← Chapters

ဂုဏ်ထူးဆောင် အကြီးအကဲ

Vol. 1 Ch. 290

ဂုဏ်ထူးဆောင် အကြီးအကဲ

Vol. 1 Ch. 290

ကျန်းရီသည် တောင်စဉ်သုံးထောင်၏ အနက်ရှိုင်းဆုံး နေရာတွင် တည်ရှိသော နတ်သမီး တောင်ထွတ်တွင် နေထိုင်နေခဲ့သည်။ သူသည် နေ့စဉ်နေ့တိုင်း မြေခွေးလေးကို နာရီ အနည်းငယ်စီ အဖော်ပြုပေး၍ ကျန်အချိန်များတွင် ကောင်းကင် မျှော်စင်ထက်တွင် ကျင့်ကြံနေသည်။

မြေခွေးလေးသည် ကျန်းရီထံ မျိုးစုံလှသော ဝိညာဉ်သစ်သီးများ မကြာခဏ သယ်လာလေ့ရှိပြီး ကျန်းရီအား အကုန်လုံးကို စားစေသည်။ ကျန်းရီသည် ဝိညာဉ်သစ်သီးများမှ မည်သို့သော အကျိုးကျေးဇူးများ ပေးသည်ကို မသိဘဲ ထမင်းတစ်နပ် စားသလို သဘောထား၍ စားနေရသည်။

နတ်ဆိုးဧကရီသည် သူ့ကို မလိမ်ခဲ့ပေ။ ဝိညာဉ်သစ်သီးများ စားပြီးနောက် ကျန်းရီသည် ဆာလောင်ခြင်းကို မခံစားရတော့ချေ၊ သူ့ကြွက်သားများ ပိုမို သန်မာလာသည်ဟု ခံစားရသည့်အပြင် အတွင်းအား ပမာဏမှာလည်း တိုးပွားလာခဲ့သည်။

နတ်ဆိုးဧကရီသည် တံခါးပိတ် ကျင့်ကြံနေပြီး ထပ်မံ ပေါ်မလာတော့ပေ။ မြေခွေးလေးသည် နတ်ဆိုးဧကရီ မရှိသော နေ့ရက်များကို ကျင့်သားရနေပုံ ပေါ်ပြီး မည်သည့် အမူအရာမှ မပြချေ။ ၎င်းသည် ကျန်းရီကို နတ်သမီးတောင်ထွတ် နေရာအနှံ့ ခေါ်သွားလေ့ရှိပြီး ကျန်းရီ ပြောပြသည့် သူငယ်စဉ်က နားထောင်ခဲ့ရသော ပုံပြင်များ၊ လူသားများနှင့် ပတ်သက်သည့် အကြောင်းအရာများကို စိတ်ဝင်တစား နားထောင်လေ့ရှိသည်။

ကျန်းရီ ကျင့်ကြံနေချိန်တွင် သူမသည် ကောင်းကင်မျှော်စင်နှင့် မလှမ်းမကမ်းတွင် အိပ်နေလေ့ရှိသည်။ ကျန်းရီသည် သူမ ကျင့်ကြံနေသည်ကို တစ်ခါမှ မမြင်မိပေ။ သူမသည် ဝိညာဉ်သစ်သီးများ ကိုသာ စားသောက်နေတတ်သည်။ သူမတစ်ခါ စားလျှင်လည်း ဆယ်လုံးမကပေ၊ ကျန်းရီသည်ပင် သူမ၏ အစာစားနိုင်စွမ်းကို အံ့အားသင့်ရသည်။

ကျန်းရီသည် သတင်းပို့ ကျောက်စိမ်းပြားကို စိတ်စွမ်းအင်နှင့် ပေါင်းစပ်ပြီးနောက် ကျူးကော့ချမ်ယွမ်အား နတ်ဆိုးဧကရီသည် သူ့ကို အချိန်ကာလ တစ်ခုအထိ နေစေ၍ ကျင့်ကြံခိုင်းကြောင်း ပြောပြလိုက်သည်၊ အခြား အကြောင်းအရာများ ကိုတော့ သူမပြောလိုက်ပေ။ ကျူးကော့ချမ်ယွမ်သည် ကျန်းရီအား စိတ်အေးလက်အေး ကျင့်ကြံရန်နှင့် ရှောင်နူတို့အတွက် စိတ်ပူနေရန် မလိုကြောင်း ပြောလာလေ၏။

အချိန်သည် လျင်မြန်စွာ ရွေ့လျားနေခဲ့ပြီး နှစ်လဟူသော အချိန်သည် မျက်တောင် တစ်ခတ်စာအတွင်း ကုန်ဆုံးသွားခဲ့သည်။

ကျန်းရီသည် မြေခွေးလေးကို အဖော်ပြုချိန်မှ တစ်ပါး ကျန်အချိန်များတွင် အိပ်၍ သို့မဟုတ် ကျင့်ကြံ၍သာ နေသည်။ မြေခွေးလေးသည် ကျန်းရီကို တဖြည်းဖြည်းနှင့် တွယ်တာလာပြီး သူ့အား သူမ၏ အစ်ကိုကြီး အရင်းပမာ ဆက်ဆံလေ၏။ ကျန်းရီသည် သူမသိသော ပထမဆုံး လူသားဖြစ်ပြီး သူမအား စိတ်ရင်းဖြင့် ဆက်ဆံသော ပထမဆုံး မိတ်ဆွေလည်း ဖြစ်သည်။ သူမသည် ဆယ့်တစ်နှစ် အရွယ်သာ ရှိသေးပြီး စက္ကူဖြူ တစ်ရွက်နှယ် ဖြူစင်လှသည်။ ကျန်းရီ သူမကို ကောင်းကောင်းဆက်ဆံလျှင် သူမက ပို၍ ကောင်းမွန်စွာ ဆက်ဆံမည် ဖြစ်သည်။

နတ်ဆိုးဧကရီ၏ ကောင်းကင်မျှော်စင်သည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများ အလွန်တရာ သိပ်သည်းလှသောကြောင့် ကျန်းရီ၏ ကျင့်ကြံဆင့်မှာ အလွန်တရာ မြန်ဆန်နေခဲ့သည်။ နှစ်လအတွင်းတွင် ကျန်းရီသည် ဒန်တျန်းထဲမှ ကြယ်ကိုးလုံးအား လေ့လာ ကြည့်ခဲ့သေးသော်လည်း ဘာကိုမှ မသိခဲ့ရပေ။ ပထမဆုံးကြယ်သည် အတွင်းအားများ ပြည့်လုနီးပါး ဖြစ်နေသည်ကိုသာ သူသိပြီး ပြည့်သွားလျှင် မည်သို့သော ပြောင်းလဲမှုများ ဖြစ်လာမည်ကို သူမသိချေ။

"ကျင့်ကြံရမယ်၊ ကျင့်ကြံရမယ်"

ကိုယ်တွင်း အမြင်အာရုံကို သုံး၍ ဒန်တျန်းအား တစ်ချက် ကြည့်လိုက်ပြီးနောက် ကျန်းရီသည် ထိုအကြောင်းအား တွေးမနေတော့ချေ။ သူသည် ဘေးဘက်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော မြေခွေးလေးအား တစ်ချက်ကြည့်လိုက်ပြီး ဆက်လက် ကျင့်ကြံရန် ပြင်ဆင်လိုက်သည်။

"ရွှီ"

ထိုအချိန်တွင် သတင်းပို့ ကျောက်စိမ်းပြားသည် ရုတ်တရက် လင်းလက်လာခဲ့သည်။ သူသည် တစ်ချက် မှင်တက်သွားခဲ့ပြီး ကျောက်စိမ်းပြားကို အလျင်အမြန် ကောက်၍ အတွင်းအားများ ထည့်ကာ စိတ်အာရုံ စူးစိုက်လိုက်သည်။

ကျောက်စိမ်းပြားသည် လိုရင်းကိုသာ သတင်းပို့နိုင်သော ကျောက်စိမ်းပြား ဖြစ်သည်။ ထိုကျောက်စိမ်းပြားကို သုံး၍ ကျူးကော့ချမ်ယွမ် တစ်ဦးတည်းနှင့်သာ အဆက်အသွယ် လုပ်နိုင်လေသည်။

အကြောင်းအရာမှာ ရိုးရှင်းလေသည်၊ လူအချို့သည် ကျန်းရီကို ရှာနေကြသည်။ ထိုသူတို့မှာ ကျန်းရီ၏ မိတ်ဆွေဟောင်းများ ဖြစ်ကြသော သိုင်းခန်းမသခင်နှင့် ကြီးကြပ်သူ ယန်တို့ ဖြစ်သည်။ သူတို့ ကျန်းရီကို လာရှာသည်မှာ ကိစ္စတစ်ခု ရှိလေသည်။ ကျူးကော့ချမ်ယွမ်သည် ကျန်းရီ သူတို့ကို တွေ့ချင်သလားဟု မေးလာခဲ့သည်။ ကျန်းရီ မတွေ့ချင်လျှင် အကြောင်းပြချက် တစ်ခုရှာ၍ သူငြင်းလိုက်မည် ဖြစ်သည်။

"သိုင်းခန်းမ သခင်နဲ့ ကြီးကြပ်သူ ယန်ဟုတ်လား"

ကျန်းရီသည် မျက်မှောင်ကြုတ်လိုက်ပြီး အခက် တွေ့နေခဲ့သည်။ ထိုလူနှစ်ယောက် သူ့အား အဘယ့်ကြောင့် လာရှာလေသနည်း။ သိုင်းခန်းမ သခင်နှင့် တွေ့ဆုံရန် သူငြင်းနိုင်သော်လည်း ကြီးကြပ်သူ ယန်မှာ ထိုစဉ်က သူ့အား စောင့်ရှောက်ပေးခဲ့ပြီး အခွင့်အရေး များစွာလည်း ပေးခဲ့သည်။ သူ့ကို သွားမတွေ့လျှင် မသင့်တော်ပေ။

"ငါ သွားလိုက်မယ်"

ကျန်းရီသည် ဆုံးဖြတ်ချက် ချလိုက်သည်။ ကျန်းယွင်ဟိုင်၊ ကျန်းရှောင်နူနှင့် ချမ်ဝမ်ကွမ်တို့အား သူမတွေ့ရသည်မှာ နှစ်လလောက် ရှိသွားခဲ့ပြီ ဖြစ်သည်။ သူတို့ သူ့အား သတိရ နေကြလောက်သည်။ နတ်ဆိုးဘုရင်သည် သူ့အား လာခေါ်မည်ဖြစ်ရာ ရက်အနည်းငယ်သာ အချိန်လိုလေသည်။

"ကျီ ... ကျီ"

မြေခွေးလေးသည် တစ်ခုခုကို အာရုံခံမိဟန်ဖြင့် မျက်လုံးများ ဖွင့်လာလေသည်။ ကျန်းရီသည် သူအပြင်သွားမည် ဖြစ်ကြောင်း ပြောသည့်အခါ မြေခွေးလေး၏ မျက်လုံးများမှာ တောက်ပလာခဲ့ပြီး စိတ်ချင်းဆက်သွယ်၍ ပြောကြားလာခဲ့သည်။

"ကောင်းတယ်၊ ကောင်းတယ် ... ရှောင်ဖေးလည်း အစ်ကိုကြီးနောက် လိုက်ခဲ့မယ်၊ ဒီတောင်ပေါ်မှာ အရမ်း ပျင်းစရာ ကောင်းတယ် ... ရှောင်ဖေးလည်း အပြင်ထွက်ပြီး အစ်ကိုကြီးနဲ့ ကစားချင်တယ်လို့"

"မင်းလည်း သွားချင်တာလား"

ကျန်းရီသည် ထပ်မံ အခက်တွေ့ သွားရပြန်သည်။ ကျူးကော့ချမ်ယွမ်သည် ဝိညာဉ်သားရဲ သင်တန်းကျောင်းတွင် ရှိနေရာ ထိုနေရာတွင် ဘေးကင်းလေသည်။ ထို့ပြင် နတ်ဆိုးဧကရီ ဖန်တီးခဲ့သော ကပ်ဘေးကြောင့် မည်သူမှ ထပ်မံ၍ အရဲမစွန့် ရဲလောက်တော့ပေ။ သို့သော်လည်း ကျန်းရီသည် စိုးရိမ်နေသောကြောင့် ခေါင်းယမ်းကာ ပြောလိုက်သည်။

"ရှောင်ဖေး ... ငါမင်းကို ခေါ်မသွားနိုင်ဘူး၊ မင်းရဲ့ ဧကရီမယ်တော် သိရင် ငါ့ကို သေချာပေါက် အပြစ်တင်လိမ့်မယ်"

"အဲဒါ ကိစ္စမရှိဘူး ... အစ်ကိုကြီး သိလား"

မြေခွေးလေးသည် အမြီးလေး တယမ်းယမ်းနှင့် ထိုအကြောင်းကို စိတ်မပူသည့် လေသံလေးဖြင့် ပြောလာပြန်သည်။

"ဧကရီမယ်တော်က ပြောထားတယ်၊ တောင်စဉ်သုံးထောင် အတွင်း ဖြစ်သရွေ့ အဆင်ပြေတယ်တဲ့ ပြီးတော့ ရှောင်ဟုန်နဲ့ ရှောင်ဟေးကိုလည်း ခေါ်သွားဦးမှာပဲကို ... အစ်ကိုကြီးက အဲဒီသင်တန်းကျောင်း ကိုပဲ ပြန်မှာ မဟုတ်ဘူးလား၊ ရှောင်ဖေးတို့ တောင်စဉ်သုံးထောင်ရဲ့ နယ်နိမိတ် အပြင်ကို မရောက်ဘူးလေ"

"ဒါဆိုလည်း ကောင်းပြီလေ"

ကျန်းရီ ခေါင်းညိတ်လိုက်သည်။ နတ်ဆိုးဘုရင် နှစ်ကောင်ပါ လိုက်လာလျှင် မြေခွေးလေး၏ လုံခြုံရေးအတွက် စိတ်ချရလေသည်။ နယ်မြေ၏ အတော်ဆုံး သိုင်းသမား ဆယ်ယောက်ထဲမှ တစ်ယောက် မဟုတ်လျှင် မြေခွေးလေးအား ဖမ်းနိုင်ကြမည် မဟုတ်ချေ။

"ကျီ ... ကျီ"

ကျန်းရီ သဘောတူလိုက်လျှင် မြေခွေးလေးသည် ပျော်ရွှင်စွာဖြင့် အော်ဟစ်လိုက်ပြီး ခုန်ဆွခုန်ဆွနှင့် ရှေ့မှဦးဆောင်၍ ထွက်သွားလေ၏။ မြေခွေးလေးသည် ကမ်းပါးယံ အစွန်းသို့ လျှောက်သွားပြီး အောက်သို့ငုံ့၍ အော်လိုက်သည့်အခါ နတ်ဆိုးဘုရင် နှစ်ကောင်သည် အပေါ်သို့ ခုန်တက်လာခဲ့သည်။ သွေးနီရောင် နတ်ဆိုးသားရဲကြီးသည် ရိုကျိုးစွာ ပြောလာလေ၏။

"မင်းသမီးလေး ... ညွှန်ကြားစရာများ ရှိပါသလား"

"ကျီ ... ကျီ"

မြေခွေးလေးသည် နှစ်ကြိမ်တိုင်တိုင် အော်ဟစ်လိုက်သည့်အခါ နတ်ဆိုးသားရဲကြီးသည် ကျန်းရီအား စိုက်ကြည့်လိုက်ပြီး စိတ်မပါစွာ ပြောလာလေ၏။

"ဒါဆိုလည်း လာလေ၊ ဒီဘုရင်က မင်းကို အပြင် ခေါ်ထုတ်သွားပေးမယ်"

နတ်ဆိုးသားရဲကြီးသည် သူတို့အား သယ်ဆောင်၍ လျင်မြန်စွာ ပြေးလွှားလိုက်သည်။ ခရီးမှာ အလွန်မြန်ဆန်သည့် အပြင် အလွန်တရာလည်း ဘေးကင်းလေ၏။ သူတို့အား မည်သည့် နတ်ဆိုးသားရဲမှလည်း မနှောင့်ယှက်ဝံ့ကြပေ။

ရက်အနည်းငယ် ကြာပြီးနောက် ကျန်းရီတို့သည် ဟေးယွင်တောင်သို့ ရောက်ရှိသွားခဲ့သည်။ ကျန်းရီသည် သင်တန်းကျောင်း အတွင်း ဆူဆူညံညံ ဖြစ်သွားမည်စိုး၍ နတ်ဆိုးဘုရင် နှစ်ကောင်အား ဟေးယွင်တောင်တွင် ရပ်တန့်စေလိုက်သည်။ ကျန်းရီသည် တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း မြေခွေးလေးသည် ကျန်းရီ၏ အင်္ကျီလက်စထဲ အတင်းတိုးဝင်ကာ စိတ်ချင်း ဆက်သွယ်၍ စကားပြော လာလေ၏။

"အစ်ကိုကြီး ... ရှောင်ဖေးကိုလည်း ကစားဖို့ ခေါ်သွားပါနော် ... နော်၊ ရှောင်ဖေး အပြင်လည်း မထွက်ဘူး၊ အသံလည်း မထွက်စေရဘူးလို့ ကတိပေးပါတယ် ... ရှောင်ဖေး လိမ်လိမ်မာမာ နေပါ့မယ်"

ကျန်းရီသည် နတ်ဆိုးဘုရင် နှစ်ကောင်အား ကူကယ်ရာမဲ့စွာ ကြည့်လိုက်သည်။ သွေးနီရောင် နတ်ဆိုးသားရဲကြီးသည် တစ်ခဏ ငြိမ်သက်သွားခဲ့ပြီး ပြောလာခဲ့သည်။

"မင်း သင်တန်းကျောင်း အပြင်ကို မထွက်သရွေ့၊ သင်တန်းကျောင်းက ဗာဂျရာအဆင့်က မင်းသမီးလေးကို မထိသရွေ့ ငါတို့ရှိနေရင် မင်းသမီးလေးကို ဘယ်သူကမှ နာကျင်အောင် မလုပ်နိုင်ဘူး၊ ဒါပေါ့ ... တစ်ခုခု ဖြစ်လာရင် မင်းခေါင်းကိုယူပြီး ဧကရီဆီ သွားတွေ့နိုင်တယ်"

"အင်း"

ကျန်းရီသည် သင်တန်းကျောင်းထက် လုံခြုံသည့်နေရာ မရှိ၍ မည်သည့် ပြဿနာမှ မရှိဟု တွေးလိုက်သည်။ သူသည် မြေခွေးလေးကို သယ်ဆောင်၍ သင်တန်းကျောင်းဆီ ဦးတည်လိုက်ပြီး တောင်ပေါ် လျင်မြန်စွာ တက်သွားခဲ့သည်။ သူသင်တန်းကျောင်းတွင်း ရောက်သည်နှင့် သူ့ကိုယ်ပိုင် ခြံဝန်းရှိရာ ချက်ချင်း ဦးတည်လိုက်သည်။

"သခင်လေး"

"အရှင်ငယ်"

ကျန်းယွင်ဟိုင်နှင့် ကျန်းရှောင်နူသည် အဆောင်တွင် ရှိနေကြပြီး ချမ်ဝမ်ကွမ်မှာ ရှိမနေချေ။ သူတို့နှစ်ယောက်သည် ကျန်းရီကို မြင်သောအခါ ပါးစပ်များ နားရွက်ချိတ်မတတ် ပြုံးသွားကြသည်။ ကျန်းရီသည် အပြုံးတစ်ခုနှင့် ခေါင်းညိတ်လိုက်သည်။ ကျန်းရီသည် အများကြီး ပြောမနေတော့ဘဲ သူ့အင်္ကျီလက်ကို အသာပုတ်၍ တီးတိုးပြောလိုက်သည်။

"ရှောင်ဖေး ... ထွက်လာပြီး ကစားတော့၊ ဒီခြံဝန်း ထဲမှာပဲနေနော်၊ ဟိုဟိုဒီဒီ လျှောက်မပြေးရဘူး ... ငါ့မှာ လုပ်စရာ ရှိနေသေးလို့၊ မကြာခင် ပြန်လာခဲ့မယ် ... ရှောင်နူ ... ရှောင်ဖေး စားလို့ အဆင်ပြေမယ့်ဟာ တစ်ခုခု လုပ်ပေးလိုက်ဦး"

"အိုး ... လှလိုက်တဲ့ မြေခွေးလေး"

ကျန်းရှောင်နူ၏ မျက်လုံးများ တောက်ပသွားပြီး လက်နှစ်ဖက်ကို ဆန့်ထုတ်၍ မြေခွေးလေးအား ပွေ့ချီလိုက်သည်။ ရှောင်ဖေးသည် လူစိမ်းများကို မကြောက်၍ ရှောင်နူနောက် နာနာခံခံပင် လိုက်သွားခဲ့သည်။

ကျန်းရီသည် ကျန်းယွင်ဟိုင်နှင့် ခဏတဖြုတ် စကားပြောလိုက်ပြီး အပြင်သို့ ထွက်လာခဲ့ရာ သူ့အား စောင့်နေသော ဆရာတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုဆရာသည် ကျန်းရီကို မြင်သောအခါ အလျင်အမြန် ပြောလာလေ၏။

"ကျန်းရီ ... ဒုကျောင်းအုပ်ထျဲရဲ့ နေရာကို သွားကြရအောင်၊ ဧည့်သည်နှစ်ယောက်က မင်းကို အဲဒီမှာ စောင့်နေတယ်"

"ဒုကျောင်းအုပ်ထျဲ"

ကျန်းရီသည် သံသယရှိစွာ မေးလိုက်သည်။

"သင်တန်းကျောင်းက အပြင်လူတွေ ဝင်မှာကို တားမြစ်ထားတယ် မဟုတ်လား"

သိုင်းခန်းမ သခင်သည် ခရမ်းရောင်နန်းတော်ရှင် အမြင့်ဆုံး အဆင့်တွင်သာရှိပြီး ကြီးကြပ်သူယန်မှာ ပို၍ပင် အားနာသေးသည်။ သူတို့သည် သိုင်းခန်းမတွင် အရေးပါသူများ မဟုတ်ကြဘဲ ထိုသို့သော အရေးပေးမှုမျိုး ခံရသည်လော။ ကျန်းရီ ဆွံ့အသွားခဲ့သည်။

ထိုဆရာသည် ရှင်းပြလာခဲ့သည်။

"သာမန်လူတွေကို တကယ်ပဲ တားမြစ်ထားတယ်၊ သူတို့နှစ်ယောက်မှာ သိုင်းခန်းမဌာနချုပ် သခင်ရဲ့ တံဆိပ်ပြား ပါလာတယ်၊ ဒါကြောင့် သူတို့ အရေးပေး ခံရတာ ... သိုင်းခန်းမ ဌာနချုပ်သခင်က အတော်ဆုံး သိုင်းသမား ဆယ်ယောက်ထဲက အဆင့်လေးပဲ"

"အိုး"

ကျန်းရီသည် ဒုကျောင်းအုပ်၏ ခြံဝန်းဆီ ထိုဆရာနောက်မှ လိုက်ဝင်သွားခဲ့ပြီး ကောင်းကင် တောင်ပံမြို့ရှိ သိုင်းခန်းမသခင်နှင့် ကြီးကြပ်သူယန်တို့ကို တွေ့လိုက်ရလေသည်။

ဒုကျောင်းအုပ်ထျဲသည် တံခါးပိတ် ကျင့်ကြံနေ၍ လိုက်ပို့သော ဆရာသည် အလိုက်တသိနှင့် ထွက်သွားခဲ့သည်။  ထုံးတမ်းစဉ်လာ အတိုင်း အပြန်အလှန် နှုတ်ဆက်စကား ဆိုပြီးနောက် သိုင်းခန်းမ သခင်သည် စာရွက်စာတမ်း အချို့ကို ထုတ်ကာ သူလာရသော အကြောင်းအရင်းကို ရှင်းပြလာ၏။

"ကျန်းရီ ... ငါက သိုင်းခန်းမ ဌာနချုပ်ရဲ့ ကိုယ်စား မင်းကို စည်းရုံးဖို့ လာခဲ့တာ၊ ဌာနချုပ်သခင်က မင်းကို သဘောကျပြီး ဂုဏ်ထူးဆောင် အကြီးအကဲရာထူး ပေးဖို့ ဆုံးဖြတ်လိုက်တယ်၊ အလျင်စလို မငြင်းလိုက်ဘဲ ငါပြောတာကို အရင်ဆုံးအောင် နားထောင်ဦး၊ ဒီဂုဏ်ထူးဆောင် အကြီးအကဲက ဘာမှ လုပ်စရာမလိုဘူး၊ အမည်ခံသက်သက်ပဲ ... သိုင်းခန်းမက ဘယ်သူက မင်းကို အမိန့်ပေးလို့ မရဘူး ဒါပေမဲ့ မင်းကတော့ သိုင်းခန်းမက အထောက်အပံ့တွေကို သုံးနိုင်တယ် ... မင်းရဲ့ လုပ်အားခ အနေနဲ့ သိုင်းခန်းမက မင်းကို နှစ်တိုင်း ကောင်းကင်ကျောက်တုံး တစ်တုံး ချီးမြှင့်မယ် ... ငါတို့ရဲ့ အတိတ်က သံယောဇဉ်ကို ထောက်ထားပြီး မင်းမငြင်းဖို့ မျှော်လင့်ပါတယ်"

ကျန်းရီသည် မျက်ခုံးပင့်လိုက်ပြီး အနည်းငယ် မတင်မကျ ခံစားမိလာသည်။ သိုင်းခန်းမသည် မိုးပြာနဂါး အင်ပါယာကဲ့သို့ပင် ရည်ရွယ်ချက်များကို ဖုံးကွယ်၍ ဘာမှ ပြန်မတောင်းဆိုဘဲ လက်ဆောင်များ ပေးလာခဲ့သည်။

လောကတွင် အလကားရသော နေ့လယ်စာ မရှိသလို ကောင်းကင်မှလည်း အလိုလို အသား အဆာသွတ်မုန့် ပေးလာမည် မဟုတ်ချေ။ ကျန်းရီသည် တစ်ခဏမျှ စဉ်းစားလိုက်ပြီး မြန်မြန် ပြန်ဖြေလိုက်သည်။

"ကျွန်တော် စဉ်းစားကြည့်ဦးမယ် ... တစ်ရက်အတွင်း အဖြေပြန်ပေးရင် ဖြစ်တယ် မဟုတ်လား"

***

All Chapters