နိဂုံး
Vol. 84 Ch. 1275-Final
“ကျုပ် စဉ်းစားနေတာ...” ချန်လွေ့က ပြန်ဖြေလိုက်သည်။ ကုန်းမြေစွမ်းအားက ရုတ်တရက် တွန့်လိမ်သွားခဲ့သည်။ အန္တိမ နတ်ဘုရား၏ စကားလုံး အထဲမှ ဖိနှိပ်မှုက အလယ်တွင် ကျောက်ဆောင်နှင့် ဆုံတွေ့ သကဲ့သို့ပင် ကွဲထွက်သွားသော ရေသဖွယ် ဖြစ်နေသည်။ “ဒီလောကက နတ်ဘုရား လိုအပ်လား ဆိုတာပဲ။”
“မင်းက မင်းရဲ့ တည်ရှိမှု အဓိပ္ပာယ်ကို လျစ်လျူရှုနေတာလား။” အန္တိမနတ်ဘုရား သရော်ပြုံး ပြုံးလိုက်သည်။ ကုန်းမြေက အေးစက်သွားခဲ့၏။ သာမန် နတ်ဘုရား-ယောင် တစ်ယောက်သာ ထိုနေရာတွင် တစ်စက္ကန့်ပင် နေနေခဲ့လျှင် ချက်ချင်းပင် အေးခဲပြီး သေသွားပေလိမ့်မည်။
“ကျုပ်က နတ်ဘုရား မဟုတ်ဘူး။” ချန်လွေ့ အသာလေး ပြုံးလိုက်သော်လည်း လေသံက ထူးထူးခြားခြား ခိုင်မာနေ၏။ ထိုစကားကို ပြောပြီးနောက်တွင် သူ၏ အငွေ့အသက်က ပို၍ပင် ဆန်းကြယ်ပြီး သူက ကုန်းမြေစွမ်းအားရှိ ပြောင်းလဲမှု အားလုံးနှင့် လိုက်လောညီထွေရှိနိုင်သည့် ကျယ်ပြောသော စကြဝဠာတစ်ခု ကဲ့သို့ပင် ဖြစ်နေလေသည်။
ထိုကဲ့သို့ ရိုးရှင်းသော စကားလုံးများမှ ထွက်လာသည့် ဝိညာဉ်၏ စွမ်းအားနှင့် ခိုင်မာမှုက အန္တိမနတ်ဘုရားကို ကြောက်ရွံ့ တုန်လှုပ်စေခဲ့သည်။ သူက ရုတ်တရက် တစ်ခုခုကို သတိရသွားကာ အံ့ဩတုန်လှုပ်နေသည့်ပုံစံဖြင့် ပြောလိုက်၏။ “ဖန်ဆင်းရှင်..”
“ဖန်ဆင်းရှင် ဟုတ်လား...” ချန်လွေ့ အံ့အားသင့်သွား၏။ ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ။ လောက မကူးပြောင်းခင် ငါက အရှုံးသမား တစ်ယောက်ပဲ။ တကယ်လို့ ငါက ဖန်ဆင်းရှင်သာဆိုရင် ကမ္ဘာမြေရဲ့သခင် ဖြစ်နေလောက်ပြီ။
အန္တိမနတ်ဘုရားက သူ့ထင်မြင်ချက်ကို ချက်ချင်း ငြင်းဆိုလိုက်၏။ “မဟုတ်ဘူး။ ဒါကသာ ဖန်ဆင်းရှင်ရဲ့ တကယ့် အစွမ်းအစဆိုရင် ငါ့ရဲ့ စိတ်ဆန္ဒတွေက အကြည့် တစ်ချက်တည်းနဲ့ လုံးဝကို ပျောက်ကွယ်သွားမှာ...”
ချန်လွေ့ ကမျက်မှောင်ကြုတ်လိုက်၏။ “ဖန်ဆင်းရှင်က အဲဒီလောက်တောင် အစွမ်းထက်တာလား...”
“ဒါပေါ့။ သူက စကြာဝဠာကို ဖန်တီး ခဲ့တဲ့ အမြင့်ဆုံး ဖြစ်တည်မှုပဲ။ ငါ သူ့ကို မမြင်ဖူးပေမဲ့ သေခြင်းရှင်ခြင်း စာအုပ် ထဲမှာ ပထမဆုံး ဖန်တီးခံရတဲ့ သက်ရှိ တစ်ဦးအနေနဲ့ သူ့ရဲ့ တည်ရှိမှုကို ငါ ကောင်းကောင်းကြီး သိတယ်။ သူ့ရဲ့ အခြေအနေက ငါ့တဘဝလုံး အလိုရှိနေတဲ့ ပန်းတိုင်ပဲ...”
အန္တိမနတ်ဘုရား၏ ဘယ်မျက်လုံးက သွေးရောင်အလင်းဖြင့် တောက်ပနေပြီး ချန်လွေ့နှင့် ပတ်သက်သော အရာ အားလုံးကို သေသေချာချာ မြင်တွေ့လိုနေ သကဲ့သို့ပင် သူ၏ အသံက ပို၍ လေးနက် လာခဲ့သည်။
“မင်းရဲ့ အစွမ်းအစက သူ့ရဲ့ ၀.၀၀၀၀၀၁%တောင် မရှိပေမဲ့ ဒီလို အငွေ့အသက်ကတော့ တကယ် ဆင်တူ နေတယ်။ မင်း ကဖန်ဆင်းရှင် ထားခဲ့တဲ့ စွမ်းအားမျိုးစေ့ ဒါမှမဟုတ်ရင် အခြား လျှို့ဝှက် ရတနာတစ်ခုခုကို ရခဲ့လို့ အခု အဆင့်ထိကို ရောက်လာတာ ဖြစ်မယ်။ ဒီလိုပဲဖြစ်ရမယ်။ မဟုတ်ရင် မင်းရဲ့ အသက်အရွယ်နဲ့ ငါနဲ့တန်းတူ အဆင့်ထိ ဘယ်လိုလုပ် တက်လာနိုင်မှာလဲ...”
အန္တိမနတ်ဘုရား၏ စကားများက ချန်လွေ့ကို ချက်ချင်းနိုးထစေခဲ့၏။ သူက လောက မကူးပြောင်းခင် အချိန်ကို ပြန်သတိရသွားခဲ့သည်။ ဟုတ်တယ်။ အဲဒီ ဖုန်းစုတ်။ ပြီးတော့ စူပါစနစ်...
ချန်လွေ့၏ လက်ရှိ အခြေအနေက ထိုအရာကို ရှင်းရှင်းလင်းလင်း ဖြစ်နေပြီ ဖြစ်သည်။ စူပါစနစ်ရဲ့ အရင်က အစွမ်းနဲ့ အချက်အလက်တွေလိုပဲ၊ ဖုန်း ဖြစ်ဖြစ် စူပါစနစ်ဖြစ်ဖြစ် အဲဒါက စကြာဝဠာ ပြောင်းလဲမှုပုံစံ တစ်ခုပဲ။ ပုံစံက ဘယ်လို ဖြစ်ဖြစ် နောက်ဆုံး ရလာဒ်ဆီ ရှေ့ဆက် သွားတာကတော့ တစ်သမတ်တည်းပဲ။
ဖန်ဆင်းရှင်။ ဒီနာမည်ပဲ ခဏခေါ်ထား လိုက်ဦးမယ်။ ဇစ်မြစ်အကျဆုံး တည်ရှိမှု ဖြစ်ရမယ်။ သူက စကြာဝဠာတွေနဲ့ ကုန်းမြေတွေ အများကြီးမှာ သဲလွန်စတွေ ချန်ထားခဲ့တာ ဖြစ်မယ်။ ငါက အဆုံးထိ လျှောက်လှမ်းနိုင်ခဲ့တဲ့ ကံကောင်းတဲ့သူ တစ်ယောက်ပဲ။
ဒါမှမဟုတ် အဆုံး မဟုတ်တဲ့ နောက်ထပ် အသစ်တစ်ခုရဲ့ အစလည်း ဖြစ်နိုင်တယ်။
စကြာဝဠာကို တိုးတက် ပြောင်းလဲစေ ပြီးတော့ ဘဝရဲ့ လျို့ဝှက်နက်နဲမှုတွေကို နားလည်သဘောပေါက်တာက ပထမဆုံး ခြေလှမ်းပဲ။
ဒပ်ဘီ နယ်ပယ်ကို ကျွမ်းကျင်ပိုင်နိုင် ပြီးနောက် ချန်လွေ့က ပိုမို၍ ဖြေရှင်းရ ခက်ပြီး မသိသေးသော လမ်းအသစ်ကို မြင်လိုက်ရသလိုပင်။ အဖြေက ကျယ်ပြော လှသော စကြာဝဠာကြီးထဲ ရှိနေသည်။ သို့သော် ထိုအရာများက အနာဂတ် အတွက်သာ ဖြစ်သည်။ အနာဂတ်ကို လှမ်းနိုင်ရန် ပစ္စုပ္ပန်ကို ကာကွယ်ရမည်။
အခု အရေးကြီးဆုံးက ငါ့ရဲ့ ဆွေမျိုး မိတ်ဆွေတွေနဲ့ အားလုံးပျက်စီးတော့မယ့် ကုန်းမြေတစ်ခုလုံးကို ကယ်တင်ဖို့အတွက် အန္တိမနတ်ဘုရားကို အနိုင်ယူဖို့ပဲ။
“ဟား ဟား ဟား။ မင်းလိုတည်ရှိမှုမျိုးနဲ့ တွေ့ရမယ်လို့ မထင်ခဲ့ဘူး။ ဒါ ငါ့အတွက် အကောင်းဆုံးအခွင့်အရေးပဲ။”
အန္တိမနတ်ဘုရားက ရုတ်တရက် ဝမ်းသာအားရနဲ့ ရယ်မောလိုက်သည်။
“မင်းရဲ့ ဝိညဉ်နဲ့ စွမ်းအားကို ငါ ဝါးမျို ပြီးတော့ မင်းရဲ့ နားလည်နိုင်စွမ်းကို ရရှိမယ်ဆိုရင် ငါ့ရဲ့အဆင့်က ပိုမြင့်မား လာပြီးတော့ ပိုမြင့်တဲ့ အဆင့်ကို ရောက်လာလိမ့်မယ်။ အမြင့်ဆုံးအဆင့်ကို ရောက်ဖို့ ပိုပြီးတော့ လွယ်ကူလိမ့်မယ်။”
ချန်လွေ့လည်း ပြုံးလိုက်ပြီး သူ၏ အပြုံးတွင် ပြတ်သားမှုများ ပြည့်နှက် နေသည်။ “ဒီလောကကြီးက နတ်ဘုရား တစ်ပါး လိုလား မလိုလား ကျုပ်လည်း သေချာ မသိဘူး။ ဒါပေမဲ့ ဒီလောကကြီးက ခင်ဗျားကို မလိုတာတော့ သေချာတယ်။”
“မင်းက ဒီအစွမ်းကို နားလည်ထားတာ မကြာသေးတာ အသေအချာပဲ။ မင်းကို နားလည် သဘောပေါက်ဖို့ အချိန်ပေးမှာ မဟုတ်ဘူး။ မင်းကို တစ်ချက်တည်းနဲ့ သတ်ပစ်ဖို့အတွက် ငါ့ရဲ့ အကြီးမားဆုံး တိုက်ခိုက်မှုကို လုပ်ရမယ်။”
အန္တိမနတ်ဘုရား၏လက်ထဲရှိ သေခြင်းရှင်ခြင်းစာအုပ်၊ ပျက်စီးခြင်း စာအုပ်နှင့် ဖန်တီးခြင်း စာအုပ်တို့က တစ်ချိန်တည်းမှာပင် အလင်းရောင်များ ထွက်လာခဲ့ပြီးနောက် သူ့ခန္ဓာကိုယ်ထဲ တဖြည်းဖြည်းချင်း ပေါင်းစပ် ဝင်ရောက် သွားခဲ့သည်။
သူ၏ သွေးနီရောင် မျက်လုံးများက လင်းလက်နေခဲ့ပြီး ရုတ်တရက် လွှတ်ခနဲ ပြောလိုက်သည်။ “မင်းက နတ်ဆိုးဘုံမှာ ရှိနေသေးတဲ့ သက်ရှိတွေကို ကာကွယ် ပေးဖို့ စဉ်းစားနေသေးတယ် မဟုတ်လား။ ဒီဒြပ်စင်လောကကြီးက ငါတို့ရဲ့ တိုက်ပွဲ ကြောင့် ဖြစ်လာတဲ့ ဒဏ်ကို မခံနိုင်ဘူး။ အဓိက ကုန်းမြေတစ်ခုလုံး အကျိုး သက်ရောက်မှု ရှိလာလိမ့်မယ်။ မင်း ကာကွယ်ချင်တဲ့ အရာတွေက မင်းရဲ့ လက်နဲ့ ပျက်စီးရလိမ့်မယ်...”
အန္တိမနတ်ဘုရားတွင် ပရိယာယ် ဟူသော အယူအဆ မရှိနေပဲ သူ၏ ထင်မြင်ချက်အရ အနိုင်ရရှိသူ အားလုံးကို ယူသွားမည်ဖြစ်ပြီး အစွမ်းထက်ဆုံးသူကို ဂုဏ်ပြုမည် ဖြစ်၏။ တိုက်ပွဲက မည်သည့် အဆင့်ထိ ရောက်သွားမည်ကို သူက ဂရုမစိုက်ပေ။ ထို့ပြင် အန္တိမအုပ်စိုးသူ တစ်ဦး ဖြစ်သည့် သူက မည်သည့် စည်းမျည်း စည်းကမ်းနှင့်မျှ ကန့်သတ် မခံထားရပေ။
ချန်လွေ့က လှုပ်ရှားမသွားပဲ သူ၏ အဖြေက ပို၍ပင် ခိုင်မာနေသည်။ “ဒါဆို ခင်ဗျားရဲ့ အစွမ်းကို ကျုပ်က လုံးဝ ကျော်လွှားရမယ်။”
နှစ်ဦးလုံး၏ စိတ်ဆန္ဒများက အလွန်ပင် အစွမ်းထက် လာသောကြောင့် တစ်ဦးနှင့် တစ်ဦး စကားပြောဖြင့် စိတ်ပြောင်းမည် မဟုတ်ပဲ တစ်ချိန်တည်းမှာပင် တိုက်ခိုက် ကြတော့၏။ တစ်ချိန်တည်းပင် အဆုံးမဲ့ အလင်းတန်းများက ချန်လွေ့နှင့် အန္တိမ နတ်ဘုရား ပတ်ပတ်လည်သို့ ရောက်ရှိ လာခဲ့သည်။ တောက်ပသော စွမ်းအားနှင့် သွေးနီရောင် စွမ်းအားတို့က ကျယ်ပြော လှသော စကြာဝဠာနှစ်ခုကဲ့သို့ ရင်ဆိုင် နေကြသည်။
နောက်ထပ်စက္ကန့်ပိုင်းအတွင်းမှာပင်...
စကြာဝဠာများ တစ်ခုနှင့် တစ်ခု ထိခိုက်သွားကြ၏။
.....
နတ်ဆိုးဘုံ၏ မှောင်မိုက်နေသော ကောင်းကင်ကို ကြည့်ရင်း လူတိုင်း၏ စိတ်ထဲတွင် အကြောင်းတစ်ခုခုကြောင့် အနေခက်သော ခံစားချက်က ယခင်ထက် ရောင်ပြန်ဟပ်မှု အားနည်းသွားသည်နှင့် အမှန်တကယ် ပျောက်ကွယ် မသွားဘဲ ပို၍ပင် အစွမ်းထက်လာခဲ့သည်။
မုန်တိုင်း မတိုင်ခင် အမှောင်ထုက နောက်ဆုံးတွင် ပျောက်ကွယ်သွားခဲ့ပြီး လောကတစ်ခုလုံး အပြင်းအထန် တုန်ခါ သွားခဲ့သည်။
လူတိုင်း၏ အသိစိတ်နှင့် ဝိညာဉ်က အချိန်မရွေး ပျောက်ကွယ် သွားနိုင်သော ထူးဆန်းသည့် အမှောင်ထု အထဲတွင် ကျရောက် သွားသကဲ့သို့ပင် တုန်လှုပ် သွားခဲ့သည်။
တုန်ခါမှုများ အချိန် အတော်ကြာ ရှိနေခဲ့ပြီး မည်မျှ ကြာလွန်သွားကြောင်း မည်သူမျှ သေချာ မသိခဲ့ကြပေ။
အချိန်က ထိုကဲ့သို့ ဖော်ပြ၍မရသော အင်အားအောက် ပြောင်းလဲသွား၍ပင်။ တစ်စက္ကန့်မျှသာ ဖြစ်သော်လည်း ဘဝ အပြောင်းအလဲများ ဖြစ်ခဲ့သလိုပင်။
မည်သည် ဖြစ်မည်ကို မည်သူမှ မသိကြပေ။ အသက် ရှင်မရှင်ကိုလည်း မည်သူမှ မသိကြ။
အကြောက်တရား၊ မျှော်လင့်ချက်မဲ့ခြင်းနှင့် အခြားသော ခံစားချက်များ အားလုံးကို ထိုမှတစ်ဆင့် သွေးနီရောင် စကြာဝဠာထဲသို့ လွှဲပြောင်း ပေးလိုက်သည်။ စကြာဝဠာ အတွင်းရှိ သက်ရောက်စွမ်းအားက ပိုမိုအားကောင်း လာခဲ့ပြီး တောက်ပသော စကြာဝဠာကို ဖိနှိပ်ကာ တစ်ဖြေးဖြေးချင်းနှင့် အသားစီး ရလာသည်။
စကြာဝဠာထဲ၌ ချန်လွေ့က လက်ကို ဖြေးဖြေးချင်း ဖွင့်လိုက်ပြီး တောက်ပသော စွမ်းအားများ ပေါ်လွင်လာကာ သွေးရောင် စကြာဝဠာ၏ စွမ်းအားကို ခိုင်ခိုင်မာမာ ဆန့်ကျင် တွန်းလှန်နေခဲ့၏။
နတ်ဆိုးဘုံရှိ လူတိုင်း၏ မှောင်မိုက် နေသော အမြင်ထဲ၌ အလင်းရောင်တစ်ခု ပေါ်လာခဲ့သည်။
ထိုနူးညံ့သော အလင်းရောင်က မျှော်လင့်ချက်တစ်ခု ဖြစ်နေပုံရသည်။
လူများ၏ မျက်လုံးများက အလင်းရောင်ဆီသို့ လှည့်သွားကြပြီး အနည်းဆုံးတော့ သူတို့က အမှောင်ထုထဲ လမ်းပျောက်လိမ့်မည် မဟုတ်ပေ။
အခြားသော နေရာလွတ် တိုက်ပွဲတွင် ချန်လွေ့သည် ထိုခံစားချက်ကို ခံစားလိုက် ရသည်။ အလင်းနှင့် အမှောင် နှစ်ခုလုံး လူသား၏ စိတ်ထဲ၌ ရှိကြသည်။ သူတို့က အချို့ အရာကြောင့် ကြောက်ရွံ့ကြမည်။ အချို့ အရာများကြောင့် ရဲရင့်ကြမည် ဖြစ်သည်။
အကြောင်းမှာ သူတို့က လူသားများ ဖြစ်၍ပင်။
နတ်ဘုရားများ မဟုတ်ကြ။
သူ့ရှေ့တွင် နတ်ဘုရား ဆိုသောသူက အစွမ်း အမြင့်ဆုံး ရောက်နေသူသာ ဖြစ်သည်။
ထို့ကြောင့် သူက လူသား တစ်ဦးသာ ဖြစ်သည်။
ထိုအရာက အမြဲတမ်း ရှိနေသော မိမိ၏ အမှောင်ဘက်ခြမ်းကို အမြဲတမ်း ကြည့်နေ ရသလိုပင်။
ထိုအချိန် ချန်လွေ့က နောက်ဆုံး၌ အဓိပ္ပာယ် အစစ်အမှန် တစ်ခုကို နားလည် သဘောပေါက်သွားပြီး ကိုယ်ပိုင်လမ်းစဉ် တစ်ခုကို ရှာတွေ့သွားခဲ့သည်။ သူ၏ အရှေ့မှလူနှင့် မတူပေ။
ထိုသူက မယှဉ်နိုင်သော အစွမ်းများ ရှိနေသည့်တိုင် ကိုယ့်ကိုယ်ကိုယ် ရှင်းရှင်း လင်းလင်း မမြင်နိုင်ပေ။ ဦးနှောက်ကို ခြစ်ကုတ်၍ တွေးတော နေသော်လည်း ရှိနေသော နေရာ၌ပင် လည်နေရသည်။
ချန်လွေ့၏စိတ် လုံးဝကို တည်ငြိမ်သွား ခဲ့သည်။ စကြဝဠာတစ်ခုလုံး၏ စွမ်းအား ကလည်း တည်ငြိမ်သွားပြီး ထိန်းချုပ်လိုက် နိုင်ခဲ့သည်။ သွေးရောင် စကြာဝဠာက တုန့်ဆိုင်းမနေခဲ့ဘဲ ရှေ့သို့ တိုးလာပြီး တောက်ပသော စကြာဝဠာ၏ အစွမ်းကို ချက်ချင်း ဝါးမျိုလိုက်သည်။
တောက်ပသော စကြဝဠာ၏ အစွမ်းက လွှမ်းမိုး ခံလိုက်ရသောအခါ ချန်လွေ့၏ မျက်လုံးများက ငြိမ်သက်၍ နေဆဲပင်။ အလင်းမရှိ၊ ပုံရိပ်မရှိ၊ ကိုင်တွယ်မရ၊ အမည်မရှိ မရေတွက်နိုင်သည့် အသက် မျိုးစုံကို ဖန်တီးပေးနေသော ဖရိုဖရဲ အရာလိုမျိုးပင်။
အဓိကကုန်းမြေ၌ ဖြစ်သည်။
ယုံကြည်မှုနှင့် ဝတ်ပြုခြင်းက အခန်း ကဏ္ဌ တစ်ခု၌ ပါဝင်ကောင်း ပါဝင်နိုင်၏။ ကောင်းကင်နှင့် မြေကြီး၏ တုန်ခါမှုများ ဖြေးဖြေးချင်း လျှော့ကျသွား၏။
အခြား နေရာလွတ်တွင် အပြင်းထန် ဆုံးသော တုန်ခါမှု လျှော့ကျသွားခဲ့သည်။
ချန်လွေ့၏ ခန္ဓာကိုယ်ကို အဆုံးမဲ့ သွေးရောင်ကြည်များက ဝန်းရံထားသည်။ တစ်ဖက်တွင်တော့ အန္တိမနတ်ဘုရားက မယုံကြည်နိုင်သောအကြည့်ဖြင့် ကြည့်နေသည်။
ခဏအကြာတွင်...
အန္တိမနတ်ဘုရားက ဆိုလေသည်။
“မင်းမှာ ဒီလိုစွမ်းအားမျိုး ဘာလို့ ရှိနေတာလဲ...”
ချန်လွေ့ ခဏစဉ်းစားပြီး ပြန်ဖြေ လိုက်သည်။ “ဘာလို့လဲဆိုတော့ ကျုပ်မှာ စွမ်းအားထက်ပိုတာ ရှိနေလို့ပဲ။”
ထိုသို့ ပြောပြီးနောက် “ခွပ်”ခနဲ အသံ တစ်ခု ထွက်လာ၏။ အန္တိမနတ်ဘုရား၏ ဘယ်မျက်လုံးရှိ သွေးနီရောင် မျက်ဆံက အက်ကြောင်း တစ်ခု ပေါ်လာခဲ့သည်။ တစ်ချိန်တည်းပင် သွေးနီရောင် ကြယ်များ အားလုံး အက်ကွဲသွားကြ၏။
ထို့နောက်တွင် အန္တိမနတ်ဘုရား၏ ခန္ဓာကိုယ်က သွေးရောင် စကြဝဠာ တစ်ခုလုံးနှင့်အတူ အပိုင်းအစများ အဖြစ် ကွဲကြေသွားခဲ့ပြီး ပိုမို၍ တောက်ပသော စကြာဝဠာကို ပေါ်လွင်စေခဲ့သည်။
အထူးသဖြင့် အသက်စွမ်းအား အပြည့် ရှိနေသော ကြယ်တာရာများက အလွန် တောက်ပနေ၏။
ထိုကြယ်များ၏ အလင်းရောင်အောက် ကွဲကြေသွားသော သွေးရောင်များက လုံးဝ ပျောက်ကွယ် သွားသည်အထိ အမှုန်များ အဖြစ် ကွဲကြေသွားကြသည်။
.....
နတ်ဆိုးဘုံရှိ လူများက ထိုမြင်ကွင်းကို မည်သည့် ကုန်းမြေ၌ ဖြစ်ပွားခဲ့ကြောင်း မသိကြပေ။ သူတို့က ကောင်းကင်တွင် အချိန် အတော်အကြာ ပျောက်ကွယ် သွားသော လမင်းနှစ်စင်း ပေါ်လာသည်ကို တွေ့လိုက်ပြီး ယခင်က မျှော်လင့်ချက် ကဲ့သို့ပင် မြင်သာသော အလင်းရောင်မျိုး ပေးစွမ်းနေခဲ့သည်။
သူတို့၏စိတ်ထဲမှ လမ်းပျောက်နေခြင်း နောက်ဆုံး ပျောက်ကွယ် သွားခဲ့သည်။
စိတ်ရင်းအမှန်ဖြင့် ပျော်ရွှင်နေသော အော်ဟစ်သံများ နေရာတိုင်း၌ ပေါ်ထွက် လာတော့သည်။
.....
အခြားနေရာတစ်ခု၌...
ဘလန့်ချ်၏မျက်လုံးများ တဖြည်းဖြည်း ပွင့်လာပြီး အရှေ့မှ လူနှစ်ယောက်ကို အံ့ဩစွာ ကြည့်လိုက်သည်။
ပင်လယ်ကဲ့သို့ နက်ရှိုင်းသော မျက်လုံး အပြာ ရှိနေသည့် ရင်သပ်ရှုမောဖွယ် အမျိုးသမီးက ချစ်စရာ ကောင်းသော ကလေးမလေး တစ်ဦးကို လက်ထဲတွင် ကိုင်ထားသည်။ သူတို့ နှစ်ယောက်က ဘလန့်ချ်ကို လုံခြုံပြီး ငြိမ်းချမ်းသော ခံစားချက်မျိုးကို ပေးစွမ်းနေသည်။
“ငါ့နာမည်က ဗာရိုနီကာ၊ သူက အေဗရယ်။ အိမ်ကနေ ကြိုဆိုပါတယ်။ ဘလန့်ချ်။” ဗာရိုနီကာက လက်ဆန့်ပြီး နှုတ်ဆက်လိုက်သည်။
“အိမ်...” ဘလန့်ချ်က ခဏတာ မေ့လျော့နေ၏။ ဗာရိုနီကာ၏ အပြုံးကို ကြည့်နေရင်း သူက စိတ်ရင်းအမှန်ဖြင့် ထိုကဲ့သို့ ဖော်ရွှေမှုကို ခံစားလိုက်ရသည်။ ထိုမသိစိတ်ဖြင့် သူ ဗာရိုနီကာ၏ လက်ကို ဆုပ်ကိုင်လိုက်မိပြီးနောက် ရုတ်တရက် သူ၏ လက်များနှင့် ခန္ဓာကိုယ် ပြန်ကောင်း သွားကြောင်း ရုတ်တရက် တွေ့လိုက်ရ၏။
“ရှင်တို့ ကျွန်မကို ဘယ်လိုသိတာလဲ။”
“ဒါက ဘာနေရာလဲ...”
“ဒါက ကြယ်စင်စု နတ်ဘုရားကျောင်း။ အရင်က အဲဒီလို ခေါ်ခဲ့တာ။ ဘာပဲဖြစ်ဖြစ် ဒီအရာကို အဲဒီလူ ဖန်ဆင်းခဲ့တာ...”
အဲဒီလူအကြောင်း ပြောသောအခါတွင် ဗာရိုနီကာက ပို၍ပင်နူးညံ့စွာ ပြုံးလိုက်၏။
“ဒါက အခုကစပြီးတော့ မင်းရဲ့အိမ် ဖြစ်လိမ့်မယ်။ ငါတို့အိမ်နဲ့ သူရဲ့အိမ်လည်း ဟုတ်တယ်။”
“သူရဲ့အိမ် ဟုတ်လား...” ဘလန့်ချ်က သဘောပေါက်သွားပြီး နားမလည်သော အမူအရာ တစ်ခုကို ပြလိုက်သည်။ “ကျွန်မ ခုနကပဲ သေသွားတာ မဟုတ်လား။ ကျွန်မရဲ့ ဝိညာဉ်တောင်...”
ဗာရိုနီကာက အေဗရယ်ကို ကြည့်လိုက်သည်။ “မျှော်လင့်ချက်ရှိတဲ့ ဒီလောကမှာ အားလုံးက ဖြစ်နိုင်တယ်။ ဟိုဘက်မှာ သွားထိုင်ရအောင်။ နင် အေဗရယ်ရဲ့ ဇာတ်လမ်းကို နားထောင် ကြည့်ပြီးတော့ အဖြေရှာလို့ရနိုင်မယ်...”
အစပိုင်း အေဗရယ်၏ အားအနည်းဆုံး စိတ်ခန္ဓာကိုယ်နှင့် ယှဉ်လျှင် မျက်မှန်နှင့် သလင်းကျောက် ပုတီးပေါ်မှ ကျန်ရှိ နေသော အသိစိတ်က ပို၍ အားကောင်း နေလာခဲ့သည်။
....
ပို၍ ဝေးကွာသော အခြားနေရာတစ်ခု၌ ပို၍ အတိအကျ ပြောရလျှင် တစ်ခုသော စင်္ကြာဝဠာရှိ လောကအသစ် တစ်ခုတွင် ဖြစ်သည်။
မျက်လုံးတစ်စုံ ပွင့်လာပြီး ထိုအကြည့်က အတော်လေး ထူးခြား၍ နေခဲ့သည်။ ၎င်းက အရာအားလုံးကို ဂရုမစိုက်သလို ဖြစ်နေသော်လည်း နက်ရှိုင်းသော ခံစားချက်များ ပါဝင်၍ နေခဲ့သည်။
သူက ပတ်ပတ်လည်မှ အရာအားလုံးကို အံ့အားသင့်စွာဖြင့် ကြည့်နေလိုက်သည်။ အံ့အားသင့်စရာ အကောင်းဆုံးမှာ သူက တည်ရှိနေခဲ့သည်။
မှန်ပေသည်။ သူ တည်ရှိနေသေး၏။
ထိုအရာက သူ နားလည်ခဲ့သည့် အရာ ဖြစ်သည်။ ဘဝ အဓိပ္ပါယ်ကို စမ်းသပ်မှု တစ်ခုခုမှ တစ်ဆင့် ပို၍ မျှော်လင့်ချက်ရှိသူ တစ်ယောက်ထံ လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်သည်။
ယခုတွင် ထိုသူက သူနှင့် လူစီယာတို့ကို စိတ်မပျက်စေခဲ့ပေ။
“ရှင်လား...” အနားမှ အမျိုးသမီး တစ်ယောက်၏ အသံ ထွက်လာခဲ့သည်။ လုံးဝကို မေ့လျော့၍ မရသော အလွန် ရင်းနှီးလှသည့် အသံတစ်ခုပင်။
သူက ချစ်သူ၊ ညီမ၊ အပေါင်းအဖော် တစ်ယောက် ဖြစ်လေသည်။
အမှောင်ထုထဲ ကျရောက်ပြီး ကျိန်စာ တိုက်ခိုက်လာခြင်းမှ ကာကွယ်ရန်အတွက် သူက မတုံ့ဆိုင်းဘဲ နောက်ဆုံး လက်ကျန် ဝိညာဉ်ကို ကိုယ်တိုင် ချေမှုန်းခဲ့သည်။ ထိုအချိန်မှစ၍ သူ၏ တကယ့်ဝိညာဉ်က သူနှင့် အတူ ပျောက်ကွယ်သွားခဲ့သည်။ ကျန်နေသော တစ်ခုတည်းသောအရာမှာ စိတ်ဆန္ဒကို ဖျက်ဆီးရန် ဇွဲလုံ့လပင်။
“ငါပါ...” မျက်လုံးထောင့်မှ မျက်ရည်ကို သုတ်လိုက်ပြီး သူက ဖြည်းဖြည်းချင်း နောက်သို့ လှည့်ကြည့်လိုက်သည်။ သူက အပြုံးကို မြင်လိုက်ရ၏။
ပထမဆုံး မြင်တွေ့ခဲ့စဉ်က လိုမျိုးပင် ဖြစ်သည်။
အဝေးတွင် ပုံရိပ်အချို့က သူ့ကို လက်ဝှေ့ယမ်း ပြနေသည်။
သူတို့အားလုံး ဒီမှာ ရှိနေကြတာပဲ။
အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်က ဘယ်လိုပဲဖြစ်ဖြစ် သူတို့တွေက လုံးဝ မထွက်သွားခဲ့ဘူး။
သူက ခန္ဓာကိုယ်ပေါ်မှ ထူးဆန်းသော အဝတ်အစားကို ကြည့်ရင်း ရုတ်တရက် ပြုံးလိုက်၏။
“အခြားလောက...”
ထိုသို့ ပြောပြီးနောက် သူ၏လက်ကို ကိုင်ကာ ထိုသူများဆီသို့ လျှောက်သွား လိုက်တော့သည်။
...
အမှောင်လ နေအိမ်၌ ဖြစ်သည်။
ဖရီယာ ဘေးနားရှိ သော်သော်က ရုတ်တရက် တစ်ခုခုကို သတိထားမိ သွားပြီး အံ့အားသင့်သော အမူအရာတစ်ခု ပြသလိုက်သည်။ သူက မီးတောက်တစ်ခု အဖြစ် ရုတ်တရက် ပြောင်းသွားပြီး ခြံဝင်း တံခါးဆီသို့ ပျံသန်းသွားခဲ့သည်။
“ဖေဖေ... မေမေ...”
ထိုအသံကို ကြားသောအခါ ဖရီယာ၏ လက်ထဲမှ သို့သို့လည်း တုံ့ပြန်လိုက်သည်။ ထိုအချိန် မျက်လုံးစူးရှသော ကလေး ဆိုးလေးက ပုံရိပ် နှစ်ခုကို တိတိကျကျ ရှာတွေ့သွားပြီး လက်ချောင်းလေးများဖြင့် ပျော်ရွှင်စွာ ထိုးပြလိုက်သည်။
ကောင်းကင်က ပုံမှန်အတိုင်း ပြန်ဖြစ် သွားပြီးနောက် အက်ဂ်လက်စ်နှင့် အခြား သူများက ဖြစ်နိုင်ခြေ ရှိသော အဖြေ တစ်ခုကို နားလည်သွားခဲ့သည်။ သူတို့က တစ်ပြိုင်နက်တည်း မတ်တပ်ရပ်လိုက်ပြီး တံခါးဆီသို့ လှမ်းလျှောက်သွားခဲ့သည်။
တံခါးက အတော်လေး လူပြည့်ကျပ် နေခဲ့သည်။ ချန်လွေ့နှင့် ထွက်သွားခဲ့သော တစ်ယောက်မှ မပျောက်ဆုံးသွားခဲ့ပေ။ သူတို့ အားလုံး ထိုနေရာ၌ ရှိနေကြ၏။
သို့သော် အက်ဂ်လက်စ်၊ ပါ့ဂရစ်ဇ်၊ မာရီယာနှင့် စပန်တို့ကဲ့သို့ အစွမ်းထက် ပုဂ္ဂိုလ်များက ထိုသူများတွင် ပြောင်းလဲမှု အချို့ ဖြစ်ခဲ့သည်ကို သေသေချာချာ ခံစားမိသည်။ သူတို့က မည်သည့်အရာ ဖြစ်ကြောင်း မပြောနိုင် ကြသော်လည်း မယုံနိုင်စရာ ခံစားချက်တစ်ခု ရှိနေခဲ့၏။
မယုံနိုင်စရာ အကောင်းဆုံးမှာ သော်သော် တင်းတင်းကျပ်ကျပ် ပွေ့ဖက် ထားသော ချန်လွေ့ပင်။
သူက အသေအချာပင် သူတို့၏ မျက်လုံး အရှေ့၌ ရှိနေသော်လည်း ကြယ်များကဲ့သို့ ဝေးကွာနေဟန် တူသည်။
ထိုကဲ့သို့ အခြေအနေမျိုးကို စကားဖြင့် ဖော်ပြ၍ မရနိုင်ပေ။
“အင်း... သူက ဘာပဲဖြစ်ဖြစ် သူက ငါ့သမက်ပဲ...” အက်ဂ်လက်စ် သူ့ကိုယ်သူ နှစ်သိမ့်လိုက်ပြီး ပါ့ဂရစ်ဇ်ကို ဖျတ်ခနဲ ကြည့်လိုက်လေသည်။ ထို့နောက်တွင် ဘေးကင်းစွာဖြင့် ပြန်လာသော သမီး နှစ်ယောက်ကို ပျော်ရွှင်စွာဖြင့် ပွေ့ဖက် လိုက်သည်။
သို့သော်လည်း သူ၏ ပိုင်ဆိုင်မှုအများစု ပါဝင်သော နေရာလွတ်လက်စွပ်ကို ရင်ထဲ ထိသွားသော သမီးလေး တစ်ယောက်က အဆင်ပြေပြေပင် ယူသွားခဲ့သည်။ အခြား သမီး တစ်ယောက်က ၎င်းကို ထိရန်ပင် စိတ်မပါဘဲ ဘေးဘက်မှ ဂျိုအန်နာ၏ တင်ပါးကို ထိလိုက်၏။ တော်ဝင်နဂါး ဧကရာဇ်၏ အပြုံးက အေးခဲသွားခဲ့သည်။
“အင်း... ငါ့မှာလည်း သမီးတစ်ယောက် ရှိတယ်...” နောက်ထပ် နဂါးဧကရာဇ် တစ်ယောက်က ထိုစကားကို ပြောစဉ် ယုံကြည်ချက် ကင်းမဲ့နေသည်မှာ အသေအချာပင်။ ထို့အပြင် သူက အေဗရယ်ကို မမြင်ခဲ့။ ဒါပေမယ့် ဒီလူသား အဆင်ပြေတယ်ဆိုတော့ အေဗရယ်လည်း အဆင်ပြေလောက်မှာပဲ။ သူ သူတို့လိုမျိုး စိတ်ကူးယဉ်လို့မရတဲ့ အကျိုးအမြတ်တွေ ရသွားတာ ဖြစ်လောက်တယ်။
မာရီယာ မေးလိုက်သည်။ “ချန်လွေ့... မင်း အဲဒီအဆင့်ကို ရောက်သွားပြီလား။”
ထိုစကား ထွက်လာသည်နှင့် ပါ့ဂရစ်ဇ်၊ အက်ဂ်လက်စ်နှင့် အခြားသော သူများ၏ နားရွက်များ ထောင်သွားကြသည်။
“အစ်ကိုက ဘယ်လိုမျိုး အဆင့်ကို ရောက်သွားတာလဲ။” ဘေးဖက်မှ ဖရီယာက သိချင်စိတ်ဖြင့် မေးလိုက်သည်။
“နတ်ဘုရားအဆင့်လား...”
လက်ဇ်က ရေးရေးလေး ခန့်မှန်းမိ သော်လည်း သူ၏စိတ်ထဲ၌ ဖော်ပြ၍ မရအောင် စိတ်လှုပ်ရှားသွားခဲ့သည်။
ငါ့သားက တကယ်ပဲ နတ်ဘုရား ဖြစ်သွားပြီလား....
ဖရီယာ ထိတ်လန့်သွားခဲ့ပြီး အံ့အား သင့်စွာဖြင့် ပါးစပ်ကို အုပ်ထားလိုက်မိ၏။ “အစ်ကို...”
“ငါက နတ်ဘုရား မဟုတ်ပါဘူး...” ချန်လွေ့က ဖရီယာကို ပြုံးပြပြီး သူ၏ ခေါင်းကို ထိလိုက်သည်။ ထိုစကားက ရှင်းပြချက် တစ်ခုသာမက သူ့အတွက် စမှတ် အသစ်လည်း ဖြစ်သည်။
“ကျွန်မ သိပါတယ်။ အစ်ကိုက အစ်ကိုပါပဲ...”
အဲလစ်က အရင် ပြန်ဖြေလိုက်သည်။
“အစ်ကိုက ချန်လွေ့ပဲ။ ချန်လွေ့ရဲ့ ချန်၊ ချန်လွေ့ရဲ့ လွေ့....”
ထိုသို့ပြောပြီးနောက် မင်းသမီးလေးက ချန်လွေ့ကို လူတိုင်းအရှေ့ ခပ်ကျယ်ကျယ် နမ်းလိုက်ပြီး သူ၏အစ်ကိုက ယခင်က ကဲ့သို့ပင် သူ၏ အနမ်းကို ခံသင့်ကြောင်း သရုပ်ပြလိုက်သည်။
ထိုလုပ်ရပ်ကို သော်သော်က တန်ပြန် တိုက်ခိုက်ခဲ့လေသည်။ ခဏအကြာတွင် ချန်လွေ့၏ မျက်နှာက ကလေးမလေး၏ တံတွေးများဖြင့် ဖုံးလွှမ်းသွားခဲ့လေသည်။ ချန်လွေ့က ရယ်လိုက်ပြီး သမီးဖြစ်သူ၏ မျက်နှာကို နှုတ်ခမ်းမွှေးဖြင့် ပွတ်လိုက်၏။ ကလေးမလေးက မကျေနပ်စွာဖြင့် ကတ်သရင်း၏ လက်ထဲသို့ သွားလိုက်ပြီး အနိုင်ကျင့်ခံရသော ကလေးတစ်ယောက် ကဲ့သို့ ပြုမူနေခဲ့သည်။
“ဒီလောကနဲ့ အဲဒီလောက... သူတို့က နတ်ဘုရားတွေ လိုအပ်လား...” သမီးဖြစ်သူကို ပြုံးပြရင်း နမ်းပြီးနောက် တိုက်ပွဲကို ကိုယ်တိုင် ကြုံခဲ့ရပြီး အခြား စကြာဝဠာ၏ ဉာဏ်ပညာ နတ်ဘုရားမ ဖြစ်သည့် ကတ်သရင်းက နက်ရှိုင်းဆုံး မေးခွန်းတစ်ခုကို မေးလိုက်သည်။
“ဒါက အချိန် အကြာကြီး စဉ်းစားဖို့ လိုအပ်တဲ့ မေးခွန်းပဲ... ကိုယ်ကတော့ အဖြေကို မသိသေးဘူး... သေချာတာ တစ်ခုကတော့...” ချန်လွေ့က ခေါင်းကို ခါလိုက်ပြီး ရှိနေသော လူအားလုံးကို ကြည့်လိုက်သည်။ “ကိုယ်က လူတိုင်းကို လိုအပ်တယ်...”
သဘောပေါက်သော အပြုံးများက လူတိုင်း၏ မျက်နှာတွင် ပေါ်လာခဲ့သည်။ အဲလစ်က ချန်လွေ့၏ နောက်ကျောပေါ် ရယ်နေရင်း ခုန်တက်ပြီး သော်သော်လေး ကလည်း ဖခင်ဖြစ်သူ၏ လည်ပင်းပေါ် ခုန်တက်လိုက်၏။ ခီရာက သို့သို့ကို ချန်လွေ့ အပေါ် တွဲလဲခိုစေချင်ခဲ့သည်။ ရလာဒ် အနေဖြင့် ကလေးဆိုးလေးက အဖေ ဖြစ်သူကို မျက်နှာသာ မပေးဘဲ ငိုချတော့သည်။
များပြားလှသော လူအုပ်ကြီး အပြင်ဘက်ရှိ ထောင့်တစ်နေရာတွင် ဖိုက်တွန်က တိတ်တဆိတ် မတ်တပ် ရပ်နေပြီး ထိုမြင်ကွင်းကို ပျော်ရွှင်ခြင်း မရှိသလို ဝမ်းနည်းခြင်းလည်း မရှိတဲ့ တည်ငြိမ်သော အကြည့်ဖြင့် ကြည့်နေ၏။ မည်သို့ပင် ဆိုစေကာမူ သူက မူလအတိုင်း အထီးကျန်မှု မရှိတော့ဘဲ သူ၏ စိတ်ထဲ၌ စကားတစ်ခွန်းသာ ရှိနေခဲ့သည်။
ရှင့်ကို ကြည့်ကြည့်၊ မကြည့်ကြည့်၊ ရှင့်နှလုံးသားက ကျွန်မရဲ့ နှလုံးသားထဲမှာ အမြဲတမ်း ရှိနေမှာပါ... ကျွန်မ လုံးဝ လက်လွှတ်ခံမှာ မဟုတ်ဘူး။