← Chapters

ငါက အားအင်တောင် အများကြီး မစိုက်ထုတ်ရသေးပေမဲ့ ဒါက ပြိုလဲနေနှင်ပြီတဲ့လား

Vol. 29 Ch. 430

ငါက အားအင်တောင် အများကြီး မစိုက်ထုတ်ရသေးပေမဲ့ ဒါက ပြိုလဲနေနှင်ပြီတဲ့လား

Vol. 29 Ch. 430

အခန်း (၄၃၀) : ငါက အားအင်တောင် အများကြီး မစိုက်ထုတ်ရသေးပေမဲ့ ဒါက ပြိုလဲနေနှင်ပြီတဲ့လား

အံ့ဖွယ်မိုးကောင်းကင် ထိပ်သီးပါရမီရှင် လေးယောက်က ထိပ်သီးစိတ်ဝိညာဉ်တောင် ဆယ်လုံးကို အနိုင်ယူသည့်အချိန်တွင် ထိတ်လန့်စရာကောင်းသော လှိုင်းများ ထုတ်လွှတ်ရင်း သူတို့၏ စွမ်းအားကို ပြသခဲ့ကြသည်။

ချီရှောက်ရွှမ်နှင့် ဝမ်ရှန်းယုတို့ကလည်း နောက်ကျကျန်နေတာမျိုး မဖြစ်ချင်ကြပေ။ သူတို့လည်း ရှေ့ထွက်လာကာ ထိပ်သီးစိတ်ဝိညာဉ်တောင် ဆယ်ခုထဲမှ တစ်ခုကို စိန်ခေါ်ဖို့အတွက် ပြင်ဆင်ကြသည်။

ထိုနှစ်ယောက် ပေါ်ထွက်လာမှုက ဝေဖန်မှုများကို မြင့်တက်သွားစေသည်။ သူတို့၏ တိုက်ပွဲချီးကျူးဂုဏ်ပြုခြင်းများက အံ့ဖွယ်မိုးကောင်းကင် ထိပ်သီးပါရမီရှင်လေးယောက်ထက် ပိုပြီးတော့ ထူးခြားသည်။

သူတို့က ရှီလင်းနှင့် ရှီကွေ့ကို အနိုင်ယူခဲ့ကြသည့်အတွက် ကျိရှားကျောင်းတော်မှာ နာမည်ကြီးသွားကြသည်။

“ ခရမ်းစံအိမ်သူတော်စင်ကလည်း လှုပ်ရှားတော့မှာလား”

“ ချီရှောက်ရွှမ်ဆီမှာ နတ်ဧကရာဇ်တစ်ပါး ဖြစ်ဖို့ အလားအလာရှိတယ်လို့ ကြားဖူးတယ်။ သူ ဘယ်စိတ်ဝိညာဉ်တောင်ကို ရွေးချယ်မလဲဆိုတာ ငါ သိချင်လိုက်တာ”

“ ဘယ်လိုပဲဖြစ်ဖြစ် အံ့ဖွယ်မိုးကောင်းကင် ထိပ်သီးပါရမီရှင်လေးယောက် ရွေးတာရဲ့ အောက်တော့ မကျလောက်ပါဘူး”

“ ပြီးတော့ မဟာလေဟာနယ် သူတော်စင်။ သူက လေဟာနယ် ထိန်းချုပ်တာ အရမ်းတော်တယ်”

“ သူက အရမ်းပြိုင်ဘက်ကင်းမှာ သေချာတယ်”

“ ငါ အရင်ကကြားဖူးတာတော့ သူက စွမ်းအားကြီးတဲ့သူတွေကိုတောင် စက္ကန့်ပိုင်းအတွင်း အနိုင်ရခဲ့တာတဲ့”

ချီရှောက်ရွှမ်က အရှေ့ပိုင်းလွင်ပြင် ရွှေအမြုတေစာရင်းတွင် နံပါတ်တစ် ဖြစ်ခဲ့ဖူးသည်။ သူ၏ ဂုဏ်သတင်းက အလယ်ပိုင်းကုန်းမြေတစ်လျှောက် ပျံ့နှံ့သွားခဲ့သည်။

ရှန်ထျန်း မွေးဖွားမလာခင်က အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်ငယ် မျိုးဆက်ကို လွှမ်းမိုးနိုင်ခဲ့ပြီး မရေတွက်နိုင်သောသူများက သူ့ကို ကြောက်ရွံ့ပြီး လေးစားကြသည်။

ယခုလက်ရှိ မဟာလေဟာနယ် သူတော်စင်ကလည်း ပြိုင်ဘက်ကင်းလှသည်။

ဒီထက်ပိုပြီး အရေးကြီးသည်က သူက ယခင်က ရှီကွေ့နှင့် တိုက်ခိုက်ခဲ့ပြီး သက်တမ်း ရာချီကုန်ဆုံးခဲ့ပြီးနောက် စက္ကန့်ပိုင်းအတွင်း ရှီကွေ့ကို အနိုင်ယူနိုင်ခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ခိုက်မှုက ဘယ်လောက်ထိ စွမ်းအားကြီးခဲ့ကြောင်းကို စိတ်ကူးယဉ်ကြည့်လို့ရသည်။

ဒါက “မိတ်ဆွေဖြစ် တိုက်ခိုက်ခြင်း” ဆိုပေမဲ့လည်း သူက သက်တမ်း ရာကျော်စတေးလိုက်ရတဲ့အထိ ခက်ထန်ခဲ့တာ

နယ်မြေငါးခုလုံးက ဘယ်သူမှ ထိုကဲ့သို့သောသူမျိုးကို အာမခံရဲပေ။

စိတ်လိုက်မာန်ပါလုပ်တတ်သောသူက ရက်စက်တတ်သောသူကို ကြောက်ရွံ့ပြီး ရက်စက်တတ်သူက ကိုယ့်အသက်ကို ဂရုမစိုက်သူများကို ကြောက်ရွံ့ကြသည်။

ချီရှောက်ရွှမ်နှင့် ဝမ်ရှန်းယုတို့လည်း စွမ်းအားကြီးသော အရှိန်အဝါများကို ထုတ်လွှတ်လိုက်သည်။ များပြားသော ပါရမီရှင်များက စိတ်ထဲမှာ ကြောက်လန့်နေမိကြသည်။

ထိုအရာက ဝိညာဉ်အသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ယောက် ပိုင်ဆိုင်သော အရှိန်အဝါမျိုး ဖြစ်သည်။

ထိုအသက်အရွယ်တွင် ဝိညာဉ်အသွင်ပြောင်းအဆင့်ကို ရောက်နိုင်သည့်အတွက် သူတို့က နယ်မြေငါးခုရှိ အဆင့်တူသူများကြားထဲတွင် သေချာပေါက် ထိပ်သီးအဆင့်ဖြစ်သည်။

ပါရမီရှင်များက သူတို့နှစ်ယောက် ဘယ်လောက်ထိ စွမ်းအားကြီးလဲဆိုတာကို ကြည့်ဖို့အတွက်သာ စိတ်အားထက်သန်နေကြသည်။

ဝမ်ရှန်းယုက တောက်ပသော မျက်လုံးများဖြင့် ထိပ်သီး စိတ်ဝိညာဉ်တောင်လေးလုံးကို စိုက်ကြည့်နေသည်။

သူ၏ ကျင့်ကြံခြင်းအဆင့်နှင့် ဂုဏ်ပုဒ်အရ သေချာပေါက် ၃လုံးမြောက်နှင့် ၄လုံးမြောက် စိတ်ဝိညာဉ်တောင်ကို ရွေးချယ်မည် ဖြစ်သည်။

အလယ်ပိုင်းအဆင့် ကောင်းကင်အသျှင် ကျင့်ကြံသူများက ထိပ်သီးစိတ်ဝိညာဉ်တောင် ဆယ်ခု၏ အားအနည်းဆုံးတောင်များကိုသာ အနိုင်ယူနိုင်သည်။

၃ လုံးမြောက်နှင့် ၄ လုံးမြောက် စိတ်ဝိညာဉ်တောင်များကိုတော့ ထိပ်သီးအဆင့် ကောင်းကင်အသျှင်တစ်ယောက်ကသာ အနိုင်ယူနိုင်သည်။ ပထမဆုံးနှင့် ဒုတိယမြောက် စိတ်ဝိညာဉ်တောင်များက ပိုပြီးတော့ ပြိုင်ဘက်ကင်းလှသည်။ အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်သို့ ရောက်နေသူသာလျှင် အနိုင်ယူနိုင်လိမ့်မည်။

ထို့ကြောင့် သူတို့နှစ်ယောက်က ပထမဆုံးနှင့် ဒုတိယမြောက် စိတ်ဝိညာဉ်တောင်များကို ဂရုတောင် မစိုက်ခဲ့ပေ။

သူတို့က သူတို့ထက် အဆင့်ပိုမြင့်သော ကျင့်ကြံသူကို စိန်ခေါ်နိုင်သော်လည်း ဝိဇ္ဇာအဆင့် စွမ်းရည်ကို စိန်ခေါ်ဖို့ မဖြစ်နိုင်ဟု သူတို့ ခံစားမိသည်။

သူ့ရှေ့ရှိ စိတ်ဝိညာဉ်တောင်ကိုကြည့်ပြီး ဝမ်ရှန်းယုက ပြုံးကာ ပြောလိုက်သည်

“ ချီရှောက်ရွှမ် ဒါကို ပြိုင်ပွဲတစ်ခုအနေနဲ့ ပြိုင်ချင်လား”

ဝမ်ရှန်းယုက မျက်ခုံးပင့်ပြရင်း ချီရှောက်ရွှမ်ကို စိန်ခေါ်လိုက်သည်။

ဝိညာဉ်အသွင်ပြောင်းအဆင့်သို့ ရောက်ရှိပြီးနောက် ဝမ်ရှန်းယု၏ သက်တမ်းက အဆမတန်တိုးမြင့်သွားပြီး ယုံကြည်မှုလည်း မြင့်တက်လာသည်။

သူက ကမ္ဘာလောက၏ နံပါတ်နှစ်နေရာအတွက် ချီရှောက်ရွှမ်နှင့် ပြိုင်ဆိုင်ချင်နေခဲ့သည်။

သို့သော် ချီရှောက်ရွှမ်က အရမ်းစွမ်းအားကြီးပြီး သူတို့နှစ်ယောက်ကြားက တိုက်ပွဲက ရှည်ကြာနေသည်။ ကြာရှည်စွာ တောင့်ခံနိုင်ဖို့အတွက် သူ့ဆီမှာ ရှင်သန်နိုင်စွမ်းရှိလားဆိုတာ မသေချာပေ။

ထို့ကြောင့် တခြားနည်းလမ်းများကို အသုံးပြုကာ ချီရှောက်ရွှမ်နှင့် ပြိုင်ဆိုင်ချင်ခဲ့ကြသည်။

ချီရှောက်ရွှမ်၏ အကြည့်တို့တောက်ပသွားကာ မေးလိုက်သည်

“ ဘာလို့ မရရမှာလဲ”

ဝမ်ရှန်းယုကလည်း အားနည်းသည့်သူ တစ်ယောက်မဟုတ်ပေ။ ကမ္ဘာလောက၏ နံပါတ်နှစ်နေရာကို လုယူဖို့အတွက် သူက ထိပ်တန်းပြိုင်ဘက်ဟု ချီရှောက်ရွှမ် အသိအမှတ်ပြုထားသည်။

ချီရှောက်ရွှမ်က အမြဲတမ်း ဂုဏ်ယူနေခဲ့သည်။ ရှန်ထျန်းမှ လွဲ၍ သူက တခြားတစ်ယောက်ထက် ပိုပြီးအားနည်းနေသည်ကို ဘယ်တော့မှ ဝန်ခံမည် မဟုတ်ပေ။

သူက ဝမ်ရှန်းယု၏ စိန်ခေါ်မှုကို ငြင်းစရာအကြောင်းမရှိပေ။

ဝမ်ရှန်းယုက ပြုံးကာ ပြောလိုက်သည်

“ ကောင်းပြီလေ အရင်ဆုံး ငါတိုက်ခိုက်မယ်”

ထို့နောက် သူက ၃ လုံးမြောက် စိတ်ဝိညာဉ်တောင်ဆီသို့ ဦးတည်သွားလိုက်သည်။

“ ချီရှောက်ရွှမ် မင်းက အရူးပဲ။ ငါသာ ဒီ၃လုံးမြောက် စိတ်ဝိညာဉ်တောင်ကို အောင်နိုင်သွားရင် မင်းရှုံးသွားပြီ”

ဝမ်ရှန်းယုက အရမ်းရိုးရှင်းစွာသာ စဉ်းစားထားသည်။

၃ လုံးမြောက်နှင့် ၄ လုံးမြောက် စိတ်ဝိညာဉ်တောင်များကြားမှအဆင့်က အဲလောက်ထိ မကွာခြားပေ။ နှစ်ခုလုံးက ထိပ်သီးကောင်းကင်အသျှင် တစ်ယောက်၏ တိုက်ခိုက်စွမ်းရည်ကို လိုအပ်သည်။

သူသာ ၃ လုံးမြောက် စိတ်ဝိညာဉ်တောင်ကို အနိုင်ရပါက သူက ချီရှောက်ရွှမ်၏ အထက်မှာ နေလို့ရမည် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေကာမှု သုံးလုံးမြောက်က လေးလုံးမြောက်ထက် အမြဲတမ်း ပိုပြီးကောင်းသည်။

သူသာ ၃ လုံးမြောက် စိတ်ဝိညာဉ်တောင်ကို အောင်နိုင်သွားပါက သူ၏ အောင်မြင်မှုအကြောင်းကို ကြွားဝါလို့ရသည်။

ချီရှောက်ရွှမ်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်

“ အရင်သာ ရအောင် လုပ်လိုက်ပါဦး။ နောက်မှ ဆက်ပြောကြတာပေါ့”

ဝမ်ရှန်းယုက အော်ဟစ်လိုက်သည်

“ သေချာ စောင့်ကြည့်နေနော်။ ဒီလောက်ကတော့ ငါ့အတွက် အပျော့လေးပဲ”

ထို့နောက် ဝမ်ရှန်းယု၏ ခန္ဓာကိုယ်မှ အံ့ဖွယ်အလင်းတန်းဖြင့် တောက်ပလာကာ လေဟာနယ်စွမ်းအင် ထွက်လာပြီး ဧရာမလေဟာနယ် ဓားသွားကို ဖန်တီးလိုက်သည်။

ချွန်ထက်သော ဓားသွားက အာကာပြင် အပိုင်းအစကို ခုတ်ထစ်ကာ ၃ လုံးမြောက် စိတ်ဝိညာဉ်တောင်သို့ ဦးတည်သွားလိုက်သည်။

ချွင်…

လေဟာနယ်ဓားသွားက ၃ လုံးမြောက် စိတ်ဝိညာဉ်တောင်၏ ကျောက်နံရံများပေါ်သို့ ကျရောက်သွားကာ မရေတွက်နိုင်သော အလင်းတန်းများ ပေါက်ကွဲထွက်သွားသည်။

တောက်ပသော စွမ်းအင်လှိုင်းများက နေရာတစ်လျှောက် ဖြတ်တိုက်သွားကာ ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။

၃ လုံးမြောက် စိတ်ဝိညာဉ်တောင်ကို သိပ်သည်းသော မြူခိုးများဖြင့် ဖုံးအုပ်ထားသည်။ ထိုပေါ်တွင် စွမ်းအားကြီးသော အစီအရင်ရှိပြီး ကောင်းကင်ထိ လည်ပတ်နေသည်။

လေဟာနယ်ဓားသွားက ချွန်ထက်သည့်အတွက် ကြီးမားသော အက်ကွဲကြောင်းတစ်ခုကိုလုပ်လိုက်နိုင်သည်။

“ ချီရှောက်ရွှမ် မင်းမြင်တယ်မလား။ ငါ သိပ်မကြာခင်မှာပဲ အောင်မြင်တော့မယ်”

ဝမ်ရှန်းယုက ယုံကြည်ချက် ပြည့်ဝနေသည်။ ဤ၃လုံးမြောက် စိတ်ဝိညာဉ်တောင်က သူ့ကို တောင့်ခံနိုင်မည်ဟု ထင်မထားခဲ့ပေ။

သို့သော် နောက်ထပ်ဖြစ်လာသည့်အရာက သူ့ကို ဒေါသထွက်သွားစေသည်။

၃ လုံးမြောက် စိတ်ဝိညာဉ်တောင် အက်ကြောင်းကို ကာထားသော အစီအရင်အလွှာတစ်ခု ထပ်ပြီးတော့ ရှိနေဆဲဖြစ်သည်။ စွမ်းအင်က ထိုထဲသို့ ထိုးဖောက်ဝင်ရောက်သွားကာ အက်ကြောင်းကို ပြုပြင်နေသည်။

“ သေစမ်း…ဘာတွေဖြစ်နေတာလဲ။ ဒါက ဘယ်လိုလုပ်ပြီးတော့ တရားမျှတမှုရှိမှာလဲ”

ဝမ်ရှန်းယု၏ မျက်လုံးများ ပြူးကျယ်သွားသည်။

ဒီစိတ်ဝိညာဉ်တောင်က ပြန်ပြီးတော့ ရှင်သန်လာနိုင်တာလား

၃ လုံးမြောက် စိတ်ဝိညာဉ်တောင်၏ အစီအရင်က မကြာခင်မှာပဲ အက်ကြောင်းကို ပြုပြင်လို့ ပြီးသွားသည်။

လေဟာနယ်ဓားသွား

လေဟာနယ် ဓား

လေဟာနယ် ခုတ်ထစ်ခြင်း

ဝမ်ရှန်းယုက ၃ လုံးမြောက် စိတ်ဝိညာဉ်တောင်၏ အစီအရင်ကို ဖျက်စီးနိုင်ဖို့ ရည်ရွယ်ချက်ဖြင့် အသေတိုက်ကွက်အများပြားကို ထုတ်လုပ်နေသည်။

သို့သော် သူ ပိုပြီးတော့ ပြင်းပြင်းထန်ထန် ကြိုးစားလေလေ သူ၏ ပန်းတိုင်နှင့် ဝေးကွာလာလေလေ ဖြစ်သည်။

ထိုအချိန်တွင် ချီရှောက်ရွှမ်က အရှိန်ဖြင့် ပြေးသွားကာ ၄ လုံးမြောက် စိတ်ဝိညာဉ်တောင်ကို စတင်တိုက်ခိုက်တော့သည်။

သူ့လက်ထဲရှိ ကောင်းကင်လှံတံဖြင့် ခရမ်းရောင် အရှိန်အဝါက နဂါးပုံရိပ်သဏ္ဌာန်ကို ဖွဲ့စည်းလိုက်ပြီး စကြဝဠာထိတိုင် ဟိန်းထွက်သွားသည်။

ကောင်းကင်လှံတံက ကြောက်စရာကောင်းသော စွမ်းအင်ဖြင့် ထိုးနှက်လိုက်သည်။

အကြိမ်ပေါင်းများစွာ ထိုးနှက်ပြီးနောက် ၄လုံး မြောက် ဝိညာဉ်တောင်ပေါ်တွင် အက်ကြောင်းများစွာ ပေါ်လာသည်။

ထိုစိတ်ဝိညာဉ်တောင်ကိုလည်း အစီအရင်ဖြင့် ဝန်းရံထားကာ အက်ကွဲကြောင်းကို ပြန်ပြင်ကာ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက် ကြိုးစားနေသည်။

ပြန်လည်ကုသသည့်အရှိန်က ၃ လုံးမြောက် စိတ်ဝိညာဉ်တောင်နှင့် သိပ်ပြီး မကွာပေ။

ကောင်းကင်ပုဆိန်လှံရှည်က ချွန်ထက်သည့်အတွက် တောင်၏ စွမ်းအားကို ဆက်တိုက် ဖိနှိပ်ထားသည်။

ချီရှောက်ရွှမ်က အဓိကတိုက်ကွက်ကို ထုတ်သုံးလိုက်သည်။ သူ၏ ခရမ်းရောင်အရှိန်အဝါ မြစ်တောင်တန်းပညာရပ်က အာကာပြင်ကို ပြည့်နှက်သွားကာ ကောင်းကင်ပုဆိန်လှံရှည်ဖြင့် ထိုးနှက်လိုက်သည့်အတွက် နယ်မြေတစ်ခုလုံး တုန်လှုပ်သွားသည်။

တောက်ပသော အံ့ဖွယ်အလင်းတန်းက ခရမ်းရောင်အံ့ဖွယ်နဂါးအဖြစ်သို့ ပြောင်းလဲကာ ၄ လုံးမြောက် စိတ်ဝိညာဉ်တောင်ဆီသို့ ဦးတည်သွားသည်။

အဆုံးမဲ့ အံ့ဖွယ်စွမ်းအင်က ၄လုံး မြောက် စိတ်ဝိညာဉ်တောင်ကို အာရုံစိုက်ထားပြီး အစီအရင်ကို တစ်စစီဖြစ်သွားစေသည်။

ချီရှောက်ရွှမ်က အမြဲတမ်း စွမ်းအားကြီးခဲ့သည်။ ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေးဆေးလုံးကို စားသုံးထားသည့်အတွက် သူ၏ ခန္ဓာကိုယ်တည်ဆောက်ပုံ အဆင့်မြင့်သွားကာ အရည်အချင်းများလည်း ကန့်သတ်ထားသည်ထက် ကျော်လွန်သွားသည်။

အစွမ်းကုန်သုံးပြီး တိုက်ခိုက်သည့်အခါ သူ၏ တိုက်ခိုက်စွမ်းရည်က ထိပ်သီးကောင်းကင်အသျှင်တစ်ယောက်ကဲ့သို့ စွမ်းအားကြီးလှသည်။

၄လုံးမြောက် စိတ်ဝိညာဉ်တောင်က ဒီထက်ပိုပြီး တောင့်မခံနိုင်တော့ပေ။ သူ၏ အစီအရင်က ချီရှောက်ရွှမ်၏ စွမ်းအားကြီးသော တိုက်ခိုက်မှုကြောင့် တစ်စစီဖြစ်သွားသည်။

ကြောက်လန့်မှုနှင့် အံ့ဩမှုတို့က မရေတွက်နိုင်သော ပါရမီရှင်များ၏ မျက်နှာပေါ်တွင် ဖြတ်ပြေးသွားသည်။

“ သူက တကယ်ကို ခရမ်းစံအိမ်သူတော်စင်ပဲ။ သူက တိုက်ကွက် ၃၆ ချက်နဲ့တင် ၄ လုံးမြောက် စိတ်ဝိညာဉ်တောင်ကို အနိုင်ရသွားပြီ”

“ အဲဒီတိုက်ပွဲအဆင့်စွမ်းရည်က ငါ့ထက် အများကြီး သာလွန်နေတယ်”

“ သူက အရှေ့ပိုင်းလွင်ပြင်မှာ တစ်ချိန်တုန်းက စွမ်းအားအကြီးဆုံး ပါရမီရှင် ဖြစ်ခဲ့တာ အဆန်းမဟုတ်ဘူးပဲ။ သူက တကယ်ကို ထူးခြားတယ်”

ထို့နောက် ပါရမီရှင်များအားလုံးက ဝမ်ရှမ်းယုဆီသို့ အကြည့်ရောက်သွားကာ ပြောလိုက်ကြပြန်သည်

“ ဒါပေမဲ့ မဟာလေဟာနယ် သူတော်စင်က ဘာလို့ အခုထိ သူ့ရဲ့ တောင်ကို အနိုင်မယူနိုင်သေးရတာလဲ”

“ စောစောက ၃ လုံးမြောက် စိတ်ဝိညာဉ်တောင်ကို ယူဖို့က သူ့အတွက် အရမ်းလွယ်ကူတဲ့အရာပဲဆိုပြီးတော့ မဟာလေဟာနယ် သူတော်စင် ပြောတာကို ကြားလိုက်သလားလို့ပဲ။ ငါပဲ နားကြားမှားတာများလား”

“ မဟာလေဟာနယ် သူတော်စင်က အဲလောက်ထိ တော်တဲ့ပုံလည်း မပေါ်ဘူး။ အရမ်းကြာနေတာတောင် ရလဒ်က မရှိသလောက် ဖြစ်နေရတာလဲ”

“ သူကလည်း အစောပိုင်းအဆင့် ဝိညာဉ်အသွင်ပြောင်း ကျင့်ကြံသူလေ။ ဘာလို့ ကွာခြားချက်က အရမ်းကြီးမားနေရတာလဲ”

ဝမ်ရှန်းယုက အရမ်းစိုးရိမ်ကြောင့်ကြနေပြီး ရေရွတ်လိုက်သည်

“ ဒီ ကာကွယ်ရေး အစီအရင်က ချိုးဖျက်ဖို့အတွက် တကယ်ကို ခက်ခဲတာပဲ။ အခု ငါသာ ဒါကို မချိုးဖျက်နိုင်ဘူးဆိုရင် သေချာပေါက် ဂုဏ်သိက္ခာထိခိုက်သွားလိမ့်မယ်”

၃ လုံးမြောက်နှင့် ၄ လုံးမြောက် စိတ်ဝိညာဉ်တောင်များကြားထဲမှ ခက်ခဲမှုအဆင့်က အဲလောက်ထိ မခြားနားပေ။ နှစ်ခုလုံးက ထိပ်သီးကောင်းကင်အသျှင်တစ်ယောက်၏ တိုက်ခိုက်စွမ်းရည်မျိုးကို လိုအပ်သည်။

သို့သော် ၃ လုံးမြောက် စိတ်ဝိညာဉ်တောင်၏ ကာကွယ်ရေး အစီအရင်က ၄ လုံးမြောက် ဝိညာဉ်တောင်၏ ကာကွယ်ရေး အစီအရင်ထက် ပိုပြီးတော့ သန်မာနေသည်။ ပြန်လည်ကုစားသည့် စွမ်းရည်ကလည်း ပိုမိုသန်မာသည်။

သူ အဲဒါကို သာမန်တိုက်ခိုက်မှုနဲ့ အနိုင်ရသင့်ပေမဲ့ အချိန်က ပိုပြီးတော့ကြာနေတယ်

“ သေစမ်း ငါ ဂရုမစိုက်နိုင်ဘူး။ အများဆုံးအနေနဲ့ ငါ ပြန်သွားပြီးတော့ ငါ့ရဲ့ လိပ်ပုံစံနဲ့ ဆက်လက်ကျင့်ကြံရမှာပဲ”

“ စိတ်ဝိညာဉ်တောင်စုတ် ဒါကို ယူလိုက်စမ်း”

ငါသာ ဒီထက်ပိုပြီး ကြန့်ကြာနေမယ်ဆိုရင် ငါ့ရဲ့ ဂုဏ်သိက္ခာလည်း ရေစုန်မြောသွားမှာပဲ။ ချီရှောက်ရွှမ်က ပြီးမြောက်အောင်မြင်သွားပြီဆိုတော့ လက်ပိုက်ပြီးတော့ ငါ့ကို ရပ်ကြည့်နေတယ်

ဝမ်ရှန်းယုက အချိန်ထပ်ပြီးမဖြုန်းချင်တော့ပေ။ သူ၏ သက်တမ်းစွမ်းအင်ကိုပင် အသုံးပြုရမည်ဆိုလျှင်ပင် ၃ လုံးမြောက် စိတ်ဝိညာဉ်တောင်ကို သေချာပေါက် အနိုင်ယူရမည်ဖြစ်သည်။

သူက သက်တမ်းနှစ်ပေါင်း ၆၀၀ ကို အသုံးပြုကာ မဟာလေဟာနယ်လက်ဖဝါးကို ဖန်တီးပြီး ၃လုံးမြောက် စိတ်ဝိညာဉ်တောင်ပေါ်သို့ ရိုက်ချလိုက်သည်။

ဒီသက်တမ်းအကုန်ခံလိုက်တဲ့ တိုက်ခိုက်မှုက တကယ်ကို ကွဲပြားတယ်

ဧရာမ လက်ဖဝါးကြီးက ၃လုံးမြောက် စိတ်ဝိညာဉ်တောင်၏ အစီအရင်ကို စက္ကန့်ပိုင်းအတွင် ကြေမွသွားစေသည်။

အဆုံးမဲ့ဝိညာဉ်ချီများက တောင်ပတ်လည်တွင် လှိုင်းလုံးများကဲ့သို့ ထိုးဖောက်ထွက်လာသည်။

၃ လုံးမြောက် ဝိညာဉ်တောင်ကို ချိုးဖျက်နိုင်ပြီ

ဝမ်ရှန်းယု နောက်ဆုံးတွင် ၃ လုံးမြောက် ဝိညာဉ်တောင်ကို အနိုင်ရသွားသည့်အတွက် ဝမ်းသာကြည်နူးနေမိသည်။

သူက ချီရှောက်ရွှမ်ကို ဂုဏ်မောက်စွာကြည့်ပြီး ပြောလိုက်သည်

“ ချီရှောက်ရွှမ် မင်း ဒါကိုမြင်လား။ ငါဒါကို လက်ဖဝါးတစ်ချက်ထဲနဲ့တင် ခြေမွလိုက်နိုင်တယ်။ ငါတော်တယ်မလား”

ချီရှောက်ရွှမ်က သူ့ကိုစိုက်ကြည့်ကာ ရိုးရှင်းစွာ ပြောလိုက်သည်

“ နှစ်ပေါင်း ၆၀၀”

ဝမ်ရှန်းယု၏နှုတ်ခမ်းများ တွန့်ချိုးသွားကာ ဒေါသပင် လည်ချောင်းသို့ ရောက်လာသည်။

သူ ဒီတစ်ခေါက် အကြီးအကျယ် ဆုံးရှုံးလိုက်ရပြီ။ သူက နှစ်ပေါင်း ၆၀၀ လုံးကို ဖြုန်းတီးလိုက်တာပဲ

ဒါပေမဲ့လည်း သူ အဲဒါကို ဖြုန်းတီးပြီးသွားပြီဆိုတော့ မတတ်နိုင်တော့ဘူး ကြွားရတော့မှာပဲ

သူက ခေါင်းမော့ရင်ကော့ကာ အေးစက်စွာပြုံးရင်း ပြောလိုက်သည်

“ ငါ့ရဲ့ ဝိညာဉ်တောင်က မင်းရဲ့ စိတ်ဝိညာဉ်တောင်ထက် ပိုပြီးတော့ အဆင့်မြင့်တယ်”

“ မင်းက မင်းရဲ့ သက်တမ်းနှစ်ပေါင်း ၆၀၀ ကို အသုံးပြုလိုက်တယ်”

“ ငါ့ရဲ့ စိတ်ဝိညာဉ်တောင်မှာ မင်းထက် သိပ်သည်းတဲ့ ဝိညာဉ်ချီတွေရှိတယ်”

“ မင်းရဲ့ သက်တမ်းနှစ်ပေါင်း၆၀၀ ကို အသုံးပြုလိုက်တယ်”

ဝမ်ရှန်းယုက မခံမရပ်နိုင်ဖြစ်စွာဖြင့် ပြောလိုက်သည်

“ မင်း ‘နှစ်ပေါင်း၆၀၀ ’ဆိုတဲ့ စကားကို မပြောပဲ နေပေးနိုင်မလား”

ချီရှောက်ရွှမ်က မျက်နှာထား မပြောင်းလဲပဲ ပြောလိုက်သည်

“ မင်းက သက်တမ်း နှစ်ပေါင်း ၅၀၀ အပေါင်း ၁၀၀ကို အသုံးပြုလိုက်တာပဲ”

ဝမ်ရှန်းယု ဒေါသထွက်သွားသည်

“ မင်းကတော့…”

ပါရမီရှင်များက ၃ လုံးမြောက် စိတ်ဝိညာဉ်တောင်ထိပ်တွင် ဂုဏ်ယူစွာ မတ်တပ်ရပ်နေသော ဝမ်ရှန်းယုကိုကြည့်ပြီးနောက် သူတို့၏ နှုတ်ခမ်းထောင့်များကလည်း ကွေးညွှတ်သွားသည်။

ဒီကောင်လေးက တကယ်ကို အကြမ်းခံတဲ့သူမျိုးပဲ။ သူ့ရဲ့ သက်တမ်းကို ဘာမှမဖြစ်သလို ပုံစံမျိုးနဲ့ အသုံးပြုထားတယ်

သူ့ကို ခုခံလို့မဖြစ်ဘူး။ ရှေ့လျှောက် သူနဲ့ဝေးတဲ့နေရာမှာပဲ နေရမယ်

ကိစ္စငယ်လေးတစ်ခုအတွက်နဲ့ ကိုယ့်အသက်ကို စတေးနိုင်တဲ့သူမျိုးကို ဘယ်သူက ဆန့်ကျင်ရဲမှာလဲ

ရှန်ထျန်းက ဝမ်ရှန်းယုကို စိုက်ကြည့်ပြီး အနည်းငယ် နာကျင်နေမိသည်။

ဒီကောင်လေးက အရမ်းဖြုန်းတီးတာပဲ။ စောနလေးကတင် သူ့ရဲ့သက်တမ်းကို အမြင့်ဆုံးအဆင့်ထိ ရောက်အောင် လုပ်ထားတာ မဟုတ်ဘူးလား

ကျိရှားကျောင်းတော်ကို ရောက်တာ နှစ်ရက်ပဲရှိသေးတာကို သက်တမ်း နှစ်ပေါင်းတစ်ထောင်ကျော် အသုံးပြုပြီးနေပြီတဲ့လား

နှစ်ပေါင်း သောင်းချီပြီးရှိနေတဲ့ လိပ်တစ်ကောင်တောင် သူ့ရဲ့ သက်တမ်းကို ဒီလိုမျိုးဖြုန်းတီးပစ်နိုင်မှာ မဟုတ်ဘူး

မင်းရဲ့ သက်တမ်းကို အသုံးပြုရတာက လိင်ဆက်ဆံရသလိုမျိုး စိတ်ကျေနပ်မှုရစေတာတော့ မဟုတ်ပါဘူးနော်။ အဲဒါက အဲလောက်ထိ စွဲလမ်းစေတဲ့ အရာမျိုးလား

ရှန်ထျန်းက ဝမ်ရှန်းယု၏ ဖျော့တော့နေသော မျက်နှာနှင့် မျက်ကွင်းညိုနေသည်ကို တွေ့လိုက်ရသည့်အခါ ရှန်ထျန်း ရုတ်တရက် သတိထားမိသွားသည်။

ဒီကောင်လေးကို မဟာလေဟာနယ်သူတော်စင်အဖြစ် သတ်မှတ်ထားတာ အဆန်းတော့ မဟုတ်တော့ပါဘူး

အကြိမ်အများကြီး သက်တမ်းသုံးပြီးသွားရင် သူလည်း လေဟာနယ်လိုမျိုး ဗလာဖြစ်သွားတော့မှာလေ

“ အရှေ့ပိုင်းလွင်ပြင် ထိပ်သီးပါရမီရှင်တွေထဲမှာ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်တစ်ယောက်ပဲ မလှုပ်ရှားသေးတာ”

“ သူ ဘယ်စိတ်ဝိညာဉ်တောင်ကို စိန်ခေါ်မှာလဲဆိုတာကို သိချင်နေပြီ”

“ ဘယ်လိုပဲဖြစ်ဖြစ် သူက အနည်းဆုံးတော့ ခရမ်းစံအိမ်သူတော်စင်နဲ့ မဟာလေဟာနယ်သူတော်စင်တို့နဲ့ တူညီတဲ့အဆင့်လောက်ကိုတော့ ရွေးမှာပဲ”

“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ပထမဆုံး စိတ်ဝိညာဉ်တောင်ကို အနိုင်ယူနိုင်မယ်လို့ ထင်နေတာလား”

“ ဒါက နည်းနည်းတော့ မများဘူးလား။ အဲဒါက စစ်မှန်တဲ့ ဝိဇ္ဇာအဆင့်လေ”

ကျိရှားကျောင်းတော်သို့ ဝင်ရောက်လာနိုင်သည့် ပါရမီရှင်တစ်ယောက်ချင်းစီက ပြိုင်ဘက်ကင်း ကျင့်ကြံသူများ ဖြစ်ကြသည်။

သို့သော် ရှန်ထျန်းတို့၏ အဖွဲ့နှင့် တွေ့ဆုံပြီးနောက် သူတို့က ဘယ်လောက်ထိ နိမ့်ကျနေသည်ကို နားလည်သွားခဲ့သည်။

ထို့ကြောင့် အားလုံးက သိချင်စိတ် များပြားနေကြသည်။

ဒီစိတ်ဝိညာဉ်တောင် ၃၆ လုံးရှေ့မှာ ရှန်ထျန်းက ဘယ်လိုမျိုး အံ့ဩမှင်သက်ဖို့ကောင်းတဲ့ အရာကို ပြသပေးမလဲ

အကြီးအကဲစုပင် သိချင်စိတ်ပြင်းပြနေပြီဖြစ်သည်။

အဲဒီကလေးက မဟာနတ်ဧကရာဇ်တောင် သဘောကျရတဲ့သူပဲ

စိတ်ဝိညာဉ်တောင် ဆယ်ခုထဲတွင် ပထမဆုံးနှစ်ခုနှင့် နောက်ဆုံးနှစ်ခုသာ ကျန်ရှိတော့သည်။

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ရဲ့ ဂုဏ်သိက္ခာနဲ့ဆိုရင် သူက ဘယ်တော့မှ နောက်ဆုံးနှစ်ခုကို ရွေးချယ်မှာ မဟုတ်လောက်ဘူး

ဒါဆိုရင် ပထမဆုံးနဲ့ ဒုတိယစိတ်ဝိညာဉ်တောင်ထဲကပဲ ရွေးချယ်ဖို့ ကျန်တော့မယ်

သို့သော် ပထမဆုံးနှင့် ဒုတိယစိတ်ဝိညာဉ်တောင်များသည်လည်း ချိုးဖျက်ဖို့အတွက် မလွယ်လှပေ။

ဒုတိယစိတ်ဝိညာဉ်တောင်ကို အနိုင်ရဖို့အတွက် အစောပိုင်းအဆင့် ဝိဇ္ဇာ၏ တိုက်ခိုက်စွမ်းရည်ကို ပိုင်ဆိုင်ထားရမည်ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း ၅ထောင်ကျော်က ကျောင်းသားအသစ် သုံးယောက်သာလျှင် ထိုအရာကို စွမ်းဆောင်နိုင်ခဲ့သည်။

ထိုသုံးယောက်လုံးက ထူးခြားသော ကျင့်ကြံသူများဖြစ်ကြပြီး ထူးချွန်သော ခေါင်းဆောင်များ ဖြစ်လာကြသည်။

ပထမဆုံးစိတ်ဝိညာဉ်တောင်၏ ခက်ခဲမှုက ပိုမိုကြီးမားသည်။ အတိဒုက္ခစမ်းသပ်ချက်ကို လေးကြိမ် ခံယူထားသော စစ်မှန်သည့် ဝိဇ္ဇာသာလျှင် အနိုင်ယူနိုင်မည်ဖြစ်သည်။

ကျိရှားကျောင်းတော်ကို စတင်တည်ထောင်ကတည်းက ဘယ်သူမှ ထိုအရာကို မလုပ်နိုင်ခဲ့ပေ။

များစွာ ချီးကျူးခံထားရသော အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ပထမဆုံး စိတ်ဝိညာဉ်တောင်ကို စိန်ခေါ်နိုင်မလားဆိုတာကို အားလုံးက သိချင်နေကြသည်။

ဒါမှမဟုတ် သူက သူ့ရဲ့ ဂုဏ်သိက္ခာကို စွန့်လွှတ်လိုက်ပြီးတော့ ဒုတိယမြောက် စိတ်ဝိညာဉ်တောင်ကိုတောင် မချိုးဖျက်နိုင် ဖြစ်မှာများလား

ထိုအခိုက်အတန့်တွင် အားလုံးက ရှန်ထျန်းအပေါ်သာ အာရုံစိုက်ထားကြသည်။

အားလုံးက သူ့ကို ကြည့်နေသည်ကို သိလိုက်ရသည့်အခါ ရှန်ထျန်း၏ နှုတ်ခမ်းထောင့်များကို တွန့်ချိုးသွားမိသည်။

သူက ကျင့်ကြံခြင်းနှင့် တိုးတက်မှုအပေါ်မှာသာ အာရုံစိုက်ထားပြီး တခြားသူများ၏ ကံအပြောင်းအလဲ အခွင့်အရေးကို အလကားယူချင်ရုံသာ ဖြစ်သည်။ ကျိရှားကျောင်းတော်တွင် ဒီလိုအဖြစ်အပျက်မျိုး ဖြစ်လာမည်ဟု ဘယ်သူကမှ ထင်မထားကြပေ။

ပြီးတော့ သူ့ရဲ့မိတ်ဆွေတွေကလည်း သူ့အကြောင်းကို ကြွားထားကြသေးတယ်

ငါ လူမသိသူမသိနေချင်ပေမဲ့ မနေနိုင်ဘူးပဲ

ကံကောင်းစွာဖြင့် ထို စိတ်ဝိညာဉ်တောင်များက ကောင်းမွန်သော လေ့ကျင့်ရေးနယ်မြေ ဖြစ်သည်။

ငါသာ ဒီအစီအရင်တွေကို ချိုးဖျက်နိုင်မယ်ဆိုရင် ကျောင်းမှာ အဆင့်ကောင်းကောင်းရပြီးတော့ ရတနာတွေကိုလည်း ရနိုင်တယ်။ ဒါက လုံးဝ သက်တောင့်သက်သာရှိမှာပဲ

ခဏနေပါဦး

ရှန်ထျန်း အကြံတစ်ခုရသွားသည့်အတွက် အကြည့်များပင် တောက်ပသွားသည်။

ဒါက ငါ့ရဲ့ စစ်မှန်တဲ့ ခွန်အားကို ဖုံးကွယ်ဖို့အတွက် ကောင်းမွန်တဲ့ အခွင့်အရေး မဟုတ်လား

ငါသာ အော်စကာဆုရနိုင်လောက်တဲ့အထိ သရုပ်ဆောင်ကောင်းရင် အဲဒီလူတွေကို အရူးမလုပ်နိုင်စရာ အကြောင်းမရှိဘူး

ဟုတ်တယ် ငါ လုပ်ရမယ်

ရှန်ထျန်းက ဆုံးဖြတ်ချက်ချကာ ဒုတိယမြောက် စိတ်ဝိညာဉ်တောင်ဆီသို့ ဦးတည်သွားလိုက်သည်။

ထင်ထားသည့်အတိုင်း အားလုံးက ရှန်ထျန်းကို အာရုံစိုက်ထားကြသည်။

“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က စပြီးတော့ လှုပ်ရှားနေပြီ”

“ သူက ဒုတိယမြောက် စိတ်ဝိညာဉ်တောင်ကို ရွေးချယ်လိုက်ပြီ။ သူက ပထမဆုံး စိတ်ဝိညာဉ်တောင်ကို မရွေးချယ်ဘူးလား”

“ ဒါပေမဲ့ ပထမဆုံး စိတ်ဝိညာဉ်တောင်က တကယ်ကို အရမ်းခက်ခဲတယ်။ သူက ဒုတိယမြောက်ကို ရွေးချယ်တယ်ဆိုတာနဲ့တင် အရမ်းတော်နေပါပြီ”

“ အားလုံးပဲ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ဒုတိယမြောက် စိတ်ဝိညာဉ်တောင်ကို အနိုင်ယူဖို့အတွက် ဘယ်နှစ်ခါ လှုပ်ရှားရမလဲဆိုတာကို ခန့်မှန်းကြည့်ကြမလား”

ရှန်ထျန်း၏ နာမည်က နယ်မြေငါးခုတွင် ပျံ့နှံ့နေပြီဖြစ်သည်။ သူက သာလွန်တာအိုကောင်းကင်အသျှင်များနှင့် ဝိဇ္ဇာများကို အနိုင်ယူခဲ့သည်ဆိုသော သတင်းများလည်း ရှိသည်။

အားလုံး၏ အမြင်တွင် ရှန်ထျန်းအနေဖြင့် ဒုတိယမြောက် စိတ်ဝိညာဉ်တောင်ကို အနိုင်ယူရန်အတွက် ဘာပြဿနာမှမရှိသင့်ဘူးဟု ထင်ထားခဲ့ကြသည်။

ဒါပေမဲ့လည်း ဝိဇ္ဇာတွေထဲမှာတောင် အားနည်းတဲ့သူနဲ့ စွမ်းအားကြီးတဲ့သူဆိုပြီးတော့ ရှိနေသေးတာပဲလေ

အံ့ဖွယ်မိုးကောင်းကင်သူတော်စင်က ဘယ်လိုလုပ်ပြီးတော့ တခြားဝိဇ္ဇာတွေနဲ့ နှိုင်းယှဉ်နိုင်မှာလဲ

ပါရမီရှင်များက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်၏ တိုက်ကွက်များကို မျှော်လင့်စောင့်စားနေကြသည်။

သူတို့ အရမ်းသိချင်နေကြပြီဖြစ်သည်။

ရှန်ထျန်းက ပြုံးကာ ဒုတိယမြောက် စိတ်ဝိညာဉ်တောင်ရှေ့တွင် မတ်တပ်ရပ်လိုက်သည်။

သူ့လက်ထဲတွင် ဧရာမခရမ်းရောင် တူတစ်ခု ထွက်ပေါ်လာပြီး ခရမ်းရောင်အလင်းတန်းများဖြင့် တောက်ပသွားသည်။

ရှန်ထျန်းက တိတ်တိတ်လေး ရေရွတ်လိုက်သည်

“ ငါ ဒုတိယမြောက် စိတ်ဝိညာဉ်တောင်ကို မဖွင့်နိုင်အောင် လုပ်ဖို့အတွက် တူကို အကြိမ် ၈၀၀ လောက်ကနေ တစ်ထောင်လောက်အထိတော့ ထုရိုက်ကြည့်ရမယ်။ ဒါဆိုရင်တော့ အရမ်း အာရုံစိုက်မခံရလောက်တော့ပါဘူး”

ငါ့ရဲ့ တိုက်ခိုက်စွမ်းရည်က ဝိဇ္ဇာအဆင့်ကို ရောက်နေပြီဆိုတာကို အားလုံးက သိကြတယ်။ ငါ အရမ်းကို ဟန်ဆောင်လွန်းရင်လည်း ဘယ်သူမှ ငါ့ရဲ့ လုပ်ဆောင်ချက်ကို ယုံကြည်မှာ မဟုတ်ဘူး။ အစောပိုင်းအဆင့် ဝိဇ္ဇာအဖြစ် ဟန်ဆောင်ပါရစေ။ ဒါဆိုရင်တော့ သူတို့ကို စည်းရုံးဖို့က ပိုပြီးတော့ အဆင်ပြေမယ်ထင်တယ်

ရှန်ထျန်းက သူ၏ စစ်မှန်သော ခွန်အားကို ဖုံးကွယ်ဖို့အတွက် အရမ်းလေးနက်နေသည်။ သူက ပင်လယ်အံ့ဖွယ်တူကိုပင် ထုတ်မသုံးခဲ့ပေ။

သူ၏ တိုက်ခိုက်မှုက အရမ်းအားကောင်းနေပါက တခြားသူများကို ထိတ်လန့်သွားစေမည်ကို စိုးရိမ်မိသည်။

သူ၏ ခရမ်းမိုးကောင်းကင် ကောင်းကင်တူဖြင့် ဒုတိယစိတ်ဝိညာဉ်တောင်ကို ထုရိုက်လိုက်သည်။

ခရမ်းမိုးကောင်းကင်တူက အံ့ဖွယ်အလင်းတန်းဖြင့် တောက်ပသွားကာ စွမ်းအားကြီးပြီး ခိုင်မာလှသည်။ သူ၏ အရှိန်အဝါကလည်း အံ့ဩမှင်သက်စရာကောင်းလှသည်။

သို့သော် အစစ်အမှန်တွင် ရှန်ထျန်းက စွမ်းအားထဲမှ သေးငယ်သော အစိတ်အပိုင်းလေးကိုသာ အသက်သွင်းလိုက်ခြင်းဖြစ်သည်။

ဒါမှမဟုတ် အရမ်းကို သေးသေးလေးလို့ ပြောရမလားပဲ

ဒုန်း

ဒုန်း…

ဒုန်း…

ရိုက်ချက်တစ်ခုချင်းစီက ဒုတိယမြောက် စိတ်ဝိညာဉ်တောင်၏ အစီအရင်ကို ပြင်းထန်စွာလှုပ်ခါသွားစေသည်။

သို့သော် ဒုတိယမြောက် စိတ်ဝိညာဉ်တောင်၏ အစီအရင်က သန်မာနေဆဲဖြစ်ပြီး လုံးဝ ကွဲအက်မှု မရှိပေ။

အံ့ဖွယ်စွမ်းအင်က နေရာတစ်ခွင် ပျံ့နှံ့သွားသည့်အတွက် မရေတွက်နိုင်သော ပါရမီရှင်များကို ကြောက်ရွံ့တုန်လှုပ်သွားစေသည်။

“ သူက တကယ်ကို အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ပဲ။ သူက ဒုတိယမြောက် စိတ်ဝိညာဉ်တောင်ကို အဲလိုမျိုး အင်အားနဲ့ တိုက်ခိုက်နိုင်တယ်”

“ သူ အဲဒါကို မကြာခင် ချိုးဖျက်နိုင်တော့မယ်လို့ ထင်မိတယ်”

“ ငါ့အထင်တော့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ရဲ့ တိုက်ခိုက်စွမ်းရည်က အစောပိုင်းအဆင့် ဝိဇ္ဇာနဲ့ အတူတူပဲ”

“ ဟုတ်တယ်…ဟုတ်တယ်…သူ ဝိဇ္ဇာကို အနိုင်မရဘူးဆိုရင်တောင် ရှုံးလည်း မရှုံးနိုင်ဘူး”

ရှန်ထျန်းက အရမ်းကို သေးငယ်သော စွမ်းအားကိုသာ ထုတ်သုံးနေသော်လည်း မရေတွက်နိုင်သော ပါရမီရှင်များက သူ၏ တိုက်ခိုက်စွမ်းရည်ကို ယုံကြည်လာကြသည်။

သူက ဒုတိယမြောက်စိတ်ဝိညာဉ်တောင်ကို အရမ်းတုန်ခါအောင် လုပ်နိုင်တာ အခုတော့ သူတစ်ယောက်ထဲကပဲ လုပ်နိုင်တယ်

လူငယ်များအတွက် ထိုကဲ့သို့သော ဝိဇ္ဇာအဆင့် ကာကွယ်ရေးအစီအရင်ကို တုန်ခါအောင် လုပ်နိုင်သည်ကပင် ကြီးမားသော ထူးခြားမှုတစ်ခုဖြစ်နေပြီဖြစ်သည်။

ကောင်းကင်အသျှင်က စစ်မှန်တဲ့ ဝိဇ္ဇာကို အနိုင်ရတာ…ဒါမှမဟုတ် ကနဦးဝိညာဉ်ကျင့်ကြံသူက စစ်မှန်တဲ့ ဝိဇ္ဇာကိုအနိုင်ရတာမျိုး….

မဟုတ်သေးဘူး…သူတို့ စိတ်ကူးတောင် မယဉ်ရဲဘူး

ငါ့ရဲ့ သရုပ်ဆောင်စွမ်းရည်က တကယ်ကို ကောင်းတာပဲ။ ငါ ရုပ်ရှင် မရိုက်ဖြစ်ခဲ့တာ နှမြောစရာပဲ

ရှန်ထျန်းက ထိုပါရမီရှင်များ၏ အမြင်ကို ကြားပြီးနောက် နှုတ်ခမ်းများ ကွေးညွတ်သွားသည်။

ဟား…ဟား…ဟား… အစောပိုင်းအဆင့် ဝိဇ္ဇာနဲ့ တူညီတယ်တဲ့လား

အရမ်းကောင်းတယ် အဲဒါ ငါလိုချင်နေတဲ့ ကောလဟာလမျိုးပဲ

ငါ့ရဲ့ တိုက်ခိုက်စွမ်းရည်က အစောပိုင်းအဆင့် ဝိဇ္ဇာနဲ့ အတူတူပဲ

ငါက အတိဒုက္ခစမ်းသပ်ချက် ၆ ကြိမ်ခံယူထားတဲ့ ဝိဇ္ဇာကို တစ်ချက်ထဲနဲ့ အနိုင်ယူလိုက်နိုင်တယ်လို့ ဘယ်သူပြောလဲ

အဲဒါက အခြေအမြစ်မရှိတဲ့ ကောလဟာလတွေပဲ

ရှန်ထျန်းက သူနှင့်ပတ်သက်သော ကောလဟာလများကို ပြောင်းလဲနိုင်တော့မည်ဆိုသည့်အတွက် အရမ်းစိတ်လှုပ်ရှားနေမိသည်။

ထို့ကြောင့် စိတ်လှုပ်ရှားရင်း အင်အားအနည်းငယ် ပိုထည့်လိုက်မိသည်။

ဟုတ်တယ် နည်းနည်းလေးပဲ

ဒုတိယမြောက် စိတ်ဝိညာဉ်တောင်၏ အစီအရင်က တစ်စစီဖြစ်သွားသည်။

ကာကွယ်ရေးအစီအရင်ကို ဖြတ်သန်းကာ အံ့ဖွယ်အလင်းတန်း ကျရောက်လာပြီးနောက် ဒုတိယမြောက် စိတ်ဝိညာဉ်တောင် ပွင့်လာသည်။

တစ်နေရာလုံး တိတ်ဆိတ်သွားသည်။

ပါရမီရှင်များလည်း တံတွေးကို ခက်ခက်ခဲခဲမျိုချလိုက်ရသည်။

“ ပျက်… ပျက်စီးသွားပြီလား”

“ သူက ခုနစ်ချက်နဲ့တင် ဖျက်စီးလိုက်နိုင်တာ။ ပြီးတော့ အထွတ်အထိပ်အဆင့် စိတ်ဝိညာဉ်အသုံးအဆောင် ပစ္စည်းကိုပဲ သုံးခဲ့တာ မဟုတ်လား”

“ ပထမဆုံး ရိုက်ချက် ခြောက်ခုက ဘာလို့ အသုံးမဝင်ဘူးလို့ ခံစားနေရတာလဲ။ နောက်ဆုံးတူ ထုချက် ကွာခြားအောင် လုပ်ပေးလိုက်တာ”

“ ငါလည်း နောက်ဆုံး တူထုချက်က ပထမဆုံး တူရိုက်ချက်ခြောက်ခါထက် ပိုပြီးတော့ အားပြင်းတယ်လို့ ခံစားရတယ်”

“ နောက်ဆုံး တူချက်ကမှ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ရဲ့ စစ်မှန်တဲ့ စွမ်းအားလို့ ထင်လား”

“ သေစမ်း…ဒါဆိုရင် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ရဲ့ စွမ်းအားက…”

အားလုံး အံ့ဩထိတ်လန့်သွားကြသည်။

ရှန်ထျန်းမှာ အံ့ဩစရာကောင်းသော တိုက်ခိုက်စွမ်းရည်ရှိတာကို သိထားသော်လည်း ဒီလောက်ထိ ထိတ်လန့်စရာကောင်းမည်ဟု မထင်ထားခဲ့ပေ။

ချီရှောက်ရွှမ်က ၄ လုံးမြောက် စိတ်ဝိညာဉ်တောင်ကို ၃၆ ခါလောက် တိုက်ခိုက်ပြီးမှ အောင်မြင်နိုင်ခဲ့တာ

ရှန်ထျန်းက ဒုတိယမြောက် စိတ်ဝိညာဉ်တောင်ကို  ၇ ခါတိုက်ခိုက်ရုံနဲ့တင် အောင်မြင်သွားတယ်တဲ့လား။ သူက အစောပိုင်းအဆင့် ဝိဇ္ဇာထက် လုံးဝ မနိမ့်ကျဘူး

နောက်ဆုံးထုရိုက်ချက်က အများကြီး ပိုပြီးတော့ စွမ်းအားကြီးတယ်

သေစမ်း…

မယုံကြည်နိုင်စရာပဲ

လူအုပ်က ပင့်သက်ရှိုက်လိုက်သည်။

ဒီထက်ပိုပြီးအရေးကြီးသည်က ရှန်ထျန်း၏ လက်နက်က ခရမ်းမိုးကောင်းကင် ဝေဟင်တူသာ ဖြစ်သည်။

အထွတ်အထိပ်အဆင့် ဝိညာဉ်အသုံးအဆောင်ပစ္စည်းသာဖြစ်ပြီး အဆင့်နိမ့် ဝိဇ္ဇာအသုံးဆောင်ပစ္စည်းပင် မဟုတ်ပေ။

ဒုတိယမြောက် ဝိညာဉ်တောင်ကို အထွတ်အထိပ်အဆင့် ဝိညာဉ်အသုံးအဆောင်ပစ္စည်းနဲ့တင် အောင်နိုင်သွားတာလား

သူသာ အထွတ်အထိပ်အဆင့် ဝိဇ္ဇာအသုံးအဆောင်ပစ္စည်းကို သုံးမယ်ဆိုရင် ပထမဆုံး ဝိညာဉ်တောင်ကို အောင်နိုင်မှာ မဟုတ်ဘူးလား

ဒါဆိုရင် သူက တူထုချက် တစ်ချက်ထဲနဲ့တင် စစ်မှန်တဲ့ ဝိဇ္ဇာကို သတ်လိုက်နိုင်တာ ဖြစ်နိုင်တာပဲ

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က သာလွန်တာအို ကောင်းကင်အသျှင်ပဲ

အားလုံးက ရှန်ထျန်း လုပ်ဆောင်လိုက်သောအရာကြောင့် သူ့စွမ်းအားကို ယုံကြည်နေကြသည်။

ရှန်ထျန်းက သူ့တည်ရှိမှုတစ်ခုလုံးက တစ်ခါပြန်လည်ပြီး သံသယဝင်နေမိသည်။

သူက ကျိုးပျက်သွားသော ဒုတိယမြောက် ဝိညာဉ်တောင်ကို စိုက်ကြည့်လိုက်သည်။

ဘာတွေဖြစ်သွားခဲ့တာလဲ။ စောစောကထိ အဆင်ပြေနေခဲ့တာ မဟုတ်လား

ငါက မတော်တဆ အားနည်းနည်းလေးပဲ ပိုပြီးတော့ စိုက်ထုတ်လိုက်မိတာလေ။ အဲဒါက ဘာကြောင့် ပျက်စီးသွားရတာလဲ

အမလေး

ဒါက အရည်အသွေးနိမ့်တဲ့ စိတ်ဝိညာဉ်တောင် အတုများလား

ငါ အဲလောက်ထိများပြားတဲ့ ခွန်အားကို မသုံးခဲ့ဘူးဆိုတာ တကယ်ပါ

အားလုံးက သူ့ကို လေးစားသော အကြည့်များဖြင့် စိုက်ကြည့်နေသည်ကို သိလိုက်ရသည့်အခါ ရှန်ထျန်း ခေါင်းကိုက်သွားမိသည်။

သူက စောနက ကောလဟာလတွေကို ပျောက်ကွယ်သွားအောင် မလုပ်နိုင်ရုံတင် မကသေးဘူး သူ့ရဲ့ ဂုဏ်သတင်းကို ထပ်ပြီးတော့တိုးအောင် လုပ်လိုက်ပြန်ပြီ

သေစမ်း…

အရမ်းဒေါသထွက်တာပဲ

ငါ သေချာပေါက် လူမသိသူမသိနေချင်ပေမဲ့ ငါ့ရဲ့ အရည်အချင်းတွေက ခွင့်မပြုဘူး

ငါ အခု ဘာလုပ်သင့်လဲ

ငါ့ကို ကယ်ပါဦး

All Chapters