အခုက ငါတောက်ပရမဲ့အချိန်ပဲ
Vol. 29 Ch. 425
အခန်း (၄၂၅) : အခုက ငါတောက်ပရမဲ့အချိန်ပဲ
ကူသို့၏ ခေါင်းပေါ်ရှိ အဖုကြီးကို ကြည့်ကာ အလယ်ပိုင်းကုန်းမြေ ပါရမီရှင်တစ်ယောက်က မနေနိုင်ပဲ လှောင်ပြောင်လိုက်သည်
“ ဘုန်းကြီးကတော့ ထင်ထားတဲ့အတိုင်းပဲ။ သူ့ကို ကြည့်ရတာ သေမျိုးလောကကို ဆင်းသက်လာတဲ့ ဗုဒ္ဓတစ်ပါးနဲ့တော့ တူပါတယ်”
စောနက အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များက ယခု အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်မျိုးဆက်က ယခင်မျိုးဆက်များထက် သာလွန်နေမည်ကို စိုးရိမ်နေခဲ့သည်။
ကြည့်နေရရုံဖြင့်တင် သူတို့ အရမ်းစိတ်ပူနေမိခြင်း ဖြစ်နေသည်။
“ ဒါဆိုရင် အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်တွေ အကုန်လုံးက ပုံမှန်မဟုတ်တာမျိုး မဟုတ်ဘူးပေါ့။ အံ့ဖွယ်မိုးကောင်းကင် တပည့်တွေပဲ ပုံမှန် မဟုတ်တာပဲ။ တခြားအရှေ့ပိုင်းလွင်ပြင် အထွတ်အမြတ်မြေတွေက ဘာမှကြောက်စရာ မရှိဘူး”
ဝမ်ရှန်းယုနှင့် ချီရှောက်ရွှမ်တို့က အချင်းချင်းကြည့်ကာ နှုတ်ခမ်းများကို အနည်းငယ် တွန့်ချိုးသွားမိကြသည်။
အဲဒီ ကတုံးဘုန်းကြီးကြောင့် ငါတို့တွေ အထင်သေးခံနေရတာမလား
သူတို့နှစ်ယောက်က ကူသို့ကို စိုက်ကြည့်ကာ နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်
“ ဘယ်လောက်တောင် ရှက်ဖို့ ကောင်းလိုက်သလဲ”
ကူသို့က ခေါင်းငုံ့ကာမျက်နှာကို အုပ်ထားရင်း အသည်းအသန် ငိုကြွေးရင်း ပြောလိုက်သည်
“ ဒီသနားစရာ ဘုန်းကြီးကလည်း အဲလိုမျိုးတွေ မဖြစ်ချင်ခဲ့ပါဘူး။
သူတို့က ငါ့ကို အနိုင်ကျင့်တာ။ ငါ့ကို ရိုက်နှက်ဖို့အတွက် ကောင်းကင်အသျှင်တစ်ယောက်ကို လွှတ်လိုက်တာ။ သူတို့က ငါ့ကို ချိတ်ဆွဲထားပြီးတော့ ရိုက်နှက်တာ”
ကူသို့၏ ခေါင်းတစ်ခုလုံး ယောင်ကိုင်းနေသည့်အတွက် လုံးဝ စိတ်ပျက်အားလျော့နေသည်။
ထိုအခိုက်အတန့်တွင် စင်မြင့်ပေါ်ရှိ အခြေအနေက တစ်ခါထပ်မံ ပြောင်းလဲသွားပြန်သည်။
ကျောက်ဟောင်က ကောင်းကင်အသျှင်နှစ်ယောက်ကို အနိုင်ယူလိုက်ပြီး ကျန်းယွင်ထင်က သူတို့နှစ်ယောက်ကို နောက်ဆုတ်ဖို့အတွက် ဖိအားပေးလိုက်သည်။
အဖေတူသားဖြစ်သော ကျန်းယွင်ထင်က အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ ပုံစံကို လုံးဝ အမွေဆက်ခံထားပြီး သူ၏ ခွန်အား အစစ်အမှန်ကို ဖုံးကွယ်ထားသည်။
သူ၏ သွေးသားတော်စပ်သော ညီမအရင်းဖြစ်သည့် ကျန်းယွင်ရှီးပင် ကျန်းယွင်ထင်၏ ခွန်အားအစစ်အမှန်ကို အပြည့်အဝ မသိရှိနိုင်ပေ။
သူက ဝိဇ္ဇာအသုံးအဆောင်ပစ္စည်းဖြစ်တဲ့ ဝေဟင်နဂါး သံစဉ်ခုနစ်သွယ် ဗျပ်စောင်းကိုသာ အသုံးပြုလိုက်သော်လည်း ကောင်းကင်အသျှင်နှစ်ယောက်ကတော့ သူ့အနားကိုပင် မကပ်နိုင်တော့ပေ။
ကျန်းယွင်ထင်က ကောင်းကင်အသျှင်နှစ်ယောက်ကို နောက်ဆုတ်သွားအောင် အတင်းဖိအားပေးလိုက်သည်။ အံ့ဖွယ်မိုးကောင်းကင် ကောင်းကင်မိုးကြိုး ကာကွယ်ရေး အစီအရင်က သူတို့ကိုမိုးကြိုးဖြင့် ပစ်ချထားသည့်အတွက် ခေါင်းမှ အနက်ရောင် မီးခိုးများ ထွက်နေသည်။ နောက်ဆုံးတွင် သူတို့ ရှုံးနိမ့်ပြီး နောက်ဆုတ်သွားရသည်။
ကောင်းကင်အသျှင် ဆယ်ယောက်၏ တိုက်ခိုက်စွမ်းရည်က အလျင်အမြန် ကျဆင်းသွားပြီး သူတို့ ကာကွယ်ရုံသာ ကာကွယ်နိုင်ပြီး ပြန်လည် ခုခံနိုင်ခြင်း မရှိတော့ပေ။
သူတို့ ရှုံးနိမ့်သွားဖို့အတွက် သိပ်မလိုတော့ပေ။
တောင်ပိုင်းမင်းသားနှင့် မြောက်ပိုင်းမင်းသားတို့ကလည်း မျက်မှောင်ကြုတ်ထားကြသည်။
အလယ်ပိုင်းကုန်းမြေ ပါရမီရှင်တွေရဲ့ ခေါင်းဆောင်တွေအနေနဲ့ သူတို့ အဖွဲ့က သူတို့ကိုယ်သူတို့ အရှက်ရအောင်လုပ်နေတာကို ဘယ်လိုလုပ်ပြီးတော့ ထိုင်ကြည့်နေနိုင်မှာလဲ
ဒါက သူတို့ကို ပါးရိုက်လိုက်တာနဲ့ အတူတူပဲ
မြောက်ပိုင်းမင်းသား ရှီလင်းက ဒီထက်ပိုပြီး ထိုင်ကြည့်မနေနိုင်တော့သည့်အတွက် အရင်ဆုံး ထထွက်သွားသည်။ သူက အံ့ဖွယ်သက်တံကို ထိန်းချုပ်ကာ တောက်ပသော ရွှေရောင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲကာ သူ့ကို ရွှေရောင်လျှပ်စီးကြောင်းတစ်ခုသဖွယ် ဖြစ်သွားစေသည်။
သို့သော် ရှီလင်းက ကောင်းကင်အသျှင် ဆယ်ယောက်နှင့် အံ့ဖွယ်မိုးကောင်းကင် ပါရမီရှင် လေးယောက်တို့ကြားက တိုက်ပွဲကို ဝင်ပြီးတော့ မနှောင့်ယှက်ပေ။ အဲဒီအစား သူက အရှေ့ပိုင်းလွင်ပြင် စံပြများကို ငုံ့ကြည့်ကာ အေးစက်စွာ အော်ပြောလိုက်သည်
“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ဘယ်မှာလဲ။ တက်လာပြီးတော့ ငါနဲ့ တိုက်ခိုက်”
ရှီလင်းက အားလုံးကို ငုံ့ကြည့်သည့်အချိန်တွင် အကြည့်ထဲ၌ ရွံရှာမှုတို့ဖြင့် ပြည့်နှက်နေသည်။
သူ့စိတ်ထဲတွင် အစီအစဉ်တစ်ခု ရှိနေပြီဖြစ်သည်။
ကောင်းကင်အသျှင် ဆယ်ယောက် ရှုံးသွားမည်က အနှေးနှင့် အမြန်ဖြစ်သလို မျက်လုံးပါသောသူမှန်သမျှ အဲဒီအကြောင်းကို သိသည်။
သူသာ အတင်း ဝင်ရောက်နှောင့်ယှက်လိုက်ပါက လူအုပ်၏ အထင်သေးခြင်းကို ခံရမည်ဖြစ်သည်။
ထိုအရာက အလယ်ပိုင်းကုန်းမြေပါရမီရှင်များ၏ ဂုဏ်သိက္ခာကို ပြန်လည်အဖတ်ဆယ်ဖို့ ထိုနည်းလမ်းက အလုပ်မဖြစ်ပေ။
သူတို့၏ ဂုဏ်သိက္ခာကို အဖတ်ပြန်ဆယ်ဖို့အတွက် ရှီလင်းက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို တိုက်ရိုက်စိန်ခေါ်ဖို့အတွက် ရည်ရွယ်လိုက်ခြင်းဖြစ်သည်။
“ သူပုန်ဓားပြတွေကို ဖမ်းချင်ရင် သူတို့ရဲ့ ခေါင်းဆောင်ကို အရင်ဖမ်းရမယ်”ဆိုတဲ့ ပြောစကားအတိုင်းပဲပေါ့
အသန်မာဆုံးသော ထိပ်တန်းတပည့် တစ်ယောက်ကသာ သူတော်စင်ရာထူးကို ရရှိနိုင်သည်။
သူသာ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို အနိုင်ရရင် တခြား အံ့ဖွယ်မိုးကောင်းကင် တပည့်တွေ ဘာများလုပ်နိုင်ဦးမှာလဲ
ဒီအတိုင်းသာဆိုရင် သူက အလယ်ပိုင်းကုန်းမြေက ပါရမီရှင်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူနိုင်ရုံတင် မကပဲနဲ့ သူ့ရဲ့ ဂုဏ်ပုဒ်အသစ်ကိုလည်း ရနိုင်သွားမှာပဲ
ဒီမျိုးဆက်ရဲ့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က နယ်မြေငါးခုလုံးမှာ ကျော်ကြားတယ်ဆိုတော့ အားလုံးက သူ့ကို သိကြမှာပဲ
ဟွမ်ရှစ်ကတောင် သူ့နာမည်ကို ထုတ်ပြောတယ်ဆိုတော့ သူ့ရဲ့ ခွန်အားကလည်း သေချာပေါက် ရိုးရှင်းမှာတော့ မဟုတ်ဘူး
သို့သော် ရှီလင်း လုံးဝ ဂရုမစိုက်ပေ။ အလယ်ပိုင်းကုန်းမြေ လူငယ်မျိုးဆက်များ ကြားထဲတွင် ရှီထျန်းကျီမှလွဲ၍ သူ့ကို ကြောက်လန့်အောင် မလုပ်နိုင်ကြပေ။
ဒီနေ့တော့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ဘယ်လောက်ထိ သန်မာလဲဆိုတာကို သူ မြင်ချင်တယ်
ရှီလင်းက အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်များကို စိုက်ကြည့်ချိန်တွင် အကြည့်များက ဓားသွားကဲ့သို့ စူးရှထက်မြက်နေသည်။
ဒါက အလယ်ပိုင်းကုန်းမြေက ထိပ်တန်းအရည်အချင်းရှိသူထဲက တစ်ယောက်ဖြစ်တဲ့ စစ်မှန်ငယ်ရွယ်တဲ့ ကောင်းကင်အသျှင်ပဲ
အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က အဲလိုမျိုး စွမ်းအားကြီးတဲ့ တည်ရှိမှုမျိုးကို အနိုင်ယူနိုင်ပါ့မလား
ဒါပေါ့ သူ သေချာပေါက် လုပ်နိုင်တာပေါ့
သူက ဒဏ္ဍာရီလာ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ပဲလေ
သူတို့အားလုံးက သူ့ဆီကနေ အကူအညီရထားတော့ အရှေ့ပိုင်းလွင်ပြင် စံပြတွေက ရှန်ထျန်းကို သဘောကျတဲ့ အမြင်နဲ့ ကြည့်နေကြတာ
ရှန်ထျန်းက အရှေ့ပိုင်းလွင်ပြင်အတွက် ဂုဏ်သိက္ခာကို ယူလာပေးမည်ဟု သူတို့ ခိုင်မာစွာ ယုံကြည်နေမိသည်။
သူက အရှေ့ပိုင်းလွင်ပြင်တစ်ခုလုံးရဲ့ မျှော်လင့်ချက်ပဲလေ
သို့သော် ရှန်ထျန်း ဘာမှပြန်မပြောသေးခင် ကျယ်လောင်သော် အသံတစ်ခုကို ကြားလိုက်ရသည်
“ သာမန် ဝိညာဉ်အသွင်ပြောင်း ကျင့်ကြံသူတစ်ယောက်က ညီအစ်ကိုရှန်ကို စိန်ခေါ်ဖို့ မလိုဘူး”
ချီရှောက်ရွှမ်က ကောင်းကင်တွင် ပျံသန်းနေသည်။ သူက ခရမ်းရောင် ချီသက်တံပေါ်သို့ တက်နင်းကာ စင်မြင့်ပေါ်သို့ ပျံသန်းသွားသည်။
ရှီလင်း၏ အကြည့်များက တည်ငြိမ်သွားကာ မတူညီစွာ မေးလိုက်သည်
“ မင်းက ဘယ်သူလဲ”
ချီရှောက်ရွှမ်က တိုက်ခိုက်ချင်စိတ်အပြည့်ဖြင့် ပြောလိုက်သည်
“ ခရမ်းစံအိမ် သူတော်စင် ချီရှောက်ရွှမ်ပဲ”
ရှီလင်းက ဘယ်လောက်ထိ စွမ်းအားကြီးလဲဆိုတာကို ချီရှောက်ရွှမ် ခံစားကြည့်လို့ရသည်။ သူက သူတိုက်ခိုက်ချင်နေတဲ့ ပြိုင်ဘက်မျိုး ဖြစ်သည်။
ရှီလင်းက လှောင်ရယ်ရင်း ပြောလိုက်သည်
“ ကနဦးဝိညာဉ် အဆင့်တဲ့လား။ ဒီမင်းသားလေးက မင်းကို ခွေးတစ်ကောင်ကို သုတ်သင်သလိုမျိုး သုတ်သင်လိုက်မယ်။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို တက်လာခိုင်းလိုက်တာ ပိုကောင်းမယ်နော်”
ချီရှောက်ရွှမ်က ပြန်ပြောလိုက်သည်
“ မင်းကို ကိုင်တွယ်ဖို့ ငါတစ်ယောက်ထဲဆိုရင် လုံလောက်တယ်”
သူ့ခန္ဓာကိုယ်မှ များပြားသော ခရမ်းရောင်စွမ်းအင်ပမာဏများ ပေါက်ကွဲထွက်လာပြီး သူက မိုးမြေကို ပြောင်းပြန်လှန်ပစ်တော့မလိုမျိုး ခရမ်းရောင်မြူခိုးများက ကောင်းကင်သို့ ဝင်ရောက်သွားသည်။
ကောင်းကင်ပုဆိန်လှံရှည်က လေဟာနယ်ကို ထိုးဖောက်သွားကာ ပြိုင်ဘက်ကင်း စွမ်းအားကြီး အရှိန်အဝါဖြင့် ပေါက်ကွဲထွက်သွားသည့်အတွက် အာကာပြင်ကို စုတ်ပြဲသွားစေသည်။
ထိုစွမ်းအားကို ထုတ်လွှတ်လိုက်သည့်အခါ အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များပင် တိတ်တဆိတ် ထိတ်လန့်သွားကြသည်။
အံ့ဖွယ်မိုးကောင်းကင် သူတော်စင်အပြင် ယခုလိုမျိုး စွမ်းအားကြီးသော စံပြတစ်ယောက် အရှေ့ပိုင်းလွင်ပြင်မှာ ရှိနေလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။
ဒါမှမဟုတ် ဒီလူကလည်း ကတုံးဘုန်းကြီးလိုမျိုးပဲလား
အလယ်ပိုင်းကုန်းမြေစံပြများက အရမ်းသိချင်စိတ် ပြင်းပြနေသည်။ ချီရှောက်ရွှမ်က ဘယ်လိုအရည်အချင်းရှိလို့ မြောက်ပိုင်းမင်းသားကို စိန်ခေါ်ရဲလည်းဆိုတာကို မြင်ချင်နေကြသည်။
ရှီလင်းက မျက်မှောင်ကြုတ်ကာ လှောင်ရယ်ရင်း ပြောလိုက်သည်
“ စိတ်ဝင်စားစရာပဲ။ ခရမ်းစံအိမ်သူတော်စင်မှာ နတ်ဧကရာဇ်တစ်ယောက်ရဲ့ အရည်အချင်းရှိတယ်လို့ ကြားဖူးတယ်။ အဲဒီနတ်ဧကရာဇ်ရဲ့ အရည်အချင်းက ဘယ်လောက်ထိ စွမ်းဆောင်နိုင်မလဲဆိုတာကို မြင်ချင်မိတယ်”
ရှီလင်း၏နောက်တွင် ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ဧရာမ ရွှေလင်းယုန် ပုံရိပ်သဏ္ဌာန်အဖြစ် ပြောင်းလဲသွားသည်။
အံ့ဖွယ်လင်းယုန်က ကောင်းကင်သို့ ပျံသန်းသွားပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ရွှေရောင်အလင်းတန်းဖြင့် လွှမ်းခြုံထားလိုက်သည်။
သူ့လက်ထဲတွင် ထူးဆန်းသော နတ်သင်္ကေတများ ထွင်းထားသော တိုက်ပွဲသုံး ဓားရှည်တစ်ချောင်း ထွက်ပေါ်လာသည်။
“ ဒါက အထွတ်အထိပ် ဝိဇ္ဇာအသုံးအဆောင်ပစ္စည်းဖြစ်တဲ့ စကြဝဠာ နေလ ဓားမော့ပဲ။ ဒီနေ့ မင်းကို ဖိနှိပ်ဖို့အတွက် ဒါကို အသုံးပြုလိုက်မယ်”
ရှီလင်း၏ မျက်လုံးအိမ်ထဲတွင် ရွှေရောင်အလင်းတန်းများဖြင့် တောက်ပနေပြီး သူ့အရှိန်အဝါက ပိုပြီးတော့ ကြောက်ဖို့ကောင်းလာသည်။ သူ့နောက်တွင် ရွှေလင်းယုန် ပုံရိပ်သဏ္ဌာန် ထွက်ပေါ်လာပြီး နေမင်းနှင့် လမင်းတို့၏ အရောင်ကို မှေးမှိန်သွားစေသည်။
စကြဝဠာ နေလဓားမော့ထဲမှ အံ့ဖွယ်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ထိုအရာက အရမ်းတောက်ပပြီး အဆုံးမဲ့ အံ့ဖွယ်စွမ်းအင်ကို သယ်ဆောင်လာကာ လေဟာနယ်ထဲသို့ ထိုးဖောက်သွားသည်။
ရှီလင်းက စကြဝဠာ နေလ ဓားမော့ကို လက်ထဲတွင် ကိုင်ဆောင်ထားပြီး ရှေ့သို့တိုးလာသည်။ သူက လမင်းကို တစ်စစီလုပ်ချင်စီ တောင်တန်းနှင့် မြစ်များကို ဖြိုခွဲချင်သကဲ့သို့ ထိတ်လန့်စရာကောင်းလှသည်။
ချီရှောက်ရွှမ်၏ မျက်နှာထားက မပြောင်းလဲသွားပေ။ သူ့လက်ထဲရှိ ကောင်းကင်ပုဆိန်လှံရှည်မှ ထွက်လာသော အသံသည်လည်း အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
အဆုံးမဲ့ ခရမ်းရောင်ချီက နေ၊ လနှင့် ကြယ်တာရာများကို ဝါးမျိုနိုင်စွမ်း ရှိပုံပေါ်သည့် ဧရာမ ခရမ်းရောင်နဂါးအသွင်သို့ ပြောင်းလဲသွားသည်။
ချွင်…
မီးပွားများ နေရာတိုင်းသို့ လွင့်စင်သွားသည်။
သူတို့နှစ်ယောက် ချက်ချင်း တိုက်မိသွားသည့်အတွက် သူတို့၏ ခုတ်ချက်များက ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို တုန်လှုပ်သွားစေကာ အာကာပြင်ကို လုံးဝ ပြိုလဲသွားစေသည်။
အလယ်ပိုင်းကုန်းမြေ စံပြများက ကြောင်အသွားကာ ပြောလိုက်သည်
“ ဒီလူက အရမ်းသန်မာတာပဲ”
“ သူ့ရဲ့ တိုက်ခိုက်စွမ်းရည်က အရမ်းဆန်းကြယ်တဲ့ပုံစံ ဟန်ဆောင်နေတဲ့ ဘုန်းကြီးအတုနဲ့တော့ လုံးဝ မတူညီတဲ့ အဆင့်မှာ ရှိတယ်”
အားလုံး အံ့ဩသွားကြသည်။ ကောင်းကင်အသျှင်ဖြစ်သော ရှီလင်းနှင့် ယှဉ်ပြိုင်ဖို့အတွက် သူ့အရည်အချင်းက ထိတ်လန့်စရာကောင်းသည်ဟု သတ်မှတ်နိုင်သည်။
ကူသို့ ဘာပြန်ပြောရမယ်မှန်းမသိတော့ပေ။
“ ဘာလို့ ငါ့ကို ထပ်ပြီးတော့ ဆွဲထည့်နေပြန်တာလဲ။ ဒီသနားစရာ ဘုန်းကြီး ခါးသီးမှုကို ခံစားနေရပါပြီ”
ကူသို့က မျက်နှာမဲ့ရွဲ့ကာ သူ့ဘဝကိုသူ မယုံကြည်နိုင်ဖြစ်သည်။
“ ကောင်လေး မင်းမှာ ပညာရပ်တချို့ရှိနေပေမဲ့ မင်းရဲ့ ကျင့်ကြံဆင့်က အရမ်းအားနည်းနေတယ်”
သူနှင့် ယှဉ်ပြိုင်နိုင်သော ကနဦးဝိညာဉ်ကျင့်ကြံသူကို ပထမဆုံးတွေ့ဖူးခြင်းဖြစ်သည့်အတွက် သူ အတော်လေး စိတ်ဝင်စားနေမိသည်။
သို့သော် ချီရှောက်ရွှမ်၏ ကျင့်ကြံခြင်းအဆင့်က များစွာ အခွင့်ကောင်း မရနိုင်ဖြစ်သည်။ ရှီလင်း၏ အလယ်အလတ်အဆင့် ဝိညာဉ်အသွင်ပြောင်း ကျင့်ကြံခြင်းဖြင့်ဆိုလျှင် ကနဦးဝိညာဉ် ကျင့်ကြံသူတစ်ယောက်ကို ဖိနှိပ်ခြင်းက ရိုးရှင်းသော ကိစ္စတစ်ခု ဖြစ်သည်။
ချီရှောက်ရွှမ်၏ တိုက်ခိုက်လိုစိတ်က အရမ်းပြင်းထန်နေသည်
“ မင်းက သာမန် ဝိညာဉ်အသွင်ပြောင်း ကျင့်ကြံသူတစ်ယောက်ပဲလေ။ ငါတို့ကြားထဲက ကွာဟချက်ကို လက်ဖျောက် တစ်ချက်တီးလိုက်ရုံနဲ့တင် ချိုးဖောက်နိုင်တယ်”
ချီရှောက်ရွှမ်အတွက် ရှီလင်းက မလွှမ်းမိုးနိုင်သော ပြိုင်ဘက် တစ်ယောက် မဟုတ်ပေ။
သူက နေရာအသီးသီးမှ ပါရမီရှင်များကို စိန်ခေါ်ဖို့ ကြိုးစားခဲ့ပြီး ပြိုင်ဘက်ကင်းတစ်ယောက် ဖြစ်လာဖို့အတွက် ကြိုးစားနေခဲ့သည်။
သူ့ကိုယ်သူ မေးခွန်းပြန်ထုတ်အောင် လုပ်ခဲ့တဲ့ ရှန်ထျန်းနဲ့ တွေ့ခဲ့တာတော့ နှမြောစရာပဲ
သို့သော် သူကလွဲပြီး ဘယ်သူ့ကိုမှ ချီရှောက်ရွှမ် မရှုံးခဲ့ပေ။
သူက သူ့ဘဝမှာ ဘယ်သူ့ထက်မှ အားနည်းမှာ မဟုတ်သလို အနာဂတ်မှာလည်း နံပါတ်တစ် စွမ်းအားကြီးသူတစ်ယောက် ဖြစ်လာလိမ့်မည်ဟု သတ်မှတ်ထားသည်။
အလယ်အလတ်အဆင့် ကောင်းကင်အသျှင်တစ်ယောက်ပင် သူ့ကို ကြောက်အောင် လုပ်ဖို့ မလုံလောက်ပေ။
ချီရှောက်ရွှမ်၏ ခန္ဓာကိုယ်ထဲရှိ ခရမ်းရောင် အရှိန်အဝါက ပြင်းထန်စွာ ထိုးဖောက်ထွက်လာကာ ရှည်လျားသော မြစ်တစ်စင်းအဖြစ်သို့ ပြောင်းလဲသွားသည်။
စွမ်းအင်များက သူ့ခန္ဓာကိုယ်ထဲတွင် အဆက်မပြတ် လည်ပတ်နေကာ ကောင်းကင်သို့ ပျံသန်းသွားပြီး အထွတ်အထိပ် ပုံရိပ်သဏ္ဌာန်တစ်ခုသို့ အသွင်ပြောင်းသွားသည်။
ခရမ်းရောင် နဂါးပုံရိပ်သဏ္ဌာန်က စကြဝဠာကို ဖြတ်သန်းလာကာ ခရမ်းရောင် တောင်နှင့် မြစ်ကာ ကမ္ဘာလောကကို ဖိနှိပ်ထားသည်။ ရွှေလင်းယုန်ပုံရိပ်သဏ္ဌာန်က ကောင်းကင်ကိုးခုသို့ တိုက်ရိုက်ထိုးဖောက်သွားကာ သက်တံတစ်စင်းကဲ့သို့ ဖြစ်နေသည်။
ချီရှောက်ရွှမ်၏ အရှိန်အဝါက ပိုပိုပြီးတော့ စွမ်းအားကြီးလှသည်။ သူက ခေါင်းမော့ကာ ကောင်းကင်ကို ကြည့်ရင်း အော်ပြောလိုက်သည်
“ ငါက အရှေ့ပိုင်းလွင်ပြင်မှာ မွေးဖွားလာကတည်းက ငါ ချီရှောက်ရွှမ်က အရှေ့ပိုင်းလွင်ပြင်ကို တစ်သက်လုံး အောင်မြင်အောင် လုပ်ပေးမှာ။
ဝိညာဉ်အသွင်ပြောင်းအဆင့်သို့ တက်လှမ်းခြင်း အောင်မြင်သွားပြီ”
ထိုအချိန်တွင် ခရမ်းရောင် ချီစွမ်းအားက ချီရှောက်ရွှမ်၏ ခန္ဓာကိုယ်ထဲသို့ ဝင်သွားသည်။ သူ၏ ကျင့်ကြံဆင့်လည်း အလျင်အမြန် တိုးတက်လာသည်။ ခရမ်းရောင် ချီ၏ အထောက်အပံ့ဖြင့် အံ့ဖွယ်အလင်းတန်းက သူ့ဘေးပတ်လည်တွင် လည်ပတ်နေပြီး သိပ်သည်းသော မြူခိုးများကလည်း လျှံကျနေသည်။
ဝုန်း…
ချီရှောက်ရွှမ်၏ ခန္ဓာကိုယ်တစ်ခုလုံး အနည်းငယ် တုန်လှုပ်သွားကာ ဝိညာဉ်အသွင်ပြောင်းအဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည့်အတွက် သူ့အရှိန်အဝါက ကျယ်ပြန့်သော သမုဒ္ဒရာအဖြစ်သို့ ပြောင်းလဲသွားသည်။
ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်းရေးဆေးလုံး၏ ဆေးစွမ်းအားက သူ့ခန္ဓာကိုယ်ထဲတွင် လည်ပတ်နေပြီး အဆင့်မြင့်ဖို့အတွက် အသင့်ဖြစ်နေသည်။
ဝိညာဉ်အသွင်ပြောင်းအဆင့်သို့ ရောက်ရှိပြီးနောက် ချီရှောက်ရွှမ်၏ အရှိန်အဝါက ပိုပြီးတော့ စွမ်းအားကြီးလာသည်။ ခရမ်းရောင်အရှိန်အဝါက သူ့ခန္ဓာကိုယ် ပတ်လည်တွင် ဝန်းရံနေပြီး သူ့ကို စစ်နတ်ဘုရားအသွင်ဆောင်စေသည်။
ရှီလင်းက ခေါင်းညိတ်ပြကာ ကျေနပ်စွာဖြင့် ပြောလိုက်သည်
“ ဒါက ပိုပြီးတော့စိတ်ဝင်စားဖို့ ကောင်းတယ်”
“တိုက်ခိုက်ကြမယ်”
ချီရှောက်ရွှမ် အဆင့်တက်သွားသည့်အတွက် ရှီလင်း၏ တိုက်ခိုက်လိုစိတ်က ပြင်းထန်လာသည်။
သူ့လက်ထဲရှိ စကြဝဠာ နေလဓားမော့က တောက်ပလာသည်။ အက္ခရာစာများ အလျင်အမြန် စီးဆင်းလာကာ နေနှင့်လတို့ ပေါင်းစပ်ပြီး ကြီးမားသော ဓားအလင်းတန်းကြီးတစ်ခု ဖြစ်ပေါ်သွားစေသည်။
ဓားအလင်းတန်းက ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို တုန်ခါသွားစေပြီး လေဟာနယ်စင်မြင့်၏ ကြီးကျယ်သော အလင်းတန်းကို ဖြစ်ပေါ်စေပြီး တစ်စစီဖြစ်တော့မလို ပုံစံမျိုး ပေါ်နေသည်။
“စကြဝဠာ နေလဓားမော့”
ရှီလင်းက အော်သံတစ်ခု ထုတ်လိုက်ပြီး သူ၏ ဓားသွားနှင့် ခုတ်ထစ်ကာ အဆုံးမဲ့ လေဟာနယ်ကို သုတ်သင်လိုက်သည်။
“နဂါး တိမ်ဖြိုခွင်း တိုက်ကွက်”
ချီရှောက်ရွှမ်၏ ခန္ဓာကိုယ်ထဲရှိ နဂါးချီက ကျယ်ပြန့်ပြီး စွမ်းအားကြီးလှသည်။ ခရမ်းရောင်ချီ မြင့်တက်လာပြီး ကောင်းကင်ပုဆိန်လှံရှည်က ကောင်းကင်တစ်ခွင် ဖြတ်တိုက်သွားကာ ပြိုင်ဘက်ကင်း ပုဆိန်လှံရှည်အလင်းတန်းများကို ထုတ်လွှတ်နေသည်။
ထိုအခိုက်အတန့်တွင် ဓားရှည်အလင်းတန်းနှင့် ပုဆိန်လှံရှည်အလင်းတန်းတို့ ထိတိုက်မိသွားကြသည်။
ဂျိန်း…
ကမ္ဘာမြေကို တုန်လှုပ်သွားစေသော ပေါက်ကွဲမှုက သူတို့နှစ်ယောက်လုံးကို လွင့်ထွက်သွားစေသည်။
မကြာခင်မှာပဲ ထိုလူနှစ်ယောက်က ရှေ့သို့ ဆက်တိုးလာသည်။ သူတို့တိုက်ပွဲ၏ အလျင်က အင်မတန်မြန်ပြီး နေရာတစ်ခုလုံးကို ပုံရိပ်များဖြင့် ပြည့်နှက်သွားစေသည်။
သူတို့နှစ်ယောက်လုံးက တိုက်ပွဲရူးတွေ ဖြစ်ကြသည်။ လက်ရည်တူသော ပြိုင်ဘက်ကို တွေ့ပြီးနောက် တိုက်ခိုက်လိုစိတ်များ ပြင်းထန်နေပြီး အနိုင်နှင့် အရှုံးကို ဆုံးဖြတ်နိုင်ဖို့အတွက် စိတ်အားထက်သန်နေသည်။
အချိန်ခဏအတွင်းမှာပင် သူတို့နှစ်ယောက် ရာချီသော တိုက်ကွက်များကို ဖလှယ်ပြီးနေပြီဖြစ်သည်။
ထိုမြင်ကွင်းက စံပြအားလုံး၏ သွေးများကို ဆူပွက်သွားစေသည်။
ပြိုင်ဘက်ကင်း ပါရမီရှင်နှစ်ယောက်ကြားထဲမှ တိုက်ပွဲက အင်မတန် ရှားပါးလှသည်။
သို့သော် အလယ်ပိုင်းကုန်းမြေစံပြများက တစ်ခုခု လွဲမှားနေပြီဆိုတာကို မကြာခင်မှာပဲ သတိထားမိသွားကြသည်။
ချီရှောက်ရွှမ်နှင့် ရှီလင်းတို့က လက်ရည်တူသော်လည်း နှစ်ယောက်လုံး ဒဏ်ရာများ ရရှိထားကြသည်။
ခရမ်းရောင်ချီက နေရာတစ်ခုလုံးကို ဖုံးအုပ်သွားပြီး ရွှေရောင်အလင်းတန်းကို ဖုံးအုပ်သွားဖို့အတွက် အချိန်သိပ်မကြာလိုက်ပေ။
ချီရှောက်ရွှမ်က ရှီလင်းအပေါ် လွှမ်းမိုးမှုက ပိုမိုကျွမ်းကျင်လာပြီး သူလွှတ်ထုတ်လိုက်သော တိုက်ခိုက်စွမ်းရည်ကလည်း ပိုမိုသန်မာလာသည်။
“ ခရမ်းရောင် မြစ်တောင်တန်း ဖန်တီးခြင်း”
ချီရှောက်ရွှမ်၏ နောက်၌ ခရမ်းရောင်အရှိန်အဝါက အရှေ့ဘက်မှ ထွက်ပေါ်လာပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်သွားသည်။
အဆုံးမဲ့ ခရမ်းရောင်စွမ်းအင်က အဆုံးမဲ့ မြစ်များ၊ တောင်များ အဖြစ်သို့ ပြောင်းလဲသွားကာ ကမ္ဘာလောကကို ဖိနှိပ်တော့မည့်ပုံပေါ်သည်။
ချီရှောက်ရွှမ် တိုက်ခိုက်လိုက်တိုင်း အဆုံးမဲ့ ခရမ်းရောင်ချီကိုလည်း မွေနှောက်သွားသည်။ ရှေးဟောင်း အံ့ဖွယ်တောင်တန်းက လေးလံစွာ ဖိနှိပ်သလိုမျိုးဖြစ်နေသည်။
အချိန်ခဏအတွင်းမှာပင် ရှီလင်းက ချီရှောက်ရွှမ်၏ အပြည့်အဝဖိနှိပ်မှုကြောင့် နောက်သို့ ထပ်ခါထပ်ခါ ဆုတ်ခွာသွားရတော့သည်။
အလယ်ပိုင်းကုန်းမြေ ပါရမီရှင်က အံ့ဩစွာဖြင့် ပြောလိုက်သည်
“ ဒါက ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ။ မြောက်ပိုင်းမင်းသားလေ”
မြောက်ပိုင်းမင်းသားလိုမျိုး သန်မာတဲ့သူက ဒီမျိုးဆက်ရဲ့ အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်တစ်ယောက်ကိုတောင် အနိုင်မယူနိုင်ဘူးတဲ့လား
သူတို့က ဘယ်လို မကောင်းဆိုးဝါးမျိုးတွေလဲ
၇ယောက်မြောက် ခရမ်းစံအိမ်သူတော်စင်က ကောင်းကင်ကို မော့ကြည့်ကာ ရယ်လိုက်ပြီး ပြောသည်
“ သူက မြောက်ပိုင်းဘုရင်ရဲ့ အမွေဆက်ခံသူဆိုတော့ရော ဘာဖြစ်လဲ။ ငါ့ရဲ့ ဂိုဏ်းတူညီလေးက သူ့ကို ဖိနှိပ်နိုင်သေးတာပဲ”
အံ့ဖွယ်မိုးကောင်းကင် သူတော်စင်မျိုးဆက်တွေက ဘာလို့ အရမ်းကျေနပ်နေပုံပေါ်လဲဆိုတာကို ၇ယောက်မြောက် ခရမ်းစံအိမ်သူတော်စင်က နားလည်သွားသည်။
ဒီလိုမျိုး ဂုဏ်ကျက်သရေနဲ့ ပြည့်စုံသွားတဲ့ ခံစားချက်က အရမ်းပျော်ဖို့ကောင်းတယ်
ထိုအခိုက်အတန့်တွင် ဝမ်ရှန်းယု လက်ပိုက်ပြီး ကြည့်မနေနိုင်တော့ပေ။ ချီရှောက်ရွှမ်က လေဟာနယ်စင်မြင့်ပေါ်တွင် အဓိကဇာတ်ကောင်ဖြစ်နေသည်ကို ကြည့်ပြီး နှလုံးသား နာကျင်လာမိသည်။
မရဘူး…ငါလည်း အရေးပါတဲ့သူတစ်ယောက် ဖြစ်ချင်တယ်
ထိုအတွေးကြောင့် ဝမ်ရှန်းယုက လေဟာနယ်စင်မြင့်ဆီသို့ ချက်ချင်း အပြေးအလွှားသွားလိုက်သည်။ သူက လက်နောက်ပစ်ကာ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်ကဲ့သို့ တောင်ပိုင်းမင်းသားကို ငုံ့ကြည့်ပြီး ပြောလိုက်သည်
“ မင်း တက်လာခဲ့”
ဝမ်ရှန်းယုက သူ့ဘာသာသူ တွေးလိုက်သည်။
ဒီကလေးက အပြောထက် အလုပ်နဲ့ သက်သေပြတတ်တဲ့သူ ထင်တယ်။ သူက အရမ်းမသန်မာဘူးဆိုတာ သေချာတယ်။ ဒီကောင်လေးပေါ်မှာ အသာစီးရနိုင်မလားဆိုတာ ကြည့်ကြသေးတာပေါ့။ တည်သီးက ပိုပြီးတော့ အားနည်းတဲ့သူရဲ့ ကြိတ်ချေခြင်းကို ခံရမှာပဲလေ
ဟား…ဟား…ဟား…
ဒီနေ့အတွက် အဓိကဇာတ်လိုက်ကတော့ ငါပဲ ဖြစ်ရမယ်
ဝမ်ရှန်းယုက အများကြီး မစဉ်းစားဘဲ ရှီကွေ့ကို တိုက်ရိုက်စိန်ခေါ်လိုက်သည်။
“ သေခြင်းကို တရားစီရင်ပေးရမှာပဲ”
ရှီကွေ့က ပြောလိုက်ရင်း အံ့ဖွယ်အလင်းတန်းတစ်ခုအဖြစ်သို့ အသွင်ပြောင်းကာ စွမ်းအားကြီးသော အရှိန်အဝါကို သယ်ဆောင်ထားရင်း ကောင်းကင်ပေါ်ရှိ နေရာတစ်ခုသို့ တက်လှမ်းသွားသည်။
ဆန်းကြယ်သော အလင်းတန်းက သူ့ခန္ဓာကိုယ်ကို ပတ်လည်ဝန်းရံနေပြီး ဧရာမ လိပ်နက်ပုံရိပ်ကြီးက သူ့နောက်တွင် ပေါ်နေသည်။ သူ ထိုစင်မြင့်ပေါ်သို့ တက်လှမ်းသည်နှင့် တစ်ပြိုင်နက် ဝမ်ရှန်းယုဆီသို့ ဦးတည်သွားလိုက်သည်။
ဝမ်ရှန်းယု၏ အကာအကွယ် ချက်ချင်း ချိုးဖောက်ခံလိုက်ရသည့်အတွက် ထိတ်လန့်သွားကာ ပြောလိုက်သည်
“ သေစမ်း… နောက်ဆုံးအဆင့် ကောင်းကင်အသျှင်လား”
အဲဒီစကားနည်းတဲ့ကောင်က ဒီလောက်ထိ ရက်စက်မယ်လို့ ဘယ်သူက ထင်မှာလဲ။ သူ့ရဲ့ အရှိန်အဝါက မြောက်ပိုင်းမင်းသားထက်တောင် ပိုပြီးတော့ သန်မာနေသေးတယ်
ငါ ဒီတစ်ခါ သံပြားကို သွားရိုက်မိတာလား …
[သူ ထင်မှတ်ထားတာနဲ့ တလွဲဖြစ်နေတာကို ပြောချင်တာပါ]
ဝမ်ရှန်းယုက သတိပေးခံလိုက်ရသော်လည်း ရှောင်ရှားဖို့မမေ့ပဲ ချက်ချင်း အာကာပြင်ထဲသို့ လွတ်မြောက်ထွက်ပြေးသွားသည်။
ဝုန်း…
လေဟာနယ်၏ ကြီးမားသောနေရာက တစ်စစီဖြစ်သွားသည့်အတွက် အာကာပြင်ကို တွန့်လိမ်ရှုံ့တွသွားစေသည်။
ထိုတိုက်ခိုက်မှု တစ်ခုတည်းကပင် သာမန် ကောင်းကင်အသျှင်တစ်ယောက်ကို သုတ်သင်ဖို့အတွက် လုံလောက်သည်။ သူ၏ ပစ်မှတ်ကို သေချာထိအောင် မလုပ်လိုက်နိုင်ပဲ လွတ်မြောက်သွားစေသည့်အတွက် ရှီကွေ့က မျက်မှောင်ကြုတ်လိုက်မိသည်။
လေဟာနယ်စင်မြင့်၏ တခြားတစ်ဖက်တွင် ဝမ်ရှန်းယု၏ ပုံရိပ်ပြန်လည် ထွက်ပေါ်လာသည်။
သို့သော် သူ့မျက်နှာထားက အနည်းငယ် ရုပ်ဆိုးနေစေပြီး ရေရွတ်နေသည်
“ ဒီလိပ်က တကယ်ကို ရက်စက်တာပဲ။ မင်းရဲ့ ခွန်အားနဲ့ ငါ့ကို အမောဖောက်အောင် လုပ်နေတာလား”
သူက ထိခိုက်မှုကို ရှောင်ရှားဖို့အတွက် လေဟာနယ်ထဲသို့ ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း စောနက သူ ဟန်များနေသည့်အတွက် တုံ့ပြန်ဖို့အတွက် အနည်းငယ် နှေးကွေးသွားခဲ့သည်။ ထိုအချိန်မှ ရရှိခဲ့သော ထိတ်လန့်မှုက သူ့ကို အနည်းငယ် ထိခိုက်သွားစေခဲ့သည်။
ဒီအလယ်ပိုင်းကုန်းမြေ မင်းသားက တကယ်ကို စွမ်းအားကြီးတာပဲ
ရှီကွေ့က မလှုပ်ရှားဘဲ ပြောလိုက်သည်
“ ဉာဏ်များတဲ့ကောင်”
ဝမ်ရှန်းယု၏ နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားကာ ပြောလိုက်သည်
“ လိပ်ကြီး သိပ်ပြီးတော့ မောက်မာမနေနဲ့။ မင်းကို ဖြတ်တောက်ပစ်မယ်ဆိုတာကို ယုံလား”
သို့သော် ရှီကွေ့က သူ့ကို စိုက်ကြည့်ပြီး သူ့ဆီသို့ တစ်ခါဦးတည်လာပြန်သည်။
“ ဘာ… ထပ်ပြီးတော့လား။ ငါ မင်းရဲ့ လိပ်ခေါင်းကို ဖြတ်ပစ်မယ်”
ဝမ်ရှန်းယုက လေဟာနယ်၏ စွမ်းအားကို သိပ်သည်းစေကာ တောက်ပသော လေဟာနယ်ဓားသွားအဖြစ်သို့ ပြောင်းလဲလိုက်သည်။
လေဟာနယ်ဓားသွားက အလျင်အမြန်လည်နေကာ ထိတ်လန့်စရာကောင်းသော အံ့ဖွယ်စွမ်းအားဖြင့် လင်းလက်နေသည်။
သူက လေဟာနယ်ဓားသွားကို ကိုင်မြှောက်ကာ ရှီကွေ့ဆီသို့ လွှဲပစ်လိုက်သည်။ အရှိန်အဝါက အရမ်းအေးစက်နေပြီး ကျောက်ဆောင်နှင့် ရွှေတုံးကို ဖြိုခွဲဖို့အတွက်ပင် လုံလောက်သည်။
ရှီကွေ့က တိုးလျသော အသံဖြင့် ပြောလိုက်သည်
“ နတ်ဘုရားရွှမ်ဝူ ချပ်ဝတ်”
ဧရာမလိပ်နက်ပုံရိပ်က လေဟာနယ်ကို ထိုးဖောက်ထွက်သွားပြီးနောက် အလင်းတန်းကလည်း ချက်ချင်း ရှီကွေ့ကို လွှမ်းခြုံသွားသည်။
ရွှေလှံရှည်များ အချင်းချင်းတိုက်မိကာ မီးပွားများကိုလည်း နေရာအနှံ့မှာ တွေ့မြင်နေရသည်။
လေဟာနယ်ဓားသွားက အလင်းတန်းကို ထိရိုက်သွားသော်လည်း အကာအကွယ်များကို ဖျက်စီးဖို့အတွက် မလုပ်နိုင်ခဲ့ပေ။
ဝမ်ရှန်းယု၏ နှုတ်ခမ်းတို့ တွန့်ချိုးသွားကာ ပြောလိုက်သည်
“ မဖြစ်နိုင်ဘူး”
“ အဲဒီကောင်ရဲ့ လိပ်ခွံက ဒီလောက်ထိ မာသင့်လို့လား”
ဝမ်ရှန်းယု အံ့ဩမှင်သသက်သွားမိသည်။
လေဟာနယ်ရဲ့ စွမ်းအားသာ အကာအကွယ်ကို မဖျက်စီးနိုင်ဘူးဆိုရင် ဆက်ပြီးတော့ တိုက်ခိုက်နေလို့ ဘာများထူးတော့မှာလဲ
ရှီကွေ့၏ တိုက်ခိုက်မှုများက အဆုံးမရှိပေ။ သူ့ ခန္ဓာကိုယ်ထဲရှိ သိမ်မွေ့သောအလင်းတန်းက ဧရာမလိပ်နက်အဖြစ်သို့ ပြောင်းလဲသွားကာ ဝမ်ရှန်းယုဆီသို့ ဦးတည်သွားသည်။
ဧရာမလိပ်နက်က ဥက္ကာခဲကဲ့သို့ ပွတ်တိုက်သွားကာ အဆုံးမဲ့လေဟာနယ်ကို တစ်စစီဖြစ်သွားစေသည်။ သူ့စွမ်းအားက အဆုံးစွန်ထိ ရောက်သွားပြီး ကြောက်စရာကောင်းလှသည်။
“ သေစမ်း”
ရှီကွေ့၏ တိုက်ခိုက်မှုမှ ကြောက်လန့်စရာကောင်းမှုကို ဝမ်ရှန်းယု ခံစားမိသည့်အတွက် တိုက်ခိုက်မှုကို ရှောင်ရှားဖို့ လေဟာနယ်ထဲသို့ အလျင်အမြန် ထွက်ပြေးလိုက်သည်။
ထိုအချိန်ခဏတွင် သူက လေဟာနယ်စင်မြင့်ပေါ်တွင် အပေါ်ခုန်လိုက် အောက်ပြန်ဆင်းလိုက်ဖြင့် အလုပ်ရှုပ်နေသည်။
အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်များက ဝမ်ရှန်းယုကို ကြည့်ပြီး မျက်မှောင်ကြုတ်နေကြသည်။
မဟာလေဟာနယ် သူတော်စင်ဟောင်းများလည်း ဆက်ပြီးမကြည့်နိုင်တော့သည့်အတွက် မျက်နှာများကို အုပ်ထားလိုက်သည်။
ဘယ်လောက်တောင် ရှက်ဖို့ ကောင်းလိုက်လဲ
တခြား သူတော်စင်တွေက အလယ်ပိုင်းကုန်းမြေ ပါရမီရှင်တွေကို အနိုင်ယူနိုင်နေတာလေ
ငါ့မိသားစုက သူတော်စင်ကတော့ ရိုက်နှက်ခံနေရတယ်တဲ့လား
ညီလေး မင်း နောက်နေတာပဲ ဖြစ်ရမယ်