← Chapters

လူမသိ သူမသိနေဖို့က ဘာလို့ ငါ့အတွက် အရမ်းခက်ခဲနေရတာလဲ

Vol. 29 Ch. 426

လူမသိ သူမသိနေဖို့က ဘာလို့ ငါ့အတွက် အရမ်းခက်ခဲနေရတာလဲ

Vol. 29 Ch. 426

အခန်း (၄၂၆) : လူမသိ သူမသိနေဖို့က ဘာလို့ ငါ့အတွက် အရမ်းခက်ခဲနေရတာလဲ

ချီရှောက်ရွှမ်နှင့် ရှီလင်းတို့ကြားက တိုက်ပွဲက ပိုမိုပြင်းထန်လာသည်။

ခရမ်းရောင်အရှိန်အဝါ မြစ်တောင်တန်းကို ဖိနှိပ်ထားကာ မယှဉ်နိုင်သော စွမ်းအားကို ပြသနေသည်။

သူက တောင်တန်းနှင့်မြစ်များကို လက်တစ်ဖက်ဖြင့် ထိန်းချုပ်ထားပြီး ကောင်းကင်ပုဆိန်လှံရှည်ကို တခြားတစ်ဖက်မှ ကိုင်ဆောင်ထားကာ နဂါးစစ် တော်ဝင်ကျမ်း၊ ခွန်ပန်ပညာရပ်များနှင့် တခြား ပြိုင်ဘက်ကင်း တိုက်ပွဲစွမ်းရည်များကို အပြည့်အဝ အသုံးပြုကြသည်။

အဆုံးမဲ့ အံ့ဖွယ်စွမ်းအားများက လှိုင်းလုံးများကဲ့သို့ ထွက်လာသည့်အတွက် ရှီလင်းက မြင်နေရသည်များကို မယုံကြည်နိုင်ဖြစ်သွားသည်။

အဲဒီကောင်လေးက ဘယ်သူများလဲ

သူက အခုမှ ဝိညာဉ်အသွင်ပြောင်း အဆင့်ကို ရောက်တာ ဆိုပေမဲ့ ဒီလိုမျိုး တိုက်ပွဲစွမ်းရည်ကိုတောင် ပိုင်ဆိုင်နေပြီတဲ့လား

ငါက အလယ်အလတ်အဆင့် ဝိညာဉ်အသွင်ပြောင်း ကျင့်ကြံသူလေ အခု အစောပိုင်းအဆင့် ဝိညာဉ်အသွင်းပြောင်း ကောင်လေးက ငါ့ကို ဖိနှိပ်နေတာလား

လာနောက်နေတာပဲ

ဒီနေ့ငါ အပြင်မသွားခင် သေချာ ဆုမတောင်းခဲ့လို့ သရဲတစ်ကောင်နဲ့ ဝင်တိုက်မိတာများလား

ချီရှောက်ရွှမ် ကနဦးဝိညာဉ်အဆင့်ကနေ ဝိညာဉ်အသွင်ပြောင်းအဆင့် ရောက်သွားတာကို သူ့မျက်လုံးနဲ့ သေချာ မမြင်နိုင်ခဲ့ရင် ရှီလင်းက ချီရှောက်ရွှမ်က ဝိညာဉ်အသွင်ပြောင်း နောက်ဆုံးအဆင့် မကောင်းဆိုးဝါးက လူငယ်လေး အယောင်ဆောင်ပြီးတော့ သူ့ကို စနောက်နေတယ်လို့ ထင်မိတော့မှာပဲ

သို့သော် သူက အမြန်တုံ့ပြန်ပြီး ပြန်လည်တိုက်ခိုက်ဖို့အတွက် ခွန်အားများကို အမြန်ပြန်လည်စုဆောင်းနေသည်။

မြောက်ပိုင်းမင်းသားတစ်ပါးအနေဖြင့် ရှီလင်း၏ ခွန်အားကလည်း အားမနည်းပေ။ သူက သူ့ပြိုင်ဘက်တွေကို အမြဲတမ်း ပြိုင်ဘက်ကင်းစွမ်းအားဖြင့် ချုပ်ကိုင်နိုင်ခဲ့သည်။

တစ်ယောက်ယောက်ကို ဖိနှိပ်ဖို့ မပြောနဲ့ သူနဲ့ အရမ်းကြာအောင်တောင် တိုက်ခိုက်နိုင်ကြတာမဟုတ်ဘူး

ရှီလင်း၏ နှလုံးသားထဲတွင် တိုက်ခိုက်လိုစိတ်က ပြင်းထန်လာသည်။

ရွှေရောင်အလင်းတန်းက သူ့ဘေးတွင် တောက်ပသော နေမင်းကဲ့သို့ ပတ်လည်ဝန်းရံနေပြီး တိမ်တိုက်များ ကြားထဲသို့ ထိုးဖောက်ထွက်နေသည်။

ရွှေလင်းယုန်က ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ဖုံးအုပ်ထားလိုက်သည်။ ရှည်လျားသော အော်သံတစ်ခုကို ထုတ်ကာ ကောင်းကင်တွင် ခရမ်းရောင် အငွေ့အသက်များဖြင့် ပြည့်နှက်သွားသည်။ ခရမ်းရောင်အရှိန်အဝါ မြစ်တောင်တန်းက ပြိုလဲသွားသည်။

ချီရှောက်ရွှမ်၏ အကြည့်တို့ အေးစက်သွားသည်။ ရှီလင်း၏ အရှိန်အဝါ ပြောင်းလဲသွားသည်ကို သူ ခံစားလိုက်ရသည်။ သူက ယခု အင်မတန်ပြင်းထန်သော အရှိန်အဝါရှိသည့် ကမ္ဘာဦးသားရဲတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။

ရှီလင်းက ခရမ်းရောင်စွမ်းအင်၏ ဖိနှိပ်မှုမှ လွတ်မြောက်လာကာ သေမျိုးလောကသို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံးကို ရွှေရောင်အလင်းတန်းဖြင့် လွှမ်းခြုံထားသည်။

သူက ချီရှောက်ရွှမ်ကို စိုက်ကြည့်ကာ ပြောလိုက်သည်

“ မင်းက အရမ်းသန်မာပြီးတော့ သာမန် ကောင်းကင်အသျှင်တွေနဲ့ တိုက်ခိုက်နိုင်တယ်ဆိုပေမဲ့ ကံမကောင်းစွာနဲ့ အခု ငါနဲ့ တွေ့ပြီပဲ။

မင်းက ဒီတိုက်ပွဲကို ရှုံးနိမ့်ဖို့အတွက် ကံကြမ္မာပါလာတာပဲ”

ရှီလင်းက လက်ထဲတွင် စကြဝဠာ နေလဓားမော့ကို ကိုင်ဆောင်ထားကာ ကောင်းကင်သို့ လွှဲယမ်းလိုက်သည်။

ထိုအချိန်တွင် အံ့ဖွယ်အလင်းတန်း ပေါက်ကွဲထွက်သွားသည်။ နေနှင့် လတို့၏ စွမ်းအားက အဆက်မပြတ်လည်ပတ်နေကာ တောက်ပနေသော ရွှေအလင်းတန်းနှင့် ရောယှက်သွားသည်။

များပြားသော ရွှေလင်းယုန်များက ဓားသွားဘေးတွင် ပတ်လည်ဝန်းရံနေပြီး သူတို့၏ စွမ်းအားများက အေးစက်လှပြီး ရပ်တန့်လို့ မရနိုင်ပေ။

“ကောင်းကင်လင်းယုန် ရိုက်ချက်ကိုးသွယ်”

ရှီလင်းကလည်း စကြဝဠာ နေလဓားမော့နှင့် ပေါင်းစပ်လိုက်သည်။ ကောင်းကင် လင်းယုန်က သူ့ကို ပိုင်ဆိုင်သွားသကဲ့သို့ အံ့ဖွယ်တောင်ပံများကို ဝှေ့ယမ်းကာ တောင်တန်းနှင့် မြစ်များကို ဖျက်စီးဖို့ ရည်ရွယ်ထားပုံရသည်။

တောက်ပသော ရွှေရောင် ဓားအလင်းတန်းများက လေဟာနယ်ထဲရှိ နယ်မြေတစ်ခုကို ထိုးဖောက်သွားကာ လေဟာနယ်ကို တစ်စစီဖြစ်သွားစေသည့်အတွက် အင်မတန် ထိတ်လန့်စရာကောင်းလှသည်။

“ အချိန်မီလေးပဲ”

ချီရှောက်ရွှမ်၏ ခရမ်းရောင် မျက်လုံးက တောက်ပလာသည်။ သူ၏ တောက်ပသော ခရမ်းရောင်အလင်းတန်းက ရွှေလင်းယုန်ပုံရိပ်သဏ္ဌာန်ကို တိုက်ခိုက်လိုက်သည်။

ခရမ်းရောင်မျက်လုံး ဖျက်စီးခြင်းအလင်းက ပေါက်ကွဲလာကာ ကောင်းကင်လင်းယု ရိုက်ချက်ကိုးသွယ်ကို အထွတ်အထိပ်စွမ်းအားဖြင့် ပေါင်းစပ်သွားပြီး ဝါးမျိုကာ ဖျက်စီးပစ်သည်၊

ချီရှောက်ရွှမ်၏ လှုပ်ရှားမှုများက ရပ်တန့်သွားခြင်းမရှိပေ။ ခွန်ပန်နှင့် နဂါးပုံရိပ်သဏ္ဌာန်များလည်း သူ့နောက်တွင် ပေါ်လာသည်။ ထိုနှစ်ခုက ပေါင်းစပ်သွားကာ ကောင်းကင်ပုဆိန်လှံရှည်ထဲသို့ ဝင်ရောက်သွားသည်။

ထိုအချိန်တွင် ချီရှောက်ရွှမ်၏ အရှိန်အဝါက အလွန် လွှမ်းမိုးနိုင်သွားသည်။ သူက ကမ္ဘာကို အုပ်ချုပ်ဖို့ အရည်အချင်းရှိပြီး သေခြင်းတရားကို မိန့်ဆိုသော စစ်နတ်ဘုရားတစ်ပါးအသွင်ဆောင်နေသည်။

“ ခွန်ပန် နဂါးနတ်ဘုရားရိုက်ချက်”

ချီရှောက်ရွှမ်က ကျယ်လောင်စွာ အော်ဟစ်ရင်း ကောင်းကင်ပုဆိန်လှံရှည်ကို လေဟာနယ်ကို ဖြတ်သန်းကာ လွှဲယမ်းလိုက်ပြီး ခွန်ပန်နှင့် နဂါးတို့၏ စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ သူ့ အရှိန်အဝါက ထိတ်လန့်တုန်လှုပ်စရာ ကောင်းလှသည်။

ဝုန်း…

သဘာဝဖြစ်စဉ်များ ကမောက်ကမဖြစ်သွားသည့်အတွက် အံ့ဖွယ်အလင်းတန်းလည်း ပေါက်ကွဲသွားသည်။

စံပြများက ထိတ်လန့်သွားပြီး မယုံကြည်နိုင်ဖြစ်သွားကြသည်။

လေဟာနယ်စင်မြင့်၏ ကာကွယ်ရေး အစီအရင်က ကျိရှားကျောင်းတော်၏ ထိပ်သီးကောင်းကင်အသျှင်ဆရာက အသက်သွင်းထားခြင်းဖြစ်သည်။ အရမ်းနည်းပါးသော လူနည်းစုသာ ထိုအစီအရင်ကို ချိုးဖျက်နိုင်သည်။

သို့သော် ချီရှောက်ရွှမ်နှင့် မြောက်ပိုင်းမင်းသားတို့ ကြားကတိုက်ပွဲမှ အကျိုးသက်ရောက်မှုများက ထိတ်လန့်စရာကောင်းလှသည်။

အားလုံးက တိုက်ပွဲ၏ ရလဒ်ကို အရမ်းစောင့်မျှော်နေကြသည်။

လေဟာနယ်စင်မြင့်က တစ်ခါထပ်မံ ရှင်းလင်းသွားပြန်သည်။ ခွန်ပန်နဂါးပုံရိပ်သဏ္ဌာန်က လက်ရှိတွင် ခမ်းနားကြီးကျယ်သော ရွှေလင်းယုန် ပုံရိပ်သဏ္ဌာန်ကို ဝါးမျိုနေသည့်အတွက် ရွှေရောင်အလင်းတန်းက မှေးမှိန်နေသည်။

ဝုန်း…

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ပဲ့တင်ထပ်သွားသည်။

မြောက်ပိုင်းမင်းသားက လေဟာနယ်စင်မြင့်ပေါ်တွင် ပြင်းထန်စွာ ရိုက်နှက်ခံရပြီး စင်မြင့်ပင် အပေါက်ကြီးတစ်ခု ဖြစ်သွားသည်။

ထုံကြွယ်မျှော်စံအိမ်တစ်ခုလုံးလည်း ငြိမ်သက်သွားသည်။

အလယ်ပိုင်းကုန်းမြေပါရမီရှင်များလည်း အံ့ဩမှင်သက်သွားကြသည်။

မဖြစ်နိုင်ဘူး

မြောက်ပိုင်းမင်းသားက ဒီလိုမျိုး ရှုံးနိမ့်သွားတာလား

ဒီမျိုးဆက်ရဲ့ အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်တွေက အရမ်းစွမ်းအားကြီးကြတာပဲ

ဒီမျိုးဆက်က အရှေ့ပိုင်းလွင် ပါရမီရှင်တွေရဲ့ ဂုဏ်ပုဒ်ကို ပြောင်းပြန်လှန်ပစ်နိုင်တော့မှာလား

ကျိရှားကျောင်းတော်က နယ်မြေငါးခုမှ ပါရမီရှင်များ စုစည်းသောနေရာဖြစ်ပြီး အသန်မာဆုံးက အမြဲတမ်း အလယ်ပိုင်းကုန်းမြေမှ ပါရမီရှင်များ ဖြစ်ခဲ့ကြသည်။

အလယ်ပိုင်းကုန်းမြေတွင် အရည်အချင်းရှိသူများနှင့် စွမ်းအားကြီးသောသူများဖြင့် ပြည့်နှက်နေသည်။ သူတို့က ကျိရှားကျောင်းတော်တွင် ခိုင်မြဲသော ဂုဏ်ပုဒ်ကို ရရှိထားသည်။

ယခု အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်များ ထွက်ပေါ်လာသည့်အတွက် သူတို့စိတ်ထဲတွင် အန္တရာယ်ရှိသည်ဟု ခံစားလာရသည်။

“ အရှင့်သား တောင်ပိုင်းမင်းသား အနိုင်ရမှာ သေချာတယ်”

အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များက တောင်ပိုင်းမင်းသားအပေါ်တွင် မျှော်လင့်ချက် အပြည့် ထားထားကြသည်။

တိုက်ပွဲအခြေအနေက သိသာနေပြီဖြစ်သည်။ ဝမ်ရှန်းယုက မဟာလေဟာနယ် သူတော်စင်ရာထူးနှင့် ထိုက်တန်သည်။ တောင်ပိုင်းမင်းသား၏ ရိုက်နှက်ခြင်းကို ခံရပြီးနောက် သူသိတာက ကြောက်လန့်တကြား ထွက်ပြေးဖို့ပင် ဖြစ်သည်။ သူ့မှာ ပြန်လည် တိုက်ခိုက်ဖို့အတွက်ပင် အခွင့်အရေးမရှိပေ။

သူတို့ကြားမှာ အနိုင်ရသူက ရှိနေပြီ

ရှီကွေ့က ရှီလင်း၏ ရှုံးနိမ့်မှုကို မြင်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။

အခြေအနေက အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များအတွက် သဘောကျစရာ မကောင်းလှပေ။ သူတို့၏ ဂုဏ်သိက္ခာကို ပြန်လည်အဖတ်ဆယ်ဖို့အတွက် တစ်စုံတစ်ယောက်က ရှေ့ထွက်ရမည်ဖြစ်သည်။

ရှီကွေ့က အချိန်မဖြုန်းချင်သည့်အတွက် ဝမ်ရှန်းယုကို အမြန် အနိုင်ယူချင်နေသည်။

ဂါး….

လိပ်နက်ပုံရိပ်သဏ္ဌာန်က ကောင်းကင်သို့ ဟစ်ကြွေးလိုက်သည်။ အဆုံးမဲ့ သိမ်မွေ့နက်နဲသော မြစ်များက ထိုးဖောက်ထွက်လာကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ဖုံးလွှမ်းထားသည်။

ဝမ်ရှန်းယု လေဟာနယ်စွမ်းအားကို အသုံးပြုပြီး မလွတ်မြောက်နိုင်အောင် ရှီကွေ့က လေဟာနယ်ကို ဖြတ်တောက်ပစ်ချင်နေသည်။

ကောင်းကင်တွင် အဆုံးမဲ့ နက်နဲသောဆန်းကြယ်မှုများက ဆင်းသက်လာကာ၊ သဘာဝစည်းမျဉ်းများက လည်ပတ်နေပြီး၊ ကောင်းကင်နှင့် မြေကြီးကို ပိတ်ဆို့ထားကာ အာကာပြင်ကို လုံးဝ အေးခဲသွားစေသည်။

ဝမ်ရှန်းယု၏ မျက်နှာထားက အနည်းငယ် ပြောင်းလဲသွားသည်။ အာကာပြင် ပိတ်ဆို့ခံလိုက်ရသည်ကို အာရုံခံမိသည့်အတွက် ရွေးချယ်စရာမရှိတော့ပဲ သူ့မှာရှိသော အစွမ်းနှင့် ဖြေရှင်းရတော့မည် ဖြစ်သည်။

ဝမ်ရှန်းယုက အော်ဟစ်ရင်း ပြောလိုက်သည်

“ မင်းက ငါ့ကို ဒီလိုဖြစ်အောင် လုပ်လိုက်တာပဲ လိပ်အဖိုးကြီး။ လေဟာနယ်သက်တမ်းက လူသားတွေထက် အားမနည်းဘူး။

ဝိညာဉ်အသွင်ပြောင်းခြင်းသို့ တက်လှမ်းခြင်း”

သူက ရှီကွေ့၏ စွမ်းအားကို အာရုံခံမိ၍လား ဒါမှမဟုတ် ချီရှောက်ရွှမ်နောက်မှာ ကျန်မနေခဲ့ချင်သည့်ကြောင့်လားဆိုတာကိုတော့ မသိပေ။

ဝမ်ရှန်းယုက နောက်ဆုံးတော့ စိုးရိမ်သွားပြီး သူ၏ အရည်အချင်းများကို မဖုံးကွယ်တော့ပေ။

သူက မန္တန်ရွတ်ဆိုလိုက်သည့်အခါ အံ့ဖွယ်အလင်းတန်းက သူ့ခန္ဓာကိုယ်ကို ရစ်ပတ်သွားသည်။ အံ့ဖွယ်အလင်းတန်း လျှံကျလာကာ ကောင်းကင်ကို လင်းလက်သွားစေသည်။

အရိပ်တစ်ခုက သူ့နောက်တွင် ထွက်ပေါ်လာသည်။ မမြင်နိုင်ပြီး ပုံစံမဲ့နေသော်လည်း ထိတွေ့လိုက်ပါက အဆုံးမဲ့ချောက်နက်ကြီးထဲသို့ ပြုတ်ကျတော့မလိုမျိုး ထိတ်လန့်စရာကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

လေဟာနယ်က တွန့်လိမ်နေသည့်အတွက် လှုပ်ခတ်နေပြီး ထူးဆန်းသော အာကာပြင်များက အစိတ်စိတ်အမြွာမြွာဖြစ်သွားသည်။

ကောင်းကင်တွင် ပြည့်နှက်နေသော မြစ်များကလည်း လုံးဝ ပြိုကွဲသွားသည်။

လေဟာနယ်၏ ကြီးကျယ်သောတာအိုက နက်နဲပြီး ဆန်းကြယ်လှသည်။ ထိုအရာက ကမ္ဘာလောက၏ စွမ်းအင်များကို ထိန်းချုပ်ပြီး စည်းမျဉ်းများ၏ ကြီးကျယ်သော တာအိုလည်း ပါဝင်သည်။ သာမန်လူများအနေဖြင့် ထိတွေ့လို့ မရနိုင်ပေ။

သို့သော် ဝမ်ရှန်းယုဆီမှာ လေဟာနယ်အထွတ်အမြတ် ခန္ဓာတည်ဆောက်ပုံရှိသည့်အတွက် လေဟာနယ်ကို သဘာဝကျကျ ထိန်းချုပ်နိုင်သည်။

အဆုံးမဲ့လေဟာနယ်စွမ်းအားက စည်းမျဉ်းများကဲ့သို့ လျှံကျလာကာ ဝမ်ရှန်းယု၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားပြီး အံ့ဖွယ်အလင်းတန်းက သူ့ကို ဝန်းရံသွားသည်။ သူက ဤကမ္ဘာလောကတွင် တကယ်တည်ရှိနေတာ မဟုတ်သလိုမျိုး သူ့ခန္ဓာကိုယ်ပင် အင်မတန် ဝိုးတိုးဝါးတားဖြစ်လာသည်။

ဝုန်း…

ပြိုင်ဘက်ကင်း အရှိန်အဝါ ထွက်လာကာ တိမ်တိုက်များထဲသို့ ဝင်သွားပြီး ကောင်းကင်တွင် ကမောက်ကမဖြစ်သွားစေသည်။

ထိုအချိန်တွင် ဝမ်ရှန်းယုက ဝိညာဉ်အသွင်ပြောင်းအဆင့်သို့ ရောက်ရှိသွားသည်။

ဘယ်လောက်တောင် ကျေနပ်ဖို့ ကောင်းလိုက်လဲ

ကြိုက်တယ် ကြိုက်တယ်

ဒါက ဝိညာဉ်အသွင်ပြောင်းအဆင့်ပေါ့

အဲဒါက ငါ့ရဲ့ ခွန်အားကို တိုးပေးလိုက်ရုံတင်မကသေးပဲနဲ့ ငါ့ရဲ့ သက်တမ်းကို နှစ်သုံးထောင်တောင် တိုးပေးလိုက်တယ်

နှစ်သုံးထောင်တောင်

ငါ့ရဲ့သက်တမ်းကို ထပ်ပြီးတော့ အသုံးပြုလို့ရပြီ

ဝမ်ရှန်းယုက စိတ်လှုပ်ရှားစွာဖြင့် ရှီကွေ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်

“ လိပ်အိုကြီးကို သေချာပေါက် နုတ်နုတ်စဉ်းပြမယ်”

နှစ်ပေါင်း သုံးထောင် ထပ်ပေါင်းထည့်ထားသည့်အတွက် ဝမ်ရှန်းယုက သူအနိုင်ရပြီဟု ခံစားနေရသည်။

သူ တိုက်ကွက်တစ်ခုထုတ်လိုက်သည်နှင့်တစ်ပြိုင်နက် သက်တမ်း ၅၀ ကုန်ဆုံးသွားသည့်အတွက် လေဟာနယ်ဓားရှည်အဖြစ်သို့ ပြောင်းလဲကာ ရှီကွေ့ကို ခုတ်ထစ်လိုက်သည်။

သူ့သက်တမ်းကို အသုံးပြုလိုက်သော တိုက်ခိုက်မှုက တကယ်ကို ခြားနားလှသည်။ ဝိညာဉ်အသွင်ပြောင်း နောက်ဆုံးအဆင့် ရှီကွေ့ကိုပင် အန္တရာယ်ရှိသည်ဟု ခံစားသွားရစေသည်။

ရှီကွေ့က လေဟာနယ်ဓားရှည်ကို တားမြစ်ဖို့အတွက် လိပ်နက်ပုံရိပ်သဏ္ဌာန်ကို လိပ်နက် ချပ်ဝတ်တန်ဆာအဖြစ် ပြောင်းလဲလိုက်သည်။

ချွင်…

လိပ်ခွံပေါ်တွင် ဓားခုတ်ရာများ ဖြစ်သွားကာ မီးပွားများလည်း လွင့်စင်သွားသည်။

သို့သော် ပြိုကွဲသွားဖို့တော့ အဝေးကြီးလိုနေသေးသည်။

ဝမ်ရှန်းယုက မျက်လုံးပြူကျယ်သွားကာ ပြောလိုက်သည်

“ သေစမ်း ဒီလိပ်အိုကြီးက ဘာလို့ ဒီလောက်ထိ မာနေရတာလဲ”

ရှီကွေ့က မြောက်ပင်လယ် လိပ်နက်မျိုးနွယ်နှင့် စာချုပ် ချုပ်ဆိုခဲ့သည်။ သူက လိပ်နက်ဧကရာဇ်ကျမ်းကို ကျင့်ကြံပြီး သူ၏ အကာအကွယ်ကလည်း ပြိုင်ဘက်ကင်းစွာ မာကြောလာခြင်း ဖြစ်သည်။

သာမန်ထိပ်သီး ကောင်းကင်အသျှင်တစ်ယောက်ပင် သူ့ အကာအကွယ်များကို ချိုးဖျက်နိုင်မည် မဟုတ်ပေ။

ဝမ်ရှန်းယုက ဝိညာဉ်အသွင်ပြောင်းအဆင့်သို့ ရောက်ရှိသွားပြီး သက်တမ်း နှစ်ပေါင်း ၅၀ ကို အသုံးပြုသော်လည်း အကာအကွယ်ကို ဖျက်စီးဖို့အတွက် ခက်ခဲနေဆဲဖြစ်သည်။

အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များက သက်ပြင်းချလိုက်ကြသည်။ ဝမ်ရှန်းယုက ဝိညာဉ်အသွင်ပြောင်းအဆင့်သို့ ရောက်သွားပြီးနောက် ချီရှောက်ရွှမ်လိုမျိုး ကြောက်ဖို့ကောင်းပြီး ရှီကွေ့ကို ဖိနှိပ်နိုင်တော့မည်ဟု တွေးခဲ့ကြသည်။

ထင်ထားတဲ့အတိုင်း ဒီကောင်လေးက ရယ်ရအောင် လုပ်ပေးဖို့ ရောက်လာတာပဲ

ဝမ်ရှန်းယုက တွေဝေနေစဉ် ရှီကွေ့က ရှေ့တိုးလာကာ နတ်ဘုရားလက်သီးဖြင့် လွင့်ထွက်သွားအောင် လုပ်လိုက်သည်။

ချီရှောက်ရွှမ်က ဝမ်ရှန်းယုကို စိုက်ကြည့်ကာ ပြောလိုက်သည်

“ ငတုံး”

ဝမ်ရှန်းယုက ချက်ချင်း ဒေါသထွက်သွားကာ ခုန်ရင်း ပြောလိုက်သည်

“ ချီမျိုးနွယ် ငါ့ကို အထင်မသေးနဲ့။ ဒီနေ့ လေဟာနယ်မျိုးရိုးက ဘာလဲဆိုတာကို ပြသပေးမယ်။ ငါက အသန်မာဆုံးပဲ”

“ မဟာလေဟာနယ် လက်ဝါး”

အံ့ဖွယ်အလင်းတန်းက ဝမ်ရှန်းယု၏ ခန္ဓာကိုယ်ထဲမှ ထွက်လာကာ အဆုံးမဲ့ ဒီရေကို ဖန်တီးလိုက်သည်။ လေဟာနယ်၏ စွမ်းအားက အဆက်မပြတ် ထိုးဖောက်ထွက်လာကာ ဧရာမလက်ဟန်တစ်ခုကို ဖြစ်ပေါ်လာစေသည်။

မဟာလေဟာနယ်လက်ဖဝါးက လေဟာနယ်တစ်လျှောက် ဖြတ်သန်းကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ဖိနှိပ်ထားသည်။

ရှီကွေ့က ရင်တုန်သွားကာ မျက်နှာထားပင် အလျင်အမြန် ပြောင်းလဲသွားသည်။

သူက လိပ်နက်စွမ်းအားကို အမြင့်ဆုံးအထိ အလျင်အမြန် မြှင့်တင်ပေးလိုက်သည်။ မရွေ့လျားနိုင်သော လိပ်နက် ချပ်ဝတ်တန်ဆာက ရှီကွေ့၏ ကျောကုန်းပေါ်တွင် လိပ်နက်အခွံအဖြစ် ကျုံ့ဝင်သွားသည်။

ထိုလိပ်ခွံပေါ်တွင် ဆန်းကြယ်ပြီး ရှေးကျသော သင်္ကေတများ ရှိနေပြီး ကြီးမားသော စွမ်းအားပါဝင်ပြီး ဖျက်စီးလို့ မရနိုင်ပေ။

ရှီကွေ့၏ ခန္ဓာကိုယ်တစ်ခုလုံး လိပ်ခွံထဲသို့ ကျုံ့ဝင်သွားကာ မဟာလေဟာနယ်လက်ဖဝါးကို ခုခံဖို့အတွက် လိပ်ခွံ၏ ခွန်အားကို အသုံးပြုလိုက်သည်။

“ မင်း လိပ်ခွံထဲရောက်သွားတော့ရော ဘာဖြစ်လဲ။ ငါ မင်းကို ရိုက်နှက်ပစ်မယ်”

ဝမ်ရှန်းယုက စိတ်မလှုပ်ရှားသွားပေ။ သူက သူ၏ လေဟာနယ်လက်ဖဝါးကို ဝှေ့ယမ်းကာ လိပ်ခွံပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။

ပြိုင်ဘက်ကင်း မာကြောသော လိပ်ခွံက မဟာလေဟာနယ်လက်ဖဝါးက အက်ကြောင်းများဖြင့် ပြည့်နှက်သွားကာ ပေါက်ကွဲထွက်သွားသည်။

ဝုန်း…

ရှီကွေ့၏ ခန္ဓာကိုယ် လွင့်စင်သွားကာ ပါးစပ်ထဲမှ သွေးများ ပန်းထွက်လာသည်။ သူ့ အရှိန်အဝါလည်း အားနည်းသွားသည်။

ဝမ်ရှန်းယုသာ ဦးတည်ရာပြောင်းလိုက်ပြီး သူ့ရဲ့ မရှိမဖြစ် လိုအပ်သောနေရာကို မရှောင်ရှားလိုက်ပါက တောင်ပိုင်းမင်းသား သေသွားလောက်လေပြီ။

ဤရိုက်ချက်က ကောင်းကင်အသျှင်များ၏ လုပ်နိုင်စွမ်းထက် ကျော်လွန်နေပြီး ဝိဇ္ဇာတစ်ယောက်၏ လုပ်နိုင်စွမ်းနှင့် နှိုင်းယှဉ်လို့ရနိုင်သည်။

ရှီကွေ့က ရှုံးနိမ့်ပြီး နောက်ဆုတ်သွားသော်လည်း ဝမ်ရှန်းယု မပျော်နိုင်ဘဲ နှုတ်ခမ်းကို တွန့်ချိုးလိုက်မိသည်။

ငါ့ရဲ့ သက်တမ်း

နှစ် ၅၀၀ … နှစ်၅၀၀

ဒီလိုနဲ့ အားလုံးကုန်ပြီ

ဆုံးရှုံးမှုတစ်ခုပဲ

ဒါက အလုပ်မဖြစ်ဘူး။ ငါ့ သက်တမ်းကို သုံးပြီးသွားပြီ။ ငါက ဘယ်လိုလုပ်ပြီးတော့ ကောင်းမွန်တဲ့ ပြသမှုတစ်ခုကို မလုပ်နိုင်ရမှာလဲ

ဝမ်ရှန်းယုက အဖက်မလုပ်သည့်ပုံစံဖြင့် ပြောလိုက်သည်

“ သာမန် နောက်ဆုံးအဆင့် ဝိညာဉ်အသွင်ပြောင်း ကျင့်ကြံသူတစ်ယောက်ကိုတော့ လက်ဖျောက်တစ်ချက်ထဲနဲ့တင် ချိုးဖျက်နိုင်ပါတယ်။ ချီရှောက်ရွှမ် မင်း ဒါကို မြင်လား။

ငါက ပုံမှန်အားဖြင့် မင်းနဲ့ ဘာမဟုတ်တာလေးကို အငြင်းအခုန် မလုပ်ဘူး။ ဒါပေမဲ့ ငါတို့ တကယ်တိုက်ခိုက်ရင် မင်းကို အသေသတ်မယ်”

ထိုနေရာထိ ပြောပြီးနောက် ဝမ်ရှန်းယုက ကြောင်တောင်တောင်နိုင်စွာ ရယ်မောလိုက်သည်။

မိုက်တယ်

ဒါက အရမ်းကို မိုက်တယ်

ခဏလောက် ကြွားရတာ ကောင်းပေမဲ့ တစ်ချိန်လုံး ကြွားနေရတာ ပိုကောင်းတယ်

ချီရှောက်ရွှမ် ခပ်မိုက်မိုက်ပုံစံ ဖမ်းရတာကို ကြိုက်တာလည်း အဆန်းမဟုတ်တော့ပါဘူး

ဒီလိုခံစားချက်မျိုးကို ကြိုက်တယ်

“ငတုံး”

ချီရှောက်ရွှမ်က တခြားဘာမှမပြောသော်လည်း တိတ်တဆိတ် ထိတ်လန့်သွားသည်။

ဒီဝမ်မျိုးနွယ်ကောင်းလေးက ငါ့အတွက် တကယ် ပြိုင်ဘက်ကင်း ပြိုင်ဘက်ပဲ

တခြားအလယ်ပိုင်းကုန်းမြေ ပါရမီရှင်များကလည်း အံ့ဩမှင်သက်သွားကြသည်။

တောင်ပိုင်းမင်းသားပါ ရှုံးနိမ့်သွားမည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။

ထို့အပြင် သူက မြောက်ပိုင်းမင်းသားထက်ပိုပြီးတော့ ဆိုးရွားစွာ ရှုံးနိမ့်ခဲ့သည်။

တစ်ချက်ထဲ…တစ်ချက်ထဲနဲ့…

သူတို့ ဒီတိုက်ပွဲမှာ လုံးဝ ရှုံးနိမ့်သွားကြပြီ

အလယ်ပိုင်းကုန်းမြေ စံပြများက ကူကယ်ရာမဲ့စွာဖြင့် ခေါင်းများကို ငုံ့ထားပြီး သူတို့၏ နှလုံးသားများလည်း တုန်လှုပ်နေကြသည်။

သူတို့က စွမ်းအားအကုန်သုံးကာ အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်များကို ဖိနှိပ်ချင်ခဲ့သော်လည်း သူတို့ မျက်နှာပျက်ရလိမ့်မည်ဟု ထင်မထားခဲ့ပေ။

အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်များကတော့ မယုံကြည်နိုင်စရာကောင်းလောက်အောင် လန်းဆန်းသွားကြသည်။

သူတို့ ကျိရှားကျောင်းတော်ထဲသို့ ဝင်ပြီးကတည်းက ထိုကဲ့သို့သော ဂုဏ်ယူမှုမျိုးကို မခံစားဖူးသေးပေ။

ထိုအရာက ခရမ်းစံအိမ်အထွတ်အမြတ်မြေနှင့် မဟာလေဟာနယ် အထွတ်အမြတ်မြေမှ သူတော်စင်ဟောင်းများအတွက် ပိုပြီးတော့ မှန်ကန်သည်။ သူတို့က ပိုပြီးတော့ ဝမ်းသာပီတီ ဖြစ်နေကြသည်။

ဂိုဏ်းတူညီလေးကတော့ ထင်ထားတဲ့အတိုင်းပဲ မျက်နှာရအောင် လုပ်ပေးတယ်။ ရှေ့လျှောက် ကြွားစရာတွေ အများကြီးရှိနေပြီ

ငါတို့ရဲ့ မျိုးရိုးကို ပိုပြီး ကြီးကျယ်တဲ့ အမြင့်ဆီ ခေါ်ဆောင်ပေးပြီးသွားပြီဆိုတော့ အရင်မျိုးဆက်ရဲ့ ဂိုဏ်းတူအစ်ကိုတွေရဲ့ မျက်နှာလည်း တောက်ပသွားပြီ

တောင်ပိုင်းမင်းသားနှင့် မြောက်ပိုင်းမင်းသားက ဝမ်းနည်းညှိုးငယ်သော မျက်နှာထားများဖြင့် အချင်းချင်းကြည့်နေကြသည်။

ကြီးမြတ်သော လွင်ပြင် နတ်ဘုရားတိုင်းပြည်တွင် သူတို့၏ ဂျူနီယာများ၏ ပညာရေးအပေါ် တင်းကြပ်ထားသည်။

သူတို့ ရှုံးနိမ့်သွားသော်လည်း အငြိုးအတေးမထားကြပေ။

ရှီလင်းက ရှေ့တိုးလာကာ လက်အုပ်ချီရင်း ပြောလိုက်သည်

“ တာအိုကျင့်ကြံသူအပေါင်းတို့ မင်းတို့က အသက်ငယ်ငယ်လေးမှာ ဒီလိုမျိုး ခွန်အားတွေကို ပိုင်ဆိုင်ထားကြတာပဲ။ မင်းတို့ကို လေးစားပါတယ်။

မင်းတို့ရဲ့ အရည်အချင်းတွေအရ မင်းတို့က အရှေ့ပိုင်းလွင်ပြင်ရဲ့ ထိပ်သီးကျင့်ကြံသူတွေပဲ ဖြစ်လိမ့်မယ်။ အနာဂတ်မှာသာ အခွင့်အရေးရှိရင် မင်းတို့နှစ်ယောက်နဲ့ ထပ်ပြီးတော့ တိုက်ခိုက်ချင်ပါသေးတယ်”

သူတို့ကို ဝိညာဉ်အသွင်ပြောင်း အစောပိုင်းအဆင့်မှာ အနိုင်ယူနိုင်တယ်ဆိုတာက သူတို့နှစ်ယောက် ဘယ်လောက်ထိ အရည်အချင်းရှိလဲဆိုတာကို ပြသလိုက်တာပဲ

မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်က အဲလိုမျိုး ပြိုင်ဘက်ကင်း ပါရမီရှင်တွေကို ဆွဲဆောင်ဖို့ ကြိုးစားလိမ့်မယ်

တော်ဝင်မိသားစုဝင်များအနေဖြင့် တောင်ပိုင်းမင်းသားနှင့် မြောက်ပိုင်းမင်းသားက ထိုအရာကို သတိပြုမိသည်။

ဝမ်ရှန်းယုက အနည်းငယ် အံ့ဩမှင်သက်သွားသည်။ ကြီးမြတ်သော အမွေဆက်ခံသူနှစ်ယောက်က ဒီလောက်ထိ သဘောထားကြီးမည်ဟု ထင်မထားခဲ့ပေ။

ငါတို့က သူတို့နှစ်ယောက်ကို ရိုက်နှက်ခဲ့တာလေ။ သူတို့ စိတ်မတိုဘူးလား

ဒါပေမဲ့ သူတို့ရဲ့ အကြည့်တွေကလည်း အတုအယောင် မဟုတ်ဘူး

ဒီနှစ်ယောက်က မောက်မာပေမဲ့လည်း သူတို့က အရမ်းရိုးသားဖြောင့်မတ်တယ်

ပြုံးနေတဲ့ မျက်နှာကိုတော့ ပျက်သွားအောင် မလုပ်သင့်ဘူးလေ။

ဝမ်ရှန်းယုပြုံးကာ ပြောလိုက်သည်

“ မဟုတ်သေးပါဘူး ကျွန်တော်တို့က အံ့ဖွယ်မိုးကောင်ကင် သူတော်စင်နဲ့ နှိုင်းယှဉ်လိုက်ရင် ဘာမှမပြောပလောက်ပါဘူး။

ကျွန်တော်က အစ်ကိုရှန်ရဲ့ တိုက်ကွက်တစ်ခုကိုတောင် ခံနိုင်ရည် မရှိဘူး”

ဝမ်ရှန်းယုက ကြွားလုံးထုတ်ရတာကို အသားကျနေပြီဖြစ်သည်။

အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များ ထိုအကြောင်းကို ကြားသည့်အခါ မယုံကြည်နိုင်ဖြစ်သွားကြသည်။

မဖြစ်နိုင်ဘူး

အံ့ဖွယ်မိုးကောင်းကင်သူတော်စင်က အဲလောက်ထိ စွမ်းအားကြီးတာလား

တောင်ပိုင်းမင်းသားနှင့် မြောက်ပိုင်းမင်းသားတို့ နှုတ်ခမ်းကို တွန့်ချိုးလိုက်မိသည်။

မင်းတို့နှစ်ယောက်က အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ရဲ့ တိုက်ကွက်တစ်ကွက်လောက်ကိုတောင် မခံနိုင်ဘူးတဲ့လား။ ဒါဆိုရင် ငါတို့ဆိုရင် တိုက်ကွက် တစ်ဝက်စာတောင် ခံနိုင်ပါ့မလား

“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က အတိဒုက္ခ ဖြတ်ကျော်ခြင်းကို ခံယူပြီးတော့ ဝိဇ္ဇာဖြစ်လာတာများလား”

မြောက်ပိုင်းဘုရင်၏ အမွေခံက  သံသယ ရှိနေသည်။ ဝမ်ရှန်းယုက ကြွားနေသည်ဟု သူခံစားရသော်လည်း သက်သေမရှိပေ။

သို့သော် ချီရှောက်ရွှမ်က ထွက်လာကာ သက်ပြင်းချရင်း ပြောလိုက်သည်

“ ညီအစ်ကိုရှန်ရဲ့ သတ္တိစွမ်းရည်က ပြိုင်ဘက်ကင်းတယ်။ ငါတို့က အများကြီး နိမ့်ကျနေပါသေးတယ်။

ခြောက်ကြိမ်မြောက် စမ်းသပ်ချက် ခံယူထားတဲ့ ဝိဇ္ဇာအစစ်အမှန်တောင် ညီအစ်ကိုရှန်ရဲ့ တူကြောင့် လွင့်ထွက်သွားခဲ့တာ။ သူ သန်မာတယ်လို့ မင်းတို့ ထင်လား”

ချီရှောက်ရွှမ်က ရှန်ထျန်းအကြောင်း ပြောသည့်အခါ လေးစားမှုများဖြင့် ပြည့်နှက်နေသည်။ သူ့လိုမျိုး မာနကြီးသောသူကပင် ကိုယ့်ကိုယ်ကို ရှန်ထျန်းနှင့် နှိုင်းယှဉ်နေသည်ကို ရပ်တန့်လိုက်သည်။

အရှေ့ပိုင်းလွင်ပြင်၏ နံပါတ်တစ်ဖြစ်လာဖို့အတွက် မျှော်လင့်ချက် မရှိတော့ပေ။ ကောင်းကင်အောက်မှာ နံပါတ်တစ်ဖြစ်လာရတာက သူ့အတွက် ပိုပြီးကောင်းသည်။

“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ဝိဇ္ဇာအစစ်အမှန်ကို တူနဲ့ လွင့်ထွက်သွားအောင် လုပ်ခဲ့တာလား”

“ အရမ်းကြောက်ဖို့ကောင်းတာပဲ”

အလယ်ပိုင်းကုန်းမြေ စံပြများက အသက်ပြင်းပြင်းရှူကာ သူတို့၏ နှလုံးသားထဲ၌ ထိတ်လန့်မှုတို့ဖြင့် ပြည့်နှက်သွားသည်။

အဲလိုမျိုး တည်ရှိမှုက သူတို့ ခုခံနိုင်တဲ့သူ မဟုတ်ဘူး

ရှီလင်းနှင့် ရှီကွေ့တို့က အချင်းချင်းကြည့်ကာ အကြည့်ထဲတွင် စိတ်သက်သာရာရမှုနှင့် ကြောက်ရွံ့မှုတို့ကို မြင်လိုက်ရသည်။

ချီရှောက်ရွှမ်နှင့် ဝမ်ရှန်းယု၏ ခွန်အားများဖြင့် သူတို့ လိမ်ဖို့ အကြောင်းအရင်းမရှိပေ။

သူတို့ ပြောသလိုဆိုရင် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က အတိဒုက္ခဖြတ်ကျော်ခြင်း စွမ်းအားရှင်ပဲ

အနည်းဆုံးဆိုရင်တောင် သူက အထွတ်အထိပ်လူငယ်ဖြစ်တဲ့ ရှီထျန်းကျီလိုပဲပေါ့

သူတို့သာ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို စိန်ခေါ်ခဲ့ရင် ဒီထက်ပိုပြီးတော့ ဆိုးဆိုးရွားရွား ရှုံးသွားမှာ သေချာတယ်

သူတို့နှစ်ယောက် မြှောက်ပင့်ပြောဆိုနေတာကို ကြည့်ပြီး ရှန်ထျန်း နှုတ်ခမ်းများကို တွန့်ချိုးလိုက်မိသည်။

ချီမျိုးနွယ်… တခြားသူတွေကို ဘယ်လို ကပ်ဖားလုပ်ရမယ်ဆိုတာ ဘယ်တုန်းက သင်ခဲ့တာလဲ။ ငါ့ကို လူမသိသူမသိ ချောမောတဲ့ ယောက်ျားတစ်ယောက်အဖြစ် ပေးမနေနိုင်ဘူးလား

ထိုအချိန်တွင် ရှီလင်းနှင့် ရှီကွေ့တို့က ရှန်ထျန်းဆီ သွားရင်း ပြောလိုက်ကြသည်

“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ကျုပ်တို့ စောစောက အာခံခဲ့မိပါတယ်။ ကျေးဇူးပြုပြီးတော့ ခွင့်လွှတ်ပေးပါ”

“ ညီအစ်ကိုရှန်အနေနဲ့ ခြောက်ကြိမ်မြောက် မိုးကြိုးစမ်းသပ်ချက် ခံယူထားတဲ့ ဝိဇ္ဇာအစစ်အမှန်ကို အနိုင်ယူနိုင်မယ်လို့ ထင်မထားဘူး။ ကျုပ် အထင်ကြီးသွားပြီ”

ရှန်ထျန်းက ချွေးသုတ်ကာ ကူကယ်ရာမဲ့စွာ ပြောလိုက်သည်

“ မင်းသား နှစ်ယောက်လုံးက အရမ်းယဉ်ကျေးတာပဲ။ ကျွန်တော်က ကံကောင်းသွားရုံလေးတင်ပါ။ အဲဒီ ဝိဇ္ဇာအစစ်အမှန်က ခွန်အားအပြည့် ထုတ်မသုံးခဲ့ဘူးလေ”

သူ လူမသိ သူမသိနေရမယ်။ ဒါမှ အဆင်ပြေမှာ

ရှီလင်းက ခေါင်းယမ်းပြကာ ပြောလိုက်သည်

“ ညီအစ်ကိုရှန် အဲလောက်ထိ မနှိမ့်ချပါနဲ့။ ဝိဇ္ဇာအစစ်အမှန်ကို အနိုင်ယူနိုင်တာနဲ့တင် ထူးခြားနေပြီလို့ ပြောလို့ရပါတယ်။ ညီအစ်ကိုရှန်ရဲ့ ခွန်အားကြောင့် နာမည်ကြီးလာတာပဲ ဖြစ်ရမယ်”

ရှီကွေ့က ခေါင်းညိတ်ပြကာ ပြောလိုက်သည်

“ ကျုပ်လည်း အဲလိုပဲထင်တယ်”

စစ်မှန်သော ဝိဇ္ဇာများက အင်မတန် စွမ်းအားကြီးလှသည်။ သူတို့ စွမ်းအားအစစ်အမှန်ကို အသုံးမပြုလျှင်ပင် ကောင်းကင် အသျှင်များက သူတို့ကို လှုပ်သွားအောင်တောင် မလုပ်နိုင်ပေ။

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ကောင်းကင်အသျှင်တစ်ယောက်ကို အနိုင်ယူနိုင်ရုံတင်မကဘူး ဝိဇ္ဇာအစစ်အမှန်ကိုပါ တူနဲ့ လွင့်ထွက်သွားအောင် လုပ်နိုင်သေးတယ်ဆိုတော့ သူက အရမ်းကို စွမ်းအားကြီးတာပဲ

မင်းသားနှစ်ယောက်က သူ့ကို ဆွဲဆောင်ချင်နေကြတာပဲ။ သူတို့သာ ရှန်ထျန်းကို မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်ကို ခေါ်သွားနိုင်ရင် သေချာပေါက် ဆုချခံရမှာပဲ

သူက ပြိုင်ဘက်ကင်း ပါရမီရှင်ပဲ သူ မသေသ၍ သူက နယ်မြေငါးခုမှာ အသန်မာဆုံး တည်ရှိမှု ဖြစ်နေမှာပဲ

အခု သူ သဘောကျအောင် မနေရင် ဘယ်တော့ နေရမှာလဲ

ရှန်ထျန်း၏ ဘေးပတ်လည်တွင် ချီးကျူးမှုများဖြင့် ပြည့်နှက်နေသည်။

ရှန်ထျန်းက ဘာလုပ်နိုင်မှာလဲ။ သူ ကံကောင်းတယ်လို့ပဲ ပြောလို့ရတယ်လေ

ဒါပေမဲ့ ဒါလေးနဲ့ တခြားသူတွေက သူ့ကို အထင်သေးမှာ မဟုတ်ပါဘူး။ အဲဒီအစား သူ့ကို ပိုပြီးတော့တောင် ချီးကျူးနေကြသေးတယ်

“ ဒီမျိုးဆက်ရဲ့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က စွမ်းအားကြီးရုံတင် မဟုတ်ဘူး နှိမ့်ချမှုလည်း ရှိသေးတယ်။ ဒါက တကယ်ရှားတယ်”

“ သူက သက်တမ်းတစ်ရာကို မရောက်ခင် ခြောက်ကြိမ်မြောက် အတိဒုက္ခဖြတ်ကျော်ထားတဲ့ ဝိဇ္ဇာအစစ်အမှန်ကို သတ်ထားတာပဲ။ သူ့ရဲ့ အနာဂတ်က အကန့်အသတ်မဲ့ပဲ”

“ ဘယ်သူက သန်မာလဲဆိုတာ သိချင်တယ်။ သူလား မင်းသား ရှီထျန်းကျီလား”

“ အရှင့်သား ရှီထျန်းကျီတောင် ခြောက်ကြိမ်မြောက် အတိဒုက္ခဖြတ်ကျော်ထားတဲ့ ဝိဇ္ဇာအစစ်အမှန်ကို မသတ်ဖူးဘူး”

ရှန်ထျန်း ဘာပြန်ပြောရမယ်မှန်း မသိဖြစ်သွားသည်။

စိတ်ပျက်အားငယ်တယ်

ဒီလူတွေက လူစကားကို နားမလည်ဘူးလား။ ငါက လူမသိ သူမသိလေး နေချင်တာလေ။ ဘာတွေများ ဒီလောက်ထိ ခက်ခဲနေရတာလဲ

All Chapters