ဓားနှလုံးသားအစပျိုးခြင်း
Vol. 22 Ch. 306
ဂျန်ဖန်း နှုတ်ခမ်းတွေ တွန့်လိမ်သွား၏။
ဤလူအိုကြီးက သူ့ဓားပညာနှင့်ပတ်သက်လျှင် အမှန်တကယ်ကို အစွန်းရောက်လွန်း၏။
သူက တစ်ဖက်လူကို စိတ်ဓာတ်ကျအောင် မလုပ်ချင်ပေ။
ထို့ကြောင့် လက်ချင်းယှက်ပြီး နှိမ့်ချစွာပြောလိုက်သည်။
"စီနီယာရဲ့ဓားပညာက နက်နဲပါတယ်။ ဒီဂျူနီယာအတွက် အချိန်တိုအတွင်းမှာနားလည်ဖို့က တကယ်ခက်ခဲပါတယ်...."
ရှုချင်းယန် အနည်းငယ်ခေါင်းညိတ်လိုက်သည်။ ထိုအရာကို သူမျှော်လင့်ထားပြီဖြစ်သည်။
"စိတ်ဓာတ်မကျပါနဲ့၊ ခက်ခဲတာသဘာဝပါပဲ။ မင်းသာအလွယ်လေးနားလည်သွားရင် ဓားကျမ်းမှားပေးမိတယ်လို့ ငါ့ကိုယ်ငါ သံသယဝင်မိမှာ....."
သူက နှစ်သိမ့်ပေးလိုက်သည်။
"ဒီဓားနည်းစနစ်ကို နောက်ထပ်အချိန်နည်းနည်းပိုပြီး လေ့လာလိုက်ပါ။ အဲ့ဒါမှဆက်ခက်နေသေးတယ်ဆိုရင်တော့, မင်းလက်လျော့လိုက်ပါ...."
"အဲ့ထဲမှာနစ်မြုပ်မသွားဖို့တော့ သတိရ...."
ဂျန်ဖန်း တိတ်တဆိတ် ခေါင်းခါယမ်းလိုက်သည်။
သူက ယဥ်ကျေးရုံကို ဤလူအိုကြီးက အလေးအနက်ဖြစ်နေခဲ့သည်။
သူ့စကားတွေကို နောက်ထပ်နားမထောင်နိုင်တော့၍ ခေါင်းညိတ်လိုက်သည်။
"လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်။ ဒီဂျူနီယာ အခု သွားလိုက်ပါအုန်းမယ်...."
သူက လှည်းပေါ်မှဆက်လာခဲ့လိုက်သည်။
သို့ပေမယ့် ရှုယင်းရင် သူ့ကို အံ့အားသင့်သည့်မျက်နှာဖြင့် ကြည့်နေခဲ့သည်။
"ကုသပြီးပြီလား...."
ဂျန်ဖန်း ခေါင်းညိတ်လိုက်သည်။
"ပြဿနာကြီးမဟုတ်ပါဘူး....."
ရှုယင်းရင် တစ်ခဏတွေးလိုက်သည်။
တကယ်ပင်....
ထိုအရာသာ ပြင်းထန်သည့်ဒဏ်ရာဆိုလျှင် ဘယ်လိုလုပ် ဤကဲ့သို့အချိန်တိုအတွင်း ကုသနိုင်မည်နည်း။
သူမက အနည်းငယ်ခေါင်းညိတ်ပြီး သိချင်စွာဖြင့် မေးလိုက်သည်။
"အဲ့ဒီစီနီယာ နင့်ကို ပစ္စည်းကောင်းတစ်ခုခုပေးလိုက်သေးလား....."
ထိုလူအိုကြီးက လင်းဂျင်ဟူ၏မိတ်ဆွေဖြစ်သည့်အတွက် အဆင့်အတန်းက သေချာပေါက်မြင့်မည်ပင်။
ဒဏ်ရာကုသပေးတာ ဘာမှမပေးလောက်အောင်ထိ တွန့်တိုမည်တော့မဟုတ်နိုင်ပေ။
ဂျန်ဖန်း တစ်ခဏတွေဝေနေပြီး ပြောလိုက်သည်။
"သူ ငါ့ကို ကျင့်ကြံရေးနည်းစနစ်တစ်ခုပေးတယ်...."
ဘာ?....
ရှုယင်းရင် အံ့အားသင့်သွား၏။
ထိုလူအိုကြီး ဘယ်လိုလူမျိုးနည်း။
ဒဏ်ရာသေးသေးလေးကုသပေးတာကို ကျင့်ကြံရေးနည်းစနစ်တစ်ခုပေးလိုက်သည်။
ယနေ့ခေတ် ဂိုဏ်း ၉ ဂိုဏ်း နယ်မြေ၌ ကျင့်ကြံရေးနည်းစနစ်တွေက ရှားပါးတန်ဖိုးကြီးပြီး အလွယ်တကူထုတ်ပေးမည်မဟုတ်ပေ။
သူမ မနေနိုင်ပဲ မနာလိုဖြစ်သွား၏။
"ဒီလိုမှန်းသာသိရင်, ငါလည်း ဆေးပညာအချို့သင်ခဲ့ပါတယ်...."
"ဒဏ်ရာရနေတဲ့စီနီယာတစ်ယောက်တွေ့တာနဲ့ ဒီလိုကံကောင်းမှုမျိုး ရနိုင်တယ်...."
ဂျန်ဖန်း ဆွံ့အသွား၏။
ဘာကိုကံကောင်းတာလဲ?...
ထိုဓားနည်းစနစ်က နာမည်နှင့်အဆင့်တောင်မရှိပေ။ ထို့ပြင် ဓားကျမ်းက တစ်ဝက်သာဖြစ်၏။
သူရခဲ့တာ ဘာလဲဆိုတာတောင် သူမသိပေ။
ထိုအခိုက်အတန့်၌...
လင်ဂျင်ဟူလည်း လှည်းပေါ်မှဆင်းလာပြီး ရှုယင်းရင်ကို လက်ဝှေ့ယမ်းပြလိုက်သည်။
"ကောင်မလေးရှု, ဒီကိုခဏလာပါဦး...."
ရှုယင်းရင်း လေးလေးစားစားနှင့် အလျှင်အမြန်ရှေ့တက်လာ၏။
"အကြီးအကဲလင်း, ဘာများညွှန်ကြားချင်လို့လဲ...."
လင်ဂျင်ဟူ သူမကိုကြင်နာစွာကြည့်လိုက်သည်။
"မင်းက တိမ်စိမ်းဂိုဏ်းတပည့်တစ်ယောက်ဖြစ်ပြီးနေတာ စိတ်မကောင်းစရာပဲ...."
"မဟုတ်ရင်, မင်းကို တပည့်ရင်းအဖြစ် လက်ခံဖို့ စဥ်းစားမိမှာ...."
ရှုယင်းရင် ဝမ်းသာသွား၏။
ဤအရာက ရမ္မက်ဂိုဏ်း၏ မဟာအကြီးအကဲဖြစ်သည်။
သူမက သာမန်အရည်အချင်းပဲရှိ၏။ ဘယ်လိုအကျိုးဆောင်မှုမျိုးလုပ်ခဲ့လို့ ဤကဲ့သို့ ဆက်ဆံမှုကို ရနေသနည်း။
"အကြီးအကဲလင်းရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒီဂျူနီယာ အလေးအနက်ကျေးဇူးတင်ပါတယ်...."
လင်ဂျင်ဟူ အကြိမ်ကြိမ် သက်ပြင်းချလိုက်သည်။
သူမက ဂျန်ဖန်းကြင်နာမှုကို အလကားလက်မခံချင်ပေ။
မဟုတ်လျှင် အလယ်အလယ်အဆင့် ယွမ်သိပ်သည်းခြင်းဆေးလုံးကိုအသုံးပြုသည့်အခါ သက်တောင့်သက်သာရှိမည်မဟုတ်ပေ။
ထို့ကြောင့် တစ်ခဏတွေးပြီးနာက် ကျောက်စိမ်းစာလိပ်တစ်ခုထုတ်ပြီး ပြောလိုက်သည်။
"ဒါက ငါနှစ်ပေါင်းများစွာကျင့်ကြံလာတဲ့ ကျင့်စဥ်နည်းစနစ်ပဲ...."
"သိမ်မွေ့အဆင့်မြင့်လေ၊ အခု နင့်ကိုပေးမယ်...."
ရှုယင်းရင် ထိတ်လန့်သွား၏။
သိမ်မွေ့အဆင့်မြင့်နည်းစနစ်?....
ဤအရာက တိမ်စိမ်းဂိုဏ်းမှာ အကြီးအကဲတွေသာ ကျင့်ကြံနိုင်သည့်အရာဖြစ်သည်။
ထို့ပြင် အတော်ရှားပါးသည့် ကျင့်စဥ်နည်းလမ်းဖြစ်၏။
သူမက အလျှင်အမြန်ပဲ လက်ဝှေ့ယမ်းလိုက်သည်။
"ဒီဂျူနီယာ မယူဝံ့ပါဘူး။ ဒီဂျူနီယာ မယူဝံ့ပါဘူး...."
ဤကဲ့သို့ ကြီးမားသည့်အခွင့်အရေးကို အကြောင်းအရင်းမရှိပဲ ဘယ်လိုလုပ် လက်ခံရဲမည်နည်း။
လင်ဂျင်ဟူ သူမလက်မောင်းထဲသို့ ထည့်ပေးလိုက်သည်။
"ယဥ်ကျေးနေဖို့မလိုပါဘူး....."
"မင်းရဲ့သူငယ်ချင်းက ငါမိတ်ဆွေရဲ့ဒဏ်ရာကို ကုသပေးခဲ့တယ်...."
"အဲ့ဒီမိတ်ဆွေက အတော်လေးကျေးဇူးတင်နေပြီး ငါ့ကို ရတနာတစ်ခုပေးခဲ့တယ်...."
"ငါက အဲ့ဒီကြင်နာမှုကို ပြန်ပေးတာပါ..."
ဂျန်ဖန်းကြောင့်သာ သူမက ရှုယင်းရင်ကို ကာကွယ်ပေးခဲ့တာဖြစ်သည်။
ယခု သူမကို ကြင်နာမှုပြန်ပြခြင်းက အကောင်းဆုံးနည်းလမ်းပင်။
အာ?....
ရှုယင်းရင်း အတော်လေး သိချင်လာ၏။
"အကြီးအကဲလင်း နံပါတ်တစ်အရိပ်စောင့်က ဒဏ်ရာသေးသေးလေးတစ်ခုကုပေးရုံပဲမဟုတ်ဘူးလား...."
"အကြီးအကဲရဲ့မိတ်ဆွေက ဒီလိုလက်ဆောင်ကြီးပေးဖို့လိုအပ်လို့လား..."
သူမက နားမလည်နိုင်ဖြစ်နေခဲ့သည်။
ဒဏ်ရာသေးသေးလေး?...
လင်ဂျင်ဟူ ကြောင်အသွား၏။
"မင်းသူငယ်ချင်းက နတ်ဆေးဆရာဆိုတာ မသိဘူးလား..."
ဘာ?...
နတ်ဆေးဆရာ?...
နံပါတ် ၁ အရိပ်စောင့်ကလေ....
ရှုယင်းရင် တုန်လှုပ်နေပြီး ရေရွတ်လိုက်သည်။
"သူက ဘယ်လိုလုပ် နတ်ဆေးဆရာဖြစ်နိုင်မှာလဲ...."
သူမ ထိုအရာကို ဘယ်တုန်းကမှမကြားဖူးပေ။
လင်ဂျင်ဟူ အဓိပ္ပာယ်ပါပါပြောလိုက်သည်။
"ကြည့်ရတာ မင်းက မင်းသူငယ်ချင်းကို တကယ်နားမလည်ဘူးနဲ့တူတယ်....."
"သူက နတ်ဆေးဆရာတစ်ယောက်ဖြစ်ရုံတင်မဟုတ်ဘူး, မသေမျိုးနတ်ဆေးဆရာရဲ့ အမွေအနစ်ကိုပါ ဆက်ခံထားတာ...."
ဘာ?...
ရှုယင်းရင် လုံးလုံးလျားလျား ကြောင်အသွား၏။
သူမက လှည်းအသစ်တစ်ခုယူလာသည့် နံပါတ်၁ အရိပ်စောင့်ကို အံ့အားစွာကြည့်လိုက်ပြီး မျက်လုံးထဲမှာ မရင်းနှီးမှုတွေရှိနေခဲ့သည်။
သူမနှင့်အတူ အထီးကျန်လှေမြို့မှလာသည့် သူငယ်ချင်း....
ဘယ်အချိန်က ဂိုဏ်း ၉ ဂိုဏ်းနယ်မြေ၏ ထိပ်တန်းနတ်ဆေးဆရာတစ်ယောက်ဖြစ်လာသနည်း။
"အကြီးအကဲလင်း, ယင်းရင်, ငါလက်ဖက်ရည်ဆိုင် ဧည့်သည်တစ်ယောက်ဆီကနေ လှည်းအသစ်တစ်ခုလဲလာတယ်..."
"အဲ့တစ်ခုက ပိုသစ်ပြီး ပိုလည်းသက်တောင့်သက်သာရှိပါတယ်။ စီနီယာက ဒဏ်ရာရနေတယ်ဆိုတော့ အဲ့လှည်းပေါ်မှာ စီးခိုင်းလိုက်ပါ...."
လင်ဂျင်ဟူမျက်လုံးတွေ အနည်းငယ်တောက်ပသွား၏။
သူမက ချီးကျူးလိုက်သည်။
"နင်က အတော်တွေးပေးတတ်ပါပဲ...."
ထိုအရာက ရှုချင်းယန်ရှေ့မှာ မျက်နှာကောင်းရဖို့ အခွင့်အရေးကောင်းတစ်ခုပင်။
သူမထိုအရာကို မတွေးမိခဲ့ပေမယ့် ဂျန်ဖန်းက တွေးမိခဲ့သည်။
ထို့နောက် ရမ္မက်ဂိုဏ်းတပည့်တွေကိုကြည့်ပြီး သတိပေးလိုက်သည်။
"နင်တို့အားလုံးက ဝန်ထုပ်ဝန်ပိုးတွေပဲ...."
"သူ့ဆီက သင်ယူကြ...."
"လူ့သဘာဝကိုနားလည်တာက နင့်တို့ရဲ့ နှစ်ပေါင်းများစွာကြိုးစားမှုကို သက်တာစေနိုင်တယ်...."
ရမ္မက်ဂိုဏ်းတပည့်တွေ အပြစ်မရှိပဲ မတရားခံရသည်ဟု ခံစားလိုက်ရသည်။
သူတို့ဘာလုပ်မိလို့ ဤကဲ့သို့အပြောခံရသနည်း။
ဂျန်ဖန်း ခြောက်ကပ်စွာရယ်လိုက်သည်။
"စကားပြောတာရပ်ကြရအောင်။ စီနီယာကို မြန်မြန် လှည်းအသစ်ထဲရွေ့ပေးတာပေါ့....."
သူက လူအိုကြီး၏ဒဏ်ရာကို တွေးတောပေးတာမဟုတ်ပေ။
လှည်းအောက်က သူ၏ခရမ်းဓားနှင့် ရှေးဟောင်းဗျတ်စောင်းကို တွေ့သွားမှာ စိုးရိမ်နေတာဖြစ်သည်။
မကြာမီ....
ရှုချင်ယန်ကို လှည်းအသစ်ပေါ် ရွေ့လိုက်ကြသည်။
ဂျန်ဖန်း သူ့ကိုယ်ပိုင်လှည်းဖြင့် နောက်မှကပ်လိုက်လာခဲ့သည်။
ဤခရီး၌ လင်ဂျင်ဟူသာမက သူမမိတ်ဆွေပါရှိနေ၏။
လုံခြုံရေးက လုံးဝ ပြဿနာမဟုတ်တော့ပေ။
သူက ရှားရှားပါးပါး စိတ်အေးမှုကို ခံစားလိုက်ရသည်။
လူအိုကြီးပေးလိုက်သည့်ဓားကျမ်းတစ်ပိုင်းကိုထုတ်ယူပြီး သေသေချာချာစစ်ဆေးကြည့်လိုက်သည်။
"ဓားချီကိုအပြင်ပိုင်းမှာကျင့်ပြီး၊ အတွင်းပိုင်းမှာ ဓားနှလုံးသားကိုပျိုးထောင်ရမယ်။ ဓားနှလုံးသားညွှန်ကြားရာကို ဓားက ချိန်ရွယ်သည်...."
ဂျန်ဖန်း ရေရွတ်လိုက်သည်။
သူက အနည်းငယ် စိတ်ရှုပ်သွား၏။
"ဒါက ဓားပညာကော ဟုတ်လို့လား...."
"ဘာလို့ ထူးဆန်းတယ်လို့ခံစားနေရတာလဲ...."
စဥ်းစားရင်းဖြင့် အထဲက ဓားချီအမျှင်တန်းတွေကို ဂရုတစိုက် နားလည်ဆင်ခြင်လိုက်သည်။
တစ်နာရီလောက်ကြာပြီးနောက်.....
သူ့အကြည့် ရုတ်တရက် ထက်ရှသွား၏။
ထို့နောက် နှစ်နှစ်ချောင်းကို ဓားအဖြစ်အသုံးပြုကာ ကောင်းကင်သို့ ညွှန်ပြလိုက်သည်။
"မြင့်တက်စမ်း...."
ရွစ်!
ခပ်နှိမ့်နှိမ့်အော်သံဖြင့် သူ့ကျောရှိ လွမ်းဆွတ်ခြင်းဆီးနှင်း မည်သည့်ပြင်ပအားမှမပါပဲ အလိုအလျောက်ဓားအိမ်ထဲကနေ ထွက်လာခဲ့သည်။
ထိုအရာက စမ်းသပ်မှုတစ်ခုသာဖြစ်သောကြောင့် တစ်ဝက်လောက်ဓားအိမ်ထဲမှထွက်ပြီးနောက် အားကုန်ကာ ပြန်ဝင်သွားခဲ့သည်။
"ဒါက...."
ဂျန်ဖန်း တုန်လှုပ်သွား၏။
"ဒါ ဘယ်လို ဓားပညာလဲ..."
"အဝေးကနေ ဓားပျံကို ထိန်းချုပ်နိုင်တယ်...."
"ဖြစ်နိုင်တာ ဒဏ္ဍာရီလာ ဓားထိန်းချုပ်ခြင်းနည်းစနစ်လား..."
သူက ရမ္မက်မြို့အပြင်ဘက်ရှိနေ့ကို ပြန်သတိရလိုက်သည်။
ထိုအချိန်က ထူးဆန်းသည့်ကျွမ်းကျင်သူတစ်ယောက် လက်ညိုးညွှန်လိုက်သည့်အခါ ဓားရှည်က ရန်သူကိုသတ်မည့်မြားတစ်စင်းကဲ့သို့ လေထဲကို ပြေးဝင်သွားခဲ့သည်။
သူလေ့ကျင့်နေတာ တူညီသည့်ဓားထိန်းချုပ်ခြင်းနည်းစနစ် ဖြစ်နေသည်လား....
ထိုအရာကိုတွေးပြီး မနေနိုင်ပဲ စိတ်လှုပ်ရှားသွားခဲ့သည်။
အလျှင်အမြန်ပဲ ခြေချိတ်ထိုင်ပြီး အပြည့်အဝအာရုံစိုက်ကာ နည်းစနစ်ကို နာလည်ဆင်ခြင်လိုက်သည်။
ရှေ့ကလှည်းထဲ၌....
ရှုချင်းယန် မျက်လုံးမှိတ်အနားယူနေပြီး ရုတ်တရက် ထထိုင်လိုက်သည်။
သူ့အိုမင်းသည့်မျက်လုံးတွေ၌ အံ့အားသင့်မှုတစ်ခု ဖြတ်ပြေးသွား၏။
တစ်လှည်းတည်းဖြစ်သည့်လင်ဂျင်ဟူ သူ့အမူအရာကြောင့် အ့အားသင့်သွားသည်။
"စီနီယာရှု, ဘာမှားနေလို့လဲ...."
ရှုချင်းယန် မသေချာသည့်အမူအရာဖြင့် ပြောလိုက်သည်။
"ခုလေးတင် တစ်ယောက်ယောက် ဓားထိန်းချုပ်ခြင်းနည်းစနစ်ကို အသုံးပြုလိုက်တယ်...."
ဟမ်?....
လင်ဂျင်ဟူ ကြောင်အသွား၏။
ဂိုဏ်း ၉ ဂိုဏ်း နယ်မြေ၌ ဓားထိန်းချုပ်ခြင်းနည်းစနစ်ကို နားလည်သည့်တစ်ယောက်တည်းသောလူမှာ သူပဲ မဟုတ်ဘူးလား...
သူမက နှစ်သိမ့်လိုက်သည်။
"စီနီယာရှု, နင် နားကြားမှားတာနေမှာ..."
သို့ပေမယ့် ရှုချင်းယန် ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။
"မမှားဘူး...."
"ငါ ဓားနှလုံးသားအတက်အကျကို ခံစားမိတယ်။ တစ်ယောက်ယောက် ဓားထိန်းချုပ်ခြင်းနည်းစနစ်ကို နားလည်သွားပြီ...."
"ဘယ်သူဖြစ်နိုင်မလဲ....."