ထူးချွန်သော အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ
Vol. 29 Ch. 429
အခန်း (၄၂၉) : ထူးချွန်သော အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ
ကွေ့ကုန်းကုန်းနောက်ရှိ အလင်းတန်းက ပိုမိုတောက်ပလာကာ နေခြောက်စင်းကလည်း မီးပြင်းဖိုကဲ့သို့ ပတ်ဝန်းကျင်ကို ပူလောင်စေသည်။
သူက လေထဲတွင် အရှေ့သို့ တိုးသွားပြီး တောက်ပသော အံ့ဖွယ်သက်တံပေါ်သို့ တက်နင်းလိုက်သည်။ သူက ၂၁ လုံးမြောက် စိတ်ဝိညာဉ်တောင်ဆီသို့ ဦးတည်သွားသည့် မြင်ကွင်းက အင်မတန် တောက်ပနေသည်။
“ နေကိုးစင်း သူတော်စင်က ၂၁ လုံးမြောက် စိတ်ဝိညာဉ်တောင်ဆီကို ဦးတည်သွားပြီ”
“ သူ တကယ် လုပ်နိုင်ပါ့မလား”
အားလုံးက ကွေ့ကုန်းကုန်းကို စိုက်ကြည့်ပြီး အံ့ဩမှင်သက်နေကြသည်။
ကွေ့ကုန်းကုန်းက နေကိုးစင်းတိုက်ပွဲကျမ်း၏ မူလအရင်းအမြစ်ဖြစ်သော နေမင်းတော်ဝင်ကျမ်းကို ကျင့်ကြံထားခဲ့သည်။ နေကိုးစင်းတိုက်ပွဲကျမ်းက နေမင်းတော်ဝင်ကျမ်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
နေမင်းတော်ဝင်ကျမ်းက တရားဝင်ကျမ်း တစ်ခုဖြစ်သည့်အတွက် ထုတ်လွှတ်လိုက်သော ခွန်အားက တခြားသူများကို အလွယ်တကူ ထိတ်လန့်သွားစေသည်။
ထို့ကြောင့် ကွေ့ကုန်းကုန်းက နေကိုးစင်းသူတော်စင်ဖြစ်သည်ဟု ပါရမီရှင်အားလုံးက တွေးနေကြသည်။
နေကိုးစင်းသူတော်စင် အစစ်က နှုတ်ခမ်းများကို တွန့်ချိုးလိုက်မိသည်။ သူ့ထက်ပိုပြီး သန်မာနေသော သူတော်စင်အတုကို ကြည့်ကာ မျက်ရည်များပင် ဝဲလာသည်။
ဝုန်း…
တောက်ပသော အလင်းက အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
ကွေ့ကုန်းကုန်းက နေခြောက်စင်းကို ဝိညာဉ်တောင် ၂၁လုံးမြောက်ဆီသို့ ကြယ်ကြွေသလိုမျိုး ပစ်ချလိုက်သည်။
ထိုအချိန်တွင် နေခြောက်စင်းမှ ထွက်ပေါ်လာသော အလင်းများက အားလုံး၏ အမြင်ကို မှုန်ဝါးသွားစေသည်။
စိတ်ဝိညာဉ်တောင်ကလည်း မိုးမြေ၏ စည်းမျဉ်းများပါရှိသော တောက်ပသည့်အလင်းတန်းကို ထုတ်လွှတ်ကာ လေထုထဲတွင် စွမ်းအားကြီးသော အရှိန်အဝါတို့ဖြင့် ပြည့်နှက်နေသည်။
အံ့ဖွယ်အလင်းတန်းများက စိတ်ဝိညာဉ်တောင်ကို ဖုံးလွှမ်းသွားသည်။ တောင်ထိပ်မှ ကြယ်အစုအဝေးမြင်ကွင်းတစ်ခု ချိတ်ဆွဲထားပြီး စိတ်ဝိညာဉ်တောင်ကို တခြားအရာများမှ သီးသန်းခွဲထားလိုက်သည်။
တောက်ပပူပြင်းသော နေမင်းက အလင်းနှင့် ပေါင်းစပ်သွားကာ အဆုံးမဲ့အရှိန်အဝါလှိုင်းဖြစ်ပေါ်လာပြီး စည်းမျဉ်းများကိုပင် တုန်လှုပ်သွားစေသည်။
ပါရမီရှင်များအားလုံး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်
“ အဲဒါကတောင် မချိုးဖျက်နိုင်ဘူးလား”
ကွေ့ကုန်းကုန်းက ပြိုင်ဘက်ကင်း ခွန်အားကို လွှတ်ထုတ်လိုက်သည်။ ထိုအရာက ၉ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်းအဆင့်မှ ကနဦးဝိညာဉ် ထိပ်သီးအဆင့် ကျင့်ကြံသူ၏ အင်အားအပြည့်တိုက်ကွက်ခွန်အားနှင့် နှိုင်းယှဉ်လို့ရနိုင်သည်။
အဲလိုလုပ်တာတောင် ၂၁ လုံးမြောက် စိတ်ဝိညာဉ်တောင်ရဲ့ အစီအရင်က မပျက်စီးသေးဘူးတဲ့လား
နေကိုးစင်းသူတော်စင်က သက်ပြင်းချကာ ပြောလိုက်သည်
“ ဘုရားကယ်လို့ပေါ့….ကျေးဇူးတင်ပါတယ်…တော်သေးတာပေါ့”
ကွေ့ကုန်းကုန်းသာ ထိုအစီအရင်ကို တကယ်ချိုးဖျက်နိုင်သွားပါက အထွတ်အမြတ်မြေမှ အဖိုးကြီးများက သူ၏ သူတော်စင်ရာထူးကို ရုတ်သိမ်းသွားမည်ကို နေကိုးစင်း သူတော်စင်က စိုးရိမ်နေသည်။ ထို့နောက် သူတို့က ထိုသူတော်စင်အတုကို ဖိတ်ခေါ်လိုက်နိုင်သည်။
ကွေ့ကုန်းကုန်း ပြသလိုက်သော တိုက်ပွဲစွမ်းရည်က အရမ်းစွမ်းအားကြီးသည့်အတွက် နေကိုးစင်းသူတော်စင်က သူ၏ နိမ့်ကျမှုကြောင့် အရှက်ရမိပြီး သူ၏ ရာထူးလည်း ခြိမ်းခြောက်ခံနေရသည်ဟု ခံစားရသည်။
သို့သော် သူ့ခန္ဓာကိုယ် စတင်တုန်လှုပ်လာသည့်အတွက် နေကိုးစင်းသူတော်စင်လည်း အံ့ဩမှင်သက်သွားသည်။
ကွေ့ကုန်းကုန်းက လက်မလျှော့ဘဲ ရွှေရောင်အလင်းတန်းဖြင့် လွှမ်းခြုံနေသော ဓားရှည်တစ်ချောင်းကို ထုတ်ယူလိုက်သည့်အတွက် သူ အံ့ဩသွားခြင်း ဖြစ်သည်။
နေမီးလျှံလွှမ်းခြုံထားသော ဓားရှည်က တောက်ပနေကာ ကြောက်စရာကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
ထိုဓားရှည်၏ စွမ်းအားကို အာရုံခံပြီးနောက် နေကိုးစင်းသူတော်စင် အံ့ဩသွားရပြန်သည်
“ မဖြစ်နိုင်ဘူး။ သူ့ဆီမှာ ဝိဇ္ဇာအသုံးအဆောင် ပစ္စည်းလည်း ရှိတယ်လား”
နေကိုးစင်းသူတော်စင်က ကွေ့ကုန်းကုန်းဆီမှာ ဝိဇ္ဇာအသုံးအဆောင်ပစ္စည်းရှိတယ်ဆိုတာကို မယုံကြည်နိုင်ဖြစ်နေသည်။
ထိုဝိဇ္ဇာဓားက ကျင့်ကြံရေးပညာရပ်နှင့် သင့်တော်ပြီး သူ၏ တိုက်ပွဲခွန်အားကို အဆုံးစွန်ထိ မြှင့်တင်ပေးနိုင်သည်။ နေကိုးစင်းအထွတ်အမြတ်မြေ၏ သူတော်စင်ဖြစ်သော သူ့ဆီမှာပင် ဝိဇ္ဇာအသုံးအဆောင်ပစ္စည်း မရှိပေ။
သို့သော် သူ့ရှေ့မှာရှိနေသော သူတော်စင်အတုတွင် ဝိဇ္ဇာဓားရှည် ရှိနေသည်။
အရှင်းဆုံးပြောရလျှင် နေကိုးစင်းသူတော်စင်က အားကျနေသည်။
သူတော်စင်တစ်ယောက် ဖြစ်သူက နာမည်မရှိသောသူကို ရှုံးနေတယ်တဲ့
ဒါက ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ
ထိုအချိန်တွင် တခြားသော ပါရမီရှင်များတွင်လည်း ထပ်တူညီသော အတွေးများရှိကြသည်။
ဝိဇ္ဇာအသုံးအဆောင်ပစ္စည်းများက သာမန်ဂေါ်ဖီထုပ်များ မဟုတ်ပဲ အထွတ်အမြတ် အရင်းအမြစ်များ ဖြစ်သည်။
အထွတ်အမြတ်မြေများ၏ သူတော်စင်များပင် ဝိဇ္ဇာအသုံးအဆောင်ပစ္စည်းကို စောစောစီးစီး ရရှိမည် မဟုတ်ပေ။
ထို့ကြောင့် အားလုံးက ကွေ့ကုန်းကုန်းသည် နေကိုးစင်းသူတော်စင်ဖြစ်သည်ဟု ပိုမိုယုံကြည်လာကြသည်။ သူတော်စင်တစ်ယောက်မှာသာ ဝိဇ္ဇာအသုံးအဆောင်ပစ္စည်း ရှိနေနိုင်သည်။
သူသာ သူတော်စင် မဟုတ်ဘူးဆိုရင် ဒီလောက်ထိ စွမ်းအားကြီးတဲ့ အသုံးအဆောင်ပစ္စည်းကို ဘယ်လိုလုပ်ပြီးတော့ ပိုင်ဆိုင်နိုင်ပါ့မလဲ
ဒါက တစ်ခုထဲသော သင့်လျော်တဲ့ ရှင်းပြချက်ပဲ
ကွေ့ကုန်းကုန်း၏ လက်ထဲရှိ နေမင်းအထွတ်အမြတ်ဓားက ရှန်ထျန်းက ရွှေကျီးနတ်ဧကရာဇ်၏ ဂူဗိမာန်ထဲမှ ရရှိထားသော အရာတစ်ခု ဖြစ်သည်။
ရွှေကျီးနတ်ဧကရာဇ်က ထာဝရဘုံဗိမာန်ကျွန်း အမှတ်အသားပြားကိုပင် ရှန်ထျန်းဆီ ပေးခဲ့သည့်အတွက် ဂူဗိမာန်ထဲရှိ ရတနာများကလည်း သူ့အပိုင်ဖြစ်သည်။
ထို့ကြောင့် ရှန်ထျန်းက ရွှေကျီးနတ်ဧကရာဇ်၏ ရတနာများထဲမှ ထိုဓားကို ရှာတွေ့ခဲ့ခြင်းဖြစ်သည်။
ရှန်ထျန်းဆီမှာ ခရမ်းစိမ်းဓားနှစ်သွယ်နှင့် ထျန်းကျူဓားရှိနေပြီဖြစ်သည့်အတွက် ထိုဓားက သူ့အတွက် အသုံးမဝင်တော့ပေ။
ထို့ကြောင့် သူ့လူထဲက တစ်ယောက်ဖြစ်သည့် ကွေ့ကုန်းကုန်းဆီသို့ နေမင်းအထွတ်အမြတ်ဓားကို ပေးလိုက်ခြင်းဖြစ်သည်။
ကံကောင်းစွာဖြင့် နေမင်းအထွတ်အမြတ်ဓားက ကွေ့ကုန်းကုန်း ကျင့်ကြံနေသော တော်ဝင်ကျမ်းနှင့် လိုက်ဖက်သည့်အတွက် သူ၏ တိုက်ပွဲစွမ်းရည်ကို မြှင့်တင်ပေးလိုက်သည်။
ကွေ့ကုန်းကုန်းက နေမင်းအထွတ်အမြတ်ဓားကို အင်မတန် နှစ်သက်သည့်အတွက် တစ်စက္ကန့်လေးမျှ အလွတ်မပေးပေ။
ထိုနေရာမှာတင် နေမီးလျှံအထွတ်အမြတ်ဓားဖြင့် အရှင့်သား၏ လုံခြုံမှုနှင့် ဂုဏ်သိက္ခာကို ကာကွယ်ပေးမည်ဟု ပြောခဲ့သေးသည်။
ဒါက တကယ်ကို ကောင်းတဲ့ အခွင့်အရေးပဲလေ
ကွေ့ကုန်းကုန်းက နေမီးလျှံအထွတ်အမြတ်ဓားကို လက်ထဲတွင် ကိုင်ဆောင်ထားကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးကိုလည်း နေမီးလျှံဖြင့် ဖုံးလွှမ်းနေသည်။ သူက တောက်ပနေပြီး ဝိညာဉ်တောင်မှ ထုတ်လွှတ်သော အလင်းတန်းပင် နှိုင်းယှဉ်သည့်အခါ မှေးမှိန်သွားရသည်။ ကွေ့ကုန်းကုန်းက နေမီးလျှံအထွတ်အမြတ်ဓားကို ဝှေ့ယမ်းကာ စွမ်းအားကြီးသော ဓားအရှိန်အဝါ ထွက်ပေါ်လာပြီး လေထဲသို့ ထိုးဖောက်ထွက်သွားသည်။
ထိုမီးတောက် ဓားအရှိန်အဝါက ရုတ်တရက် ပေါက်ကွဲထွက်သွားကာ မြေပြင်ကို တုန်ခါသွားစေပြီး စည်းမျဉ်းများကိုလည်း ကမောက်ကမဖြစ်သွားစေသည်။
ဝိညာဉ်တောင်၏ ထိုးဖောက်လို့ မရနိုင်သော အစီအရင်က နောက်ဆုံးတွင် ကွဲအက်သွားကာ အံ့ဖွယ်အလင်းတန်း ပြိုကွဲသွားသည်။
“ သူ အောင်မြင်သွားတော့မှာလား”
ထိုမြင်ကွင်းကို ကြည့်ပြီး ပါရမီရှင်အသီးသီး၏ အကြည့်တို့ တောက်ပသွားရသည်။
ထိုကဲ့သို့သော အဆင့်မြင့် စိတ်ဝိညာဉ်တောင်ကို ချိုးဖျက်နိုင်သည့်သူက သူတို့မျိုးဆက်ထဲတွင် မရှိသေးသည့်အတွက် ၂၁လုံးမြောက် စိတ်ဝိညာဉ်တောင်က ဘယ်လောက်ထိ ဆန်းကြယ်နေမလဲဆိုတာကို သူတို့ သိချင်နေပြီဖြစ်သည်။
စိတ်ဝိညာဉ်တောင် ပွင့်လာသည်ကို မြင်လိုက်ရ၍ ကွေ့ကုန်းကုန်းက စိတ်လှုပ်ရှားကာ ခွန်အားများကို မထိန်းချုပ်တော့ပဲ အားလုံးကို လွှတ်ထုတ်လိုက်သည်။
“ ပွင့်လိုက်စမ်း” ကွေ့ကုန်းကုန်းက အော်ဟစ်ကာ နေမီးလျှံအထွတ်အမြတ်ဓားကို တစ်ခါထပ်မံ လွှဲလိုက်သည်။
နေမီးလျှံက သူ့ဓားထိပ်တွင် စုစည်းသွားကာ ကြီးမားသော နေကြာပန်းဖြစ်ပေါ်လာပြီး စိတ်ဝိညာဉ်တောင်ကို လွှဲရိုက်လိုက်သည်။
ဝုန်း…
မြေပြင်တုန်လှုပ်သွားကာ စိတ်ဝိညာဉ်တောင်လည်း တုန်ရီသွားသည်။
၂၁ လုံးမြောက် စိတ်ဝိညာဉ်တောင်၏ အစီအရင်က နောက်ဆုံးတော့ ခံနိုင်ရည်မရှိတော့ပဲ ကွေ့ကုန်းကုန်း၏ ရိုက်ချက်နှစ်ချက်ဖြင့် ကွဲအက်သွားရသည်။ ထို့နောက် အံ့ဖွယ်အလင်းတန်းက နေရာအနှံ့ပျံ့နှံ့သွားသည်။
သိပ်သည်းသော ဝိညာဉ်ချီက စိတ်ဝိညာဉ်တောင်မှ ပြင်းထန်သော လှိုင်းလုံးများကဲ့သို့ နေရာအနှံ့ပျံ့နှံ့သွားသည်။
ပါရမီရှင်များအားလုံးလည်း အံ့ဩမှင်သက်သွားကြသည်။ သူတို့ကို အဆုံးမဲ့ ဝိညာဉ်ချီများက ဝန်းရံနေသလိုမျိုး ခံစားရသည့်အတွက် သူတို့ ပျော်ရွှင်နေသည်။
အဆင့်မြင့် စိတ်ဝိညာဉ်တောင်ကတော့ ထင်တဲ့အတိုင်းပဲ အဆင့်နိမ်နဲ့ စိတ်ဝိညာဉ်တောင် လိုက်လို့ မမှီနိုင်ဘူး
၂၁ လုံးမြောက် စိတ်ဝိညာဉ်တောင်၏ သိပ်သည်းဆက ၃၀လုံးမြောက် စိတ်ဝိညာဉ်တောင်ထက် အဆအနည်းငယ် ပိုမိုမြင့်မားနေသည်။ ဝိညာဉ်ချီများက သိပ်သည်းကာ မြူခိုးများ ဖြစ်လာသည်။
သို့သော် စိတ်ဝိညာဉ်တောင်နှင့် နှိုင်းယှဉ်လိုက်ပါက အားလုံး၏ အာရုံက အစီအရင်ကို ဖျက်စီးလိုက်သော ကွေ့ကုန်းကုန်းဆီသို့ ရောက်ရှိနေကြသည်။
၉ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်းအဆင့်သို့ ရောက်ရှိသွားတဲ့ ကနဦးဝိညာဉ် ထိပ်သီးအဆင့်ပါရမီရှင် တိုက်ပွဲစွမ်းရည်ကို လိုအပ်တဲ့ အစီအရင်ပဲ
သို့သော် ကွေ့ကုန်းကုန်းက ထိုအရာကို နှစ်ချက်ဖြင့်သာ အပြီးသတ်နိုင်ခဲ့သည်။
သူတို့ ဘယ်လိုလုပ်ပြီးတော့ မအံ့ဩပဲနေပါ့မလဲ
များပြားသော ပါရမီရှင်များ၏ ဆွေးနွေးမှုတို့ဖြင့် ဆူညံသွားသည်။
“ နေကိုးစင်း အထွတ်အမြတ်မြေက အဲလိုမျိုး သူတော်စင်တစ်ယောက်ကြောင့် ထူးခြားဖို့ ကံပါလာတာလား။”
“ နေကိုးစင်း အထွတ်အမြတ်မြေမှာ တကယ်ကို ရတနာတစ်ပါးရှိနေတာပဲ။ အဲလိုမျိုး ပါရမီရှင်တစ်ယောက်ကို သူတို့ရဲ့ သူတော်စင်အဖြစ် ရအောင် လုပ်ထားနိုင်တယ်”
“ ဟင်း…ငါတို့ရဲ့ ယန်ကိုးပါးအထွတ်အမြတ်မြေကတော့ သူတို့ကို ကျော်နိုင်တော့မှာ မဟုတ်ဘူး”
“…”
ကွေ့ကုန်းကုန်း၏ ခွန်အားကို ချီးကျူးနေကြသလို ကွေ့ကုန်းကုန်း အနားကပ်သွားပြီး မိတ်ဆွေဖွဲ့ချင်နေကြသည်။
“ နေကိုးစင်း သူတော်စင် ကျွန်တော်က ကောင်းကင်ပြန်လည်ဝင်စားခြင်း သူတော်စင်ပါ။ ညီအစ်ကိုနဲ့ ကျင့်ကြံခြင်းကိစ္စတွေကို ဆွေးနွေးလို့ ရမယ်လို့ မျှော်လင့်ပါတယ်”
“ ကျွန်တော်က ယန်မီးတောက် ချိုင့်ဝှမ်းရဲ့ တပည့်ရင်းပါ။ နေကိုးစင်း သူတော်စင်အနေနဲ့ ကျွန်တော်ကို အကြံပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”
“ ကျွန်မက အပျော်ကြူးခြင်း ချိုင့်ဝှမ်းကပါ။ နေကိုးစင်းသူတော်စင်မှာ တာအိုလက်တွဲဖော်ရှိလားဟင်”
“…”
၆ဆင့်မြောက်နှင့် ၇ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်းအဆင့် ပါရမီရှင်များဖြစ်ကြပြီး သူတို့က စိတ်ဝိညာဉ်တောင်များကို သူတို့ဘာသာသူတို့ မဖွင့်နိုင်ပေ။
ထို့ကြောင့် စိတ်ဝိညာဉ်တောင်များကို ဖွင့်နိုင်သည့် ပါရမီရှင်များအားလုံးနှင့် ဆက်ဆံရေးကောင်းတစ်ခုကို တည်ဆောက်ထားချင်သည်။
ဖြစ်နိုင်လျှင် သူတို့လည်း ကျင့်ကြံဖို့အတွက် စိတ်ဝိညာဉ်တောင်ထဲသို့ အလကားဝင်ချင်သည်။
စိတ်ဝိညာဉ်တောင်ထဲသို့ ဝင်နိုင်မည့် အခွင့်အရေးက ငြင်းနိုင်သည့် အခွင့်အရေးမျိုး မဟုတ်ပေ။
ဒါက ၂၁ လုံးမြောက် စိတ်ဝိညာဉ်တောင်ဖြစ်တယ်ဆိုတာကို ပြောစရာတောင် မလိုတော့ဘူး
နေကိုးစင်း သူတော်စင်က ထိုကဲ့သို့သော စကားမျိုးကို ကြားပြီး နှုတ်ခမ်းများကို တွန့်ချိုးလိုက်မိသည်။
“ နေကိုးစင်း သူတော်စင်က ငါပဲ။ ငါပဲလို့”
ကွေ့ကုန်းကုန်းက အံ့ဩမှင်သက်သွားကာ ပြောလိုက်သည်
“ နေကိုးစင်းသူတော်စင်က ဘယ်သူလဲ။”
သို့သော် သူက အလျင်အမြန် နားလည်သွားကာ ပြုံးရင်း ပြောလိုက်သည်
“ ကျွန်တော်က နေကိုးစင်း သူတော်စင် မဟုတ်ပါဘူး။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ရဲ့ အမှုထမ်းအိုကြီး တစ်ယောက်သက်သက်ပါပဲ။
အရှင့်သားကြောင့်ပဲ ကျွန်တော် ဒီလို အောင်မြင်မှုတွေကို ရရှိခဲ့တာပါ”
ရှန်ထျန်းမရှိရင် ကွေ့ကုန်းကုန်းက မီးတိုင်းပြည်ရဲ့ ကုန်းကုန်းတစ်ယောက်ပဲ ဆက်ဖြစ်နေပြီးတော့ တခြားသူတွေရဲ့ လေးစားမှုကို ဘယ်လိုလုပ်ပြီးတော့ ခံရပါ့မလဲ
သူက ရှန်ထျန်းကို ပိုပိုပြီးတော့ ကျေးဇူးတင်လာသည်။
အားလုံးက အံ့ဩမှင်သက်သွားကြသည်။
အဲဒီစွမ်းအားကြီးတဲ့ ပါရမီရှင်က နေကိုးစင်းသူတော် မဟုတ်ပဲနဲ့ အမှုထမ်းတစ်ယောက်တဲ့လား
မင်း နောက်နေတာပဲ ဖြစ်ရမယ်
ဘယ်အမှုထမ်းက ဒီလိုမျိုးစွမ်းအားကြီးလို့လဲ
ဝိဇ္ဇာအသုံးအဆောင်ပစ္စည်းတစ်ခု ပိုင်ဆိုင်ထားတဲ့အပြင် တိုက်ခိုက်စွမ်းရည်ကလည်း ၉ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်းအဆင့်မှ ကနဦးဝိညာဉ် ထိပ်သီးအဆင့်ကျင့်ကြံသူနဲ့ တူတယ်တဲ့လား
ငါ့ဆီမှာတောင် ဝိဇ္ဇာအသုံးအဆောင် ပစ္စည်း မရှိသေးဘူးလေ
အမ်…ခဏလေးနေပါဦး
အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ရဲ့ အမှုထမ်းတဲ့လား … အဆန်းတော့ မဟုတ်ပါဘူး
ဒါပေမဲ့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ရဲ့ အမှုထမ်းကတောင် ဒီလောက်ထိ စွမ်းအားကြီးတယ်တဲ့
ဒါဆိုရင် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ရဲ့ ခွန်အားက တိုင်းတာလို့ မရနိုင်ဘူးလား
အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က နယ်မြေငါးခုတွင် ကျော်ကြားနေပြီဖြစ်သည့်အတွက် ထိုပါရမီရှင်များက သူ့နာမည်ကို ကြားဖူးနေကြသည်။
ကွေ့ကုန်းကုန်း၏ ဂုဏ်ပုဒ်အစစ်အမှန်ကို သိရှိပြီးနောက် ပါရမီရှင်များ၏ မျက်နှာထားက အံ့ဩမှင်သက်မှု၊ ရိုသေလေးစားမှုတို့ဖြင့် ပြည့်နှက်သွားသည်။
ပါရမီရှင်များအားလုံးက ရိုသေလေးစားစွာ ပြောလိုက်သည်
“ ဒါဆိုရင် ခင်ဗျားက အံ့ဖွယ်မိုးကောင်းကင် သူတော်စင် လက်အောက်ကပေါ့။ နားလည်မှုလွဲသွားတဲ့အတွက် တောင်းပန်ပါတယ်နော်”
“ တွေ့လား။ ငါပြောသားပဲ သူက နေကိုးစင်း သူတော်စင် မဟုတ်ပါဘူးဆိုနေ။ သာမန် နေကိုးစင်းအထွတ်အမြတ်မြေက ဘယ်လိုလုပ် ခင်ဗျားလိုမျိုး ထူးခြားတဲ့ ပါရမီရှင်မျိုး ရှိနေနိုင်မှာလဲ”
“…”
နေကိုးစင်း သူတော်စင်၏ နှုတ်ခမ်းက မယုံနိုင်စွာဖြင့် တွန့်ချိုးသွားမိသည်။
သူတို့က စောနကပဲ နေကိုးစင်းအထွတ်အမြတ်မြေကို မြှောက်ပင့်ပြောဆိုနေတာလေ အခုတော့ စပြီးတော့ လှောင်ပြောင်နေပြီတဲ့လား
အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ရဲ့ အမှုထမ်းအိုကြီးက နေကိုးစင်းသူတော်စင်ဖြစ်တဲ့ ငါ့ထက် ပိုပြီးတော့ တော်နေတာ ဖြစ်နိုင်လို့လား
သူ့ကို တိုက်ပွဲစွမ်းရည်နဲ့ဆိုရင် လုံးဝ မယှဉ်နိုင်ဘူး
ဒါဆိုရင် အရည်အချင်းနဲ့ဆိုရင်ရော…ကြည့်ရတာတော့ မယှဉ်နိုင်ပြန်ဘူး
သေစမ်း…ဒါဆိုရင် ဘယ်လိုမျိုး ယှဉ်စေချင်တာလဲ
ငါ့ကို အသေသာ သတ်သွားလိုက်ပါတော့
နေကိုးစင်းသူတော်စင် မဖြစ်ရတာ ပိုပြီးတော့ ကောင်းပါတယ်
အရမ်းကို လှောင်ပြောင်ခံနေရပြီ
ကွေ့ကုန်းကုန်း စိတ်ဝိညာဉ်တောင်၏ အစီအရင်ကို ချိုးဖျက်နိုင်သွားသည်ကို မြင်လိုက်ရသည့်အခါ အံ့ဖွယ်မိုးကောင်းကင် ထိပ်သီးပါရမီရှင်လေးယောက်လည်း ထိန်းချုပ်မထားတော့ဘဲ ရှေ့တိုးလာကြသည်။
ထိုစိတ်ဝိညာဉ်တောင်များက သူတို့နေရမည့်နေရာဆိုလည်း ဟုတ်သလို သူတို့၏ ကျင့်ကြံရေးအရှိန်ကို မြှင့်တင်ပေးနိုင်သည့် နေရာတစ်ခုလည်း ဖြစ်သည်။ ထို့ကြောင့် ဘယ်သူမှ ထိုအခွင့်အရေးကို လက်လွတ်မခံနိုင်ပေ။
အလယ်ပိုင်းကုန်းမြေ ကောင်းကင်အသျှင် ဆယ်ယောက်နှင့် တိုက်ခိုက်ပြီးနောက် သူတို့လေးယောက်လုံး ဉာဏ်အလင်းပွင့်ခဲ့သည်။ သူတို့၏ ကျင့်ကြံဆင့်များလည်း ကနဦးဝိညာဉ် ထိပ်သီးအဆင့်သို့ မြင့်တက်သွားသည့်အတွက် ဝိညာဉ်အသွင်ပြောင်းအဆင့်မှ မဝေးတော့ပေ။
ထို့ကြောင့် သူတို့၏ ပြိုင်ဘက်ကင်းအရည်အချင်းနှင့် ကနဦးဝိညာဉ်ထိပ်သီးအဆင့် တိုက်ပွဲစွမ်းရည်ဖြင့် စိတ်ဝိညာဉ်တောင်တစ်လုံးကို ပိုင်ဆိုင်ဖို့အတွက် မခဲယဉ်းလှပေ။
သူတို့ လေးယောက် လေထဲသို့ ပျံသန်းသွားကာ သူတို့နောက်တွင် မိုးကြိုးများပေါ်လာသည်။ သူတို့က မိုးကြိုးကို ထိန်းချုပ်နေသော နတ်ဘုရားများသဖွယ် ဖြစ်နေသည်။
သူတို့လေးယောက်က လေထဲတွင် ခမ်းနားသောအရှိန်အဝါဖြင့် ဂုဏ်ယူစွာ မတ်တပ်ရပ်နေသည်။
ကောင်းကင်မှ သူတို့၏ ထိတ်လန့်စရာကောင်းသော အရှိန်အဝါကြောင့် ပါရမီရှင်များ၏ အာရုံက သူတို့ဆီသို့ ရောက်ရှိသွားပြီး သူတို့၏ ခန္ဓာကိုယ်များ တုန်လှုပ်နေသည်။
“ အဲဒါက အံ့ဖွယ်မိုးကောင်းကင် ထိပ်သီးပါရမီရှင် လေးယောက်ပဲ”
“ သူတို့လည်း လှုပ်ရှားတော့မှာလား။ သူတို့ကရော ဘယ်ဝိညာဉ်တောင်ကို ရွေးချယ်မှာပါလိမ့်”
ပြင်ပလောကတွင် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက အရှေ့ပိုင်းလွင်ပြင်တွင် အသန်မာဆုံး အထွတ်အမြတ်မြေဖြစ်ပြီး ထိုထဲတွင် ရှိသော ပါရမီရှင် အားလုံးတွင် ပြိုင်ဘက်ကင်းအရည်အချင်းရှိကြပြီး အထူးသဖြင့် အံ့ဖွယ်မိုးကောင်းကင် ထိပ်သီးပါရမီရှင်လေးယောက်က ပြိုင်ဘက်ကင်းလှသည်ဟူသော ကောလဟာလများရှိသည်။ သူတို့က အံ့ဖွယ်မိုးကောင်းကင် သူတော်စင်အပြင် အသန်မာဆုံးသော ပါရမီရှင်များဖြစ်ပြီး တခြားအထွတ်အမြတ်မြေများ၏ ထိပ်သီးသူတော်စင်များနှင့် သူတော်စင်မများကိုပင် ယှဉ်ပြိုင်နိုင်ကြသည်။
ကွေ့ကုန်းကုန်း၏ ခွန်အားက အားလုံးကို ယုံကြည်စေခဲ့သည်။
အဲဒါကြောင့် အံ့ဖွယ်မိုးကောင်းကင် ထိပ်သီးပါရမီရှင်လေးယောက်က ဘယ်လောက်ထိ စွမ်းအားကြီးနေပါစေ ဘယ်သူက ကွေ့ကုန်းကုန်းထက် ပိုပြီးတော့ သန်မာနိုင်မှာလဲ
အားလုံးက မျှော်လင့်ချက်အပြည့်ပါသော အကြည့်များဖြင့် သူတို့လေးယောက်ကို ကြည့်နေကြသည်။
သူတို့လေးယောက်က စိတ်ဝိညာဉ်တောင် အချို့ကို ဖြတ်သန်းကာ ပျံသန်းသွားကြပြီး ထိပ်သီးစိတ်ဝိညာဉ်တောင် ဆယ်လုံးရှိရာသို့ ရောက်ရှိသွားကြသည်။
ပါရမီရှင်များ မျက်လုံးများ ပြူးကျယ်သွားကြပြီး မေးရိုးပြုတ်ကျမတတ် အံ့ဩသွားကြသည်။
“ မဖြစ်နိုင်ဘူး…မဖြစ်နိုင်ဘူး…”
“ သူတို့က တကယ်ကြီး စိတ်ဝိညာဉ်တောင် ဆယ်လုံးကို စိန်ခေါ်သွားတော့မလို့လား”
ပါရမီရှင်များအားလုံး အံ့ဩမှင်သက်သွားကြသည်။ သူတို့လေးယောက်က ပြိုင်ဘက်ကင်း ပါရမီရှင်များဟု အသိများသော်လည်း ထိုအရာကတော့ အရမ်းအံ့ဩဖို့ကောင်းသည်။
တခြားသူတော်စင်တွေက နောက်ဆုံး စိတ်ဝိညာဉ်တောင်တွေကို ရဖို့ကြိုးစားနေချိန်မှာ အံ့ဖွယ်မိုးကောင်းကင် ထိပ်သီးပါရမီရှင်လေးယောက်က ထိပ်သီးစိတ်ဝိညာဉ်တောင် ဆယ်ခုဆီ သွားလိုက်တယ်တဲ့လား
ကွာခြားလိုက်တာ။ သူတို့က အရမ်းစွမ်းအားကြီးတာပဲ
ပါရမီရှင်အသီးသီးက သံသယဝင်နေကြသည်။
“ အဲဒီထိပ်သီး စိတ်ဝိညာဉ်တောင် ဆယ်လုံးကို ရဖို့ဆိုရင် ဝိညာဉ်အသွင်ပြောင်းခြင်း အလယ်ပိုင်းအဆင့် ဖြစ်ရမယ်လို့ အကြီးအကဲစုက ပြောခဲ့တယ် မဟုတ်လား”
“ သူတို့က ထိပ်သီး စိတ်ဝိညာဉ်တောင် ဆယ်လုံးကို စိန်ခေါ်ဖို့အတွက် ယုံကြည်မှုရှိလို့ သူတို့လေးယောက်က ရဲတင်းနေကြတာလား”
“ ဒါမှမဟုတ် သူတို့က ကြွားချင်ယုံသက်သက်ပဲလား”
ထိုလေးယောက်က ထိပ်သီးစိတ်ဝိညာဉ်တောင် ဆယ်လုံးကို ချိုးဖျက်နိုင်မည်ဟု ပါရမီရှင် အသီးသီးက မယုံကြည်ကြပေ။
သူတို့က အထွတ်အမြတ်မြေတွေရဲ့ တပည့်တွေလေ သူတို့က ဘာလို့ အဲလိုအရာမျိုးကို လုပ်ရဲရတာလဲ
အကြီးအကဲစုပင် စိတ်ဝင်စားစွာဖြင့် စောင့်ကြည့်နေသည်။
ဝိညာဉ်တောင် ၃၆ လုံးက ထူးခြားပြီး အစီအရင်များဖြင့် ပြည့်နှက်နေသည်။ ပြိုင်ဘက်ကင်း ပါရမီရှင်များသာလျှင် ထိုအရာများကို ချိုးဖျက်နိုင်မည်ဖြစ်သည်။
အနိမ့်ဆုံး လိုအပ်ချက်ကပင် ၈ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့်မှ ကနဦးဝိညာဉ် နောက်ဆုံးအဆင့် ကျင့်ကြံသူဖြစ်ဖို့ လိုအပ်သည်။
အဆင့် ၁၀ မှ အဆင့် ၅ အတွင်း စိတ်ဝိညာဉ်တောင်များကို ရဖို့အတွက် ဝိညာဉ်အသွင်ပြောင်းခြင်း အလယ်ပိုင်းအဆင့် တိုက်ခိုက်စွမ်းရည်ကို လိုအပ်သည်။
ယခင်က ထိပ်သီးစိတ်ဝိညာဉ်တောင် ဆယ်ခုကို ရရှိသော ပါရမီရှင် အရေအတွက်ကို လက်တစ်တည်းဖြင့်သာ ရေတွက်လို့ရနိုင်သည်။ ချိုးဖျက်နိုင်ခြင်းကပင် ကျင့်ကြံသူကို ဂုဏ်သတင်းကြီးသွားစေသည်။
သူတို့လေးယောက်က ထိပ်သီး စိတ်ဝိညာဉ်တောင် ဆယ်လုံးကို စိန်ခေါ်တော့မယ်
အားလုံး ဆွေးနွေးနေစဉ် သူတို့လေးယောက်က စတင်လှုပ်ရှားလိုက်တော့သည်။
“ ဂိုဏ်းတူအစ်ကိုနဲ့အစ်မတို့ ကျွန်တော် အရင်ဆုံး လုပ်လိုက်မယ်”
ကျောက်ဟောင်က အရင်ဆုံး စတင်လှုပ်ရှားလာသည်။
သူက အနီရင့် တိမ်တုတ်ချောင်းကို လက်ထဲမှာ ကိုင်ဆောင်ထားရင်း ၈လုံးမြောက် စိတ်ဝိညာဉ်တောင်သို့ ဦးတည်သွားလိုက်သည်။
ကျောက်ဟောင်က ထို ကြီးမားသော အနီရင့်ရောင် တိမ်တုတ်ချောင်းကို မြှောက်ကိုင်လိုက်သော်လည်း လေးလံသည့်ပုံစံ မပေါ်ပေ။ အဲဒီအစား ပေါ့ပါးသည်ဟု ခံစားရသည်။
အနီရင့်ရောင် တိမ်တုတ်ချောင်းက လေထဲတွင် လည်ပတ်နေရင်း မီးတောက်များနှင့် မိုးကြိုးများ ဖြစ်ပေါ်လာသည်။ ထိုစွမ်းအားက အရမ်းထိတ်လန့်စရာကောင်းပြီး တောင်များကို ပြိုလဲနိုင်စေပြီး ပင်လယ်များကို ပြောင်းပြန်လှန်သွားစေနိုင်သည်။
ကျောက်ဟောင်က လွှမ်းမိုးသော အရှိန်အဝါဖြင့် အနီရင့်ရောင် တိမ်တုတ်ချောင်းကို လွှဲယမ်းလိုက်သည်။
၈လုံးမြောက် စိတ်ဝိညာဉ်တောင်၏ အစီအရင်က အင်မတန် စွမ်းအားကြီးလှသည်။ မရေတွက်နိုင်သော စည်းမျဉ်းများ ပေါင်းစပ်ကာ ထိုးဖောက်၍မရနိုင်သော ဒိုင်းကာတစ်ခုကို ပြုလုပ်ထားပုံပေါ်သည်။
သို့သော် ကျောက်ဟောင်၏ ရက်စက်သော တိုက်ခိုက်မှုများအောက်တွင် ကျယ်လောင်သောအသံဖြင့် အပေါက်ကြီးတစ်ခု ဖြစ်သွားကာ အထဲမှ အံ့ဖွယ်အလင်းတန်းများ တောက်ပလာသည်။
ကျန်းယွင်ထင် ခေါင်းယမ်းပြကာ ခါးသီးစွာ ပြုံးလိုက်ရင်း ပြောသည်
“ ညီလေးကျောက်က အရမ်းကြမ်းတယ်”
သူက ရှေ့တိုးကာ ဝေဟင်နဂါး သံစဉ်ခုနစ်သွယ်ဗျပ်စောင်းကို ထုတ်ယူလိုက်သည်။
သူက ကျက်သရေရှိသော ဂီတကို တီးခတ်ရင်း ၇ လုံးမြောက် စိတ်ဝိညာဉ်တောင်ဆီသို့ ဦးတည်သွားလိုက်သည်။
ဂီတက ချိုသာပြီး သာယာလှသည့်အတွက် နားထောင်သူအဖို့ သံစဉ်ထဲ နစ်မြောသွားစေသည်။ သို့သော် ထိုတေးသွားများက စွမ်းအားကြီးသော တိုက်ခိုက်မှုဖြစ်ပြီး သေချာနားထောင်ကြည့်ပါက ရက်စက်သော ဟိန်းဟောက်သံများကို ကြားရလိမ့်မည်။
ထိုတေးသွားများက လေထဲသို့ ထိုးဖောက်ထွက်နေသည့် ချွန်ထက်သော ဓားသွားများအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုဓားသွားများက သူတို့၏ လမ်းကြောင်းတွင်ရှိနေသော အရာမှန်သမျှကို ဖျက်စီးပစ်မည့်ပုံ ပေါ်သည်။
၇ လုံးမြောက် စိတ်ဝိညာဉ်တောင်၏ အစီအရင်က ပြင်းထန်သော လှိုင်းလုံးများကဲ့သို့ဖြစ်နေသော ကျန်းယွင်ထင်၏ အဆုံးမရှိသော တိုက်ခိုက်မှုအောက်တွင် ပျက်စီးသွားခဲ့သည်။
ဖန်ချန်း၏ အကြည့်တို့ တောက်ပသွားသည်။ သူ ခေါင်းယမ်းပြကာ ပြောလိုက်သည်
“ ညီလေးက သူ့ရဲ့ ခွန်အားတွေကို တကယ်ကို နက်နက်နဲနဲ ဖုံးကွယ်ထားတာပဲ”
ကျန်းယွင်ထင်က အမြဲတမ်း လူမသိသူမသိနေသည့်အတွက် သူ၏ စစ်မှန်သော ခွန်အားကို ဘယ်သူမှ မသိကြပေ။
သို့သော် ယခု သူထုတ်လွှတ်လိုက်သော တိုက်ခိုက်စွမ်းရည်က အလယ်ပိုင်းအဆင့် ကောင်းကင်အသျှင်များထက် လုံးဝ အားမနည်းပေ။
ဖန်ချန်းက မျက်ခုံးများကို ပင့်တင်ရင်း မေးလိုက်သည်
“ ညီမလေးက ဘယ်စိတ်ဝိညာဉ်တောင်ကို ရွေးမှာလဲ”
သူ လှည့်ကြည့်လိုက်သည့်အခါ ကျန်းယွင်ရှီးက ၆ လုံးမြောက် စိတ်ဝိညာဉ်တောင်ဆီသို့ ဦးတည်သွားနေပြီဖြစ်သည်။
ဖန်ချန်းက အော်ဟစ်လိုက်သည်
“ ညီမလေး… ထွက်သွားမယ်ဆိုတာကို ဘာလို့မပြောရတာလဲ။ စောင့်ပါဦး”
ထို့နောက် ဖန်ချန်းက နဂါးလှံတံကို ထုတ်ယူကာ ၅ လုံးမြောက် စိတ်ဝိညာဉ်တောင်သို့ သွားလိုက်သည်။
ဝုန်း…ဝုန်း…ဝုန်း…
ကမ္ဘာငယ်တစ်ခွင်တွင် ကျယ်လောင်သောအသံတစ်ခု ပဲ့တင်ထပ်သွားသည်။
ကျန်းယွင်ရှီးက သူမ၏ ရွှေရောင်ဇာမဏီ အထွတ်အမြတ်ဓားကို လွှဲယမ်းလိုက်ပြီး သတ္တမ ဓာတ်နှော နတ်မိုးကြိုး (သတ္တု)ကလည်း မိုးမြေကို ထိုးဖောက်သွားသည်။
ဝုန်း…
တောက်ပသော ဓားအရှိန်အဝါက ၆ လုံးမြောက် စိတ်ဝိညာဉ်တောင်ကို ဖြတ်သန်းသွားပြီး မရေတွက်နိုင်သော အစီအရင်များကို ကောင်းကင်သို့ ပျံသန်းသွားစေပြီး စူးရှသော အလင်းရောင်က ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်သွားသည်။
ပထမဆုံး ဓားခုတ်ချက်
ဒုတိယ ဓားခုတ်ချက်
တတိယ ဓားခုတ်ချက်
၆ လုံးမြောက် စိတ်ဝိညာဉ်တောင်ပေါ်ရှိ အစီအရင်များက ပြင်းထန်စွာ လှုပ်ခတ်သွားကာ ကြီးမားသော အက်ကြောင်းကြီးတစ်ခု ထွက်ပေါ်လာသည်။
ဖန်ချန်းကလည်း သူ၏ နဂါးလှံတံကို ယူကာ ၅ လုံးမြောက် စိတ်ဝိညာဉ်တောင်ကို ထိုးဖောက်လိုက်သည်။
ထိုအခိုက်အတန့်တွင် လှံတံအရှိန်အဝါက ထိုးဖောက်ထွက်လာသည်။
ကြောက်စရာကောင်းသော အရှိန်အဝါက လေထဲတွင် ထိုးဖောက်ထွက်လာကာ အစီအရင်ထဲရှိ မရေတွက်နိုင်သော အပေါက်များကို ခုတ်ထစ်လိုက်သည်။
ခဏအကြာတွင် စိတ်ဝိညာဉ်တောင် လေးခု၏ အစီအရင်များက သူတို့လေးယောက်ကြောင့် ပြိုလဲသွားသည်။
အလင်းတန်းများက ကောင်းကင်သို့ ထိုးဖောက်ထွက်သွားကာ မြေပြင်က တုန်ခါနေသည်။
များပြားသောသူများက စိတ်ဝိညာဉ်တောင်လေးခု၏ ထိပ်တွင် အသီးသီးရပ်နေကြသော သူတို့လေးယောက်ကို စိုက်ကြည့်ပြီး ကြောင်အနေကြသည်။ သူတို့က ထိတ်လန့်မှုကြောင့် ဆွံ့အသွားကြသည်။
သူတို့ မယုံကြည်နိုင်စွာဖြင့် ပြောလိုက်ကြသည်
“ ဒါက ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ”
သူတို့လေးယောက်က ကနဦးဝိညာဉ်ထိပ်သီးအဆင့်မှာ ဝိညာဉ်အသွင်ပြောင်းခြင်း အလယ်ပိုင်းအဆင့် တိုက်ပွဲစွမ်းရည်ကို တကယ် ထုတ်သုံးနိုင်တာပဲ
စိတ်ဝိညာဉ်တောင်လေးလုံးပင် အကြာကြီးမခံပဲ သူတို့၏ တိုက်ခိုက်မှုအောက်တွင် ပြိုလဲသွားရသည်။ သူတို့က ဝိဇ္ဇာအသုံးအဆောင်ပစ္စည်းများကို အသုံးပြုခဲ့သော်လည်း သူတို့၏ အရည်အချင်းကလည်း အံ့အားသင့်စရာကောင်းလှသည်။
ဝိဇ္ဇာအသုံးအဆောင်ပစ္စည်းများက ရှားပါးသော်လည်း အထွတ်အမြတ်မြေများ၏ သူတော်စင်တချို့တွင် ပိုင်ဆိုင်ထားသည်။ သို့သော် သူတို့က ဝိဇ္ဇာအသုံးအဆောင်ပစ္စည်း၏ စွမ်းအားကို ငှားယူလျှင်ပင် သူတို့လေးယောက်၏ တိုက်ခိုက်စွမ်းရည်လိုမျိုး မရရှိနိုင်ပေ။
ဥပမာအရဆိုရင်တော့ ဓားကိုင်ထားတဲ့ သုံးနှစ်ကလေးတစ်ယောက်က ဓားမရှိတဲ့ ကလေးတစ်ယောက်ထက် ပိုကြောက်ဖို့ကောင်းတယ်
ဒါပေမဲ့ ကလေးက လူလတ်ပိုင်းယောက်ျားတစ်ယောက်ကိုတော့ ဘယ်လိုနည်းနဲ့မှ အနိုင်ယူနိုင်မှာ မဟုတ်ဘူး။ သူတို့နှစ်ယောက်က လုံးဝမှ အဆင့်မတူတာ
သူတို့ လုံးဝကို မယုံကြည်နိုင်စရာပဲ
ဒီမျိုးဆက်ရဲ့ အံ့ဖွယ်မိုးကောင်းကင် တပည့်တွေဆီမှာ တကယ်ကို အံ့ဩဖို့ကောင်းတဲ့ အရည်အချင်းတွေ ရှိနေတာပဲ
ထိုအရာက မလှုပ်ရှားသေးသည့် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်အကြောင်းကို သူတို့ ပိုပြီး သိလာချင်စေသည်။
များပြားတဲ့ ပြိုင်ဘက်ကင်းပါရမီရှင်တွေက သူ့ရဲ့နောက်လိုက်လုပ်ချင်လောက်အောင်ထိ သူက ဘယ်လောက်ထိများ ထူးခြားနေလို့လဲ
ထိုအရာကို တွေးလိုက်ရုံဖြင့်တင် သူတို့ကို စိတ်လှုပ်ရှားစေသည်။