပင်။

“ခီလီယာနာ...” ချန်လွေ့က နောက်ဆုံးနှင့် အစွမ်းထက်ဆုံး ရန်သူကို အဝေးမှ ကြည့်လိုက်သည်။

“တကယ်တော့ လောကနှစ်ခု ကြားက တံခါး ပိတ်ပြီးတော့ မင်း ဒီနေရာကို ရောက်လာနိုင်လိမ့်မယ်လို့ မထင်ခဲ့မိဘူး။ အံ့ဩစရာကောင်းလိုက်တဲ့ စွမ်းရည်ပဲ။” ခီလီယာနာ၏ အသံက လန်းဆန်းပြီး စိတ်လှုပ်ရှားဖွယ်ရာ ကောင်းသော်လည်း ချန်လွေ့၏ နားထဲတွင် ရေခဲသဖွယ် ဖြစ်နေ၏။ ပတ်ဝန်းကျင် နေရာလွတ်ပင် အေးခဲလုနီးပါး ဖြစ်နေသည်။

“အသူရာချောက်နက် စိတ်ဆန္ဒလား။” ချန်လွေ့က ရုပ်တု သုံးခုကို ကြည့်လိုက်ပြီး နှိုင်းယှဉ်၍မရနိုင်သည့် အားကောင်းသော စိတ်ဆန္ဒနှင့် ဝိညာဉ်၏ ခုန်ပေါက်နေမှုကို ခံစားရင်း မေးလိုက်သည်။

“ဟုတ်တယ်...” ခီလီယာနာ ဖြည်းဖြည်းချင်း မတ်မတ်ထိုင်လိုက်သည်။ “မင်း တော်တော်လေး ကောင်းကောင်း လုပ်ခဲ့တယ်။ တံခါးကို ပိတ်ပြီးတော့ အသူရာချောက်နက် စစ်တပ်ရဲ့ ကျူးကျော်မှုကို ကာကွယ်ခဲ့ရုံတင် မကဘူး။ ဆိုစဘတ်နဲ့ ဒီလော့စ်ရို တို့ကိုတောင် ဖယ်ရှားနိုင်ခဲ့တယ်။ ဒါပေမဲ့ အဲဒါက မင်း လုပ်နိုင်တာ အားလုံးပဲ။ အသူရာချောက်နက် စိတ်ဆန္ဒကို လုံးဝ ဖျက်ဆီးလို့ မရဘူး။ လိုအပ်ရင် အုပ်စိုးသူ အသစ်တွေ အကန့်အသတ်မရှိ ဖန်တီးလို့ ရနိုင်တယ်။”

“ဒါဆို ခင်ဗျားက အချိန်မရွေး အစားထိုးနိုင်တဲ့ ရုပ်သေး တစ်ရုပ်ပေါ့။ တကယ်တော့ ထာဝရ ဆိုတာက ပူဖောင်းတစ်ခုပဲ။ စကြာဝဠာ အထဲမှာ ပြီးပြည့်စုံတဲ့ အဓိပ္ပာယ်နဲ့ ထာဝရဆိုတာ မရှိဘူး။ စကြာဝဠာကြီး ကိုယ်တိုင်တောင် အပါအဝင်ပေါ့။ အန္တိမ ဖြစ်တည်မှုနဲ့ နတ်ဘုရားတွေလိုပဲ။ သူတို့တွေ အခု ဘယ်မှာလဲ။ အရင်က မသေနိုင်ခြင်းတွေ ပျက်စီးခြင်းအဖြစ် ပြောင်းသွားခဲ့ပြီ။ သူတို့ မပြည့်စုံတဲ့ ပုံစံနဲ့ အသက်ရှင်ကျန်ရစ် ခဲ့ရင်တောင် သူတို့ရဲ့ ဂုဏ်ကျက်သရေ အဟောင်းတွေ ဆုံးရှုံးခဲ့တာ ကြာပါပြီ။”

ချန်လွေ့က အသူရာချောက်နက် စိတ်ဆန္ဒ၏ ကြီးမားသော ဖိအားကို ရှောင်တိမ်းခြင်း မရှိဘဲ ရင်ဆိုင်ခဲ့သည်။ သူ၏ မျက်လုံးများက အမှန်တရားကို မြင်နိုင်သော ထိုးထွင်းသိမြင်မှုကို ထုတ်ဖော်နေခဲ့သည်။ သူတို့ နှစ်ဦးက တကယ် ဘာမှ မလုပ်ရသေးသော်လည်း စကားဖြင့် တိုက်ခိုက်နေကြပြီ ဖြစ်သည်။

ခီလီယာနာ ခေါင်းခါလိုက်သည်။ “မင်း နားမလည်သေးဘူး... မင်း မြင်တဲ့ အတိုင်းပဲ။ ပျက်စီးခြင်း လာတော့မယ်။ ဒါပေမဲ့ ပျက်စီးခြင်းက အပြီးသတ် ပန်းတိုင် မဟုတ်ဘူး။ အဲဒါပြီးရင် ဖန်တီးမှု အသစ် တစ်ခု စတင်မယ်။ လောက အသစ် တစ်ခု ဖန်တီးတော့မယ်။ မွေးဖွားခြင်းနှင့် သေဆုံးခြင်းက အဆုံးမရှိဘူး။ ဒါကလည်း စကြာဝဠာရဲ့ အမှန်တရားပဲ။ တကယ်လို့ မင်းက အကြီးမြတ်ဆုံး စိတ်ဆန္ဒကို လက်ခံဖို့ ဆန္ဒရှိရင် အုပ်စိုးသူအသစ် ဖြစ်လာနိုင်တယ်။ တစ်ဆင့်တက်ပြီးတော့ လောက အသစ်ရဲ့ အမြင့်ဆုံး အုပ်စိုးသူ ဖြစ်လာနိုင်တယ်။ ပြီးတော့ တစ်ချိန်က မင်းကို ချစ်ခဲ့ဖူးတဲ့ အမျိုးသမီးဖြစ်တဲ့ ငါကလည်း မင်းရှေ့မှာ ဒူးထောက် လိမ့်မယ်။”

“ခင်ဗျားက သူ မဟုတ်ဘူး၊ ဘယ်တော့မှ ဖြစ်လာမှာလည်း မဟုတ်ဘူး။” ချန်လွေ့ မျက်မှောင်ကြုတ်လိုက်၏။ “နောက်ဆုံး ဆုံးဖြတ်ချက် မချခင် ကျုပ် အမြဲတမ်း သိချင်နေတဲ့ အမှန်တရား တစ်ခု ရှိတယ်။ နတ်ဘုရားတွေ လုံးဝ ကျဆုံးသွားပြီဆိုရင် ဘာလို့ နတ်ဘုရားဘဝရဲ့ အမှောင်ထု ဖြစ်တဲ့ အသူရာချောက်နက် စိတ်ဆန္ဒက ရှိနေသေးတာလဲ။”

ခီလီယာနာက ကောင်းကင်တွင် ပိတ်နေသော မျက်လုံးကို ကြည့်လိုက်ပြီး သွယ်ဝိုက်သော အဓိပ္ပာယ်ဖြင့် ပြုံးလိုက်သည်။ “နတ်ဘုရားတွေ လုံးဝ ကျဆုံးသွားပြီလို့ ဘယ်သူက မင်းကို ပြောခဲ့တာလဲ။”

ချန်လွေ့ ထိတ်လန့်သွားခဲ့လေသည်။ အဲဒီအလောင်းတွေ မသေသေးဘူးလား။ လူစီဖာရဲ့ သတိစိတ်ထဲမှာ အန္တိမသော့က ဆင့်ခေါ်လိုက်တဲ့ မျက်လုံးရဲ့ စွမ်းအား အောက်တွင် နတ်ဘုရားတွေ ကျဆုံး သွားသည်ကို ငါ သေသေချာချာ မြင်ခဲ့ရတာကို မှတ်မိတယ်။ ဧကန္တ...

အာရုံပျံ့လွင့်သွားသည့် အခိုက်တွင် ပလ္လင်ပေါ်မှ ခီလီယာနာ၏ ပုံရိပ်သည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ချန်လွေ့တွင် အလွန် ပြင်းထန်သော သတိပေးလက္ခဏာတစ်ခု ရှိလာခဲ့သည်။ အလွန် ကြောက်မက်ဖွယ် စွမ်းအားတစ်ခု ရောက်ရှိလာနေသည်။

ခီလီယာနာက ချန်လွေ့၏ စိတ်ကို မြင်ပြီးသား ဖြစ်သည်။ သူ ချန်လွေ့ကို လက်နက်ချရန် ဆွဲဆောင်ခဲ့သော်လည်း တုံ့ဆိုင်းမှုမရှိ တိုက်ခိုက်မှု စတင်ခဲ့သည်။

“ဘုန်း...”

ချန်လွေ့၏ ခန္ဓာကိုယ်သည် အားကောင်းသော တုန်ခါမှုကြောင့် လွင့်ထွက်သွားခဲ့သည်။ သူ ပြန်ပျံသန်းစဉ် မီးတောက်များဖြင့် ရစ်ပတ်ထား၏။ သူ၏ ခန္ဓာကိုယ်က ပြိုလဲလုနီးပါး လက္ခဏာများ ပြသနေသည်။ ဒါက ဘယ်လို မီးတောက် စွမ်းအားမျိုးလဲ...

ခီလီယာနာကို ပထမဆုံး တိုက်ခိုက်မှု နှစ်ကြိမ်တွင် ခီလီယာနာက အစွမ်းထက်ဆုံး အခြေအနေကို တကယ် အသက်မသွင်းခဲ့ပေ။ ဖိုက်သွန်သည် ဖန်တီးခြင်းစာအုပ်နှင့် ပျက်စီးခြင်းစာအုပ် ပေါက်ကွဲမှုကို စတေးပြီး စတင်လိုက်သည့် အခါမှသာ ခီလီယာနာက စစ်မှန်သော စွမ်းအားကို ပြသခဲ့သည်။ သူက အန္တရာယ် မရှိဘဲ ဆုတ်ခွာခဲ့ရုံသာမကဘဲ အုပ်စိုးသူ နှစ်ဦးနှင့် ဇစ်မြစ်စာအုပ် နှစ်အုပ်ကိုပါ ပြန်ယူလာခဲ့သည်။

ယခု အသူရာချောက်နက် တိုင်းပြည်တွင် ခီလီယာနာ၏ စွမ်းအားက အထွတ်အထိပ်တွင် ရှိနေပြီး ချန်လွေ့ကို ဖိနှိပ်ထားသည်။ နတ်သူငယ် တစ်ပိုင်း အခြေအနေဖြင့် ထိုးလိုက်သည့် ထိုးချက် တစ်ခုတည်းပင်လျှင် သူ့အား စစ်မှန်သော အန္တရာယ်သို့ ရောက်စေနိုင်၏။

အစွမ်းထက်ဆုံး အသူရာချောက်နက် အုပ်စိုးသူ ဆိုးတဲ့အတိုင်းပဲ။ သူက SSSS+++ အဆင့်မှာ ရှိနေပေမဲ့ သူ့ရဲ့ စွမ်းအားက ဆိုစဘတ်နဲ့ ဒီလော့စ်ရိုထက် အများကြီး ကျော်လွန်နေသည်။

ခီလီယာနာ လေထဲတွင် ချန်လွေ့ကို မှီသွားပြီး နောက်ထပ် သေစေနိုင်သော ထိုးချက်တစ်ခု ပြုလုပ်ရန် ရည်ရွယ်ကာ ထိုးလိုက်သည်။ ရုတ်တရက် သူက မျက်ခုံးပင့်လိုက်သည်။ မီးတောက်များဖြင့် ရစ်ပတ်ထားသော ခန္ဓာကိုယ်က ရုတ်တရက် အရည်လဲ့သွားပြီး တောက်ပသော ကြယ်ရောင်ကို ခပ်မှိန်မှိန် ဖော်ပြလိုက်၏။ အပြင်ဘက်မှ မီးတောက်များက အခြား အခြေအနေ တစ်ခုသို့ ပြောင်းလဲသွားပြီး ထိန်းချုပ်မှု မရှိဘဲ လောင်ကျွမ်းသွားခဲ့သည်။

သူ၏ လက်သီးကို အမှန်တကယ် ဖမ်းဆုပ်ခြင်း ခံလိုက်ရသည်။ ထိုမျှမက လက်သီးကို ဆုပ်ကိုင်ထားမှုက အလွန် အားကောင်းလွန်းသဖြင့် ခီလီယာနာပင် မခံနိုင်ခဲ့ပေ။

သူ ညည်းသံတစ်ချက် ထွက်လိုက်၏။ သူ၏ အပြာရောင်ဆံပင်နှင့် ဝတ်ရုံတို့က တစ်ချိန်တည်းမှာပင် သွေးနီရောင်သို့ ပြောင်းလဲသွားသည်။ သူ၏ ဆီးနှင်းဖြူ အသားအရေသည်လည်း အနီရောင်သို့ စတင် ပြောင်းလဲလာပြီး ပင့်ကူအိမ်ကဲ့သို့ အသွင်အပြင်များကို ဖော်ပြကာ ကြားရှိ အပေါက်များတွင် တောက်ပသော ရွှေရောင်များ ဝိုးတဝါး ထွက်ပေါ်လာ၏။ ပထမဆုံး အသူရာချောက်နက် အသွင် ပြောင်းလဲခြင်းကို အသက်သွင်းလိုက်ပြီ ဖြစ်သည်။

ထိုအသွင်ပြောင်းလဲမှု ပြီးနောက် သူ၏ စွမ်းအား သိသိသာသာ တိုးလာခဲ့သည်။ ခီလီယာနာ၏ လက်မောင်း တုန်ခါသွားပြီး ပြိုင်ဘက်၏ ဆုပ်ကိုင်မှုမှ လွတ်မြောက် သွားသည်။ ချွန်ထက်သော လက်သည်းက ချန်လွေ့၏ လည်ချောင်းဆီသို့ ခုတ်ထစ် လိုက်သည်။ သို့သော် ချန်လွေ့သည် အနည်းငယ်မျှပင် တုံ့ပြန်ခြင်း မရှိခဲ့ဘဲ လက်သည်းက အရိပ်ကို ထိလိုက်သကဲ့သို့ ဖြစ်နေသည်။ ချန်လွေ့ မြန်နှုန်းမြင့်ဖြင့် ရှောင်သွားခြင်း ဖြစ်သည်။ တစ်ချိန်တည်း နီးပါးတွင် သူ၏ ဗိုက်တွင် ပြင်းထန်သော နာကျင်မှု တစ်ခုကို ဖြစ်ပေါ်လာခဲ့သည်။ ခီလီယာနာက လက်သီးဖြင့် အထိုးခံ လိုက်ရပြီး ဖြစ်သည်။

ထိုးချက်သည် အလွန် အားကောင်း လွန်းသဖြင့် ခီလီယာနာ၏ နောက်ကျောမှ သွေးရောင်ဝတ်ရုံပေါ်တွင် ခုံးထွက်မှုတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။ အသူရာ ချောက်နက် စွမ်းအားဖြင့် စုစည်း၍ ထားသော ဝတ်ရုံ၏ အစိတ်အပိုင်းက လှိုင်းထန်သော အင်အား အောက်တွင် စုတ်ပြဲသွားခဲ့လေသည်။

ခီလီယာနာက ဗိုက်ကို ဖိထားသည်။ နောက်ထပ် ခြိမ်းခြောက်နေသော ထိုးချက် ချဉ်းကပ်လာချိန်တွင် သူက တိုက်ပွဲမှ တစ်ပြိုင်နက်တည်းပင် ထွက်ပြေးသွားပြီး အဝေးတွင် ပေါ်လာခဲ့သည်။ သူ၏ သွေးနီရောင် မျက်လုံးက ကြယ်ရောင်ဖြင့် တောက်ပနေသော ရန်သူကို စိုက်ကြည့် နေလေသည်။

ကိုယ်ပွားကို ဖယ်ထုတ်လျှင် သူက ထိုပုဂ္ဂိုလ်ကို တကယ်တိုက်ခိုက်ဖူးသည်မှာ ငွေလကောင်းကင်မြို့တော်တွင် ပထမဆုံး ဖြစ်သည်။ ထိုအချိန်တွင် သူ၏ စွမ်းအားကို အားနည်းသည် ဟူ၍သာ ဖော်ပြနိုင်သည်။ မိုက်ကယ်နှင့် အခြားသူများနှင့် လက်တွဲ ခဲ့လျှင်ပင် သူ့ကို အလွယ်တကူပင် အနိုင်ယူခဲ့သည်။ သူ့ကို ထွက်ခွာရန် ဖိအားပေးခဲ့သော အလူစီယာ၏ လျှို့ဝှက် ဒဏ်ရာကြောင့်သာ မဟုတ်ပါက သူသည် သူ့ကို သတ်ပစ်ပြီးသား ဖြစ်ပေလိမ့်မည်။

ဒုတိယ တိုက်ပွဲမှာ ပင်လယ်ဖြူတွင် ဖြစ်သည်။ ပထမအကြိမ်နှင့် နှိုင်းယှဉ်ပါက ထိုပုဂ္ဂိုလ်၏ စွမ်းအားမှာ သိသိသာသာ တိုးလာခဲ့ပြီး ဒီလော့စ်ရိုကို ကျော်လွန် ခဲ့သော်လည်း ပျက်စီးခြင်းစာအုပ်၏ စွမ်းအားဖြင့် မဟာလင်းလင်ဓား အခင်းအကျင်းကို သူ အနိုင်ယူခဲ့သည်။

သို့သော် အခု သူ တစ်ယောက်တည်း ဖြစ်သည်။ သို့သော် ထိုသူက သူ့ကို ပထမဆုံး အသွင်ပြောင်းလဲမှုကို အသုံးပြု သည့်တိုင် ထိုသို့သော ထိခိုက်မှု ခံစားရစေခဲ့သည်။

ဒီချန်လွေ့ရဲ့ အလားအလာနဲ့ တိုးတက်မှု အမြန်နှုန်းက လုံးဝကို ကြောက်စရာကောင်းတယ်။

ခီလီယာနာ နောက်ဆုံး လေးနက်သော အမူအရာကို ပြသလိုက်ပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှ သွေးရောင်ဝတ်ရုံကို ဆုတ်ဖြဲပစ်လိုက်ကာ တုံးလုံးခန္ဓာကိုယ်ကို ဖော်လိုက်သော်လည်း သူ ဂရုမစိုက်ခဲ့ပေ။ သူ၏ ညာမျက်လုံး လောင်ကျွမ်းသွားပြီး မီးလျှံက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ချက်ချင်း ပျံ့နှံ့သွားခဲ့သည်။ မီးလျှံများထဲ သူ၏ခန္ဓာကိုယ် ထပ်ပြောင်းလဲသွားခဲ့၏။ ပခုံးနှင့် တံတောင်ဆစ်မှ ချွန်ထက်သော အရိုးဆူးများ စတင် ထွက်ပေါ်လာသည်။ နောက်ကျောတွင် အမြီး တစ်ချောင်း ပေါ်လာခဲ့သည်။ နောက်ကျောတွင် အတောင်ပံ တစ်စုံ ပေါ်လာခဲ့သည်။ ခေါင်းကလည်း သရဖူကဲ့သို့သော ဦးချို သုံးချောင်း ထွက်လာခဲ့သည်။ မီးလျှံများ တဖြည်းဖြည်း လျော့သွားပြီး ရွှေရောင်ရင့် ချပ်ကာ အဖြစ်သို့ ပြောင်းလဲသွားကာ အရေးပါသော နေရာများကို ဖုံးအုပ် ထားနေသည်။

ထိုအခိုက်အတန့်တွင် ခီလီယာနာက ယခင်ကထက် ၁၀ဆ ပိုမိုကောင်းမွန်သော ပျက်စီးခြင်း အငွေ့အသက်ကို ထုတ်လွှတ် နေသော်လည်း သူ၏ စိတ်နေစိတ်ထားနှင့် ရုပ်ရည်က ထူးထူးဆန်းဆန်း ဆွဲဆောင်မှု ရှိနေသည်။ သူက ငရဲမှ စုန်းမ တစ်ယောက် လိုမျိုးပင် ဖော်ပြ၍မရသော ကျက်သရေကို ခပ်ရေးရေး ဖော်ပြနေပြီး လောကခြား အလှအပကို အသုံးချ၍ အရာအားလုံးကို ဖျက်ဆီးပစ်မည့် မှော်သေတ္တာကို ထိန်းချုပ်နေသလိုပင်။

ချန်လွေ့၏ မျက်ဆံများ အနည်းငယ် ကျုံ့သွားသည်။ ငါ အရင်က မြင်ခဲ့ရတဲ့ ခီလီယာနာရဲ့ ဒုတိယ အသူရာချောက်နက် အသွင်ပြောင်းလဲခြင်းက ဒီလို မဟုတ်ဘူး။ ပြီးတော့ ဒီလောက် အားကောင်းတဲ့ အငွေ့အသက်မျိုး မရှိခဲ့ဘူး...

“အံ့ဩသွားလား။” ခီလီယာနာ၏ အသံက အမှန်တကယ်ပင် သူ့နောက်မှ ထွက်ပေါ်လာသည်။ ထိုစကားလုံးကို ပြောပြီးနောက် ချန်လွေ့သည် သူ၏ စိတ်ထဲတွင် သတိပေးချက် ခံစားလိုက် ရပြီး ထိတ်လန့်သွားခဲ့သည်။

ဒီခံစားချက်က ဒြပ်စင်လောကမှာ ဇိုလာ လှုံ့ဆော်ပေးသော နတ်ဘုရားဘဝ အပိုင်းအစ စွမ်းအားနဲ့ အတော်လေးကို နီးစပ်နေတယ်။ ဒါက သာမန် အစွမ်း မဟုတ်တော့ဘူး။ အခွင့်အာဏာ စွမ်းအား နှင့် နီးစပ်နေတဲ့ တည်ရှိမှု တစ်ခုပဲ။

ချန်လွေ့ ရှောင်တိမ်းတော့မည့် အချိန်တွင် သူ၏ ခန္ဓာကိုယ် ရုတ်တရက် တုန်ယင်သွားခဲ့၏။ ဓားကဲ့သို့ လက်သည်း ငါးချောင်း သူ၏ရင်ဘတ်မှ ထွက်ပေါ် လာပြီး ဖြစ်သည်။ ခီလီယာနာက သူ၏ နားနားသို့ ကပ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ “ပထမ နှစ်ကြိမ်မှာ ငါက အလူစီယာရဲ့ အကြံအစည်ကို ဖိနှိပ်ဖို့ ငါ့ရဲ့ အာရုံကို ခွဲဝေပေးခဲ့ရတယ်။ အဲဒါကြောင့် အစွမ်းအထက်ဆုံး ပုံစံကို မသုံးခဲ့ရဘူး။ အခု မင်းက ငါ့ရဲ့ တကယ့်အစစ်အမှန်ကို ကြည့်နေတာ။”

တီးတိုး ပြောနေသည့် အခြေအနေက ချစ်သူများအကြား တရင်းတနှီး ကဲ့သို့ ဖြစ်နေသော်လည်း သူ၏ လက်က ချန်လွေ့၏ ရင်ဘတ်ကို ထိုးဖောက်၍ သွားခဲ့သည်။ ၎င်းက ထူးဆန်းပြီး ရက်စက် ကြမ်းကြုတ်လှသည်။

သို့သော် မကြာခင်မှာပင် ခီလီယာနာ၏ သွေးနီရောင် မျက်ဆံများထဲတွင် အံ့ဩမှု အရိပ်အယောင်တစ်ခုက လျှပ်တစ်ပြက် ပေါ်လာခဲ့သည်။ သူက ရုတ်တရက် လှည့်ပြီး တောက်ပသော အလင်းတန်းကို လက်သည်းဖြင့် ကာကွယ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်က ကြီးမားသော အလင်း၏ အင်အားကြောင့် နောက်သို့ တွန်းပို့ခြင်း ခံလိုက်ရလေသည်။ သူ၏ ခြေထောက်များက ခိုင်ခံ့လှသော သလင်းကျောက် မြေပြင်ပေါ်တွင် ရှည်လျားသော အမှတ်အသား နှစ်ခုကို ဖြစ်သွားစေခဲ့သည်။

နောက်မှ မပျက်စီးသော ချန်လွေ့ကို ကြည့်လိုက်ပြီး ခီလီယာနာ သူ၏ မျက်လုံးများကို ကျဉ်းလိုက်သည်။ သူက အလင်းစက်လုံးကို သူ၏ လက်သည်းဖြင့် ဗလာနတ္ထိအဖြစ် ဖျစ်ညှစ်လိုက်ပြီးနောက် အရည်လဲ့နေသော ခန္ဓာကိုယ်တွင် စီးဆင်းနေသော ထပ်တိုး တောက်ပသည့် နက္ခတ်တာရာကို ကြည့်လိုက်သည်။ သူ အနည်းငယ် အံ့အားသင့်သွားခဲ့လေသည်။ “သေခြင်းတရား အရှိန်အဝါလား။ မဟုတ်ဘူး... အရှိန်အဝါ သက်သက်လည်း မဟုတ်ဘူး။ အခွင့်အာဏာ စွမ်းအားနဲ့ နီးစပ်တယ်။ ကံဆိုးချင်တော့ နည်းနည်းပဲ နီးစပ်တယ်။ သေခြင်းကို ရှောင်ရှားနိုင်တဲ့ စွမ်းအားကို ခဏတာအတွင်း နောက်ထပ် သုံးနိုင်မှာ မဟုတ်ဘူး။”

ချန်လွေ့ အသံမပြုခဲ့ပေ။ သူ ခုနက အသက်သွင်းခဲ့သော စွမ်းအားမှာ ဂူရာဒန် ၏ သေခြင်းတရား နက္ခတ်တာရာ ဖြစ်သည်။ အတိအကျ အခိုက်အတန့်တွင် သူက အထူးစည်းမျဉ်း စွမ်းအားဖြင့် သေခြင်းတရားကို ရှောင်ရှားခဲ့သည်။ သို့သော် ခီလီယာနာ ပြောသည်မှာ မှန်ပေသည်။ ထိုစွမ်းအားကို ဒုတိယ အကြိမ် ထပ်မံ အသုံးပြုနိုင်တော့မည် မဟုတ်ပေ။

“ဒီတိုက်ပွဲက ငါ စိတ်ကူးထားတာထက် အများကြီး ပိုပြီးတော့ စိတ်ဝင်စားစရာ ကောင်းမယ့်ပုံပဲ။ ဒီလို ထူးခြားတဲ့ စွမ်းအား ပိုင်ဆိုင်တဲ့ မင်းက အကောင်းဆုံး စ‌တေးခံ ဖြစ်စေရမယ်။” ခီလီယာနာ၏ လက်သည်း ကောင်းကင်သို့ ညွှန်ပြလိုက်ပြီးနောက် ကြီးမားသော အဆောက်အအုံပေါ်မှ ရုပ်တု ၃ခုက အလင်းတန်းများစွာ ထုတ်လွှတ်ပြီး တစ်ခုတည်း ထူထဲသော အလင်းတန်း အဖြစ် စုစည်းကာ လေထဲရှိ စိန်ပုံစံ အပေါက်ထဲ ထိုးဖောက်ဝင်ရောက် သွားခဲ့သည်။

အလင်းစက်လုံး နှစ်လုံးက စိန်ပုံစံ အပေါက်ထဲ ပေါ်လာသည်။ တစ်လုံးက အနက်ရောင်၊ တစ်လုံးက အဖြူရောင် ဖြစ်ပြီး ဖြည်းဖြည်းချင်း လှည့်နေ၏။ ၎င်းတို့က မျက်လုံးထဲမှ မျက်ဆံများကဲ့သို့ ဖြစ်နေသည်။

ချန်လွေ့က အလင်း၏ ရင်းနှီးသော အငွေ့အသက်ကို အသေအချာ အာရုံခံမိပြီး လွှတ်ခနဲ ပြောလိုက်သည်။ “ဖန်တီးခြင်းစာအုပ်၊ ပျက်စီးခြင်းစာအုပ်....”

All Chapters