← Chapters

ကိစ္စကြီးတစ်ခု ဖြစ်နေပြီ

Vol. 1 Ch. 291

ကိစ္စကြီးတစ်ခု ဖြစ်နေပြီ

Vol. 1 Ch. 291

"ဒီအဘိုးကြီး မျှော်လင့်ထားသလိုပဲ ... ကျန်းရီ၊ မင်း ဒီဂုဏ်ထူးဆောင် အကြီးအကဲ ရာထူးကို လက်ခံလို့ မဖြစ်ဘူး"

ကျူးကော့ချမ်ယွမ်သည် ကျန်းရီ ပြောသမျှကို နားထောင်ပြီးနောက် မျက်မှောင် ကြုတ်လိုက်သည်။ သူ၏ မျက်လုံးများသည် စူးရှနေပြီး ဆက်ပြောလာခဲ့သည်။

"သိုင်းခန်းမကို ဝင်ပြီးသွားရင် ပင်လယ်ကြီးထဲ မြုပ်သွားသလိုပဲ၊ အဲဒီအချိန်ကနေ စပြီး ကောင်းကင်ဘုံကနေ ငရဲ ဖြစ်လာလိမ့်မယ် ... မင်းဒီစကားကို ကြားဖူးမှာ မဟုတ်ဘူး၊ ဒါပေမဲ့ ငါတို့လို လူတွေ အကုန်လုံးက သိကြတယ်"

"ငရဲ"

ကျန်းရီသည် မျက်ခုံးပင့်လိုက်ကာ နားမလည်နိုင်စွာ ပြန်မေးလိုက်သည်။

"အဲ့လောက်ကြီးတော့ မဆိုးဝါးလောက်ပါဘူး၊ သိုင်းခန်းမက ဂုဏ်ထူးဆောင် အကြီးအကဲလို့ပဲ ပြောသွားတာလေ ... ပြီးတော့ ကျွန်တော်က ဘာမှလုပ်စရာ မလိုသလို ဘာအမိန့် ကိုမှလည်း နာခံနေစရာ မလိုဘူး၊ သိုင်းခန်းမမှာ မကောင်းသတင်းလည်း မရှိပါဘူး ပြီးတော့ သူတို့က နယ်မြေရဲ့ အငြင်းပွားမှု တွေမှာ တစ်ခါမှ ဝင်မပါခဲ့ဘူး မဟုတ်လား"

"ခွီး"

ကျူးကော့ချမ်ယွမ်သည် သူ့မုတ်ဆိတ်ကြီးကို ပွတ်သပ်၍ ကူကယ်ရာမဲ့စွာ ပြောလာခဲ့သည်။

"ကျန်းရီ ... မင်းမြင်နေရတာ တွေက အပေါ်ယံပဲ ရှိသေးတာ၊ ဒီလိုဆိုကြစို့ ... မင်းကောင်းကင် တောင်ပံမြို့မှာ ရှိနေတုန်းက ရှန်ဝူနိုင်ငံရဲ့ မင်းသားတွေနဲ့ ပတ်သက်ဖို့ အခွင့်အရေး မရခဲ့ဘူး မဟုတ်လား၊ အတိတ်တုန်းက ရှန်ဝူနိုင်ငံရဲ့ တော်ဝင်မိသားစုက အရမ်းကို မြင့်မြတ်ပြီး တစ်ကိုယ်ကောင်း မဆန်ဘူး ... လေးစားမှုနဲ့ ထိုက်တန်တယ် ... မင်းအဲ့လို မခံစား ခဲ့ရဘူးလား "

"အာ ..."

ကျန်းရီသည် မချေပနိုင် ဖြစ်သွားခဲ့သည်။ အတိတ်က ရှန်ဝူနိုင်ငံ၏ တော်ဝင် မိသားစုသည် သူ့ရင်ထဲတွင် အလွန်တရာ မြင့်မြတ်လှသော တည်ရှိမှုတစ်ခု ဖြစ်ခဲ့သည်။ ယခု သူ အဖြစ်အပျက်များစွာ ကြုံတွေ့ လာခဲ့ပြီးမှသာ တော်ဝင်မိသားစုသည် မည်မျှဆိုးဝါး၍ စက်ဆုပ်ဖွယ် ကောင်းကြောင်း သိလာခဲ့ရသည်။ ကျူးကော့ချမ်ယွမ်သည် ဆက်ပြောလာခဲ့သည်။

"ငါ သိုင်းခန်းမနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ဘာမှ မဝေဖန်ချင်ဘူး၊ ဒါပေမဲ့ မင်းကို တစ်ခုတော့ ပြောပြချင်တယ် ... လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်က သိုင်းခန်းမက အနည်းဆုံး လူအယောက် တစ်ရာလောက်ကို ဂုဏ်ထူးဆောင် အကြီးအကဲရာထူး ပေးခဲ့တယ်၊ အဲဒီဂုဏ်ထူးဆောင် အကြီးအကဲတွေ အားလုံး ပျောက်သွားခဲ့တယ် ... သူတို့တွေ သိုင်းခန်းမ ဌာနချုပ်မှာပဲ ပုန်းပြီး ကျင့်ကြံနေလား၊ သေသွားလားဆိုတာ ဘယ်သူမှ မသိကြဘူး ... မင်း ဂုဏ်ထူးဆောင် အကြီးအကဲ ဖြစ်သွားတာနဲ့ မင်းအသက်ကို ရင်းပြီး သူတို့အတွက် အလုပ်လုပ်ပေးအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေ အများကြီး သိုင်းခန်းမမှာ ရှိတယ်"

"ကျွန်တော် အခုနားလည်ပါပြီ ... သတိပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်၊ ကျောင်းအုပ်"

ကျန်းရီသည် ရိုရိုသေသေ ဦးညွှတ်လိုက်သည်။ သူသည် အစက တွေဝေနေသော်လည်း ယခုမူ သေသေချာချာ ဆုံးဖြတ်ချက် ချနိုင်သွားခဲ့သည်။ သူသည် ကျူးကော့ချမ်ယွမ်၏ အဆောင်ရှိရာမှ ထွက်လာပြီးသည်နှင့် ဒုကျောင်းအုပ်ထျဲ၏ ခြံဝန်းရှိရာသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။ ထို့နောက် သူသည် ကမ်းလှမ်းချက်ကို ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည်။ သူသည် အကြောင်းပြချက်ပင် ရှာမနေဘဲ သူမလုပ်ချင်သော ကြောင့်ဟု ပြောခဲ့သည်။

သိုင်းခန်းမ သခင်သည် ကျန်းရီမည်မျှ ပြတ်သားနေကြောင်း မြင်သည့်အခါ ကျန်းရီ ကျူးကော့ချမ်ယွမ်ထံ သွားခဲ့ခြင်း ဖြစ်ကြောင်း သိလိုက်သည်။ သူသည် တစ်ခဏ စဉ်းစားလိုက်ပြီး ကျန်းရီအား တည်တည်ငြိမ်ငြိမ် ပြောလာခဲ့သည်။

"ကျန်းရီ ... မင်း သိုင်းခန်းမကို အထင်လွဲနေတာ တစ်ခုခု ရှိလောက်တယ်၊ မင်း သိုင်းခန်းမကို ဝင်ပြီးမှပဲ သိုင်းခန်းမက ဘယ်လောက်ကောင်းကြောင်း၊ ဘယ်လောက် အင်အားကြီးကြောင်း မင်းသိလာလိမ့်မယ်"

"ငါမင်းကို တချို့ လျှို့ဝှက်ချက်တွေ ပြောပြနိုင်တယ်၊ တကယ်တော့ သိုင်းခန်းမက မင်းထင်ထားတာထက် ပိုပြီး အင်အားကြီးတယ်၊ သိုင်းခန်းမက နယ်မြေရဲ့ အငြင်းပွားမှုတွေထဲ ဝင်မပါရုံလေးဘဲ ရှိတာ ... မင်းသာ သိုင်းခန်းမရဲ့ ဂုဏ်ထူးဆောင် အကြီးအကဲ ဖြစ်လာရင် ရှန်ဝူနိုင်ငံရဲ့ တော်ဝင်မြို့တော်ထဲ မင်းရပ်နေတယ် ဆိုရင်တောင် ရှားထင်ဝေ့ မင်းကို ထိရဲမှာ မဟုတ်ဘူး "

"အဲ့လောက်တောင်လား"

ကျန်းရီသည် အံ့အားသင့် သွားခဲ့သည်။ ထိုလူသည် သိုင်းခန်းမ၏ ခန်းမခွဲသခင် တစ်ယောက်သာ မဟုတ်လျှင် အရူးဟု ကျန်းရီ ယူဆလိုက်လောက်သည်။ သူ့စကားကို ကြားပြီးနောက် ကျန်းရီ၏ သိုင်းခန်းမထံ မဝင်ရောက်ရန် ဆုံးဖြတ်ချက်မှာ ပို၍ပင် သေချာသွားခဲ့သည်။ ထိုမျှ အင်အားကြီးသော အဖွဲ့အစည်း ဆိုလျှင် သူဝင်ပြီးသည်နှင့် ပြန်ထွက်နိုင်ရန်မှာ မသေချာတော့ချေ။

ကြီးကြပ်သူယန်သည် ရိုးသားသည့် အမူအရာနှင့် ဝင်ပြောလာခဲ့သည်။

"အထီးကျန်ဝံပုလွေ ... မင်းငါ့ကိုယုံရင် လက်ခံလိုက်ပါ၊ အမှန်တိုင်း ပြောရရင် သိုင်းခန်းမကပဲ မင်းကို ထောက်ပံ့ပေးနိုင်မှာ ပြီးတော့ မင်းက ဂုဏ်ထူးဆောင် အကြီးအကဲ ရာထူးကို ယူလိုက်ရုံလေးပဲလေ၊ ငါသိသလောက်ဆို ဂုဏ်ထူးဆောင် အကြီးအကဲက လွတ်လပ်တယ်၊ ဘာနဲ့မှ နှောင်ဖွဲ့မထားဘူး၊ ဘာတာဝန်မှလည်း ယူစရာ မလိုသလို ဌာနချုပ်သခင် အပါအဝင် ဘယ်သူ့ အမိန့်ကိုမှ နာခံစရာ မလိုဘူး"

ကျန်းရီသည် ခါးသီးစွာ ပြုံးလိုက်ပြီး ကြီးကြပ်သူယန်ကို ကြည့်လိုက်သည်။ သူသည် လက်နှစ်ဖက်ဆုပ်၍ ဦးညွှတ်ကာ ပြောလိုက်သည်။

"တောင်းပန်ပါတယ် ကြီးကြပ်သူယန် ... ကျွန်တော် ဒီကိစ္စကို ဆုံးဖြတ်ပြီးပါပြီ၊ မိတ်ဆွေတစ်ယောက် အနေနဲ့ အကူအညီ လိုတာမျိုးရှိရင် ကျွန်တော့်ကို အသိပေးပါ ... အခုကိစ္စကိုတော့ တကယ်ပဲ စိတ်မကောင်းပါဘူး"

"ဟူး ... "

သိုင်းခန်းမခွဲ သခင်၏ မျက်ဝန်းများထဲတွင် နောင်တနှင့် စိတ်ပျက်မှုများ ပေါ်လွင်နေခဲ့သည်။ ယခင် ကျန်းရီ ကောင်းကင် တောင်ပံမြို့တွင် ရှိစဉ်က ကြီးကြပ်သူ ယန်နှင့် ဖေးလောင်သည် ကျန်းရီအား သိမ်းသွင်းပါရန် တိုက်တွန်း ခဲ့ကြသော်လည်း သူသည် ကျန်းရီအား ထိုက်တန်သည်ဟု မသတ်မှတ်ခဲ့ပေ။ ယခုမူ သူ ကျန်းရီအား စည်းရုံးချင်လျှင်တောင် မဖြစ်နိုင်တော့ပေ။

***

သိုင်းခန်းမခွဲ သခင်နှင့် ကြီးကြပ်သူယန်တို့ ပြန်သွားကြသော်လည်း ကျန်းရီသည် ချက်ချင်းမပြန်ခဲ့ပေ။ သူသည် မြေခွေးလေးအား သင်တန်းကျောင်း အတွင်း နှစ်ရက်ခန့် ကစားစေချင်သေးသည်။

မြေခွေးလေးသည် ရှောင်နူနှင့် အလွန်အမင်း ပနံသင့်နေပြီး တစ်မနက်အတွင်း လူတစ်ယောက်နှင့် နတ်ဆိုးသားရဲ တစ်ကောင်မှာ အလွန်ရင်းနှီး သွားခဲ့သည်။ ကျန်းရှောင်နူသည် အသားကင်များနှင့် စားကောင်း သောက်ဖွယ်များကို မြေခွေးလေးစားရန် ပြင်ဆင်ပေးခဲ့သည်။ မြေခွေးလေးသည် ငယ်စဉ်တည်းက ဝိညာဉ်သစ်သီးများ မှတစ်ပါး အခြားအရာများကို မစားဖူးချေ။ ၎င်းသည် လူသား အစားအသောက်များကို စားပြီးသည်နှင့် အလွန် သဘောကျသွားကာ ရှောင်နူအား ပို၍ပင် ခင်တွယ်သွားခဲ့သည်။

ကျန်းရီသည် ဧည့်ခန်းမထဲတွင် ကျန်းယွင်ဟိုင်နှင့် စကားပြော နေခဲ့သည်။ ကျန်းရီသည် နတ်ဆိုးဧကရီ ဘက်မှ ကိစ္စများကို မခြွင်းမချန် ပြောပြလိုက်သည်။ ကျန်းယွင်ဟိုင်သည် ကျန်းရီထိုမျှ ကံကောင်းမည်ဟု မမျှော်လင့် ထားခဲ့သဖြင့် အံ့သြတကြီး နားထောင်နေခဲ့သည်။ ကမ္ဘာပေါ်တွင် မည်သူကမှ နတ်ဆိုးဧကရီ၏ နန်းတော်ထဲဝင်ရန် အရည်အချင်း ပြည့်မီကြမည် မဟုတ်ချေ။ နတ်ဆိုးဧကရီသည် ကျန်းရီအား ထိုနေရာတွင် ကျင့်ကြံခွင့် ပြုသည့်အပြင် ကြိုက်သလို ဝင်ထွက် သွားလာခွင့်ကိုလည်း ပေးထားခဲ့သည်။

"အိုး ... ဟုတ်သားပဲ အရှင်ငယ်"

ကျန်းယွင်ဟိုင်သည် တစ်ခုခုကို သတိရ သွားသော်လည်း ပါးစပ်ဟလိုက်ပြီးမှ အနည်းငယ် တွန့်ဆုတ်သွားခဲ့သည်။ သူသည် အချိန် အတော်ကြာမှ စကားဆက်လာခဲ့သည်။

"ဝိညာဉ်လောင်ကျွမ်းနေရာ ရွှေ့ပြောင်းကျင့်စဉ်က သခင်မ ကျွန်တော့်ကို ပေးခဲ့တဲ့ တစ်ခုတည်းသော ကျင့်စဉ်ပဲ၊ သခင်မက ဒါကို အရှင်ငယ်ကို သင်ပေးရမယ် လို့လည်း မမှာခဲ့ဘူး ... ဒီစွမ်းရည်က အရှင်ငယ်ရဲ့ အသက်ကို ကယ်တင်နိုင်တဲ့ ကျင့်စဉ်ဟုတ်သလို အသက်ကို နုတ်ယူသွားနိုင်တဲ့ ကျင့်စဉ်လည်း ဟုတ်တယ်"

"ဒီကျင့်စဉ်ရဲ့ အစွမ်းကို အသုံးချလိုက်တိုင်း စိတ်ဝိညာဉ်က လောင်ကျွမ်းနေမှာ၊ စိတ်ဝိညာဉ်ရဲ့ အရေးပါပုံကို အရှင်ငယ်လည်း သိမှာပါ၊ စိတ်ဝိညာဉ် အားနည်းလာရင် အဲ့လူရဲ့ မသိစိတ်ကလည်း အားနည်းလာလိမ့်မယ် ... ပြင်းထန်သွားရင် မသန်စွမ်းတောင် ဖြစ်သွားနိုင်တယ်၊ ဒါကြောင့် ဒါကို အရှင်ငယ်ကို သင်ပေးသင့်လား ဆိုတာ ကျွန်တော်လည်း မသိဘူး"

"ဒါက ... "

ကျန်းရီသည်လည်း တွေဝေသွားခဲ့သည်။ ဝိညာဉ်လောင်ကျွမ်း နေရာရွှေ့ပြောင်း ကျင့်စဉ်သည် ထွက်ပြေးရာတွင် အလွန်အသုံးဝင်လှသော ကျင့်စဉ် ဖြစ်သော်လည်း အသွား နှစ်ဖက်ပါသည့် ဓားကဲ့သို့ပင်၊ အသုံးချလျှင် ရင်းရမည့်အရာ ရှိနေလေသည်။

"ကျွန်တော် သင်မယ်"

နောက်ဆုံးတွင် ကျန်းရီ ဆုံးဖြတ်ချက် ချလိုက်သည်။ ထိုသည်မှာ သူ့အမေ ချန်ခဲ့သည့် တစ်ခုတည်းသော အရာဖြစ်သည်။ ကျန်းရီသည် သူ့စိတ်စွမ်းအားကို သူယုံကြည်သည်၊ မဖြစ်မနေ မလိုအပ်ဘဲ ထိုကျင့်စဉ်ကို သူထုတ်သုံးမည် မဟုတ်ချေ။

ကျန်းယွင်ဟိုင်သည် ခေါင်းညိတ်လိုက်ပြီး စာရွက်ပိုင်း တစ်ခုပေါ်တွင် 'ဝိညာဉ်လောင်ကျွမ်း နေရာရွှေ့ပြောင်း ကျင့်စဉ်' မှ စာကြောင်းများကို ချရေးလိုက်သည်။ ကျန်းရီ အလွတ် မှတ်မိသည်နှင့် စာရွက်ကို ချက်ချင်း ဖျက်ဆီးလိုက်ပြီး အချို့ နေရာများကို ရှင်းပြလာခဲ့သည်။

ကျန်းရီသည် လျင်မြန်စွာ ဆိုလိုရင်းကို နားလည်သွားခဲ့ပြီး ထိုကျင့်စဉ်မှာ တတ်မြောက်ရန် လွယ်ကူ လွန်းနေသည်ဟု ခံစားလိုက်ရသည်။ စိတ်ဝိညာဉ်သည် အလွန်အရေးပါ လှသောကြောင့် သူ လက်တွေ့ မစမ်းသပ်ဝံ့ပါချေ။ စိတ်ဝိညာဉ် အနည်းငယ် လောင်ကျွမ်း သွားလျှင်တောင် နှမြောစရာ ကောင်းသွားပေလိမ့်မည်။

တတိယမြောက် နေ့တွင် ကျန်းရီသည် နတ်သမီး တောင်ထွတ်သို့ ပြန်ရန် ဆုံးဖြတ်ခဲ့သည်။ သူ့ဒန်တျန်းထဲမှ ပထမဆုံးကြယ်သည် အတွင်းအားများဖြင့် ပြည့်သွားတော့မည် ဖြစ်သည်။ သူမည်သည့် ကျင့်ကြံဆင့်တွင် ရောက်နေမှန်း သူမသိသော်လည်း ထိုကြယ်ကို အရင်ဆုံး ပြည့်သွားစေချင်နေသည်။ အခြေအနေကို အရင်ကြည့်ပြီးမှ ကျန်သည့် အကြောင်းအရာများကို ဆုံးဖြတ်ရမည် ဖြစ်သည်။

နတ်ဆိုးဧကရီ၏ နန်းတော်ရှိ ကောင်းကင်မျှော်စင်သည် ပြင်ပလောကထက် အဆပေါင်းများစွာ ကောင်းကြီးနှင့် မြေကြီး၏ စွမ်းအင်များ သိပ်သည်းနေသည်။ ထိုနေရာတွင် ကျင့်ကြံပြီးနောက် သင်တန်းကျောင်းတွင် ကျင့်ကြံရသည်မှာ ကျန်းရီ အားမရတော့ပေ။

"ကျီ ... ကျီ"

ရှောင်နူနှင့် နှစ်ရက်လုံးလုံး ကစားပြီးနောက် မြေခွေးလေးသည် သူတို့ ပြန်ခါနီးတွင် ရှောင်နူကိုပါ နတ်သမီးတောင်ထွတ်ဆီ ခေါ်သွား ချင်နေသောကြောင့် ကျန်းရီ ဆွံ့အသွားရသည်။ မြေခွေးလေးသည် ရှောင်နူအား ကစားရန် အိမ်အလည် ခေါ်ချင်နေသည်။

"ဒါက မကောင်းဘူးလေ၊ မင်းရဲ့ ဧကရီမယ်တော်က ခွင့်ပြုမထားဘူး ... ရှောင်နူကို ဘယ်လိုလုပ် ခေါ်သွားလို့ ဖြစ်မှာလဲ"

"ရပါတယ် အစ်ကိုကြီးရ ... အမေ တံခါးပိတ် ကျင့်ကြံတိုင်း အနည်းဆုံး တစ်နှစ်ကြာတယ်၊ ပြီးတော့ အစ်မကြီးရှောင်နူက ရှောင်ဖေးရဲ့ သူငယ်ချင်းမို့ သူမ သိသွားရင်တောင် ဘာမှပြောမှာ မဟုတ်ဘူး"

ကျန်းရီသည် မြေခွေးလေး၏ ဆုံးဖြတ်ထားသည့် ဟန်ကို မြင်သောအခါ အကြည့်လွှဲ လိုက်မိသဖြင့် ကျန်းရှောင်နူ မျှော်လင့်နေသော မျက်နှာလေးကို မြင်လိုက်ရလေသည်။ သူသည် အံကြိတ်၍ ပြောလိုက်ရတော့သည်။

"ကောင်းပြီလေ ... မရဘူးဆိုရင် နတ်ဆိုးဘုရင်ကို ရှောင်နူကို ပြန်ပို့ခိုင်းရမယ် ရှောင်ဖေး"

"ကျီ ... ကျီ"

မြေခွေးလေးသည် အလွန်အမင်း ပျော်ရွှင်သွားခဲ့သည်။ ကျန်းရီသည် အဆောင်တွင်း ဝင်သွားခဲ့ပြီး ကျန်းယွင်ဟိုင်ကို အသိပေးသောအခါ ကျန်းယွင်ဟိုင်ကလည်း မကန့်ကွက်ချေ။ သူသည် ရယ်မောကာ အထူးတလည် ကျန်းရီ၏ နားနားကပ်၍ တီးတိုးပြောလေ၏။

"အရှင်ငယ် ... ရှောင်နူက အရှင်ငယ်အမေ ကိုယ်တိုင် ရွေးပေးထားတဲ့ အစေခံ ကောင်မလေး၊ တကယ်တော့ သူမက အရှင်ငယ် အတွက် ကိုယ်လုပ်တော် တစ်ယောက် ရွေးပေးထားတာ ဆိုလည်း ဟုတ်တယ် ... သင့်တော်တဲ့အချိန် ရောက်ရင် သူမကို အရှင်ငယ်မိန်းမ အနေနဲ့ ယူနိုင်တယ်"

ကျန်းရီသည် တစ်ခဏ ဆွံ့အသွားခဲ့သည်။ ထို့နောက် သူ့မျက်နှာသည် နီရဲလာခဲ့ပြီး ကျန်းယွင်ဟိုင်အား အပြစ်တင်လိုက်သည်။

"အဘိုး ... ဘာတွေ ပြောနေတာလဲ၊ ရှောင်နူကို ကျွန်တော့် ညီမလေးလို့ပဲ သတ်မှတ်ထားတာ၊ ဘယ်လိုလုပ်ပြီး ဒီလိုပြောရတာလဲ"

"ဟီး ... ဟီး"

ကျန်းယွင်ဟိုင်သည် ရူးချင်ယောင်ဆောင်၍ ကျန်းရီအား သူဘာမှ မပြောသလို စိုက်ကြည့်နေလိုက်သည်။ ထို့နောက် ရယ်မောကာ လက်ပြလိုက်သည်။

"သွားတော့၊ သွားတော့ ... အဘိုးကို စိတ်ပူနေဖို့ မလိုဘူး၊ ကြိုးကြိုးစားစားသာ ကျင့်ကြံ"

ကျန်းရီတို့သည် တောင်ပေါ်မှ လျင်မြန်စွာ ဆင်းလာခဲ့ပြီး နတ်ဆိုးဘုရင် နှစ်ကောင်အား သူတို့ကို သယ်ဆောင်ခိုင်း၍ တောင်စဉ်သုံးထောင်ထံ ခရီးပြင်းနှင်ရန် ပြင်ဆင်နေခဲ့သည်။

သူတို့ ထွက်ခွာသွားလျှင် သွားချင်း ဒုကျောင်းအုပ် တစ်ယောက်သည် ဝိညာဉ်သားရဲမြို့ ဘက်မှ သင်တန်းကျောင်း ရှိရာသို့ မျက်နှာပျက်ပျက်နှင့် အလောတကြီး ပြေးလာခဲ့သည်။ ထိုဒုကျောင်းအုပ်သည် သူ့အား နှုတ်ဆက် လာကြသော ဆရာများ၊ ကျောင်းသားများ အားလုံးကို လျစ်လျူရှုကာ ကျူးကော့ချမ်ယွမ်၏ အဆောင်ထံ လေပြင်းတိုက်သည့်နှယ် ပြေးဝင်သွားခဲ့သည်။ သူသည် တံခါးပင် မခေါက်တော့ဘဲ အတင်း ပြေးဝင်သွားကာ အော်ဟစ်လိုက်သည်။

"ကျောင်းအုပ် ... ကိစ္စ အကြီးကြီးတော့ ဖြစ်နေပြီ"

"မင်းက အရွယ်ရောက်ပြီးသား သူဖြစ်နေပြီ ... ဘာလို့ ဒီလောက် မသင့်မလျော် ပြုမူနေတာလဲ"

လက်ရှိအချိန်တွင် ကျူးကော့ချမ်ယွမ်သည် မျက်ဝန်းများ မှေးမှိတ်ရင်း နေပူစာ လှုံနေခဲ့ခြင်း ဖြစ်သည်။ သူသည် ဆူပူလိုက်ပြီးနောက် မေးလိုက်သည်။

"ဘာဖြစ်လို့လဲ "

ဒုကျောင်းအုပ်သည် တံတွေးမျိုချကာ ခပ်မြန်မြန်ပြောလိုက်သည်။

"လူတစ်ယောက်က အကြောင်းကြားလာတယ်၊ မိုးပြာနဂါး အင်ပါယာက မြေခွေးလေးကို ပြန်ပေးဆွဲတဲ့ ကြိုးကိုင်သူကို တွေ့ပြီတဲ့ ... သူတို့က သက်သေတွေကိုပါ တင်ပြလာတယ် ... အဲဒီလူက ... စုတိကော ဖြစ်နေတယ်"

"ဘာ ... မဖြစ်နိုင်တာ ... လုံးဝအဓိပ္ပာယ် မရှိဘူး"

ကျူးကော့ချမ်ယွမ်၏ မျက်ခုံးနှစ်ဖက်သည် စုကျုံ့သွားခဲ့ပြီး မျက်ဝန်းများ ကျဉ်းမြောင်းသွားခဲ့သည်။ သူသည် မျက်နှာပျက်ပျက်နှင့် သက်ပြင်းချကာ ပြောလိုက်သည်။

"တစ်ခုခုတော့ ဖြစ်နေပြီ ... ကိစ္စကြီး တစ်ခုခု"

***

All Chapters