← Chapters

ငါက နေကိုးစင်းသူတော်စင်အတုပဲ ဖြစ်ရမယ်

Vol. 29 Ch. 428

ငါက နေကိုးစင်းသူတော်စင်အတုပဲ ဖြစ်ရမယ်

Vol. 29 Ch. 428

အခန်း (၄၂၈) : ငါက နေကိုးစင်းသူတော်စင်အတုပဲ ဖြစ်ရမယ်

အားလုံး စိတ်လှုပ်ရှားနေသည်ကို ကြည့်ပြီး အကြီးအကဲစုက ကျေနပ်စွာဖြင့် ခေါင်းညိတ်ကာ ပြောလိုက်သည်

“ ကဲ အခု အားလုံးကို ချိုင့်ဝှမ်းကမ္ဘာငယ်ဆီ ခေါ်သွားပေးမယ်။

အဲဒါက မင်းတို့ နားရမဲ့နေရာ ဖြစ်သလို အိပ်ရမဲ့နေရာဆိုလည်း မမှားဘူး။ ပြီးတော့ အဲဒီနေရာမှာပဲ နောက်ထပ်နှစ်ပေါင်းတစ်ရာ ကျင့်ကြံအားထုတ်ရမှာ”

ကျောင်းသား၊ ကျောင်းသူအသစ်များကို ကျိရှားကျောင်းတော်ထဲတွင် မထားဘဲ သီးသန့်ချိုင့်ဝှမ်းကမ္ဘာငယ်လေးများတွင် ခွဲထားသည်။

ကျိရှားကျောင်းတော်ကို တည်ထောင်ပြီးကတည်းက ကျောင်းသား၊ ကျောင်းသူ အများအပြား စာရင်းသွင်းခဲ့ကြပြီး နယ်မြေငါးခုမှ မျိုးဆက်အသီးသီးရှိ ပါရမီရှင်များအားလုံး ပါဝင်ခဲ့ကြသည်။

ကျိရှားကျောင်းတော်အတွင်းတွင် များပြားသော ပါရမီရှင်များကြောင့် သူတို့အားလုံးကို လုံလောက်သောနေရာ ပေးနိုင်ဖို့အတွက်ပင် ခက်ခဲလှသည်။

ကျေးဇူးတင်စရာကောင်းစွာဖြင့် ကျိရှားကျောင်းတော်တွင် ဖြေရှင်းချက်တစ်ခု ရှိသွားသည်။ ထိပ်သီးကျင့်ကြံသူများက သူတို့၏ ပြိုင်ဘက်ကင်း စွမ်းအားများကို အသုံးပြုကာ ကျောင်းသား၊ ကျောင်းသူများ ကျင့်ကြံဖို့အတွက် အာကာပြင်တစ်ခုကို ဖန်တီးလိုက်သည်။

ကျိရှားကျောင်းတော်က သေးငယ်သော်လည်း အထဲတွင် ချိုင့်ဝှမ်းကမ္ဘာငယ်လေးများဖြင့် ပြည့်နှက်နေသည်။

မျိုးဆက်တစ်ခုချင်းစီ၏ ကျောင်းသား၊ ကျောင်းသူကို  သီးသန့်အာကာပြင်တစ်ခုစီ ခွဲဝေပေးလိုက်သည့်အတွက် စီမံရတာ ပိုမိုလွယ်ကူသွားစေသည်။

အကြီးအကဲစု လက်ဝှေ့ယမ်းလိုက်သည့်အခါ လေဟာနယ် ထိုးဖောက်ထွက်လာပြီး မြူခိုးကဲ့သို့ ကျောင်းသား၊ ကျောင်းသူများကို လွှမ်းခြုံလိုက်သည်။

အာကာပြင် ကာကွယ်ရေး အစီအရင်ကို အသက်သွင်းလိုက်သည့်အတွက် တောက်ပသော အံ့ဖွယ်အလင်းတန်းကို မြေပြင်ပေါ်တွင် တွေ့နေရပြီး နတ်သင်္ကေတများကိုလည်း မြေပြင်ပေါ်တွင် ထွင်းထားသည်။

အာကာပြင်က တွန့်လိမ်ရှုံ့တွသွားကာ တောက်ပသောအလင်းတန်းက ထွက်ပေါ်လာသည်။

အားလုံး ဘာမှမမြင်နိုင်တော့ပဲ ပျောက်ကွယ်သွားကြသည်။

သူတို့ တစ်ခါပြန်လည် ထွက်ပေါ်လာသည့်အခါ အင်မတန် လှပသောကမ္ဘာသို့ ရောက်ရှိနေပြီဖြစ်သည်။

ထိုနေရာက စိမ်းလန်းစိုပြည်သော သစ်ပင်ကြီးများဖြင့် ပြည့်နှက်နေသော အင်မတန် လှပသည့်နေရာတစ်ခုဖြစ်သည်။ တောင်တန်းများက တိမ်တိုက်များကဲ့သို့ ထိုးဖောက်ထွက်နေပြီး ဝိညာဉ်ရေစင်ရေတံခွန်ကလည်း တသွင်သွင်စီးဆင်းနေသည်။

ထိုနေရာတွင် ပွဲကြည့်စင်များ၊ သစ်သားတစ်ထပ်အိမ်လေးများရှိပြီး တံတားအောက်တွင် ရေများလည်း တသွင်သွင် စီးဆင်းနေသည်။ ထိုနေရာက နတ်သမီးပုံပြင်ထဲကလိုမျိုး နေရာတစ်ခု ဖြစ်၏။

နေရာတစ်ခုလုံးကို မြူခိုးက ဖုံးလွှမ်းထားပြီး ဝိညာဉ်ချီများလည်း လေထဲတွင် ဝဲပျံနေသည်။

ပါရမီရှင်တစ်ယောက်က ပြောလိုက်သည်

“ ဒီနေရာမှာရှိတဲ့ ဝိညာဉ်ချီက အရမ်းကို သိပ်သည်းတာပဲ။ ဒီနေရာမှာသာ ကျင့်ကြံမယ်ဆိုရင် အားစိုက်ထုတ်လိုက်ရုံနဲ့ ရလဒ်က နှစ်ဆလောက် ပြန်ရမှာပဲ။”

ဝိညာဉ်မြူခိုးက နေရာတစ်ခုလုံးကို လွှမ်းမိုးထားပြီး အားလုံးကို လန်းဆန်းသွားစေသည်။ သူတို့က ဖျော့တော့သော အံ့ဖွယ်အလင်းတန်းဖြင့်သာ တောက်ပနေသည်။

ဤနေရာမှာရှိနေသော ဝိညာဉ်ချီက အင်မတန် သိပ်သည်းလှသည်။ ပြင်ပကမ္ဘာမှာ ရှိတာထက် အနည်းငယ်ပိုပြီး သိပ်သည်းသည်။ ထို့ကြောင့် ဤနေရာမှာ ကျင့်ကြံခြင်းက ပြင်ပကမ္ဘာတွင် ရက်အနည်းငယ် ကျင့်ကြံခြင်းနှင့် နှိုင်းယှဉ်လို့ရနိုင်သည်။

အသီးသီးသော အံ့ဩမှင်သက်နေသည့် ပါရမီရှင်များက အလွန် ပျော်ရွှင်နေကြသည်။

ကျိရှားကျောင်းတော်က ထိုကဲ့သို့သော် ချိုင့်ဝှမ်းကမ္ဘာငယ်ကို ဖန်တီးဖို့အတွက် စွမ်းအား အလုံအလောက်ရှိသည်။ ပြင်ပကမ္ဘာရှိ ဝိညာဉ်ချီက လုံးဝ နှိုင်းယှဉ်လို့ မရနိုင်ပေ။ မရေတွက်နိုင်သော ပါရမီရှင်များ ကျိရှားကျောင်းတော်သို့ ဝင်ရောက်ခြင်းက အဆန်းမဟုတ်သလို တော်ဝင်မိသားစုများမှ ပါရမီရှင်များပင် ဤနေရာတွင် စုဝေးနေသည်။

ကမ္ဘာငယ်၏ အလယ်တွင် ဝိညာဉ်တောင်တန်းပေါင်း ၃၆ လုံး ရှိသည်။ ထို ထောင်မတ်နေသော တောင်တန်းများက မြင့်မားလှပြီး တိမ်တိုက်များကပင် ပတ်လည်ဝန်းရံနေသည်။ နေအလင်းတန်းများက တောင်တန်းများပေါ်သို့ ကျရောက်သွားသည့်အခါ မြင်ကွင်းက အလွန်သိမ်မွေ့နူးညံ့လှသည်။

ဝိညာဉ်တောင်တန်း ၃၆ လုံးက အရွယ်အစား စုံလင်လှသည်။ တချို့က ရှည်ပြီး တချို့က နိမ့်သည်။ တချို့က ကြီးပြီး တချို့က သေးသည်။ သူတို့ကို သတ်မှတ်ထားသော အစီအစဉ်အတိုင်း စဉ်ထားပုံရသည်။

အဆုံးမဲ့ ဝိညာဉ်ချီများက ဝိညာဉ်တောင်တန်း ၃၆ လုံးမှ မြင့်တက်လာကာ တိမ်တိုက်များနှင့် ပင်လယ်များကို ထိုးဖောက်ထွက်လာစေသည်။

“ အကြီးအကဲစု အဲဒီဝိညာဉ်တောင်တန်းက ဘာတွေလဲ”

နေရာတိုင်းမှ ဝိညာဉ်ချီများ စုစည်းနေပြီး ထူးဆန်းသော ကာကွယ်ရေး အစီအရင်များ ရှိနေသည့် ဝိညာဉ်တောင်တန်းများကို ကြည့်ပြီး သူတို့ သိချင်စိတ် များပြားနေကြသည်။

ဝိညာဉ်တောင်တန်း ၃၆ လုံးက တောက်ပနေသည်။ ကျင့်ကြံသူအများစု လက်လှမ်းမမှီသော စွမ်းအားကြီးသည့် ကာကွယ်ရေး အစီအရင်များ ပါဝင်နေသည်။

အကြီးအကဲစုက စိတ်တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်

“ အဲဒီစိတ်ဝိညာဉ်တောင် ၃၆ လုံးက ဒီကမ္ဘာငယ်ထဲက ဝိညာဉ်ချီတွေရဲ့ ထောက်တိုင်ပဲ။ ပြီးတော့ မင်းတို့ နေရမဲ့နေရာတစ်ခုလည်း ဖြစ်တယ်”

သူက ဆက်ပြောလိုက်သည်

“ ဒါက သာမန်နေထိုင်ရာ နေရာတစ်ခု မဟုတ်ဘူး။ အဲဒီမှာ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးဆီက ဝိညာဉ်ချီတွေကို စုဆောင်းဖို့အတွက် အဲဒီ စိတ်ဝိညာဉ်တောင် ၃၆ခုမှာ ဝိညာဉ်ချီ စုဆောင်းခြင်း အစီအရင်ကို အသက်သွင်းထားတာ။

တောင်တစ်လုံးချင်းစီရှိ ဝိညာဉ်ချီ၏ သိပ်သည်းမှုက ပြင်ပလောကထက် ဆယ်ဆထက်ပိုပြီး မြင့်မားနေပြီး အမြင့်ဆုံးက အဆတစ်ရာအထိ ရောက်ရှိနိုင်တယ်”

ပါရမီရှင် အသီးသီးလည်း မေးရိုးပြုတ်ကျမတတ် အံ့ဩသွားရသည်။

စိတ်ဝိညာဉ်တောင်များ၏ အကျိုးသက်ရောက်မှုက စွမ်းအားကြီးလှသည်။

ကောင်းကင်သူတော်စင်မြို့၏ ဝိညာဉ်ချီက အစကတည်းက မြင့်မားပြီး ဤနေရာတွင် ပိုပြီးတော့ပင် မြင့်မားနေသည်။

အရှေ့ပိုင်းလွင်ပြင်ထက် အဆတစ်ရာ ဒါမှမဟုတ် အဆတစ်ထောင် သာလွန်နေတဲ့ ဝိညာဉ်ချီတွေနဲ့ဆိုရင် ကျင့်ကြံခြင်းအတွက် အချိန်ဘယ်လောက်တောင်  သက်သာလိုက်မလဲ

ဒါက ကျင့်ကြံဖို့အတွက် အရမ်းကောင်းမွန်သော နေရာတစ်ခု ဖြစ်သည်။

သို့သော် အကြီးအကဲစု၏ ဆက်တိုက်ပြောသော စကားလုံးများက ထိုပါရမီရှင်များကို ထိတ်လန့်တုန်လှုပ် အံ့အားသင့်သွားစေသည်။

“ ဒါပေမဲ့ စိတ်ဝိညာဉ်တောင် တစ်လုံးချင်းစီမှာ အစီအရင်တွေရှိတယ်။ လုံလောက်တဲ့ ခွန်အားမရှိရင် ဝင်သွားလို့ မရတော့ဘူး။

စိတ်ဝိညာဉ်တောင်တွေက အဆင့်မြင့်လေလေ အစီအရင်က ပိုမိုသန်မာပြီးတော့ ဝိညာဉ်ချီကလည်း သိပ်သည်းလေလေပဲ။ တစ်ချိန်ထဲမှာပဲ အဆင့်တွေအတွက် ဆုလာဘ်နဲ့ ရတနာတွေလည်း ရှိတယ်။

မင်းတို့ ဆန္ဒရှိတဲ့အတိုင်း ရွေးချယ်နိုင်တယ် ဒါပေမဲ့ ကိုယ့်နေရာကိုတော့ သိပါ။

စိတ်ဝိညာဉ်တောင်တွေအားလုံးကို လုယူလို့ရတယ်။ အရည်အချင်းရှိတဲ့သူတွေက အချင်းချင်းစိန်ခေါ်ပြီးတော့ နောက်ဆုံး အနိုင်ရတဲ့သူတစ်ယောက်ထဲကပဲ စိတ်ဝိညာဉ်တောင်ကို ချုပ်ကိုင်လို့ရနိုင်တယ်”

အကြီးအကဲစုက ပြုံးလိုက်သည်။ ကျောင်းသားအသစ်များ ဝင်ရောက်လာသည့်အခါ အမြဲတမ်း သက်ဝင်လှုပ်ရှားမှုရှိသည်။

ထိုအရာက ကျိရှားကျောင်းတော်မှ ရည်ရွယ်ချက်ရှိရှိ သတ်မှတ်ထားသော စစ်ဆေးမှုတစ်ခု ဖြစ်သည်။ သူတို့က ထူးခြားသော ပါရမီရှင်များကို ရွေးချယ်ခဲ့ရုံသာမက သူတို့၏ ရဲဘော်များလည်း စိတ်အားတက်ကြွသွားကြသည်။ သူတို့ ပန်းတိုင်တစ်ခုရှိမှသာလျှင် စိတ်ဓာတ်တက်ကြွနိုင်မည် ဖြစ်သည်။ ထို့ကြောင့် ထိုကဲ့သို့သော အခြေအနေမျိုးကသာ ကျောင်းသား၊ ကျောင်းသူများ၏ ခွန်အားကို ပိုပြီးတော့ အလျင်အမြန် တိုးတက်စေမည်ဖြစ်သည်။

ပါရမီရှင်များက အကြီးအကဲစု၏ စကားလုံးများကို ကြားပြီးနောက် စိတ်ဓာတ်တက်ကြွလာကြသည်။

အလကားရလာမှာ မဟုတ်သော်လည်း သူတို့ဆီမှာ အနည်းဆုံးတော့ အခွင့်အရေး ရှိနေသေးသည်။ သူတို့သာ စိတ်ဝိညာဉ်တောင်ကို ပိုင်ဆိုင်နိုင်ပါက သူတို့၏ ကျင့်ကြံခြင်း အရှိန်က အဆင့်တူသူများထက် များစွာ ကျော်လွန်သွားမည်ဖြစ်ပြီး ဆုလာဘ်နှင့် ရတနာများ ရရှိမှာကိုတော့ ပြောစရာပင် မလိုတော့ပေ။

ပါရမီရှင်အသီးသီးက ရှေ့တက်လာကာ အစီအရင်ကို ဖျက်စီးဖို့အတွက် ကြိုးစားနေကြသည်။

သို့သော် သူတို့ တိုက်ခိုက်ကြည့်ပြီးနောက် သူတို့ စဉ်းစားထားသလိုမျိုး မရိုးရှင်းဘူးဆိုတာကို နားလည်သွားကြသည်။

၆ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းပါရမီရှင်က နောက်ဆုံး စိတ်ဝိညာဉ်တောင်ကို ရွေးချယ်ကာ တိုက်ခိုက်လိုက်သည်။

“ ဒါက ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ”

အဲဒီပါရမီရှင်က အံ့ဩမှင်သက်သွားသည်။ သူက စွမ်းအားအကုန်ထုတ်သုံးလိုက်သော်လည်း ဘာမှဖြစ်မလာပေ။

သူ ထိုအရာကို မယုံကြည်နိုင်သည့်အတွက် အံကြိတ်ကာ ခွန်အားအပြည့်ဖြင့် ထပ်မံ တိုက်ခိုက်လိုက်ပြန်သည်။

၆ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်း စွမ်းအားအကုန် ထုတ်လွှတ်လိုက်ပြီး သူ့ခေါင်းပေါ်တွင် ပေါလောပေါ်နေကာ တောက်ပနေသည်။

ဝုန်း…

စိတ်ဝိညာဉ်တောင် ၃၆ လုံးက ကျင့်ကြံသူတစ်ယောက်ကို နောက်ပြန်ဆုတ်သွားစေသည့် ပြင်းထန်သော အရှိန်အဝါကို ထုတ်လွှတ်နေသည့်အတွက် သွေးများပင် အန်နေသည်။ သူ့ခွန်အားက စိတ်ဝိညာဉ်တောင်၏ အစီအရင်ကို ချိုးဖောက်ဖို့လောက်ထိ မသန်မာကြောင်း သိသာသွားစေသည်။

“ ဒီအစီအရင်က အဲလောက်ထိ မရိုးရှင်းဘူး”

အားလုံးက ထိတ်လန့်သွားကာ အစီအရင်များကို ထပ်ပြီးတော့ လျှော့မတွက်ရဲတော့ပေ။

၆ဆင့်မြောက် ရွှေအမြုတေပါရမီရှင်တောင် ချက်ချင်း ရှုံးနိမ့်သွားတယ်ဆိုတော့ အဲဒီအစီအရင်က ဘယ်လောက်ထိများ စွမ်းအားကြီးလိုက်သလဲ

စိတ်ဝိညာဉ်တောင်များမှာ အဲလိုမျိုး စွမ်းအားကြီးတဲ့ အကျိုးသက်ရောက်မှုတွေ ရှိနေတာက အဆန်းမဟုတ်ပါဘူး။ ကောင်းတဲ့အရာတွေက ရဖို့ ခက်ခဲတယ်

“ ဟင်း…ငါ ကြိုးစား ကြည့်ဦးမယ်”

၈ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းပါရမီရှင်က ရှေ့သို့ ထွက်လာသည်။ သူက အထွတ်အမြတ်မြေတစ်ခု၏ တပည့်ရင်းတစ်ယောက် ဖြစ်သည့်အတွက် ပြိုင်ဘက်ကင်းသော ခွန်အားကို ပိုင်ဆိုင်ထားသည်။

ထိုပါရမီရှင်က လက်ထဲတွင် တိုက်ပွဲသုံး ဓားရှည်တစ်ချောင်းကို ကိုင်ဆောင်ထားပြီး နောက်ဆုံး စိတ်ဝိညာဉ်တောင်ဆီသို့ အရှိန်ဖြင့် ဦးတည်သွားလိုက်သည်။

သို့သော် နောက်သို့ လွင်စင်သွားပြီး ပါးစပ်မှလည်း သွေးများစီးကျနေသည်။

“ ဘာ….၈ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်း ကျင့်ကြံသူတောင် အဲဒါကို မချိုးဖျက်နိုင်ဘူးလား”

“ အဲလိုမျိုး ဖြစ်လို့မရဘူးလေ အကြီးအကဲစု”

“ နောက်နေတာပဲ ဖြစ်ရမယ်။ ဘယ်သူမှ ဒီအစီအရင်ကို ဖျက်စီးနိုင်မှာ မဟုတ်တော့ဘူး”

“ နောက်ဆုံးစိတ်ဝိညာဉ်တောင်သာ အရမ်းစွမ်းအားကြီးတယ်ဆိုရင် ဘယ်သူက ဒီထက်ပိုပြီးအဆင့်မြင့်တဲ့ စိတ်ဝိညာဉ်တောင်တွေရဲ့ အစီအရင်ကို ဖျက်စီးနိုင်တော့မှာလဲ။ နောက်နေတာပဲ ဖြစ်ရမယ်”

များပြားသော ပါရမီရှင်များက မယုံကြည်နိုင်ဖြစ်နေကြသည်။

၈ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းပါရမီရှင် သူတို့ထဲတွင် ထိပ်ဆုံးအဆင့်ထဲမှ တစ်ယောက်ဟု ပြောလို့ ရနိုင်သည်။

ကျိရှားကျောင်းတော်က နှစ်တစ်ရာရောက်တိုင်း ကျောင်းသား၊ ကျောင်းသူအသစ်များကို ခေါ်ယူလေ့ရှိသည့်အတွက် ယခင် အရည်အချင်းရှိ ပါရမီရှင်များက ကျောင်းတော်ထဲသို့ ဝင်သွားပြီးပြီဖြစ်သည်။ ကျန်ရှိနေသော ပါရမီရှင်အသစ်များက နှစ်ပေါင်းတစ်ရာအတွင်း သန်မာလာသော သူများဖြစ်ပြီး ဒီထက်ပိုပြီး အသက်ကြီးသူများကိုတော့ စာရင်းလာသွင်းသည့် အခြေအနေတွင် တွေ့ဖို့အတွက် ခဲယဉ်းလှသည်။

နှစ်ပေါင်းတစ်ရာအတွင်း ၈ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်းအဆင့်သို့ ရောက်ဖို့အတွက် အင်မတန် ခဲယဉ်းလှသည်။ အဲလိုဆိုလျှင်ပင် နောက်ဆုံး စိတ်ဝိညာဉ်တောင်က ချိုးဖျက်လို့မရနိုင်ပေ။

ဒါဆိုရင် ကျန်တဲ့သူတွေက ဘာများတတ်နိုင်တော့မှာလဲ

အဲဒီစိတ်ဝိညာဉ်တောင်တွေက သူတို့ရဲ့ နေထိုင်ရာ နေရာမဟုတ်ပဲနဲ့ ယုံကြည်မှုကို ချိုးဖျက်တဲ့အရာ ဖြစ်နေပြီ

အကြီးအကဲစုက ထိုကဲ့သို့သော မြင်ကွင်းမျိုးကို ထင်မှတ်ထားပြီးသားဖြစ်သည့်အတွက် တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်

“ နောက်ဆုံးအဆင့် ကနဦးဝိညာဉ်ရှိပြီးတော့ ၈ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်းအဆင့် ရှိတဲ့သူကသာ နောက်ဆုံး စိတ်ဝိညာဉ်တောင်ခြောက်လုံးကို ဝင်ရောက်ခွင့်ရမှာ”

အဲဒီစိတ်ဝိညာဉ်တောင်တွေက အားလုံးရဲ့ ခွန်အားကို အလျင်အမြန် တိုးတက်လာစေဖို့အတွက် အားလုံးကို စိတ်ဓာတ်တက်ကြွအောင် လုပ်ပေးဖို့ စောင့်နေတာ။ ဘယ်သူမဆို အစီအရင်ကို ချိုးဖျက်နိုင်မယ်ဆိုရင် အဲဒီကာကွယ်ရေး အစီအရင်တွေကို အသက်သွင်းထားဖို့လည်း မလိုဘူးလေ

“ အကြီးအကဲစုက နောက်နေတာပဲ”

“ ကနဦးဝိညာဉ်နောက်ဆုံးအဆင့်မှာ ရှိနေတဲ့သူတွေက သူတို့ ၈ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်းအဆင့်နှင့်အထက်မှာ ရှိနေတဲ့အချိန် ချိုးဖျက်နိုင်မှ အစီအရင်ကို ဖျက်ဖို့ အခွင့်အရေးရှိမှာတဲ့လား”

ပါရမီရှင် အသီးသီးက ပြစ်တင်ပြောဆိုနေကြသည်။

နှစ်ပေါင်းတစ်ရာအတွင်း ကနဦးဝိညာဉ်အဆင့်သို့ ရောက်ဖို့ကပင် အင်မတန် ခက်ခဲနေပြီဖြစ်သည်။

ထိပ်သီးအဆင့်များသာ ထိုကဲ့သို့ လုပ်နိုင်ကြမည်ဖြစ်သည်။

၈ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်းအဆင့်တွင် ကနဦးဝိညာဉ်သို့ တက်လှမ်းနိုင်ပြီး ကနဦးဝိညာဉ် နောက်ဆုံးအဆင့်ဖြစ်ဖို့က လုံးဝ မဖြစ်နိုင်ပေ။

ယခင်မျိုးဆက်များ၏ သူတော်စင်များနှင့် သူတော်စင်မများထဲတွင်ပင် လက်တစ်ဆုပ်စာလောက်လူများသာ ထိုအရာကို လုပ်နိုင်သည်။

သူတို့က အရမ်းငယ်ရွယ်ပြီး အခုမှ ကလေးသာ ရှိသေးသည်။

ဒီတစ်ခေါက် ကျိရှားကျောင်းတော်က ကျောင်းအပ်ရာတွင် ရှိထားရမည့် အချက်အလက်များကို လျှော့ချပေးလိုက်သည့်အတွက် ကျောင်းသား၊ ကျောင်းသူအများစုက ၆ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်းအဆင့်ပတ်ဝန်းကျင်သာ ရှိတော့သည်။

သူတို့အတွက် ထိုကဲ့သို့သော အခက်အခဲက မဖြစ်နိုင်သော ထူးခြားမှုဖြစ်သည်။

ထိုအခိုက်အတန့်တွင် မရေတွက်နိုင်သော ပါရမီရှင်များက ငိုကြွေးကုန်ကြသည်။

“ ဘယ်သူက အဲဒါကို လုပ်နိုင်မှာလဲ။ ငါတို့ တောထဲမှာ အိပ်ရတော့မှာလား”

အကြီးအကဲစုက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်

“ မင်းတို့ စိတ်ဝိညာဉ်တောင်ရဲ့ အစီအရင်ထဲကို မဝင်နိုင်သေးဘူးဆိုရင် ဝိညာဉ်တောင်တွေရဲ့ ဘေးမှာ အိမ် ဒါမှမဟုတ် တဲထိုးပြီးတော့ နေလို့ရတယ်။ ကျိရှားကျောင်းတော်မှာ ကိုယ့်အားကိုယ်ကိုးရမယ်။ မင်းတို့ အားနည်းလို့ဆိုပြီးတော့ ဘယ်သူကမှ သနားမှာ မဟုတ်ဘူး”

ကျိရှားကျောင်းတော်က အမြဲတမ်း ထိုကဲ့သို့ ဖြစ်နေခဲ့သည်။

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အရာအားလုံးအတွက် တိုက်ခိုက်ဖို့ လိုအပ်သည်။ သူတို့၏ ကျင့်ကြံရေး အရင်းအမြစ်များနှင့် ကံအပြောင်းအလဲ အခွင့်အရေးများလည်း အပါအဝင်ဖြစ်သည်။

ကျောင်းသား၊ ကျောင်းသူများ သက်သက်သာသာနေသည့်အတိုင်း အကျင့်ပါမနေအောင် လေ့ကျင့်ပေးခြင်း ဖြစ်သည်။ အဲလိုမျိုးလုပ်မှသာ ထိပ်သီးကျင့်ကြံသူများကို မြေတောင်မြှောက်ပေးနိုင်မည် ဖြစ်သည်။

ပါရမီရှင် အသီးသီးက သက်ပြင်းချကာ နှုတ်ခမ်းများကို တွန့်ချိုးလိုက်မိသည်။

အားလုံး စိတ်ပျက်သွားသည်ကို ကြည့်ပြီး အကြီးအကဲစုက နှစ်သိမ့်လိုက်သည်

“ အစီအရင်ကို ဖျက်နိုင်တဲ့သူတွေက သူတို့ စာရင်းသွင်းတုန်းက နယ်မြေငါးခုမှာ အထူးခြားဆုံး ပါရမီရှင်တွေဖြစ်နေခဲ့တာ။

ကျောင်းသားအများစုကတော့ ကွင်းပြင်မှာ အိမ်တွေ စောင့်ပြီးနေကြရတာ။ အဲဒါကြောင့် သိပ်ပြီးတော့လည်း စိတ်မပျက်ပါနဲ့”

အားလုံး၏ မျက်လုံးများ လင်းလက်တောက်ပသွားသည်။

အကြီးအကဲစုသာ စောစောကတည်းက ပြောလိုက်မယ်ဆိုရင် ငါတို့ ဒီလောက်ထိ စိုးရိမ်သွားမှာ မဟုတ်ဘူး

ဒါဆို ငါတို့က အရမ်းအားနည်းနေတာ မဟုတ်ဘူး

ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ရဲ့ ဂိုဏ်းတူအစ်ကို၊ အစ်မတွေလည်း အရင်တုန်းက အပြင်မှာ အိပ်ခဲ့ဖူးတယ်ဆိုတော့ ရှက်စရာကိစ္စ မဟုတ်ပါဘူး

အခု ပိုပြီးတော့ နေလို့ ကောင်းသွားပြီ

ထို ထူးခြားသော ပါရမီရှင်များက ပိုပြီးတော့ စိတ်ဝင်စားလာသည်။ သူတို့ကိုယ် သူတို့ ထူးခြားသည်ဟု ယုံကြည်သည့်အတွက် ကနဦးဝိညာဉ် နောက်ဆုံးအဆင့် မဟုတ်လျှင်ပင် အစီအရင်ကို စိန်ခေါ်ဖို့အတွက် ခွန်အား ရှိသည်။

အထွတ်အမြတ်မြေအသီးသီး၏ သူတော်စင်များက အတူတူ တိုက်ခိုက်ကာ နောက်ဆုံးဝိညာဉ်တောင် အစီအရင်ကို ချိုးဖျက်ဖို့ ကြိုးစားနေကြသည်။

ဒီတစ်ခေါက် ကျိရှားကျောင်းတော်သို့ ဝင်သည့်အချိန်တွင် သူတော်စင်အသီးသီးက သူတို့၏ စီနီယာများထံမှ ဆန်းကြယ်ဆေးလုံးများကို ရရှိထားကြသည်။ သူတို့က ကနဦးဝိညာဉ် အစောပိုင်းအဆင့်သို့ ရောက်လုခါနီးဖြစ်နေပြီး သူတို့ထဲမှ တချို့က ကနဦးဝိညာဉ် အလယ်ပိုင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

သို့သော် သူတို့၏ ယခင် ကျင့်ကြံဆင့်က ၆ ဆင့်မြောက် သို့မဟုတ် ၇ ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်း အဆင့်သာ ရှိခဲ့သည်။ သူတို့၏ ကျင့်ကြံဆင့်ကို ၈ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့်သို့ တိုးမြှင့်နိုင်ခဲ့ရုံသာမက ကနဦးဝိညာဉ်အဆင့်သို့ပါ ရောက်ရှိသွားကြသော်လည်း သူတို့၏ အုတ်မြစ်ကတော့ အားနည်းနေဆဲဖြစ်သည်။

ထို့ကြောင့် သူတို့ အားအကုန်သုံးလျှင်ပင် နောက်ဆုံးဝိညာဉ်တောင်ကို ဖွင့်နိုင်ဖို့က အတော်လေး အလှမ်းဝေးနေသေးသည်။

“ ကျွန်တော် ကြိုးစားကြည့်မယ်”

ပါရမီရှင်တစ်ယောက် ရှေ့ထွက်လာသည်။ ဒီတစ်ခေါက်ထွက်လာသူက အလယ်ပိုင်းကုန်းမြေ ဝေဟင်ဓားသူတော်စင် ဖြစ်သည်။ သူက ကနဦးဝိညာဉ်နောက်ဆုံးအဆင့်ဖြစ်ပြီး ၈ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့်သို့လည်း ရောက်ရှိသွားပြီဖြစ်သည်။

သူ့ ခန္ဓာကိုယ်တစ်ခုလုံး တောက်ပနေကာ မရေတွက်နိုင်သော ဓားပုံရိပ်သဏ္ဌာန်များကလည်း ကောင်းကင်တွင် ပေါ်လာသည်။ သူ့လက်ထဲတွင် ကြက်သွေးနီရောင် ဓားရှည်တစ်ချောင်းကို ကိုင်ဆောင်ထားပြီး ထိုအရာမှ အလင်းတန်းလည်း လျှံကျနေသည်။

ဝေဟင်ဓားသူတော်စင်က ရှေ့တစ်လှမ်းတိုးလာကာ ဓားရှည်ကို ရှေ့သို့ လွှဲယမ်းလိုက်သည်။ သူ့ကိုကြည့်ရတာ ကျက်သရေရှိလှပြီး ထက်မြက်ပုံပေါ်သည်။ သူက ဖျက်စီးနိုင်သော စွမ်းအားနှင့် ပြိုင်ဘက်ကင်း ချွန်ထက်မှုကို ထုတ်လွှတ်လိုက်သည်။

ထိုအချိန်တွင် ဓားအရှိန်အဝါက ကောင်းကင်တစ်ခုလုံးသို့ ဖုံးလွှမ်းသွားပြီး တခြားသူများကို ကြက်သီးမွေးညင်းများ ထသွားစေသည်။

ဓားအရှိန်အဝါက စွမ်းအားကြီးသည့်အတွက် ဘယ်အရာကိုမဆို ထိုးဖောက်နိုင်စွမ်း ရှိပုံပေါ်သည်။ ဓားဖြင့် နောက်ဆုံး စိတ်ဝိညာဉ်တောင်ကို ခုတ်ထစ်လိုက်သည်။

အာကာပြင် တုန်လှုပ်သွားပြီး အံ့ဖွယ်အလင်းတန်းက လွှမ်းခြုံသွားသည်။

ဝုန်း…

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

နောက်ဆုံး စိတ်ဝိညာဉ်တောင်၏ အစီအရင်က နောက်ဆုံးတော့ ချိုးဖောက်နိုင်သွားပြီဖြစ်သည်။

ထိုအချိန်တွင် နေရာတစ်ခုလုံး‌ တောက်ပသွားကာ ထူထဲသိပ်သည်းသော ဝိညာဉ်ချီများကလည်း ပြင်းထန်သော လှိုင်းလုံးများကဲ့သို့ ထိုးဖောက်ထွက်လာကာ အားလုံးကို ထိတ်လန့်သွားစေသည်။

“ ဒါကို တကယ်ပဲ ချိုးဖျက်နိုင်သွားတာလား”

ပါရမီရှင်များအားလုံးက ထွက်ပေါ်လာသော ဝိညာဉ်ချီများကို လောဘကြီးစွာ စုပ်ယူပြီးနောက် သူတို့၏ ခန္ဓာကိုယ်ထဲတွင် တစ်စုံတစ်ခု ပြောင်းလဲသွားသလို ခံစားလိုက်ရသည်။ သူတို့၏ ကျင့်ကြံဆင့်လည်း အနည်းငယ် တိုးတက်သွားသည်။

ပါရမီရှင်တချို့က ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်

“ အကြီးအကဲစု ပြောတာ မှန်တယ်။ ဒီစိတ်ဝိညာဉ်တောင်တွေက ကျင့်ကြံခြင်းအတွက် အရမ်းကောင်းမွန်တဲ့နေရာပဲ”

ဤ စိတ်ဝိညာဉ်တောင်များအားလုံးတွင် ဝိညာဉ်ချီစုဆောင်းရေး အစီအရင်များရှိသည့်အတွက် ဤနေရာတွင်ရှိသော ဝိညာဉ်ချီက တခြားနေရာများထက် ဆယ်ဆမှ အဆတစ်ရာအထိ ပိုမိုသိပ်သည်းသည်ဟု ခံစားရစေသည်။

တစ်စုံတစ်ယောက်သာ စိတ်ဝိညာဉ်တောင်တစ်လုံးကို ပိုင်ဆိုင်သွားပါက သူတို့၏ ကျင့်ကြံခြင်းအရှိန်ကလည်း အဆမတန် တိုးမြှင့်သွားမှာ သေချာသည်။

ထို့ကြောင့် ပါရမီရှင်များအားလုံးက စိတ်အားထက်သန်မှုအပြည့်ဖြစ်သွားကြသည်။

ကျင့်ကြံခြင်းအတွက် အရမ်းအဆင်ပြေသော နယ်မြေကို ဘယ်သူမှ လက်မလွှတ်နိုင်ပေ။

အကြီးအကဲစုက ခေါင်းညိတ်ပြလိုက်သည်။ ဤမျိုးဆက်၏ ထိပ်သီးပါရမီရှင်များ၏ အရည်အချင်းက အရမ်းထူးချွန်နေသည့်အတွက် ရွှေရောင်ခေတ်ဟု ပြောနိုင်သည်။

ယခင်မျိုးဆက်များနှင့် နှိုင်းယှဉ်လျှင် ဒီတစ်ခေါက် အရင် ရောက်ရှိလာသော ပါရမီရှင်များက ပိုမိုငယ်ရွယ်သော်လည်း ခွန်အားနှင့် နှိုင်းယှဉ်လိုက်လျှင် ယခင်မျိုးဆက်ထက် အားမနည်းပေ။ အထူးသဖြင့် မှတ်မိရလွယ်သော ပါရမီရှင်အချို့၏ အရည်အချင်းများက ရိုးရှင်းစွာဖြင့် ထူးခြားလှသည်။

ရှိနေသော ပါရမီရှင် အများစုက သာမန် ဖြစ်သည်။ သူတို့က အဆင့်နိမ့်စိတ်ဝိညာဉ်တောင်များအတွက်သာ တိုက်ခိုက်နိုင်ပြီး အဆင့်ပိုမြင့်သော စိတ်ဝိညာဉ်တောင်များအနားသို့ မကပ်ရဲကြပေ။

သူတော်စင်တစ်ယောက်က အဆင့်ပိုမြင့်သော စိတ်ဝိညာဉ်တောင်ကို စိန်ခေါ်လိုက်သည့်အတွက် ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည်ကို မြင်ပြီး တခြားသူများလည်း ထိတ်လန့်သွားကြသည်။

အကြီးအကဲစုက ရှင်းပြလိုက်သည်

“ အဲဒီအဆင့်ပိုမြင့်တဲ့ စိတ်ဝိညာဉ်တောင်တွေက အရမ်းစွမ်းအားကြီးလို့ သူတို့ကို အပြင်းအထန် အနိုင်ယူဖို့ မကြိုးစားနဲ့။

မင်းတို့ အစီအရင်ကို ချိုးဖျက်ချင်ရင် အနည်းဆုံး ၈ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့်က ထိပ်သီးအဆင့် ကနဦးဝိညာဉ်ဖြစ်နေသင့်တာ။

ထိပ်တန်း စိတ်ဝိညာဉ်တောင် ဆယ်လုံးကို စိန်ခေါ်ဖို့အတွက် ဝိညာဉ်အသွင်ပြောင်းခြင်း အလယ်ပိုင်းအဆင့်အထက်မှာတောင် ရှိနေဖို့ လိုသေးတယ်”

၈ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့်နောက်ဆုံးအဆင့် ကနဦးဝိညာဉ်က နောက်ဆုံး စိတ်ဝိညာဉ်တောင်ခြောက်လုံးကို ချိုးဖျက်နိုင်ဖို့အတွက် အောက်ဆုံးအဆင့်ဖြစ်သည်။

ပိုမိုအဆင့်မြင့်သော စိတ်ဝိညာဉ်တောင်များကို စိန်ခေါ်ချင်ပါက လိုအပ်သော ခွန်အားကလည်း ပိုမိုမြင့်တက်လာမည်ဖြစ်ပြီး အများစုက လက်လျှော့သွားကြသည်။

သူတို့သာ အတင်းတိုက်ခိုက်နေပါက အစီအရင်၏ ကံဆိုးမိုးမှောင်ကျမှုကို ခံစားရပြီး ဒဏ်ရာပြင်းထန်စွာ ရရှိသွားနိုင်သည်။

ရှန်ထျန်းတို့အဖွဲ့ကတော့ ခြွင်းချက် ဖြစ်၏။

အံ့ဖွယ်မိုးကောင်းကင် ထိပ်သီးပါရမီရှင် လေးယောက်၏ ကျင့်ကြံဆင့်က ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေးဆေးလုံးကို စားပြီးနောက် သူတို့၏ ခန္ဓာကိုယ်နှင့် ကျင့်ကြံဆင့်က သူတို့နှင့် အဆင့်တူသူများထက် များစွာ သာလွန်သွားသည်။

ချီရှောက်ရွှမ်နှင့် ဝမ်ရှန်းယုက ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေးဆေးလုံးကြောင့် ဝိညာဉ်အသွင်ပြောင်းအဆင့်သို့ပင် ရောက်ရှိသွားသည်။

ထိုကဲ့သို့သော အရွယ်မျိုးတွင် ထိုကဲ့သို့သော အဆင့်မျိုးကို ရရှိခြင်းက နှစ်ပေါင်းတစ်သန်းနေမှ တစ်ယောက်သာရှိနိုင်သည့် ပြိုင်ဘက်ကင်း ပါရမီရှင်များဟု ဆိုနိုင်သည်။

ထိုစိတ်ဝိညာဉ်တောင်များက တခြားသူများ မကျော်ဖြတ်နိုင်သောအရာဖြစ်သော်လည်း သူတို့အတွက်‌တော့ ကျော်ဖြတ်ဖို့ အင်မတန် လွယ်ကူလှသည်။

အချိန်အတော်ကြာ စောင့်ကြည့်ပြီးနောက် သူတို့လည်း အခြေအနေကို အခြေခံကျကျနားလည်သွားပြီဖြစ်သည့်အတွက် သူတို့လည်း စမ်းကြည့်ဖို့ စိတ်အားထက်သန်လာပြီဖြစ်သည်။

အထူးသဖြင့် သူဌေးစုန့်နှင့် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှ တခြားသူများက စိတ်အားတက်ကြွနေကြပြီဖြစ်သည်။

ရှုန်းမှုန့်က စိတ်အားထက်သန်စွာဖြင့် ပြောလိုက်သည်

“ ကျွန်တော်ရော ဘယ်တော့ စိတ်ဝိညာဉ်တောင်တစ်လုံးရဲ့ အစီအရင်ကို ချိုးဖျက်နိုင်မလဲဆိုတာ သိချင်နေပြီ။ ကျင့်ကြံဖို့အတွက် အဲလိုနေရာမျိုးကို ဝင်သွားနိုင်မယ်ဆိုရင် တကယ်ကို ကောင်းချီးပေးခံရတာပဲ”

ရှုန်းမုန့်က သာမန်ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူက ရှန်ထျန်းနောက်ကို လိုက်ပြီး ဓာတ်နှောနတ်မိုးကြိုးကို ရရှိပြီး အတော်လေး တိုးတက်သွားခဲ့သည်။

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက အံ့ဖွယ်မိုးကောင်းကင် တပည့်ကို ပျိုးထောင်ရာတွင် အာရုံစိုက်ထားရုံသာမက ၆ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်းအဆင့်သို့ ရောက်ရှိပြီး ကျိရှားကျောင်းတော်သို့ ဝင်ရောက်သွားခဲ့သည်။

သို့သော် ရှုန်းမုန့်၏ အရည်အချင်းနှင့် ခွန်အားကြောင့် သူက ဝိညာဉ်တောင်၏ အစီအရင်ကို ဖျက်စီးနိုင်ခြင်း မရှိပေ။

သူဌေးစုန့်နှင့် လျှိုထိုက်ယီတို့၏ ခွန်အားသည်လည်း ရှုန်းမုန့်နှင့် အတူတူပင် ဖြစ်သည်။ ထို့ကြောင့် ရှုန်းမုန့် မလုပ်နိုင်ပါက သူတို့လည်း မလုပ်နိုင်ပေ။

ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည်

“ ဦးလေးကွေ့ သူတို့ ဝိညာဉ်တောင်တစ်လုံးရအောင် ကူညီပေးလိုက်ပါလားဟင်”

သူဌေးစုန့်နှင့် လျှိုထိုက်ယီတို့က ရှန်ထျန်းနောက်သို့ အချိန်အကြာကြီး လိုက်ခဲ့ကြပြီး ကောင်းချီးပေးခံရသူများအဖွဲ့၏ အဓိက အဖွဲ့ဝင်များလည်း ဖြစ်ကြသည်။ သူတို့က ရှန်ထျန်းကို သစ္စာရှိကြပြီး ရှန်ထျန်းအတွက် ပြဿနာများကို သေသေသပ်သပ် ဖြေရှင်းတတ်ကြသည်။ ထို့ကြောင့် ရှန်ထျန်းက အကျိုးအမြတ် ရစရာရှိလျှင် သူတို့ကို မမေ့ပေ။

ကွေ့ကုန်းကုန်းက ရှေ့သို့တိုးလာကာ လေးစားစွာ ပြောလိုက်သည်

“ ဟုတ်ကဲ့ ကျွန်တော်မျိုး နားလည်ပါပြီ”

ရွှေကျီးနတ်ဧကရာဇ်၏ တော်ဝင်ကျမ်းကို ရရှိပြီးနောက် ကွေ့ကုန်းကုန်း၏ ခွန်အားက အလျင်အမြန်တိုးတက်သွားခဲ့သည်။

ထို့အပြင် သူက ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေးဆေးလုံးကို စားသုံးထားသေးသည့်အတွက် ၁၀ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်းအဆင့်မှ ကနဦးဝိညာဉ် နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။ ကွေ့ကုန်းကုန်း၏ အရည်အချင်းနှင့် တိုက်ခိုက်စွမ်းရည်က ထိပ်သီးအထွတ်အမြတ်မြေများမှ သူတော်စင်များနှင့် သူတော်စင်မများထက် မနိမ့်ကျဘူးဟု ပြောနိုင်သည်။

အရှင်းဆုံးပြောရလျှင် သူ့အတွက် စိတ်ဝိညာဉ်တောင်တစ်လုံးကို စိန်ခေါ်ဖို့အတွက် မခက်ခဲလှပေ။

“ ဒါဆိုရင် ကျွန်တော် ဒီတစ်ခုကို ရွေးချယ်လိုက်မယ်”

ကွေ့ကုန်းကုန်းက စိတ်ဝိညာဉ်တောင် ၂၁လုံးမြောက်ကို ရွေးချယ်လိုက်သည်။

ဤဝိညာဉ်တောင်ကို ချိုးဖျက်နိုင်ရန်အတွက် ၉ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်းအဆင့်မှ ကနဦးဝိညာဉ် ထိပ်သီးအဆင့်ရှိဖို့ လိုအပ်သည်။

ထိုကဲ့သို့သော လိုအပ်မှုက တောင်းဆိုမှုများလွန်သည်ဟု ပြောလို့ရသည်။

သူတော်စင်များနှင့် သူတော်စင်မများပင် ထိုအဆင့်သို့ မရောက်ရှိနိုင်ပေ။

သို့သော် ကွေ့ကုန်းကုန်းကတော့ သူလုပ်နိုင်မည်ဟု ခံစားနေရသည်။

သူ၏ ကျင့်ကြံဆင့်က ကနဦးဝိညာဉ် နောက်ဆုံးအဆင့်မှာသာ ရှိပြီး ကျင့်ကြံဆင်း ကွာခြားနေသော်လည်း ကွေ့ကုန်းကုန်းက ၁၀ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်းအဆင့်မှ ကနဦးဝိညာဉ် နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားသည်။ ထို့ကြောင့် သူ့မှာ စိန်ခေါ်ဖို့အတွက် လုံလောက်သော အုတ်မြစ်ရှိသည်။

ကွေ့ကုန်းကုန်းက လေထဲသို့ ပျံသန်းသွားကာ သူ့နောက်တွင် တောက်ပသော နေခြောက်စင်း ပုံရိပ်သဏ္ဌာန် ထွက်ပေါ်လာကာ ၂၁လုံးမြောက် ဝိညာဉ်တောင်ဆီသို့ ဦးတည်သွားလိုက်သည်။

ထိုကဲ့သို့သော မြင်ကွင်းကို မြင်လိုက်ရသည့် ပတ်ဝန်းကျင်ရှိ ပါရမီရှင်များက ချီးကျူးလိုက်ကြသည်

“ အဲဒီစိတ်ဝိညာဉ်တောင်ကို စိန်ခေါ်ရဲတဲ့သူ ရှိတယ်ပေါ့လေ”

၈ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်းအဆင့်မှ ကနဦးဝိညာဉ် နောက်ဆုံးအဆင့်များပင် ၃၀မြောက် စိတ်ဝိညာဉ်တောင်ကို တိုက်ခိုက်ပြီး သွေးအန်ခဲ့ကြသည်။

တစ်စုံတစ်ယောက်က လက်မလျှော့ပဲနဲ့ ၂၁လုံးမြောက် စိတ်ဝိညာဉ်တောင်ကို စိန်ခေါ်ရဲမယ်လို့ ဘယ်သူက ထင်မှာလဲ

သူက သေခြင်းတရားကို စောင့်စားနေတာပဲ

“ အဲဒီလူက ဘယ်သူလဲ။ သူက အရမ်း စိတ်ကြီးဝင်တာပဲ”

ပါရမီရှင် အသီးသီးက အံ့ဩမှင်သက်မှုများဖြင့် ပြည့်နှက်နေသည်။

ကနဦးဝိညာဉ် နောက်ဆုံးအဆင့် သူတော်စင်က စိတ်ဝိညာဉ်တောင် ၃၀မြောက်ကို အနိုင်မယူနိုင်ခဲ့တာကို ဒီလူက ဘယ်လိုလုပ်ပြီးတော့ ၂၁လုံးမြောက် စိတ်ဝိညာဉ်တောင်ကို စိန်ခေါ်ဖို့ ယုံကြည်မှု ရှိနေရတာလဲ

ခဏအကြာတွင် တစ်စုံတစ်ယောက်က တစ်ခုခုကို စဉ်းစားမိသွားပုံပေါ်သည်

“ အဲဒီလူရဲ့ ကျင့်ကြံခြင်းပညာရပ်မှာ စွမ်းအားကြီးတဲ့ ယန်ဓာတ်ပါတဲ့ပုံပဲ။ သူက တစ်ချိန်လုံး နေကိုးစင်းသူတော်စင် ဖြစ်နေခဲ့တာများလား”

နေကိုးစင်း အထွတ်အမြတ်မြေက အလယ်ပိုင်းကုန်းမြေတွင် ကျော်ကြားသော အထွတ်အမြတ်မြေများထဲတွင် တစ်ခု အပါအဝင်ဖြစ်ပြီး ယန်ဓာတ်စွမ်းအားကို အသုံးပြုသည့်နေရာတွင် အတော်ဆုံးဖြစ်သည်။

နေကိုးစင်း သူတော်စင်သာဆိုရင် သူ ဒီလောက်ထိ မောက်မာနေတာ အကြောင်းမဟုတ်ဘူး

သို့သော် ယခုလက်ရှိတွင် နေကိုးစင်းသူတော်စင် အံ့ဩမှင်သက်သွားသည်။

ဘာတွေဖြစ်နေတာလဲ

သူက နေကိုးစင်း သူတော်စင်ဆိုရင် ငါက ဘယ်သူလဲ

သူ့ရဲ့ ကျင့်ကြံခြင်းပညာရပ်ကြောင့် နေကိုးစင်း တပည့်ဖြစ်ပုံပေါ်တယ်။ ပြဿနာက နေကိုးစင်း အထွတ်အမြတ်မြေမှာ အဲလိုလူမျိုး ရှိတယ်ဆိုတာကို ငါ ဘာလို့ သတိမထားမိခဲ့ရတာလဲ

သူ့ရဲ့ ကျင့်ကြံခြင်း ပညာရပ်ကလည်း တကယ်ကို တူပေမဲ့  သူ့ရဲ့ ခွန်အားနဲ့ဆိုရင် ငါ ဘာလို့ ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ရမယ်လို့ ခံစားနေရတာပါလိမ့်

ဒါဆိုရင် ငါက နေကိုးစင်း သူတော်စင်အတုဖြစ်ပြီးတော့ သူက အစစ်များလား

အထွတ်အမြတ်မြေက အဖိုးကြီးတွေက သူတော်စင် နောက်ထပ်တစ်ယောက်ကို တိတ်တဆိတ်ပျိုးထောင်ပြီးတော့ ငါ့ကို စွန့်ပစ်ချင်နေတာလား

သေစမ်း…ဒါ ဖြစ်နိုင်လို့လား

ထိုအချိန်တွင် နေကိုးစင်းသူတော်စင်က စိတ်ဓာတ်ကျသွားသည်။

All Chapters