← Chapters

အခန်း (၁၁၅၆-၁၁၅၈)

Vol. 79 Ch. 1156-1158

အခန်း (၁၁၅၆-၁၁၅၈)

Vol. 79 Ch. 1156-1158

အခန်း ၁၁၅၆ မြောက်ပိုင်း ဆောက်လုပ်ရေး

နျူကျင်ကော့သည် ကြောင်အသွားခဲ့သည်။ ဖုန်းယွီ ဤနေရာသို့ ရောက်လာလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ပေ။

ယခုအခါ လီတာဖူသည် ဖုန်းယွီ၏ ထောက်ခံမှုကို ရရှိထားကြောင်း ထင်ရှားနေပြီဖြစ်ရာ မြို့တော်ခေါင်းဆောင်များက နျူကျင်ကော့အား ပေးထားသော ကတိများသည် ရယ်စရာ ကောင်းနေတော့သည်။

ထိုစဉ်က ဖုန်းယွီသည် ယခုလောက် မချမ်းသာသေးသော်လည်း မြို့တော်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ရဲခဲ့သည်။ ယခုအခါ ဖုန်းယွီသည် အာရှ၏ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်နေပြီဖြစ်ပြီး မည်သည့်နေရာသွားသွား ခေါင်းဆောင်ကြီးများက လက်ခံတွေ့ဆုံကြသည်။ ဖုန်းယွီသည် ပင်းချန် စက်မှုထုတ်လုပ်ရေး အုပ်စု၏ အဓိက ရှယ်ယာရှင် မဟုတ်လျှင်ပင် ဖုန်းယွီက လီတာဖူကို ထောက်ခံသည်ဟု ပြောလိုက်ပါက နျူကျင်ကော့အတွက် အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။

ဤနှစ်များအတွင်း ဖုန်းယွီသည် ပင်းချန်မြို့အတွက် ငွေမည်မျှ လှူဒါန်းခဲ့သနည်း။ လူအများအပြားက ဖုန်းယွီကို “ဖုန်းတခြမ်းမြို့” ဟု တိတ်တဆိတ် နောက်ပြောင် ခေါ်ဝေါ်ကြသည်။ ပင်းချန်မြို့ တည်ဆောက်ရေး၏ တစ်ဝက်ခန့်သည် ဖုန်းယွီနှင့် သက်ဆိုင်နေသည်ဟု ဆိုလိုခြင်း ဖြစ်သည်။

သို့သော် ဖုန်းယွီသည် အဘယ်ကြောင့် လီတာဖူကို ထောက်ခံရသနည်း။ ငါက သူ့ထက် ဘယ်နေရာ ညံ့လို့လဲ။

အခြားရည်မှန်းချက်ရှိသော ဒါရိုက်တာအချို့သည် တိတ်တဆိတ် ဝမ်းသာနေကြသည်။ ကံကောင်းထောက်မစွာဖြင့် သူတို့ ခေါင်းမထောင်မိခဲ့ကြပေ။ သို့မဟုတ်ပါက ကံဆိုးမိုးမှောင်ကျမည့်သူမှာ သူတို့ ဖြစ်ပေလိမ့်မည်။

“နျူကျင်ကော့ မဟုတ်လား။ ခင်ဗျား ကုမ္ပဏီမှာ ဆက်ပြီး အလုပ်လုပ်ချင်သေးရင် ကောင်းကောင်းမွန်မွန် လုပ်ပါ။ မရှိသင့်မရှိထိုက်တဲ့ အတွေးတွေ ရှိနေသေးရင်တော့ မြို့တော်က ခန့်အပ်ထားတဲ့ ဒါရိုက်တာကို လူလဲဖို့ အချိန်တန်ပြီလို့ ကျွန်တော် ထင်တယ်”

နျူကျင်ကော့သည် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ပြီး ဘာမှမပြောတော့ပေ။ ဖုန်းယွီသည် သူ့ကို လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။ သူသာ အကောင်းအဆိုး နားမလည်သေးပါက ဤရာထူးကောင်းကို သူများလက်ထဲ ထည့်ပေးရတော့မည် ဖြစ်သည်။ ယခင်က မြို့တော်မှ ခန့်အပ်ထားသော ကိုယ်စားလှယ်သည် ယခုအခါ မြို့တော် နိုင်ငံပိုင် ပိုင်ဆိုင်မှု ကြီးကြပ်ရေး၏ ခေါင်းဆောင် ဖြစ်နေပြီ ဖြစ်သည်။

ဖုန်းယွီသည် လီတာဖူအား လူသိရှင်ကြား ထောက်ခံပေးလိုက်ပြီး လီတာဖူကို စီအီးအိုအဖြစ် ခန့်အပ်လိုက်ရာ မည်သူမျှ ထပ်မံ မကန့်ကွက်ရဲတော့ပေ။ လီမင်တေသည် ခါးသီးစွာ ပြုံးရင်း ခေါင်းခါလိုက်သည်။ သူ ပြင်ဆင်ထားသော စကားလုံးများသည် အသုံးမဝင်တော့ပေ။ ဖုန်းယွီ မျက်နှာပြလိုက်ရုံဖြင့် စကားနှစ်ခွန်းနှင့် ကိစ္စပြတ်သွားခဲ့သည်။

ဖုန်းယွီသည် လူများကို ခေါ်ဆောင်ကာ လျင်မြန်စွာ ရောက်လာပြီး လျင်မြန်စွာ ပြန်လည် ထွက်ခွာသွားခဲ့သည်။ ထိုကုမ္ပဏီခွဲ မန်နေဂျာများ ခန့်အပ်မှုကို သူ နားထောင်ရန် စိတ်မဝင်စားပေ။ ဘာပဲဖြစ်ဖြစ် သူ သိချင်သည့်အချိန်တွင် အချိန်မရွေး သိနိုင်သလို သူ လူလဲချင်လျှင်လည်း အချိန်မရွေး လဲလှယ်နိုင်သည် မဟုတ်ပါလား။

ပင်းချန် ဆေးဝါးထုတ်လုပ်ရေး အုပ်စုဘက်သို့လည်း ဖုန်းယွီ သွားရောက်ရဦးမည်။ ထိုဘက်မှ ကုမ္ပဏီခွဲတစ်ခုကိုလည်း ပြန်လည် ဖွဲ့စည်းရဦးမည် ဖြစ်သည်။

မြို့တော်သည် ပြန်လည်ဖွဲ့စည်းခြင်းကို စွဲလမ်းနေပြီဖြစ်ကြောင်း ဖုန်းယွီ သဘောပေါက်လိုက်သည်။ ပင်းချန် ဘီယာကဲ့သို့ပင် ဖုန်းယွီက ကျန့်ရွေ့ချန်အား ကြီးမားခိုင်မာအောင် လုပ်ဆောင်သင့်ကြောင်း ပြောပြပြီးနောက် ပေတချန်း လက်အောက်သို့ ပေါင်းစပ်လိုက်ပြီး စဉ်ဆက်မပြတ် တိုးချဲ့ခဲ့သည်။ ယခုအခါ လုံကျန်းပြည်နယ်ရှိ မြို့ကြီးများမှ အခြား ဘီယာစက်ရုံများ အားလုံးကို ပေါင်းစပ်လိုက်ပြီး ပင်းချန် ဘီယာ၏ ထုတ်လုပ်မှု စွမ်းရည်ကို တိုးချဲ့ခဲ့သည်။

ယခုအခါ ပင်းချန် ဘီယာသည် တောင်ဘက်သို့ တိုးချဲ့လျက်ရှိသည်။ အင်အားကြီးသော ပြိုင်ဘက်နှင့် တွေ့ဆုံပါက ယာယီ ရှောင်ကွင်းသွားပြီး သိပ် အားမကောင်းသော ဘီယာစက်ရုံများကို ဝါးမျိုးကာ ပင်းချန် ဘီယာ၏ အမှတ်တံဆိပ် ဩဇာကို ချဲ့ထွင်နေသည်။

ဤသို့ လုပ်ဆောင်ပြီးနောက် ပင်းချန် ဘီယာသည် တရုတ်နိုင်ငံရှိ ဈေးကွက်ဝေစု ဆက်တိုက် မြင့်တက်လာပြီး အရှေ့မြောက်ပိုင်း ဒေသကိုမူ သူတို့လက်ထဲတွင် ခိုင်မာစွာ ဆုပ်ကိုင်ထားနိုင်သည်။

ဖုန်းယွီသည် ဤအချက်ကသာ မြို့တော်မှ ပင်းချန် စက်မှုကုမ္ပဏီကို ခွဲထုတ် ပြန်လည်ဖွဲ့စည်းချင်ရသည့် အဓိက အကြောင်းရင်း ဖြစ်မည်ဟု အလေးအနက် သံသယဝင်မိသည်။ ထို့အပြင် မြို့တော်သည် ပြန်လည်ဖွဲ့စည်းခြင်းကို သိသိသာသာ စွဲလမ်းနေပုံရပြီး ယခု ပင်းချန် ဆေးဝါးထုတ်လုပ်ရေး အုပ်စုကို ပစ်မှတ်ထားပြန်ပြီ ဖြစ်သည်။

ပြောရမည်ဆိုလျှင် ပင်းချန် ဆေးဝါးထုတ်လုပ်ရေး အုပ်စုကို စတင် ပြုပြင်ပြောင်းလဲစဉ်က အုပ်စု ကုမ္ပဏီ ပုံစံအတိုင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သဖြင့် ထပ်မံ ခွဲထုတ်ရန် မလိုအပ်တော့ပေ။ ထပ်မံ ခွဲထုတ်ပါက ကုမ္ပဏီ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေနိုင်သည်။

သို့သော် ဤတစ်ကြိမ်တွင် ဆေးဝါးထုတ်လုပ်ခြင်းနှင့် မသက်ဆိုင်သော ကုမ္ပဏီခွဲတစ်ခုကို ခွဲထုတ်လိုခြင်း ဖြစ်သည်။ ၎င်းမှာ ပင်းချန် ဆေးဝါးထုတ်လုပ်ရေး အုပ်စု လက်အောက်ရှိ အိမ်ခြံမြေ ဖွံ့ဖြိုးရေး ကုမ္ပဏီဖြစ်ပြီး မြို့တော် ဆောက်လုပ်ရေးနှင့် ပေါင်းစပ်ကာ ပိုမိုကြီးမားသော အိမ်ခြံမြေ ဖွံ့ဖြိုးရေး ကုမ္ပဏီတစ်ခု ဖွဲ့စည်းရန် ဖြစ်သည်။

နိုင်ငံတော်သည် အိမ်ခြံမြေလုပ်ငန်းကို အဓိက မဏ္ဍိုင် လုပ်ငန်းအဖြစ် အတိအလင်း သတ်မှတ်လိုက်ပြီ ဖြစ်သည်။ အဓိက မဏ္ဍိုင် လုပ်ငန်းဖြစ်သည့်အတွက် အနာဂတ်တွင် သက်ဆိုင်ရာ မူဝါဒ အထောက်အပံ့များ ရှိလာမည်မှာ သေချာပြီး ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည်။

ကျန့်ရွေ့ချန်သည် ကုမ္ပဏီ အတိုင်းအတာ ကြီးမားလာလျှင် အမှတ်တံဆိပ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အကျိုးရှိကြောင်း၊ ရန်ပုံငွေများကို စုစည်းနိုင်ကြောင်းနှင့် အားသာချက်ရှိသော အရင်းအမြစ်များကို စုစည်းနိုင်ကြောင်း စသည့် ဖုန်းယွီ ပြောခဲ့သည်များကို မှတ်မိနေသည်။

ဘာပဲဖြစ်ဖြစ် ပင်းချန် ဆေးဝါးထုတ်လုပ်ရေး အုပ်စု လက်အောက်ရှိ ထိုအိမ်ခြံမြေ ကုမ္ပဏီခွဲသည် ဒီနှစ်တွေအတွင်း ဌာနဆိုင်ရာ ဝန်ထမ်းအိမ်ရာများကိုသာ အဓိက ဆောက်လုပ်ခဲ့ပြီး အမြတ်မရရှိခဲ့ပေ။ မြို့တော် ဆောက်လုပ်ရေး လက်အောက်သို့ ပေါင်းစပ်လိုက်ခြင်းက ပိုကောင်းပြီး ပိုမို လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နိုင်မည် ဖြစ်သည်။

ဖုန်းယွီသည် ဤအချက်ကို မကန့်ကွက်ပေ။ နောင်ဆယ်နှစ်ကျော်အတွင်း အိမ်ခြံမြေလုပ်ငန်းသည် အမှန်တကယ်ပင် အလွန်လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည်။ ယခင်ဘဝက နှစ်နှစ်ထောင် ပြည့်ပြီးနောက် အိမ်ခြံမြေ ဈေးနှုန်းများ ကျွမ်းထိုးမှောက်ခုံ တက်လာခဲ့ခြင်းသည် အကောင်းဆုံး သက်သေ ဖြစ်သည်။

အမှန်တကယ်တွင် ယခုအချိန်၌ စီးပွားဖြစ် အိမ်ခြံမြေ ဈေးနှုန်းများသည် စတင် မြင့်တက်နေပြီ ဖြစ်သည်။ ဥပမာအားဖြင့် ဖုန်းယွီ အဆောက်အအုံ၏ ငှားရမ်းခများ မြင့်တက်နေပြီး ကုမ္ပဏီများစွာသည် ငှားချင်သော်လည်း ငှားမရသည့် အခြေအနေ ဖြစ်နေသည်။

အိမ်ခြံမြေ ဖွံ့ဖြိုးရေး လုပ်ကိုင်ခြင်းသည် တကယ်တော့ အလားအလာ ကောင်းမွန်သည်။ ထို့အပြင် ဖုန်းယွီတွင် လုံလောက်သော ရန်ပုံငွေ ရှိသဖြင့် အခြားသူများထက် မြေကွက် ပိုမိုရယူနိုင်သည်။ ယခုအချိန်တွင် မြေကွက်များကို လှောင်ထားရုံဖြင့်ပင် ငွေအမြောက်အမြား ရှာဖွေနိုင်သည်။

ဥပမာအားဖြင့် လီသူဌေး၏ပြည်မကြီးရှိ ဗျူဟာသည် မြေဝယ်ခြင်း၊ မြေဝယ်ခြင်း၊ မြေဝယ်ခြင်းသာ အဓိက ဖြစ်သည်။ မဖြစ်မနေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမည့် အချိန်ရောက်မှသာ လုပ်ဆောင်ပြီး ပြန်လည် ရောင်းချကာ အမြတ်ယူသည်။ ယခင်ဘဝတွင် အချို့သော မြေကွက်များကို ဒဏ်ငွေ ပေးဆောင်ခံရလျှင်တောင် ဖွံ့ဖြိုးတိုးတက်အောင် မလုပ်ဆောင်ဘဲ အကြောင်းပြချက် အမျိုးမျိုးဖြင့် ရွှေ့ဆိုင်းခဲ့ကြသည်။ ရိုးရိုးရှင်းရှင်း ပြောရလျှင် မြေဈေး တက်နှုန်းသည် အိမ်ဈေး တက်နှုန်းထက် ပိုမြန်သောကြောင့် ဖြစ်သည်။

မြို့တော် ဆောက်လုပ်ရေး၏ အတိုင်းအတာမှာ မကြီးမားလှပေ။ လုံကျန်းတွင် ပြည်နယ် ဆောက်လုပ်ရေး ရှိပြီး ထိုအရာ၏ အတိုင်းအတာကတော့ မဆိုးလှပေ။

သို့သော် ပင်းချန် ဆေးဝါးထုတ်လုပ်ရေး အုပ်စု လက်အောက်ရှိ အိမ်ခြံမြေ ကုမ္ပဏီခွဲ၏အတိုင်းအတာသည်လည်း မကြီးမားလှရာ ပြည်နယ် ဆောက်လုပ်ရေးနှင့် ပေါင်းစပ်ပါက ရှယ်ယာ ပိုင်ဆိုင်မှု အချိုးအစား နည်းပါးလွန်းမည် ဖြစ်သည်။ မြို့တော် ဆောက်လုပ်ရေးနှင့် ပေါင်းစပ်ခြင်းမှာမူ ကွဲပြားသည်။ နှစ်ဖက်စလုံး၏ ပိုင်ဆိုင်မှု ပမာဏမှာ မတိမ်းမယိမ်း ဖြစ်သောကြောင့် မျှတမှု ရှိသည်။

ပင်းချန် ဆေးဝါးထုတ်လုပ်ရေး အုပ်စုကို ထိန်းချုပ်ထားသူမှာ မြို့တော်ဖြစ်သောကြောင့် ဤဆုံးဖြတ်ချက်ကို ချမှတ်ရာတွင် ဖုန်းယွီ သဘောတူရန် မလိုအပ်ပေ။ သို့သော် မြို့တော် ခေါင်းဆောင်များသည် အလွန် ပါးနပ်ကြသည်။ အထူးသဖြင့် ယခု ပင်းချန်၏ အမြဲတမ်း ဒုတိယမြို့တော်ဝန် ဖြစ်နေသော ရွှီချန်ယို၏အတွင်းရေးမှူးဟောင်းသည် ဖုန်းယွီကို လုံးဝ စိတ်ဆိုးအောင် လုပ်မည် မဟုတ်ပေ။

ဖုန်းယွီ၏ ထောက်ခံမှုကြောင့် ကျန့်ရွေ့ချန်၏ ရာထူးတက်နှုန်း မည်မျှ မြန်ဆန်သည်ကို ကြည့်ပါဦး။ သူ၏ ရည်မှန်းချက်မှာ ကျန့်ရွေ့ချန်၏ လမ်းဟောင်းအတိုင်း လျှောက်လှမ်းရန်နှင့် ဖုန်းယွီ၏ ထောက်ခံမှုကို ရယူရန် ဖြစ်သည်။ ထိုသို့ဆိုလျှင် ရာထူး အလွန်မြင့်မားသည့် နေရာသို့ မရောက်နိုင်လျှင်တောင် အလွန်တည်ငြိမ်မည် ဖြစ်သည်။ သူ၏ ခေါင်းဆောင်ဟောင်းကဲ့သို့ နယ်ခြားစောင့် အရာရှိကြီး ဖြစ်လာလျှင်ပင် သူ၏ အမြင့်ဆုံး အိပ်မက် ဖြစ်နေပြီ ဖြစ်သည်။

ထို့အပြင် စီးပွားရေး ကဏ္ဍတွင် ဖုန်းယွီထက် တော်သည်ဟု မည်သူ ပြောရဲသနည်း။ ခင်ဗျားသာ ဖုန်းယွီထက် တော်လျှင် ဘာဖြစ်လို့ အာရှ အချမ်းသာဆုံး မဖြစ်ရတာလဲ။ ဘာဖြစ်လို့ ကမ္ဘာ့ ထိပ်တန်း ၅၀၀ ဝင် ကုမ္ပဏီတွေကို မတည်ထောင်နိုင်ရတာလဲ။ ဖုန်းယွီ နာမည်နဲ့ဆိုရင် ကမ္ဘာ့ ထိပ်တန်း ၅၀၀ ဝင် ကုမ္ပဏီ အများအပြား ရှိနေသည်။

အကယ်၍ ဖုန်းယွီက ပေါင်းစပ်၍ မရဟု ပြောလျှင် မြို့တော်သည် ပေါင်းစပ်မည့် ကိစ္စကို လုံးဝ ထပ်ပြောမည် မဟုတ်ပေ။ မြို့တော် ခေါင်းဆောင်များနှင့် ပြည်နယ် ခေါင်းဆောင်များသည် ဖုန်းယွီကို မျက်စိမှိတ် ယုံကြည်ကြပြီး ဖုန်းယွီ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်စွမ်းကိုလည်း မျက်စိမှိတ် ယုံကြည်ကြသည်။

ယခု ဖုန်းယွီ သဘောတူလိုက်သောအခါ သူတို့ အလွန် ဝမ်းသာသွားကြသည်။ ဒီလိုဆိုရင် ဖုန်းယွီက ဒီအိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်ရေးကို အလွန် ထောက်ခံတယ်ဆိုတဲ့ သဘောပဲ။

ပေါင်းစပ်မှု အခြေအနေ အချို့ကို ဖုန်းယွီက ကန့်ကွက်ခြင်း မရှိခဲ့ပေ။ မြို့တော် ဆောက်လုပ်ရေးတွင် အကြွေးများ ရှိသော်လည်း ပုံသေ ပိုင်ဆိုင်မှုများလည်း မနည်းသလို နည်းပညာလည်း မဆိုးလှပေ။ ပင်းချန် ဆေးဝါးထုတ်လုပ်ရေး အုပ်စုအောက်ရှိ အိမ်ခြံမြေ ဖွံ့ဖြိုးရေး ကုမ္ပဏီ၏ မူလ စက်ရုံများ၊ ဝန်ထမ်း အိမ်ရာများကို ပင်းချန် ဆေးဝါးထုတ်လုပ်ရေး အုပ်စု မိခင် ကုမ္ပဏီသို့ ပြန်လည် လွှဲပြောင်းပေးလိုက်ပြီး ကျန်ရှိသော ပိုင်ဆိုင်မှုများကိုသာ မြို့တော် ဆောက်လုပ်ရေးနှင့် ပေါင်းစပ်မည် ဖြစ်သည်။

အရေးကြီးသည်မှာ အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သော အတွေ့အကြုံနှင့် အရည်အချင်းများ ဖြစ်ပြီး ၎င်းတို့ကို မြို့တော် ဆောက်လုပ်ရေးက အရေးတကြီး လိုအပ်နေခြင်း ဖြစ်သည်။ ပေါင်းစပ်ပြီးနောက် အမည်ပေးရာတွင် အခက်အခဲ ရှိနေသည်။ မြို့တော်က မြို့တော် ဆောက်လုပ်ရေး နာမည်ကို ဆက်သုံးချင်နေသည်။ ပင်းချန် ဆေးဝါး အိမ်ခြံမြေ ဖွံ့ဖြိုးရေး ကုမ္ပဏီဟု ခေါ်တာထက်တော့ ပိုကောင်းသည် မဟုတ်လား။

သို့သော် ဖုန်းယွီက ထိုနာမည်သည်လည်း ကန့်သတ်ချက် များလွန်းသည်ဟု ခံစားရပြီး အနည်းငယ် ပြင်ဆင်လိုက်သည်။ ပင်းချန် ဆောက်လုပ်ရေး အုပ်စုဟု မခေါ်ဘဲ နာမည်ကို ပိုမို ခမ်းနားအောင် ပေးနိုင်သည်။

တရုတ် ဆောက်လုပ်ရေးဟု ခေါ်မရလျှင် မြောက်ပိုင်း ဆောက်လုပ်ရေးဟု ခေါ်ဆိုနိုင်သည်။ ထိုသို့ဆိုလျှင် ကုမ္ပဏီ လုပ်ငန်းများသည် မြောက်ပိုင်းဒေသ တစ်ခုလုံးသို့ ဖြန့်ကြက်ထားသကဲ့သို့ လူများ ထင်မြင်စေနိုင်သည်။

ဤသို့ဖြင့် အနာဂတ်တွင် ထိုက်ဟွာ စူပါမားကတ် အုပ်စုနှင့် ပူးပေါင်း၍ စီးပွားဖြစ် အိမ်ခြံမြေ စီမံကိန်းများကို တည်ဆောက်မည့် မြောက်ပိုင်း ဆောက်လုပ်ရေး အုပ်စုသည် စတင် တည်ထောင်ခဲ့လေပြီ။

******

အခန်း ၁၁၅၇ မင်းလား

၁၅ ရက်ပွဲတော် (မီးပုံးပွဲတော်) ပြီးလွန်သောအခါ ဖုန်းယွီသည် ပင်းချန်မှ ထွက်ခွာ၍ မော်တုမြို့ (ရှန်ဟိုင်း) သို့ ရောက်ရှိလာခဲ့သည်။ ဤကာလအတွင်း သူသည် OQ မှတစ်ဆင့် ကျိုးခယ့်ရှင်းအား နေ့စဉ် ဆက်သွယ်ခဲ့သော်လည်း ကျိုးခယ့်ရှင်းက လက်ခံခြင်း မရှိခဲ့ပေ။

ယနေ့တွင် ကျိုးခယ့်ရှင်းလည်း မော်တုမြို့သို့ ပြန်ရောက်လာပြီး ရှာဝူခုန်း အမေရိကန်သို့ အလုပ်ပြန်ဝင်တော့မည်ဖြစ်၍ နှစ်ဦးသား တွေ့ဆုံလိုကြောင်း၊ နေရာကို ကျိုးခယ့်ရှင်း သတ်မှတ်ပေးရန် စာတစ်စောင် ထပ်မံ လက်ခံရရှိခဲ့သည်။

ကျိုးခယ့်ရှင်းသည် နောက်ဆုံးတွင် တွေဝေသွားခဲ့သည်။ တစ်ခေါက်လောက် တွေ့ဆုံခြင်းသည် ကိစ္စမရှိဟု သူမ ထင်မြင်မိသည်။ အချိန်နှင့် နေရာကို သူမ သတ်မှတ်မည်ဖြစ်ရာ မတော်တဆမှု တစ်စုံတစ်ရာ ဖြစ်ပွားနိုင်မည် မဟုတ်ပေ။

မည်သည့်အချိန်က စတင်ခဲ့သည်မသိ၊ သူမ၏ ရင်ထဲတွင်လည်း ရှာဝူခုန်းနှင့် တွေ့ဆုံရန် မျှော်လင့်နေမိသည်။ ဤ ရှာဝူခုန်းသည် မည်သို့သော ရုပ်ရည်ရှိသည်၊ ဘုန်းကြီးနှင့် တူသလား၊ သို့မဟုတ် မျောက်ဘုရင်နှင့် တူသလား ဆိုသည်ကို သူမ သိလိုစိတ် ပြင်းပြနေသည်။

လူတိုင်းတွင် စူးစမ်းလိုစိတ် ရှိကြပြီး အထူးသဖြင့် လောကအကြောင်း ကောင်းစွာ နားမလည်သေးသော ကျိုးခယ့်ရှင်းကဲ့သို့ မိန်းကလေးမျိုးသည် စူးစမ်းလိုစိတ်ကို ထိန်းချုပ်နိုင်စွမ်း မရှိပေ။

ဖုန်းယွီသည် ကွန်ပျူတာရှေ့တွင် ထိုင်နေစဉ် OQ ဝင်းဒိုးမှတစ်ဆင့် တစ်ဖက်လူက စာတစ်စောင် ပေးပို့လာသည်ကို တွေ့လိုက်ရသည်။

ဖုန်းယွီသည် စိတ်လှုပ်ရှားစွာဖြင့် ထိုင်ခုံပေါ်မှ ခုန်ထလိုက်သည်။ လက်ခံလိုက်ပြီ၊ သူမ နောက်ဆုံးတော့ လက်ခံလိုက်ပြီ။

အဝတ်အစားလဲခန်းထဲသို့ ဝင်ရောက်ပြီး မှန်ရှေ့တွင် ရပ်ကာ အဝတ်အစားများကို အဆက်မပြတ် ရွေးချယ်နေသော်လည်း ခဏအကြာတွင် ခန့်ညားသော အဝတ်အစားများကို စွန့်လွှတ်လိုက်ပြီး အရိုးရှင်းဆုံး ဝတ်စုံတစ်စုံကို ရွေးချယ်လိုက်သည်။

မှန်ရှေ့တွင် ဘယ်ပြန်ညာပြန် ကြည့်ရှုပြီးနောက် ဖုန်းယွီ ကျေနပ်သွားခဲ့သည်။ သိပ်ပြီး ထင်ပေါ်မနေသလို၊ သိပ်ပြီးလည်း ခေတ်နောက်ကျမနေပေ။

ဤတစ်ကြိမ်တွင် ယာဉ်မောင်းနှင့် သက်တော်စောင့်များကို မခေါ်ဆောင်ဘဲ ဖုန်းယွီ ကိုယ်တိုင် အနိမ့်ဆုံး မော်ဒယ်လ် Songjiang-ကော်အော်တို ကားတစ်စီးကို မောင်းနှင်၍ ချိန်းဆိုထားသော ကော်ဖီဆိုင်သို့ ထွက်ခွာသွားခဲ့သည်။

ကျိုးခယ့်ရှင်းသည် လူစည်ကားပြီး လုံခြုံမှုရှိသော နေရာဖြစ်သည့်အတွက် ဤနေရာကို ရွေးချယ်ခြင်း ဖြစ်မည်ဟု ဖုန်းယွီ ခန့်မှန်းမိသည်။ ကော်ဖီ အရသာ ကောင်းမွန်ခြင်း ရှိမရှိကိုမူ မပြောလိုတော့ပေ။ Starbucks ကော်ဖီသည် သာမန်သာဖြစ်ပြီး ကော်ဖီဆိုင်သည် သက်သောင့်သက်သာရှိသော ပတ်ဝန်းကျင်ကို ပေးစွမ်းရန်သာ အဓိက ဖြစ်သည်။ တကယ်တမ်း ကော်ဖီ အရသာခံသည့်နေရာ မဟုတ်ပေ။

ကျိုးခယ့်ရှင်းသည် ကော်ဖီဆိုင်၏ ပြတင်းပေါက်ဘေးတွင် ထိုင်ကာ ပြတင်းပေါက် အပြင်ဘက်သို့ လှမ်းကြည့်နေသည်။ ရှာဝူခုန်း မည်သည့်အချိန်တွင် ပေါ်လာမည်ကို မသိပေ။ ချိန်းဆိုထားသည့် အချိန်ရောက်ရန် ဆယ်မိနစ် လိုသေးသည်။ သူမသည် ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သော အပြုံးဖြင့် ပြုံးလိုက်မိပြီး မျက်နှာ အနည်းငယ် ပူနွေးလာသည်။ အလုပ်ကိစ္စနှင့် သက်ဆိုင်ခြင်း ရှိမရှိ မသိသော်လည်း သူမသည် စောစောရောက်တတ်သည့် အကျင့် ဖြစ်နေခဲ့သည်။

ဤသည်မှာ အွန်လိုင်း သူငယ်ချင်းချင်း တွေ့ဆုံခြင်းဖြစ်ရာ သူမ နောက်မကျလျှင်တောင်မှ ဤမျှ စောစော မရောက်သင့်ပေ။ ရှာဝူခုန်း မြင်သွားပါက သူမသည် တွေ့ဆုံရန် စိတ်လောနေသည်ဟု ထင်သွားမည်ကို စိုးရိမ်မိသည်။

သူမ ကိုယ်တိုင်ပင် ရှာဝူခုန်းနှင့် တွေ့ဆုံရန် အဘယ်ကြောင့် သဘောတူလိုက်မိသည်ကို မသိတော့ပေ။ တွေ့ဆုံချင်ရုံ သက်သက်လား၊ သို့မဟုတ် ရှာဝူခုန်း၏ ပုံရိပ်ဖြင့် သူမ အိပ်မက်ထဲက ထိုပုံရိပ်ကို အစားထိုးချင်၍လား မသိပေ။

အချိန်အတော်ကြာခဲ့ပြီ ဖြစ်သော်လည်း သူမသည် ကမ္ဘာပေါ်က ဒုတိယအချောဆုံး ဆိုသူကို မမေ့နိုင်သေးပေ။ အိပ်မက်ထဲတွင် ထိုသူကို မြင်မက်တိုင်း သူမ၏ စိတ်ခံစားချက်သည် ရှုပ်ထွေးနေတတ်သည်။

အချိန်က အရာရာကို ကုစားပေးနိုင်မည်ဟု ထင်ခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ လွမ်းဆွတ်မှုက ပိုမို နက်ရှိုင်းလာပုံရသည်။

တကယ်တော့ သူမနှင့် ထိုသူသည် ဘာမှ ဖြစ်ပွားခဲ့ခြင်း မရှိသလို လက်ကိုပင် မထိဖူးခဲ့ပေ။ သို့သော် အဘယ်ကြောင့် သူမ မမေ့နိုင်ရသနည်း။

သူသည် သူမ၏ ဘဝထဲတွင် အချိန်ကြာမြင့်စွာ ရှိနေခဲ့ပြီး အကျင့်ဖြစ်သွားသောကြောင့်လား။ သူမအတွက် အရာများစွာ လုပ်ပေးခဲ့သောကြောင့် စိတ်လှုပ်ရှားမိခြင်းလား။ သို့မဟုတ် သူပြောခဲ့ဖူးသော ရှေးရေစက် ဆိုသည်ကို သူမ နားမလည်နိုင် ဖြစ်နေသောကြောင့်လား။

သို့တည်းမဟုတ် ထိုအကြောင်းပြချက် အားလုံးကြောင့်လား။

သူမသည် ထိုသူကို မသိလိုက်ဘဲ ချစ်မိသွားခြင်း ဖြစ်နိုင်လား။

မည်သည့် မိန်းကလေးမဆို ကိုယ်ပိုင် ဖူးစာဖက်ကို စိတ်ကူးမယဉ်ဖူးဘဲ မရှိပေ။ ထိုသူ၌ ချစ်သူရှိကြောင်း သိရှိပြီးနောက် သူမတွင် အခွင့်အရေး မရှိတော့၊ သို့မဟုတ် အချိန်အကြာကြီး စောင့်ဆိုင်းရမည်ဟု ထင်ခဲ့သည်။

သို့သော် သူမ ထိုသူနှင့် အဆက်အသွယ် မလုပ်တော့သည့်တိုင် ထိုသူသည် သူမ၏ ဘဝထဲတွင် အမြဲ ပေါ်လာတတ်သည်။

ဂိမ်းကစားရင်း တွေ့ဆုံခြင်း၊ တစ်ဖက်လူက မသိလိုက်သော်လည်း၊ ဆော့ဖ်ဝဲလ်ဖြင့် ဖူးစာတွက်ရာတွင် ထိုသူနှင့် ကိုက်ညီနေခြင်းတို့သည် ယုံကြည်ရန် ခက်ခဲလှသည်။

အချစ်သစ် တစ်ခုကသာ ဤလွမ်းဆွတ်မှုများကို ဖြေဖျောက်ပေးနိုင်မည်ဟု ကျိုးခယ့်ရှင်း တွေးမိသည်။ သို့သော် အခြား ကောင်လေးများကို ကြည့်တိုင်း စိတ်ထဲရှိ ထိုသူနှင့် နှိုင်းယှဉ်မိနေပြီး အခြားသူများကို ခံစားမှု မရှိသည်ကို ဝမ်းနည်းစွာ တွေ့ရှိခဲ့ရသည်။

နောက်ပိုင်းတွင် သူမ လက်လျှော့လိုက်ပြီး ဤသံယောဇဉ်ကို ရင်ထဲ၌ မြှုပ်နှံထားကာ အလုပ်နှင့် စာသင်ခြင်းဖြင့် အချိန်ကုန်စေခဲ့သည်။ ထိုသူကို တွေးမိချိန် မရှိစေရန် ကြိုးစားခဲ့သည်။

ဤအချိန်တွင်ပင် ရှာဝူခုန်းသည် သူမ၏ ဘဝထဲသို့ ဝင်ရောက်လာခဲ့သည်။

ကျိုးခယ့်ရှင်းသည် ရှာဝူခုန်းနှင့် တစ်စုံတစ်ရာ ဖြစ်လိုခြင်း မဟုတ်ဘဲ ရှာဝူခုန်း၏ ပုံရိပ်ကို အသုံးပြု၍ သူမ စိတ်ထဲရှိ ထိုသူ၏ ပုံရိပ်ကို မှေးမှိန်သွားစေရန် မျှော်လင့်ခြင်းသာ ဖြစ်သည်။

ဤသို့ လုပ်ဆောင်ခြင်းသည် တစ်ကိုယ်ကောင်းဆန်ရာ ရောက်သော်လည်း ရှာဝူခုန်း စိတ်ရှိမည် မဟုတ်ဟု ယူဆမိသည်။

ပြတင်းပေါက် အပြင်ဘက်တွင် ကားများ ရှုပ်ထွေးနေပြီး လူများ သွားလာနေကြသော်လည်း သူမတို့ ချိန်းဆိုထားသည့် အမှတ်အသားဖြစ်သော ဖန်ယွီ စီးပွားရေး မဂ္ဂဇင်းကို ကိုင်ဆောင်ထားသူ တစ်ဦးမျှ မရှိသေးပေ။

ဖုန်းယွီသည် ကားထဲတွင် ထိုင်ရင်း လမ်းပေါ်ရှိ လူများကို ဆဲဆိုချင်စိတ် ပေါက်နေသည်။ မော်တုမြို့တွင် ဤအချိန်၌ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားနေသည်။

ရှေ့တွင် ကားချင်း ပွတ်တိုက်မိသော လူနှစ်ဦးသည် ငြင်းခုံနေကြပြီး ယာဉ်ထိန်းရဲ ညှိနှိုင်းပေးနေသော်လည်း မပြီးပြတ်နိုင်သေးပေ။ အာမခံဖြင့် မဖြေရှင်းတတ်ကြဘူးလား၊ ထားလိုက်ပါတော့၊ ယခုအချိန်တွင် ကားအာမခံ ဝယ်ယူသူ နည်းပါးသေးပြီး အာမခံ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်လည်း အလွန် နိမ့်ကျနေသေးသည်။

နောက်ထပ် လမ်းနှစ်လမ်းသာ လိုတော့သော်လည်း အချိန်မမီတော့ပေ။

ဖုန်းယွီသည် ကားတံခါးဖွင့် ဆင်းလိုက်ပြီး ဘေးခုံရှိ မဂ္ဂဇင်းကို ဆွဲယူကာ ကော်ဖီဆိုင်ရှိရာသို့ အပြေးသွားလိုက်သည်။

ဖုန်းယွီ၏နောက်ကားမှ ယာဉ်မောင်းသည် ကြောင်အသွားခဲ့သည်။ ဤလူ ဘာကိစ္စ အရေးကြီးလို့ ကားကိုတောင် ပစ်ထားခဲ့ရတာလဲ။

ထွက်ပြေးနေတဲ့ ရာဇဝတ်ကောင်များလား။

ကျိုးခယ့်ရှင်းနှင့် တွေ့ဆုံရန် စိတ်လောနေခြင်းကြောင့် သူသည် ရာဇဝတ်ကောင်အဖြစ် အထင်ခံလိုက်ရသည်ကို ဖုန်းယွီ မသိလိုက်ပေ။

ကံကောင်းထောက်မစွာ ဖုန်းယွီသည် ပုံမှန်လေ့ကျင့်ခန်း လုပ်လေ့ရှိသဖြင့် လမ်းနှစ်လမ်းသည် မနီးကပ်သော်လည်း လျင်မြန်စွာ ရောက်ရှိခဲ့သည်။

ဖုန်းယွီ နာရီကို ကြည့်လိုက်ရာ အချိန်ွက်တိပင် ဖြစ်နေသည်။ တစ်မိနစ် နောက်ကျပါက သူ နောက်ကျသွားပေလိမ့်မည်။

အသက်ပြင်းပြင်း နှစ်ခါ ရှူရှိုက်ပြီး အမောဖြေလိုက်ကာ မဂ္ဂဇင်းကို ညှပ်လျက် ကော်ဖီဆိုင်ထဲသို့ ဝင်ရောက်ခဲ့သည်။

ကျိုးခယ့်ရှင်းသည် ပြတင်းပေါက် အပြင်ဘက်ကို ကြည့်နေစဉ် ရုတ်တရက် အရိပ်တစ်ခု အလျင်အမြန် ပြေးသွားသည်ကို မြင်လိုက်ရသည်။ ထိုအရိပ်သည် ရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရသည်။

ထိုကျောပြင်သည် သူမ၏အိပ်မက်ထဲတွင် မကြာခဏ ပေါ်လာတတ်သော ထိုသူနှင့် တူနေသည်။ သို့သော် သူမ သေချာ ကြည့်ချင်သောအခါ ထိုအရိပ်သည် ဝေးရာသို့ ပြေးသွားပြီး မမြင်ရတော့ပေ။

ကျိုးခယ့်ရှင်းသည် ခေါင်းခါလိုက်မိသည်။ မဖြစ်နိုင်ပါ၊ ဘယ်လိုလုပ် ဒီလောက် တိုက်ဆိုင်နိုင်မှာလဲ။ သူ မဖြစ်နိုင်ပါ။

ထိုသူကို မေ့ပစ်ရန် နည်းလမ်းရှာရတော့မည်။ နေ့ခင်းကြောင်တောင်ကြီးတွင် သူမ စိတ်ကူးယဉ်နေမိပြီ။ ဘယ်သူ့ ကျောပြင်ကို ကြည့်ကြည့် သူနှင့် တူနေ၍ မဖြစ်ပေ။

ကျိုးခယ့်ရှင်းသည် ဖုန်းကို ထုတ်ယူ၍ အချိန်ကြည့်လိုက်သည်။ အချိန်တန်ပြီ၊ ရှာဝူခုန်း ဘာလို့ မရောက်လာသေးတာလဲ။ ဤလူသည် အချိန်တိကျမှု မရှိဘူးလား။

ထိုအချိန်တွင် သားရေဖိနပ်တစ်ရံ သူမ၏ မျက်လုံးထဲသို့ ဝင်ရောက်လာပြီး တစ်စုံတစ်ယောက်သည် သူမ၏ ဘေးတွင် ရပ်တန့်လိုက်သည်။

ရှာဝူခုန်း ရောက်လာပြီလား။

ကျိုးခယ့်ရှင်း မော့ကြည့်လိုက်ရာ ထိုလူ ကိုင်ဆောင်ထားသော ဖန်ယွီ စီးပွားရေး မဂ္ဂဇင်းကို တွေ့လိုက်ရသည်။ မမှားတော့ပါ၊ သူသည် သူမ၏ စားပွဲပေါ်ရှိ မဂ္ဂဇင်းကို မြင်တွေ့သွားခဲ့ခြင်း ဖြစ်မည်။

ကျိုးခယ့်ရှင်း ထရပ်လိုက်ပြီး ရှာဝူခုန်းအား နှုတ်ဆက်ရန် ပြင်လိုက်သည်။ သို့သော် ရှာဝူခုန်း၏ မျက်နှာကို မြင်လိုက်ရသောအခါ တစ်ကိုယ်လုံး ကြောင်အသွားခဲ့သည်။

မဖြစ်နိုင်ဘူး။

ဘယ်လိုလုပ် သူ ဖြစ်နေရတာလဲ။

တစ်ဖက်လူ၏ ပါးစပ်မှလည်း အံ့သြမှုနှင့် ဝမ်းသာမှု ရောနှောနေသော အသံ ထွက်ပေါ်လာသည်။ “မင်းလား”

******

အခန်း ၁၁၅၈ ကယောက်ကယက် ဖြစ်နေသော စိတ်

ဖုန်းယွီသည် အံ့သြတုန်လှုပ်သော မျက်နှာအမူအရာကို အတတ်နိုင်ဆုံး ကြိုးစား လုပ်ပြသော်လည်း သူ့မျက်နှာပေါ်ရှိ ပျော်ရွှင်မှုကိုမူ ဖုံးကွယ်၍ မရနိုင်ပေ။ ထို့ကြောင့် ကျိုးခယ့်ရှင်း၏ မျက်လုံးထဲတွင် ဖုန်းယွီ၏ မျက်နှာအမူအရာသည် အံ့သြဝမ်းသာ ဖြစ်နေသကဲ့သို့ မြင်နေရသည်။

ကျိုးခယ့်ရှင်းသည်လည်း အလွန် ထိတ်လန့်တုန်လှုပ် နေသည်။ ထိုရှာဝူခုန်းသည် ကမ္ဘာပေါ်က ဒုတိယအချောဆုံး ဆိုသူ ဖြစ်နေလိမ့်မည်ဟု သူမ လုံးဝ မထင်ထားခဲ့ပေ။

လောကတွင် ဤကဲ့သို့ တိုက်ဆိုင်မှုမျိုး ရှိနိုင်ပါသလား။ OQ သူငယ်ချင်းအဖြစ် လက်ခံလိုက်သောသူသည် သူ ဖြစ်နေရသည်လား။ အရင်က လူအများအပြားက သူမကို သူငယ်ချင်းအဖြစ် ထည့်သွင်းရန် တောင်းဆိုခဲ့သော်လည်း သူမ ငြင်းပယ်ခဲ့သည်။ ထိုနေ့က ဘာကြောင့် သူ့ကို လက်ခံခဲ့မိသနည်း။

“ခယ့်... ခယ့်ရှင်းလား” ဖုန်းယွီသည် တကယ်ပင် အလွန် စိတ်လှုပ်ရှား နေသည်။ ကျိုးခယ့်ရှင်း၏ ရှေ့တွင် နောက်တစ်ကြိမ် ရပ်တည်ခွင့် ရရှိခြင်းသည်ပင် သူ့အတွက် အလွန် ပျော်ရွှင်စရာ ဖြစ်နေပြီ။

“ရှင်က ရှာဝူခုန်းလား” ကျိုးခယ့်ရှင်းသည် မယုံနိုင်စွာဖြင့် ထပ်မံ မေးမြန်းလိုက်သည်။

“ဟုတ်တယ်၊ မင်းက သတင်းထောက် စင်စင် မဟုတ်လား။ မင်း ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားဘူး” ဖုန်းယွီ တီးတိုး ရေရွတ်လိုက်သည်။

ကျိုးခယ့်ရှင်းသည် ထိုင်ခုံပေါ်သို့ ပြန်ထိုင်လိုက်သည်။ သူမ၏ ဦးနှောက်သည် ဗလာကျင်း သွားသကဲ့သို့ ခံစားလိုက်ရသည်။ အရင်က သူမသည် ရှာဝူခုန်းနှင့် တွေ့ဆုံမည့် အခြေအနေကို တွေးတောခဲ့ဖူးသည်။ ဘာတွေ ပြောကြမည်ကိုလည်း စဉ်းစားခဲ့ဖူးသည်။ တွေ့ဆုံပြီး ပြောစရာ မရှိဘဲ မပျော်မရွှင်ဖြင့် လမ်းခွဲရမည့် အခြေအနေကိုလည်း တွေးတောခဲ့ဖူးသည်။

သို့သော် ရှာဝူခုန်းသည် ကမ္ဘာပေါ်က ဒုတိယအချောဆုံး ဆိုသူ ဖြစ်နေလိမ့်မည်ဟု တစ်ခါမျှ မတွေးတောခဲ့ဖူးပေ။

“လူကြီးမင်း၊ မင်္ဂလာပါ၊ ဘာများ သုံးဆောင်ချင်ပါသလဲ” စားပွဲထိုးဝန်ထမ်းသည် အချိန်မတော် ဝင်ရောက် ပြောဆိုလိုက်သည်။

“လက်တေး တစ်ခွက်၊ ကျေးဇူးပဲ” ဖုန်းယွီ ခေါင်းမလှည့်ဘဲ ပြောလိုက်သည်။

“လူကြီးမင်း၊ ဒီမှာ အချိုပွဲတွေလည်း အများကြီး ရှိပါတယ်၊ စမ်းကြည့်ချင်ပါသလား”

သေစမ်း၊ ဒီစားပွဲထိုးက ဘာလို့ ဒီလောက် စိတ်ရှုပ်စရာ ကောင်းရတာလဲ။

ဖုန်းယွီသည် ငွေတစ်ရာတန် တစ်ရွက်ကို ထုတ်ယူ၍ စားပွဲထိုးအား ပေးလိုက်သည်။ “ဘောက်ဆူး၊ ငါ့ကို လာမနှောင့်ယှက်နဲ့”

စားပွဲထိုးသည် အလွန်ဝမ်းသာသွားသည်။ တစ်ခါတည်း ငွေတစ်ရာ ဘောက်ဆူးပေးသူကို သူမ ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။ ငယ်ရွယ်ပြီး ငွေကြေး ချမ်းသာသူ ဖြစ်ပုံရသည်။ ကံမကောင်းစွာဖြင့် သူ၏ မျက်နှာချင်းဆိုင်တွင် လှပသော မိန်းကလေးတစ်ဦး ထိုင်နေသဖြင့် သူမအတွက် အခွင့်အရေး မရှိတော့ပေ။

“ခယ့်ရှင်း၊ ငါတို့ ပြန်ဆုံရပြီ။ ဒါ ရေစက်ပဲ” ဖုန်းယွီ တမင်သက်သက် ပြောလိုက်သည်။

ကျိုးခယ့်ရှင်း၏ မျက်လုံးများတွင် တွေဝေမှု အချို့ ရှိနေသည်။ ရေစက်လား။

တကယ်ပဲ ကံတရားက သူတို့နှစ်ဦးကို အတူရှိစေချင်တာလား။ မဟုတ်ရင် ရှာဝူခုန်းက ကမ္ဘာပေါ်က ဒုတိယအချောဆုံး ဖြစ်နေတာကို ဘယ်လို ရှင်းပြမလဲ။

“ခယ့်ရှင်း၊ မင်း မဂ္ဂဇင်းတိုက်မှာ အလုပ်လုပ်နေတာ မဟုတ်လား၊ ဒီ ဖန်ယွီ စီးပွားရေး မဂ္ဂဇင်းလေ။ မင်း ဘွဲ့မရသေးဘူး မဟုတ်လား၊ အခု အလုပ်သင် ဆင်းနေတာလား”

ကျိုးခယ့်ရှင်း စကားမပြောသေးပေ။ သူမ ထပြီး ထွက်သွားချင်သော်လည်း ဘာကြောင့်မှန်းမသိ သူမ မတ်တပ်မရပ်နိုင် ဖြစ်နေသည်။

ဇွန်းငယ်လေး တစ်ချောင်းဖြင့် ခွက်ထဲတွင် မွှေနှောက်နေသည်။ ဤသို့လုပ်ခြင်းဖြင့် အာရုံစူးစိုက်မှုကို လွှဲပြောင်းနိုင်ပြီး သူမ၏ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်နိုင်မည်ဟု ထင်နေသည်။

မျက်နှာချင်းဆိုင်မှ ကမ္ဘာပေါ်က ဒုတိယအချောဆုံး ဆိုသူသည် ပါးစပ်မပိတ်ဘဲ စကားပြောနေသော်လည်း ကျိုးခယ့်ရှင်း တစ်ခွန်းမှ နားမဝင်ပေ။

“ခယ့်ရှင်း၊ စကားပြောပါဦး” ဖုန်းယွီ အနည်းငယ် စိတ်ပူလာသည်။ ဘာဖြစ်တာလဲ၊ ခယ့်ရှင်း ဘာလို့ စကားတစ်ခွန်းမှ မပြောတာလဲ။

“ဘာဖြစ်လို့ ရှင် ဖြစ်နေရတာလဲ” ကျိုးခယ့်ရှင်း နောက်ဆုံးတွင် စကားစပြောလိုက်သည်။ သို့သော် တစ်ချိန်တည်းမှာပင် မျက်ရည်များ စီးကျလာသည်။ သူမ အကြာကြီး ကြိုးစား ထိန်းချုပ်ခဲ့သော်လည်း မထိန်းနိုင်တော့ပေ။

ခယ့်ရှင်း ငိုနေသည်ကို မြင်သောအခါ ဖုန်းယွီ ထိတ်လန့် သွားသည်။ “မငိုပါနဲ့၊ ဘယ်သူ မင်းကို အနိုင်ကျင့်လို့လဲ၊ ငါ့ကို ပြောပြ၊ ငါ သွားဆုံးမပေးမယ်”

ကျိုးခယ့်ရှင်း စကားမပြောဘဲ ခေါင်းငုံ့ကာ ရှိုက်ငိုနေသည်။ ဘေးပတ်ဝန်းကျင်မှ လူများက ကြည့်နေကြသည်။ မိန်းကလေး တစ်ယောက်က ခေါင်းငုံ့ငိုနေပြီး ကောင်လေးတစ်ယောက်က ဘာလုပ်ရမှန်း မသိ ဖြစ်နေသည်ကို မြင်သောအခါ သူတို့ စိတ်ကူးယဉ် ဇာတ်လမ်းများ ဖန်တီးနေကြသည်။

ဥပမာကောင်လေးနဲ့ ကောင်မလေး ချစ်ကြပေမဲ့ မိဘတွေ သဘောမတူလို့ ခွဲခွာရတော့မဲ့ ပုံစံမျိုးပေါ့။

ခုနက စားပွဲထိုးသည် ဤဘက်ကို အမြဲကြည့်နေခဲ့သည်။ ထိုကောင်လေး ထိုင်လိုက်ပြီး စကားနှစ်ခွန်း ပြောရုံရှိသေး မျက်နှာချင်းဆိုင်က ကောင်မလေး ငိုနေသည်ကို တွေ့လိုက်ရသည်။

အခွင့်အရေးကောင်း ပဲ။

စားပွဲထိုးသည် တစ်ရှူးတစ်ထုပ်ကို ကိုင်ဆောင်ကာ အမြန် လျှောက်လာပြီး ဖုန်းယွီအား ပေးလိုက်သည်။ “လူကြီးမင်း၊ ဒါ လိုမလား”

ဖုန်းယွီ ဆွဲယူလိုက်ပြီး တစ်ရွက်ထုတ်ကာ ကျိုးခယ့်ရှင်းအား ပေးလိုက်သည်။ “ခယ့်ရှင်း၊ မြန်မြန် သုတ်လိုက်”

ထို့နောက် ပိုက်ဆံအိတ်ကို ထုတ်ကာ ငွေတစ်ရာတန် တစ်ရွက်ကို စားပွဲထိုးအား ပေးလိုက်သည်။ “ကျေးဇူးပဲ”

စားပွဲထိုးသည် ပျော်ရွှင်စွာဖြင့် ကောင်တာသို့ ပြန်သွားသည်။ သူမ တကယ်ကို ပါးနပ် လွန်းသည်။ ဒီလို သူဌေးမျိုးက တကယ် ရက်ရောတာပဲ။

ခဏအကြာတွင် ကျိုးခယ့်ရှင်း၏ရှိုက်သံများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ငိုပြီးနောက် စိတ်သက်သာရာ ရသွားပုံရသည်။ သူ၏ ထိတ်လန့်နေသော ပုံစံကို ကြည့်ခြင်းအားဖြင့် စိတ်ရင်းမှန်ဖြင့် ဂရုစိုက်နေကြောင်း သိသာသည်။ ဤအရာများသည် ဟန်ဆောင်၍ မရနိုင်ပေ။

သူ ဘာလို့ ငါ့ကို ဂရုစိုက်နေသေးတာလဲ။ သူ့မှာ ချစ်သူ ရှိနေပြီ ပဲဟာ။

ဟုတ်သားပဲ၊ သူက သူဌေး တစ်ယောက်။ ခုနက စားပွဲထိုးကို ပေးတဲ့ ဘောက်ဆူးက တော်တော်များတယ်။

သူဌေးတွေက ရှုပ်ပွေ တတ်ကြတယ်လို့ ပြောကြတယ်။ ဒီ ကမ္ဘာပေါ်က ဒုတိယအချောဆုံး ဆိုသူကလည်း အတူတူပါပဲ။

ချစ်သူနဲ့လည်း မခွဲချင်ဘူး၊ ငါ့ကိုလည်း လာရှုပ်နေတယ်။ ဘာသဘောလဲ။

သူက အွန်လိုင်း သူငယ်ချင်းကိုတောင် ချိန်းတွေ့သေးတယ်။ သေချာပေါက် ရည်ရွယ်ချက် မကောင်း ဘူး။

အဲဒီအချိန်တွေမှာ ချစ်သူနဲ့ စကားမပြောဘဲ အွန်လိုင်း သူငယ်ချင်းနဲ့ ဘာလို့ စကားပြောနေရတာလဲ။

ကျိုးခယ့်ရှင်း ကိုယ့်ဘာသာ ဘာကြောင့် စိတ်ဆိုးနေမိမှန်း မသိပေ။ သူမသည် ချစ်သူကောင်လေးကို စိတ်ကောက်နေသော မိန်းကလေးတစ်ယောက်နှင့် တူနေကြောင်းကိုလည်း သူမကိုယ်တိုင် သတိမထားမိပေ။

“ခယ့်ရှင်း၊ စကားမပြောဘဲ မနေပါနဲ့”

ကျိုးခယ့်ရှင်း ထရပ်လိုက်ပြီး ပိုက်ဆံအိတ်ကို ထုတ်လိုက်သည်။

ဖုန်းယွီ ကြည့်လိုက်ရာ ခယ့်ရှင်း ပြန်တော့မည့်ပုံ ပေါ်သည်။ သူ အမြန် ပိုက်ဆံအိတ်ကို ထုတ်ကာ ငွေတစ်ရာတန် နှစ်ရွက်ကို စားပွဲပေါ် ပစ်တင်လိုက်ပြီး “ခယ့်ရှင်း၊ ဘယ်သွားမလို့လဲ၊ ငါ လိုက်ပို့ပေးမယ်”

“ကိုယ့်ဘာသာ ရှင်းမယ်” ကျိုးခယ့်ရှင်း ဒေါသတကြီး ပြောလိုက်သည်။ “ရှင်က ပိုက်ဆံ အရမ်းချမ်းသာနေတာလား”

“ကောင်းပြီ၊ ကောင်းပြီ၊ ကိုယ့်ဘာသာ ရှင်းကြတာပေါ့၊ စိတ်မဆိုးပါနဲ့”

ကျိုးခယ့်ရှင်းသည်လည်း ငွေငါးဆယ်တန် တစ်ရွက်ကို ထုတ်ယူ၍ စားပွဲပေါ် ပစ်တင်လိုက်ပြီး အပြင်သို့ ထွက်သွားသည်။ စိတ်ထဲတွင်တော့ နှမြော နေမိသည်။ ငွေငါးဆယ်တောင်။ သူမ သောက်ခဲ့သော ကော်ဖီက ၁၈ ယွမ်သာ ရှိသည်။

သို့သော် သူမသည် ပြန်အမ်းငွေကို စောင့်နေမည် မဟုတ်သလို သူ ရှင်းပေးသည်ကိုလည်း လုံးဝ လက်ခံမည် မဟုတ်ပေ။

စောင့်ကြည့်နေသော စားပွဲထိုးသည် အမြန် ပြေးလာပြီး ပိုက်ဆံများကို သိမ်းယူလိုက်သည်။ သို့သော် သူမ၏ မျက်နှာအမူအရာသည် အနည်းငယ် ရှုပ်ထွေးနေသည်။ ဘာလို့ ၂၅၀ (အရူးဟု အဓိပ္ပာယ်ရသော ဂဏန်း) ဖြစ်နေရတာလဲ။

ကျိုးခယ့်ရှင်းသည် ဆိုင်မှ ထွက်သည်နှင့် ဦးတည်ရာ တစ်ဖက်သို့ လျှောက်သွားသည်။ ဖုန်းယွီ အနောက်မှ အမြန် လိုက်သွားသည်။ “ခယ့်ရှင်း၊ မင်း ကောက်ညှင်းကြက်သား စားချင်တယ်လို့ ပြောဖူးတယ် မဟုတ်လား။ ငါ ဆိုင်တစ်ဆိုင် သိတယ်၊ သွားစားကြည့်ရအောင်”

“ခယ့်ရှင်း၊ မင်း ဒေါင်း ကြည့်ချင်တယ်လို့ ပြောဖူးတယ် မဟုတ်လား။ တိရစ္ဆာန်ရုံ သွားကြမလား”

“ခယ့်ရှင်း...”

ဖုန်းယွီ မရပ်မနား ပြောဆိုနေသော်လည်း ကျိုးခယ့်ရှင်းက မကြားသကဲ့သို့ ရှေ့ဆက် လျှောက်နေသည်။

လမ်းဆုံတစ်ခုတွင် ကျိုးခယ့်ရှင်း ရပ်တန့်လိုက်သည်။ “ကျွန်မ နောက်ကို လိုက်မလာပါနဲ့တော့”

“ခယ့်ရှင်း၊ ငါတို့က ကံတရား သတ်မှတ်ပေးထားတဲ့ ရေစက် ပါ”

“ဆက်မပြောနဲ့တော့၊ ကျွန်မ နားမထောင်ချင်ဘူး” ကျိုးခယ့်ရှင်း နားပိတ်ပြီး ရှေ့ဆက် လျှောက်သွားသည်။

နှစ်ယောက်သား တစ်ယောက်က လျှောက်၊ တစ်ယောက်က လိုက်၊ တစ်ယောက်က နားပိတ်၊ တစ်ယောက်က မရပ်မနား ပြောနေကြသည်။

ကျိုးခယ့်ရှင်း၏စိတ်ထဲတွင် အလွန်ကယောက်ကယက် ဖြစ်နေသဖြင့် လမ်းဆုံတစ်ခုကို ဖြတ်သန်းစဉ် မီးပွိုင့် ကြည့်ရန် မေ့သွားခဲ့သည်။

ကားတစ်စီး ဝင်တိုးလာသည်ကို မြင်သောအခါ ဖုန်းယွီသည် ကျိုးခယ့်ရှင်း၏ လက်ကို အမြန် ဆွဲယူပြီး ပြန်ဆွဲတင်လိုက်သည်။

“သေချင်နေတာလား” ယာဉ်မောင်းက ဒေါသတကြီး အော်ဆဲလိုက်သည်။

ကျိုးခယ့်ရှင်း၏မျက်နှာတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေပြီး ဖုန်းယွီ၏ ရင်ခွင်ထဲသို့ လုံးဝ ရောက်ရှိသွားသည်။ သူတို့နှစ်ဦး၏ ပထမဆုံး အထိအတွေ့သည် ပွေ့ဖက်မှု တစ်ခု ဖြစ်နေသည်လား။

ကျိုးခယ့်ရှင်းသည် ဖုန်းယွီကို တွန်းထုတ်ချင်သော်လည်း ဖုန်းယွီက တင်းတင်းကျပ်ကျပ် ဖက်ထားသည်။ ဒီအချိန်မှာ လွှတ်ပေးမဲ့သူက အရူးပဲ ဖြစ်မှာပေါ့။ ခုနက ကျိုးခယ့်ရှင်း ကားတိုက်မိလုနီးပါး ဖြစ်သွားသဖြင့် ဖုန်းယွီလည်း လန့်သွားခဲ့သည်။

“ခယ့်ရှင်း၊ မင်း ငါ့ကို လန့်သေအောင် လုပ်တာပဲ”

ကျိုးခယ့်ရှင်းသည် ဖုန်းယွီ၏ ခါးကို ပြင်းပြင်းထန်ထန် ဆွဲဆိတ် လိုက်ပြီး ရုန်းထွက်လိုက်သည်။ သူမသည် ဖုန်းယွီကို ပါးရိုက်ချင်သော်လည်း မရိုက်နိုင်ခဲ့ပေ။

ဤအချိန်၊ ဤအခိုက်အတန့်တွင် ကျိုးခယ့်ရှင်း၏ စိတ်သည် ကယောက်ကယက် ဖြစ်နေပြီ။

******

All Chapters