နတ်ဘုရားခေတ်
Vol. 84 Ch. 1272
ဘေးလူတစ်ဦးအနေဖြင့် ချန်လွေ့သည် စကြဝဠာနှင့် အသက်၏ မွေးဖွားခြင်းကို မျက်မြင်တွေ့ခဲ့ရသည်။
သေခြင်းနှင့်ရှင်ခြင်းစာအုပ်မှ ပြောင်းလဲ လာသော မူလ အသိဉာဏ်ရှိသော သက်ရှိ။ ၎င်း၏ အမည်မှာ အဆုံးစွန်။
အဆုံးစွန်တွင် အစွမ်းအထက်ဆုံး စွမ်းအား ရှိသည်။ ၎င်းက ဒုတိယမျိုးဆက် အသိဉာဏ်ရှိသော သက်ရှိပုံစံများကို ကောက်ချက်ချရန်နှင့် ဖန်တီးရန်အတွက် ဖန်တီးခြင်းဇစ်မြစ်နှင့် ပျက်စီးခြင်းဇစ်မြစ် အပြောင်းအလဲများကို အသုံးပြုခဲ့သည်။ ၎င်းက ဒုတိယမျိုးဆက် အသိဉာဏ်ရှိ သက်ရှိပုံစံများကို ဇစ်မြစ်စွမ်းအားများအား ဆက်တိုက် စုပ်ယူရန်နှင့် နားလည် သဘောပေါက်ရန် ဦးဆောင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် သက်ရှိပုံစံ ပိုမို၍ များပြားလာပြီး တစ်ခုပြီးတစ်ခု ဆင့်ကဲ ပြောင်းလဲနေသည်။
သက်ရှိပုံစံအမျိုးမျိုးက အဓိကကုန်းမြေ နှင့် အခြားသော ကုန်းမြေအချို့တွင် ပေါ်လာခဲ့သည်။
တိတိကျကျ ပြောရလျှင် စကြဝဠာ ဇစ်မြစ်သည် အရာအားလုံးကို ဖန်တီးမှု၏ အခြေခံအုတ်မြစ် ဖြစ်သည်။ အဆုံးစွန်နှင့် ဒုတိယမျိုးဆက် အသိဉာဏ်ရှိ သက်ရှိ ပုံစံများက ချွင်းချက် မဟုတ်။ အလွန်ဆုံး သူတို့က သက်ရှိ ပုံစံများ၏ ဆင့်ကဲ ဖြစ်စဉ်ကို အရှိန်မြှင့်ရန်နှင့် လမ်းညွှန်ရန် ဇစ်မြစ်စွမ်းအားကို အသုံးပြုခဲ့ကြခြင်းသာ။ သူတို့ မရှိလျှင်ပင် ဖန်တီးခြင်းက ဆက်လက်၍ ဆင့်ကဲပြောင်းလဲနေဦးမည် ဖြစ်သည်။
အဆုံးစွန်သည် သေခြင်းနှင့် ရှင်ခြင်း စာအုပ်မှ ဆင့်ကဲ၍ ပြောင်းလဲလာသော တစ်ခုတည်းသော သက်ရှိ ဖြစ်ကာ အန္တိမ စွမ်းအားကို ပိုင်ဆိုင်၏။ တစ်ချိန်တည်းပင် သေခြင်းနှင့် ရှင်ခြင်း စာအုပ်သည် ၎င်းကို ချုပ်တည်း၍ ရနိုင်သည့် တစ်ခုတည်းသော တည်ရှိမှု ဖြစ်နေကြောင်းလည်း သဘော ပေါက်ခဲ့သည်။
ထိုအကြောင်းကြောင့် အဆုံးစွန်သည် သေခြင်းနှင့်ရှင်ခြင်းစာအုပ်ကို ဖျက်ဆီးရန် တစ်ကြိမ်ထက်မက စဉ်းစားခဲ့သော်လည်း သေခြင်းနှင့်ရှင်ခြင်းစာအုပ်က စကြဝဠာမှ ချန်ထားခဲ့သော အစစ်မှန်ဆုံး စွမ်းအား ဖြစ်သည်။ ၎င်းကို လုံးဝ ဖျက်ဆီး၍ မရနိုင်သောကြောင့် ၎င်းကို ထိန်းချုပ်ရန်၊ ချိပ်ပိတ်ရန်သာ ကြိုးစား၍ ရနိုင်ခဲ့သည်။ ထိုနည်းအတိုင်း သေခြင်းနှင့် ရှင်ခြင်း စာအုပ်က ဒုတိယအသက်ကို ဖန်တီးခဲ့၏။ သော့ပင်။
သော့က သာမန် ကိရိယာ မဟုတ်ဘဲ သီးခြား အသိစိတ် ရှိသည့် သက်ရှိတစ်ခု ဖြစ်ပြီး ပျက်စီးခြင်းနှင့် ဖန်တီးခြင်း စွမ်းအားတို့နှင့် သဟဇာတ ဖြစ်၏။ သူ၏ အမည်မှာ လူစီဖာဖြစ်ပြီး “အန္တိမသော့” ဟူ၍ မူလက အဓိပ္ပာယ်ရသည်။
ချန်လွေ့က နောက်ဆုံးတွင် လူစီဖာ၏ သရုပ်မှန်ကို သိသွားသည်။ ခီလီယာနာက သူ့ကို အန္တိမသော့ ကိုယ်ပွားလို့ ဒါကြောင့် ခေါ်ခဲ့တာကိုး။ လူစီဖာ ကိုယ်တိုင်က အန္တိမသော့ ဖြစ်နေတာပဲ။
ဒါဆိုရင် မြင်နေရတာက ဒီစကြဝဠာရဲ့ အသက် ဖန်တီးခြင်းပဲ။ နတ်ဘုရားတွေရဲ့ ရှေးအကျဆုံးခေတ်...
လူစီဖာက ဖန်တီးခြင်းနှင့် ပျက်စီးခြင်း ဇစ်မြစ်၏ စွမ်းအားနှင့် သဟဇာတ ဖြစ်ပြီး သေခြင်းနှင့် ရှင်ခြင်း စာအုပ် စွမ်းအားကို ချိပ်ပိတ်နိုင်သည်။ သူက ဒုတိယမျိုးဆက် အသိဉာဏ်ရှိသော သက်ရှိပုံစံများထက် မနိမ့်ကျသော အလွန် အားကောင်းသည့် သက်ရှိပုံစံပင်။
လူစီဖာ မွေးဖွားလာရာ အဆုံးစွန်သည် အလားအလာရှိနေသော ခြိမ်းခြောက်မှု အချို့ကို ဖယ်ရှားရန်အတွက် အမြင့်ဆုံး ဥပဒေသကို အသုံးချကာ သူ၏ ကြီးထွားမှု နေရာလွတ်ကို ကန့်သတ်ခဲ့သည်။ ၎င်းက သူ၏ စွမ်းအားကို အဆင့် တစ်ခုတွင် ဆက်ရှိစေရန် သေချာစေခဲ့သည်။ ၎င်းက ကျဆင်းမည် မဟုတ်သလို တိုးလာမည် မဟုတ်ပေ။
ထိုအရာအားလုံး ပြီးမြောက်ပြီးနောက် အဆုံးစွန်သည် စကြဝဠာ ဖန်တီးမှု တစ်ခုလုံး ချက်လုပ်ပေးခဲ့သော ဇစ်မြစ်ကို ဖန်ဆင်းရှင်ဟု သတ်မှတ်ခဲ့သည်။ ၎င်းက ဘုံအားလုံးမှ သက်ရှိပုံစံ အားလုံး၏ အမြင့်ဆုံး နတ်ဘုရားဟု ကြေညာခဲ့သည်။ ၎င်းမှာ အန္တိမနတ်ဘုရားပင်။
ဒုတိယမျိုးဆက် အသိဉာဏ် ရှိသော သက်ရှိပုံစံများက အန္တိမ နတ်ဘုရား အောက်မှ နတ်ဘုရားများ ဖြစ်လာခဲ့သည်။ သူတို့က အဆုံးစွန်ကို ဖခမည်းတော်ဟု ဂုဏ်ပြုခေါ်ဝေါ်ခဲ့ကြသည်။
နတ်ဘုရားများသည် သက်ရှိသတ္တဝါ အမျိုးမျိုး၏ ယုံကြည်မှု စွမ်းအားကို စုပ်ယူပြီး ပိုမို၍ပင် သန်မာလာကြသည်။ သက်ရှိများက နတ်ဘုရားများ ကောင်းချီး ပေးခြင်းကို ခံရပြီး လျင်မြန်စွာ ကြီးထွား လာကြသည်။ စကြဝဠာ တစ်ခုလုံး၏ အသက် စွမ်းအားသည် ယခင်ကကဲ့သို့ မဟုတ်ဘဲ တိုးတက်နေသည်။
မြင်ကွင်းက အခြားတစ်ခုသို့ ပြောင်းလဲ သွားခဲ့သည်။
အမျိုးသမီး တစ်ဦးသည် လူစီဖာ၏ လက်မောင်းကို ရင်းနှီးစွာ ကိုင်ထားရင်း ပန်းခြံ အထဲတွင် လမ်းလျှောက်နေသည်။ အမျိုးသမီး၏မျက်နှာကို သေသေချာချာ မမြင်ရသော်လည်း သူ၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါက ချန်လွေ့ကို ရင်းနှီးသလို ခံစားရစေသည်။
ထိုအခိုက်အတန့်တွင် သဟဇာတ မဖြစ်သော အသံတစ်ခုက အနောက်မှ ထွက်ပေါ်လာသည်။ “ရာဖာတီ၊ ငါတို့ အခု နတ်ဘုရားတွေ ဖြစ်နေပြီ။ တကယ်လို့ ငါတို့ သူနဲ့ ထပ်လမ်းလျှောက်ရင် မင်းရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေရုံ အပြင်ကို နတ်ဘုရားအားလုံးရဲ့ မျက်နှာကိုလည်း ထိခိုက်စေလိမ့်မယ်။”
ထိုအမျိုးသမီးက ချန်လွေ့ ဒြပ်စင် လောကတွင် မြင်တွေ့ခဲ့ရသော ဒြပ်စင် နတ်ဘုရားမ ရာဖာတီ ဖြစ်နေသည်။ ထိုစကားကြောင့် လူစီဖာ လက်သီးဆုပ် လိုက်သည်။ ရာဖာတီက သူ၏လက်ကို မလွှတ်သေးဘဲ နောက်သို့ အေးစက်စွာ ပြောလိုက်သည်။ “ဟိန့်စ်၊ ရှင် အဲဒီတုန်းက သူနဲ့အတူ ဘေးချင်းယှဉ် တိုက်ခိုက်ခဲ့တဲ့ အချိန်ကို မေ့သွားပြီလား။ အဲဒီတုန်းက သူ ပေးခဲ့တဲ့ အကူအညီကို မေ့သွားပြီလား။”
“အဲဒါက အတိတ်ပါ။ ပစ္စုပ္ပန်က မတူညီ တော့ဘူး။” တောက်ပသော လူသားပုံရိပ် ပေါ့ပေါ့တန်တန် ပြောလိုက်၏။ “အခုက မူလ ဖရိုဖရဲခေတ် မဟုတ်တော့ဘူး။ ဖခမည်းတော်နဲ့ နတ်ဘုရားအားလုံးရဲ့ ခေတ်ပဲ။ ဒီလောကရဲ့ တစ်ခုတည်းသော စည်းမျဉ်းက စွမ်းအားပဲ။ တကယ်လို့ သူ့ရဲ့ စွမ်းအားက အရင်လို ငါနဲ့ ဘေးချင်းယှဉ် ရပ်တည်နိုင်ရင် သူနဲ့ ငါက မိတ်ဆွေတွေ ဖြစ်နေဦးမှာပဲ။ ဒါပေမဲ့ သူက အခု ပုရွက်ဆိတ် တစ်ကောင်ပဲ။ သူ မင်းနဲ့ ငါ့ရဲ့ ဘေးမှာ ရပ်တည်ဖို့ မထိုက်တန်ဘူး။”
“ရှင်ပဲ။ ရှင်နဲ့ကျွန်မ မဟုတ်ဘူး။” ရာဖာတီ လှောင်ရယ်လိုက်၏။ “ကျွန်မကို ရှင်နဲ့ မရောထွေးလိုက်နဲ့။”
ဟိန့်စ် နှာမှုတ်လိုက်ပြီး လူစီဖာကို ကြည့်လိုက်သည်။ “မင်း သူ့ကို ခဏပဲ လှည့်စားနိုင်တယ်။ သူက ဘာပဲဖြစ်ဖြစ် နတ်ဘုရား တစ်ပါးပဲ။ တစ်နေ့ကျရင် သူ နိုးထလာလိမ့်မယ်။ ပြီးရင်တော့ မင်းမှာ ဘာမှရှိလာမှာ မဟုတ်ဘူး...”
“ရှင် မတိုက်ခိုက်ချင်ရင် ထွက်သွား...” ရာဖာတီ ဒေါသထွက်သွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ရောင်စုံအလင်းဖြင့် လောင်ကျွမ်းနေ၏။
ဟိန့်စ်က ရာဖာတီကို အတော်လေး ကြောက်ရွံ့သောကြောင့် သူ နောက်ထပ် ဘာမှမပြောတော့ပေ။ သူက အလင်းတန်း တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ပျောက်ကွယ်သွားခဲ့သည်။
လူစီဖာ ရာဖာတီ၏ လက်မှ ညင်သာစွာ ရုတ်သိမ်းလိုက်သည်။ “မင်း ဒီလိုလုပ်စရာ မလိုပါဘူး။ တကယ်တော့ သူပြောတာ အမှန်ပါပဲ။”
အစပိုင်း သူနှင့် နတ်ဘုရားများသည် မူလက မိတ်ဖက်များ ဖြစ်ကြသည်။ ထို့နောက် နတ်ဘုရားများက ယုံကြည်မှု စွမ်းအား အောက်တွင် တဖြည်းဖြည်း သန်မာလာသော်လည်း သူ၏ စွမ်းအားက အကန့်အသတ်များကြောင့် နတ်ဘုရားများထက် အမြဲပင် နိမ့်ကျ၍ နေခဲ့သည်။ စွမ်းအား ကွာဟသည်နှင့်အမျှ သူ၏ သရုပ်နှင့် ဆက်ဆံရေး တစ်ဆင့်ပြီး တစ်ဆင့် ပြိုကွဲသွားခဲ့လေသည်။ ယခင် မိတ်ဆွေများက သူ မော့ကြည့်ရုံသာ တတ်နိုင်သော နတ်ဘုရားများ ဖြစ်လာ ခဲ့ကြသည်။ ရာဖာတီသာလျှင် သူ့အပေါ် မပြောင်းမလဲ ရှိနေခဲ့သည်။
“အဲဒီလူ ပြောတာကို ရှင် စိတ်ပူစရာ မလိုပါဘူး။ ဘာပဲဖြစ်ဖြစ် သူက ကျွန်မ ပြိုင်ဘက် လုံးဝ မဟုတ်ဘူး။ စွမ်းအားက တစ်ခုတည်းသော စည်းမျဉ်းဖြစ်လို့ ကျွန်မ သူ့ကို စကားမပြောနိုင်တဲ့အထိ ရိုက်နှက် လိုက်မယ်။” ရာဖာတီက လူစီဖာ၏ လက်ကို နောက်တစ်ကြိမ် ကိုင်လိုက်၏။ “ရှင် ကျွန်မရဲ့ စွမ်းအားကို မယုံကြည် ဘူးလား။ ဒါမှမဟုတ် ကျွန်မရဲ့ ချစ်ခြင်း မေတ္တာကို မယုံကြည်ဘူးလား။”
“အလင်းရောင် ဟိန့်စ်နဲ့ အမှောင်ထု ဆိုရန်ရတ်တို့ကို နတ်ဘုရားတွေရဲ့ ခေါင်းဆောင် နှစ်ပါးလို့ ခေါ်ကြပေမယ့် ဒြပ်စင်ရာဖာတီက ဖခမည်းတော်အောက် အစွမ်းအထက်ဆုံး တည်ရှိမှု ဆိုတာကို နတ်ဘုရားတောင်က လူတိုင်း သိတယ်။ ဘာပဲဖြစ်ဖြစ် ငါ မင်းကို ယုံကြည်တယ်။” လူစီဖာက ချစ်သူထက် ညီမနှင့် ပိုတူသော ဒြပ်စင်နတ်ဘုရားမကို ကြည့်ရင်း အနေရ ခက်သော အပြုံးဖြင့် ခေါင်းညိတ်လိုက်၏။
...
အချိန်များ လျင်မြန်စွာ ကုန်ဆုံး၍ သွားခဲ့သည်။
အရင်တစ်ခါ ပန်းခြံထဲတွင် ရာဖာတီက ညကောင်းကင်မှ ကြယ်များကို မျက်နှာ မကောင်းစွာဖြင့် ကြည့်နေလိုက်သည်။ “ဖခမည်းတော်က ဒီနေ့ ကြယ်နီ ကုန်းမြေကို ဖျက်ဆီးပစ်လိုက်တယ်။ အကြောင်းကတော့ အန္တိမ နတ်ဘုရား ကျောင်းထဲက ယဇ်ပူဇော်မှုကို တစ်စုံ တစ်ယောက် မတော်တဆ တိုက်မိသွား လို့ပဲ။ ဒီလိုမျိုး ကိစ္စလေးအတွက် ကုန်းမြေ အပေါ်က သက်ရှိတွေ အကုန်လုံး...”
“ဘာလို့ သူ့ကို မတားခဲ့တာလဲ။”
“သူ့ကို ပထမဆုံး ကန့်ကွက်ဖို့အတွက် ထွက်လာတဲ့သူက မွေးမြူရေး နတ်ဘုရား ပါလစ်ဆုပဲ။ ရလဒ်အနေနဲ့...” ရာဖာတီ ခေါင်းကို ငုံ့လိုက်သည်။ “ပါလစ်ဆုက သုတ်သင်ခံလိုက်ရတယ်။ ပြီးတော့လည်း ပါလစ်ဆုနဲ့ နီးနီးကပ်ကပ် ဆက်စပ်နေတဲ့ ဟိန့်စ်ကလည်း ချော်ရည်ကုန်းမြေကို ပြည်နှင်ဒဏ်ပေးခံခဲ့ရတယ်။”
အမုန်းဆုံး ဟိန့်စ်က ပြည်နှင်ဒဏ် ပေးခံရကြောင်း ကြားရာတွင် လူစီဖာက မပျော်ရွှင်ခဲ့ပေ။
ရာဖာတီက သက်ပြင်း ချလိုက်သည်။ “ဖခမည်းတော်က ဒီနှစ်တွေအတွင်း ပိုပြီး တရားသေ ဆုပ်ကိုင်လာခဲ့တယ်။ သူက ဘယ်လိုမျိုး မနာခံမှုတွေ၊ ဘယ်လိုမျိုး မေးခွန်းထုတ်တာမျိုးကိုမှ သည်းမခံဘူး။ ကျွန်မတို့ မတော်တဆ တားမြစ်ချက်ကို ချိုးဖောက် မိရင်တောင်မှ သေဒဏ်ပေး ခံရလိမ့်မယ်။”
“တားမြစ်ချက်လား။” လူစီဖာ သူ့ကို ကြည့်လိုက်သည်။ “ကြယ်နီကုန်းမြေနဲ့ ပါလစ်ဆုက ကံဆိုးသွားရုံပါပဲ။ တကယ့် အကြောင်းရင်းကတော့ ငါတို့ အန္တိမ နတ်ဘုရားက စစ်နတ်ဘုရား ပုန်ကန်မှုကို စိတ်ဆိုးနေတုန်းမို့လို့ပဲ။”
မကြာသေးမီက စစ်နတ်ဘုရား ခရိုးက နတ်ဘုရားအချို့နှင့် ပူးပေါင်းပြီးနောက် ပျက်စီးခြင်းစာအုပ်နှင့် ဖန်တီးခြင်းစာအုပ် ကို ခိုးယူခဲ့ပြီး အန္တိမနတ်ဘုရားကို လုပ်ကြံ သတ်ဖြတ်ရန်အတွက် ထိုစာအုပ်နှစ်အုပ် စွမ်းအားကို အသုံးပြုခဲ့လေသည်။ အန္တိမ နတ်ဘုရားက အလွန်အမင်း စွမ်းအားကြီး လွန်းသဖြင့် စိတ်မကောင်းစရာပင်။ သူက ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့သည်။ ထိုကဲ့သို့ ဂရုတစိုက် စီစဉ်ထားသော လုပ်ကြံသတ်ဖြတ်မှုက နောက်ဆုံးတွင် မအောင်မြင်ခဲ့ပေ။
ရာဖာတီက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။ “ပုန်ကန်မှုကို နှိမ်နင်း ပြီးပြီ မဟုတ်ဘူးလား။ ကျွန်မက ခရိုးကို ကိုယ့်လက်နဲ့ သတ်ခဲ့ပြီးတော့ ခိုးယူခံရတဲ့ ဖန်တီးခြင်းစာအုပ်နဲ့ ပျက်စီးခြင်းစာအုပ်ကို ပြန်ယူခဲ့တယ်။ ဖခမည်းတော်က ဒီအတွက် အတော်လေး ပျော်ခဲ့ပြီးတော့ ကျွန်မကို အထူးဆုချခဲ့တယ်။”
“သူ တကယ် မပျော်ခဲ့ဘူး။ အဲဒီအစား ဒေါသထွက်ပြီး ကြောက်လန့် နေခဲ့တာ။ ဒီနေ့က ခရိုးရဲ့ ပုန်ကန်မှု ဖြစ်ပြီး မနက်ဖြန် တခြားတစ်ယောက်က ပုန်ကန်နိုင်တယ်။” လူစီဖာ လှောင်ရယ်လိုက်သည်။ “သူက စွမ်းအားနဲ့ နတ်ဘုရား ဟန့်တားမှုကို သဘောကျပြီးတော့ ဖြုန်းတီးနိုင်ပေမယ့် တခြားသူတွေရဲ့ မနာခံမှု နည်းနည်းကိုတောင် သည်းမခံနိုင်ဘူး။ သူ သံသယကြောင့် လူတွေကို တရားသေ သတ်ပစ်တတ်ပေမယ့် သူကိုယ်သူ လုံးဝ သံသယမဝင်ဘူး။ တကယ်လို့ သူသာ ဥပဒေနဲ့ ဆန့်ကျင်ဘက် မလုပ်ခဲ့ရင် သစ္စာရှိတဲ့ ခရိုးက ဘယ်လိုလုပ်...”
သူ၏စကား မဆုံးမီမှာပင် ရာဖာတီက သူ့ပါးစပ်ကို အုပ်ပြီး ထိတ်လန့်တကြား အမူအရာကို ပြခဲ့သည်။ “ဆက်မပြောနဲ့။ ဒြပ်စင်လောကက ဖခမည်းတော်ရဲ့ အာရုံ ခံစားမှုကို ကာကွယ်နိုင်မှာ မဟုတ်ဘူး။ တကယ်လို့...”
လူစီဖာက ရာဖာတီ၏ လက်ကို ဖြည်းဖြည်းချင်း ဖယ်ရှားပြီး ခေါင်းခါ လိုက်သည်။ “စိတ်မပူပါနဲ့။ ငါ သူ့အတွက် အစားထိုးလို့ မရနိုင်တဲ့ အဖိုးတန် သေခြင်းနှင့် ရှင်ခြင်း စာအုပ်ကို ချိပ်ပိတ် ထားတယ်။ အနည်းဆုံးတော့ ငါ သေမှာ မဟုတ်ဘူး။ အခု စိုးရိမ်နေတာ မင်းကိုပဲ။ မင်း ဒီတစ်ခါ ပုန်ကန်မှုကို နှိမ်နင်းတဲ့ နေရာမှာ အံ့ဩစရာကောင်းတဲ့ စွမ်းရည် ပြသခဲ့တယ်။ ပြီးတော့ မင်းက ဖန်တီးခြင်း စာအုပ်နဲ့ ပျက်စီးခြင်းစာအုပ်ရဲ့ ဇစ်မြစ်ကို အမှန်တကယ် ပေါင်းစပ်နိုင်ခဲ့တယ်... မင်းက သူ့ရဲ့ အချစ်ဆုံးနဲ့ အကောင်းဆုံး သမီး ဖြစ်နေပေမယ့် အခု သူ ဘယ်သူ့ကိုမှ မယုံကြည်ဘူး။ မင်းက သူ့ရဲ့ အကြွင်းမဲ့ ထိန်းချုပ်မှုအတွက် အန္တရာယ် အရှိဆုံး အလားအလာ ရှိနေတဲ့ ရန်သူလည်း ဖြစ်နေတယ်။ ပါလစ်ဆုနဲ့ ကြယ်နီ ကုန်းမြေက ပထမဆုံး သားကောင်တွေ မဟုတ်တော့သလို နောက်ဆုံးလည်း ဖြစ်လာမှာ မဟုတ်ဘူး... ဘာပဲဖြစ်ဖြစ် မင်း သတိထားရမယ်။”
“ကျွန်မ နားလည်ပါတယ်။” ရာဖာတီ ခေါင်းညိတ်လိုက်သည်။
လူစီဖာ သက်ပြင်းချလိုက်၏။ “အစက အမြဲတမ်း အကန့်အသတ်တွေ ချိုးဖျက်ပြီး ငါ လူတိုင်းရဲ့ ကိုးကွယ်တာကို ခံရတဲ့ နတ်ဘုရားတစ်ပါး ဖြစ်ချင်ခဲ့တယ်။ ဒါပေမဲ့ အခု ငါ စဉ်းစားနေတာက နတ်ဘုရား ဆိုတာ ဘာလဲ။ ဒီလောကကြီးက... နတ်ဘုရား တစ်ပါး လိုအပ်လား။”
ရာဖာတီလည်း တိတ်ဆိတ် သွားခဲ့၏။ သူတို့ နှစ်ဦး အချိန်အကြာကြီး တိတ်ဆိတ် နေခဲ့ကြသည်။
...
မြင်ကွင်း နောက်တစ်ကြိမ် ပြောင်းလဲ သွားပြီး မှိုင်းညို့နေသော အကျဉ်းထောင် အခန်း တစ်ခုအဖြစ်သို့ ပြောင်းလဲ၍ သွားခဲ့သည်။ နံရံများတွင် အန္တိမ အခွင့်အာဏာ စွမ်းအား၏ ဖိနှိပ်မှု အကာအကွယ်များဖြင့် ဖုံးလွှမ်းထားပြီး လူစီဖာ၏ စွမ်းအားဖြင့် ချိုးဖျက်၍ မရနိုင်ပေ။
အကျဉ်းထောင်ပြတင်းပေါက် အပြင်ဘက်တွင် ကောင်းကင်က တိမ်နက်များနှင့် မြည်ဟည်းနေသော မိုးကြိုးများဖြင့် ပြည့်နှက်နေသည်ကို မြင်တွေ့နိုင်၏။
အပြင်ဘက်တွင် ပြင်းထန်လှသော တိုက်ခိုက်သံများ ရှိနေပုံ ရလေသည်။ မရေတွက်နိုင်သော အလင်းတန်းများ အကျဉ်းထောင် အခန်းမှ ထပ်မံ၍ လင်းလာခဲ့သည်။ အန္တိမ အခွင့်အာဏာ စွမ်းအား၏ အကာအကွယ်က ပြင်းထန် လှသော အလင်းရောင် အောက်တွင် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ ရင်းနှီးသော အသံတစ်သံ ထွက်ပေါ် လာခဲ့သည်။ “လူစီဖာ...”
လူစီဖာ အနည်းငယ် အံ့အားသင့် သွားသည်။ အကြောင်းမှာ သူ့ကို ကယ်တင်ရန် နတ်ဘုရားတောင် အကျဉ်းထောင်ထဲသို့ ဖောက်ထွင်း၍ ဝင်ရောက်လာသူမှာ ရာဖာတီ မဟုတ်ဘဲ ပြည်နှင်ဒဏ် ပေးခံနေရသင့်သော ဟိန့်စ် ဖြစ်နေ၍ပင်။ ဟိန့်စ်သာမက ဆိုရန်ရတ် နှင့် အခြားနတ်ဘုရားများ အားလုံးနီးပါး ရောက်ရှိလာကြသည်။ သူတို့က ဖိနှိပ်မှု အကာအကွယ်ကို ချိုးဖျက်ရန် အင်အား ပေါင်းစည်းခဲ့ကြသော်လည်း ထိုလူအုပ်စု အထဲတွင် ရာဖာတီသာ ပျောက်ဆုံးနေ၏။
“ဖခမည်းတော် လုံးဝ အထိန်းအချုပ် လွတ်သွားပြီ။” ဟိန့်စ် လုံးဝ ဒေါသထွက် နေသည်။ “ငါ နတ်ဘုရားအစေခံ တစ်ယောက်ဆီက ယုံကြည် စိတ်ချရတဲ့ သတင်းတစ်ခု ရခဲ့တယ်။ ဖခမည်းတော်က ဖန်တီးခြင်းစာအုပ်နဲ့ ပျက်စီးခြင်းစာအုပ်ရဲ့ စွမ်းအားကို အပြည့်အဝ ဝါးမျိုချင်နေပြီး ဖန်ဆင်းရှင်ရဲ့ စံနမူနာကို လိုက်ပြီးတော့ ဒီလောကကို ဖျက်ဆီးပြီးတော့ လုံးဝ အသစ်စက်စက် လောကတစ်ခုကို ပြန်ပြီး ဖန်တီးချင်နေတာ။ အဲဒီလောကထဲ သူ့မှာ အားနည်းချက်တွေရှိမှာ မဟုတ်ဘူး။ ငါတို့ အပါအဝင် လက်ရှိ သက်ရှိပုံစံတွေအားလုံး မျိုးသုဉ်းသွားလိမ့်မယ်...”
လူစီဖာ ထိတ်လန့်၍ သွားခဲ့သည်။ သူ အန္တိမနတ်ဘုရား ထိုမျှ ရူးသွပ်လိမ့်မည်ဟု မမျှော်လင့် ထားခဲ့သည့်အတွက် အမြန် မေးလိုက်သည်။ “ရာဖာတီ ဘယ်မှာလဲ။”
“သူကို ဖန်တီးခြင်းစာအုပ်နဲ့ ပျက်စီးခြင်းစာအုပ် ပေါင်းစပ်မှုအတွက် ယဇ်ပူဇော်မှုအနေနဲ့ နတ်ဘုရားတောင်ထိပ်က ယဇ်ပလ္လင် တစ်ခုမှာ အကျဉ်းချထားတယ်။ အစီအရင် စတော့မှာ။”
လူစီဖာ၏ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲ၍ သွားခဲ့သည်။ အန္တိမ နတ်ဘုရား အဘယ်ကြောင့် သူ့ကို အကျဉ်းချထားရကြောင်း နောက်ဆုံးတွင် နားလည်သွားခဲ့သည်။ ရာဖာတီကြောင့် သာမက အန္တိမဖြစ်တည်မှုကို ခြိမ်းခြောက် နိုင်သော သေခြင်းနှင့် ရှင်ခြင်းစာအုပ် ကြောင့်လည်း ဖြစ်ပေသည်။
သူ နတ်ဘုရားများကို ကြည့်လိုက်ပြီး နားလည်လိုက်သည်။ “မင်းတို့တွေ...”
“ဘယ်သူမှ တည်ရှိမှုက ဖျက်ဆီးတာ ခံချင်မှာ မဟုတ်ဘူး။ ငါတို့ လွတ်လွတ်လပ်လပ် နေထိုင်ချင်ရင် တိုက်ခိုက်မှပဲ ရမယ်။” အမှောင်ထု နတ်ဘုရား ဆိုရန်ရတ်က ပြောသည်။ “လူစီဖာ၊ ငါတို့ မင်းရဲ့အင်အားကို လိုအပ်တယ်။”
လူစီဖာ မျက်မှောင် ကြုတ်လိုက်၏။ ဒီစကားကို မကြားရတာ ကြာပြီပဲ။
ယခင်ကဲ့သို့ပင် လူစီဖာ တွန့်ဆုတ်ခြင်း မရှိဘဲ ခေါင်းညိတ်လိုက်သော်လည်း ယခု တစ်ကြိမ်တွင် သူတို့အတွက် မဟုတ်ဘဲ ရာဖာတီအတွက်၊ ထို့ပြင် ကုန်းမြေများ အပေါ်မှ အသက်အားလုံး အတွက်ပင်။