လွန်ခဲ့သော နှစ်တစ်သောင်းခန့်က နဂါးမယ်
Vol. 30 Ch. 436
အခန်း (၄၃၆) : လွန်ခဲ့သော နှစ်တစ်သောင်းခန့်က နဂါးမယ်
ရှန်ထျန်းနှင့် ချီကျန့်က မငြိမ်မသက် အာကာပြင်ထဲ တိုက်ခိုက်နေဆဲ ဖြစ်သော်လည်း အပြင်ဘက် ကမ္ဘာကြီးက ဇောက်ထိုးမိုးမျှော် ဖြစ်နေလေပြီ။
အထူးသဖြင့် နတ်ဆိုးပရဝဏ်အတွင်း ဖြစ်၏။ သူတို့က ချီကျန့်သည် လူသားပရဝဏ်မှ ရှီထျန်းကျီအား စိန်ခေါ်ဖို့ သွားခဲ့သည်ကို ကြားသောအခါ ချက်ချင်းဆိုသလို ရုတ်ရင်းဆန်ခတ် ဖြစ်လာကြသည်။
ကြမ်းတမ်းခက်ထန်သည့် မျောက်ဝံတစ်ကောင်က ဟိန်းဟောက်ကာ “ ဘာလဲ။ ငါ့အစ်ကိုကြီးက လူသားပရဝဏ်အတွင်းကို တစ်ယောက်တည်း သွားပြီးတော့ ရှီထျန်းကျီကို စိန်ခေါ်တာလား။ မြန်မြန် လိုက်သွားပြီးတော့ အစ်ကိုကြီးအတွက် အားပေးကြမယ်”
ချီကျန့်က အားကောင်းသော်လည်း သူက လူသား ပါရမီရှင်များ၏ ပိုင်နက်ဖြစ်သည့် လူသားပရဝဏ်အတွင်း ဖြစ်နေလေသည်။
လက်သီးနှစ်လုံးက လေးလုံးနှင့် မယှဉ်နိုင်ပေ။ ထို့အပြင် ရှီထျန်းကျီ၏ ဂုဏ်သတင်းက အားမနည်းချေ။
အကယ်၍ လူသားပရဝဏ် ပါရမီရှင်များသာ စုပေါင်းတိုက်ခိုက်ကြလျှင် ချီကျန့်ပင်လျှင် အရေးသာမည် မဟုတ်ပေ။
ထိုအရာကို တွေးမိပြီး ခက်ထန်ကြမ်းတမ်းသည့် မျောက်ဝံကြီးက ပို၍ စိတ်ပူလာသည်။
ဤမျောက်ဝံကြီးက ချီကျန့်၏ ညီငယ်ဖြစ်သူ ချီဟော် ဖြစ်၏။ သူ့အစ်ကိုကြီး ရှုံးနိမ့်သွားမည်ကို စိုးရိမ်သောကြောင့် သူ့မိတ်ဆွေများအား အမြန်ခေါ်ကာ လူသားပရဝဏ်ဆီ ဦးတည်ခဲ့ကြသည်။
ထိုစဉ် နတ်ဆိုးပရဝဏ်အတွင်းမှ ပါရမီရှင်များလည်း ထွက်လာကြ၏။
နတ်ဆိုးအရေအတွက် များပြားလှလေရာ သူတို့က အားအပြည့် ထွက်လာကြောင်း ပြောနိုင်ပေသည်။
နတ်ဆိုးပရဝဏ်က နယ်မြေငါးခုမှ နတ်ဆိုးပါရမီရှင်များကို စုစည်းထားခြင်း ဖြစ်၏။ နယ်မြေငါးခုလုံး၌ နတ်ဆိုးအရေအတွက်က လူသားများထက် အဆများစွာ ပိုများပေသည်။
ဤများပြားလှသော အရေအတွက်ဖြင့် ပါရမီရှင် ပေါ်ထွက်လာနိုင်ခြေနှင့် အရေအတွက်ကား ပိုမြင့်မားသည်မှာ သဘာဝကျလေသည်။
နတ်ဆိုးများကြား မျိုးနွယ်စုများ ကွဲနေပြီး သူတို့က အတူတူတွဲမလုပ်သည့် အချက်ကြောင့်သာ မဟုတ်လျှင် လူသားများက နယ်မြေငါးခုကို အုပ်စိုးနိုင်မည် မဟုတ်ချေ။
ထို့ကြောင့် အုပ်စုကြားတွင် လူမျိုးစုံ ရှိနေသည်။ တချို့က ကူညီရန် ရည်ရွယ်ချက်နှင့် ဖြစ်ကာ တချို့ကား အပျင်းပြေအတွက်သာ ဖြစ်ကြ၏။
နတ်ဆိုးပရဝဏ်နှင့် လူသားပရဝဏ်တို့ကြား ပဋိပက္ခကြီးကြီးမားမား ဖြစ်ဖို့က ရှားပါးလွန်းလှသည်။
………...
နတ်ဆိုးပရဝဏ်၏ ပါရမီရှင်များစွာကလည်း လှုပ်ရှားလာကြသည်။ ထိုမြင်ကွင်းက ကြီးကျယ်သည်ဟုပင် ဆိုနိုင်လေသည်။ အုပ်စုကြား မျိုးဆက်ဟောင်း ပါရမီရှင်များသာမက လူငယ်မျိုးဆက်များလည်း ပါလာသည်။
နတ်ဆိုးပရဝဏ်၏ ဤမျိုးဆက် ပါရမီရှင်များကြား ထိပ်တန်း မျိုးစေ့ကောင်းများစွာက ဝင်ရောက်လာကြသည်။
အိမ်ရှေ့စံ နဂါးမင်းသား အောင်းဝူ၊ မြောက်ပင်လယ်၏ သခင်လေး လေးယောက်၊ ငါးရောင်ခြယ်ဒေါင်း ခုံမုန့်၊ ရွှေတောင်ပံ လင်းယုန် ကျင်းယု …
သူတို့တစ်ယောက်ချင်းစီက အရည်အချင်း အလွန် မြင့်မားပြီး ယခင်မျိုးဆက်များ၏ ပါရမီရှင်များထက် အားမနည်းကြပေ။ သူတို့က အားကောင်းကောင်း အရှိန်အဝါများ ထုတ်လွှင့်နေရင်း လူသားပရဝဏ်ဆီ အပြေးအလွှား သွားလိုက်ကြသည်။
နတ်ဆိုးတစ်ယောက်က လေထုထဲ အားပေးသံ ဟစ်ကြွေးလိုက်သည့်အခါ သူတို့က လမ်းတစ်ဝက်သာရှိနေဆဲ ဖြစ်၏။
သူတို့ကြားတွင် မြောက်ပင်လယ်၏ သခင်လေး လေးယောက်က အကျယ်ဆုံး ဖြစ်ကြသည်။
သခင်လေးပိုင်က သူ့လက်တံရှစ်ခုကို ဝေ့ကာ အရင်ဦးစွာ ပြောလိုက်သည်။
သူက သတင်းအမြောက်အများ ထုတ်ဖော်လိုက်ပြီး “ အဲဒီလူသားတွေက သိုင်းကျင့်ဝတ်ကို ဂရုမစိုက်ဘဲ အစ်ကိုကြီးချီကျန့်ကို အတူတူ ပေါင်းတိုက်တယ်လို့ သတင်းရထားတယ် ”
သခင်လေးပိုင်က သူ့ကိုယ်သူ မြောက်ပင်လယ်၏ “ အားလုံးသိ” ဆိုသော ဂုဏ်ပုဒ်ကို ဂုဏ်ယူလေသည်။ သူက အရာအားလုံးကို သိသောကြောင့် အားလုံးသိ ဖြစ်နေခြင်း ဖြစ်၏။
အကယ်၍ မဟုတ်တမ်း ဖြစ်နေလျှင်ပင် သူက နတ်ဆိုးများကို ဖျောင်းဖျနိုင်လေ၏။
လိပ်နက် ဝူသဲ့က နှစ်လွှာ လိပ်ခွံကြီးကို ပုတ်ရိုက်ကာ ပြောလိုက်သည် “ ဘာလဲ။ သူတို့က အဲလောက်တောင် အရှက်မရှိဘူးလား။ သူတို့က သိုင်းကျင့်ဝတ်တွေကိုတောင် ဂရုမစိုက်တော့ဘဲနဲ့ ချီကျန့်ကို လုပ်ကြံရဲတယ်ပေါ့လေ။ ငါတို့တွေ ဒီအတိုင်း ထိုင်ကြည့်နေလို့ မဖြစ်တော့ဘူး ”
သခင်လေးရှဲ့က သူ့လက်မကြီးကို ဝေ့ယမ်းရင်း မောက်မောက်မာမာ ပြောလိုက်သည် “ သူတို့က ပြစ်မှုကျူးလွန်နေတာပဲ ”
သခင်လေးရှားက သူ့ပါးစပ်ကို ကျယ်ကျယ်ဟကာ “ အဲလို အပြစ်ကျူးလွန်ထားတဲ့လူတွေနဲ့ တစ်မိုးအောက် မနေနိုင်ဘူး ”
ရွှေရောင် လင်းယုန်ကလည်း ဝင်ပြောလိုက်သေးသည် “ ဟုတ်တယ်။ လူသားပရဝဏ်က ငါတို့ နတ်ဆိုးပရဝဏ်ကို မျက်စိထဲ မထည့်ဘူး။ ငါတို့တွေ သူတို့ကို သင်ခန်းစာကောင်းကောင်း ပေးရမယ် ”
…………....
ထိုနတ်ဆိုးများက ပြပွဲကောင်း ကြည့်ရတာ နှစ်ခြိုက်သည့်သူများသာ ဖြစ်ကြသည်။ အကယ်၍ သူတို့သာ တခြားပရဝဏ်နှင့် တိုက်ဖို့ အခွင့်အရေးရလာလျှင် သူတို့အတွက် ဖျော်ဖြေပွဲတစ်ခုလိုမျိုး မှတ်ယူကြလိမ့်မည်။
ထင်ထားသည့်တိုင်း ထိုနတ်ဆိုးများ ဦးဆောင်လာသောကြောင့် နတ်ဆိုးအုပ်စုက စိတ်ကြွဆေးထိုးထားသလိုမျိုး တက်ကြွနေကြလေသည်။ သူတို့က အရမ်းမြန်ကာ လူသားပရဝဏ် ဝင်ပေါက်ဆီ ရောက်ဖို့ သိပ်မကြာလိုက်ပေ။
လက်ရှိ လူသားပရဝဏ်က ရှုပ်ယှက်ခတ်နေလေ၏။ နေရာအနှံ့ ကျောက်တုံးများ လွှင့်စင်နေကာ အဆောက်အဦးများလည်း ပြိုကျပျက်စီးနေသည်။ ထိုအဆောက်အဦးများက အစောပိုင်းလေးက ချီကျန့် ဖျက်စီးထားသည့်အရာများ ဖြစ၏။
လူသားပရဝဏ်မှ ပါရမီရှင်အုပ်စုက အကျိုးအပျက်များနှင့် တိုက်ပွဲကွင်းပြင်ကို ရှင်းလင်းနေကြသည်။ သို့သော် ခက်ထန်ကြမ်းတမ်းသည့် ဟိန်းဟောက်သံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်လေ၏။
“ မင်းတို့ကောင်တွေ အစ်ကိုကြီးချီကျန့်ကို ဘယ်နေရာခေါ်သွားတာလဲ ”
နတ်ဆိုးပရဝဏ်မှ ပါရမီရှင်များ လူသားပရဝဏ်ထဲ ရောက်လာသည့်အခါ ချီကျန့်ကို မတွေ့ရသောကြောင့် ချက်ချင်း ဒေါသူပုန်ထလာကြသည်။ သူတို့က တစ်နေရာရာ၌ ချီကျန့်ကို လူသားပါရမီရှင်အုပ်စု ဝိုင်းကာ ချောင်ပိတ်ထားလိမ့်မည်ဟု ယုံကြည်ထားကြ၏။ မဟုတ်လျှင် ချီကျန့်၏ တိုက်ခိုက်စွမ်းရည်ဖြင့် ထိုယင်ကောင်လေးများကို ဖြေရှင်းဖို့ အလွယ်လေး မဟုတ်ပါလော။
အထူးသဖြင့် ချီဟော်အတွက် မှန်ပေသည်။ သူက အရင်ဦးစွာ ရှေ့ထွက်လာပြီး လူသားပရဝဏ်မှ ကျင့်ကြံသူများအား ကြမ်းကြမ်းတမ်းတမ်း အငွေ့အသက်အပြည့်ဖြင့် ကြည့်လိုက်သည်။
လူသားပရဝဏ် ပါရမီရှင်များက သူ့အား ဖြေရှင်းချက် ပေးမလာလျှင် သူတို့ကို ရိုက်နှက်ပစ်မည့်အလား ဖြစ်နေသည်။
သူတို့က နတ်ဆိုးပရဝဏ်မှ ပါရမီရှင်များ တညီတညွှတ် စုစုစည်းစည်း ရောက်ရှိလာသည်ကို မြင်လိုက်သည့်အခါ လူသားပါရမီရှင်များက ကြောက်ရွံ့သွားကြသည်။
အထူသဖြင့် ယခင်မျိုးဆက်ဟောင်း နတ်ဆိုးများကို မြင်လိုက်ရသည့်အခါတွင် ဖြစ်၏။ သူတို့တွင် အားကောင်းကောင်း အငွေ့အသက်များ ရှိပြီး ခက်ထန်ကြမ်းတမ်းလှသည်။ သူတို့အနေနှင့် ရင်ဆိုင်နိုင်မည် မဟုတ်ပေ။
ဤနေရာရှိ လူအများစုက လူသစ်လေးများ ဖြစ်ကြသည်။ သူတို့က အသက်အရွယ်အားဖြင့် ရှုံးနိမ့်နေလေပြီ။ သို့သော်လည်း သူတို့က ချီဟော်၏ စကားများကို ကြားလိုက်သည့်အခါ ပါရမီရှင်အားလုံးက ဒေါသထွက်လာကြသည်။ သူတို့အနေနှင့် နတ်ဆိုးပရဝဏ် ပါရမီရှင်များက အရင်ဦးစွာ မကျေနပ်ချက် ထုတ်ဖော်လာလိမ့်မည်ဟု မထင်ထားပေ။
လူသား ပါရမီရှင်တစ်ယောက်က ဒေါသတကြီး ပြောလိုက်သည် “ အဲဒီမျောက်က အကျိုးအကြောင်း မသင့်ဘူး။ သူက ဘာမှကြိုမပြောဘဲ ငါတို့ကို ရုတ်တရက် တိုက်ခိုက်သေးတယ်။ ဟားဟား အခုတော့ လူသားပရဝဏ်ရဲ့ ပထမအဆင့် တပည့် လက်ချက်အောက်မှာ အဆော်ခံနေရလောက်ပြီ ”
နတ်ဆိုးပရဝဏ် ပါရမီရှင်များက လွန်လွန်းသွားလေပြီ။ သူတို့က လူသားပရဝဏ်ကို လုံးဝ လျစ်လျူရှုထားကြ၏။ အရင်ဦးစွာ အကျိုးအကြောင်း မသင့်သည့်သူ ချီကျန့်က ပါရမီရှင်အုပ်စုအား ဒဏ်ရာရစေခဲ့သည်။
ယခု နတ်ဆိုးပရဝဏ် ပါရမီရှင်အုပ်စုက လူသားပရဝဏ် ဝင်ပေါက်ဆီ ဝိုင်းထားပြီး လာအပြစ်တင်နေကြသေးသည်။
အခုလိုကိစ္စမျိုး သည်းခံနိုင်ရင်တောင် ဒါတော့ ထပ်သည်းမခံနိုင်ဘူး
လူသားပရဝဏ် ပါရမီရှင်များက သည်းမခံနိုင်ဘဲ လက်တုံ့ပြန်လိုက်ကြသည်။
………...
ချီဟော်က ဒေါသတကြီးဖြင့် အော်ပြောလိုက်သည် “ ငါ့အစ်ကိုကြီးရဲ့စွမ်းအားက ပြိုင်ဖက်ကင်းကွ။ မျောက်ဧကရာဇ်ကိုတောင် ကျော်လွှားနိုင်တယ်။ လူသားကျင့်ကြံသူလေးတစ်ယောက်က သူ့အတွက် ဘယ်လိုလုပ် ပြိုင်ဖက် ဖြစ်လာနိုင်မှာလဲ။ မင်းတို့ကောင်တွေက ကျင့်ဝတ်မရှိဘဲ ဝိုင်းတိုက်တာပဲ ဖြစ်ရမယ်။ သူ့ကို မြန်မြန်လွှတ်ပေးစမ်း ”
သူက ချက်ချင်း ပြုမူကာ သူ့စွမ်းအားတို့ကို ရုတ်ချည်း ထုတ်ဖော်လိုက်သည်။ အံ့ဖွယ်လက်သီးက ကျောက်တုံးကြီးသဖွယ် ကျရောက်လာပြီး ပါရမီရှင်တစ်ယောက်အား လွှင့်စင်သွားစေသည်။
ထိုစဉ် ထိုပါရမီရှင်က ဒဏ်ရာအပြင်းအထန် ရသွားပြီး နာကျင်စွာ အော်ညီးကာ မြေပြင်ပေါ် လဲကျသွားလေ၏။
“ နတ်ဆိုးကောင်တွေ လူသားပရဝဏ်ထဲ လာပြီး တိုက်ရဲတယ်ပေါ့လေ။ မင်းတို့အားလုံးက ငါ့ပရဝဏ်ထဲလူတွေကို လာအနိုင်ကျင့်နေတာလား။ ညီအစ်ကိုတို့ သူ့ကို သင်ခန်းစာပေးကြမယ် ”
လူသားပါရမီရှင်များက ဆူပူလာကာ ချက်ချင်း ဒေါသထွက်လာကြသည်။
ထိုနတ်ဆိုးတွေက အကျိုးအကြောင်းမသင့်ရုံသာမက သူတို့လူများကိုပါ လာတိုက်ခိုက်နေသေးသည်။ သူတို့က လူသားပရဝဏ်ကို မျက်လုံးထဲ ထည့်မထားသည်မှာ သိသာလှ၏။
ထိုစဉ် ပါရမီရှင်များက လှုပ်ရှားလာကာ ထိုမျောက်ဝံကြီးဆီ ပြေးဝင်လိုက်ကြသည်။
“ ပုရွက်ဆိတ်တစ်ကောင်က သစ်ပင်ကို လှုပ်ဖို့ ကြိုးစားနေတာလား။ အဓိပ္ပါယ်မရှိတာတွေ ”
ချီဟော်က ချက်ချင်း မကျေမနပ် ဖြစ်သွားသည်။ သူက နတ်ဆိုးပရဝဏ်မှ ယခင်မျိုးဆက် ထိပ်တန်း အင်အားစုထဲမှ တစ်ယောက် ဖြစ်ပြီး အလွန်စွမ်းအားကြီးလှသည်။
ထိုစဉ် လက်ရှိ လူအများစုက ပါရမီရှင်အသစ်လေးများ ဖြစ်ကြသောကြောင့် သူ့ပြိုင်ဖက် မည်သို့ ဖြစ်လာနိုင်မည်နည်း။
သူက ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်လိုက်ပြီး လက်သီးကို ဝေ့ယမ်းကာ လူသားပါရမီရှင်များကို ထိုးနှက်ဖို့ ပြင်လိုက်သည်။
တိုက်ပွဲတစ်လှည့်အပြီးတွင် လူသားပါရမီရှင်များက မြေပြင်ပေါ် အကုန်မှောက်သိပ်ခံလိုက်ရပြီး ဆိုးဆိုးရွားရွား ညီးညူနေကြသည်။
“ မင်းတို့ကောင်တွေ အရမ်းလွန်တယ် ”
လူသားပရဝဏ်တွင် ရပ်နေကြသော စီနီယာတချို့က ဖြူဖတ်ဖြူရော် အမူအယာများ ရှိနေကြသည်။ သို့သော်လည်း စီနီယာကျောင်းသားအများစုက ဤနေရာတွင် ရှိမနေဘဲ အနည်းစုသာ ရှိနေလေ၏။
ထိုကျောင်းသားများက ထရပ်ကာ ချီဟော်အား အေးစက်စက် ကြည့်နေကြသည်။ သူတို့၏ တိုက်ခိုက်လိုစိတ်က ထိုမျောက်ဝံကြီးဆီ ချက်ချင်း ကျရောက်လာသည်။
နတ်ဆိုးပရဝဏ်မှ နတ်ဆိုးတစ်ယောက်က ထွက်လာသည်။ သူက နှာခေါင်းရှုံ့ကာ “ မင်းတို့က မနိုင်တာနဲ့ အုပ်စုဖွဲ့ တိုက်ခိုက်ချင်နေတာလား။ ဟားဟား ဒီနေ့တော့ မင်းတို့ လူသားတွေကို သင်ခန်းစာကောင်းကောင်းပေးရမယ်”
ယခင်မျိုးဆက်မှ နတ်ဆိုးများက ချက်ချင်း လှုပ်ရှားလိုက်ကြသည်။
နှစ်ဖက်လုံးမှ ပါရမီရှင်များ ထိပ်တိုက် ဖြစ်နေကြသောကြောင့် မိုးမြေကိုပင် တုန်လှုပ်သွားနိုင်သည့် ကြောက်မက်ဖွယ် အငွေ့အသက်များ ထွက်ပေါ်လာကြသည်။
သူတို့က ယခင်မျိုးဆက်မှ လက်ရွေးစင်များ ဖြစ်ကြသော်လည်း သူတို့ကြား၌ ကွာခြားချက် သိပ်မများပေ။ သူတို့က လက်ရည်တူ ဖြစ်နေသည်။
သို့သော်လည်း နတ်ဆိုးပရဝဏ်ဘက်မှ အရေအတွက် များပြားနေသည်။ နတ်ဆိုးပါရမီရှင်များစွာက ဝန်းရံထားကြပြီး လူသားပါရမီရှင်များအား နောက်ဆုတ်ဖို့ အတင်းဖိအားပေးနေကြသည်။ အားလုံးက လွှင့်စင်ကုန်ကြသည်။
သို့သော်ငြား နတ်ဆိုးများက သူတို့အကန့်အသတ်ကို သေချာသိထားပြီး ဘယ်သူကိုမှ မသတ်ပေ။
အကြောင်းမှာ ကျိရှားကျောင်းတော်တွင် သတ်ဖြတ်ခြင်းကို တားမြစ်ထားသည့် စည်းကမ်းရှိ၏။ တစ်ဖက်ကို အရူးလုပ်ကာ ဒဏ်ရာပေးခြင်းက အဆင်ပြေသော်လည်း တစ်ယောက်ယောက်သာ သေဆုံးသွားခဲ့လျှင် အကျိုးဆက်က ပါရမီရှင်များ ခံယူနိုင်မည့်အရာ မဟုတ်ချေ။
ကျောင်းထုတ်ခံရခြင်းက ကိစ္စအသေးလေး ဖြစ်ပြီး သူတို့အသက်နှင့်ပါ ပြန်ပေးဆပ်ရနိုင်သည်။
လူသားနှင့် နတ်ဆိုးပရဝဏ်က အမြဲ မတည့်ကြသော်လည်း နှစ်ထောင်ချီကြာသည့်အထိ သေဆုံးသူ မရှိခြင်း ဖြစ်ပေသည်။ မဟုတ်လျှင် သူတို့အနေနှင့် အတူတကွ သဟဇာတညီညီ ရှိနေဖို့ မဖြစ်နိုင်လောက်ပေ။
ထိုနတ်ဆိုးများက သူတို့အကန့်အသတ်ကို ကောင်းကောင်း သိထားကြသည်။ သူတို့က လူသားပါရမီရှင်များအား မြေပြင်ပေါ် ဖိသိပ်လိုက်ပြီးနောက် သူတို့နာကျင်ရသည့် နေရာများသာ ရိုက်နှက်နေသည်။
အသားများပေါ် လက်သီးချက်များ ကျရောက်နေသည်။
လူသားပါရမီရှင်များ၏ ဆိုးဆိုးရွားရွား ငိုကြွေးသံက အချိန်အတော်ကြာ ပဲ့တင်ရိုက်သွားလေသည်။ သို့သာ် သူတို့တိုက်ခိုက်မှုများက ရက်စက်နေဆဲ ဖြစ်ကာ အောက်ပိုင်းကိုသာ ပစ်မှတ်ထားနေသည်။
နှစ်တစ်ထောင် သေခြင်းတရား ခြေကန်ချက်နှင့် လည်မျိုခဲ လက်သည်းချက်တိုကို နှစ်ဖက်လုံးက ထုတ်သုံးနေကြသည်။
ချီဟော်ကိုယ်တိုင်ပင် မျောက် မက်မွန်ဆွတ် သိုင်းကွက်နှင့် ခံလိုက်ရသေး၏။
မျောက်တစ်ကောင်၏ ခန္ဓာကိုယ်အား မျောက်တာအိုဖြင့် ဒဏ်ရာရစေခဲ့သည်။
……....
“ အစုတ်ပလုတ်လူသားတွေ ငါ့အစ်ကိုကြီးကို ထုတ်ပေးစမ်း ”
ချီဟော်က အံ့ကြိတ်လျက် သူ့ခွကြားကို ဖုံးထားလိုက်သည်။ အတိတ်တုန်းက နတ်ဆိုးပရဝဏ်သည် ပြိုင်ပွဲတိုင်း၌ အမြဲတမ်း အရေးသာခဲ့သည်။
ယခု လူသားပရဝဏ် ပါရမီရှင်များက ခုခံရဲလာသောကြောင့် သူတို့ကို သေချာပေါက် သင်ခန်းစာ ကောင်းကောင်းပေးရမည်။
ထိုစဉ် ကောင်းကင်ယံ၌ တိမ်မည်းများ စုဝေးလာသည်။ လေထုထဲ အမှောင်ထု ပျံ့နှံ့လာကာ ကြောက်မက်ဖွယ်ကောင်းလာသည်။
ဝုန်း …
ဆူနာမီလိုမျိုး မိုးကြိုးများ ကျဆင်းလာသည်။
ထိုစဉ် ကြောက်မက်ဖွယ် လျှပ်စီးက ကောင်းကင်ကို ဟိန်းဟောက်နေသည့် ကျားဖြူအသွင်ပြောင်းသွားကာ ချက်ချင်းဆိုသလို နတ်ဆိုးပါရမီရှင်အုပ်စုကို အုပ်လွှမ်းလိုက်သည်။ မိုးကြိုးများကြား နတ်ဆိုးပါရမီရှင်များ၏ ဆံပင်များက ထောင်မတ်သွားပြီး ပါးစပ်မှ မီးခိုးငွေ့များ ထွက်လာလေသည်။ သူတို့အားလုံးက မြေပြင်ပေါ် အတုံးအရုံး လဲကျသွားကြ၏။
“ အဲဒါဘာလဲ ”
နတ်ဆိုးအားလုံးက ကောင်းကင်ကို အလန့်တကြား ကြည့်လိုက်ကြသည်။
ကျန်းယွင်ရှီးက ရှေ့ထွက်လာကာ သူမတစ်ကိုယ်လုံးကို မိုးကြိုးများဖြင့် ဖုံးလွှမ်းထားလေ၏။ ကျားဖြူ၏ ဟိန်းဟောက်သံက မိုးမြေကိုပင် လင်းလက်သွားစေသည်။ သူမ မျက်ဝန်းများက အေးစက်နေပြီး လေသံမှာ မထူးမခြားနား ဖြစ်နေသည် “ မကောင်းတာလုပ်တဲ့သူတွေက လာရိုင်းရဲသေးတယ်လား ”
ကျန်းယွင်ရှီး၏ ပေါက်ကွဲလွယ်သော ဒေါသအရ သူမက ဤနေရာ၌ နတ်ဆိုးများ ခြေယားလက်ယား လာလုပ်နေသည်ကို မည်သို့ ခွင့်ပြုနိုင်မည်နည်း။
နတ်ဆိုး ကျင့်ကြံသူများ၏ စိတ်နှလုံးကား ကျန်းယွင်ရှီးဆီမှ ကြောက်မက်ဖွယ် အငွေ့အသက်ကြောင့် တုန်ယင်သွားကြသည်။
သို့သော်လည်း ချီဟော်ကက ရှေ့ထွက်ကာ သရော်လိုက်သေးသည် “ လူသားပရဝဏ်က အမျိုးသမီးပေါ် မှီခိုနေရပြီလား။ အရင်တစ်ခါက မိန်းကလေးချင်းယွဲ့ … အခုတစ်ခါ ဒီအမျိုးသမီး … ယောက်ျားသားတွေက ဘယ်ရောက်သွားကြတာလဲ ”
အတိတ်တုန်းက လူသားပရဝဏ်ကို မိန်းကလေးချင်းယွဲ့က ထောက်ပံ့ပေးထားနိုင်ရုံမျှ ဖြစ်သည်။ ထိုသို့မဟုတ်ပါက လူသားပရဝဏ်သည် နတ်ဆိုးပရဝဏ်နှင့် ယှဉ်နိုင်မည့် အခွင့်အရေးပင် မရှိချေ။
သူတို့က လူသားပရဝဏ်သည် အမျိုးသမီးတစ်ယောက်ပေါ် မှီခိုနေဆဲ ဖြစ်နေသည့်အချက်အား အထင်သေးကြသည်။
ဖန်ချန်းက အေးစက်စက် အပြုံးနှင့် ရှေ့ထွက်လာကာ “ အဲဆိုတော့ ဘာဖြစ်လဲ။ လက်ရည်လေး စမ်းကြည့်ချင်လား ”
သူ့အနောက်ဘက်မှ မိုးကြိုးများ ထွက်ပေါ်လာကာ မိုးမြေကို ဖိနှိပ်ထားသည့် ချီလင် ပုံရိပ်သဏ္ဌာန်အဖြစ် ပြောင်းလဲသွားသည်။
ချီဟော်က ချက်ချင်း တိတ်ဆိတ်သွားလေ၏။ သူက တံတွေးမျိုချလိုက်ကာ သူ့မျက်ဝန်း၌လည်း အံ့ဩသည့် အရိပ်အယောင် ဖြတ်ပြေးသွားသည်။
ဖန်ချန်း၏ ကျင့်ကြံဆင့်က ထိပ်သီး ကနဦးဝိညာဉ်အဆင့်မျှသာ ဖြစ်သော်လည်း သူ့အရှိန်အဝါက ကောင်းကင်အသျှင်တစ်ယောက်၏ စိတ်နှလုံးသားကို တုန်လှုပ်စေနိုင်သည်။
ချီဟော်က ယခင်မျိုးဆက်မှ ပါရမီရှင်တစ်ယောက် ဖြစ်သော်ငြား သူက အစောပိုင်း နတ်ဆိုးအသျှင်မျှသာ ဖြစ်သေးပြီး ဖန်ချန်း၏ ဖိနှိပ်မှုကို ခံလိုက်ရသည်။ သို့သော်လည်း ထိုအရာက အဆုံးသတ် မဟုတ်သေးချ။
ကျန်းယွင်ထင်က ခေါင်းခါလျက် ရှေ့ထွက်လာသည်။
“ ငါက အမြဲတမ်း ငြိမ်းချမ်းရေးကို လိုလားတဲ့သူပါ ဒါပေမဲ့ မင်းတို့နတ်ဆိုးတွေက လွန်လွန်းနေပြီ ”
ကျန်းယွင်ထင်နောက်တွင် နဂါးပြာ ပုံရိပ်သဏ္ဌာန်တစ်ခု ထွက်ပေါ်လာလေ၏။ ထိုအရာက ကောင်းကင်တခွင် ထိုးဖောက်ကာ အံ့မခန်း စွမ်းအားများ ထုတ်ပြနေသည်။
“ ဥ ဖြစ်သွားကြတဲ့ကောင်တွေ ငါ့ကို လာတိုက်ကြလေ ”
ကျောက်ဟောင်လည်း မီးတောက်များ လွှမ်းခြုံလျက် ရှေ့ထွက်လာသည်။ သူ့မီးငှက်ပုံရိပ်သဏ္ဌာန်က ကောင်းကင်၌ ပျံသန်းနေသည်။
ထိုအရာက လူသားပရဝဏ်၏ ဂုဏ်သိက္ခာနှင့် ပတ်သတ်နေသောကြောင့် အံ့ဖွယ်မိုးကောင်းကင် ပါရမီရှင်များက လျစ်လျူရှုမထားနိုင်ပေ။ အံ့ဖွယ်မိုးကောင်းကင် ပါရမီရှင်လေးယောက် လျှောက်လှမ်းလာသည့်အခါ သူတို့၏ အားကောင်းကောင်း အရှိန်အဝါတို့က နတ်ဆိုးများကို တုန်လှုပ်လာစေသည်။
သို့သော်လည်း ဤနေရာတွင် အားကောင်းသည့် နတ်ဆိုးများ ရှိနေသေးပြီး နတ်ဆိုးများကြား အားကောင်းသည့် အငွေ့အသက်များ ထွက်ပေါ်လာသည်။
“ အတူတူတိုက်ပြီး ငါတို့ နတ်ဆိုးပရဝဏ်ရဲ့ စွမ်းပကားကို ပြကြတာပေါ့ ”
နတ်ဆိုးပရဝဏ်မှ စီနီယာဆယ်ယောက်ကျော်တို့က အံ့ဖွယ်မိုးကောင်းကင် ပါရမီရှင်လေးယောက်ဆီ ရှေ့တိုးလာကြသည်။
သူတို့အားလုံးက ထူးချွန်ကြသည့် နတ်ဆိုးအသျှင်များ ဖြစ်ကြသည်။ ထိုစဉ် သူတို့က အံ့ဖွယ်မိုးကောင်းကင် ပါရမီရှင်လေးယောက်ကို တိုက်ရန် အင်အားပေါင်းထားကြသေး၏။
အံ့ဖွယ်မိုးကောင်းကင် ပါရမီရှင်လေးယောက် ရပ်တန့်သွားသည်ကို မြင်ပြီး ချီဟော်က သက်ပြင်းချကာ သရော်လိုက်ပြန်သည် “ ဒါပဲလား။ ဘယ်သူရှိသေးလဲ ”
သူ့အမြင်အရ အံ့ဖွယ်မိုးကောင်းကင် ပါရမီရှင် လေးယောက်လုံးသည် ခြွင်းချက်မျှသာ ဖြစ်၏။ လူသားပရဝဏ်အတွင်း ဤသို့ အားကောင်းသည့် ပါရမီရှင်များ ပေါ်လာဖို့ ရှားပါးလှသည်။
“ ငါ့ကို ဘာလို့ အတင်းထွက်ခိုင်းနေရတာလဲ။ ငါ့အတွက် ကျင့်ကြံဖို့ လွယ်တာ မဟုတ်ဘူး။ ငါ့အသက်လေး မဖြုန်းတီးချင်ဘူး ”
ဝမ်ရှန်းယုက သက်ပြင်းချကာ ရှေ့ထွက်လာသည်။ သူ့အနီးအနားရှိ လေဟာနယ်က အပြင်းအထန် တုန်ခါလာပြီး သူ့အရှိန်အဝါတို့ကလည်း ထူးခြားနက်နဲလာသည်။ ထို့နောက် သူက လေဟာနယ်ထဲ ပျောက်ကွယ်သွားကာ ချီဟော်ရှေ့ ပေါ်ထွက်လာ၏။
သူက ခြေထောက်မြှောက်ကာ မျောက်အား ဖင်ကန်လွှတ်လိုက်သည်။
ဖြောင်း …
ချီဟော်က လွှင့်စင်သွားကာ မြေပြင်ပေါ် လဲကျသွားသည်။
“ ကောင်စုတ်လေး မင်းက ကြွားလုံးထုတ်လွန်းနေတာပဲ။ ငါ့ထက် ကြွားလုံးထုတ်တာ တော်တဲ့သူမျိုးကို သည်းမခံနိုင်ဘူးကွ ”
ဝမ်ရှန်းယုက သရော်ပြုံးနှင့် ထွက်ပေါ်လာသည်။
ချီဟော်က မြေပြင်ပေါ်မှ လူးလိမ့်ထကာ ဒေါသတကြီးဖြင့် “ ညီအစ်ကိုတို့ ဒီကောင်ကို ရိုက်ကြ ”
ဝှီး ဝှီး ဝှီး …
နတ်ဆိုးအသျှင်များက ဝမ်ရှန်းယုဆီ အပြေးအလွှား ဦးတည်လိုက်ကြသည်။
“ကျစ် ခင်ဗျားတို့တွေက ကျင့်ဝတ် မရှိဘူးလား။ သတ္တိရှိရင် တစ်ယောက်ချင်းစီ လာခဲ့ ”
ဝမ်ရှန်းယုက တိုက်ခိုက်မှုများကို ရှောင်ရှားရင်း လေဟာနယ်ထဲ မြန်မြန် ထွက်ပြေးသွားကာ ပြန်လည်တိုက်ဖို့ အခွင့်အရေးကို ချောင်းမြောင်းနေသည်။
“ အားလုံး သူတို့ကို သင်ခန်းစာပေးကြ ”
ချီဟော်သာ မကပေ။ အခြားသော နတ်ဆိုးပါရမီရှင်များလည်း ဒေါသထွက်လာကြ၏။ နတ်ဆိုးများက ကြောက်မက်ဖွယ် အရှိန်အဝါတို့ကို ထုတ်ဖော်ရင်း တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာကာ လူသားပရဝဏ် ပါရမီရှင်များဆီ ချီတက်လာကြသည်။
နှစ်ဖက်လုံးက အပြင်းအထန် တိုက်ခိုက်နေကြသောကြောင့် မြင်ကွင်းကား အသက်ဝင်လှသည်။
လေဟာနယ်အတွင်း လူအိုကြီးနှစ်ယောက်က ဤတိုက်ပွဲအား စိတ်ဝင်တစားဖြင့် ကြည့်နေကြသည်။
တစ်ယောက်မှာ အကြီးအကဲစု ဖြစ်ပြီး သူနှင့် မျက်နှာချင်းဆိုင်ဘက်တွင် ရွှေအိုရောင် ဆံပင်နှင့် အမျိုးသား ရှိနေကြသည်။ ထိုရွေအိုရောင် ဆံပင်နှင့် အကြီးအကဲတွင် ရှေးကျသည့် အငွေ့အသက်မျိုး ရှိ၏။ သူက အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ သူ့အငွေ့အသက်များက ကျယ်ပြောကာ နက်ရှိုင်းလှသည်။
သူ့မျက်ဝန်း၌ မီးတောက်ယိမ်းနွဲ့သလို ဖြစ်ပေါ်နေသောကြောင့် သူ့ကို ကြည့်ရသည်မှာ ကြောက်စရာကောင်းလှသည်။
ရွှေအိုရောင် လူအိုကြီးက ကျိရှားကျောင်းတော်၏ နတ်ဆိုးပရဝဏ်မှ ဆရာကလွဲ၍ တခြားသူ မဟုတ်ပေ။
“ အကြီးအကဲကျင်း ဘယ်ဘက်က နိုင်မယ်ထင်လဲ ”
အကြီးအကဲစုက တိုက်ပွဲကို စိတ်လှုပ်ရှားစွာ ကြည့်နေပြီး ဝင်စွက်ဖက်ဖို့ အစီအစဉ် မရှိနေချေ။
မျိုးဆက်တစ်လျှောက်လုံး လူသားနှင့် နတ်ဆိုးပရဝဏ်တို့က အမြဲတမ်း ပဋိပက္ခဖြစ်လာခဲ့လေရာ မကြာခဏဆိုသလို တိုက်ပွဲများ၊ ယှဉ်ပြိုင်ပွဲများ ဖြစ်လေ့ရှိကြသည်။
သူတို့ ယခင်ကတည်းက တိုက်ခိုက်လာပုံ ဖြစ်၏။ သူတို့ များများ တိုက်ခိုက်လေလေ သူတို့ခံစားချက်များက နက်ရှိုင်းလာလေလေ ဖြစ်၏။
ဤသည်က ကျောင်းသားများ ကြီးထွားလာမှုအတွက် အထောက်အကူပြုပေသည်။ စစ်သည်တော်များကို လေ့ကျင့်ပေးသကဲ့သို့ တိုက်ပွဲအတွင်း ဆက်တိုက် ခံနိုင်ရည် ပျိုးထောင်ပေးနေခြင်း ဖြစ်သည်။
တစ်ယောက်ယောက်သာ သေစေလောက်သည့် တိုက်ကွက်မျိုး မလုပ်လာသရွေ့ ကျောင်းတော်၏ ဆရာများက ဝင်နှောင့်ယှက်မည် မဟုတ်ပေ။
ထို့အပြင် လတ်တလော မိစ္ဆာဝိညာဉ်ဂိုဏ်းက သန်မာလွန်းလာသောကြောင့် နယ်မြေငါးခုမှ အဆင့်မြင့် ကျင့်ကြံသူများက ကျရောက်လာတော့မည့် အန္တရာယ်ကို ခံစားမိနေကြသည်။
အကယ်၍ ထိုအဆင့်မြင့် ကျင့်ကြံသူများအနေနှင့် သူတို့စွမ်းရည်ကို တတ်နိုင်သမျှ မြန်မြန် တိုးတက်လာအောင် လုပ်နိုင်လျှင် အကောင်းဆုံး ဖြစ်ပေသည်။ ထိုအခါမှ ရောက်လာမည့် ကပ်ဘေးအတွင်း အသက်ရှင်နိုင်ခြေ မြင့်မားလာလိမ့်မည် ဖြစ်၏။
ထို့ကြောင့် နတ်ဆိုးနှင့် လူသားပရဝဏ်များ၏ ဆရာများက ဘေးကနေ ကြည့်ဖို့သာ ရွေးချယ်ကြသည်။
အကြီးအကဲစု၏ စကားများကို ကြားကာ အကြီးအကဲကျင်းက တောက်တောက်ပပ ပြုံးလိုက်ရင်း “ ဘာမှပြောမနေနဲ့တော့။ ငါတို့နတ်ဆိုးပရဝဏ်ပဲ ဖြစ်မှာ ကျိန်းသေပဲ ”
နတ်ဆိုးပရဝဏ်က လူသားပရဝဏ်ထက် အမြဲတမ်း ပိုအားကောင်းလေသည်။
ထို့အပြင် ဤမျိုးဆက်အတွင်း မျိုးစေ့ကောင်းလေးများ ပါရှိနေသေး၏။ သူ့အနေနှင့် သူတို့က လူသားပရဝဏ်ထံ ရှုံးနိမ့်လိမ့်မည်ဟု မယုံပေ။
အကြီးအကဲစုက မျက်လုံးများ တောက်ပလာကာ “ အဲလိုလား။ အဲဆို ငါတို့တွေ အလောင်းအစား လုပ်ကြမလား ”
အလောင်းအစားအကြောင်း ပြောသည့်အခါ အကြီးအကဲကျင်း၏ နားများ ထောင်ခနဲ ဖြစ်သွားကာ “ အလောင်းအစားက ဘာလဲ ”
အကြီးအကဲစုက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည် “ ဘယ်သူက နိုင်ပြီး ဘယ်သူက ရှုံးမလဲ ကြည့်ရတာပေါ့ ”
“ကောင်းပြီလေ။ ငါက ငါတို့နတ်ဆိုးပရဝဏ်က နိုင်မယ်လို့ လောင်းမယ်။ လောင်းကြေးက တော်ဝင်ဝိညာဉ်သေရည် ဆယ်လီတာ … ”
ဤသေရည်မှာ ကပ်ဘေးသုံးပါး နတ်ဘုရားဝိညာဉ် သစ်ပင်မှ ချက်လုပ်ထားသောကြောင့် အဖိုးမဖြတ်နိုင်ပေ။
ဤသေရည်ကို မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်မှ ချက်လုပ်ထားခြင်း ဖြစ်ပြီး တော်ဝင်မိသားစု၏ ပင်မ မိသားစုဝင်များသာ အရသာခံနိုင်လေသည်။ သာမန်လူများက ရဖို့ပင် အတော်ခက်လှ၏။
အကြီးအကဲစုဆီ တစ်ခါ ရှိဖူးသောကြောင့် အကြီးအကဲကျင်းက သရေကျခဲ့ရသည်။ သို့သော်လည်း ဤလူအိုကြီးက အမြဲတမ်ဖြောင်ပစ်နေသောကြောင့် အကြီးအကဲကျင်းက အချိန်များစွာယူ၍ ဖျောင်းဖျခဲ့ရသည်။
ဤအလောင်းအစားအကူအညီဖြင့် သူက အခွင့်ကောင်းကို လက်လွှတ်မခံနိုင်ပေ။
“ လူအိုကြီး မင်းက ငါ့ပစ္စည်းကောင်းလေးကို မျက်စိကျနေတာ ကြာပြီကိုး ”
အကြီးအကဲစုက ခါးသက်သက်အပြုံးမျိုးဖြင့် ခေါင်းခါလိုက်သော်လည်း သူ့အကြည့်တို့က နေရာရွေ့သွားလေသည် “ ရတာပေါ့။ ဒါပေမဲ့ ဒီလူအိုကြီးမှာလည်း တောင်းဆိုချက်တစ်ခု ရှိတယ်။ တကယ်လို့ ငါ နိုင်ရင် မင်းရဲ့ ကောင်းကင်ဝိညာဉ် အသီးကို ပေးရမယ် ”
အကြီးအကဲကျင်းက ရွှေမျက်လုံး မီးတောက်မျောက်ဝံမျိုးနွယ်မှ အကြီးအကဲ ဖြစ်၏။ ဤသည်မှာ သူ့မျိုးနွယ်အတွင်းမှ ဝိညာဉ်သစ်သီးတစ်မျိုး ဖြစ်ကာ ချိုမြိန်ပြီး အရသာကောင်းမွန်လှသောကြောင့် လူများစွာ သရေယိုကြရ၏။ ထိုသစ်သီးကို ဆေးအာနိသင်ကောင်းကောင်းရှိသည့် ဆေးမျိုးအဖြစ် ဖော်စပ်နိုင်သေးသည်။ ထို့အပြင် ဝိဇ္ဇာဝိညာဉ်အသီးလည်း ဖြစ်နေသေး၏။
သို့သော်လည်း ထွက်နှုန်းက အတော်လေး နိမ့်လေသည်။ ထို့ကြောင့် သူတို့မျိုးဆက်များသာ အသုံးပြုကြပြီး အပြင်ဘက်လောကဆီ မဖြန့်ပေ။
အကြီးအကဲစုက တစ်လုံးရဖူးလောက်အောင် ကံကောင်းခဲ့သောကြောင့် ကောင်းကင်ဝိညာဉ် အသီး၏ အာနိသင်များကို ကောင်းကောင်း သိထားသည်။ ထို့ကြောင့် အကြီအကဲစုက ဤအခွင့်အရေးကို အပြည့်အဝ အသုံးချလိုက်ခြင်း ဖြစ်၏။
“ မင်းလည်း တစ်ခုခု ကြံစည်နေမှန်း သိသားပဲ။ ကောင်းပြီလေ … အဲဆို လောင်းကြတာပေါ့ ”
ကောင်းကင်ဝိညာဉ် အသီးသည် အဖိုးမဖြတ်နိုင်သော်လည်း တော်ဝင်ဝိညာဉ် သေရည်ဆယ်လီတာထက် အနည်းငယ်မျှသာ တန်ဖိုးမြင့်မားသောကြောင့် အကြီးအကဲကျင်းက အကြီးအကဲစု၏ တောင်းဆိုချက်ကို မငြင်းဆန်လိုက်ပေ။ ပြောရလျှင် အောင်မြင်မှုက သူ့လက်ထဲမှာ မဟုတ်ပါလော။
အကြီးအကဲကျင်းက တိတ်တဆိတ် စိတ်ပေါ့သွားမိသည်။
လောင်စု … လောင်စု … မင်းတို့လူသားပရဝဏ်က ရှီထျန်းကျီနဲ့ နိုင်မယ်များ ထင်နေလား
မင်းက မသိပေမဲ့ ငါတို့ နတ်ဆိုးပရဝဏ်မှာ ဝှက်ဖဲ ရှိတယ်ကွ … မင်းက ရတနာတွေ အလကားလာပေးနေတာပဲ
အကြီးအကဲစုက အကြီးအကဲကျင်း၏ အတွေးများကို မသိပေ။ သူသည်လည်း တိတ်တဆိတ် စိတ်သက်သာရာရနေမိသည်။
ဟိုလူထူးဆန်း နှစ်ယောက် ရှီထျန်းကျီ၊ ရှန်ထျန်းတို့ နှစ်ယောက်တည်းနဲ့ ငါတို့အတွက် နိုင်ဖို့ လွယ်မသွားဘူးလား
လောင်ကျင်း လောင်ကျင်း .. ဒီတစ်ခါတော့ မင်း ရှုံးရတော့မယ်
နှစ်ယောက်လုံးက အနိုင်ရမှုကို သေချာနေကြသောကြောင့် အပြုံးများ ဖုံးဖိမရ ဖြစ်နေကြသည်။
……….....
သို့သော်လည်း အောက်က တိုက်ပွဲမှာ အတော်လေး ဖရိုဖရဲ ဖြစ်နေရှာသည်။
အံ့ဖွယ်မိုးကောင်းကင် ပါရမီရှင်လေးယောက်၊ ဝမ်ရှန်းယု၊ ချီရှောက်ရွမ်နှင့် အခြားပါရမီရှင်များ ဝင်ပါသော်လည်း အခြေအနေက သူတို့အတွက် သိပ်မဟန်သေးပေ။
သူတို့အပြင် လူသားပရဝဏ်ရှိ လူအများစုမှာ မျိုးဆက်သစ် ပါရမီရှင်များ ဖြစ်ကြလေသည်။ စီနီယာတချို့သာ ရှိနေကြပြီး သူတို့အရေအတွက်မှာလည်း နတ်ဆိုးပရဝဏ်ဘက်က ယခင်မျိုးဆက်ဟောင်းထက် နည်းပါးနေသည်။
ထို့အပြင် နတ်ဆိုးပရဝဏ်က အရေအတွက်အားဖြင့် များပြားလေသည်။ မျိုးဆက်သစ်များ ဖြစ်သည့် ခုံမုန့်၊ အောင်းဝူ၊ ကျင်းယုနှင့် အခြားလူများ၏ စွမ်းအားကလည်း အားမနည်းကြပေ။
ခွန်မင်၊ ခွန်ယုနှင့် အခြားသော စီနီယာကျောင်းသားများပါ ပါရှိနေသောကြောင့် သူတို့အရေအတွက်နှင့် အင်အားက လူသားပရဝဏ်ထက် အပြတ်အသတ် ကျော်လွန်နေသည်။
ဤနည်းဖြင့် လူသားပရဝဏ်၏ ထိပ်သီး ပါရမီရှင်အားလုံးက ဖိနှိပ်ခံနေရသည်။ ကျန်ရှိနေသော ပါရမီရှင်တို့ကလည်း နတ်ဆိုးပရဝဏ် ပါရမီရှင်များနှင့် မယှဉ်နိုင်ကြပေ။
မြင်ကွင်းက ဖရိုဖရဲ ဖြစ်လွန်းနေသည်။ မြေပြင်ပေါ် အလူးအလိမ့် အော်ဟစ်နေသည့် ကျင့်ကြံသူများစွာ ရှိနေပြီး အများစုက လူသားများ ဖြစ်ကြသည်။
လူသားပရဝဏ် ပါရမီရှင်များက တစ်ယောက်ပြီး တစ်ယောက် အချိန်တိုအတွင်း ရှုံးနိမ့်သွားကြသည်။ တိုက်ပွဲ ရလဒ်ကား ပေါ်ထွက်လာတော့မည် ဖြစ်၏။
ထိုစဉ် ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး တိုက်ပွဲကို အားပြင်းပြင်း အရှိန်အဝါတို့ဖြင့် ဖိနှိပ်လိုက်သည်။
နတ်ဆိုးပါရမီရှင်များက ဝတ်ရုံဖြူ ပုံရိပ်လေးအား တုန်လှုပ်တကြီး ကြည့်လိုက်ကြပြီး အများစုက မနေနိုင်ဘဲ တုန်တုန်ယင်ယင် ဖြစ်လာကြသည်။
ဤလူက ရှီထျန်းကျီသာ ဖြစ်၏။ နောက်ဆုံးတော့ သူ ပေါ်ထွက်လာခဲ့လေပြီ။
ရှီထျန်းကျီက ရှေ့တိုးလာသည်။ သူ့အရှိန်အဝါတို့က နက်နဲနေပြီး စွမ်းအားကလည်း အံ့မခန်း ဖြစ်၏။
ထိုစဉ် လူသားပရဝဏ် အပြင်ဘက်ပိုင်းကို စွမ်းအားကြီး အငွေ့အသက်များဖြင့် ဖုံးလွှမ်းသွားပြီး မိုးမြေတစ်ခွင် ဖြတ်ခွင်းကာ လေပြင်းများ တိုက်ခတ်လာလေသည်။
ဝုန်း …
လေပြင်းပြင်းက အံ့ဖွယ်စွမ်းအားအသွင်ပြောင်းလဲသွားပြီး နတ်ဆိုးပါရမီရှင်များအား လွှင့်ထွက်သွားစေသည်။ အခြေအနေက ချက်ချင်းဆိုသလို ပြောင်းပြန် ဖြစ်သွားလေပြီ။
…………....
ထိုအရာကို မြင်ပြီး လူသားပါရမီရှင်များက အားပေးလိုက်ကြသည်။
“ အရှင့်သားထျန်းကျီ လှုပ်ရှားလိုက်ပြီ။ မင်းတို့ နတ်ဆိုးတွေ ဘယ်လောက်မောက်မာနိုင်မလဲ ကြည့်ရသေးတာပေါ့ ”
“အရှင့်သား ထျန်းကျီသာ ရှိနေရင် လူသားပရဝဏ်က သေချာပေါက် ပြိုင်ဖက်ကင်းပဲ ”
ရှီထျန်းကျီ ပေါ်ထွက်လာမှုက လူသားများ၏ စိတ်ဓာတ်ကို ပြန်လည် မြင့်တင်ပေးလိုက်သလို ဖြစ်လာသည်။ ထိုစဉ် နတ်ဆိုးပါရမီရှင်များက ကြောက်ကြောက်လန့်လန့် ဖြစ်လာကြ၏။
ရှီထျန်းကျီ၏ ဂုဏ်သတင်းက ကျော်ကြားလွန်းပြီး သူတို့ ရင်ဆိုင်နိုင်သည့်အဆင့်ထက် ကျော်လွန်နေလေသည်။
ချီကျန့်တစ်ယောက်တည်းသာ ရှီထျန်းကျီလောက် နာမည်ကြီးပေ၏။
အကယ်၍ ရှီထျန်းကျီသာ သူတို့ကို ရင်ဆိုင်ရလျှင် သူတို့အနေနှင့် ရင်ဆိုင်ဖို့ ခက်ပေမည်။ သို့သော် သူတို့က အရေးပါသည့် ပြဿနာကို ရှာတွေ့သွားကြသည်။
ချီကျန့်က ရှီထျန်းကျီကို စိန်ခေါ်ရန် ထွက်သွားခြင်း ဖြစ်ပေသည်။ သို့သော် ရှီထျန်းကျီ ပေါ်ထွက်လာသော်ငြား ချီကျန့်က ပျောက်နေဆဲ ဖြစ်၏။
ချီကျန့်က ရှီထျန်းကျီကြောင့် ဒဏ်ရာအပြင်းအထန် ရသွားတာများလား …
ချီဟော်က ဟိန်းဟောက်ကာ “ ရှီထျန်းကျီ ငါ့အစ်ကိုကို ဘာလုပ်လိုက်တာလဲ”
ရှီထျန်းကျီ၏ နှုတ်ခမ်းထောင့်တို့ တွန့်ချိုးသွားလေသည်။
ဒီနတ်ဆိုးတွေက ငတုံးတွေလား …
သူတို့က ပြဿနာ လာရှာရုံတင် မကဘူး။ ချီကျန့်ကိုတောင် ပြန်လိုချင်နေသေးတာလား
ချီကျန့်ကို ရှန်ထျန်းက မငြိမ်မသက် အာကာပြင်ထဲ ဆွဲခေါ်သွားတာ မဟုတ်ဘူးလား … အဟမ်း ငါ ချောင်းကြည့်တာ မဟုတ်ဘူးနော်
...............
ရှီထျန်းကျီက မထူးမခြားနား ပြောလိုက်လေသည် “ ဟိုနံစော်နေတဲ့ မျောက်က ငါနဲ့ ဘာဆိုင်လို့လဲ။ မင်းတို့တွေ ပြဿနာ ဆက်ရှာနေရင်တော့ ငါ မယဉ်ကျေးလို့ဆိုပြီး လာအပြစ်မတင်နဲ့ ”
လူသားမျိုးနွယ်၏ အထွတ်အထိပ် လူငယ်လေးတစ်ယောက်အနေနှင့် ရှီထျန်းကျီက လူသားပရဝဏ်ကို မျက်နှာပျက်စေဖို့ ခွင့်မပြုနိုင်ပေ။
သူက အားပြင်းပြင်း အငွေ့အသက်ကို လွှင့်ထုတ်လိုက်ပြီး နတ်ဆိုးပရဝဏ် ပါရမီရှင်များအားလုံးကို ဖိနှိပ်ထားလိုက်တော့သည်။
ရှီထျန်းကျီ၏ အရှိန်အဝါကို ခံစားမိပြီး နတ်ဆိုးပါရမီရှင်အများစုက ပါးစပ်ပိတ်သွားကြသည်။ မည်သူကမှ ရှီထျန်းကျီကို မဆန့်ကျင်ရဲပေ။ သူတို့စွမ်းအား ခြားနားချက်က ကြီးမားလွန်းနေသည်။
………...
အကြီးအကဲစုက ရှီထျန်းကျီ လှုပ်ရှားလိုက်ကြောင်း မြင်လိုက်သည့်အခါ သူ့အပြုံးတို့က ပိုတောက်ပလာသည်။ ရှီထျန်းကျီ၏ စွမ်းအားအရ သူက ဤနေရာရှိ နတ်ဆိုးအားလုံးကို ဖိနှိပ်ထားနိုင်သည်။
“ လောင်ကျင်း … ကြည့်ရတာ မင်းရဲ့ အသီးလေးကို သိမ်းမထားနိုင်လောက်တော့ဘူး တူတယ် ” အကြီးအကဲစုက စနောက်လိုက်သည်။
အကြီးအကဲကျင်းက လုံးလုံး ဂရုမစိုက်ဘဲ ယုံကြည်ချက်ရှိရှိဖြင့် ပြောလိုက်သည် “ အဲဆိုတော့ ဘာဖြစ်လဲ။ ဒီလိုအလွယ်လေး အဆုံးသတ်သွားမယ် ထင်နေလား။ ရှီထျန်းကျီက အားကောင်းပေမဲ့ နတ်ဆိုးပရဝဏ်တစ်ခုလုံးကို ရှင်းထုတ်ပစ်ဖို့တော့ မလွယ်ဘူး ”
အကြီးအကဲစုက မယုံကြည်နိုင်စွာဖြင့် ခေါင်းခါလိုက်ရင်း “ မင်းတို့ နတ်ဆိုးပရဝဏ်ရဲ့ အားအကောင်းဆုံး ပါရမီရှင်ကို ရှန်ထျန်းက ထိန်းထားပြီးပြီလေ။ တခြားသူတွေ ဘယ်လောက်တိုက်တိုက် သူတို့တွေ ရှီထျန်းကျီရဲ့ ပြိုင်ဖက် မဖြစ်နိုင်ဘူး”
အကြီးအကဲကျင်း မျက်ဝန်းထဲ အလင်းတစ်ချက် လက်သွားကာ “ မင်းတို့ လူသားပရဝဏ်မှာ ပြိုင်ဖက်ကင်း ပါရမီရှင် ရှိထားမှတော့ ငါတို့ နတ်ဆိုးပရဝဏ်မှာလည်း ဘယ်လိုလုပ် မရှိဘဲ နေမှာလဲ ”
ထင်ထားသည့်အတိုင်း နတ်ဆိုးပါရမီရှင်များနောက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။
“ သူက ကောင်စုတ်လေး တစ်ယောက်ပဲ။ ဘာမှကြောက်နေစရာ မလိုဘူး ”
ဤလူက အတော်လေး မောက်မာပြီး ရှီထျန်းကျီပင် ထိုလူ၏ အမြင်၌ ဘာမှမဟုတ်ချေ။
“ ဘယ်သူလဲ ”
အားလုံးက အံ့ဩနေကြသည်။ တစ်ယောက်ယောက်က ရှီထျန်းကျီကို စိန်ခေါ်ရဲတယ်လား။
အစောပိုင်းလေးက ချီကျန့်ကို မေ့ထားလိုက်ပါ။ သူ့အလုပ်မလုပ်သည့် ဦးနှောက်ဖြင့် သူ လုပ်သမျှကား အဓိပ္ပါယ်မရှိ လျှောက်ပြောနေရုံသာ ဖြစ်၏။
သို့သော်လည်း ချီကျန့်အပြင် နတ်ဆိုးပရဝဏ် ပါရမီရှင်များအတွင်း မည်သူကများ ရှီထျန်းကျီနှင့် ရင်ဆိုင်နိုင်မည်နည်း။
ဤသို့ ရန်စရဲလေရာ ရှီထျန်းကျီသာ ပေါက်ကွဲလာမည်ကို မကြောက်ကြဘူးလား
ထိုအရာကို ကြားပြီး ရှီထျန်းကျီ၏ မျက်နှာက မည်းမှောင်သွားသည်။
ဤသည်မှာ သူ့ကို ကောင်စုတ်လေးဟု အခေါ်ခံရသည်မှာ ပထမဆုံး ဖြစ်၏။ သူ မည်မျှ ငယ်ရွယ်နေလို့လဲ။
အားလုံးက အသံလားရာ လိုက်ကြည့်လိုက်သည့်အခါ လေဟာနယ်ထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။ သူမက အနက်ရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး ခန္ဓာကိုယ်မှ အေးစက်စက် သီးခြားဖြစ်နေသည့် အငွေ့အသက်မျိုး ထုတ်လွှင့်နေသည်။ သူမ ရင်ဘတ်က အလွန်ဆွဲဆောင်မှု ရှိလှသည်။
သူမ၏ လက်ရာမြောက် မျက်နှာလေးက ကြည့်မိသူတိုင်းကို အပြစ်ကျူးလွန်ချင်စိတ်ပေါ်အောင် လုပ်နေသည်။
ဤအမျိုးသမီးက လေဟာနယ်ထဲ တစ်သားတည်း ဖြစ်နေသည့်အလား မိုးမြေကြား ရပ်နေသည်။ သူမ အရှိန်အဝါတို့က နက်နဲလွန်းသောကြောင့် လူများ၏ စိတ်နှလုံးကို ကြောက်ရွံ့လာအောင် လှုပ်ကိုင်နိုင်သည်။
……….....
ထိုမြင်ကွင်းကို မြင်ကာ အကြီးအကဲစုက ကြောင်အမ်းသွားပြီး မဲ့ရွဲ့မိလိုက်သည်။
“ ဒီဘိုးဘေးကို ဘာလို့ ဖိတ်လာတာတုန်း။ သူမက ကျောင်းသူရော ဟုတ်ရဲ့လား။ ဝါစဉ်အရဆိုရင် ငါကတောင် သူမကို အဖွားခေါ်ရတော့မယ်။ သူမက လွန်ခဲ့တဲ့ နှစ်တစ်သောင်းကလေ။ ဧကရာဇ်တောင် သူမနဲ့ အဆင့်တူ ပြောရတယ် ”
အကြီးအကဲကျင်းက ပြုံးလိုက်ပြီး “ ဘယ်လိုလုပ် ထည့်မတွက်လို့ ရမှာလဲ။ သူမ စည်းပိတ်မခံရခင်တုန်းက နှစ်တစ်ထောင်တောင် မရှိသေးဘူးလေ။ အတိအကျပြောရရင် ဒါက ကျောင်းတော်ရဲ့ ဝင်ခွင့် အကန့်အသတ်အတွင်း အကျုံးဝင်သေးတယ်။ အဲဆိုတော့ သူမက ဘာပြဿနာမှ မရှိဘဲ ဝင်နိုင်တယ် ”
ဤလူက အကြီးအကဲကျင်း၏ ဝှက်ဖဲ ဖြစ်သည်။
သူမသာ ရှိနေလျှင် ရှီထျန်းကျီပင် အနိုင်ရမည် မဟုတ်ချေ။
ဟားဟား ငါ လောင်ကျင်းက တော်ဝင်ဝိညာဉ် သေရည် လိုချင်တယ် …
ရှီထျန်းကျီက ထိုပုဂ္ဂိုလ်ကို မြင်လိုက်ရသည့်အခါ ရှားရှားပါးပါး အလေးအနက် အမူအယာကို ထုတ်ဖော်လိုက်၏။ သူက ဤလူ၏ အရှိန်အဝါအရ မည်မျှကြောက်ဖို့ကောင်းကြောင်း အာရုံခံမိပေသည်။ နက်ရှိုင်းလွန်းသော ပင်လယ်ကြီးသဖွယ် ဖြစ်နေ၏။
သူကိုယ်တိုင်ပင် သူမအား အနိုင်ယူဖို့ ယုံကြည်ချက် မရှိပေ။
အခြားသော ပါရမီရှင်များက တုန်ယင်လာကြ၏။ သူတို့ကို အားပြင်းပြင်း အရှိန်အဝါဖြင့် ဖိနှိပ်ထားသောကြောင့် မရုန်းကန်ရဲကြပေ။
ကျန်းယွင်ရှီးက အံ့ကြိတ်ကာ စိတ်ထဲမှ လှောင်ပြောင်လိုက်သည်။
ဒါက နဂါးမအိုကြီး မဟုတ်ဘူးလား။ သူမက တံခါးပိတ် လေ့ကျင့်နေတာဆို ဘာလို့ ထွက်လာတာလဲ …
ထိုပုံရိပ်ကို မြင်ကာ ကျန်းယွင်ရှီးက အန္တရာယ်အငွေ့အသက် ခံစားလာရသည်။
သူမက မောင်လေးရှန်ထျန်းတစ်ယောက် မြောက်ပင်လယ်ဆီ နဂါးမအိုကြီးကို စီးနင်းပြီး ထွက်သွားသည့်နေ့ကို မေ့မရသေးပေ။
ဤမကောင်းဆိုးဝါး နဂါးမအိုကြီးက သူမ၏ အကြီးမားဆုံး ပြိုင်ဖက် ဖြစ်သည်။
ကျစ် သူမက မောင်လေးရှန်အတွက် ရောက်လာတာလား … သူမက မခွဲနိုင်မခွာရက် ဖြစ်နေတဲ့ တစ္ဆေလိုပဲ …